Friday, December 31, 2010

ခြင်္သေ့လည်ပြန်

ရက်ကိုလစား လကိုနှစ်စားလို့ အချိန်တွေကုန်သွားလိုက်တာ ၂၀၁၀ခုနှစ်ကြီးက လက်ပြနှုတ်ဆက်နေပြီ.. မနက်ဖြန်ဆို နှစ်သစ်ရောက်ပြီပေါ့.. တနှစ်တာအတွင်းလုပ်ခဲ့သမျှ ပြန်စဉ်းစားကြည့်လိုက်တော့ .....

ခရီးသွားခြင်း

ဖေဖော်ဝါရီလမှာ ရန်ကုန်ကိုခဏပြန်ဖြစ်တယ်.. တပါတ်ထဲဆိုတော့ ဘယ်မှလဲသိပ်မသွားဖြစ်.. ဘာမှလဲသိပ်မစားဖြစ်.. လုပ်မယ်လို့စဉ်းစားထားတာတွေ အကုန်လုပ်ဖို့တောင် အချိန်မရလိုက်ဘူး..
ဇွန်လထဲမှာ ဘန်ကောက်ကိုသွားပြီး ညီမလေးနဲ့တွေ့ခဲ့တယ်.. လေးနှစ်ကျော် ငါးနှစ်နီးပါး မတွေဖြစ်ကြတဲ့ ညီအစ်မတတွေ ဘန်ကောက်တခွင်ပြဲပြဲစင်အောင် လည်ပတ်စားသောက်ပစ်လိုက်ကြတယ်..

အလုပ်အကိုင်

လုပ်သက်သုံးနှစ်ပြည့်တဲ့လမှာ ရာထူးတက်သွားပါတယ်.. တိုးပေးလိုက်တဲ့ လစာနဲ့မတန်အောင် တာဝန်ယူရတာတွေ ပိုများလာတော့တာပေါ့.. အကြီးတန်းအရာရှိဖြစ်သွားတော့ ဘောစိရဲ့လူမိုက်ငှားခြင်းကို ခံရပါတော့တယ်.. ခုလောလောဆယ်တော့ စာရင်းစစ်လာတော့မှာမို့ အာလီဘာဘာဘုရင်မဖြစ်နေပါတယ်.. တနှစ်လုံး မေ့ထားသမျှ ခုမှစုပုံရှင်းလုပ်နေရပါတယ်ရှင်..

ငွေရေးကြေးရေး

၂၀၀၉အတွက်ဆုကြေးကို ၂၀၁၀ မတ်လမှာရတော့ မနှစ်က၀ယ်ထားတဲ့ ရန်ကုန်ကအိမ်ကလေးကို ပြင်ပစ်လိုက်တာ ကုန်ပါလေရော.. တလတလရသမျှလဲ ရရစားစားပေါ့.. လည်လည်လာတဲ့ ယောက်ခမရယ် ယောက်မရယ်ကောင်းမှုနဲ့ ၂ယောက်သားရတဲ့ ၁၃လစာလေးလဲ ပြောင်ပါပေါ့လား.. အို.. ဘာပဲဖြစ်ဖြစ် စားချင်တာစား ၀တ်ချင်တာဝတ် ၀ယ်ချင်တာဝယ်နိုင်သေးတာပဲ.. ရောင့်ရဲတတ်မှပေါ့ ပွင့်မြူးဇင်ရယ်..

မိသားစုအရေး

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ.. စိတ်တိုတိုင်း အသံပြာအောင်အော်တတ်တဲ့ ကျွန်မရယ် စိတ်ဆိုးရင် နှုတ်ခမ်းတတောင်လောက်စူလာတတ်တဲ့ မောင်ရယ်.. ကျွန်မတို့စကားများရင် တဟားဟားရယ်တတ်တဲ့သားသားရယ်.. ရယ်လိုက်ကြ ငိုလိုက်ကြ ပြုံးလိုက်ကြ မဲ့လိုက်ကြနဲ့ ဆက်လက်ချီတက်နေဆဲပါပဲ..

အလှူအတန်း

မွေးနေ့မှာ မေမေကဘုန်းကြီးကျောင်းမှာ န၀ကမ သွားလှူပေးတယ်.. အောက်တိုဘာလထဲမှာ ဖေဖေဆုံးတာ ၂နှစ်ပြည့်အလှူအဖြစ် အိမ်မှာဘုန်းကြီးဆွမ်းကပ်ဖြစ်တယ်.. ရခိုင်ပြည်လေဘေးအတွက် အ၀တ်အထည်လေးနဲနဲပါးပါး လှူဖြစ်တယ်.. တလောက ကိုဇူလိုင်တို့ဦးစီးလုပ်တဲ့ အလှူလေးမှာလဲ ပါဝင်ဖြစ်တယ်.. လှူဖြစ်တာနည်းနေသေးတယ်လို့ ခံစားရပါတယ်.. နောက်နှစ်ကို ပိုပြီးအလှူအတန်းလေးလုပ်ဖြစ်အောင် ကြိုးစားရဦးမယ်..

ကျန်းမာရေး

အသေးအဖွဲလေးကလွဲလို့ ဘာမှမဖြစ်တာမို့ ကျန်းမာရေးကောင်းနေတယ်လို့ ပြောရမယ်.. ခုတလောတော့ ဗိုက်ခဏခဏအောင့်နေလို့ ငရုတ်သီးရှောင်နေရပါတယ်.. အစပ်မပါရင် စားမ၀င်တာမို့ တော်တော်လေးခက်သား.. မတတ်နိုင်ဘူး.. ကျန်းမာခြင်းသည် လာဘ်တပါးဆိုတာ စလုံးမှာပိုမှန်တာကိုး.. မကျန်းမာရင် ဆေးရုံဆေးခန်းတွေအတွက် လာဘ်တပါးဖြစ်သွားတော့မှာလေ..

လူမှုရေး

သားတယောက်နဲ့ အလုပ်တွေရှုပ်နေလို့ လူမှုရေးပျက်ကွက်ခဲ့တာလဲ များလှပြီ.. သူငယ်ချင်းတွေက နားလည်ပေးတတ်ကြလို့သာ တော်သေးတာပေါ့.. အားလုံးထဲမှာ အရင်ဆုံးကလေးအမေဖြစ်တာဆိုတော့ သူတို့ကလဲ နားလည်ကြပါတယ်.. မတွေ့တွေ့ဖြစ်အောင် ကျွန်မတို့အိမ်မှာပဲ စုပြီး စားကြသောက်ကြတယ်.. မဆိုးဘူပေါ့..

လက်ဆောင်

၂၀၁၀တနှစ်လုံး ရသမျှလက်ဆောင်တွေထဲက စွဲစွဲမြဲမြဲ သုံးဖြစ်နေတာက ဘလော့ဂါညီမလေးတွေ မွေးနေ့လက်ဆောင်ပေးတဲ့ ချားလ်စ်အန်ကိတ်က အိတ်ကလေးရယ်.. မေမေ၀ယ်ပေးတဲ့ ဝေါလက်လေးရယ်ပါပဲ.. ကျန်တာတွေကတော့ မေ့မေ့ပျောက်ပျောက်..


ခြုံကြည့်လိုက်ရင်တော့ ၂၀၁၀က အထိုက်အလျောက် အဆင်ပြေနေခဲ့တဲ့နှစ်ပါပဲ.. လာမယ့်နှစ်သစ်ကို ကြိုဆိုရင်း အားလုံးပဲ မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်..

(ပို့စ်ခေါင်းစဉ်ကို ပထမ သမင်လည်ပြန်လို့ပေးမလို့.. LEO ရာသီဖွားမို့ ခြင်္သေ့လည်ပြန်က ပိုကောင်းမယ်ထင်လို့လေ..)

Monday, December 20, 2010

သားလေးဖတ်ဖို့

သားလေးရေ...

ဘာမှမကြာလိုက်သေးဘူးလို့ ထင်နေရင်းနဲ့ကိုပဲ မေမေ့သားလေးတောင် ၂နှစ်ပြည့်တော့မယ်.. လွန်ခဲ့တဲ့၂နှစ်တုန်းက ခုလိုချိန်မှာ မေမေက ရန်ကုန်ပြန်ရောက်နေတာပေါ့.. မဆုံတာကြာတဲ့ ဆွေမျိုးတွေနဲ့ လည်ပတ်စားသောက်လို့ ကောင်းမှကောင်းပဲလေ.. ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့တောင် ပေါ့ပါးသွက်လက်နေလွန်းလို့ မေမေ့ကို အားလုံးက သြချယူရတယ်.. သားလေးက ဗိုက်ထဲမှာကတည်းက မေမေ့ကို ဒုက္ခမပေးတတ်တဲ့ သိတတ်လိမ္မာတဲ့ သားလေးပေါ့.. ဗိုက်ကြီးတကားကားနဲ့ ရုံးတက်နေရလဲ ပင်ပန်းတယ်လို့ကို မေမေမထင်ခဲ့ဘူး.. သားလေးဗိုက်ထဲမှာ ရောက်မလာခင်တုန်းကမှ ခေါင်းမူးခေါင်းကိုက်တွေ ခဏခဏဖြစ်တတ်သေးတယ်.. ကိုယ်ဝန်သက်တမ်းတလျှောက်လုံး ဘာမှကိုမဖြစ်ခဲ့တာမှ စားလို့သောက်လို့ကလဲ ကောင်းမှကောင်းပဲ.. ရန်ကုန်ကိုပြန်တဲ့အချိန် ကိုယ်ဝန် ၃၂ပါတ်မှာ မေမေ့ဗိုက်ကြီးက မိုးပျံပူဖောင်းကြီးအလားပေါ့.. ရန်ကုန်မှာစားဖို့ အသီးစုံ ၇ကီလိုကို ဟန်းကယ်ရီတွန်းလှည်းလေးနဲ့ ခပ်တည်တည်ဆွဲပြီး မေမေတစ်ယောက်တည်း လေယာဉ်ပေါ်တက်နိုင်တဲ့အထိကို ပေါ့ပါးဖြတ်လတ်နေဆဲပဲ.. လေဆိပ်ကိုရောက်တော့ လာကြိုတဲ့သူတွေက အံ့သြလို့.. ဗိုက်ကြီးသည်တစ်ယောက်တည်း ပြန်လာတာကို သယ်လာလိုက်တဲ့အထုတ်တွေက အိမ်ပြောင်းတာကျနေရောတဲ့..

ရန်ကုန်ရောက်ရောက်ချင်း ဘွားဘွားကြီးကိုသွားတွေ့ ပြီးတော့မှအိမ်ကိုရောက်တော့ သားသားဖီးဖီးက ထမင်းပွဲပြင်ပြီးစောင့်နေတယ်.. အိမ်ကလက်ရာကို လွမ်းနေတဲ့မေမေ့အတွက်တော့ ပွဲတော်ကြီးပေါ့.. စားကောင်းကောင်းနဲ့ စားသောက်ပြီး အိပ်လိုက်တာ မနက်လင်းတော့ မထနိုင်တော့ဘူး.. ခါးတွေနာပြီး ခြေထောက်တွေယောင်နေပြီလေ.. ခဏလေးပါပဲ.. နေ့လည်စာစားချိန်ရောက်တော့ အိုကေသွားပြီ.. အမျိုးအိမ်တွေက တရပ်ကွက်ထဲမှာဆိုတော့ အားလုံးဘွားဘွားကြီးအိမ်မှာဆုံကြပြီး လက်ဆောင်တွေဝေကြခြမ်းကြနဲ့ တပျော်တပါးကြီးပေါ့.. မေမေကတော့ ဘယ်သွားသွား ဆိုက်ကားကြီးနဲ့လေ.. ဆိုက်ကားခပ်သေးသေးဆိုရင် ထိုင်လို့တောင်မဆံ့ဘူး.. သားလေးမွေးလာရင် လိုအပ်မယ်ထင်တာလေးတွေကိုလဲ ဈေးတကာပတ်ပြီး ၀ယ်လိုက်သေးတာ.. ရောက်ပြီးနောက်တရက်တုန်းက အိုဂျီနဲ့သွားပြတော့ မေမေကရိုးရိုးပဲမွေးချင်တာကို သားလေးကခေါင်းမလှည့်လို့ မွေးရခက်မယ်တဲ့.. ကလေးက အရမ်းထွားနေတော့ လှည့်လို့မရတော့တာဖြစ်မယ်ဆိုတော့ သားသားရဲ့ဘွားလေးခွာညိုက ခွဲမွေးတာပဲကောင်းပါတယ်ဆိုလို့ ရက်ကောင်းတာလေးရွေးပြီး ဇန်န၀ါရီ၁၄ရက်နေ့မှာ ခွဲမယ်လို့ ရက်ချိန်းယူလိုက်တယ်.. ဂျူးဒိတ်က ဇန်န၀ါရီ ၂၆ရက်နေ့မှလေ.. SSC Women Centre မှာ အခန်းတွေဘာတွေ ဘွတ်ကင်လုပ်ထားတာပေါ့..

ဒီဇင်ဘာ၃၁ရက်နေ့ကျတော့ ဘွားဘွားကြီးတို့ခြံထဲမှာ နယူးရီးယားပါတီနဲ့ ဘာဘီကျူးတွေလုပ်စားကြတယ်.. မေမေကိုယ်တိုင် မနက်ခင်းကတည်းက ပုဇွန်တောင်ဈေးကိုသွား.. လိုတာတွေဝယ်.. ကြက်တောင်ပံက လိုချင်သလောက်မရလို့ Capital ကိုထပ်သွား.. ဘာဘီကျူးလုပ်ဖို့ အသားတွေငါးတွေကို ကိုယ်တိုင်နယ်.. တုတ်တွေနဲ့ထိုး.. တနေကုန်ကို အလုပ်ရှုပ်နေတော့တာ.. ညကျတော့ ဆွေမျိုးတွေပျော်ပျော်ပါးပါး စားကြသောက်ကြနဲ့ အိပ်ယာဝင်တော့ မနက်၂နာရီထိုးနေပြီ.. အိမ်ပြန်မနေတော့ပဲ ဘွားဘွားကြီးအိမ်မှာပဲ အိပ်လိုက်တော့တယ်.. ပင်ပန်းနေပြီကိုး..

ဇန်န၀ါရီ၁ရက်နေ့ မနက်အစောကြီး ခြောက်နာရီလောက်မှာ မေမေရုတ်တရက်လန့်နိုးလာတယ်.. ဗိုက်ထဲကသားလေးက ဆောင့်တိုးလိုက်လို့ပေါ့.. ခဏကြာတော့ ရေတွေဆင်းပါလေရော.. မေမေလဲလန့်ပြီးအော်တော့တာပေါ့.. ပင်ပန်းပြီးအိပ်နေကြတဲ့လူတွေအားလုံး လန့်နိုးသွားပြီး ဘွားလေးခွာညိုဆီဖုန်းဆက်ကြ.. အိုဂျီဆီဖုန်းဆက်ကြ.. မေမေတို့အိမ်ကိုဖုန်းခေါ်ပြီး ဘွားလေးမိုးကို အထုတ်တွေပြင်ခိုင်းကြနဲ့ အလုပ်တွေရှုပ်ကုန်ကြတာပေါ့.. ၁၄ရက်နေ့မှ ခွဲမယ်လို့စီစဉ်ထားတော့ ဘာမှကို အဆင်သင့်မဖြစ်သေးတာလေ.. အိုဂျီက Women Centre ကိုချက်ချင်းလာခဲ့.. ခွဲမယ်ဆိုတာနဲ့ သားလေးရဲ့ဘဘဘိုဘိုက လိုက်ပို့ပေးတယ်.. ဟိုရောက်တော့ ခွဲခန်းမအားသေးတာနဲ့ မနက်၁၀နာရီမှာခွဲမယ်ဆိုလို့ စောင့်နေရသေးတယ်.. ခွဲခန်းထဲရောက်တော့ မေမေ့ကိုထုံဆေးထိုး ထုံလာတာနဲ့ ခွဲတာပဲ.. မေ့ဆေးမဟုတ်တော့ နာသာမနာတာ မေမေကအားလုံးကိုသိနေတယ်လေ.. သားသားကို ထုတ်မယ်လုပ်တော့ ရုန်းကန်နေလိုက်တာများ မေမေ့ရင်ဝကို ခေါင်းလေးနဲ့တိုးနေတာကို မေမေတောင်သိနေတယ်.. ဘွားလေးခွာညိုက ခွဲခန်းထဲအထိလိုက်လာတယ်လေ.. မေမေ့သားလေးကို ထုတ်ကြတော့လဲ ခြေထောက်ကအရင်ထွက်လာတယ်တဲ့.. ပြီးတော့ သားလေးက ရေတွေမွန်းနေလို့ မွေးမွေးချင်းမှာ မငိုနိုင်ဘူး.. ရေတွေစုတ်ထုတ်လိုက်တော့မှ အာဗြဲကြီးနဲ့ အော်တော့တာလေ.. ငိုသံကြားတော့မှ မေမေလဲစိတ်အေးရတာပေါ့.. ခဏနေတော့ ဘွားလေးခွာညိုက သားလေးကိုချီပြီးလာပြတယ်.. အနှီးထုတ်လေးထဲက သားလေးမျက်နှာလေးက ၀ိုင်းစက်လို့.. မျက်လုံးလေးက တဖက်ပဲပွင့်သေးတယ်လေ.. ၈ပေါင်နဲ့ ၁၀အောင်စရှိတယ်တဲ့.. ဂျူးဒိတ်ထက် တစ်လနီးပါးစောမွေးတာတောင် သားလေးက သိပ်ထွားနေတာ.. ခွဲခန်းထဲကထွက်လာတော့ သားလေးကိုလာကြည့်ကြတဲ့ ဦးဦး တီတီ ဘိုးဘိုး ဘွားဘွားတွေနဲ့ စည်ကားနေပြီ.. မေမေက ဆရာမအကူအညီနဲ့ သားလေးကို ချိုချိုတိုက်ကြည့်တယ်.. အစားပုတ်လေးက ချိုချိုသောက်ရလို့ ပျော်နေပုံပဲ.. အအိပ်ကလဲပုတ်သေးတယ်.. ညညဆို အကြာကြီးအိပ်နေလို့ မေမေနဲ့ဆရာမက အတင်းနှိုးပြီး ချိုချိုတိုက်နေရတယ်.. သားလေးကထွားတော့ ချိုချိုများများမသောက်ရင် အသားဝါတတ်တယ်ဆိုလို့လေ.. ဒါတောင် ၃ရက်သားလောက်မှာ အသားနည်းနည်းဝါလာလို့ သွေးဖောက်စစ်ရသေးတယ်.. ဖနောင့်ကနေဖောက်တော့ သားလေးက အသံပြာအောင်အော်ငိုတာလေ.. မေမေ့မှာ သားလေးကိုသနားလို့ ရင်ဘတ်ထဲကတောင်ကျင်နေအောင် ခံစားရတယ်.. တော်သေးတာပေါ့ သားလေးက အကြာကြီးငိုမနေဘူး.. သွေးစစ်တဲ့အဖြေထွက်လာတော့ မီးချောင်းအောက်မ၀င်ရဘူးဆိုလို့ မေမေ့မှာပျော်လိုက်ရတာ.. ၅ရက်သားကျတော့ မေမေတို့သားအမိ အိမ်ပြန်ကြတယ်.. သားသားတလခွဲမပြည့်တပြည့်မှာ မေမေတို့ စလုံးကိုပြန်လာခဲ့ကြတယ်လေ.. သားလေးရဲ့မားမားက လေဆိပ်မှာလာကြိုတယ်.. ဖေဖေကတော့ အလုပ်ကပြန်လာမှပဲ သားလေးနဲ့တွေ့ရတော့တာ.. သားလေးဖေဖေက အလုပ်စ၀င်စဆိုတော့ ခွင့်ယူလို့မှမရသေးတာကိုး..

သားလေးက သိပ်ကိုသန္ဓေကောင်းတဲ့ကလေးလေးပါ.. မွေးစကတည်းက နေ့နဲ့ညမှားတာတွေ.. ညမအိပ်လို့ မေမေအိပ်ရေးမ၀တာတွေ တခါမှမရှိခဲ့ဘူး.. အငိုလဲနည်းတယ်လေ.. သားလေးအတွက် ပါတ်စပို့ အချိန်မီမရမှာကို ပူရတာရယ်.. စလုံးမှာ သားလေးနေထိုင်ခွင့်မရတာကို ပူရတာရယ်ကလွဲလို့ သားလေးက မေမေ့ကို ဘာအပူမှ မပေးခဲ့ပါဘူး.. လာမယ့် ဇန်န၀ါရီ၁ရက်နေ့ဆို မေမေ့သားလေး ၂နှစ်ပြည့်ပြီနော်.. သားလေးကို မွေးနေ့မှာပျော်စေချင်လို့ သားလေးသဲဆော့လို့ရအောင် အရှေ့ကမ်းခြေမှာ ဘာဘီကျူးပါတီလေး မေမေစီစဉ်ပေးထားတယ်.. ဘယ်သွားချင်လဲမေးရင် အမြဲတမ်း Beach လို့ဖြေတတ်တဲ့သားလေးအတွက် မေမေ့ရဲ့လက်ဆောင်ပေါ့.. သားလေးရဲ့ ဘွားဘွားနဲ့တီတီလေးလဲ ရောက်နေမှာဆိုတော့ မေမေ့သားလေးအရမ်းပျော်နေမှာ မေမေမြင်ယောင်မိပါသေးတယ်လေ..

(သားလေးကိုမွေးတုန်းကအကြောင်းလေးတွေကို အမှတ်တရအနေနဲ့ မှတ်တမ်းတင်ထားလိုက်တာပါ.. သားလေးကြီးလာရင် ဖတ်ရအောင်ပေါ့.. ကဲ.. သားလေးမွေးနေ့ပွဲလေးကို လာဖြစ်အောင်လာခဲ့ကြဖို့ အားလုံးကိုဖိတ်ကြားအပ်ပါသည်နော်.. )

Friday, December 17, 2010

မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ

အလည်ရောက်လာကြတဲ့ ဦးဦး တီတီ ကိုကို မမ အားလုံးကို သားသားမိုးသံစဉ်က မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်.. သားသားရဲ့ ဇန်န၀ါရီ၁ရက်နေ့မှာကျရောက်မယ့် ၂နှစ်ပြည့်မွေးနေ့ပွဲလေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမှာမို့ အားလုံးပဲ သားသားနဲ့တူတူပျော်ရအောင် လာခဲ့ကြဖို့ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ..

နေ့ရက်း ၁ ဇန်န၀ါရီ ၂၀၁၁
နေရား စင်္ကာပူနိုင်ငံ အရှေ့ကမ်းခြေ
အချိန်း မွန်းတည့်ချိန်မှ သန်းခေါင်အထိ

သားသားကိုယ်တိုင် ချက်ထားတဲ့ဟင်းတွေနဲ့ မေမေ့ဘာဘီကျူးတွေကို ပျော်ပျော်ပါးပါးစားသောက်ကြဖို့ ဆက်ဆက်လာခဲ့ကြပါနော်.. :)

ကျေးဇူးတင်ပါတယ်ခင်ဗျာ..
သားသားမိုးသံစဉ်

RSVP: myuemyue@gmail.com

Tuesday, December 7, 2010

ကျွန်မနဲ့ကျွန်မရဲ့ဆံပင်


ကျွန်မငယ်ငယ်တုန်းက ဆံပင်လေးတွေက လိမ်လိမ်ကွေးကွေးနဲ့ ပြော့ပြော့လေးတွေ.. ခု သားသားရဲ့ဆံပင်လေးတွေလိုပေါ့.. ဆွဲဆန့်လိုက်ရင် အရှည်ကြီးထွက်လာပြီး လွှတ်လိုက်တာနဲ့ ဖတ်ဆိုပြန်ကပ်သွားရော.. ငယ်ငယ်တုန်းက ဓါတ်ပုံလေးတွေပြန်ကြည့်ရင် အရမ်းသဘောကျမိတာက ဆံပင်လေးတွေပဲ.. လေးနှစ်လောက်ရောက်လာတော့ ဆံပင်က ကျောလည်လောက်ရောက်နေပြီ.. ဖေဖေက သမီးတွေကို ဆံပင်အရှည်ထားပေးချင်တာလေ.. ဆံပင်ရှည်လာတော့ ကျွန်မက မေမေ့ကို ဆံပင်ဖြောင့်ပေးဖို့ ဂျီကျတာပေါ့.. ခုခောတ်လို ဖြောင့်တာတွေမပေါ်သေးတော့ မေမေက ကျစ်စာမြီးသေးသေးလေးတွေကျစ် ကောက်ဆေးထည့်ပြီး ဖွပေးလိုက်တယ်.. ဆံပင်နည်းတဲ့ ကျွန်မနဲ့တော့အကိုက်ပေါ့.. ဖြောင့်သွားတော့ ဆံပင်က ပိုရှည်လာတယ်ထင်ရတာမို့ ကျွန်မကသဘောတွေကျလို့.. သူငယ်တန်းကျောင်းစတက်တော့ ဆံပင်က ခါးကျော်နေပြီ.. မေမေက ခေါင်းစည်းကြိုးလှလှလေးတွေ ကလစ်လှလှလေးတွေ အများကြီးဝယ်ပေးတယ်.. တနေ့တမျိုးနဲ့ ပဲထုတ်လို့ကောင်းမှကောင်းပေါ့..

ကျွန်မ၂တန်းလောက်ရောက်တော့ မေမေက ဆံပင်အလှပြင်သင်တန်းတက်ပြီး ဆိုင်လေးဖွင့်ပါတယ်.. မေမေသင်တန်းတက်နေကတည်းက ကျွန်မဆံပင်ကို မျိုးစုံကောက်ကြည့်လိုက် ညှပ်ကြည့်လိုက်နဲ့.. ဆံပင်ပုံစံအမျိုးမျိုးနဲ့ ကျွန်မကြီးပြင်းခဲ့ရတယ်.. မေမေက ကောက်ဆေးကောင်းကောင်းတွေသုံးပေးတော့ ဆံပင်တော့ သိပ်မပျက်စီခဲ့ပါဘူး.. ၇တန်းလောက်မှာ မေမေက စလုံးကိုထွက်သွားတော့ ကျွန်မလဲဆံပင်ကို ဘာမှအထူးအထွေမလုပ်ဖြစ်တော့ဘူး.. ၁၀တန်းအောင်လို့ ဂျီတီစီတက်တော့ ဆံပင်က တင်ပါးဖုံးနေပြီ.. အဲဒီအချိန်မှာ ကျွန်မဆံပင်က ငယ်ငယ်တုန်းကလို မကောက်တော့ဘူး.. အရမ်းကြီးဖြောင့်တာလဲမဟုတ်ပဲ လှိုင်းကြီးကြီးတွေ ကောက်နေတာမျိုးပေါ့.. ကျွန်မက အမြဲတမ်း ကျစ်စာမြီး၂ဖက်ခွဲစီးထားတတ်လို့ အတန်းထဲကကောင်တွေက အီးတီလို့တောင် နာမည်ပေးတားတယ်.. မှော်ဘီမှာ ရေတွေကမကောင်းလို့ ကျွန်မဆံပင်တွေ စပြီး ပျက်စီးလာတော့ တော်တော်လေးစိတ်ညစ်ခဲ့ရတယ်.. အဖျား၂ခွတွေဖြစ် ဆံပင်တွေက နီကြောင်ကြောင်နဲ့ တော်တော်ရုပ်ဆိုးလာလို့ ပထမနှစ်မကုန်ခင်မှာပဲ တူးစတပ်အတိုလေး ညှပ်ချပစ်လိုက်ရတော့တယ်လေ.. နောက်ပိုင်းတော့ အဆောင်ပြောင်းနေလိုက်တာ ရေကလဲပိုကောင်းလာတာနဲ့ ဆံပင်မပျက်စီးတော့လို့ အရှည်ပဲပြန်ထားဖြစ်တာ ကျောင်းပြီးတဲ့အချိန်မှာ ဆံပင်က ခါးကျော်ကျော်လေးပြန်ရောက်နေပြီ..

စလုံးကို လာခါနီးကျတော့ ဆံပင်ရှည်ကြီးနဲ့ ထိန်းသိမ်းရခက်တယ်ဆိုပြီး ကျောလည်လောက် စတပ်ညှပ်ပြီးကောက်လိုက်တယ်.. သွားကောက်မိတဲ့ဆိုင်က သိပ်မကောင်းတော့ စိတ်တိုင်းမကျတာနဲ့ပဲ ဆံပင်ကို အမြဲစည်းထားဖြစ်တော့ အဖွားကြီအိုရုပ်ထွက်ကရောပဲ.. မင်္ဂလာဆောင်တုန်းက ဆံပင်ကို အခွေလေးတွေလုပ်ပြီး တစောင်းစည်းထားတဲ့ပုံလေး မိတ်ကပ်ဆရာမကလုပ်ပေးတယ်.. နောက်ပိုင်း ကိုယ်ဝန်ရှိလာတော့ ဆံပင်ပြင်တာတွေဘာတွေ ဘာမှကို မလုပ်ဖြစ်တော့ဘူး.. ကိုယ်ဝန်၇လကျော်လောက်မှာ ပူလွန်းအိုက်လွန်းလို့ ဆံပင်ကိုညှပ်ချလိုက်တာမှ တိုကပ်ကပ်လေး.. အဲဒီကမှ ပြန်ရှည်လာတဲ့ဆံပင်ကို ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ဖြောင့်ပြီး ဆေးဆိုးလိုက်သေးတယ်.. သိပ်စိတ်တိုင်းမကျပါဘူး.. ကျွန်မက မျက်နှာကြီးမျိုးဆိုတော့ ဆံပင်ပြားကပ်ကပ်နဲ့ မလိုက်ဘူးပေါ့.. နည်းနည်းကြာလာတော့ ပြန်ရှည်လာတဲ့ဆံပင်တွေနဲ့ ဖြောင့်ထားတဲ့ဆံပင်တွေကြားမှာ အထစ်ကြီးဖြစ်ပြီး အရောင်ကလဲမတူတာမို့ တော်တော်ကြည့်ရဆိုးလာပါတော့တယ်..

အဲဒါနဲ့ပဲ ပြီးခဲ့တဲ့စနေနေ့က ပန်နင်ဆူလာက သီရိမှာ ဆံပင်သွားကောက်လိုက်ပါတယ်.. ဒစ်ဂျစ်တယ်ကောက်ဆိုလားပဲ.. မဟော်ဂနီရောင်လေးလဲ ပြန်ဆိုးလိုက်တယ်.. ခုတော့ ကျွန်မ ဆံပင်ပုံစံအသစ်လေးကို တော်တော်သဘောကျနေပါတယ်.. မောင်ကပြောတယ်.. ပါးဖောင်းဖောင်း မျက်လုံးပြူးပြူး နှုတ်ခမ်းစူစူ ဆံပင်ကောက်ကောက်နဲ့ အရုပ်မနဲ့တူသွားပြီတဲ့.. သားသားတော့ မေမေ့ဆံပင်တိုတို တဲ့.. ဘာပဲပြောပြော ကျွန်မတော်တော်စိတ်တိုင်းကျသွားပါတယ်.. ကျွန်မနဲ့လိုက်တဲ့ ပုံစံလေးရွေးပြီး စိတ်ရှည်လက်ရှည်လုပ်ပေးတဲ့ သီရိဆိုင်က ညီမလေး “နီ”ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်လို့ ဒီပို့စ်လေးနဲ့ ပြောလိုက်ချင်ပါတယ်..

Thursday, December 2, 2010

ဒီဇင်ဘာ

မြန်မာပြည်မှာဆို ဒီဇင်ဘာလရောက်ရင် ကျွန်မသိပ်ပျော်တယ်.. အေးတဲ့ရာသီဥတုကို ကြိုက်တတ်တဲ့ကျွန်မအတွက် နှင်းတွေဝေတဲ့ ဒီဇင်ဘာလလေးက အမြဲအေးမြလှပနေတတ်တယ်လေ.. ဒီဇင်ဘာလရောက်ပြီဆို စနေတနင်္ဂနွေ မနက်ခင်းစောစောတိုင်း သုဝဏ္ဏအားကစားကွင်းဆီကနေ လွင့်ပျံလာတတ်တဲ့ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့သီချင်းသံက ကျွန်မတို့မောင်နှမတွေအတွက် နှိုးစက်ပေါ့.. အိပ်ယာထဲကလူးလဲထ အ၀တ်အစားလဲပြီး အိမ်ကထွက်ကြတယ်.. ဟားခနဲလေကိုမှုတ်ထုတ်လိုက်ရင် ပါးစပ်က အငွေ့တွေထွက်လာတာကို ကျွန်မသိပ်သဘောကျတာပေါ့.. လမ်းထိပ်က ကြီးကြီးတို့အိမ်ကိုဝင်ခေါ် ပြီးတော့ အားကစားကွင်းဆီ ချီတက်ကြတယ်လေ.. အားကစားကွင်းရောက်ရင် လူတွေအများကြီးတွေ့ရပါပြီ.. ကွင်းကြီးကိုပတ်ပြီး ပြေးနေ လမ်းလျှောက်နေကြသူတွေ.. ခဏတဖြုတ်ထိုင်နားနေကြသူတွေ.. လမ်းမီးတိုင်အောက်မှာ ကြက်တောင်ရိုက်ကစားနေကြသူတွေနဲ့ ဒီဇင်ဘာနံနက်ခင်းက စည်ကားလို့ပေါ့.. နံနက်စာ ကောက်ညှင်းပေါင်း တခြားမြန်မာမုန့်မျိုးစုံတို့ကို လာရောင်းကြတဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည်လေးတွေလဲ ရောင်းကောင်းကြတယ်.. မှောင်နေရာကနေ တဖြေးဖြေးလင်းလာပြီဆို ကျွန်မတို့ အိမ်ပြန်ကြတယ်.. လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာထိုင်ပြီး ကြီးကြီးဝယ်ကျွေးတဲ့ မနက်စာစား.. ဖေဖေ့အတွက်မနက်စာဝယ်ပြီး အိမ်ပြန်ရောက်တယ်ဆို ဖေဖေ့ရဲ့ဘုရားရှိခိုးသံက ကျွန်မတို့ကို ဆီးကြိုနေတတ်တယ်လေ..

ကျောင်းတက်ရတဲ့နေ့တွေဆိုရင်တော့ မှော်ဘီရဲ့ဒီဇင်ဘာမနက်ခင်းက ကျွန်မနဲ့အကိုက်ပေါ့.. မှော်ဘီမှာက ရန်ကုန်ထက် နှင်းတွေပိုကျတယ်.. ပိုလဲအေးတာပေါ့.. အဆောင်က အခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်တာနဲ့ နှင်းတွေရွှဲနေတဲ့ ၀ရံတာကြမ်းခင်းရယ် ခပ်ကြမ်းကြမ်းဝှေ့တိုက်လိုက်တဲ့ မြောက်ပြန်လေအေးအေးရယ်ကို ခံစားရမယ်.. ကျောင်းတက်ခဲ့တဲ့ ၅နှစ်လုံး ဒီဇင်ဘာလဆို စာမေးပွဲနီးနေပြီမို့ အတန်းသိပ်မတက်ဖြစ်တော့ဘဲ အဆောင်မှာပဲစာလုပ်နေရတဲ့အချိန်ပေါ့.. မနက်တိုင်း စောစောထတတ်တဲ့ကျွန်မက စောင်ခြုံကွေးနေတဲ့ အခန်းဖော်သူငယ်ချင်း အိမွန်ကိုမနက်စာသွားစားဖို့နှိုးရတယ်.. တပ်ကြီးကုန်းမှတ်တိုင်နားက မြောင်းမြမုန့်ဟင်းခါး ငရုတ်ကောင်းနံ့မွှေးမွှေးလေးက ဒီဇင်ဘာမနက်ခင်းနဲ့ သိပ်လိုက်တဲ့မနက်စာပေါ့.. ပြီးရင် ရွာထဲဝင်ပြီး ဈေးကလေးမှာ ဈေးလျှောက်ဝယ်ကြတယ်.. နှင်းစိုနေတဲ့ ဘုရားပန်းတွေက သိပ်လှတာ.. ဈေးကပြန်ရောက်ရင်တော့ အဆောင်ခြံထဲမှာ နေပူစာလှုံရင်း စာကြည့်ကြတယ်.. နေပူလာမှပဲ အပေါ်တက်ပြီး ထမင်းဟင်းချက်ကြ ရေမိုးချိုးကြပေါ့.. ညနေစောင်းရင်တော့ အမှတ်၎လမ်းဖက်ကို ဆိုင်ကယ်လျှောက်စီးကြဖို့ မောင်ကလာခေါ်တတ်တယ်.. နေ၀င်ခါနီဆို မြူခိုးတွေဝေနေတဲ့ လယ်ကွင်းတွေက ကြည့်လို့သိပ်လှပေါ့.. မောင်လာခေါ်ပြီဆို အိမွန်က မြူးရေ.. မမှောင်ခင်ပြန်ခဲ့နော်.. ထမင်းတူတူစားဖို့စောင့်နေမယ်လို့ အမြဲမှာတတ်တယ်လေ.. ညဘက်ရောက်ရင်တော့ ထူးထူးကဲကဲကိုအေးတတ်လို့ အနွေးထည်ထူထူဝတ် စောင်အထူကြီးခြုံပြီး ကွေးနေကြရတော့တာပေါ့..

စလုံးကိုရောက်လာတော့ မတ်လကြီး.. နေကလဲပူလိုက်တာ.. မတ်လမို့ပူတာလို့ထင်နေတာ.. နောက်တော့မှသိရတယ်.. ဒီဇင်ဘာလရောက်ရင်လဲ မအေးဘူးကိုး.. ကျွန်မချစ်တဲ့ နှင်းအေးအေးလေးတွေဆိုတာလဲ ဘယ်ဆီနေမှန်းတောင်မသိဘူး.. မနှစ်ကတော့ Ang Mo Kio ကို သားသားနဲ့သွားလည်ကြတယ်.. နှင်းအတုတွေသွားကြည့်ကြတာပေါ့.. သားသားကတော့ ပျော်လို့.. နှင်းအစစ်ကိုမှ မမြင်ဖူးသေးဘဲကိုး.. ကျွန်မတော့ ရယ်ချင်သလိုလို ငိုချင်သလိုလို.. နှင်းတွေကိုမြင်နေရပါရက်နဲ့ လူမှာက ချွေးတွေရွှဲလို့.. ဆောင်းရာသီမရှိတဲ့ ကျွန်းလေးကို ကျွန်မ မနှစ်မြို့နိုင်ပါဘူး.. တနေ့နေ့တော့ ကျွန်မချစ်တဲ့ ဒီဇင်ဘာစစ်စစ်ရှိရာကို ပြန်ကိုပြန်မှဖြစ်မယ်......

Friday, November 26, 2010

အိပ်မက်ထဲကကျောင်းတော် (၆)

အိပ်မက်ထဲကကျောင်းတော် (၁)
အိပ်မက်ထဲကကျောင်းတော် (၂)
အိပ်မက်ထဲကကျောင်းတော် (၃)
အိပ်မက်ထဲကကျောင်းတော် (၄)
အိပ်မက်ထဲကကျောင်းတော် (၅)

တတိယနှစ်စာမေးပွဲကို အေးအေးဆေးဆေးလေးပဲ ဖြေပြီး အောင်ခဲ့တယ်လေ.. စတုတ္ထနှစ်စတက်တော့ ကျွန်မညီမလေးကလဲ တက္ကသိုလ်တက်နေပြီ.. မောင်လေးကလဲ ဆယ်တန်းရောက်နေပြီဆိုတော့ မိဘတွေပိုက်ဆံတော်တော်လေးကုန်တာကို သတိထားမိလာတယ်.. ကိုယ်လုပ်နိုင်တာလေး လုပ်ကြည့်မယ်ဆိုပြီး ကျောင်းက အတန်းငယ်သူတွေကို ဂိုက်လုပ်တာလေး စဖြစ်တယ်.. မဆိုးဘူးလို့ပြောရမယ်.. ကိုယ့်ကျောင်းစားရိတ် ကာမိတဲ့အပြင် မောင်လေးညီမလေးတွေကိုတောင် မုန့်ဖိုးပေးနိုင်သေးတယ်လေ.. ပင်ပန်းတာကတော့ ပြောမနေနဲ့.. နေတာကမှော်ဘီကအဆောင်မှာ စာသွားသင်ရတာက ရန်ကုန်မှာဆိုတော့ ပိုပင်ပန်းတာပေါ့.. ကိုယ့်စာလဲကြည့်ရတယ်.. စာသင်ဖို့လဲ စာကြိုဖတ်ရတယ်ဆိုတော့ ခါတိုင်းနှစ်တွေထက် ၂ဆပိုပြီး ပင်ပန်းတာပေါ့.. ကျောင်းမှာ အတန်းအားရင်တောင် ဟိုဟိုဒီုဒီမလုပ်အားတော့ဘူး.. စာပဲကြည့်နေဖြစ်တယ်.. ဘီအီးတန်းတက်ခွင့်ရဖို့ အရေးကြီးတဲ့နှစ်လဲဖြစ်နေသေးတာကိုး.. မောင်နဲ့တွေ့ချိန်တွေတောင် နည်းသွားတယ်.. သူကိုလဲ စာလုပ်ဖို့ တွန်းနေရသေးတယ်.. သူကစာကိုလုံးဝမလုပ်ချင်တာလေ..

နှစ်ကုန်ခါနီးကျတော့ ပရောဂျက်သဘောမျိုး စာတမ်းတိုလေးတွေ လုပ်ရတယ်.. ငါးယောက်တဖွဲ့ပေါ့.. စာတမ်းတိုလေး ၃ခုလုပ်ရပါတယ်.. ကျွန်မတို့လုပ်တဲ့စာတမ်းတွေမှတ်မိသေးတယ်.. ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း အကြောင်းရယ်.. Fibre Optic Communication အကြောင်းရယ်.. Auto Voltage Regulator ရယ်ပေါ့.. စာတမ်းဖတ်ပွဲလုပ်ကြတော့ Presentation ဆိုတာ ဘာမှန်းမသိဘဲ ရေးထားသမျှကို ဖတ်ပြလိုက်ကြတာပါပဲ.. Fibre Optic အကြောင်းဖတ်တဲ့သူငယ်ချင်းက ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို လွဲပြီးဖတ်ပြလိုက်လို့ ရယ်ကြရသေးတယ်.. Beamwidth ဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို ဖြေတဲ့သူက Beamwidth ဆိုတာ Beam ရဲ့ width ပါဆရာမလို့ ဖြေတာကတမျိုး.. အတန်းထဲမှာ မတည့်ကြသူတွေချင်း ပေါက်ကရတွေမေးလို့ ဆူကြပွက်ကြတာကတမျိုးနဲ့ ဗြုတ်စဗျင်းတောင်း ပြီးသွားတာပါပဲ.. စာတွေကလဲပိုများလာတာကတကြောင်း.. အလုပ်တဖက်ဖြစ်နေတာတကြောင်းနဲ့ အဲဒီနှစ်က စာမေးပွဲကို စိတ်တိုင်းကျ မဖြေနိုင်ခဲ့ပါဘူး.. ဘီအီးတန်းမှ တက်ခွင့်ရပါ့မလားလို့ စိတ်ပူလိုက်ရတာလဲ မပြောပါနဲ့တော့.. အောင်စာရင်းထွက်တော့မှ စိတ်အေးရတော့တယ်.. ကျောင်းဆက်တက်ခွင့်ရတယ်လေ.. အဆင့်ကတော့ ခါတိုင်းဂဏန်း၁လုံးထဲရှိရာကနေ ဂဏန်း၂လုံးဖြစ်သွားလို့ အဆူခံလိုက်ရသေးတယ်.. မောင်ကတော့ အဲဒီနှစ်က စာမေးပွဲကျပါတယ်.. ကျွန်မသူ့အတွက် အချိန်မပေးနိုင်ခဲ့လို့ ပိုပြီးပေပေတေတေတေခဲ့ပုံပါပဲ..

နောက်ဆုံးနှစ်ကျောင်းတက်ရက်တွေကတော့ ပျင်းခြောက်ခြောက်ပိုနိုင်လာတယ်.. မှော်ဘီတခွင်မှာ လည်ရပတ်ရတာကလဲ ရိုးနေပြီကိုး.. ကျောင်းအုပ်တွေကလဲ တယောက်ပြီးတယောက်ပြောင်းသွားလိုက်တာ မှတ်တောင်မမှတ်မိတော့လောက်အောင်ပဲ.. အငယ်တန်းတွေက ကလေးတွေကိုကြည့်ရတာ စာကိုစိတ်မ၀င်စားကြတော့တဲ့ပုံမျိုး.. အတန်းတွေလဲ မှန်မှန်မတက်ကြဘူး.. ဆေးလိပ်တို့ အရက်တို့ဆိုတာကလဲ လွယ်လွယ်နဲ့ဝယ်လို့ရနေတော့ ပျက်စီးလွယ်ကြတာပေါ့.. ဘောလုံးပွဲတွေလောင်းကြ ဖဲဝိုင်းတွေ ကြေးကြီးကြီးနဲ့ကစားကြနဲ့.. ကလေးတွေပျက်စီးကြတာမြင်ရတော့ စိတ်မကောင်းဘူး.. အင်ဂျင်နီယာပညာကို ၀ါသနာပါလို့မဟုတ်ပဲ ရောက်လာလို့သာသင်နေရတယ် စိတ်ကိုမ၀င်စားဘူး ဆိုတဲ့ပုံစံမျိုးတွေမြင်ရတော့ ဘယ်သူ့ကိုစိတ်ဆိုးရမှန်းမသိ စိတ်တွေဆိုးမိသေးတယ်.. တကယ်တော့ သူတို့လေးတွေကိုလဲ အပြစ်ပြောလို့မရပါဘူး.. အသက်၁၆နှစ်လောက်မှာ ၁၀တန်းအောင်လာတော့ ကိုယ့်ကိုကိုယ်တောင် ဘာကိုဝါသနာပါမှန်း ဘာဖြစ်ချင်မှန်း သိကြဦးမှာမှမဟုတ်ပဲ.. ကျောင်းကိုရောက်လာတော့လဲ ပရိဘောဂကအစ မပြည့်မစုံနဲ့.. လက်တွေ့ခန်းသုံးကိရိယာတွေကလဲ ခောတ်မမှီ ဆိုတော့ ဒီပညာရပ်တွေကို အထင်မကြီး စိတ်မ၀င်စားကြတော့တာ မဆန်းဘူးပေါ့.. တချိုကလေးတွေလဲ စိတ်ဝင်တစားနဲ့ ကြိုးစားကြတာရှိပါတယ်.. လူနည်းစုပေါ့.. ဒီလိုမျိုးတွေဖြစ်လာအောင် ရည်ရွယ်ချက်နဲ့ တမင်တကာလုပ်တာဆိုရင်တော့ လုပ်တဲ့သူတွေ အောင်မြင်တယ်ပြောရမှာပေါ့လေ..

အဖြူနဲ့နက်ပြာယူနီဖောင်းတွေ စ၀တ်ရတာက မှတ်မိသလောက်တော့ နောက်ဆုံးနှစ်မှပဲထင်တယ်.. ဘာပဲဖြစ်ဖြစ် ကျောင်းသားနဲ့အပြင်လူ ခွဲခြားရလွယ်သွားတာတော့ အမှန်ပဲ.. အ၀တ်အစား ပြိုင်ဆိုင်ဝတ်ကြတာမျိုးလဲ နည်းသွားမယ်ထင်တယ်.. ကျွန်မကတော့ ယူနီဖောင်းဝတ်ရတာကို ကြိုက်ပါတယ်.. နောက်ပိုင်းတော့ အင်္ကျီပုံစံပါ ဆင်တူသတ်မှတ်လိုက်တယ်ကြားတယ်.. ကျွန်မတို့တော့ မမှီလိုက်ပါဘူး.. ကျောင်းပြီးသွားပြီကိုး.. ကျောင်းပြီးသွားတော့ ဘွဲ့နှင်းသဘင်ကိုလဲ မှော်ဘီကျောင်းမှာပဲလုပ်ပါတယ်.. ဘာအဆောက်အအုံမှ မယ်မယ်ရရမရှိတော့ ဘယ်မှာလာပြီး ခမ်းခမ်းနားနားရှိပါ့မလဲ.. ဒါပေမယ့် ကိုယ့်ဆရာတွေ ကိုယ့်သူငယ်ချင်းတွေ အားလုံးပြန်ဆုံရတာမို့ ပျော်တာကတော့ ပျော်တာပါပဲ..

ဘွဲ့နှင်းသဘင်ကတော့ ကျွန်မရဲ့ ၅နှစ်တာအိပ်မက်တွေရဲ့ ဇာတ်သိမ်းခန်းပေါ့.. ရုပ်ဝတ္ထုတွေမပြည့်စုံခဲ့ပေမယ့် ကျွန်မတို့ရဲ့ကျောင်းတော်ကြီးကတော့ ကျွန်မရဲ့ဘ၀မှာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ပါတယ်.. နွေရောက်တိုင်း ငုဝါတွေဝေနေအောင်ပွင့်တတ်တဲ့ ကျောင်းဝင်းကလေးထဲမှာ ကျွန်မဘ၀အတွက် အရေးကြီးတဲ့ပညာရပ်တွေကို သင်ယူခွင့်ရခဲ့တယ်.. ဘ၀အကြောင်း အချစ်အကြောင်း အသဲကွဲတဲ့အကြောင်းတွေလဲ အပါအ၀င်ပေါ့.. ခုတော့ အရင်နေရာကျောင်းဝင်းလေးက ခြောက်ကပ်နေရော့မယ်.. ကျောင်းဆောင်သစ်ကြီး ဆောက်ပြီးသွားပြီကိုး.. ကျွန်မတို့ကျောင်းတက်နေတုန်းက ဆရာတွေရော မှော်ဘီကျောင်းမှာ ရှိကြသေးရဲ့လားမသိ.. တနေ့နေ့တော့ ကျောင်းတော်ကြီးဆီကို ရောက်အောင်သွားလည်ဦးမယ်လို့ စဉ်းစားနေမိရင်း.. ကျွန်မ အိပ်မက်ထဲကနေ ပြန်လာခဲ့ပြီလေ..

(ဆက်မရေးဖြစ်ဘဲ ကြာနေတဲ့ပို့စ်လေးကို ပြန်အသက်သွင်းပြီး အဆုံးသတ်ထားတာပါ.. ကျောင်းကိုလွမ်းလို့..)

Friday, November 19, 2010

ပိန်ချင်သူများအတွက်

ကျွန်မဆယ်ကျော်သက်အရွယ်တုန်းက တော်တော်လေးပိန်ပါတယ်.. အတန်းထဲမှာ ၀ါးခြမ်းပြားလို့ ခေါ်ခံရတဲ့အထိကို ပိန်တာပါ.. အရပ်ကလဲရှည်တော့ ကလန်ကလားကြီး ဖြစ်နေရာပေါ့.. အစားနည်းတာလဲမဟုတ်ပါဘဲ ပိန်ချင်လို့ကို ပိန်နေတာဆိုတာမျိုး.. အသက်၂၀ကျော်လာတော့ နည်းနည်းပြည့်လာတယ်.. အသက်အစိတ်မှာ အိမ်ထောင်ပြုလိုက်ပြီး ၂၆နှစ်မှာ သားသားကိုမွေး.. ဟင်း.. ခုတော့ ၃၀တောင်မပြည့်ရသေး ကျွန်မ အ၀လွန်လို့ အလွန်ဝနေပြီလေ.. ၅ပေ၅လက်မဆိုတဲ့ အရပ်ကလေးသာမကယ်ရင် ရာဝင်အိုးနဲ့ နင်လားငါလားဖြစ်နေလောက်ပြီ..

ကျွန်မပိန်ချင်တယ်.. လှချင်တာသက်သက်ကြောင့်မဟုတ်ပါဘူး.. ၀လာတော့ သွားတာလာတာကအစ သိသိသာသာလေးလာတယ်.. လှေကားလေးနည်းနည်းတက်လိုက်ရင် မောနေပြီ.. ခြေကျင်းဝတ်တွေက ကိုယ်အလေးချိန်ကို မခံနိုင်လို့ နာနေတတ်တယ်.. လမ်းခပ်မြန်မြန်လျှောက်လိုက်ရင်ကို ခြေသလုံးတွေတောင့်တင်းပြီး မသက်မသာခံစားလာရရော.. ၀လာလို့ ခံစားရတဲ့ဝေဒနာတွေကို သတိထားမိလာတာနဲ့အမျှ ကျွန်မ ပိန်အောင်လုပ်မှဖြစ်မယ်လို့ တွေးမိပါတယ်.. အချိန်ကိုက်လို့ပဲဆိုရမလား Lose To Win ဆိုတဲ့ Weight Management Programme မှာ ပါဝင်ဖို့ ကျွန်မတို့ရုံးကို Health Promotion Board က ဖိတ်ခေါ်စာရောက်လာပါတယ်.. တဖွဲ့ကို ၅ယောက်အထိ ပါဝင်ခွင့်ရှိတယ်ဆိုလို့ လူဝကြီးများရှာဖွေကြတဲ့အခါ ကျွန်မရော ကျွန်မရဲ့မောင်တော်ဘုရားရော အဖွဲ့ဝင်တွေဖြစ်သွားပါလေရော..

၃လကြာမယ့် Programme ထဲမှာ လေ့ကျင့်ခန်းလုပ်ရမှာက တပါတ်ကို ၂ရက်.. Nutrition Workshopရယ်.. Supermarket Tourရယ်.. Cooking Classရယ်က တခါစီ.. Fitness Assessment ကတော့ အားလုံးပေါင်း ၃ခါပေါ့.. စစချင်းမှာ တခါ.. အလယ်လောက်မှာတခါ.. နောက်ဆုံးမှာ တခါလေ.. ပထမဆုံး Fitness Assessment သွားတော့ ၀ိတ်ချိန်.. အရပ်တိုင်း.. ခါးပါတ်လည်တိုင်းပြီးသကာလ ၂ကီလိုမီတာ လမ်းလျှောက်ခိုင်းပြီး နှလုံးခုန်နှုန်းကိုတိုင်း.. Fitness Index တွက်တာပါ.. အောက်တိုဘာ ၂၃က စတာဆိုတော့ ခုဆိုရင် ၁လနီးပါးရှိပြီပေါ့.. ၂ကီလိုကျော်ကျော်ကျသွားပါတယ်.. မောင်တော်ဘုရားကတော့ ၄ကီလိုနီးပါး.. အယ်.. မဆိုးပါလားပေါ့.. လေ့ကျင့်ခန်းကတော့ တော်တော်ကို ပင်ပန်းပါတယ်.. အများနဲ့လုပ်ရတာဆိုတော့ ပင်ပန်းပေမယ့် ပျော်နေကြတာပါပဲ.. ၀ိတ်လေးနည်းနည်းကျသွားတော့ အားတက်လာပြီး သင်တန်းမှာ လေ့လာသင်ယူခဲ့ရသမျှလေးကို မျှဝေချင်လို့ ဒီပို့စ်လေး ရေးဖြစ်သွားတာပါ..

ပထမဆုံးအနေနဲ့ အစားအသောက်ပိုင်းကို အရင်ပြင်ရပါမယ်.. ကိုယ့်ရဲ့ ကိုယ်အလေးချိန်အလိုက် တနေ့တာလိုအပ်တဲ့ ကယ်လိုရီကို အရင်သိဖို့လိုပါမယ်.. မိန်းမတွေအနေနဲ့ တနေ့ကို ၁၂၀၀ ကယ်လိုရီကနေ ၁၇၀၀ ကယ်လိုရီလောက်အထိ လိုတတ်ပြီး.. ယောက်ျားတွေအတွက်တော့ ၁၅၀၀ ကယ်လိုရီကနေ ၂၂၀၀ ကယ်လိုရီလောက်အထိ လိုတတ်ပါတယ်.. ကျွန်မရဲ့ကိုယ်အလေးချိန် ၇၅ကီလိုအတွက် ၁၆၁၀ ကယ်လိုရီ လိုအပ်ပါတယ်.. အဲဒါက လက်ရှိကိုယ်အလေးချိန်မှာ ထိန်းထားဖို့ လိုတဲ့ကယ်လိုရီပေါ့.. ၀ချင်ရင်ပိုစား.. ပိန်ချင်ရင် လျှော့စားရပါတော့မယ်.. လေ့ကျင့်ခန်းလေးလဲ လုပ်မယ်ဆိုရင်တော့ ပိန်သွားရမှာပေါ့.. ကျွန်မတို့မြန်မာတွေဆိုတာက ဆီပြန်ဟင်းကြိုက်တတ်ကြတာမို့လား.. ဆီလက်ဖက်ရည်ဇွန်းနဲ့ ၁ဇွန်းဆိုရင်ကို ၅၀ကယ်လိုရီရှိနေပြီဆိုတော့ ပိန်ချင်သူများ ဆီပြန်ဟင်းကို ဝေါင်ဝေါင်ရှေးဖို့ လိုတာပေါ့နော်.. စားကိုစားရမှဖြစ်မယ်ဆိုရင်လဲ ဟင်းအနှစ်လေးကို လျှော့စားပေါ့လေ.. ကြက်သား၁တုံးမှာ အရေခွံကိုဖယ်စားလိုက်ရင် ၅၀ကယ်လိုရီလောက်လျော့သွားမယ်ဆိုတာလေးလဲ သတိရပါဦး.. မက်ဒေါ်နယ်ရောက်လို့ ဘာစားရမလဲရွေးရင် McSpicy Extra Value Meal ရွေးမယ့်အစား Cheeseburger, small fries, light drinks ကိုရွေးလိုက်ရင် ၇၀၀ကယ်လိုရီကြီးများတောင်လျော့မှာနော်.. မနက်စာကိုလဲ ကြာဇံကြော်တွေ ခေါက်ဆွဲကြော်တွေအစား Wholemeal bread လေး၂ချပ်ကို Cheese လေးနဲ့စားပြီး ရေနွေးကြမ်းလေးသောက်တာက ၃၀၀ကယ်လိုရီလောက်လျော့သွားပြီ.. ကော်ဖီကို နို့တွေ သကြားတွေနဲ့သောက်ရင် ၁၅၀ကယ်လိုရီလောက်ရှိတယ်လေ.. ရေနွေးကြမ်းကတော့ သုညကယ်လိုရီပါ.. ထမင်းတခွက်စာက ၂၆၀ကယ်လိုရီရှိပါတယ်.. ငါးဟင်းတွေ အသားဟင်းတွေကတော့ ၁၈၀ကနေ ၂၂၀ ကယ်လိုရီအထိရှိတတ်ပါတယ်.. ဆီထဲမှာနှစ်ပြီး ကြွပ်နေအောင်ကြော်ထားတဲ့ အစားအစာတွေကတော့ ပိန်ချင်သူတွေအတွက် ရန်သူတွေပါပဲ.. အချိုတွေစားတာလဲလျှော့ရမယ်.. သကြားကလဲ ကယ်လိုရီတော်တော်များတာကိုး.. ၀ိတ်ချနေတဲ့သူတွေအတွက် အကောင်းဆုံးကတော့ တနေ့တာအတွက် ဘာစားမယ်ဆိုတာ ကြိုတင်စီစဉ်ထားတာပါပဲ.. ၀ိတ်ကျချင်ရင် ပါးစပ်ကို အလိုမလိုက်သင့်ဘူးလေ.. နော်.. ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုလဲ များများစားပေးသင့်ပါတယ်.. အရမ်းချိုတဲ့ အသီးတွေဆိုရင်တော့ နည်းနည်းလျှော့စားရမှာပေါ့.. အသီးထဲမှာ သဘာဝအတိုင်းပါတဲ့အချိုကိုက သကြားလိုပဲ ကယ်လိုရီများတတ်လိုပါ.. အသီးဖျော်ရည်သောက်တာထက် အသီးကိုစားတာက အမျှင်ဓာတ်ရစေပါတယ်.. အမျှင်ဓာတ်က ဗိုက်ပြည့်စေတော့ တော်တော်နဲ့ပြန်မဆာတော့ဘူးပေါ့..

အစားလျှော့စားတာအပြင် ကိုယ်လက်လှုပ်လျှား လေ့ကျင့်ခန်းလေးတွေကလဲ ပိန်ချင်သူတွေအတွက် အရေးကြီးပါသေးတယ်.. တပါတ်ကို အနည်းဆုံး ၁၅၀မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်.. ချွေးထွက်တဲ့အထိ နှလုံးခုန်မြန်လာတဲ့အထိပေါ့.. လမ်းလျှောက်တာ ပြေးတာတွေကတော့ လူတိုင်းလုပ်တတ်တဲ့ လေ့ကျင့်ခန်းလေးတွေပါပဲ.. ခုကျွန်မတို့ တပါတ်၂ခါလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကတော့ Bootcamp လို့ခေါ်ပါတယ်.. လေ့ကျင့်ခန်းစစချင်း ပန်းခြံထဲမှာ ၁ပတ်လမ်းလျှောက် ၂ပတ်ပြေးရပါတယ်.. ပြီးရင်အဖွဲ့တွေခွဲပြီး လေ့ကျင့်ခန်းအမျိုးမျိုးကို ဆက်တိုက်လုပ်ရပါတော့တယ်.. ထိုင်ထ.. ဒိုက်ထိုး.. ခုန်ပေါက်ပြေးလွှား စုံနေအောင်ကိုလုပ်ရပါတယ်.. ၁နာရီခွဲလောက် မရပ်မနားလုပ်ရတာမို့ တော်တော်လေးကို မောတာပေါ့.. ထိရောက်တယ်.. တော်တော်လေးကိုထိရောက်တယ်ပြောရမယ်.. အမောပိုခံနိုင်လာတယ်.. အသားတွေကျစ်လာတယ်.. သွားရလာရတာ ပေါ့ပါးသွက်လက်လာပါတယ်..

လေ့ကျင့်ခန်းလုပ်ရတာလေး အရှိန်ရလာတော့ လင်မယားနှစ်ယောက်သား ညနေဆို အိမ်နားကပြေးလမ်းလေးမှာ ပြေးကြဖို့ တိုင်ပင်ကြပါတယ်.. သင်တန်းမသွားရတဲ့နေ့တွေ နာရီဝက်လောက်ပြေးကြဖို့ သဘောတူညီချက်ရတယ်ပေါ့.. ခုညနေကနေ စပါမယ်.. အရှေ့ဂျူရောင်းနဲ့အနီးတ၀ိုက်မှာ နေကြသူများထဲက ပူးပေါင်းပါဝင်ချင်တယ်ဆိုရင် သံချောင်းခေါက်လိုက်ပါ.. သင်တန်းမှာလုပ်ရတဲ့ လေ့ကျင့်ခန်းတွေလဲ သင်ပေးပါမယ်.. အဖော်လေးနဲ့ဆိုတော့ ပိုလဲပျော်စရာကောင်းသလို ကိုယ်ကမလုပ်ချင်ဘူးဆိုရင်တောင် သူများကိုအားနာတာနဲ့ လုပ်ဖြစ်နေဦးမှာလေ.. ဘယ်လိုလဲ.. ပူးပေါင်းပါဝင်ကြပါဦးလား.. :)

Thursday, November 18, 2010

Happy Birthday PPA

သူငယ်ချင်းရေ..


ဖြတ်သန်းခဲ့တဲ့ ၂၈နှစ်ခရီးတလျှောက် အမြီးအမှောက်မတည့်တာတွေကလဲ အများသားနော်.. ဘယ်လိုခက်ခဲနေပါစေ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ယုံကြည်ရာကို အောင်မြင်အောင်လုပ်တတ်တဲ့ နင့်အတွက်တော့ လောကဓံဆိုတာ မှုစရာမဟုတ်လောက်ဘူးမို့လား..

ကဲ ဒီနေ့ နင့်မွေးနေ့ကစပြီး ရှေ့ဆက်ရမယ့်ဘ၀ခရီးမှာ လိုချင်တောင့်တတာမှန်သမျှ ပြည့်စုံနိုင်ပါစေလို့ ကိုးဂဏန်းသမား.. စကော့ပီယိုရာသီဖွား သူငယ်ချင်းလေးအတွက် ဆုတောင်းပေးတယ်နော်.. ထိပ်စီးမပြောင်းခင် နောက်တွဲလေးလဲ ချိတ်နိုင်ပါစေဟာ.. :P

Thursday, November 4, 2010

So Called Long Weekends

မနက်ဖြန် ဒေ၀ါလီနေ့မို့ ရုံးပိတ်တယ်.. ကျွန်မတို့ရုံးမှာ ထုံးစံလေးရှိတာက ဘာသာရေးဆိုင်ရာ ရုံးပိတ်ရက်တွေမတိုင်ခင် တရက်ဆို သက်ဆိုင်ရာဘာသာဝင်တွေကို နေ့တ၀က်ပေးပြန်တာပါပဲ.. မူဆလင်တွေအတွက်ဆို ဟာရီရာယာ.. ဟိန္ဒူတွေအတွက်က ဒေ၀ါလီ.. ခရစ်ယာန်တွေကျတော့ ခရစ်စမတ်.. တရုတ်တွေကတော့ နှစ်ကူးပေါ့.. ဘယ်တော့မှ နေ့တ၀က်မပြန်ရတာကတော့ မြန်မာတွေပဲ.. ဗုဒ္ဓဘာသာအတွက် နေ့တ၀က်ပေးပြန်တဲ့ရက် မရှိဘူးလေ..

မနက်ကရုံးရောက်တော့ မန်နေဂျာကို အတည်ပေါက်နဲ့သွားပြောလိုက်တယ်.. ငါနာမည်ပြောင်းတော့မယ်လို့.. ဘယ်လိုပြောင်းမှာလဲတဲ့.. Zinkumar လို့ပြောင်းလိုက်မယ်.. ဒီနေ့နေ့တ၀က်ပြန်လို့ရပြီမဟုတ်လားလို့ ပြောင်စပ်စပ်ဖြေလိုက်တော့မှ တဟားဟားရယ်ပြီး အိပ်ချင်ပြေသွားပုံရတယ်လေ.. ဟာရီရာဟာကျရင်ရောတဲ့.. လွယ်ပါတယ် Pwint Myue Bte Zin လုပ်လိုက်မယ်လို့.. တရုပ်နှစ်ကူးကျရင် Koh Pwint Myue ပေါ့လို့ ဆက်ပြောတော့ သဘောတွေကိုကျလို့.. သူနာမည်က Koh Chet Foo လေ..

မနက်ဖြန်ရုံးမတက်ရဘူးဆိုတော့ အိမ်မှာဘာချက်စားရရင်ကောင်းမလဲ စဉ်းစားနေတယ်.. မုန့်ဟင်းခါးကောင်းကောင်းလေးလဲ မစားရတာကြာပြီ.. အုန်းနို့ခေါက်ဆွဲကတော့ စားလို့မဖြစ်သေးဘူး.. သွေးတိုးထားတာမကြာသေးတော့ သွေးပြန်တိုးနေလို့ အဆူခံနေရဦးမယ်.. မိုးအေးရင်တော့ ကြာဇံချက်လေး စားရရင်ကောင်းသား.. ချက်ရတာလဲ လွယ်တယ်လေ.. ရှောက်သီးသုပ်လေးနဲ့ဆို ရှယ်ပဲ.. ညနေကျရင်တော့ သားသားကို ရေကူးကန်လိုက်ပို့ပေးရမယ်.. ရေကူးပြီးရင် KFC လေးစား.. သားသားပြောသလို မိုက်မှမိုက်ပေါ့.. သားသားက KFC ဆိုအရမ်းကြိုက်.. ထမင်းမစားချင်ရင် May May, KFC please ဆိုပြီး ၀ယ်ကျွေးချင်လာအောင် ပြောတတ်တယ်..

စနေနေ့ကျရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့ Toa Payoh Park ကိုသွားရမယ်.. ကျွန်မတို့ရုံးက လူဝကြီးများကို ၀ိတ်ချတဲ့သင်တန်း တက်ခိုင်းထားတယ်လေ.. စလုံးအစိုးရက လုပ်တဲ့ Lose to Win Programme ပေါ့.. တပတ်ကို၂ကြိမ် Army Bootcamp ဆိုတဲ့ လေ့ကျင့်ခန်းတွေသွားလုပ်.. Nutrition Workshop တွေသွားတက်.. Supermarket Tour ဆိုပြီး ဈေးဝယ်ထွက်.. Cooking Class လဲတက်ရသေးတယ်.. ပျော်စရာကြီးပါ.. မိတ်ဆွေတွေလဲတိုးတာပေါ့.. လေ့ကျင့်ခန်းကတော့ တော်တော်ပင်ပန်းတယ်.. အိမ်ပြန်ရောက်ရင် ပန်လန်လက်လို့ ပက်လက်လန်နေရော.. လုပ်သင့်ပါတယ်လေ.. ကျွန်မတော်တော်ဝနေပြီ..

တနင်္ဂနွေနေ့မနက်ကျရင် Vivo City မှာလုပ်မယ့် National Healthy Lifestyle Campaign ကိုသွားရမယ်.. ချစ်ဖို့ကောင်းတဲ့ဂျာကြီးက သူမသွားချင်လို့ ကျွန်မကို တွန်းလွှတ်လိုက်တာလေ.. သားသားကိုပါ ခေါ်သွားလိုက်မယ်.. ပြီးရင် Sentosa ဆက်သွားရင်ကောင်းမလား စဉ်းစားနေပါတယ်.. ပြီးခဲ့တဲ့အောက်တိုဘာလက ရုံးကလူတွေနဲ့ Nature Walk လမ်းသွားလျှောက်ကြတော့ စိတ်ဝင်စားစရာ လည်စရာပတ်စရာတွေ အများကြီးတွေ့ခဲ့တယ်.. သားသားလဲမရောက်ဖူးသေးဘူးဆိုတော့ သွားဖြစ်မယ်ထင်ရဲ့..

Long Weekends လို့ပြောကြတဲ့ ပိတ်ရက်လေးမှာ လုပ်ချင်တာလေးတွေပါ.. Everybody, have a nice weekends! :)

Wednesday, October 27, 2010

ပေါက်ကရအတွေး ပေါက်ကရအရေး

မိနီကလေးဘယ်ကလာတဲ့.. မိနီကိုမေးတဲ့သူကရော ဘယ်ကလာတာမို့လဲ.. ကိုယ်တိုင်တောင် ဘယ်ကလာမှန်းမသိ ဘယ်ကိုသွားရမယ်မှန်းမသိဘဲနဲ့ ဘယ်သူ့ကိုမှ မေးမနေချင်တော့ပါဘူးလေ..

ဘာမှန်းမသိဘဲ စက္ကူနဲ့ ကပ်ကပ်လိုက်ရတဲ့ မုန့်လုံးတွေကလဲ နည်းမှမနည်းပဲကိုး.. အဲဒီမုန့်လုံးတွေကို ကြာကလပ်နဲ့ဆွမ်းတော်တင်လိုက်တာ ပလ’င်ပေါ်ကမျောက်ကလေးက ဆင်းပြေးသတဲ့လေ.. ပလ’င်ပေါ်ကမျောက်ကြီးတွေဆင်းပြေးဖို့ရော ဘာကိုဆွမ်းတော်ကပ်ရင် ကောင်းမတဲ့လဲ..

တုံးအောက်ကဖား.. ပြားတာဘာဆန်းလဲ.. အဲ ဖောင်းတာကတော့ နည်းနည်းဆန်းမယ်.. တုံးအောက်ရောက်လို့ အဖိခံနေရတာတောင် ဖောင်းနိုင်တုန်းဆိုတော့ ဖားပါဝါတော်တော်ကြီးလို့ပေါ့..

စာကလေးအမွှေးနှုတ်တာကတော့ အနိုင်ကျင့်ခြင်းသက်သက်ပဲ.. စာကလေးက ဘာပြန်လုပ်နိုင်တာမှတ်လို့.. –င်ခေါင်းနှိုက်ဖို့ ဆင်ရွေးရင်တော့ သတိထားမှဖြစ်မယ်.. အခန့်မသင့်ရင် ခရုသင်းတွေဘာတွေ ကူးနိုင်တာကိုး..

ဝမရှိရင် ၀ိမလုပ်ချင်စမ်းပါနဲ့.. လူစကားလေးပြောတတ်ရုံနဲ့ ညီထွေးကိုလိုက်ပြိုင်ချင်တဲ့ ကြက်တူရွေး.. ၀လုံးရေးပြလိုက်မှပဲ အေးတော့တယ်.. မှတ်ထား.. အဲ.. ဒါပေမယ့် ကွမ်းကလပ်ကိုချီတဲ့ အာခေါင်နီကိုကြက်တောကတော့ အဘကိုတောင်မကြောက်ဘူး.. ဆေးတံနဲ့တောင် ခေါက်လိုက်ဦးမယ်တဲ့.. သေနတ်စာ မိအုန်းတော့မယ်..

ကြောင်ပါးကြီးမို့ မြီးတံတိုတာလား.. မြီးတံတိုလို့ ကြောင်ပါးလို့ခေါ်ကြတာလား.. ဘာပဲဖြစ်ဖြစ် သွားတော့မစမ်းနဲ့နော်.. အဆီကိုစား အသားကိုမြိုမှာတဲ့.. သိပ်ကြောက်သွားလားကြွက်ကလေး.. မကြောက်ပါနဲ့ကွယ်.. ကြောင်ပါးကြီးဗေဒင်က စံဇာဏီဘိုတွက်သလောက် မှန်မယ်မထင်ပါဘူး..

ဝါဆိုဝါခေါင် ရေကြီးကြီးမှာ သပြေသီးမှည့်ကောက်တာပဲ အေးပါတယ်.. ခရာချုံထဲက ချိုမပါတဲ့မျှော့လောက်တော့ တို့ကအပျော့ပဲ.. အဲ သူ့ထက်အကောင်ကြီး အမြီးရှည်ရင်တော့ နည်းနည်းကြောက်တယ်ကွယ်..

အင်း.. ဒီမိုး ဒီရေ ဒီလေနဲ့တော့ နောက်ဆုံးကျရင် ဒီအဖြေပဲ ထွက်လာဦးမှာပါပဲ...

မြူးမြူး
၂၇.၁၀.၂၀၁၀

(ဘာရယ်မဟုတ် လျှောက်တွေးမိသမျှလေး..)

Wednesday, October 13, 2010

တွေး

အချိန်တွေကုန်သွားတာ သိပ်မြန်တယ်.. ဘာမှမကြာလိုက်သေးဘူးလို့ ထင်နေဆဲမှာတင် ရက်ကိုလစား လကိုနှစ်စားလို့ အချိန်တွေတရွေ့ရွေ့ ကုန်သွားလိုက်တာ.. လောကကြီးထဲကို လူ အသစ်တွေက တဖွဲဖွဲဝင်လာနေဆဲမှာပဲ.. လူဟောင်းတွေကလဲ တဖြုတ်ဖြုတ်ကြွေနေဆဲပေါ့..

နောင်တဆိုတဲ့စကားကို ခွဲခြမ်းစိတ်ဖြာနေမိတယ်.. လုပ်သင့်လုပ်ထိုက်တာကို မလုပ်လိုက်မိလို့ ရတဲ့နောင်တရယ်.. မလုပ်သင့်မလုပ်ထိုက်တာကို လုပ်လိုက်မိလို့ ရတဲ့နောင်တရယ်.. ဘယ်နောင်တက ပိုနာကျင်စေမလဲလို့လဲ တွေးနေမိတယ်.. အဖြေမရပါဘူး.. အဖြေရှိမှာမှ မဟုတ်ဘဲ.. နောင်တပါဆိုမှ အတူတူပဲရှိမှာပေါ့..

စက်ရုပ်လို ရုန်းကန်လှုပ်ရှားနေရတဲ့ ဘ၀ကို ငြီးငွေ့လာတယ်.. သားအတွက်ဆိုတဲ့ မျှော်လင့်ချက်လေးသာမရှိရင် ခုလောက်ဆို မြန်မာပြည်ပြန်ရောက်နေလောက်ပြီ.. ရတဲ့အလုပ်လေးလုပ် ရသလောက်လေးနဲ့လောက်အောင်သုံးပြီး အေးချမ်းနေမလားပဲ.. သားဇောကပ်နေတဲ့ လောဘတွေကြောင့် ခုထက်ထိတော့ စက်ရုပ်တကောင်လို လှုပ်ရှားနေရဆဲပေါ့..

မနာလိုစိတ်သိပ်များတဲ့ လူတွေနဲ့ပါတ်သတ်ရတဲ့အခါ လူသတ်ချင်စိတ်ကို မနည်းထိန်းနေရတယ်.. ကိုယ်နဲ့မဆိုင်ဘဲ ၀င်ဝင်ရှုပ်တတ်တဲ့လူတွေကြောင့် စိတ်ဆိုးရ ဒေါသတွေဖြစ်ရတာလဲ ခဏခဏ.. စိတ်ထဲမှာ အကျယ်ကြီးအော်ဟစ်နေမိတာက “Please Leave Me Alone!!!"

ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတာ စိတ်ကျရောဂါတမျိုးပဲတဲ့.. ကိုယ်ချစ်တဲ့သူကို စိတ်တိုင်းမကျတာကရော ဘာရောဂါများဖြစ်မလဲ.. ကုလို့ရော ရရဲ့လား.. စိတ်ထဲမှာတော့ အကြိမ်ကြိမ်တောင်းဆိုမိတယ်.. “ငါ့ကို ဒီထက်နည်းနည်းလေးပိုပြီး ဂရုစိုက်ပေးပါ” လို့.. ကိုယ်မချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုတွေ စွက်ဖက်မှုတွေကို မလိုချင်ပေမယ့် ကိုယ်ချစ်တဲ့သူတွေရဲ့ ယုယမှုလေးတွေကိုတော့ လိုချင်တတ်တာ သဘာဝပါ..

အတိတ်တွေကိုပြန်တွေးတိုင်း..
တခါကမှော်ဘီနေ့ရက်တွေရယ်...
အလင်းတုတွေကြားက Esplanade ညများရယ်..
မှီနွဲ့ဖူးခဲ့တဲ့ ပခုံးတဖက်ရယ်.. သိပ်လွမ်းနေမိတယ်ကွယ်..

Thursday, October 7, 2010

ခွေးနဲ့ကြောင်ပြဿနာ

စလုံးမှာအလုပ်လုပ်ရတာ တကယ်တော့သိပ်မလွယ်လှ.. ကျွန်မလို သင်္ဘောကျင်းမှာလုပ်ရတာဆို ပိုဆိုးတာပေါ့.. နိုင်ငံပေါင်းစုံက အလုပ်သမားတွေ.. အင်ဂျင်နီယာတွေ.. မန်နေဂျာတွေ.. စုံလို့ပဲ.. လူမျိုးစုံ စရိုက်စုံဆိုတော့ ပြဿနာကလဲ ပေါင်းစုံပေါ့လေ.. ကျွန်မက HR မှာလုပ်ရတာဆိုတော့ ဖြစ်သမျှပြဿနာကို ကိုင်တွယ်နိုင်တဲ့သူမရှိတော့ရင် ကျွန်မတို့ဆီတွန်းလွှတ်တော့တာကိုး.. အလုပ်ချိန်မှာ ခိုးအိပ်နေတာမိသွားတာကအစ မဖွယ်မရာဗွီဒီယိုတွေ ကြည့်နေတာ ဖမ်းမိတဲ့ကိစ္စအဆုံး ကျွန်မတို့ပဲ ဖြေရှင်းရပါတယ်.. ခုတလောတော့ ခွေးနဲ့ကြောင်ပြဿနာ တက်နေလေရဲ့.. ကျွန်မတို့ သင်္ဘောကျင်းထဲ ခွေးလေခွေးလွင့် ကြောင်လေကြောင်လွင့်တွေ ရောက်ရှိသောင်းကျန်းနေပါသတဲ့.. ကျွန်မမန်နေဂျာက အဲဒီကိစ္စ နင်ရှင်းလိုက်ဆိုလို့ ဂူဂယ်လ်ကြီးကိုအကူအညီတောင်းလို့ စလုံးကခွေးဖမ်းတဲ့အဖွဲ့ကို ရှာဖွေခေါ်ယူရပါတော့တယ်..

ကျွန်မက စပ်စပ်စုစုနဲ့ အဲဒီအဖွဲ့ကိုမေးမိတယ်.. ဖမ်းမိတဲ့ခွေးတွေ ကြောင်တွေကို ဘာလုပ်တာလဲလို့.. သူတို့က သတ်ပစ်တာတဲ့.. စိတ်မကောင်းလိုက်တာလေ.. မတတ်နိုင်ဘူး ကိုယ်ကခေါ်ပြီးနေပြီ.. နောက်တနေ့ကျတော့ သူတို့ရောက်လာကြတယ်.. သတ္တ၀ါတွေက သူတို့ဘေးတွေ့တော့မယ်ဆိုတာ ကြိုသိနေပုံရတယ်.. ဟိုအဖွဲ့တွေ ခွေးတကောင်ကြောင်တမြီးမှမမိဘဲ ပြန်သွားရတယ်လေ.. ကျွန်မကတော့ပျော်သည်ပေါ့.. ကိုယ့်ပယောဂကြောင့် ခွေးတွေကြောင်တွေ သေမယ့်အရေးက ဝေးပြီကိုး.. မန်နေဂျာကို သတင်းပို့ရင်း တခါတည်းပြောထားလိုက်တယ်.. ငါ့ကို နောက်တခါဒါမျိုးမခိုင်းပါနဲ့လို့.. ငါတို့ဘာသာရေးအရ မလုပ်ကောင်းတဲ့ အလုပ်မို့လို့ပါလို့လေ..

တနေ့ကတော့ ခွေးတွေကြောင်တွေ ပိုများလာလို့ဆိုပြီး ကွန်ပလိန်းထပ်ရောက်လာပါတယ်.. သဌေးလဲ ခေါင်းစားရတော့တာပေါ့.. နောက်တော့ ဘယ်ဥာဏ်ကြီးရှင်က အကြံပေးလိုက်တယ်မသိဘူး.. ခွေးတကောင် ကြောင်တကောင်ဖမ်းမိရင် ဆုငွေ ၅၀ပေးမယ်ဆိုပြီး နို့တစ်ထွက်လာပါတော့တယ်.. ကျင်းထဲက မ တစ်ရာသား အလုပ်သမားတွေဆိုတာလေ ဟိုချောင်း ဒီချောင်းနဲ့ ဖမ်းဖို့ချည်းချောင်းနေကြတော့တာ.. အလုပ်တောင် ဖြောင့်အောင်လုပ်နိုင်ကြသေးရဲ့လားမသိ.. ကျွန်မက နို့တစ်မထုတ်ခင်ပြောသေးတယ်.. ခွေးဖမ်းတဲ့သူတွေ ခွေးကိုက်ခံရရင် ပြဿနာတက်နေမယ်လို့.. ကျွန်မမန်နေဂျာက နေပါစေ.. သဌေးကထုတ်ခိုင်းတာဆိုလို့ ကြည့်နေလိုက်တယ်.. နေ့တောင်မကူးသေး ကြောင်ကုတ်ခံရလို့တဲ့ အလုပ်သမားတယောက် ရုံးကိုလာပြောတယ်.. အဲဒီတော့မှ ပြူးတူးပြာတာနဲ့ ဘာလုပ်ရင်ကောင်းမလဲတဲ့.. ကျွန်မကတော့ မကြားချင်ယောင်ဘဲဆောင်နေလိုက်တော့တယ်.. ခုထက်ထိတော့ ခွေးတစ်ကောင်မှမိတယ်လို့ မကြားမိသေးပါဘူး.. ကြောင်တော့ ၂ကောင်မိတယ်ကြားတယ်.. သနားစရာပါ.. သက်ဆိုင်ရာကိုအပ်ရင် သတ်ပစ်ကြမှာမဟုတ်လား..

ညနေရုံးဆင်းတော့ ရုံးကားပေါ်မှာ အဲဒီအကြောင်းပွားကြရင်း ကိုတင်မင်းထက်ကပြောပြတယ်.. သူအရင်လုပ်တဲ့ စူဇူကီးမှာ ဂျပန်ဘော့စ်လုပ်သလိုလုပ်ပါလားတဲ့.. ဘာလုပ်တာလဲဆိုတော့ "ခွေးလေခွေးလွင့်များ လုံး၀၀င်ခွင့်မပြု" ရယ်လို့ စာထုတ်တာပါတဲ့လေ.. ခွေးကို စာဖတ်တတ်တယ်လို့များ ထင်နေတာလား.. ဖတ်မိတဲ့လူတွေကိုပဲ ခွေးနားလည်အောင် ရှင်းပြစေချင်တာလားတော့ မပြောတတ်.. မြန်မာပြည်မှာနော်.. စာထုတ်တာမှ မြန်မာလိုတောင်မဟုတ်ဘူး.. အင်္ဂလိပ်လို ခန့်ခန့်ညားညားကြီးကို ထုတ်တာတဲ့လေ..

ပြောကြရင်း ကျွန်မဖေဖေပြောပြဖူးတာလေး သတိရလို့ ပြောပြီး ရယ်ကြရသေးတယ်.. ဖေဖေပုလဲနဲ့ငါးမှာလုပ်နေတုန်း ရခိုင်ဘက်မှာ တာဝန်ကျနေတုန်းက အကြောင်းလေးပေါ့.. ရွာထဲမှာလမ်းလျှောက်သွားလို့ ခွေးတကောင်ကောင်အနားကပ်လာရင် "ဟဲ့ခွေး"လို့ အော်ပြီးမောင်းလို့ကတော့ ခွေးက ဂရုတောင်မစိုက်ဘူးတဲ့.. "ဟဲ့ခွီး"ဆိုပြီး ရခိုင်သံနဲ့အော်မှ ဒင်းကပြေးတော့တယ်ဆိုတာကိုး.. ထူးဆန်းပါပေ့ ကိုကိုခွေးရယ်..း)

Monday, September 27, 2010

မောင်မိုးလေးရဲ့နှုတ်ခွန်းဆက်







မေမေရေးတဲ့စာတွေကို လာဖတ်ပေးကြတဲ့ ဦးဦးတီတီ ကိုကိုမမတွေကို မောင်မိုးလေးကကျေးဇူးပါ.. မေမေက သားသားကို ဘလော့ပေါ်ပေးမတက်တာကြာလို့ သားသားကိုယ်တိုင် ဇွတ်အတင်းတက်လာရတယ်.. မေမေရိုက်ထားတဲ့ သားသားပုံလေးတွေကျတော့ မေမေကဘလော့ပေါ်တင်တယ်.. သားသားရိုက်ပေးထားတဲ့ မေမေ့ပုံတွေကျတော့ သူကမတင်ဘူးလေ.. သားသားက လှလှလေးရိုက်ပေးထားတာပါ.. မျက်လုံးဆိုလဲ တဖက်ပဲကွက်ရိုက်တတ်တယ်.. မေမေပြောင်ပြနေတာကို ရိုက်ထားတဲ့ပုံလေးများဆို တော်တော်လှတာပေါ့.. ဖေဖေကတော့ ကြည့်မိလို့ လန့်သွားတယ်ပြောတာပဲ.. သားသားကကြီးလာရင် ဦးဦးဘိုလို အုန်းသီးကြီးကြီးနဲ့ ရိုက်ဦးမှာ.. သားသားရိုက်တဲ့ပုံလေးတွေ နောက်မှ မေမေ့ကို တင်ခိုင်းရဦးမယ်.. အဲဒီအခါလဲ လာအားပေးကြဦးနော်.. သားသားက အားလုံးကို ချစ်ချစ်ပါ.. များကြီးချစ်ပါတယ်.. ဗိုက်ဗိုက်ထဲက ချစ်တာပါနော်.. :)

Monday, September 20, 2010

နှစ်ယောက်တစ်ဘ၀ တည်ဆောက်ကြမယ့်သူတွေအတွက်

စင်္ကာပူမှာ လက်မှတ်ရေးထိုးလက်ထပ်ပွဲ ဆင်နွဲကြမယ့်သူတွေအတွက် လမ်းညွှန်သဘောလေး ရေးမယ်လို့ စဉ်းစားထားတာကြာပါပြီ.. ကျွန်မအလှည့်တုန်းကတော့ စမ်းတ၀ါးဝါးနဲ့ပဲ လုပ်ရင်းလုပ်ရင်း အဆင်ပြေသွားပါတယ်.. ဘလော့ကိုလာဖတ်ကြတဲ့ ညီအစ်ကို မောင်နှမတွေထဲက လိုအပ်တဲ့သူများရှိရင် အသုံးဝင်အောင် သိသမျှလေး မျှဝေပေးချင်တာပါ.. တကယ်အကူအညီလိုအပ်လာရင်လဲ ကိုယ်တိုင်ကိုယ်ကျ ကူညီချင်ပါတယ်.. အားမနာတမ်းသာ အကူအညီတောင်းလိုက်ပါ.. ၀မ်းမြောက်ဝမ်းသာ ကူညီပါ့မယ်..

ပထမဦးဆုံးလုပ်ရမှာကတော့ ရက်ရွေးဖို့ပါပဲ.. နှစ်ဦးနှစ်ဖက် သဘောတူစိတ်တိုင်းကျတဲ့ နေ့ကောင်းရက်သာလေး ရွေးပြီးပြီဆိုရင် ဘယ်မှာလက်မှတ်ထိုးမှာလဲဆိုတာလေး စဉ်းစားရပါမယ်.. ရုံးမှာပဲသွားလက်မှတ်ထိုးလိုက်မလား အပြင်မှာလုပ်မလားပေါ့.. အပြင်မှာလုပ်မယ်ဆိုရင် နေရာအတိအကျ ရွေးရပါမယ်.. ရုံးမှာ လက်မှတ်ထိုးတာက စရိတ်စကရော အလုပ်ရှုပ်ပါ သက်သာပါတယ်.. ဒါပေမယ့် မိတ်ဆွေသူငယ်ချင်းတွေ ခေါ်ချင်တိုင်းခေါ်သွားလို့မရဘူး.. လက်မှတ်ထိုးဖို့ သတ်မှတ်ထားတဲ့အချိန်ကလဲ ၅မိနစ်လောက်ပဲဆိုတော့ ဓါတ်ပုံတွေဘာတွေလဲ သိပ်ရိုက်လို့မရဘူးပေါ့.. နောက်တခုက ကိုယ်လိုချင်တဲ့ရက် ကိုယ်လိုချင်တဲ့အချိန် ရဖို့လဲ ခက်ပါတယ်.. အားတဲ့နေ့ အားတဲ့အချိန်ကိုယူရတာပေါ့.. အပြင်မှာလုပ်မယ်ဆိုရင်တော့ ကိုယ်ကြိုက်တဲ့နေ့ ကိုယ်ကြိုက်တဲ့အချိန် ကိုယ်ကြိုက်တဲ့နေရာမှာ ဖိတ်ချင်သလောက်လူတွေဖိတ်ပြီး စိတ်ကြိုက်ဓါတ်ပုံတွေရိုက်လို့ရပါတယ်.. ကျွန်မတို့တုန်းကလဲ အပြင်မှာပဲ လက်မှတ်ထိုးတာဆိုတော့ အပြင်မှာလုပ်မယ့်ပွဲအတွက်လေးပဲ အသေးစိတ်ရေးလိုက်တော့မယ်နော်..

နေရာလဲရွေးပြီးပြီဆိုရင်တော့ ROM Website မှာ Filing လုပ်လို့ရပါပြီ.. ကိုယ်လက်မှတ်ထိုးမယ့်ရက်က filing လုပ်တဲ့ရက်နဲ့ အနည်းဆုံး ၂၁ရက်ကနေ အများဆုံး ၃လအတွင်းဖြစ်ရပါမယ်.. www.rom.gov.sg ကိုသွားပြီး online filing လုပ်ရတာပါ.. သတို့သားသတို့သမီးရယ် အသိသက်သေ၂ယောက်ရယ်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ လိုပါတယ်.. အသိသက်သေက အသက်၂၁နှစ်အထက် ဘယ်သူမဆို လုပ်လို့ရပါတယ်.. အပြင်မှာလက်မှတ်ထိုးမယ့်သူတွေအတွက်က ဆိုလမ်နိုက်ဇာ (Solemniser) တစ်ယောက်ကို ဖိတ်ဖို့လိုပါမယ်.. Filing လုပ်တဲ့အခါ ကိုယ်ဖိတ်တဲ့ Solemniser ရဲ့ လိုင်စင်နံပါတ်လဲ ဖြည့်ဖို့လိုပါမယ်.. Solemniser တွေဆိုတာက ရပ်ကွက်လူကြီးသဘောမျိုးပါပဲ.. လခစားတွေမဟုတ်ကြပဲ ဗော်လန်တီယာလုပ်ကြတာဆိုတော့ သတို့သားသတို့သမီးကိုယ်တိုင် လေးလေးစားစား ဖိတ်သင့်ပါတယ်.. ကိုယ်ရွေးထားတဲ့ရက်နဲ့ သူနဲ့အဆင်ပြေပြီဆိုရင် Solemniser Consent Form လေးမှာ လက်မှတ်ထိုးခိုင်းပြီး ယူထားရပါမယ်.. ငွေသွင်းဖို့အတွက် Credit Card လဲရှိဖို့လိုပါတယ်.. ပေးရမယ့်နှုန်းတွေကတော့ အောက်ကဇယားလေးအတိုင်းပါပဲ..



ဖိုင်းလင်းလုပ်ပြီးတဲ့အခါ Noticeကို ပရင့်ထုတ်ပြီး ယူထားရပါမယ်.. ရက်ချိန်းတခုပေးပါလိမ့်မယ်.. အဲဒီနေ့ကျရင် သတို့သားသတို့သမီး ၂ယောက်လုံးရုံးကိုသွားရပါမယ်.. ၂ယောက်လုံးရဲ့ ပါတ်စ်ပို့မူရင်းတွေရယ်.. အိုင်စီမူရင်းတွေရယ်.. အသိသက်သေ၂ယောက်ရဲ့ ပါတ်စ်ပို့မိတ္တူတွေရယ်.. ပရင့်ထုတ်ထားတဲ့Notice ရယ်.. Solemniser လက်မှတ်ထိုးတားတဲ့ Consent Form ရယ် ယူသွားရပါမယ်.. အဲဒီနေ့ကျရင် ရုံးက လက်ထပ်စာချုပ်၂စောင်ထုတ်ပေးလိုက်ပါလိမ့်မယ်.. ကာလာနဲ့ကတစောင် အဖြူအမဲက တစောင်ပါ.. စာအိတ်တအိတ်လဲပေးလိုက်ပါလိမ့်မယ်..

လက်မှတ်ထိုးတဲ့နေ့ကျရင် သတို့သားသတို့သမီးနဲ့ အသိသက်သေတွေအားလုံး ပါတ်စ်ပို့မူရင်း အိုင်စီမူရင်းတွေ ယူသွားရပါမယ်.. ဆိုလမ်နိုက်ဇာက စစ်ဆေးပြီးတော့မှ သူတိုင်ပေးတဲ့အတိုင်းလိုက်ဆို လက်စွပ်လဲမယ်ဆိုလဲ ပြီးတော့ လက်မှတ်ထိုးရပါမယ်.. အဖြူအမဲစာရွက်မှာ လက်မှတ်ထိုးရတာပါ.. ကာလာစာရွက်မှာတော့ ဆိုလမ်နိုက်ဇာတစ်ယောက်တည်းပဲ လက်မှတ်ထိုးရပါတယ်.. ပြီးတဲ့အခါ ကာလာနဲ့စာချုပ်လေးကို ဆိုလမ်နိုက်ဇာက လွှဲပေးပါလိမ်မယ်.. လက်မှတ်ထိုးထားတဲ့စာချုပ်ကိုတော့ သူကပဲရုံးကိုပို့ပေးပါလိမ့်မယ်.. သူ့ကို ၅၀ဖြစ်ဖြစ် ၁၀၀ဖြစ်ဖြစ် စာအိတ်လေးနဲ့ထည့်ပြီး ပေးလိုက်ဖို့မမေ့ပါနဲ့.. သူ့ကိုယ်ပိုင်အချိန်တွေထဲက ကိုယ့်အတွက်လုပ်ပေးရတာမို့ ကျေးဇူးတင်သင့်ပါတယ်.. ပြီးရင်တော့ ကိုယ်လုပ်ချင်တဲ့ ပါတီပွဲကို ဆက်ချင်လဲဆက်.. စားသောက်ဆိုင်ကိုပဲ သွားချင်လဲသွား ကြိုက်ရာပေါ့..

တကယ်လို့ လက်မှတ်ထိုးတာကို အကုန်အကျလဲမများချင်ဘူး.. လူသိပ်များများလဲ မဖိတ်ချင်ဘူးဆိုရင် ရပ်ကွက်ထဲက ကွန်မြူနတီစင်တာတွေမှာ လုပ်လို့ရပါတယ်.. ဆိုလမ်နိုက်ဇာကလဲ ရုံးမှာအဆင်သင့်ရှိတတ်ပါတယ်.. လက်မှတ်ထိုးပွဲအတွက် စားပွဲလှလှလေးပြင်ဆင်ပေးပါလိမ့်မယ်.. လူ ၃၀စာအတွက် ဆိုဖာထိုင်ခုံလေးတွေ ခင်းထားပေးပါလိမ့်မယ်.. အခန်းငှားခက တနာရီကို ၅၀ ၀န်းကျင်လောက်ပေးရပါတယ်.. လဖက်ရည်ကော်ဖီ စီစဉ်ပေးပါတယ်.. ၁ခွက်ကို ၁ကျပ်နှုန်းနဲ့ပေါ့.. မဆိုးဘူးလို့ပြောရမယ်.. နောက်မှ မင်္ဂလာဆွမ်းကျွေးလေးလုပ်ချင်လဲ လုပ်လို့ရတာပေါ့..

ဟိုတယ်မှာလုပ်ချင်သူတွေအတွက်တော့ နေ့လည်စာ ညစာနဲ့ ဟိုင်းတီးဆိုပြီး သုံးမျိုးရွေးစရာရှိပါတယ်.. သိပ်အကုန်အကျမများချင်ရင်တော့ ဘူဖေးဟိုင်းတီးကိုရွေးပေါ့.. စားစရာအမျိုး၂၀နီးပါးဆိုတော့ တော်တော်လေးအဆင်ပြေပါတယ်.. လူနဲ့တွက်ပြီးယူတာပါ.. အနည်းဆုံးတော့ လူ၃၀စာဖြစ်ရမှာပေါ့.. ၁ယောက်စာကို ၄၀ကျော်လောက်ကျပါမယ်.. ကြယ်လေးပွင့်အဆင့် ဟိုတယ်တွေက ဈေးနှုန်းပါ.. ကျွန်မတို့တုန်းကတော့ ဖူရာမာဟိုတယ်မှာ လုပ်ဖြစ်ပါတယ်.. အစားအသောက် တော်တော်ကောင်းတဲ့ဟိုတယ်ပါ.. အဲဒီတုန်းက တယောက်စာကို ၃၀ပဲပေးရပါတယ်.. လက်ဆောင်ကမ်းဖို့ အရုပ်လှလှလေးတွေလဲ ပေးပါသေးတယ်.. စားသောက်ဆိုင်တွေမှာလုပ်ရင်တော့ စားပွဲအရေအတွက်နဲ့ ပိုက်ဆံယူပါတယ်.. တစားပွဲ (၁၀ယောက်စာ) ကို ၄၅၀ကနေ ၇၀၀ အတွင်း ဈေးအမျိုးမျိုးရှိပါတယ်..

ဖိတ်စာအတွက်ကတော့ ကိုယ်ကြိုက်တဲ့ပုံစံလေးရွေးပြီး မှာလို့ရပါတယ်.. ပြား၈၀တန်လောက်ကနေ ၄ကျပ်တန်လောက်အထိ အမျိုးမျိုးပါပဲ.. ရွေးပြီးပြီဆိုရင် စာသားကိုကြိုက်တာရေးပြီး မိုလ်လုပ်ခ ၅၀ထပ်ပေးရပါတယ်.. အနည်းဆုံး တလလောက်ကြိုမှာရင် ပိုကောင်းပါတယ်.. ဝေဖို့လဲ အချိန်ပေးရဦးမှာကိုး.. စလုံးတွေက စောစောကြီုပြီးဝေမှ သဘောကျပါတယ်..

ကဲ.. ပိုပြီးအသေးစိတ်သိချင်သေးရင်တော့ myuemyue@gmail.com ကို မေးလ်ပို့ပြီး အားမနာတမ်းသာမေးလိုက်ပါ.. ကူညီချင်လွန်းလို့...

Wednesday, September 15, 2010

တို့ငယ်ငယ်တုန်းက

တနေ့က ဂီတတံခါးလေးဖွင့်ပေးပါ ဆိုတဲ့ အစီအစဉ်လေးမှာ ကလေးလေးတွေ သီချင်းဆိုကြတာတွေ့တော့ ကျွန်မတို့မောင်နှမတွေရဲ့ငယ်ဘ၀လေးကို သတိရသွားမိတယ်.. ဖေဖေရော မေမေရောက သီချင်းတွေကြိုက်တော့ ကျွန်မတို့မောင်နှမတွေလဲ ဂီတနဲ့စိမ်းမနေဘူးပေါ့.. ဖေဖေဂစ်တာတီးပြီး သီချင်းဆိုရင် ဖေဖေ့နားမှာ ၀ိုင်းထိုင်ပြီး ရတဲ့သီချင်းဆိုလိုက်ဆိုကြ မရတဲ့သီချင်းဆိုလဲ လက်ခုပ်လေးနဲ့ စည်းချက်လိုက်ကြနဲ့ပေါ့.. ဖေဖေက အင်္ဂလိပ်သီချင်းတွေဆိုတာများတယ်.. ကျွန်မသုံးတန်းကျောင်းသူအရွယ်လောက်မှာ ဖေဖေက ၁၄လက်မ အဖြူအမဲ တီဗီလေးတစ်လုံး ၀ယ်လာပါတယ်.. အဲဒီတုန်းက ကျွန်မတို့နေတဲ့ ဒဂုံမြို့သစ်မှာ မီးမရသေးဘူး.. ဘတ္ထရီနဲ့ ဖွင့်ရတာပေါ့.. တီဗီကလာတဲ့သီချင်းတွေကြည့်ပြီး မောင်နှမတွေ အရူးထကြတာလေးမှတ်မိသေးတယ်.. စိုင်းထီးဆိုင်ရယ်.. မီမီဝင်းဖေရယ်.. နန်းနောင့်နောင့်ရယ်.. နောက်အမျိုးသားအဆိုတော်တစ်ယောက်ရယ် ဆိုထားတဲ့ ပေါ်လစီသီချင်းလေးတစ်ပုဒ်ကို နေ့တိုင်းလွှင့်တာလေ.. သီချင်းနာမည်က အလင်းစကားထင်တာပဲ.. ကျွန်မက မီမီဝင်းဖေနေရာကဆို ညီမလေးက နန်းနောင့်နောင့်လုပ် မောင်လေးက ယောက်ျားလေး၂နေရာကဆိုနဲ့ စတိတ်ရှိုးလိုဆိုကြတာ.. မီမီဝင်းဖေလို ဆံပင်ရှည်အောင် မျက်နှာသုတ်ပုဝါကြီးကို ခေါင်းမှာကလစ်နဲ့ညှပ်ရသေးတယ်.. မောင်လေးကလဲ ၂ယောက်စာဆိုရတော့ ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်နဲ့ပေါ့.. မိုက်ကရိုဖုန်းကတော့ သနပ်ခါးတုံးအဟောင်းတွေလေ.. မမိုက်ဘူးလား..

ကျွန်မပထမဆုံး စာသားအလွတ်ရပြီး ဆိုတတ်သွားတဲ့သီချင်းက တိမ်လွှာမို့မို့လွင် သီချင်းလေ.. ရေဒီယိုကလာနေတာ ကြားဖူးနေပေမယ့် စာသားကိုအလွတ်မရဘူး.. နေကြာစေ့တံဆိပ်လေးရဲ့နောက်ကျောမှာ စာသားလေးပါလာတော့မှ အလွတ်ကျက်ရတာ.. မရ ရအောင်ကိုကျက်တာနော်.. ၀ါသနာက မသေးဘူး.. ကတ်ဆက်သေးသေးလေး ဖေဖေ၀ယ်လာတုန်းကဆို မောင်နှမတွေပျော်လိုက်တဲ့ဖြစ်ခြင်း.. ဖေဖေက အင်္ဂလိပ်သီချင်းတွေဖွင့် မေမေက အနိုင်တို့ ချိုပြုံးတို့ မာမာအေးတို့ဖွင့်.. နောက်ပိုင်းကျတော့ မေဆွိတို့ မေခလာတို့ပေါ့.. ညီမလေးဆိုရင် မေခလာသီချင်းတွေ အကုန်အလွတ်ရနေရော.. စာသားတော့မမှန်ဘူး သူကြားတာဆိုတာပဲ.. ၁၆နှစ်မကိုဆိုတာများ ၁၆လက်မ ၁၆လက်မတဲ့.. စိုးစိတ်တွေဟိုက၀င်လာဒီက၀င်လာ ဆိုတာကိုကျတော့ ပုရွက်ဆိတ်တွေဟိုက၀င်လာဒီက၀င်လာ တဲ့လေ.. မောင်လေးက ပထမတော့စိုင်းထီးဆိုင်ကြိုက်တယ် မေမြို့မိုးတို့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်တို့ အကုန်အလွတ်ရတာနော်.. ၄နှစ်သားလောက်ရောက်တော့ ဇော်ဝင်းထွဋ်ကိုကြိုက်တယ်.. ထွက်သမျှအခွေဝယ်ပေးရတယ်.. သီချင်းတွေလဲ အကုန်အလွတ်ရတာပဲ.. ကျွန်မကတော့ ဖွင့်သမျှနားထောင်တာပဲ ကြိုက်တာပဲ.. အဆိုတော်တယောက်ကို စွဲစွဲမြဲမြဲ ကြိုက်တတ်လာတာ ၈တန်းရောက်တော့မှပေါ့.. စည်သူလွင်ကိုကြိုက်တာလေ.. ညအပြင်းစားဆိုတဲ့ အခွေထွက်ခါစပေါ့.. တနေကုန်ဖွင့်တာပဲ.. အိမ်ကလူတွေကို နားငြီးရော.. ဖေဖေ၀ယ်ပေးတဲ့ အမ်ပလီဖိုင်ယာတွေ စပီကာကြီးတွေနဲ့ဖွင့်တာဆိုတော့ တအုန်းအုန်းပေါ့.. စည်သူလွင်ပုံတွေ ပိုစတာတွေဝယ်ရတာလဲ အမော.. နောက် မျိုးကြီးအခွေထွက်လာတော့ သူ့ကိုပိုကြိုက်သွားတယ်.. လေးဖြူတို့ အငဲတို့ကတော့ အစကတည်းက နားထောင်နေကျလေ..

ကာရာအိုကေတွေ ခောတ်စားလာတော့ အိမ်မှာမ၀ယ်ရသေးခင် သားအဖတတွေဆိုင်မှာ သွားဆိုကြတာမှတ်မိသေးတယ်.. အေးချမ်းမေသီချင်းတွေဆိုတာပေါ့.. လူရှေ့သူရှေ့လဲ မရှက်ဘူး.. ဆိုတာပဲ.. နောက်တော့ မေမေက ဗီစီဒီစက်လေး ၀ယ်ပို့ပေးတယ်.. မိုက်တွေဘာတွေနဲ့ပေါ့.. အခွေတွေလဲပါတယ်.. ကျွန်မတို့တတွေ ပျော်လိုက်ကြတာမပြောပါနဲ့.. ညီအစ်မနှစ်ယောက် တလှည့်စီဆိုကြတာပေါ့.. မောင်လေးက လိုင်းပြောင်းသွားပြီ.. သီချင်းမဆိုတော့ဘူး.. ဂစ်တာပဲတီးတော့တာ.. လျှပ်စစ်ဂစ်တာတွေဘာတွေလဲ ၀ယ်ပေးထားတော့ မီးလာတဲ့အချိန်ဆို ကျွန်မတို့အိမ်က သံစုံထွက်နေရော.. ဂစ်တာတီးတာမှာ မောင်လေးက ပါရမီပါတယ်ပြောရမယ်.. သေသေချာချာ သင်ပေးတဲ့သူမရှိဘဲနဲ့ ကောင်းကောင်းတီးတတ်တယ်.. သီချင်းကိုနားထောင်ယုံနဲ့ ကော့ဒ်တွေအကုန်သိတယ်လေ.. သူ့ဟာသူလဲ သီချင်းတွေဘာတွေရေးထားတယ်.. သူရေးထားတဲ့သီချင်းကို သူကဂစ်တာတီး ကွန်ပြူတာနဲ့ အော်ဂင်သံတွေ ဒရမ်သံတွေထည့် သူ့သူငယ်ချင်းတယောက်ကဆိုပြီး အသံသွင်းထားတာတွေလဲ မနည်းဘူး.. ဖေဖေကတော့ သူ့သားသမီးတွေဆိုသမျှ တီးသမျှ တပြုံးပြုံးနဲ့ နားထောင်နေတာပဲ.. သူလဲ တခါတလေ၀င်ဆိုတတ်သေးတယ်..

ကျွန်မဂျီတီစီတက်တော့ သီချင်းဆိုကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရတယ်.. ဂစ်တာလဲအတီးကောင်း အသံကလဲကောင်းတော့ သူသီချင်းဆိုရင် ကျွန်မအရမ်းသဘောကျတာပေါ့.. သူကလဲ သီချင်းတွေဘာတွေရေးတယ်.. ကျွန်မရေးတဲ့ကဗျာတွေကို သူကသံစဉ်ထည့်ပြီး သီချင်းလေးတွေဖန်းတီးခဲ့ကြဖူးတယ်လေ..

ခုတော့ ဂီတကိုလဲကောင်းကောင်းမခံစားဖြစ်တော့ဘူး.. တလောက ချယ်ရီမေမှာ သီချင်းသွားဆိုကြရင်း ပြောဖြစ်ကြသေးတယ်.. ငါတို့ရဲ့အတက်ကြွဆုံးအရွယ်တွေကို ငွေမျက်နှာတစ်ခုထဲအတွက်နဲ့ စင်္ကာပူနိုင်ငံမှာ မြှုပ်နှံလိုက်ကြရပြီလို့.. ဟုတ်တယ်နော်.. ၂၅နဲ့ ၃၅ကြားအရွယ်က အတက်ကြွဆုံးမို့လား.. ဘာပဲပြောပြော ငယ်ဘ၀လေးလောက်တော့ ဘာကြီးကမှ ပျော်စရာမကောင်းခဲ့ဘူးလေ...

Thursday, September 9, 2010

ဘူမိနက်သန်

ဖေဖော်ဝါရီလ ၂၁ရက်နေနဲ့ မတ်လ ၂၁ရက်နေ့ကြား မွေးဖွားသူများကို မိန်ရာသီဖွားများ (Pisces) လို့ ခေါ်ကြတယ်.. ရာသီခွင် သင်္ကေတကတော့ ငါးရုပ်ပေါ့.. မြန်မာပြည်မှာဆို ဆောင်းအကုန်နွေအကူးကာလ ပူလောင်မှုတွေကနေ တဖြေးဖြေးအေးလာတဲ့ သဘောပေါ့.. ခြောက်ခြောက်သွေ့သွေ့တော့ဖြစ်နေမယ်.. တည်ငြိမ်တဲ့ အေးမြခြင်းပေါ့..

ဇူလိုင်လ၂၂ရက်နေ့နဲ့ သြဂုတ်လ၂၁ရက်နေ့ကြား မွေးဖွားသူများကျတော့ သိဟ်ရာသီဖွားများ (Leo) ပေါ့.. သင်္ကေတက ခြင်္သေ့ရုပ်ကြီးလေ.. မိုးတွေသည်းသည်းမည်းမည်း ရွာတတ်တဲ့ကာလမျိုး.. အေးချမ်းတဲ့သဘောပါပဲ.. အရှိန်အဟုန်တော့ ပြင်းလိမ့်မယ်.. အလောတကြီး ဒေါသတကြီးပေါ့..

မိန်ရာသီဖွားကောင်လေးတစ်ယောက်နဲ့ သိဟ်ရာသီဖွားကောင်မလေးတစ်ယောက်တို့ ဆုံမိကြတဲ့အခါ ခြောက်သွေ့နေတဲ့ မိန်ရာသီဖွားရဲ့ဘ၀ကို သိဟ်ရာသီမိုးစက်လေးတွေက စိုပြေလာစေခဲ့ပါသတဲ့.. သိဟ်ရာသီဖွားရဲ့ အလောတကြီးနဲ့ ဒေါသတွေကို မိန်ရာသီရဲ့တည်ငြိမ်ခြင်းနဲ့ ဖေးမခဲ့ပါသတဲ့.. ၂ယောက်အတူ မခွဲမခွာ အခြေချနေထိုင်ကြဖို့ နယ်မြေသစ်ရှာဖွေကြတဲ့အခါ ကျွန်းဆွယ်တစ်ခုရဲ့ထိပ်နားက ကျွန်းငယ်လေးတစ်ကျွန်းကို သွားတွေ့ကြသတဲ့.. စွန့်စားချင်တဲ့ သိဟ်မလေးက အရင်ဆုံး သွားပြီး နယ်မြေအခြေအနေတွေ လေ့လာတော့တာပေါ့.. မိန်ကောင်လေးကတော့ သိဟ်မလေးကလာခဲ့တော့ဆိုမှ လိုက်လာခဲ့ဖြစ်တယ်.. သူကအငယ်ကိုး.. အငယ်ပေမယ့် အလျှော့ပေးတတ်တော့ ဆရာလုပ်ချင်တဲ့ သိဟ်မလေးနဲ့ အကိုက်ပဲပေါ့...

ဒီလိုနဲ့ ၂ယောက်သား ကျွန်းငယ်လေးပေါ်မှာပဲ ထိမ်းမြားလိုက်ကြတယ်.. နောက်တော့ မကာရရာသီဖွားလေး (Capricorn) တစ်ယောက် ထွန်းကားလာပါသတဲ့.. မကာရရဲ့သင်္ကေတက တောင်ဆိတ်ဆိုတော့ အပြေးမြန်သပေါ့.. ရေထဲကဖေဖေငါးနဲ့ မြေပေါ်ကမေမေခြင်္သေ့ခမျာ တောင်ဆိတ်လေးကိုမှီအောင် မနည်းလိုက်ရတယ်လေ.. မိသားစုတတွေပျော်ပျော်ရွှင်ရွှင်ပါပဲ.. ရန်ဖြစ်လိုက်ကြ ပြန်ချစ်လိုက်ကြ.. အော်ဟစ်လိုက်ကြ ရယ်မောလိုက်ကြနဲ့.. ကျွန်းကလေးကပေးတဲ့ ပင်ပန်းမှုတွေကိုတောင် မိသားစုစိတ်နဲ့ အဝေးပြေးစေခဲ့သတဲ့လေ..

တကယ်တော့ သိဟ်ရာသီ ခြင်္သေ့မလေးက အခြေချဖို့ နယ်မြေရှာတုန်းက လျှို့ဝှက်ချက်လေးရှိတယ်.. Merlion လို့ခေါ်တဲ့အရုပ်ကြီးကို အားလုံးသိကြမှာပေါ့.. ကျွန်းငယ်လေးရဲ့သင်္ကေတလေ.. ခြင်္သေ့တပိုင်း ငါးတစ်ပိုင်း ပေါင်းစပ်ထားတဲ့ ပုံဆိုးပန်းဆိုးကြီးပေါ့.. ခြင်္သေ့တပိုင်း ငါးတပိုင်းဆိုတော့ သိဟ်တပိုင်း မိန်တပိုင်းလေ.. သိဟ်နဲ့မိန်တို့ ပေါင်းစပ်သင့်တဲ့ ဘူမိနက်သန် နေရာမှန်ဟာ ဒီကျွန်းငယ်လေးပဲ ဖြစ်ရတော့မပေါ့ကွယ်.. ခုပဲကြည့် လူမှန်နေရာမှန်မို့ အဆင်ကိုပြေလို့.. တခါတလေတော့လဲ ငြင်းရ ခုန်ရနဲ့ စိတ်ပင်ပန်းသပေါ့လေ.. သင်္ကေတအရုပ်ကြီးကိုက ကိုးရိုးကားယားမဟုတ်လား.. ဒီလောက်တော့ရှိမှာပေါ့.. ဘာပဲပြောပြော ပျော်ခဲ့ရတာကပိုပါတယ်.. ကဲ ခြင်္သေ့မလေး နေရာရွေးတာ မတော်ဘူးလားပြော...

Wednesday, September 8, 2010

အခေါ်အဝေါ်လေးတွေ

မနေ့ညက သားသားကိုသိပ်ရင်း သားအမိနှစ်ယောက်သား စကားပြောကြတယ်.. ၂နှစ်မပြည့်သေးတဲ့သားနဲ့ ဘာတွေပြောပါလိမ့်လို့ ခေါင်းစားမနေနဲ့ဦး.. သားသားကို သူခေါ်တတ်တဲ့ အခေါ်အဝေါ်လေးတွေ ပြန်မေးကြည့်တာပါ.. မြူးမြူးကဘယ်သူလဲဆို မေမေ.. မာမီ.. မေမီတဲ့.. သားသားက ကျွန်မကို တခါတလေ မေမေ.. တခါတလေမာမီ.. တခါတလေကျတော့ မေမေနဲ့မာမီရောပြီး မေမီလို့ခေါ်တတ်တယ်.. ဒေါ်မေသူက ဘယ်သူလဲဆိုတော့ မားမားတဲ့.. ကျော်ကိုကိုကရောဆို ဖေဖေ ဒယ်ဒီ ဗိုက်ပူတဲ့လေ.. ဖေဖေက မေမေ့ကို ဘယ်လိုခေါ်လဲဆို မ တဲ့.. မေမေက ဖေဖေ့ကိုဘယ်လိုခေါ်လဲ လို့မေးတော့ မောင်တဲ့.. ချွဲချွဲလေးခေါ်ပြတယ်လေ.. သူ့အဖေကတောင်ပြောတယ်.. မင်းအမေအဲသလောက်မချွဲပါဘူးကွာတဲ့.. သားသားက လည်တယ်ပြောရမယ်.. လူကြီးတွေခေါ်တဲ့ အခေါ်အဝေါ်နဲ့ သူခေါ်ရမည့်နာမည်လေးတွေကို တွဲပြီးမှတ်ထားတတ်လို့ပေါ့..

ကျွန်မကို အိမ်ကလူကြီးတွေက မြူးမြူးလို့ပဲခေါ်ကြတယ်.. မေမေနဲ့ဖေဖေက သမီးကြီးလို့ခေါ်တတ်တယ်.. ညီမလေးကတော့ မကြီးလို့ခေါ်ပြီး မောင်လေးက မမြူးတဲ့.. အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေက ပွင့်လို့ခေါ်ကြတယ်.. ဂျီတီစီက သူငယ်ချင်းတွေက ဒေါ်ပွင့်တဲ့.. ဘဲမလို့ခေါ်တဲ့သူငယ်ချင်းတွေလဲ ရှိသေးတယ်.. စလုံးရောက်လာတော့ ဇင်လို့ခေါ်ကြတယ်.. ကျွန်မနာမည်သုံးလုံးထဲမှာ ဇင်ဆိုတာက အလွယ်ဆုံးကိုး.. ဒါတောင် ဂျင်ဖြစ်အောင်ခေါ်တဲ့လူကရှိသေး.. ဆုံးသွားပြီဖြစ်တဲ့ ကျွန်မရဲ့ဦးလေးကတော့ မြူးကြီးတဲ့လေ.. အဲဒီဦးလေးက ကျွန်မတို့မောင်နှမတွေကို သူများခေါ်တာနဲ့မတူတဲ့ အခေါ်အဝေါ်လေးတွေ ခေါ်လေ့ရှိတယ်.. ညီမလေးကို ငယ်ထူးလို့ခေါ်ပြီး မောင်လေးကိုတော့ သားဇော်လေးတဲ့.. ဘယ်သူမှအဲဒီလိုမခေါ်ကြဘူး သူ့မူပိုင်လေးတွေပေါ့..

မေမေ့ရဲ့ညီမ ကျွန်မတို့ဒေါ်လေးကို ကျွန်မတို့ မောင်နှမတွေက အန်မိုးလို့ခေါ်ကြတယ်.. အန်တီမိုးကို အမြန်ခေါ်လိုက်တော့ အလယ်ကတီပြောက်သွားတာလေ.. မေမေ့အမေ ကျွန်မတို့အဖွားကိုတော့ ဘောင်ဘောင်ကြီးလို့ခေါ်ကြတယ်.. အမှန်က ရခိုင်လို အဘောင်ရှင်ခေါ်ရမှာ.. ဘယ်ကဘယ်လို ဘောင်ဘောင်ကြီးလို့ ခေါ်ဖြစ်သွားတယ်မသိဘူး.. အဖိုးကိုလဲ အဖိုးရှင်ခေါ်ရမှာကို မေမေတို့က ပါပါခေါ်တာနဲ့ ပါပါကြီးလုပ်ပစ်လိုက်တယ်..

လင်မယားတွေအချင်းချင်း အခေါ်အဝေါ်လေးတွေထဲမှာ ဖေဖေက မေမေ့ကို သဲလို့ခေါ်ပြီး မေမေက ဖေဖေ့ကို မောင်လို့ခေါ်တာလေး ချစ်ဖို့ကောင်းတယ်နော်.. အစ်ကိုဝမ်းကွဲတို့စုံတွဲကျတော့ ရယ်ရတယ်.. ကျော်ဇင်မျိုးဆိုတဲ့ နာမည်လှလှလေးကို သူ့မိန်းမကခေါ်တာ ကိုဖိုးကျော်တဲ့.. သူကလည်းအားကျမခံ ထွန်းဝတ်ရည်ဆိုတဲ့သူ့မိန်းမကိုခေါ်တာများ အရည်တဲ့လေ.. တောသူတောင်သားတွေကျနေရော.. ညီမလေးနဲ့ သူ့ယောက်ျားကျတော့ မိန်းမက ယောက်ျားကို ကျားကျားတဲ့.. ယောက်ျားက မိန်းမကို မိန်မိန်းတဲ့လေ..

ကျွန်မက သားသားကိုချစ်စနိုးခေါ်တဲ့နာမည်တွေက အများကြီးပဲ.. သားသားလေး.. ခေးခေး.. ခေးပုလေး.. မေမေ့ပတိုးလေး.. သားပုလေး.. သားပေါက်လေး.. မေမေ့ပုတုတုလေး.. မိုမိုးလေး.. မောင်မိုးလေး.. သံစဉ်ကောင်လေး.. စုံနေအောင်ကိုခေါ်မိတတ်တာ.. ဘယ်လိုခေါ်ခေါ် သားသားကတော့ ဗျာဗျာလို့ ထူးတာပဲ.. သူကျွန်မကိုခေါ်ရင်လဲ ရှင်ရှင်လို့ပြန်ထူးရတယ်.. သားသားနဲ့စကားပြောကြရင်း အခေါ်အဝေါ်လေးတွေအကြောင်း ရေးရင်ကောင်းမယ်လို့ စိတ်ကူးမိတာနဲ့......















သားသားပုံမတင်တာကြာပြီဆိုလို့..

Saturday, September 4, 2010

ကြော်ငြာဝင်မယ်

စလုံးမှာ ရေကပဲမကောင်းတာလား အစားအသောက်တွေကြောင့်ပဲလားတော့ မသိဘူး.. တော်တော်များများ ဆံပင်တွေကျွတ်တယ်လို့ပြောကြတယ်.. စရောက်ရောက်ချင်းတုန်းကတော့ ကျွန်မလဲသတိမထားမိဘူး.. နောက်ပိုင်းကျတော့ ခေါင်းထဲက ယားယားနေတတ်တာ သတိထားမိလာတယ်.. လွန်ခဲ့တဲ့ ၂နှစ်လောက်ကစပြီး ခေါင်းထဲမှာ ဆားဝက်ခြံလို အဆံလေးတွေဖြစ်ဖြစ်နေတာ သတိထားမိသွားတယ်.. အရမ်းကို ယားပါတယ်.. နသယ်စပ်လေးတွေ ဗွေကွက်နေရာတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်.. ဦးရေပြားတွေလဲ နာနာနေတတ်တယ်လေ.. ဆံပင်ကျွတ်တာတော့ သိပ်မသိသာပါဘူး.. သာမာန်လောက်ပဲ.. နေ့တိုင်းခေါင်းလျှော်နေမှ အယားသက်သာတော့ ဆံပင်တောင်အရှည်မထားရဲတော့ဘူးပေါ့.. ကျွန်မငယ်ငယ်လေးကတည်းက ဆံပင်အရှည်ကိုအရမ်းကြိုက်လို့ အမြဲထားခဲ့တာ.. မှော်ဘီမှာကျောင်းတက်ရတော့ ရေမကောင်းလို့ ဆံပင်တွေပျက်စီးကုန်မှ ပခုံးလောက်လေး ညှပ်ပစ်လိုက်တယ်.. ကျောင်းပြီးတော့ ပြန်အရှည်ထားလိုက်သေးတယ်.. စလုံးကိုလာခါနီးမှ အတိုလေးပြန်ညှပ်လိုက်တာလေ.. သားသားကိုယ်ဝန်နဲ့တုန်းကတော့ ပူလွန်းလို့ တိုကပ်နေအောင်ကို ညှပ်ပစ်လိုက်တယ်.. ခု ဆံပင်က တော်တော်လေးပြန်ရှည်လာပြီ..

လွန်ခဲ့တဲ့တလလောက်က အိမ်မှာနေရင်းနဲ့ ခေါင်းထဲကယားလာလို့ လက်နဲ့စမ်းကြည့်လိုက်တာ ထိပ်ကဗွေကွက်ဘေးနားလေးမှာ ဆံပင်တပင်မှမရှိပဲ ကွက်နေတာသွားစမ်းမိတယ်.. လန့်သွားတာပေါ့.. မှန်နဲ့ထောင်ပြီးကြည့်တော့ လား လား နည်းတဲ့အကွက်ကြီးမဟုတ်ဘူး.. ကျပ်စေ့ဝိုင်းလောက်ရှိတယ်.. ပြောင်ချောနေတာပဲ.. ဆံပင်တမျှင်မှကိုမရှိတာ.. စိတ်ညစ်လိုက်ရတာမပြောပါနဲ့တော့.. ဘာလုပ်လို့လုပ်ရမှန်းကို မသိတော့ဘူး.. တနေ့တနေ့ မှန်ထဲကြည့်ကြည့်နေရတာ.. ယောက်ျားကတော့အားပေးရှာပါတယ်.. ကတုံးဖြစ်သွားလဲချစ်မှာပါတဲ့.. ဆံပင်တုတွေ အများကြီးဝယ်ပေးမယ်တဲ့လေ.. သူကပြောလေ ကိုယ်ကပိုဆိုးလေပဲ.. သတင်းစာထဲကြော်ငြာပါတဲ့ ဆိုင်တွေကို သွားဖူးတယ်ဆိုတဲ့ ရုံးကလူတွေကိုမေးကြည့်တော့ ၇၀၀၀လောက်ကျတယ်တဲ့.. ဘုရားဘုရား.. ကတုံးမပဲလုပ်တာကောင်းမယ်လို့ တွေးမိတယ်..

မြန်မာဆေးထဲက ကြားဖူးတာတော့ ကွက်လပ်ဖြည့်ပါကောင်းတယ်တဲ့.. အဲဒါနဲ့ပဲ ပန်နီဆူလာကိုပြေးပြီး ကွက်လပ်ဖြည့်ပါ လိုက်ရှာတာပေါ့.. ဘယ်ဆိုင်မှာမှ မရှိပါဘူး.. နောက်ဆုံး မရ ရတာယူမယ်ဆိုပြီး.. တြိရတနဆိုတဲ့ ဆံပင်သန်ဆေး ၀ယ်ချလာလိုက်တယ်.. ၁ကျပ်ခွဲပဲပေးရတယ်လေ.. အိမ်ရောက်လို့လိမ်းကြည့်တော့ ခေါင်းထဲမှာ အေးနေတာပဲ အရမ်းသဘောကျသွားတယ်.. တခေါင်းလုံးကို လိမ်းပစ်လိုက်တယ်.. နသယ်စပ်တွေရောပေါ့.. နောက်နေ့ကစပြီး ခေါင်းယားတာ တော်တော်သက်သာသွားတယ်.. ဦးရေပြားလဲ မနာတော့ဘူး.. တပတ်လောက်လိမ်းပြီးတော့ ရုံးဖားမလေးကိုကြည့်ခိုင်းတာ သူကအလန့်တကြားကို ထအော်ပါတော့တယ်.. ၀မ်းသာအားရကြီးပါ.. ဆံပင်မျှင်မျှင်လေးတွေ ထွက်လာပြီတဲ့.. အရင်လိုပြောင်ချောမနေတော့ဘူးတဲ့.. ကျွန်မလဲ အရမ်းပျော်သွားပါတယ်.. ကတုံးမ မဖြစ်နိုင်တော့ဘူဆိုပြီးတော့ပေါ့.. နသယ်စပ်လေးတွေကို သတိထားကြည့်တော့ ဆံနုလေးတွေပေါက်နေတာတွေ့လိုက်ရပါတယ်.. ခု တလလောက်ကြာတော့ ထိပ်ကွက်လေးအပြည့်နီးပါး ဆံပင်တွေပေါက်နေပါပြီ.. ခေါင်းလဲမယားတော့ဘူး.. ဘောက်တွေလဲမထတော့ဘူး.. ဆားဝက်ခြံလေးတွေလဲ မဖြစ်တော့ဘူး.. ညညလိမ်းပြီးအိပ်ရင် ဦးရေအေးပြီး အိပ်လို့ကောင်းပါတယ်.. စီးကပ်ကပ်ဖြစ်မနေတော့ အပြင်ကိုလိမ်းသွားရင်လဲ မသိသာပါဘူး.. အနံ့လေးကလဲ သင်းသင်းလေးမို့ အရမ်းအဆင်ပြေပါတယ်..

ဆံပင်ဆိုတာ လူတိုင်းအမြတ်တနိုးထားတတ်ကြတဲ့ အရာပါ.. ကောင်းခြင်းငါးဖြာထဲမှာ အပါအ၀င်မို့ ဆံပင်မကောင်းရင် စိတ်ညစ်ရတတ်ကြပါတယ်.. ကျွန်မနဲ့အလားတူ ပြသနာလေးများကြုံလာရင် လွယ်ကူပြီး အကုန်အကျသက်သာတဲ့ ဆေးကောင်းလေးတွေ့ထားလို့ မျှဝေပေးတာပါ.. ကျေးဇူး "တြိရတန"... :)

Tuesday, August 31, 2010

မေမေရဲ့မောင်မိုးလေး

သားသားအကြောင်းလေးတွေတောင် မရေးဖြစ်တာကြာပြီ.. ခုသားသားက လ၂၀ပြည့်ခါနီးပေါ့.. လမ်းလျှောက်တတ်ယုံမကလို့ တောက်တောက်ပြေးနေပြီ.. ဘာမြန်သလဲမမေးနဲ့ လုံးဝကို လိုက်လို့မမှီတော့ဘူး.. အကြောက်အလန့်မရှိ တအားကိုဆော့ပါတယ်.. တွေ့သမျှကို စူးစမ်းမယ်.. ခုံတွေ့ရင် တွယ်တက်မယ်.. ကစားကွင်းရောက်ရင် မျောက်ရှူံးအောင်ဆော့မယ်.. ကစားစရာပုံးကို သွန်ချပြီး အထဲဝင်ထိုင်မယ်.. ကွန်ပြူတာကီးဘုတ်မှာ တွေ့ရာကိုနှိပ်မယ်.. သီချင်းသံကြားရင် ကမယ်.. မိုက်ခရိုဖုန်းတွေ့ရင် ဆွဲပြီးသီချင်းဆိုမယ်.. အဲဒါ သားသားလုပ်နေကျတွေပေါ့..

စကားလဲ တော်တော်ပြောနေပြီ.. "ဖေဖေ.. မေမေ.. မားမား.. ဖိုးဖိုး.. မမ.. ကိုကြီး.. "လူမမှားအောင်ခေါ်တတ်တယ်.. သားသားနာမည်ဘယ်လိုခေါ်လဲဆို "မောင်မိုး"တဲ့.. ဘယ်သူမှလဲ မောင်မိုးလို့မခေါ်ပဲနဲ့ သူ့ဟာသူ နာမည်ပေးထားတယ်.. ဖေဖေနာမည်ဘယ်လိုခေါ်လဲဆို "ဗိုက်ပူ"တဲ့.. ကျွန်မသင်ပေးထားတာ.. သူ့အဖေရှေ့ဆိုမခေါ်ဘူးနော်.. မေးရင်မကြားချင်ယောင်ဆောင်နေတာ.. မေမေ့နာမည်ဘယ်လိုခေါ်လဲဆို "မူးမူး"တဲ့.. မြူးမြူးကို ပီအောင်မခေါ်တတ်သေးဘူးလေ.. ဘယ်သူ့ကိုယူမလဲမေးရင် "ထက်ထက်"တဲ့.. အိမ်မှာအတူနေတဲ့ အစ်မကိုပြောတာ.. ပြီးတော့ မားမားတဲ့.. သူ့မားမားကိုလဲ အရမ်းချစ်.. ချစ်လာလို့မေးရင်.. "ချစ်ချစ်.. "ဘယ်လောက်ချစ်လဲဆို "များကြီး.." ဘယ်ထဲကချစ်လဲဆို "ဗိုက်ဗိုက်.." အသည်ယားလောက်အောင် ပြောပြလိမ့်မယ်.. နေမကောင်းရင်လဲပြောပြတတ်တယ်.. ဗိုက်အောင့်နေရင် ဗိုက်ကိုပုတ်ပြပြီး "နာနာ"လို့လာပြောတယ်.. ပရုတ်ဆီပုလင်းယူပြီး လိမ်းခိုင်းတတ်နေပြီ.. ညညဆို မအိပ်ခင် သူ့အဖေကို နှိပ်ခိုင်းတတ်နေပြီ.. ညလယ်တရေးနိုး ဗိုက်ဆာရင် "မေမေ ဘူးဘူး"ဆိုပြီး နို့ဘူးဖျော်ခိုင်းတတ်တယ်.. သူ့ချိုလိမ်လေးကိုတော့ "မန်မန်"တဲ့.. စာသင်တဲ့ ဂိမ်းလေးတွေကစားရင် အေ ဘီ စီ လိုက်ဆိုတတ်နေပြီ.. အပြင်သွားတော့မယ်ဆို တိုက်အောက်ရောက်တာနဲ့ "တက်စီ"လို့ အော်တော့တာပဲ.. သင်ပေးသမျှကို သံယောင်လိုက်တတ်နေပါပြီ.. တခါသင်ပေးထားရင်လဲ မှတ်မိနေရော.. သူ့စာအုပ်လေးထဲက ပုံတွေကို မှတ်မိနေပြီ.. အကုန်နီးပါး ပြောတတ်နေပြီလေ..

သားသားက အရပ်အရမ်းရှည်ပါတယ်.. သူ့အရပ်နဲ့စာရင် ပိန်နေသလိုမို့ ကျွန်မက ထမင်းများများစားစေချင် သူကမစားချင်နဲ့မို့ တနေ့တနေ့ သားအမိတွေ ရန်တကျက်ကျက်ပါပဲ.. သူ့ထမင်းကိုမစားချင်တော့ပဲ လူကြီးစာတွေစားချင်နေပြီလေ.. အစပ်လဲတော်တော်စားနိုင်ပါတယ်.. မနေ့က လက်ဖက်သုပ်စားနေတာ အတင်းလာတောင်းစားလို့ ကျွေးလိုက်တော့ ပျော်လိုက်တာမှအရမ်းပဲ.. လက်ဖက်အရမ်းကြိုက်တယ်.. သားသားလက်ဖက်ကြိုက်တာလဲမပြောနဲ့.. ကျွန်မကိုယ်ဝန်ကြီးနဲ့တုန်းက ပျို့ချင်အန်ချင်လာရင် လက်ဖက်အသားဆီနဲ့နှပ်ထားတာလေး စားလိုက်ရမှသက်သာတာလေ.. တနေကုန်ကို လက်ဖက်စားနေတာ..

တနေ့က ကျွန်မတို့အိမ်ပြောင်းတော့ သားသားကို ကလေးထိန်းအန်တီက သူ့အိမ်ကိုခေါ်ထားပေးပါတယ်.. ညနေပြန်လာပို့ပေးတော့ အိမ်အသစ်ကိုရောက်နေပြီဆိုတော့ သားသားမျက်စိလည်နေပါတော့တယ်.. ညအိပ်ခါနီးကျတော့ မအိပ်ဘူး အောက်ပဲဆင်းခိုင်းနေလို့ စိတ်ညစ်ရသေး.. သူ့အဖေကလဲ နိုက်ဂျူတီကျနေတော့ ကိုယ်ပဲပင်ပန်းရတာပေါ့.. သားသားအိမ်ပြောင်းလာပြီ.. ဒါသားသားတို့အိမ်အသစ်လို့ပြောလဲ ခေါင်းချည်းပဲစွတ်ခါနေတာ.. သူ့အိမ်မဟုတ်ပါဘူးဆိုပြီးတော့လေ.. ခုတော့ နေသားကျသွားပြီ.. အိမ်ကပိုကျယ်တော့ သူအရမ်းပျော်တယ်.. ပြေးလို့လွှားလို့ကောင်းတာကိုး.. ရေကူးကန်နဲ့နီးတာမို့ သားသားကိုရေကူးကန်လိုက်ပို့ပေးမယ်လို့ပြောတော့ သဘောတွေကျလို့.. အိမ်ဘေးနားမှာက မူလတန်းကျောင်းလေးရှိတယ်.. ကျောင်းတက်ကျောင်းဆင်းချိန်ဆို ကလေးတွေအများကြီးနဲ့မို့ သားသားအရမ်းပျော်ပါတယ်.. မနေ့ညကတော့ အပြင်သွားရင် သူ့အတွက်ဆန်ပြုတ်ထည့်ထည့်သွားတဲ့ ဘူးလေးကိုလွယ်ပြီးကျောင်းသွားပါမယ်လုပ်နေလို့ အောက်ကိုလိုက်ပို့ရသေးတယ်.. အိပ်ဖို့တောင် မနည်းပြန်ခေါ်တင်ရတယ်လေ..

သားသားက ကားနီနီလေးတွေကို သဘောကျတတ်တယ်.. တနေ့က အိမ်မပြောင်းခင် သားသားနဲ့အောက်ဆင်းတော့ တိုက်အောက်မှာ ကားနီနီလေးတစီးရပ်ထားတာ သွားကိုင်ကြည့်ပြီး.. "မေမေ.. ကားကား.. နီနီ.." ဆိုပြီး သူ့ကိုယ်သူလက်လေးနဲ့ပုတ်လို့ "မောင်မိုး ကြိုက်ကြိုက်"တဲ့လေ.. ၀ယ်ပေးပါဆိုတဲ့သဘောပေါ့.. ညကျတော့ကျွန်မသူငယ်ချင်းကို ပြန်ပြောပြနေတာ သူကြားတော့ နားထောင်ပြီးပြုံးနေတယ်.. သူငယ်ချင်းက တီတီထီပေါက်ရင် ၀ယ်ပေးမယ်နော်သားသားလို့လဲပြောရော ၀မ်းသားအားရနဲ့ ကျွမ်းတောင်ထထိုးပစ်လိုက်သေးတယ်.. အရမ်းကိုလည်ပါတယ်..

တခါတော့ ကျွန်မကွန်ပြူတာသုံးနေတုန်း အနားလာထိုင်နေရင် စမိုင်လီပုံလေးတွေ့သွားလို့ သူယူပါမယ်ဆိုပြီး ပူဆာပါတော့တယ်.. ပရင်တာကလဲပျက်နေတော့ ထုတ်လို့လဲမရ သူကလဲ တငိုငိုနဲ့မို့ အိမ်နားကဈေးထဲသွားပြီး စမိုင်လီစတစ်ကာလေး သွားဝယ်ပေးရပါတယ်.. စမိုင်လီပုံလေးတွေ ဂူဂယ်လ်နဲ့ ရှာပြီးပြတော့ မျက်လုံးပြူးပြူး ရှေ့သွားကြီးကြီးနဲ့ မျက်မှန်တပ်ထားတဲ့ စမိုင်လီလေးလဲတွေ့ရော.. "ဟားဟား.. မေမေ.." တဲ့လေ.. ကောင်းရော..

Friday, August 27, 2010

လွဲ

ရင်ခုန်သံတွေထပ်တူကျခဲ့ပါရက်နဲ့
မျက်ဝန်းကစကားကို
ဘာသာပြန်တချက်အလွဲမှာ
တသက်ခွဲဖို့ဖြစ်လာမယ်လို့
ငါ.. ထင်ထားခဲ့ပါ့မလား.. ချစ်သူ..

ငါတို့..
ကျောချင်းကပ်ရပ်နေမိတော့
ကမ္ဘာကြီးဘယ်လိုလည်လည်
ဘယ်တော့ဆုံနိုင်မှာမို့လဲ..

ဆုံနိုင်ခွင့်တွေ
ဝေးမနေပါဘဲ
ရှေ့တိုးဖို့မရဲခဲ့လို့
တို့နှစ်ယောက်လွဲခဲ့ပေမယ့်..
ကွဲခဲ့တဲ့အသည်းရင်ထဲထည့်ရင်း
လွမ်းရဲပါသေးတယ်.. ချစ်သူရယ်..

ပွင့်မြူးဇင်
၂၇.၀၈.၂၀၁၀

Friday, August 20, 2010

ထိုင်ခဲ့ဖူးတဲ့ ကန်တင်းဆိုင်လေးများ

ကျောင်းသားဘ၀ လွတ်လပ်ပျော်ရွှင်မှုတွေအကြောင်း ပြန်ပြန်တွေးတိုင်း မပါမဖြစ်က ကျောင်းကန်တင်းက ဆိုင်လေးတွေပေါ့.. အပြင်က စားသောက်ဆိုင်တွေမှာ မရတတ်တဲ့ အစားအစာဆန်းလေးတွေနဲ့ ကျွမ်းဝင်ခွင့်ရခဲ့တာလဲ ကျောင်းကန်တင်းက ဆိုင်လေးတွေမှာပဲပေါ့..

ကျွန်မတို့ကျောင်းစတက်တော့ မှော်ဘီဂျီတီစီရဲ့ကန်တင်းမှာ ဆိုင်လေး၃ဆိုင်ပဲရှိသေးတယ်.. ကျောင်းအ၀င်ဝရဲ့ဘယ်ဖက်မှာက ဂျက်စမင်းဆိုတဲ့ဆိုင်လေး.. အစားအသောက်သိပ်မကောင်းလို့ ထိုင်ခဲတဲ့ဆိုင်ပေါ့.. စက်မှုက ယောက်ျားလေးတွေအထိုင်များလို့ ၀င်မထိုင်ဖြစ်တာလဲပါတယ်.. နောက်ပိုင်း ကန်တင်းအသစ်ဆောက်ပြီးတော့ ချက်တဲ့သူလဲပြောင်းသွားလို့ထင်တယ်.. စားကောင်းသောက်ကောင်းရှိလာတာနဲ့ ထမင်းချိုင့်ဆွဲတောင် ယူစားဖြစ်လိုက်တယ်လေ.. မောင်နဲ့တွေ့ပြီးတော့မှပါ.. မောင်ကဘေးနားမှာပါနေတော့ ဘယ်ဆိုင်ဖြစ်ဖြစ် ၀င်ရဲသွားပြီလေ.. ဂျက်စမင်ကအစားအစာတွေထဲ မှတ်မိနေတာက တပွဲ၁၀၀ပေးရတဲ့ ကြာဇံဆီချက်ပေါ့.. ဘာအသားမှမပါဘဲကို စားလို့ကောင်းပါတယ်..

နောက်ဆိုင်တစ်ဆိုင်က ကောင်းထက်တဲ့.. အ၀င်လမ်းရဲ့ ညာဘက်မှာရှိတာပေါ့.. ကျောင်းစတက်တက်ချင်း အထိုင်အများဆုံးဆိုင်လေ.. ဆိုင်ကကျယ်ပြီး သီချင်းတွေဘာတွေလဲဖွင့်တာမို့ ပျင်းရင်ကို သွားထိုင်နေဖြစ်တယ်.. သူ့ဆိုင်က ထောပတ်သီးဖျော်ရည်ကတော့ အသည်းစွဲပဲ.. ရေခဲသုတ်လဲစားကောင်းတယ်.. ကျွန်မတို့ဘော်ဒါဆောင်နဲ့ မျက်နှာချင်းဆိုင်လိုဖြစ်နေတော့ ညနေစာစားချိန်ဆိုလဲ ကောင်းထက်ကိုပဲ သွားဖြစ်တယ်လေ..

နောက်တစ်ဆိုင်က မိဘမေတ္တာတဲ့.. အဘဆိုင်လို့ပဲခေါ်ကြတယ်.. အဘတို့လင်မယားက စေတနာကောင်းလို့ လူအမြဲပြည့်နေတတ်တဲ့ဆိုင်ပေါ့.. ဟင်းတွေလဲကောင်းတယ်.. ဆရာမကြီးအိမ်နဲ့ကပ်လျှက် ညောင်ပင်အောက်မှာရှိတာလေ.. လူများလို့သာမထိုင်ဖြစ်တာ ဟင်းတွေကကောင်းတော့ ပါဆယ်သွားသွားဆွဲဖြစ်တယ်.. အလကားပေးတဲ့ သီးစုံချည်ရည်ကအစ စေတနာထားချက်လို့ စားကောင်းနေတတ်တာပါ..

၃လ ၄လလောက်နေတော့ ကောင်းထက်ဘေးနားမှာ ၀ါးရုံရိပ်ဆိုတဲ့ဆိုင်လေးတိုးလာတယ်.. အိမ်ချက်ဟင်းလေးတွေလိုပဲမို့ စားကောင်းတာပါပဲ.. သူတို့ဆိုင်က ရှောက်သီးသုပ်လေး အရမ်းစားကောင်းတာ မှတ်မိနေသေးပါရဲ့.. ကျန်တဲ့အသုပ်တွေတော်တော်များများလဲ ကောင်းတယ်ဆိုတော့ အသုပ်စားချင်ရင် ၀ါးရုံရိပ်ကို သွားဖြစ်တယ်.. ရေနွေးကြမ်းကလည်း လဖက်ခြောက်ကောင်းကောင်းသုံးလို့ သောက်ကောင်းတာကိုး..

နောက်ပိုင်းကျတော့ ကန်တင်းဆိုင်ခန်းတွဲတွေ အသစ်ဆောက်လိုက်တယ်.. တစုတစည်းတည်းဖြစ်သွားတာပေါ့.. သီချင်းတွေအပြိုင်ဖွင့်ကြလို့ နားညည်းလိုက်တာမပြောပါနဲ့.. တဆိုင်နဲ့တဆိုင်က ကပ်နေတာမို့လား.. အသံတွေလုံးပြီး ဘယ်လိုမှ သာယာနာပျော်ဖွယ် ဖြစ်မလာနိုင်တော့ဘူးလေ.. ဆိုင်သစ်တွေလဲ ထပ်တိုးလာတယ်.. စီနီယာအစ်ကိုကြီးတွေစုပြီး Mr. Cupid ဆိုတဲ့ဆိုင်လေးတောင်ဖွင့်လိုက်သေးတယ်.. သိပ်မကြာလိုက်ပါဘူး.. သူငယ်ချင်းတွေဒဏ်မခံနိုင်ဘူးထင်ရဲ့.. ဆက်မလုပ်တော့ဘူးလေ.. တိုးလာတဲ့ဆိုင်တွေထဲက စုံစုံလင်လင်လေးရောင်းတာက မဟာနွယ်ဆိုတဲ့ဆိုင်လေးပါ.. တရုတ်ဟင်းတွေပါမှာလို့ရတယ်.. ဈေးတော့နည်းနည်းပိုတာပေါ့.. စမူဆာတို့ အီကြာကွေးတို့ ရတတ်လို့ မနက်စာစားလို့ကောင်းတဲ့ဆိုင်ပါ..

ကျွန်မတို့အဆောင်ရှေ့မှာလဲ ပြည့်ဝဆိုတဲ့ထမင်းဆိုင်လေးရှိတယ်.. စစချင်းတော့ မောင်နှမတတွေစုပြီးလုပ်ကြတာ.. ဟင်းချက်သိပ်မကောင်းလို့ သိပ်မစားဖြစ်ဘူး.. နောက်ပိုင်း သူတို့ဆီကနေဆိုင်ကိုပြန်ဝယ်လိုက်တဲ့ အန်တီအိက ဟင်းချက်ကောင်းတာမို့ ဒုတိယနှစ်တနှစ်လုံး ပြည့်ဝကိုပဲ အားပေးဖြစ်တယ်.. နေ့လည်စာစားတိုင်း သူငယ်ချင်းတွေတအုပ်ကြီး ပြည့်ဝကိုချီတက်ကြတာပေါ့.. နေ့ခင်းဘက်အတန်းလစ်ပြီး ကန်တင်းသွားဖြစ်ရင်တော့ အဘဆိုင်မှာ ရခိုင်မုန့်တီလေးသောက် လဖက်သုပ်လေးစား... ဂစ်တာတီးပေးတဲ့သူရှိရင် သီချင်းလေးဘာလေး လိုက်အော်ပေါ့.. စာကြည့်တိုက်ကယူလာတဲ့ စာအုပ်တစ်အုပ်အုပ်ထဲ ခေါင်းစိုက်နေဖြစ်တာက ပိုများပါတယ်.. ရေနွေးကြမ်းတွေ တအိုးပြီးတအိုးဖြည့်ခိုင်းလဲ မငြိုငြင်တတ်ကြပါဘူး.. နေ့ခင်းဘက် သီအိုရီချိန်များဆို တတန်းလုံးနီးပါး ကန်တင်းရောက်နေတတ်လို့ ကန်တင်းမှာရိုးကောလ်လိုက်ကောက်ရမတတ်ပဲ..

ကျောင်းကန်တင်းကမဟုတ်ဘဲ ကျောင်းကသူငယ်ချင်းတွေနဲ့ အတူတူခဏခဏထိုင်ဖြစ်တဲ့ ဆိုင်လေးလဲရှိသေးတယ်.. သင်္ကန်းကျွန်း ဘ၀မြင့်မှတ်တိုင်က လဖက်ရည်ဆိုင်လေးပေါ့.. ဒီဂျစ်တယ်ဆရာကြီး ဦးခင်ဌေးဆီမှာ သင်တန်းတက်ကြရင်း သင်တန်းချိန်ပြီးရင် အိမ်တန်းမပြန်ဘဲ လဖက်ရည်ဆိုင်ထိုင်တတ်ကြတာလေ.. မိန်းကလေးကတော့ ကျွန်မတစ်ယောက်တည်းပေါ့.. ဆိုင်နာမည်တောင် မသိတော့ဘူး.. ပေါ့ဆိမ့်တစ်ခွက်နဲ့ နေ၀င်ခဲ့တဲ့ညနေခင်းတွေ ကျွန်မဘ၀မှာအများကြီးပါပဲ.. ခြင်စာကျွေး သွေးလှူပွဲလေးလို့လဲ ပြောရင်ရသပေါ့လေ.. စမ်းချောင်းလမ်းထဲက အိမ်မဲမုန့်ဟင်းခါးဆိုင်လေးကလဲ ကျွန်မတို့တတွေရဲ့ ဆုံမှတ်ဖြစ်ခဲ့ဖူးသေးတယ်.. ဟင်းရည်ကျဲကျဲနဲ့ ငရုတ်ကောင်းနဲ့မွှေးမွှေးလေးမို့ ကျွန်မအရမ်းကြိုက်တဲ့ မုန့်ဟင်းခါးပေါ့.. ကျူရှင်မသွားခင် အမြဲတမ်းစားနေကျ..

ခု စလုံးမှ အလုပ်လုပ်နေတော့လဲ ကျွန်မတို့သင်္ဘောကျင်းက ဘယ်နေရာ ဘာစားသောက်ဆိုင်နဲ့မှ မနီးတာမို့ ရုံးကန်တင်းမှာပဲ နေ့စဉ်စားရပါတယ်.. တရုတ်ဆိုင်တဆိုင် ကုလားဆိုင်တစ်ဆိုင်နဲ့ အအေးတွေ အသီးတွေရောင်းတာကတစ်ဆိုင်... မနက်အစောကြီးတက်ရတဲ့အလုပ်ဆိုတော့ မနက်စာကိုလဲ ရုံးရောက်မှပဲ စားရတာပေါ့.. ကုလားဆိုင်ကတော့ မနက်တိုင်း ပလာတာ ဗယာကြော် မတ်ပဲကြော် မုန့်ပေါင်းတွေရောင်းတယ်.. ကုလားတွေများ ဘာလာလာပဲဟင်းလေးစမ်းပြီး ကြိတ်ပစ်လိုက်တော့တာကိုး.. တခါတလေတော့ ကုလားဆိုင်ကစားဖြစ်တယ်.. အမြဲတမ်းတော့ မစားနိုင်ဘူး.. ချွေးနံ့ကပါ မဆလာနံ့ထွက်လာတယ်ထင်ရအောင် အနံ့ပြင်းလွန်းလို့.. အများဆုံးစားတာကတော့ တရုတ်ကြီးဆီကပါ.. မနက်စာဆိုရင် ပုံမှန်ခေါက်ဆွဲကြော် ကြာဇံကြော်တွေအပြင် တနေ့တမျိုး စပါယ်ရှယ်လေးတွေရှိတယ်.. Fish Ball Mee တို့ Mee Rebus တို့ Laksa တို့ Wanton Mee တို့ပေါ့.. နေ့လည်စာဆိုရင်လဲ ဟင်းချက်မဆိုးဘူးပြောရမယ်.. အရသာလေးဘာလေးရှိသေးတယ်.. စလုံးထမင်းဆိုင်တွေက ဟင်းတွေအကြောင်း စားဖူးသူတိုင်းသိပါတယ်.. သူတို့လို အရသာမရှိအောင်ချက်ပြပါဆို ကျွန်မမချက်တတ်ဘူး တကယ်.. ဘာအရသာမှကိုမရှိတာ.. ဗမာပါးစပ်နဲ့တော့ တလွဲမှ တကယ့်ကိုတလွဲပဲ.. ရုံးကန်တင်းကဆိုင်ကတော့ တော်တော်လေးစားကောင်းတယ်.. ကံကောင်းတယ်ဆိုရမှာပေါ့.. စားမကောင်းလဲ ဘာမှမရှိတော့ သူ့ဆီမှာပဲစားရမှာကိုး..

ဘာရယ်မဟုတ်ပါဘူး.. ရုံးကန်တင်းမှာထိုင်ရင်း ကျောင်းကန်တင်းကိုသတိရမိသွားတာနဲ့ စိတ်ထဲရှိရာချရေးလိုက်မိပါတယ်..

Monday, August 16, 2010

ကျွန်မနဲ့ ကျွန်မရဲ့အလုပ်

စလုံးကို အလုပ်ရှာဖို့ရောက်လာတော့ အလုပ်မရမှာစိုးတဲ့စိတ်က နေ့နေ့ညညနှိပ်စက်တော့တာပဲ.. ကြုံဖူးသူတိုင်း သိပါတယ်.. တနေ့တနေ့ ရွတ်လိုက်ရတဲ့ဘုရားစာ.. လျှောက်လိုက်ရတဲ့အလုပ်ဆိုတာလဲ တနေ့ကို အခု၁၀၀မကဘူး.. အင်တာဗျူးရပြီဆို ရင်တဖိုဖိုနဲ့ မိုးသည်းသည်းလဲမရှောင်နိုင်ဘဲ အရောက်လှမ်းရတာပေါ့... ကျွန်မရောက်ရောက်ချင်းနေတဲ့ သူငယ်ချင်းအိမ်မှာက အင်တာနက်မရှိပါဘူး.. အိမ်နားက အင်တာနက်ဆိုင်လေးမှာ သွားပြီးအလုပ်လျှောက်ရတယ်.. သတင်းစာကို စောစောဝယ်.. သင့်တော်မယ့်အလုပ်လေးတွေရဲ့ လျှောက်ရမယ့် အီးမေးလ်လိပ်စာကို စာရွက်လေးတရွက်မှာကူးထားပြီး ဆိုင်ရောက်တာနဲ့ တန်းစီလျှောက်ပေါ့.. အလုပ်ခေါ်တဲ့ ၀ဘ်ဆိုက်တွေကို ၀င်ပြီးရှာရသေးတယ်.. တွေ့သမျှ အကုန်လျှောက်ပေါ့..

တနေ့ အင်တာနက်ဆိုင်မှာ အလုပ်လျှောက်နေတုန်း ဖုန်းမြည်လာပါတယ်.. ကိုင်လိုက်တော့ ထင်တဲ့အတိုင်း အင်တာဗျူးပါ.. နောက်နေ့မနက် ၈နာရီလာခဲ့ဖို့ခေါ်ပါတယ်.. ကျွန်မက လိပ်စာမေးတော့ သတင်းစာထဲမှာပါတယ်လို့ ပြောပြီး ကုမ္ပဏီနာမည်ပဲ ပြောသွားပါတယ်.. ကျွန်မလဲ ကျန်တဲ့လျှောက်စရာတွေကို မြန်မြန်လျှောက်ပြီး အိမ်ပြန် သတင်းစာထဲမှာ ရှာကြည့်ရတာပေါ့.. မတွေ့ပါ.. သူပြောသွားတဲ့ ကုမ္ပဏီနာမည်က ရှာလို့ကိုမရ.. အဲဒါနဲ့ ခုနကခေါ်ထားတဲ့နံပါတ်ကို ပြန်ဆက်လိုက်တယ်.. မိန်းကလေးတယောက်လာကိုင်ပါတယ်.. ခုနက လူကြီးတစ်ယောက် ငါ့ကို အင်တာဗျူးခေါ်ပြီး လိပ်စာတောင်းတာ မပေးပဲ ကုမ္ပဏီနာမည်နဲ့ သတင်းစာထဲရှာခိုင်းတယ်.. ရှာမတွေလို့ လိပ်စာလေးပြောပြပါလို့မေးတော့ သူက ခုနကခေါ်တာ သူ့ဘော့စ်ဖြစ်မယ်တဲ့.. နင်ဘယ်ရှာတွေ့မလဲ ကြော်ငြာထဲမှာ ကုမ္ပဏီနာမည်မပါဘူးတဲ့လေ.. စိတ်တိုလိုက်တာအရမ်းပဲ.. လိပ်စာရလိုက်လို့ တော်သေးတာပေါ့..

နောက်နေ့ကျတော့ အစောကြီးထပြီး သွားလိုက်တယ်.. လိပ်စာကိုတော့ လွယ်လွယ်ကူကူရှာတွေ့ပြီး ၀င်ရမယ့်အပေါက်ရှာမတွေ့လို လည်နေတာနဲ့ ၉နာရီထိုးခါနီးမှ ရောက်သွားပါတယ်.. ဒါတောင် အကြာကြီးစောင့်လိုက်ရသေးတယ်.. ကျွန်မလျှောက်လိုက်တာက လျှပ်စစ်အင်ဂျင်နီယာရာထူးပါ.. ခေါ်တာက သင်္ဘောကျင်းဆိုတော့ ရမယ်ကို မထင်တော့ဘူး.. သူတို့ကလဲ မှားပြီးခေါ်လိုက်တာတဲ့.. ရောက်လာမှတော့မထူးဘူး.. တခြားရာထူးတစ်ခု မိန်းကလေးနဲ့ကိုက်တာရှိတယ်.. ဖြေသွားလိုက်ပါဆိုလို့ ဖောင်တွေဘာတွေဖြည့်ပေါ့.. ဖြေရတဲ့ရာထူးက Planning Officer တဲ့.. ဘာမှန်းတောင်မသိဘူး.. အင်တာဗျူးမှာ မေးသမျှကို မသိဘူးချည်းပဲဖြေတာ.. သိမှမသိတာကို.. OHS Management System သိလားတဲ့.. ကြားတောင်မကြားဖူးဘူး.. ISO ရောတဲ့.. ကြားတော့ကြားဖူးတယ်.. သေသေချာချာတော့ မသိဘူးပေါ့.. ရုံးခန်းထဲမှာပဲ ထိုင်လုပ်ရမယ့်အလုပ်ကို ကြိုက်လားတဲ့.. Yes, of course ပေါ့.. ကြိုက်မှကြိုက်ပဲ.. ကျွန်မကိုဗျူးတာက မနေ့က ကျွန်မကိုဖုန်းဆက်ခေါ်တဲ့ လူကြီးပဲလေ.. Human Resource Manager တဲ့.. နင်မသိတာတွေ သင်ပေးပါမယ်.. နင်လုပ်ကိုလုပ်နိုင်မယ်လို့ ငါယုံတယ် ဘာညာနဲ့ပြောလိုက်ပြီး သူဌေးဆီက Approval ယူပြီးရင် အကြောင်းကြားလိုက်မယ်ဆိုလို့ ပြန်လာခဲ့လိုက်တယ်..

နောက်တနေ့ကျတော့ အရင်သွားထားတဲ့ အင်တာဗျူးတစ်ခုက နောက်တဆင့်ဗျူးဖို့ထပ်ခေါ်တာနဲ့ သွားရပါတယ်.. အင်တာဗျူးခန်းထဲရောက်နေတုန်း.. မနေ့ကဂျာကြီးက ဖုန်းတဂွမ်ဂွမ်ခေါ်ပါတော့တယ်.. ဘယ်ဖုန်းကိုင်နိုင်ပါ့မလဲ.. အင်တာဗျူးပြီးတော့ သူတို့က အလုပ်ခန့်မယ်.. စ၀င်ဝင်ချင်း ဘယ်လောက်ပေးမယ်.. ၃လနေရင် ဘယ်လောက်ဖြင့်တိုးပေးမယ်လို့ညှိပါတယ်.. ကျွန်မလဲ မနက်ဖြန်မှအကြောင်းပြန်ပါရစေဆိုပြီး ပြန်ခဲ့ပါတယ်.. အပြန်လမ်းမှာ ဟိုဘက်က မန်နေဂျာကြီးကိုဖုန်းခေါ်လိုက်တော့ ခုနက ဘာလို့ဖုန်းမကိုင်တာလဲလို့ မေးပါတယ်.. ကျွန်မက အမှန်အတိုင်းပြောလိုက်တော့ သူတို့က ဘယ်လောက်ပေးလဲလို့ မေးပါတယ်.. ပြောပြလိုက်တယ်.. ငါတို့ ၁၀၀ ပိုပေးပါမယ်.. မနက်ဖြန် S Pass တင်ပေးမယ် လာခဲ့ပါဆိုလို့ လက်ခံလိုက်မိတယ်.. အဲဒီတုန်းက Online တင်တာခောတ်မစားသေးတော့ စာတိုက်ကနေပဲတင်တာပေါ့.. အကြာကြီးစောင့်ရပါတယ်.. စိတ်ပူလိုက်ရတာလဲမပြောပါနဲ့.. ကိုယ်ရထားတဲ့ဘွဲ့နဲ့ တင်တဲ့ရာထူးနဲ့က ဘာမှမဆိုင်တာကြီးလေ..

တစ်လကျော်လောက်ကြာတော့ S Pass ကျလာပါတယ်.. ဆေးစစ်တာ ကဒ်ဖိုးသွင်းတာ ဘာမှ အိတ်စိုက်စရာမလိုဘူးလေ.. မဆိုးဘူးလို့တွေးမိတယ်.. အလုပ်စ၀င်တော့ ကျွန်မကို သင်ပေးပါမယ်ဆိုတဲ့ ဂျာကြီးက ဖိုင်တွေအထပ်လိုက်ထိုးပေးပြီး ဖတ်ခိုင်းပါတော့တယ်.. ကျောင်းမှာတုန်းက ဆရာတွေနဲ့ ကိုယ်နဲ့အတူတူ စာဖတ်ပြီး သင်လာရတာမို့ တော်သေးတယ်ပြောရမယ်.. နားမလည်တာများရှိလို့ ဂျာကြီးကိုမေးမယ်မကြံနဲ့.. ငါလဲသေသေချာချာတော့မသိဘူး ဆိုတာနဲ့ပဲ တိုးရပါတော့တယ်.. သူ့ကျေးဇူးကြောင့် အင်တာနက်သုံးတာ တော်တော်ကျွမ်းသွားတယ်.. တနေ့တနေ့ စလုံးအစိုးရဌာနတွေရဲ့ စာမျက်နှာတွေကို ၀င်ကြည့်.. လိုအပ်တာတွေ ဒေါင်းလုဒ်ဆွဲ.. အိမ်အထိယူသွားပြီးဖတ်ရတယ်.. ဂျာကြီးလွှတ်သမျှ သင်တန်ပေါင်းစုံလဲ တက်လိုက်ရတာအမောပဲ..

Safety Management System ဆိုတာဘာမှန်းနည်းနည်းသိခါရှိသေး Internal Audit လုပ်ရမယ်ဆိုတော့ ဘာတွေမေးလို့ ဘာတွေစစ်ရမှန်းမသိ.. တတ်သာမတတ်သေးတာ လည်တော့လည်တယ်လေ.. Audit Plan ဆွဲတော့ ၀ါရင့်ကြီးတွေကို အဖွဲ့ခေါင်းဆောင်တင် အဖွဲ့တိုင်းမှာ ငယ်သားလိုက်လုပ်လိုက်တော့ သိသွားတယ်.. ဘယ်ဌာနကို ဘာတွေမေးရတယ်.. ဘာစာရွက်စာတမ်းတွေစစ်ရတယ်ဆိုတာကိုပေါ့.. Internal Audit ပြီးလို့ ပေါ့သွားမယ်မထင်နဲ့ Management Review ဆိုတာက ကပ်ပါလာရော.. ၁နှစ်လုံးလုပ်ထားသမျှတွေကို Management က Review လုပ်တာပေါ့.. သူတို့ Review တာက ၂နာရီလောက်.. Review စရာတွေကို ပြင်ဆင်ရတာက ၂ပါတ်လောက်ကြာပါတယ်.. MR ပြီးသွားပြန်တော့ လာပါပြီ .External Audit. ကျရင်တော့သွားပြီပေါ့.. ကံများကောင်းချင်တော့ Minor Non-conformities လေးတွေ ၄ခုလောက်နဲ့ပြီးသွားတယ်.. ပြီးတော့ ကျွန်မအလုပ်ဝင်တာ ၆လပြည့်ပြီ.. အစမ်းခန့်ကနေ အတည်ခန့်ဖြစ်သွားပါတယ်.. လစာလဲ ၂၀၀ တိုးပေးတယ်ပေါ့.. ခိုင်းကောင်းမှန်းသိသွားပြီလေ.. နောက်ပိုင်းတော့ Safety နဲ့မဆိုင်တာတွေလဲ ကူလုပ်ပေးလာရပါတယ်.. လိုင်စင်တွေလျှောက်တာ Renew လုပ်တာ.. Work Permit တွေ S Pass တွေလျှောက်တာကအစ Admin ပိုင်းတွေအဆုံး လိုရင်လိုသလို ကူပေးရပါတော့တယ်..

မနှစ်က နှစ်လယ်လစာတိုးခါနီးကျတော့ Salary Administration ကိုကိုင်တဲ့ တရုတ်လေးက အလုပ်ထွက်သွားပါတယ်.. လုပ်မယ့်သူမရှိတာနဲ့ မနေနိုင်မထိုင်နိုင် ကူညီလိုက်မိတာ Salary Administration တခုလုံး ကျွန်မလက်ထဲကိုရောက်လာပါတော့တယ်.. နှစ်ကုန်ကျရင် ၁၃လစာပေးဖို့.. ဆုကြေးတွေတွက်ဖို့.. ပထမနှစ်ပတ်လည်မှာ လစာတိုးပေးဖို့ အားလုံးလုပ်ရပါတော့တယ်.. လူ ၃၅၀စာလောက်ဆိုတော့ တော်သေးတယ်ပြောရမှာပေါ့.. ၁၀၀၀စာလောက်ဆိုရင်တော့ သေပြီဆရာပဲ.. Excel မှာသုံးတဲ့ Formula တွေ.. Words Document နဲ့တွဲပြီး Mail Merge လုပ်တာတွေ စုံနေအောင်လေ့လာရတယ်.. အသိပညာတိုးတာတော့အမှန်.. ခေါင်းစားရတာလဲအရမ်းပဲ.. မှားသွားရင် အထုခံရမှာမို့ သတိထားနေရတာကြီးက တော်တော်ဆိုးပါတယ်.. တစ်နှစ်စာလုပ်ပြီးသွားတော့ တော်တော်လေးနေသားကျသွားတယ်ဆိုရမယ်..

ဒီနှစ် နှစ်လည်လစာတိုးတဲ့အစီအစဉ်မှာ ကျွန်မကို ရာထူးတိုးပေးပါတယ်.. Senior Planning Officer တဲ့.. လစာလဲ ၂၅၀တိုးသွားတယ်ပေါ့.. အကြံအစည်တစ်ခုခုတော့ရှိရမယ်လို့ ခေါင်းတော့ခပ်ကျိမ်းကျိမ်းဖြစ်နေတုန်း ဒီမနက် ဌာနတွင်း Discussion အပြီးမှာ တရားဝင်ကြေငြာပါတော့တယ်.. ခုကစပြီး Salary Administration ကို လုံးဝတာဝန်ယူရပါမယ်တဲ့.. ဘယ်သူလုပ်ထားတာပဲဖြစ်ဖြစ် လစာနဲ့ပါတ်သတ်ပြီး တခုခုမှားခဲ့ရင် ကျွန်မက တာဝန်ယူရပါမယ်တဲ့လေ.. လူမိုက်ငှားလိုက်ပါပြီ.. ဘာပဲဖြစ်ဖြစ် တိုးပေးထားတဲ့လစာလေးမျက်နှာနဲ့ လုပ်ကိုလုပ်ရပါတော့မယ်.. ကျန်တဲ့သကောင့်သားတွေလုပ်သမျှကိုလဲ မျက်ခြေမပြတ်ကြည့်နေရပါတော့မယ်.. ကိုယ့်ကိုယ်ကိုယ်တော့ ဆုတောင်းပေးလိုက်မိတယ်.. “ကံကောင်းပါစေပွင့်မြူးဇင်ရေ”လို့...

Thursday, August 5, 2010

နေ့နဲ့ည ရေရင်လေ၂၈နှစ်

လွန်ခဲ့တဲ့ ၂၈နှစ် ဒီနေ့မှာ ခုလိုပဲ ၀ါထပ်တဲ့နှစ်မို့ မိုးတွေကသည်းမှသည်းပဲတဲ့.. ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ မေမေက ငွေထမင်းစားချင်တယ်ဆိုလို့ ကြီးကြီးငွေက ငွေထမင်းလုပ်ကျွေးတယ်.. အဲဒီအချိန်မှာ မေမေ့ယောင်းမ ကြီးကြီးနွယ်က အရှေ့ပိုင်းဆေးရုံမှာ ကလေးမွေးဖို့ရောက်နေတယ်လေ.. သူကမွေးရမယ့်ရက်ကို ၁၀ရက်လောက်တောင်ကျော်နေလို့ ခွဲမွေးရတော့မှာ.. နောက်ယောင်းမတစ်ယောက်ဖြစ်တဲ့ ကြီးကြီးဘေဘီက ကလေးဆရာဝန်အဖြစ် အရှေ့ပိုင်းဆေးရုံမှာပဲ တာဝန်ကျနေတယ်.. ဆေးရုံဝင်းထဲက ၀န်ထမ်းအိမ်ယာမှာပဲနေတယ်လေ.. မေမေက ကြီးကြီးနွယ်ကို သွားကြည့်ရင်း ကြီးကြီးဘေဘီစားဖို့ ငွေထမင်းတွေတောင် ယူသွားပေးသေးတယ်တဲ့.. ဆေးရုံရောက်တော့ ဗိုက်ထဲကနာလာသလိုပဲဆိုလို့ ဒေါက်တာခင်သိန်းဦးက စမ်းကြည့်ပြီးတော့ မွေးခါနီးပြီဆိုပြီး မေမေ့ကိုအိမ်ပေးမပြန်တော့ပါဘူး.. မေမေလဲ ဖေဖေအိမ်ပြန်ပြီး ပစ္စည်းတွေသွားယူနေတုန်း ကြီးကြီးဘေဘီတို့အိမ်ကိုသွား ရေချိုး ခေါင်းလျှော် အကြိုက်ကိုလုပ်တော့တာပဲ.. သူတို့အိမ်မှာချက်စားတဲ့ အုန်းနို့ခေါက်ဆွဲကိုတောင် တဝကျိတ်လိုက်သေးတယ်လေ.. ဘဘမျိုးကတောင် နောက်နေသေးတယ်.. အုန်းနို့ခေါက်ဆွဲစားချင်လို့ ဗိုက်နာချင်ယောင်ဆောင်တာ မဟုတ်လားလို့..

ကြီးကြီးနွယ်က ၄နာရီကျော်လောက်မှာ မွေးပါတယ်.. အဲဒီအချိန်ထိ မေမေက ဗိုက်သိပ်မနာသေးဘူးတဲ့.. နောက်ကျမှ ချက်ချင်းပဲနာလာပြီး ကျွန်မကို ၆နာရီ ၁၀မိနစ်မှာမွေးပါတော့တယ်.. မွေးစက ၈ပေါင်နဲ့၁၀အောင်စတောင်ရှိတယ်တဲ့.. ၀တုတ်ကြီးပေါ့.. မေမေက အသက်၂၀မှာကျွန်မကိုမွေးတာလေ.. ကျွန်မကလဲအစားပုတ် မေမေကလည်းနို့အများကြီးထွက်တော့ ကျွန်မငယ်ငယ်တုန်းက တော်တော်လေးဝပါတယ်.. လက်တွေမှာဆို ကောက်ညှင်းထုပ်လို အရစ်အရစ်တွေဖြစ်နေတာ.. ဆံပင်တွေကလိမ်ကောက်ကွေးနေတာပဲ.. ပါးကြီးတွေကလဲဖောင်းလို့.. ကြီးကြီးနွယ်ကမွေးတဲ့ ကျွန်မထက်၂နာရီကြီးတဲ့ အစ်မလေးကတော့ သေးသေးလေးတဲ့.. ကြီးကြီးနွယ်က နို့သိပ်မထွက်တော့ သူ့ဖေဖေက မေမေ့ဆီခေါ်ခေါ်လာပြီး နို့တိုက်ခိုင်းတတ်တယ်.. ကျွန်မတို့၂ယောက်က နို့စို့ဖက်တွေပေါ့.. မေမေ့နို့ကလဲ ၂ယောက်ဝိုင်းသောက်တာတောင် တနေ့တနေ့ မတ်ခွက်ကြီးနဲ့အပြည့် ညှစ်ထုတ်ပစ်ရသေးတယ်တဲ့.. ညညဆို နို့တွေသက်လို့ ပုဆိုးနဲ့တောင်ခံထားရတယ်ဆိုပဲ.. တညတော့ နို့တွေသက်ပြီး ကျွန်မခေါင်းမှာရွှဲနေတော့ ပရွက်ဆိတ်တွေကို အုံခဲနေတာပဲတဲ့.. တော်သေးတာပေါ့ မကိုက်တတ်တဲ့အမဲရောင်ကောင်တွေမို့လို့..

ကျွန်မက ငယ်ငယ်တုန်းက တော်တော်လေးအေးတယ်ပြောတာပဲ.. ချထားရင် ထားတဲ့နေရာမှာ ငြိမ်နေတာပဲတဲ့.. အငိုလဲနည်းတယ်ဆိုပဲ.. ကျွန်မကို နာမည်ပေးဖို့စဉ်းစားကြတော့ ဖေဖေနဲ့မေမေက တယောက်တလုံးစီရွေးကြဖို့ သဘောတူကြတယ်.. နောက်ဆုံးမှာတော့ အဖိုးနာမည် ဇင် ဆိုတာကိုထည့်မယ်ပေါ့.. ဖေဖေက ပွင့်ဆိုတာလေးရွေးလိုက်တယ်.. မေမေကတော့ မြူး ဆိုတဲ့စာအုပ်တိုက်နာမည်လေးကိုသဘောကျတယ်တဲ့.. ပထမတော့ ဖေဖေက မြူးဆိုတာကို မကြိုက်ဘူးတဲ့.. အနေအေးတဲ့ကျွန်မနဲ့ မလိုက်ဘူးပေါ့.. မေမေက မရဘူး သူရွေးထားတာ ပေးကိုပေးရမယ်ဆိုလို့ ကျွန်မနာမည် ပွင့်မြူးဇင် ဖြစ်လာပါတယ်.. အိမ်နာမည်ကတော့ မြူးမြူးပေါ့.. ကျွန်မမိဘတွေ နာမည်ပေးတာ တော်တယ်ပြောရမယ်.. ခုထက်ထိ ကျွန်မနဲ့နာမည်တူ တယောက်မှမတွေ့ဖူးသေးဘူး.. ခပ်ဆင်ဆင်လေးတောင် မတွေ့ဖူးဘူးလေ.. ညီမလေးနာမည် ၀င့်ထူးဇင်ကမှ ဇင်ဝင့်ထူးဆိုတာ တွေ့ဖူးသေးတယ်..

ကျွန်မသူငယ်တန်းကျောင်းစတက်တော့ ရန်ကင်း အ.မ.က (၈)မှာ တက်ပါတယ်.. ကျောင်းကစည်းကမ်းကြီးတယ်.. မိဘတွေကို ကျောင်းထဲပေးမဝင်ဘူး.. ကျွန်မက ထမင်းကိုယ့်ဟာကိုယ်မစားတတ်သေးတော့ နေ့လည်ထမင်းစားချိန်ဆို မေမေကကျောင်းရှေ့ကိုလာ ကျွန်မကအပြင်ထွက်ပြီး ထမင်းသွားသွားစားရတာ မှတ်မိသေးတယ်.. ကျွန်မက ငယ်ငယ်တုန်းက တော်တော်ကြောက်တတ်ပါတယ်.. အတန်းထဲမှာ ဆရာမက သူများတွေကိုဆူရင်လဲ ကျွန်မကကြောက်လို့ ငိုပါတယ်တဲ့.. နောက်တော့ ဆရာမက ဆူချင်ရင် ပွင့်မြူးဇင်မပါဘူးလို့ ပြောပြီးဆူရတယ်တဲ့လေ.. အဲဒီတုန်းက ကျွန်မရဲ့ဟီးရိုးက နှင်းဝတ်ရည်သောင်းပါ.. သူကယောက်ျားလျာလိုပဲ အရမ်းလဲစွာပါတယ်.. သူများတွေကျွန်မကို အနိုင်ကျင့်ရင် သူကရှေ့က စွာပေးပါတယ်.. နည်းနည်းကြီးလာတော့ ကျွန်မ မကြောက်တတ်တော့ပါဘူး.. မေမေကဆို ခုထိပြောတုန်း.. သမီးကို ခုလိုထက်ထက်မြက်မြက်ဖြစ်လာမယ်လို့ ထင်ကိုမထင်ထားဘူးတဲ့..

ကျွန်မ၁၂နှစ်သမီးလောက်မှာ မေမေက စင်္ကာပူကို အလုပ်လုပ်ဖို့ ထွက်သွားပါတယ်.. ဖေဖေကလဲ သင်္ဘောလိုက်နေတုန်းဆိုတော့ မောင်နှမသုံးယောက်သား အဖွားတွေအဒေါ်တွေနဲ့ ကျန်ခဲ့တာပေါ့.. အဲဒီကစလို့ ကျွန်မရင့်ကျက်လာခဲ့တယ်ဆိုရမယ်.. မိဘနဲ့ဝေးနေတော့ ညီမလေးနဲ့မောင်လေးအပေါ် မိဘမေတ္တာကို ပေးနိုင်အောင်ကြိုးစားရင်း ကျွန်မတဖြေးဖြေး ရင့်ကျက်လာခဲ့တယ်ပေါ့.. တော်ယုံပြသနာဆို လူကြီးတွေမသိစေပဲ ကိုယ်တိုင်ရှင်းပစ်လိုက်တယ်.. ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအပေါ် ယုံကြည်မှုလေးလဲ ရှိလာတယ်လေ.. နောက်ပိုင်း ကျွန်မဖေဖေက ကျန်းမာရေးမကောင်းလို့ အလုပ်နားလိုက်ရတော့ ဖေဖေ့ရဲ့ အနီးကပ်ဆိုဆုံးမမှုတွေအောက်မှာ ကျွန်မတို့သုံးယောက်လုံး လူလားမြောက်ခဲ့ရတယ်ပေါ့.. အေးဆေးတဲ့ဖေဖေက ဘယ်တော့မှ စကားကြမ်းကြမ်းတွေနဲ့ မဆုံးမတတ်ပါဘူး.. လေအေးလေးနဲ့ နားဝင်အောင်ပြောတတ်လို့ ကျွန်မတို့လဲ ဖေဖေ့စကားဆို တသက်စွဲနေအောင် မှတ်မိနေရော..

မှော်ဘီမှာ အဆောင်နေပြီး ကျောင်းတက်ရတော့ ကျွန်မပိုပြီး Independent  ဖြစ်လာတယ်.. ကိုယ်တယောက်စာအလုပ်တွေကို ကိုယ်တိုင်လုပ်တတ်လာတယ်လေ.. အဝတ်လျှော်တာ.. မီးပူတိုက်တာ.. ဟင်းချက်တာတွေလဲ ပိုကျွမ်းလာတယ်.. အိမ်မှာက လုပ်ခွင့်မှမရပဲကိုး.. ကျောင်းတက်ခဲ့တဲ့၅နှစ်အတွင်း ဘဝအကြောင်း အချစ်အကြောင်း လူတွေရဲ့စရိုက်တွေအကြောင်းကို အများကြီးပိုသိလာတယ်.. ကျွန်မရဲ့လက်တွဲဖော်နဲ့လဲ တွေ့ဆုံခွင့်ရခဲ့တယ်လေ.. ကျွန်မကျောင်းပြီးသွားတော့ သူကကျောင်းမပြီးသေးဘူး.. တခြားအလုပ်လဲမလုပ်ချင်လို့ ကျူရှင်ပဲလိုက်သင်ဖြစ်တယ်.. ဂျီတီစီကကျောင်းသားတွေကိုပဲပေါ့.. ကျောင်းပြီးတာက ၂၀၀၅မှာ စလုံးကိုရောက်တာက ၂၀၀၇.. အလုပ်ကို အသည်းအသန်ရှာရတာပေါ့.. ကံကောင်းချင်တော့ ကုမ္ပဏီခပ်ကြီးကြီးမှာ အလုပ်ရတယ်.. ၁၃လစာလေးလဲမှန်မှန်ပေးတယ်.. နှစ်ကုန်ဆုကြေးကလဲ ၅လစာလောက် အနည်းဆုံးပေးတယ်လေ.. ကံပါပဲ.. အလုပ်လက်ခံတုန်းကဆို အဲဒါတွေရမှန်း သိတောင်မသိဘူး.. မေးရကောင်းမှန်းလဲ သိတာမဟုတ်ဘူး.. အလုပ်ရသွားတော့ မောင့်ကို ကျောင်းလျှောက်ပေးလိုက်ပြီး လှမ်းခေါ်လိုက်တယ်.. မောင်ရောက်လာတော့ အတူတူနေကြရမှာဆိုပြီး မင်္ဂလာပွဲကို ခပ်မြန်မြန်ပဲ စီစဉ်ဖြစ်သွားတယ်လေ.. ၂၀၀၈ ခုနှစ် ဧပြီလ ၆ရက်နေ့ပေါ့.. မိဘတွေဆီကမတောင်းချင်လို့ ကိုယ်ဆုကြေးရတဲ့ပိုက်ဆံနဲ့ ကိုယ့်စိတ်ကြိုက်လုပ်ပစ်လိုက်တယ်.. အဲဒီနေ့က ကျွန်မအပျော်ဆုံးနေ့တွေထဲက တနေ့ပေါ့..

သားသားကိုယ်ဝန်၆လလောက်ရှိတဲ့အချိန်မှာ ကျွန်မဖေဖေဆုံးသွားပါတယ်.. နှစ်ရှည်လများ ခံစားခဲ့ရတဲ့ ဝေဒနာတွေ ချုပ်ငြိမ်းသွားတာပေါ့ရယ်လို့ပဲ ကြိုးစားဖြေသိမ့်ရတယ်ပေါ့.. ဖေဖေမဆုံးခင် ဖေဖေလိုချင်တဲ့အိမ်လေးကို ကျွန်မပိုက်ဆံနဲ့ ၀ယ်ပေးနိုင်ခဲ့တာတခုတော့ ဖြေစရာရှိတယ်လေ.. နိုဝင်ဘာလကုန်ပြန်မယ်လို့ စီစဉ်ထားပြီးဖြစ်တော့ ဖေဖေဆုံးတဲ့အချိန် အောက်တိုဘာလမှာ ကျွန်မမပြန်နိုင်ခဲ့ပါဘူး.. အဝေးကနေပဲ မှန်းပြီး ကန်တော့လိုက်ရတယ်လေ.. စီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာလကုန်မှာ ရန်ကုန်ကိုပြန်.. ဇန်နဝါရီ ၁ရက်နေ့မှာ သားသားကိုမွေးခဲ့တယ်.. ဘေးနားမှာ ယောက်ျားလဲမရှိ အမေလဲအရှိ မောင်နှမအရင်းချာတွေတောင်မရှိပဲ သားသားကိုမွေးခဲ့တာ.. မောင်က အလုပ်ဝင်စဆိုတော့ ခွင့်ယူလို့မရသေးတာမို့ ပြန်မလာခဲ့နိုင်ဘူးလေ.. သားသားက ကံကောင်းခြင်းတွေ ယူလာပေးခဲ့တယ်ဆိုရမယ်.. သားသားကိုယ်ဝန် ၇လလောက်မှာ မောင်လဲ ကျွန်မတို့အလုပ်ထဲမှာပဲ အလုပ်ရသွားခဲ့တယ်.. ကျွန်မတစ်ယောက်စာ ၀င်ငွေလေးနဲ့ မောင်ရဲ့အချိန်ပိုင်းအလုပ်လေးနဲ့သာဆို သားသားကို ဒီမှာထားနိုင်ဖို့ အဝေးကြီးပေါ့.. ကလေးစားရိတ်က ကြီးမှကြီးကိုး.. ခုတော့ ဒီကျွန်းလေးမှာ ကျွန်မရယ် မောင်ရယ် သားသားရယ် အတူတူရှိနေပါတယ်..

ဒီနေ့ ကျွန်မ ၂၈နှစ်ပြည့်ပြီ.. ၂၈နှစ်စာ အဖြစ်အပျက် အတွေ့အကြုံလေးတွေကို ပြန်တွေးကြည့်ရင်း အမှတ်တရပို့စ်လေး တင်လိုက်တာပါ.. ကျွန်မနဲ့ တနေ့တည်းမွေးတဲ့ ကျွန်မထက် ၂နာရီကြီးတဲ့အစ်မ ဖွေးဖြူသဲကိုလဲ ပျော်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

Wednesday, August 4, 2010

အလင်း VS အမှောင်


တဒင်္ဂလေးပါပဲ..
အရောင်တောက်နေတဲ့တိမ်တွေအောက်
ဆုံမှတ်တူတဲ့မျက်ဝန်းတွေမှာလဲ
တိမ်ရောင်တွေဟပ်ပြီး လင်းလက်လို့...

ဒါပေမယ့်..
တို့အတူရောက်နေခဲ့တာကတော့
အချင်းချင်းတောင်မမြင်နိုင်လောက်တဲ့
အမှောင်ကမ္ဘာထဲလေ...

ပွင့်မြူးဇင်
၎.၈.၂၀၁၀

Photo Credit to My Best Friend, PPA.

Thursday, July 22, 2010

မိုးရာသီထဲ

သုံးရာသီရှိတဲ့ထဲမှာ မိုးရာသီကို ကျွန်မအချစ်ဆုံး.. မိုးရာသီမှာမွေးတဲ့ကျွန်မ မိုးရာသီကိုချစ်တာ ဘာဆန်းလဲ.. ငယ်ငယ်လေးကတည်းက မိုးရေစက်တွေကို ချစ်တတ်ခဲ့တယ်.. မိုးတွေသည်းလာရင် အရမ်းကိုပျော်တတ်ခဲ့သူပေါ့.. နွေရာသီတိုင်း မိတ်တွေထွက်ပြီး နေရခက်လွန်းလို့ မိုးကိုမျှော်ရတာအမော.. မိုးရေချိုးမှ မိတ်ပျောက်မှာကိုး.. မိုးရေထဲမှာ ဘောလုံးကန်ရတာလဲ အရမ်းပျော်ပေါ့.. ရွှံ့တွေလူပြီး ကျွဲရုပ်ထွက်တဲ့အထိကို ဆော့ပစ်တာ.. မိုးရေထဲမှာ ထီးမဆောင်းပဲလမ်းလျှောက်ရင်း မျက်နှာကိုလာထိတဲ့ မိုးစက်အေးအေးလေးတွေရဲ့အထိအတွေ့ကို သိပ်ကြိုက်တာပေါ့.. မိုးဦးကျမှာ စစချင်းရွာတဲ့မိုးကြောင့် ဖုန်တွေသိပ်သွားပြီး ထွက်လာတဲ့မြေသင်းနံ့လေးကိုလဲ အရမ်းသဘောကျတယ်.. မိုးစဲသွားလို့ နေပွင့်လာရင် ရေစိုသစ်ရွက်တွေကို နေထိုးလို့ တလက်လက်တောက်ပနေတာကလဲ လှမှလှပဲ..

မိုးရာသီရောက်ပြီဆို ကျွန်မကြိုက်တဲ့ အစားအသောက်တွေကလဲ ပေါမှပေါပေါ့.. ငါးသေးသေးလေးတွေ ပုဇွန်ဆိတ်လေးတွေကို ပင်စိမ်းရွက်လေးအုပ်ပြီး အိုးကပ်ချက်ထားတာက တခွက် ပိန်းဥဟင်းခါးလေးနဲ့ ငပိထောင်းတို့စရာအစုံနဲ့များဆို ခေါင်းတောင်မဖော်နိုင်ဘူးပေါ့.. ထမင်းစားပြီး အချိုတည်းစရာ သရက်သီးမှည့်လေးကလည်း ရှိသေးတယ်.. မျှစ်တို့ ဖလံတောင်ဝှေးတို့ ဇရစ်တို့ ကြိုက်တဲ့ကျွန်မအတွက် မိုးရာသီဆို စားလို့ကိုမကုန်နိုင်ဘူး.. ငပိရည်ကို ငါးကင်လေးထည့်ပြီး ငရုတ်စိမ်း ကြက်သွန်ဖြူထောင်းနဲ့ဖျော်.. သရက်ကင်း မာလာဖူး တို့စရာတွေနဲ့ ချည်ပေါင်ပုဇွန် အရည်သောက်လေးများတွဲလိုက်ရင် ထမင်းဝိုင်းကတောင် မထနိုင်တဲ့အထိပဲ.. မိုးရာသီမှာ လှိုင်လှိုင်ပေါ်တဲ့ တရုတ်ကန်စွန်းကြီးတွေကို အရိုးချည်းပဲ ကြော်စားရတာလဲ အရမ်းကြိုက်တယ်.. ကန်စွန်းရိုးကြော်ရယ် ဗူးသီးဟင်းခါးလေးရယ် ပုဇွန်ချဉ်သုပ်လေးရယ်ကလဲ သိပ်ကိုလိုက်ဖက်တဲ့ ဟင်းစပ်လေးပေါ့.. ဇရစ်ရိုးရယ် ကန်စွန်းရွက်ရယ် ချည်ပေါင်ရွက်ရယ်ကို ပုဇွန်သေးသေးလေးတွေဆီသတ်ပြီး စိုစိုလေးကြော်စားရတာလဲ အရမ်းကို ထမင်းမြိန်စေတယ်လေ.. ပြီးတော့ ရခိုင်လို ဒေါင်းပျောက်လို့ခေါ်တဲ့ (ဗမာလိုတော့ ငါးပျံမွှေးလို့ ခေါ်တယ်ထင်တယ်) ငါးတမျိုးကို ဆီမပါပဲ ကြက်သွန်ဖြူ၊ နီ၊ ချင်း နဲ့ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး လုံးချက်တဲ့အိုးကပ်လေးကလဲ ကျွန်မအရမ်းကြိုက်တဲ့ဟင်းပေါ့..

မိုးရာသီဆို ကျောင်းတွေစတက်ရတယ်.. မိုးကာလေးဝတ် ထီးလေးဆောင်းပြီး ကျောင်းသွားရတာလဲ ပျော်စရာပေါ့.. ကျောင်ဆင်းချိန်မိုးရွာရင်တော့ လွယ်အိတ်ကို ကျွတ်ကျွတ်အိပ်ထဲထည့်ကိုင်ပြီး မိုးရေထဲလမ်းလျှောက်ပြန်ဖြစ်တာများတယ်.. လမ်းမှာတွေ့သမျှ ရေအိုင်ဗွက်အိုင်တွေထဲဆင်းဆော့ အချင်းချင်းရွှံ့ရေစင်အောင် ရေအိုင်ထဲခုန်ချနဲ့ အိမ်ရောက်ရင်တော့ ပေတူးလန်လို့ပေါ့.. ညနေဘက်တွေဆို ပါပါကြီး (အဘိုး) နဲ့အတူတူ ချောင်းစပ်ဆင်ပြီး ကြာဟင်းညွန့်တွေခူးကြ ရွှံ့တွေတူးပြီး အရုပ်လုပ်ကစားကြနဲ့ အရမ်းကိုပျော်ဖို့ကောင်းခဲ့ပါတယ်.. ဗွက်လူးအောင်ဆော့ပေမယ့် ကာဘော်လစ်ဆပ်ပြာကျေးဇူးကြောင့် ၀ဲမပေါက်တာပဲ တော်သေးတယ်ပြောရမယ်..

ဂျီတီစီကျောင်းတက်တော့လဲ မိုးရာသီဆို အရမ်းပျော်ဖို့ကောင်းတယ်.. ကျောင်းဝင်းထဲမှာပေါက်တဲ့ ဖလံတောင်ဝှေးတွေလိုက်ခူး.. သရက်သီးတွေခူး.. မိုးရေထဲလျှောက်ဆော့နဲ့.. မိုးအရမ်းသည်းလို့ ဆရာတွေအတန်းမဝင်နိုင်ရင်လဲ အကြိုက်ပဲ.. မိုးအေးအေးမှာ အဘဆိုင်သွား.. ရခိုင်မုန့်တီပူပူလေးသောက်နဲ့ ဇိမ်ပဲပေါ့.. မိုးရေထဲလျှောက်ရင် ကျွတ်တွယ်လို့ ငယ်သံပါအောင်အော်တာမို့ ကောင်လေးတစ်ယောက်က ကျွတ်ကိုဖြုတ်ပေးရင်း ဇာတ်လမ်းလေးဖြစ်ဖူးတယ်.. အဲဒီကောင်လေးက ခုတော့ သားသားဖေဖေပေါ့လေ..

မိုးရေစက်တွေကိုချစ်တဲ့ကျွန်မ စလုံးကမိုးကိုတော့ အံ့သြမိတယ်.. ခုပဲနေပူနေရာက ရုတ်တရက်ရွာချလားရွာချရဲ့.. သည်းသည်းမည်းမည်းရွာနေရာက ချက်ချင်းတိတ်ပြီး နေပူလာတာကရှိသေးတယ်.. တခါတုန်းကဆို ရထားလမ်းရဲ့တစ်ဖက်ခြမ်းမှာက မိုးတွေသည်းနေပြီး နောက်တစ်ဖက်မှာက နေကျဲကျဲပူနေတာတောင် ကြုံဖူးသေးတယ်.. တလောက မိုးတွေသည်းသည်းမဲမဲရွာတုန်း သားအမိနှစ်ယောက်သား မိုးရေထွက်ချိုးကြတာ နှစ််ယောက်လုံး ဖျားပါလေရော.. ကျွန်မတသက် မိုးရေချိုးလို့ဖျားတာ ဒါပထမဆုံးပဲ.. ကိုယ်တွေလက်တွေ ကိုက်ပြီးတော့ကို ဖျားတာ.. သားသားကတော့ အရမ်းကြီးမဖျားပါဘူး.. ခုတလော စလုံးမှာ မိုးတွေရက်ဆက်ရွာနေတော့ မြန်မာပြည်ကမိုးရာသီလိုဖြစ်နေလို့ လွမ်းသွားမိတဲ့ အဖြစ်လေးတွေအကြောင်း ချရေးမိတာပါ.. ညနေကျရင်တော့ မိုးရာသီအလွမ်းပြေအဖြစ် မျှစ်ဟင်းချက် ပင်စိမ်းလေးအုပ်ပြီး ဗူးသီးဟင်းခါး ငပိထောင်းတို့စရာအစုံနဲ့ စားပစ်လိုက်ဦးမယ်လို့.. (စားချင်တဲ့သူ လာစားလှည့်နော်..)

Tuesday, July 20, 2010

ပုရိသကိုယ်ဝန်ဆောင်

မနေ့က တီဗွီကြည့်နေကြရင်း ချာနယ်အိတ်မှာ ရေနဂါးလေးတွေအကြောင်းပြပါတယ်.. အတူတူကြည့်နေတဲ့ ဦးလေးက ပြောပြလို့ ထူးဆန်းတာလေးတစ်ခု သိလိုက်ရတယ်.. ရေနဂါးတွေမှာ အထီးကောင်လေးတွေက ကိုယ်ဝန်ဆောင်ကြသတဲ့.. သေသေချာချာလေး အသေးစိပ်သိချင်လို့ ၀ီကီမှာရှာဖတ်ပြီး သိသမျှလေးမျှဝေပေးလိုက်ပါတယ်..



SEAHORSE လို့ခေါ်တဲ့ ရေနဂါးလေးတွေဟာ မျိုးနွယ်ပေါင်း ၄၀ကျော်ရှိကြပြီး အပူပိုင်းပင်လယ်တွေရဲ့ ရေတိမ်ပိုင်းမှာ အများဆုံးတွေ့ရတတ်ပါတယ်.. ရေညှိရေမှော်တွေ သန္တာကျောက်တန်းတွေကြားမှာ အနေများပြီး ဒီရေတောတွေထဲမှာလဲ တွေ့ရတတ်ပါတယ်.. တခါတလေတော့ ဥရောပဘက်ကို နယ်ချဲ့တတ်ကြပါသေးတယ်.. အထီးကောင်လေးတွေက နေထိုင်ရာနေရာရဲ့ ၁မီတာပါတ်လည်အတွင်းသာ လှည့်လည်သွားလာတတ်ပြီး အမလေးတွေကတော့ မီတာ၁၀၀ပါတ်ဝန်းကျင်လောက်ကို လှည့်လည်နေတတ်တယ်ဆိုပဲ.. ဗိုင်းကောင်းကျောက်ဖိဆိုတဲ့စကားက ရေနဂါးထီးကလေးတွေအတွက်ဖြစ်မယ်နော်..

ရေနဂါးလေးတွေဟာ အရိုးမာငါးမျိုးဖြစ်ပေမယ့် အကြေးခွံတော့မရှိကြပါဘူး.. အရိုးမာမာကြီးပေါ်မှာ အရေခွံပါးပါးလေးပဲဖုံးအုပ်ထားတဲ့ အသားမရှိသူလေးတွေပါတဲ့.. ငါးမော်ဒယ်လေးတွေပေါ့.. ရေကို မတ်တပ်ကူးကြပါတယ်..သူတို့ခေါင်းပ်ါမှာ သရဖူပုံစံလေးလဲ ပါတတ်သေးတယ်တဲ့.. အဲဒီသရဖူလေးက တကောင်နဲ့တကောင်လုံးဝမတူကြပါဘူး.. လူတွေရဲ့လက်ဗွေရာလိုပေါ့.. တကောင်ကို ပုံစံတမျိုးစီပါတဲ့.. ငါးမျိုးပေမယ့် ရေကူးတော့မမြန်ကြပါဘူး.. သူတို့မျက်စိရဲ့ နောက်နားလေးက ရေယက်လေးတစ်ခုတည်းကိုသုံးပြီး ကူးရတာဆိုတော့ သိပ်မမြန်ဘူးပေါ့.. များသောအားဖြင့် သူတို့အမြီးလေးတွေကို တနေရာရာမှာချိတ်ပြီး နားနေတတ်ကြပါတယ်.. သူတို့ရဲ့အစာကတော့ ငါးသေးသေးလေးတွေ ပုဇွန်သေးသေးလေးတွေနဲ့ ရေညှိရေမှော်လေးတွေပါ..

သူတို့ရဲ့ မျိုးပွားပုံက စိတ်ဝင်စားစရာအကောင်းဆုံးပါပဲ.. သူတို့ချင်း ချစ်တင်းမနှောခင် ၂ကောင်သား တော်တော်ကြာကြာလေး အတူတူရှိနေတတ်ကြတယ်.. အမြီးချင်းချိတ်ပြီး ဘေးချင်းယှဉ်ရက် ရေကူးသွားနေတတ်ကြတယ်.. အဲဒီနောက် အထီးကောင်လေးက သားဥအိတ်လေးကိုဖွင့်ပေးလိုက်တဲ့အခါ အမကောင်လေးက သူ့ဥတွေကို အိတ်ထဲထည့်ပေးလိုက်တယ်.. နောက်တော့ အထီးကောင်လေးက ကိုယ်ဝန်ဆောင်ရတော့တာပေါ့.. ၂လလောက်ကြာအောင် ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် အကောင်လေးတွေပေါက်လာတာပေါ့.. သားပေါက်လေးတွေကိုလဲ အဖေကြီးကပဲ စောင့်ရှောက်ရပါတယ်.. သူတို့တွေရှာဖွေစားသောက်နေထိုင်တတ်လာတဲ့အထိပေါ့.. ထူးဆန်းပါပေ့ရေနဂါးရယ်..

Pregnant Seahorse

ကလေးတော့လိုချင်တယ်.. ကိုယ်ဝန်တော့မဆောင်ချင်ဘူးလို့ ပြောတတ်ကြတဲ့မမတွေကို ရေနဂါးနဲ့ယူပေါ့လို့ပဲ ပြောရမလိုလို... ကျွန်မတို့ဖေဖေ ပုလဲနဲ့ငါးမှာလုပ်တုန်းက သင်္ဘောတခေါက်ပြန်ဝင်လာပြီးဆို ရေနဂါးခြောက်လေးတွေ ပြန်ပါလာတတ်တယ်.. လှတဲ့ကောင်လေးတွေကို ရွှေချ.. မျက်လုံးနေရာမှာကျောက်နီလေးထည့်လိုက်ရင် လက်ဆောင်ရေနဂါးရုပ်လှလှလေးရတာကိုး.. တရုတ်တိုင်းရင်ဆေးဖော်ရာမှာလဲ ရေနဂါးခြောက်လေးတွေကို သုံးကြပါတယ်.. ထူးထူးခြားခြား မျိုးပွားကြတဲ့ ပုရိသကိုယ်ဝန်သည် ရေနဂါးလေးတွေအကြောင်း မသိသေးရင်သိရအောင်မျှဝေပေးတာပါ.. လွဲနေတာများရှိခဲ့ရင် ဘာသာပြန်သူကျွန်မအလွဲသာ ဖြစ်ပါကြောင်း..

Friday, July 16, 2010

အခါလွန်မိုး (ဇာတ်သိမ်း)

“ပွဲချိန်တောင်နီးပြီမိမိုး.. ဘယ်လိုလဲ ငါပြင်ပေးထားတာ ကြိုက်ရဲ့လား..”

မှန်ထဲမှာမြင်လိုက်ရတဲ့အရိပ်က မိုးတဲ့လား.. မိတ်ကပ်တွေဖွေးသားနဲ့မို့ ရုတ်တရက်မှတ်တောင် မမှတ်မိချင်..

“မိတ်ကပ်တွေနဲ့ဆိုတော့ ရယ်ချင်စရာကြီးနော်.. တခါမှမပြင်ဖူးတော့ မျက်နှာတောင်ဘယ်လိုထားရမှန်းမသိတော့ဘူး..”

“မမိုး.. ကိုလပြည့်ရောက်မလာသေးဘူး.. ဖုန်းခေါ်ကြည့်ပေးပါဦး..”

ညီညီ့  ညီမလေးလာပြောလို့ အလင်းဟန်းဖုန်းကို လှမ်းခေါ်လိုက်တော့..

“ငါအောက်မှာရောက်နေပြီ.. ခုတက်လာခဲ့မယ်.. စိတ်ချပါဟာ.. ငါ့ကြောင့်ပွဲမပျက်စေရပါဘူး..”

အသံကိုကမာဆတ်ဆတ်နဲ့.. ခဏနေတော့

“ဟဲ့.. လပြည့် မိုးရေတွေလဲရွှဲလို့.. လာလာ.. အဝတ်တစားမြန်မြန်လဲ.. မမိုးကသွားနှင်တော့.. ဟိုမှာပွဲထုတ်ဖို့တန်းစီခိုင်းနေပြီ.. လပြည့် ခေါင်းကိုသေချာသုတ်.. မျက်လုံးတွေကလဲ နီရဲလို့.. နင်တော့ဖျားတော့မှာပဲ..”

မမနှင်းက ပွစိပွစိပြောရင်း အဝတ်အစားတွေယူပေး.. ခေါင်းကို ဒရိုင်ယာနဲ့မှုတ်ပေး.. အားလုံးအဆင်သင့်ပြင်ပေးတယ်.. ခပ်မြန်မြန်အဝတ်လဲလိုက်ပြီး မမနှင်းခေါ်တဲ့နောက် လိုက်လာခဲ့လိုက်တယ်..

ပွဲထုတ်ဖို့အတွက် တန်းစီတဲ့နေရာရောက်တော့ သတို့သား သတို့သမီးကို တမင်မကြည့်ဖြစ်အောင် ခေါင်းကိုငုံ့ချထားလိုက်မိသည်.. ဒါတောင် သတို့သမီးရဲ့ ထိုင်မသိမ်းစကို မြင်နေရသေးတယ်လေ..

“အားလုံးပဲ.. ဖြေးဖြေးချင်းလျှောက်ကြပါ..”

ညီညီ့အစ်ကိုကြီး ဆော်သြလိုက်လို့ ဖြေးဖြေးချင်းလမ်းလျှောက်နေရတယ်.. ခေါင်းငုံ့လျှောက်နေရင်း ဘေးမှာလျှောက်နေတဲ့ သတို့သမီးအရံရဲ့ ခြေထောက်လေးကို အမှတ်မထင်လှမ်းတွေ့လိုက်တော့.. ဟာ.. ညာဘက်ခြေဖမိုးပေါ်မှာ အမာရွတ်ကြီး.. ဒါ.. ဒေါ်ပွင့်ခြေထောက်.. ဟုတ်တယ်.. အဆမတန်ရှည်နေတဲ့ ခြေညှိုးနဲ့ ခြေသန်းတိုတိုလေးတို့ကြောင့် ရယ်စရာကောင်းနေတဲ့ခြေထောက်.. မျက်နှာကို အလန့်တကြားမော့ကြည့်ရင်း..

“နင်.. နင်ကဘယ်လိုလုပ်ငါ့ဘေးရောက်နေရတာတုန်း..”

“ဟဲ့.. ဘယ်လိုဖြစ်လို့ အလန့်တကြားထအော်ရတာလဲ.. ငါက သတို့သမီးအရံမို့လို့ နင့်ဘေးရောက်နေတာပေါ့.. ဘာလို့မျက်နှာကိုပြူးပြဲကြည့်နေရတာလဲ.. မိတ်ကပ်တွေနဲ့ မနေတတ်ရတဲ့ကြားထဲ.. ကောင်းကောင်းလျှောက်လေ.. ခန်းမထဲရောက်တော့မယ်..”

ဘေးနားက ဒေါ်ပွင့်ကို လှည့်ကြည့်ချင်စိတ်ကို တားဆီးရင် လမ်းလျှောက်နေရတာ သိပ်ခက်သည်.. ခန်းမထဲအဝင်လမ်းတလျှောက် ကျွန်တော့်ခြေထောက်တွေ ကြမ်းနဲ့မထိဘူးလားလို့တောင် ထင်ရတယ်.. သူမက သတို့သမီးမဟုတ်ဘူးတဲ့.. ဘာတွေလဲ.. ဘာတွေဖြစ်ကုန်တာလဲ.. ကျွန်တော်ကလဲကျွန်တော်.. ဖိတ်စာကိုတောင်မဖတ်မိဘူး.. ကျွန်တော်ကြေကွဲခဲ့ရတာ ခံစားရတာတွေက အဆုံးသတ်ကျတော့ ရယ်စရာကြီးပေါ့.. အသည်းကွဲပြီး ရေးခဲ့တဲ့ကဗျာတွေ ဒေါ်ပွင့်နဲ့အတူတူပြန်ဖတ်ပြီး ဟားရဦးမယ်.. တွေးရင်းတွေးရင်း ကျွန်တော် အူမြူးလာသည်.. စင်မြင့်ပေါ်က ခန်းစီးမှာရေးထားတာက..

“မောင်စိုင်းညီညီလတ် နှင့် မနန်းသီရိကျော် တို့၏ မင်္ဂလာဧည့်ခံပွဲ” တဲ့

ဘာပဲဖြစ်ဖြစ်ပျော်တယ်ဗျာ.. ကျွန်တော် သူမကို မဆုံးရှုံးသေးဘူးပေါ့.. စပ်ဖြဲဖြဲ မျက်နှာပိုးသတ်မရဘဲ သူမကိုလှမ်းကြည့်မိတော့ မျက်စောင်းလှလှလေး ပြန်ရလိုက်တယ်..

အခန်းအနားပြီးလို့ အဝတ်အစားလဲပြီးတော့ ဒေါ်ပွင့်က အဝတ်လဲလို့မပြီးသေးတာမို့ အခန်းဝမှာစောင့်နေလိုက်တယ်.. ခဏနေတော့ သူမထွက်လာတယ်လေ.. မိတ်ကပ်တွေမရှိတော့တဲ့ မျက်နှာလေးက တကယ်ကိုကြည်ကြည်စင်စင်.. ပါးပေါ်က သွေးကြောနီနီလေးတွေ အထင်းသားပေါ်နေသည်..

“လာ.. ငါနဲ့လိုက်ခဲ့.. နင့်ကိုငါ အရေးအကြီးဆုံးစကား ပြောစရာရှိတယ်..”

သူမလက်ကိုအတင်းဆွဲပြီး ပြေးထွက်လာခဲ့လိုက်သည်.. နင်.. ငါနဲ့လိုက်ခဲ့မှဖြစ်မယ်.. ငါပြောချင်တာတွေ ခုပြောမှဖြစ်မယ်.. မတော်လို့ ကံကြမ္မာက နောက်တခါထပ်ကျီစားရင် ငါူးမှာ...

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကားကို ကျွန်တော့်ရဲ့မှော်ဘီခြံထဲထိ ခပ်မြန်မြန်လေးမောင်းလာခဲ့တယ်.. ဘေးနားကဒေါ်ပွင့်တယောက်ကတော့ ဘာစကားမှမပြောဘဲ တစုံတခုကို အသည်းအသန်တွေးတောနေတဲ့ပုံစံနဲ့ တိတ်ဆိတ်လို့.. ကျွန်တော့်ခြံထဲရောက်တော့ သစ်ခွရုံဘေးက ခုံတန်းလေးမှာ ထိုင်လိုက်ကြတယ်..

“ဒေါ်ပွင့်.. ငါက ညီညီနဲ့မင်္ဂလာဆောင်မှာ နင်ထင်လို့ဟ..”

“ဘယ်သူပြောလဲ.. နင်ဖိတ်စာကိုမဖတ်ဘူးလား..”

“ဘယ်သိမလဲဟ.. နင်တို့၂ယောက်က အတူတူပန်းလာမှာတော့ ငါလဲ ထင်မိထင်ရာ ထင်သွားတာပေါ့.. ပြီးတော့ ညီညီကပြောသေး.. သတို့သမီးက သစ်ခွပန်းကြိုက်တယ်ဆိုတော့.. ငါလဲ နင်ပဲလို့ထင်သွားတာပေါ့..”

“အရူး.. မြန်မာပြည်မှာ သစ်ခွပန်းကြိုက်တာ ငါတယောက်ပဲရှိလား.. ပန်းလာမှာတဲ့နေ့က နန်းကရန်ကုန်ရောက်မလာသေးလို့ ပါမလာတာ.. ပြီးတော့ ညီညီက နင့်ခြံကိုမရောက်ဖူးလို့ ငါက လိုက်ပြပေးတာ..”

“မသိဘူးလေဟာ.. ထားပါလေ.. နင်ကရော ငါ့ကို တစ်လလုံးလုံး ဘာလို့မဆက်သွယ်ရတာလဲ..”

“ငါ့ကိုပဲပြောမနေနဲ့ နင်ကရော ငါ့ဆီကို ဖုန်းတောင်ဆက်လို့လား..”

“ငါက နင်မင်္ဂလာဆောင်တော့မယ်ဆိုပြီး.. ကြေကွဲနေတာကိုးဟ.. နင်ဒီလောက်တောင် မရိပ်မိဘူးလား..”

“အပိုတွေပြောမနေနဲ့အလင်း.. နင့်မှာချစ်သူရှိရက်နဲ့ ငါ့ကိုထပ်ချည်နှောင်ဖို့ မကြိုးစားနဲ့တော့.. ငါ့ကို မလှည့်စားနဲ့တော့..”

“ဒေါ်ပွင့်.. ဘာပြောတယ်.. နင်ပြောတာ ငါတစ်ခုမှနားမလည်ဘူး.. ငါ့မှာချစ်သူရှိတယ်လို့ နင့်ကိုဘယ်သူပြောလဲ.. ဘာတွေလဲဟာ..”

“ဘယ်သူမှပြောတာမဟုတ်ဘူး.. ငါကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင် နားနဲ့ဆတ်ဆတ်ကြားခဲ့တာ.. နင့်ကောင်မလေးနာမည်က ယုယု.. ဟုတ်တယ်မှတ်လား..”

“ယုယု၊၊”

“အေးလေ.. နင်ပဲ ယုယုလေးကို အရမ်းချစ်ပါတယ်ဆို..”

“ဟာ.. ငါသိပြီ.. ဟားဟား..”

“နင်ကဘာရယ်တာလဲ..”

“နင်အရူးထတာကို ရယ်ချင်လို့ပေါ့ ငပေါမ.. အဲဒီယုယုဆိုတာ ငါပြမယ်.. လာ”

ဒေါ်ပွင့်လက်ကိုဆွဲပြီး.. တဖက်ခြံကိုခေါ်လာခဲ့သည်..

“ကိုချိုကြီးရေ.. မမလဲ့.. အိမ်ထဲမှာလားဗျ.. ကျွန်တော်ဝင်ခဲ့ပြီ..”

“သြော်.. လပြည့်လာလေ.. ဧည့်သည်လဲပါတာကိုး.. ကိုချိုကြီးတော့မရှိဘူးရယ်.. ပန်းသွားပို့နေတယ်.. ထိုင်ကြဦး..”

“ယုယုလေးရော.. ကျွန်တော့်သူငယ်ချင်းက ယုယုကိုတွေ့ချင်လို့တဲ့..”

“ခြံထဲမှာကစားနေတယ်ထင်တယ်.. သမီးရေ.. ယုယုလေး.. လေးလေးလပြည့်ရောက်နေတယ်.. လာခဲ့ဦး..”

“လာပြီမေမေ..”

အသံစူးစူးလေးနှင့်အတူ အပြေးလေးရောက်လာသူက ယုဝတီချို..

“လေးလေး.. ယုလိုချင်တဲ့သစ်ခွပန်း ပွင့်နေပြီလား.. ယုကိုရော တကယ်ပေးမှာလား..”

“သစ်ခွပန်းလိုချင်ရင်.. တီတီလေးဆီမှာတောင်း..”

“တီတီ.. ယုကိုပေးပါနော်.. လေးလေးက ကပ်စီးနည်းကြီး.. သူ့ခြံထဲကပန်းကိုတောင် သူမပိုင်ဘူးတဲ့.. ယုကိုမပေးချင်လို့ တမင်ညာတာဖြစ်မှာ.. တီတီပြောပေးနော်..”

ဒေါ်ပွင့်တယောက် ဘာပြောရမှန်းမသိ.. မျက်နှာကြီးနီရဲလို့ ရှက်နေပုံကိုကြည့်ပြီး ကျွန်တော်ရယ်ချင်နေသော်လဲ မရယ်ရက်ပါ.. သူမခမျာ ကျွန်တော်ချစ်သူရသွားပြီထင်ပြီး ကြေကွဲနေခဲ့ရပုံပင်.. ကျွန်တော်ကိုယ်တိုင် ပူလောင်ဖူးခဲ့ပြီမို့ သူမကို ကိုယ်ချင်းစာပြီး သနားနေမိသည်..

“ပေးပါတယ်ယုယုလေးရယ်.. လေးလေးဆီကတောင်းမနေနဲ့.. လာ.. တီတီခူးပေးမယ်..”

ပြောပြောဆိုဆိုနဲ့ လက်တွဲပြီးထွက်သွားကြတဲနှစ်ယောက်နောက်ကို ကျွန်တော်လိုက်လာခဲ့သည်.. တော်တော်လဲရှပ်ပြာပြာနိုင်တဲ့ဒေါ်ပွင့်ပဲ.. နောက်ကျောကနေကြည့်ပြီး အမေကိုပဲမြင်တယ် ပေါင်ပေါ်ထိုင်နေတဲ့သမီးကိုကျတော့မမြင်ဘူးလို့တွေးရင်း ပြုံးနေမိသည်.. ယုယုပြန်သွားတော့..

“ဒေါ်ပွင့်... နင့်ကိုငါ.. အရမ်းချစ်တယ်.. နင်.. ငါ့အနားကထွက်မသွားနဲ့တော့နော်..”

“ငါလဲနင့်ကိုချစ်ပါတယ်အလင်းရယ်.. နင့်အနားကနေလဲ ဘယ်မှမသွားချင်ပါဘူး.. ဒါပေမယ့်.. ငါတို့ခဏတော့ ဝေးနေရဦးမယ်ဟ..”

“ဘာလို့ဝေးရမှာလဲဟ.. နင်က ဘယ်သွားမလို့လဲ..”

“ငါ.. ဘွဲ့လွန်ဆက်တက်ဖို့လျှောက်ထားတာ ကျလာပြီ.. အေအိုင်တီမှာလေ.. ၂နှစ်တက်ရမှာ..”

“ဟာ.. နင်ကတော့လုပ်ပြီ.. ငါ့ကိုတော့မတိုင်ပင်ဘူး.. ဘယ်တော့သွားရမှာလဲ..”

“ရှေ့လထဲမှာသွားရမှာ.. နီးနီးလေးပဲဟာ.. နင်လာလည်ပေါ့.. ငါလဲကျောင်းပိတ်ရက်တွေကျရင် ပြန်လာမှာပဲ..”

“ဒါပဲရှိတော့တာပဲ..”

ဒီလောက်ကတော့အရေးမကြီးလှပါ.. ဆုံးရှုံးပြီထင်ထားရာကတောင် ပြန်ဆုံနိုင်ခဲ့ပြီးမှတော့ ဘာဆိုဘာမှ အရေးမကြီးတော့ပါ.. သူမလက်ကို တင်းတင်းဆုပ်ကိုင်ရင်း လယ်ကွင်းတွေဘက်ဆီထွက်ခဲ့သည်.. သောကတွေကင်းသွားတော့လဲ ဆည်းဆာက လှပလွန်းနေပြန့်သည်.. ကံကြမ္မာရဲ့မျက်လှည့်ပွဲကို ကျွန်တော်တို့၂ယောက်သား မောနေအောင်ကြည့်ခဲ့ရသည်.. ခုတော့လဲ အရာရာကလှပလို့.. ကျွန်တော့်ပုခုံးမှာ သူမခေါင်းလေးကိုဆွဲကပ်ထားရင်း လျှောက်ရတဲ့လမ်းမှာ ဘယ်လိုအတားအဆီးတွေ့တွေ့ ရင်ဆိုင်ပစ်လိုက်တော့မည်ဟု......

ပြီးပါပြီ...

အားပေးသူများကိုကျေးဇူးအထူးတင်လျှက်

ပွင့်မြူးဇင်
၁၆.၀၇.၂၀၁၀