Showing posts with label ပေါက်ကရ. Show all posts
Showing posts with label ပေါက်ကရ. Show all posts

Thursday, November 4, 2010

So Called Long Weekends

မနက်ဖြန် ဒေ၀ါလီနေ့မို့ ရုံးပိတ်တယ်.. ကျွန်မတို့ရုံးမှာ ထုံးစံလေးရှိတာက ဘာသာရေးဆိုင်ရာ ရုံးပိတ်ရက်တွေမတိုင်ခင် တရက်ဆို သက်ဆိုင်ရာဘာသာဝင်တွေကို နေ့တ၀က်ပေးပြန်တာပါပဲ.. မူဆလင်တွေအတွက်ဆို ဟာရီရာယာ.. ဟိန္ဒူတွေအတွက်က ဒေ၀ါလီ.. ခရစ်ယာန်တွေကျတော့ ခရစ်စမတ်.. တရုတ်တွေကတော့ နှစ်ကူးပေါ့.. ဘယ်တော့မှ နေ့တ၀က်မပြန်ရတာကတော့ မြန်မာတွေပဲ.. ဗုဒ္ဓဘာသာအတွက် နေ့တ၀က်ပေးပြန်တဲ့ရက် မရှိဘူးလေ..

မနက်ကရုံးရောက်တော့ မန်နေဂျာကို အတည်ပေါက်နဲ့သွားပြောလိုက်တယ်.. ငါနာမည်ပြောင်းတော့မယ်လို့.. ဘယ်လိုပြောင်းမှာလဲတဲ့.. Zinkumar လို့ပြောင်းလိုက်မယ်.. ဒီနေ့နေ့တ၀က်ပြန်လို့ရပြီမဟုတ်လားလို့ ပြောင်စပ်စပ်ဖြေလိုက်တော့မှ တဟားဟားရယ်ပြီး အိပ်ချင်ပြေသွားပုံရတယ်လေ.. ဟာရီရာဟာကျရင်ရောတဲ့.. လွယ်ပါတယ် Pwint Myue Bte Zin လုပ်လိုက်မယ်လို့.. တရုပ်နှစ်ကူးကျရင် Koh Pwint Myue ပေါ့လို့ ဆက်ပြောတော့ သဘောတွေကိုကျလို့.. သူနာမည်က Koh Chet Foo လေ..

မနက်ဖြန်ရုံးမတက်ရဘူးဆိုတော့ အိမ်မှာဘာချက်စားရရင်ကောင်းမလဲ စဉ်းစားနေတယ်.. မုန့်ဟင်းခါးကောင်းကောင်းလေးလဲ မစားရတာကြာပြီ.. အုန်းနို့ခေါက်ဆွဲကတော့ စားလို့မဖြစ်သေးဘူး.. သွေးတိုးထားတာမကြာသေးတော့ သွေးပြန်တိုးနေလို့ အဆူခံနေရဦးမယ်.. မိုးအေးရင်တော့ ကြာဇံချက်လေး စားရရင်ကောင်းသား.. ချက်ရတာလဲ လွယ်တယ်လေ.. ရှောက်သီးသုပ်လေးနဲ့ဆို ရှယ်ပဲ.. ညနေကျရင်တော့ သားသားကို ရေကူးကန်လိုက်ပို့ပေးရမယ်.. ရေကူးပြီးရင် KFC လေးစား.. သားသားပြောသလို မိုက်မှမိုက်ပေါ့.. သားသားက KFC ဆိုအရမ်းကြိုက်.. ထမင်းမစားချင်ရင် May May, KFC please ဆိုပြီး ၀ယ်ကျွေးချင်လာအောင် ပြောတတ်တယ်..

စနေနေ့ကျရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့ Toa Payoh Park ကိုသွားရမယ်.. ကျွန်မတို့ရုံးက လူဝကြီးများကို ၀ိတ်ချတဲ့သင်တန်း တက်ခိုင်းထားတယ်လေ.. စလုံးအစိုးရက လုပ်တဲ့ Lose to Win Programme ပေါ့.. တပတ်ကို၂ကြိမ် Army Bootcamp ဆိုတဲ့ လေ့ကျင့်ခန်းတွေသွားလုပ်.. Nutrition Workshop တွေသွားတက်.. Supermarket Tour ဆိုပြီး ဈေးဝယ်ထွက်.. Cooking Class လဲတက်ရသေးတယ်.. ပျော်စရာကြီးပါ.. မိတ်ဆွေတွေလဲတိုးတာပေါ့.. လေ့ကျင့်ခန်းကတော့ တော်တော်ပင်ပန်းတယ်.. အိမ်ပြန်ရောက်ရင် ပန်လန်လက်လို့ ပက်လက်လန်နေရော.. လုပ်သင့်ပါတယ်လေ.. ကျွန်မတော်တော်ဝနေပြီ..

တနင်္ဂနွေနေ့မနက်ကျရင် Vivo City မှာလုပ်မယ့် National Healthy Lifestyle Campaign ကိုသွားရမယ်.. ချစ်ဖို့ကောင်းတဲ့ဂျာကြီးက သူမသွားချင်လို့ ကျွန်မကို တွန်းလွှတ်လိုက်တာလေ.. သားသားကိုပါ ခေါ်သွားလိုက်မယ်.. ပြီးရင် Sentosa ဆက်သွားရင်ကောင်းမလား စဉ်းစားနေပါတယ်.. ပြီးခဲ့တဲ့အောက်တိုဘာလက ရုံးကလူတွေနဲ့ Nature Walk လမ်းသွားလျှောက်ကြတော့ စိတ်ဝင်စားစရာ လည်စရာပတ်စရာတွေ အများကြီးတွေ့ခဲ့တယ်.. သားသားလဲမရောက်ဖူးသေးဘူးဆိုတော့ သွားဖြစ်မယ်ထင်ရဲ့..

Long Weekends လို့ပြောကြတဲ့ ပိတ်ရက်လေးမှာ လုပ်ချင်တာလေးတွေပါ.. Everybody, have a nice weekends! :)

Wednesday, October 27, 2010

ပေါက်ကရအတွေး ပေါက်ကရအရေး

မိနီကလေးဘယ်ကလာတဲ့.. မိနီကိုမေးတဲ့သူကရော ဘယ်ကလာတာမို့လဲ.. ကိုယ်တိုင်တောင် ဘယ်ကလာမှန်းမသိ ဘယ်ကိုသွားရမယ်မှန်းမသိဘဲနဲ့ ဘယ်သူ့ကိုမှ မေးမနေချင်တော့ပါဘူးလေ..

ဘာမှန်းမသိဘဲ စက္ကူနဲ့ ကပ်ကပ်လိုက်ရတဲ့ မုန့်လုံးတွေကလဲ နည်းမှမနည်းပဲကိုး.. အဲဒီမုန့်လုံးတွေကို ကြာကလပ်နဲ့ဆွမ်းတော်တင်လိုက်တာ ပလ’င်ပေါ်ကမျောက်ကလေးက ဆင်းပြေးသတဲ့လေ.. ပလ’င်ပေါ်ကမျောက်ကြီးတွေဆင်းပြေးဖို့ရော ဘာကိုဆွမ်းတော်ကပ်ရင် ကောင်းမတဲ့လဲ..

တုံးအောက်ကဖား.. ပြားတာဘာဆန်းလဲ.. အဲ ဖောင်းတာကတော့ နည်းနည်းဆန်းမယ်.. တုံးအောက်ရောက်လို့ အဖိခံနေရတာတောင် ဖောင်းနိုင်တုန်းဆိုတော့ ဖားပါဝါတော်တော်ကြီးလို့ပေါ့..

စာကလေးအမွှေးနှုတ်တာကတော့ အနိုင်ကျင့်ခြင်းသက်သက်ပဲ.. စာကလေးက ဘာပြန်လုပ်နိုင်တာမှတ်လို့.. –င်ခေါင်းနှိုက်ဖို့ ဆင်ရွေးရင်တော့ သတိထားမှဖြစ်မယ်.. အခန့်မသင့်ရင် ခရုသင်းတွေဘာတွေ ကူးနိုင်တာကိုး..

ဝမရှိရင် ၀ိမလုပ်ချင်စမ်းပါနဲ့.. လူစကားလေးပြောတတ်ရုံနဲ့ ညီထွေးကိုလိုက်ပြိုင်ချင်တဲ့ ကြက်တူရွေး.. ၀လုံးရေးပြလိုက်မှပဲ အေးတော့တယ်.. မှတ်ထား.. အဲ.. ဒါပေမယ့် ကွမ်းကလပ်ကိုချီတဲ့ အာခေါင်နီကိုကြက်တောကတော့ အဘကိုတောင်မကြောက်ဘူး.. ဆေးတံနဲ့တောင် ခေါက်လိုက်ဦးမယ်တဲ့.. သေနတ်စာ မိအုန်းတော့မယ်..

ကြောင်ပါးကြီးမို့ မြီးတံတိုတာလား.. မြီးတံတိုလို့ ကြောင်ပါးလို့ခေါ်ကြတာလား.. ဘာပဲဖြစ်ဖြစ် သွားတော့မစမ်းနဲ့နော်.. အဆီကိုစား အသားကိုမြိုမှာတဲ့.. သိပ်ကြောက်သွားလားကြွက်ကလေး.. မကြောက်ပါနဲ့ကွယ်.. ကြောင်ပါးကြီးဗေဒင်က စံဇာဏီဘိုတွက်သလောက် မှန်မယ်မထင်ပါဘူး..

ဝါဆိုဝါခေါင် ရေကြီးကြီးမှာ သပြေသီးမှည့်ကောက်တာပဲ အေးပါတယ်.. ခရာချုံထဲက ချိုမပါတဲ့မျှော့လောက်တော့ တို့ကအပျော့ပဲ.. အဲ သူ့ထက်အကောင်ကြီး အမြီးရှည်ရင်တော့ နည်းနည်းကြောက်တယ်ကွယ်..

အင်း.. ဒီမိုး ဒီရေ ဒီလေနဲ့တော့ နောက်ဆုံးကျရင် ဒီအဖြေပဲ ထွက်လာဦးမှာပါပဲ...

မြူးမြူး
၂၇.၁၀.၂၀၁၀

(ဘာရယ်မဟုတ် လျှောက်တွေးမိသမျှလေး..)