Showing posts with label Myself. Show all posts
Showing posts with label Myself. Show all posts

Sunday, April 7, 2013

ခုတလော

ခုတလောဆိုတဲ့ခေါင်းစဉ်နဲ့ စာလေးဘာလေးရေးဖို့ အစီအစဉ်မရှိဘူးလားလို့ ချစ်ညီမလေးဆုမြတ်ကမေးလာတယ်..  ကိုယ့်အတွက် ခုတလောလောက် အပြောင်းအလဲတွေများ အလုပ်တွေရှုပ်တာ မရှိဖူးဘူး.. ဘဝတစ်ဆစ်ချိုးလို့ ဆိုရင်တောင်ရလောက်ရဲ့.. ကဲ.. ညီမဆုမြတ်ရေ.. ရေးပြီ..


ခုတလော

တွေးနေမိတာက
ကျောင်းရယ်.. အလုပ်ရယ်.. ပတ်ဝန်းကျင်အသစ်ရယ်ကြား ဘယ်လိုညီမျှအောင် ချိန်ညှိရမလဲ

ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ခြင်မိတာက
အသက်ကလေး ၃ထိပ်စည်းဖြစ်လာတော့ စိတ်တွေတိုတတ်လာပြီ.. အရင်ကလောက် ပေါင်းသင်းဆက်ဆံရေးမကောင်းတော့ဘူး.. ရန်များလာတယ်..

ကျန်းမာရေး
နှာမွှန်နေတာ ၅လလောက်ရှိပြီ.. ဘာဆေးသောက်သေက် ပျောက်ဘူးရယ်

ဖတ်ဖြစ်တဲ့စာအုပ်တွေ
တက္ကသိုလ်ဘုန်းနိုင် - ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
၀င်းဝင်းလတ် - အချစ်၏နောက်ဆက်တွဲစာမျက်နှာ
ကေသွယ် - စိန်ပန်းနဲ့ကံ့ကော်တွေအတူပွင့်ခဲ့တယ်

ရောက်ဖြစ်နေတာက 
အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်

နားထောင်ဖြစ်တာက
Westlife - Home

ရွတ်နေမိတဲ့ကဗျာက
ဖိုးသားထူး ဖိုးသာထူး အလွန်ဝတဲ့ဖိုးသာထူး (ကျားကျားကိုကြည့်ပြီးရွတ်တယ် :P)

ဖြစ်ချင်နေတာက
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်

စားဖြစ်နေတာက
ပင်လယ်စာတွေ

သနားနေမိတာက
ဒီကျွန်းပိစိမှာ တစ်ယောက်တည်းကျန်ခဲ့ရမယ့် ကိုယ့်ကိုယ်ကို

လွမ်းနေမိတာက
မိုးသံစဉ်ဟုအမည်ရတဲ့ တစ်ဦးတည်းသော ချစ်သားလေး (များမကြာမီမှာတော့ လွမ်းရမယ့်သူတစ်ယောက် ထပ်တိုးဦးမယ်..)

မေ့လျော့ပစ်နေရတာက
ကြိုတွေးပြီးပူပန်နေမိတဲ့ စိုးရိမ်စိတ်တွေ

ခါးသက်နေမိတာက
အိမ်ပြန်ခွင့်မရသေးတဲ့ကိုယ့်ရဲ့ဘဝကို

တမ်းတနေမိတာက
မွေးရပ်မြေမှာ မိသားစုနဲ့အတူတူနေခွင့်လေး

ကြိတ်ပြီးချီးကျူးနေမိတာက
တစ်ယောက်တည်းနေဖို့ ဆုံးဖြတ်ရဲတဲ့ ကိုယ့်ကိုယ်ကို

ကြိတ်ပြီးအထင်သေးနေမိတာက
မနာလိုစိတ်တွေဖုံးနေတဲ့ လူတချို့

ဆန်ဒမရှိတဲ့နေရာ
ကိုယ်အခုရောက်နေတဲ့နေရာ

ဆန်ဒရှိနေတဲ့ကိတ်စ
လာမယ့်မေလထဲ အိမ်ခဏပြန်နိုင်ဖို့

မုန်းတီးနေမိတာက
ရုံးကမိန်းမကြီးတွေ (အော်ဂလီဆန်အောင်မုန်းတယ်)

ချစ်နေတာက
ခေါင်းမှာတပ်တဲ့ ဖဲပြားကလစ်လေးတွေ (တွေ့တိုင်းဝယ်မိနေတယ်)

စိတ်ပျက်နေမိတာက
ခုလက်ရှိအလုပ် (ငြီးငွေ့နေပြီ)

စွဲလမ်းနေမိတာက
ဘာကိုမှစွဲစွဲလန်းလန်းမရှိတတ်တာ ကိုယ့်အကျင့်

လိုအပ်နေတာက
သဝေထိုးငဝဆွဲ ငွေ

ရောက်နေတဲ့နေရာက
မေတ္တာတရားတွေ မိုးခေါင်လွန်းတဲ့ ကျွန်းငယ်လေး

နက်နက်နဲနဲပြန်စဉ်းစားမိတာက
ကိုယ့်ဆုံးဖြတ်ချက်တွေအကြောင်း

နိဂုံးချုပ်လိုက်တော့
ခုထိတော့ တော်ရာမှနေပြီး လုပ်သင့်တယ်ထင်တာတွေလုပ်နေရတုန်းပေါ့

Tuesday, January 15, 2013

အရိုးဆုံးသောအချစ်ဇာတ်လမ်း

(ဇန်နဝါရီလ ၂၅ရက်နေ့မှာ ကျရောက်မယ့် ၁၀နှစ်ပြည့်ချစ်သူသက်တမ်း အမှတ်တရ ကိုယ်တွေ့ဇာတ်လမ်းကို ဖတ်ကောင်းအောင်ရေးကြည့်ထားတာပါ.. အားပေးကြပါဦး..)

၂၀၀၂ ဒီဇင်ဘာ၊ နည်းပညာကောလိပ်မှော်ဘီ

မှော်ဘီဆောင်းက ထုံးစံအတိုင်းအစွမ်းပြနေတယ်.. နှင်းတွေပိတ်နေလိုက်တာမှ ၅ပေအကွာလောက်ကိုတောင် လူလုံးမကွဲတော့ဘူး.. တတိယနှစ်ကျောင်းသူဖြစ်နေပြီမို့ ကျောင်းဝင်းထဲ မျက်စိမှတ်ပြီးတောင် သွားနိုင်နေပြီမို့သာ တော်တော့တယ်.. ဘွားခနဲပေါ်လာတတ်တဲ့ စက်ဘီးတွေကိုတော့ သတိထားနေရသေး.. ဆောင်းကိုချစ်တဲ့ကိုယ်က နှင်းတွေကြားမှာလမ်းလျှောက်နေရတော့  ကြည်နူးနေလိုက်တာများ မျက်နှာမှာတောင် အပြုံးရောင်ဟပ်နေတယ်ထင်ရဲ့.. ကျောင်းကိုရောက်တဲ့အချိန်က တော်တော်လေးစောသေးတာမို့ တော်ဝင်လမ်းတလျှောက် လူရှင်းနေသေးတယ်.. လမ်းနံဘေး မြက်ပင်လေးတွေကြားက ပင့်ကူအိမ်လေးတွေပေါ် နှင်းတွေခိုတွဲနေလို့ နှင်းအိမ်လေးတွေဖြစ်နေတာ ချစ်စရာပဲကောင်းသေးတော့တယ်.. စက်ဘီးရန်ကြောက်လို့ လမ်းဘေးကပ်လျှောက်နေရင်း ခြေဖမိုးက ယားကျိကျိဖြစ်လာလို့ ငုံ့ကြည့်မိတော့..
“အား.. ကျွတ်ကြီး..”
“လန့်လိုက်တာဗျာ.. နေဦး ကျွန်တော်ဖြုတ်ပေးမယ်..”
ဘေးမှာလျှောက်နေတဲ့ကျောင်းသားတစ်ယောက်က သစ်ကိုင်းလေးချိုးပြီး ခြေထောက်ကကျွတ်ကိုဖြုတ်ပေးတယ်.. တွယ်နေတာကြာပြီမို့လားမသိ ဖြုတ်လိုက်တာနဲ့ သွေးတွေက ရဲခနဲ.. သွေးမြင်ရင်မူးတတ်တဲ့ကိုယ် မျက်လုံးတွေကို ပြာထွက်သွားတာပဲ.. ခြေထောက်က အေးခနဲဖြစ်သွားမှ သတိပြန်ဝင်လာတယ်.. ကျွတ်ဖြုတ်ပေးတဲ့ကောင်လေးက ခြေထောက်ပေါ်ကို သူ့ရေဗူးထဲကရေတွေနဲ့ လောင်းဆေးပေးလိုက်တာကိုး.. ဘယ်မေဂျာကပါလိမ့်.. တစ်ခါမှလဲမတွေ့ဖူးသလိုပဲ.. သူ့ဆီမှာ ကိုယ်ချစ်တဲ့ဆံပင်ခွေခွေလေးတွေရှိတယ်.. လက်ဖောင်းဖောင်းလေးတွေရှိတယ်..
“လုံခြည်အရှည်ကြီးဝတ်ပြီး မြက်နားကပ်လျှောက်ရလားဗျ.. မတော်ရာ ကျွတ်ဝင်သွားမှ ဒုက္ခများနေမယ်.. သွေးတိတ်သွားအောင် ပလာစတာပါရင် ကပ်ထားလိုက်”
ပြောပြောဆိုဆိုနဲ့ ကန်တင်းဘက်လျှောက်သွားတဲ့ ကောင်လေးကို ကိုယ် ပါးစပ်အဟောင်းသားနဲ့ ငေးပြီးကျန်ခဲ့တယ်..
“နေနှင့်ဦး.. ငါ့ကိုများ ဆရာကြီးလေသံနဲ့ငေါက်သွားသေးတယ်.. ဟွန်း”

XXXXXXXXXXXXXXXXXXXXXXXXXX

“တန်းထ.. ဆရာမကိုနှုတ်ဆက်..”
ခပ်တည်တည်နဲ့ဖရက်ရှာအခန်းထဲဝင်လိုက်တဲ့အချိန်မှာ ဇာတ်တိုက်ထားတဲ့အတိုင်း ဘော်ဒါတွေက နောက်ဆုံးတန်းမှာနေရာယူပြီး အော်ထည့်လိုက်တာမို့ ဖရက်ရှာလေးတွေအားလုံး မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်ကြတယ်.. ဆရာမအိုက်တင်လုပ်ပြီး တပ်ထားတဲ့မျက်မှန်ကို အသာပင့်ရင်း အတန်းထဲကိုဝေ့ကြည့်လိုက်တော့.. ဗုဒ္ဓေါ.. ဟိုသတ္တဝါလေးက ဒီနှစ်ဖရက်ရှာတန်းကပါလား.. သေတော့မှာပဲ.. ဒင်းကြည့်ရတာ ကိုယ့်ကိုမှတ်မိပုံမရဘူး.. တော်ပါသေးရဲ့.. ခြေထောက်တွေကတုန်နေပြီ.. ရင်တွေကလဲခုန်နေလိုက်တာ.. အတန်းရှေ့မှာ ဘယ်လိုမှဆက်မနေရဲတော့လို့..
“ဒါ မက်ကာထရောနစ်အတန်းမဟုတ်ဘူးလား.. ဆောရီးနော်.. အတန်းမှားလာလို့..”
အသံမတုန်အောင်ကြိုးစားပြောရင်း အမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီး ပြေးထွက်လာတော့ နောက်ဆုံးတန်းက ဘော်ဒါတွေလဲ တရုန်းရုန်းပြေးလိုက်လာကြတယ်..
“ဟဲ့.. နင်က ဘာလို့ထွက်ပြေးလာတာတုန်း.. စီစဉ်ထားတာတွေတော့ ပျက်ပါပြီ.. ခါတိုင်းလဲ လုပ််နေကျကို ခုမှ ဘာကြောင်တာလဲဟ..”
“မပြောပြဘူး.. အသေသတ်လိုက်”
မချိုမချဉ်မျက်နှာပေးကို မသင်္ကာကြတဲ့ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို အတင်းဝိုင်းမေးကြပေမယ့် မကြားချင်ယောင်ဆောင်ပြီး ခုံပေါ်မှောက်အိပ်နေလိုက်တယ်.. ရင်တွေကတော့ ခုထိခုန်နေတုန်း..

XXXXXXXXXXXXXXXXXXXXXXXXXXXX

ကိုယ်တို့အီးစီမေဂျာရဲ့ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးက နေ့လည်ထမင်းစားချိန်မို့ ထုံးစံအတိုင်း စည်ကားနေပြီ.. စာထိုင်ဖတ်နေတဲ့သူတွေ စာအုပ်လာငှားတဲ့သူတွေနဲ့ အပြည့်မို့ အခန်းလေးက မကျဉ်းဘူးဆိုတာတောင် လူငွေ့တွေနဲ့ လှောင်အိုက်လို့.. တပတ်မှာတစ်ရက် စာကြည့်တိုက်မှူးတာဝန်ယူထားလို့ စာအုပ်အငှားစာရင်းတွေမှတ်ပေးနေရတာ လက်မလည်နိုင်အောင်ပဲ..
“အသင်းဝင်ကဒ်အသစ်လုပ်ချင်လို့..”
“ဘယ်အတန်းကလဲ..”
မေးရင်းနဲ့မော့ကြည့်မိတော့ ဟို သတ္တဝါလေး..
“ဖရက်ရှာတန်းကပါ မ..”
“ဖောင်ဖြည့်လိုက်နော်..”
“ဟုတ်..”
သူ့လက်ဖောင်းဖောင်းလေးတွေနဲ့ ဖောင်ဖြည့်နေတယ်.. ဟွန့်.. ရုပ်လေးကသနားကမားနဲ့.. လက်ရေးကဆိုးချက်.. မင်းတော့ အမှတ်လျော့ပြီကွယ်.. ကိုယ်က လက်ရေးလှလှလေးမှ သဘောကျတာ.. ဘာပဲဖြစ်ဖြစ်.. နာမည်နဲ့ မွေးနေ့သိလိုက်ရတာ အမြတ်ပဲလေ.. ဘေးမှာထိုင်နေတဲ့ကိုယ့်သူငယ်ချင်းက ငါသိနေတယ်နော်ဆိုတဲ့အထာနဲ့ ကိုယ့်ကိုလှောင်ပြံုးရင်းကြည့်နေလေရဲ့..

XXXXXXXXXXXXXXXXXXXXXXXXX

ထမင်းစားပြီးကျောင်းပြန်တက်ချိန်မှာ သီအိုရီဘာသာအချိန်ဖြစ်နေတာမို့ တစ်တန်းလုံးအိပ်ငိုက်နေကြတယ်.. ဌာနမှူးကိုယ်တိုင် သင်တာမို့သာ အတန်းမလစ်ရဲလို့ ခုံအပြည့်လူရှိနေတာလေ.. ကိုယ်လဲ တက်စ်ဘုတ်ကိုထောင်ထားပြီး စားပွဲပေါ်မေးတင်လို့ အသာလေးငိုက်နေတာပေါ့.. ကြာတော့ ခါးညောင်းလာတာမို့ ကိုယ်ကိုမတ်ပြီး ဘေးကပြတင်းပေါက်ဖက်လှည့်ကြည့်မိတော့.. ၀ရံတာကိုမှီပြီး ကိုယ့်ကိုရယ်ကျဲကျဲနဲ့ ရပ်ကြည့်နေတဲ့ဟိုသတ္တဝါလေး.. သေလိုက်ပါတော့ကွယ်.. စာသင်ချိန်မှာ ကိုယ်ငိုက်နေတာ သူတွေ့သွားပြီပေါ့.. ဆရာမအတန်းထဲကထွက်သွားတော့ ကိုယ့်ဘေးကပြတင်းပေါက်နား သူရောက်လာတယ်..
“မ ကျွန်တော့်သူငယ်ချင်းက စာမေးချင်လို့တဲ့..”
“ရတယ်လေ.. နင့်သူငယ်ချင်းကမေးမယ်ဆိုတော့.. နင်ကမမေးဘူးလား..”
“နိုးပါ.. ကျွန်တော်က စာသင်ချိန်မှာအိပ်ငိုက်တတ်တဲ့သူကို စာမမေးချင်ဘူး..”
“သေလိုက်ပါလား.. နင်နော်.. လူကြီးကိုနောက်စရာလား..”
“နောက်ဆရာမဟုတ်ဘူး.. ရှေ့ဆရာ..”
ကိုယ်က လက်သီးနဲ့ရွယ်လိုက်တော့ လှစ်ခနဲနေအောင်ပြေးသွားလေရဲ့..

XXXXXXXXXXXXXXXXXXXXXXXXXXXXX


“မောင်မယ်သစ်လွင်ကြိုဆိုပွဲ”

ကိုယ်တွေတုန်းက ကြိုဆိုမယ့်သူမရှိခဲ့ပေမယ့် အခုနှစ်တော့ ထူးထူးခြားခြား ကြိုဆိုပွဲလေး လုပ်ခွင့်ရတယ်.. နေရာတကာပါလေရာမို့ ကိုယ်တို့သူငယ်ချင်းနှစ်ယောက်လဲ အလုပ်တွေရှုပ်နေတာပေါ့.. မောင်သစ်လွင်နဲ့ မယ်သစ်လွင်ရွေးကြဖို့ မဲပေးမယ့်စာရွက်တွေပြင်ဆင် နံပါတ်တံဆိပ်တွေလုပ် စလွယ်တွေ သရဖူတွေလုပ်နဲ့.. တမနက်လုံး အလုပ်များနေတယ်.. အချိန်ကျလို့တဖွဲဖွဲရောက်လာတဲ့ ဖရက်ရှာလေးတွေကိုလဲ နေရာချပေးနေရသေး.. အမှတ်စဉ်ထိုးထားတဲ့ နံပါတ်တံဆိပ်လေးတွေကို ရင်ဘတ်မှာကပ်ထားကြဖို့ လိုက်ဝေပေးတော့ ဘေးနားကို သူရောက်လာတယ်..

“အဲ့ဆယ်လိုတိပ်ပေးလေ.. ကူဖြတ်ပေးမယ်..”

“မော်နီတာကြီးက မမအနားကကို မခွာတော့ဘူးနော်..”

သူ့အတန်းဖော်တွေက ၀ိုင်းစကြတော့ ရှက်နေသလို ရယ်ကျဲကျဲနဲ့..

“နင်ရော ကပ်လေ.. မကပ်ဘူးလား..”

“မကပ်တတ်ဘူး.. မ ကပ်ပေးပါလား..”

သူ့ကိုမျက်စောင်းတစ်ချက်ထိုးပြီး နံပါတ်လေးကို နှလုံးသားတည့်တည့် ဘယ်ဘက်ရင်ဘတ်နေရာမှာ ကပ်ပေးလိုက်တယ်.. သူ့နံပါတ်က “၁၇”

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

“မ ဒီနေ့သောကြာနေ့နော်.. ရန်ကုန်ပြန်မှာလား..”
“အင်းပေါ့.. ဘာလို့လဲ..”
“အတူတူပြန်မယ်လေ..”
“နင့်အိမ်က မှော်ဘီမှာမို့လား.. ရန်ကုန်မှာ ဘာသွားလုပ်မှာလဲ..”
“ကျူရှင်သွားတက်မှာပေါ့ဗျ.. ပြီးရင် အေဒီလမ်းက အစ်ကိုတွေအိမ်မှာအိပ်မှာ.. တနင်္ဂနွေနေ့မှ ပြန်လာမှာလေ.. မ တို့အတန်းအရင်လွှတ်ရင် စောင့်နေနော်.. ကျွန်တော်တို့ လိုင်းကားနဲ့သွားရအောင်..”
ကိုယ်ဘာမှပြန်မဖြေနိုင်ခင် သူကထွက်သွားပြီ.. ခက်ပါလားနော်..
ညနေအတန်းပြီးတော့ သူက အတန်းရှေ့မှာစောင့်နေတယ်.. ခါတိုင်း လက်မောင်းအောင့်အောင်သယ်ရတဲ့ ဆွဲခြင်းကို သူကဆွဲပေးပြီး ၁၇၅ ပါရမီကားဂိတ်ကို လမ်းလျှောက်ကြတယ်.. ခါတိုင်း သေလောက်အောင်ပူတဲ့ မှော်ဘီဆောင်းရဲ့ကျနေကို ကိုယ်မမှုတော့ဘူး.. သူဘေးမှာပါနေလို့လေ.. တစ်နာရီခွဲလောက်ကားစီးရတဲ့လမ်းတစ်လျှောက် ကိုယ်တို့၂ယောက် စကားတွေဖောင်ဖွဲ့မဆုံးဘူးပေါ့.. အဲ့နေ့က သူလဲကျူရှင်မတက်ဖြစ်တော့ဘဲ ကိုယ်တို့အိမ်လမ်းထိပ်ထိ လိုက်ပို့ပေးတယ်.. ပြန်ခါနီးကျတော့
“မ ညကျရင် ကျွန်တော်ဖုန်းဆက်လိုက်မယ်နော်”
ကိုယ်ခေါင်းညိတ်လိုက်မိတယ်ထင်ပါရဲ့..
ညစာစားပြီးချိန်လောက်မှာ သူ့ဆီက ဖုန်းလာတယ်..
“မ ကျွန်တော်မူးနေတယ်သိလား.. ဘီယာသောက်ထားလို့..”
“ဟယ်.. ဆိုးလိုက်တာ.. ဘာလို့သောက်တာလဲ..”
“အစ်ကိုတွေက မြှောက်ပေးလို့.. ရဲဆေးတဲ့..”
“ဘာရဲဆေးလဲ..”
“မ ကိုရည်းစားစကားပြောဖို့လေ..”
ကိုယ်ဘာမှပြန်မပြောဖြစ်.. ပါးစပ်ကလဲ ဘာမှထွက်မလာဘူး.. ကိုယ့်ရင်ခုန်သံကိုယ်ပြန်ကြားနေရတာ နားစည်တွေတောင် ကွဲမတတ်ပဲ.. နှုတ်ခမ်းကိုယောင်ပြီးကိုက်ထားမိတာ အရမ်းနာလာမှ သတိပြန်ဝင်လာတယ်..
“မ မကို ကျွန်တော်ချစ်တယ်သိလား.. မ လဲ ကျွန်တော့်ကို ချစ်တယ်မဟုတ်လားဟင်.. မငြင်းပါနဲ့နော်..”
“ဟာ.. မသိဘူး”
“သိပါတယ်ကွာ.. ကျွန်တော့်ကို ချစ်တယ်လို့ပြောနော်..”
“အာ.. မသိဘူး.. တော်ပြီ.. မပြောတော့ဘူး.. ဒါပဲဒါပဲ”
“နေပါဦး.. ခုမပြောချင်လဲနေ.. တနင်္ဂနွေနေ့ကျရင် တိုက်ကြီးဆူးလေကားဂိတ်ကနေ စောင့်နေမယ်.. တူတူပြန်ရအောင်နော်..”
ယောင်တောင်တောင်နဲ့ခေါင်းညိတ်ပြပြီး ဖုန်းချပစ်လိုက်တယ်.. ငါ့နှယ်နော် ခေါင်းညိတ်တာ သူကဘယ်မြင်ရပါ့မလဲ..

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

၂၀၀၃ ဇန်နဝါရီ ၂၅

ကားဂိတ်က လက်ဖက်ရည်ဆိုင်မှာ သူထိုင်နေတာတွေ့တော့ သူ့ဆီတည့်တည့်လျှောက်သွားလိုက်တယ်..
“အန်တီမိုး.. သူက ကျော်ကိုကိုတဲ့ သမီးတို့ကျောင်းက.. ခု သူနဲ့တူတူပြန်မှာ.. သူကလဲ မှော်ဘီမှာနေတာလေ..”
ကိုယ့်ကိုလိုက်ပို့တဲ့ ကိုယ့်အဒေါ်နဲ့မိတ်ဆက်ပေးတော့ သူက အံ့သြနေပုံပဲ.. ကားပေါ်ရောက်တော့..
“မ အဒေါ်ပါလာလို့ လန့်သွားတာပဲ.. မှော်ဘီထိလိုက်ပို့ရင်တော့ ဂွပဲလို့..”
“ဘာဂွလဲ..”
“အာ.. ဘယ်ဖြစ်မှာလဲ.. ကျွန်တော်က အကြံနဲ့လေ..”
“ဘာအကြံလဲ..”
“မ နော်.. ရူးချင်ယောင်ဆောင်မနေနဲ့.. ကဲခုပြော.. ကျွန်တော့်ကိုချစ်တယ်လို့..”
“အံမယ်.. အပိုင်ပါလား.. ဘယ်သူကပြောမယ်ကတိပေးထားလို့လဲ..”
“ပြောပါ မရယ်.. ကျွန်တော်ကြားချင်လို့ပါ..”
သူက ပြောရင်းနဲ့ကိုယ့်လက်ကိုလှမ်းဆုပ်လိုက်တော့ ကိုယ့်တစ်ကိုယ်လုံး ရှိန်းခနဲဖြစ်သွားတယ်.. ခေါင်းကိုငုံ့ထားလိုက်တော့ ကိုယ့်ရင်တွေခုန်နေတာကို ပြန်မြင်နေရတယ်.. ငုံ့ထားရတာ  အသက်ရှူကြပ်လာလို့  သူ့ကိုမော့ကြည့်လိုက်တော့ မျှော်လင့်ချက်အပြည့်နဲ့ သူ့မျက်ဝန်းတွေကို တွေ့လိုက်ရတယ်.. ကဲ ကိုယ်ဘယ်လိုငြင်းရက်မှာလဲကွယ်..
သူ့နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်..
“မောင့်ကိုချစ်တယ်..” လို့..

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

(ချစ်သူသက်တမ်း ၁၀နှစ်ပြည့်အမှတ်တရ သူငယ်ပြန်ထားပါသည်.. ဟိ.. ပေါရဲလိုက်တာနော်..)

Wednesday, August 8, 2012

ကိုယ့်ကမ္ဘာလေးထဲမှာ

ကိုယ်ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင်မှာ ပျော်သလားမပျော်သလားဆိုတာ တကယ်တမ်းတော့ စိတ်ပါပဲ.. စိတ်ထဲမှာ ပျော်တယ်လို့လက်ခံထားလိုက်ရင် အထိုက်အလျောက်တော့ ပျော်သွားတတ်တာပါပဲလေ.. ကိုယ်လား.. ပျော်ပါတယ်.. ပျော်အောင်နေပါတယ်.. လုပ်သင့်တာတွေချည်းပဲ လုပ်နေရတာငြီးငွေ့လာရင် လုပ်ချင်တာကို သင့်မသင့်တွေးမနေပဲ လုပ်ပြစ်လိုက်တယ်.. မှားတော့လဲပျော်ပျော်ကြီးခံစားလိုက်ယုံပေါ့လို့သာတွေးထား.. ရှိပြီးသား ဆင်ခြင်တုံတရားလေးကြောင့် စည်းလွတ်ဝါးလွတ်တော့ ဘာမှဖြစ်မသွားဖူးသေးပါ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ့်ပတ်ဝန်းကျင်မှာ ခုတလော အပြောင်းအလဲသေးသေးလေးတွေတော့ များသား.. အိမ်တစ်အိမ်လုံး ငှားပြီးနေနေရာက သူများအိမ်မှာ အခန်းငှားပြီး သွားနေလိုက်တယ်.. တစ်အိမ်လုံးတာဝန်မယူရတော့တာမို့ အချိန်တွေတောင် ပိုထွက်လာသလိုလို.. ပေါင်းသင်းဆက်ဆံရေး သိပ်မညံ့လှတဲ့ကိုယ့်အတွက် သူများအိမ်ပေမယ့် လူတိုင်းနဲ့အဆင်ပြေပြေပါပဲ.. ကိုယ်က ရွက်ကျပင်ပေါက်လို လူစားမျိုးမို့ ဘယ်မှာနေနေ နေပျော်ပါရဲ့.. သားလေးနဲ့အဝေးမှာပေမယ့် ကိုယ်ပျော်အောင်ကြိုးစားထားပါတယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ့်သားလေးက ကိုယ်နဲ့အကြိုက်တူတယ်.. အရသာခပ်ပြင်းပြင်း ချဉ်ငံစပ်တွေကြိုက်တယ်.. မျှစ်ဟင်းကြိုက်တယ်.. မုန်လာဥချဉ်ရည်ဟင်းကြိုက်တယ်တဲ့.. လေးဖြူသီချင်းတွေကို အသံနေအသံထား ဟန်အမူအယာအပြည့်နဲ့ ဆိုပြတတ်တာ ကိုယ့်သားမှကိုယ့်သားအစစ်.. သူ့အဖေလိုသာဆို ရောင်စုံဘောလုံး တစ်လုံးငါးပြားဆိုတာလောက်ကို ကီးဝင်အောင် မနည်းသင်ပေးရမှာကိုး.. ပြီးတော့ ကိုယ့်သားလေးက ကိုယ့်လိုပဲ စပ်စုတယ်.. သိချင်တာတွေများတယ်.. ကိုယ့်ထက်သာတာကတော့ သူက မှတ်ဉာဏ်သိပ်ကောင်းတာပါပဲ.. လူတစ်ယောက်ကို တစ်ခါသာမြင်ဖူးထား.. ဘယ်လောက်ကြာကြာမှတ်မိတုန်း.. သူတော်တော်ငယ်ငယ်ကလေးတုန်းက အကြောင်းတွေကိုလဲ ခုထက်ထိ ပြန်ပြောပြနိုင်သေးတယ်.. ပြီးတော့ သားလေးက နားဝင်ချိုအောင်သိပ်ပြောတတ်တယ်.. သူလိုချင်တာကို အပြောချိုချိုလေးနဲ့ မရရအောင် တောင်းတတ်တယ်ပေါ့.. မေမေ့မွေးနေ့မှာ ဘာလက်ဆောင်ပေးမလဲမေးတော့ ကားဝယ်ပေးမယ်တဲ့.. ဘယ်တော့လဲဆိုတော့ သားသားကြီးလာရင်တဲ့.. ခုတော့ မေမေကသားသားကို အရင်ဝယ်ပေးတဲ့လေ.. လူလည်လေးပေါ့.. သားသားလို သားလိမ်မာလေးရှိနေမှဖြင့် အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ်ကတော့ စိတ်ထဲမပါရင် ချိုချိုသာသာလဲ မပြောချင်ဘူး.. ခုနှစ်ပိုင်းမှာ ပိုဆိုးလာတယ်.. လူတစ်ယောက်က ကိုယ့်ကို ရင်ထဲကမပါဘဲ လာပြီးချိုသာနေရင်လဲ စိတ်ထဲမှာကို ခိုးလိုးခုလုဖြစ်နေရောပဲ.. အဲသလိုမျိုးတွေကို အရင်ကထက်ပိုပြီး စက်ဆုပ်လာမိသလိုပဲ.. စိတ်မထင်ရင်မထင်သလို စိတ်ထဲရှိတဲ့အတိုင်း ပြောပြောမိနေတတ်တယ်.. ရလဒ်ကတော့ မုန်းသူတွေပိုလာတယ်.. အထူးသဖြင့် အလုပ်ထဲက မိန်းမကြီးတွေ.. သူတို့နဲ့ကိုယ်နဲ့ အရွယ်တူတာလဲမဟုတ်.. အလုပ်အကိုင်အဆင့်အတန်းလဲမတူ.. လာလာပြီး ပြိုင်သလိုလို မနာလိုလို့ ရိသလိုလိုလာလုပ်ရင် တုပ်ထဲ့ပေးလိုက်တယ်.. နားအေးသွားတာတော့အမှန်ပဲ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

အသက်ကလေးက ၃ထိပ်စည်းရောက်လာတော့ အိုလာမှာ ရင့်လာမှာကို မလိုချင်ဘူးဖြစ်လာတယ်.. အရင်က မျက်နှာပြောင်နဲ့အမြဲနေပေမယ့် ခုတော့ ပြင်ပြင်ဆင်ဆင်ဖြစ်လာတယ်.. ဘာမဆို မြန်မြန်လုပ်တတ်လို့သာတော်တော့တယ်.. မနက်မနက် ရေမိုးချိုးပြီး Toner တစ်ထပ်..  Moisturizer တစ်ထပ်.. Foundation Liquid တစ်ထပ်.. Powder တစ်ထပ်.. Eye shadow တွေ.. ပါးနီတွေ.. နှုတ်ခမ်းနီတွေ အပြည့်ပြင်ရတာတောင် နာရီဝက်ထက် ပိုမကြာလို့ ရနာရီခွဲတက်ရတဲ့အလုပ်ကို မိတ်ကပ်အပြည့်နဲ့ ကျော့ကျော့လေး တက်နိုင်သပေါ့လေ.. ညညဆိုလဲ မိတ်ကပ်တွေသေသေချာချာဖျက် Moisturizer လေးလိမ်းပြီးမှ အိပ်တတ်တာ အကျင့်ဖြစ်နေပြီ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

စလုံးမှာနေတာကြာတော့ စလုံးကလူတွေအကျင့် ကူးကူးလာတယ်.. ပိတ်ရက်ကလေးနည်းနည်းရရင် ခရီးသွားချင်တယ်.. လျှော့စျေးနဲ့ရမလားလို့ ချောင်းချောင်းနေတတ်လာပြီ.. ကိုယ့်မွေးနေ့တုန်းကတောင် ဘာတမ်သွားလိုက်သေးတယ်.. စလုံးသူဌေးပိုင်တဲ့ ရီဆော့တ်မှာတည်းတယ်.. စလုံးကို ခပ်ရေးရေးလှမ်းမြင်နိုင်တဲ့နေရာ.. ပင်လယ်ကမ်းဘေးပေမယ့် ကမ်းခြေတော့မရှိဘူး.. သဲသောင်ပြင်မရှိဘူး.. အစားအသောက်တွေကတော့ ကိုယ့်အကြိုက် လေးလေးပင်ပင် အရသာပြင်းပြင်းတွေ.. ရေပြင်ပေါ်က စားသောက်ဆိုင်လေးမှာ ပင်လယ်လေလေးခံစား နေခြည်နုနုနွေးနွေးလေးအောက် ညနေစာစားရတာ ကိုယ့်အကြိုက်.. အုန်းစိမ်းရည်လေးတောင် သောက်လိုက်သေး.. စျေးဝယ်ရတာလဲကောင်းပါ့.. မာဆာ့ချ်ကလဲ ဇိမ်ရှိပါ့.. ၂ရက်နေပြီး မပြန်ချင်ပြန်ချင်နဲ့ ပြန်လာခဲ့ရတယ်.. နောက်တခါကျရင်တော့ သဲသောင်ပေါ်လမ်းလျှောက် ခရုကောက်လို့ရမယ့် ဘင်တန်ကိုသွားမယ်လို့ တေးထားရင်းပေါ့.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

လူတိုင်းကပြောတယ်.. ပိန်သွားတယ်တဲ့.. ကိုယ်လဲ ထူးပြီးတော့ ပိန်အောင်ကြိုးစားတာ မဟုတ်ပါဘူး.. အစားတော့လျှော့မိတာအမှန်.. မနက်စာကိုများများစား.. နေ့လည်စာကိုသင့်ယုံ.. ညနေစာတော့ အပြုတ်လေးလောက်.. ဒါပါပဲ.. ပုံမှန်လေ့ကျင့်ခန်းလေးတောင် မလုပ်ဖြစ်ပါဘူး.. လုပ်မယ်လို့တော့ စဉ်းစားထားတယ်.. တနေ့နေ့ပေါ့.. ချက်ရပြုတ်ရတာလဲ အရင်လောက်စိတ်မပါဘူး.. ဂျီးမများဘဲ ချက်ကျွေးတာကို ကုန်အောင်စားပေးတဲ့သူနဲ့ ရထားလို့သာပဲ.. ချက်လိုက်တိုင်း ပစ်ထည့်ဟင်းတွေဖြစ်လို့.. ထင်ရာတွေပစ်ထည့်ပြီး ချက်နေတာမို့လား.. ဖွယ်ဖွယ်ရာရာ ချက်စားချင်စိတ်လဲ မရှိဘူး.. ခုတော့ ၀ါတွင်းမို့ ကိုယ့်မွေးနေ့ရယ် သူ့မွေးနေ့ရယ်မှာ သက်သက်လွတ်စားနေကြတယ်.. ကြက်ဥက သက်သက်လွတ်ပါတယ်လာပြောနေလို့ ရန်ဖြစ်ရသေး.. ရှင်မစားနိုင်ရင် မစားနဲ့လို့ အော်ထည့်လိုက်တယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ပြည်တော်ပြန်ကြသူတွေသတင်းကြားရရင် ကိုယ်လဲ ပြန်ချင်လိုက်တာကိုရူးလို့.. အခြေအနေအရပ်ရပ်ကြောင့် ခုထိတော့ ပြန်ဖို့လမ်းမမြင်သေးဘူး.. စီစဉ်နေတာ ကျိတ်ကြံနေတာတွေတော့ ရှိသပေါ့.. ကိုယ့်မြေက ကိုယ့်အိမ်မှာသာနေရ ဘာပဲဖြစ်ဖြစ်လုပ်ချင်ပါရဲ့.. စျေးရောင်းရမလား.. ဘာဖြစ်ဖြစ်.. တစ်ခုပဲ.. ကိုယ်ကတစ်ကိုယ်ရည်တစ်ကာယမဟုတ်တော့.. ကိုယ့်မိသားစုရယ်.. ကိုယ့်သားလေးရယ်အတွက် မနေချင်တဲ့အရပ်မှာ ပျော်အောင်နေနေရတယ်ပေါ့.. စလုံးမှာကလဲ တဖြေးဖြေးနေလို့မကောင်းတော့ဘူး.. အထူးသဖြင့် ကိုယ်တို့လိုနိုင်ငံခြားသားတွေ.. မှီခိုတွေကို တင်းကြပ်လိုက်.. နေထိုင်အလုပ်လုပ်ခွင့်စည်းမျဉ်းတွေကို မျိုးစုံပြောင်း.. နေစားရိတ်စားစားရိတ်တွေကလဲ ခေါင်ခိုက်နေရော.. မတတ်နိုင်ဘူးလေ.. ကိုယ့်မြေမှာ ခုဝင်ငွေရဲ့တဝက်လောက်တောင် ရှာနိုင်ဖို့က မလွယ်လှဘူးကိုး.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ခုတလော အလုပ်တွေကလဲ များမှများ.. ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ပေးလာရင်တော့ လုပ်လိုက်တာပါပဲ.. ကြာတော့ အလုပ်ကို ငြီးငွေ့လာတယ်.. တစ်နေရာတည်းမှာ ငါးနှစ်ကျော်လာပြီဆိုတော့လဲ ငြီးငွေ့တာ မဆန်းပါဘူး.. အလုပ်ပြောင်းပါလားဆိုတော့လဲ မပြောင်းချင်.. အခြေခံလစာကသိပ်မကောင်းလှပေမယ့် ဆုကြေးလေး အစုရှယ်ယာလေးနဲ့ပေါင်းလိုက်တော့ မဆိုးဘူးဆိုတာထက်ကို ပိုနေသေးတာမို့လား.. ကိုယ့်အဖြစ်က စားရမှာလဲသဲတရှပ်ရှပ် ပစ်ရမှာလဲအဆီတဝင်းဝင်းဆိုသလို ဖြစ်နေပြီ.. အလုပ်မှာလဲ ငြီးငွေ့မယ့်သာငြီးငွေ့နေတာ.. မန်နေဂျာကလဲ ကိုယ်ပြီးရင်ပြီးတယ်.. ဆူတာပူတာလဲမရှိ.. ငယ်သားတွေကလဲ သင်ရတာ အာပေါက်တာကလွဲလို့ ကိုယ့်အပေါ်ကောင်းကြပါရဲ့.. အဲသည်တော့လဲ.. နေမြဲပေါ့.. ငြီးလွန်းမကငြီးလာမှ ဆေးခွင့်လေးယူပြီး နားပစ်လိုက်.. ကာရာအိုကေလေးဘာလေး သွားဆိုပစ်လိုက်ယုံပဲ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ခုနောက်ပိုင်း ကိုယ့်ကို သံသယတွေက ကြီးစိုးနေတယ်.. ကောင်းတော့မကောင်းမှန်းသိရဲ့.. ဘာကိုပဲဖြစ်ဖြစ် သံသယတဝက်မကနဲ့ ကိုယ့်စိတ်ကိုကိုယ် နှိပ်စက်မိနေတတ်တယ်.. တချို့အကြောင်းအရာတွေကတော့ သံသယဖြစ်လောက်စရာ အထောက်အပံ့တွေ ရှိနေတာကိုး.. သို့ပေမယ့် အရာရာကို သံသယကြီးစွာ ကိုယ်တွယ်နေမိတာတော့ ကိုယ့်ကိုကိုယ် ဘဝင်မကျလှဘူး.. အသေးအဖွဲလေးကအစ သံသယဆိုတာကြီးက ခံခံနေလို့ ချောချောမွေ့မွေ့ကိုမရှိလှဘူး.. တကယ်တော့ ကိုယ်က ဘာကိုမှသံသယမထားလိုသူ.. အစွဲအလမ်းလဲ မကြီးလိုသူ.. ခုတော့ ကိုယ်ဖြစ်ချင်တာနဲ့ ဆန့်ကျင်နေတာက ကိုယ့်ရဲ့စိတ်ပေါ့.. ကိုယ်ရူးနေပြီလား.. ယဉ်ယဉ်လေးထင်တယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

နားလည်မှုဆိုတာကို လူတိုင်းဆီကကိုယ်မလိုချင်ပါဘူး.. ကိုယ်အလေးထားတဲ့လူတွေဆီကတော့ လိုချင်တယ်.. ကိုယ်က သိပ်နားလည်ရခက်တဲ့လူစားမျိုး မဟုတ်ဘူးလို့လဲ ကိုယ့်ကိုကိုယ် ထင်မိရဲ့.. ပြီးတော့ ကိုယ်ချစ်တဲ့သူတွေကိုလဲ ကိုယ်နားလည်ပေးနိုင်ပါတယ်.. ခွင့်လွှတ်တယ်ဆိုတာကတော့ နားလည်ပေးဖို့ထက်ပိုခက်မယ်.. ကိုယ့်အတွက်ကတော့ တတ်နိုင်သမျှ နားလည်ခွင့်လွှတ်ပေးလိုက်ခြင်းက ကိုယ့်ပျော်ရွှင်မှုနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ခံယူထားတာပါ.. ကိုယ့်ကို နားလည်ပေးတတ်တဲ့ ကိုယ်ပြောချင်တာတွေ အမြဲတမ်းသီးခံနားထောင်ပြီး ထပ်တူမျှဝေခံစားပေးတတ်တဲ့ နားတစ်စုံနဲ့ရင်ဘတ်တစ်ခုပိုင်ရှင်တစ်ယောက် ရှိနေသေးတာကိုက ကျေနပ်စရာပါ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ကိုယ့်ကမ္ဘာလေးထဲမှာ ခုထိတော့... အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

Wednesday, June 20, 2012

စာမေးပွဲများနှင့်ကျွန်မ

ကျွန်မတို့ရှင်သန်ကြီးပြင်းခဲ့တဲ့ သက်တမ်းတလျှောက်လုံး စာမေးပွဲဆိုတဲ့ဝေါဟာရနဲ့ မစိမ်းကြပါဘူး.. သူငယ်တန်းစတက်တယ်ဆိုကတည်းက စာမေးပွဲဆိုတာနဲ့ စတင်ရင်းနှီးရပြီ.. စာမေးပွဲဆိုတာကြီးရဲ့ ဖိစီးမှုကို အနည်းနဲ့အများတော့ ကြုံရပြီလေ.. စာမေးပွဲဖြေရင် အောင်ကိုအောင်ရမယ် ဆိုတဲ့အသိတရားက ကျွန်မစိတ်ထဲဘယ်ကဘယ်လိုစွဲလာလဲဆိုတာ မမှတ်မိပေမယ့် သိတတ်စအရွယ်လေးကတည်းက စာမေးပွဲကျမှာကို ကျွန်မ သိပ်ကြောက်တတ်ခဲ့တယ်..

ကျွန်မဖြတ်သန်းခဲ့တဲ့ကျောင်းသူဘဝတလျှောက် မှတ်မှတ်ရရ စာမေးပွဲတစ်ခါကျဖူးပါတယ်.. ၃တန်းတုန်းကပေါ့.. အဲသည်တုန်းက အကြောင်းကြောင်းကြောင့် ကျောင်းအပ်နောက်ကျပြီး ကျောင်းဖွင့်တာတစ်လကြာမှ ကျွန်မကျောင်းစတက်ရတယ်.. ခုခောတ်လို ကျူရှင်တွေဘာတွေလဲ ခောတ်မစားသေးတော့ နွေရာသီမှာလဲ စာကြိုလုပ်ထားတာမျိုး မရှိဘူးလေ.. ဖြစ်ချင်တော့ ကျွန်မကျောင်းစတက်ပြီး နောက်တနေ့မှာ လပတ်စာမေးပွဲ ဖြေရပါတယ်.. ဘာစာမှ မကူးရသေး မလုပ်ရသေးတဲ့ကျွန်မ မြန်မာစာနဲ့ သင်္ချာကိုတော့ အောင်ရုံလေးဖြေနိုင်ခဲ့ပေမယ့် အင်္ဂလိပ်စာတော့ ၂၈မှတ်ပဲရပြီး ဘုန်းခနဲကျပါတော့တယ်.. အတန်းထဲမှာ စာမေးပွဲကျသူက ကျွန်မတစ်ယောက်တည်း.. ရီပို့ကတ်ရတဲ့နေ့က ကျွန်မမှာငိုလိုက်ရတာ.. မေမေ့ကိုလဲမပြောရဲပဲ တိတ်တိတ်ကလေးနေတာပေါ့.. နောက်တော့လဲ မေမေကသိသွားတာပါပဲ.. နောက်နေ့ကျတော့ မေမေကိုယ်တိုင် ကျောင်းကိုလိုက်ပြီး ဆရာမနဲ့တွေ့၊ ကျွန်မကို သေသေချာချာအပ်တာပေါ့.. ကျွန်မလဲ အဲသည်ကစလို့ အင်္ဂလိပ်စာကို ပိုပြီးဖိကြိုးစားခဲ့တယ်.. အမှတ်တရပါပဲ.. ၃တန်းအတန်းတင်စာမေးပွဲမှာ ကျွန်မ အင်္ဂလိပ်စာအမှတ် ၁၀၀အပြည့်နဲ့ ပထမဆုယူခဲ့ရတယ်.. စိတ်ထဲမှာတော့ သိပ်ကျေနပ်လှတယ်မဟုတ်သေးဘူး.. တနေ့ကျရင် တတန်းလုံးစာမေးပွဲကျခဲ့ရင်တောင် ကျွန်မတော့ အောင်ကိုအောင်ရမယ်လို့ တေးထားတုန်း.. ကျွန်မအတွက်တော့ စာမေးပွဲကျခဲ့ခြင်းက ပိုကြိုးစားဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်ခဲ့တယ်လေ..

ကျွန်မမှာ ငယ်ငယ်လေးကတည်းက အကျင့်တစ်ခုရှိတယ်.. ရောဂါပဲပြောရမလား.. စိတ်စွဲနေတဲ့အရာတွေကို ညညကျရင် အိပ်မက်ယောင်ပြီး ထလုပ်တတ်တာမျိုး.. မနက်ကျရင် စာမေးပွဲဖြေရမယ်ဆို ညဘက်အိပ်နေရင်းက ယောင်ပြီး ခဲတံတွေထချွန်နေတာမျိုး.. စာတွေထကျက်နေတာမျိုးတွေပေါ့.. ပထမတော့ မေမေက ကျွန်မနိုးပြီး ထလုပ်နေတာထင်လို့လေ.. အဲသည်အချိန်ဆို ဘယ်သူစကားသွားပြောပြော ဘာမှပြန်မပြောတာ.. မျက်နှာက တမျိုးကြီးဖြစ်နေတာတွေ မြင်တော့မှ ယောင်နေမှန်းသတိထားမိတာလေ.. မနက်အိပ်ယာနိုးလို့ ကျွန်မကိုပြန်မေးရင် ဘာမှမသိတော့ဘူး.. စာမေးပွဲနဲ့ပတ်သတ်ရင် အဲသလောက်အစွဲကြီးတတ်တဲ့ ကျွန်မကို အိမ်ကလူတွေက စာခြောက်ရုပ်လို့ ခေါ်ကြတယ်လေ..

၁၀တန်းရောက်တဲ့နှစ်မှာတော့ ကျွန်မငယ်ငယ်လေးကတည်းက တေးထားခဲ့တာလေး လက်တွေ့ဖြစ်လာခဲ့တယ်.. ပထမလပတ်စာမေးပွဲမှာ တစ်ကျောင််းလုံး အင်္ဂလိပ်စာကျပြီး ကျွန်မတစ်ယောက်ပဲ အောင်တယ်လေ.. အောင်တာမှ အမှတ်၉၀နဲ့ပေါ့.. ဆရာမက Q&A ၁၀ပုဒ်ကို အမှတ်၁၀၀ဖိုး မေးလိုက်တာကို.. Selected Myanmar Tales ဆိုတဲ့ ပြဌာန်းစာအုပ်ထဲက ပုံပြင်တွေကို မဖတ်ထားတဲ့သူတွေများတော့ အားလုံး ကျကြတာပေါ့.. ပုံပြင်တွေကို ကာတွန်းကားထဲက ဇာတ်ကြောင်းပြောသူလေသံနဲ့ ခဏခဏ အော်အော်ဖတ်နေတတ်တဲ့ ကျွန်မကတော့ မေးခွန်းအားလုံး ဖြေနိုင်ပါတယ်.. ဒါတောင် meet ရဲ့ past tense က met ကို meeted လုပ်မိလို့ ၁၀မှတ်လျော့သွားရသေးတယ်.. ဘာပဲဖြစ်ဖြစ် စာမေးပွဲနဲ့ပတ်သတ်ပြီး ငယ်ငယ်လေးကတည်းကစွဲခဲ့တဲ့ ကိုယ့်ကိုယ်ကိုမကျေနပ်တာလေးတော့ လျော့သွားတာအမှန်ပဲ.. သူများတွေစာမေးပွဲကျတာကို ၀မ်းသာတာမဟုတ်ပါဘူး.. ကိုယ့်ရဲ့အောင်မြင်မှုနဲ့ အတိတ်ကအရိပ်ဆိုးကို ခြေဖျက်လိုက်နိုင်လို့ ကျေနပ်မိတဲ့သဘောလေးပါပဲ..

၁၀တန်းစာမေးပွဲကြီးဖြေတော့ ၀ိဇ္ဇာဘာသာတွဲနေ့က ကျွန်မအတွက် တကယ်ကိုရင်အတုန်ရဆုံးပါပဲ.. ကျက်စာကိုအင်မတန်ပျင်းတဲ့ကျွန်မ စာတွေကို အားလုံးကျက်မထားပဲ ရွေးကျက်ထားတော့ ရင်တုန်ရပြီပေါ့.. မေးခွန်းလဲဖတ်ပြီးရော မျက်လုံးတွေကို ပြာထွက်သွားတာပဲ.. ကျွန်မကျက်ထားတာတွေ မတိုးပါဘူး.. အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ကြိုးစားပြီး ရသလောက်ဖြေရတာပေါ့.. စိတ်ထဲမှာတော့ အတွေးတွေကပေါင်းစုံပဲ.. ကျပြီလို့လဲ တထစ်ချတွက်ထားလိုက်သေးတာ.. အောင်စာရင်းမထွက်မချင်း အိပ်မက်ထဲမှာ စာမေးပွဲတွေ ပြန်ဖြေလိုက်ရတာလဲ ခဏခဏပေါ့.. တစ်ခါမှလဲ ဖြေနိုင်တယ်မရှိပါဘူး.. အောင်စာရင်းထွက်လို့ အောင်တယ်ဆိုမှပဲ သက်ပျင်းရောသက်မရော အကုန်ချနိုင်တော့တာ.. ကျောင်းသားဆိုတာ စာသာမကျက်ချင်ရင်ရှိမယ် စာမေးပွဲတော့ အောင်ချင်ကြတာချည်းမို့လား..

ကျွန်မဘဝမှာ တမင်တကာကျအောင်ဖြေခဲ့တဲ့ စာမေးပွဲတစ်ခုလဲ ရှိခဲ့ဖူးတယ်.. ၁၀တန်းအောင်ပြီးမှ ဖြေရတဲ့ ကွန်ပျူတာတက္ကသိုလ် ၀င်ခွင့်စာမေးပွဲပေါ့.. အဲသည်အချိန်မှာ ကျွန်မက ဂျီတီအိုင်တက်နေပြီ.. မှော်ဘီကျောင်းမှာ ပျော်နေပြီ.. အဲ.. ရည်းစားလဲရနေပြီ.. ၀င်ခွင့်စာမေးပွဲကို ဖေဖေကအတင်းဖြေခိုင်းလို့ သွားဖြေလိုက်ရပေမယ့် မှော်ဘီမှာ ကျောင်းဆက်မတက်ရတော့မှာကို ကျွန်မစိုးရိမ်တော့ မေးသမျှမေးခွန်းတွေကို တလွဲတွေချည်း ဖြေပစ်လိုက်တယ်.. မေးခွန်းက Multiple Choice ဆိုတော့ တလွဲဖြေဖို့ကလဲ သိပ်စဉ်းစားစရာမှမလိုဘဲကိုး.. အမှန်တစ်ခုကလွဲလို့ ကြိုက်တာရွေးသည်ပေါ့.. ဆိုးတယ်နော်.. ဖေဖေတက်စေချင်တဲ့ကျောင်းကို မတက်ချင်ခဲ့ပေမယ့် စိတ်ထဲကတော့ ဖေဖေ့ကိုကတိပေးမိတယ်.. ကျွန်မကိုယ်တိုင် ရွေးချယ်တဲ့ပညာလမ်းမှာ ထိပ်ဆုံးမဟုတ်တောင် အလယ်အလတ်တော့ မကစေရပါဘူးလို့..

ကျောင်းပြီးဘွဲ့ရတဲ့နောက် ကျွန်မဖြေရတာတွေကတော့ အလုပ်ခွင်အင်တာဗျူးတွေပေါ့.. စင်္ကာပူဆိုတဲ့ကျွန်းလေးပေါ်က လူတွေ့အလုပ်ခွင်စာမေးပွဲတွေပါပဲ.. အင်တာဗျူးသွားဖြေရင်း ခွေးလိုက်ဆွဲခံရဖူးတယ်.. မိုးတွေသည်းကြီးမည်းကြီးရွာ မိုးကြိုးတွေပစ်နေတဲ့ ကွင်းပြင်အလည်က ကားမှတ်တိုင်လေးမှာ ကြောက်ကြောက်နဲ့ ငိုခဲ့ဖူးတယ်.. မေးတဲ့သူရဲ့အချိုးကိုမကြိုက်လို့ အင်တာဗျူးဖြေနေရင်းနဲ့ Sorry, I would like to withdraw my application ဆိုပြီး ထပြန်ခဲ့ဖူးတယ်.. အင်တာဗျူးတဲ့သူနဲ့ ဘောလုံးပွဲအကြောင်းတွေထိုင်ပွားပြီး အလုပ်တစ်ခုရခဲ့တယ်လေ.. ဖြစ်ချင်တော့ ကိုယ်ရောသူရောက မန်ယူဖန်တွေမို့ လေပေးကိုဖြောင့်လို့.. ဖြေပြီးပြန်သွားတော့ အလုပ်ရမယ်လို့ကို မထင်တာ.. နောက်နေ့ကျ အလုပ်ခန့်လိုက်ပြီလို့ အကြောင်းကြားတော့ အူကြောင်ကြောင်တောင် ဖြစ်နေရသေး..

အလုပ်ဝင်ပြီးတော့လဲ စာမေးပွဲတွေနဲ့ မကင်းနိုင်သေးပါဘူး.. အလုပ်ကနေလွှတ်တဲ့ သင်တန်းတွေမှာ စာမေးပွဲတွေဖြေနေရတုန်းပဲ.. ကျောင်းသူဘဝက စာမေးပွဲတွေလောက်တော့ ရင်ခုန်စရာမကောင်းတော့ဘူးပေါ့.. တလောက.. ကျွန်မတို့ရုံးမှာ Management System Certification အသစ်တစ်ခုအတွက် ဒါရိုက်တာ၊ မန်နေဂျာတွေနဲ့ရောပြီး သင်တန်းတစ်ခုတက်ရပါတယ်.. မန်နေဂျာအဖိုးကြီးတွေကြားထဲမှာ ပမွှားဆိုလို့ ကျွန်မတစ်ယောက်တည်း.. သင်တန်းပြီးလို့ စာမေးပွဲဖြေရမယ့်နေ့ရောက်လာတော့ သူတို့တွေက ကျွန်မနဲ့စာရင် အများကြီးပိုလို့ ရင်ခုန်နေကြသလိုပဲ.. စာမေးပွဲနဲ့ ဝေးနေတာကြာတဲ့လူကြီးတွေ ငယ်မူငယ်သွေးတွေကြွပြီး တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြ.. ညကဘယ်အချိန်ထိ စာကြည့်ထားတာဆိုပြီး ပြိုင်ကြနဲ့.. ကျွန်မမှာ သူတို့ကိုကြည့်ပြီး ရယ်ချင်လိုက်တာ.. စာမေးပွဲက ကွန်ပျုတာနဲ့ အွန်လိုင်းဖြေပြီး ချက်ချင်းရီဇတ်ထွက်တာဆိုတော့ ပိုလို့တောင်ရင်ခုန်နေကြသေး.. အဖြေတွေကို submit လုပ်ဖို့ ကလစ်မခေါက်ခင် ရင်ခုန်နေတဲ့သူတို့မျက်နှာအမူအယာတွေက မူလတန်းကျောင်းသားလေးတွေ ကျနေတာပဲ.. အောင်တဲ့သူတွေက လက်သီးလက်မောင်းတန်းအောင်ပျော်ကြ ကျတဲ့သူတွေက မှိုင်တွေတွေနဲ့အားမလိုအားမရ ရေရွတ်နေကြတာတွေမြင်ရတော့ သြော်.. စာမေးပွဲဆိုတာ အသက်အရွယ်မရွေး လူတန်းစားမရွေးကို ဖိစီးနိုင်တာပါလားလို့ တွေးမိရတယ်လေ..

ရှေ့ဆက်ပြီးတော့လဲ ကျွန်မတို့ဘဝမှာ စာမေးပွဲဆိုတာတွေ ရှိနေဦးမှာပါပဲ.. တကယ်တမ်းကျတော့ ဘဝဆိုတာကို ကျောင်းကြီးတစ်ခုနဲ့တင်စားရင် ရသမို့လား.. ဘဝကျောင်းကြီးထဲမှာ သင်ခန်းစာတွေအမျိုးမျိုး သင်ယူခဲ့ကြရတယ်.. တချို့သင်ခန်းစာတွေကို ဂုဏ်ထူးထွက်တဲ့အထိ ကျေညက်ခဲ့သလောက် တချို့သင်ခန်းစာတွေကျပြန်တော့ အောင်မှတ်လေးတောင်အနိုင်နိုင်ရယ်.. ဘယ်လိုပဲဖြစ်ဖြစ်လေ.. သည်ဘဝကျောင်းကြီးထဲမှာ ကျင်လည်ခိုကပ်နေရသမျှ ကာလပါတ်လုံးတော့ ကျွန်မတို့တွေ စာမေးပွဲဆိုတာတွေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ထိတွေ့နေရဦးတော့မှာပါပဲ.. အဲသည်တော့ လူတိုင်းလူတိုင်း ကြုံလာမယ့်စာမေးပွဲတိုင်းကို အောင်မြင်စွာကျော်လွှားနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ချင်ပါတယ်ရှင်..

Thursday, December 8, 2011

ကျွန်မနှင့်စျေးဝယ်ခြင်းအနုပညာ

မိန်းကလေးအတော်များများက စျေးဝယ်ရတာကို နှစ်သက်မယ်ထင်ရဲ့.. ကျွန်မလဲ စျေးဝယ်ထွက်ရတာကြိုက်ပါတယ်.. အလှအပကို သိပ်ဝါသနာမပါတဲ့ကျွန်မအတွက်တော့ စျေးဝယ်ခြင်းဆိုတာ မီးဖိုချောင်အတွက်စျေးဝယ်တာကို ဆိုလိုပါတယ်.. အဝတ်အထည်တွေ အလှကုန်တွေကိုတော့ ကြုံသလိုပဲဝယ်လေ့ရှိပြီး တကူးတကစျေးဝယ်ထွက်တာမျိုး မရှိသလောက်ပါပဲ.. ပွဲလေးလမ်းလေးသွားစရာရှိမှသာ တကူးတကသွားဝယ်တတ်တာမျိုးပါ..

ကိုယ်တိုင်ချက်ပြုတ်တဲ့အစားအစာတွေကိုသာ အလေးထားစားတတ်တဲ့ မြန်မာအိမ်ထောင်စုတွေမှာ မီးဖိုချောင်အတွက် စျေးဝယ်တယ်ဆိုတာ တော်တော်အရေးကြီးပါတယ်.. ကျန်းမာရေးအတွက် အရေးပါတာက အစားအသောက်မို့လား.. နေ့တိုင်းစားနေရတာမို့ ကျန်မာရေးအတွက်သင့်တော်ပြီး အာဟာရမျှတအောင် စားသောက်နိုင်ဖို့ဆိုတာ စျေးဝယ်သူအပေါ်မှာလဲ အများကြီးမူတည်တယ်လေ..

ကျွန်မတို့ငယ်ငယ်တုန်းက မေမေ့ဘက်ကအဖိုးအဖွားတွေနဲ့ တူတူနေကြပါတယ်.. တောင်ဥက္ကလာပမှာပေါ့.. အဲသည်တုန်းက မိသားစုအတွက် စျေးဝယ်သူက ပါပါကြီး (အဖိုး)ပါ.. ရခိုင်ပြည်မှာ စျေးဝယ်သူအများစုက အမျိုးသားတွေပါတဲ့.. ပါပါကြီးက တရက်ခြားတခါလောက် နန္ဒဝန်စျေးမှာ စျေးဝယ်တတ်ပါတယ်.. တော်တော်ကြီးတဲ့စျေးကြီးပေါ့.. ကျွန်မက ပါပါကြီးစျေးသွားရင် လိုက်ချင်လို့အမြဲပူဆာတတ်ပေမယ့် တခါတလေမှပဲ လိုက်ခွင့်ရပါတယ်.. လိုက်ရတဲ့အခါလဲ ကျွန်မစိတ်တိုင်းကျ စျေးလိုက်ပတ်ခွင့်မရဘဲ မုန့်ဟင်းခါးဆိုင်မှာ စားနေခဲ့ဆိုပြီး ထားခဲ့တာများတယ်လေ.. စျေးဝယ်ပြီးမှ လာပြန်ခေါ်ပါတယ်.. ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ စျေးလိုက်ရရင်ပျော်တာပါပဲ.. ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ တောင်ပုံယာပုံနဲ့ အော်ဟစ်ရောင်းနေကြတဲ့ စျေးသည်တွေကိုက ကျွန်မအတွက်တော့ စိတ်ဝင်စားစရာ.. အဲသည်တုန်းက ခုလိုကျွတ်ကျွတ်အိတ်တွေ မပေါ်သေးတော့ ငါးတို့အသားတို့ဝယ်ရင် အင်ဖက်ကြီးတွေ ဗာဒံရွက်တွေနဲ့ထုပ်လို့ နှီးကြိုးလေးနဲ့တုပ်ပေးပါတယ်.. ငရုတ်သီးတို့ နနွင်းတို့လို အခြောက်အခြမ်းဆိုရင်တော့ သတင်းစာစက္ကူလေးနဲ့ပေါ့..

နည်းနည်းကြီးလာတော့ မေမေ့နောက်ကို စျေးခြင်းလိုက်ဆွဲပေးတယ်.. အဲသည်မှာ မေမေ့ဆီက စျေးဝယ်ပညာတွေကို အသံတိတ်လေ့လာတော့တာပေါ့.. ငါးတွေအသားတွေ လတ်မလတ်ဘယ်လိုရွေးတယ် စျေးဘယ်လိုဆစ်ရတယ်.. ဘယ်အသားဟင်းဆို ဘယ်ဟင်းရံလေးနဲ့တွဲဝယ်တတ်တယ် စသည်ဖြင့်ပေါ့လေ.. မေမေ့ဆီက ကျွန်မ အမွေရလိုက်တဲ့အကျင့်လေးကတော့ ဘုရားပန်းတို့ ဆွမ်းတော်တင်မယ့်သစ်သီးတို့ဝယ်ရင် ဘယ်တော့မှ စျေးမဆစ်တတ်တာပါပဲ..

ကိုယ်တိုင်စျေးဝယ်ခွင့်ရတာကတော့ အဆောင်မှာသွားနေတော့မှပေါ့.. ကျောင်းတက်နေရတာမို့ ညနေပိုင်းမှသာ စျေးသွားဖြစ်တာများပါတယ်.. တစ်ယောက်စာလေးဝယ်ရတာမို့ စိတ်တိုင်းကျ အားရပါးရဝယ်ရတာမျိုးတော့ မဟုတ်ဘူးပေါ့.. ကျောင်းပိတ်ရက်တွေဆိုရင်တော့ အဆောင်နားလေးက ပျံကျစျေးကလေးကိုသွားကြတယ်.. မှော်ဘီမှာဆိုတော့ ဟင်းသီးဟင်းရွက်တွေ ပန်းတွေက အရမ်းကိုလတ်ဆတ်ပါတယ်.. ခြံထွက်တွေရောင်းတဲ့စျေးကလေးမို့ ရန်ကုန်ထဲထက် စျေးကလဲချိုတယ်လေ..

စလုံးကိုရောက်လာတော့ မေမေနဲ့တူတူနေတာမို့ မေမေကပဲ စျေးဝယ်တာများပါတယ်.. မေမေပြန်သွားပြီး လင်မယား၂ယောက်တည်းကျန်ခဲ့တော့မှ ကျွန်မလဲ စျေးဝယ်သူတယောက် ပီပီပြင်ပြင်ဖြစ်လာတော့တာပါပဲ.. ပုံမှန်အားဖြင့် NTUC မှာပဲ အလွယ်တကူဝယ်လေ့ရှိပေမယ့် တကယ်တမ်းကျွန်မသဘောကျတာက Wet Market ထဲမှာဝယ်ရတာကိုပါ.. ပိုပြီး လတ်ဆတ်တယ်လို့ ထင်တာလဲပါတာပေါ့.. တပတ်မှာ တနင်္ဂနွေတရက်ပဲအလုပ်ပိတ်တာမို့ စျေးထဲမှာဝယ်ဖို့က သိပ်တော့မလွယ်လှပါဘူး.. ကိုယ်တိုင်စျေးဝယ်ရတော့မှ မလွယ်ပါလားလို့ သိလာတယ်.. ကျွန်မတို့က နေ့တိုင်းထမင်းဘူးထည့်တာမို့ အဆင်ပြေမယ့်ဟင်းကို စဉ်းစားရတာကိုက ဦးနှောက်ခြောက်စရာပါ..

ပြီးခဲ့တဲ့နှစ်က ၀ိတ်လျှော့တဲ့အစီအစဉ်တစ်ခုမှာ ၀င်ပါလိုက်တော့ အာဟာရနဲ့ပတ်သတ်တဲ့ ဗဟုသုတ တော်တော်လေးရလိုက်တယ်.. ခေါက်ဆွဲခြင်းအတူတူထဲကမှ အမျှင်ဓါတ်ပိုပါတဲ့ whole meal ခေါက်ဆွဲကို ရွေးဝယ်တာမျိုး.. ဘာလေးပဲဝယ်ဝယ် Healthier choice သင်္ကေတလေးရှာမိတာ.. သကြားလျှော့ အဆီလျှော့ထားတဲ့ထုတ်ကုန်တွေကို ရှာဝယ်မိတတ်တာ.. ကယ်လိုရီတန်ဖိုးတွေ တွက်ကြည့်တတ်တာ စသည်ဖြင့်ပေါ့လေ.. မောင်နဲ့အတူတူစျေးဝယ်ရင်ကျပြန်တော့ ဒုက္ခတမျိုးပါ.. သူဝယ်ချင်လိုက်သမျှက ၀ိတ်တက်မယ့်အစာတွေချည်းပဲ.. အာလူးကြော်တွေ သီဟိုစေ့လိုကယ်လိုရီများတာတွေ ရေခဲမုန့်တွေ.. ကျွန်မမှာ ပြူးပြလဲမရ မျက်စောင်းထိုးလဲမသိချင်ယောင်ဆောင်ပြီး ဇွတ်အတင်းကို ခြင်းထဲကောက်ထည့်တော့တာပဲ..

အဲသလို ကျွန်မရဲ့ ပေါင်၂၀၀ချစ်သူကို ၀ိတ်ထပ်မတက်စေဖို့ ကျွန်မရဲ့စျေးဝယ်ခြင်းအနုပညာက သိပ်ကိုအရေးပါတာပေါ့.. ၀က်သားဆိုလဲ အဆီလုံးဝမပါတာဝယ်ပါတယ်.. အသားလုံးအတွက် ကြိတ်ထားတာလေးလိုချင်ရင်တောင် စျေးထဲမှာအသားတုံးကို ကိုယ်တိုင်ရွေးပြီး ကြိတ်ခိုင်းရပါတယ်.. ကြိတ်ပြီးသားတွေဆို အဆီများမှများပေါ့.. ခေါက်ဆွဲခြောက်ထုပ်တွေဝယ်ရင်လဲ ဆီချက်ခေါက်ဆွဲအစား ခေါက်ဆွဲပြုတ်ကိုပဲ ရွေးပါတယ်.. အဆာပြေမုန့်အတွက်ဆိုရင် ဆီနဲ့ကြော်ထားတာတွေအစား Roasted / baked ထားတာတွေ ရွေးရတာပေါ့.. တီဗွီကြည့်ရင်းစားဖို့ အာလူးကြော်တွေအစား အသီးလေးဘာလေး အစားထိုးပေးရတယ်.. တခါတလေတော့ အသုတ်လေးတွေ လုပ်ပေးဖြစ်တယ်.. ခရမ်းချဉ်သီးသုတ်တို့ ပြောင်းဖူးသုတ်တို့ပေါ့.. ညနေစာအတွက်ကို အသားတွေငါးတွေမဝယ်တော့ဘဲ ခေါက်ဆွဲလေးကြာဇံလေးကို အသီးအရွက်များများနဲ့ ပြုတ်ပေးတာမျိုး.. ကြော်ရင်လဲ ဆီနည်းနည်းနဲ့ ရေလေးထည့်ပြီး ကြော်ရတာမျိုးတွေ လုပ်ရပါတော့တယ်.. ၂ယောက်လုံးက အသီးအရွက်တော့ အရမ်းကြိုက်တာမို့ ကျွန်မတို့၂ယောက်စာ ဟင်းသီးဟင်းရွက်တွေက သူများတွေအတွက်ဆို လေးငါးယောက်စာလောက်ရှိတတ်တယ်..

ငယ်ငယ်လေးကတည်းက စျေးသွားတာပျော်တာမို့ ခုလိုကိုယ်တိုင်ဝယ်ခြမ်းစီစဉ်နေရတာကိုက ကျေနပ်စရာပေါ့.. ကျွန်မက စျေးဝယ်ခြင်းအနုပညာကို အမှန်တကယ်မြတ်နိုးသူပါ..

Thursday, November 24, 2011

လတ်တလော ကျွန်မရဲ့နေ့တွေညတွေ

နှစ်ကုန်ခါနီးလေ အလုပ်များလေပဲ.. စိတ်ညစ်တဲ့ထဲမှာ အဲဒါကထိပ်ဆုံးကပါတယ်.. သူများတကာတွေက ဟောလီးဒေးမုဒ်နဲ့ တက်ကြွနေကြချိန်မှာ ကျွန်မကတော့ အော့ဒစ်များစွာနဲ့ ချာလပတ်လည်နေရတာပါ.. နှစ်ကုန်ပိုင်းလောက် အိမ်ပြန်မယ်လို့ ရည်ရွယ်ထားပေမယ့် ခုတော့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး.. တလောက ဂျက်စတားလက်မှတ်ဝယ်ထားသူတွေ ကိုးယို့ကားယားဖြစ်တယ်ကြားတော့ ကိုယ်မပြန်ဖြစ်တာပဲ ခပ်ကောင်းကောင်းလို့ ခံစားမိသလားပဲ.. ထိခိုက်ခံစားရသူတွေအတွက် ကိုယ်ချင်းမစာလို့တော့ မဟုတ်ရပါဘူး.. နောက်ဆုံးကျတော့ ကိုယ့်အတ္တက ပထမမို့လား..

ခုတလော သားလေးကို ခဏခဏအိပ်မက်တွေမက်တယ်.. သေချာတာတော့ ကျွန်မ သိပ်လွမ်းနေပြီ.. မအားတဲ့ကြားကကို လွမ်းတယ်.. တကယ်ကိုမအားရတာ.. အလုပ်မသွားရလဲ အိမ်မှာမအားရပါဘူး.. အိမ်အလုပ်တွေက မကုန်နိုင်အောင်များတယ်.. လက်ထပ်စာချုပ်မှာ အိမ်အလုပ်တွေအကုန်ကို အိမ်ရှင်မဖြစ်တဲ့ ကျွန်မပဲလုပ်ပါ့မယ်လို့ လက်မှတ်မထိုးခဲ့မိပေလို့ပဲ.. နှစ်ယောက်စလုံး ခွဲဝေပြီးလုပ်ပါ့မယ်လို့ စာချုပ်ထဲမထည့်လိုက်ရတာအတွက်တော့ နောင်တရမိသလိုလို.. မလုပ်ဘဲထားလို့ သူက ကွန်ပလိန်းမတက်ပေမယ့် မနေတတ်တဲ့အကျင့်ကြောင့် ပင်ပန်းရသူက ကိုယ်ပဲလေ.. အိုးသစ်အိမ်သစ် ထူထောင််ကြမယ့် နောင်လာနောက်သားများမှတ်သားဖွယ်ကတော့ လက်ထပ်စာချုပ်အပြင် အိမ်ထောင်တာဝန်ခွဲဝေရေး သဘောတူညီချက်လေးပါ လက်မှတ်ထိုးထားဖို့ အကျိတ်အနယ်စဉ်းစားပါလော့..

ခုလောလောဆယ် ပြင်းထန်နေတဲ့ရောဂါက ရုံးပိတ်ရက်ဆို အိမ်မှာမနေချင်တဲ့ရောဂါ.. အဲဒါကိုသက်သာမလားလို့ လာမယ့်ဆန်းဒေးကျရင် ဘာတမ်ကိုလည်လည်သွားပါမယ်.. ဗီစာမလိုတော့ဘူးဆိုကတည်းက သွားချင်နေတာ ခြေဖဝါးတွေကိုယားလို့.. ခုမှပဲသွားဖြစ်တော့မယ်.. အသွားအပြန်ဖယ်ရီခရယ်.. တနာရီစာ မာဆာ့ချ်ရယ်.. ဘူဖေးနေ့လည်စာရယ်.. စျေးဝယ်ပို့ပေးမှာရယ်.. ဖွတ်ကလိဒင်္ဂါး ၃၀ကျော်ဆိုတော့ တန်ပါတယ်လေ.. တစ်ညအိပ်သွားဖို့ကို ပိတ်ရက်သွားရင်ပေးရမယ့် ဆာချာ့ချ်ဆိုတာကြီး မပေးချင်တာနဲ့ပဲ မေ့ပစ်လိုက်တယ်..

လာမယ့်နှစ်သင်္ကြန်ကို ရန်ကုန်ပြန်ဖို့ လက်မှတ်တောင်ဝယ်ပြီးသွားပြီ.. ၂ပါတ်တိတိပြန်မယ်.. ယောက်ျားကိုပဇင်းတက်ပေးမယ်.. ရဟန်းအမဖြစ်ရချည်သေး.. သင်္ကြန်ပြီးရင်တော့ ချောင်းသာကို လည်လည်သွားပါမယ်.. အဝေးကြီးလိုသေးပေမယ့် တွေးတွေးပြီးပျော်နေမိသေးတယ်.. ပြန်မယ့်ရက်မတိုင်ခင်အထိ ဆက်တိုက်အလုပ်တွေများမှာကို တွေးမိပြန်တော့ ဘယ်သူ့ကိုမှန်းမသိ သတ်ချင်စိတ်တွေပေါက်ပေါက်လာတယ်.. သတ်ချင်တယ်ဆိုလို့ တလောက အချစ်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သတင်းကြားရတော့ သူငယ်ချင်းတွေနဲ့ပြောဖြစ်သေးတယ်.. ငါသာဆိုရင်တော့ ကိုယ့်ကိုကိုယ်သတ်သေမယ့်အစား သစ္စာမဲ့တဲ့သူ့ကိုပဲသတ်ပစ်လိုက်မယ်လို့..

ညညဆို ဘားမိစ်ကလပ်စစ်မှာ မြန်မာကားတွေ ရှာဖွေကြည့်ဖြစ်နေလို့ နောက်ကျမှအိပ်ဖြစ်နေပြီး မနက်မနက်အိပ်ယာကမထချင်တာလဲ ရောဂါပဲ.. ရနာရီခွဲစတဲ့အလုပ်ကို အမှီရောက်ဖို့ ၆နာရီအိပ်ယာထရတာလေ.. ရုံးကားက ၆နာရီ၄၀ဆိုလာကြိုတယ်.. ကားမှတ်တိုင်ကို အိမ်ကနေ ၁၀မိနစ်လောက်လမ်းလျှောက်ရသေးတာမို့ မနက်ပိုင်းခေါင်းလျှော်ဖြစ်တဲ့နေ့ဆို ရုံးကားမှီအောင် ပြေးပေရော့ပဲ.. ကားပေါ်ရောက်မှ သီချင်းနားထောင်ရင်း ဆက်ငိုက်ပေါ့..

အလှအပအတွက် အချိန်မပေးချင်တာရယ် ၀ါသနာလဲမပါလှတာရယ်ကြောင့် ကျွန်မမှာ အလှကုန်ရယ်လို့ သိပ်ရှိလှတာမဟုတ်ဘူး.. ခုတလောတော့ ဘာကြောင့်ရယ်မသိ ပြင်ပြင်ဆင်ဆင်လေး နေချင်မိတယ်.. ဘလော့ဖတ်ရင်လဲ သနပ်ခါးမေလေးမြတ်ကြည်တို့ ညီမကန်ဒီလေးတို့ရဲ့ အလှပြင်နည်းလေးတွေကို စိတ်ဝင်တစားဖတ်မိနေတယ်.. လက်သည်းအလှဆိုးနည်းလေးတွေတင်တတ်နဲ့ မဘေဘီဆီကိုလဲ ခဏခဏရောက်မိနေတယ်.. ခုတလော အလှပြင်ဖြစ်နေတော့ ယောက်ျားကပြောတယ်.. အိမ်အိုလို့ကျားကန်တဲ့သဘောလားတဲ့.. ဘာရမလဲ နှုတ်ခမ်းထော်ပြီး မျက်စောင်းပစ်ထိုးလိုက်တယ်.. ချော့စမ်း..

Monday, November 14, 2011

ကျွန်မရဲ့ ၀ါသနာလေးများ

ကျွန်မက ငယ်ငယ်လေးကတည်းက လက်မှုပညာကို ၀ါသနာပါပါတယ်.. လေးတန်းကျောင်းသူလောက်မှာ သိုးမွှေးတချောင်းထိုး ထိုးတတ်နေပါပြီ.. လက်ကိုင်ပုဝါအနားလေးတွေ ခေါင်းစီးကွင်းလေးတွေ ကလေးဦးထုပ်လေးတွေ ထိုးတတ်ပါတယ်.. နှစ်ချောင်းထိုးကတော့ အခြေခံလောက်ပဲထိုးတတ်ပြီး အထည်ဖြစ်အောင် မထိုးတတ်ပါဘူး.. အထက်တန်းလောက်ရောက်တော့ ပန်းထိုးတတ်လာပါတယ်.. ပိတ်စအဖြူပေါ်မှာ ရောင်စုံချည်လေးတွေနဲ့ အပ်ချုပ်အပ်နဲ့ထိုးတာပေါ့.. မျက်လုံးကိုအရမ်းအားစိုက်ရတာမို့ နောက်ပိုင်းလုံးဝမထိုးဖြစ်တော့ပါဘူး.. မှော်ဘီမှာကျောင်းတက်နေတုန်းကကျတော့ ချည်အိတ်တွေ ကတ်အိတ်တွေထိုးပါတယ်.. ချည်အိတ်က ငါးဖမ်းပိုက်ကြိုးတွေကို ရောင်စုံဆိုးထားတဲ့ချည်နဲ့ အထုံးလေးတွေချည်ပြီး ထိုးရတာပါ.. ချည်တွေကို သိမ်ကြီးစျေးမှာဝယ်ရတယ်.. ချည်ကြိုးတွေကကြမ်းတော့ လက်တွေတောင်ပေါက်ရောပဲ.. စိတ်ကူးကောင်းရင်ကောင်းသလို ပုံဖော်လို့ရတာမို့ တခါတလေဆို ပုံစံလေးတွေစဉ်းစားရင် ကားမှတ်တိုင်တောင်ကျော်သွားတဲ့အထိပဲ.. ကတ်အိတ်ကတော့ ပလတ်စတစ်ကတ်လေးတွေမှာ နိုင်လွန်ချည်နဲ့ ပန်းပုံလေးတွေဖော်ထိုးရတာပါ.. နိုင်လွန်ချည်က အရောင်လေးတွေစိုပြီး လှလွန်းတော့ ကတ်အိတ်လေးတွေကို လူတိုင်းသဘောကျကြပါတယ်.. အဒေါ်တွေကို တယောက်တလုံး ထိုးပေးပြီးတော့ ကတ်အိတ်ထိုးရတာ ငြီးငွေ့သွားလို့ ကိုယ့်အတွက်တောင် မထိုးဖြစ်တော့ပါဘူး..

နောက်ထပ် ကျွန်မရဲ့ဝါသနာကတော့ အချက်အပြုတ်ပေါ့.. စားမယ့်သူသာရှိလို့ကတော့ မီးဖိုထဲကမထွက်စတမ်းကို ချက်နေချင်တော့တာပဲ.. အစားအစာအသစ်အဆန်းတွေ ထွင်ပြီးချက်ရတာကိုလဲ သိပ်ပျော်တယ်.. အရမ်းစားကောင်းတာလဲရှိသလို ဘာအရသာကြီးမှန်းမသိလို့ သွန်ပစ်လိုက်ရတာလဲ ရှိသပေါ့လေ.. စားကောင်းတာကများပါတယ်.. အမေဖက်ကအဖွားဆီက ရခိုင်ဟင်းချက်နည်းလေးတွေရယ် အဖေဖက်ကအဖွားဆီက မော်လမြိုင်ချက်လေးတွေရယ်နဲ့တင် တော်ဟုတ်နေပြီမို့လား.. အကျွမ်းကျင်ဆုံးကတော့ အသုပ်ပါပဲ.. ကျွန်မမို့ ဘာပဲသုပ်လိုက်လိုက် အရမ်းစားကောင်းတယ်လို့ လူတိုင်းပြောကြတယ်.. ရခိုင်သုပ်လား ဗမာသုပ်လား ဘက်စုံကျွမ်းပဲနော်..

စာဖတ်ဝါသနာပါတဲ့ကျွန်မက စာရေးချင်တာလဲ ဆန်းတော့မဆန်းဘူးပေါ့.. ကဗျာတွေ စာအတိုအစလေးတွေ သိပ်ရေးချင်တာ.. ကိုယ်ရေးတဲ့စာကို ကောင်းတယ်များပြောလို့ကတော့ ပါးစပ်ကိုစေ့မရတော့ဘူး.. ကဗျာရေးတာကတော့ မူလတန်းကတည်းက.. လေးလုံးစပ်ကဗျာလေးတွေကို ကာရံအကျိုးကျိုးအပဲ့ပဲ့နဲ့ ရေးထားတာမှမနည်းမနော.. ရင်ခုန်တတ်တဲ့အရွယ်ရောက်လာတော့ အချစ်ကဗျာတွေပေါ့.. အရွယ်လေးရလာတာနဲ့အမျှ ရင့်ကျက်ခြင်းကိုဖော်ဆောင်တဲ့ ကဗျာလေးတွေ ဖန်တီးဖြစ်လာတယ်.. ကဗျာအဟောင်းလေးတွေကို ပြန်ဖတ်တိုင်း အတိတ်ရဲကအရိပ်လေးတွေ ပြန်ထင်ဟပ်လာတတ်လို့ ကဗျာဟောင်းလေးတွေကို ပြန်ဖတ်ရင်း အတွေးနယ်ချဲ့ရတာကိုလဲ ကျွန်မသိပ်ကြိုက်တယ်..

ကျွန်မရဲ့နောက်ဝါသနာတခုကတော့ ဆံပင်အလှပြင်ခြင်းပါပဲ.. ကျစ်စာမြီးမျိုးစုံကျစ်ရတာ ဆံထုံးလေးတွေထုံးရတာ အရမ်းဝါသနာပါပါတယ်.. ကိုယ်တိုင်က ဆံပင်သိပ်မကောင်းတော့ သူများတွေကိုပဲ လုပ်ပေးဖြစ်ပါတယ်.. အဆောင်မှာနေတုန်းက မနက်မနက်ဆို ဆံပင်ပြင်မယ့်သူတွေ ကျွန်မအခန်းရှေ့ စည်ကားနေတတ်တာလေ.. အဒေါ်တွေ မင်္ဂလာဆောင်သွားမယ်ဆိုရင်လဲ ဆံထုံးပုံစံမျိုးစံ ထုံးပေးရတတ်တာ ကျွန်မပဲပေါ့.. ကိုယ့်ဝါသနာမို့ စိတ်ပါလက်ပါနဲ့ ဆံထုံးနဲ့လိုက်ဖက်မယ့် ပန်းလေးတွေတောင် တကူးတကရှာပေးသေးတယ်.. ကိုယ်တိုင်ကတော့ ခရေပန်းကလွဲရင် ဘာပန်းမှမပန်တတ်တဲ့သူ..

အပင်စိုက်တာကိုလဲ ကျွန်မ ၀ါသနာပါပါသေးတယ်.. ကိုယ်စိုက်ထားတဲ့အပင်လေးက အသီးအပွင့်တွေ ဝေနေပြီဆို ဖြစ်ပေါ်လာရတဲ့ပီတိက ဘာနဲ့မှမလဲနိုင်ဘူးမို့လား.. မှတ်မှတ်ရရ အများကြီးစိုက်ဖူးတာကတော့ ကစ်မီကွစ်လို့ခေါ်တဲ့ ဆူးများနဲ့ပန်းကလေးတွေပါပဲ.. သဲနဲ့ဖွဲပြာကို ဆတူရောပြီးစိုက်ရင် အပင်အရမ်းဖြစ်ပြီး အပွင့်အကြီးကြီးတွေပွင့်ပါတယ်.. တခိုင်တည်းမှာ ၁၆ပွင့်ကနေ ၂၄ပွင့်အထိပွင့်တယ်လေ.. မုန်လာ မုန်းညင်းစတဲ့ စားပင်လေးတွေရယ်.. ဗူး ခရမ်းစတဲ့ သီးပင်လေးတွေရယ်လဲ စိုက်ဖူးတယ်.. ကိုယ့်အပင်က အသီးအရွက်တွေနဲ့ ချက်တဲ့ဟင်းကမှ ပိုချိုတယ်ထင်တတ်တာ လူ့သဘာဝပဲလေ.. လတ်လတ်ဆတ်ဆတ်မို့လား..

ခုတလော အကောင်အထည်အဖော်ဖြစ်ဆုံး ကျွန်မရဲ့ဝါသနာကတော့ သီချင်းဆိုတာပေါ့.. တနေ့တနေ့ singforyou.net မှာ သီချင်းတွေဆို အသံတွေသွင်းနေဖြစ်တယ်.. ပထမတော့ အလကားရတဲ့အမှတ်လေးတွေနဲ့ပေါ့.. နောက်တော့ အားမရတော့လို့ Gold Plan ၀ယ်ပြီး အားရပါးရဆိုနေပါတယ်.. အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ အိမ်အလုပ်တွေ ကမန်းကတမ်းလုပ်ပြီးရင် အခန်းတံခါးပိတ် အဲကွန်းဖွင့်ပြီး.. ဟုတ်ကဲ့.. မြူးမြူး အသံသွင်းနေပါသည်ရှင်..

(ရုံးကနေ ပို့စ်တင်ချင်လို့ တင်လိုက်တာ ယူကျုမရလို့ သီချင်းလေးတွေ အမြည်းမပေးရသေးဘူး.. ညကျမှတင်လိုက်မယ်.. ဆက်ဆက်လာနားထောင်လှည့်နော်.. )

Wednesday, November 9, 2011

ဘယ်တော့လဲ

စလုံးကို စရောက်တယ်ဆိုကတည်းက ဒီမှာပဲ တသက်လုံးနေလိုက်တော့မယ်လို့ တခါမှမတွေးခဲ့ဖူးတာအမှန်ပဲ.. တနေ့နေ့တော့ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်ဆွေမျိုးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပြန်နေမယ်ဆိုတဲ့အတွေးပဲ တချိန်လုံးကြီးစိုးနေခဲ့တာလေ.. အိမ်ဆိုတဲ့စကားလုံးကြားတိုင်း မခမ်းနားမကြီးကျယ်တဲ့ မီးမှန်မှန်မလာတဲ့အရပ်က အိမ်အိုလေးကိုပဲ မျက်လုံးထဲမြင်နေတတ်တာမို့လား.. ရုပ်ဝတ္ထုတွေဘယ်လောက်ပဲ ပြည့်စုံနေပါစေ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ဒီမြို့မှာ ကျွန်မ မပျော်ဘူး.. မိုးလင်းကနေမိုးချုပ် စက်ရုပ်တွေလို ရုန်းကန်လှုပ်ရှားနေရတော့ ဘဝက လူမဆန်တော့သလိုပဲ.. ငွေကြောင့်သာမဟုတ်ရင် ဒီမြို့မှာ တစ်မိနစ်လေးတောင် ကျွန်မဆက်မနေချင်တော့ဘူး..

ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့တောင် တွေ့ဖို့ဆုံဖို့ စကားတွေပြောဖို့ အချိန်ဆိုတာရှားပါးလွန်းတယ်.. ဂျီတော့မှာပဲ ပြောကြ ဖဘမှာပဲတွေ့ကြ အတုအယောင်လောကထဲမှာပဲ ပျော်နေကြရတဲ့ဘဝမျိုးကို သိပ်ငြီးငွေ့မိတယ်.. ကိုယ့်မြေမှာတုန်းက မိသားစုတမျှ ရင်းနှီးနွေးထွေးတဲ့ အိမ်နီးချင်းတွေရှိတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းခဲ့ရတဲ့ကျွန်မအတွက် အချိန်တိုင်းတံခါးတွေပိတ်ထားပြီး ဘယ်လိုလူမျိုးတွေနေလဲဆိုတာတောင် မသိနိုင်တဲ့ အိမ်နီးချင်းမျိုးတွေနဲ့ နေသားကိုမကျနိုင်ဘူး..

မီးဆိုတာ ခလုတ်နှိပ်ရင်ရတယ်.. ရေဆိုတာ ဘုံဘိုင်ခေါင်းကလာတာ.. ဆိုတာလောက်ပဲ သိထားတဲ့လူမျိုးတွေနဲ့ ပြောဆိုဆက်ဆံလုပ်ကိုင်နေရတာ တခါတလေကျတော့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်.. မီးပျက်သွားရင် ရေပျက်သွားရင် အဆင်ပြေအောင်ဖြေရှင်းရမယ့်အစား ကွန်ပလိန်းတက်လိုက်ဖို့ကိုသာ စိတ်ဝင်စားတတ်တဲ့သူတွေနဲ့ ကျွန်မဘယ်လိုမှ သဟဇာတမဖြစ်နိုင်သလို.. ကိုယ့်အကြောင်းကိစ္စထက် သူများအကြောင်းကို ပိုပြီးစိတ်ဝင်စားတတ်တဲ့ စကားတင်းမျိုးစုံပြောတတ်တဲ့ လူတန်းစားတွေနဲ့ ဆက်ဆံရတာ ဘယ်လိုမှအံမဝင်ဘူး..

ဟိုးတုန်းက လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်ဖူးတဲ့အချိန်တွေကို ခဏခဏ အိပ်မက်မက်နေမိတယ်.. သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း နှစ်သက်မိတဲ့ သီချင်းတွေအကြောင်း ကဗျာတွေအကြောင်း စာအုပ်တွေအကြောင်း မမောနိုင်မပန်းနိုင်ပြောရင်း နေဝင်ချိန်တွေကို အတူတူကုန်ဆုံးခဲ့ကြဖူးတယ်.. မနက်မိုးလင်းတိုင်း ပဲပြုတ်သည်ရဲ့အသံနဲ့ နိုးထခဲ့ဖူးတဲ့ မနက်ခင်းလေးများစွာကိုလဲ ပိုင်ဆိုင်ဖူးခဲ့တယ်.. နေ့လည်နေ့ခင်းတွေမှာ သရက်ပင်အောက်ထိုင်ရင်း အိမ်နီးချင်းမိတ်ဆွေတွေနဲ့အတူ သရက်သီးစိမ်းတွေကို ငံပြာရည်နဲ့တို့စားခဲ့ဖူးတယ်.. ရုပ်ဝတ္ထုတွေ မပြည့်စုံပေမယ့် ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးက ပျော်စရာလေးတွေ ဖန်တီးပေးနိုင်ခဲ့တယ်လေ..

ကျွန်မအချစ်ဆုံး သားလေးနဲ့ခွဲနေရတော့ အိမ်ပြန်ချင်စိတ်က ပိုပြီးတော့ကြီးစိုးလာတယ်.. မောင်ကလဲ စလုံးမှာမပျော်တဲ့သူမို့ အိမ်ပြန်မယ့်အကြောင်း ပြောဖြစ်တဲ့အခါတိုင်း ၂ယောက်သားမျက်ဝန်းမှာ အရောင်တွေတလက်လက်ပေါ့.. မောင်က ကျွန်မထက်တောင် ပိုပြီးအိမ်ပြန်ချင်နေတဲ့သူ.. တလောက သူ့ ပါ့စ်သက်တမ်းတိုးတော့ ၃နှစ်ရတယ်.. အဲဒါကုန်ရင် ထပ်မတိုးချင်တော့ဘူးတဲ့.. သူအိမ်ပြန်ပါရစေတော့တဲ့.. ရန်ကုန်မှာပဲ စီးပွားရေးတခုခုလုပ်ချင်တယ်တဲ့လေ.. ကျွန်မ မောင့်ကို မောင်နေချင်တဲ့နေရာမှာပဲ နေစေချင်ပါတယ်.. တကယ်တမ်းကျတော့ ကျွန်မကိုယ်တိုင်လဲ မနေချင်တဲ့အရပ်မှာ နေနေရသူမို့လား.. သေသေချာချာစဉ်းစားပြန်တော့ ရန်ကုန်မှာ တကယ်လို့ စီးပွားရေးလုပ်ငန်းက အဆင်မပြေဘူဆိုရင် သားလေးအတွက် လိုအပ်တာတွေအပြည့်အဝ ဖန်တီးမပေးနိုင်မှာ စိုးရိမ်မိတယ်.. ကိုယ်တွေချည်းဆို အကြောင်းမဟုတ်ဘူးလေ.. ရသလောက်လေးနဲ့ ဖြစ်သလိုဖြတ်သန်းလို့ရပါရဲ့.. သားလေးအတွက်ကျတော့ မိဘတို့ရဲ့ထုံးစံအတိုင်း အကောင်းဆုံးဆိုတာတွေကိုပဲ ပေးချင်တာမို့လား..

မောင့်အတွက်စဉ်းစားမိတော့လဲ စိတ်မကောင်းဘူး.. ကျွန်မကြောင့်သာ သူက စလုံးကိုရောက်လာရတယ်.. သူမပျော်တဲ့နေရာမှာ သူမလုပ်ချင်တာတွေ လုပ်နေရတာမို့လား.. အဲလိုဆိုတော့ ကျွန်မလဲ ဆုံးဖြတ်လိုက်တယ်.. မောင်က ပြန်ချင်တယ်ဆိုလဲ ပြန်ပါစေတော့.. ကျွန်မကတော့ ရန်ကုန်မှာ စီးပွားရေးလုပ်ငန်းလေးတစ်ခု အခြေကျမှပဲ ပြန်တော့မယ်လို့.. စလုံးကိုရောက်လာတယ်ဆိုကတည်းက မေမေနဲ့တူတူနေခဲ့ရတာ ခုကျတော့လဲ မောင်နဲ့တူတူလေ.. မောင်ပြန်သွားရင် တယောက်တည်းနေရမှာမို့ အစပိုင်းတော့ ကျွန်မအတွက် သိပ်ကိုခက်ခဲမှာပေါ့.. ဖြစ်အောင်တော့ လုပ်ရမှာပေါ့လေ..

အိမ်ထောင်တစ်ခုမှာ အမေဆိုတဲ့နေရာက အခက်ခဲဆုံးပါလားဆိုတာ ပိုသဘောပေါက်လာမိတယ်.. ကျွန်မမေမေတုန်းကလဲ ဖေဖေကျန်းမာရေးမကောင်းတော့တဲ့အချိန်မှာ သားသမီးတွေအတွက် စလုံးကိုတယောက်တည်းရောက်လာပြီး ၁၅နှစ်လုံးလုံး ရုန်းကန်ခဲ့ရတာမို့လား.. ကျွန်မလဲ လုပ်နိုင်ရမှာပေါ့.. ကျွန်မစလုံးကိုရောက်တာ နောက်နှစ်ဆန်းဆို ၅ နှစ်ရှိပြီ.. အသက်၂၅နှစ်တုန်းကလာခဲ့တာမို့ ခု အသက်၃၀တောင်ပြည့်တော့မယ်.. နောက်ထပ်ဘယ်နှနှစ်လောက်များ ဆက်နေရဦးမယ်မသိဘူး.. ဘယ်အသက်အရွယ်ထိ အသက်ရှင်နေရဦးမလဲဆိုတာတောင် မသေချာတဲ့ဘဝထဲမှာ ဖြစ်နိုင်မယ်ဆိုရင်တော့ သိချင်ပါရဲ့.. ကျွန်မအတွက်.. အိမ်ပြန်ချိန်ဆိုတာ.. ဘယ်တော့လဲ.. လို့..

Saturday, October 8, 2011

သို့.. ဖေဖေ

ဖေဖေ...

အချိန်တွေကုန်သွားတာ သိပ်မြန်တာပဲ ဖေဖေရယ်.. လာမယ့်၁၂ရက်နေ့က သီတင်းကျွတ်လပြည့်တဲ့.. အဖွားတို့အိမ်ကြီးမှာ မိသားစုကန်တော့ပွဲ လုပ်ကြမယ်တဲ့လေ.. လွန်ခဲ့တဲ့၃နှစ်တုန်းက အဲဒီမိသားစုကန်တော့ပွဲမှာ ဖေဖေရှိနေခဲ့သေးတယ်နော်.. သမီးက ဖုန်းထဲကနေ ကန်တော့ပါတယ်ပြောတော့ ဆုတွေတသီကြီး ဖေဖေပေးခဲ့သေးတယ်.. နောက်၂ပါတ်လောက်အကြာမှာတော့ ဖေဖေက သမီးတို့ကိုစိတ်ချလက်ချ မျက်ကွယ်ပြုသွားခဲ့တော့တာလေ..

နှစ်ရှည်လများ ဖေဖေခံစားနေခဲ့ရတဲ့ အနာရောဂါတွေက လွတ်မြောက်သွားတာပဲ ရယ်လို့ သမီးတို့ ကြိုးစားပြီး ဖြေသိမ့်ခဲ့ပါတယ်ဖေဖေ.. စိတ်သဘောထားကောင်းပြီး သူတပါးအပေါ် အကောင်းပဲမြင်တတ်တဲ့ဖေဖေက ကောင်းရာမွန်ရာ ဘုံဘဝကိုပဲ ရောက်နေမယ်ဆိုတာ သမီးယုံကြည်ပါတယ်.. ခုဆို ဖေဖေ့ရဲ့သားသမီးတွေ ဖေဖေဖြစ်စေချင်တဲ့ဘဝမျိုးမှာ ကိုယ်စီရပ်တည်နေနိုင်ကြပြီမို့ ဖေဖေကျေနပ်နေလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့ဖေဖေရယ်..

သုံးနှစ်ဆိုတဲ့အချိန်က ဘာမှမကြာလိုက်သလိုပဲ.. ခုတော့ သမီးလဲ မိဘဆိုတဲ့နေရာကို ရောက်နေခဲ့ပြီဖေဖေ.. ဖေဖေမတွေ့ဖူးလိုက်တဲ့ ဖေဖေ့ရဲ့မြေးဦး သမီးရဲ့တစ်ဦးတည်းသောချစ်သားလေးတောင် စကားတွေတော်တော်တတ်နေပြီပေါ့.. ဖေဖေ့ကို သားလေးကသိပါတယ်.. ဖေဖေ့ပုံပြရင် ဖိုးဖိုးဦးလွှမ်းမိုးဇင်လို့ သူပြောတတ်တယ်.. သူကလေးက ဖေဖေ့လိုပဲ ဉာဏ်သိပ်ကောင်းတယ်ဖေဖေ.. ဖေဖေနဲ့မတူတာက သူစကားသိပ်များတယ်.. ဖေဖေကတော့ မလိုအပ်ပဲ ဘာစကားမှသိပ်မပြောသူမို့လား..

ဖေဖေနဲ့အတူတူ ညနက်ကြီးထိ ဘောလုံးပွဲစောင့်ကြည့်ကြပြီး ဖေဖေကြော်ကျွေးတဲ့ ညလယ်စာထမင်းကြော်လေးကို အလုအယက်စားခဲ့ကြဖူးတဲ့ ညလေးများစွာကိုလဲ သမီးသိပ်လွမ်းတယ်.. အိပ်ယာဝင်နောက်ကျလို့ ဖေဖေအိပ်ယာထတဲ့တိုင် သမီးတို့မနိုးသေးလို့ အိမ်ပေါ်ထပ်ကြမ်းခင်းကို အောက်ထပ်ကနေ တုတ်ကောက်နဲ့လှမ်းထိုးပြီး နှိုးတတ်တဲ့ဖေဖေ့ကို သမီးသိပ်လွမ်းတာပေါ့.. ခုလဲ သမီးလေ.. မနက်စောစောတိုင်း ဖေဖေရွတ်လေ့ရှိတဲ့ ဘုရားစာတွေကိုနားထောင်ပြီး ဆုံးသွားရင်သာဓုလိုက်ခေါ်ချင်မိသေးတယ် ဖေဖေရယ်..

သီချင်းတွေကိုနှစ်သက်တဲ့ဖေဖေက သားသမီးတွေ သီချင်းဆိုကြပြီဆို ပြုံးပြီးနားထောင်နေတတ်တယ်.. ဖေဖေ့လက်တွေ ဂစ်တာတီးနိုင်တဲ့အခြေအနေတုန်းက ဖေဖေတီးပြဆိုပြတတ်တဲ့ ဂျိန်းဖောသီချင်းလေးလဲ မှတ်မိနေသေးတယ်.. ကဗျာကို သီချင်းလိုလုပ်ပြီး ကျက်ခဲ့ကြတယ်ဆိုလားပဲ.. နေအရုဏ်အောင်လံစိုက်တော့ ခြေအစုံတောင်ယံတဝိုက်မှာ ဒေါင်းမရေ ကလိုက်ချင်သေး ဆိုတဲ့သီချင်းလေးလေ.. ခောတ်မီတဲ့ဖေဖေက သမီးတို့နဲ့အတူ ဖြူဖြူကျော်သိန်းတို့ လေးဖြူတို့ကိုတောင် ကြိုက်ခဲ့သေးတာနော်..

ဖေဖေရေ.. ညီမလေးရောမောင်လေးရော အိမ်ထောင်တွေအသီးသီးကျကုန်ကြပြီ.. သူတို့တွေလဲ ကိုယ်စီ အောင်မြင်တဲ့ဘဝတွေ ပိုင်ဆိုင်ထားကြပါရဲ့.. မေမေကတော့ သူ့မြေးလေးနဲ့အတူ ရန်ကုန်မှာပြန်နေတယ်လေ.. ဖေဖေသိတဲ့အတိုင်း အလုပ်မလုပ်ရရင် မနေနိုင်သူမို့ ခုထိတောင် ဟိုဟိုဒီဒီ ၀င်ငွေရတဲ့အလုပ်လေးတွေ လုပ်နေတုန်းပေါ့.. ဘောင်ဘောင်ကြီးရယ်.. ဖွားလေးသန်းရယ် ဘဘမျိုးရယ်လဲ ဖေဖေ့လိုပဲ အားလုံးကို မျက်ကွယ်ပြုသွားခဲ့ကြပြီ.. အဖွားကတော့ ခုထိကျန်းကျန်းမာမာပဲဖေဖေ.. ဧပြီတုန်းကတောင် သမီးဆီကို လာလည်သေးတယ်.. ကြီးကြီးသက်နဲ့တူတူပေါ့.. အားလုံးလဲ အဆင်ပြေကြပါတယ်ဖေဖေ.. သမီးတို့လဲ ဖေဖေမရှိတာကလွဲလို့ ပြည့်စုံပါရဲ့..

ခုသမီးရောက်နေတဲ့အခြေအနေကို သမီးကျေနပ်ပါတယ်.. သမီးကိုချစ်တဲ့ခင်ပွန်းရယ်.. ချစ်စရာကောင်းတဲ့သားလေးရယ်.. အဆင်ပြေတဲ့အလုပ်လေးတခုရယ်.. နေပျော်ပါရဲ့ဖေဖေရယ်.. တခါတလေ သိပ်အိမ်ပြန်ချင်တတ်တာကလွဲလို့ သားသားနဲ့ခွဲပြီးနေရတာကလွဲလို့ စရိုက်မတူ ဘာသာမတူသူတွေနဲ့ သဘောထားကွဲလွဲရတဲ့အခါ စိတ်တိုရတာကလွဲလို့ သမီးအဆင်ပြေပါတယ်.. ရွက်ကျပင်ပေါက်လိုမျိုး ရောက်လေရာမှာ နေတတ်ပျော်တတ်အောင် သမီးအတတ်နိုင်ဆုံး ကြိုးစားနေပါတယ်..

လာမယ့်၂၈ရက်နေ့ဆို ဖေဖေဆုံးတာ ၃နှစ်ပြည့်ပြီနော်.. သမီးဖေဖေ့အတွက် ကုသိုလ်ကောင်းမှုလေးတွေ တတ်နိုင်သလောက်လုပ်ပေးချင်လို့ ဘုန်းကြီးဆွမ်းကပ်မယ်လို့ စီစဉ်ထားတယ်ဖေဖေ.. ဖေဖေကြိုက်တဲ့ဟင်းလေးတွေချက်ပြီး သမီးဆွမ်းကပ်မယ်လေ.. ဖေဖေ့အတွက်အမျှဝေတဲ့အခါ ရောက်လေရာအရပ်ကနေ ဖေဖေ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပေးပါနော်..

သမီး ဖေဖေ့ကို သိပ်ချစ်ပါတယ်ဖေဖေ..

ဖေဖေ့ရဲ့

သမီးကြီး

Tuesday, September 13, 2011

ကျွန်မချစ်သော

ကျွန်မ လရောင်ကိုချစ်သည်.. လသာတဲ့ညတွေဆို အလိုလိုပျော်နေတတ်တာ ကျွန်မပေါ့.. ငယ်ငယ်ကတည်းက ကျွန်မအိပ်ယာကို ပြတင်းပေါက်ဘေးမှာပဲ အမြဲရအောင်ထားတတ်တယ်.. လသာတဲ့ညတွေတိုင်း လမင်းကိုကြည့်ရင်း အိပ်ပျော်သွားရတာကို ကျွန်မအရမ်းကြိုက်တာပေါ့.. အိပ်မက်ထဲမှာတောင် လမင်းရဲ့အလင်းအောက် လမ်းလျှောက်ချင်လျှောက်နေတတ်သေးတယ်.. လပြည့်ညရဲ့လမင်းကြီးကိုသာမက လခြမ်းကွေးကွေးလေးကိုတောင် ကျွန်မသိပ်ချစ်တတ်သည်လေ..

ကျွန်မ စာအုပ်တွေကိုချစ်သည်.. စာလုံးပေါင်းပြီး ဖတ်တတ်တဲ့အရွယ်ကတည်းက စာအုပ်တွေက ကျွန်မရဲ့အဖော်ဖြစ်ခဲ့သည်.. ကာတွန်းဆရာပေါင်းစုံရဲ့ ကာတွန်းစာအုပ်တွေ တေဇ မိုးသောက်ပန်းတွေနဲ့အတူ ကျွန်မကြီးပြင်းခဲ့ရသည်.. အသက်အရွယ်ကိုလိုက်ပြီး စာအုပ်မျိုးစုံနေအောင် ကျွန်မ ဖတ်ခဲ့သည်.. မြန်မာစာပေကိုချစ်မြတ်နိုးသူမို့ တစ်ဦးတည်းသောသားလေးကို မြန်မာစာမတတ်မှာ မြန်မာစာအုပ်တွေမဖတ်နိုင်မှာ သိပ်စိုးရိမ်သူက ကျွန်မပေါ့.. ပွင့်မြူးဇင်ရဲ့သားက မြန်မာစာမတတ်ဘူးဆိုတာ လုံးဝမဖြစ်စေရဘူး လို့ ဆုံးဖြတ်ထားပါတယ်..

ကျွန်မ ခရေပန်းကိုချစ်သည်.. ချစ်ပေမယ့် ပန်းပန်ရတာသိပ်မကြိုက်လို့ သိပ်တော့ မပန်ဖြစ်ဘူး.. ခရေရနံ့က ကျွန်မရဲ့စိတ်ကို ကြည်လင်စေတာအမှန်ပဲ.. နွမ်းခြောက်သွားတာတောင် ရနံ့မပျယ်တဲ့ ခရေပွင့်သေးသေးလေးတွေကို ဘယ်လိုချစ်မှန်းကိုမသိ.. ခရေပန်းခြောက်လေးတွေကို သနပ်ခါးထဲ ရောသွေးပြီး လိမ်းရတာကိုလဲ ကျွန်မကြိုက်တယ်.. အဲ တယောက်သောသူပေးဖူးတဲ့ ခရေပန်းကုံးလေးကတော့ ချွင်းချက်ပေါ့.. ခြေမပစ်ရက်လို့ ခုထိသိမ်းထားတုန်း.. ခုထိလဲမွှေးနေတုန်းလေ..

ကျွန်မ မိုးရေစက်တွေကိုချစ်သည်.. မိုးတွေသည်းသည်းမည်းမည်းရွာရင် ကျွန်မအရမ်းပျော်တယ်.. မိုးရေထဲမှာလမ်းလျှောက်ရင်း မျက်နှာကို မိုးစက်တွေတိုက်ရိုက်ကျလာတဲ့ ခံစားမှုမျိုးကို ကျွန်မသိပ်ကြိုက်တယ်.. ကလေးဘဝတုန်းကတော့ မိုးရေချိုးရင်း ပြေးလွှားဆော့တာပေါ့.. အသည်းကွဲတတ်တဲ့အရွယ်ရောက်တော့ မိုးနဲ့အတူငိုဖူးတယ်.. ခုကျတော့လဲ မိုးရွာတာထိုင်ကြည့်ရင်း ဘာကိုမှန်းမသိလွမ်းရင်းပေါ့..

ကျွန်မ ကဗျာတွေကိုချစ်သည်.. ကလေးကဗျာလေးတွေကစလို့ ခုခောတ်မော်ဒန်ကဗျာတွေအထိ ကျွန်မနှစ်နှစ်ခြိုက်ခြိုက်ရှိလှသည်.. ကဗျာတွေဖန်တီးရတာလဲ သိပ်ကြိုက်တယ်.. တခုခု စိတ်ထဲမှာရှုပ်နေတာဖြစ်ဖြစ် ခံစားနေရတာကိုဖြစ်ဖြစ် ကဗျာတပုဒ်အနေနဲ့ စာမျက်နှာပေါ်သွန်ချခွင့်ရရင် ကျွန်မစိတ်ထဲပေါ့သွားတတ်သည်.. ကျွန်မရဲ့လက်တွဲဖော်ကတော့ ကျွန်မကဗျာတွေကို လုံးဝမဖတ်.. စိတ်လဲမဝင်စားဘူးလေ.. သားလေးကိုတော့ ကဗျာတွေကို ချစ်စေချင်မိသည်..

ကျွန်မ သီချင်းတွေကိုချစ်သည်.. သီချင်းဆိုနေရရင် ထမင်းမေ့ဟင်းမေ့ဆိုတာ ကျွန်မပေါ့.. စိတ်ညစ်ရင်လဲသီချင်းနားထောင် ပျော်ရင်လဲသီချင်းနားထောင်နဲ့မို့ သီချင်းတွေက ကျွန်မအတွက် မရှိမဖြစ်လိုအပ်တာပေါ့.. ကျွန်မရေးတဲ့ကဗျာတချို့ကို သူငယ်ချင်းတယောက်က သံစဉ်တွေထည့်ပြီး သီချင်းတွေဖန်တီးဖူးကြတယ်.. ကျွန်မရဲ့သားလေးကလဲ သီချင်းတွေကိုချစ်သတဲ့.. သားသားကြီးလာရင်တော့ သီချင်းတွေတူတူဆိုခွင့် ရချင်မိသေးရဲ့..

ကျွန်မ အိပ်မက်တွေကိုချစ်သည်.. ကိုယ်ဖြစ်ချင်တာတွေ အိပ်မက်ထဲမှာဖြစ်ခွင့်ရတဲ့အခါ သိပ်ပျော်ရသလောက် ၀မ်းနည်းစရာတွေ ကြုံရတဲ့အခါလဲ ရှိတာပေါ့.. အိပ်မက်ဆိုးတွေကနေ နိုးထလာရတိုင်း အိပ်မက်ပါလား တကယ်မဟုတ်ပါလားလို့ သိလိုက်ရတဲ့ခံစားချက်လေးကိုလဲ ကျွန်မတပ်မက်တယ်.. အိပ်မက်ချိုချိုလေးတွေကနေ နိုးသွားတဲ့အခါ ခံစားရတဲ့နှမြောသလို လွမ်းသလိုလိုအသိလေးကလဲ တမျိုးချစ်စရာကောင်းနေပြန်သည်.. ဘယ်လိုအိပ်မက်မျိုးကိုမဆို ကျွန်မချစ်တတ်ပါသည်..

လရောင်ကိုချစ်သော.. စာအုပ်တွေကိုချစ်သော.. ခရေပန်းကိုချစ်သော.. မိုးရေစက်တွေကိုချစ်သော.. ကဗျာတွေကိုချစ်သော.. သီချင်းတွေကိုချစ်သော.. အိပ်မက်တွေကိုချစ်သော.. ကျွန်မကိုယ်ကျွန်မလဲ ကျွန်မသိပ်ချစ်ပါသည်.. ကျွန်မက အတ္တကြီးတတ်သူမို့လား..


Monday, August 29, 2011

ကျွန်မနှင့်နာနာဘာဝများ

ကျွန်မကို သရဲကြောက်တတ်သလားလို့မေးရင် ကြောက်တော့ကြောက်တယ်.. အရမ်းကြီးကြောက်တာတော့ မဟုတ်ဘူးလို့ ဖြေရမယ်.. သရဲတို့ ၀ိဉာဉ်တို့ ရှိတယ်ဆိုတာ ယုံပါတယ်.. သူတို့ကို ကြောက်စရာကြီးပဲရယ်လို့ သဘောမထားတာတော့အမှန်ပဲ.. တခါတလေတော့ သူတို့ကများ ကြောက်စရာပုံစံကြီးနဲ့ ခြောက်လှန့်လိုက်မလားလို့ တွေးကြောက်မိတတ်တယ်..

ကျွန်မတို့မိသားစု မြို့သစ်မှာနေတုန်းက အဲ့အိမ်ကြီးမှာ သရဲရှိတယ်တဲ့.. ဖေဖေနဲ့ ဘွားဘွားက ကျွန်မတို့ကြောက်မှာစိုးလို့ အိမ်ပြောင်းပြီးမှ ပြောပြတယ်.. အိမ်ကြီးက ၂ထပ်ပါ.. တိုက်ခံပျဉ်ထောင်အိမ်ပေါ့.. အောက်ထပ်မှာ အိပ်ခန်း၁ခန်းရှိပြီး ဖေဖေနဲ့မောင်လေးနေကြတယ်.. အပေါ်ထပ်မှာတော့ အိပ်ခန်း ၂ခန်းနဲ့ ဘုရားခန်းအကျယ်ကြီးရှိတယ်.. လှေကားကတက်သွားရင် ဘုရားခန်းကိုရောက်တယ်.. အိပ်ခန်း၂ခန်းမှာ အလယ်ကအခန်းကို အန်တီမိုးကယူထားတော့ ကျွန်မတို့ညီအစ်မက နောက်ဆုံးခန်းမှာ နေကြတယ်လေ.. အခန်းကအကျယ်ကြီး.. ကျွန်မတို့အခန်းရဲ့ အောက်တည့်တည့်က မီးဖိုချောင်..

ဖေဖေတို့ပြောပြတာက အဲ့သရဲတွေက အပေါ်ထပ်မှာပဲနေကြတယ်တဲ့.. တခါတလေများဆို ဖေဖေတယောက်တည်းရှိတဲ့အချိန် အပေါ်ထပ်မှာ ဆူညံနေအောင် ခြေသံတွေပေးတတ်တယ်တဲ့.. ဖေဖေက အိပ်မရလို့စိတ်တိုပြီး ဟေ့ကောင်တွေ သတ္တိရှိရင် အောက်ဆင်းလာခဲ့လို့ စိန်ခေါ်ရင် လှေကားကနေ တစ်ထစ်နှစ်ထစ်လောက် ဆင်းလာတဲ့ခြေသံကြားရပြီး ပြန်တက်သွားသံကြားရတယ်တဲ့.. တခါမှ အောက်ထပ်ကို ဆင်းမလာဘူး.. အဘွားကဘုရားရှိခိုးရင် ခြင်ကိုက်လို့ ဘုရားစင်ရှေ့မှာ ခြင်ထောင်လေးထောင်ပြီး ရှိခိုးတတ်တယ်.. တခါတလေ ရွတ်တဲ့ဂါထာတွေရှည်နေလို့ အချိန်တန်တဲ့တိုင် အမျှမဝေသေးရင် အပြင်ကနေ မျိုးစုံခြေသံတွေပေးနေတတ်တယ်တဲ့.. အဘွားက ငြိမ်ငြိမ်နေကြပါကွယ်.. ရွတ်လို့ဖတ်လို့ပြီးရင် အမျှဝေမှာပါလို့ ပြောလိုက်ရင်တော့ ငြိမ်သွားတတ်ကြတယ်တဲ့လေ..

တစ်ည.. အဘွားနဲ့အန်တီမိုးက ဘုရားဖူးသွားလို့ အိမ်ပေါ်ထပ်မှာ ညီအစ်မ၂ယောက်တည်း အိပ်ရတဲ့ညပေါ့.. ညလယ်လောက်ကြီး ဘုရားခန်းထဲက ကွပ်ပျစ်ပေါ်ကို တယောက်ယောက်တက်လို့ ခြေသံတွေမြည်သလို အသံတွေကြားရတာမို့ ကျွန်မနိုးလာတယ်.. ညီမလေးကလဲ နိုးလာပြီး သူလဲ ကြားတယ်တဲ့.. ကျွန်မတို့က သူခိုးဝင်တယ်ထင်လို့ သူခိုးဖမ်းမယ်ဆိုပြီး တိတ်တိတ်လေး အသံမထွက်အောင်ထပြီး ဘုရာခန်းထဲထွက်လာခဲ့တယ်.. ခြေသံတွေက ကြားနေရတုန်းပဲ.. မှောင်နဲ့မဲမဲမို့ ဘာမှမမြင်ရတာနဲ့ ဘုရားခန်းမီးကိုဖွင့်လိုက်တော့ ကွပ်ပျစ်ပေါ်မှာ ဘာမှမရှိ.. အသံတွေလဲတိတ်သွားရော.. ၀ရံတာတံခါးကြီးကပွင့်လို့.. ကျွန်မကိုယ်တိုင် ဂျက်ထိုးပြီး ပိတ်ထားတဲ့တံခါးကြီး ပွင့်နေတော့ အံ့သြတာပေါ့.. တခြံလုံးတအိမ်လုံးကို လက်နှိပ်မီးနဲ့ထိုးရှာတော့လဲ ဘာအရိပ်အရောင်မှမတွေ့.. အောက်ထပ်က ဖေဖေက လှမ်းအော်ပြောတယ်.. သမီးတို့ ဘုရားရှိခိုးအမျှဝေပြီး အိပ်ကြတော့တဲ့.. ကျွန်မတို့လဲ ဘာမှရှည်ရှည်ဝေးဝေးမတွေးတော့ပဲ ပြန်အိပ်ပစ်လိုက်တာပေါ့.. ထင်တာက သူခိုးဝင်တာလို့ပဲထင်တာ.. အိမ်ကဘာမှလဲမပျောက်တော့ ပွင့်နေတဲ့တံခါးပြန်ပိတ်ပြီး ပြန်အိပ်လိုက်တာပေါ့.. အဲ့အိမ်ကနေပြောင်းတော့မှ အဘွားကပြောပြတယ်.. အဲသလိုပဲ ဖြစ်နေကျတဲ့.. တော်လိုက်တဲ့သရဲတွေ.. တံခါးတောင်ဖွင့်တတ်တယ်..

မနေ့ညက ကျွန်မတယောက်တည်း အခန်းထဲမှာရှိနေတုန်း ကျွန်မဘေးနားက အသက်ရှုသံခပ်ပြင်းပြင်းကြားလိုက်ရတယ်.. လှည့်ကြည့်လိုက်တော့လဲ ဘယ်သူမှမရှိ.. တော်တော်ကြာကြာထိ ကြားနေရတုန်းပဲ.. ပထမတော့ ဟိုဘက်ခန်းက တယောက်ယောက်များ ဟောက်နေလားလို့ ထွက်ကြည့်သေးတယ်.. အခန်းပြင်ရောက်သွားတော့ မကြားရတော့ဘူး.. ဟိုဘက်ခန်းထဲကလူတွေလဲ မအိပ်ကြသေး.. အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်ထိုင်လိုက်တာနဲ့ ပြန်ကြားရပြန်ရော.. ကိုယ့်ဘေးနားမှာ မောနေတဲ့လူတစ်ယောက် အသက်ပြင်းပြင်းရှုနေသလို အသံမျိုး.. ကျွန်မလဲသတိရလို့ ပဌာန်းရွတ်လိုက်တော့ အသံချက်ချင်းတိတ်သွားတယ်.. မဆိုးဘူး.. အဲ့သရဲက ပဌာန်းတော့ နားလည်တယ်ပေါ့.. မေ့မေ့ပျောက်ပျောက်နဲ့အိပ်လိုက်တော့လဲ ဘာအနှောက်အယှက်မှ မရှိတော့ပါဘူး.. စဉ်းစားမိတယ် မနေ့က တစ္ဆေပွဲနောက်ဆုံးညမို့ တခါးမပိတ်ခင် လျှောက်လည်နေတဲ့တကောင်ကောင် မျက်စေ့လည်ပြီး ကျွန်မဆီရောက်လာတာဖြစ်မယ်လို့.. ဘာပဲဖြစ်ဖြစ် ခုညတော့ အိမ်ပြန်ရောက်ရင် ပဌာန်းအကျယ်ရွတ် ပရိတ်တွေရွတ်ပြီး ပဌာန်းရေ ပရိတ်ရေနဲ့ တအိမ်လုံးလိုက်ဖြန်းလိုက်ဦးမယ်လို့..

Saturday, August 20, 2011

သားလေးဖတ်ဖို့ (၂)

သားလေးရေ..

မေမေ့သားလေးကို မတွေ့ရတာ ၂လတောင်ကျော်ပြီ.. သူများတွေကတော့ ထင်ချင်ထင်မယ်.. ၂လပဲရှိသေးတာများလို့.. မေမေ့အတွက်တော့ ၂ကမ္ဘာအလားပေါ့သားလေးရယ်.. တနေ့တနေ့ ရုံးကပြန်ရောက်ရင် အရင်ကလို ကြိုနေမယ့်သားလေးမရှိတော့ မေမေ့ရဲ့အိမ်ပြန်ချိန်တွေက ရည်ရွယ်ချက်မဲ့ပေါ့.. သားလေးရှိတုန်းကဆို အိမ်ကိုအမြန်ဆုံးရောက်အောင် အပြေးပြန်ချင်နေခဲ့ပေမယ့် ခုတော့ ပိတ်ထားတဲ့တခါးတချပ်ကို ကိုယ်တိုင်ဖွင့်ပြီး ၀င်လိုက်ရင် လှောင်ပိတ်နေတတ်တဲ့ အခန်းတစ်ခုထဲကို မေမေလေ တော်တော်နဲ့မပြန်ချင်တတ်ဘူး.. အိမ်အလုပ်တွေလုပ်ရင်း သားလေးကို သတိမရအောင်နေပေမယ့် မရပါဘူးသားလေးရယ်..

သားလေးဖေဖေလည်း သားလေးကိုတော်တော်လွမ်းနေပြီ.. မေမေက မားမားပြောပြတဲ့ သားလေးရဲ့တိုးတက်မှုလေးတွေအကြောင်းများ ပြန်ပြောပြပြီဆို သားဖေဖေမျက်လုံးတွေကလေ အရောင်တွေကို လက်လို့.. ဖခင်တယောက်အနေနဲ့ သူ့သားလေးကို သူရဲကောင်းအဖြစ်နဲ့ ဂုဏ်ယူနေတဲ့ အမူအယာမျိုး.. သူ့သူငယ်ချင်းမိတ်ဆွေတွေကိုလဲ သားလေးအကြောင်း ကြွားရတာအမောပေါ့.. မေမေက ဖေဖေ့ကိုမေးကြည့်တယ်.. သားသားနဲ့မေမေနဲ့ ဘယ်သူ့ကိုပိုချစ်လဲလို့.. ဖေဖေက သားသားကိုပိုချစ်တယ်တဲ့.. ဟုတ်တယ်.. မေမေကလည်း သားသားကိုပဲပိုချစ်တာလေ.. သားလေးက မေမေဖေဖေတို့ရဲ့ အချစ်ဆုံးလေးပေါ့.. မေမေဖေဖေတို့ရဲ့ အနာဂါတ်က သားလေးပေါ့..

မေမေတို့ ခုချိန်မှာ သားလေးနားမနေနိုင်ပေမယ့် မေမေတို့ကြိုးစားနေသမျှဟာ သားလေးအတွက်ပေါ့.. တခါတလေကျတော့တွေးမိတယ်.. ရုပ်ဝတ္ထုတွေပြည့်စုံနေပေမယ် ့သားလေးစိတ်ထဲမှာများ ဒဏ်ရာရနေမလားလို့.. မေမေတို့ကို အနေဝေးလို့ စိမ်းသွားမှာလဲစိုးတယ်လေ.. အဲဒါတွေကြောင့် မေမေ့သားလေးဆီ နေ့တိုင်းဖုန်းဆက်နေတာပေါ့.. မာမားပြောပြလို့ သားသားလူလည်လေးအကြောင်း မေမေကြားနေရပါတယ်.. တွေ့တဲ့လူကို တည့်အောင်ပေါင်းတတ်တဲ့အကြောင်း.. သီချင်းတွေကို အရမ်းကြိုက်တဲ့အကြောင်း.. သားလေးက ရုပ်တော့ဖေဖေနဲ့ပိုတူပြီး အကျင့်လေးတွေက မေမေနဲ့ပိုတူတယ်နော်.. သားလေး၅နှစ်လောက်ရောက်ရင် ဂစ်တာတီးသင်ပေးရမယ်.. သားလေးရဲ့ ကိုကိုကြီးပြည့်ဖြိုးအောင် (သူ့ကိုယ်သူအတင်းကိုကိုကြီးလုပ်ထားတာ)ကို သင်ပေးခိုင်းရမယ်.. ခုကတည်းကတောင် လေးလေးဇော်ဂစ်တာတီးရင် လိုက်တီးနေပြီဆို.. မေမေ့သားလေးက မေမေ့လိုပဲ သီချင်းတွေကိုချစ်တယ်ဆိုလို့ မေမေ အရမ်းပျော်တာပဲသိလား.. တို့သားအမိတွေ ဂစ်တာတွေတီး သီချင်းတွေတူတူဆိုကြမယ်သားလေးရယ်...

သားလေးက သစ်သီးအစိမ်းရောင်တွေနဲ့ ဓါတ်မတည့်ဘူးဆို.. သရက်သီးစိမ်းတွေ မာလကာသီးအစိမ်းတွေတွေ့ရင် တုန်တောင်တုန်နေတယ်တဲ့.. မာမားကပြောပြတယ်.. ထူးဆန်းလိုက်တာ.. မေမေကတော့ အသားစိမ်း ငါးစိမ်းတွေကို အများကြီးမြင်ရင် တကိုယ်လုံးယားလာတတ်တာမို့လား.. စျေးထဲသွားရင် မေမေ့မှာ အသားတန်း ငါးတန်းတွေကို မြန်မြန်ဖြတ်ပြေးရတာ.. သားလေးကျတော့ အသီးတွေကို အသည်းယားတတ်သတဲ့.. ဖေဖေကတောင်ပြောနေသေးတယ်.. သားအမိတွေက တယောက်တမျိုးစီတဲ့..

တနေ့က မာမားကပြောနေတယ်.. သမီးကြီးရေ နင့်သားကို ၁၀နှစ်ပြည့်ရင် ၁၀အိမ်မှုးခန့်လိုက်တော့မယ်တဲ့.. တလမ်းလုံး သူမသိတဲ့လူလဲမရှိဘူးတဲ့.. ဟုတ်တယ်.. သားလေးက ပေါင်းသင်းဆက်ဆံရေးသိပ်ကောင်းတာ.. လမ်းသွားရင် တွေ့သမျှလူကိုနှုတ်ဆက်.. အလာပသလာပတွေပြောနဲ့.. တတ်လဲတတ်နိုင်တဲ့ကလေး.. အရမ်းလဲစပ်စုတာပဲ.. သားလေးရှေ့မှာ စကားဆန်းတခုခုပြောမိလို့ သားလေးနားမလည်ရင် ချက်ချင်းမေးတာပဲတဲ့.. မားမား ပန်လန်လက်တယ်ဆိုတာဘာလဲလို့မေးတော့ မာမားက ပက်လက်လန်လို့ပြန်ဖြေတာကို မကျေနပ်သေးပဲ ဘာလို့ပက်လက်လန်ကို ပန်လန်လက်လို့ပြောတာလဲလို့ ဆက်မေးနေတာ မာမားတောင် ဘာဖြေရမှန်းမသိ ဖြစ်သွားသေးတယ်တဲ့.. သားသားက စပ်စုစိန်လေးပေါ့နော်..

သားလေးက သီချင်းတွေလဲဆိုတတ်နေပြီနော်.. ရွှေပုံပေါ်မှာပျော်ပါနေခြည်တဲ့ မေမေ့ကိုဆိုပြတယ်လေ.. ပြီးတော့ရှိသေးတယ်.. နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ကွားတော့မယ်.. တဲ့.. သားလေးက သွား ဆိုတာကို ပီအောင်မပြောတတ်သေးတော့ ကွားတော့မယ်ဖြစ်သွားတာပေါ့.. မေမေ့မှာ ရယ်လိုက်ရတာ မျက်ရည်တောင်ထွက်တယ်..

သားလေးနဲ့မာမားကို နှစ်ကုန်ကျရင် စင်္ကာပူကိုလာလည်ဖို့ပြောတော့ သားသားကအရမ်းပျော်တယ်တဲ့.. လေယာဉ်ပေါ်ကဆင်းရင် အမ်အာတီသေးသေးလေးစီးပြီး အမ်အာတီအကြီးကြီးဆီကိုသွားမယ်.. ပြီးရင် အမ်အာတီအကြီကြီးနဲ့ ဂျူရောင်းပွိုင့်ကိုသွားမယ်.. မေမေနဲ့ဖေဖေက ဂျူရောင်းပွိုင့်မှာ စောင့်နေ.. ဂျူရောင်းပွိုင့်ကနေ ဘွန်လေးပလေ့စ်အိမ်ကို တက်ဆီနဲ့သွားကြမယ်တဲ့လေ.. လူလည်လေးက အိမ်ပြန်တဲ့လမ်းကိုပါ မှတ်မိနေသေးတယ်.. ခုမှ ၂နှစ်နဲ့၈လတောင်မရှိသေးဘူး.. သားလေးက အရမ်းကို ဉာဏ်ကောင်းတဲ့ ကလေးလေးပေါ့..

မနေ့ကဖုန်းဆက်တော့ သားလေးကပြောတယ်.. သားသားနေကောင်းဘူး ချောင်းဆိုးတယ် နှာစေးတယ်.. မိုးတွေရွာလို့.. ရာသီဥတုက ကောင်းဘူးမေမေရယ် တဲ့လေ.. မေမေ့အတွက်လဲ သားလေးမရှိတဲ့အရပ်မှာ ရာသီဥတုက ဘယ်တော့မှမကောင်းပါဘူး သားလေးရယ်..

သားလေးရေ.. မာမားစကားကို နားထောင်ပြီး လိမ်လိမ်မာမာနေနော်.. ဘုရားလဲ မှန်မှန်ရှိခိုး.. ဘုန်းဘုန်းကိုလဲ နေ့တိုင်းဆွမ်းလောင်းနော်.. မေမေ့သားလေးက လိမ်မာပြီးသားပါ.. မေမေက သားလေးကို အရမ်းချစ်တယ်နော်.. ဖေဖေကလဲ သားလေးကို အရမ်းချစ်တာ.. မေမေတို့သားလေးက လိမ်မာယဉ်ကျေးတဲ့ မြန်မာ့ဓလေ့တွေကို တန်ဖိုးထားတတ်တဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကလေးလေးတယောက်ဖြစ်လာမယ်ဆို မေမေရင်အကွဲခံပြီး သားလေးနဲ့ခွဲနေရကျိုး နပ်ပြီပေါ့ကွယ်.. ဘယ်လိုလဲသားလေး.. မေမေ ပျော်ရမယ်မို့လား..

Friday, August 5, 2011

မိုင်တိုင်၂၉

ဒီနေ့က ကျွန်မရဲ့ ၂၉နှစ်မြောက်မွေးနေ့.. ၂ထိပ်စီးရဲ့ နောက်ဆုံးမွေးနေ့ပေါ့.. အသက်ဘယ်လောက်လဲမေးရင် ၂၀ကျော်လို့ပြောဖို့ ၁နှစ်တိတိကျန်ဦးမယ်.. ပြီးခဲ့တဲ့ ၂၈နှစ်မွေးနေ့တုန်းက “နေ့နဲ့ညရေရင်လေ၂၈နှစ်” ဆိုပြီး ပို့စ်လေးတခုရေးဖြစ်တယ်.. ၂၈နှစ်စာ ဘဝအတွေ့အကြုံလေးတွေအကြောင်းပေါ့.. အခုနှစ်မွေးနေ့အတွက် စာရေးမယ်ဆိုတော့ ခံစားချက်တွေကမျိုးစုံ.. မနှစ်ကနဲ့မတူတော့တာတော့အမှန်ပဲ.. တနှစ်တာအတွင်း မိသားစုအတွက် အချိုးအကွေ့တွေကလဲမျိုးစုံပေါ့..

၂၉နှစ်အရွယ် မိန်းမတစ်ယောက်အနေနဲ့ လောကကြီးကိုဘယ်လိုမြင်နေလဲလို့ တွေးကြည့်တော့.. အကောင်းမြင်နေတတ်သေးတာတော့ သေချာတယ်.. ပျော်တဲ့အခါ အော်ဟစ်ရယ်မောမိတတ်သလို ဒေါသထွက်တဲ့အခါ အလိုလိုကျလာတတ်တဲ့မျက်ရည်ကိုလဲ မထိန်းနိုင်သေးဘူး.. သည်းခံခြင်းသည်အောင်မြင်ရာ၏ ဆိုတာကိုလက်ခံပေမယ့် အလကားသက်သက် အနိုင်ကျင့်ချင်သူတွေ စိတ်သဘောထားသေးသိမ်သူတွေကိုတော့ ဘာဖြစ်ဖြစ်သည်းခံလိုက်မယ်ဆိုတဲ့အထိ ကျွန်မ မရင့်ကျက်သေးတာသေချာတယ်.. လောကထဲမှာ မရှိစေချင်သူတွေကတော့ လူမျိုးရေးခွဲခြားတတ်သူတွေနဲ့ လူတန်းစားခွဲခြားတတ်သူတွေပါပဲ.. ဘဝဇာတ်ခုံပေါ်က မိသားစုငယ်လေးတခုမှာ မိခင်ဆိုတဲ့နေရာက ကပြအသုံးတော်ခံနေရသူမို့ ငါဆိုတဲ့အတ္တထက် ငါ့မိသားစုဆိုတဲ့အတ္တက ပိုပြီးကြီးစိုးထားမယ်ထင်ရဲ့.. ကျွန်မက အတ္တကြီးပါတယ်.. လိုချင်တာကို မရရအောင်ယူတတ်သလို.. ဘယ်လိုမှမရနိုင်တော့ဘူးလို့ သေချာနေရင်တောင် ရနိုင်တာတွေထဲက အကောင်းဆုံးဆိုတာကိုမှ ရအောင်ယူတတ်သူပါ.. အတိတ်ကံလေးကလဲ ကောင်းတယ်ပြောလို့ရတာမို့ ခုထက်ထိတော့ အရှုံးကြီးကြီးမားမားနဲ့ မကြံုရသေးပါဘူး..

မိသားစုအရေးအနေနဲ့ သားလေးကို ရန်ကုန်မှာပြန်ထားလိုက်ရတာက ကျွန်မအတွက် ရင်ကွဲနာပါပဲ.. သူလေးအတွက်တော့ အဖိုးအဖွား ဆွေမျိုးတွေရဲ့ နွေးထွေးတဲ့ဂရုစိုက်မှုတွေကြားမှာ နေရတာက ခိုအိမ်လေးထဲမှာ ကလေးထိန်းနဲ့နေရတဲ့ ကလေးလေးတယောက်ထက်တော့ အပုံကြီးသာမှာပါ.. မြေကြီးနဲ့နီးတဲ့ ရှင်သန်မှုမျိုး သားလေးကိုပိုင်ဆိုင်စေချင်တာလေ.. ခုဆို သားလေးက ရန်ကုန်အိမ်ကမှ သူ့အိမ်အစစ်လို့ လက်ခံလိုက်ပြီ.. ဆွမ်းခံကြွတဲ့ကိုယ်တော်ကို ဆွမ်းလောင်းတတ်ပြီ.. မနက်တိုင်း စံပယ်ပန်းဝယ်ပြီး ဘုရားကပ်တတ်ပြီ.. အဲဒါလေးတွေကြားရတော့ ဖြစ်လာတဲ့ပီတိက ရင်ကွဲနာကို ကုသပေးနိုင်ခဲ့တယ်.. သားလေးကို လိမ္မာယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ မြန်မာလေးတယောက် ဖြစ်စေချင်တာက ကျွန်မရင်ထဲက အကြီးမားဆုံးဆန္ဒမို့လား..

ဒီတလောအတွင်း ကျွန်မကို အကောင်းဆုံးနှစ်သိမ့်ပေးနိုင်ခဲ့တာကတော့ ကျွန်မရဲ့လက်တွဲဖော် မောင်ပါပဲ.. ကျွန်မက တခါတလေ ဘာကိုအလိုမကျမှန်းမသိ စိတ်တွေတိုနေတတ်တယ်.. အဲသလိုအခါမျိုးမှာ မောင်ကစိတ်ရှည်လက်ရှည်ချော့တတ်တယ်.. ကျွန်မမရယ်မချင်းပေါ့.. ကျွန်မသွားချင်တဲ့နေရာကို လိုက်ပေးတယ် (သူက အပြင်သွားရမှာ သိပ်မုန်းတဲ့သူ).. ကျွန်မချက်သမျှကို ကောင်းကောင်းမကောင်းကောင်း “မိန်းမချက်တာမို့ အရမ်းစားကောင်းတာပဲ” ဆိုပြီး အားပေးတယ် (သူမကြိုက်တဲ့ဟင်းတောင် ကုန်အောင်စားပေးတာ).. သူဆီက ကျွန်မမမျှော်လင့်ထားခဲ့ဖူးတဲ့ အလျှော့ပေးဂရုစိုက်မှုလေးတွေကြောင့်သာ ကျွန်မရဲ့စိတ်ဖိစီးမှုတွေ သက်သာရာရခဲ့တာပါ.. ဆိုတော့ကာ ကျေးဇူးစကြာဝဠာပါ ကျားကျားရေ..

လာမယ့်တနှစ်တာအတွင်း ဘာတွေလုပ်မလဲလို့ စဉ်းစားမိတော့ လုပ်ချင်တာတွေကအများသား.. လက်ရှိလုပ်နေရတဲ့လိုင်းကို သိပ်မကြိုက်လို့ လိုင်းပြောင်းဖို့ကြံနေတယ်.. အဲ့အတွက် ပြောင်းချင်တဲ့လိုင်းနဲ့ သက်ဆိုင်တဲ့လက်မှတ်တွေရဖို့ ကျောင်းတက်ချင်နေတယ်.. လာမယ့်ဒီဇင်ဘာလထဲ အိမ်ပြန်ချင်တယ်.. ယောက်ျားနဲ့နှစ်ယောက်တည်း နီးနီးနားနား အပန်းဖြေခရီးလေးတခု သွားချင်တယ်.. သီချင်းတွေဆက်ဆိုချင်တယ်.. ၃ကီလိုလောက် ၀ိတ်ချချင်တယ်.. အရင်ကလို ဟန်းမိတ်အသုံးအဆောင်လေးတွေ ကိုယ်တိုင်ဖန်တီးပြီး သုံးချင်တယ်.. တရုတ်စကားပြောသင်ချင်တယ်.. ပန်းချီဆွဲချင်တယ်.. အများကြီး အများကြီးကျန်သေးတယ်..

ခုလောလောဆယ်တော့ ပါဆာရစ်ပါ့ခ်မှာလုပ်မယ့် မှော်ဘီကျောင်း ဂဲသရင်းအတွက်ရယ်.. ကျွန်မမွေးနေ့နဲ့ လေးရက်ပဲကွာတဲ့ စင်္ကာပူရဲ့မွေးနေ့မှာ ပါ၀င်ချီတက်ဆင်နွှဲဖို့ရယ်.. အလုပ်တွေရှုပ်လို့ အရှုပ်တွေလုပ်နေပါကြောင်း.. း)

Friday, April 8, 2011

မကြိုက်မကြိုက်


ညညဆို စောစောမအိပ်ချင်ပေမယ့် အစောကြီးအလုပ်ဆင်းရမှာမို့ စောစောဝင်အိပ်ရတာကို မကြိုက်ဘူး..

အိပ်ရေးမဝသေးခင် နှိုးစက်ကြီးမြည်မြည်လာတာကို မကြိုက်ဘူး..

နှာစီးနေတဲ့နေ့ဆို မနက်စောစောခေါင်းမလျှော်ရတာကို မကြိုက်ဘူး..

ရုံးခန်းထဲကိုယ်အရင်ဆုံးရောက်လို့ အဲကွန်းမဖွင့်ရသေးဘဲ ပူအိုက်နေတတ်တဲ့ရုံးခန်းကို အကြိုက်ဘူး..

ကိုယ့်ဂျာကြီးကို မဆိုင်တာတွေခိုင်းပြီး မလုပ်နိုင်ရင် အသလွတ်ဆူတတ်တဲ့ သဌေးကိုလဲ မကြိုက်ဘူး..

ရုံးမှာ ဂျီမေးဖွင့်မရတာ ဖဘဝင်မရတာတွေကို လုံးဝလုံးဝမကြိုက်ဘူး..

ထမင်းစားချိန်ဆို ကန်တင်းအထိ နေပူကြီးထဲလမ်းလျှောက်ရတာမကြိုက်ဘူး..

ရုံးကန်တင်းမှာ CHICKEN RICE ရောင်းတဲ့အင်္ဂါနေ့ဆို ထမင်းစားရတာမကောင်းလို့ မကြိုက်ဘူး..

ရုံးမှာ ကော်ဖီကုန်နေတာကို ဝယ်ဖို့မေ့တတ်တဲ့ ကိုယ့်အကျင့်ကို မကြိုက်ဘူး..

စကားတွေဟိုပြောဒီပြောနဲ့ ကလေးစိတ်မကုန်သေးတဲ့ အတ္တကြီးလွန်းကြတဲ့ ရုံးကမိန်းမကြီးတွေကိုမကြိုက်ဘူး..

တနေကုန်ရုံးမှာထိုင်နေရလို့ ပိုပိုထူလာနေတဲ့ ဗိုက်ခေါက်ကိုလဲ လုံးဝလုံးဝမကြိုက်ဘူး..

ညနေညနေဆို လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေတတ်တဲ့ ကိုယ့်ကိုကိုယ်လဲ မကြိုက်ဘူး..

တယောက်ယောက်နဲ့ စကားပြောချင်နေတဲ့အချိန်မှာ အထူအပါးနားမလည် ကွန်ပျူတာထဲခေါင်းစိုက်နေတတ်တဲ့ သားသားဖေဖေကိုလဲမကြိုက်ဘူး.. (ဟိ.. ကိုယ်လုပ်ရရင်ကောင်းတယ်)

ဆေးခွင့်ယူချင်တိုင်း private clinic သွားယုံနဲ့မရပဲ polyclinic သွားပြီး အကြာကြီးတန်းစီရတာကိုလဲ မကြိုက်ဘူး..

တနင်္ဂနွေနေ့ဆို သားသားဖေဖေ အချိန်ပိုဆင်းရတတ်တာကို မကြိုက်ဘူး..

ရေသွားကူတိုင်း မျက်မှန်ချွတ်ကူရလို့ ကောင်းကောင်းမမြင်ရတဲ့ မျက်စိကိုလဲမကြိုက်ဘူး..

နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ ချွေးတွေမတရားထွက်လာတတ်တာကို လုံးဝမကြိုက်ဘူး..

ခဏခဏကျိုးတတ်တဲ့ လက်သည်းပါးပါးလေးတွေကိုလဲ မကြိုက်ဘူး..

ခေါင်းခဏခဏကိုက်တတ်တာလဲ မကြိုက်ဘူး..

ကီးသိပ်မြင့်မြင့် ဆိုလို့မရတဲ့ ကိုယ့်အသံကိုလဲ မကြိုက်ဘူး..

စိတ်ရူးပေါက်တိုင်း ယောက်ျားကိုအသလွတ်ရန်လုပ်တတ်တဲ့ ကိုယ့်အကျင့်ကို မကြိုက်ဘူး..

Wednesday, April 6, 2011

သုံးနှစ်တာအတူတကွစီးဆင်းခြင်း




လက်ထပ်ခြင်းဆိုတာ တမိသားနဲ့တမိသား တမိုးအောက်မှာ အတူတကွပေါင်းသင်းနေထိုင်ခြင်းပေါ့.. ရှင်သန်ကြီးပြင်းခဲ့တဲ့ မိသားစုအသိုက်အဝန်းတွေဆီကနေ အသီးသီးခွဲထွက်ကြပြီး ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်ကြရတယ်ဆိုတာ လွယ်လှတယ်တော့ မဟုတ်ပါဘူး.. အဲသလိုမလွယ်တာကိုကပဲ အိမ်ထောင်ရေးရဲ့အရသာလို့ ကျွန်မတော့ထင်မိတယ်.. အနာဂါတ်မိသားစုအရေးကို အစီအစဉ်တွေဆွဲရတာ ပြသနာတခုခုရှိပြီဆို တိုင်တိုင်ပင်ပင်နဲ့ဖြေရှင်းရတာတွေက အိမ်ထောင်ရေးရဲ့ အနှစ်သာရတွေပေါ့.. ဘာလိုလိုနဲ့ သုံးနှစ်တောင်ရှိခဲ့ပြီလေ..

ချစ်သူသက်တမ်း ၅နှစ်အကြာ လွန်ခဲ့တဲ့ ၃နှစ်တုန်းက ခုလိုဧပြီလ၆ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးပွဲနဲ့ ဧည့်ခံပွဲကျင်းပပြီး နှစ်ယောက်တစ်ဘဝကို စတင်ခဲ့ကြတယ်.. ချစ်သူတွေဘဝကတည်းက တယောက်အကြောင်းတယောက် နောကျေအောင်သိခဲ့ပြီးသားဆိုတာတောင် အတူတူနေကြတော့မှ ထပ်ပြီးသိလာရတာတွေက အများကြီးပေါ့.. ကိုယ်ချစ်တဲ့သူအကြောင်း အသစ်အသစ်တွေသိလာရတာ စိတ်ဝင်စားစရာတော့ကောင်းသား.. သူကြိုက်တတ်တဲ့အစားအစာ အဝတ်အစား စတာတွေကို အပေါ်ယံလေးလောက်ပဲ သိခဲ့ရာက သေသေချာချာသိလာရတယ်..

သူက ဘဝကိုပုံသေနည်းတွေနဲ့ ဖြတ်သန်းနေတဲ့သူဆိုတာ လက်ထပ်ပြီးနောက်မှသတိထားမိလာရတော့ ကျွန်မမှာအံ့တွေသြလို့.. သူ့ရဲ့နေ့တွေက ပုံသေနည်းအတိုင်း လှုပ်ရှားနေတာချည်းပဲ.. ဥပမာ ရေချိုးပြီးမှ ထမင်းစားတယ်ဆိုရင် ဘယ်လောက်ပဲဆာနေပါစေ ထမင်းကိုအရင်ဘယ်တော့မှမစားတတ်ဘူး ဆိုတာမျိုး.. ဒီအသားဟင်းဆို ဟိုအရွက်ဟင်းနဲ့မှ စားကောင်းတယ်ဆိုတာမျိုး.. လုပ်နေကျလေးကိုမှ မလုပ်လိုက်ရရင် နေမထိထိုင်မသာဖြစ်နေတတ်တယ် ဆိုတာမျိုးတွေကို သိလာရတော့ ကျွန်မမှာရယ်ချင်ပက်ကျိဖြစ်မိသေးတယ်.. ကျွန်မကတော့ ခံစားမှုဝါဒီ.. ကိုယ်လုပ်ချင်ရင်လုပ်ပစ်လိုက်တာပဲ.. ထုံးစံတွေ အစဉ်အလာတွေ ခေါင်းထဲကိုထည့်မထားတတ်သူပေါ့.. မလုပ်ချင်တာကိုများ လာမလုပ်ခိုင်းနဲ့ လှည့်တောင်မကြည့်ဘူးဆိုတဲ့ လူစားမျိုး.. နှစ်ယောက်တူတာကတော့ သူလဲသူ့အကျင့်နဲ့သူလုပ်ချင်သလိုလုပ် ကိုယ်လဲကြိုက်တာလုပ် အပြစ်မမြင်တတ်ကြတာချင်းပါပဲ.. ကိုယ်လုပ်သလို လိုက်လုပ်ရမယ်ဆိုတာမျိုး မရှိကြတော့ အဆင်ပြေတယ်လေ.. အကျိုးရလာဒ်ကတော့ ထမင်းလက်ဆုံလေးတောင်မှ မစားဖြစ်တာအတော်ကြာပြီ..

သူက သိပ်ရိုးပါတယ်.. မလိမ်တတ် မညာတတ်သူပေါ့.. လင်္ကာချောအောင်တောင် မုသားမပြောတတ်သူပါ.. လူတကာကိုလဲ ယုံလွယ်တတ်ပါတယ်.. သူယုံကြည်တဲ့သူတွေက သစ္စာမဲ့သွားတယ် သူ့ကိုမကောင်းကြံတယ်ဆိုရင်လဲ ဘယ်တော့မှ စိတ်မဆိုးတတ်ဘူး.. ဘေးကမြင်ရတဲ့ကျွန်မကသာ ဒေါသအမျက်တွေ ချောင်းချောင်းထွက်လို့ ဘီလူးဆိုင်းလိုက်တီးရတတ်တယ်.. သူကတော့ အေးအေးဆေးဆေးပဲ.. လိုချင်လောဘဆိုတာလဲ တော်တော်နည်းတဲ့သူ.. အဝတ်အစားဆို ကျွန်မဝယ်မပေးရင် သူ့ဟာသူမဝယ်တတ်ပါဘူး.. လူပျိုဘဝတုန်းက သူ့အမေဝယ်ပေးတာတွေကိုပဲ ၀တ်ခဲ့တာတဲ့.. ဒီအင်္ကျီဆို ဒီလုံချည်နဲ့တွဲဆိုပြီး သူ့အမေကတွဲပေးထားရင် အခြားလုံချည်နဲ့တောင် မတွဲဝတ်တတ်ဘူးတဲ့လေ.. အံ့ရောပဲ..

ရယ်စရာကောင်းတဲ့အလွဲတခုရှိသေးတယ်.. သူက ညအိပ်တဲ့အခါ အသားချင်းထိရင် အိပ်မပျော်တတ်တဲ့သူ.. ကျွန်မက တယောက်ယောက်နဲ့ အသားချင်းထိထားမှ ကောင်းကောင်းအိပ်ပျော်တတ်တဲ့သူ.. ကျွန်မငယ်ငယ်လေးထဲက ညညဆို ဘီလူးစီးသလို အသက်ရှုကျပ်ပြီး လန့်လန့်နိုးတတ်တယ်.. အဘွားကပြောတော့ တယောက်ယောက်နဲ့ အသားချင်းထိထားရင် မဖြစ်တော့ဘူးဆိုတာနဲ့ ညီမလေးလက်ကို ကိုင်ပြီးအိပ်တတ်တာ အကျင့်ပါနေတယ်.. သူနဲ့ကျမှာ ဂွဖြစ်တော့တာပဲ.. မရပါဘူး.. သူပဲလိုက်ကျင့်ပေးရတာပေါ့.. အနည်းဆုံးလက်ဖျားခြေဖျားလေးဖြစ်ဖြစ် ထိထားပြီးမှ ကျွန်မကအိပ်ပျော်တာကိုး.. နောက်တခုရှိသေးတယ်.. ကျွန်မတို့မောင်နှမတွေက အိပ်ခါနီးဆို တယောက်ကိုတယောက် ကျောမှာစာရေးပေးရင်း ဇိမ်လုပ်ပြီးအိပ်တတ်တာ.. မောင်နှမသုံးယောက်သား အလယ်မှာအိပ်ဖို့ကို လုကြရတာအမော.. အလယ်ကလူက အလှည့်တိုင်းရေးပေးခံရတာကိုး.. သူနဲ့ကျတော့ ကျွန်မက သူ့ကိုရေးခိုင်းတာပေါ့.. သူ့ကိုပြန်ရေးပေးမယ်ပြောတော့ မလုပ်ပါနဲ့တဲ့ အရမ်းယားတတ်တာလေ.. ထိတောင်မထိရသေးဘူး တွန့်နေပြီ.. ကျွန်မက ဇိမ်ပဲပေါ့.. ပြန်ရေးပေးစရာမလိုပဲ ဇိမ်လေးနဲ့နှပ်ရတာ..

အချက်အပြုတ်ဝါသနာပါတဲ့ကျွန်မနဲ့ အစားကောင်းကြိုက်တဲ့သူနဲ့တော့ အကိုက်ပဲ.. ကျွန်မက မီးဖိုချောင်ထဲရောက်သွားရင် ပျော်နေရောလေ.. ကိုယ်သာဖြစ်သလိုစားချင်စားမယ် သူ့အတွက်တော့ အမြဲဖွယ်ဖွယ်ရာရာလေး လုပ်ပေးချင်တာ.. သူက ဂျီးမများတတ်ပေမယ့် သူမကြိုက်တဲ့ဟင်းဆိုရင်တော့ လုံးဝမတို့တတ်ဘူး.. ကျွန်မက ငါးခြောက်ကြိုက်သလောက် သူကမကြိုက်ဘူးလေ.. အိမ်မှာငါးခြောက်ချက်တဲ့နေဆို သူ့အတွက် သက်သက်ချက်ပေးရတယ်.. ငါးဟင်းဆိုလဲ အရိုးနွှင်ပေးရတယ်လေ.. ကြေးအိုးကြိုက်တာ ၀က်သားတုတ်ထိုး အသေကြိုက်တာတွေတော့ တူမှတူပဲ.. သူကိုယ်တိုင်ကတော့ ကြက်ဥလောက်ပဲ ကြော်တတ်တဲ့သူ..

အရက်မူးတာကို သေအောင်မုန်းတတ်တဲ့ကျွန်မနဲ့ ဘယ်လောက်သောက်သောက် မမူးတတ်တဲ့သူနဲ့တော့ ဟုတ်နေတာပဲ.. ဘီယာတွေ အရက်ပြင်းတွေ ဘယ်လောက်ပဲသောက်သောက် သူမူးသွားတယ်လို့ တခါမှမတွေဖူးပါဘူး.. တကယ်ကိုဘာမှမဖြစ်တာပါ.. အနံ့သာမရလို့ကတော့ သောက်ထားမှန်းတောင် မသိရပါဘူး.. ကျွန်မကတော့ သူသောက်ထားမှန်းသိရင် ရစ်တော့တာပဲ.. ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့ အနိုင်ကျင့်တာပါ.. သူကလဲ သောက်ထားတဲ့အချိန်ဆို ကျွန်မစိတ်ဆိုးမှာစိုးလို့ အားလုံးလုပ်ပေးတတ်ပါတယ်.. ပြီးတော့ပြောတတ်သေးတယ် မသောက်ဘဲမူးပြီး သူ့ကိုရစ်နေတယ်တဲ့..

သားသားကိုမွေးလာတော့ ကျွန်မတို့ဘဝလေးတွေ ပိုပြီးအသက်ဝင်လာတယ်.. ၂ယောက်လုံးက ကိုယ်လုပ်ချင်တာထက် သားသားအတွက်ပိုပြီးကောင်းမယ်ထင်တာကို လုပ်တတ်လာကြတယ်လေ.. သားသားက ရုပ်တော့အဖေနဲ့ပိုတူပြီး အမူအကျင့်တွေ စိတ်ထားတွေက ကျွန်မနဲ့တူပါတယ်.. လုပ်ချင်စိတ်ရှိမှလုပ်တတ်တာ ကျောမှာစာရေးပေးရင် ဇိမ်လုပ်တတ်တာ ဒေါသကြီးတတ်တာ လူတကာနဲ့တည့်အောင်ပေါင်းတတ်တာတွေက ကျွန်မဆီကအကျင့်လေးတွေပေါ့.. သူက ခဏခဏပြောတယ် သားအမိနှစ်ယောက်ပေါင်းပြီး သူ့ကိုအနိုင်ကျင့်တယ်တဲ့လေ..

ဘာပဲပြောပြော သုံးနှစ်ရှိခဲ့ပါပြီ.. ပျော်စရာတွေ ငိုစရာတွေကို အတူတူမျှဝေခံစားခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီပေါ့.. သုံနှစ်တာလုံးလုံး ကျွန်မဆိုးသမျှ အော်ငေါက်သမျှ အနိုင်ကျင့်သမျှကို သည်းခံပေးတဲ့ ချစ်ခင်ပွန်းမောင့်ကို အထူးကျေးဇူးတင်မိပါကြောင်း ပြောချင်ပါတယ်.. မင်္ဂလာသက်တမ်း သုံးနှစ်ပြည့်အမှတ်တရအဖြစ် လာမယ့်တနင်္ဂနွေနေ့ ဆမ်ဘာဝမ်းပန်းခြံမှာလုပ်မယ့် မြန်မာ့နှစ်သစ်ကူးပွဲတော်အတွက် ကြာဇံချက်အလှူလုပ်ပါမယ်.. ကြွရောက်အားပေးချီးမြှင့်ကြဖို့ အားလုံးကိုဖိတ်ပါတယ်နော်...

Tuesday, April 5, 2011

ကိုယ့်စိတ်ကြိုက်များနဲ့တနေ့တာ

နှိုးစက်မြည်တာတောင် မထသေးလို့ ယောက်ျားကအတင်းနှိုးတာကို အိပ်ချင်ယောင်ဆောင်ပြီး စောင့်နေရတာကြိုက်တယ်..

အိပ်ချင်မူးတူးနဲ့ ဟီတာဖွင့်ဖို့မေ့လို့ ရေအေးတွေကျလာမှ လန့်ပြီး မျက်လုံးကျယ်သွားရတာ.. ကိုယ့်အော်သံကြောင့် အပြင်ကနေ ယောက်ျားက ဟီတာဖွင့်ပေးတာကိုလဲ ကြိုက်တယ်..

မီးဖွင့်ရင် သားသားနိုးမှာစိုးလို့ မှောင်ထဲမှာပဲ မျက်နှာကိုလိမ်းစရာရှိတာလိမ်း ထင်ရာတွေဆွဲဝတ်ရတာကိုလဲ ကြိုက်တယ်..

နာရီဝက်ကျော်ကျော်စီးရတဲ့ ရုံးကားပေါ်မှာ ပြတင်းပေါက်မှန်ကို ခေါင်းနဲ့ဆောင့်ရင်း ငိုက်ရတာကိုလဲ ကြိုက်တယ်..

ရုံးကန်တင်းမှာစားရတဲ့ မနက်စာကြာဇံပြုတ်မျိုးစုံကိုလဲ ကြိုက်တယ်..

အလုပ်စားပွဲမှာထိုင်မိတာနဲ့ ဘလော့လေးအရင်ဆုံးပြေးဖွင့်ရတာကိုလဲ အရမ်းကြိုက်တယ်..

ကော်ဖီလေးသောက်ရင်း ဘလော့တကာလည် စာဖတ်ရတာလဲကြိုက်တယ်..

အိပ်ငိုက်နေတဲ့ဂျာကြီးကို ကိုယ့်စားပွဲပေါ်ကဖုန်းနဲ့လှမ်းဆက်.. သူလန်နိုးသွားပြီး ဖုန်းကောက်ဖြေတော့မှ ဖုန်းကိုအသာလေးပြန်ချထားလိုက်ရတာကိုလဲ ကြိုက်တယ်..

နေ့လည်စာစားရင်း ကန်တင်းမှာပွားရတာကိုလဲ ကြိုက်တယ်..

နေ့ခင်းဘက်အိပ်ငိုက်လာရင် လူတကာကို မက်ဆေ့ချ်ပို့ပြီး နှောက်ယှက်ရတာကို ကြိုက်တယ်..

တယောက်နဲ့တယောက် စလိုက်နောက်လိုက်နဲ့ မိသားစုဆန်တဲ့ ကိုယ်တို့ရုံးခန်းလေးကိုလဲ ကြိုက်တယ်..

၄နာရီ၁၅ဆို ရုံးဆင်းတာကိုလဲ ကြိုက်တယ်.. ရုံးဆင်းရင် မေမေနဲ့ချိန်းပြီး ဂျူရောင်းပွိုင့်မှာ ဈေးဝယ်ထွက်ရတာကိုလဲ ကြိုက်တယ်..

အိမ်ပြန်ရောက်ရင် သားသားနဲ့တူတူ ကစားကွင်းသွား ကစားရတာကိုလဲ ကြိုက်တယ်.. သားအမိ၂ယောက်သား တူတူညစာစားရတာကိုလဲ ကြိုက်တယ်..

သားသားနဲ့ ကွန်ပျူတာလုပြီး ဖဘဝင်ရတာကိုလဲ ကြိုက်တယ်..

ရေမိုးချိုး လိုးရှင်းတွေလိမ်းပြီး အေးအေးမွှေးမွှေးလေး အိပ်ယာဝင်ရတာကို ကြိုက်တယ်..

အိပ်ခါနီးဆို မောင်ရေ ဖုန်းအားသွင်းထားလား.. နှိုးစက်ပေးပြီးပြီလား.. လို့ မေးရတာကိုလဲ ကြိုက်တယ်..

အရမ်းညောင်းနေတဲ့နေ့ဆို သားအဖ၂ယောက်နှိပ်ပေးတာကို ဇိမ်နဲ့နှပ်ရတာလဲ ကြိုက်တယ်..

အဲကွန်းကို ၁၈မှာထားပြီး စောင်ထူထူခြုံအိပ်ရတာကိုလဲ အရမ်းကြိုက်တယ်..

ကိုယ်ချစ်တဲ့သူတွေနဲ့ ကိုယ်နေချင်တဲ့ပါတ်ဝန်းကျင်မှာ ကိုယ်ကြိုက်တာတွေချည်းလုပ်ခွင့်ရနေရင် ဘဝဟာ ပျော်စရာအတိပေါ့ကွယ်..

မမသက်ဝေက မတဂ်ပေမယ့် ရေးချင်လို့ရေးလိုက်ပါတယ်.. ပေါ့ပေါ့ပါးပါး ရေးလို့ကောင်းလိုက်တာ.. ဖတ်မိတဲ့သူတွေလဲ မရေးရသေးရင် ရေးကြည့်နော်..

Tuesday, March 22, 2011

အချစ်လို့အမည်တွင်သောထိုအရာ

စကားတတ်ကာစအရွယ်တုန်းက ချစ်လားလို့မေးရင် ချစ်တယ်.. ဘယ်လောက်ချစ်လဲဆို များကြီး ဘယ်ကချစ်တာလဲဆို ဗိုက်ဗိုက်ထဲကလို့ ဖြေလေ့ရှိခဲ့တယ်.. အဲဒီအချိန်တုန်းက ချစ်တယ်ဆိုတဲ့စကားလေးနောက်မှာ ဘာအရောင်ဘာအရိပ်မှ ရှိမနေခဲ့လောက်သေး.. နည်းနည်းသိတတ်လာတဲ့အရွယ်ကျတော့ မိဘတွေ ဆွေမျိုးတွေကို ချစ်တယ်ဆိုတဲ့ ချစ်ခြင်းရဲ့နောက်မှာ တွယ်တာခြင်းတွေ လေးစားအားကိုးခြင်းတွေ ရှိနေခဲ့မှာပေါ့.. အဲသလိုချစ်ခြင်းမျိုးက လူတွေပြောတဲ့ ၅၂၈ ချစ်ခြင်း.. အေးမြလှပါတယ်ဆိုတဲ့ ၅၂၈ချစ်ခြင်းကတောင် အကြောင်းအမျိုးမျိုးကြောင့် ကွေကွင်းကြရတဲ့အခါ ပူလောင်ခံစားရစေတာပါပဲ..

သစ်ရွက်လှုပ်တာတောင် ရယ်ချင်တယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားတယ်ဆိုတာမျိုးကျတော့ အချစ်လို့နာမည်တပ်ရင် အချစ်ဆိုတဲ့အရာကို မလေးစားရာများကျနေမလားပဲ.. ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုတွေကြောင့် ပါတ်ဝန်းကျင်ရဲ့ဂရုထားစောင့်ကြည့်မှုကို ခံနေရတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတတ်တဲ့ ကာလမျိုးမှာ ဟိုကောင်လေးက ငါ့ကိုများချစ်နေသလား ဟိုအကိုကြီးရဲ့အကြည့်တွေက မရိုးသားဘူး.. ငါ ဟိုတယောက်ကိုများ ချစ်မိနေပြီလား.. စတာတွေက စိတ်ကစားတာသက်သက်တွေပဲလို့ သတ်မှတ်ထားလိုက်ချင်တယ်..

ကျွန်မအတွက် အချစ်လို့အမည်တွင်သောထိုအရာနဲ့ နဖူးတွေ့ ဒူးတွေ့စတွေ့ရတာက အသက်၁၈နှစ်လောက်မှာပေါ့.. ကျွန်မ လူတယောက်ကို သိပ်ချစ်မိသွားခဲ့တယ်.. သူများတွေအမြင်မှာ ဘာမှထူးခြားမနေတဲ့ သူ့ပုံစံ သူ့အမူအယာတွေက ကျွန်မအတွက်တော့ သိပ်ကိုထူးခြားနေတတ်တာ.. သူဘာလုပ်လုပ် သူဘာပြောပြော အကောင်းပဲမြင်တတ်ခဲ့တာတွေက ကျွန်မသူ့ကိုချစ်နေလို့အပြစ်မမြင်တာပဲဆိုတာ ကျွန်မကိုယ်တိုင်သိလာရတယ်လေ.. သူကတော့ ကျွန်မကိုချစ်မနေခဲ့ဘူး.. ကျွန်မသူ့ကိုချစ်တယ်ဆိုတာတောင် သူမသိခဲ့ဘူး.. ခုထက်ထိလဲ မသိပါဘူး.. ဘာဇာတ်လမ်းမှမဖြစ်ခဲ့တဲ့ ချစ်ခြင်းသက်သက်ပုံပြင်လေးပေါ့.. တနေ့တနေ့ သူ့အကြောင်းကဗျာတွေရေး.. အိပ်မက်ထဲမှာသူနဲ့တွေ့.. သီချင်းဆိုဖြစ်ရင်တောင် တဖက်သတ်အချစ်အကြောင်း ရေးထားတဲ့သီချင်းတွေချည်းပေါ့.. သူလိုအပ်နေမယ်ထင်တာတွေကို သူမသိအောင်ဖြည့်ပေးနေရတာကိုပဲ ကျေကျေနပ်နပ်နဲ့ ကျွန်မပျော်နေခဲ့ဖူးတယ်.. ဘယ်သူမှမသိအောင် ခိုးခိုးကြည့်ရတာကိုက အချစ်ရဲ့အရသာလို့ ကျွန်မထင်ခဲ့ဖူးတာပေါ့.. သူနဲ့စကားပြောနေရရင် သူ့အပြုံးလေးတွေ မြင်နေရရင် ကျွန်မရဲ့နေ့တွေဟာ ပြည့်စုံနေပါပြီလို့ ထင်မိနေတတ်တဲ့အထိကို အချစ်တခုအတွက် ကျွန်မရူးခဲ့ဖူးတယ်လေ.. ခုနေပြန်တွေးကြည့်တော့ သူ့အချစ်ကိုမရခဲ့လို့သာ ကျွန်မသူ့အပေါ်အဲသလောက် ရူးခဲ့တာဖြစ်မယ်လို့.. သူကသာကျွန်မကိုချစ်ခဲ့တယ်ဆိုရင် ကျွန်မရဲ့ရူးသွပ်ခြင်းတွေ အဲသလောက်များခဲ့မယ်မထင်ဘူး.. လူဆိုတာ မရနိုင်တာကိုမှ ပိုပြီးတန်ဖိုးထားတတ်ခဲ့တာမို့လား..

နောက်နှစ်အနည်းငယ်အကြာမှာတော့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နယူတန်သဘောတရားနဲ့ချစ်ခြင်းမျိုးကို ကျွန်မစတွေ့ခဲ့ရတယ်.. နှလုံးသားကို အလိုလိုက်တဲ့အရွယ်လဲမဟုတ်တော့တာမို့ ဦးနှောက်ရဲ့အကူအညီနည်းနည်းပါတဲ့ ချစ်ခြင်းပေါ့.. ငါသူ့ကို တသက်လုံးလက်တွဲနိုင်မှာလားလို့ သေသေချာချာတွေးပြီးတော့မှ သူ့အချစ်ကိုလက်ခံခဲ့တာ.. ကျွန်မက သူ့ရဲ့အချစ်ဦးပါ.. ကျွန်မတို့စချစ်သွားကြတဲ့အချိန်မှာ သူက ၁၈နှစ်ပဲရှိသေးတယ်.. သူ့ထက် ၄နှစ်လောက်ကြီးတဲ့ကျွန်မအတွက် သူက ကလေးတယောက်လိုပဲပေါ့.. ကိုယ်လိုချင်တဲ့ဘက်ကို သိမ်မွေ့တဲ့နည်းတွေနဲ့ ဆွဲယူခဲ့ရခြင်းကိုက ချစ်ခြင်းရဲ့အနုပညာပါပဲ.. သူ့ကိုချစ်တဲ့ချစ်ခြင်းကတော့ မိခင်တယောက်ရဲ့ချစ်ခြင်းမျိုးနဲ့ ခပ်ဆင်ဆင်တူမယ်ထင်တယ်.. သူကလဲ ကျွန်မကို ကျွန်မမိသားစုကို သိပ်တွယ်တာသွားခဲ့တယ်.. စိတ်ဆတ်ဒေါသကြီးတဲ့ကျွန်မအတွက် သူက အချော့ကောင်းတယ်လေ.. ဘယ်သူ့ကြောင့်ပဲ စိတ်တွေဆိုးနေနေ သူချော့တတ်ခဲ့တယ်.. မီးနဲ့ရေလိုမျိုး မီးများရင်ရေကူ ရေများရင်မီးကူလို့ အအေးမပူတဲ့အချစ်ဇာတ်လမ်းပေါ့..

ချစ်သူသက်တမ်း ၆နှစ်အကြာမှာ ကျွန်မတို့လက်ထပ်ဖြစ်ခဲ့တယ်.. နောက်တော့ သံယောဇဉ်ကြိုးအကြီးကြီးတခု ထပ်တိုးလာခဲ့တယ်လေ.. ကျွန်မကိုယ်တိုင် မိဘနေရာရောက်လာတော့ မိခင်တယောက်ရဲ့ သားသမီးအပေါ်ချစ်တဲ့ချစ်ခြင်းကို ပိုပြီးနားလည်လာရတယ်.. ကိုယ့်သားသမီးကို လိုလေသေးမရှိထားချင်တာ.. အကောင်းတကာ့အကောင်းဆုံးတွေပဲ ပေးချင်တာ.. ထူးချွန်ထက်မြတ်စေချင်တာတွေက ချစ်ခြင်းကြောင့်ဖြစ်ရတဲ့ လောဘတွေပေါ့.. လိုချင်သလိုများဖြစ်မလာခဲ့ရင် ဒေါသတွေကထွက်ရဦးမယ်.. စိုးရိမ်ပူပန်ရတာတွေကလဲ များမှများပဲ.. သူလေးအတွက် လိုအပ်သမျှတွေကို စဉ်းစားပြီး လိုက်ဖြည့်ဆည်းပေးနေရတာကိုပဲ ပီတိတွေဖြာနေရတာလေ.. မေမေ့ကိုချစ်တယ်လို့များ ပြောလိုက်ရင် ဘာနဲ့မှမတူတဲ့ကြည်နူးမှုလေးတွေနဲ့ ကျေနပ်ပြုံးပျော်နေတော့တာ.. သားလေးရဲ့အသံလေးက လောကမှာအချိုဆုံး.. သားလေးလောက်ချစ်စရာကောင်းတဲ့ကလေး တခါမှမတွေ့ဖူးဘူးလို့ ထင်နေတာလေ.. မိခင်တယောက်ရဲ့ ချစ်ခြင်းတွေက အဲသလိုပေါ့..

ကဲ.. ကျွန်မပြောချင်တဲ့အချစ်အကြောင်းက ဒီလောက်ပါပဲ.. မမသက်ဝေတဂ်လို့ ရေးပါတယ်.. ဖတ်မိတဲ့သူတွေကိုလဲ ရေးပေးကြဖို့ တိုက်တွန်းချင်ပါတယ်.. အဲ.. ကျွန်မရဲ့အချစ်ဦးက ခုဘယ်ရောက်သွားလဲလို့တော့ မေးနဲ့နော်.. ပြောပြဘူး..း)

Monday, March 14, 2011

မြူးမြူးဘာလုပ်

ကျွန်မ အလုပ်တွေရှုပ်နေတယ်.. ရုံးမှာက ဆုကြေးအတွက် တွက်ရချက်ရ ပြင်ရဆင်ရပေါ့.. ဆရာသမားက ခွင့်ယူပြီး ဖူးခက်ကို လည်လည်သွားနေလေတော့ ပိုဆိုးပေါ့.. တနေ့တနေ့ လာသမျှပြဿနာကို ခေါင်းခံပြီးဖြေရှင်းနေရတယ်.. ကိုယ်တိုင်ဆုံးဖြတ်မရတာတွေဆို ဆရာသမားဆီမက်ဆေ့ခ်ျပို့ပြီး ဆုံးဖြတ်ချက်တောင်းခံရသေးတာ.. What's ur opinion? လို့များမက်ဆေ့ခ်ျပြန်လာရင် သေရောပဲ.. ဘာက ဘယ်လိုမို့ ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတာကို လိပ်ပတ်လည်အောင် ရှင်းပေတော့ပေါ့.. တနေ့တနေ့ အနှိပ်ခံနေရတဲ့ တယ်လီဖုန်းလေးခမျာ သနားစရာ..

ပြီးခဲ့တဲ့ကြာသပတေးနေ့က ရုံးမှာ မျက်စိစစ်ပေးတယ်.. အဲဒီတော့မှပဲ ခေါင်းခဏခဏကိုက်ခြင်းရဲ့တရားခံ ဘွားခနဲပေါ်လာတော့တာပဲ.. ဘယ်ဖက်မျက်လုံးက ပါဝါမကိုက်တော့တာပါကလား.. မျက်မှန်ကြီးတပ်ပြီး ညာဖက်မျက်လုံးကိုအုပ်လို့ နံရံပေါ်မှာကပ်ထားတဲ့ စာလုံးတွေဖတ်ခိုင်းတာ ပထမ၂ကြောင်းပဲ ကောင်းကောင်းမြင်ရသကွယ်.. သွားရှာပါပေါ့လား.. မျက်မှန်ချက်ချင်းလဲပါဆိုတဲ့ မှတ်ချက်ကြီးနဲ့ စာရွက်တရွက်ရလိုက်တယ်.. ကုန်ရချည်သေးရဲ့..

သောကြာနေ့ညနေက ရုံးကအပျိုကြီးလူထွက်တယောက်ရဲ့ မင်ဂါဆောင်သွားရတယ်.. ကိုယ့်ထက် ၁၀နှစ်ကြီးတာ ခုမှမင်ဂါဆောင်တော့ အပျိုကြီးလူထွက်ခေါ်တာ မဆန်းပါဘူးနော်.. ယောက်မလေး လက်ဆောင်ပေးထားတဲ့ မြန်မာဝတ်စုံ မရမ်းစေ့ရောင်လေးဝတ်သွားတာ ဂါဝန်ဝတ်တွေ ဘောင်းဘီဝတ်တွေကြားထဲမှာ စတားပေါ့.. ကိုယ့်ရိုးရာဝတ်စုံလေးကို လူမျိုးခြားတွေ သဘောကျတာတွေ့ရတော့ ဘ၀င်တွေတောင်မြင့်လို့.. နင်နဲ့အရမ်းလိုက်တာပဲ.. ရုံးကိုလဲဝတ်လာပါလားနဲ့ ၀ိုင်းပြောကြတော့ အရူးဘုံမြှောက်ကိုဖြစ်ကရော.. နောက်ထပ် ၃စုံ၎စုံလောက် ထပ်လိုချင်တာပေါ့.. ရန်ကုန်ပြန်တော့မှာ အများကြီးထပ်ချုပ်လာဦးမယ်.. ဟိ..

သောကြာနေ့က အိမ်ပြန်ရောက်တော့ ညသန်းခေါင်.. အိပ်တော့ ၁နာရီထိုးနေပြီ.. စနေနေ့မနက် ရုံးမတက်နိုင်တော့လို့ ဆေးခွင့်ယူမယ်လို့ ရုံးကိုလှမ်းပြောပြီးပြန်အိပ်.. အိပ်ရာနိုးတော့ ၁၀နာရီထိုးနေပြီ.. ဆေးခန်းသွားဖို့ ပျင်းတာနဲ့ ခွင့်ပဲတင်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ညကကျန်တဲ့ဟင်းလေးတွေ နွှေးပြီးသားအမိ၂ယောက်စားသောက်.. ခဏနေတော့ ယောက်ျားဆီကမက်ဆေ့ခ်ျဝင်လာတယ်.. ပြန်လာနေပြီတဲ့.. နေ့လည်စာဘာစားရမလဲတဲ့.. ပြန်သာလာခဲ့ပါ ရှိတာလေးပြင်ထားလိုက်မယ်လို့ပြန်ပြော.. ဘာရှိလဲမွှေနှောက်လိုက်တော့ ပုန်းရည်ကြီးရှိတယ်.. ကြက်ဥရှိတယ်.. ကြက်ဥလေးကိုခေါက်ကြော်လိုက်တယ်.. ပုန်းရည်ကြီးသုပ်လေးနဲ့.. သူ့အကြိုက်တွေမို့ ပြုံးဖြီးလို့.. သားသားကတော့ ဖေဖေကဘာတွေစားနေလဲ မည်းမည်းကြီးတဲ့.. ညနေကျတော့ အာပြဲခြောက်ကို အာလူးလေးနဲ့ချက်စားတယ်.. သားသားအတွက်က သူ့တောင်းဆိုချက်အရ KFC မှာကျွေးရတယ်..

တနင်္ဂနွေနေ့မနက်ကျမှ ဈေးသွားဝယ်ပြီး ဟင်းကောင်းကောင်းချက်စားဖြစ်တယ်.. ရန်ကုန်ကပို့ပေးတဲ့မျှစ်ချဉ်ကို ငါးနဲ့အရည်ကျဲလေးချက်တယ်.. ညနေစာအတွက်ပါ.. မျှစ်ချဉ်က ကြာကြာချက်မှကောင်းတာမို့ မနက်ကတည်းကချက်ပြီး မီးအေးအေးနဲ့တည်ထားတာ.. နေ့လည်စာအတွက်က ပဲပြားကြော်သုပ် ဒန့်သလွန်ရွက်ဟင်းခါး ငပိထောင်းတို့စရာနဲ့.. ကောင်းမှကောင်းပဲ.. သားသားကို ဟင်းခါးလေးနဲ့ ကြက်ဥခေါက်ကြော်လေးနဲ့ကျွေးတယ်.. နေ့ခင်းကျတော့ အိမ်နားက စတူဒီယိုမှာ သီချင်းသွားတိုက်တယ်.. အသံမကောင်းပေမယ့် ၀ါသနာကတားမရတော့ ဆိုနေရရင်ကို ပျော်နေတာမို့လား.. အတီးသမားတွေက စိတ်ရှည်လို့တော်သေးတယ်.. အံမ၀င်မချင်း စိတ်ရှည်လက်ရှည်တိုက်ပေးပါတယ်.. သီချင်း၃ပုဒ်တိုက်ထားတယ်.. ချယ်ရီမေမှာဆိုမလို့ပါ.. နောက်လထဲပေါ့.. ရက်တော့အတိအကျမသိသေးဘူး.. သိရရင်ပြောမယ်လေ.. လာပြီးနားဒုက္ခခံပေးကြပေါ့နော်.. သီချင်းတိုက်ပြီးအိမ်ပြန်ရောက်တော့ ၉နာရီထိုးတော့မယ်.. မျှစ်ချဉ်ဟင်းလေးနဲ့ထမင်းစားပြီး ခဏနား ပြီးတော့အိပ်ပစ်လိုက်တာ တရေးတည်းပဲ..

ဒီမနက် ယောက်ျားကလာနှိုးမှ မထချင်ထချင်ထ ရေမိုးချိုးပြီး အိတ်ကိုတရွတ်ဆွဲလို့ အိမ်ကနေထွက်.. ရုံးကားပေါ်မှာ ပြတင်းမှန်နဲ့ခေါင်းနဲ့မိတ်ဆက်ရင်း တလမ်းလုံးငိုက်လာခဲ့တာ.. ရုံးရောက်တော့ စားပွဲပေါ်မှာမှောက်ပြီးဆက်အိပ်.. ရုံးတက်ဥသြဆွဲတော့မှ ကော်ဖီလေးထဖျော်.. အွန်လိုင်းမှာ သတင်းပလင်းလေးဖတ်ရင်း ပို့စ်လေးတခုလောက်တင်ဦးမှပါရယ်လို့ နေကြာစေ့လေးတဖျောက်ဖျောက်ဝါးရင်း စာတွေရေးပြီး ဒီပို့စ်လေးကို တင်လိုက်ရပါကြောင်း..

နေ့တ၀က်ကျိုးပြီဖြစ်တာမို့ ကျွန်မ အလုပ်စလုပ်ပါတော့မယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား...း)

Monday, February 21, 2011

နည်းလမ်းကောင်းလေးပေးမယ်နော်

မနေ့က ဘလော့ဂါညီမလေးတယောက်ရဲ့ မင်္ဂလာဆောင်ကိုသွားဖြစ်တယ်.. မတွေ့တာကြာတဲ့ ဘလော့ဂါမောင်နှမတွေနဲ့လဲ တွေ့ဖြစ်တယ်ပေါ့.. အားလုံးကပြောကြတယ်.. မမြူးပိန်သွားတယ်တဲ့.. မြန်မာဝတ်စုံလေးဝတ်သွားဖြစ်တာဆိုတော့ ပိန်သွားမှန်း နည်းနည်းသိသာတာလဲ ဖြစ်မှာပေါ့လေ.. ၀ိတ်ကျသွားတာတော့အမှန်ပဲ.. လေးလကျော်ကျော်အတွင်းမှာ ၇ကီလိုကျော်လောက်ကျသွားပါတယ်.. လေ့ကျင့်ခန်းတွေလုပ်တဲ့အကြောင်းတော့ ဟိုတလောကရေးဖူးပါတယ်.. ရုံးကလွှတ်တဲ့ Lose To Win Programme ပြီးသွားတော့ ၄ ကီလိုနီးနီးကျသွားတယ်.. ပင်ပန်းတာတော့ သေမတတ်ပဲ.. လူက နေလို့ထိုင်လို့ကောင်းပြီး ပေါ့ပါးသွက်လက်လာတာတော့ အရမ်းကိုသိသာပါတယ်.. ခုထက်ထိတောင် အချိန်တိုတိုနဲ့ ထိရောက်တဲ့လေ့ကျင့်ခန်းလေးတွေ ဆက်လုပ်ဖြစ်နေတုန်းပေါ့..

နောက်ထပ် ၀ိတ်ကျရခြင်းအကြောင်းရင်းကတော့ Detox လို့ခေါ်တဲ့ Programme လေးကြောင့်ပါပဲ.. Detox လုပ်တဲ့နည်းတွေ အမျိုးမျိုးရှိပါတယ်.. ကျွန်မကတော့ သူငယ်ချင်းလေးအညွှန်းကောင်းလို့ Amway Products Vitamins တွေနဲ့ Juice Detox လေးလုပ်ဖြစ်သွားပါတယ်.. ၇ရက်အစီအစဉ်လေးပေါ့.. သူက ၀ိတ်ကျစေရုံမကပဲ ကျန်းမာရေးအတွက်လဲကောင်းတာမို့ ပိုပြီးစိတ်ဝင်စားသွားတာပါ..

ပထမဆုံးအနေနဲ့ ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့လိုပါတယ်.. ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ၇ရက်တာစားရမယ့် ဗီတာမင်တွေဝယ်ရပါမယ်.. ဗီတာမင်ဘီ မက်ဂနီဆီယမ် ဗီတာမင်စီ ကယ်လ်စီယမ် လီကိုရိုက်စ်အန်ဂါးလစ် စတာတွေပေါ့.. ပရိုတိန်းအမှုန့်လေးလဲ ၀ယ်ရပါတယ်.. မဆာအောင်လို့ ၀ါးပေးရတဲ့ ဖိုင်ဘာဆေးပြားလေးတွေရောပေါ့.. ပြီးရင်တော့ အသီးဖျော်ရည် လုပ်ဖို့ သစ်သီးတွေလဲ ၀ယ်ထားရပါမယ်.. ဖျော်ရည်လုပ်ဖို့ Juice Maker လေးလဲရှိဖို့လိုမယ်နော်..

အစီအစဉ်ရဲ့ ပထမ၃ရက်လုံးလုံး တနေ့ကို သစ်သီးဖျော်ရည် ၂လီတာပဲသောက်ရပါမယ်.. လုံးဝ ဘာမှမစားရပါဘူး.. ရေတော့သောက်လို့ရပါတယ်.. ဗီတာမင်ဆေးပြားတွေကို တနေ့သုံးကြိမ်စားရပါတယ်.. ပရိုတိန်းမှုန့်ကို ဖျော်သောက်ရပါတယ်.. ဘာမှမစားရတော့ ဗိုက်မဆာဘူးလားမေးရင် မဆာပါဘူးရှင်.. စားချင်စိတ်ကတော့ အရမ်းကိုဖြစ်ပါတယ်.. သာမာန်အချိန်မှာ မစားချင်တဲ့အစားအစာတွေပါ စားချင်တာပါ.. စိတ်ကိုနိုင်အောင် တော်တော်ထိန်းရပါတယ်.. သစ်သီးဖျော်ရည်ကို ကျွန်မကတော့ ပန်းသီးစိမ်းရယ် မုန်လာဥနီရယ် ရောဖျော်ပါတယ်.. အရသာလေးကတော်တော်ကောင်းတာပါ..

လေးရက်မြောက်နေ့ကျရင်တော့ အသီးတွေစစားလို့ရပါပြီ.. ဒူးရင်းသီးတို့ ငှက်ပျောသီးတို့တော့ မစားနဲ့ပေါ့နော်.. ရေလဲများများသောက်ပေးပါ.. ကျွန်မကတော့ သခွားမွှေးတွေ မာလကာသီးတွေ စတော်ဘယ်ရီတွေစားပါတယ်.. ငါးရက်မြောက်နေ့ကျရင်တော့ ထမင်းသုံးလေးလုပ်စာလောက်နဲ့ အသီးအရွက်တွေ စားလို့ရပါပြီ.. ကျွန်မကတော့ ကန်ဇွန်းရွက်ကို ရခိုင်ဟင်းလှော်လေး လုပ်ပြီးစားပါတယ်.. ငရုတ်သီးဆားထောင်းလေးနဲ့ပေါ့.. ဆီလုံးဝမစားသေးပါဘူး.. ခြောက်ရက်မြောက်နေ့မှာတော့ အသီးအရွက်တွေအပြင် အသားငါးနည်းနည်းပါ ထည့်စားနိုင်ပါပြီ.. ကျွန်မက ငါးစွပ်ပြုတ်လေးကို ကြာဇံလေးနည်းနည်းထည့်ပြုတ်ပြီး စားပါတယ်.. ဆီမပါတော့ဘူးပေါ့.. ၇ရက်မြောက်နေ့ကျရင်တော့ စားချင်တာစားလို့ရပါပြီ.. လျှော့စားဖို့တော့ လိုတာပေါ့နော်.. ခါတိုင်စားတာရဲ့ ထက်ဝက်လောက်ပဲစားပေါ့.. အစာအိမ်က ကျဉ်းသွားပြီမို့ နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်ပါတယ်.. အစာအိမ်ပြန်ကျယ်မသွားအောင် ထိန်းထိန်းသိမ်းသိမ်းလေး စားသောက်သွားမယ်ဆိုရင် နောက်ပိုင်းမှာ ၀ိတ်ပြန်မတက်နိုင်ပါဘူး..

၇ရက်အစီအစဉ်ပြီးသွားတော့ ၄ကီလိုနီးနီး ထပ်ကျသွားပါတယ်.. လိုအပ်တဲ့အာဟာရတွေကို စားရတဲ့ဗီတာမင်ဆေးပြားတွေက ရနေတာကြောင့် အားနည်းတာ မူးဝေတာတွေ ဘာမှမဖြစ်ပါဘူး.. ကျွန်မဆို ရုံးတက်နေရင်းနဲ့ပဲ ပြီးသွားတာပါ.. ဆိုက်ထဲမှာ ပင်ပင်ပန်းပန်းလုပ်ရတဲ့ လူတွေအတွက်တော့ မကိုက်ဘူး.. အရင်က လေးကီလိုနီးနီးကျထားတာဆိုတော့ စုစုပေါင်း ၇ကီလိုကျော်ကျော်ကျသွားတာပေါ့.. ၀ိတ်မချခင်က ၀တ်ဖို့စဉ်းတောင်မစဉ်းစားရဲတဲ့ မြန်မာဝတ်စုံလေးတွေ ၀တ်လို့အဆင်ပြေလာတယ်.. နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးဖြစ်လာတယ်လေ.. သို့သော်.. သို့သော်ပေါ့လေ.. ဆင်ပိန်ကျွဲလောက်ဆိုတဲ့စကားလဲ ရှိသမို့လား.. ခုလဲ ကျွဲလောက်တော့ရှိပါသေးကြောင်း ပုံနှင့်တကွ သက်သေပြပါသည်ရှင့်.....း)







Friday, December 31, 2010

ခြင်္သေ့လည်ပြန်

ရက်ကိုလစား လကိုနှစ်စားလို့ အချိန်တွေကုန်သွားလိုက်တာ ၂၀၁၀ခုနှစ်ကြီးက လက်ပြနှုတ်ဆက်နေပြီ.. မနက်ဖြန်ဆို နှစ်သစ်ရောက်ပြီပေါ့.. တနှစ်တာအတွင်းလုပ်ခဲ့သမျှ ပြန်စဉ်းစားကြည့်လိုက်တော့ .....

ခရီးသွားခြင်း

ဖေဖော်ဝါရီလမှာ ရန်ကုန်ကိုခဏပြန်ဖြစ်တယ်.. တပါတ်ထဲဆိုတော့ ဘယ်မှလဲသိပ်မသွားဖြစ်.. ဘာမှလဲသိပ်မစားဖြစ်.. လုပ်မယ်လို့စဉ်းစားထားတာတွေ အကုန်လုပ်ဖို့တောင် အချိန်မရလိုက်ဘူး..
ဇွန်လထဲမှာ ဘန်ကောက်ကိုသွားပြီး ညီမလေးနဲ့တွေ့ခဲ့တယ်.. လေးနှစ်ကျော် ငါးနှစ်နီးပါး မတွေဖြစ်ကြတဲ့ ညီအစ်မတတွေ ဘန်ကောက်တခွင်ပြဲပြဲစင်အောင် လည်ပတ်စားသောက်ပစ်လိုက်ကြတယ်..

အလုပ်အကိုင်

လုပ်သက်သုံးနှစ်ပြည့်တဲ့လမှာ ရာထူးတက်သွားပါတယ်.. တိုးပေးလိုက်တဲ့ လစာနဲ့မတန်အောင် တာဝန်ယူရတာတွေ ပိုများလာတော့တာပေါ့.. အကြီးတန်းအရာရှိဖြစ်သွားတော့ ဘောစိရဲ့လူမိုက်ငှားခြင်းကို ခံရပါတော့တယ်.. ခုလောလောဆယ်တော့ စာရင်းစစ်လာတော့မှာမို့ အာလီဘာဘာဘုရင်မဖြစ်နေပါတယ်.. တနှစ်လုံး မေ့ထားသမျှ ခုမှစုပုံရှင်းလုပ်နေရပါတယ်ရှင်..

ငွေရေးကြေးရေး

၂၀၀၉အတွက်ဆုကြေးကို ၂၀၁၀ မတ်လမှာရတော့ မနှစ်က၀ယ်ထားတဲ့ ရန်ကုန်ကအိမ်ကလေးကို ပြင်ပစ်လိုက်တာ ကုန်ပါလေရော.. တလတလရသမျှလဲ ရရစားစားပေါ့.. လည်လည်လာတဲ့ ယောက်ခမရယ် ယောက်မရယ်ကောင်းမှုနဲ့ ၂ယောက်သားရတဲ့ ၁၃လစာလေးလဲ ပြောင်ပါပေါ့လား.. အို.. ဘာပဲဖြစ်ဖြစ် စားချင်တာစား ၀တ်ချင်တာဝတ် ၀ယ်ချင်တာဝယ်နိုင်သေးတာပဲ.. ရောင့်ရဲတတ်မှပေါ့ ပွင့်မြူးဇင်ရယ်..

မိသားစုအရေး

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ.. စိတ်တိုတိုင်း အသံပြာအောင်အော်တတ်တဲ့ ကျွန်မရယ် စိတ်ဆိုးရင် နှုတ်ခမ်းတတောင်လောက်စူလာတတ်တဲ့ မောင်ရယ်.. ကျွန်မတို့စကားများရင် တဟားဟားရယ်တတ်တဲ့သားသားရယ်.. ရယ်လိုက်ကြ ငိုလိုက်ကြ ပြုံးလိုက်ကြ မဲ့လိုက်ကြနဲ့ ဆက်လက်ချီတက်နေဆဲပါပဲ..

အလှူအတန်း

မွေးနေ့မှာ မေမေကဘုန်းကြီးကျောင်းမှာ န၀ကမ သွားလှူပေးတယ်.. အောက်တိုဘာလထဲမှာ ဖေဖေဆုံးတာ ၂နှစ်ပြည့်အလှူအဖြစ် အိမ်မှာဘုန်းကြီးဆွမ်းကပ်ဖြစ်တယ်.. ရခိုင်ပြည်လေဘေးအတွက် အ၀တ်အထည်လေးနဲနဲပါးပါး လှူဖြစ်တယ်.. တလောက ကိုဇူလိုင်တို့ဦးစီးလုပ်တဲ့ အလှူလေးမှာလဲ ပါဝင်ဖြစ်တယ်.. လှူဖြစ်တာနည်းနေသေးတယ်လို့ ခံစားရပါတယ်.. နောက်နှစ်ကို ပိုပြီးအလှူအတန်းလေးလုပ်ဖြစ်အောင် ကြိုးစားရဦးမယ်..

ကျန်းမာရေး

အသေးအဖွဲလေးကလွဲလို့ ဘာမှမဖြစ်တာမို့ ကျန်းမာရေးကောင်းနေတယ်လို့ ပြောရမယ်.. ခုတလောတော့ ဗိုက်ခဏခဏအောင့်နေလို့ ငရုတ်သီးရှောင်နေရပါတယ်.. အစပ်မပါရင် စားမ၀င်တာမို့ တော်တော်လေးခက်သား.. မတတ်နိုင်ဘူး.. ကျန်းမာခြင်းသည် လာဘ်တပါးဆိုတာ စလုံးမှာပိုမှန်တာကိုး.. မကျန်းမာရင် ဆေးရုံဆေးခန်းတွေအတွက် လာဘ်တပါးဖြစ်သွားတော့မှာလေ..

လူမှုရေး

သားတယောက်နဲ့ အလုပ်တွေရှုပ်နေလို့ လူမှုရေးပျက်ကွက်ခဲ့တာလဲ များလှပြီ.. သူငယ်ချင်းတွေက နားလည်ပေးတတ်ကြလို့သာ တော်သေးတာပေါ့.. အားလုံးထဲမှာ အရင်ဆုံးကလေးအမေဖြစ်တာဆိုတော့ သူတို့ကလဲ နားလည်ကြပါတယ်.. မတွေ့တွေ့ဖြစ်အောင် ကျွန်မတို့အိမ်မှာပဲ စုပြီး စားကြသောက်ကြတယ်.. မဆိုးဘူပေါ့..

လက်ဆောင်

၂၀၁၀တနှစ်လုံး ရသမျှလက်ဆောင်တွေထဲက စွဲစွဲမြဲမြဲ သုံးဖြစ်နေတာက ဘလော့ဂါညီမလေးတွေ မွေးနေ့လက်ဆောင်ပေးတဲ့ ချားလ်စ်အန်ကိတ်က အိတ်ကလေးရယ်.. မေမေ၀ယ်ပေးတဲ့ ဝေါလက်လေးရယ်ပါပဲ.. ကျန်တာတွေကတော့ မေ့မေ့ပျောက်ပျောက်..


ခြုံကြည့်လိုက်ရင်တော့ ၂၀၁၀က အထိုက်အလျောက် အဆင်ပြေနေခဲ့တဲ့နှစ်ပါပဲ.. လာမယ့်နှစ်သစ်ကို ကြိုဆိုရင်း အားလုံးပဲ မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်..

(ပို့စ်ခေါင်းစဉ်ကို ပထမ သမင်လည်ပြန်လို့ပေးမလို့.. LEO ရာသီဖွားမို့ ခြင်္သေ့လည်ပြန်က ပိုကောင်းမယ်ထင်လို့လေ..)