Monday, January 16, 2017

ဟုတ်ကဲ့ ကျမရန်ကုန်သူပါရှင်

၂၀၀၇ခုနှစ် မတ်လကတည်းက စင်္ကာပူကို အလုပ်လုပ်ဖို့ ရောက်နေခဲ့ရတဲ့ကိုယ်ဟာ မွေးရပ်မြေ ရန်ကုန်ကို ပြန်ရောက်နေတာ ခုဆို ၃လနီးပါးရှိပြီ... စင်္ကာပူမှာ နေခဲ့တဲ့ ၉နှစ်ကျော်အတောအတွင်း ရန်ကုန်ကို ခဏခဏပြန်ဖြစ်ပေမယ့် အလည်အပတ်သဘောဆိုတော့ နေ့စဉ်လူနေမှုဘ၀ထဲက အကြောင်းအရာတွေနဲ့ ထိတွေ့ရတာမျိုး မရှိဘူးပေါ့... ခုကတော့ ရန်ကုန်မှာ အလုပ်ခွင်ဝင်နေပြီမို့ ရန်ကုန်သူစစ်စစ် ပြန်ဖြစ်နေရပြီ...

အိမ်ထမင်းအိမ်ဟင်းဆို တနေ့ချက်မှ တနေ့စားရတဲ့ ဘ၀ကနေ မနက်မိုးလင်း မနက်စာအဆင်သင့် နေ့လည်စာအတွက် ထမင်းဗူးအဆင်သင့် ညနေစာ လက်ဆေးစားရုံ ဆိုတဲ့ ဘ၀မျိုးကို ပြန်ရောက်နေပြီ... ပိတ်ရက်မှာ တစ်ပတ်စာ လျှော်ဖွတ် မီးပူတိုက်ရတဲ့ဘ၀ကနေ မွှေးကော့နေတဲ့ မီးပူကျအ၀တ်တွေကို အသင့်ဆွဲယူ ၀တ်လိုက်ယုံဆိုတဲ့ ဘ၀မျိုး ပြန်ရောက်နေပြီ... သားသမီးတွေကို မနက်တိုင်း ဖုန်းခေါ်အလွမ်းသယ်ရတဲ့ဘ၀ကနေ သူတို့လေးတွေရဲ့ ခိုးခိုးခစ်ခစ်အသံလေးတွေနဲ့ မနက်တိုင်းနိုးထရတဲ့ ဘ၀ကို ရောက်နေပြီ... အလုပ်ပတ်ဝန်းကျင်မှာ လူများစုက ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားတွေနဲ့ အလုပ်ခွင်မျိုးမှာ အလုပ်လုပ်နေရပြီ...

စင်္ကာပူကို မသွားခင်က ကိုယ်ဟာ ရန်ကုန်ရဲ့ public transport ကိုပဲ အားထားပြီး သွားလာခဲ့သူပါ... စလုံးမှာလည်း public transport ကိုပဲ အများဆုံး သုံးခဲ့ရတာပါ... ဒါပေမယ့် ခုပြန်ရောက်လာတဲ့အခါမှာတော့ ကိုယ် အကျင့်ပျက်နေခဲ့ပြီ... အဆင်ပြေလွန်းတဲ့ စလုံးကစနစ်နဲ့ အသားကျနေခဲ့တဲ့ကိုယ်ဟာ ရန်ကုန်က Bus တွေကို မစီးရဲ မစီးချင် ဖြစ်နေပြီ.. ပိုဆိုးတာက ကိုယ့်ရုံးရှိတဲ့ ဆရာစံလမ်းဟာ Bus လုံးဝမပြေးတဲ့လမ်းဖြစ်နေတာရယ်... အန္တရာယ်ကင်းကင်း လမ်းကူး လမ်းလျှောက်ဖို့ လူကူးမျဉ်းကျား ပလက်ဖောင်းတွေ မရှိတာရယ်က ကိုယ့်ကို အငှားကားပဲ စီးဖြစ်စေတော့တယ်... တကယ်ဆို Bus ရှိတဲ့ အနီးဆုံးမှတ်တိုင်ကနေ ကိုယ့်ရုံးကို လမ်းလျှောက်ရလှ ၁၅မိနစ်ပေါ့... Profession ကိုက Safety မို့ Risk Assessment ကို နေရာတိုင်း လုပ်မိနေလို့ထင်ပါ့... Risk ကို eliminate လုပ်တဲ့အနေနဲ့ ကိုယ် ရန်ကုန်မှာ Public Transport မစီးဖြစ်တော့ဘူး...

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအတွက် jogging လုပ်ချင်တဲ့ကိုယ့်အတွက် စိတ်အေးလက်အေး ပြေးနိုင်မယ့်နေရာ သိပ်ရှားတယ်... လမ်းမပေါ်တက်ပြေးတော့ ကားကြောက်ရတယ်.. လူသွားလမ်းသီးသန့်မှ မရှိတာကိုး... လမ်းသွယ်ထဲပြေးတော့ ခွေးလိုက်မှာကြောက်ရတယ်... ပိုင်ရှင်မဲ့ ခွေးတွေက နေရာတကာကိုး.. ပြေးချင်သပဆို ကိုယ့်ခြံပိစိထဲ ပတ်ပြေးချင်ပြေး... Bus စီးပြီး နီးရာပန်းခြံထဲ သွားပြေးချင်ပြေးမှ ရတော့မယ်.. ဒီလိုနဲ့ပဲ ရန်ကုန်ဟာ ကိုယ့်ကို အပျင်းတစ်စေပြန်တယ်...

MSG ကို မစားတာကြာတော့ အပြင်စာတွေစားတိုင်း ကိုယ့်မှာ အဆင်မပြေဖြစ်ရတယ်... အချိုမှုန့် မထည့်ပါနဲ့လို့မှာရင် ပြန်ကြည့်တတ်ကြတဲ့ အကြည့်မျိုးတွေကလည်း စိတ်အနှောင့်အယှက်ဖြစ်စေတယ်လေ... အလုပ်သဘောအရ ခရီးသွားရတဲ့အခါ အပြင်မှာ ကြုံသလိုစားရတော့ ဆီများတဲ့ဒဏ်နဲ့ အချိုမှုန့်ဒဏ်ကို အလူးအလဲခံရတယ်... အသားဖတ် ငါးဖတ်တွေကို ဆီထဲကနေ ဆယ်ဆယ်စားရတာ... အရွက်သုပ်ထဲမှာ အချိုမှုန့်တွေ အချောင်းလိုက်ပါလာတာတွေက ကိုယ့်အတွက် ပြသနာပဲ... တတ်နိုင်သမျှ အပြင်စာတွေ ရှောင်ဖြစ်သွားတယ်... အဲလိုဆိုတော့ ရန်ကုန်က ကိုယ့်ကို ငွေကုန်ကြေးကျ သက်သာစေတယ်...

ကိုယ့်ပတ်ဝန်းကျင်က လူကြီး လူငယ် လူရွယ်အစုံဟာ အပြောင်းအလဲကို ငံ့လင့်ကြတယ်... စနစ်တစ်ခု အသားတကျဖြစ်ဖို့ ပေးရမယ့်အချိန်ကိုကျတော့ မစောင့်ချင် မစောင့်နိုင်ကြတာများတယ်... နည်းကျလမ်းကျတွေးပြီး သီးခံနိုင်စွမ်းတွေ လျော့လာတာကို သတိထားမိတယ်... အရင်က မကျေနပ်ရင်တောင် ပြောရေးဆိုခွင့် နည်းခဲ့ရာကနေ ခုလို social media တွေ တွင်တွင်ကျယ်ကျယ်ဖြစ်လာတဲ့အခါ တဒင်္ဂစိတ်ထဲပေါ်လာသမျှတွေ လူတကာသိအောင် လုပ်ဖို့လွယ်လာတော့ လူတွေရဲ့ အတ္တတွေဟာ ပိုပြီး ထင်သာမြင်သာဖြစ်လာတယ်... သူတို့ကိုယ်တိုင် စည်းကမ်းလိုက်နာမှုရှိသလားလို့ ကြည့်လိုက်ပြန်တော့ အမှိုက်သိမ်းသမားတွေ အလုပ်များတုန်း ကွမ်းတံတွေးတွေ ရဲတုန်း...

ခေတ်ကာလ လိုအပ်ချက်နဲ့အညီ အသုံးဝင်မယ့် ဥပဒေအသစ်တွေ ဖြည်းဖြည်းချင်း ချမှတ်လာနေတယ်... တကယ်တမ်း အသက်ဝင်မှုကျတော့ အတော်လေး လိုအပ်နေသေးတာ တွေ့ရတယ်... ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သတ်တဲ့ဥပဒေဆို အတော်လေး ပြည့်ပြည့်စုံစုံနဲ့ အိမ်နီးချင်းနိုင်ငံတွေထက် သာလွန်တာတောင် တွေ့ရတယ်... တကယ်တမ်းသာ အသက်ဝင်မယ်ဆို သိပ်ကောင်းမှာပေါ့... အဲဒီလိုမျိုး လုပ်ငန်းခွင်ဘေးကင်းကျန်းမာရေးအတွက် ဥပဒေလည်း အမြန်ဆုံး အကောင်အထည်ပေါ်လာစေချင်မိတယ်... သွားရင်းလာရင်း unsafe acts and conditions တွေ မြင်ရရင် စိတ်မချမ်းသာဘူး... ကိုယ့်လူမျိုးတွေ အသက်တစ်ချောင်းကို တန်ဖိုးထားတတ် ကိုယ့်အန္တရာယ်ကို ကိုယ်မြင်တတ်စေချင်မိတယ်... ကိုယ်တတ်တဲ့ပညာကလည်း ဒါပဲမို့ အလုပ်ခွင်ထဲရော ကိုယ့်ပတ်ဝန်းကျင်မှာပါ တတ်နိုင်သမျှ awareness creation လေးတွေတော့ လုပ်ဖြစ်ပါတယ်... အစိုးရကနေ ဥပဒေနဲ့ ထိန်းချုပ်တာမျိုး အမြန်ဆုံး ဖြစ်လာစေချင်မိတာ စေတနာပါ...

ကိုယ်စကားပြောကြည့်ဖြစ်တဲ့ ကိုယ့်မိသားစုမဟုတ် သူစိမ်းတွေထဲမှာ Defensive ဖြစ်တဲ့သူတွေ တွေ့ရတာများတယ်... ဘယ်ကိစ္စမဆို ကိုယ်မမှားဘူးလို့ ခံယူထားတတ်ကြသူတွေပေါ့... မှားပါတယ်လို့ ချက်ကျလက်ကျ ပြန်ပြောပြနိုင်ခဲ့ရင်တောင်မှ အိုးရွဲ့မို့ စလောင်းရွဲ့နဲ့ ဖုံးရတာပါလို့ ဆင်ခြေတက်ကြသူတွေ အများကြီးတွေ့ရတယ်... ဒါဟာ အဆင်မပြေမှုတွေကနေ မြစ်ဖျားခံလာတာမို့လို့ ကိုယ် စိတ်မကောင်းဖြစ်မိရပါတယ်... convenient ဖြစ်နေမယ် comfortable ဖြစ်နေမယ်ဆိုရင် သူတို့ရဲ့ EQ တွေ ပိုကောင်းလာနိုင်မယ်လို့ ကိုယ်ထင်တယ်လေ..

မွေးရပ်မြေကနေ ဆယ်စုနှစ်တစ်ခုနီးပါး ဝေးနေခဲ့တဲ့ ကိုယ့်အတွက် ပြန်ရောက်လာတဲ့အချိန်မှာ cultural shock ရတယ်လို့မဆိုသာတောင် အသားမကျနိုင်မှုလေးတွေကတော့ နေ့စဉ်နဲ့အမျှပါပဲ... စိတ်တော့မပျက်မိပေမယ့် ကသိကအောင့်ဖြစ်ရတာမျိုးလေးတွေတော့ရှိတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဟာ ရန်ကုန်သူမို့ ရန်ကုန်ကို ချစ်တယ်... ရန်ကုန်သူရန်ကုန်သားတွေရဲ့ နေ့စဉ်လူနေမှုဘ၀ကို အဆင်ပြေစေချင်တယ်... အကောင်းဘက်ဦးတည်တဲ့ ပြောင်းလဲခြင်းတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနေပြီမို့လည်း ရန်ကုန်ရဲ့အနာဂတ်အတွက် ကိုယ် ရင်ခုန်နေပါတယ်လေ...

ပွင့်မြူးဇင်
၁၆.၀၁.၂၀၁၇