Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

Sunday, April 7, 2013

ခုတလော

ခုတလောဆိုတဲ့ခေါင်းစဉ်နဲ့ စာလေးဘာလေးရေးဖို့ အစီအစဉ်မရှိဘူးလားလို့ ချစ်ညီမလေးဆုမြတ်ကမေးလာတယ်..  ကိုယ့်အတွက် ခုတလောလောက် အပြောင်းအလဲတွေများ အလုပ်တွေရှုပ်တာ မရှိဖူးဘူး.. ဘဝတစ်ဆစ်ချိုးလို့ ဆိုရင်တောင်ရလောက်ရဲ့.. ကဲ.. ညီမဆုမြတ်ရေ.. ရေးပြီ..


ခုတလော

တွေးနေမိတာက
ကျောင်းရယ်.. အလုပ်ရယ်.. ပတ်ဝန်းကျင်အသစ်ရယ်ကြား ဘယ်လိုညီမျှအောင် ချိန်ညှိရမလဲ

ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ခြင်မိတာက
အသက်ကလေး ၃ထိပ်စည်းဖြစ်လာတော့ စိတ်တွေတိုတတ်လာပြီ.. အရင်ကလောက် ပေါင်းသင်းဆက်ဆံရေးမကောင်းတော့ဘူး.. ရန်များလာတယ်..

ကျန်းမာရေး
နှာမွှန်နေတာ ၅လလောက်ရှိပြီ.. ဘာဆေးသောက်သေက် ပျောက်ဘူးရယ်

ဖတ်ဖြစ်တဲ့စာအုပ်တွေ
တက္ကသိုလ်ဘုန်းနိုင် - ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
၀င်းဝင်းလတ် - အချစ်၏နောက်ဆက်တွဲစာမျက်နှာ
ကေသွယ် - စိန်ပန်းနဲ့ကံ့ကော်တွေအတူပွင့်ခဲ့တယ်

ရောက်ဖြစ်နေတာက 
အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်

နားထောင်ဖြစ်တာက
Westlife - Home

ရွတ်နေမိတဲ့ကဗျာက
ဖိုးသားထူး ဖိုးသာထူး အလွန်ဝတဲ့ဖိုးသာထူး (ကျားကျားကိုကြည့်ပြီးရွတ်တယ် :P)

ဖြစ်ချင်နေတာက
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်

စားဖြစ်နေတာက
ပင်လယ်စာတွေ

သနားနေမိတာက
ဒီကျွန်းပိစိမှာ တစ်ယောက်တည်းကျန်ခဲ့ရမယ့် ကိုယ့်ကိုယ်ကို

လွမ်းနေမိတာက
မိုးသံစဉ်ဟုအမည်ရတဲ့ တစ်ဦးတည်းသော ချစ်သားလေး (များမကြာမီမှာတော့ လွမ်းရမယ့်သူတစ်ယောက် ထပ်တိုးဦးမယ်..)

မေ့လျော့ပစ်နေရတာက
ကြိုတွေးပြီးပူပန်နေမိတဲ့ စိုးရိမ်စိတ်တွေ

ခါးသက်နေမိတာက
အိမ်ပြန်ခွင့်မရသေးတဲ့ကိုယ့်ရဲ့ဘဝကို

တမ်းတနေမိတာက
မွေးရပ်မြေမှာ မိသားစုနဲ့အတူတူနေခွင့်လေး

ကြိတ်ပြီးချီးကျူးနေမိတာက
တစ်ယောက်တည်းနေဖို့ ဆုံးဖြတ်ရဲတဲ့ ကိုယ့်ကိုယ်ကို

ကြိတ်ပြီးအထင်သေးနေမိတာက
မနာလိုစိတ်တွေဖုံးနေတဲ့ လူတချို့

ဆန်ဒမရှိတဲ့နေရာ
ကိုယ်အခုရောက်နေတဲ့နေရာ

ဆန်ဒရှိနေတဲ့ကိတ်စ
လာမယ့်မေလထဲ အိမ်ခဏပြန်နိုင်ဖို့

မုန်းတီးနေမိတာက
ရုံးကမိန်းမကြီးတွေ (အော်ဂလီဆန်အောင်မုန်းတယ်)

ချစ်နေတာက
ခေါင်းမှာတပ်တဲ့ ဖဲပြားကလစ်လေးတွေ (တွေ့တိုင်းဝယ်မိနေတယ်)

စိတ်ပျက်နေမိတာက
ခုလက်ရှိအလုပ် (ငြီးငွေ့နေပြီ)

စွဲလမ်းနေမိတာက
ဘာကိုမှစွဲစွဲလန်းလန်းမရှိတတ်တာ ကိုယ့်အကျင့်

လိုအပ်နေတာက
သဝေထိုးငဝဆွဲ ငွေ

ရောက်နေတဲ့နေရာက
မေတ္တာတရားတွေ မိုးခေါင်လွန်းတဲ့ ကျွန်းငယ်လေး

နက်နက်နဲနဲပြန်စဉ်းစားမိတာက
ကိုယ့်ဆုံးဖြတ်ချက်တွေအကြောင်း

နိဂုံးချုပ်လိုက်တော့
ခုထိတော့ တော်ရာမှနေပြီး လုပ်သင့်တယ်ထင်တာတွေလုပ်နေရတုန်းပေါ့

Friday, April 8, 2011

မကြိုက်မကြိုက်


ညညဆို စောစောမအိပ်ချင်ပေမယ့် အစောကြီးအလုပ်ဆင်းရမှာမို့ စောစောဝင်အိပ်ရတာကို မကြိုက်ဘူး..

အိပ်ရေးမဝသေးခင် နှိုးစက်ကြီးမြည်မြည်လာတာကို မကြိုက်ဘူး..

နှာစီးနေတဲ့နေ့ဆို မနက်စောစောခေါင်းမလျှော်ရတာကို မကြိုက်ဘူး..

ရုံးခန်းထဲကိုယ်အရင်ဆုံးရောက်လို့ အဲကွန်းမဖွင့်ရသေးဘဲ ပူအိုက်နေတတ်တဲ့ရုံးခန်းကို အကြိုက်ဘူး..

ကိုယ့်ဂျာကြီးကို မဆိုင်တာတွေခိုင်းပြီး မလုပ်နိုင်ရင် အသလွတ်ဆူတတ်တဲ့ သဌေးကိုလဲ မကြိုက်ဘူး..

ရုံးမှာ ဂျီမေးဖွင့်မရတာ ဖဘဝင်မရတာတွေကို လုံးဝလုံးဝမကြိုက်ဘူး..

ထမင်းစားချိန်ဆို ကန်တင်းအထိ နေပူကြီးထဲလမ်းလျှောက်ရတာမကြိုက်ဘူး..

ရုံးကန်တင်းမှာ CHICKEN RICE ရောင်းတဲ့အင်္ဂါနေ့ဆို ထမင်းစားရတာမကောင်းလို့ မကြိုက်ဘူး..

ရုံးမှာ ကော်ဖီကုန်နေတာကို ဝယ်ဖို့မေ့တတ်တဲ့ ကိုယ့်အကျင့်ကို မကြိုက်ဘူး..

စကားတွေဟိုပြောဒီပြောနဲ့ ကလေးစိတ်မကုန်သေးတဲ့ အတ္တကြီးလွန်းကြတဲ့ ရုံးကမိန်းမကြီးတွေကိုမကြိုက်ဘူး..

တနေကုန်ရုံးမှာထိုင်နေရလို့ ပိုပိုထူလာနေတဲ့ ဗိုက်ခေါက်ကိုလဲ လုံးဝလုံးဝမကြိုက်ဘူး..

ညနေညနေဆို လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေတတ်တဲ့ ကိုယ့်ကိုကိုယ်လဲ မကြိုက်ဘူး..

တယောက်ယောက်နဲ့ စကားပြောချင်နေတဲ့အချိန်မှာ အထူအပါးနားမလည် ကွန်ပျူတာထဲခေါင်းစိုက်နေတတ်တဲ့ သားသားဖေဖေကိုလဲမကြိုက်ဘူး.. (ဟိ.. ကိုယ်လုပ်ရရင်ကောင်းတယ်)

ဆေးခွင့်ယူချင်တိုင်း private clinic သွားယုံနဲ့မရပဲ polyclinic သွားပြီး အကြာကြီးတန်းစီရတာကိုလဲ မကြိုက်ဘူး..

တနင်္ဂနွေနေ့ဆို သားသားဖေဖေ အချိန်ပိုဆင်းရတတ်တာကို မကြိုက်ဘူး..

ရေသွားကူတိုင်း မျက်မှန်ချွတ်ကူရလို့ ကောင်းကောင်းမမြင်ရတဲ့ မျက်စိကိုလဲမကြိုက်ဘူး..

နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ ချွေးတွေမတရားထွက်လာတတ်တာကို လုံးဝမကြိုက်ဘူး..

ခဏခဏကျိုးတတ်တဲ့ လက်သည်းပါးပါးလေးတွေကိုလဲ မကြိုက်ဘူး..

ခေါင်းခဏခဏကိုက်တတ်တာလဲ မကြိုက်ဘူး..

ကီးသိပ်မြင့်မြင့် ဆိုလို့မရတဲ့ ကိုယ့်အသံကိုလဲ မကြိုက်ဘူး..

စိတ်ရူးပေါက်တိုင်း ယောက်ျားကိုအသလွတ်ရန်လုပ်တတ်တဲ့ ကိုယ့်အကျင့်ကို မကြိုက်ဘူး..

Tuesday, March 22, 2011

အချစ်လို့အမည်တွင်သောထိုအရာ

စကားတတ်ကာစအရွယ်တုန်းက ချစ်လားလို့မေးရင် ချစ်တယ်.. ဘယ်လောက်ချစ်လဲဆို များကြီး ဘယ်ကချစ်တာလဲဆို ဗိုက်ဗိုက်ထဲကလို့ ဖြေလေ့ရှိခဲ့တယ်.. အဲဒီအချိန်တုန်းက ချစ်တယ်ဆိုတဲ့စကားလေးနောက်မှာ ဘာအရောင်ဘာအရိပ်မှ ရှိမနေခဲ့လောက်သေး.. နည်းနည်းသိတတ်လာတဲ့အရွယ်ကျတော့ မိဘတွေ ဆွေမျိုးတွေကို ချစ်တယ်ဆိုတဲ့ ချစ်ခြင်းရဲ့နောက်မှာ တွယ်တာခြင်းတွေ လေးစားအားကိုးခြင်းတွေ ရှိနေခဲ့မှာပေါ့.. အဲသလိုချစ်ခြင်းမျိုးက လူတွေပြောတဲ့ ၅၂၈ ချစ်ခြင်း.. အေးမြလှပါတယ်ဆိုတဲ့ ၅၂၈ချစ်ခြင်းကတောင် အကြောင်းအမျိုးမျိုးကြောင့် ကွေကွင်းကြရတဲ့အခါ ပူလောင်ခံစားရစေတာပါပဲ..

သစ်ရွက်လှုပ်တာတောင် ရယ်ချင်တယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားတယ်ဆိုတာမျိုးကျတော့ အချစ်လို့နာမည်တပ်ရင် အချစ်ဆိုတဲ့အရာကို မလေးစားရာများကျနေမလားပဲ.. ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုတွေကြောင့် ပါတ်ဝန်းကျင်ရဲ့ဂရုထားစောင့်ကြည့်မှုကို ခံနေရတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတတ်တဲ့ ကာလမျိုးမှာ ဟိုကောင်လေးက ငါ့ကိုများချစ်နေသလား ဟိုအကိုကြီးရဲ့အကြည့်တွေက မရိုးသားဘူး.. ငါ ဟိုတယောက်ကိုများ ချစ်မိနေပြီလား.. စတာတွေက စိတ်ကစားတာသက်သက်တွေပဲလို့ သတ်မှတ်ထားလိုက်ချင်တယ်..

ကျွန်မအတွက် အချစ်လို့အမည်တွင်သောထိုအရာနဲ့ နဖူးတွေ့ ဒူးတွေ့စတွေ့ရတာက အသက်၁၈နှစ်လောက်မှာပေါ့.. ကျွန်မ လူတယောက်ကို သိပ်ချစ်မိသွားခဲ့တယ်.. သူများတွေအမြင်မှာ ဘာမှထူးခြားမနေတဲ့ သူ့ပုံစံ သူ့အမူအယာတွေက ကျွန်မအတွက်တော့ သိပ်ကိုထူးခြားနေတတ်တာ.. သူဘာလုပ်လုပ် သူဘာပြောပြော အကောင်းပဲမြင်တတ်ခဲ့တာတွေက ကျွန်မသူ့ကိုချစ်နေလို့အပြစ်မမြင်တာပဲဆိုတာ ကျွန်မကိုယ်တိုင်သိလာရတယ်လေ.. သူကတော့ ကျွန်မကိုချစ်မနေခဲ့ဘူး.. ကျွန်မသူ့ကိုချစ်တယ်ဆိုတာတောင် သူမသိခဲ့ဘူး.. ခုထက်ထိလဲ မသိပါဘူး.. ဘာဇာတ်လမ်းမှမဖြစ်ခဲ့တဲ့ ချစ်ခြင်းသက်သက်ပုံပြင်လေးပေါ့.. တနေ့တနေ့ သူ့အကြောင်းကဗျာတွေရေး.. အိပ်မက်ထဲမှာသူနဲ့တွေ့.. သီချင်းဆိုဖြစ်ရင်တောင် တဖက်သတ်အချစ်အကြောင်း ရေးထားတဲ့သီချင်းတွေချည်းပေါ့.. သူလိုအပ်နေမယ်ထင်တာတွေကို သူမသိအောင်ဖြည့်ပေးနေရတာကိုပဲ ကျေကျေနပ်နပ်နဲ့ ကျွန်မပျော်နေခဲ့ဖူးတယ်.. ဘယ်သူမှမသိအောင် ခိုးခိုးကြည့်ရတာကိုက အချစ်ရဲ့အရသာလို့ ကျွန်မထင်ခဲ့ဖူးတာပေါ့.. သူနဲ့စကားပြောနေရရင် သူ့အပြုံးလေးတွေ မြင်နေရရင် ကျွန်မရဲ့နေ့တွေဟာ ပြည့်စုံနေပါပြီလို့ ထင်မိနေတတ်တဲ့အထိကို အချစ်တခုအတွက် ကျွန်မရူးခဲ့ဖူးတယ်လေ.. ခုနေပြန်တွေးကြည့်တော့ သူ့အချစ်ကိုမရခဲ့လို့သာ ကျွန်မသူ့အပေါ်အဲသလောက် ရူးခဲ့တာဖြစ်မယ်လို့.. သူကသာကျွန်မကိုချစ်ခဲ့တယ်ဆိုရင် ကျွန်မရဲ့ရူးသွပ်ခြင်းတွေ အဲသလောက်များခဲ့မယ်မထင်ဘူး.. လူဆိုတာ မရနိုင်တာကိုမှ ပိုပြီးတန်ဖိုးထားတတ်ခဲ့တာမို့လား..

နောက်နှစ်အနည်းငယ်အကြာမှာတော့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နယူတန်သဘောတရားနဲ့ချစ်ခြင်းမျိုးကို ကျွန်မစတွေ့ခဲ့ရတယ်.. နှလုံးသားကို အလိုလိုက်တဲ့အရွယ်လဲမဟုတ်တော့တာမို့ ဦးနှောက်ရဲ့အကူအညီနည်းနည်းပါတဲ့ ချစ်ခြင်းပေါ့.. ငါသူ့ကို တသက်လုံးလက်တွဲနိုင်မှာလားလို့ သေသေချာချာတွေးပြီးတော့မှ သူ့အချစ်ကိုလက်ခံခဲ့တာ.. ကျွန်မက သူ့ရဲ့အချစ်ဦးပါ.. ကျွန်မတို့စချစ်သွားကြတဲ့အချိန်မှာ သူက ၁၈နှစ်ပဲရှိသေးတယ်.. သူ့ထက် ၄နှစ်လောက်ကြီးတဲ့ကျွန်မအတွက် သူက ကလေးတယောက်လိုပဲပေါ့.. ကိုယ်လိုချင်တဲ့ဘက်ကို သိမ်မွေ့တဲ့နည်းတွေနဲ့ ဆွဲယူခဲ့ရခြင်းကိုက ချစ်ခြင်းရဲ့အနုပညာပါပဲ.. သူ့ကိုချစ်တဲ့ချစ်ခြင်းကတော့ မိခင်တယောက်ရဲ့ချစ်ခြင်းမျိုးနဲ့ ခပ်ဆင်ဆင်တူမယ်ထင်တယ်.. သူကလဲ ကျွန်မကို ကျွန်မမိသားစုကို သိပ်တွယ်တာသွားခဲ့တယ်.. စိတ်ဆတ်ဒေါသကြီးတဲ့ကျွန်မအတွက် သူက အချော့ကောင်းတယ်လေ.. ဘယ်သူ့ကြောင့်ပဲ စိတ်တွေဆိုးနေနေ သူချော့တတ်ခဲ့တယ်.. မီးနဲ့ရေလိုမျိုး မီးများရင်ရေကူ ရေများရင်မီးကူလို့ အအေးမပူတဲ့အချစ်ဇာတ်လမ်းပေါ့..

ချစ်သူသက်တမ်း ၆နှစ်အကြာမှာ ကျွန်မတို့လက်ထပ်ဖြစ်ခဲ့တယ်.. နောက်တော့ သံယောဇဉ်ကြိုးအကြီးကြီးတခု ထပ်တိုးလာခဲ့တယ်လေ.. ကျွန်မကိုယ်တိုင် မိဘနေရာရောက်လာတော့ မိခင်တယောက်ရဲ့ သားသမီးအပေါ်ချစ်တဲ့ချစ်ခြင်းကို ပိုပြီးနားလည်လာရတယ်.. ကိုယ့်သားသမီးကို လိုလေသေးမရှိထားချင်တာ.. အကောင်းတကာ့အကောင်းဆုံးတွေပဲ ပေးချင်တာ.. ထူးချွန်ထက်မြတ်စေချင်တာတွေက ချစ်ခြင်းကြောင့်ဖြစ်ရတဲ့ လောဘတွေပေါ့.. လိုချင်သလိုများဖြစ်မလာခဲ့ရင် ဒေါသတွေကထွက်ရဦးမယ်.. စိုးရိမ်ပူပန်ရတာတွေကလဲ များမှများပဲ.. သူလေးအတွက် လိုအပ်သမျှတွေကို စဉ်းစားပြီး လိုက်ဖြည့်ဆည်းပေးနေရတာကိုပဲ ပီတိတွေဖြာနေရတာလေ.. မေမေ့ကိုချစ်တယ်လို့များ ပြောလိုက်ရင် ဘာနဲ့မှမတူတဲ့ကြည်နူးမှုလေးတွေနဲ့ ကျေနပ်ပြုံးပျော်နေတော့တာ.. သားလေးရဲ့အသံလေးက လောကမှာအချိုဆုံး.. သားလေးလောက်ချစ်စရာကောင်းတဲ့ကလေး တခါမှမတွေ့ဖူးဘူးလို့ ထင်နေတာလေ.. မိခင်တယောက်ရဲ့ ချစ်ခြင်းတွေက အဲသလိုပေါ့..

ကဲ.. ကျွန်မပြောချင်တဲ့အချစ်အကြောင်းက ဒီလောက်ပါပဲ.. မမသက်ဝေတဂ်လို့ ရေးပါတယ်.. ဖတ်မိတဲ့သူတွေကိုလဲ ရေးပေးကြဖို့ တိုက်တွန်းချင်ပါတယ်.. အဲ.. ကျွန်မရဲ့အချစ်ဦးက ခုဘယ်ရောက်သွားလဲလို့တော့ မေးနဲ့နော်.. ပြောပြဘူး..း)

Friday, July 9, 2010

၃နဲ့၄ မဟုတ်တဲ့ ၄နဲ့၃


မောင်နဲ့ကျွန်မ အသွင်တူလားမတူလားဆိုတာ ရင်းနှီးသူတွေတိုင်း လွယ်လွယ်ကူကူ သိမြင်နိုင်လောက်အောင်ကို သိသာပါတယ်..

ကဗျာရူး စာရူးကျွန်မနဲ့ ကဗျာတွေကို နားမလည်ပါဘူးဆိုတဲ့မောင်..
အားရင်သီချင်းလေးညည်းနေတတ်တဲ့ကျွန်မနဲ့ ဘယ်သီချင်းကိုမှ စာသားလဲမရ ကီးဝင်အောင်လဲ မဆိုတတ်တဲ့မောင်..
စိတ်ဆတ်အမျက်ထွက်လွယ်တဲ့ကျွန်မနဲ့ စိတ်မဆိုးတတ်တဲ့မောင်..
ပညာရေးနဲ့အလုပ်ခွင်မှာ လောဘတကြီးလုပ်တတ်တဲ့ကျွန်မနဲ့ ရောင့်ရဲတင်းတိမ်တတ်လွန်းတဲ့မောင်..
ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်ပေါ့..

တကယ်တမ်းတွေးကြည့်တော့ တူတာလေးတွေလဲရှိသား..

ကြေးအိုးကို အသေအလဲကြိုက်တာချင်းတူတယ်.. ဒါပေမယ့် မောင်က အသားများများကြိုက်ပြီး ကျွန်မကကလီစာများများကြိုက်တယ်..
မန်ယူကို အားပေးတာချင်းတူတယ်.. ဒါပေမယ့် မောင်က ကျွန်မကြိုက်တဲ့ ရွန်းနီကို မကြိုက်ဘူး..
အအိပ်မက်တာချင်းတူတယ်.. ဒါပေမယ့် ကျွန်မကအအိပ်ဆတ်ပြီး မောင်ကဆင်အော်တာတောင်မနိုးတဲ့သူ..
အဝတ်အစားကို ဂျီးမများတတ်တာချင်းတူတယ်.. ဒါပေမယ့် ကျွန်မက လိုက်ဖက်အောင်တော့ဝတ်ချင်တယ်.. မောင်ကတော့ တကယ်ကိုဖြစ်သလို ၀တ်တတ်တယ်..

ကျွန်မက ခေါင်းမာပြီး အကြောခပ်တင်းတင်းဆိုတော့ မတူတာတွေကို သူနဲ့တူအောင်ညှိလိုက်မယ်လို့ တခါမှမစဉ်းစားဖူးဘူး.. သူ့ကိုပဲ ကိုယ့်ဘက်ပါအောင် စည်းရုံးကြည့်မိတယ်.. အောင်မြင်တယ်ပဲပြောရမလား.. တိုးတက်လာတာတော့အမှန်.. သားသားကို ကဗျာလေးတွေဆိုပြတတ်လာတာမျိုး.. သီချင်းတွေနားထောင်တတ်လာတာမျိုး.. အလုပ်နဲ့ပါတ်သတ်ရင် လောဘကြီးတတ်လာတာမျိုးတွေပေါ့.. ကျွန်မကိုတော့ မှီသေးဘူးပေါ့လေ..

နှစ်ယောက်လုံး ညှိစရာမလိုပဲ တူတဲ့တစ်ချက်ကတော့ ကျွန်မက သားသားနဲ့အတူရှိနေပြီး မောင်ကအပြင်သွားနေရင်ပဲဖြစ်ဖြစ်.. မောင်ကသားသားနဲ့အတူရှိနေပြီး ကျွန်မကအပြင်သွားနေရင်ပဲဖြစ်ဖြစ်.. နာရီဝက်တစ်ခါလောက် အပြင်ရောက်နေသူက ဖုန်းခေါ်ပြီး သားသားဘာလုပ်နေလဲလို့ မေးတတ်ကြတာပါပဲ.. ကျွန်မတို့နှစ်ယောက်လုံး ထပ်တူညီတာကတော့ သားသားကိုချစ်တဲ့အချစ်တွေပေါ့..

အသွင်မတူတဲ့ ကျွန်မတို့နှစ်ယောက်ကို ၄နဲ့၃လို့ တင်စားချင်တယ်.. ဦးတည်ရာတွေမတူပေမယ့် မျက်နှာချင်းဆိုင်ရှိနေကြတာမျိုးပေါ့.. ၃နဲ့၄လို အချင်းချင်းကျောခိုင်းထားကြတာမျိုး မဟုတ်ဘူးနော်.. ဒီလိုပဲညှိညှိနှိုင်းနှိုင်းနဲ့ နှစ်ယောက်သားအချစ်တွေပုံပေးထားတဲ့ သားသားနဲ့အတူတူ ဘဝခရီးကို ပျော်ပျော်ကြီးဆက်လျှောက်နေဆဲပေါ့..

(ရေးချင်လွန်းလို့ မမသက်ဝေကို တဂ်ခိုင်းထားရတဲ့ပို့စ်ပါ.. )

Friday, April 30, 2010

အညာမြေ တမာလမ်းက ရွှေညာသူအလွမ်း

၂၀၀၆ခုနှစ် ဧပြီလ

ပူလောင်ပြင်းရှတဲ့ နွေနံနက်စောစောကြီးမှာ လေအေးစက်တ၀က်တပျက်သာပါတဲ့ ကားကြီးစီးလို့ အညာမြေကိုခရီးထွက်ခဲ့တယ်.. လမ်းမှာကားကပျက်သေးတော့ အညာကိုဝင်တဲ့အချိန်က နေ၀င်ရီတရောပေါ့.. ကျွန်မရဲ့ပထမဆုံး အညာမြေခရီးမို့ မြင်သမျှတွေ့သမျှ အထူးအဆန်းတွေချည်းပါပဲ.. ညနေစောင်းတာတောင် တံလျှပ်တွေထနေဆဲမြေက နေ့လယ်ခင်းဆို ဘယ်လောက်တောင်ပူလိုက်မလဲ.. ကားလမ်းနံဘေးက ကွင်းပြင်ကျယ်တွေထဲမှာ ခြောက်သယောင်းနေတဲ့မြက်ပင်ရှည်ဝါ၀ါတွေ အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ခြောက်ပင်ကြီးတွေက တကယ့်ကိုလွမ်းချင်စရာ..

“နှစ်ပြောင်းလရှည် ကြာခဲ့ပြီမောင်ရေ..
ငယ်ကကျွမ်းလို့လဲ လွမ်းရပါတယ်လေ..
ဒါကြောင့်သာပဲလေ.. မောင်နဲ့နှစ်ယောက်သားတွေ့ရာ..
အညာကတမာလမ်းလေးတွေ..
မောင်ရေမောင်ရေ.. ပြေးကြည့်မိလေတော့..
တမာတွေဆယ်ကြိမ်ဖူး နှစ်ဦးခွဲခွာ
ဆယ်လီနှစ်များ ကြာခဲ့ပြီမောင်ရေ..”

ကားကက်ဆက်ကလွင့်လာတဲ့သီချင်းသံနဲ့ ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းက တကယ့်ကိုအချိန်ကိုက်.. လမ်းတစ်ဖက်တချက်မှာ တမာပင်တွေက အုပ်ဆိုင်းလို့.. လမ်းကိုတောင် ပေါင်းမိုးလေးလို အုပ်မိုးပေးထားလိုက်သေးရဲ့.. ပြတင်းတံခါးကိုဖွင့်မိလိုက်တော့ တမာနံ့သင်းသင်းလေးက တိုးဝင်လာတယ်.. ရင်ထဲကိုအေးသွားတာပဲ.. နွေခေါင်ခေါင်ကြီးထဲမှာမှ ပွင့်တတ်တဲ့တမာပန်းလေးတွေရဲ့အားမာန်ကို လေးစားသွားမိတယ်.. တဆက်တည်းတွေးမိတာက သီချင်းထဲကအညာသူလေးရဲ့ခံစားချက်.. ဆယ်နှစ်ကြာခွဲခွာနေရတဲ့ချစ်သူကို လွမ်းနေလေတဲ့ သူမရဲ့အလွမ်း.. တမာလမ်းမှာတွေ့နေကျမို့ တမာပင်တွေမြင်တိုင်း လွမ်းနေရတော့မယ့် သူမရဲ့ဖြစ်အင်..

“တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ
အညာမြေကိုမေ့လို့လား အညာသူလေးကိုမေ့လို့လား
ကွဲကွဲပြားပြားပြောပါမောင်ရေ..
ရွှေစည်းခုံစေတီအပါးမှာ မောင့်သက်ထားချစ်သက်ဝေ
နံသာပျားထုံ တူစုံယှဉ်လျှက် လှူချင်ပါတယ်လေ..
ဒီဆုချွေထား တောင်းတိုင်းပြည့်စေသားလို့
မြတ်ဘုရားထံ ဆုပန်ဆုပန်ချွေ”

သူမရဲ့ချစ်သူက တမာတောမှာပျော်ပါတယ်တဲ့.. ပျော်တယ်ဆိုပြီးတောင် ဆယ်နှစ်ဆယ်မိုးပြန်မလာခဲ့တဲ့သူက လှည့်စားတတ်တဲ့သူမျိုးလား.. သူမ အညာမိခဲ့လေသလား.. ချစ်သူနဲ့အတူယှဉ်တွဲလို့ ဘုရားမှာပန်းနံသာကပ်လှူချင်လို့ တောင်းထားတဲ့သူမဆုတောင်းလေးရော.. ပြည့်နိုင်ပါ့မလား.. ပြည့်စေချင်ပါရဲ့အညာသူလေးရယ်..

“မောင့်အပေါ်ထားတဲ့မေတ္တာရေ တမာတောမှာရွာသည့်မိုးနှယ်
မေတ္တာမိုးပြေး.. မဟုတ်ပါမောင်ရေ..
အချစ်မိုးအုံ့ပျံ့ အတောမသတ်အောင်ရွာသည့်အလား
မောင့်အသည်းပြင်ဝယ်.. ချစ်မိုးစွေချင်ပါပေ..
မောင်ပြန်လာမယ့်ရက်တွေ ချိုးရေတွက်သော်
တွက်သည့်ရက်များ အခက်သားရှင်ရေ..
မြောက်လေပြေသွေးပြန်တော့ နှင်းပွင့်ကိုစေ..
ရွှေမင်းဝံ ဟိုတောင်ရိုးဆီက သစ္စာထားခဲ့ကြတဲ့ လွမ်းစေတီကိုလေ
ဆောင်းညတိုင်းသတိရနေ..
သဇင်တွေပွင့်ပြီမောင်ရေ.. မောင်ပြန်ချိန်ဖြင့် သင့်ပြီထင်တယ်လေ..”

တမာတောမှာကတော့ မိုးပြေးလေးပဲ ရွာတတ်သတဲ့.. သူမရဲ့မေတ္တာကဖြင့် အုံ့အုံ့မှိုင်းမှိုင်း အတောမသတ်စွေရွာတတ်တဲ့မိုးလိုပါပဲတဲ့လေ.. ချစ်သူပြန်လာမယ့်ရက်ကို လက်ချိုးရေတွက်နေတဲ့သူမကို သနားမိတယ်.. မြောက်လေအေးတွေတိုက်ခတ်တဲ့ ဆောင်းတညထဲ လွမ်းစေတီမှာ သစ္စာထားခဲ့ဖူးတယ်ဆိုရဲ့.. သဇင်တွေတောင်ပွင့်နေပြီမို့ ပြန်လာဖို့ သင့်ပါပြီတဲ့.. အညာသူတွေက တကယ်ပဲအချစ်ကြီးချစ်တတ်သလား.. ဆယ်နှစ်ဆယ်မိုး သစ္စာရှိရှိနဲ့ ချစ်သူကိုလွမ်းနေရတဲ့ သူမရဲ့မေတ္တာက ထုထည်ကြီးမားခိုင်မာလှပါလား.. သစ္စာရှင်မလေးကို သူမချစ်သူနဲ့ မြန်မြန်ပြန်ဆုံစေချင်မိတယ်..

သီချင်းနားထောင်ရင်း ပတ်ဝန်းကျင်ကိုမေ့နေတဲ့ ကျွန်မ.. သတိပြန်ဝင်လာတဲ့အချိန်မှာ တော်တော်တောင်မှောင်နေပြီ.. ကျွန်မစီးလာတဲ့ကားကြီးကလည်း ကျွန်မတို့တည်းခိုမယ့်ဘုန်းကြီးကျောင်းထဲကိုတောင် ချိုးကွေ့ဝင်နေပြီ.. ကျွန်မရဲ့ပထမဆုံးအညာမြေခရီးမှာ ကြုံခဲ့ရတဲ့ အညာမြင်ကွင်းတွေနဲ့ တမာလမ်းသီချင်းလေးကိုတော့ အမြဲအမှတ်ရနေဦးတော့မှာပါပဲ.. ချစ်သူတိုင်း စုံစည်းပေါင်းဖက်နိုင်ကြပါစေလေ...


(မက်မက်ရဲ့ ကံစမ်းမဲနံပါတ် ၂၅ပါ.. အာဘွား ၂သိန်းယူပြီးသွားပါပြီ မက်မက်ရေ..)

Wednesday, November 4, 2009

ချစ်သောကမ္ဘာမြေ

၂၀၁၂ကျရင် ကမ္ဘာကြီးပျက်တော့မယ်ဆိုတဲ့သတင်းကြားတော့ တစ်ခုစဉ်းစားမိတယ်.... ကင်ဆာရောဂါသည်တစ်ယောက်ကို ၆လပဲခံတော့မယ်ဆိုပြီး သက်တမ်းခန့်မှန်းပေးတာမျိုးလိုပါပဲလားလို့... တိုးတက်လာတဲ့ သိပံပညာရဲ့ ဘေးထွက်ဆိုးကျိုးက ကမ္ဘာကြီးကို နာမကျန်းဖြစ်စေတယ်ဆိုတော့ အားလုံးသိပြီးသားပါပဲ... ခုတော့ နာမကျန်းဖြစ်ရုံမကလို့ နောက်ဆုံးအချိန်ကိုရောက်နေပြီတဲ့လား.... လူသားအားလုံးကို သူ့ရင်ခွင်ထဲထည့်ထမ်းထားရတဲ့ မိခင်နဲ့တူသောကမ္ဘာကြီး... သူ.... ပျက်စီးရတော့မယ်တဲ့လား...

၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ ...
ကျွန်မသိပ်ချစ်တဲ့သူတွေ.... ကျွန်မကိုချစ်တဲ့သူတွေနဲ့ အတူတူ... မွေးရပ်မြေမှာ ရှိနေချင်ပါတယ်...

(၂) ဘာတွေခံစားနေရမလဲ ...
အတွေအကြုံသစ်တွေအတွက် ရင်ခုန်နေမယ်ထင်ပါရဲ့...

(၃) ဘာတွေ ပြင်ဆင်ထားမလဲ ...
ပြင်မနေတော့ပါဘူး.... ဖြစ်သမျှအကြောင်းအကောင်းပေါ့

(၄) ဝမ်းနည်းမိမှာက ...
အရင်သွားနှင့်တဲ့ ဖေဖေ့အတွက်.... (နောက်ဆုံးခရီးကို အတူတူသွားချင်တာ)

(၅) ကြောက်လန့်မိတာက ...
ငါမသေပဲကျန်ခဲ့ရင် ဒုက္ခ...

(၆) ဆောင်ထားချင်တာက ...
ဘာမှဆောင်ထားချင်တော့ပါဘူး... အဲ... ရေဘူးတော့ဆောင်ထားရမယ်ထင်ပါရဲ့... လူစုံတက်စုံဆိုတော့ ပွားကြမှာလေ...

(၇) ဘာတွေရေးမိမလဲ ..
ရေးနိုင်မယ်မထင်ဘူး... ခုတောင်ဖြစ်ညှစ်ရေးနေရတာ...

(၈) တွေးမိတွေးရာ အတွေး ...
သြော်... လူဖြစ်ရတဲ့ဒုက္ခ... ကမ္ဘာပျက်မှာတောင်ကြိုသိနေရတယ်လို့နော်...

(၉) ဂုဏ်ယူချင်တာက ...
ကမ္ဘာကြီးရဲ့ နောက်ဆုံးအချိန်ထိ ငါရှင်သန်ခွင့်ရခဲ့တယ်...

(၁၀) ရှာကြံဖြေသိမ့်မိတာက ...
နှစ်၃၀.... တော်လောက်ပါပြီလေ...

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း ...
"ကမ္ဘာထက်မာတဲ့ ငါကွ"

ကိုတင်မင်းထက်ရေ... ရေးပြီးပြီ... ဘာတွေရေးမိမှန်းတော့မသိဘူး... ဥဒါန်းကတော့ ကူးချထားတယ်... သဘောကျလို့... :)