Monday, October 8, 2012

ကိုယ်တို့တတွေရဲ့ အိမ်

အိမ်ဆိုတဲ့စကားလုံးလေးမှာ နွေးထွေးလုံခြုံမှု အေးမြတဲ့မေတ္တာတရား နှောင်ကြိုးတင်းတဲ့ချစ်ခြင်းများစွာ ရောဖွဲ့ပါ၀င်နေတယ်ဆိုရင် ငြင်းချင်သူရှိဦးမလား.. အမိုးရယ် အကာရယ် အခင်းရယ်ရှိယုံနဲ့ နေစရာတော့ဖြစ်ပေမယ့် အိမ်မဖြစ်သေးပါဘူး.. အိမ်ရယ်လို့ ပီပီပြင်ပြင်ဖြစ်ဖို့ ချစ်ခြင်းမေတ္တာတွေလိုတယ်.. အိမ်ပြန်ချင်တယ်ဆိုတဲ့စကားက ကိုယ့်အတွေးထဲမှာ ပဲ့တင်အထပ်ဆုံး.. အိမ်ဆိုတာ ကိုယ့်အတွက်တော့ နှလုံးသားရှိတဲ့အရပ်.. မခမ်းနား မဆန်းပြားပေမယ့် နွေးထွေးမှုတွေအပြည့်နဲ့ ဆွဲဆောင်နိုင်မှုအရှိဆုံးနေရာလေး..

ကိုယ်ဟာကိုယ် အိမ်ပြန်ချင်တာကို ကိုယ့်တိုင်းပြည်တိုးတက်အောင် ကြံဆောင်ဖို့အတွက်တွေ ဘာတွေ ကြီးကြီးကျယ်ကျယ် မတွေးထားပါဘူး.. ဒါပေမယ့် ကိုယ်က ကျေးဇူးတရားကို နားလည်တဲ့သူ.. ကိုယ်ကြီးပြင်းခဲ့တဲ့မြေကို မတိုးတက်စေချင်ဘူးရယ်လို့ ဘယ်ရှိပါ့မလဲ.. ကိုယ့်ဇာတိရန်ကုန်မြို့ကို သန်ရှင်းသပ်ရပ်ပြီး နိုင်ငံတကာစံချိန်မီ မြို့ကြီး ဖြစ်လာစေချင်တယ်.. အထူးသဖြင့် သန့်ရှင်းရေးနဲ့ လမ်းပန်းဆက်သွယ်ရေး.. ယင်တလောင်းလောင်းနဲ့ အမှိုက်ပုံကြီးတွေ.. နံစော်နေတဲ့မြောင်းပုတ်တွေ.. ကွမ်းသွေးတွေ စွန်းပေနေတဲ့ ပလက်ဖောင်းတွေ.. လူစီးဖို့ထုတ်ထားတာမဟုတ်တဲ့ကားတွေနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ.. လမျက်နှာပြင်အလား ထင်မှားရတဲ့ လမ်းမကြီးတွေ.. မရှိစေချင်တော့ဘူး.. ကိုယ်စလုံးကိုရောက်ခါစက သူငယ်ချင်းတစ်ယောက်ပြောဖူးတာလေး သွားသတိရတယ်.. သူညကအိပ်မပျော်ဘူးတဲ့.. ဘာလို့လဲမေးတော့ ရန်ကုန်ပြည်လမ်းကို စလုံးမှာလို အိပ်စ်ပရက်စ်ဝေးလုပ်လိုက်ရင် ဘယ်နေရာတွေမှာ အိပ်စစ်တွေထားရမလဲ တွေးနေတာနဲ့ မိုးကိုလင်းရောတဲ့လေ.. တကယ်ပါ အိမ်နဲ့ဝေးနေကြသူတိုင်းရဲ့ရင်ထဲမှာ ကိုယ့်အိမ်လေးသာယာလှပဖို့ အခါအခွင့်သင့်တိုင်း တွေးနေမိတတ်စမြဲ..

ခု ကိုယ်လုပ်နေတဲ့အလုပ်က လုပ်ငန်းခွင်ဘေးကင်းရေးတွေ သဘာဝဘေးမှကာကွယ်ရေးတွေနဲ့ ဆက်စပ်နေလေတော့ ရနိုင်သမျှအသိပညာတွေကို လောဘတကြီးဆည်းပူနေမိတယ်.. ကိုယ်တို့နိုင်ငံအတွက် လိုအပ်မယ်ဆိုရင် ကိုယ်တတ်သမှ သိသမျှလေးနဲ့ တတ်နိုင်တဲ့နေရာက ပါ၀င်နိုင်ကောင်းရဲ့ဆိုတဲ့အတွေးနဲ့ပေါ့.. လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ်တွေ စီမံချက်တွေ လေ့လာရပြန်တော့လဲ အတူတူပဲ.. တနေ့ကျရင် အသုံးတည့်နိုင်ပါရဲ့လို့ အမြဲတွေးမိတာပါ.. တန်ခိုးရှင်ကြီးတွေလို ဘယ်လိုတော့ဖြင့်ပြောင်းလဲပစ်လိုက်မယ်ရယ်လို့ မတွေးရဲပေမယ့် တတ်နိုင်သလောက်တော့ ပါ၀င်ချင်မိတာအမှန်..

နိုင်ငံတကာလုပ်ငန်းရှင်ကြီးတွေက မြန်မာပြည်မှာ လုပ်ငန်းတွေသွားအခြေစိုက်ဖို့ ပြင်ဆင်နေတာတွေကြားရတော့ တကယ်ကိုအားတက်မိပါရဲ့.. ကိုယ်တို့သားချင်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းလာတော့မယ်မို့လား.. ဆက်သွယ်ရေးအနေနဲ့ ဖုန်းလိုင်းတွေ အလွယ်တကူဝယ်လို့ရလာတာတွေ ဖုန်းနဲ့အင်တာနက်သုံးလို့ရလာတာတွေအတွက် အရမ်းပဲ ၀မ်းသားမိတယ်.. စလုံးမှာတုန်းကတောင် အင်တာနက်မသုံးတဲ့ကိုယ့်မေမေ.. ခုတော့ သူ့ဖုန်းလေးနဲ့ အင်တာနက်သုံး.. ကိုယ့်ဆီကိုမေးလ်တွေပို့နဲ့ ပျော်စရာပဲ ကောင်းသေးတော့တယ်.. ကိုယ့်ပတ်ဝန်းကျင်က တချို့မိတ်ဆွေတွေလဲ အမိမြေကို ပြန်သွားကြပြီး စုဆောင်းထားတဲ့အရင်းအနှီးလေးတွေ နည်းပညာအသစ်တွေနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတွေ ပြန်လုပ်ကြတာ အများကြီးတွေ့ရတယ်.. ကိုယ့်အကျိုးအမြတ်အတွက် အဓိကလုပ်ကြတာပေမယ့် တဖက်တလမ်းကတော့ ကိုယ့်မြေကို အကျိုးပြုတာပဲမို့လား.. အနည်းဆုံးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်းတီးပေးနိုင်မယ်လေ..

ကိုယ်တို့တွေ အိပ်မက်အခါခါမက်ခဲ့ရတဲ့ ကျောင်းတော်ကြီး ပြန်ဖွင့်တော့မယ်ဆိုတော့ ခောတ်ရင်သွေးတွေအတွက် ၀မ်းသာအယ်လဲဖြစ်မိတယ်.. အစဉ်အလာကြီးခဲ့တဲ့ကျောင်းကြီးမှာ အဆင့်မှီသင်ကြားမှုတွေနဲ့ ပြန်လည်စည်ကားလာတော့မှာမို့ ကိုယ်တောင်မှ ဆယ်နှစ်လောက်ပြန်ငယ်လိုက်ချင်သေးတယ်.. ၀င်ခွင့်အမှတ်ကတော့ ဆေးတက္ကသိုလ်ထက်တောင် မြင့်သေးသတဲ့.. ကြည့်စမ်း.. ကိုယ်တို့တတွေအပေါ် သည်ကျောင်းကြီးက အဲသလောက်တောင် လွှမ်းမိုးထားသတဲ့လေ.. အဲသည်ကျောင်းကြီးကို မှတ်မှတ်ရရ ၂ခေါက်ပဲရောက်ဖူးပါတယ်.. ဂျီဟောသူစာအုပ်ထဲက ဇာတ်လိုက်ကျော်ကြီးရဲ့စိတ်ဝင်စားမိတာတော့ အမှန်ပဲ..

ကိုယ်တို့အိမ်လေး လှပသာယာပြီး နေချင်စဖွယ်ဖြစ်ဖို့ဆိုတာ မိသားစုဝင်တွေအားလုံးရဲ့ တာဝန်ပဲမို့လား.. အိမ်ထောင်ဦးစီးကလဲ ညီညွတ်မျှတာစွာ အုပ်ချုပ်တတ်မယ်.. အိမ်ရှင်မကလဲ အိမ်မှုကိစတွေကို နိုင်နင်းမယ်.. သားတွေသမီးတွေကလဲ ကိုယ့်မိဘ ကိုယ့်အိမ်ကို ခင်တွယ်အကျိုးပြုကြပြီး အချင်းချင်းလဲ ညီညွတ်နေကြမယ်ဆိုရင် ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ နေချင်စဖွယ် အိမ်လေးတစ်ဆောင် ဖြစ်ကိုဖြစ်လာရမှာပေါ့.. ကိုယ်တိုလို အိမ်နဲ့အဝေးမှာရောက်နေတဲ့ အိမ်ပြေးတွေကို အမေ့အိမ်က ဘယ်အချိန်ဖြစ်ဖြစ် တံခါးဖွင့်ကြိုနေတယ်ဆိုတာတော့ သိပ်ကို သေချာနေပြီလေ..

Tuesday, September 4, 2012

သင်္ဘောကျင်းနှင့် မိန်းမလှလေးများ


ကိုယ်က သင်္ဘောကျင်းတစ်ခုမှာ အလုပ်လုပ်သူပါ.. အလုပ်သဘောသဘာဝကိုက ယောက်ျားသားများနဲ့ ပိုပြီးသင့်တော်တာမို့ ကိုယ်တို့အလုပ်ထဲမှာ မိန်းကလေးဆိုတာ ရာခိုင်နှုန်းနည်းနည်းပဲရှိတာလေ.. ရှိတဲ့မိန်းကလေးတွေကလဲ အသက်ငယ်ငယ်ဆို အိမ်ထောင်သည်ကလေးအမေတွေ.. အပျိုကြီးဆိုလဲ ၃၀ကိုတော်တော်ကျော် ၄၀၀န်းကျင်တွေမို့ ကိုယ်တို့ကျင်းကယောက်ျားဘသားတွေခမျာ မိန်းမလှငတ်နေကြသူတွေပေါ့.. ကိုယ်က လူ့စွမ်းအားဌာနမှာလုပ်သူမို့ အားလုံးက မကြာခဏ စသလိုနောက်သလိုပြောတတ်ကြတယ်.. လှတပတလေးများကို အလုပ်ခန့်ပါဦးလားတဲ့.. ကိုယ်တို့ဌာနရယ် ငွေစာရင်းဌာနရယ်မှာ လူလိုပြီဆိုရင် မိန်းကလေးတွေလျှောက်ကြတာများတယ်.. အင်တာဗျူးခေါ်ပြီဆို မိန်းမလှလေးတွေလာကြတယ်ပေါ့.. အဲသည်တော့မှ ကျင်းထဲကရော ရုံးထဲကရော မိန်းမလှငတ်နေကြသူ ယောက်ျားဘသားတွေခမျာ မျက်စိအစာကျွေးစရာ ရတယ်ပေါ့လေ..

ကိုယ်တို့အလုပ်ခွင်က လူမနီးသူမနီး အစွန်အဖျားမှာဖြစ်နေတာရော.. ရုံးအဆောက်အဦးရယ်လို့ လှလှပပ သားသားနားနားမရှိတာရော သင်္ဘောကျင်းမို့ အန္တရာယ်များတယ်လို့ ပြောလို့ရတာရော စတာတွေကြောင့် တချို့မိန်းကလေးတွေက အင်တာဗျူးမဖြေခင်ကတည်းက လှည့်ပြန်သွားတတ်ကြသလို တချို့ကြတော့လည်း အလုပ်ခန့်တော့မှ ငြင်းကြတာတွေ အများကြီးပေါ့.. အဲသည်တော့ မိန်းမလှလေးများ အလုပ်ခန့်ရေးစီမံကိန်းက ကိုယ်တို့အတွက် မစ်ရှင်းအင်ပေါ့စစ်ဘဲလ်ဖြစ်နေတာ မဆန်းပါဘူး.. ကိုယ်တို့ဌာနအတွက်တော့ ယောက်ျားလေးတွေပဲ ထပ်ခေါ်ဖြစ်နေတယ်.. လျှောက်တဲ့သူတွေထဲလဲ ယောက်ျားလေးတွေပါတော့ သိပ်ခေါင်းမစားရဘူးပေါ့.. ငွေစာရင်းအတွက်ကျတော့ အလုပ်သဘာဝကိုက မိန်းကလေးတွေနဲ့ ပိုကိုက်တာမို့လား.. မန်နေဂျာကလဲ လူပျိုကြီးမို့ အလုပ်ခေါ်လိုက်တိုင်း မိန်းမလှလေးတွေကိုသာ ရွေးပြီးတော့ အင်တာဗျူးခေါ်ခိုင်းတတ်ပါတယ်.. ခုလဲ ငွေစာရင်းမှာ လူလိုလို့ ခေါ်နေပြန်ပြီလေ..

မြန်မာမိန်းကလေး လှလှလေးတွေလဲ အင်တာဗျူးလာကြတယ်.. သူတို့ကျပြန်တော့ အက်စ်ပါ့စ်လျှောက်ဖို့ လစာ ၂၀၀၀မပေးချင်တာနဲ့ပဲ အဆင်မပြေဘူး.. ပြီးခဲ့တဲ့အပတ်က ဗီယက်နမ်မလှလှလေးတစ်ယောက်ကို အင်တာဗျူးခေါ်ပါတယ်.. သူကတော့ ပီအာမို့ အဆင်ပြေလောက်တယ်ပေါ့.. နေ့ခင်း၂နာရီခေါ်ထားတာ ၃နာရီလဲရောက်မလာ ၄နာရီလဲပေါ်မလာနဲ့မို့ ဖုန်းဆက်လိုက်တော့ သူရောက်ခဲ့ပါတယ်.. အကြောင်းကြောင်းကြောင့် ပြန်သွားတာပါ.. အီးမေးလ်ပို့လိုက်ပါမယ်ဆိုပြီး အောက်ပါအတိုင်း အီးမေးလ်ပို့လာပါတယ်..

I'm sorry for the bad impression today for cancelling the interview without informing you in advance.
In fact, I have come to the place but couldn't find the right gate to your address. It really scared me for the first time coming as I couldn't find anybody like me around. Only just male workers and many people stared at me like an UFO... I was so terrified that I didn't know what to do at that time. I'm so sorry about my un-professional behaviour. I hope you can sympathise with me and please accept my apologise.

ဘယ်လောက်ဆိုးလိုက်တဲ့လူတွေလဲနော်.. အင်တာဗျူးလာတဲ့သူ လန့်ပြေးအောင်တောင် ၀ိုင်းကြည့်လိုက်ကြရတယ်ရယ်လို့..

ခုလည်း မလေးတရုတ်မ လှလှလေးတစ်ယောက် အင်တာဗျူးဖြေဖို့ရောက်နေပြန်ပြီ.. ဖြစ်ချင်တော့ ထမင်းစားချိန်ဆင်းတာနဲ့ကြုံတယ်.. ကျင်းထဲကသူတွေသာမက ရုံးထဲကလူတွေပါ အဲသည်မိန်းကလေးကို မြင်သွားကြတယ်ပေါ့လေ.. အားလုံးကလဲ ကိုယ်တို့ဌာနကို ဖုန်းဆက်ပြီးတမျိုး လူကိုယ်တိုင်လာပြီးတဖုံ ၀ိုင်းပြောနေကြတယ်.. အလုပ်ခန့်ဖြစ်အောင်ခန့်ပါတဲ့လေ.. နေ့တဝက်ခွင့်ယူထားလို့ ပြန်မယ်ပြင်နေပြီး ကိုယ်တို့ကို သူလက်မှတ်ထိုးစရာစာရွက်တွေ ထမင်းစားမဆင်းခင် အတင်းလုပ်ခိုင်းတဲ့ကိုယ့်ဂျာကြီးလဲ ခုတော့ သူမဟုတ်သလိုနဲ့ ဟိုမိန်းကလေးဖောင်ဖြည့်နေတာ မပြီးမချင်း ဟိုယောင်ယောင်သည်ယောင်ယောင်နဲ့ ထိုင်စောင့်နေလေရဲ့.. ကိုယ်က ငါသိနေတယ်နော် ဆိုတဲ့အကြည့်မျိုးနဲ့ စောင်းကြည့်မိတော့ စပ်ဖြီးဖြီးလုပ်ပြနေတယ်..

ဤသည်ကား ကိုယ်တို့သင်္ဘောကျင်းနှင့် မိန်းမလှလေးများဇာတ်လမ်းတည်း..

Thursday, August 30, 2012

ကိုယ်တိုင်ဖြေဖို့


အချစ်ဆိုတာ...

တချို့တချို့တွေအတွက်..
ပန်းသီးတစ်လုံးကို အဆိပ်တွေလောင်းပေးတဲ့
စုန်းမကြီးရဲ့မှော်အတတ်လိုမျိုး..

တချို့တချို့တွေအတွက်..
နှင်းဆီဖြူတွေကို ဇွတ်အတင်းအရောင်ပြောင်းပေးတဲ့
ဘာမှန်းမသိတဲ့ရောင်ခြယ်တွေ..

တချို့တချို့တွေအတွက်..
မီးသွေးခဲကို စိန်ပွင့်တွေအဖြစ်ပြောင်းလဲပေးတဲ့
အပူချိန်နဲ့ဖိအား..

တချို့တချို့တွေအတွက်..
အဖြူရောင်ကင်းဗက်စကို ဆေးရောင်စုံခြယ်သပေးတဲ့
ပန်းချီဆရာရဲ့လက်တွေ..

တချို့တချို့တွေအတွက်..
လိုရာရောက်အောင်လမ်းညွှန်ပေးတဲ့
လမ်းပြကြယ်လေး..

တကယ်တမ်းကိုယ်လိုချင်နေတာက..
အဆိပ်မထည့်ခင်က ပန်းသီး..
အဖြူသက်သက်နှင်းဆီပွင့်တွေ..
စိန်ပွင့်ဖြစ်မသွားခင်ကမီးသွေးခဲ..
ဆေးမစွန်းခင်ကအဖြူရောင်ကင်းဗက်စ..
ကြယ်မလင်းတဲ့မှောင်အတိကောင်းကင်..
ဘာကြောင့်ရယ်မှ ပြောင်းလဲမသွားသေးခင်က ပကတိဆိုတဲ့အရာ..

အဲသည်တော့..
ကိုယ့်အတွက်
အချစ်ဆိုတာ တကယ်ရောလိုအပ်ပါရဲ့လား..

ပွင့်မြူးဇင်
၃၀.၀၈.၂၀၁၂


Friday, August 17, 2012

သားသားအကြောင်း တစေ့တစောင်း

သားသားအကြောင်းကို ဘလော့မှာ မရေးဖြစ်တာကြာပြီ.. သားသားနဲ့အဝေးမှာနေရတာမို့ သူ့အကြောင်းရေးရင် သူလေးကိုလွမ်းပြီး ငိုချင်လာတတ်လို့ မရေးဖြစ်တာပါ.. ကျွန်မနဲ့တွေ့တိုင်း သားသားအကြောင်းရေးဖို့ တတွတ်တွတ်ပြောတတ်တဲ့ ညီမလေးနောင့်ရယ်.. ဆုမြတ်ရယ်.. သားသားအကြောင်းလေးတွေကို သားသားကြီးလာရင် ပြန်ဖတ်ခိုင်းဖို့ မှတ်တမ်းတင်ထားချင်တာရယ်ကြောင့် အားတင်းပြီးရေးလိုက်ပါတယ်..

လာမယ့်ဇန်နဝါရီမှာ လေးနှစ်ပြည့်မယ့်သားသားက သူ့ကိုယ်သူ လူကြီးဖြစ်နေပြီဆိုပဲ.. သူကြီးလာရင် သမ္မတလုပ်မှာလို့ ပြောနေတာတော့ကြာပြီ.. နေပြည်တော်က လွှတ်တော်ကို လိုက်ပို့ပေးခိုင်းနေတာလဲ ခဏခဏပေါ့.. လွှတ်တော်ထဲကလူတွေလဲ ကကြီးခခွေးတွေပဲဆိုနေကြတာပဲကို သားသားလဲဆိုတတ်နေပြီဆိုတော့ လွှတ်တော်တက်လို့ရပြီတဲ့.. လူလေးကဖြင့်လက်တောက်လောက်ရှိသေး ညညဆို သတင်းကြည့်ပြီး လွှတ်တော်ထဲပြောနေဆိုနေတာတွေကို နားထောင်ချင်တာတဲ့.. လွှတ်တော်ထဲမှာ အပိုဒ်ကကြီးတို့ ခခွေးတို့ ပြောနေတာ သူကြားတာကိုး..

တီဗွီကလာတဲ့ ဉာဏ်စမ်းပြိုင်ပွဲအစီအစဉ်တွေဆို သူသိပ်ကြိုက်တယ်.. အဲသည်ဟာတွေထဲက စီစဉ်တင်ဆက်သူ ဖြိုးဇော်လင်းဆိုတာ ခုချိန်မှာတော့သူ့ရဲ့ ရိုးလ်မော်ဒယ်ပေါ့.. တနေ့တနေ့ ဖြိုးဇော်လင်းလုပ်တမ်းကစားနေတယ်တဲ့.. အိမ်ရှိလူကုန်လဲမနေရ သူနဲ့အတူတူဝင်ကစားနေရတာပေါ့.. ကျွန်မဖုန်းဆက်လို့ သားလေးရေ ဖြိုးဇော်လင်းလုပ်ပြပါဦးဆို အားလုံးပဲမင်္ဂလာပါခင်မျာ.. အခုတင်ဆက်မှာကတော့ ဂိုးလ်ဒင်းမိနစ်အစီအစဉ်လေးပါ.. ဒီအစီအစဉ်ကို ပံ့ပိုးကူညီတာကတော့ ဘလာဘလာ.. ရှည်လျားစွာပြောပြတတ်တယ်.. ကျွန်မကိုလဲ မေမေရေ သားသားကို ဖြိုးဇော်လင်းလို ဂျင်းဘောင်းဘီအနက်ရောင်လေး ၀ယ်ပေးပါနော်လို့ ပူဆာတတ်သေး.. ကျွန်မမေမေကိုလဲ သင်ပေးသတဲ့.. ပြိုင်ပွဲမှာ ဆုငွေ၁၀သိန်းရရင်ဘာလုပ်မလဲလို့ သားသားမေးရင် မားမားက ကျွန်မမြေးလေးကို ပေးပါမယ်ရှင်လို့ ဖြေရမယ်တဲ့.. မားမားကမိန်းမမို့လို့ ကျွန်တော်လို့ မပြောရဘူးတဲ့လေ.. မေမေက စကားပြောရင် ကျွန်တော်လို့ပြောတတ်တာကိုး..

သားသားက ဂျီမကျတတ်တဲ့ကလေးမို့ ကျွန်မမေမေ စိတ်မညစ်ရပါဘူး.. သူလိုချင်တာကို စကားချိုချိုလေးနဲ့ပြောပြီး ရအောင်တောင်းတတ်တဲ့ လူပါးလေးပေါ့.. ကျွန်မမွေးနေ့တုန်းက ကျွန်မကမေးတယ် မေမေ့ကို မွေးနေ့လက်ဆောင် ဘာပေးမလဲလို့ဆိုတော့ သူက ကားဝယ်ပေးမတဲ့.. သားသားကြီးလာရင်ဝယ်ပေးမှာတဲ့.. ခုတော့ မေမေက အရင်သားသားကို ၀ယ်ပေးပေါ့တဲ့လေ.. ဘယ်လောက်လည်ထားလဲလို့.. မားမားရေ မုန်လာဥချဉ်ရည်ဟင်းက ဖွားလေးမိုးချက်ရင် စားမကောင်းလို့ မားမားချက်ပေးပါလားဆိုတာကတမျိုး.. ဖွားလေးမိုးရေ သားသားကို ငါးဖယ်ညိုညိုလေးချက်ပေးပါ ဆိုတာကတစ်ဖုံ မျိုးစုံအောင် ခိုင်းစားတတ်ပါတယ်..

သူ့ဖေဖေနဲ့ဖုန်းပြောတော့ ဖေဖေ ဆေးလိပ်တွေမသောက်နဲ့နော် ရောဂါဖြစ်လိမ့်မယ်တဲ့.. နောက်နေ့ထပ်ဆက်တော့ ဖေဖေ ဆေးလိပ်တွေသောက်သေးလား.. မသောက်တော့ဘူးမဟုတ်လား.. သားသားက ဖေဖေ့စကားနားထောင်တယ်.. ဖေဖေလဲ သားသားစကားနားထောင်နော် တဲ့လေ.. အဖေကသား သားကအဖေကိုဖြစ်ရော.. သားသားကဉာဏ်ကောင်းတာ ဖေဖေနဲ့တူလို့ဆိုတာမျိုးလဲ ဖားတတ်သေး.. ချောတာကတော့ မေမေနဲ့တူလို့တဲ့.. ဖေဖေနဲ့တူရင် ဗိုက်ပူကြီးဖြစ်နေမှာပေါ့လို့ သူ့အဖေကွယ်ရာမှာ ကျွန်မကိုပြောတယ်လေ.. သားသားက မိန်းကလေးတွေကိုပဲချစ်တာ မားမားက မိန်းမကြီးဖြစ်နေပြီဆိုပြီး ကျွန်မမေမေကိုလဲ နောက်တတ်သေးတယ်..

သားသားက ကစားစရာဆို ပါဇယ်လ်လေးတွေဆက်တာကြိုက်တယ်.. အခု၆၀လောက်ပါတဲ့ ပါဇယ်လ်လောက်တော့ အေးအေးဆေးဆေးဆက်နိုင်နေပြီ.. နောက်ပြီး အိုးပုတ်တွေနဲ့ ဟင်းချက်တမ်းဆော့တယ်.. ခုခောတ်ကလေးတွေက ကံကောင်းတယ်လေ.. သူ့အိုးပုတ်လေးတွေကလဲ ကစားချင်စရာ.. ဂက်စ်မီးဖို.. မိုက်ခရိုဝေ့ဖ်.. စုံနေရော.. အိုင်ပတ်ကတော့ သားသားအသည်းစွဲ.. သူ့ကိုယ်သူ အိုင်ပတ်နဲ့ရိုက်ထားတဲ့ ပုံတွေလဲ မနည်းဘူး.. အမေတူသားပေါ့.. သနပ်ခါးလိမ်းရတာကိုလဲ သဘောကျနေတယ်ဆိုပဲ.. ရေချိုးပြီးတာနဲ့ သနပ်ခါးလိမ်းခိုင်းတော့တာပဲတဲ့..

အရုပ်တွေထဲမှာ သားသားအသည်းစွဲ ပင်ကီဆိုတဲ့ ၀က်ဝံလေးရှိတယ်.. ငယ်ငယ်ကတည်းက သူဘယ်သွားသွား ခေါ်သွားတယ်.. သက်ရှိတစ်ယောက်လို သဘောထားတာ.. သူက ပင်ကီကို အရုပ်လို့ပြောရင် လုံးဝမကြိုက်ဘူး.. သူ့ညီမလေးတဲ့ ပင်ကီက.. ဟိုတလောက သူ့ပင်ကီလေးကဟောင်းနေလို့ ဆင်တူလေးနောက်တကောင် ၀ယ်ပေးဖို့လိုက်ရှာတော့ ပန်းရောင်လေးမရဘူး.. ညိုဖျော့ဖျော့လေးပဲရတာနဲ့ ၀ယ်ပေးလိုက်တယ်.. သူက အညိုလေးကို ဘရောင်နီလို့ နာမည်ပေးထားတယ်တဲ့.. အပြင်သွားရင် ပင်ကီနဲ့ဘရောင်နီ တယောက်တလှည့်စီခေါ်သွားသတဲ့လေ.. သားသားအတွက် တကယ့်ညီမလေးယူမလားမေးတော့ မယူဘူးတဲ့..

ခုတလော ပြောပြောနေတာတော့ သားသားက လုပ်ချင်တာတွေများနေတယ်တဲ့.. မင်းသားလဲလုပ်ချင်တယ် ဖြိုးဇော်လင်းလဲလုပ်ချင်တယ် ချက်ကြီး (စဖိုမှူး) လဲလုပ်ချင်တယ်.. သမ္မတကတော့ လုပ်ကိုလုပ်မှဖြစ်မှာဆိုပဲ.. ကျွန်မမေမေကတောင်ပြောနေတယ်.. အသက်ရှည်မှဖြစ်မယ်.. သမ္မတအဖွားလုပ်ချင်သေးလို့တဲ့..

Wednesday, August 8, 2012

ကိုယ့်ကမ္ဘာလေးထဲမှာ

ကိုယ်ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင်မှာ ပျော်သလားမပျော်သလားဆိုတာ တကယ်တမ်းတော့ စိတ်ပါပဲ.. စိတ်ထဲမှာ ပျော်တယ်လို့လက်ခံထားလိုက်ရင် အထိုက်အလျောက်တော့ ပျော်သွားတတ်တာပါပဲလေ.. ကိုယ်လား.. ပျော်ပါတယ်.. ပျော်အောင်နေပါတယ်.. လုပ်သင့်တာတွေချည်းပဲ လုပ်နေရတာငြီးငွေ့လာရင် လုပ်ချင်တာကို သင့်မသင့်တွေးမနေပဲ လုပ်ပြစ်လိုက်တယ်.. မှားတော့လဲပျော်ပျော်ကြီးခံစားလိုက်ယုံပေါ့လို့သာတွေးထား.. ရှိပြီးသား ဆင်ခြင်တုံတရားလေးကြောင့် စည်းလွတ်ဝါးလွတ်တော့ ဘာမှဖြစ်မသွားဖူးသေးပါ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ့်ပတ်ဝန်းကျင်မှာ ခုတလော အပြောင်းအလဲသေးသေးလေးတွေတော့ များသား.. အိမ်တစ်အိမ်လုံး ငှားပြီးနေနေရာက သူများအိမ်မှာ အခန်းငှားပြီး သွားနေလိုက်တယ်.. တစ်အိမ်လုံးတာဝန်မယူရတော့တာမို့ အချိန်တွေတောင် ပိုထွက်လာသလိုလို.. ပေါင်းသင်းဆက်ဆံရေး သိပ်မညံ့လှတဲ့ကိုယ့်အတွက် သူများအိမ်ပေမယ့် လူတိုင်းနဲ့အဆင်ပြေပြေပါပဲ.. ကိုယ်က ရွက်ကျပင်ပေါက်လို လူစားမျိုးမို့ ဘယ်မှာနေနေ နေပျော်ပါရဲ့.. သားလေးနဲ့အဝေးမှာပေမယ့် ကိုယ်ပျော်အောင်ကြိုးစားထားပါတယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ့်သားလေးက ကိုယ်နဲ့အကြိုက်တူတယ်.. အရသာခပ်ပြင်းပြင်း ချဉ်ငံစပ်တွေကြိုက်တယ်.. မျှစ်ဟင်းကြိုက်တယ်.. မုန်လာဥချဉ်ရည်ဟင်းကြိုက်တယ်တဲ့.. လေးဖြူသီချင်းတွေကို အသံနေအသံထား ဟန်အမူအယာအပြည့်နဲ့ ဆိုပြတတ်တာ ကိုယ့်သားမှကိုယ့်သားအစစ်.. သူ့အဖေလိုသာဆို ရောင်စုံဘောလုံး တစ်လုံးငါးပြားဆိုတာလောက်ကို ကီးဝင်အောင် မနည်းသင်ပေးရမှာကိုး.. ပြီးတော့ ကိုယ့်သားလေးက ကိုယ့်လိုပဲ စပ်စုတယ်.. သိချင်တာတွေများတယ်.. ကိုယ့်ထက်သာတာကတော့ သူက မှတ်ဉာဏ်သိပ်ကောင်းတာပါပဲ.. လူတစ်ယောက်ကို တစ်ခါသာမြင်ဖူးထား.. ဘယ်လောက်ကြာကြာမှတ်မိတုန်း.. သူတော်တော်ငယ်ငယ်ကလေးတုန်းက အကြောင်းတွေကိုလဲ ခုထက်ထိ ပြန်ပြောပြနိုင်သေးတယ်.. ပြီးတော့ သားလေးက နားဝင်ချိုအောင်သိပ်ပြောတတ်တယ်.. သူလိုချင်တာကို အပြောချိုချိုလေးနဲ့ မရရအောင် တောင်းတတ်တယ်ပေါ့.. မေမေ့မွေးနေ့မှာ ဘာလက်ဆောင်ပေးမလဲမေးတော့ ကားဝယ်ပေးမယ်တဲ့.. ဘယ်တော့လဲဆိုတော့ သားသားကြီးလာရင်တဲ့.. ခုတော့ မေမေကသားသားကို အရင်ဝယ်ပေးတဲ့လေ.. လူလည်လေးပေါ့.. သားသားလို သားလိမ်မာလေးရှိနေမှဖြင့် အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ်ကတော့ စိတ်ထဲမပါရင် ချိုချိုသာသာလဲ မပြောချင်ဘူး.. ခုနှစ်ပိုင်းမှာ ပိုဆိုးလာတယ်.. လူတစ်ယောက်က ကိုယ့်ကို ရင်ထဲကမပါဘဲ လာပြီးချိုသာနေရင်လဲ စိတ်ထဲမှာကို ခိုးလိုးခုလုဖြစ်နေရောပဲ.. အဲသလိုမျိုးတွေကို အရင်ကထက်ပိုပြီး စက်ဆုပ်လာမိသလိုပဲ.. စိတ်မထင်ရင်မထင်သလို စိတ်ထဲရှိတဲ့အတိုင်း ပြောပြောမိနေတတ်တယ်.. ရလဒ်ကတော့ မုန်းသူတွေပိုလာတယ်.. အထူးသဖြင့် အလုပ်ထဲက မိန်းမကြီးတွေ.. သူတို့နဲ့ကိုယ်နဲ့ အရွယ်တူတာလဲမဟုတ်.. အလုပ်အကိုင်အဆင့်အတန်းလဲမတူ.. လာလာပြီး ပြိုင်သလိုလို မနာလိုလို့ ရိသလိုလိုလာလုပ်ရင် တုပ်ထဲ့ပေးလိုက်တယ်.. နားအေးသွားတာတော့အမှန်ပဲ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

အသက်ကလေးက ၃ထိပ်စည်းရောက်လာတော့ အိုလာမှာ ရင့်လာမှာကို မလိုချင်ဘူးဖြစ်လာတယ်.. အရင်က မျက်နှာပြောင်နဲ့အမြဲနေပေမယ့် ခုတော့ ပြင်ပြင်ဆင်ဆင်ဖြစ်လာတယ်.. ဘာမဆို မြန်မြန်လုပ်တတ်လို့သာတော်တော့တယ်.. မနက်မနက် ရေမိုးချိုးပြီး Toner တစ်ထပ်..  Moisturizer တစ်ထပ်.. Foundation Liquid တစ်ထပ်.. Powder တစ်ထပ်.. Eye shadow တွေ.. ပါးနီတွေ.. နှုတ်ခမ်းနီတွေ အပြည့်ပြင်ရတာတောင် နာရီဝက်ထက် ပိုမကြာလို့ ရနာရီခွဲတက်ရတဲ့အလုပ်ကို မိတ်ကပ်အပြည့်နဲ့ ကျော့ကျော့လေး တက်နိုင်သပေါ့လေ.. ညညဆိုလဲ မိတ်ကပ်တွေသေသေချာချာဖျက် Moisturizer လေးလိမ်းပြီးမှ အိပ်တတ်တာ အကျင့်ဖြစ်နေပြီ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

စလုံးမှာနေတာကြာတော့ စလုံးကလူတွေအကျင့် ကူးကူးလာတယ်.. ပိတ်ရက်ကလေးနည်းနည်းရရင် ခရီးသွားချင်တယ်.. လျှော့စျေးနဲ့ရမလားလို့ ချောင်းချောင်းနေတတ်လာပြီ.. ကိုယ့်မွေးနေ့တုန်းကတောင် ဘာတမ်သွားလိုက်သေးတယ်.. စလုံးသူဌေးပိုင်တဲ့ ရီဆော့တ်မှာတည်းတယ်.. စလုံးကို ခပ်ရေးရေးလှမ်းမြင်နိုင်တဲ့နေရာ.. ပင်လယ်ကမ်းဘေးပေမယ့် ကမ်းခြေတော့မရှိဘူး.. သဲသောင်ပြင်မရှိဘူး.. အစားအသောက်တွေကတော့ ကိုယ့်အကြိုက် လေးလေးပင်ပင် အရသာပြင်းပြင်းတွေ.. ရေပြင်ပေါ်က စားသောက်ဆိုင်လေးမှာ ပင်လယ်လေလေးခံစား နေခြည်နုနုနွေးနွေးလေးအောက် ညနေစာစားရတာ ကိုယ့်အကြိုက်.. အုန်းစိမ်းရည်လေးတောင် သောက်လိုက်သေး.. စျေးဝယ်ရတာလဲကောင်းပါ့.. မာဆာ့ချ်ကလဲ ဇိမ်ရှိပါ့.. ၂ရက်နေပြီး မပြန်ချင်ပြန်ချင်နဲ့ ပြန်လာခဲ့ရတယ်.. နောက်တခါကျရင်တော့ သဲသောင်ပေါ်လမ်းလျှောက် ခရုကောက်လို့ရမယ့် ဘင်တန်ကိုသွားမယ်လို့ တေးထားရင်းပေါ့.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

လူတိုင်းကပြောတယ်.. ပိန်သွားတယ်တဲ့.. ကိုယ်လဲ ထူးပြီးတော့ ပိန်အောင်ကြိုးစားတာ မဟုတ်ပါဘူး.. အစားတော့လျှော့မိတာအမှန်.. မနက်စာကိုများများစား.. နေ့လည်စာကိုသင့်ယုံ.. ညနေစာတော့ အပြုတ်လေးလောက်.. ဒါပါပဲ.. ပုံမှန်လေ့ကျင့်ခန်းလေးတောင် မလုပ်ဖြစ်ပါဘူး.. လုပ်မယ်လို့တော့ စဉ်းစားထားတယ်.. တနေ့နေ့ပေါ့.. ချက်ရပြုတ်ရတာလဲ အရင်လောက်စိတ်မပါဘူး.. ဂျီးမများဘဲ ချက်ကျွေးတာကို ကုန်အောင်စားပေးတဲ့သူနဲ့ ရထားလို့သာပဲ.. ချက်လိုက်တိုင်း ပစ်ထည့်ဟင်းတွေဖြစ်လို့.. ထင်ရာတွေပစ်ထည့်ပြီး ချက်နေတာမို့လား.. ဖွယ်ဖွယ်ရာရာ ချက်စားချင်စိတ်လဲ မရှိဘူး.. ခုတော့ ၀ါတွင်းမို့ ကိုယ့်မွေးနေ့ရယ် သူ့မွေးနေ့ရယ်မှာ သက်သက်လွတ်စားနေကြတယ်.. ကြက်ဥက သက်သက်လွတ်ပါတယ်လာပြောနေလို့ ရန်ဖြစ်ရသေး.. ရှင်မစားနိုင်ရင် မစားနဲ့လို့ အော်ထည့်လိုက်တယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ပြည်တော်ပြန်ကြသူတွေသတင်းကြားရရင် ကိုယ်လဲ ပြန်ချင်လိုက်တာကိုရူးလို့.. အခြေအနေအရပ်ရပ်ကြောင့် ခုထိတော့ ပြန်ဖို့လမ်းမမြင်သေးဘူး.. စီစဉ်နေတာ ကျိတ်ကြံနေတာတွေတော့ ရှိသပေါ့.. ကိုယ့်မြေက ကိုယ့်အိမ်မှာသာနေရ ဘာပဲဖြစ်ဖြစ်လုပ်ချင်ပါရဲ့.. စျေးရောင်းရမလား.. ဘာဖြစ်ဖြစ်.. တစ်ခုပဲ.. ကိုယ်ကတစ်ကိုယ်ရည်တစ်ကာယမဟုတ်တော့.. ကိုယ့်မိသားစုရယ်.. ကိုယ့်သားလေးရယ်အတွက် မနေချင်တဲ့အရပ်မှာ ပျော်အောင်နေနေရတယ်ပေါ့.. စလုံးမှာကလဲ တဖြေးဖြေးနေလို့မကောင်းတော့ဘူး.. အထူးသဖြင့် ကိုယ်တို့လိုနိုင်ငံခြားသားတွေ.. မှီခိုတွေကို တင်းကြပ်လိုက်.. နေထိုင်အလုပ်လုပ်ခွင့်စည်းမျဉ်းတွေကို မျိုးစုံပြောင်း.. နေစားရိတ်စားစားရိတ်တွေကလဲ ခေါင်ခိုက်နေရော.. မတတ်နိုင်ဘူးလေ.. ကိုယ့်မြေမှာ ခုဝင်ငွေရဲ့တဝက်လောက်တောင် ရှာနိုင်ဖို့က မလွယ်လှဘူးကိုး.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ခုတလော အလုပ်တွေကလဲ များမှများ.. ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ပေးလာရင်တော့ လုပ်လိုက်တာပါပဲ.. ကြာတော့ အလုပ်ကို ငြီးငွေ့လာတယ်.. တစ်နေရာတည်းမှာ ငါးနှစ်ကျော်လာပြီဆိုတော့လဲ ငြီးငွေ့တာ မဆန်းပါဘူး.. အလုပ်ပြောင်းပါလားဆိုတော့လဲ မပြောင်းချင်.. အခြေခံလစာကသိပ်မကောင်းလှပေမယ့် ဆုကြေးလေး အစုရှယ်ယာလေးနဲ့ပေါင်းလိုက်တော့ မဆိုးဘူးဆိုတာထက်ကို ပိုနေသေးတာမို့လား.. ကိုယ့်အဖြစ်က စားရမှာလဲသဲတရှပ်ရှပ် ပစ်ရမှာလဲအဆီတဝင်းဝင်းဆိုသလို ဖြစ်နေပြီ.. အလုပ်မှာလဲ ငြီးငွေ့မယ့်သာငြီးငွေ့နေတာ.. မန်နေဂျာကလဲ ကိုယ်ပြီးရင်ပြီးတယ်.. ဆူတာပူတာလဲမရှိ.. ငယ်သားတွေကလဲ သင်ရတာ အာပေါက်တာကလွဲလို့ ကိုယ့်အပေါ်ကောင်းကြပါရဲ့.. အဲသည်တော့လဲ.. နေမြဲပေါ့.. ငြီးလွန်းမကငြီးလာမှ ဆေးခွင့်လေးယူပြီး နားပစ်လိုက်.. ကာရာအိုကေလေးဘာလေး သွားဆိုပစ်လိုက်ယုံပဲ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ခုနောက်ပိုင်း ကိုယ့်ကို သံသယတွေက ကြီးစိုးနေတယ်.. ကောင်းတော့မကောင်းမှန်းသိရဲ့.. ဘာကိုပဲဖြစ်ဖြစ် သံသယတဝက်မကနဲ့ ကိုယ့်စိတ်ကိုကိုယ် နှိပ်စက်မိနေတတ်တယ်.. တချို့အကြောင်းအရာတွေကတော့ သံသယဖြစ်လောက်စရာ အထောက်အပံ့တွေ ရှိနေတာကိုး.. သို့ပေမယ့် အရာရာကို သံသယကြီးစွာ ကိုယ်တွယ်နေမိတာတော့ ကိုယ့်ကိုကိုယ် ဘဝင်မကျလှဘူး.. အသေးအဖွဲလေးကအစ သံသယဆိုတာကြီးက ခံခံနေလို့ ချောချောမွေ့မွေ့ကိုမရှိလှဘူး.. တကယ်တော့ ကိုယ်က ဘာကိုမှသံသယမထားလိုသူ.. အစွဲအလမ်းလဲ မကြီးလိုသူ.. ခုတော့ ကိုယ်ဖြစ်ချင်တာနဲ့ ဆန့်ကျင်နေတာက ကိုယ့်ရဲ့စိတ်ပေါ့.. ကိုယ်ရူးနေပြီလား.. ယဉ်ယဉ်လေးထင်တယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

နားလည်မှုဆိုတာကို လူတိုင်းဆီကကိုယ်မလိုချင်ပါဘူး.. ကိုယ်အလေးထားတဲ့လူတွေဆီကတော့ လိုချင်တယ်.. ကိုယ်က သိပ်နားလည်ရခက်တဲ့လူစားမျိုး မဟုတ်ဘူးလို့လဲ ကိုယ့်ကိုကိုယ် ထင်မိရဲ့.. ပြီးတော့ ကိုယ်ချစ်တဲ့သူတွေကိုလဲ ကိုယ်နားလည်ပေးနိုင်ပါတယ်.. ခွင့်လွှတ်တယ်ဆိုတာကတော့ နားလည်ပေးဖို့ထက်ပိုခက်မယ်.. ကိုယ့်အတွက်ကတော့ တတ်နိုင်သမျှ နားလည်ခွင့်လွှတ်ပေးလိုက်ခြင်းက ကိုယ့်ပျော်ရွှင်မှုနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ခံယူထားတာပါ.. ကိုယ့်ကို နားလည်ပေးတတ်တဲ့ ကိုယ်ပြောချင်တာတွေ အမြဲတမ်းသီးခံနားထောင်ပြီး ထပ်တူမျှဝေခံစားပေးတတ်တဲ့ နားတစ်စုံနဲ့ရင်ဘတ်တစ်ခုပိုင်ရှင်တစ်ယောက် ရှိနေသေးတာကိုက ကျေနပ်စရာပါ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ကိုယ့်ကမ္ဘာလေးထဲမှာ ခုထိတော့... အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

Friday, July 27, 2012

ကဗျာ့မြစ်ဖျား

အတိတ်ရဲ့အရိပ်အငွေ့တွေရယ်..
ခံစားချက်တွေရယ်အပြည့်နဲ့နှလုံးသားကို..
အိပ်မက်တွေနဲ့ရံထားရင်း..
အနာဂတ်ဆီလှမ်းနေဆဲမှာ...

ပစ္စုပ္ပန်အမှန်တရားက..
အိပ်မက်တွေကိုတတိတိစားလာလိုက်တာ..
ငါ့နှလုံးသားလဲ..
ခပ်ပါးပါးပဲကျန်တော့တယ်...

နှလုံးသားနံရံပါးတွေက..
ခံစားချက်တွေကိုယိုစိမ့်ခွင့်ပြုလိုက်တော့..
စကားလုံးတွေအဖြစ်..
ခုန်ပေါက်စီးဆင်းစေလိုက်တာ..
ခုတော့...
ကဗျာမြစ်တွေကို ဝေလို့ြာလို့...

ပွင့်မြူးဇင်
၂၇.၀၇.၂၀၁၂



Wednesday, June 20, 2012

စာမေးပွဲများနှင့်ကျွန်မ

ကျွန်မတို့ရှင်သန်ကြီးပြင်းခဲ့တဲ့ သက်တမ်းတလျှောက်လုံး စာမေးပွဲဆိုတဲ့ဝေါဟာရနဲ့ မစိမ်းကြပါဘူး.. သူငယ်တန်းစတက်တယ်ဆိုကတည်းက စာမေးပွဲဆိုတာနဲ့ စတင်ရင်းနှီးရပြီ.. စာမေးပွဲဆိုတာကြီးရဲ့ ဖိစီးမှုကို အနည်းနဲ့အများတော့ ကြုံရပြီလေ.. စာမေးပွဲဖြေရင် အောင်ကိုအောင်ရမယ် ဆိုတဲ့အသိတရားက ကျွန်မစိတ်ထဲဘယ်ကဘယ်လိုစွဲလာလဲဆိုတာ မမှတ်မိပေမယ့် သိတတ်စအရွယ်လေးကတည်းက စာမေးပွဲကျမှာကို ကျွန်မ သိပ်ကြောက်တတ်ခဲ့တယ်..

ကျွန်မဖြတ်သန်းခဲ့တဲ့ကျောင်းသူဘဝတလျှောက် မှတ်မှတ်ရရ စာမေးပွဲတစ်ခါကျဖူးပါတယ်.. ၃တန်းတုန်းကပေါ့.. အဲသည်တုန်းက အကြောင်းကြောင်းကြောင့် ကျောင်းအပ်နောက်ကျပြီး ကျောင်းဖွင့်တာတစ်လကြာမှ ကျွန်မကျောင်းစတက်ရတယ်.. ခုခောတ်လို ကျူရှင်တွေဘာတွေလဲ ခောတ်မစားသေးတော့ နွေရာသီမှာလဲ စာကြိုလုပ်ထားတာမျိုး မရှိဘူးလေ.. ဖြစ်ချင်တော့ ကျွန်မကျောင်းစတက်ပြီး နောက်တနေ့မှာ လပတ်စာမေးပွဲ ဖြေရပါတယ်.. ဘာစာမှ မကူးရသေး မလုပ်ရသေးတဲ့ကျွန်မ မြန်မာစာနဲ့ သင်္ချာကိုတော့ အောင်ရုံလေးဖြေနိုင်ခဲ့ပေမယ့် အင်္ဂလိပ်စာတော့ ၂၈မှတ်ပဲရပြီး ဘုန်းခနဲကျပါတော့တယ်.. အတန်းထဲမှာ စာမေးပွဲကျသူက ကျွန်မတစ်ယောက်တည်း.. ရီပို့ကတ်ရတဲ့နေ့က ကျွန်မမှာငိုလိုက်ရတာ.. မေမေ့ကိုလဲမပြောရဲပဲ တိတ်တိတ်ကလေးနေတာပေါ့.. နောက်တော့လဲ မေမေကသိသွားတာပါပဲ.. နောက်နေ့ကျတော့ မေမေကိုယ်တိုင် ကျောင်းကိုလိုက်ပြီး ဆရာမနဲ့တွေ့၊ ကျွန်မကို သေသေချာချာအပ်တာပေါ့.. ကျွန်မလဲ အဲသည်ကစလို့ အင်္ဂလိပ်စာကို ပိုပြီးဖိကြိုးစားခဲ့တယ်.. အမှတ်တရပါပဲ.. ၃တန်းအတန်းတင်စာမေးပွဲမှာ ကျွန်မ အင်္ဂလိပ်စာအမှတ် ၁၀၀အပြည့်နဲ့ ပထမဆုယူခဲ့ရတယ်.. စိတ်ထဲမှာတော့ သိပ်ကျေနပ်လှတယ်မဟုတ်သေးဘူး.. တနေ့ကျရင် တတန်းလုံးစာမေးပွဲကျခဲ့ရင်တောင် ကျွန်မတော့ အောင်ကိုအောင်ရမယ်လို့ တေးထားတုန်း.. ကျွန်မအတွက်တော့ စာမေးပွဲကျခဲ့ခြင်းက ပိုကြိုးစားဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်ခဲ့တယ်လေ..

ကျွန်မမှာ ငယ်ငယ်လေးကတည်းက အကျင့်တစ်ခုရှိတယ်.. ရောဂါပဲပြောရမလား.. စိတ်စွဲနေတဲ့အရာတွေကို ညညကျရင် အိပ်မက်ယောင်ပြီး ထလုပ်တတ်တာမျိုး.. မနက်ကျရင် စာမေးပွဲဖြေရမယ်ဆို ညဘက်အိပ်နေရင်းက ယောင်ပြီး ခဲတံတွေထချွန်နေတာမျိုး.. စာတွေထကျက်နေတာမျိုးတွေပေါ့.. ပထမတော့ မေမေက ကျွန်မနိုးပြီး ထလုပ်နေတာထင်လို့လေ.. အဲသည်အချိန်ဆို ဘယ်သူစကားသွားပြောပြော ဘာမှပြန်မပြောတာ.. မျက်နှာက တမျိုးကြီးဖြစ်နေတာတွေ မြင်တော့မှ ယောင်နေမှန်းသတိထားမိတာလေ.. မနက်အိပ်ယာနိုးလို့ ကျွန်မကိုပြန်မေးရင် ဘာမှမသိတော့ဘူး.. စာမေးပွဲနဲ့ပတ်သတ်ရင် အဲသလောက်အစွဲကြီးတတ်တဲ့ ကျွန်မကို အိမ်ကလူတွေက စာခြောက်ရုပ်လို့ ခေါ်ကြတယ်လေ..

၁၀တန်းရောက်တဲ့နှစ်မှာတော့ ကျွန်မငယ်ငယ်လေးကတည်းက တေးထားခဲ့တာလေး လက်တွေ့ဖြစ်လာခဲ့တယ်.. ပထမလပတ်စာမေးပွဲမှာ တစ်ကျောင််းလုံး အင်္ဂလိပ်စာကျပြီး ကျွန်မတစ်ယောက်ပဲ အောင်တယ်လေ.. အောင်တာမှ အမှတ်၉၀နဲ့ပေါ့.. ဆရာမက Q&A ၁၀ပုဒ်ကို အမှတ်၁၀၀ဖိုး မေးလိုက်တာကို.. Selected Myanmar Tales ဆိုတဲ့ ပြဌာန်းစာအုပ်ထဲက ပုံပြင်တွေကို မဖတ်ထားတဲ့သူတွေများတော့ အားလုံး ကျကြတာပေါ့.. ပုံပြင်တွေကို ကာတွန်းကားထဲက ဇာတ်ကြောင်းပြောသူလေသံနဲ့ ခဏခဏ အော်အော်ဖတ်နေတတ်တဲ့ ကျွန်မကတော့ မေးခွန်းအားလုံး ဖြေနိုင်ပါတယ်.. ဒါတောင် meet ရဲ့ past tense က met ကို meeted လုပ်မိလို့ ၁၀မှတ်လျော့သွားရသေးတယ်.. ဘာပဲဖြစ်ဖြစ် စာမေးပွဲနဲ့ပတ်သတ်ပြီး ငယ်ငယ်လေးကတည်းကစွဲခဲ့တဲ့ ကိုယ့်ကိုယ်ကိုမကျေနပ်တာလေးတော့ လျော့သွားတာအမှန်ပဲ.. သူများတွေစာမေးပွဲကျတာကို ၀မ်းသာတာမဟုတ်ပါဘူး.. ကိုယ့်ရဲ့အောင်မြင်မှုနဲ့ အတိတ်ကအရိပ်ဆိုးကို ခြေဖျက်လိုက်နိုင်လို့ ကျေနပ်မိတဲ့သဘောလေးပါပဲ..

၁၀တန်းစာမေးပွဲကြီးဖြေတော့ ၀ိဇ္ဇာဘာသာတွဲနေ့က ကျွန်မအတွက် တကယ်ကိုရင်အတုန်ရဆုံးပါပဲ.. ကျက်စာကိုအင်မတန်ပျင်းတဲ့ကျွန်မ စာတွေကို အားလုံးကျက်မထားပဲ ရွေးကျက်ထားတော့ ရင်တုန်ရပြီပေါ့.. မေးခွန်းလဲဖတ်ပြီးရော မျက်လုံးတွေကို ပြာထွက်သွားတာပဲ.. ကျွန်မကျက်ထားတာတွေ မတိုးပါဘူး.. အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ကြိုးစားပြီး ရသလောက်ဖြေရတာပေါ့.. စိတ်ထဲမှာတော့ အတွေးတွေကပေါင်းစုံပဲ.. ကျပြီလို့လဲ တထစ်ချတွက်ထားလိုက်သေးတာ.. အောင်စာရင်းမထွက်မချင်း အိပ်မက်ထဲမှာ စာမေးပွဲတွေ ပြန်ဖြေလိုက်ရတာလဲ ခဏခဏပေါ့.. တစ်ခါမှလဲ ဖြေနိုင်တယ်မရှိပါဘူး.. အောင်စာရင်းထွက်လို့ အောင်တယ်ဆိုမှပဲ သက်ပျင်းရောသက်မရော အကုန်ချနိုင်တော့တာ.. ကျောင်းသားဆိုတာ စာသာမကျက်ချင်ရင်ရှိမယ် စာမေးပွဲတော့ အောင်ချင်ကြတာချည်းမို့လား..

ကျွန်မဘဝမှာ တမင်တကာကျအောင်ဖြေခဲ့တဲ့ စာမေးပွဲတစ်ခုလဲ ရှိခဲ့ဖူးတယ်.. ၁၀တန်းအောင်ပြီးမှ ဖြေရတဲ့ ကွန်ပျူတာတက္ကသိုလ် ၀င်ခွင့်စာမေးပွဲပေါ့.. အဲသည်အချိန်မှာ ကျွန်မက ဂျီတီအိုင်တက်နေပြီ.. မှော်ဘီကျောင်းမှာ ပျော်နေပြီ.. အဲ.. ရည်းစားလဲရနေပြီ.. ၀င်ခွင့်စာမေးပွဲကို ဖေဖေကအတင်းဖြေခိုင်းလို့ သွားဖြေလိုက်ရပေမယ့် မှော်ဘီမှာ ကျောင်းဆက်မတက်ရတော့မှာကို ကျွန်မစိုးရိမ်တော့ မေးသမျှမေးခွန်းတွေကို တလွဲတွေချည်း ဖြေပစ်လိုက်တယ်.. မေးခွန်းက Multiple Choice ဆိုတော့ တလွဲဖြေဖို့ကလဲ သိပ်စဉ်းစားစရာမှမလိုဘဲကိုး.. အမှန်တစ်ခုကလွဲလို့ ကြိုက်တာရွေးသည်ပေါ့.. ဆိုးတယ်နော်.. ဖေဖေတက်စေချင်တဲ့ကျောင်းကို မတက်ချင်ခဲ့ပေမယ့် စိတ်ထဲကတော့ ဖေဖေ့ကိုကတိပေးမိတယ်.. ကျွန်မကိုယ်တိုင် ရွေးချယ်တဲ့ပညာလမ်းမှာ ထိပ်ဆုံးမဟုတ်တောင် အလယ်အလတ်တော့ မကစေရပါဘူးလို့..

ကျောင်းပြီးဘွဲ့ရတဲ့နောက် ကျွန်မဖြေရတာတွေကတော့ အလုပ်ခွင်အင်တာဗျူးတွေပေါ့.. စင်္ကာပူဆိုတဲ့ကျွန်းလေးပေါ်က လူတွေ့အလုပ်ခွင်စာမေးပွဲတွေပါပဲ.. အင်တာဗျူးသွားဖြေရင်း ခွေးလိုက်ဆွဲခံရဖူးတယ်.. မိုးတွေသည်းကြီးမည်းကြီးရွာ မိုးကြိုးတွေပစ်နေတဲ့ ကွင်းပြင်အလည်က ကားမှတ်တိုင်လေးမှာ ကြောက်ကြောက်နဲ့ ငိုခဲ့ဖူးတယ်.. မေးတဲ့သူရဲ့အချိုးကိုမကြိုက်လို့ အင်တာဗျူးဖြေနေရင်းနဲ့ Sorry, I would like to withdraw my application ဆိုပြီး ထပြန်ခဲ့ဖူးတယ်.. အင်တာဗျူးတဲ့သူနဲ့ ဘောလုံးပွဲအကြောင်းတွေထိုင်ပွားပြီး အလုပ်တစ်ခုရခဲ့တယ်လေ.. ဖြစ်ချင်တော့ ကိုယ်ရောသူရောက မန်ယူဖန်တွေမို့ လေပေးကိုဖြောင့်လို့.. ဖြေပြီးပြန်သွားတော့ အလုပ်ရမယ်လို့ကို မထင်တာ.. နောက်နေ့ကျ အလုပ်ခန့်လိုက်ပြီလို့ အကြောင်းကြားတော့ အူကြောင်ကြောင်တောင် ဖြစ်နေရသေး..

အလုပ်ဝင်ပြီးတော့လဲ စာမေးပွဲတွေနဲ့ မကင်းနိုင်သေးပါဘူး.. အလုပ်ကနေလွှတ်တဲ့ သင်တန်းတွေမှာ စာမေးပွဲတွေဖြေနေရတုန်းပဲ.. ကျောင်းသူဘဝက စာမေးပွဲတွေလောက်တော့ ရင်ခုန်စရာမကောင်းတော့ဘူးပေါ့.. တလောက.. ကျွန်မတို့ရုံးမှာ Management System Certification အသစ်တစ်ခုအတွက် ဒါရိုက်တာ၊ မန်နေဂျာတွေနဲ့ရောပြီး သင်တန်းတစ်ခုတက်ရပါတယ်.. မန်နေဂျာအဖိုးကြီးတွေကြားထဲမှာ ပမွှားဆိုလို့ ကျွန်မတစ်ယောက်တည်း.. သင်တန်းပြီးလို့ စာမေးပွဲဖြေရမယ့်နေ့ရောက်လာတော့ သူတို့တွေက ကျွန်မနဲ့စာရင် အများကြီးပိုလို့ ရင်ခုန်နေကြသလိုပဲ.. စာမေးပွဲနဲ့ ဝေးနေတာကြာတဲ့လူကြီးတွေ ငယ်မူငယ်သွေးတွေကြွပြီး တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြ.. ညကဘယ်အချိန်ထိ စာကြည့်ထားတာဆိုပြီး ပြိုင်ကြနဲ့.. ကျွန်မမှာ သူတို့ကိုကြည့်ပြီး ရယ်ချင်လိုက်တာ.. စာမေးပွဲက ကွန်ပျုတာနဲ့ အွန်လိုင်းဖြေပြီး ချက်ချင်းရီဇတ်ထွက်တာဆိုတော့ ပိုလို့တောင်ရင်ခုန်နေကြသေး.. အဖြေတွေကို submit လုပ်ဖို့ ကလစ်မခေါက်ခင် ရင်ခုန်နေတဲ့သူတို့မျက်နှာအမူအယာတွေက မူလတန်းကျောင်းသားလေးတွေ ကျနေတာပဲ.. အောင်တဲ့သူတွေက လက်သီးလက်မောင်းတန်းအောင်ပျော်ကြ ကျတဲ့သူတွေက မှိုင်တွေတွေနဲ့အားမလိုအားမရ ရေရွတ်နေကြတာတွေမြင်ရတော့ သြော်.. စာမေးပွဲဆိုတာ အသက်အရွယ်မရွေး လူတန်းစားမရွေးကို ဖိစီးနိုင်တာပါလားလို့ တွေးမိရတယ်လေ..

ရှေ့ဆက်ပြီးတော့လဲ ကျွန်မတို့ဘဝမှာ စာမေးပွဲဆိုတာတွေ ရှိနေဦးမှာပါပဲ.. တကယ်တမ်းကျတော့ ဘဝဆိုတာကို ကျောင်းကြီးတစ်ခုနဲ့တင်စားရင် ရသမို့လား.. ဘဝကျောင်းကြီးထဲမှာ သင်ခန်းစာတွေအမျိုးမျိုး သင်ယူခဲ့ကြရတယ်.. တချို့သင်ခန်းစာတွေကို ဂုဏ်ထူးထွက်တဲ့အထိ ကျေညက်ခဲ့သလောက် တချို့သင်ခန်းစာတွေကျပြန်တော့ အောင်မှတ်လေးတောင်အနိုင်နိုင်ရယ်.. ဘယ်လိုပဲဖြစ်ဖြစ်လေ.. သည်ဘဝကျောင်းကြီးထဲမှာ ကျင်လည်ခိုကပ်နေရသမျှ ကာလပါတ်လုံးတော့ ကျွန်မတို့တွေ စာမေးပွဲဆိုတာတွေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ထိတွေ့နေရဦးတော့မှာပါပဲ.. အဲသည်တော့ လူတိုင်းလူတိုင်း ကြုံလာမယ့်စာမေးပွဲတိုင်းကို အောင်မြင်စွာကျော်လွှားနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ချင်ပါတယ်ရှင်..

Wednesday, June 6, 2012

၁နှစ်စာအမှတ်တရ နိစ္စဓူဝ

တနင်္လာကနေ စနေအထိ မနက်တိုင်း ရုံးသွားတဲ့အခါ ရုံးကားစီးရမယ့်မှတ်တိုင်ကို ကျွန်မ လမ်းလျှောက်သွားလေ့ရှိတယ်.. ခပ်သွက်သွက်လျှောက်ရင် ၁၀မိနစ် အေးအေးဆေးဆေးလျှောက်ရင်တော့ ၁၅မိနစ်လောက် လျှောက်ရတတ်တယ်လေ.. မနက်ပိုင်းဆို ရနာရီခွဲလောက်မှ သေသေချာချာလင်းတတ်တဲ့ သည်ကျွန်းကလေးမှာ ကျွန်မအိမ်ကထွက်တဲ့အချိန် ၆နာရီခွဲဆို မှောင်နေတုန်း.. လဆုတ်ရက်တွေဆို တိမ်မထူရင် လကလေးကိုတောင် ခပ်ရေးရေးမြင်နေရတတ်တုန်းပေါ့.. ကျွန်မနေတဲ့ရပ်ကွက်က သည်ကျွန်သား ပိုက်ဆံသိပ်မတတ်နိုင်တဲ့သူတွေကို စျေးသက်သက်သာသာနဲ့ ရောင်းပေးထားတဲ့ တိုက်ခန်းမျိုးတွေများတော့ လက်လုပ်လက်စား အလုပ်သမား အခြေခံလူတန်းစားတွေ နေတဲ့နေရာလို့ ပြောရင်ရမလားပဲ.. တခြားရပ်ကွက်တွေ မြို့လယ်နဲ့နီးတဲ့နေရာတွေမှာ အဲသည်အချိန်မျိုးဆို လူသိပ်မစည်လှသေးပေမယ့် ကျွန်မတို့ရပ်ကွက်လေးကတော့ အတော်လေးစည်ကားနေပြီ.. တနေ့တာဘဝအမောတွေကို အားမာန်အပြည့်နဲ့ ရင်ဆိုင်ကြဖို့ အိတ်ကိုယ်စီလွယ် အထုပ်ကိုယ်စီဆွဲလို့ လုပ်ငန်းခွင်ရှိရာကို တရွေ့ရွေ့ တချို့ကလဲ ခပ်သုတ်သုတ် လှမ်းကြပြီ..

ဓာတ်လှေကားထဲမှာ ဆုံနေကျလူတွေကလဲ ဆုံပါများလို့ မျက်မှန်းတန်းမိနေပြီ.. ၁၅ထပ်မှာ ကျွန်မဝင်လိုက််ပြီဆို ကျောင်းဝတ်စုံနဲ့မောင်နှမ၂ယောက် အမြဲလိုလိုပါလာတတ်တယ်.. ၀ကစ်ကစ်ကောင်ငယ်ကလေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျွန်မကိုကြည့်မယ်.. ပြုံးပြီး ဟိုင်းအန်တီလို့ နှုတ်ဆက်မယ်.. ကျွန်မလဲ မင်္ဂလာနံနက်ခင်းပါလို့ ပြန်ပြောမယ်.. အောက်ကိုရောက်ရင် ဘိုင်ဘိုင်.. ကောင်းသောနေ့ဖြစ်ပါစေဆိုပြီး သူတို့က ညာဖက်ကိုထွက် ကျွန်မက ဘယ်ဖက်ကိုထွက်ပြီး လမ်းခွဲကြစမြဲ.. ကားပါ့ခ်ဆီကိုထွက်တဲ့စင်္ကြံလေးမှာ အမြီးပြတ်နေတဲ့ ကြောင်လေကြောင်လွင့်ကြီး ၃ကောင်အမြဲရှိတယ်.. အဝါတစ်ကောင် အဖြူတစ်ကောင် အဝါနဲ့အနက်ကျားကြီးက တစ်ကောင်.. ကျွန်မနည်းနည်းနောက်ကျတဲ့နေ့ဆို သူတို့၃ကောင်ကို အစာလာကျွေးတဲ့ အန်တီကြီးတယောက်နဲ့ပါဆုံမယ်.. ပါးစပ်ကနေ စကားတွေတတွတ်တွတ်ပြောရင်း ကြောင်ကြီးတွေကို အစာကျွေးနေတတ်တယ်.. ကျွန်မနားမလည်ပေမယ့် ကြောင်ကြီးတွေကတော့ နားလည်မလားပဲ.. သည်ကျွန်းလေးမှာ ခွေးလေခွေးလွင့်ရယ်လို့ လမ်းဘေးမှာမတွေ့ဖူးပေမယ့် ကြောင်လေကြောင်လွင့်တွေကတော့ အများကြီး.. အားလုံးလိုလိုကလဲ အမြီးပြတ်ကြီးတွေ.. ဘာလို့ရယ်တော့ ကျွန်မလဲ သေချာမသိပါဘူး.. သူတို့ကိုမြင်တိုင်း ငယ်ငယ်ကဆိုနေကျ ကြောင်ပါးကြီးရယ်မြီးတံတို ဆိုတဲ့ကဗျာအတိုအစကလေးက ခေါင်းထဲရောက်ရောက်လာတတ်တယ်..

ကားပါ့ခ်ထဲမှာ ကားတွေပြည့်နေတုန်း.. ကားပါ့ခ်ဘေးနား လူသွားလမ်းလေးမှာတော့ မနက်စောစော လေ့ကျင့်ခန်းလုပ်တတ်သူတွေပြည့်လို့.. ခပ်ပြေပြေကုန်းလျှောလေးကို တက်လိုက်ရင် စျေးကြီးကိုလှမ်းမြင်ရမယ်.. စားသောက်တန်းမှာတော့ လူတွေစည်နေပြီ.. ပေါက်စီတွေ ဒင်ဆမ်းတွေရောင်းတဲ့ဆိုင်က အငွေ့တွေထောင်းထောင်းထနေတတ်တယ်.. တခြားဆိုင်ခန်းတွေကတော့ ပိတ်ထားတုန်း.. ၁၀နာရီလောက်မှ ဖွင့်တတ်ကြတာလေ.. စျေးကြီးထဲမှာ ခရီးသွားလုပ်ငန်းရုံးခန်း ၂ခုတောင်ရှိတာမို့ စျေးရှေ့ကလမ်းမပေါ်မှာ အဝေးပြေးကားကြီးတွေ အမြဲတမ်းပြည့်နေတတ်တယ်.. သောကြာ၊ စနေလိုနေ့မျိုးဆို ပိုများပေါ့.. မလေးရှားကိုသွားကြမယ့်သူတွေ အထုပ်အပိုးတွေကိုယ်စီဆွဲလို့ ဥဒဟိုသွားလာနေကြတာ တွေ့ရမယ်.. စျေးနဲ့မျက်မျက်စောင်းထိုးက မြန်မာစားသောက်ဆိုင်လေးရှိတဲ့ ကိုပီတီယမ်စားသောက်တန်းကတော့ ညနက်တဲ့အထိ အလုပ်တွေများထားလို့ ငိုက်မြည်းလို့ကောင်းနေဆဲ..

ကားတွေရှုပ်နေတတ်တဲ့ စျေးရှေ့လမ်းမကို ကူးလိုက်ပြီးရင်တော့ လူနည်းနည်းရှင်းသွားပြီ.. လေ့ကျင့်ခန်းလုပ်ဖို့ စက်ကိရိယာတွေရှိတဲ့ကွင်းလေးမှာ ကစားနေသူ ၂ယောက်၃ယောက်လောက်ရှိတတ်တယ်.. သူ့ဘေးက ရဲစခန်းငယ်လေးကတော့ တံခါးတွေပိတ်ရက်သား.. ၂၂ထပ်ရှိတဲ့ တိုက်တန်းကြီးကိုဖြတ်လျှောက်ရင်း လစ်ဖ်လော်ဘီကိုရောက်ရင် စောစောစီးစီး အမှိုက်ပုံးကိုဖွလို့ အအေးသံဖြူဗူးလေးတွေ ရှာဖွေနေတတ်တဲ့ အဖိုးတစ်ယောက်ကိုတွေ့ရမယ်.. သူဘေးမှာတော့ သူ့လက်စွဲတော် တွန်းလှည်းခြင်းဟောင်းလောင်းကလေး.. တခါတလေလဲ ကတ်ထူတွေအပြည့်နဲ့.. တခေါင်းလုံးဖြူဖွေးနေပြီး အကြောပြိုင်းပြိုင်းထနေတဲ့လက်တွေနဲ့ ညှပ်ကလေးကိုင်လို့ အမှိုက်ပုံးဖွနေတဲ့အဖိုးကို မြင်ရတိုင်း ကျွန်မရင်ထဲ တမျိုးကြီးဖြစ်ဖြစ်သွားတတ်တယ်..

ဆက်လျှောက်ခဲ့ရင် နေ့တိုင်း နာရီနှိုးစက်သံတွေ ကျယ်လောင်ဆူညံနေတတ်တဲ့ အခန်းနံပါတ် ၁၅၇ရှေ့ကနေ ဖြတ်ရမယ်.. အိပ်ပုတ်ကြီးတဲ့သူတွေနေတဲ့အိမ်ထင်ပါရဲ့.. နှိုးစက်သံက ၃၊ ၄မျိုးတောင် တပြိုင်တည်းမြည်နေတတ်တာမို့လား.. တိုက်တန်းကြီးအောက်ကထွက်ရင်တော့ ကံ့ကော်နဲ့ခပ်ဆင်ဆင်တူတဲ့ အပင်လေးတွေ ဘယ်ညာရံနေတဲ့ လူလျှောက်ကွန်ကရစ်လမ်းလေးဆီရောက်မယ်.. အပင်လေးတွေမှာ အရွက်ကရောင်စုံ.. ပုရစ်ဖူးလေးတွေက ဖက်ဖူးစိမ်း.. ရွက်နုတွေကတော့ နီသလိုလို ညိုသလိုလို.. ရင့်လာတော့ စိမ်းစိုလို့.. ကျွန်မသိပ်ကြိုက်တဲ့အပင်တွေ.. လမ်းနံဘေးညာဖက်က ဘာဘီကျူးပစ်တ်လေးမှာတော့ တခါတလေ ဆယ်ကျော်သက်လေးတွေ အုပ်စုဖွဲ့ထိုင်နေကြတတ်တယ်.. တစ်ညလုံး လည်ပတ်သောင်းကျန်းထားကြတဲ့ အိပ်ချင်မူးတူးပုံစံလေးတွေနဲ့.. ဘယ်ဘက်မှာက ဇရပ်လိုလိုအမိုးသာရှိပြီး အကာမရှိတဲ့ရုံကြီး.. တရုတ်လူမျိုးတွေက အသုဘအခမ်းအနားလုပ်ပြီး မလေးလူမျိုးတွေ မင်္ဂလာဆောင်ပွဲ လုပ်တတ်တဲ့ခန်းမနေရာကြီးပေါ့..

လမ်းကလေးဆုံးလို့ လှေကား၇ထစ်ဆင်းလိုက်ရင် ကော်ပိုရေးရှင်းလမ်းပေါ်ရောက်ပြီ.. လူကူးအချက်ပြမီးစိမ်းအောင်စောင့် လမ်းကူးပြီးရှေ့နည်းနည်းဆက်လျှောက်ရင်တော့ ကျွန်မ ရုံးကားစီးရမယ့်မှတ်တိုင်ရောက်ပြီပေါ့.. နောက်ကျမှာသိပ်ကြောက်တတ်တဲ့ကျွန်မက အမြဲတမ်း ကားမှတ်တိုင်ကို စောစောပဲကြိုရောက်နေတတ်တယ်.. နေ့တိုင်း ကားမှတ်တိုင်မှာ ဆုံနေကျလူတွေကလဲ အားလုံးတူတူပဲ.. စက်ရုံတစ်ခုက အလုပ်သမလေးတွေရယ်.. ဆောက်လုပ်ရေးလုပ်ငန်းခွင်က လုပ်သားကြီး၂ယောက်ရယ်.. ကိုယ်ပိုင်ကားလေးတစ်စီးနဲ့လာကြိုတာကို နေ့တိုင်းစောင့်နေတတ်ကြသူ ဘယ်သွားမှန်းမသိတဲ့ အဖိုးအဖွားစုံတွဲတစ်တွဲရယ်.. စက်ရုံကြိုပို့ကားကြီးက အရင်လာမယ်.. ပြီးရင် ဆောက်လုပ်ရေးလုပ်ငန်းက လော်ရီလာမယ်.. ပြီးရင်တော့ အဖိုးအဖွားတို့ မျှော်နေတဲ့ ငွေမှင်ရောင်ကားကလေးလာမယ်.. ကျွန်မတို့ရုံးကားကတော့ နောက်ဆုံးပေါ့..

ရုံးကပြန်တဲ့လမ်းကျပြန်တော့ အလာတုန်းကနဲ့ မတူပြန်ဘူး.. ကားပေါ်ကဆင်းပြီးရင် ၁၅မိနစ်လောက် လျှောက်ရတာခြင်း တူပေမယ့် လျှောက်ရတဲလမ်းက နည်းနည်းကွာတယ်.. မဆလာနဲ့သင်းနေတတ်တဲ့ တိုက်တန်းကလေးကိုဖြတ်တိုင်း ကျွန်မဗိုက်ထဲက တကျုတ်ကျုတ်မြည်အောင် ဆာလာတတ်တယ်.. တိုက်တန်းလေးဆုံးလို့ လမ်းကူးလိုက်ရင်တော့ တုံးခေါက်သံတတုံတုံထွက်နေတတ်တဲ့ ဘုံကျောင်းလေးဆီရောက်ပြီ.. ဆက်လျှောက်ရင် ကားကြီးကွင်းတစ်ခုကိုဖြတ် ပြီးရင်တော့ စျေးကြီးကိုရောက်ပြီ.. မနက်ကပိတ်ထားဆဲဆိုင်တွေက ညနေဆို စျေးသည်စျေးဝယ်တွေနဲ့ ဆူညံစည်ကားလို့နေပြီ.. စျေးထဲကဖြတ်ရင်း ဟိုငေးဒီငေးနဲ့ ၀ယ်စရာရှိတော့လဲဝယ်ပေါ့.. စားသောက်တန်းကိုဖြတ်ထွက်လိုက်ရင် ကျွန်မတို့ဘလောက်ကြီးကို လှမ်းမြင်ရပါပြီ.. ၃မိနစ်လောက်ဆက်လျှောက်ရင် တိုက်အောက်ရောက်ပြီ.. စကြံင်္မှာ မနက်ကကြောင်ကြီးတွေ ရှိမနေဘူး.. မနက်ပိုင်းတော့ အစာကျွေးမယ့်အဖွားကို လာစောင့်ကြတာထင်ရဲ့.. ၁၅ထပ်ကိုတက်.. သော့ပိတ်ထားတဲ့တံခါး၂ထပ်ကိုဖွင့်ပြီးရင်တော့ အိမ်လို့အမည်ရတဲ့ (ကျွန်မစိတ်ထဲမှာ အိမ်လို့ဇွတ်လက်ခံထားရတဲ့) ဂေဟာကလေးဆီရောက်ပါပြီ.. တနေကုန် တံခါးတွေအလုံပိတ်ထားလို့ လှောင်အိုက်အိုက် အနံ့တမျိုးစွဲနေတဲ့အငွေ့အသက်နဲ့ အခန်းလေးထဲဝင်ပြီး အိတ်ကိုချ မွေ့ယာပေါ်လှဲချလိုက်တိုင်း ဖြူညစ်ညစ်မျက်နှာကြက်က ကျွန်မကို ငုံ့ကြည့်နေတတ်တယ်.. ၁နှစ်တိတိ သည်ပုံစံအတိုင်း ကျွန်မ ဖြတ်သန်းခဲ့ပြီးပြီ..

သည်ရပ်ကွက် သည်လမ်းကလေးက သည်လူတွေနဲ့ ကျွန်မရင်းနှီးနေပြီဆိုခါမှ ကျွန်ကလေးပေါ်က နိုင်ငံခြားသားတို့ရဲ့ ထုံးစံအတိုင်း အိမ်ပြောင်းရပြန်ပြီ.. နောက်တစ်နေရာက နောက်ထပ်လူတွေနဲ့ ထပ်ပြီးတွေ့ကြုံရဦးမယ်.. ဘဝဆိုတာ အဲသလိုပါပဲလေ.. တွေ့ကြုံဆုံကွဲပေါ့.. နှစ် ၃၀လုံးလုံး တွေ့ဆုံခဲ့သူတွေ ကွေကွင်းခဲ့သူတွေ နည်းမှမနည်းခဲ့ပဲ.. သိပ်ရင်းနှီးဖူးလို့ အမြဲအမှတ်ရနေတဲ့သူတွေရှိတယ်.. မရင်းတရင်းမို့ တိုက်ဆိုင်မှသတိရမိသူတွေရှိမယ်.. လုံးလုံးလျားလျား မေ့သွားသူတွေလဲ မနည်းမနောပေါ့.. ဘာပဲပြောပြော ၁နှစ်တိတိ နေ့စဉ်လိုလို ကြုံခဲ့ဖူးသူတွေရယ် လျှောက်ခဲ့ဖူးတဲ့သည်လမ်းလေးရယ်ကိုတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကျွန်မ အမှတ်ရနေဦးမှာပါပဲ..

Thursday, March 29, 2012

သားသားကိုပြောပြချင်တဲ့ အိပ်ယာဝင်ပုံပြင်လေးတွေ (၁)

ကျွန်မတို့ငယ်ငယ်တုန်းက အိပ်ယာဝင်ပုံပြင်လေးတွေနဲ့ ရင်းနှီးခွင့်ရခဲ့တာ ကျွန်မတို့ရဲ့ ပါပါကြီး (အဖိုး)နဲ့ ဘောင်ဘောင်ကြီး (အဖွား) တို့ကြောင့်ပါ.. တီဗွီတွေ ဗွီဒီယိုတွေ တွင်တွင်ကျယ်ကျယ်မရှိသေးတဲ့ ကျွန်မတို့ခေတ်တုန်းက အိပ်ယာဝင်ပုံပြင်လေးတွေနဲ့သာ အပျင်းပြေစေရတာပေါ့.. ခု သားသားတို့ခေတ်မတော့ အီလက်ထရောနစ်တွေထွန်းကားလို့ ကြည့်စရာ ဆော့စရာတွေက များမှများမို့လား.. ဘယ်လိုပဲတိုးတက်တဲ့ခေတ်ကြီးလိုဆိုဆို သားသားကိုတော့ အိပ်ယာဝင်ပုံပြင်လေးတွေနဲ့ ရင်းနှီးစေချင်မိတယ်.. သားသားက ရန်ကုန်မှာဆိုတော့ ကိုယ်တိုင်ပြောပြခွင့် မရှိဘူးပေါ့.. ကျွန်မမေမေကိုပဲ ပုံပြောခိုင်းထားရတယ်.. ကျွန်မရင်ထဲမှာတော့ သားသားကိုပြောပြချင်တဲ့ပုံပြင်လေးတွေမှ အများကြီး.. ပြောလိုမှမရတော့ ပြောချင်ရာပြောခွင့်ရှိတဲ့နေရာမှာပဲ ရေးလိုက်တော့မယ်.. စီးရီးလိုက်ကိုရေးမှာနော်.. ဆားချက်တယ်လို့တော့ မထင်စေချင်ဘူး.. ရေးချင်လွန်းလို့ကို ရေးတယ်မှတ်ပါတော့..


ဟိုးရှေးရှေးတုန်းကပေါ့ကွယ် မြင်းကြီးတစ်ကောင်နဲ့ ခရုလေးတစ်ကောင်တို့ဟာ လမ်းတနေရာမှ ဆုံမိကြပါသတဲ့.. အပြေးမြန်တဲ့မြင်းကြီးက အလွန်နှေးတဲ့ခရုလေးကို အထင်သေးတဲ့မျက်လုံးတွေနဲ့ စောင်းငဲ့ကြည့်ပြီး..

"ဟေ့မောင်ခရု.. အပြေးမြန်သူတွေလာရင် မင်းတို့လိုကောင်တွေက လမ်းဖယ်ပေးရမယ်ဆိုတာ နားမလည်ဘူးလားကွ.." လို့ ခပ်ဆတ်ဆတ်လေးပြောလိုက်တယ်..

ခရုလေးလဲ အနှိမ်ခံရတာကို မခံချင်ဖြစ်သွားတာပေါ့.. "ဒီမှာ ဦးမြင်းကြီးရဲ့.. ကျုပ်တို့ခရုတွေဆိုတာက ပြိုင်ပွဲလေးဘာလေးရှိမှသာ မြန်မြန်ပြေးချင်ကြတာဗျ.. အလကားနေရင်း လျှောက်ပြေးပြီး အမောခံကြတာမဟုတ်ဘူး.." လို့ ခပ်ကြွားကြွားလေးပြန်ပြောသတဲ့..

မြင်းကြီးက "ဟားဟားဟား.. ဟုတ်မှလဲလုပ်ပါမောင်ခရုရယ်.. မင်းတို့မြန်မြန်ပြေးတယ်ဆိုတာလောက်များ ငါလမ်းလျှောက်သလောက်တောင် မြန်မယ်မထင်ပါဘူး.. အကြောင်းသိတွေချင်းများ လာကြွားမနေစမ်းပါနဲ့" လို့ လှောင်ရယ်ရင်းပြောလိုက်တယ်..

ခရုလေးက "ကြွားတာမဟုတ်ရပေါင်ဗျာ.. ခင်ဗျားမယုံရင် ကျုပ်နဲ့အပြေးပြိုင်မလား" လို့ စိန်ခေါ်လိုက်တော့တယ်..

မြင်းကြီးက "မင်းနဲ့ပြိုင်ရမှာများ အချိန်မရွေး နေရာမရွေးပေါင်မောင်ခရုရယ်.. ကဲ.. ဘယ်တော့ပြိုင်မလဲပြော.. " လို့ဆိုတော့.. နောက်သုံးရက်နေရင် အပြေးပြိုင်ကြမယ်လို့ ချိန်းလိုက်ကြသတဲ့..

သားသားသိတယ်မို့လား.. ခရုဆိုတာ အင်မတန်နှေးတဲ့အကောင်လေးဆိုတာ.. မြင်းကြီးကိုနိုင်ဖို့ဘယ်ဖြစ်နိုင်မလဲ.. အဲဒီတော့ ခရုလေးလဲ ဉာဏ်များရတော့တာပေါ့.. သူရဲ့သူငယ်ချင်းတွေအားလုံးကို ခေါ်ပြီး ပြောသတဲ့..

"သူငယ်ချင်းတို့ရေ.. မင်းတို့ငါတို့တွေ တနေ့တနေ့ တရွေ့ရွေ့နဲ့သွားနေရတာ အရောက်နှေးသလောက် ညောင်းလှနာလှသကွာ.. ငါကြားဖူးတာတစ်ခုရှိတယ်.. မြင်းရဲ့အသားကိုစားရလို့ရှိရင် ညောင်းညာကိုက်ခဲတာတွေ ပျောက်တယ်တဲ့ကွ.. ဘယ်လိုလဲ မင်းတို့ မြင်းသားမစားချင်ကြဘူးလား.. "

သူငယ်ချင်းခရုတတွေလဲ "စားချင်တာပေါ့ကွာ" လို့ တညီတညာတည်း ပြန်ဖြေကြတာပေါ့..

အဲဒီတော့ ခရုအလည်ကောင်လေးက ပြောတယ်.. "မင်းတို့မြင်းသားစားရဖို့ ငါကြံထားတာရှိတယ်.. ငါပြောသလိုသာလိုက်လုပ်ကြ" ဆိုပြီး.. အပြေးပြိုင်ဖို့ မိုင်ပေါင်းများစွာရှည်တဲ့လမ်းကြီးကို ရွေးလိုက်သတဲ့.. သူ့သူငယ်ချင်းခရုလေးတွေကို တစ်ဖာလုံမှာ တစ်ကောင်ကျစီ နေရာယူထားဖို့နဲ့ မြင်းကြီးအနားရောက်လာပြီး မောင်ခရုရေလို့ခေါ်ရင် ရှိပါတယ်လို့အော်ကြဖို့ သင်ပေးလိုက်တယ်.. အလွန်နှေးတဲ့ခရုလေးတွေလဲ တရွေ့ရွေ့နဲ့ ခရီးနှင်လိုက်ကြတာ ၃ရက်မြောက်တဲ့နေ့မတိုင်ခင်လေးမှာပဲ လမ်းရှည်ကြီးတလျှောက် အဆင်သင့်ဖြစ်နေကြတော့တယ်..

ပြိုင်ပွဲနေ့မနက်လဲရောက်ရော ချိန်းထားတဲ့နေရာကို မြင်းကြီးရောက်လာတာပေါ့.. ခရုလေးက ပြိုင်ပွဲစည်းကမ်းတွေကို ပြောပြသတဲ့..

"ကဲဦးမြင်းကြီးရေ.. ကျုပ်တို့ အပြေးပြိုင်ကြမယ်.. စည်းကမ်းကတော့ ရှင်းပါတယ်ဗျာ.. ၂ယောက်တူတူပြေးနေကြရင်း ပြတ်ကျန်ခဲ့တဲ့သူက ရှုံးစတမ်းပေါ့.. အဲဒီတော့ တစ်ဖာလုံပြေးပြီးတိုင်း ခင်ဗျားက မောင်ခရုရေလို့သာခေါ်လိုက်.. ကျုပ်က ရှိပါတယ်လို့ပြန်ပြောမယ်.. မပြောနိုင်ရင် ကျုပ်ရှုံးတယ်ပေါ့ဗျာ.. "

မြင်းကြီးလဲသဘောတူပြီး အပြေးပြိုင်ကြတာပေါ့.. တစ်ဖာလုံပြေးပြီးတိုင်း မြင်းကြီးက "မောင်ခရုရေ" လို့ခေါ်ရင် ကြိုပြီးနေရာယူထားတဲ့ခရုလေးက "ရှိပါတယ်" လို့ အော်တော့တာပေါ့.. မြင်းကြီးက တအံ့တသြနဲ့ ခရုလေးမမှီအောင် အမြန်ဆုံးပြေးရင်း ခရီးကလဲဝေးလွန်းတော့ အမောဆို့ပြီး လဲကျသေဆုံးသွားတော့သတဲ့ကွယ်.. အဲဒီတော့မှ ခရုလေးတွေလဲ အောင်သေအောင်သားအဖြစ် မြင်းသားတွေတဝကြီးစားသောက်လိုက်ကြပြီး.. အဲသည်ကစလို့ ခရုလေးတွေမှာ ညောင်းညာကိုက်ခဲခြင်းရယ်လို့ လုံးဝမရှိတော့ဘူးတဲ့ကွယ်..

ပုံပြင်လေးကတော့ ဒါပါပဲသားသားရေ.. မေမေ့သားလေးကိုတော့ ခရုလေးလိုလဲ အနိုင်လိုချင်ဇောနဲ့ မကောက်ကျစ်စေချင်ဘူး.. မြင်းကြီးလိုလဲ မစဉ်းစားမဆင်ခြင်ပဲ သူများပြောတိုင်း မယုံစေချင်ဘူး သိလား.. အရာရာကို စဉ်းစားချင့်ချိန်ပြီး ယုံသင့်မှယုံလို့ သူတပါးနဲ့ယှဉ်ပြိုင်ရတဲ့အခါတိုင်းလဲ တရားသောယှဉ်ပြိုင်ြင်းနဲ့သာ အနိုင်ရဖို့ ကြိုးစားစေချင်တယ် သားလေးရေ...

Monday, February 27, 2012

ပါပဂြိုလ်

ကြာသပတေးသမီးကျွန်မ..
အသက်၁၉နှစ်မှာ ရာဟုဂြိုလ်ထဲရောက်တယ်.....
ပါပဂြိုလ်တို့ဘာသာဘာဝ..
အဝင်များကြမ်းချက်တော့
ကျွန်မအသည်း ဟက်တက်ကွဲတယ်ပေါ့..

အဲသည်ကတည်းကစ..
၁၂နှစ်တာကာလတလျှောက်..
ကိုယ်ချစ်နဲ့သူချစ်တွေတလွဲ..
ထပ်တူမကျနိုင်ခဲ့ဘဲနဲ့..
အလွဲတွေနဲ့အသားကျလို့..
အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးတတ်ခဲ့တယ်..

ကျွန်မရဲ့ရာဟုက..
နှလုံးသားနုနုကိုမှ..
ရွေးပြီးခိုက်ရသတဲ့လား..

အသက်၃၁နှစ်ကျမှ..
ရာဟုလက်ကလွတ်မတဲ့..
ဟင့်အင်း..
မလွတ်ချင်လဲနေပါတော့..
ကျွန်မက..
ပါပဂြိုလ်မှာ ပျော်နေတတ်ပြီလေ..

ပွင့်မြူးဇင်
၂၇.၀၂.၂၀၁၂