Tuesday, August 25, 2009

နှစ်သက်မိတဲ့ နာမည်လှလှလေးများ

ကျွန်မကလေ ငယ်ငယ်ကတည်းက နာမည်လှလှ ဆန်းဆန်းလေးတွေဆို သဘောကျတတ်ပြီး မှတ်မှတ်ထားတတ်တယ်... ပထမဆုံးအနေနဲ့ ကျွန်မကြိုက်မိတာက မေမေကိုယ်တိုင်ပေးထားတဲ့ ကျွန်မရဲ့နာမည်.. "ပွင့်မြူးဇင်" ဆိုတာလေးပေါ့... မေမေက "မြူး" ဆိုတဲ့ စာပေတိုက်နာမည်လေးကို သဘောကျလို့ ဒီနာမည်ပေးခဲ့တာတဲ့... ပထမတော့အားလုံးက ခေါ်ရတာထောက်တယ်ဆိုပြီး ကန့်ကွက်ကြသေးတယ်တဲ့... နောက်တော့လဲ အဆင်ပြေသွားပါတယ်... အားလုံးက "မြူးမြူး" လို့ပဲခေါ်ကြတာကိုး... Blog လေးစရေးဖြစ်တော့လဲ "မြူးမြူး"လို့သုံးလိုက်သေးတယ်... နောက်တော့ "မြူးသျှရီလေး" နဲ့မှားမှာစိုးလို့ နာမည်အပြည့်အစုံပဲ ပြောင်းသုံးခဲ့တာ...

ကျွန်မညီမလေးရဲ့ "၀င့်ထူးဇင်" ဆိုတဲ့ နာမည်လေးကိုလည်း ကြိုက်တာပဲ... ကျွန်မနာမည်နဲ့ ကာရံညီတယ်လေ... မောင်လေးနာမည်က "ကြည်ဇော်ဇင်" ... ၈၈မှာ ကျည်ဆန်တွေကြားမွေးတာမို့ မေမေက ကျည်ဆန်ဇင်လို့ ပေးချင်တာတဲ့... အားလုံးဝိုင်းဖျက်ကြလို့... အဲဒီအချိန်မှာ ရေဒီယိုက ဇာတ်လမ်းလေးတစ်ပုဒ်လွှင့်တယ်... ဇာတ်လိုက်နာမည်က ကြည်ဇော်တဲ့... အဲဒီ ကြည်ဇော်ဆိုတာလေးကို သဘောကျပြီး ကြည်ဇော်ဇင်ဖြစ်သွားတာပေါ့...

ပြီးတော့ ဖေဖေတို့မောင်နှမ ၇ယောက်ရဲ့နာမည်လေးတွေ... ဖိုးဖိုးကြီးနာမည်က ဦးဇင်ဆိုတော့ အားလုံးကဇင်တွေချည်းပဲလေ... သက်သက်ဇင်.. မြင့်မြင့်ဇင်.. ချိုနွယ်ဇင်.. ဆွေဆွေဇင်.. ဖေဖေက လွှမ်းမိုးဇင်.. ပြီးတော့ သိဂီင်္ဇင်.. ခွာညိုဇင်... ကျွန်မသူငယ်ချင်းတွေကဆို နာမည်မှာ ဇင်နဲ့ဆုံးတဲ့သူတိုင်းကို ကျွန်မအမျိုးလို့ကို ထင်တော့တာ... ဟိုတလောကတောင် အသိအစ်မကြီးတစ်ယောက်ကမေးတယ်... စာအုပ်ထုတ်ဝေရေးလုပ်တဲ့ အံ့ဘွယ်ဇင်ဆိုတာ မြူးမြူးတို့ အမျိုးလားတဲ့... မဟုတ်ပါဘူးလို့ဖြေရတယ်... အဲဒီလောက် ဇင်များတဲ့အမျိုးလေ...

လေးတန်းတုန်းက ဆရာမတစ်ယောက်နာမည်ဆို ခုထိမှတ်မိနေသေးတယ်... "နီလာမြုတေ" တဲ့... ဆန်းတယ်နော်... ဆရာမကလဲ ချောချောလေး... သူ့နာမည်လေးနဲ့ လိုက်မှလိုက်ပေါ့... အဲဒီတုန်းကပဲ သူငယ်ချင်းတစ်ယောက်လဲ ရှိသေးတယ်... သူ့နာမည်လေးက "ကျော့ယဉ်ဝင်း" တဲ့... သူ့နာမည်လေးကြားတာနဲ့ ကျော့ကျော့လေးကနေတဲ့ ယမင်းရုပ်လေးကို မြင်ယောင်မိသလိုပဲ... နောက်တစ်ယောက်က "နွေး" တဲ့... တစ်တန်းတုန်းကသူငယ်ချင်း... သူ့နာမည်လေးက တစ်လုံးတည်းနဲ့ ဆန်းတာလေ... GTC မှာပြန်တွေ့ကြတော့ သူကမမှတ်မိဘူးလေ... ကျွန်မကတော့ သူ့နာမည်ဆန်းဆန်းလေးနဲ့တွဲပြီး ခပ်ချောချောသူငယ်ချင်းလေးကို မမေ့ခဲ့ပါဘူး...

GTC စတက်တော့ ပထမဆုံးခင်မိတဲ့ ကောင်လေးက "လရောင်ဝေး" တဲ့... ကဗျာဆရာ ဦးအောင်ဝေးရဲ့ သားကြီးပေါ့... သူ့ညီလေးနှစ်ယောက်က "လပြည့်ဝေး" နဲ့ "လမင်းဝေး"... နာမည်လေးတွေက အပျံစားလေးတွေနော်... လရောင်ရဲ့ သူငယ်ချင်းတစ်ယောက်က "မင်းနေ၀န်း" တဲ့... Civil ကကောင်လေးတစ်ယောက်လဲရှိသေးတယ်... "ဆုမွန်ရ" ဆိုပဲ... ပေးလည်းပေးတတ်ကြတယ်နော်... နောက် ညီအစ်ကိုနှစ်ယောက်ရှိသေးတယ်... "အဏ၀ါကျော်ထွတ်" နဲ့ "ရာသက်ပန်ကျော်ထွတ်" တဲ့... ရာသက်ပန်ရဲ့ သားလေးက "ဒီပါကျော်ထွတ်" တဲ့...

Blog လောကထဲရောက်လာတော့လဲ နာမည်ဆန်းဆန်းလေးတွေ အများကြီးတွေ့ရသေးတယ်... ထင်းထင်း... လင်းကြယ်ဖြူ.. နေဒေးသစ်.. နဒီမိုးညို.. နိုင်းနိုင်းစနေ.. ပြည့်ဝတ်မှုန်.. မိုးခါး.. သီဟသစ်.. ညခင်း.. စန္ဒကူးမေ.. မြူးသျှရီ.. ဂျာမုန်း.. သုနှင်းဆီ.. အိမ့်ချမ်းမြေ့.. ဖြူစင်ကြယ်.. မဟာဆန်.. နွေးနေခြည်.. နေနေနိုင်.. ၀သန်မိုး.. အို... အမျာကြီးပေါ့... ဒါတောင် မှတ်မိသလောက်ချရေးထားတာ... အားလုံးရဲ့ နာမည်လေးတွေက လှလည်းလှ ဆန်းလည်းဆန်း....

သားသားအတွက်နာမည်ကိုတော့ သူ့ဦးလေး ကိုကြည်ဇော်ပေးတာလေ... နေ့သင့်နံသင့်ပေါ့... ကြာသပတေးသားလေးလေ... "မိုးသံစဉ်ကို" တဲ့... ခုလောလောဆယ်ရော နောင်ရော ကျွန်မအမြဲကြိုက်နေတော့မယ့် နာမည်လေးပါ... သားသားနာမည်လောက် လှတာလဲမရှိတော့ဘူးထင်နေတာလေ... အင်း.... ထမင်းတော့ ငတ်ဦးမယ်....


သူများတွေ Tag Game ကစားကြတာမြင်တော့ ကျွန်မလဲ Tag ချင်လာတယ်... ညီမလေးထင်းထင်း ညီမလေးမေဇင် နဲ့ မောင်လေးအရမ်းဖြစ်ချင်တဲ့ လင်းကြယ်ဖြူ တို့ကို Tag ချင်ပါတယ်... ကြုံဖူးတဲ့ နာမည်လှလှလေးတွေအကြောင်း ရေးပေးကြပါနော်...

Friday, August 21, 2009

အမေဆိုတာ

တနေ့က ကျွန်မ သားသားကို ပုခက်ထဲထည့်လွှဲနေရင်းနဲ့ "မေမေ့သားလေးက အချောလေးနော်... သားလေးလောက်ချောတာဘယ်သူမှမရှိဘူး..." ဆိုပြီး သားလေးကို မြှုမိပါတယ်... အဲဒါကို ကျွန်မမေမေကကြားတော့ "အင်း... ထမင်းတော့ငတ်ဦးမယ်..."တဲ့.. ဘာလို့လဲလို့မေးတော့ ဒီအကြောင်းလေးကို ပြောပြတယ်...

ဒေါ်နုနဲ့ ဒေါ်ပုက တစ်ရပ်ကွက်တည်းသားချင်းတွေ.... မရင်းနှီးပေမယ့် မျက်မှန်းတော့တန်းမိနေတာပေါ့... သူတို့မှာ သမီးလေးတွေကိုယ်စီရှိကြတယ်... တစ်နေ့တော့ ဒေါ်နုက သူ့သမီးလေးဆီထမင်းသွားပို့မယ်လုပ်တုန်း ဒေါ်ပုတစ်ယောက် အလောတကြီးရောက်လာတယ်... သူ့မှာအရေးတကြီး ကိစ္စပေါ်လာလို့ သူ့သမီးလေးအတွက် ထမင်းဗူးကို လူကြုံပေးချင်လို့ပါတဲ့... ဒေါ်နုကလည်း ရပါတယ်ပေါ့... သမီးလေးနာမည်ဘယ်သူလဲလို့မေးတော့ "နာမည်မလိုပါဘူး အစ်မကြီးရယ်... တစ်ကျောင်းလုံးမှာ အချောဆုံး ကလေးမကိုသာရှာလိုက်... အဲဒါကျွန်မသမီးလေးပဲ..." လို့ဖြေသတဲ့... ညနေကျောင်းလဲဆင်းရော ဒေါ်ပုသမီးလေးက စိတ်ဆိုးမာန်ဆိုးနဲ့ပြန်ရောက်လာတယ်... နေ့လည်စာထမင်းမစားရလို့တဲ့... အဲဒီအချိန်မှာ ဒေါ်နုရောက်လာတယ်... ထမင်းဗူးလာပြန်ပေးတာလေ... ထမင်းကတော့ကုန်ပြီတဲ့... ဒေါ်ပုက ဘယ်လိုဖြစ်တာလဲမေးတော့ ဒေါ်နုပြန်ဖြေလိုက်တာက... "နေ့လည်က ကျွန်မကျောင်းကိုရောက်သွားတော့ အချောဆုံးကလေးမကို သေသေချာချာရှာပါတယ်... ဘယ်လိုပဲကြည့်ကြည့် ကျွန်မသမီးလေးကိုပဲ အချောဆုံးလို့ မြင်နေတာမို့ ထမင်းဗူးကို ကျွန်ကသမီးလေးကိုပဲ ကျွေးလိုက်တော့တယ်...." တဲ့လေ....

Wednesday, August 19, 2009

လူပျောက်ကြော်ငြာ

ဝါဆိုမိုးပွင့်
ဆင်းလွင့်နေဆဲ
ဝသန်ရာသီ
တစ်နံနက်ထဲမှာပေါ့...

စာသင်နှစ်သစ်
ကျောင်းစဖွင့်မှာမို့
ကျောင်းတော်ကြီးဆီ
လှမ်းလို့ချီခဲ့သည်
ခပ်တည်တည်ပဲနော်...

ရဲဖော်ရဲဖက်
ကဲဖက်တော်အပေါင်းအား
ဒေါင်းတောက်မျှရှာဖွေစဉ်
ကျောင်းဝင်းမဟာ
လမ်းတစ်နေရာမှာ
ဆုံခဲ့တဲ့မျက်ဝန်း
လှရက်လွန်းတာကြောင့်
နှစ်သစ်အစမှာ
မေ့မရစရာဖြစ်ခဲ့ပြီ...

နောက်တစ်မနက်
ကျောင်းပြန်အတက်မှာ
နှလုံးသားသခင်
ထိုမျက်ဝန်းရှင်လေး
ရှာမယ့်အရေးတွေးကြည့်ပြန်တော့
ကျွန်မမှတ်မိသည်က
သူ၏မျက်ဝန်း
လှလွန်းသည်သာ
ရှိခဲ့ပြီမို့..............

****နေလောင် circuit တို့၏သမိုင်း ဆိုတဲ့ ကဗျာစာအုပ်လေးထဲက ကျွန်မရဲ့ကဗျာလေးပါ... ရူးလို့ကောင်းဆဲအရွယ်က ရေးခဲ့တာပေါ့... ****

Tuesday, August 18, 2009

သားချော့တေး (၂)

မြှောက်ပေးတဲ့သူ ရှိတာနဲ့ပဲ သားချော့တေးလေးတွေ ထပ်ရေးဖြစ်ပါတယ်... သားသားကိုကျွန်မဆိုပြဖြစ်တဲ့ ကလေးကဗျာလေးတွေပါ... ကျွန်မက ကလေးကဗျာလေးတွေကို သိပ်ချစ်တာ... ကလေးတွေနားလည်လွယ်မယ့် စာသားနုနုလေးတွေနဲ့မို့ ဆိုလို့ကလည်းကောင်းမှကောင်း... ကဲ... ဆိုကြရအောင်နော်...

ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက်ကျောင်းတက်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလိုနေပါ့မယ်
လိုက်မယ်... လိုက်မယ်

ဒီကဗျာလေးဆိုတိုင်း ရွာလေးတွေမှာရှိတတ်တဲ့ ကျွန်းတိုင်လုံးကြီးတွေနဲ့ ဘုန်းကြီးကျောင်းကြီးကိုမြင်ယောင်မိတယ်...

တို့ဘ၀ရဲ့ငယ်စဉ်တလျှောက်
ရွာဦးကျောင်းက အုန်းမောင်းခေါက်
ရောင်နီလာမိုးဦးသောက်
ခရေပင်ရှိရာအပြေးလာ
အပြေးရောက်ပန်းလေးရွေးသီကောက်..
မိုးစက်ကလေးတွေတဖေါက်ဖေါက်
သစ်ရွက်ကြွေသံဖြောက်ဖြောက်
ချမ်းတယ်စီးတယ်သဘောမှာမပေါက်
တို့မှာကိုယ်စီခမောက်...
တေးသီချင်းတကျော်ကျော်အော်လည်းနောက်
ဘယ်ခါတို့စိတ်မကောက်
ပြန်ကြမယ်အိမ်ပြန်ရောက်
တို့ကောက်ထားတဲ့ပန်းတွေမှာကွယ်အမောက်...
ငှက်ကလေးတွေတေးဆိုလို့
အော်မြည်ပျံပြေးအဝေးကိုရောက်
လှေကလေးတွေထိုးဝါးထောက်
တို့ချောင်းရိုးဆီတလျှောက်
တို့ရှေ့နားကဖြတ်ကာလျှောက်
လယ်လုပ်သားကြီးတစ်ယောက်
လက်ကနှင်တံအသာမြှောက်
ငညို ငနီအော်မြည်ကာပဲငေါက်...

ဒီကဗျာလေးကတော့ ကျွန်မမေမေ သင်ပေးထားတာ... သူငယ်ငယ်တုန်းက ကျောင်းကပွဲမှာ ယိမ်းကတဲ့ကဗျာလေးတဲ့... အကတိုက်တုန်းကတော့ ဟုတ်လို့ပဲတဲ့... တကယ့်ပွဲနေ့ကျတော့ လုံချည်ဝတ်ရတာကိုး... မ၀တ်တတ်ဝတ်တတ်ဆိုတော့ ခဏခဏကျွတ်နေလို့ လုံချည်ဝတ်နေရတာနဲ့ပဲ သီချင်းသာဆုံးရော မကလိုက်ရဘူတဲ့လေ...

ယုန်ကလေးကနားရွက်ထောင်
ပညာရှိယောင်ဆောင်
ကြောင်ကလေးကလက်သည်းဖွက်
ချောင်းလိုက်ရတဲ့ကြွက်
ရွှေဇီးကွက်ရဲ့အိနြေ္ဒ
ဘုရင်ကြီးလိုနေ
မိုးလေတွက်ကာဗေဒင်ဟော
တောက်တဲ့ကိုလေပေါ
ပြောတိုင်းယုံတဲ့ပုတ်သင်ညို
ခေါင်းညိတ်လှတယ်ဆို
ရွှေကျီးညိုသာပါစ
ဧည့်သည်လာပါစ

ဒါကတော့ လူတိုင်းသိမယ့် ကဗျာလေးပါ... အမူအယာလေးတွေနဲ့ ဆိုလို့ကောင်းတယ်လေ... သားသားအရမ်းကြိုက်တယ်...

ပူစီကလေးတညောင်ညောင်
ဘာကိုတောင်းလဲမောင်
မီးဖိုချောင်ကငါးကြော်များ
တောင်းလို့နေသလား
မတောင်းနဲ့ဦးပူစီရယ်
မေမေဈေးသွားတယ်
ဈေးဝယ်ပြန်မှဆာတဲ့ကြောင်း
မေမေ့ဆီမှာတောင်း

အဲဒီကဗျာကို ကျွန်မက...

သံစဉ်ကလေးတညောင်ညောင်
ဘာကိုတောင်းလဲမောင်
ရေခဲသေတ္တာထဲက ချောကလက်များ
တောင်းလို့နေသလား
မတောင်းနဲ့ဦး သံစဉ်ရယ်
မာမားဈေးသွားတယ်
ဈေးဝယ်ပြန်မှဆာတဲ့ကြောင်း
မာမားဆီမှာတောင်း....
လို့ ဖျက်ဆိုတာလေ.... သားသားကနားလည်တဲ့အတိုင်း တခစ်ခစ်နဲ့...

နောက်တစ်ပုဒ်ကတော့ နာမည်ကြီးလေ... ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းပေါ့...

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာဗေဒါတက်
လှိုင်းသက်ရာဆင်း....
ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေရေပေါလော
မြောစုန်လို့လာ...
အဆင်းနဲ့အလာ
ဗေဒါမှအထွေး
အုန်းလက်ကြွေသူ့နံဘေး
စောင့်ခဲ့ပြန်သေး...
စောင့်ခဲ့လည်းမသက်သာ
နောက်တချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ရာ
မြုပ်လေပေါ့ ပေါ်မလာ
မဗေဒါအလှ
တလံကွာလှိုင်းအကြွ
ပေါ်လိုက်ပြန်ရ...
ပေါ်ပြန်လဲမသက်သာ
ချောင်းအစွယ်မြောင်းငယ်ထဲက
ဘဲထွက်လို့လာ...
ဘဲအုပ်မှာတစ်ရာနှစ်ရာ
မဗေဒါက တစ်ပင်တည်း
အယက်အကန်ခံလို့
ဗေဒါပြန်အံကိုခဲ
ပန်းပန်လျှက်ပဲ....

ဘယ်လိုလဲ.... ဆိုလို့ကောင်းတယ်မဟုတ်လား... မောနေကြပြီထင်တယ်... သောက်လိုက်ကြဦးနော်...

Thursday, August 13, 2009

အဖော်

"ချစ်တယ်" ဆိုတဲ့စကား
အလှအပတွေထုံမွှန်းထားတဲ့
ပန်ကြားလွှာလေးတစ်ရွက်
ရုတ်တရက် ဖတ်မိခဲ့တုန်းက
ကျွန်မရဲ့အဖော်က....... ရင်ခုန်ခြင်း...

ညအခါလေးဝေးရတာကို
တစ်ဘ၀ တစ်ကမ္ဘာလားတွေးရတယ်ဆိုတဲ့
စာပုလဲသွယ်တစ်ကုံး
အပြုံးနဲ့ဖတ်ခဲ့ရပြန်တော့
ကျွန်မရဲ့အဖော်က....... ကြည်နူးခြင်း...

"မေ့လိုက်တော့" ဆိုတဲ့စကား
တန်ဆာတွေဆင်မထားတဲ့
လမ်းခွဲစာလေးတစ်ရွက်
တုန်လှုပ်စွာဖတ်ခဲ့ရတုန်းက
ကျွန်မရဲ့အဖော်က........ ကြေကွဲခြင်း...

"မင်္ဂလာ" ဆိုတဲ့စကား
ပကာသနတွေခြုံလွှမ်းထားတဲ့
လက်ထပ်ဖိတ်စာလေးတစ်ရွက်
မျက်ရည်နဲ့ဖတ်နေခဲ့ရပြန်တော့
ကျွန်မရဲ့အဖော်က........ အထီးကျန်ခြင်း...

ကဲ.... ဘယ့်နှယ်လဲမောင်...
ရှင်ထားရစ်ခဲ့တဲ့ ကျွန်မ
ဘယ်တုန်းကမှ အဖော်မမဲ့ခဲ့ပါဘူး..နော်.....

****၂၀၀၄ သြဂုတ်လရဲ့ အပျိုစင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ ကျွန်မရဲ့ကဗျာဟောင်းလေးပါ****

Tuesday, August 11, 2009

ကြာဆံချက်

မနေ့က အိမ်မှာကြာဆံချက် ချက်စားတယ်... ဒီမှာကကြာဆံချက်ထဲ ထည့်ရမည့် အမယ်တွေအစုံ အလွယ်တကူ ၀ယ်လို့ရနေတော့ ခဏခဏချက်စားဖြစ်တယ်လေ... ချက်နည်းကလည်း လွယ်ပါတယ်...

ကြက်သားကို ငံပြာရည်နဲ့ပြုတ်ပြီး အသားနွှင်ထားပါ... ကြွက်နားရွက်မှိုခြောက်ကို ရေစိမ်ထားရပါမယ်... ဒယ်အိုးထဲ ဆီသင့်ရုံထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်ဖြူကိုဆီသတ်ပါ... မွှေးလာရင်ငရုတ်သီးမှုန့်ပါထည့်ပြီး စိမ်းနံ့ပျောက်တဲ့အထိ မွှေပေးပါ... ပြီးရင် ခပ်သေးသေးဖဲ့ထားတဲ့ ကြက်သားတွေကိုရောထည့်ရပါမယ်... ကြက်သားတွေ ကျစ်သွာပြီဆိုရင် ရေစိမ်ထားတဲ့ ကြာဆံနဲ့မှိုခြောက်တွေကိုပါ ရောထည့်လိုက်ပါ... fish cake လှီးထားတာလည်း ထည့်ပါတယ်... ကြာဆံကိုဆီသတ်တဲ့အထဲ ထည့်လိုက်တော့ တော်ရုံနဲ့ ပျော်မထွက်သွားတော့ဘူးပေါ့... ပြီးရင်ရေလိုသလောက်ထည့်ပြီး ဆူအောင်တည်ပါ... ဆား တော်သလိုထည့်ပါ... ဆူလာရင် ကြက်သွန်နီ လေးစိတ်ခွဲထားတာထည့်ပါ... ကြက်သွန်နီတွေ နူးပြီဆိုရင်တော့... အသင့်ဖြစ်ပါပြီ...
သံပုရာသီး ကြက်သွန်နီနဲ့ နံနံပင်တွေကို ဒီလိုလေးလှီးလိုက်...

ကဲ စားလို့ရပြီပေါ့.....

Saturday, August 8, 2009

ပြတင်းတံခါးနဲ့အတင်းစကား

ညားခါစဇနီးမောင်နှံတစ်စုံတွဲ.. အိမ်အသစ်လေးဆီပြောင်းလာကြတယ်... မနက်မိုးလင်းတော့ ထမင်းစားခန်းထဲ မနက်စာစားကြတုန်း မိန်းမလုပ်သူက ပြတင်းပေါက်ကနေ တစ်ဖက်ခြံကိုလှမ်းကြည့်ရင်း...
"ကြည့်ပါဦးမောင်ရယ်... အ၀တ်တွေလျှော်ထားလိုက်တာ... စင်လဲမစင်ဘူး... အ၀တ်လျှော်ဆပ်ပြာကောင်းကောင်း မသုံးဘူးထင်တယ်.."
ယောက်ျားလုပ်သူကတော့ ဘာမှမပြော ခပ်ပြုံးပြုံးပဲ...
နောက်နေ့တွေမှာလည်း... တစ်ဖက်ခြံက အ၀တ်လှန်းထားတာမြင်တိုင်း မိန်းမက အပြစ်တင်စကားဆိုစမြဲပဲ...
တစ်လခန့်ကြာပြီးနောက်.......
"ဟယ်... ကြည့်ပါဦး... အ၀တ်တွေကလည်း ဖြူလို့သန့်လို့ပါလား... ဘယ်လိုဖြစ်လို့ပါလိမ့်... ထူးဆန်းပါ့မောင်ရယ်.."
"အင်း ဟုတ်တယ်... မောင်မနက်က စောစောနိုးနေတာနဲ့... မောင်တို့အိမ်ပြတင်းပေါက်တွေကို သန့်ရှင်းရေးလုပ်လိုက်တာလေ"

ဘာသာပြန်လေးပါ... ကျွန်မတို့လည်း သူများကိုအပြစ်မတင်ခင်... ကိုယ့်ပြတင်းပေါက်လေးကိုယ် သန့်ရှင်းရေးလုပ်လိုက်ကြရအောင်လား... နော်...

Friday, August 7, 2009

သားသားဓာတ်ပုံများ

ဒီ Walker လေးက မာမားဝယ်ပေးတာ...

သားသားက burger king လဲကြိုက်တယ်...

လည်လည်သွားမယ်... လိုက်မလား...

လုပ်ကြပါဦး... မေမေက သားသားကို ကြမ်းပြင်ပေါ်မှာချထားပါတယ်ဗျိုး...

ဒီ High Chair လေးကို သားသားကြိုက်တယ်ခင်ဗျ..

Wednesday, August 5, 2009

HAPPY BIRTHDAY TO ME

ဒီနေ့.... ကျွန်မမွေးနေ့ပါ... ၂၇နှစ်တင်းတင်းပြည့်တာပေါ့... ဘာမှတော့ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး... မေမေက ဘုန်းကြီးကျောင်းမှာ သွားလှူပေးတယ်... အလုပ်ဆင်းရတော့ ကိုယ်တိုင်တောင်သွားမလှူနိုင်ဘူး... Lunch Time တုန်းက Boss ကအပြင်မှာလိုက်ကျွေးတယ်... ဒီမှာကပြောင်းပြန်နော်... မွေးနေ့ရှင်ကို သူတို့က ကျွေးရတာ... ကျွန်မကတော့ မြန်မာ့ရိုးရာမပျက်... လာလည်တဲ့သူတွေကို တစ်ခုခုကျွေးချင်ပါတယ်... ခုတော့မအားသေးလို့... လာမယ့် Long Weekends ကျရင် ဆက်ဆက်လာစားကြပါနော်...

ပြီးခဲ့တဲ့ ပို့စ်တစ်ခုမှာ... မောင့်ဆီက လိုချင်တဲ့ လက်ဆောင်အကြောင်းရေးဖူးတယ်... လိုချင်တာတော့မပေးဘူး... ကျွန်မအတွက် အလိုအပ်ဆုံးအရာတစ်ခု ၀ယ်ပေးတယ်လေ... အဲဒါဘာလဲ သိလား....




ဒါကြီးပေါ့...

အင်း........ ကျွန်မ.. တော်တော်ဝနေပြီထင်ပါရဲ့...

Tuesday, August 4, 2009

သားချော့တေး

သားသားက သီချင်းအရမ်းကြိုက်ပါတယ်... သီချင်းဆိုသိပ်မှအိပ်တာ... ကျွန်မသားသားကိုဆိုသိပ်နေကျ သားချော့တေးလေးတွေအကြောင်း ရေးပြချင်ပါတယ်...

"သားသားလေးရယ်အိပ်ပါကွယ်
မေမေသီချင်းဆိုမယ်...
သားသားလေးရယ်အိပ်ပါတော့
မေမေတေးဆိုချော့...
ပစ်တိုင်းထောင်လေးပုတိုတို မျက်နှာပြုံးချိုချို
ပစ်ချင်သလိုပစ်လို့ချ ကျရာထောင်လို့ထ...
သူ့ဘ၀နဲ့ သူ့အလှတွေ အံ့သြလောက်ပါပေ
ခြေတွေလက်တွေ ရှိပါပဲ ကိုယ်ထူကိုယ်ထမြဲ
အခက်အခဲသူရင်ဆိုင် စိတ်ဓာတ်မယိမ်းမယိုင်
အနိုင်မခံ အရှုံးမပေး ပြေးပြိုင်ချင်သေး...
မတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ့မယ်
ဗျိုင်းရှေ့ကပျံကာပျံကာရယ်
မိုးစုပ်စုပ်ချုပ်ပေါ့သားငယ်ရယ်
အိပ်ပါတော့ကွယ် ကြောင်ကြီးကိုက်လိမ့်မယ်
အိပ်ယာနိုးရင် ကျောင်းသွားရဦးမယ်
မျက်စေ့မှိတ်ထားကွယ်
အိပ်မက်လှလှ မက်စေမယ်... "

အဲဒါက သားသားရဲ့ အကြိုက်ဆုံးပေါ့... မူရင်းသီချင်းက သမီးလေးကိုသိပ်တဲ့သီချင်းဆိုတော့ နောက်ဆုံးတစ်ပိုဒ်က သားသားနဲ့မကိုက်ဘူးဖြစ်နေတယ်...

"အမေ့ခြေရာနင်းမယ့် အလှကြိုက်တဲ့သမီးငယ်ရယ်
သမီးကျောင်းသွားချိန်မှာပန်ဆင်စရာ
ပန်းလှလှလေးခူးပေးပါမယ်
ပါးကွက်ကွက်ပေးမယ် နေတစ်ဖက် လတစ်ဖက်လို
ပါးပေါ်တင်ထားတဲ့ ၀လုံးဝိုင်းဝိုင်းလေးရယ်
သမီးလေးရေးတတ်အောင်
စောစောကျောင်းသွားဖို့အိပ်ပါကွယ်..." တဲ့.....

နောက်ထပ်သားသားကြိုက်တာက...

"နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကိုသွားရမယ်
ငွေဗျိုင်းဖြူရယ် ကျွန်တော်သွားတော့
လိုက်မှာလားကွယ့်ပျော်လှတယ်...
သင့်မှာတောင်စုံ လေဟုန်စီး
ဒုံးပျံကြီးထက်မြန်လိမ့်မယ်
ဖိုးလ၀ါဝါပြူကာထွက်တော့
ကျောင်းတက်ချိန်လို့မှတ်ရမယ်...
မေမေ့ရင်ခွင် ထိုင်ခုံလုပ်လို့
ငုတ်တုတ်ကလေးထိုင်ပါ့မယ်
ကောင်းကင်ကြီးဟာ ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေရေးရမယ်...
ကမ္ဘာ့မြေပုံ တိမ်တွေရှိပါ့
အလွယ်ကြည့်ရင်သိနိုင်တယ်
မေမေ့နှုတ်သံ တအေးအေးနဲ့
ကဗျာတေးတွေသင်ပေးတယ်...
ကျောင်းအားချိန်မှာမေမေကျွေးတဲ့
ချိုချိုမွှေးကိုစို့ပေါ့ကွယ်
ရွှေကျားရွှေယုန် ပုံပြင်ခင်းတော့
တအင်းအင်းနဲ့နားထောင်မယ်...
မေမေ့ကြာနွယ် လက်သွယ်ပျောင်းနဲ့
မျက်တောင်ညောင်းတော့ အိပ်ပေါ့ကွယ်
သားသားအိပ်ချိန် ကြက်သံညောင်းမှ
မေမေ့ကျောင်းလည်း ဆင်းတော့တယ်.... သွားမယ်.... သွားမယ်...."

ဒီကဗျာတေးလေးကတော့ ကျွန်မတို့ငယ်ငယ်က အဘောင်ရှင်ဆိုသိပ်နေကျပေါ့... စာသားလေးတွေ အရမ်းကြိုက်တယ်... ရှိသေးတယ်... ဘ၀မေ့တတ်တဲ့ မဗျိုင်းအကြောင်းရေးထားတဲ့ကဗျာလေး....

"ဇီးသီးကောက်.. ဇီးသီးကောက်
မဗျိုင်းဇီးသီးကောက်...
ဇီးပင်အောက်ကမရွှေဗျိုင်း မျက်နှာခပ်ဝိုင်းဝိုင်း
ဘုရင်ကြီး.. ဘုရင်ကြီး ဆင်ပြောင်ကြီးကိုစီး
ဇီးပင်အောက်ကို မင်းကြီးဝင်
မဗျိုင်းလေးကိုမြင်..
တောင်ညာတင်လို့ ဘုရင်ကောက်
မဗျိုင်းနန်းတော်ရောက်
နန်းတော်ရောက်တဲ့မဗျိုင်းမှာ စိတ်ကြီးဝင်လှစွာ
ကိုယ့်ရွာကိုယ့်ပြည်သူမသိ မာနမိုးခေါင်ထိ
ဇီးသီးကောက်ဖော်များကလေ
မဗျိုင်းလေးကိုလွမ်းလို့နေ
ဇီးရွက်ကြွေသည်မြင်လေတိုင်း
လွမ်းလိုက်ပါရဲ့မရွှေဗျိုင်း
ဇီးသီးသည် ဇီးသီးသည်
ချိုလှ ရွှမ်းလှတယ်..
ဝယ်လိုက်ကြပါအရပ်ကတို့
ဇီးသီးချိုချိုမို့.....
မိဖုရားကြီးမဗျိုင်းမှာ ဇီးသီးအသံကြားသောခါ
ဘယ်ရွာကလဲ ဘယ်သူလဲ
ဇီးသီးဆိုတာဘယ်ဟာလဲ
မဗျိုင်းအဖော်ဇီးသီးသည် နန်းတော်ထဲမှာတလည်လည်
ထည်နိုင်ပါပေ့မရွှေဗျိုင်း
မာန်ဂုဏ်မောက်လို့ရိုင်း.....
မဗျိုင်းမာနစကားသံ ဘုရင်ကြားရပြန်
ဘ၀မှန်မေ့သူအား နန်းတွင်းငါမထား
အခုချက်ချင်းသွား....... "

ဒီကဗျာကတော့ ညီမလေး ထူးထူးငယ်ငယ်တုန်းက အရမ်းကြိုက်တာပေါ့... အိပ်ချင်ပြီဆိုရင်... "အဘောင်ရှင်ရေ ဇီးသီးကောက်မယ်" ဆိုပြီး အော်တော့တာပဲ....

"လှည်းယာဉ်ကလေးက ဂလုံ ဂလုံ ခြူလုံးတေးသံစုံ
မြင်းလှည်းလေးက ခွပ် ခွပ် အပြေးသူမရပ်
စက်ဘီးလေးက ကလင် ကလင် လမ်းကြိုလမ်းကြားဝင်
မော်တော်ကားကြီး ၀ီး ၀ီး တူပျော်ပျော်ခရီး
မီးသင်္ဘောကြီး တူ တူ မီးခိုးတလူလူ
ငှက်သမ္မာန်က ကျွိ ကျွိ လှိုင်းကတအိအိ
လေယာဉ်ပျံကြီး ၀ီ ၀ီ ကောင်းကင်ထက်မှာမြည်
မီးရထားကြီ ဂျုံး ဂျုံး လိုက်ပါရစေဦး..... "

ဒါလေးကတော့ မြည်သံစွဲ အလင်္ကာတွေနဲ့ ဖွဲ့ထားတာလေ... ဆိုလို့လည်းကောင်းတယ်... နားထောင်လို့လည်းကောင်းပါတယ်...

"၀ါဆိုဝါခေါင်ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာစူးချုံ ဟိုအထဲက
မျှော့နက်မဲကြီးတွယ်လိမ့်မယ်
မျှော့နက်ဆိုတာ ဂျိုနဲ့လားကွယ့်
မြွေနဂါးတောင်ကြောက်ဖူးကွယ်
ဒို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေးထားခဲ့မယ်
လိုက်မယ်... လိုက်မယ်...."

ဒါကတော့ မိုးရာသီကဗျာလေးပေါ့....

ကဲ................ အဲဒီကဗျာတွေအားလုံး ဆိုပြီးပြီဆိုရင်တော့... သားသားလဲအိပ်... မေမေလည်းမောပြီပေါ့...

Monday, August 3, 2009

Joke

မေး။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံကိုပြောပြပါ
ဖြေ။ မြန်မာနိုင်ငံဖြစ်ပါတယ်။
မေး။ ဘယ်လိုသက်သေပြနိုင်ပါသလဲ။
ဖြေ။ နှစ် ၅၀ နီးပါး ခိုးလို့ရတာအကုန်ခိုးတာတောင် အခုထိမကုန်သေးလို့ပါ။

Source: Shwe Bo Thar
Credit to Ko Shwe Bo Thar & My cousin Yokeks.