Friday, February 25, 2011

သူတို့ကြောင့်ပေါ့


စင်္ကာပူနိုင်ငံကို အုပ်ချုပ်နေသူ လူလည်ကြီးများအကြောင်းပေါ့.. တံခါးတွေဖွင့်တုန်းက ဖွင့်ပေးထားပြီး ခုကျတော့ တမျိုးဖြစ်ပြန်ပြီ.. ပီအာလျှောက်သမျှ ရီဂျက်လုပ်ပစ်နေတာ တော်တော်လေးတောင်ကြာလှပေါ့.. အကြံအစည်တခုခုတော့ရှိရမယ်လို့တော့ ထင်သား.. နိုင်ငံခြားသားတွေကို နှိပ်ကွပ်ဖို့ နည်းလမ်းမျိုးစုံပေါ့.. မနှစ်က စင်္ကာပူဘက်ဂျက်ထွက်လာတော့ S Pass တွေ WP တွေရဲ့ လဲဗီးတွေ တိုးကောက်ပါတယ်.. S Pass အတွက် လဲဗီး ၅၀ ပေးနေရရာကနေ ၂၀၁၀ ဇူလိုင်ကစပြီး ၁၀၀ ပေးရမယ်တဲ့.. ၂၀၁၂ ဇူလိုင်လကစပြီး ၁၅၀ပါတဲ့လေ.. WP တွေကတော့ Marine Sector အတွက် လဲဗီး ၁၅၀ ပေးနေရရာကနေ ၁၆၀ ပြီးရင် ၂၀၀ ဖြစ်မယ်ပေါ့..

ခုလဲ၂၀၁၁ ဘတ်ဂျက်ထွက်လာပြီ.. လုပ်ချလိုက်ပြန်ပြီလေ.. ရက်စက်ချက်ကတော့ ဒီမှာသာရှုကြပါတော့..

အဲသလောက် များသွားမှာဆိုတော့ သဌေးလဲ မျက်ခုံးလှုပ်ပြီလေ.. ၂ဆမကကြီးတောင် ပိုဆောင်ရတော့မှာကိုး.. ကျွန်မတို့ဆီမှာက S Pass က အားလုံးပေါင်း ၂၂ယောက်.. WP က ၁၃၀ တောင်ရှိတာမို့လား.. သေပြီဆရာပေါ့.. ခုလောလောဆယ် သေပြီဆရာဖြစ်နေတာက ကျွန်မပါ.. NTS Worker တယောက်ကို ခန့်ထားတဲ့အတွက် ကုန်ကျတဲ့စားရိတ်ကို သိချင်တော်မူပါသတဲ့လေ.. Subcon အလုပ်သမားတွေခေါ်ခိုင်းရင် တနာရီကို ၄ကျပ်ခွဲလောက်ပဲပေးရတာ.. ကိုယ်ပိုင်အလုပ်သမားအတွက် နေစားရိတ်တွေ ကြိုပို့စားရိတ်တွေ လဲဗီးတွေ အားလုံးပေါင်းလိုက်တော့ တနာရီကို ၇ကျပ်ကျော် ၈ကျပ်နီးပါး.. ဒါတောင် ခုလောလောဆယ် ပေးနေရတဲ့ လဲဗီးနှုန်းထားနဲ့ တွက်ထားတာ.. အလုပ်သမား ကိုကိုကုလားတွေတော့ မျက်ခုံးလှုပ်နေလောက်ပြီ.. သဌေးက Action Plan ပေးပါတဲ့ တောင်းနေပြီလေ.. စိတ်နဲ့ ကိုယ်နဲ့ညစ်တယ်ကွယ်.. ကုန်ကျစားရိတ်လျှော့ဖို့က လူလျှော့ယုံကလွဲလို့ ဘာ ရှိရဦးမှာလဲ.. S Pass တွေအတွက်ကတော့ ပူစရာသိပ်မလို.. လစာများတဲ့သူတွေကို EP လျှောက်ပေးလိုက်ရင် လဲဗီးမှ မပေးရတော့ဘဲ.. သနားဖို့ကောင်းတာက အလုပ်သမားတွေ.. လစာလေးကနည်းရတဲ့အထဲ အလုပ်ပါပြုတ်ဦးမယ်ဆို ပြသနာပေါ့.. အဲသလောက်တော့ မရက်စက်လောက်ဘူးထင်တာပဲ.. ခုတော့ Action Plan ထဲရေးထည့်လိုက်ရပြီ.. "To closely monitor those with poor performance appraisal grades for retrenchment." လို့လေ.. တခြားနည်းလမ်းကောင်းလေးများ စဉ်းစားမိရင်လဲ ပြောကြပါဦး.. သူများထမင်းအိုး ရိုက်ခွဲမိသလိုဖြစ်မှာမို့ အရမ်းစိတ်မကောင်းဖြစ်နေမိလို့ပါ..

Thursday, February 24, 2011

ငွေရတု မွေးနေ့ဆုတောင်း

သူ... မိန်ရာသီဖွား တနင်္လာသား..
ကျွန်မကို ‘မ’ လို့ခေါ်တတ်သူ..
အရာရာကို အပူအပင်မထားတတ်သူ..
ရောင့်ရဲတတ်တဲ့နေရာမှာ ၂ယောက်မရှိသူ..
သီချင်းမဆိုတတ် ဂစ်တာမတီးတတ်တဲ့သူ..
ကျွန်မရေးတဲ့ကဗျာတွေကို နားမလည်ဘူးဆိုတဲ့သူ..
ကျွန်မဘလော့ကို တခါမှမဖတ်ဖူးတဲ့သူ..
ကွန်ပျူတာဂိမ်းကစားနေရရင် မိန်းမကိုတောင်မေ့နေတတ်သူ..
စလုံးမှာအကြာကြီးမနေချင်ဘူး ရန်ကုန်မြန်မြန်ပြန်ရအောင်လို့ ခဏခဏပူစာတတ်သူ..
ဆေးလိပ်လျှော့သောက်လို့ပြောတိုင်း အင်းပါဆိုပြီး ၂ရက်၁ဗူး ကုန်အောင်သောက်တတ်သူ..
ကျွန်မရဲ့ ပွစိပွစိဒဏ်ကို ပြန်မပြောနားမထောင်စတမ်း သည်းခံတတ်တဲ့သူ..

ဒီနေ့သူ့မွေးနေ့ပေါ့... လွန်ခဲ့တဲ့၂၅နှစ်တုန်းက ဒီနေ့မှာ သူ လူ့လောကထဲ စတင်ဝင်ရောက်လာခဲ့တယ်.. သားအကြီးဆုံးမို့ သူ့မိဘတွေရဲ့ အားကိုးချစ်ခင်မှုတွေ သူရခဲ့တယ်.. ညည အကြာကြီးငိုတတ်တဲ့သူ့ကို အိမ်နီးချင်းတွေကတောင် သြချယူရသတဲ့..

၂၅နှစ်ပြည့်တဲ့ ငွေရတုမွေးနေ့မှာတော့ သူကိုယ်တိုင် မိဘနေရာရောက်နေခဲ့ပြီ.. သူ့မွေးနေ့ပေါင်း ၈ခုတိတိကို ကျွန်မနဲ့တူတူ ဖြတ်သန်းဖူးခဲ့ပြီးပြီ.. နောက်နှစ်ပေါင်းများစွာကိုလဲ ကျွန်မရယ် သားလေးရယ် နဲ့အတူတူပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

Monday, February 21, 2011

နည်းလမ်းကောင်းလေးပေးမယ်နော်

မနေ့က ဘလော့ဂါညီမလေးတယောက်ရဲ့ မင်္ဂလာဆောင်ကိုသွားဖြစ်တယ်.. မတွေ့တာကြာတဲ့ ဘလော့ဂါမောင်နှမတွေနဲ့လဲ တွေ့ဖြစ်တယ်ပေါ့.. အားလုံးကပြောကြတယ်.. မမြူးပိန်သွားတယ်တဲ့.. မြန်မာဝတ်စုံလေးဝတ်သွားဖြစ်တာဆိုတော့ ပိန်သွားမှန်း နည်းနည်းသိသာတာလဲ ဖြစ်မှာပေါ့လေ.. ၀ိတ်ကျသွားတာတော့အမှန်ပဲ.. လေးလကျော်ကျော်အတွင်းမှာ ၇ကီလိုကျော်လောက်ကျသွားပါတယ်.. လေ့ကျင့်ခန်းတွေလုပ်တဲ့အကြောင်းတော့ ဟိုတလောကရေးဖူးပါတယ်.. ရုံးကလွှတ်တဲ့ Lose To Win Programme ပြီးသွားတော့ ၄ ကီလိုနီးနီးကျသွားတယ်.. ပင်ပန်းတာတော့ သေမတတ်ပဲ.. လူက နေလို့ထိုင်လို့ကောင်းပြီး ပေါ့ပါးသွက်လက်လာတာတော့ အရမ်းကိုသိသာပါတယ်.. ခုထက်ထိတောင် အချိန်တိုတိုနဲ့ ထိရောက်တဲ့လေ့ကျင့်ခန်းလေးတွေ ဆက်လုပ်ဖြစ်နေတုန်းပေါ့..

နောက်ထပ် ၀ိတ်ကျရခြင်းအကြောင်းရင်းကတော့ Detox လို့ခေါ်တဲ့ Programme လေးကြောင့်ပါပဲ.. Detox လုပ်တဲ့နည်းတွေ အမျိုးမျိုးရှိပါတယ်.. ကျွန်မကတော့ သူငယ်ချင်းလေးအညွှန်းကောင်းလို့ Amway Products Vitamins တွေနဲ့ Juice Detox လေးလုပ်ဖြစ်သွားပါတယ်.. ၇ရက်အစီအစဉ်လေးပေါ့.. သူက ၀ိတ်ကျစေရုံမကပဲ ကျန်းမာရေးအတွက်လဲကောင်းတာမို့ ပိုပြီးစိတ်ဝင်စားသွားတာပါ..

ပထမဆုံးအနေနဲ့ ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့လိုပါတယ်.. ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ၇ရက်တာစားရမယ့် ဗီတာမင်တွေဝယ်ရပါမယ်.. ဗီတာမင်ဘီ မက်ဂနီဆီယမ် ဗီတာမင်စီ ကယ်လ်စီယမ် လီကိုရိုက်စ်အန်ဂါးလစ် စတာတွေပေါ့.. ပရိုတိန်းအမှုန့်လေးလဲ ၀ယ်ရပါတယ်.. မဆာအောင်လို့ ၀ါးပေးရတဲ့ ဖိုင်ဘာဆေးပြားလေးတွေရောပေါ့.. ပြီးရင်တော့ အသီးဖျော်ရည် လုပ်ဖို့ သစ်သီးတွေလဲ ၀ယ်ထားရပါမယ်.. ဖျော်ရည်လုပ်ဖို့ Juice Maker လေးလဲရှိဖို့လိုမယ်နော်..

အစီအစဉ်ရဲ့ ပထမ၃ရက်လုံးလုံး တနေ့ကို သစ်သီးဖျော်ရည် ၂လီတာပဲသောက်ရပါမယ်.. လုံးဝ ဘာမှမစားရပါဘူး.. ရေတော့သောက်လို့ရပါတယ်.. ဗီတာမင်ဆေးပြားတွေကို တနေ့သုံးကြိမ်စားရပါတယ်.. ပရိုတိန်းမှုန့်ကို ဖျော်သောက်ရပါတယ်.. ဘာမှမစားရတော့ ဗိုက်မဆာဘူးလားမေးရင် မဆာပါဘူးရှင်.. စားချင်စိတ်ကတော့ အရမ်းကိုဖြစ်ပါတယ်.. သာမာန်အချိန်မှာ မစားချင်တဲ့အစားအစာတွေပါ စားချင်တာပါ.. စိတ်ကိုနိုင်အောင် တော်တော်ထိန်းရပါတယ်.. သစ်သီးဖျော်ရည်ကို ကျွန်မကတော့ ပန်းသီးစိမ်းရယ် မုန်လာဥနီရယ် ရောဖျော်ပါတယ်.. အရသာလေးကတော်တော်ကောင်းတာပါ..

လေးရက်မြောက်နေ့ကျရင်တော့ အသီးတွေစစားလို့ရပါပြီ.. ဒူးရင်းသီးတို့ ငှက်ပျောသီးတို့တော့ မစားနဲ့ပေါ့နော်.. ရေလဲများများသောက်ပေးပါ.. ကျွန်မကတော့ သခွားမွှေးတွေ မာလကာသီးတွေ စတော်ဘယ်ရီတွေစားပါတယ်.. ငါးရက်မြောက်နေ့ကျရင်တော့ ထမင်းသုံးလေးလုပ်စာလောက်နဲ့ အသီးအရွက်တွေ စားလို့ရပါပြီ.. ကျွန်မကတော့ ကန်ဇွန်းရွက်ကို ရခိုင်ဟင်းလှော်လေး လုပ်ပြီးစားပါတယ်.. ငရုတ်သီးဆားထောင်းလေးနဲ့ပေါ့.. ဆီလုံးဝမစားသေးပါဘူး.. ခြောက်ရက်မြောက်နေ့မှာတော့ အသီးအရွက်တွေအပြင် အသားငါးနည်းနည်းပါ ထည့်စားနိုင်ပါပြီ.. ကျွန်မက ငါးစွပ်ပြုတ်လေးကို ကြာဇံလေးနည်းနည်းထည့်ပြုတ်ပြီး စားပါတယ်.. ဆီမပါတော့ဘူးပေါ့.. ၇ရက်မြောက်နေ့ကျရင်တော့ စားချင်တာစားလို့ရပါပြီ.. လျှော့စားဖို့တော့ လိုတာပေါ့နော်.. ခါတိုင်စားတာရဲ့ ထက်ဝက်လောက်ပဲစားပေါ့.. အစာအိမ်က ကျဉ်းသွားပြီမို့ နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်ပါတယ်.. အစာအိမ်ပြန်ကျယ်မသွားအောင် ထိန်းထိန်းသိမ်းသိမ်းလေး စားသောက်သွားမယ်ဆိုရင် နောက်ပိုင်းမှာ ၀ိတ်ပြန်မတက်နိုင်ပါဘူး..

၇ရက်အစီအစဉ်ပြီးသွားတော့ ၄ကီလိုနီးနီး ထပ်ကျသွားပါတယ်.. လိုအပ်တဲ့အာဟာရတွေကို စားရတဲ့ဗီတာမင်ဆေးပြားတွေက ရနေတာကြောင့် အားနည်းတာ မူးဝေတာတွေ ဘာမှမဖြစ်ပါဘူး.. ကျွန်မဆို ရုံးတက်နေရင်းနဲ့ပဲ ပြီးသွားတာပါ.. ဆိုက်ထဲမှာ ပင်ပင်ပန်းပန်းလုပ်ရတဲ့ လူတွေအတွက်တော့ မကိုက်ဘူး.. အရင်က လေးကီလိုနီးနီးကျထားတာဆိုတော့ စုစုပေါင်း ၇ကီလိုကျော်ကျော်ကျသွားတာပေါ့.. ၀ိတ်မချခင်က ၀တ်ဖို့စဉ်းတောင်မစဉ်းစားရဲတဲ့ မြန်မာဝတ်စုံလေးတွေ ၀တ်လို့အဆင်ပြေလာတယ်.. နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးဖြစ်လာတယ်လေ.. သို့သော်.. သို့သော်ပေါ့လေ.. ဆင်ပိန်ကျွဲလောက်ဆိုတဲ့စကားလဲ ရှိသမို့လား.. ခုလဲ ကျွဲလောက်တော့ရှိပါသေးကြောင်း ပုံနှင့်တကွ သက်သေပြပါသည်ရှင့်.....း)







Sunday, February 13, 2011

အချစ်ဆုံးမို့ပြောပြချင်ပါတယ်

ကျွန်မရဲ့ မကောင်းမကန်းအသံလေးကို နားထောင်ကြည့်ကြပါဦး.. အသံတော့နည်းနည်းတိုးမယ်ထင်တယ်..း)

Wednesday, February 9, 2011

အဖွားတို့အိမ်

ရန်ကုန် သုဝဏ္ဏ ကျွန်းရွှေမြိုင်လမ်းထဲကနေ ယင်းမာမြိုင်လမ်းထဲကို ချိုးကွေ့ဝင်လိုက်ရင် အဖွားတို့အိမ်ကိုရောက်မယ်.. အုတ်ခုံလေးတွေတဖက်တချက်ရံထားတဲ့ ရေမြောင်းဖုံး ကွန်ကရစ်တံတားလေးကိုဖြတ်.. သံပန်းတံခါးစိမ်းစိမ်းလေးကိုဖွင့်လို့ ခြံထဲဝင်လိုက်ရင် လူလျှောက်လမ်းလေးက အိမ်ဝထိခေါ်သွားလိမ့်မယ်.. လမ်းကလေးရဲ့ဝဲယာမှာ သစ်ပင်ပန်းပင်လေးတွေနဲ့ ဝေေ၀ဆာဆာရှိနေလိမ့်မယ်.. အိမ်ထဲဝင်လိုက်ရင်တော့ ပြောင်လက်နေအောင်တိုက်ထားတဲ့ ပါကေးကြမ်းခင်းနဲ့ ဧည့်ခန်းကျယ်ကြီးထဲကို ရောက်သွားမှာပေါ့..

ကျွန်မတို့ငယ်ငယ်တုန်းက အဖွားတို့အိမ်မှာနေကြတယ်.. အဖိုးက ကုလားထိုင်တလုံးနဲ့ တီဗီရှေ့မှာထိုင်နေတတ်ပြီး တခုခုလိုချင်ပြီဆို အဖွားကို အေးရေ.. လို့ လှမ်းအော်ခေါ်တတ်တာ မှတ်မိသေးတယ်.. အဖွားကတော့ မီးဖိုထဲမှာဟင်းချက်နေရင်နေမယ် ခြံထဲမှာအပင်တွေကို ရေလောင်းပေါင်းသင်လုပ်နေမယ်.. အဖွားက အပင်စိုက်ဝါသနာပါတယ်.. ၀ါးမြက်ဦးထုပ်တလုံးဆောင်းလို့ ခြံထဲမှာတကုပ်ကုပ်အလုပ်ရှုပ်နေတတ်တာက အဖွားရဲ့မူပိုင်ပုံရိပ်.. သူ့ခြံထဲမှာဆို အပင်တွေကိုစုံလို့.. ပင့်ကူသစ်ခွတွေကို ၀ါးစင်ကြီးတွေနဲ့ ထောင်ပြီးစိုက်ထားတယ်.. ကားရုံနားမှာတော့ ပိန်းပန်းတွေကို အိုးကြီးအိုးငယ်အသွယ်သွယ်နဲ့ အရောင်စုံစိုက်ထားတယ်.. သရက်ပင်ပင်စည်မှာ ဖယောင်းပန်းလေးတွေ ၀ိုင်းပတ်ပြီးတော့လဲ စိုက်ထားသေးတယ်.. ကားဝင်တဲ့တံခါးဘေးမှာ ပုန်းညက်ပင်ကြီးရယ် ဇီဇ၀ါပန်းပင်တွေရယ်ရှိတယ်လေ.. ရေမော်တာအိမ်လေးနားမှာ စပါယ်ပန်းရုံလေးလုပ်ထားတယ်.. သူ့ဘေးမှာတော့ နှင်းဆီပင်တွေပေါ့.. အိမ်မကြီးနဲ့ကပ်ရက်မှာ လေးကျွန်းကြာခိုင်ပန်းတွေ ဒေစီပန်းတွေကို အိုးတွေနဲ့စိုက်ထားသေးတယ်.. တံစက်မြိတ်အောက်မှာတော့ မြန်မြန်နမ်းပါဆိုတဲ့ ဆူးများနဲ့ပန်းရောင်စုံလေးများ.. ဘေးနားလေးမှာက ခိုင်ရွှေဝါပန်းရုံလေး.. စက္ကူပန်းရုံလေးတွေကလဲ ဟိုနားတခု ဒီနားတခုနဲ့ ရောင်စုံပေါ့.. ငွေပန်းရုံကြီးလဲရှိသေးတယ်.. အပင်တွေအစုံနဲ့ အဖွားတို့ခြံကြီးက ရာသီမရွေး ပန်းတွေဝေလို့ ပန်းရနံ့တွေသင်းလို့ပေါ့.. ဧည့်ခန်းထဲမှာဆိုလဲ အလှပန်းအိုးလေးတွေနဲ့ ခြံထွက်ပန်းလေးတွေက ဝေေ၀ဆာဆာ..

သားသမီး ၇ယောက်ရှိတဲ့အဖွားဆီမှာ မြေးက ၁၄ယောက် မြစ်က၅ယောက်ပေါ့.. အားလုံးက အဖွားကိုချစ်ကြောက်ရိုသေကြတယ်.. ကျွန်မ၇နှစ်သမီးလောက်မှာ အဖိုးဆုံးသွားတာဆိုတော့ ခုဆိုနှစ်၂၀ကျော်ပြီပေါ့.. နှစ်တိုင်းနှစ်တိုင်း အဖိုးအတွက်ရည်စူးတဲ့ အလှူကို အဖွားတို့အိမ်မှာလုပ်ကြတယ်.. ဧည့်သည်တွေကအများကြီးဆိုတော့ အားလုံးအလုပ်တွေများကြတာပေါ့.. အလှူမတိုင်ခင်တရက်ကတည်းက ဈေးဝယ်ကြ ချက်ကြပြုတ်ကြနဲ့ အဖွားတို့အိမ်ကြီးက ဆူလို့ညံလို့ပေါ့.. ညရောက်ရင် ဧည့်ခန်းထဲမှာ ခြင်ထောင်အကြီးကြီးတွေထောင်လို့ မြေးတွေအားလုံး တန်းစီအိပ်ကြရတယ်.. စကားတွေပြောနေကြတာနဲ့ မအိပ်ဖြစ်တာကများပါတယ်.. ကိုကိုဘိုဘိုပြောပြတဲ့ သရဲပုံပြင်တွေတောင် မှတ်မိနေသေးတယ်.. သရဲပုံပြင်တွေနားထောင်နေတုန်း ရဲရဲက သရဲလိုလာခြောက်လို့ အော်ကြဟစ်ကြနဲ့.. လူကြီးတွေကတော့ ပေါ်ထပ်ကနေလှမ်းဆူတာပေါ့.. မနက်ကျတော့ အစောကြီးထရပြီး စားပွဲဝိုင်းတွေ ခင်းရကျင်းရတယ်.. ဘုန်းကြီးပွဲပြီးသွားရင် အိမ်သားတွေအလှည့်ပေါ့.. ပြီးရင်တော့ ဧည့်သည်တွေလာပါပြီ.. ကျွန်မတို့မိန်းကလေးတွေက စားပွဲထိုးပေါ့.. အိမ်ရှေ့နဲ့နောက်ဖေး လွန်းထိုးပြေးကြရတာ.. ဧည့်သည်တယောက်လာတိုင်း မြေးတွေကိုခေါ်ခေါ်ပြလို့ ကျွန်မတို့တတွေ တန်းစီပြီးပြုံးပြနှုတ်ဆက်ကြရတာ မှတ်မိသေးတယ်.. နည်းနည်းကြီးလာတော့ အလှူအတွက် အဖွားခွဲပေးတဲ့တာဝန်လေးတွေ ယူလာရတယ်.. များသောအားဖြင့်တော့ ကျွန်မက အချိုပွဲတာဝန်ယူရတတ်တယ်.. ကျွန်မတို့အစ်မအကြီးဆုံးနဲ့တွဲပြီးပေါ့.. ကျောက်ကျောတွေမျိုးစုံကျို.. လက်ဖက်အသားကိုနှပ်.. အကြော်တွေကို ၂ပြန်ကြော်လုပ်.. စသဖြင့်ပေါ့လေ..

ကျွန်မတို့မောင်နှမ၀မ်းကွဲတွေက အရင်းလောက်နီးနီးကို ချစ်ကြတာ.. ငယ်ငယ်လေးကတည်းက အဖွားတို့အိမ်မှာ တပါတ်တခါလောက် အနည်းဆုံး ဆုံနေကြဆိုတော့ ရင်းရင်နှီးနှီး ချစ်ချစ်ခင်ခင်ပေါ့.. သီတင်းကျွတ်ကန်တော့ပွဲဆို ကြီးစဉ်ငယ်လိုက် ကန်တော့ခံကြ.. မုန့်ဖိုးတွေပေးကြ.. တကယ်ကိုပျော်စရာကြီး.. ကန်တော့လို့ပြီးကြရင် အဖွားချက်ထားတာတွေကို စိတ်တိုင်းကျတွယ်ကြတာပေါ့.. ပြီးရင် ကျွန်မတို့တတွေက ခြံထဲမှာမျောက်ရှုံးအောင်ဆော့ကြတယ်.. လူကြီးတွေကတော့ တီဗီကြည့်ကြ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့ပေါ့.. ဆော့ရတာလဲမောလာပြီ နေကလဲပူလာပြီဆို အထမ်းနဲ့ရောင်းတဲ့ ရွှေရင်အေးသည်ကြီးကို ခြံထဲခေါ်ပြီး ချိုအေးနေတဲ့ရွှေရင်အေးတွေ တပျော်တပါးဝယ်စားကြတယ်.. ပြီးရင်တော့ လူကြီးတွေစကားဝိုင်းထဲ ၀င်ရှုပ်ကြတာပေါ့.. စကားပြောကောင်းတဲ့ ကြီးကြီးဘေဘီရဲ့ ခရီးသွားဇာတ်လမ်းလေးတွေ နားထောင်ကြရတာ စိတ်ဝင်စားဖို့သိပ်ကောင်း.. ညနေစာစားပြီးကြလို့ မှောင်ပြီဆို ခြံထဲမှာမီးထွန်းပွဲလေးလုပ်ကြတယ်.. လူလျှောက်လမ်းလေးမှာ ဖယောင်းတိုင်လေးတွေ တန်းစီထွန်းကြတယ်.. ၀ရံတာမှာရောပေါ့.. ကလေးတွေက မီးပန်းတွေဆော့ကြ ငရဲမီးတွေဆော့ကြတယ်.. ညတော်တော်မိုးချုပ်မှ ကိုယ့်အိမ်ကိုယ်ပြန်ကြတယ်လေ..

သင်္ကြန်ရောက်ပြီဆို အဖွားလုပ်တဲ့သင်္ကြန်ထမင်းကို မက်မက်မောမောစားကြတယ်.. ဖယောင်းနံ့လေးသင်းနေတဲ့ မော်လမြိုင်သင်္ကြန်ထမင်းက ငါးခြောက်ထောင်းကြော် သရက်သီးသုပ်တွေနဲ့ဆို လိုက်မှလိုက်ပေါ့.. စားပြီးရင်တော့ အိမ်နီးနားချင်းတွေကို မုန့်လိုက်ဝေပေးရတယ်.. လမ်းသွယ်လေးထဲဆိုတော့ မုန့်လိုက်ဝေယုံလောက်နဲ့တော့ ရေမစိုတတ်ပါဘူး.. သင်္ကြန်ဆို လည်တာပတ်တာဝါသနာမပါတဲ့ ကျွန်မကတော့ အဖွားတို့အိမ်မှာပဲ တနေကုန်နေဖြစ်တယ်.. တီဗီကလာတဲ့ သင်္ကြန်ဇာတ်လမ်းတွေ အကတွေကြည့်ရင်း စာအုပ်တွေဖတ်ရင်းပေါ့.. ညနေဘက် ရေမပက်တော့တဲ့အချိန်ကျမှ အိမ်ပြန်ဖြစ်တယ်..

တပို့တွဲလဆိုရင်တော့ ထမနဲပွဲ.. သားသမီးတွေ တအိမ်ချင်းစီအတွက် ထမနဲကို အဖွားကဒိုင်ခံထိုးပေးတယ်.. မြေးယောက်ျားလေးတွေက အားနဲ့မာန်နဲ့ ထမနဲချေကြရတာပေါ့.. ကျွန်မတို့မိန်းကလေးတွေက အုန်းသီးတွေ ဂျင်းတွေလှီးကြ မြေပဲတွေအခွံချွတ်ကြ နှမ်းဖြူးကြပေါ့.. ထမနဲတအိုးကျခါနီးတိုင်း အဖွားက လာကြဟေ့ နှမ်းလာဖြူးကြဆိုရင် ပြေးပြီးသွားကြတယ်.. ကိုယ့်အိမ်အတွက် အသီးသီးထုပ်ပိုးပြီးကြပြီဆို အဖွားဝေစုထဲက ထမနဲတွေကို အလုအယက်တွယ်ကြတယ်.. အဖွားလက်ရာထမနဲက ဘာနဲ့မှမလဲနိုင်ဘူးပေါ့..

အခုထက်ထိလဲ အဖွားတို့အိမ်ကြီးက အရင်လိုပါပဲ.. ပိတ်ရက်တွေတိုင်း သားသမီးမြေးမြစ်တွေနဲ့ စည်ကားနေဆဲပေါ့.. ကျွန်မတို့မောင်နှမတတွေသာ အဝေးကိုရောက်နေကြတာလေ.. အဖိုးအတွက် ဆွမ်းကျွေးအလှူလုပ်တိုင်း သီတင်းကျွတ်ကန်တော့ကြတိုင်း သင်္ကြန်ရက်တွေတိုင်း ထမနဲပွဲရက်တွေတိုင်း အဖွားတို့အိမ်ကြီးကို ပြေးပြန်သွားလိုက်ချင်စိတ်က ဖိစီးနေတတ်တယ်.. ဝေးနေခဲ့တာ ၄နှစ်ရှိပြီကိုး.. ဘယ်တော့မှ အိမ်ပြန်ခွင့်ရမလဲလို့ တွေးမိရင်မွန်းကြပ်လွန်းလို့ မတွေးချင်တော့ဘူး.. တနေ့နေ့ပေါ့လေ.. အဖွားတို့အိမ်ကြီးရဲ့ အချိန်ရာသီအလိုက် မိသားစုပွဲလေးတွေဆီကို ကျွန်မပြန်လာခဲ့မှာပါ..