Wednesday, February 9, 2011

အဖွားတို့အိမ်

ရန်ကုန် သုဝဏ္ဏ ကျွန်းရွှေမြိုင်လမ်းထဲကနေ ယင်းမာမြိုင်လမ်းထဲကို ချိုးကွေ့ဝင်လိုက်ရင် အဖွားတို့အိမ်ကိုရောက်မယ်.. အုတ်ခုံလေးတွေတဖက်တချက်ရံထားတဲ့ ရေမြောင်းဖုံး ကွန်ကရစ်တံတားလေးကိုဖြတ်.. သံပန်းတံခါးစိမ်းစိမ်းလေးကိုဖွင့်လို့ ခြံထဲဝင်လိုက်ရင် လူလျှောက်လမ်းလေးက အိမ်ဝထိခေါ်သွားလိမ့်မယ်.. လမ်းကလေးရဲ့ဝဲယာမှာ သစ်ပင်ပန်းပင်လေးတွေနဲ့ ဝေဝေဆာဆာရှိနေလိမ့်မယ်.. အိမ်ထဲဝင်လိုက်ရင်တော့ ပြောင်လက်နေအောင်တိုက်ထားတဲ့ ပါကေးကြမ်းခင်းနဲ့ ဧည့်ခန်းကျယ်ကြီးထဲကို ရောက်သွားမှာပေါ့..

ကျွန်မတို့ငယ်ငယ်တုန်းက အဖွားတို့အိမ်မှာနေကြတယ်.. အဖိုးက ကုလားထိုင်တလုံးနဲ့ တီဗီရှေ့မှာထိုင်နေတတ်ပြီး တခုခုလိုချင်ပြီဆို အဖွားကို အေးရေ.. လို့ လှမ်းအော်ခေါ်တတ်တာ မှတ်မိသေးတယ်.. အဖွားကတော့ မီးဖိုထဲမှာဟင်းချက်နေရင်နေမယ် ခြံထဲမှာအပင်တွေကို ရေလောင်းပေါင်းသင်လုပ်နေမယ်.. အဖွားက အပင်စိုက်ဝါသနာပါတယ်.. ၀ါးမြက်ဦးထုပ်တလုံးဆောင်းလို့ ခြံထဲမှာတကုပ်ကုပ်အလုပ်ရှုပ်နေတတ်တာက အဖွားရဲ့မူပိုင်ပုံရိပ်.. သူ့ခြံထဲမှာဆို အပင်တွေကိုစုံလို့.. ပင့်ကူသစ်ခွတွေကို ၀ါးစင်ကြီးတွေနဲ့ ထောင်ပြီးစိုက်ထားတယ်.. ကားရုံနားမှာတော့ ပိန်းပန်းတွေကို အိုးကြီးအိုးငယ်အသွယ်သွယ်နဲ့ အရောင်စုံစိုက်ထားတယ်.. သရက်ပင်ပင်စည်မှာ ဖယောင်းပန်းလေးတွေ ၀ိုင်းပတ်ပြီးတော့လဲ စိုက်ထားသေးတယ်.. ကားဝင်တဲ့တံခါးဘေးမှာ ပုန်းညက်ပင်ကြီးရယ် ဇီဇဝါပန်းပင်တွေရယ်ရှိတယ်လေ.. ရေမော်တာအိမ်လေးနားမှာ စပါယ်ပန်းရုံလေးလုပ်ထားတယ်.. သူ့ဘေးမှာတော့ နှင်းဆီပင်တွေပေါ့.. အိမ်မကြီးနဲ့ကပ်ရက်မှာ လေးကျွန်းကြာခိုင်ပန်းတွေ ဒေစီပန်းတွေကို အိုးတွေနဲ့စိုက်ထားသေးတယ်.. တံစက်မြိတ်အောက်မှာတော့ မြန်မြန်နမ်းပါဆိုတဲ့ ဆူးများနဲ့ပန်းရောင်စုံလေးများ.. ဘေးနားလေးမှာက ခိုင်ရွှေဝါပန်းရုံလေး.. စက္ကူပန်းရုံလေးတွေကလဲ ဟိုနားတခု ဒီနားတခုနဲ့ ရောင်စုံပေါ့.. ငွေပန်းရုံကြီးလဲရှိသေးတယ်.. အပင်တွေအစုံနဲ့ အဖွားတို့ခြံကြီးက ရာသီမရွေး ပန်းတွေဝေလို့ ပန်းရနံ့တွေသင်းလို့ပေါ့.. ဧည့်ခန်းထဲမှာဆိုလဲ အလှပန်းအိုးလေးတွေနဲ့ ခြံထွက်ပန်းလေးတွေက ဝေဝေဆာဆာ..

သားသမီး ရ
၇ယောက်ရှိတဲ့အဖွားဆီမှာ မြေးက ၁၄ယောက် မြစ်က၅ယောက်ပေါ့.. အားလုံးက အဖွားကိုချစ်ကြောက်ရိုသေကြတယ်.. ကျွန်မ၇နှစ်သမီးလောက်မှာ အဖိုးဆုံးသွားတာဆိုတော့ ခုဆိုနှစ်၂၀ကျော်ပြီပေါ့.. နှစ်တိုင်းနှစ်တိုင်း အဖိုးအတွက်ရည်စူးတဲ့ အလှူကို အဖွားတို့အိမ်မှာလုပ်ကြတယ်.. ဧည့်သည်တွေကအများကြီးဆိုတော့ အားလုံးအလုပ်တွေများကြတာပေါ့.. အလှူမတိုင်ခင်တရက်ကတည်းက စျေးဝယ်ကြ ချက်ကြပြုတ်ကြနဲ့ အဖွားတို့အိမ်ကြီးက ဆူလို့ညံလို့ပေါ့.. ညရောက်ရင် ဧည့်ခန်းထဲမှာ ခြင်ထောင်အကြီးကြီးတွေထောင်လို့ မြေးတွေအားလုံး တန်းစီအိပ်ကြရတယ်.. စကားတွေပြောနေကြတာနဲ့ မအိပ်ဖြစ်တာကများပါတယ်.. ကိုကိုဘိုဘိုပြောပြတဲ့ သရဲပုံပြင်တွေတောင် မှတ်မိနေသေးတယ်.. သရဲပုံပြင်တွေနားထောင်နေတုန်း ရဲရဲက သရဲလိုလာခြောက်လို့ အော်ကြဟစ်ကြနဲ့.. လူကြီးတွေကတော့ ပေါ်ထပ်ကနေလှမ်းဆူတာပေါ့.. မနက်ကျတော့ အစောကြီးထရပြီး စားပွဲဝိုင်းတွေ ခင်းရကျင်းရတယ်.. ဘုန်းကြီးပွဲပြီးသွားရင် အိမ်သားတွေအလှည့်ပေါ့.. ပြီးရင်တော့ ဧည့်သည်တွေလာပါပြီ.. ကျွန်မတို့မိန်းကလေးတွေက စားပွဲထိုးပေါ့.. အိမ်ရှေ့နဲ့နောက်ဖေး လွန်းထိုးပြေးကြရတာ.. ဧည့်သည်တယောက်လာတိုင်း မြေးတွေကိုခေါ်ခေါ်ပြလို့ ကျွန်မတို့တတွေ တန်းစီပြီးပြုံးပြနှုတ်ဆက်ကြရတာ မှတ်မိသေးတယ်.. နည်းနည်းကြီးလာတော့ အလှူအတွက် အဖွားခွဲပေးတဲ့တာဝန်လေးတွေ ယူလာရတယ်.. များသောအားဖြင့်တော့ ကျွန်မက အချိုပွဲတာဝန်ယူရတတ်တယ်.. ကျွန်မတို့အစ်မအကြီးဆုံးနဲ့တွဲပြီးပေါ့.. ကျောက်ကျောတွေမျိုးစုံကျို.. လက်ဖက်အသားကိုနှပ်.. အကြော်တွေကို ၂ပြန်ကြော်လုပ်.. စသဖြင့်ပေါ့လေ..

ကျွန်မတို့မောင်နှမဝမ်းကွဲတွေက အရင်းလောက်နီးနီးကို ချစ်ကြတာ.. ငယ်ငယ်လေးကတည်းက အဖွားတို့အိမ်မှာ တပါတ်တခါလောက် အနည်းဆုံး ဆုံနေကြဆိုတော့ ရင်းရင်နှီးနှီး ချစ်ချစ်ခင်ခင်ပေါ့.. သီတင်းကျွတ်ကန်တော့ပွဲဆို ကြီးစဉ်ငယ်လိုက် ကန်တော့ခံကြ.. မုန့်ဖိုးတွေပေးကြ.. တကယ်ကိုပျော်စရာကြီး.. ကန်တော့လို့ပြီးကြရင် အဖွားချက်ထားတာတွေကို စိတ်တိုင်းကျတွယ်ကြတာပေါ့.. ပြီးရင် ကျွန်မတို့တတွေက ခြံထဲမှာမျောက်ရှုံးအောင်ဆော့ကြတယ်.. လူကြီးတွေကတော့ တီဗီကြည့်ကြ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့ပေါ့.. ဆော့ရတာလဲမောလာပြီ နေကလဲပူလာပြီဆို အထမ်းနဲ့ရောင်းတဲ့ ရွှေရင်အေးသည်ကြီးကို ခြံထဲခေါ်ပြီး ချိုအေးနေတဲ့ရွှေရင်အေးတွေ တပျော်တပါးဝယ်စားကြတယ်.. ပြီးရင်တော့ လူကြီးတွေစကားဝိုင်းထဲ ၀င်ရှုပ်ကြတာပေါ့.. စကားပြောကောင်းတဲ့ ကြီးကြီးဘေဘီရဲ့ ခရီးသွားဇာတ်လမ်းလေးတွေ နားထောင်ကြရတာ စိတ်ဝင်စားဖို့သိပ်ကောင်း.. ညနေစာစားပြီးကြလို့ မှောင်ပြီဆို ခြံထဲမှာမီးထွန်းပွဲလေးလုပ်ကြတယ်.. လူလျှောက်လမ်းလေးမှာ ဖယောင်းတိုင်လေးတွေ တန်းစီထွန်းကြတယ်.. ၀ရံတာမှာရောပေါ့.. ကလေးတွေက မီးပန်းတွေဆော့ကြ ငရဲမီးတွေေဆော့ကြတယ်.. ညတော်တော်မိုးချုပ်မှ ကိုယ့်အိမ်ကိုယ်ပြန်ကြတယ်လေ..

သင်္ကြန်ရောက်ပြီဆို အဖွားလုပ်တဲ့သင်္ကြန်ထမင်းကို မက်မက်မောမောစားကြတယ်.. ဖယောင်းနံ့လေးသင်းနေတဲ့ မော်လမြိုင်သင်္ကြန်ထမင်းက ငါးခြောက်ထောင်းကြော် သရက်သီးသုပ်တွေနဲ့ဆို လိုက်မှလိုက်ပေါ့.. စားပြီးရင်တော့ အိမ်နီးနားချင်းတွေကို မုန့်လိုက်ဝေပေးရတယ်.. လမ်းသွယ်လေးထဲဆိုတော့ မုန့်လိုက်ဝေယုံလောက်နဲ့တော့ ရေမစိုတတ်ပါဘူး.. သင်္ကြန်ဆို လည်တာပတ်တာဝါသနာမပါတဲ့ ကျွန်မကတော့ အဖွားတို့အိမ်မှာပဲ တနေကုန်နေဖြစ်တယ်.. တီဗီကလာတဲ့ သင်္ကြန်ဇာတ်လမ်းတွေ အကတွေကြည့်ရင်း စာအုပ်တွေဖတ်ရင်းပေါ့.. ညနေဘက် ရေမပက်တော့တဲ့အချိန်ကျမှ အိမ်ပြန်ဖြစ်တယ်..

တပို့တွဲလဆိုရင်တော့ ထမနဲပွဲ.. သားသမီးတွေ တအိမ်ချင်းစီအတွက် ထမနဲကို အဖွားကဒိုင်ခံထိုးပေးတယ်.. မြေးယောက်ျားလေးတွေက အားနဲ့မာန်နဲ့ ထမနဲချေကြရတာပေါ့.. ကျွန်မတို့မိန်းကလေးတွေက အုန်းသီးတွေ ဂျင်းတွေလှီးကြ မြေပဲတွေအခွံချွတ်ကြ နှမ်းဖြူးကြပေါ့.. ထမနဲတအိုးကျခါနီးတိုင်း အဖွားက လာကြဟေ့ နှမ်းလာဖြူးကြဆိုရင် ပြေးပြီးသွားကြတယ်.. ကိုယ့်အိမ်အတွက် အသီးသီးထုပ်ပိုးပြီးကြပြီဆို အဖွားဝေစုထဲက ထမနဲတွေကို အလုအယက်တွယ်ကြတယ်.. အဖွားလက်ရာထမနဲက ဘာနဲ့မှမလဲနိုင်ဘူးပေါ့..

အခုထက်ထိလဲ အဖွားတို့အိမ်ကြီးက အရင်လိုပါပဲ.. ပိတ်ရက်တွေတိုင်း သားသမီးမြေးမြစ်တွေနဲ့ စည်ကားနေဆဲပေါ့.. ကျွန်မတို့မောင်နှမတတွေသာ အဝေးကိုရောက်နေကြတာလေ.. အဖိုးအတွက် ဆွမ်းကျွေးအလှူလုပ်တိုင်း သီတင်းကျွတ်ကန်တော့ကြတိုင်း သင်္ကြန်ရက်တွေတိုင်း ထမနဲပွဲရက်တွေတိုင်း အဖွားတို့အိမ်ကြီးကို ပြေးပြန်သွားလိုက်ချင်စိတ်က ဖိစီးနေတတ်တယ်.. ဝေးနေခဲ့တာ ၄နှစ်ရှိပြီကိုး.. ဘယ်တော့မှ အိမ်ပြန်ခွင့်ရမလဲလို့ တွေးမိရင်မွန်းကြပ်လွန်းလို့ မတွေးချင်တော့ဘူး.. တနေ့နေ့ပေါ့လေ.. အဖွားတို့အိမ်ကြီးရဲ့ အချိန်ရာသီအလိုက် မိသားစုပွဲလေးတွေဆီကို ကျွန်မပြန်လာခဲ့မှာပါ..

7 comments:

ဧပရယ်လ်ပူး@ပူးတေ said...

After I had read your post, I miss my grand father's house also. I also want to go back on CNY, Tha dinn kyaut, Thingyan, etc. My grand father have 38 grand children and more than 10 great grand children. I miss all of my cousins. Most of the events are similar to the events in your post. :(

my office computer can't type mm font.

Baby taster said...

အဖွားတို့အိမ်အကြောင်းလေး လာဖတ်တယ်
ပျော်စရာကြီးနေမှာနော်။ မြူးမြူးဆို တော်သေးတယ်
၎နှစ်ပဲ ကိုယ်ဆို ၁၃နှစ်ရှိပြီ။ အဖွားလည်း ဆုံးသွားရှာပြီ

မေဇင် said...

အဘွားတို့ အိမ်လေးကို သဘောကျလိုက်တာ...မောင်နှမတတွေလဲ ပျော်စရာကြီးပဲး))

မေဇင် said...
This comment has been removed by the author.
စန္ဒကူး said...

အဖွားအိမ်နွေးထွေးတဲ့အကြောင်းရေးထားတာ..
ဖတ်လို့ကောင်းတယ်..
ကူးတို့များအဖွားနဲ့တစ်ခါမှမနေခဲ့ရဘူး။
တစ်ခါတစ်လေ ရွာသွားလည်ရင်တောင် မရင်းနှီးတော့ဘူးရယ်.

မျက်မှန်လေး said...

ko dote twae grandmom home ne tu lite tar,,, khu so a phwar sone tar 8 years louk shi b....
cousin twae lal ma twaet phyit tot woo....

ချမ်းလင်းနေ said...

သင်္ကြန်ထမင်းတောင် စားချင်လိုက်မိပါ၏။ ညီမ ဘိုးဘိုးဘွားဘွားက မြေးမြစ်တွေ အများကြီးနော် ပျော်စရာကြီးနေမှာ။