Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Saturday, November 16, 2013

ကဗျာထင်တယ်

အစထွက်လာတာလေး  ဆွဲထုတ်ကြည့်ထားတာ..

Now, I'm in "brown"
And my mood is "down"
I'm not longing for "crown"
But what I wanna see is a "dawn"
With which nothing has gone "wrong"
That doesn't mean what i m doing is "wrong"
But I'm feeling like I'm a "clown"
I can't find a firm "ground"
On which I can stand "strong"

I believe my future is "bright"
As long as I do everything "right"
What I may need is a leading "light"
And someone to hold my hands and help me "fight"
So that I can win the battle of "life"

Whatever I did was all my "best"
I'm not sure if it is so for the "rest"
Not intend to regain the things I've "left"
As I don't wanna have a heart with "regret"
Just encouraged myself to learn the word "forget"
But I'm still puzzled what's the thing called "love"

အစအဆုံး  ကိုယ့်ခံစားချက်နဲ့  ထပ်တူမဟုတ်ပါဘူး..  ကာရန်ညီတာလေးတွေ  ကြိုးစားရှာကြည့်ထားတာ..


Thursday, August 30, 2012

ကိုယ်တိုင်ဖြေဖို့


အချစ်ဆိုတာ...

တချို့တချို့တွေအတွက်..
ပန်းသီးတစ်လုံးကို အဆိပ်တွေလောင်းပေးတဲ့
စုန်းမကြီးရဲ့မှော်အတတ်လိုမျိုး..

တချို့တချို့တွေအတွက်..
နှင်းဆီဖြူတွေကို ဇွတ်အတင်းအရောင်ပြောင်းပေးတဲ့
ဘာမှန်းမသိတဲ့ရောင်ခြယ်တွေ..

တချို့တချို့တွေအတွက်..
မီးသွေးခဲကို စိန်ပွင့်တွေအဖြစ်ပြောင်းလဲပေးတဲ့
အပူချိန်နဲ့ဖိအား..

တချို့တချို့တွေအတွက်..
အဖြူရောင်ကင်းဗက်စကို ဆေးရောင်စုံခြယ်သပေးတဲ့
ပန်းချီဆရာရဲ့လက်တွေ..

တချို့တချို့တွေအတွက်..
လိုရာရောက်အောင်လမ်းညွှန်ပေးတဲ့
လမ်းပြကြယ်လေး..

တကယ်တမ်းကိုယ်လိုချင်နေတာက..
အဆိပ်မထည့်ခင်က ပန်းသီး..
အဖြူသက်သက်နှင်းဆီပွင့်တွေ..
စိန်ပွင့်ဖြစ်မသွားခင်ကမီးသွေးခဲ..
ဆေးမစွန်းခင်ကအဖြူရောင်ကင်းဗက်စ..
ကြယ်မလင်းတဲ့မှောင်အတိကောင်းကင်..
ဘာကြောင့်ရယ်မှ ပြောင်းလဲမသွားသေးခင်က ပကတိဆိုတဲ့အရာ..

အဲသည်တော့..
ကိုယ့်အတွက်
အချစ်ဆိုတာ တကယ်ရောလိုအပ်ပါရဲ့လား..

ပွင့်မြူးဇင်
၃၀.၀၈.၂၀၁၂


Friday, July 27, 2012

ကဗျာ့မြစ်ဖျား

အတိတ်ရဲ့အရိပ်အငွေ့တွေရယ်..
ခံစားချက်တွေရယ်အပြည့်နဲ့နှလုံးသားကို..
အိပ်မက်တွေနဲ့ရံထားရင်း..
အနာဂတ်ဆီလှမ်းနေဆဲမှာ...

ပစ္စုပ္ပန်အမှန်တရားက..
အိပ်မက်တွေကိုတတိတိစားလာလိုက်တာ..
ငါ့နှလုံးသားလဲ..
ခပ်ပါးပါးပဲကျန်တော့တယ်...

နှလုံးသားနံရံပါးတွေက..
ခံစားချက်တွေကိုယိုစိမ့်ခွင့်ပြုလိုက်တော့..
စကားလုံးတွေအဖြစ်..
ခုန်ပေါက်စီးဆင်းစေလိုက်တာ..
ခုတော့...
ကဗျာမြစ်တွေကို ဝေလို့ြာလို့...

ပွင့်မြူးဇင်
၂၇.၀၇.၂၀၁၂



Monday, February 27, 2012

ပါပဂြိုလ်

ကြာသပတေးသမီးကျွန်မ..
အသက်၁၉နှစ်မှာ ရာဟုဂြိုလ်ထဲရောက်တယ်.....
ပါပဂြိုလ်တို့ဘာသာဘာဝ..
အဝင်များကြမ်းချက်တော့
ကျွန်မအသည်း ဟက်တက်ကွဲတယ်ပေါ့..

အဲသည်ကတည်းကစ..
၁၂နှစ်တာကာလတလျှောက်..
ကိုယ်ချစ်နဲ့သူချစ်တွေတလွဲ..
ထပ်တူမကျနိုင်ခဲ့ဘဲနဲ့..
အလွဲတွေနဲ့အသားကျလို့..
အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးတတ်ခဲ့တယ်..

ကျွန်မရဲ့ရာဟုက..
နှလုံးသားနုနုကိုမှ..
ရွေးပြီးခိုက်ရသတဲ့လား..

အသက်၃၁နှစ်ကျမှ..
ရာဟုလက်ကလွတ်မတဲ့..
ဟင့်အင်း..
မလွတ်ချင်လဲနေပါတော့..
ကျွန်မက..
ပါပဂြိုလ်မှာ ပျော်နေတတ်ပြီလေ..

ပွင့်မြူးဇင်
၂၇.၀၂.၂၀၁၂

Friday, October 21, 2011

နင်နဲ့ငါ

ဆန်းတော့မဆန်းဘူး
ဒါပေမယ့်.. ထူးတယ်..
ရူးတယ်လို့တော့ မသတ်မှတ်ပါနဲ့
ရက်စက်ခဲ့တာလဲ
ကြာပဲကြာလှပေါ့..

မမေ့ချင်ပါဘူး..
မုန်းဖို့လဲ မကြိုးစားခဲ့တာယုံ..
ပုံပေးထားခဲ့တဲ့အချစ်တွေအတွက်
ခပ်စပ်စပ်ရိုက်ချက်လေးနဲ့
နာကျင်မှုတွေပေးခဲ့သူက
ခုတော့လဲ..
သူမဟုတ်သလိုပါပဲလား..

ချစ်သူရေ..
နင့်အတွက်ငါက
လွတ်တဲ့ငါးမို့ကြီးသတဲ့လား..
အရူးမလုပ်ချင်စမ်းနဲ့ကွယ်..
နင့်အတွက်ဆို
အလိုလိုအဆင်သင့်ဖြစ်နေချင်တတ်တာ
နင်အသိပဲမဟုတ်လား..

ငါ..
သတ္တိရှိပါတယ်..
မိုက်ရူးရဲတော့မဖြစ်ချင်ဘူး..
တနေ့နေ့ပေါ့ကွယ်..
နင်တည့်တည့်သာလျှောက်လာခဲ့..
လုံးနေတဲ့ကမ္ဘာကြီးရဲ့တနေရာမှာ..
ငါတို့..
မျက်နှာချင်းဆိုင်..
ပြန်ဆုံဖြစ်ဦးမှာပါ..

ပွင့်မြူးဇင်
၂၁.၁၀.၂၀၁၁

Wednesday, August 24, 2011

.............


အရာရာခမ်းခြောက်သွားဖို့..
၁၀နှစ်ဆိုတာ လုံလောက်တဲ့အချိန်လား...

ပေးထားခဲ့ပါတယ်
နင်မရခဲ့ဘူးဆိုရင်တော့
အလွဲတကာ့အလွဲထဲ
ဒီတခါအလွဲဆုံးပေါ့..

နင်မရှုံးပါဘူး
မရုန်းနိုင်တာကငါ..
ဘာမှန်းမသိတဲ့ကြိုးတွေကအထပ်ထပ်နဲ့မို့
အဆုံးမသတ်နိုင်တာက
ငါကိုယ်တိုင်ပေါ့..

ဘဝလမ်းပေါ်မှာ
ဂငယ်ကွေ့ကွေ့လို့ရဖို့
ဘာအမှတ်အသားကိုရှာရမှာလဲ..
မိုးကြိုးကိုကာဖို့
ထန်းလက်ရှာသလိုများ ဖြစ်နေမလားပဲ..

ငါလား..
အသည်းကွဲနေတာမဟုတ်ဘူး
ကွဲစရာအသည်းကို မရှိတော့တာ..
ဘာလိုချင်တာလဲမမေးနဲ့
ငါ့ရင်ထဲ နင်မမြင်ရမှတော့
ဘာကိုလိုချင်ရဦးမှာတဲ့လဲ..

မနှစ်သိမ့်ပါနဲ့..
အနာစိမ်းပေါ်ကို
ပျားရည်ပဲလောင်းလောင်း အက်ဆစ်နဲ့ပဲပက်ပက်
စပ်တာကတော့စပ်မှာပဲ..

အကောင်းဆုံးကတော့ဟာ..
နင်ငါ့ကို ပစ်သာထားလိုက်...
ငါ့အတ္တနဲ့ငါ
ငါ့ဒေါသနဲ့ငါ
ငါ့သောကနဲ့ငါ
မျောချင်ရာပဲမျောနေပါရစေတော့..

အချစ်လား..
အဲဒါတော့ မမေးကြေးပေါ့..

ပွင့်မြူးဇင်
၂၄.၀၈.၂၀၁၁

Friday, August 12, 2011

သူငယ်ချင်း (၃)

သူငယ်ချင်းရေ..
ပန်းပွင့်ကြွေတွေ လေထဲမှာတွေ့လား..
ဒီလိုကျတော့လဲ လောကကြီးက အလှသားပေါ့..

နင့်ရင်ထဲမယ်..
အချစ်ကြောင့်လွမ်း
အလွမ်းကြောင့်များနွမ်းနယ်နေလေရော့သလား..

ပြေးထွက်ခဲ့စမ်းပါ..
ကိုယ့်ကိုကိုယ် ပိတ်လှောင်မထားစမ်းနဲ့..
လာ.. ဒီမှာ.. ကောင်းကင်ကြီးကပြာလို့..

မိုးတွေညိုလာတော့ကောဘာအရေးလဲ..
တိမ်မဲမဲတွေကမိုးရွာချတဲ့အခါ..
နင့်အလွမ်းတွေကိုပါမိုးရေနဲ့မျှောပစ်လိုက်..
မိုးစဲရင်ရောက်လာမယ့်နေခြည်အောက်
ခုန်ပေါက်ပစ်လိုက်စမ်း..

ကြိုးစားသမျှ အရာမထင်တာတွေ..
ပြန်မရလိုက်တဲ့ နားလည်မှုတွေ..
ထပ်တူမကျနိုင်တဲ့အချစ်တွေ..
အားလုံးခဏဘေးဖယ်ထား..
လောကကြီးကတရားပါတယ်..
နေ့မှာအလင်း ညမှာအမှောင်..
အယောင်ဆောင်တွေထည့်မတွက်ကြေးဆို
ဘယ်ညကမှ နေ့လိုမလင်းနိုင်ဘူးလေ..

အမှောင်ပြီးရင် ရောက်လာမယ့်အလင်းရယ်..
မုန်တိုင်းနောက်က လေပြေညှင်းလေးရယ်..
နုနုနွေးနွေး မိုးစဲနေလေးရယ်..
မြင်ယောင်ကြည့်လိုက်စမ်း..
တို့ကမ္ဘာကြီးက သာယာပါတယ်ဟာ..

သြော်.. ကျန်သေးတယ်..
နင်လိုအပ်နေတဲ့အချိန်တိုင်း..
တုံ့ဆိုင်းမနေနဲ့နော်..
ခေါင်းလေးတချက်သာငဲ့ကြည့်လှည့်..
နင့်သူငယ်ချင်းငါ..
နင့်ဘေးမှာပါလာစေရမယ်..

ပွင့်မြူးဇင်
၁၂.၀၈.၂၀၁၁

Wednesday, April 27, 2011

ခေါင်းစဉ်မဲ့ဝေဒနာ

တခုခုကို စောင့်မျှော်နေသူအတွက်
တစ်မိနစ်က တစ်ကမ္ဘာမကကြာတယ်..

နေထွက်နေ၀င်ပုံမှန်လည်ပတ်နေရက်နဲ့တောင်
ကိုယ့်အတွက်တနေ့တာက ရှည်လျားလွန်းနေတယ်..

တစုံတယောက်ဆီက တစုံတခုသိရဖို့ရယ်
ပြန်ဆုံကြမယ့် မိုးစက်တွေကြားကနေ့လေးတနေ့ရယ်
အတူတူနေခွင့်ရမယ့် သီတင်း၂ပတ်တာကာလလေးရယ်ဆီ
အားသွန်ခွန်စိုက် ပြေးသွားလိုက်ချင်လဲ
ကာလယန္တရား လှုပ်ရှားမှုကိုက နှေးလွန်းနေတယ်..

နေသားမကျတဲ့ရှင်သန်မှုထဲမှာ
အရာရာက အကျည်းတန်စွာအထီးကျန်ဆန်လွန်းနေလို့
ကမ္ဘာကြီးရယ်..
ခပ်မြန်မြန်လေး လည်ပေးလိုက်စမ်းပါ..

ပွင့်မြူးဇင်
၂၇.၀၄.၂၀၁၁

Monday, April 18, 2011

ကဗျာလေး ၂ပုဒ်

မနှစ်ကတုန်းက ဓါတ်တော်တိုက်ကျောင်းကလုပ်တဲ့ သင်္ကြန်အမှတ်တရ မိဘကျေးဇူးဖော်ကျူးသီရာတေးကဗျာ ဆိုတဲ့ကဗျာပြိုင်ပွဲလေးမှာ ကျွန်မ ပထမဆုရခဲ့ပါတယ်.. ခုနှစ်လဲ ကဗျာ၂ပုဒ်ပို့ဖြစ်တယ်.. သင်္ကြန်ပွဲလုပ်မယ့်ရက်အထိတောင် ဘာမှအကြောင်းမကြားတော့ ဆုမရဘူးပဲထင်နေတာ.. မနေ့က သင်္ကြန်ပွဲမှာ မုန့်ဟင်းခါးလှူဖြစ်တော့ ပွဲတာဝန်ခံ မခင်မြင့်နဲ့တွေ့တယ်.. သူက ညီမလေး ကဗျာလဲဝင်မပြိုင်ပါလားဆိုမှ ပို့ထားတယ်လေဆိုတော့ သူက မရဘူးတဲ့.. အနားမှာရှိတဲ့ ဘုန်းဘုန်းကြီးကလဲ ကြားသွားတော့ မရဘူး.. သူ့ကဗျာတွေမပါဘဲ ဆုပေးလို့ဘယ်ဖြစ်မလဲဆိုပြီး ကျွန်မကို ကဗျာတွေအလွတ်ရရင် ရေးပေးပါဆိုတာနဲ့ ဖုန်းထဲကနေတဆင့် ဖွင့်ပြလိုက်တယ်.. ခဏနေတော့ မခင်မြင့်ကလာပြောပါတယ်.. ကဗျာဆုယူဖို့ စောင့်နေပေးပါတဲ့.. ကဗျာဆုတွေပေးတော့ ကျွန်မပို့ထားတဲ့ကဗျာ၂ပုဒ်အတွက် အကောင်းဆုံးအထူးဆုဆိုပြီး ပေးပါတယ်.. ဆုငွေ ၁၅၀ ရပါတယ်ရှင်.. ပို့ဖြစ်တဲ့ကဗျာလေးတွေ ဖတ်ကြည့်ကြပါဦးနော်..

သားလေးဖတ်ဖို့ (၂)

သားလေးရေ..
ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်အရွယ်ကစလို့..
တိုးတိုးပြီးချစ်လာခဲ့ရတာ..
ခုဆိုရင်.. နှစ်နွေကုန် နှစ်မိုးပြောင်းလို့ နှစ်ဆောင်းသစ်ခဲ့ပေါ့..

ပီယ၀ါစာ တီတီတာချိုစကားတွေနဲ့ ချွဲနွဲ့တတ်လာပြီမို့..
ဒို့ဘာသာ ယဉ်ကျေးမှုနဲ့အညီ..
ဆိုလာစကား ချိုသကာပျားဆိုသလိုပြောတတ်စေဖို့..
မေမေသင်ပေးခဲ့ရတယ်..

ချစ်စဖွယ်ယဉ်ကျေးတဲ့..
ကိုယ်အမူအယာလေးတွေပိုင်ဆိုင်စေဖို့..
ဆိုတန်ဆို ရိုက်တန်ရိုက်လို့ မေမေဆုံးမခဲ့တာကိုများ..
သားလေးနားလည်နိုင်ပါ့မလားလို့လည်း တွေးပူမိသေးရဲ့..

ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား..
ငယ်သူကိုသနားတတ်ဖို့လည်း..
ဥပမာ ဥပမေယျ ပုံပြင်တွေပြောပြလို့..
တတ်သမျှမှတ်သမျှနဲ့..
မေမေလမ်းညွှန်ပြပေးခဲ့တယ်..

ရပ်ဝေးမြေခြားက..
ဘာသာမတူ လူမျိုးကွဲ သူစိမ်းတွေကြားထဲမှာ..
ကြီးပြင်းရှင်သန် ရုန်းကန်ကြိုးစားနေရပေမယ့်..
အရိုးကို အရွက်မဖုံးဆိုသလို ဂုဏ်ယူဖွယ်ဒို့အစဉ်အလာများ..
ပျောက်ပျက်ကာမသွားစေဖို့ဆိုတာက..
မျိုးဆက်သစ်ကလေးငယ်..
သားလေးတို့အရွယ်ကစလို့..
တာဝန်သိကြဖို့ သိပ်အရေးကြီးတယ်မဟုတ်လား..

မြန်မာဆိုတာ အစဉ်အလာကြီးခဲ့တဲ့လူမျိုး..
ယဉ်ကျေးမှုသမ္ဘာမှာ မယှဉ်သာတဲ့လူမျိုး..
ကိုးကွယ်တဲ့ဘာသာ အခိုင်အမာနဲ့လူမျိုး..
ဖြူစင်ရိုးသား စိတ်ထားမြင့်မြတ်တဲ့လူမျိုးဆိုတာ..
ကမ္ဘာ့အလယ် တင့်တယ်စွာသက်သေပြနိုင်ဖို့..
မေမေ့သားလေးအတွက်ဆုံးမစာ..
အုတ်တစ်ချပ် သဲတပွင့်လေးသာ ဖြစ်ပါစေတော့လေ..

ပွင့်မြူးဇင်
(၀၇.၀၃.၂၀၁၁)



သို့.. ဖေဖေ

ဖေဖေ..
တွယ်တာလှပါတယ်ဆိုတဲ့သံယောဇဉ်များကိုဖြတ်တောက်ပြီး..
သမီးကိုဖေဖေထားခဲ့တာ ကြာပဲကြာလှပေါ့..

ဖေဖေပေးတဲ့အားမာန်တွေနဲ့..
လှမ်းလျှောက်ရမယ့်ဘ၀ခရီးအတွက်..
သမီးလေ.. ဘာကိုမှ ကြောက်မနေခဲ့ဘူး..

ဒါပေမယ့် ဖေဖေ..
လောကဓံလှိုင်းကြမ်းတွေထဲ..
လမ်းပျောက်လုဆဲဆဲကာလတွေတုန်းကတော့..
ဖေဖေ့ကိုတမ်းတစိတ်နဲ့..
ပြိုယိုင်လဲကျလုမတတ် သမီးတွေဝေခဲ့ဖူးတယ်..

ဖေဖေ့သမီးပါ ဖေဖေ..
အားမတန်တာတောင် မာန်မလျှော့ခဲ့ပါဘူး..
ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ရယ်လို့..
ဖေဖေပြောနေကျမဟုတ်လား..
ယုံကြည်တဲ့လမ်းကို ခိုင်မာစွာလျှောက်ရဲခဲ့လို့
ခုဆို.. တောင်ကြီး ဖ၀ါးအောက်ပေါ့..

မေတ္တာတရားတွေခေါင်းပါးတဲ့အရပ်မှာ
မလိုသူတွေရဲ့ထိုးနှက်ချက်တွေကြောင့်
တခါတလေများဆို ဘ၀ကိုတောင်အရှုံးပေးလိုက်ချင်မိရဲ့
လဲရင်ပြန်ထ ဒါဘ၀ပဲ.. အသာစံနိုင်ဖို့ အနာခံနိုင်ရမယ်ဆိုတဲ့
ဖေဖေ့ဆုံးမစကားတွေကြောင့်သာ
အမှောင်ကိုခွင်းဖောက်လို့ အလင်းဆီရောက်နိုင်ခဲ့တာ..

ခု.. သမီးလေ..
ဖေဖေနေစေချင်တဲ့ဘ၀မျိုးမှာ
ဖေဖေရစေချင်တဲ့အောင်မြင်မှုမျိုးနဲ့
အခိုင်အမာရပ်တည်နိုင်နေပြီမို့..
အတုအယောင်ပေါတဲ့လောကထဲ
စစ်မှန်ခြင်းသစ္စာတရားကို လမ်းညွှန်ပေးခဲ့တဲ့ဖေဖေ
ကောင်းမွန်ရာဘုံဘ၀ကနေ
သမီးအတွက်.. သာဓုခေါ်ပေးပါတော့နော်..

ပွင့်မြူးဇင်
၀၇.၀၃.၂၀၁၁

Thursday, March 10, 2011

တောင်ပံတမ်းချင်း

ငါ...
ဘ၀ဆိုတဲ့ရေပြင်ကျယ်ကြီးရဲ့..
ပစ္စုပ္ပန်ကမ်းပါးမှာထိုင်ရင်း..
အနာဂတ်ကိုမျှားနေတယ်..
မျှော်လင့်ချက်ငါးမျှားတံမှာ..
အိပ်မက်တွေကိုငါးစာအဖြစ်နဲ့ပေါ့..

ငါ့နဘေးမှာတော့..
အတိတ်တွေက တောင်းတလုံးနဲ့အပြည့်..
ကြာပြီမို့ငြိမ်သက်သွားကြတာတွေရော..
လတ်လတ်ဆတ်ဆတ်မို့..
တဖျတ်ဖျတ်လူးနေဆဲတွေရော..

ရင်ဘတ်ထဲမှာကျတော့..
လောဘကြောင့်ရခဲ့တဲ့အားမာန်တွေရယ်..
ဒေါသကြောင့်ဖြစ်ရတဲ့အပူတွေရယ်..
မောဟကြောင့်မောမှန်းမသိမောရတာတွေရယ်..
သံယောဇဉ်ကြိုးခပ်တင်းတင်းတွေရယ်..

တနေ့နေ့ပေါ့..
အားလုံးကိုလွှတ်ချနိုင်ခဲ့တဲ့တနေ့ကျရင်..
လေဟုန်ကိုစီး အမြင့်ကြီးပျံနိုင်ဖို့..
အတောင်ပံတွေရကောင်းပါရဲ့လေ....

ပွင့်မြူးဇင်
၁၀.၀၃.၂၀၁၁

Friday, August 27, 2010

လွဲ

ရင်ခုန်သံတွေထပ်တူကျခဲ့ပါရက်နဲ့
မျက်ဝန်းကစကားကို
ဘာသာပြန်တချက်အလွဲမှာ
တသက်ခွဲဖို့ဖြစ်လာမယ်လို့
ငါ.. ထင်ထားခဲ့ပါ့မလား.. ချစ်သူ..

ငါတို့..
ကျောချင်းကပ်ရပ်နေမိတော့
ကမ္ဘာကြီးဘယ်လိုလည်လည်
ဘယ်တော့ဆုံနိုင်မှာမို့လဲ..

ဆုံနိုင်ခွင့်တွေ
ဝေးမနေပါဘဲ
ရှေ့တိုးဖို့မရဲခဲ့လို့
တို့နှစ်ယောက်လွဲခဲ့ပေမယ့်..
ကွဲခဲ့တဲ့အသည်းရင်ထဲထည့်ရင်း
လွမ်းရဲပါသေးတယ်.. ချစ်သူရယ်..

ပွင့်မြူးဇင်
၂၇.၀၈.၂၀၁၀

Wednesday, August 4, 2010

အလင်း VS အမှောင်


တဒင်္ဂလေးပါပဲ..
အရောင်တောက်နေတဲ့တိမ်တွေအောက်
ဆုံမှတ်တူတဲ့မျက်ဝန်းတွေမှာလဲ
တိမ်ရောင်တွေဟပ်ပြီး လင်းလက်လို့...

ဒါပေမယ့်..
တို့အတူရောက်နေခဲ့တာကတော့
အချင်းချင်းတောင်မမြင်နိုင်လောက်တဲ့
အမှောင်ကမ္ဘာထဲလေ...

ပွင့်မြူးဇင်
၎.၈.၂၀၁၀

Photo Credit to My Best Friend, PPA.

Wednesday, July 7, 2010

အလင်းဝေးည

မှောင်အတိဥာဉ့်နက်သန်းခေါင်ထဲ
အလင်းရောင်မဲ့နေလိုက်ပုံများ
အိပ်မက်ထဲတောင်ပိန်းပိတ်လို့...

အဆုံးမဲ့အနာဂါတ်ကို
စိတ်ကူးနဲ့မျှော်ငေးမိပြန်တော့
ရယ်သံတွေတောင် ခြောက်ကပ်ကပ်နဲ့လေ..

အတိတ်လမ်းမှာတော့
ပျော်ခဲ့ဖူးတဲ့မှတ်တိုင်တချို့က
ကြယ်မှုန်လေးတွေလို တလက်လက်နဲ့
ဝေး.. ဝေးကျန်ခဲ့ပေါ့...

တိတ်ဆိတ်ခြောက်ကပ်နေတဲ့
ဟင်းလင်းပြင်အမှောင်လောကထဲ
လှမ်းလျှောက်ရင်းလမ်းပျောက်နေသူတွေအတွက်
ကောင်းကင်ရယ်..
လျှပ်စီးတချက်လောက်ဖြစ်ဖြစ်
လင်းလက်ပေးလိုက်ပါတော့..

ပွင့်မြူးဇင်
၀၇.၀၇.၂၀၁၀

Wednesday, June 9, 2010

ကာလန်ကူနီ

ခောတ်မှီနည်းတွေနဲ့
ရီဆိုက်ကယ်လုပ်ဖို့
အိပ်မက်ဟောင်းတွေ
ဈေးကောင်းပေးဝယ်တယ်..

ရင်ခုန်သံ
လတ်လတ်ဆတ်ဆတ်တွေကိုတော့
တစ်ပိဿာ
ထောင့်ငါးရာပေးမယ်..

အချစ်စစ်စစ်ဆိုရင်
မေတ္တာနုနုနဲ့
အလိုက်ပေးလဲတယ်..

အလွမ်းတစ်ပုလင်းကို
အနမ်းတစ်ခြင်းနဲ့
ဒဲ့လဲပေးတယ်..

အိပ်မက်ဟောင်းတွေအခါခါမက်ရင်း
ရင်ခုန်သံတွေလတ်ဆတ်ဆဲမို့
အချစ်စစ်ရဲ့သင်္ကေတ
အလွမ်းတွေသာပိုင်ဆိုင်နေရပါတယ်ဆိုသူတွေအတွက်
ဟောဒီမှာ လာပြီ..
ကာလန်ကူနီ..

Friday, April 9, 2010

ကျွန်မနဲ့ကဗျာ

ကျွန်မက ငယ်ငယ်လေးကတည်းက ကဗျာတွေကိုချစ်တဲ့သူ.. ကျွန်မအဖွားဆိုပြခဲ့တဲ့ ကလေးကဗျာလေးတွေက ကျွန်မနဲ့ဦးဆုံးထိတွေ့ခဲ့တဲ့ ကဗျာလေးတွေပေါ့.. မူကြိုကျောင်းမှာသင်ရတဲ့ ကဗျာလေးတွေကိုလဲ ကျွန်မချစ်ခဲ့တယ်.. အတန်းကျောင်းတက်ရပြန်တော့ မြန်မာကဗျာမျိုးစုံနဲ့ ရင်းနှီးလာရတယ်ပေါ့..

ကဗျာတွေကိုချစ်တဲ့ကျွန်မ ၈တန်းကျောင်းသူအရွယ်လောက်ကစပြီး ကဗျာလေးတွေစမ်းရေးခဲ့တယ်.. ကျောင်းကလုပ်တဲ့ ကဗျာပြိုင်ပွဲတွေဆိုရင်လဲ ၀င်ပြိုင်ဖြစ်တယ်.. သဘာဝအလှကို ဖော်ကျူးတဲ့ကဗျာလေးတွေ.. မြန်မာရိုးရာ ယဉ်ကျေးမှုကိုဖော်ကျူးတဲ့ကဗျာလေးတွေပေါ့.. ပန်းချီကားလေးပေးထားပြီး ကဗျာရေးခိုင်းတဲ့ပြိုင်ပွဲလေးမျိုးတွေဆိုရင်လဲ ၀င်ပြိုင်တာပဲ.. ဆုရတဲ့အခါလဲရ.. မရတဲ့အခါလဲမရပေါ့..

အချစ်ကဗျာလို့ပြောရင်ရမယ့် ကဗျာလေးတစ်ပုဒ်ကို စရေးဖြစ်တာကတော့ ပထမနှစ်တုန်းကပေါ့.. ကလေးအတွေးနဲ့ရေးထားတဲ့ကဗျာလေးကို တနေ့ကစာရွက်တွေရှင်းရင်းပြန်တွေလိုက်တော့ ရယ်ချင်ပက်ကျိလေးဖြစ်မိရဲ့.. ရေးခဲ့တုန်းကတော့ ခံစားချက်အပြည့်နဲ့ပေါ့.. ခုဖတ်ကြည့်တော့သာ ရယ်ချင်စရာ.. ဘာပဲဖြစ်ဖြစ် အမှတ်အရအနေနဲ့ တင်လိုက်မယ်လို့ စိတ်ကူးရသွားတယ်.. ဖတ်ကြည့်ကြပါဦး.. ကဗျာလေးခမျာ ခေါင်းစဉ်တောင်မရှိရှာဘူး...


နင်သိရဲ့လား..
နင့်ဆီကယုယမှုလေးတစ်ချက်
ငါ့အသက်ထက်မက်မောတယ်ဆိုတာ..

နင်သိရဲ့လား..
နင့်အကြည့်နွေးနွေးလေးတစ်ချက်
ငါအလေးအနက်ထားတတ်တယ်ဆိုတာ..

နင်သိရဲ့လား..
နင့်အပြုံးလက်လက်လေးတစ်ချက်အောက်
ငါအသက်ပျောက်သွားနိုင်တယ်ဆိုတာ..

နင်သိရဲ့လား..
နင့်အနမ်းဖွဖွလေးတစ်ချက်က
ငါ့ရင်ကိုအေးမြစေမယ်ဆိုတာ..

နင်သိရဲ့လား..
နင့်အမုန်းခါးခါးအောက်မှာ
ငါ့နှလုံးသားဆုံးပါးသွားလောက်တယ်ဆိုတာ..

တကယ်တော့ငါက..
မွေးကတည်းကနောက်ကျခဲ့သူ...

Wednesday, January 20, 2010

ရွှေ့ပြောင်းတောအုပ်













မိခင်ရဲ့ ရင်ကိုခွဲဖောက်
ဝေးနိုင်သမျှဝေးဝေးရောက်ဖို့
လေအစုန် အဟုန်စီးလို့
ခရီးအပြင်းနှင်ခဲ့တယ်...
ငါဟာ ... အတောင်ပါတဲ့သစ်စေ့လေး ...

မိခင်ဖန်ဆင်းပေးတဲ့အတောင်ပံတွေနဲ့
ငှက်တစ်ကောင် အယောင်ဆောင်ပြီး
လေဟုန်စီးလို့ ပျော်ခဲ့ရတာကခဏ ...
အရှိန်ရယ်ကုန်လို့
မြေတလင်း သက်ဆင်းရတဲ့အခါ ...
တစ်စက်မှမနွေးထွေးလေတဲ့
အစိမ်းသက်သက်မြေပြင်ရိုင်းက
အေးစက်စက် စောင့်ကြိုနေခဲ့တယ် ...

မှီတွယ်ရာမဲ့မြေပြင်ပေါ်မှာ
အမြစ်တွယ်အနေကျလို့
ဘဝအခြေလှနိုင်ဖို့အရေး
အတွေးအလုပ် အဟုတ်ခက်သလောက်
ရေကြည်တစ်ပေါက်သောက်ရဖို့တောင်
မလွယ်လှပါဘူး ...

အမြစ်တွယ်အပင်ပေါက်ခွင့်ရလို့
အရွယ်မရောက်သေးခင်ခဏမှာတင်
ပတ်ဝန်းကျင်ပေါင်းမြက်ရိုင်းတွေက
ဝါးမြိုလို့လက်စတုံးပစ်လိုက်ကြမှာကိုလဲ
စိုးခဲ့ရသေး ... ...

ဒါပေမဲ့ အမေ ... ...
ပူပင်မနေပါနဲ့
ဘယ်ရေမြေ ဘယ်အခြေရောက်ရောက်
ပေါက်ရောက်ရှင်သန်ပြီး
အောင်မြင်စွာပွင့်သီးနိုင်ဖို့အရေးတော့
အမေ့သားတွေ စွမ်းပါသေးတယ် ...

လေဒဏ်မိုးဒဏ် ကြံ့ကြံ့ခံရင်း
ရောက်လေရာမြေအရပ်မှာ
အမေပေးတဲ့ဇာတိမပျက်
တတ်နိုင်မျှကြိုးစားရင်း
ဝေဆာအောင်မြင်တဲ့သစ်တစ်ပင်အဖြစ်
ရပ်တည်ပြလိုက်ချင်သေးရဲ့ ...

ပွင့်မြူးဇင်
၁၉.၁.၂ဝ၁ဝ

Tuesday, December 22, 2009

အပြစ်ရှိလား

မြေညီမှာမှမလျှောက်ခဲ့ဖူးလေတော့
ခုလျှောက်နေရတဲ့လမ်း
မတ်စောက်နေမှန်းလဲ
သိခဲ့ဘူးလေ...

နေခြည်အောက်မှမရောက်ခဲ့ဖူးလေတော့
ခုရောက်နေရတဲ့နန်း
မှောင်အတိလွှမ်းနေမှန်းလဲ
သိခဲ့ဘူးလေ...

ရေကြည်တစ်ပေါက်မှမသောက်ခဲ့ဖူးလေတော့
ခုသောက်နေရတဲ့စမ်း
နောက်ကျိနေမှန်းလဲ
သိခဲ့ဘူးလေ...

အဲဒီအတွက်....
ကျွန်မမှာ......... အပြစ်ရှိလား.....????

Wednesday, December 9, 2009

ရင်ခွင်အခန်း

ချစ်ရသူရဲ့ ဥပေက္ခာဆိုတာ
အသွားထက်တဲ့ ဓါးတစ်လက်မှန်း
သိလိုက်ရတဲ့အချိန်မှာ
ကျွန်မနှလုံးသားက
တစ်စစီကွဲနေခဲ့ပြီးပြီ.....

ကျွန်မပြောသမျှစကား
မုသားရယ်လို့ ယုံမှတ်ထားသူကို
ဘယ်လိုရှင်းလင်းအောင်
ခင်းကျင်းပြသရမှာတဲ့လဲ

တကယ်ပါ....ချစ်သူ....
မယုံဘူးဆိုတာသိပါတယ်
ဒါပေမယ့်...
ရင်မှာတင်းကြပ်
အငြင်းခက်တဲ့ခံစားချက်တွေအကြောင်း
ပြောပြနေချင်သေးတယ်လေ...

Friday, October 30, 2009

နှလုံးသားနှင့်ရင်း၍

အရင်တုန်းက
တယုတယပြုခဲ့သမျှ...
ခုကျတော့လည်း
သမုဒယနွယ်တွေပါပဲ မောင်....

ရှောင်ဖယ်မရအောင်
နှောင်တွယ်မိနေတယ်ဆို
အချစ်မသိတဲ့ရှင်က
လှောင်ရယ်နေမလားပဲ...

အမုန်းကနတ္ထိ
အရှုံးသာအတိပြီးတာမို့
ပြုံးနေတဲ့အကြည့်မျိုးနဲ့လည်း
မကလိရဲခဲ့ပါဘူး...

မှန်းဆကြည့်ရင်တောင်
တမ်းတမိနေဆဲမို့
လွမ်းရတဲ့ရက်တွေဆိုတာလည်း
တွက်ရေလို့တောင်မရခဲ့ပါဘူး...

ပျော်ရာမှာမနေ
တော်ရာမှာနေရသူမို့
အဝေးရပ်က
ဆွေတသက်သက်နဲ့
ပေးအပ်လိုက်တဲ့ အချစ်တွေအတွက်
မှေးစက်ရာရင်ခွင်ကို
ပြင်ဆင်ပေးနိုင်သူက
သခင်....
ရှင်တစ်ယောက်ပဲ ရှိတာလေ...

လိုချင်တာကဆန္ဒ
ကြုံလာတာကဘ၀မို့
လိုအင်မပြည့်လို့လည်း
မငြိုငြင်ပါဘူး သခင်....
ရှင့်ဘ၀အခြေအနေ
ပျော်ပါစေလို့ပဲဆုမွန်ခြွေပါရစေ......
နှလုံးသားနှင့်ရင်း၍.................................

Tuesday, October 27, 2009

ဟန်ဆောင်ခြင်းရဲ့ရလာဒ်

ကဗျာကိုအလွမ်းနဲ့ဖွဲ့တာဟာ
တမ်းတခြင်းရဲ့နမိတ်
အဆွေးပုံရိပ်တွေသာဆိုရင်
ငါလေ...
မင်းကို... တမ်းတလွမ်းဆွေးနေရတုန်းပေါ့....

အမုန်းအမုန်းနဲ့
တချိန်လုံးဟစ်ကြွေးနေသမျှ
အလှဆုံးပြုံးရင်း
မာနတွေတင်းပြနေသမျှ
ရင်ထဲကဆန္ဒ.... တကယ်မဟုတ်ရပါဘူး...

ငါမကျွမ်းကျင်တဲ့ဟန်ဆောင်ခြင်းတွေနဲ့
ဖန်ဆင်းကာ မာန်တင်းနေရတာတွေ
မင်းကတော့... အလျှင်းမသိခဲ့ပါဘူးလေ...

အလွမ်းတွေရဲ့အနားသတ်
ပျော်ရွှင်ခြင်းကမ်းစပ်ကို
အပြင်းလှော်ခတ်သွားချင်ပေမယ့်
ဥပေက္ခာလှိုင်းကြမ်းတွေကြောင့်
ကမ်းနဲ့ဝေးရာကိုပဲ ပြေးခွာခဲ့ရတယ်....

ချစ်သူရေ.....
တကယ်ဆို ငါလျှောက်လှမ်းနေတာ...
မာနတွေခင်းထားတဲ့
အတ္တလမ်း ခပ်ကြမ်းကြမ်းပေါ့.....