Showing posts with label Miscellaneous. Show all posts
Showing posts with label Miscellaneous. Show all posts

Thursday, April 21, 2011

ပေးချင်လို့ပါ

သားသားရဲ့ ပုခက်လေးကို လိုချင်တဲ့သူများရှိရင် ပေးချင်လို့ပါ.. သားသားက ခုကြီးလာပြီဆိုတော့ ပုခက်နဲ့မအိပ်တော့ဘူးလေ.. ပုခက်က စပရိန်နဲ့ချိတ်ပြီး အပေါ်အောက်လှုပ်ပေးရတဲ့ပုခက်ပါ.. ချိတ်ဖို့အတွက် စတိန်းလက်စတီး ဘောင်ကြီးလဲပါပြီး လိုချင်တဲ့နေရာကို တွန်းရွှေ့သွားဖို့ ဘီးလဲပါပါတယ်.. စပရိန်က ၁၅ကီလိုအထိ ၀ိတ်ခံနိုင်ပါတယ်.. ကလေးငယ်ရှိပြီး ပုခက်မ၀ယ်ရသေးတဲ့သူများရှိရင် ပေးချင်ပါတယ်.. သားသားပုခက်က အကောင်းအတိုင်းကြီးပါပဲ.. ပုခက်အ၀တ်လေးသာ ကြာလို့နည်းနည်းဟောင်းနေတာပါ.. အ၀တ်အသစ်လေးတပ်လိုက်ရင် အသစ်အတိုင်းဖြစ်သွားမှာလေ.. အ၀တ်အသစ်ကလဲ အလွယ်တကူ ၀ယ်လို့ရပါတယ်.. လိုချင်တဲ့သူများရှိရင် ပြောပါနော်.. အိမ်မှာပိုနေမယ့်အတူတူ လိုအပ်တဲ့သူကို ပေးချင်လို့ပါ..



Wednesday, April 13, 2011

စိတ်ကူးသင်္ကြန်


သင်္ကြန်အကြိုနေ့



အတာအိုးထိုးဖို့ ပန်းခူးထွက်မယ်.. တနင်္လာနာမ်အတွက် ခရေညွန့်လေးချိုးဦးမှ.. အင်္ဂါအတွက်ကတော့ ဆီးကိုင်းလေးချိုးမယ်.. ဗုဒ္ဓဟူးက ရွက်လှရှိတယ်လေ.. ကြာသပတေးအတွက်တော့ မြေဇာမြက်လေးပဲ နှုတ်လိုက်တော့မယ်.. သောကြာအတွက်ရှာရဦးမယ်.. သြော် သပြေညွန့်လေးတွေရှိသားပဲ.. စနေအတွက်တော့ ဒေါနပန်းစိမ်းဖျော့ဖျော့လေး.. တနင်္ဂနွေအတွက်က အုန်းညွန့်လေးတွေ.. အစုံရပြီ.. မြေအိုးလေးကို အနီနဲ့အဖြူ ရောစပ်ခြယ်ထားတဲ့ အတာအိုးလေးထဲထိုးလို့ သကြားမင်းကြီးကို ကြိုလိုက်ကြဦးစို့.. မောင်ညီမလေးတို့ရေ သကြားမင်းကြီးလာတော့မှာနော်.. ခွေးသားရေပြားမှာ မှတ်ခံမထိအောင်လို့ လိမ်လိမ်မာမာနေကြဦး..

သင်္ကြန်အကျနေ့



လမ်းထိပ်က အုန်းလက်မဏ္ဍပ်လေးမှာ ကလေးတွေရေကစားနေကြပြီ.. ညကတည်းက ကျိုထားတဲ့ အုန်းနို့ကျောက်ကျော်ကို စတုဒီသာကျွေးဖို့ သွားပို့ရဦးမယ်.. သကြားရည်ချိုချိုလေးကြောင့်ရယ်.. အုန်းနို့သားထူထူစိမ့်စိမ့်ကြီးတွေကြောင့်ရယ်.. ကျောက်ကျောကျိုတဲ့သူရဲ့ စေတနာတွေကြောင့်ရယ်.. စားလို့ကောင်းနေမှာ သေချာပါတယ်လေ..

သင်္ကြန်အကြတ်နေ့



မှန်အလုံပိတ်ထားတဲ့ ကားလေးနဲ့ သူများတွေရေပက်တာ ရေပက်ခံနေကြတာတွေ လျှောက်ကြည့်မယ်.. ကန်တော်ကြီးကိုရောက်မှ အောက်ဆင်းလမ်းလျှောက်ပြီး ရေပက်ခံရင်း မဏ္ဍပ်တွေလျှောက်ငေးမယ်.. ရန်ကုန်သူမမလေးတွေရဲ့ သင်္ကြန်ဖက်ရှင်အလန်းစားတွေက ငေးမ၀ချင်စရာဖြစ်မယ်ထင်ရဲ့.. ညနေကျရင်တော့ အိမ်မှာလုပ်စားတဲ့ ရခိုင်ကြာဇံသုပ်ကို ဘော်ဒါတွေပါခေါ်ကျွေးရမယ်.. ရေကစားပြီးရင် ဗိုက်အရမ်းဆာတတ်တော့ စားကောင်းမှာအမှန်ပဲ..

သင်္ကြန်အတက်နေ့



ဒီနှစ်က စနေတာစားတဲ့နှစ်ဆိုတော့ စနေသမီး မေမေနဲ့ ညီမလေးတို့အတွက် ကောင်းမှုလုပ်ရမယ်.. ရွှေရင်အေးစတုဒီသာလုပ်မယ်ဗျာ.. မုန့်လက်ဆောင်းဖတ်စိမ်းစိမ်းလေးတွေနဲ့ ကောက်ညှင်းချက်ထားတာရယ် ပေါင်မုန့်ရယ် မျှော့ချောင်းရောင်စုံတွေက ကိုယ်သိပ်မကြိုက်လို့ နည်းနည်းပဲထည့်မယ်.. သာကူလေးလဲ ကျိုထည့်တာပေါ့လေ.. အုန်းနို့သကြားရည် ချိုမွှေးလေးဆမ်းလို့.. မေမေရေ ဆွမ်းတော်အရင်ကပ်ပါ.. ပြီးရင် လမ်းထဲမှာလိုက်ဝေမယ်.. မုန့်ဝေတဲ့လူကို ရေမပက်ရဘူးနော်.. အဖွားအိမ်မှာချက်တဲ့ သင်္ကြန်ထမင်းလဲ သွားစားရဦးမယ်.. ဖယောင်းနဲ့သင်းနေတဲ့ သင်္ကြန်ထမင်းအေးအေးလေးက ငါးခြောက်ထောင်းကြော် သရက်သီးသုတ်တွေနဲ့ လိုက်မှာလိုက်ပဲလေ.. နော်..

နှစ်ဆန်းတရက်နေ့



ဘုရားစင်ကိုရှင်း.. ဘုရားတွေရေသပ္ပါယ်ရမယ်.. မောင်လေးရေ ရေပုံးနဲ့ရေအပြည့်ခပ်လာပါ.. ရေဇလုံအကြီးကြီးလဲ ယူလာနော်.. ညနေဘက် လမ်းထဲမှာ ပရိတ်တရားနာဖို့ ပရိတ်အိုး ပရိတ်ချည် ပရိတ်သဲတွေ ပြင်ရဆင်ရဦးမယ်.. ပရိတ်အိုးအတွက်အညွန့်တွေက အတာအိုးထိုးတုန်းက အညွန့်တွေပဲပေါ့.. အပ်ချည်လုံး အသစ်တလုံးနဲ့ သဲတခွက်လဲပါတယ်.. ပရိတ်ရွတ်မယ့် ဘုန်းဘုန်းတွေကို အအေးကပ်ဖို့ အအေးပုလင်းတွေလဲ ၀ယ်ပြီးပြီ.. တရားနာပရိတ်သတ်ကိုလဲ အအေးတိုက်ဦးမှာ.. ပရိတ်ရွတ်ပြီးလို့ရှိရင် သံပုံးတီးမယ်.. နာနာဘာဝတွေ မကောင်းဆိုးဝါးတွေ ပြေးကြဦးပေရော့..

အိုး.. စိတ်ကူးနဲ့ သင်္ကြန်ကျပစ်လိုက်တာ.. နှစ်သစ်တောင်ရာက်သွားပါရောလား.. အားလုံးပဲ ပျော်စရာနှစ်ကူးမှာ မြူးနိုင်ကြပါစေနော်..

Friday, February 25, 2011

သူတို့ကြောင့်ပေါ့


စင်္ကာပူနိုင်ငံကို အုပ်ချုပ်နေသူ လူလည်ကြီးများအကြောင်းပေါ့.. တံခါးတွေဖွင့်တုန်းက ဖွင့်ပေးထားပြီး ခုကျတော့ တမျိုးဖြစ်ပြန်ပြီ.. ပီအာလျှောက်သမျှ ရီဂျက်လုပ်ပစ်နေတာ တော်တော်လေးတောင်ကြာလှပေါ့.. အကြံအစည်တခုခုတော့ရှိရမယ်လို့တော့ ထင်သား.. နိုင်ငံခြားသားတွေကို နှိပ်ကွပ်ဖို့ နည်းလမ်းမျိုးစုံပေါ့.. မနှစ်က စင်္ကာပူဘက်ဂျက်ထွက်လာတော့ S Pass တွေ WP တွေရဲ့ လဲဗီးတွေ တိုးကောက်ပါတယ်.. S Pass အတွက် လဲဗီး ၅၀ ပေးနေရရာကနေ ၂၀၁၀ ဇူလိုင်ကစပြီး ၁၀၀ ပေးရမယ်တဲ့.. ၂၀၁၂ ဇူလိုင်လကစပြီး ၁၅၀ပါတဲ့လေ.. WP တွေကတော့ Marine Sector အတွက် လဲဗီး ၁၅၀ ပေးနေရရာကနေ ၁၆၀ ပြီးရင် ၂၀၀ ဖြစ်မယ်ပေါ့..

ခုလဲ၂၀၁၁ ဘတ်ဂျက်ထွက်လာပြီ.. လုပ်ချလိုက်ပြန်ပြီလေ.. ရက်စက်ချက်ကတော့ ဒီမှာသာရှုကြပါတော့..

အဲသလောက် များသွားမှာဆိုတော့ သဌေးလဲ မျက်ခုံးလှုပ်ပြီလေ.. ၂ဆမကကြီးတောင် ပိုဆောင်ရတော့မှာကိုး.. ကျွန်မတို့ဆီမှာက S Pass က အားလုံးပေါင်း ၂၂ယောက်.. WP က ၁၃၀ တောင်ရှိတာမို့လား.. သေပြီဆရာပေါ့.. ခုလောလောဆယ် သေပြီဆရာဖြစ်နေတာက ကျွန်မပါ.. NTS Worker တယောက်ကို ခန့်ထားတဲ့အတွက် ကုန်ကျတဲ့စားရိတ်ကို သိချင်တော်မူပါသတဲ့လေ.. Subcon အလုပ်သမားတွေခေါ်ခိုင်းရင် တနာရီကို ၄ကျပ်ခွဲလောက်ပဲပေးရတာ.. ကိုယ်ပိုင်အလုပ်သမားအတွက် နေစားရိတ်တွေ ကြိုပို့စားရိတ်တွေ လဲဗီးတွေ အားလုံးပေါင်းလိုက်တော့ တနာရီကို ၇ကျပ်ကျော် ၈ကျပ်နီးပါး.. ဒါတောင် ခုလောလောဆယ် ပေးနေရတဲ့ လဲဗီးနှုန်းထားနဲ့ တွက်ထားတာ.. အလုပ်သမား ကိုကိုကုလားတွေတော့ မျက်ခုံးလှုပ်နေလောက်ပြီ.. သဌေးက Action Plan ပေးပါတဲ့ တောင်းနေပြီလေ.. စိတ်နဲ့ ကိုယ်နဲ့ညစ်တယ်ကွယ်.. ကုန်ကျစားရိတ်လျှော့ဖို့က လူလျှော့ယုံကလွဲလို့ ဘာ ရှိရဦးမှာလဲ.. S Pass တွေအတွက်ကတော့ ပူစရာသိပ်မလို.. လစာများတဲ့သူတွေကို EP လျှောက်ပေးလိုက်ရင် လဲဗီးမှ မပေးရတော့ဘဲ.. သနားဖို့ကောင်းတာက အလုပ်သမားတွေ.. လစာလေးကနည်းရတဲ့အထဲ အလုပ်ပါပြုတ်ဦးမယ်ဆို ပြသနာပေါ့.. အဲသလောက်တော့ မရက်စက်လောက်ဘူးထင်တာပဲ.. ခုတော့ Action Plan ထဲရေးထည့်လိုက်ရပြီ.. "To closely monitor those with poor performance appraisal grades for retrenchment." လို့လေ.. တခြားနည်းလမ်းကောင်းလေးများ စဉ်းစားမိရင်လဲ ပြောကြပါဦး.. သူများထမင်းအိုး ရိုက်ခွဲမိသလိုဖြစ်မှာမို့ အရမ်းစိတ်မကောင်းဖြစ်နေမိလို့ပါ..

Sunday, February 13, 2011

အချစ်ဆုံးမို့ပြောပြချင်ပါတယ်

ကျွန်မရဲ့ မကောင်းမကန်းအသံလေးကို နားထောင်ကြည့်ကြပါဦး.. အသံတော့နည်းနည်းတိုးမယ်ထင်တယ်..း)

Thursday, January 13, 2011

နာမည်လှလှလေး ကူရွေးပေးကြပါ

ကျွန်မမှာ အိမွန်ဇော်ဆိုတဲ့ သူငယ်ချင်းတယောက်ရှိတယ်.. ဂျီတီစီတက်မှ ခင်ရတဲ့သူငယ်ချင်းပေမယ့် အဆောင်မှာ တခန်းတည်းနေကြတာမို့ ညီအမအရင်းတွေလို အတွင်းသိ အစင်းသိ သူငယ်ချင်းတွေပေါ့.. ကျောင်းတက်နေကတည်းက ကျွန်မတို့၂ယောက်သား ကတိလေးထားခဲ့ဖူးတာရှိတယ်.. ကျွန်မကသားလေးမွေးပြီး သူကသမီးလေးမွေးခဲ့ရင် ခမည်းခမက်တော်ကြမယ်လို့ပေါ့..

တိုက်ဆိုင်တယ်ပဲပြောရမလား.. ကျွန်မကတကယ်ပဲသားလေးတယောက် ပိုင်ဆိုင်လိုက်ရသလို အိမွန်ကလဲ သမီးလေးတယောက် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ပိုင်ဆိုင်လိုက်ရပြီလေ.. ကျွန်မတို့ထားခဲ့တဲ့ကတိလေး အသက်ဝင်လာတော့မှာမို့ ပျော်နေကြတာပေါ့.. ချွေးမလောင်းအတွက် အိပ်ယာခုတင်လေးတောင် ပို့ပေးလိုက်သေးတယ်.. ကျွန်မသူငယ်ချင်းက ချောချောလေးဆိုတော့ သူ့သမီးလေးကလဲ ချောမှာအမှန်ပဲ.. ချွေးမချောချောလေး ပိုင်ရချည်သေးရဲ့.. အရင်ကတည်းက ကျွန်မကအိမွန်ကိုပြောနေကျ.. နင့်သမီးလေးက ချောမှာ.. ငါ့သားလေးကတော့ အရပ်ရှည်ရှည် ယောက်ျားပီပီသသလေး ဖြစ်ရင်တော်ပြီပေါ့လို့.. အိမ်ထောင်တောင်မကျရသေးဘူး.. သားသမီးရေးဆွေးနွေးကြတာလေ..

မနေ့က အိမွန်နဲ့ဖုန်းပြောဖြစ်တော့ သူ့သမီးလေးကို နာမည်မပေးရသေးဘူးတဲ့.. သောကြာသမီးလေးမို့ သောကြာနံနဲ့စပြီး အင်္ဂါ ဗုဒ္ဓဟူး စနေ တခုခုနဲ့ဆုံးတဲ့ နာမည်လှလှလေး ကျွန်မကိုစဉ်းစားခိုင်းပါတော့တယ်.. အရမ်းဆန်းပြားတာမျိုး ခေါ်ရခက်တာမျိုးလဲ မကြိုက်ပါဘူးတဲ့.. “လုပ်ပါကဗျာဆရာမရယ်.. ညည်းချွေးမအတွက် နာမည်လှလှလေး” ဆိုတာနဲ့ ကျွန်မလဲ ခေါင်းစားရပါတော့တယ်.. သားသားနာမည်တုန်းကတော့ ကျွန်မမောင်လေးက မွေးတဲ့နေ့မှာပဲ မိုးသံစဉ်လို့ပေးခဲ့တာလေ.. နောက်မှသာ သူ့အဖေနာမည်ပါအောင် မိုးသံစဉ်ကို လုပ်လိုက်တာ.. ခု.. ချွေးမလောင်းအလှည့်ကျမှ ကိုယ်ကိုယ်တိုင် နာမည်ပေးရတော့မယ်..

ကျွန်မရွေးထားတဲ့နာမည်လေးတွေက
သွဲ့သဇင်
သင့်သက်လယ်
သဲမွန်ရည်
သဒ္ဓါယွန်း
သွန်းဆုနှင်း
သက်ထက်မြတ်နိုး
သံသာသာ
သန့်သီရိ
သံလွင်နဒီ
သုန္ဒရီ
ဟေမာန်ဆောင်း
ဟေသီရွှန်း

အားလုံးပဲ ကျွန်မချွေးမလောင်းလေးအတွက် နာမည်လှလှလေး ကူရွေးပေးကြပါဦးနော်.. ကျေးဇူးမမေ့ပါဘူး.. သားမင်္ဂလာဆောင်ကျမှ အားလုံးကိုဖိတ်လိုက်မယ်.. သိပ်မလိုတော့ပါဘူး.. သားသားက ၂နှစ်တောင်ရှိပြီဆိုတော့ စောင့်ရလှ နှစ်အစိတ်လောက်ပေါ့..း)

Wednesday, January 12, 2011

ဖူးနုသစ်ကပေးတဲ့အတွေး

မနေ့က ကိုဇက်တီဘလော့ကို မွှေနှောက်ဖတ်မိရင်း သူရေးထားတာကြာပြီဖြစ်တဲ့ ပို့စ်လေးတခုဖတ်မိတယ်.. ဂြိုဟ်ကြီး၈လုံးဖြစ်သွားတဲ့အကြောင်းပေါ့.. ပို့စ်ထဲမှာ မြန်မာပြည်က ပြဌာန်းစာအုပ်တွေ ဘယ်လောက် Up to Date ဖြစ်လဲဆိုတာ သိချင်တဲ့အကြောင်းလေးရေးထားတာဖတ်ရတော့ ကျောင်းတက်တုန်းက သင်ရတဲ့ Asbestos အကြောင်းကို သွားသတိရတယ်.. အင်္ဂလိပ်စာမှာသင်ရတာပါ.. ရေးထားတာတွေက Asbestos ရဲ့ကောင်းကျိုးတွေချည်းပဲ.. မီးခံကျောက်မို့လို့ မီးသတ်ဖို့အတွက် ပစ္စည်းတွေအမျိုးမျိုး ထုတ်လုပ်လို့ရတယ်လို့ ရေးထားတဲ့ ၂မျက်နှာသာသာ အက်ဆေးလေးပေါ့.. Asbestos ဆိုတာကို ခုမှကြားဖူးတဲ့သူတွေအတွက် တော်တော်ကိုအသုံးဝင်တဲ့ ကျောက်တမျိုးပဲလို့ ထင်နိုင်လောက်စရာ အရေးအသားမျိုး..

စလုံးကိုရောက်လာတော့ လုပ်ရတဲ့အလုပ်က Safety & Health related ဆိုတော့ Occupational Health Disease တွေလေ့လာရင်း Asbestosis ဆိုတာကို သိလာရတယ်.. Asbestos အမှုန်လေးတွေ အဆုပ်ထဲရောက်သွားရင် အဆုပ်ကင်ဆာဖြစ်တတ်တယ်တဲ့.. ကျွန်မ တော်တော်အံ့သြသွားရတယ်.. ကျောင်းမှာသင်ခဲ့ရတုန်းက ဘာမှကိုမပါဘူးလေ.. စလုံးမှာဆို Asbestos ကို Ban ထားတာ ၁၉၈၀ခုနှစ်ကတည်းက.. ကျွန်မ မမွေးခင်ကတည်းကပေါ့.. Asbestos အကြောင်းသင်ရတဲ့အချိန်မှာ ကျွန်မအသက် ၂၀ကျော်ပြီ.. ဘာလို့ကောင်းကျိုးတွေအကြောင်းပဲသင်ပြီး ဆိုးကျိုးတွေကို ထည့်မသင်လဲ စဉ်းစားမရပါဘူး.. အင်္ဂလိပ်စာမှာသင်တဲ့သင်ရိုးမို့ အကြောင်းအရာက အရေးမကြီးဘူး.. ဘာသာစကားကပဲ အရေးကြီးတယ်လို့များ တွေးကြလို့လားတော့ မသိဘူး.. ဘာပဲဖြစ်ဖြစ် အသက်အန္တရယ်ရှိတဲ့ အကြောင်းအရာမျိုးကတော့ သတိထားသင့်တယ်ထင်တာပဲလေ.. ခုကော ဆက်သင်နေသေးလားတော့မသိ..

သူတို့ပြောင်းချင်တဲ့သင်ရိုးကျ ခဏခဏပြောင်းနေကြသားပဲ.. ဥပမာ သူငယ်တန်းဖတ်စာပေါ့.. အဖွားတို့ခောတ်က “ က ကညစ်ပေမှာခြစ်” မေမေတို့ခောတ်ကျတော့ “က ကဇွန်းပင်ရေမှာရွှင်” ကျွန်မတို့ခောတ်ရောက်တော့ “က ကလေးငယ်ချစ်စဖွယ်” ဖြစ်သွားတာမျိုး.. ခုနောက်ပိုင်းလဲ ကျွန်မတို့တုန်းက ဆိုခဲ့တာနဲ့ အတူတာတွေ အများကြီး.. “န နဂါးမောင်အမောက်ထောင်” ဆိုတာကို “န နဖူးပြင်နံ့သာတင်” လို့ပြောင်းလိုက်တယ်.. “အ အမေ တို့တိုင်းပြည်” ဆိုတာကို “အ အမိမြေတို့တိုင်းပြည်” လို့ ပြောင်းလိုက်တယ်လေ.. အမောက်ထောင်တာ မကြိုက်လို့ရယ်.. အမေဆိုတဲ့စကားလုံးကို လက်မခံနိုင်လို့ရယ် ဖြစ်မယ်ထင်ပါရဲ့..

၂တန်းဖတ်စာမှာပါတဲ့ တို့အလံဆိုတဲ့ဖတ်စာတော့ ပြောင်းလိုက်ပြီထင်တယ်.. “ကျွန်တ်ာတို့ကျောင်းရှေ့ရှိ အလံတိုင်းတွင် ကျောင်းဖွင့်သည့်နေ့တိုင်း နိုင်ငံတော်အလံကို လွှင့်တင်ထားပါသည်” အစရှိတဲ့ဖတ်စာလေးကို ဖတ်ရတာအရမ်းကြိုက်ခဲ့ဖူးတယ်.. အလံတော်ရဲ့ ဆိုလိုရင်းကိုလဲ စွဲနေအောင်မှတ်မိနေသေးတယ်.. ခုအလံအသစ်ဖြစ်သွားတော့ ဘယ်အရောင်က ဘာကိုဆိုလိုတယ်.. ကြယ်ဖြူကြီးက ဘာကိုကိုယ်စားပြုတယ်ဆိုတာ သိချင်မိတယ်.. (သိရင်ပြောပြပါဦး)..

ကျွန်မက မြန်မာပြည်ရဲ့ပညာရေးစနစ်ကို အထင်မသေးပါဘူး.. ကိုယ်လဲ မြန်မာပြည်မှာပဲ ကျောင်းတက် ပညာတွေသင်ယူခဲ့ပြီး စလုံးမှာ လူလူသူသူအလုပ်ကလေး ရထားခဲ့တာပါ.. သားလေးကိုတောင် မြန်မာပြည်မှာပဲ ကျောင်းတက်ခိုင်းဖို့ ဆုံးဖြတ်ထားပါတယ်.. ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ်ကို ခုထက်ပိုပြီး တိုးတက်စေချင်တာတော့ အမှန်ပဲပေါ့.. မူလတန်းကနေ ဘွဲ့လွန်အတန်းတွေအထိ သင်ကြားပေးသူတွေရော သင်ယူကြသူတွေရော အဆင့်အတန်းမီမီနဲ့ ပညာရပ်ကောင်းတွေ သင်ကြားပေးခွင့် သင်ယူခွင့်တွေရရှိကြပြီး အသိပညာရှင် အတတ်ပညာရှင်တွေအများကြီး ထွက်လာစေချင်သေးတယ်.. အခွင့်ကြုံမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးလောကမှာ ဆရာမတောင်လုပ်လိုက်ချင်သေးတာ.. ပီတိကိုစား အားမရှိနိုင်လို့သာ စလုံးမှာ Hokkien Mee လာစားနေရတာလေ..း)

Thursday, November 18, 2010

Happy Birthday PPA

သူငယ်ချင်းရေ..


ဖြတ်သန်းခဲ့တဲ့ ၂၈နှစ်ခရီးတလျှောက် အမြီးအမှောက်မတည့်တာတွေကလဲ အများသားနော်.. ဘယ်လိုခက်ခဲနေပါစေ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ယုံကြည်ရာကို အောင်မြင်အောင်လုပ်တတ်တဲ့ နင့်အတွက်တော့ လောကဓံဆိုတာ မှုစရာမဟုတ်လောက်ဘူးမို့လား..

ကဲ ဒီနေ့ နင့်မွေးနေ့ကစပြီး ရှေ့ဆက်ရမယ့်ဘ၀ခရီးမှာ လိုချင်တောင့်တတာမှန်သမျှ ပြည့်စုံနိုင်ပါစေလို့ ကိုးဂဏန်းသမား.. စကော့ပီယိုရာသီဖွား သူငယ်ချင်းလေးအတွက် ဆုတောင်းပေးတယ်နော်.. ထိပ်စီးမပြောင်းခင် နောက်တွဲလေးလဲ ချိတ်နိုင်ပါစေဟာ.. :P

Wednesday, October 13, 2010

တွေး

အချိန်တွေကုန်သွားတာ သိပ်မြန်တယ်.. ဘာမှမကြာလိုက်သေးဘူးလို့ ထင်နေဆဲမှာတင် ရက်ကိုလစား လကိုနှစ်စားလို့ အချိန်တွေတရွေ့ရွေ့ ကုန်သွားလိုက်တာ.. လောကကြီးထဲကို လူ အသစ်တွေက တဖွဲဖွဲဝင်လာနေဆဲမှာပဲ.. လူဟောင်းတွေကလဲ တဖြုတ်ဖြုတ်ကြွေနေဆဲပေါ့..

နောင်တဆိုတဲ့စကားကို ခွဲခြမ်းစိတ်ဖြာနေမိတယ်.. လုပ်သင့်လုပ်ထိုက်တာကို မလုပ်လိုက်မိလို့ ရတဲ့နောင်တရယ်.. မလုပ်သင့်မလုပ်ထိုက်တာကို လုပ်လိုက်မိလို့ ရတဲ့နောင်တရယ်.. ဘယ်နောင်တက ပိုနာကျင်စေမလဲလို့လဲ တွေးနေမိတယ်.. အဖြေမရပါဘူး.. အဖြေရှိမှာမှ မဟုတ်ဘဲ.. နောင်တပါဆိုမှ အတူတူပဲရှိမှာပေါ့..

စက်ရုပ်လို ရုန်းကန်လှုပ်ရှားနေရတဲ့ ဘ၀ကို ငြီးငွေ့လာတယ်.. သားအတွက်ဆိုတဲ့ မျှော်လင့်ချက်လေးသာမရှိရင် ခုလောက်ဆို မြန်မာပြည်ပြန်ရောက်နေလောက်ပြီ.. ရတဲ့အလုပ်လေးလုပ် ရသလောက်လေးနဲ့လောက်အောင်သုံးပြီး အေးချမ်းနေမလားပဲ.. သားဇောကပ်နေတဲ့ လောဘတွေကြောင့် ခုထက်ထိတော့ စက်ရုပ်တကောင်လို လှုပ်ရှားနေရဆဲပေါ့..

မနာလိုစိတ်သိပ်များတဲ့ လူတွေနဲ့ပါတ်သတ်ရတဲ့အခါ လူသတ်ချင်စိတ်ကို မနည်းထိန်းနေရတယ်.. ကိုယ်နဲ့မဆိုင်ဘဲ ၀င်ဝင်ရှုပ်တတ်တဲ့လူတွေကြောင့် စိတ်ဆိုးရ ဒေါသတွေဖြစ်ရတာလဲ ခဏခဏ.. စိတ်ထဲမှာ အကျယ်ကြီးအော်ဟစ်နေမိတာက “Please Leave Me Alone!!!"

ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတာ စိတ်ကျရောဂါတမျိုးပဲတဲ့.. ကိုယ်ချစ်တဲ့သူကို စိတ်တိုင်းမကျတာကရော ဘာရောဂါများဖြစ်မလဲ.. ကုလို့ရော ရရဲ့လား.. စိတ်ထဲမှာတော့ အကြိမ်ကြိမ်တောင်းဆိုမိတယ်.. “ငါ့ကို ဒီထက်နည်းနည်းလေးပိုပြီး ဂရုစိုက်ပေးပါ” လို့.. ကိုယ်မချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုတွေ စွက်ဖက်မှုတွေကို မလိုချင်ပေမယ့် ကိုယ်ချစ်တဲ့သူတွေရဲ့ ယုယမှုလေးတွေကိုတော့ လိုချင်တတ်တာ သဘာဝပါ..

အတိတ်တွေကိုပြန်တွေးတိုင်း..
တခါကမှော်ဘီနေ့ရက်တွေရယ်...
အလင်းတုတွေကြားက Esplanade ညများရယ်..
မှီနွဲ့ဖူးခဲ့တဲ့ ပခုံးတဖက်ရယ်.. သိပ်လွမ်းနေမိတယ်ကွယ်..

Thursday, October 7, 2010

ခွေးနဲ့ကြောင်ပြဿနာ

စလုံးမှာအလုပ်လုပ်ရတာ တကယ်တော့သိပ်မလွယ်လှ.. ကျွန်မလို သင်္ဘောကျင်းမှာလုပ်ရတာဆို ပိုဆိုးတာပေါ့.. နိုင်ငံပေါင်းစုံက အလုပ်သမားတွေ.. အင်ဂျင်နီယာတွေ.. မန်နေဂျာတွေ.. စုံလို့ပဲ.. လူမျိုးစုံ စရိုက်စုံဆိုတော့ ပြဿနာကလဲ ပေါင်းစုံပေါ့လေ.. ကျွန်မက HR မှာလုပ်ရတာဆိုတော့ ဖြစ်သမျှပြဿနာကို ကိုင်တွယ်နိုင်တဲ့သူမရှိတော့ရင် ကျွန်မတို့ဆီတွန်းလွှတ်တော့တာကိုး.. အလုပ်ချိန်မှာ ခိုးအိပ်နေတာမိသွားတာကအစ မဖွယ်မရာဗွီဒီယိုတွေ ကြည့်နေတာ ဖမ်းမိတဲ့ကိစ္စအဆုံး ကျွန်မတို့ပဲ ဖြေရှင်းရပါတယ်.. ခုတလောတော့ ခွေးနဲ့ကြောင်ပြဿနာ တက်နေလေရဲ့.. ကျွန်မတို့ သင်္ဘောကျင်းထဲ ခွေးလေခွေးလွင့် ကြောင်လေကြောင်လွင့်တွေ ရောက်ရှိသောင်းကျန်းနေပါသတဲ့.. ကျွန်မမန်နေဂျာက အဲဒီကိစ္စ နင်ရှင်းလိုက်ဆိုလို့ ဂူဂယ်လ်ကြီးကိုအကူအညီတောင်းလို့ စလုံးကခွေးဖမ်းတဲ့အဖွဲ့ကို ရှာဖွေခေါ်ယူရပါတော့တယ်..

ကျွန်မက စပ်စပ်စုစုနဲ့ အဲဒီအဖွဲ့ကိုမေးမိတယ်.. ဖမ်းမိတဲ့ခွေးတွေ ကြောင်တွေကို ဘာလုပ်တာလဲလို့.. သူတို့က သတ်ပစ်တာတဲ့.. စိတ်မကောင်းလိုက်တာလေ.. မတတ်နိုင်ဘူး ကိုယ်ကခေါ်ပြီးနေပြီ.. နောက်တနေ့ကျတော့ သူတို့ရောက်လာကြတယ်.. သတ္တ၀ါတွေက သူတို့ဘေးတွေ့တော့မယ်ဆိုတာ ကြိုသိနေပုံရတယ်.. ဟိုအဖွဲ့တွေ ခွေးတကောင်ကြောင်တမြီးမှမမိဘဲ ပြန်သွားရတယ်လေ.. ကျွန်မကတော့ပျော်သည်ပေါ့.. ကိုယ့်ပယောဂကြောင့် ခွေးတွေကြောင်တွေ သေမယ့်အရေးက ဝေးပြီကိုး.. မန်နေဂျာကို သတင်းပို့ရင်း တခါတည်းပြောထားလိုက်တယ်.. ငါ့ကို နောက်တခါဒါမျိုးမခိုင်းပါနဲ့လို့.. ငါတို့ဘာသာရေးအရ မလုပ်ကောင်းတဲ့ အလုပ်မို့လို့ပါလို့လေ..

တနေ့ကတော့ ခွေးတွေကြောင်တွေ ပိုများလာလို့ဆိုပြီး ကွန်ပလိန်းထပ်ရောက်လာပါတယ်.. သဌေးလဲ ခေါင်းစားရတော့တာပေါ့.. နောက်တော့ ဘယ်ဥာဏ်ကြီးရှင်က အကြံပေးလိုက်တယ်မသိဘူး.. ခွေးတကောင် ကြောင်တကောင်ဖမ်းမိရင် ဆုငွေ ၅၀ပေးမယ်ဆိုပြီး နို့တစ်ထွက်လာပါတော့တယ်.. ကျင်းထဲက မ တစ်ရာသား အလုပ်သမားတွေဆိုတာလေ ဟိုချောင်း ဒီချောင်းနဲ့ ဖမ်းဖို့ချည်းချောင်းနေကြတော့တာ.. အလုပ်တောင် ဖြောင့်အောင်လုပ်နိုင်ကြသေးရဲ့လားမသိ.. ကျွန်မက နို့တစ်မထုတ်ခင်ပြောသေးတယ်.. ခွေးဖမ်းတဲ့သူတွေ ခွေးကိုက်ခံရရင် ပြဿနာတက်နေမယ်လို့.. ကျွန်မမန်နေဂျာက နေပါစေ.. သဌေးကထုတ်ခိုင်းတာဆိုလို့ ကြည့်နေလိုက်တယ်.. နေ့တောင်မကူးသေး ကြောင်ကုတ်ခံရလို့တဲ့ အလုပ်သမားတယောက် ရုံးကိုလာပြောတယ်.. အဲဒီတော့မှ ပြူးတူးပြာတာနဲ့ ဘာလုပ်ရင်ကောင်းမလဲတဲ့.. ကျွန်မကတော့ မကြားချင်ယောင်ဘဲဆောင်နေလိုက်တော့တယ်.. ခုထက်ထိတော့ ခွေးတစ်ကောင်မှမိတယ်လို့ မကြားမိသေးပါဘူး.. ကြောင်တော့ ၂ကောင်မိတယ်ကြားတယ်.. သနားစရာပါ.. သက်ဆိုင်ရာကိုအပ်ရင် သတ်ပစ်ကြမှာမဟုတ်လား..

ညနေရုံးဆင်းတော့ ရုံးကားပေါ်မှာ အဲဒီအကြောင်းပွားကြရင်း ကိုတင်မင်းထက်ကပြောပြတယ်.. သူအရင်လုပ်တဲ့ စူဇူကီးမှာ ဂျပန်ဘော့စ်လုပ်သလိုလုပ်ပါလားတဲ့.. ဘာလုပ်တာလဲဆိုတော့ "ခွေးလေခွေးလွင့်များ လုံး၀၀င်ခွင့်မပြု" ရယ်လို့ စာထုတ်တာပါတဲ့လေ.. ခွေးကို စာဖတ်တတ်တယ်လို့များ ထင်နေတာလား.. ဖတ်မိတဲ့လူတွေကိုပဲ ခွေးနားလည်အောင် ရှင်းပြစေချင်တာလားတော့ မပြောတတ်.. မြန်မာပြည်မှာနော်.. စာထုတ်တာမှ မြန်မာလိုတောင်မဟုတ်ဘူး.. အင်္ဂလိပ်လို ခန့်ခန့်ညားညားကြီးကို ထုတ်တာတဲ့လေ..

ပြောကြရင်း ကျွန်မဖေဖေပြောပြဖူးတာလေး သတိရလို့ ပြောပြီး ရယ်ကြရသေးတယ်.. ဖေဖေပုလဲနဲ့ငါးမှာလုပ်နေတုန်း ရခိုင်ဘက်မှာ တာဝန်ကျနေတုန်းက အကြောင်းလေးပေါ့.. ရွာထဲမှာလမ်းလျှောက်သွားလို့ ခွေးတကောင်ကောင်အနားကပ်လာရင် "ဟဲ့ခွေး"လို့ အော်ပြီးမောင်းလို့ကတော့ ခွေးက ဂရုတောင်မစိုက်ဘူးတဲ့.. "ဟဲ့ခွီး"ဆိုပြီး ရခိုင်သံနဲ့အော်မှ ဒင်းကပြေးတော့တယ်ဆိုတာကိုး.. ထူးဆန်းပါပေ့ ကိုကိုခွေးရယ်..း)

Monday, September 20, 2010

နှစ်ယောက်တစ်ဘ၀ တည်ဆောက်ကြမယ့်သူတွေအတွက်

စင်္ကာပူမှာ လက်မှတ်ရေးထိုးလက်ထပ်ပွဲ ဆင်နွဲကြမယ့်သူတွေအတွက် လမ်းညွှန်သဘောလေး ရေးမယ်လို့ စဉ်းစားထားတာကြာပါပြီ.. ကျွန်မအလှည့်တုန်းကတော့ စမ်းတ၀ါးဝါးနဲ့ပဲ လုပ်ရင်းလုပ်ရင်း အဆင်ပြေသွားပါတယ်.. ဘလော့ကိုလာဖတ်ကြတဲ့ ညီအစ်ကို မောင်နှမတွေထဲက လိုအပ်တဲ့သူများရှိရင် အသုံးဝင်အောင် သိသမျှလေး မျှဝေပေးချင်တာပါ.. တကယ်အကူအညီလိုအပ်လာရင်လဲ ကိုယ်တိုင်ကိုယ်ကျ ကူညီချင်ပါတယ်.. အားမနာတမ်းသာ အကူအညီတောင်းလိုက်ပါ.. ၀မ်းမြောက်ဝမ်းသာ ကူညီပါ့မယ်..

ပထမဦးဆုံးလုပ်ရမှာကတော့ ရက်ရွေးဖို့ပါပဲ.. နှစ်ဦးနှစ်ဖက် သဘောတူစိတ်တိုင်းကျတဲ့ နေ့ကောင်းရက်သာလေး ရွေးပြီးပြီဆိုရင် ဘယ်မှာလက်မှတ်ထိုးမှာလဲဆိုတာလေး စဉ်းစားရပါမယ်.. ရုံးမှာပဲသွားလက်မှတ်ထိုးလိုက်မလား အပြင်မှာလုပ်မလားပေါ့.. အပြင်မှာလုပ်မယ်ဆိုရင် နေရာအတိအကျ ရွေးရပါမယ်.. ရုံးမှာ လက်မှတ်ထိုးတာက စရိတ်စကရော အလုပ်ရှုပ်ပါ သက်သာပါတယ်.. ဒါပေမယ့် မိတ်ဆွေသူငယ်ချင်းတွေ ခေါ်ချင်တိုင်းခေါ်သွားလို့မရဘူး.. လက်မှတ်ထိုးဖို့ သတ်မှတ်ထားတဲ့အချိန်ကလဲ ၅မိနစ်လောက်ပဲဆိုတော့ ဓါတ်ပုံတွေဘာတွေလဲ သိပ်ရိုက်လို့မရဘူးပေါ့.. နောက်တခုက ကိုယ်လိုချင်တဲ့ရက် ကိုယ်လိုချင်တဲ့အချိန် ရဖို့လဲ ခက်ပါတယ်.. အားတဲ့နေ့ အားတဲ့အချိန်ကိုယူရတာပေါ့.. အပြင်မှာလုပ်မယ်ဆိုရင်တော့ ကိုယ်ကြိုက်တဲ့နေ့ ကိုယ်ကြိုက်တဲ့အချိန် ကိုယ်ကြိုက်တဲ့နေရာမှာ ဖိတ်ချင်သလောက်လူတွေဖိတ်ပြီး စိတ်ကြိုက်ဓါတ်ပုံတွေရိုက်လို့ရပါတယ်.. ကျွန်မတို့တုန်းကလဲ အပြင်မှာပဲ လက်မှတ်ထိုးတာဆိုတော့ အပြင်မှာလုပ်မယ့်ပွဲအတွက်လေးပဲ အသေးစိတ်ရေးလိုက်တော့မယ်နော်..

နေရာလဲရွေးပြီးပြီဆိုရင်တော့ ROM Website မှာ Filing လုပ်လို့ရပါပြီ.. ကိုယ်လက်မှတ်ထိုးမယ့်ရက်က filing လုပ်တဲ့ရက်နဲ့ အနည်းဆုံး ၂၁ရက်ကနေ အများဆုံး ၃လအတွင်းဖြစ်ရပါမယ်.. www.rom.gov.sg ကိုသွားပြီး online filing လုပ်ရတာပါ.. သတို့သားသတို့သမီးရယ် အသိသက်သေ၂ယောက်ရယ်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ လိုပါတယ်.. အသိသက်သေက အသက်၂၁နှစ်အထက် ဘယ်သူမဆို လုပ်လို့ရပါတယ်.. အပြင်မှာလက်မှတ်ထိုးမယ့်သူတွေအတွက်က ဆိုလမ်နိုက်ဇာ (Solemniser) တစ်ယောက်ကို ဖိတ်ဖို့လိုပါမယ်.. Filing လုပ်တဲ့အခါ ကိုယ်ဖိတ်တဲ့ Solemniser ရဲ့ လိုင်စင်နံပါတ်လဲ ဖြည့်ဖို့လိုပါမယ်.. Solemniser တွေဆိုတာက ရပ်ကွက်လူကြီးသဘောမျိုးပါပဲ.. လခစားတွေမဟုတ်ကြပဲ ဗော်လန်တီယာလုပ်ကြတာဆိုတော့ သတို့သားသတို့သမီးကိုယ်တိုင် လေးလေးစားစား ဖိတ်သင့်ပါတယ်.. ကိုယ်ရွေးထားတဲ့ရက်နဲ့ သူနဲ့အဆင်ပြေပြီဆိုရင် Solemniser Consent Form လေးမှာ လက်မှတ်ထိုးခိုင်းပြီး ယူထားရပါမယ်.. ငွေသွင်းဖို့အတွက် Credit Card လဲရှိဖို့လိုပါတယ်.. ပေးရမယ့်နှုန်းတွေကတော့ အောက်ကဇယားလေးအတိုင်းပါပဲ..



ဖိုင်းလင်းလုပ်ပြီးတဲ့အခါ Noticeကို ပရင့်ထုတ်ပြီး ယူထားရပါမယ်.. ရက်ချိန်းတခုပေးပါလိမ့်မယ်.. အဲဒီနေ့ကျရင် သတို့သားသတို့သမီး ၂ယောက်လုံးရုံးကိုသွားရပါမယ်.. ၂ယောက်လုံးရဲ့ ပါတ်စ်ပို့မူရင်းတွေရယ်.. အိုင်စီမူရင်းတွေရယ်.. အသိသက်သေ၂ယောက်ရဲ့ ပါတ်စ်ပို့မိတ္တူတွေရယ်.. ပရင့်ထုတ်ထားတဲ့Notice ရယ်.. Solemniser လက်မှတ်ထိုးတားတဲ့ Consent Form ရယ် ယူသွားရပါမယ်.. အဲဒီနေ့ကျရင် ရုံးက လက်ထပ်စာချုပ်၂စောင်ထုတ်ပေးလိုက်ပါလိမ့်မယ်.. ကာလာနဲ့ကတစောင် အဖြူအမဲက တစောင်ပါ.. စာအိတ်တအိတ်လဲပေးလိုက်ပါလိမ့်မယ်..

လက်မှတ်ထိုးတဲ့နေ့ကျရင် သတို့သားသတို့သမီးနဲ့ အသိသက်သေတွေအားလုံး ပါတ်စ်ပို့မူရင်း အိုင်စီမူရင်းတွေ ယူသွားရပါမယ်.. ဆိုလမ်နိုက်ဇာက စစ်ဆေးပြီးတော့မှ သူတိုင်ပေးတဲ့အတိုင်းလိုက်ဆို လက်စွပ်လဲမယ်ဆိုလဲ ပြီးတော့ လက်မှတ်ထိုးရပါမယ်.. အဖြူအမဲစာရွက်မှာ လက်မှတ်ထိုးရတာပါ.. ကာလာစာရွက်မှာတော့ ဆိုလမ်နိုက်ဇာတစ်ယောက်တည်းပဲ လက်မှတ်ထိုးရပါတယ်.. ပြီးတဲ့အခါ ကာလာနဲ့စာချုပ်လေးကို ဆိုလမ်နိုက်ဇာက လွှဲပေးပါလိမ်မယ်.. လက်မှတ်ထိုးထားတဲ့စာချုပ်ကိုတော့ သူကပဲရုံးကိုပို့ပေးပါလိမ့်မယ်.. သူ့ကို ၅၀ဖြစ်ဖြစ် ၁၀၀ဖြစ်ဖြစ် စာအိတ်လေးနဲ့ထည့်ပြီး ပေးလိုက်ဖို့မမေ့ပါနဲ့.. သူ့ကိုယ်ပိုင်အချိန်တွေထဲက ကိုယ့်အတွက်လုပ်ပေးရတာမို့ ကျေးဇူးတင်သင့်ပါတယ်.. ပြီးရင်တော့ ကိုယ်လုပ်ချင်တဲ့ ပါတီပွဲကို ဆက်ချင်လဲဆက်.. စားသောက်ဆိုင်ကိုပဲ သွားချင်လဲသွား ကြိုက်ရာပေါ့..

တကယ်လို့ လက်မှတ်ထိုးတာကို အကုန်အကျလဲမများချင်ဘူး.. လူသိပ်များများလဲ မဖိတ်ချင်ဘူးဆိုရင် ရပ်ကွက်ထဲက ကွန်မြူနတီစင်တာတွေမှာ လုပ်လို့ရပါတယ်.. ဆိုလမ်နိုက်ဇာကလဲ ရုံးမှာအဆင်သင့်ရှိတတ်ပါတယ်.. လက်မှတ်ထိုးပွဲအတွက် စားပွဲလှလှလေးပြင်ဆင်ပေးပါလိမ့်မယ်.. လူ ၃၀စာအတွက် ဆိုဖာထိုင်ခုံလေးတွေ ခင်းထားပေးပါလိမ့်မယ်.. အခန်းငှားခက တနာရီကို ၅၀ ၀န်းကျင်လောက်ပေးရပါတယ်.. လဖက်ရည်ကော်ဖီ စီစဉ်ပေးပါတယ်.. ၁ခွက်ကို ၁ကျပ်နှုန်းနဲ့ပေါ့.. မဆိုးဘူးလို့ပြောရမယ်.. နောက်မှ မင်္ဂလာဆွမ်းကျွေးလေးလုပ်ချင်လဲ လုပ်လို့ရတာပေါ့..

ဟိုတယ်မှာလုပ်ချင်သူတွေအတွက်တော့ နေ့လည်စာ ညစာနဲ့ ဟိုင်းတီးဆိုပြီး သုံးမျိုးရွေးစရာရှိပါတယ်.. သိပ်အကုန်အကျမများချင်ရင်တော့ ဘူဖေးဟိုင်းတီးကိုရွေးပေါ့.. စားစရာအမျိုး၂၀နီးပါးဆိုတော့ တော်တော်လေးအဆင်ပြေပါတယ်.. လူနဲ့တွက်ပြီးယူတာပါ.. အနည်းဆုံးတော့ လူ၃၀စာဖြစ်ရမှာပေါ့.. ၁ယောက်စာကို ၄၀ကျော်လောက်ကျပါမယ်.. ကြယ်လေးပွင့်အဆင့် ဟိုတယ်တွေက ဈေးနှုန်းပါ.. ကျွန်မတို့တုန်းကတော့ ဖူရာမာဟိုတယ်မှာ လုပ်ဖြစ်ပါတယ်.. အစားအသောက် တော်တော်ကောင်းတဲ့ဟိုတယ်ပါ.. အဲဒီတုန်းက တယောက်စာကို ၃၀ပဲပေးရပါတယ်.. လက်ဆောင်ကမ်းဖို့ အရုပ်လှလှလေးတွေလဲ ပေးပါသေးတယ်.. စားသောက်ဆိုင်တွေမှာလုပ်ရင်တော့ စားပွဲအရေအတွက်နဲ့ ပိုက်ဆံယူပါတယ်.. တစားပွဲ (၁၀ယောက်စာ) ကို ၄၅၀ကနေ ၇၀၀ အတွင်း ဈေးအမျိုးမျိုးရှိပါတယ်..

ဖိတ်စာအတွက်ကတော့ ကိုယ်ကြိုက်တဲ့ပုံစံလေးရွေးပြီး မှာလို့ရပါတယ်.. ပြား၈၀တန်လောက်ကနေ ၄ကျပ်တန်လောက်အထိ အမျိုးမျိုးပါပဲ.. ရွေးပြီးပြီဆိုရင် စာသားကိုကြိုက်တာရေးပြီး မိုလ်လုပ်ခ ၅၀ထပ်ပေးရပါတယ်.. အနည်းဆုံး တလလောက်ကြိုမှာရင် ပိုကောင်းပါတယ်.. ဝေဖို့လဲ အချိန်ပေးရဦးမှာကိုး.. စလုံးတွေက စောစောကြီုပြီးဝေမှ သဘောကျပါတယ်..

ကဲ.. ပိုပြီးအသေးစိတ်သိချင်သေးရင်တော့ myuemyue@gmail.com ကို မေးလ်ပို့ပြီး အားမနာတမ်းသာမေးလိုက်ပါ.. ကူညီချင်လွန်းလို့...

Saturday, September 4, 2010

ကြော်ငြာဝင်မယ်

စလုံးမှာ ရေကပဲမကောင်းတာလား အစားအသောက်တွေကြောင့်ပဲလားတော့ မသိဘူး.. တော်တော်များများ ဆံပင်တွေကျွတ်တယ်လို့ပြောကြတယ်.. စရောက်ရောက်ချင်းတုန်းကတော့ ကျွန်မလဲသတိမထားမိဘူး.. နောက်ပိုင်းကျတော့ ခေါင်းထဲက ယားယားနေတတ်တာ သတိထားမိလာတယ်.. လွန်ခဲ့တဲ့ ၂နှစ်လောက်ကစပြီး ခေါင်းထဲမှာ ဆားဝက်ခြံလို အဆံလေးတွေဖြစ်ဖြစ်နေတာ သတိထားမိသွားတယ်.. အရမ်းကို ယားပါတယ်.. နသယ်စပ်လေးတွေ ဗွေကွက်နေရာတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်.. ဦးရေပြားတွေလဲ နာနာနေတတ်တယ်လေ.. ဆံပင်ကျွတ်တာတော့ သိပ်မသိသာပါဘူး.. သာမာန်လောက်ပဲ.. နေ့တိုင်းခေါင်းလျှော်နေမှ အယားသက်သာတော့ ဆံပင်တောင်အရှည်မထားရဲတော့ဘူးပေါ့.. ကျွန်မငယ်ငယ်လေးကတည်းက ဆံပင်အရှည်ကိုအရမ်းကြိုက်လို့ အမြဲထားခဲ့တာ.. မှော်ဘီမှာကျောင်းတက်ရတော့ ရေမကောင်းလို့ ဆံပင်တွေပျက်စီးကုန်မှ ပခုံးလောက်လေး ညှပ်ပစ်လိုက်တယ်.. ကျောင်းပြီးတော့ ပြန်အရှည်ထားလိုက်သေးတယ်.. စလုံးကိုလာခါနီးမှ အတိုလေးပြန်ညှပ်လိုက်တာလေ.. သားသားကိုယ်ဝန်နဲ့တုန်းကတော့ ပူလွန်းလို့ တိုကပ်နေအောင်ကို ညှပ်ပစ်လိုက်တယ်.. ခု ဆံပင်က တော်တော်လေးပြန်ရှည်လာပြီ..

လွန်ခဲ့တဲ့တလလောက်က အိမ်မှာနေရင်းနဲ့ ခေါင်းထဲကယားလာလို့ လက်နဲ့စမ်းကြည့်လိုက်တာ ထိပ်ကဗွေကွက်ဘေးနားလေးမှာ ဆံပင်တပင်မှမရှိပဲ ကွက်နေတာသွားစမ်းမိတယ်.. လန့်သွားတာပေါ့.. မှန်နဲ့ထောင်ပြီးကြည့်တော့ လား လား နည်းတဲ့အကွက်ကြီးမဟုတ်ဘူး.. ကျပ်စေ့ဝိုင်းလောက်ရှိတယ်.. ပြောင်ချောနေတာပဲ.. ဆံပင်တမျှင်မှကိုမရှိတာ.. စိတ်ညစ်လိုက်ရတာမပြောပါနဲ့တော့.. ဘာလုပ်လို့လုပ်ရမှန်းကို မသိတော့ဘူး.. တနေ့တနေ့ မှန်ထဲကြည့်ကြည့်နေရတာ.. ယောက်ျားကတော့အားပေးရှာပါတယ်.. ကတုံးဖြစ်သွားလဲချစ်မှာပါတဲ့.. ဆံပင်တုတွေ အများကြီးဝယ်ပေးမယ်တဲ့လေ.. သူကပြောလေ ကိုယ်ကပိုဆိုးလေပဲ.. သတင်းစာထဲကြော်ငြာပါတဲ့ ဆိုင်တွေကို သွားဖူးတယ်ဆိုတဲ့ ရုံးကလူတွေကိုမေးကြည့်တော့ ၇၀၀၀လောက်ကျတယ်တဲ့.. ဘုရားဘုရား.. ကတုံးမပဲလုပ်တာကောင်းမယ်လို့ တွေးမိတယ်..

မြန်မာဆေးထဲက ကြားဖူးတာတော့ ကွက်လပ်ဖြည့်ပါကောင်းတယ်တဲ့.. အဲဒါနဲ့ပဲ ပန်နီဆူလာကိုပြေးပြီး ကွက်လပ်ဖြည့်ပါ လိုက်ရှာတာပေါ့.. ဘယ်ဆိုင်မှာမှ မရှိပါဘူး.. နောက်ဆုံး မရ ရတာယူမယ်ဆိုပြီး.. တြိရတနဆိုတဲ့ ဆံပင်သန်ဆေး ၀ယ်ချလာလိုက်တယ်.. ၁ကျပ်ခွဲပဲပေးရတယ်လေ.. အိမ်ရောက်လို့လိမ်းကြည့်တော့ ခေါင်းထဲမှာ အေးနေတာပဲ အရမ်းသဘောကျသွားတယ်.. တခေါင်းလုံးကို လိမ်းပစ်လိုက်တယ်.. နသယ်စပ်တွေရောပေါ့.. နောက်နေ့ကစပြီး ခေါင်းယားတာ တော်တော်သက်သာသွားတယ်.. ဦးရေပြားလဲ မနာတော့ဘူး.. တပတ်လောက်လိမ်းပြီးတော့ ရုံးဖားမလေးကိုကြည့်ခိုင်းတာ သူကအလန့်တကြားကို ထအော်ပါတော့တယ်.. ၀မ်းသာအားရကြီးပါ.. ဆံပင်မျှင်မျှင်လေးတွေ ထွက်လာပြီတဲ့.. အရင်လိုပြောင်ချောမနေတော့ဘူးတဲ့.. ကျွန်မလဲ အရမ်းပျော်သွားပါတယ်.. ကတုံးမ မဖြစ်နိုင်တော့ဘူဆိုပြီးတော့ပေါ့.. နသယ်စပ်လေးတွေကို သတိထားကြည့်တော့ ဆံနုလေးတွေပေါက်နေတာတွေ့လိုက်ရပါတယ်.. ခု တလလောက်ကြာတော့ ထိပ်ကွက်လေးအပြည့်နီးပါး ဆံပင်တွေပေါက်နေပါပြီ.. ခေါင်းလဲမယားတော့ဘူး.. ဘောက်တွေလဲမထတော့ဘူး.. ဆားဝက်ခြံလေးတွေလဲ မဖြစ်တော့ဘူး.. ညညလိမ်းပြီးအိပ်ရင် ဦးရေအေးပြီး အိပ်လို့ကောင်းပါတယ်.. စီးကပ်ကပ်ဖြစ်မနေတော့ အပြင်ကိုလိမ်းသွားရင်လဲ မသိသာပါဘူး.. အနံ့လေးကလဲ သင်းသင်းလေးမို့ အရမ်းအဆင်ပြေပါတယ်..

ဆံပင်ဆိုတာ လူတိုင်းအမြတ်တနိုးထားတတ်ကြတဲ့ အရာပါ.. ကောင်းခြင်းငါးဖြာထဲမှာ အပါအ၀င်မို့ ဆံပင်မကောင်းရင် စိတ်ညစ်ရတတ်ကြပါတယ်.. ကျွန်မနဲ့အလားတူ ပြသနာလေးများကြုံလာရင် လွယ်ကူပြီး အကုန်အကျသက်သာတဲ့ ဆေးကောင်းလေးတွေ့ထားလို့ မျှဝေပေးတာပါ.. ကျေးဇူး "တြိရတန"... :)

Friday, August 20, 2010

ထိုင်ခဲ့ဖူးတဲ့ ကန်တင်းဆိုင်လေးများ

ကျောင်းသားဘ၀ လွတ်လပ်ပျော်ရွှင်မှုတွေအကြောင်း ပြန်ပြန်တွေးတိုင်း မပါမဖြစ်က ကျောင်းကန်တင်းက ဆိုင်လေးတွေပေါ့.. အပြင်က စားသောက်ဆိုင်တွေမှာ မရတတ်တဲ့ အစားအစာဆန်းလေးတွေနဲ့ ကျွမ်းဝင်ခွင့်ရခဲ့တာလဲ ကျောင်းကန်တင်းက ဆိုင်လေးတွေမှာပဲပေါ့..

ကျွန်မတို့ကျောင်းစတက်တော့ မှော်ဘီဂျီတီစီရဲ့ကန်တင်းမှာ ဆိုင်လေး၃ဆိုင်ပဲရှိသေးတယ်.. ကျောင်းအ၀င်ဝရဲ့ဘယ်ဖက်မှာက ဂျက်စမင်းဆိုတဲ့ဆိုင်လေး.. အစားအသောက်သိပ်မကောင်းလို့ ထိုင်ခဲတဲ့ဆိုင်ပေါ့.. စက်မှုက ယောက်ျားလေးတွေအထိုင်များလို့ ၀င်မထိုင်ဖြစ်တာလဲပါတယ်.. နောက်ပိုင်း ကန်တင်းအသစ်ဆောက်ပြီးတော့ ချက်တဲ့သူလဲပြောင်းသွားလို့ထင်တယ်.. စားကောင်းသောက်ကောင်းရှိလာတာနဲ့ ထမင်းချိုင့်ဆွဲတောင် ယူစားဖြစ်လိုက်တယ်လေ.. မောင်နဲ့တွေ့ပြီးတော့မှပါ.. မောင်ကဘေးနားမှာပါနေတော့ ဘယ်ဆိုင်ဖြစ်ဖြစ် ၀င်ရဲသွားပြီလေ.. ဂျက်စမင်ကအစားအစာတွေထဲ မှတ်မိနေတာက တပွဲ၁၀၀ပေးရတဲ့ ကြာဇံဆီချက်ပေါ့.. ဘာအသားမှမပါဘဲကို စားလို့ကောင်းပါတယ်..

နောက်ဆိုင်တစ်ဆိုင်က ကောင်းထက်တဲ့.. အ၀င်လမ်းရဲ့ ညာဘက်မှာရှိတာပေါ့.. ကျောင်းစတက်တက်ချင်း အထိုင်အများဆုံးဆိုင်လေ.. ဆိုင်ကကျယ်ပြီး သီချင်းတွေဘာတွေလဲဖွင့်တာမို့ ပျင်းရင်ကို သွားထိုင်နေဖြစ်တယ်.. သူ့ဆိုင်က ထောပတ်သီးဖျော်ရည်ကတော့ အသည်းစွဲပဲ.. ရေခဲသုတ်လဲစားကောင်းတယ်.. ကျွန်မတို့ဘော်ဒါဆောင်နဲ့ မျက်နှာချင်းဆိုင်လိုဖြစ်နေတော့ ညနေစာစားချိန်ဆိုလဲ ကောင်းထက်ကိုပဲ သွားဖြစ်တယ်လေ..

နောက်တစ်ဆိုင်က မိဘမေတ္တာတဲ့.. အဘဆိုင်လို့ပဲခေါ်ကြတယ်.. အဘတို့လင်မယားက စေတနာကောင်းလို့ လူအမြဲပြည့်နေတတ်တဲ့ဆိုင်ပေါ့.. ဟင်းတွေလဲကောင်းတယ်.. ဆရာမကြီးအိမ်နဲ့ကပ်လျှက် ညောင်ပင်အောက်မှာရှိတာလေ.. လူများလို့သာမထိုင်ဖြစ်တာ ဟင်းတွေကကောင်းတော့ ပါဆယ်သွားသွားဆွဲဖြစ်တယ်.. အလကားပေးတဲ့ သီးစုံချည်ရည်ကအစ စေတနာထားချက်လို့ စားကောင်းနေတတ်တာပါ..

၃လ ၄လလောက်နေတော့ ကောင်းထက်ဘေးနားမှာ ၀ါးရုံရိပ်ဆိုတဲ့ဆိုင်လေးတိုးလာတယ်.. အိမ်ချက်ဟင်းလေးတွေလိုပဲမို့ စားကောင်းတာပါပဲ.. သူတို့ဆိုင်က ရှောက်သီးသုပ်လေး အရမ်းစားကောင်းတာ မှတ်မိနေသေးပါရဲ့.. ကျန်တဲ့အသုပ်တွေတော်တော်များများလဲ ကောင်းတယ်ဆိုတော့ အသုပ်စားချင်ရင် ၀ါးရုံရိပ်ကို သွားဖြစ်တယ်.. ရေနွေးကြမ်းကလည်း လဖက်ခြောက်ကောင်းကောင်းသုံးလို့ သောက်ကောင်းတာကိုး..

နောက်ပိုင်းကျတော့ ကန်တင်းဆိုင်ခန်းတွဲတွေ အသစ်ဆောက်လိုက်တယ်.. တစုတစည်းတည်းဖြစ်သွားတာပေါ့.. သီချင်းတွေအပြိုင်ဖွင့်ကြလို့ နားညည်းလိုက်တာမပြောပါနဲ့.. တဆိုင်နဲ့တဆိုင်က ကပ်နေတာမို့လား.. အသံတွေလုံးပြီး ဘယ်လိုမှ သာယာနာပျော်ဖွယ် ဖြစ်မလာနိုင်တော့ဘူးလေ.. ဆိုင်သစ်တွေလဲ ထပ်တိုးလာတယ်.. စီနီယာအစ်ကိုကြီးတွေစုပြီး Mr. Cupid ဆိုတဲ့ဆိုင်လေးတောင်ဖွင့်လိုက်သေးတယ်.. သိပ်မကြာလိုက်ပါဘူး.. သူငယ်ချင်းတွေဒဏ်မခံနိုင်ဘူးထင်ရဲ့.. ဆက်မလုပ်တော့ဘူးလေ.. တိုးလာတဲ့ဆိုင်တွေထဲက စုံစုံလင်လင်လေးရောင်းတာက မဟာနွယ်ဆိုတဲ့ဆိုင်လေးပါ.. တရုတ်ဟင်းတွေပါမှာလို့ရတယ်.. ဈေးတော့နည်းနည်းပိုတာပေါ့.. စမူဆာတို့ အီကြာကွေးတို့ ရတတ်လို့ မနက်စာစားလို့ကောင်းတဲ့ဆိုင်ပါ..

ကျွန်မတို့အဆောင်ရှေ့မှာလဲ ပြည့်ဝဆိုတဲ့ထမင်းဆိုင်လေးရှိတယ်.. စစချင်းတော့ မောင်နှမတတွေစုပြီးလုပ်ကြတာ.. ဟင်းချက်သိပ်မကောင်းလို့ သိပ်မစားဖြစ်ဘူး.. နောက်ပိုင်း သူတို့ဆီကနေဆိုင်ကိုပြန်ဝယ်လိုက်တဲ့ အန်တီအိက ဟင်းချက်ကောင်းတာမို့ ဒုတိယနှစ်တနှစ်လုံး ပြည့်ဝကိုပဲ အားပေးဖြစ်တယ်.. နေ့လည်စာစားတိုင်း သူငယ်ချင်းတွေတအုပ်ကြီး ပြည့်ဝကိုချီတက်ကြတာပေါ့.. နေ့ခင်းဘက်အတန်းလစ်ပြီး ကန်တင်းသွားဖြစ်ရင်တော့ အဘဆိုင်မှာ ရခိုင်မုန့်တီလေးသောက် လဖက်သုပ်လေးစား... ဂစ်တာတီးပေးတဲ့သူရှိရင် သီချင်းလေးဘာလေး လိုက်အော်ပေါ့.. စာကြည့်တိုက်ကယူလာတဲ့ စာအုပ်တစ်အုပ်အုပ်ထဲ ခေါင်းစိုက်နေဖြစ်တာက ပိုများပါတယ်.. ရေနွေးကြမ်းတွေ တအိုးပြီးတအိုးဖြည့်ခိုင်းလဲ မငြိုငြင်တတ်ကြပါဘူး.. နေ့ခင်းဘက် သီအိုရီချိန်များဆို တတန်းလုံးနီးပါး ကန်တင်းရောက်နေတတ်လို့ ကန်တင်းမှာရိုးကောလ်လိုက်ကောက်ရမတတ်ပဲ..

ကျောင်းကန်တင်းကမဟုတ်ဘဲ ကျောင်းကသူငယ်ချင်းတွေနဲ့ အတူတူခဏခဏထိုင်ဖြစ်တဲ့ ဆိုင်လေးလဲရှိသေးတယ်.. သင်္ကန်းကျွန်း ဘ၀မြင့်မှတ်တိုင်က လဖက်ရည်ဆိုင်လေးပေါ့.. ဒီဂျစ်တယ်ဆရာကြီး ဦးခင်ဌေးဆီမှာ သင်တန်းတက်ကြရင်း သင်တန်းချိန်ပြီးရင် အိမ်တန်းမပြန်ဘဲ လဖက်ရည်ဆိုင်ထိုင်တတ်ကြတာလေ.. မိန်းကလေးကတော့ ကျွန်မတစ်ယောက်တည်းပေါ့.. ဆိုင်နာမည်တောင် မသိတော့ဘူး.. ပေါ့ဆိမ့်တစ်ခွက်နဲ့ နေ၀င်ခဲ့တဲ့ညနေခင်းတွေ ကျွန်မဘ၀မှာအများကြီးပါပဲ.. ခြင်စာကျွေး သွေးလှူပွဲလေးလို့လဲ ပြောရင်ရသပေါ့လေ.. စမ်းချောင်းလမ်းထဲက အိမ်မဲမုန့်ဟင်းခါးဆိုင်လေးကလဲ ကျွန်မတို့တတွေရဲ့ ဆုံမှတ်ဖြစ်ခဲ့ဖူးသေးတယ်.. ဟင်းရည်ကျဲကျဲနဲ့ ငရုတ်ကောင်းနဲ့မွှေးမွှေးလေးမို့ ကျွန်မအရမ်းကြိုက်တဲ့ မုန့်ဟင်းခါးပေါ့.. ကျူရှင်မသွားခင် အမြဲတမ်းစားနေကျ..

ခု စလုံးမှ အလုပ်လုပ်နေတော့လဲ ကျွန်မတို့သင်္ဘောကျင်းက ဘယ်နေရာ ဘာစားသောက်ဆိုင်နဲ့မှ မနီးတာမို့ ရုံးကန်တင်းမှာပဲ နေ့စဉ်စားရပါတယ်.. တရုတ်ဆိုင်တဆိုင် ကုလားဆိုင်တစ်ဆိုင်နဲ့ အအေးတွေ အသီးတွေရောင်းတာကတစ်ဆိုင်... မနက်အစောကြီးတက်ရတဲ့အလုပ်ဆိုတော့ မနက်စာကိုလဲ ရုံးရောက်မှပဲ စားရတာပေါ့.. ကုလားဆိုင်ကတော့ မနက်တိုင်း ပလာတာ ဗယာကြော် မတ်ပဲကြော် မုန့်ပေါင်းတွေရောင်းတယ်.. ကုလားတွေများ ဘာလာလာပဲဟင်းလေးစမ်းပြီး ကြိတ်ပစ်လိုက်တော့တာကိုး.. တခါတလေတော့ ကုလားဆိုင်ကစားဖြစ်တယ်.. အမြဲတမ်းတော့ မစားနိုင်ဘူး.. ချွေးနံ့ကပါ မဆလာနံ့ထွက်လာတယ်ထင်ရအောင် အနံ့ပြင်းလွန်းလို့.. အများဆုံးစားတာကတော့ တရုတ်ကြီးဆီကပါ.. မနက်စာဆိုရင် ပုံမှန်ခေါက်ဆွဲကြော် ကြာဇံကြော်တွေအပြင် တနေ့တမျိုး စပါယ်ရှယ်လေးတွေရှိတယ်.. Fish Ball Mee တို့ Mee Rebus တို့ Laksa တို့ Wanton Mee တို့ပေါ့.. နေ့လည်စာဆိုရင်လဲ ဟင်းချက်မဆိုးဘူးပြောရမယ်.. အရသာလေးဘာလေးရှိသေးတယ်.. စလုံးထမင်းဆိုင်တွေက ဟင်းတွေအကြောင်း စားဖူးသူတိုင်းသိပါတယ်.. သူတို့လို အရသာမရှိအောင်ချက်ပြပါဆို ကျွန်မမချက်တတ်ဘူး တကယ်.. ဘာအရသာမှကိုမရှိတာ.. ဗမာပါးစပ်နဲ့တော့ တလွဲမှ တကယ့်ကိုတလွဲပဲ.. ရုံးကန်တင်းကဆိုင်ကတော့ တော်တော်လေးစားကောင်းတယ်.. ကံကောင်းတယ်ဆိုရမှာပေါ့.. စားမကောင်းလဲ ဘာမှမရှိတော့ သူ့ဆီမှာပဲစားရမှာကိုး..

ဘာရယ်မဟုတ်ပါဘူး.. ရုံးကန်တင်းမှာထိုင်ရင်း ကျောင်းကန်တင်းကိုသတိရမိသွားတာနဲ့ စိတ်ထဲရှိရာချရေးလိုက်မိပါတယ်..

Tuesday, July 20, 2010

ပုရိသကိုယ်ဝန်ဆောင်

မနေ့က တီဗွီကြည့်နေကြရင်း ချာနယ်အိတ်မှာ ရေနဂါးလေးတွေအကြောင်းပြပါတယ်.. အတူတူကြည့်နေတဲ့ ဦးလေးက ပြောပြလို့ ထူးဆန်းတာလေးတစ်ခု သိလိုက်ရတယ်.. ရေနဂါးတွေမှာ အထီးကောင်လေးတွေက ကိုယ်ဝန်ဆောင်ကြသတဲ့.. သေသေချာချာလေး အသေးစိပ်သိချင်လို့ ၀ီကီမှာရှာဖတ်ပြီး သိသမျှလေးမျှဝေပေးလိုက်ပါတယ်..



SEAHORSE လို့ခေါ်တဲ့ ရေနဂါးလေးတွေဟာ မျိုးနွယ်ပေါင်း ၄၀ကျော်ရှိကြပြီး အပူပိုင်းပင်လယ်တွေရဲ့ ရေတိမ်ပိုင်းမှာ အများဆုံးတွေ့ရတတ်ပါတယ်.. ရေညှိရေမှော်တွေ သန္တာကျောက်တန်းတွေကြားမှာ အနေများပြီး ဒီရေတောတွေထဲမှာလဲ တွေ့ရတတ်ပါတယ်.. တခါတလေတော့ ဥရောပဘက်ကို နယ်ချဲ့တတ်ကြပါသေးတယ်.. အထီးကောင်လေးတွေက နေထိုင်ရာနေရာရဲ့ ၁မီတာပါတ်လည်အတွင်းသာ လှည့်လည်သွားလာတတ်ပြီး အမလေးတွေကတော့ မီတာ၁၀၀ပါတ်ဝန်းကျင်လောက်ကို လှည့်လည်နေတတ်တယ်ဆိုပဲ.. ဗိုင်းကောင်းကျောက်ဖိဆိုတဲ့စကားက ရေနဂါးထီးကလေးတွေအတွက်ဖြစ်မယ်နော်..

ရေနဂါးလေးတွေဟာ အရိုးမာငါးမျိုးဖြစ်ပေမယ့် အကြေးခွံတော့မရှိကြပါဘူး.. အရိုးမာမာကြီးပေါ်မှာ အရေခွံပါးပါးလေးပဲဖုံးအုပ်ထားတဲ့ အသားမရှိသူလေးတွေပါတဲ့.. ငါးမော်ဒယ်လေးတွေပေါ့.. ရေကို မတ်တပ်ကူးကြပါတယ်..သူတို့ခေါင်းပ်ါမှာ သရဖူပုံစံလေးလဲ ပါတတ်သေးတယ်တဲ့.. အဲဒီသရဖူလေးက တကောင်နဲ့တကောင်လုံးဝမတူကြပါဘူး.. လူတွေရဲ့လက်ဗွေရာလိုပေါ့.. တကောင်ကို ပုံစံတမျိုးစီပါတဲ့.. ငါးမျိုးပေမယ့် ရေကူးတော့မမြန်ကြပါဘူး.. သူတို့မျက်စိရဲ့ နောက်နားလေးက ရေယက်လေးတစ်ခုတည်းကိုသုံးပြီး ကူးရတာဆိုတော့ သိပ်မမြန်ဘူးပေါ့.. များသောအားဖြင့် သူတို့အမြီးလေးတွေကို တနေရာရာမှာချိတ်ပြီး နားနေတတ်ကြပါတယ်.. သူတို့ရဲ့အစာကတော့ ငါးသေးသေးလေးတွေ ပုဇွန်သေးသေးလေးတွေနဲ့ ရေညှိရေမှော်လေးတွေပါ..

သူတို့ရဲ့ မျိုးပွားပုံက စိတ်ဝင်စားစရာအကောင်းဆုံးပါပဲ.. သူတို့ချင်း ချစ်တင်းမနှောခင် ၂ကောင်သား တော်တော်ကြာကြာလေး အတူတူရှိနေတတ်ကြတယ်.. အမြီးချင်းချိတ်ပြီး ဘေးချင်းယှဉ်ရက် ရေကူးသွားနေတတ်ကြတယ်.. အဲဒီနောက် အထီးကောင်လေးက သားဥအိတ်လေးကိုဖွင့်ပေးလိုက်တဲ့အခါ အမကောင်လေးက သူ့ဥတွေကို အိတ်ထဲထည့်ပေးလိုက်တယ်.. နောက်တော့ အထီးကောင်လေးက ကိုယ်ဝန်ဆောင်ရတော့တာပေါ့.. ၂လလောက်ကြာအောင် ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် အကောင်လေးတွေပေါက်လာတာပေါ့.. သားပေါက်လေးတွေကိုလဲ အဖေကြီးကပဲ စောင့်ရှောက်ရပါတယ်.. သူတို့တွေရှာဖွေစားသောက်နေထိုင်တတ်လာတဲ့အထိပေါ့.. ထူးဆန်းပါပေ့ရေနဂါးရယ်..

Pregnant Seahorse

ကလေးတော့လိုချင်တယ်.. ကိုယ်ဝန်တော့မဆောင်ချင်ဘူးလို့ ပြောတတ်ကြတဲ့မမတွေကို ရေနဂါးနဲ့ယူပေါ့လို့ပဲ ပြောရမလိုလို... ကျွန်မတို့ဖေဖေ ပုလဲနဲ့ငါးမှာလုပ်တုန်းက သင်္ဘောတခေါက်ပြန်ဝင်လာပြီးဆို ရေနဂါးခြောက်လေးတွေ ပြန်ပါလာတတ်တယ်.. လှတဲ့ကောင်လေးတွေကို ရွှေချ.. မျက်လုံးနေရာမှာကျောက်နီလေးထည့်လိုက်ရင် လက်ဆောင်ရေနဂါးရုပ်လှလှလေးရတာကိုး.. တရုတ်တိုင်းရင်ဆေးဖော်ရာမှာလဲ ရေနဂါးခြောက်လေးတွေကို သုံးကြပါတယ်.. ထူးထူးခြားခြား မျိုးပွားကြတဲ့ ပုရိသကိုယ်ဝန်သည် ရေနဂါးလေးတွေအကြောင်း မသိသေးရင်သိရအောင်မျှဝေပေးတာပါ.. လွဲနေတာများရှိခဲ့ရင် ဘာသာပြန်သူကျွန်မအလွဲသာ ဖြစ်ပါကြောင်း..

Tuesday, May 18, 2010

ကျန်းမာပျော်ရွှင် ဘ၀တွင်

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာကို လူတိုင်းလက်ခံကြမယ်ထင်ပါတယ်.. နေထိုင်မကောင်းဖြစ်ပြီဆို စိတ်ညစ်ကြရစမြဲမဟုတ်လား.. ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက်သည်လို့ ဆိုကြတဲ့အတိုင်း ကျန်းမာပျော်ရွှင်တဲ့ ဘ၀လေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုနေထိုင်စားသောက်သင့်တယ်ဆိုတာလေးကို မျှဝေချင်လို့ ဒီပို့စ်လေးကိုရေးလိုက်တာပါ.. ခုခောတ်မှာ လူတော်တော်များများ နှလုံးရောဂါတွေဖြစ်ကြ.. ကင်ဆာရောဂါ.. သွေးတိုးရောဂါ.. သွေးချိုဆီးချိုရောဂါ.. လေဖြတ်ခြင်း စတာတွေရဲ့ ဖိစီးခြင်းကို ခံကြရတာတွေ တွေ့လာရပါတယ်.. အဲဒါတွေကို ဘယ်လိုကာကွယ်ထားသင့်တယ်ဆိုတာလေး ဖတ်ကြည့်ရအောင်နော်..

ကျန်းမာပျော်ရွှင်တဲ့နေထိုင်မှုပုံစံဖြစ်ဖို့ အဓိက ထိန်းချုပ်သင့်တာ ၄ခုရှိပါတယ်..
၁။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ
၂။ စားသောက်မှုအလေ့အကျင့်
၃။ ဆေးလိပ်သောက်ခြင်း
၎။ စိတ်ဖိစီးမှု တို့ပဲပေါ့

၁။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ

စင်္ကာပူနိုင်ငံ Helath Promotion Board က Recommend လုပ်ထားတာကတော့ လူတစ်ယောက်ဟာ တစ်နေ့ကို နာရီဝက်နှုန်းနဲ့ တစ်ပတ်ကို အနည်းဆုံး ၅ကြိမ် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်.. ချွေးထွက်ပြီး ၀င်သက်ထွက်သက်ကို ခပ်ပြင်းပြင်းလေးရှူရလောက်တဲ့အထိ ပြင်းထန်ရင်အနေတော်ပါပဲတဲ့.. လေ့ကျင့်ခန်းလုပ်ခြင့်ကြောင့် နှလုံးနဲ့အဆုပ်တွေ အားကောင်းလာမယ်.. ပိုပြီးတက်ကြွရွှင်လန်းလာမယ်.. ကိုယ်ခန္ဓာအချိုးအစား ပိုပြီးကျနလှပလာမယ်.. စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလဲ တိုးတက်ကောင်းမွန်လာမယ်လို့ ဆိုပါတယ်..

လေ့ကျင့်ခန်းလုပ်ရာမှာ ဘေးအန္တရာယ်ကင်းစေဖို့ လိုက်နာသင့်တာလေးတွေကတော့..
က။ သင့်တော်ပြီး သက်တောင့်သက်သာရှိမယ့် အ၀တ်အစားတွေကို ၀တ်ဆင်ပါ
ခ။ သင့်လျော်သော အားကစားဖိနပ်စီးပါ
ဂ။ လေ့ကျင့်ခန်းမလုပ်မီနှင့်လုပ်အပြီး ရေသောက်ပါ
ဃ။ အစာစားပြီး အနည်းဆုံး ၂နာရီကြာမှ လေ့ကျင့်ခန်းလုပ်ပါ
င။ သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျှော့ခြင်းကို ၅မိနစ်ခန့်စီ ပြုလုပ်ပေးပါ
စ။ ဖြေးဖြေးခြင်းစပြီး တဖြေးဖြေးအရှိန်မြှင့်သွားပါ
ဆ။ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု အနာတရဖြစ်နေစဉ် လေ့ကျင့်ခန်းမလုပ်သင့်ပါ
ဇ။ ဖျားနာနေမကောင်းစဉ်တွင် လေ့ကျင့်ခန်းမလုပ်သင့်ပါ

လွယ်ကူထိရောက်တဲ့ လေ့ကျင့်ခန်းလေးတွေ ဥပမာပေးရရင် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကြိုးခုန်ခြင်း၊ လှေကားတက်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ပါပဲ..

၂။ စားသောက်မှုအလေ့အကျင့်



ပုံမှာပြထားတဲ့အတိုင်း ပိရမစ်ရဲ့ထိပ်ပိုင်းမှာရှိတာလေးတွေကို နည်းနည်းပဲစားသင့်ပါတယ်.. တနေ့တာကိုယ်စားမယ့်အစားအသောက်တွေကို ကြိုပြီးစဉ်းစားထားမယ်.. ကြိုစီစဉ်ထားတဲ့အတိုင်းလဲ စားမယ်ဆိုရင်တော့ အကောင်ဆုံးပါပဲ.. ကိုယ်ကြိုက်တာတစ်ခုတည်းကို အများကြီးမစားဘဲ အာဟာရစုံလင်စွာရအောင် အမျိုးမျိုးသော အစားအစာတွေကို အချင့်လေးနဲ့ စားသောက်သင့်ပါတယ်.. စင်္ကာပူမှာ လတ်တလောတိုက်တွန်းနေတာကတော့ "2 servings of fruits and 2 servings of vegetables a day" ပါတဲ့.. "one serving" ကိုဥပမာပေးရရင် အောက်ကပုံလေးတွေအတိုင်းပါပဲ..






၃။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါသည် ဆိုတာကို လူတိုင်းသိကြပါတယ်.. ဆေးလိပ်ကြောင့် အဆုပ်ကင်ဆာရောဂါ.. နှလုံးရောဂါ.. နာတာရှည်အဆုပ်ရောဂါ စတာတွေဖြစ်နိုင်ပါတယ်.. ဆေးလိပ်ဖြတ်လိုက်တာနဲ့ သင့်ခနာကိုယ်ဟာ အရင်ပျက်စီးခဲ့သမျှတွေကို စပြီးပြုပြင်ပေးပါလိမ့်မယ်.. ကျန်းမာခြင်းကို လိုလားသူတိုင်း ငွေကုန် ရောဂါရစေမယ့် ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကျဉ်သင့်ပါတယ်..

၎။ စိတ်ဖိစီးမှု

နေ့စဉ်လူမှုဘ၀ပတ်ဝန်းကျင်မှာ ကျင်လည်နေရသူတိုင်း စိတ်ဖိစီးမှုနဲ့ မကင်းနိုင်ကြပါဘူး.. အနည်းငယ်မျှသော စိတ်ဖိစီးမှုက သင့်ကို စိတ်လှုပ်ရှားမှုလေးတွေပေးပြီး သင့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တာမို့ ကောင်းတယ်လို့တောင်ဆိုနိုင်ပါသေးတယ်.. ဒါပေမယ့် စိတ်ဖိစီးမှုတွေ သိပ်များလာပြီဆိုရင် အချိန်ကြာကြာလဲခံစားနေရပြီဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်.. စိတ်ကျရောဂါ.. စိတ်ကစဉ့်ကလျားဖြစ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်.. အမြဲစိတ်တိုနေတတ်ပြီး မိသားစုနဲ့အဆင်မပြေတာတွေ မိတ်ဆွေတွေနဲ့ သဘောထားကွဲလွဲတာတွေလဲ ဖြစ်တတ်ပါတယ်.. စိတ်ဖိစီးမှုတွေများလာပြီဆို နှလုံးခုန်နှုန်းမြန်လာမယ်.. ကြောတွေတက်သလိုခံစားရမယ်.. အိပ်မပျော်ဘူးဖြစ်မယ်.. စားချင်သောက်ချင်စိတ်မရှိဖြစ်မယ်.. ဒါ့အပြင် ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မောပန်းနွမ်းနယ်နေခြင်း၊ အာရုံစူးစိုက်လို့မရခြင်းတွေ ဖြစ်လာတတ်ပါတယ်.. အဆိုးရွားဆုံးဆိုရင်တော့ နှလုံးရောဂါ စိတ်ရောဂါ စတာတွေ ဖြစ်လာနိုင်ပါတယ်..

ဘ၀မှာ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်.. မိမိကိုယ်ကို မြင်အောင်ကြည့်တတ်ဖို့လဲ အရေးကြီးပါတယ်.. လုပ်စရာရှိတာတွေကို အချိန်ဇယားလေးဆွဲပြီး ကြိုတင်ပြင်ဆင်ထားတတ်တာလဲ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါပဲ.. လေးလေးနက်နက်စဉ်းစားပြီးမှ ဆုံးဖြတ်တတ်ခြင်းက အမှားတွေနည်းစေပြီး ဆုံးဖြတ်ချက်များလို့ စိတ်ဖိစီးရတာကို လျော့ပါးစေမှာပါ.. အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေနေတတ်ခြင်းကလဲ စိတ်ဖိစီးမှုကင်းဝေးစေတဲ့ ဆေးတစ်ခွက်ပါပဲ.. နောက်အရေးကြီးတာတစ်ခုကတော့ ကိုယ့်အတွက်နဲ့ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ပေးခြင်းဖြစ်ပါတယ်.. ဘာကိုမဆို အကောင်းဖက်ကမြင်ကြည့်မယ်.. ကိုယ့်အနေအထားကိုယ့်ပတ်ဝန်းကျင်ကို ကျေနပ်နေတတ်မယ်.. ပြသနာတွေကို မျှဝေခံစား ဖြေရှင်းကြမယ်.. ကြင်နာတတ်မယ်.. ချစ်တတ်မယ်.. ယဉ်ကျေးသိမ်မွေ့မယ်ဆိုရင် စိတ်ဖိစီးမှုကင်းဝေးတဲ့ နေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်မှာပါ...

ကဲ.. အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ဘ၀လေး တည်ဆောက်နိုင်ကြပါစေနော်.. ကျွန်မသိသမျှလေးတွေကို မျှဝေချင်တာ သက်သက်ပါပဲ.. ဖတ်ပြီးလို့ အရင်ကမသိသေးတာတစ်ခုခု သိသွားတယ်ဆိုရင်ပဲ ရေးရကျိုးနပ်တယ်လို့ ခံယူထားပါတယ်..

Monday, April 5, 2010

မင်္ဂလာနှစ်ပတ်လည်အလှူ

မနက်ဖြန် ဧပြီ ၆ရက်နေ့မှာ ကျွန်မတို့မင်္ဂလာသက်တမ်း ၂နှစ်တိတိပြည့်ပါမယ်.. မဂ်လာနှစ်ပါတ်လည်အလှူအနေနဲ့ လာမယ့် တနင်္ဂနွေနေ့ ဓါတ်တော်တိုက်ကကျင်းပမယ့် မြန်မာနှစ်သစ်ကူးပွဲတော်မှာ စတုဒီသာအလှူလုပ်ဖို့ စီစဉ်ထားပါတယ်.. အားလုံးပဲ ကြွရောက်ချီးမြှင့်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်.. သက်ကြီးပူဇော်ပွဲ.. ကဗျာပြိုင်ပွဲ.. မြန်မာသင်္ကြန်အဆိုအကတွေနဲ့ စည်စည်ကားကားလေးဖြစ်အောင် စီစဉ်ထားတဲ့ပွဲလေးမို့ အတူတူပျော်ရွှင်ဆင်နွှဲရအောင် လာခဲ့ကြပါနော်..

Place of Event :
Yeo 's Building
No. 2, Telok Blangah Street 31, Singapore 106942
Bus no. ( 10, 30, 57, 61, 93, 97, 100, 143, 166, 176, 188, 963 )
Bus stop name : B11 Opp Yeo's Bldg ,Telok Blangah Rd (from East Area)
B12 Telok Blangah Rd (from West Area)

Wednesday, February 3, 2010

ကျွန်မတို့ဘော့စ်

မနက်က ကျွန်မမန်နေဂျာနဲ့ကျွန်မ ရန်ဖြစ်ကြပါတယ်.. စလုံးတွေရဲ့ထုံးစံအတိုင်း တစ်ခုခုဆို သူ့လွှဲချကိုယ့်လွှဲချလုပ်ကြလို့ ရန်ဖြစ်ရတာပေါ့.. ကျွန်မက ရုံးမှာရှိသမျှ လိုင်စင်တွေအားလုံးကို လျှောက်တာ အသစ်လဲတာတွေ တာဝန်ယူရပါတယ်.. Barges တွေရဲ့လိုင်စင်တွေရောပဲပေါ့.. Barges တွေအတွက်က လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဆိပ်ကမ်းဌာနကိုတင်ပြီးရင် လိုင်စင်ချမပေးခင် Craft Inspection လာစစ်ပါတယ်.. မနေ့က ကျွန်မရုံးမတက်တုန်း ဘာတွေဖြစ်ကြတယ်မသိဘူး.. မနက်ရုံးရောက်တာနဲ့ကျွန်မကို မေးပါတယ်..
Manager: Zin, have u renewed the MPA License for Atlantis II & V?
Me: Yes, I had already submitted the renewal application last week.
Manager: Then why GM told me all these licenses had expired?
Me: It may be because of the Inspection had failed.
Manager: Why the inspection failed? Why did u submit the renewal application lately?
Me: Who told u that I had submitted the application lately? The inspection, neither pass nor fail, is nothing to do with us!
Manager: You say it is nothing to do with us but later, if the blame come to us, I don't know how to answer!
Me: Well! You don't know how to handle it, right? If somebody blame on us, just call me in. Just ask me to handle him. I don't care anybody! I did nothing wrong!
အပြန်အလှန်ပြောကြတာက ဒီလောက်ပါပဲ.. ပြီးတော့သူတစ်ယောက်တည်း ဘာတွေပွစိပွစိပြောနေလဲမသိဘူး.. ကျွန်မလည်းစိတ်တိုလာပြီး ဟိုဆောင့် ဒီဆောင့်လုပ်တာပေါ့.. ကျွန်မစိတ်တိုလာမှန်းသိတော့ တိတ်သွားပါတယ်.. ကျွန်မကပြောထားဖူးတာကိုး တို့မြန်မာတွေက တော်ရုံစိတ်မဆိုးတတ်ဘူး.. စိတ်ဆိုးလာရင်လဲ လူတောင်သတ်ရဲတယ်.. မဟုတ်ဘဲတော့လာမပြောနဲ့လို့.. ခဏနေတော့ အစည်းအဝေးသွားတက်ပါတယ်.. အစည်းအဝေးကပြန်လာတော့ ၁၀ပေတောင်မဝေးတဲ့ သူ့စားပွဲကနေကျွန်မဆီဖုန်းလှမ်းဆက်ပါတယ်.. မနက်ကသူမှားသွားတာ တောင်းပန်ပါတယ်တဲ့.. နင်ပြောတာမှန်ပါတယ်တဲ့.. ငါကဘာမှန်းမသိလို့နင့်ကိုပြောမိတာပါတဲ့လေ.. ဘာမှပြန်မပြောဘဲ ဖုန်းချပစ်လိုက်တယ်.. သူ့ကိုလှမ်းကြည့်တော့ သွားဖြဲလေးနဲ့ရီပြတယ်..
ထမင်းစားချိန်ကျတော့ ကျွန်မလဲ ကန်တင်းသွားဖို့ပျင်းလို့ ခေါက်ဆွဲပြုတ်စားပါတယ်.. အဲဒါသူမြင်သွားတော့ ဘာလို့ခေါက်ဆွဲပဲစားနေတာလဲ.. ထမင်းသွားမစားဘူးလား.. ငါအပြင်သွားစားမှာ.. ဘာဝယ်လာပေးရမလဲတဲ့.. နေပါစေ.. မလိုဘူးလို့ ပြန်ပြောလိုက်တယ်.. ရုံးပြန်တက်တော့ကျွန်မကိုလာခေါ်တယ်.. မနက်ဖြန်လုပ်မယ့် ဆာဗေးအတွက် မုန့်သွားမှာမလို့ လိုက်ခဲ့တဲ့.. ဟိုရောက်တော့မုန့်မှာပြီး အပြန် ရုံးခန်းထဲကလူတွေအားလုံးအတွက် မုန့်ဝယ်မယ်တဲ့.. ကျွန်မကြိုက်တာဝယ်ဆိုပြီး အတင်းဝယ်ခိုင်းပါတယ်.. ဘာရမလဲ ဈေးအကြီးဆုံးရွေးဝယ်လာခဲ့တယ်.. ရုံးရောက်တော့ အားလုံးကအံ့သြနေကြတာပေါ့.. ကပ်စေးနဲကြီးက မုန့်ဝယ်ကျွေးလို့.. နောက်ဆို နင်သူနဲ့များများရန်ဖြစ်ပေးတဲ့ ၀ိုင်းပြောကြတယ်.. ဟုတ်ပ.. မုန့်ခဏခဏစားရအောင် ရန်ပဲဖြစ်နေရတော့မလိုလို.. ကျွန်မတို့ ဘော့စ်ကအဲဒီလို......


Monday, February 1, 2010

THE CANDLE ROCK PERFORMANCE

စနေနေ့က အတွေ့အကြုံတစ်ခု ရလိုက်တယ်... သိပ်ပျော်စရာကောင်းပါတယ်.. သီချင်းဆိုတာ ၀ါသနာပါတဲ့ကျွန်မအတွက် တီးဝိုင်းနဲ့ လူရှေ့မှာ ပထမဆုံးဆိုဖူတဲ့ အတွေ့အကြုံသစ်ပေါ့.. ကြောက်နေမယ်ထင်ထားခဲ့တာ.. အံ့သြစရာပဲ လုံးဝကြောက်မနေခဲ့ဘူး.. ဆိုလို့ကလည်းကောင်းမှကောင်းပဲ.. ကံကောင်းသွားတာက စုံတွဲသီချင်းကို အရင်ဆိုရတာပါပဲ.. တစ်ယောက်တည်းမဟုတ်တော့ ကြောင်မနေတော့ဘူးပေါ့... မြတ်နိုးခြင်းမိုးတိမ် ဆိုတဲ့သီချင်းလေ.. ယောက်ျားလေးအဆိုရှင်က ကိုပန်ကိုပါ.. အရမ်းကို အသံကောင်း သီချင်းအဆိုကောင်းတဲ့ အစ်ကိုကြီးပေါ့.. လေးဖြူရဲ့ ဂီတလိုသီချင်းမျိုးကို အသံအားကောင်းကောင်းနဲ့ ဆိုသွားနိုင်တယ်လေ.. ကိုထင်ကြီး ကိုဘိုဘို ကိုထက်အောင်ဖြိုး ကိုသန်းအောင် ကိုမင်းဥာဏ် အားလုံးပဲ အရမ်းတော်ကြပါတယ်.. တကယ့် ဟဲဗီးရော့ခ်တွေကို အသံကောင်းကောင်းနဲ့ ဆိုသွားလိုက်ကြတာများ အားကျမိပါရဲ့.. ကိုကိုရေချစ်မိပြီဆိုတဲ့ ထက်ထက်ရယ်.. မချစ်ဘူးမပြောပါနဲ့ လို့ဆိုလေတဲ့ မေသူရယ်.. မင်းပဲကောင်းတယ်လို့ပြောတဲ့ မယုရယ်ကလဲ အရမ်းတော်ကြပါတယ်.. ကျွန်မဆိုရတဲ့ နောက်တစ်ပုဒ်က ချယ်ရီမြို့တဲ့ ဆုန်သင်းပါရ်သီချင်း.. သီချင်းကောင်းလေးပါပဲ.. ကျွန်မဆိုလိုက်မှ ပျက်သွားသလားတော့ မပြောတတ်ဘူးး) .. တီးတဲ့သူတွေကလည်း အရမ်းတော်ပါတယ်.. ခင်မင်ရင်းနှီးတဲ့သူတွေချည်းပဲ စုစည်းကြတဲ့ပွဲလေးမို့ ပျော်ပျော်ရွှင်ရွှင်ပါပဲ.. နောက်လဲ ဒီလိုပွဲမျိုးကြုံချင်ပါသေးတယ်.. ကဲ.. စီစဉ်သူ ကိုအောင်မြိုင်သင်းရေ.. နောက်တစ်ပွဲဘယ်တော့လဲဗျို့......


Monday, January 25, 2010

ဝါသနာကို မတားနဲ့ရှင်

ကျွန်မတို့မိသားစုဝင်တွေအားလုံးက ဂီတကိုစိတ်ဝင်စားကြတယ်.. ငယ်ငယ်လေးကတည်းက ဖေဖေဂစ်တာတီးပြီး ဆိုဆိုပြနေကြသီချင်းတွေဆို ခုထိတောင် နားထဲစွဲနေတုန်း.. မေမေကလဲ သီချင်းအဆိုကောင်းသား.. သူကတော့ မြန်မာသံ မိုနိုစစ်စစ်ပေါ့.. ချိုပြုံး.. မာမာအေး တို့သီချင်းတွေဆိုပိုင်မှပိုင်ပဲ.. ဖေဖေဆိုနေကျကတော့ စိုင်းထီးဆိုင်တို့ တက္ကသိုလ်အေးမောင်တို့ လားရှိုးသိန်းအောင်တို့ သီချင်းတွေပေါ့.. ကျွန်မတို့ခောတ် အဆိုတော်တွေကိုလည်း ဖေဖေရောမေမေရော ကြိုက်ကြပါတယ်.. ဟစ်ဟော့တွေ ရပ်တွေကို မကြိုက်ကြပေမယ့်.. ရော့ခ်တွေ ဟဲဗီးမက်တယ်လ်တွေအထိ သူတို့ ကြိုက်ကြတယ်.. ဖေဖေဆို ဖြူဖြူကျော်သိန်းကို သိပ်သဘောကျတာ.. ဖြူဖြူကျော်သိန်းမတိုင်ခင်က မဒီကိုကြိုက်တယ်တဲ့.. ခောတ်မီတယ်နော်..

ကျွန်မတို့မောင်နှမသုံးယောက်စလုံးလဲ သီချင်းဆိုရင် အကုန်နားထောင်တာပဲ.. ညီမလေးကအဆိုးဆုံး.. ထွက်သမျှသီချင်းခွေတွေ အကုန်ဝယ်တာပဲ အခွေငှားဆိုင်တောင်သူ့လောက်စုံမယ်မထင်ဘူး.. ကာရာအိုကေကလည်း ဆိုလိုက်ရတာအမော.. မောင်လေးကျတော့ အတီးဘက်ကို ပိုအားသန်တယ်.. ဂစ်တာတီးတာပေါ့.. ဘယ်မှာမှ မယ်မယ်ရရ မသင်ဖူးပေမယ့် တော်တော်လေးတီးတတ်သား.. သီချင်းတွေဘာတွေလဲ ရေးထားတာရှိသေးတယ်.. သူရေးတဲ့သီချင်းကို သူ့သူငယ်ချင်းတွေကဆို.. သူက အသံဖမ်းနဲ့ ပျော်နေရော.. အိမ်ကို သူ့သူငယ်ချင်းတွေလာပြီး သီချင်းတွေဆို အသံတွေသွင်းကြပြီဆို ဖေကတပြုံးပြုံးနဲ့.. ကျွန်မတို့ဖေဖေက သားသမီးတွေကို ဘယ်တော့မှမဆူဖူးဘူး.. လေသံမာမာတောင်မပြောဖူးဘူး.. ဒီတော့ ကျွန်မတို့က ဖေဖေ့ကိုဆို မကြောက်ပါဘူး.. ဘာမဆို ဖေဖေနဲ့တိုင်ပင်ဖြစ်တယ်.. များသောအားဖြင့် အဖေတွေက သားတွေကို စိတ်တိုင်းမကျတတ်ဘူးမဟုတ်လား.. ဖေဖေနဲ့မောင်လေးကတော့ အရမ်းတည့်ကြတယ်.. မောင်လေးနိုင်ငံခြားမသွားခင်အထိ သားအဖတွေ တစ်ခုတင်တည်း အတူတူအိပ်ကြတာလေ.. သူ့သားလေးက သူ့လိုပဲ ဂီတကိုစိတ်ဝင်စားတော့ အရမ်းသဘောကျပေါ့.. ဂစ်တာလိုချင်တယ်ဆို ချက်ချင်းဝယ်ပေးတာပဲ.. သူကိုယ်တိုင် သင်ပေးတယ်.. ကျွန်မတို့အိမ်ကတော့ သီချင်းသံတွေညံနေရောပေါ့..

ကျွန်မလဲ သီချင်းဆိုတာ ၀ါသနာပါပါတယ်.. ဂစ်တာတီးလဲ သင်ဖူးတယ်.. နည်းနည်းပါးပါးတော့ တီးတတ်ဆိုတတ်တယ်ပေါ့လေ.. တကယ်ကို နည်းနည်းပါးပါးပါ.. ပြီးခဲ့တဲ့တစ်ပါတ်က မေမေ့သူငယ်ချင်း ဦးအောင်မြိုင်သင်းက မေးလာတယ်.. စတေ့ခ်ျရှိုးမှာ ဆိုရဲလားတဲ့.. ကျွန်မက စင်ပေါ်မှာတီးဝိုင်းနဲ့ မဆိုဖူးပေမယ့် ကာရာအိုကေတော့ ဆိုနေကျပါ.. ဖြစ်ပါ့မလားမေးတော့ သူက စမ်းကြည့်တာပေါ့တဲ့လေ.. ဒါနဲ့ပဲ မနေ့က သီချင်းသွာတိုက်ဖြစ်တယ်.. အဆင်ပြေပါတယ်.. ၂ပုဒ်ဆိုဖြစ်မယ်.. ဆုန်သင်းပါရ်ရဲ့ ချယ်ရီမြို့ရယ်.. ကော်နီနဲ့ဘိုဘိုရဲ့ မြတ်နိုးခြင်းမိုးတိမ်ရယ်ပေါ့.. ဆိုတဲ့သူတွေအားလုံးက ၀ါသနာရှင်တွေဆိုပေမယ့် အားလုံးက အရမ်းတော်ကြတယ် (ကျွန်မမပါ).. တီးဝိုင်းကလည်း အရမ်းကောင်းပါတယ်.. စလုံးကမောင်နှမတွေ ဖြစ်နိုင်မယ်ဆိုရင် လာအားပေးစေချင်ပါတယ်ရှင်.. အစီအစဉ်လေးကတော့ အောက်မှာရေးထားတဲ့အတိုင်းပါပဲ.. လက်မှတ်တစ်စောင် ၁၅ ဒေါ်လာပါတဲ့ရှင်.. စောစောလာတဲ့သူတွေကို ဘူဖေးလဲကျွေးဦးမှာတဲ့..















THE CANDLE ROCK PERFORMANCE

DATE: 30TH JANUARY 2010
TIME: 6:30PM TO 11:00PM
VENUE:NTU ALUMNI CLUB (8TH DEGREE LONGUE)
11 SLIM BARRACK RISE
#08-02, S138664

Friday, January 15, 2010

၂၀၀၉ အကုန် ၂၀၁၀ အကူး

သားသားမွေးနေ့မတိုင်ခင်ကတည်းက များလိုက်တဲ့အလုပ်ဆိုတာ... ဘလော့တောင်မရေးအား... ဘလော့ပေါက်စေ့လဲ မလည်အားနဲ့... ကျွန်မအလုပ်ရဲ့ သဘောသဘာဝကိုက နှစ်ကုန်ပိုင်းဆို အလုပ်များတတ်တာမျိုး... တစ်နှစ်ပါတ်လုံးလုပ်ထားသမျှ နှစ်ကုန်ရင် စာရင်းစစ်ဝင်တော့တာလေ... လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်... ဘော့စ်ကို Auditor တွေမေးနိုင်တဲ့ မေးခွန်းတွေရဲ့အဖြေတွေရေးပေးနဲ့ နေ့တိုင်းလိုလိုကို အချိန်ပိုဆင်းနေရတော့တာ... ကိုယ်လုပ်နေကျ အလုပ်တွေက များနေရတဲ့ကြားထဲ နှစ်ကုန်ဆုကြေးတွေအတွက် လုပ်ပေးပါဦးဆိုတော့လဲ လုပ်ပေးရပြန်ရော... မနှစ်ကဆို ဆုကြေးကိစ္စတွေဘာတွေက ကိုယ်နဲ့လုံးဝမဆိုင်တာတွေလေ... မနှစ်ကနှစ်လည်လစာတိုးမယ့်အချိန် လစာကိစ္စတွေကိုင်ရတဲ့ တရုတ်လေးက အလုပ်ထွက်ပါတယ်... ဘယ်သူမှလုပ်မယ့်သူမရှိတော့ မနေနိုင် မထိုင်နိုင်လုပ်ပေးလိုက်မိတာ... ခုတော့ ရှိသမျှ Salary Administration တွေ ကိုယ့်ဆီရောက်လာပါတော့တယ်... ပညာရတာပေါ့လေ လို့ပဲ သဘောထားပြီး ကြည်ကြည်ဖြူဖြူပဲ လုပ်ပေးပါတယ်... ရလာဒ်ကတော့ ဘလော့လေးမှမရေးအား.. စာလေးမှ မဖတ်အားပါပဲ... တနေ့တနေ့ မော်နီတာထဲ ခေါင်းစိုက်မတတ် စာရင်းဇယားတွေနဲ့ နပန်းလုံးနေရပါတယ်...

အလုပ်တွေရှုပ်နေရင်းကပဲ သားသားရဲ့မွေးနေ့လေးကို East Coast မှာပျော်ပျော်ပါးပါး ဆင်နွှဲလိုက်သေးတယ်... အဲဒီနေ့က အရောက်လာခဲ့ကြတဲ့ မောင်နှမတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်... ဧည့်ဝတ်မကျေတာများရှိရင်လည်း တွေ့ပုချိပါနော်... တစ်ညလုံးနေစေချင်တာ... မနေပဲပြန်သွားကြတယ်... တညလုံးစားကြမယ်ဆိုပြီး လုပ်ထားတဲ့ ပုဇွန်တွေ ငါးတွေ အသားတွေက အများကြီးရယ်လေ... နောက်နေ့အထိ မကုန်နိုင်ဘူး...

နောက်တစ်ပါတ်ဆို စာရင်းစစ်လာပါပြီ... ၇ရက်တောင်တဲ့... ဘာတွေများစစ်ဦးမယ်မသိဘူး... ပြီးရင်တော့အေးပြီ... မြန်မြန်ပြီးစေချင်နေပြီ... စိတ်ရှုပ်လို့... ဒီလောက်မအားရတဲ့ကြားက ဆံပင်ကလဲ ဖြောင့်လိုက်သေးတယ်... ရန်ကုန်က လာလည်တဲ့ အစ်မတစ်ယောက်က လုပ်ပေးတာ... အိမ်မှာတင်လုပ်တာဆိုတော့ အဆင်ပြေတယ်လေ... နှစ်သစ်မှာ hair style အသစ်နဲ့ပေါ့...

နောက်လထဲကျရင် ရန်ကုန်ကို တစ်ပါတ်လောက် အလည်ပြန်ပါမယ်... ၁၃ရက်နေ့ Silk Air နေ့ခင်းဘက် ဖလိုက်နဲ့ပါ... မက်မက်နဲ့ လေယာဉ်တစ်စီးတည်းပေါ့... အတော်ပဲ... သားသားကို ကူထိန်းခိုင်းရမယ်... ရန်ကုန်ရောက်ရင် လည်ရမယ့်နေရာတွေ စားရမယ့်အစားအစာတွေလည်း စာရင်းလုပ်ထားပြီးပြီ... စာရင်းစစ်လာမှာကို တွေးပြီး စိတ်ညစ်တိုင်း ရန်ကုန်ပြန်မှာကိုတွေးပြီး ဖြေနေရတယ်... ရန်ကုန်ရောက်ရင် မင်္ဂလာဆောင်နှစ်ခုတောင် သွားရဦးမယ်... တစ်ခုက ဘလော့ဂါတစ်ယောက်ရဲ့ မင်္ဂလာဆောင်လေ... Valentine's Day မှာ မင်္ဂလာဆောင်ကြမှာ... Romantic ပဲနော်... ကိုယ်တောင်ပြန်ဆောင်လိုက်ချင်တယ်... သားသားကို flower boy လုပ်ခိုင်းပြီးတော့လေ... Wedding Gown ကတော့ ဆွဲစေ့လို့တောင်မရတော့ဘူး... :)

အရည်မရ အဖတ်အရတွေ ရေးမိပါတယ်... အချိန်ကုန်... မျက်စေ့ညောင်းသွားရင် တွေ့ပုချိပါနော်... ကျွန်မရဲ့ လုပ်ခဲ့သော လုပ်နေသော လုပ်မည်ဖြစ်သော ကိစ္စများဖြစ်ပါကြောင်း...........

Saturday, November 21, 2009

စမ်းကြည့်လိုက်ကြရအောင်

မိဘဆိုတာ ကိုယ့်သားသမီးလေးတွေကို ကျန်းမာရွှင်လန်းနေတာပဲ အမြဲမြင်ချင်တတ်ကြတာ သဘာဝပါ... ကိုယ့်သားသမီးလေးများ နေထိုင်မကောင်းဖြစ်ရင် စိတ်ပင်ပန်းဆင်းရဲရတာလဲ မိဘတွေပဲပေါ့...

ကလေးတွေမှာ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုမှ သယ်ဆောင်ပျံ့ပွားစေတဲ့ ခြင်တွေကတော့ မိဘတွေအတွက် အကြီးစားရန်သူပေါ့... သန့်ရှင်းလှပါတယ်ဆိုတဲ့ ဒီစင်္ကာပူမှာတောင် သွေးလွန်တုပ်ကွေးရောဂါ လုံးဝပပျောက်အောင် တိုက်ဖျက်နိုင်ခြင်း မရှိသေးပါဘူး... အဲဒီတော့ သယ်ဆောင်သူခြင်တွေကို နှိမ်နင်းနိုင်ဖို့ အရေးကြီးပါတယ်...

ခြင်နှိမ်နင်းရေးနဲ့ပါတ်သတ်ပြီး အရမ်းလွယ်ကူတဲ့နည်းလေးတစ်ခု email ကတဆင့် ဖတ်လိုက်ရလို့ ဘာသာပြန်ပြီး မျှဝေပေးချင်ပါတယ်... ခြင်တွေကိုနှိမ်နင်းဖို့က ခြင်ဥတွေကို ပိုးလောက်လန်းဘ၀တောင် ရောက်ခွင့်မရအောင် ဖျက်စီးပစ်နိုင်ရင် အကောင်းဆုံးပေါ့... ခြင်ဥတွေက ရေထဲမှာရှိနေတတ်တာမို့လား... ဘုရားပန်းအိုးတို့ စားပွဲတင်ပန်းအိုးတို့ကတော့ ခြင်တွေရဲ့ ဂေဟာပေါ့...



ဒီနည်းလေးက လွယ်သလောက် ငွေကုန်ကြေးကျလည်း သက်သာပါသေးတယ်... စင်္ကာပူပိုက်ဆံ 1 cent coin လေးတွေကို သိကြမှာပေါ့... ကြေးနီ (copper) နဲ့လုပ်ထားတာလေ... အဲဒီ copper coin လေးတွေကို ခြင်မပေါက်ပွားစေချင်တဲ့ ရေထဲမှာထည့်ထားလိုက်ယုံပါပဲ... copper ကထွက်လာတဲ့ ဓါတ်တစ်မျိုးက ခြင်ဥတွေကိုပျက်စီးသွားစေပါတယ်... စင်္ကာပူမှာ နေတာမဟုတ်တဲ့သူတွေအတွက်တော့ အခြား copper coin လေးတွေ ရှာကြည့်ရမှာပေါ့... (ရှာရများခက်မလားပဲ)... ဒီရိုးရှင်းလွယ်ကူတဲ့ နည်းလေးက ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိနိုင်တာမို့ စမ်းကြည့်လိုက်ကြရအောင်လားနော်... ကျွန်မလည်း ပြားစေ့လေးတွေ ပြေးရှာလိုက်ဦးမယ်.... အားလုံးအတွက်လဲ အသုံးဝင်မယ်လို့ ထင်ပါတယ်....