ကျောင်းသားဘ၀ လွတ်လပ်ပျော်ရွှင်မှုတွေအကြောင်း ပြန်ပြန်တွေးတိုင်း မပါမဖြစ်က ကျောင်းကန်တင်းက ဆိုင်လေးတွေပေါ့.. အပြင်က စားသောက်ဆိုင်တွေမှာ မရတတ်တဲ့ အစားအစာဆန်းလေးတွေနဲ့ ကျွမ်းဝင်ခွင့်ရခဲ့တာလဲ ကျောင်းကန်တင်းက ဆိုင်လေးတွေမှာပဲပေါ့..
ကျွန်မတို့ကျောင်းစတက်တော့ မှော်ဘီဂျီတီစီရဲ့ကန်တင်းမှာ ဆိုင်လေး၃ဆိုင်ပဲရှိသေးတယ်.. ကျောင်းအ၀င်ဝရဲ့ဘယ်ဖက်မှာက ဂျက်စမင်းဆိုတဲ့ဆိုင်လေး.. အစားအသောက်သိပ်မကောင်းလို့ ထိုင်ခဲတဲ့ဆိုင်ပေါ့.. စက်မှုက ယောက်ျားလေးတွေအထိုင်များလို့ ၀င်မထိုင်ဖြစ်တာလဲပါတယ်.. နောက်ပိုင်း ကန်တင်းအသစ်ဆောက်ပြီးတော့ ချက်တဲ့သူလဲပြောင်းသွားလို့ထင်တယ်.. စားကောင်းသောက်ကောင်းရှိလာတာနဲ့ ထမင်းချိုင့်ဆွဲတောင် ယူစားဖြစ်လိုက်တယ်လေ.. မောင်နဲ့တွေ့ပြီးတော့မှပါ.. မောင်ကဘေးနားမှာပါနေတော့ ဘယ်ဆိုင်ဖြစ်ဖြစ် ၀င်ရဲသွားပြီလေ.. ဂျက်စမင်ကအစားအစာတွေထဲ မှတ်မိနေတာက တပွဲ၁၀၀ပေးရတဲ့ ကြာဇံဆီချက်ပေါ့.. ဘာအသားမှမပါဘဲကို စားလို့ကောင်းပါတယ်..
နောက်ဆိုင်တစ်ဆိုင်က ကောင်းထက်တဲ့.. အ၀င်လမ်းရဲ့ ညာဘက်မှာရှိတာပေါ့.. ကျောင်းစတက်တက်ချင်း အထိုင်အများဆုံးဆိုင်လေ.. ဆိုင်ကကျယ်ပြီး သီချင်းတွေဘာတွေလဲဖွင့်တာမို့ ပျင်းရင်ကို သွားထိုင်နေဖြစ်တယ်.. သူ့ဆိုင်က ထောပတ်သီးဖျော်ရည်ကတော့ အသည်းစွဲပဲ.. ရေခဲသုတ်လဲစားကောင်းတယ်.. ကျွန်မတို့ဘော်ဒါဆောင်နဲ့ မျက်နှာချင်းဆိုင်လိုဖြစ်နေတော့ ညနေစာစားချိန်ဆိုလဲ ကောင်းထက်ကိုပဲ သွားဖြစ်တယ်လေ..
နောက်တစ်ဆိုင်က မိဘမေတ္တာတဲ့.. အဘဆိုင်လို့ပဲခေါ်ကြတယ်.. အဘတို့လင်မယားက စေတနာကောင်းလို့ လူအမြဲပြည့်နေတတ်တဲ့ဆိုင်ပေါ့.. ဟင်းတွေလဲကောင်းတယ်.. ဆရာမကြီးအိမ်နဲ့ကပ်လျှက် ညောင်ပင်အောက်မှာရှိတာလေ.. လူများလို့သာမထိုင်ဖြစ်တာ ဟင်းတွေကကောင်းတော့ ပါဆယ်သွားသွားဆွဲဖြစ်တယ်.. အလကားပေးတဲ့ သီးစုံချည်ရည်ကအစ စေတနာထားချက်လို့ စားကောင်းနေတတ်တာပါ..
၃လ ၄လလောက်နေတော့ ကောင်းထက်ဘေးနားမှာ ၀ါးရုံရိပ်ဆိုတဲ့ဆိုင်လေးတိုးလာတယ်.. အိမ်ချက်ဟင်းလေးတွေလိုပဲမို့ စားကောင်းတာပါပဲ.. သူတို့ဆိုင်က ရှောက်သီးသုပ်လေး အရမ်းစားကောင်းတာ မှတ်မိနေသေးပါရဲ့.. ကျန်တဲ့အသုပ်တွေတော်တော်များများလဲ ကောင်းတယ်ဆိုတော့ အသုပ်စားချင်ရင် ၀ါးရုံရိပ်ကို သွားဖြစ်တယ်.. ရေနွေးကြမ်းကလည်း လဖက်ခြောက်ကောင်းကောင်းသုံးလို့ သောက်ကောင်းတာကိုး..
နောက်ပိုင်းကျတော့ ကန်တင်းဆိုင်ခန်းတွဲတွေ အသစ်ဆောက်လိုက်တယ်.. တစုတစည်းတည်းဖြစ်သွားတာပေါ့.. သီချင်းတွေအပြိုင်ဖွင့်ကြလို့ နားညည်းလိုက်တာမပြောပါနဲ့.. တဆိုင်နဲ့တဆိုင်က ကပ်နေတာမို့လား.. အသံတွေလုံးပြီး ဘယ်လိုမှ သာယာနာပျော်ဖွယ် ဖြစ်မလာနိုင်တော့ဘူးလေ.. ဆိုင်သစ်တွေလဲ ထပ်တိုးလာတယ်.. စီနီယာအစ်ကိုကြီးတွေစုပြီး Mr. Cupid ဆိုတဲ့ဆိုင်လေးတောင်ဖွင့်လိုက်သေးတယ်.. သိပ်မကြာလိုက်ပါဘူး.. သူငယ်ချင်းတွေဒဏ်မခံနိုင်ဘူးထင်ရဲ့.. ဆက်မလုပ်တော့ဘူးလေ.. တိုးလာတဲ့ဆိုင်တွေထဲက စုံစုံလင်လင်လေးရောင်းတာက မဟာနွယ်ဆိုတဲ့ဆိုင်လေးပါ.. တရုတ်ဟင်းတွေပါမှာလို့ရတယ်.. ဈေးတော့နည်းနည်းပိုတာပေါ့.. စမူဆာတို့ အီကြာကွေးတို့ ရတတ်လို့ မနက်စာစားလို့ကောင်းတဲ့ဆိုင်ပါ..
ကျွန်မတို့အဆောင်ရှေ့မှာလဲ ပြည့်ဝဆိုတဲ့ထမင်းဆိုင်လေးရှိတယ်.. စစချင်းတော့ မောင်နှမတတွေစုပြီးလုပ်ကြတာ.. ဟင်းချက်သိပ်မကောင်းလို့ သိပ်မစားဖြစ်ဘူး.. နောက်ပိုင်း သူတို့ဆီကနေဆိုင်ကိုပြန်ဝယ်လိုက်တဲ့ အန်တီအိက ဟင်းချက်ကောင်းတာမို့ ဒုတိယနှစ်တနှစ်လုံး ပြည့်ဝကိုပဲ အားပေးဖြစ်တယ်.. နေ့လည်စာစားတိုင်း သူငယ်ချင်းတွေတအုပ်ကြီး ပြည့်ဝကိုချီတက်ကြတာပေါ့.. နေ့ခင်းဘက်အတန်းလစ်ပြီး ကန်တင်းသွားဖြစ်ရင်တော့ အဘဆိုင်မှာ ရခိုင်မုန့်တီလေးသောက် လဖက်သုပ်လေးစား... ဂစ်တာတီးပေးတဲ့သူရှိရင် သီချင်းလေးဘာလေး လိုက်အော်ပေါ့.. စာကြည့်တိုက်ကယူလာတဲ့ စာအုပ်တစ်အုပ်အုပ်ထဲ ခေါင်းစိုက်နေဖြစ်တာက ပိုများပါတယ်.. ရေနွေးကြမ်းတွေ တအိုးပြီးတအိုးဖြည့်ခိုင်းလဲ မငြိုငြင်တတ်ကြပါဘူး.. နေ့ခင်းဘက် သီအိုရီချိန်များဆို တတန်းလုံးနီးပါး ကန်တင်းရောက်နေတတ်လို့ ကန်တင်းမှာရိုးကောလ်လိုက်ကောက်ရမတတ်ပဲ..
ကျောင်းကန်တင်းကမဟုတ်ဘဲ ကျောင်းကသူငယ်ချင်းတွေနဲ့ အတူတူခဏခဏထိုင်ဖြစ်တဲ့ ဆိုင်လေးလဲရှိသေးတယ်.. သင်္ကန်းကျွန်း ဘ၀မြင့်မှတ်တိုင်က လဖက်ရည်ဆိုင်လေးပေါ့.. ဒီဂျစ်တယ်ဆရာကြီး ဦးခင်ဌေးဆီမှာ သင်တန်းတက်ကြရင်း သင်တန်းချိန်ပြီးရင် အိမ်တန်းမပြန်ဘဲ လဖက်ရည်ဆိုင်ထိုင်တတ်ကြတာလေ.. မိန်းကလေးကတော့ ကျွန်မတစ်ယောက်တည်းပေါ့.. ဆိုင်နာမည်တောင် မသိတော့ဘူး.. ပေါ့ဆိမ့်တစ်ခွက်နဲ့ နေ၀င်ခဲ့တဲ့ညနေခင်းတွေ ကျွန်မဘ၀မှာအများကြီးပါပဲ.. ခြင်စာကျွေး သွေးလှူပွဲလေးလို့လဲ ပြောရင်ရသပေါ့လေ.. စမ်းချောင်းလမ်းထဲက အိမ်မဲမုန့်ဟင်းခါးဆိုင်လေးကလဲ ကျွန်မတို့တတွေရဲ့ ဆုံမှတ်ဖြစ်ခဲ့ဖူးသေးတယ်.. ဟင်းရည်ကျဲကျဲနဲ့ ငရုတ်ကောင်းနဲ့မွှေးမွှေးလေးမို့ ကျွန်မအရမ်းကြိုက်တဲ့ မုန့်ဟင်းခါးပေါ့.. ကျူရှင်မသွားခင် အမြဲတမ်းစားနေကျ..
ခု စလုံးမှ အလုပ်လုပ်နေတော့လဲ ကျွန်မတို့သင်္ဘောကျင်းက ဘယ်နေရာ ဘာစားသောက်ဆိုင်နဲ့မှ မနီးတာမို့ ရုံးကန်တင်းမှာပဲ နေ့စဉ်စားရပါတယ်.. တရုတ်ဆိုင်တဆိုင် ကုလားဆိုင်တစ်ဆိုင်နဲ့ အအေးတွေ အသီးတွေရောင်းတာကတစ်ဆိုင်... မနက်အစောကြီးတက်ရတဲ့အလုပ်ဆိုတော့ မနက်စာကိုလဲ ရုံးရောက်မှပဲ စားရတာပေါ့.. ကုလားဆိုင်ကတော့ မနက်တိုင်း ပလာတာ ဗယာကြော် မတ်ပဲကြော် မုန့်ပေါင်းတွေရောင်းတယ်.. ကုလားတွေများ ဘာလာလာပဲဟင်းလေးစမ်းပြီး ကြိတ်ပစ်လိုက်တော့တာကိုး.. တခါတလေတော့ ကုလားဆိုင်ကစားဖြစ်တယ်.. အမြဲတမ်းတော့ မစားနိုင်ဘူး.. ချွေးနံ့ကပါ မဆလာနံ့ထွက်လာတယ်ထင်ရအောင် အနံ့ပြင်းလွန်းလို့.. အများဆုံးစားတာကတော့ တရုတ်ကြီးဆီကပါ.. မနက်စာဆိုရင် ပုံမှန်ခေါက်ဆွဲကြော် ကြာဇံကြော်တွေအပြင် တနေ့တမျိုး စပါယ်ရှယ်လေးတွေရှိတယ်.. Fish Ball Mee တို့ Mee Rebus တို့ Laksa တို့ Wanton Mee တို့ပေါ့.. နေ့လည်စာဆိုရင်လဲ ဟင်းချက်မဆိုးဘူးပြောရမယ်.. အရသာလေးဘာလေးရှိသေးတယ်.. စလုံးထမင်းဆိုင်တွေက ဟင်းတွေအကြောင်း စားဖူးသူတိုင်းသိပါတယ်.. သူတို့လို အရသာမရှိအောင်ချက်ပြပါဆို ကျွန်မမချက်တတ်ဘူး တကယ်.. ဘာအရသာမှကိုမရှိတာ.. ဗမာပါးစပ်နဲ့တော့ တလွဲမှ တကယ့်ကိုတလွဲပဲ.. ရုံးကန်တင်းကဆိုင်ကတော့ တော်တော်လေးစားကောင်းတယ်.. ကံကောင်းတယ်ဆိုရမှာပေါ့.. စားမကောင်းလဲ ဘာမှမရှိတော့ သူ့ဆီမှာပဲစားရမှာကိုး..
ဘာရယ်မဟုတ်ပါဘူး.. ရုံးကန်တင်းမှာထိုင်ရင်း ကျောင်းကန်တင်းကိုသတိရမိသွားတာနဲ့ စိတ်ထဲရှိရာချရေးလိုက်မိပါတယ်..

10 comments:
ဟင်းးးးးးးးးးး ကျောင်း ကဆိုင်လေးတွေ...မြန်မာပြည်က ဆိုင်လေးတွေကို လွမ်းလိုက်တာ။
ဒီလိုဆိုတော့လည်း ကျောင်းတော်ကြီးကို လွမ်းသွားပါတယ် ညီမရေ...
ခင်တဲ့သစ်သစ်
အီကွေတာတို့ အမှတ်(၆)တို့လဲ ပါဘူး။ အမယောကျာ်းကို မေးပြီးရေးပေး။
စိုးမြင့်ကြော် မရဘူးလား အမ? ဘယ်က စလိုက်တဲ့ အခေါ်အဝေါ်မှန်းမသိတဲ့ အဲဒီကြော်က ဒဂုံမှာလည်းရတယ်။ နေခြည်တို့ကျောင်းမှာလည်း ရတယ်။
စိုးမြင့်ကြော်က မိန်းထဲက စတာပါ။ ကျွန်တော်သိသလောက်က မိန်းထဲမှာက ကျွန်တော်တို့တုန်းက တောင်ငူကန်တင်း၊ သိပ္ပံကန်တင်း၊ ဝိဇ္ဇာကန်တင်း၊ အီကိုကန်တင်း ဆိုပြီး ရှိပါတယ်။ စိုးမြင့်ကြော်က သိပ္ပံကန်တင်းဖက်က စတာထင်တာပဲ။ ကျွန်တော်တို့ကတော့ စိုးမြင့်ကြော်ဆို အဲဒီသွားစားတာပဲ။
နောက်ကြုံလို့ပြောရရင် သံဗူးဖျော်ရည် ဆိုတာလည်း မိန်းထဲက စတာပါပဲ။ ဇီး၊ ဘာလီ စတဲ့ ဖျော်ရည်မျိုးစုံ ရောဖျော်တာပါ။ ကျောင်းထဲမှာ နာမည်ကြီးလာပြီး၊ အပြင်မှာပါ လိုက်ဖျော်ကြပြီး နောက်ပိုင်းမှာ စပ်ပြီးသား ပုလင်းတွေ ထွက်လာတာပါ။ ရှန်ပိန်ဆိုတာ ရှိသေးတယ်။ သူကတော့ ဖျော်ရည်မျိုးစုံကို ဖန်ခွက်ထဲမှာ တရစ်စီထည့်ပေးတာ။ ဖန်ခွက်လေးက အရောင်စုံနဲ့ လှတယ်။
ထောက်ခံပါတယ် :P
စားမရတော့လို့ပြန်တောင်ပြေးရတယ် ဟီဟီး
၉တန်း ၁၀တန်းက စလို့ လမ်းသလားခဲ့တာတွေ ပြန်သတိရသွားဘီ ..း))
ကျောင်းက ကန်တင်း မှာ ထူးခြားတာက အဘဆိုင်က
ရှကီ ကြော် ဆို တာ တော့ မှတ်မိတယ်
အဘဆိုင်က ရှကီကြော်
ကျာင်းရှေ့က ကီးမားရယ်ပေါ့ သတိရမိတယ်...
Post a Comment