Thursday, August 5, 2010

နေ့နဲ့ည ရေရင်လေ၂၈နှစ်

လွန်ခဲ့တဲ့ ၂၈နှစ် ဒီနေ့မှာ ခုလိုပဲ ၀ါထပ်တဲ့နှစ်မို့ မိုးတွေကသည်းမှသည်းပဲတဲ့.. ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ မေမေက ငွေထမင်းစားချင်တယ်ဆိုလို့ ကြီးကြီးငွေက ငွေထမင်းလုပ်ကျွေးတယ်.. အဲဒီအချိန်မှာ မေမေ့ယောင်းမ ကြီးကြီးနွယ်က အရှေ့ပိုင်းဆေးရုံမှာ ကလေးမွေးဖို့ရောက်နေတယ်လေ.. သူကမွေးရမယ့်ရက်ကို ၁၀ရက်လောက်တောင်ကျော်နေလို့ ခွဲမွေးရတော့မှာ.. နောက်ယောင်းမတစ်ယောက်ဖြစ်တဲ့ ကြီးကြီးဘေဘီက ကလေးဆရာဝန်အဖြစ် အရှေ့ပိုင်းဆေးရုံမှာပဲ တာဝန်ကျနေတယ်.. ဆေးရုံဝင်းထဲက ၀န်ထမ်းအိမ်ယာမှာပဲနေတယ်လေ.. မေမေက ကြီးကြီးနွယ်ကို သွားကြည့်ရင်း ကြီးကြီးဘေဘီစားဖို့ ငွေထမင်းတွေတောင် ယူသွားပေးသေးတယ်တဲ့.. ဆေးရုံရောက်တော့ ဗိုက်ထဲကနာလာသလိုပဲဆိုလို့ ဒေါက်တာခင်သိန်းဦးက စမ်းကြည့်ပြီးတော့ မွေးခါနီးပြီဆိုပြီး မေမေ့ကိုအိမ်ပေးမပြန်တော့ပါဘူး.. မေမေလဲ ဖေဖေအိမ်ပြန်ပြီး ပစ္စည်းတွေသွားယူနေတုန်း ကြီးကြီးဘေဘီတို့အိမ်ကိုသွား ရေချိုး ခေါင်းလျှော် အကြိုက်ကိုလုပ်တော့တာပဲ.. သူတို့အိမ်မှာချက်စားတဲ့ အုန်းနို့ခေါက်ဆွဲကိုတောင် တဝကျိတ်လိုက်သေးတယ်လေ.. ဘဘမျိုးကတောင် နောက်နေသေးတယ်.. အုန်းနို့ခေါက်ဆွဲစားချင်လို့ ဗိုက်နာချင်ယောင်ဆောင်တာ မဟုတ်လားလို့..

ကြီးကြီးနွယ်က ၄နာရီကျော်လောက်မှာ မွေးပါတယ်.. အဲဒီအချိန်ထိ မေမေက ဗိုက်သိပ်မနာသေးဘူးတဲ့.. နောက်ကျမှ ချက်ချင်းပဲနာလာပြီး ကျွန်မကို ၆နာရီ ၁၀မိနစ်မှာမွေးပါတော့တယ်.. မွေးစက ၈ပေါင်နဲ့၁၀အောင်စတောင်ရှိတယ်တဲ့.. ၀တုတ်ကြီးပေါ့.. မေမေက အသက်၂၀မှာကျွန်မကိုမွေးတာလေ.. ကျွန်မကလဲအစားပုတ် မေမေကလည်းနို့အများကြီးထွက်တော့ ကျွန်မငယ်ငယ်တုန်းက တော်တော်လေးဝပါတယ်.. လက်တွေမှာဆို ကောက်ညှင်းထုပ်လို အရစ်အရစ်တွေဖြစ်နေတာ.. ဆံပင်တွေကလိမ်ကောက်ကွေးနေတာပဲ.. ပါးကြီးတွေကလဲဖောင်းလို့.. ကြီးကြီးနွယ်ကမွေးတဲ့ ကျွန်မထက်၂နာရီကြီးတဲ့ အစ်မလေးကတော့ သေးသေးလေးတဲ့.. ကြီးကြီးနွယ်က နို့သိပ်မထွက်တော့ သူ့ဖေဖေက မေမေ့ဆီခေါ်ခေါ်လာပြီး နို့တိုက်ခိုင်းတတ်တယ်.. ကျွန်မတို့၂ယောက်က နို့စို့ဖက်တွေပေါ့.. မေမေ့နို့ကလဲ ၂ယောက်ဝိုင်းသောက်တာတောင် တနေ့တနေ့ မတ်ခွက်ကြီးနဲ့အပြည့် ညှစ်ထုတ်ပစ်ရသေးတယ်တဲ့.. ညညဆို နို့တွေသက်လို့ ပုဆိုးနဲ့တောင်ခံထားရတယ်ဆိုပဲ.. တညတော့ နို့တွေသက်ပြီး ကျွန်မခေါင်းမှာရွှဲနေတော့ ပရွက်ဆိတ်တွေကို အုံခဲနေတာပဲတဲ့.. တော်သေးတာပေါ့ မကိုက်တတ်တဲ့အမဲရောင်ကောင်တွေမို့လို့..

ကျွန်မက ငယ်ငယ်တုန်းက တော်တော်လေးအေးတယ်ပြောတာပဲ.. ချထားရင် ထားတဲ့နေရာမှာ ငြိမ်နေတာပဲတဲ့.. အငိုလဲနည်းတယ်ဆိုပဲ.. ကျွန်မကို နာမည်ပေးဖို့စဉ်းစားကြတော့ ဖေဖေနဲ့မေမေက တယောက်တလုံးစီရွေးကြဖို့ သဘောတူကြတယ်.. နောက်ဆုံးမှာတော့ အဖိုးနာမည် ဇင် ဆိုတာကိုထည့်မယ်ပေါ့.. ဖေဖေက ပွင့်ဆိုတာလေးရွေးလိုက်တယ်.. မေမေကတော့ မြူး ဆိုတဲ့စာအုပ်တိုက်နာမည်လေးကိုသဘောကျတယ်တဲ့.. ပထမတော့ ဖေဖေက မြူးဆိုတာကို မကြိုက်ဘူးတဲ့.. အနေအေးတဲ့ကျွန်မနဲ့ မလိုက်ဘူးပေါ့.. မေမေက မရဘူး သူရွေးထားတာ ပေးကိုပေးရမယ်ဆိုလို့ ကျွန်မနာမည် ပွင့်မြူးဇင် ဖြစ်လာပါတယ်.. အိမ်နာမည်ကတော့ မြူးမြူးပေါ့.. ကျွန်မမိဘတွေ နာမည်ပေးတာ တော်တယ်ပြောရမယ်.. ခုထက်ထိ ကျွန်မနဲ့နာမည်တူ တယောက်မှမတွေ့ဖူးသေးဘူး.. ခပ်ဆင်ဆင်လေးတောင် မတွေ့ဖူးဘူးလေ.. ညီမလေးနာမည် ၀င့်ထူးဇင်ကမှ ဇင်ဝင့်ထူးဆိုတာ တွေ့ဖူးသေးတယ်..

ကျွန်မသူငယ်တန်းကျောင်းစတက်တော့ ရန်ကင်း အ.မ.က (၈)မှာ တက်ပါတယ်.. ကျောင်းကစည်းကမ်းကြီးတယ်.. မိဘတွေကို ကျောင်းထဲပေးမဝင်ဘူး.. ကျွန်မက ထမင်းကိုယ့်ဟာကိုယ်မစားတတ်သေးတော့ နေ့လည်ထမင်းစားချိန်ဆို မေမေကကျောင်းရှေ့ကိုလာ ကျွန်မကအပြင်ထွက်ပြီး ထမင်းသွားသွားစားရတာ မှတ်မိသေးတယ်.. ကျွန်မက ငယ်ငယ်တုန်းက တော်တော်ကြောက်တတ်ပါတယ်.. အတန်းထဲမှာ ဆရာမက သူများတွေကိုဆူရင်လဲ ကျွန်မကကြောက်လို့ ငိုပါတယ်တဲ့.. နောက်တော့ ဆရာမက ဆူချင်ရင် ပွင့်မြူးဇင်မပါဘူးလို့ ပြောပြီးဆူရတယ်တဲ့လေ.. အဲဒီတုန်းက ကျွန်မရဲ့ဟီးရိုးက နှင်းဝတ်ရည်သောင်းပါ.. သူကယောက်ျားလျာလိုပဲ အရမ်းလဲစွာပါတယ်.. သူများတွေကျွန်မကို အနိုင်ကျင့်ရင် သူကရှေ့က စွာပေးပါတယ်.. နည်းနည်းကြီးလာတော့ ကျွန်မ မကြောက်တတ်တော့ပါဘူး.. မေမေကဆို ခုထိပြောတုန်း.. သမီးကို ခုလိုထက်ထက်မြက်မြက်ဖြစ်လာမယ်လို့ ထင်ကိုမထင်ထားဘူးတဲ့..

ကျွန်မ၁၂နှစ်သမီးလောက်မှာ မေမေက စင်္ကာပူကို အလုပ်လုပ်ဖို့ ထွက်သွားပါတယ်.. ဖေဖေကလဲ သင်္ဘောလိုက်နေတုန်းဆိုတော့ မောင်နှမသုံးယောက်သား အဖွားတွေအဒေါ်တွေနဲ့ ကျန်ခဲ့တာပေါ့.. အဲဒီကစလို့ ကျွန်မရင့်ကျက်လာခဲ့တယ်ဆိုရမယ်.. မိဘနဲ့ဝေးနေတော့ ညီမလေးနဲ့မောင်လေးအပေါ် မိဘမေတ္တာကို ပေးနိုင်အောင်ကြိုးစားရင်း ကျွန်မတဖြေးဖြေး ရင့်ကျက်လာခဲ့တယ်ပေါ့.. တော်ယုံပြသနာဆို လူကြီးတွေမသိစေပဲ ကိုယ်တိုင်ရှင်းပစ်လိုက်တယ်.. ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအပေါ် ယုံကြည်မှုလေးလဲ ရှိလာတယ်လေ.. နောက်ပိုင်း ကျွန်မဖေဖေက ကျန်းမာရေးမကောင်းလို့ အလုပ်နားလိုက်ရတော့ ဖေဖေ့ရဲ့ အနီးကပ်ဆိုဆုံးမမှုတွေအောက်မှာ ကျွန်မတို့သုံးယောက်လုံး လူလားမြောက်ခဲ့ရတယ်ပေါ့.. အေးဆေးတဲ့ဖေဖေက ဘယ်တော့မှ စကားကြမ်းကြမ်းတွေနဲ့ မဆုံးမတတ်ပါဘူး.. လေအေးလေးနဲ့ နားဝင်အောင်ပြောတတ်လို့ ကျွန်မတို့လဲ ဖေဖေ့စကားဆို တသက်စွဲနေအောင် မှတ်မိနေရော..

မှော်ဘီမှာ အဆောင်နေပြီး ကျောင်းတက်ရတော့ ကျွန်မပိုပြီး Independent  ဖြစ်လာတယ်.. ကိုယ်တယောက်စာအလုပ်တွေကို ကိုယ်တိုင်လုပ်တတ်လာတယ်လေ.. အဝတ်လျှော်တာ.. မီးပူတိုက်တာ.. ဟင်းချက်တာတွေလဲ ပိုကျွမ်းလာတယ်.. အိမ်မှာက လုပ်ခွင့်မှမရပဲကိုး.. ကျောင်းတက်ခဲ့တဲ့၅နှစ်အတွင်း ဘဝအကြောင်း အချစ်အကြောင်း လူတွေရဲ့စရိုက်တွေအကြောင်းကို အများကြီးပိုသိလာတယ်.. ကျွန်မရဲ့လက်တွဲဖော်နဲ့လဲ တွေ့ဆုံခွင့်ရခဲ့တယ်လေ.. ကျွန်မကျောင်းပြီးသွားတော့ သူကကျောင်းမပြီးသေးဘူး.. တခြားအလုပ်လဲမလုပ်ချင်လို့ ကျူရှင်ပဲလိုက်သင်ဖြစ်တယ်.. ဂျီတီစီကကျောင်းသားတွေကိုပဲပေါ့.. ကျောင်းပြီးတာက ၂၀၀၅မှာ စလုံးကိုရောက်တာက ၂၀၀၇.. အလုပ်ကို အသည်းအသန်ရှာရတာပေါ့.. ကံကောင်းချင်တော့ ကုမ္ပဏီခပ်ကြီးကြီးမှာ အလုပ်ရတယ်.. ၁၃လစာလေးလဲမှန်မှန်ပေးတယ်.. နှစ်ကုန်ဆုကြေးကလဲ ၅လစာလောက် အနည်းဆုံးပေးတယ်လေ.. ကံပါပဲ.. အလုပ်လက်ခံတုန်းကဆို အဲဒါတွေရမှန်း သိတောင်မသိဘူး.. မေးရကောင်းမှန်းလဲ သိတာမဟုတ်ဘူး.. အလုပ်ရသွားတော့ မောင့်ကို ကျောင်းလျှောက်ပေးလိုက်ပြီး လှမ်းခေါ်လိုက်တယ်.. မောင်ရောက်လာတော့ အတူတူနေကြရမှာဆိုပြီး မင်္ဂလာပွဲကို ခပ်မြန်မြန်ပဲ စီစဉ်ဖြစ်သွားတယ်လေ.. ၂၀၀၈ ခုနှစ် ဧပြီလ ၆ရက်နေ့ပေါ့.. မိဘတွေဆီကမတောင်းချင်လို့ ကိုယ်ဆုကြေးရတဲ့ပိုက်ဆံနဲ့ ကိုယ့်စိတ်ကြိုက်လုပ်ပစ်လိုက်တယ်.. အဲဒီနေ့က ကျွန်မအပျော်ဆုံးနေ့တွေထဲက တနေ့ပေါ့..

သားသားကိုယ်ဝန်၆လလောက်ရှိတဲ့အချိန်မှာ ကျွန်မဖေဖေဆုံးသွားပါတယ်.. နှစ်ရှည်လများ ခံစားခဲ့ရတဲ့ ဝေဒနာတွေ ချုပ်ငြိမ်းသွားတာပေါ့ရယ်လို့ပဲ ကြိုးစားဖြေသိမ့်ရတယ်ပေါ့.. ဖေဖေမဆုံးခင် ဖေဖေလိုချင်တဲ့အိမ်လေးကို ကျွန်မပိုက်ဆံနဲ့ ၀ယ်ပေးနိုင်ခဲ့တာတခုတော့ ဖြေစရာရှိတယ်လေ.. နိုဝင်ဘာလကုန်ပြန်မယ်လို့ စီစဉ်ထားပြီးဖြစ်တော့ ဖေဖေဆုံးတဲ့အချိန် အောက်တိုဘာလမှာ ကျွန်မမပြန်နိုင်ခဲ့ပါဘူး.. အဝေးကနေပဲ မှန်းပြီး ကန်တော့လိုက်ရတယ်လေ.. စီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာလကုန်မှာ ရန်ကုန်ကိုပြန်.. ဇန်နဝါရီ ၁ရက်နေ့မှာ သားသားကိုမွေးခဲ့တယ်.. ဘေးနားမှာ ယောက်ျားလဲမရှိ အမေလဲအရှိ မောင်နှမအရင်းချာတွေတောင်မရှိပဲ သားသားကိုမွေးခဲ့တာ.. မောင်က အလုပ်ဝင်စဆိုတော့ ခွင့်ယူလို့မရသေးတာမို့ ပြန်မလာခဲ့နိုင်ဘူးလေ.. သားသားက ကံကောင်းခြင်းတွေ ယူလာပေးခဲ့တယ်ဆိုရမယ်.. သားသားကိုယ်ဝန် ၇လလောက်မှာ မောင်လဲ ကျွန်မတို့အလုပ်ထဲမှာပဲ အလုပ်ရသွားခဲ့တယ်.. ကျွန်မတစ်ယောက်စာ ၀င်ငွေလေးနဲ့ မောင်ရဲ့အချိန်ပိုင်းအလုပ်လေးနဲ့သာဆို သားသားကို ဒီမှာထားနိုင်ဖို့ အဝေးကြီးပေါ့.. ကလေးစားရိတ်က ကြီးမှကြီးကိုး.. ခုတော့ ဒီကျွန်းလေးမှာ ကျွန်မရယ် မောင်ရယ် သားသားရယ် အတူတူရှိနေပါတယ်..

ဒီနေ့ ကျွန်မ ၂၈နှစ်ပြည့်ပြီ.. ၂၈နှစ်စာ အဖြစ်အပျက် အတွေ့အကြုံလေးတွေကို ပြန်တွေးကြည့်ရင်း အမှတ်တရပို့စ်လေး တင်လိုက်တာပါ.. ကျွန်မနဲ့ တနေ့တည်းမွေးတဲ့ ကျွန်မထက် ၂နာရီကြီးတဲ့အစ်မ ဖွေးဖြူသဲကိုလဲ ပျော်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

12 comments:

tin min htet said...

Happy Birthday ပါ။ ညစာရေးနေပြီး ရုံးကျမှ ငိုက်တော့မယ်ပေါ့။

ရေတမာ said...

အမရေ HAPPY BIRTHDAY..... ပျော်ရွင်စရာနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ..

မိုးခါး said...

အစ်မရေ ဟက်ပီးဘတ်ဒေးပါ
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ
နောက်လာမယ့်နှစ်ပေါင်းများစွာမှာလဲ ဒီမိသားစုလေးနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ မွေးနေ့ပေါင်းများစွာကို ကျင်းပနိုင်ပါစေး))
အာဘွားးးးး

မေလေး said...

ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို မမချစ်တဲ့မောင်နဲ့မမချစ်တဲ့သားသားလေးနဲ့တူတူ ဆင်နွှဲနိုင်ပါစေ....
ဘတ်ဒေးကစ်စ်စ်စ် :D

Waing said...

Happy Birthday Ma Myue .

ဧပရယ်လ်ပူး@ပူးတေ said...

ဟက်ပီး ဘတ်ဒေးပါ မြူးရေ...

ချစ်သောမောင်နဲ့ သားသားနဲ့ မိသားစုတွေ ပျော်ရွှင်ဖွယ် မွေးနေ့ပေါင်းများစွာကို ကျင်းပနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်...

ဘာမှလဲ မကျွေးဘူး... :)

မေဇင် said...

မွေးနေ့ပေါင်းများစွာကို ချစ်သောသူ ချစ်သောမိသားစု တွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေနော်...မမ။

naychi said...

မွေးနေ့မှစ ချစ်တဲ့ မိသားစုနဲ့ အေးချမ်းပျော်ရွှင်စွာ ခရီးဆက်နိုင်ပါစေလို့ ဆုတောင်းပါတယ် မမ..

The Queen said...

၂၈ ကစပြီး ဘဝလမ်းခရီးသာယာဖြောင့်ဖြူးစွာနဲ့ ချစ်သောမိသားစု နဲ့သက်ဆုံးတိုင် ပျော်ရွှင်ပါစေ။

ThuHninSee said...

Happy Birthday... :)
မောင်.. သားလေးတို့နဲ့အတူ ကျန်းမာချမ်းသာပျော်ရွှင်မှုတွေ ပိုင်နိုင်ပါစေ။

လင်းကြယ်ဖြူ said...

ံHappy Birthday .....
မိသားစု နွေးထွေး ပျော်ရွှင်ပါစေ.....
*.*.*

khin oo may said...

happy birthday!