Friday, March 22, 2024

ထိုင်ခဲ့ဖူးတဲ့ကန်တင်းဆိုင်လေးများ

ကျောင်းသားဘဝ လွတ်လပ်ပျော်ရွှင်မှုတွေအကြောင်း ပြန်ပြန်တွေးတိုင်း မပါမဖြစ်က ကျောင်းကန်တင်းက ဆိုင်လေးတွေပေါ့.. အပြင်က စားသောက်ဆိုင်တွေမှာ မရတတ်တဲ့ အစားအစာဆန်းလေးတွေနဲ့ ကျွမ်းဝင်ခွင့်ရခဲ့တာလဲ ကျောင်းကန်တင်းက ဆိုင်လေးတွေမှာပဲပေါ့.. ကိုယ်တို့ကျောင်းစတက်တော့ မှော်ဘီဂျီတီစီရဲ့ကန်တင်းမှာ ဆိုင်လေး၃ဆိုင်ပဲရှိသေးတယ်.. ကျောင်းအဝင်ဝရဲ့ဘယ်ဖက်မှာက ဂျက်စမင်းဆိုတဲ့ဆိုင်လေး.. အစားအသောက်သိပ်မကောင်းလို့ ထိုင်ခဲတဲ့ဆိုင်ပေါ့.. စက်မှုက ယောက်ျားလေးတွေအထိုင်များလို့ ၀င်မထိုင်ဖြစ်တာလဲပါတယ်.. နောက်ပိုင်း ကန်တင်းအသစ်ဆောက်ပြီးတော့ ချက်တဲ့သူလဲပြောင်းသွားလို့ထင်တယ်.. စားကောင်းသောက်ကောင်းရှိလာတာနဲ့ ထမင်းချိုင့်ဆွဲတောင် ယူစားဖြစ်လိုက်တယ်လေ.. မောင်နဲ့တွေ့ပြီးတော့မှပါ.. မောင်ကဘေးနားမှာပါနေတော့ ဘယ်ဆိုင်ဖြစ်ဖြစ် ၀င်ရဲသွားပြီလေ.. ဂျက်စမင်ကအစားအစာတွေထဲ မှတ်မိနေတာက တပွဲ၁၀၀ပေးရတဲ့ ကြာဇံဆီချက်ပေါ့.. ဘာအသားမှမပါဘဲကို စားလို့ကောင်းပါတယ်.. ဖဲရှုံးလို့ လက်ထဲပိုက်ဆံပြတ်ရင် မောင်နဲ့ တယောက်တဝက် ဝေမျှစားရတာကိုက အရသာ.. 

နောက်ဆိုင်တစ်ဆိုင်က ကောင်းထက်တဲ့.. အဝင်လမ်းရဲ့ ညာဘက်မှာရှိတာပေါ့.. ကျောင်းစတက်တက်ချင်း အထိုင်အများဆုံးဆိုင်လေ.. ဆိုင်ကကျယ်ပြီး သီချင်းတွေဘာတွေလဲဖွင့်တာမို့ ပျင်းရင်ကို သွားထိုင်နေဖြစ်တယ်.. သူ့ဆိုင်က ထောပတ်သီးဖျော်ရည်ကတော့ အသည်းစွဲပဲ.. ရေခဲသုတ်လဲစားကောင်းတယ်.. ကိုယ်တို့ဘော်ဒါဆောင်နဲ့ မျက်နှာချင်းဆိုင်လိုဖြစ်နေတော့ ညနေစာစားချိန်ဆိုလဲ ကောင်းထက်ကိုပဲ သွားဖြစ်တယ်လေ.. 

နောက်တစ်ဆိုင်က မိဘမေတ္တာတဲ့.. အဘဆိုင်လို့ပဲခေါ်ကြတယ်.. အဘတို့လင်မယားက စေတနာကောင်းလို့ လူအမြဲပြည့်နေတတ်တဲ့ဆိုင်ပေါ့.. ဟင်းတွေလဲကောင်းတယ်.. ဆရာမကြီးအိမ်နဲ့ကပ်လျှက် ညောင်ပင်အောက်မှာရှိတာလေ.. လူများလို့သာမထိုင်ဖြစ်တာ ဟင်းတွေကကောင်းတော့ ပါဆယ်သွားသွားဆွဲဖြစ်တယ်.. အလကားပေးတဲ့ သီးစုံချည်ရည်ကအစ စေတနာထားချက်လို့ စားကောင်းနေတတ်တာပါ.. 

၃လ ၄လလောက်နေတော့ ကောင်းထက်ဘေးနားမှာ ၀ါးရုံရိပ်ဆိုတဲ့ဆိုင်လေးတိုးလာတယ်.. အိမ်ချက်ဟင်းလေးတွေလိုပဲမို့ စားကောင်းတာပါပဲ.. သူတို့ဆိုင်က ရှောက်သီးသုပ်လေး အရမ်းစားကောင်းတာ မှတ်မိနေသေးပါရဲ့.. ကျန်တဲ့အသုပ်တွေတော်တော်များများလဲ ကောင်းတယ်ဆိုတော့ အသုပ်စားချင်ရင် ၀ါးရုံရိပ်ကို သွားဖြစ်တယ်.. ရေနွေးကြမ်းကလည်း လဖက်ခြောက်ကောင်းကောင်းသုံးလို့ သောက်ကောင်းတာကိုး.. 

နောက်ပိုင်းကျတော့ ကန်တင်းဆိုင်ခန်းတွဲတွေ အသစ်ဆောက်လိုက်တယ်.. တစုတစည်းတည်းဖြစ်သွားတာပေါ့.. သီချင်းတွေအပြိုင်ဖွင့်ကြလို့ နားညည်းလိုက်တာမပြောပါနဲ့.. တဆိုင်နဲ့တဆိုင်က ကပ်နေတာမို့လား.. အသံတွေလုံးပြီး ဘယ်လိုမှ သာယာနာပျော်ဖွယ် ဖြစ်မလာနိုင်တော့ဘူးလေ.. ဆိုင်သစ်တွေလဲ ထပ်တိုးလာတယ်.. စီနီယာအစ်ကိုကြီးတွေစုပြီး Mr. Cupid ဆိုတဲ့ဆိုင်လေးတောင်ဖွင့်လိုက်သေးတယ်.. သိပ်မကြာလိုက်ပါဘူး.. သူငယ်ချင်းတွေဒဏ်မခံနိုင်ဘူးထင်ရဲ့.. ဆက်မလုပ်တော့ဘူးလေ.. တိုးလာတဲ့ဆိုင်တွေထဲက စုံစုံလင်လင်လေးရောင်းတာက မဟာနွယ်ဆိုတဲ့ဆိုင်လေးပါ.. တရုတ်ဟင်းတွေပါမှာလို့ရတယ်.. စျေးတော့နည်းနည်းပိုတာပေါ့.. စမူဆာတို့ အီကြာကွေးတို့ ရတတ်လို့ မနက်စာစားလို့ကောင်းတဲ့ဆိုင်ပါ.. 

ကိုယ်တို့အဆောင်ရှေ့မှာလဲ ပြည့်ဝဆိုတဲ့ထမင်းဆိုင်လေးရှိတယ်.. စစချင်းတော့ မောင်နှမတတွေစုပြီးလုပ်ကြတာ.. ဟင်းချက်သိပ်မကောင်းလို့ သိပ်မစားဖြစ်ဘူး.. နောက်ပိုင်း သူတို့ဆီကနေဆိုင်ကိုပြန်ဝယ်လိုက်တဲ့ အန်တီအိက ဟင်းချက်ကောင်းတာမို့ ဒုတိယနှစ်တနှစ်လုံး ပြည့်ဝကိုပဲ အားပေးဖြစ်တယ်.. နေ့လည်စာစားတိုင်း သူငယ်ချင်းတွေတအုပ်ကြီး ပြည့်ဝကိုချီတက်ကြတာပေါ့.. နေ့ခင်းဘက်အတန်းလစ်ပြီး ကန်တင်းသွားဖြစ်ရင်တော့ အဘဆိုင်မှာ ရခိုင်မုန့်တီလေးသောက် လဖက်သုပ်လေးစား... ဂစ်တာတီးပေးတဲ့သူရှိရင် သီချင်းလေးဘာလေး လိုက်အော်ပေါ့.. စာကြည့်တိုက်ကယူလာတဲ့ စာအုပ်တစ်အုပ်အုပ်ထဲ ခေါင်းစိုက်နေဖြစ်တာက ပိုများပါတယ်.. ရေနွေးကြမ်းတွေ တအိုးပြီးတအိုးဖြည့်ခိုင်းလဲ မငြိုငြင်တတ်ကြပါဘူး.. နေ့ခင်းဘက် သီအိုရီချိန်များဆို တတန်းလုံးနီးပါး ကန်တင်းရောက်နေတတ်လို့ ကန်တင်းမှာရိုးကောလ်လိုက်ကောက်ရမတတ်ပဲ.. 

ကျောင်းကန်တင်းကမဟုတ်ဘဲ ကျောင်းကသူငယ်ချင်းတွေနဲ့ အတူတူခဏခဏထိုင်ဖြစ်တဲ့ ဆိုင်လေးလဲရှိသေးတယ်.. သင်္ကန်းကျွန်း ဘဝမြင့်မှတ်တိုင်က လဖက်ရည်ဆိုင်လေးပေါ့.. ဒီဂျစ်တယ်ဆရာကြီး ဦးခင်ဌေးဆီမှာ သင်တန်းတက်ကြရင်း သင်တန်းချိန်ပြီးရင် အိမ်တန်းမပြန်ဘဲ လဖက်ရည်ဆိုင်ထိုင်တတ်ကြတာလေ.. မိန်းကလေးကတော့ ကိုယ်တစ်ယောက်တည်းပေါ့.. ဆိုင်နာမည်တောင် မသိတော့ဘူး.. ပေါ့ဆိမ့်တစ်ခွက်နဲ့ နေဝင်ခဲ့တဲ့ညနေခင်းတွေ ကျွန်မဘဝမှာအများကြီးပါပဲ.. ခြင်စာကျွေး သွေးလှူပွဲလေးလို့လဲ ပြောရင်ရသပေါ့လေ.. စမ်းချောင်းလမ်းထဲက အိမ်မဲမုန့်ဟင်းခါးဆိုင်လေးကလဲ ကိုယ်တို့သူငယ်ချင်းတတွေရဲ့ ဆုံမှတ်ဖြစ်ခဲ့ဖူးသေးတယ်.. ဟင်းရည်ကျဲကျဲနဲ့ ငရုတ်ကောင်းနဲ့မွှေးမွှေးလေးမို့ အရမ်းကြိုက်တဲ့ မုန့်ဟင်းခါးပေါ့.. ကျူရှင်မသွားခင် အမြဲတမ်းစားနေကျ.. 

စလုံးမှာ အလုပ်လုပ်တုန်းက ကိုယ်တို့သင်္ဘောကျင်းက ဘယ်နေရာ ဘာစားသောက်ဆိုင်နဲ့မှ မနီးတာမို့ ရုံးကန်တင်းမှာပဲ နေ့စဉ်စားရပါတယ်.. တရုတ်ဆိုင်တဆိုင် ကုလားဆိုင်တစ်ဆိုင်နဲ့ အအေးတွေ အသီးတွေရောင်းတာကတစ်ဆိုင်... မနက်အစောကြီးတက်ရတဲ့အလုပ်ဆိုတော့ မနက်စာကိုလဲ ရုံးရောက်မှပဲ စားရတာပေါ့.. ကုလားဆိုင်ကတော့ မနက်တိုင်း ပလာတာ ဗယာကြော် မတ်ပဲကြော် မုန့်ပေါင်းတွေရောင်းတယ်.. ကုလားတွေများ ဘာလာလာပဲဟင်းလေးစမ်းပြီး ကြိတ်ပစ်လိုက်တော့တာကိုး.. တခါတလေတော့ ကုလားဆိုင်ကစားဖြစ်တယ်.. အမြဲတမ်းတော့ မစားနိုင်ဘူး.. ချွေးနံ့ကပါ မဆလာနံ့ထွက်လာတယ်ထင်ရအောင် အနံ့ပြင်းလွန်းလို့.. အများဆုံးစားတာကတော့ တရုတ်ကြီးဆီကပါ.. မနက်စာဆိုရင် ပုံမှန်ခေါက်ဆွဲကြော် ကြာဇံကြော်တွေအပြင် တနေ့တမျိုး စပါယ်ရှယ်လေးတွေရှိတယ်.. Fish Ball Mee တို့ Mee Rebus တို့ Laksa တို့ Wanton Mee တို့ပေါ့.. နေ့လည်စာဆိုရင်လဲ ဟင်းချက်မဆိုးဘူးပြောရမယ်.. အရသာလေးဘာလေးရှိသေးတယ်.. စလုံးထမင်းဆိုင်တွေက ဟင်းတွေအကြောင်း စားဖူးသူတိုင်းသိပါတယ်.. သူတို့လို အရသာမရှိအောင်ချက်ပြပါဆို ကိုယ်မချက်တတ်ဘူး တကယ်.. ဘာအရသာမှကိုမရှိတာ.. ဗမာပါးစပ်နဲ့တော့ တလွဲမှ တကယ့်ကိုတလွဲပဲ.. ရုံးကန်တင်းကဆိုင်ကတော့ တော်တော်လေးစားကောင်းတယ်.. ကံကောင်းတယ်ဆိုရမှာပေါ့.. စားမကောင်းလဲ ဘာမှမရှိတော့ သူ့ဆီမှာပဲစားရမှာကိုး.. နောက်အလုပ်တစ်ခုပြောင်းတော့ Lau Pa Sat ဆိုတဲ့ Food court နဲ့နီးတဲ့နေရာ.. စားစရာတွေစုံသလောက် စျေးကြီးတော့ နေ့တိုင်းမစားဖြစ်တော့ဘူး.. ထမင်းဘူးထည့်ပြီး အအေးလောက်ပဲ ဝယ်သောက်ဖြစ်တော့တယ်.. 

မြန်မာပြည်ပြန်ရောက်လာတော့ ကန်တင်းစာတွေ ပြန်စားရတာ PTTEP မှာ အလုပ်ဝင်ပြီး Offshore / Onshore Site တွေကို အလုပ်အတွက် သွားရတဲ့အခါတွေမှာပေါ့.. အရမ်းစားကောင်းတယ်မဟုတ်ပေမယ့် စားလို့တော့ ဖြစ်တာပါပဲ.. ZOC canteen က အမှတ်တရအရှိဆုံးဆို ငပိရည်ဖျော်ပဲ.. ZPQ မှာတော့ Somptum ကို စိတ်ကြိုက်ထောင်းစားဖို့ ငရုတ်ဆုံကြီးပါ ချပေးတာ သဘောကျတယ်... Special Seafood Dinner က ZOC မှာဆို Saturday နဲ့ ZPQ မှာဆို Sunday.. ရုံးအသစ်မပြောင်းခင် Vantage Tower မှာ ရုံးတက်ရတုန်းက Eco Canteen မှာ မနက်စာအမြဲစားဖြစ်တယ်.. အကြိုက်ဆုံးက ခေါက်ဆွဲသုပ်.. သခွားသီးလေးထည့် ဗမာအချဉ်ရည်နဲ့သုပ်တာ.. အရမ်းကောင်း.. ဘန်ကောက်မှာခဏတာဝန်ကျတုန်းက ရုံးနားတဝိုက်မှာ ကန်တင်းတွေများတယ်.. Hot Market လို့ခေါ်တဲ့နေရာဆို စျေးရုံကြီး ၅ခုတောင်.. စားစရာတွေအစုံပေါ့.. ကိုယ်အကြိုက်ဆုံးက ဝက်အစုံစွပ်ပြုတ်ရယ်.. ခေါက်ခါမူလို့ခေါ်တဲ့ ဝက်ခြေထောက်ပေါင်းထမင်းရယ်.. ကဖောင်မူကော့လို့ခေါ်တဲ့ ဝက်ခေါက်ကင်ကဖောင်ကြော်ရယ်.. အရမ်းကြိုက်ပေမယ့် လူအရမ်းများတတ်လို့ စောစောမသွားနိုင်ရင် အကြာကြီးစောင့်ရတတ်တဲ့ဆိုင်က မော့ဖိုင်လို့ခေါ်တဲ့ ကွေ့တယိုဟော့ပေါ့လည်း သိပ်စားကောင်းတာ.. Cold Canteen မှာဆိုရင်တော့ Japan ဆိုင်က Saba Grill set ရယ်.. မြောက်ပိုင်း တောင်ပိုင်း ထမင်း၂ဆိုင်က ပုံစားထမင်းရယ် အစားဖြစ်ဆုံး.. Khao Soi လို့ခေါ်တဲ့ အုန်းနို့ခေါက်ဆွဲတော့ တခါတလေစားတယ်.. ချိုလွန်းတော့ သိပ်မကြိုက်ဘူး.. ခနုံကျင်းဆိုတဲ့ ထိုင်းမုန့်ဟင်းခါးကတော့ စပ်လွန်းတယ်.. အီကြာကွေးပုတိုလေးတွေ ထည့်စားရင်တော့ အတော်ပဲ... 

အခုရောက်နေတဲ့နေရာမှာ ကန်တင်းစာတွေ ပြန်စားနေရပြန်ပြီ.. မနက်စာဆိုရင်တော့ နေ့တိုင်း ဆန်ပြုတ်နဲ့ ဟင်းတွေချည်းကျွေးတာမို့ ကြာတော့ မစားချင်တော့ဘူး.. coffee corner မှာ ရောင်းတာလေးတွေ အပြောင်းအလဲဖြစ်အောင် ဝယ်စားရတယ်.. နေ့လယ်စာကတော့ စားကောင်းပါတယ်.. အကြိုက်ဆုံးကတော့ နမ့်ဖစ်နဲ့ တို့စရာအစုံ နေ့တိုင်းခင်းပေးထားတာပဲ.. မျှစ်ဟင်း ခဏခဏချက်တာလည်း စားကောင်းတယ်.. ညနေစာဆို salad bar က အစုံရှိတော့ အဆင်တွေပြေနေရောပေါ့... 

ကိုယ်မချက်ရ မဆေးရတာနဲ့တင် ကန်တင်းစာတွေကို ကျေးဇူးတင်နေရသူဟာ.. မြူးမြူးပါတဲ့ကွယ်.. 

(ကျောင်းသူဘဝကနေ အခုထိ စားဖူးတဲ့ကန်တင်းလေးတွေအကြောင်း အမှတ်တရလေးပါ.. ဖတ်ရင်း ဗိုက်ဆာလာရင်တော့ မတတ်နိုင်ဘူး.. ရသစာပေဆိုတာ ဒါများလား..)

Thursday, March 21, 2024

ဆရာမခင်ခင်ထူးရဲ့ပန်းကြာဝတ်မှုံနဲ့ ဆရာဇင်ယော်ရဲ့ပန်းကြာဝတ်မှုံ

(ရုပ်ရှင်ပညာကို စိုးစဉ်းမျှနားမလည်သောသူ ပန်းကြာဝတ်မှုံစာအုပ်ကို အရမ်းနှစ်ခြိုက်မိသူတစ်ယောက်ရဲ့ ကိုယ်ပိုင်ခံစားမှုသာ ဖြစ်ပါတယ်..)

ပန်းကြာဝတ်မှုံဝတ္ထုကို မေမေပို့ပေးလို့ လွန်ခဲ့တဲ့၁နှစ်လာက်ကမှ ဖတ်ဖြစ်ခဲ့တာ.. ဖတ်ရတာ အရသာရှိလွန်းလို့ အစကနေအဆုံး ဘယ်နှစ်ခေါက်မှန်းမသိ ဖတ်ဖြစ်ခဲ့တယ်.. လရောင်ကိုကျွန်မချစ်သည် ကစလို့.. ၂၁မိုင်ကိုကျော်လျှင်လဝန်းကိုမြင်ရပြီအထိ အလွတ်ရမတတ်ကို စွဲလန်းခဲ့တာပေါ့.. သီရိမေရဲ့သူငယ်ချင်းတွေကို ကိုယ့်သူငယ်ချင်းတွေအလား ရင်းနှီးနေခဲ့တယ်.. ထွေးထွေးသိန်းရဲ့ဟာသတွေ၊ ခင်ခင့်ရဲ့ဘဝအမောတွေ၊ နွယ်နွယ်တင်ရဲ့ ကံမကောင်းတဲ့အချစ်၊ အုံ့မှိုင်းရီဆိုတဲ့စိုးစိုးမော်၊ ခင်ဖို့ကောင်းတဲ့ကိုတိုးကြီး.. အားလုံးက ကိုယ့်သူငယ်ချင်းတွေပေါ့.. အောင့်အပေါ် အားမလိုအားမရဖြစ်ရတာကလဲ အထပ်ထပ်ပြန်ဖတ်ရင်းနဲ့တောင် ရိုးမသွားတဲ့ခံစားချက်..

ဒီဝတ္ထုကို ရုပ်ရှင်ရိုက်တယ်ကြားတော့ ကိုယ်ရင်ခုန်မိတယ်.. ကိုယ့်စိတ်ကူးထဲက သူငယ်ချင်းတွေကို အသက်ထင်ရှား မြင်ရတော့မှာကိုး.. ကိုယ်ချစ်တဲ့သက်မွန်မြင့်က သီရိမေတဲ့.. သက်မွန်က အညာသူနဲ့မတူလှပေမယ့် သီရိမေတော့ဖြစ်မှာပါလို့ ကြိုတွေးထားလိုက်တယ်.. အောင့်နေရာမှာ နိုင်းနိုင်းဆိုတော့ စိတ်ထဲတမျိုးပဲ.. ကိုယ်တွေးထားတဲ့အောင်က နိုင်းနိုင်းနဲ့ မတူဘူးလေ.. ဒါပေမယ့် သူလဲသရုပ်ဆောင်ကောင်းသူတစ်ယောက်မို့ ကြည့်လို့ကောင်းမယ်ဆိုတာတော့ ယုံထားပြီးသားပါ..

ပြီးခဲ့တဲ့စနေက ဆရာဇင်ယော်ရဲ့ပန်းကြာဝတ်မှုံကို သွားရောက်ခံစားဖြစ်တယ်.. ရှုခင်းကောင်းကောင်း အရုပ်ကောင်းကောင်း အသံကောင်းကောင်းနဲ့မို့ ကြည့်လို့ကောင်းတာတော့အမှန်ပဲ.. သက်မွန်ရော နိုင်းနိုင်းရောလဲ သရုပ်ဆောင်ကောင်းကြပါတယ်.. ဒါပေမယ့် ကိုယ်အားမရဘူး.. ကိုယ်သိပ်နှစ်သက်ခဲ့တဲ့ ၀တ္ထုလေးက အသက်ဝင်မလာခဲ့သလိုပဲ.. ရုပ်ရှင်ဆိုတာ စာအုပ်ထဲကကအတိုင်း ရိုက်လို့မဖြစ်မှန်းတော့ ကိုယ်နားလည်ပါတယ်.. အချိန်ကန့်သတ်ချက်ကြောင့် ဖြတ်ပစ်လိုက်ရတာတွေလဲ ပါမှာပေါ့.. သီရိမေသူငယ်ချင်းတွေရဲ့ စရိုက်တွေကလဲ မပေါ်လွင်လှဘူး.. ထားပါလေ.. သူတို့က အဓိကမှမဟုတ်ဘဲ.. ဒါပေမယ့်အောင့်စရိုက်ကလဲ ပေါ့ပျက်ပျက်ကြီးဖြစ်နေတယ်.. အထူးသဖြင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ အောင်သီချင်းဆိုပြီး စောင်းတီးအပြီး ကောင်မလေးတွေ လက်မှတ်ဝိုင်းထိုးခိုင်းတဲ့အခန်းက ကြောင်တောင်တောင်နဲ့.. သဘာဝမကျဘူးထင်မိတယ်.. ၀တ္ထုထဲကအောင်က လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားစရာကောင်းသလောက် ရုပ်ရှင်ထဲကအောင်က တွေဝေမှုတွေနဲ့ မပြတ်သားတဲ့သူဖြစ်နေတယ်.. ကိုယ့်အမြင်သက်သက်ပါ..

ဆရာမခင်ခင်ထူးရဲ့ သီရိမေက လရောင်ကိုချစ်တဲ့မိန်းကလေး.. လရဲ့ဆွဲငင်အားက ဒီရေတွေကိုတောင် ဆွဲတင်နိုင်မှတော့ မေ့လောက်တော့ အသာလေးပေါ့လို့ အောင်ကတောင် မှတ်ချက်ပြုရတာ.. လခွဲတစ်ကြိမ် လရောင်ကိုမျှော်တတ်တဲ့မိန်းကလေး... အောင်ရဲ့မထိခလုတ်ထိခလုတ် စကားလေးတွေကြောင့် တိတ်တခိုးရင်ခုန်နေရသူ.. လရောင်ကိုမျှော်ပြီး ပွင့်ရတဲ့ ပန်းကြာဝတ်မှုံ.. ၀တ္ထုထဲမှာက သီရိမေရဲ့အတွေးတွေ မျှော်လင့်ချက်တွေကို ရေးပြလို့ကောင်းပေမယ့် ရုပ်ရှင်ရိုက်ဖို့ကြတော့ ဘယ်လွယ်မလဲနော်.. သက်မွန်က သရုပ်ဆောင်ကောင်းပါတယ်..

ကဗျာတွေစာတွေရွတ်ကြတဲ့အခန်းဆို ရယ်စရာကြီးဖြစ်နေတာ.. စာအုပ်ထဲရေးတော့သာ ဖတ်လို့ကောင်း ခံစားလို့ကောင်းတာလေ.. ရုပ်ရှင်ထဲကျ တမျိုးကြီးပဲ... အောင်နဲ့မေ ပြန်ဆုံကြတဲ့အခန်းဆို "ငိုတာကတော့ မေကဦးပါတယ်မေရယ်" လည်းဆိုရော ဝါးခနဲ ဝိုင်းရယ်ကြတာပဲ.. စာအုပ်ထဲတုန်းက မျက်ရည်လေးလည်ပြီး ဖတ်ရတာလေ.. 

ကိုယ်ကြိုက်တဲ့စာအုပ်တွေဆို ရုပ်ရှင်ဖြစ်မလာစေချင်ဘူး.. စာအုပ်ထဲကဇာတ်ကောင်တွေကို ကိုယ့်အတွေးထဲကပုံရိပ်တွေအတိုင်းသာ ဆက်လက်ရှင်သန်နေစေချင်တာ.. အတွေးတွေနဲ့ လွင့်မြောနေရတာကပဲ ပိုအရသာရှိလို့ပါ..

(လွန်ခဲ့တဲ့ ၁၁နှစ်က draft ထဲကျန်နေတာလေး)