Showing posts with label Story. Show all posts
Showing posts with label Story. Show all posts

Tuesday, January 15, 2013

အရိုးဆုံးသောအချစ်ဇာတ်လမ်း

(ဇန်နဝါရီလ ၂၅ရက်နေ့မှာ ကျရောက်မယ့် ၁၀နှစ်ပြည့်ချစ်သူသက်တမ်း အမှတ်တရ ကိုယ်တွေ့ဇာတ်လမ်းကို ဖတ်ကောင်းအောင်ရေးကြည့်ထားတာပါ.. အားပေးကြပါဦး..)

၂၀၀၂ ဒီဇင်ဘာ၊ နည်းပညာကောလိပ်မှော်ဘီ

မှော်ဘီဆောင်းက ထုံးစံအတိုင်းအစွမ်းပြနေတယ်.. နှင်းတွေပိတ်နေလိုက်တာမှ ၅ပေအကွာလောက်ကိုတောင် လူလုံးမကွဲတော့ဘူး.. တတိယနှစ်ကျောင်းသူဖြစ်နေပြီမို့ ကျောင်းဝင်းထဲ မျက်စိမှတ်ပြီးတောင် သွားနိုင်နေပြီမို့သာ တော်တော့တယ်.. ဘွားခနဲပေါ်လာတတ်တဲ့ စက်ဘီးတွေကိုတော့ သတိထားနေရသေး.. ဆောင်းကိုချစ်တဲ့ကိုယ်က နှင်းတွေကြားမှာလမ်းလျှောက်နေရတော့  ကြည်နူးနေလိုက်တာများ မျက်နှာမှာတောင် အပြုံးရောင်ဟပ်နေတယ်ထင်ရဲ့.. ကျောင်းကိုရောက်တဲ့အချိန်က တော်တော်လေးစောသေးတာမို့ တော်ဝင်လမ်းတလျှောက် လူရှင်းနေသေးတယ်.. လမ်းနံဘေး မြက်ပင်လေးတွေကြားက ပင့်ကူအိမ်လေးတွေပေါ် နှင်းတွေခိုတွဲနေလို့ နှင်းအိမ်လေးတွေဖြစ်နေတာ ချစ်စရာပဲကောင်းသေးတော့တယ်.. စက်ဘီးရန်ကြောက်လို့ လမ်းဘေးကပ်လျှောက်နေရင်း ခြေဖမိုးက ယားကျိကျိဖြစ်လာလို့ ငုံ့ကြည့်မိတော့..
“အား.. ကျွတ်ကြီး..”
“လန့်လိုက်တာဗျာ.. နေဦး ကျွန်တော်ဖြုတ်ပေးမယ်..”
ဘေးမှာလျှောက်နေတဲ့ကျောင်းသားတစ်ယောက်က သစ်ကိုင်းလေးချိုးပြီး ခြေထောက်ကကျွတ်ကိုဖြုတ်ပေးတယ်.. တွယ်နေတာကြာပြီမို့လားမသိ ဖြုတ်လိုက်တာနဲ့ သွေးတွေက ရဲခနဲ.. သွေးမြင်ရင်မူးတတ်တဲ့ကိုယ် မျက်လုံးတွေကို ပြာထွက်သွားတာပဲ.. ခြေထောက်က အေးခနဲဖြစ်သွားမှ သတိပြန်ဝင်လာတယ်.. ကျွတ်ဖြုတ်ပေးတဲ့ကောင်လေးက ခြေထောက်ပေါ်ကို သူ့ရေဗူးထဲကရေတွေနဲ့ လောင်းဆေးပေးလိုက်တာကိုး.. ဘယ်မေဂျာကပါလိမ့်.. တစ်ခါမှလဲမတွေ့ဖူးသလိုပဲ.. သူ့ဆီမှာ ကိုယ်ချစ်တဲ့ဆံပင်ခွေခွေလေးတွေရှိတယ်.. လက်ဖောင်းဖောင်းလေးတွေရှိတယ်..
“လုံခြည်အရှည်ကြီးဝတ်ပြီး မြက်နားကပ်လျှောက်ရလားဗျ.. မတော်ရာ ကျွတ်ဝင်သွားမှ ဒုက္ခများနေမယ်.. သွေးတိတ်သွားအောင် ပလာစတာပါရင် ကပ်ထားလိုက်”
ပြောပြောဆိုဆိုနဲ့ ကန်တင်းဘက်လျှောက်သွားတဲ့ ကောင်လေးကို ကိုယ် ပါးစပ်အဟောင်းသားနဲ့ ငေးပြီးကျန်ခဲ့တယ်..
“နေနှင့်ဦး.. ငါ့ကိုများ ဆရာကြီးလေသံနဲ့ငေါက်သွားသေးတယ်.. ဟွန်း”

XXXXXXXXXXXXXXXXXXXXXXXXXX

“တန်းထ.. ဆရာမကိုနှုတ်ဆက်..”
ခပ်တည်တည်နဲ့ဖရက်ရှာအခန်းထဲဝင်လိုက်တဲ့အချိန်မှာ ဇာတ်တိုက်ထားတဲ့အတိုင်း ဘော်ဒါတွေက နောက်ဆုံးတန်းမှာနေရာယူပြီး အော်ထည့်လိုက်တာမို့ ဖရက်ရှာလေးတွေအားလုံး မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်ကြတယ်.. ဆရာမအိုက်တင်လုပ်ပြီး တပ်ထားတဲ့မျက်မှန်ကို အသာပင့်ရင်း အတန်းထဲကိုဝေ့ကြည့်လိုက်တော့.. ဗုဒ္ဓေါ.. ဟိုသတ္တဝါလေးက ဒီနှစ်ဖရက်ရှာတန်းကပါလား.. သေတော့မှာပဲ.. ဒင်းကြည့်ရတာ ကိုယ့်ကိုမှတ်မိပုံမရဘူး.. တော်ပါသေးရဲ့.. ခြေထောက်တွေကတုန်နေပြီ.. ရင်တွေကလဲခုန်နေလိုက်တာ.. အတန်းရှေ့မှာ ဘယ်လိုမှဆက်မနေရဲတော့လို့..
“ဒါ မက်ကာထရောနစ်အတန်းမဟုတ်ဘူးလား.. ဆောရီးနော်.. အတန်းမှားလာလို့..”
အသံမတုန်အောင်ကြိုးစားပြောရင်း အမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီး ပြေးထွက်လာတော့ နောက်ဆုံးတန်းက ဘော်ဒါတွေလဲ တရုန်းရုန်းပြေးလိုက်လာကြတယ်..
“ဟဲ့.. နင်က ဘာလို့ထွက်ပြေးလာတာတုန်း.. စီစဉ်ထားတာတွေတော့ ပျက်ပါပြီ.. ခါတိုင်းလဲ လုပ််နေကျကို ခုမှ ဘာကြောင်တာလဲဟ..”
“မပြောပြဘူး.. အသေသတ်လိုက်”
မချိုမချဉ်မျက်နှာပေးကို မသင်္ကာကြတဲ့ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို အတင်းဝိုင်းမေးကြပေမယ့် မကြားချင်ယောင်ဆောင်ပြီး ခုံပေါ်မှောက်အိပ်နေလိုက်တယ်.. ရင်တွေကတော့ ခုထိခုန်နေတုန်း..

XXXXXXXXXXXXXXXXXXXXXXXXXXXX

ကိုယ်တို့အီးစီမေဂျာရဲ့ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးက နေ့လည်ထမင်းစားချိန်မို့ ထုံးစံအတိုင်း စည်ကားနေပြီ.. စာထိုင်ဖတ်နေတဲ့သူတွေ စာအုပ်လာငှားတဲ့သူတွေနဲ့ အပြည့်မို့ အခန်းလေးက မကျဉ်းဘူးဆိုတာတောင် လူငွေ့တွေနဲ့ လှောင်အိုက်လို့.. တပတ်မှာတစ်ရက် စာကြည့်တိုက်မှူးတာဝန်ယူထားလို့ စာအုပ်အငှားစာရင်းတွေမှတ်ပေးနေရတာ လက်မလည်နိုင်အောင်ပဲ..
“အသင်းဝင်ကဒ်အသစ်လုပ်ချင်လို့..”
“ဘယ်အတန်းကလဲ..”
မေးရင်းနဲ့မော့ကြည့်မိတော့ ဟို သတ္တဝါလေး..
“ဖရက်ရှာတန်းကပါ မ..”
“ဖောင်ဖြည့်လိုက်နော်..”
“ဟုတ်..”
သူ့လက်ဖောင်းဖောင်းလေးတွေနဲ့ ဖောင်ဖြည့်နေတယ်.. ဟွန့်.. ရုပ်လေးကသနားကမားနဲ့.. လက်ရေးကဆိုးချက်.. မင်းတော့ အမှတ်လျော့ပြီကွယ်.. ကိုယ်က လက်ရေးလှလှလေးမှ သဘောကျတာ.. ဘာပဲဖြစ်ဖြစ်.. နာမည်နဲ့ မွေးနေ့သိလိုက်ရတာ အမြတ်ပဲလေ.. ဘေးမှာထိုင်နေတဲ့ကိုယ့်သူငယ်ချင်းက ငါသိနေတယ်နော်ဆိုတဲ့အထာနဲ့ ကိုယ့်ကိုလှောင်ပြံုးရင်းကြည့်နေလေရဲ့..

XXXXXXXXXXXXXXXXXXXXXXXXX

ထမင်းစားပြီးကျောင်းပြန်တက်ချိန်မှာ သီအိုရီဘာသာအချိန်ဖြစ်နေတာမို့ တစ်တန်းလုံးအိပ်ငိုက်နေကြတယ်.. ဌာနမှူးကိုယ်တိုင် သင်တာမို့သာ အတန်းမလစ်ရဲလို့ ခုံအပြည့်လူရှိနေတာလေ.. ကိုယ်လဲ တက်စ်ဘုတ်ကိုထောင်ထားပြီး စားပွဲပေါ်မေးတင်လို့ အသာလေးငိုက်နေတာပေါ့.. ကြာတော့ ခါးညောင်းလာတာမို့ ကိုယ်ကိုမတ်ပြီး ဘေးကပြတင်းပေါက်ဖက်လှည့်ကြည့်မိတော့.. ၀ရံတာကိုမှီပြီး ကိုယ့်ကိုရယ်ကျဲကျဲနဲ့ ရပ်ကြည့်နေတဲ့ဟိုသတ္တဝါလေး.. သေလိုက်ပါတော့ကွယ်.. စာသင်ချိန်မှာ ကိုယ်ငိုက်နေတာ သူတွေ့သွားပြီပေါ့.. ဆရာမအတန်းထဲကထွက်သွားတော့ ကိုယ့်ဘေးကပြတင်းပေါက်နား သူရောက်လာတယ်..
“မ ကျွန်တော့်သူငယ်ချင်းက စာမေးချင်လို့တဲ့..”
“ရတယ်လေ.. နင့်သူငယ်ချင်းကမေးမယ်ဆိုတော့.. နင်ကမမေးဘူးလား..”
“နိုးပါ.. ကျွန်တော်က စာသင်ချိန်မှာအိပ်ငိုက်တတ်တဲ့သူကို စာမမေးချင်ဘူး..”
“သေလိုက်ပါလား.. နင်နော်.. လူကြီးကိုနောက်စရာလား..”
“နောက်ဆရာမဟုတ်ဘူး.. ရှေ့ဆရာ..”
ကိုယ်က လက်သီးနဲ့ရွယ်လိုက်တော့ လှစ်ခနဲနေအောင်ပြေးသွားလေရဲ့..

XXXXXXXXXXXXXXXXXXXXXXXXXXXXX


“မောင်မယ်သစ်လွင်ကြိုဆိုပွဲ”

ကိုယ်တွေတုန်းက ကြိုဆိုမယ့်သူမရှိခဲ့ပေမယ့် အခုနှစ်တော့ ထူးထူးခြားခြား ကြိုဆိုပွဲလေး လုပ်ခွင့်ရတယ်.. နေရာတကာပါလေရာမို့ ကိုယ်တို့သူငယ်ချင်းနှစ်ယောက်လဲ အလုပ်တွေရှုပ်နေတာပေါ့.. မောင်သစ်လွင်နဲ့ မယ်သစ်လွင်ရွေးကြဖို့ မဲပေးမယ့်စာရွက်တွေပြင်ဆင် နံပါတ်တံဆိပ်တွေလုပ် စလွယ်တွေ သရဖူတွေလုပ်နဲ့.. တမနက်လုံး အလုပ်များနေတယ်.. အချိန်ကျလို့တဖွဲဖွဲရောက်လာတဲ့ ဖရက်ရှာလေးတွေကိုလဲ နေရာချပေးနေရသေး.. အမှတ်စဉ်ထိုးထားတဲ့ နံပါတ်တံဆိပ်လေးတွေကို ရင်ဘတ်မှာကပ်ထားကြဖို့ လိုက်ဝေပေးတော့ ဘေးနားကို သူရောက်လာတယ်..

“အဲ့ဆယ်လိုတိပ်ပေးလေ.. ကူဖြတ်ပေးမယ်..”

“မော်နီတာကြီးက မမအနားကကို မခွာတော့ဘူးနော်..”

သူ့အတန်းဖော်တွေက ၀ိုင်းစကြတော့ ရှက်နေသလို ရယ်ကျဲကျဲနဲ့..

“နင်ရော ကပ်လေ.. မကပ်ဘူးလား..”

“မကပ်တတ်ဘူး.. မ ကပ်ပေးပါလား..”

သူ့ကိုမျက်စောင်းတစ်ချက်ထိုးပြီး နံပါတ်လေးကို နှလုံးသားတည့်တည့် ဘယ်ဘက်ရင်ဘတ်နေရာမှာ ကပ်ပေးလိုက်တယ်.. သူ့နံပါတ်က “၁၇”

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

“မ ဒီနေ့သောကြာနေ့နော်.. ရန်ကုန်ပြန်မှာလား..”
“အင်းပေါ့.. ဘာလို့လဲ..”
“အတူတူပြန်မယ်လေ..”
“နင့်အိမ်က မှော်ဘီမှာမို့လား.. ရန်ကုန်မှာ ဘာသွားလုပ်မှာလဲ..”
“ကျူရှင်သွားတက်မှာပေါ့ဗျ.. ပြီးရင် အေဒီလမ်းက အစ်ကိုတွေအိမ်မှာအိပ်မှာ.. တနင်္ဂနွေနေ့မှ ပြန်လာမှာလေ.. မ တို့အတန်းအရင်လွှတ်ရင် စောင့်နေနော်.. ကျွန်တော်တို့ လိုင်းကားနဲ့သွားရအောင်..”
ကိုယ်ဘာမှပြန်မဖြေနိုင်ခင် သူကထွက်သွားပြီ.. ခက်ပါလားနော်..
ညနေအတန်းပြီးတော့ သူက အတန်းရှေ့မှာစောင့်နေတယ်.. ခါတိုင်း လက်မောင်းအောင့်အောင်သယ်ရတဲ့ ဆွဲခြင်းကို သူကဆွဲပေးပြီး ၁၇၅ ပါရမီကားဂိတ်ကို လမ်းလျှောက်ကြတယ်.. ခါတိုင်း သေလောက်အောင်ပူတဲ့ မှော်ဘီဆောင်းရဲ့ကျနေကို ကိုယ်မမှုတော့ဘူး.. သူဘေးမှာပါနေလို့လေ.. တစ်နာရီခွဲလောက်ကားစီးရတဲ့လမ်းတစ်လျှောက် ကိုယ်တို့၂ယောက် စကားတွေဖောင်ဖွဲ့မဆုံးဘူးပေါ့.. အဲ့နေ့က သူလဲကျူရှင်မတက်ဖြစ်တော့ဘဲ ကိုယ်တို့အိမ်လမ်းထိပ်ထိ လိုက်ပို့ပေးတယ်.. ပြန်ခါနီးကျတော့
“မ ညကျရင် ကျွန်တော်ဖုန်းဆက်လိုက်မယ်နော်”
ကိုယ်ခေါင်းညိတ်လိုက်မိတယ်ထင်ပါရဲ့..
ညစာစားပြီးချိန်လောက်မှာ သူ့ဆီက ဖုန်းလာတယ်..
“မ ကျွန်တော်မူးနေတယ်သိလား.. ဘီယာသောက်ထားလို့..”
“ဟယ်.. ဆိုးလိုက်တာ.. ဘာလို့သောက်တာလဲ..”
“အစ်ကိုတွေက မြှောက်ပေးလို့.. ရဲဆေးတဲ့..”
“ဘာရဲဆေးလဲ..”
“မ ကိုရည်းစားစကားပြောဖို့လေ..”
ကိုယ်ဘာမှပြန်မပြောဖြစ်.. ပါးစပ်ကလဲ ဘာမှထွက်မလာဘူး.. ကိုယ့်ရင်ခုန်သံကိုယ်ပြန်ကြားနေရတာ နားစည်တွေတောင် ကွဲမတတ်ပဲ.. နှုတ်ခမ်းကိုယောင်ပြီးကိုက်ထားမိတာ အရမ်းနာလာမှ သတိပြန်ဝင်လာတယ်..
“မ မကို ကျွန်တော်ချစ်တယ်သိလား.. မ လဲ ကျွန်တော့်ကို ချစ်တယ်မဟုတ်လားဟင်.. မငြင်းပါနဲ့နော်..”
“ဟာ.. မသိဘူး”
“သိပါတယ်ကွာ.. ကျွန်တော့်ကို ချစ်တယ်လို့ပြောနော်..”
“အာ.. မသိဘူး.. တော်ပြီ.. မပြောတော့ဘူး.. ဒါပဲဒါပဲ”
“နေပါဦး.. ခုမပြောချင်လဲနေ.. တနင်္ဂနွေနေ့ကျရင် တိုက်ကြီးဆူးလေကားဂိတ်ကနေ စောင့်နေမယ်.. တူတူပြန်ရအောင်နော်..”
ယောင်တောင်တောင်နဲ့ခေါင်းညိတ်ပြပြီး ဖုန်းချပစ်လိုက်တယ်.. ငါ့နှယ်နော် ခေါင်းညိတ်တာ သူကဘယ်မြင်ရပါ့မလဲ..

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

၂၀၀၃ ဇန်နဝါရီ ၂၅

ကားဂိတ်က လက်ဖက်ရည်ဆိုင်မှာ သူထိုင်နေတာတွေ့တော့ သူ့ဆီတည့်တည့်လျှောက်သွားလိုက်တယ်..
“အန်တီမိုး.. သူက ကျော်ကိုကိုတဲ့ သမီးတို့ကျောင်းက.. ခု သူနဲ့တူတူပြန်မှာ.. သူကလဲ မှော်ဘီမှာနေတာလေ..”
ကိုယ့်ကိုလိုက်ပို့တဲ့ ကိုယ့်အဒေါ်နဲ့မိတ်ဆက်ပေးတော့ သူက အံ့သြနေပုံပဲ.. ကားပေါ်ရောက်တော့..
“မ အဒေါ်ပါလာလို့ လန့်သွားတာပဲ.. မှော်ဘီထိလိုက်ပို့ရင်တော့ ဂွပဲလို့..”
“ဘာဂွလဲ..”
“အာ.. ဘယ်ဖြစ်မှာလဲ.. ကျွန်တော်က အကြံနဲ့လေ..”
“ဘာအကြံလဲ..”
“မ နော်.. ရူးချင်ယောင်ဆောင်မနေနဲ့.. ကဲခုပြော.. ကျွန်တော့်ကိုချစ်တယ်လို့..”
“အံမယ်.. အပိုင်ပါလား.. ဘယ်သူကပြောမယ်ကတိပေးထားလို့လဲ..”
“ပြောပါ မရယ်.. ကျွန်တော်ကြားချင်လို့ပါ..”
သူက ပြောရင်းနဲ့ကိုယ့်လက်ကိုလှမ်းဆုပ်လိုက်တော့ ကိုယ့်တစ်ကိုယ်လုံး ရှိန်းခနဲဖြစ်သွားတယ်.. ခေါင်းကိုငုံ့ထားလိုက်တော့ ကိုယ့်ရင်တွေခုန်နေတာကို ပြန်မြင်နေရတယ်.. ငုံ့ထားရတာ  အသက်ရှူကြပ်လာလို့  သူ့ကိုမော့ကြည့်လိုက်တော့ မျှော်လင့်ချက်အပြည့်နဲ့ သူ့မျက်ဝန်းတွေကို တွေ့လိုက်ရတယ်.. ကဲ ကိုယ်ဘယ်လိုငြင်းရက်မှာလဲကွယ်..
သူ့နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်..
“မောင့်ကိုချစ်တယ်..” လို့..

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

(ချစ်သူသက်တမ်း ၁၀နှစ်ပြည့်အမှတ်တရ သူငယ်ပြန်ထားပါသည်.. ဟိ.. ပေါရဲလိုက်တာနော်..)

Thursday, December 22, 2011

ဒီဇင်ဘာအချစ်

ဒီဇင်ဘာက ကိုယ့်အတွက်တော့ အမှတ်ရစရာတွေအပြည့်.. ရာစုနှစ်တခုကနေ နောက်ရာစုနှစ်တခုကို ကူးပြောင်းလုဆဲဆဲ ဒီဇင်ဘာနေ့ရက်လေးရဲ့တမနက်မှာ ကိုယ် အချစ်တခုကို ကောက်ရဖူးခဲ့တယ်..

မြို့သစ်လေးရဲ့ ဒေသန္တရဆေးခန်းမှာ ကျောင်းအပ်ဖို့အတွက် ဆေးစစ်ချက်ယူရင်း ဆံပင်ရှည်ရှည်အရပ်မြင့်မြင့် ကောင်မလေးတယောက်နဲ့ ဆုံဆည်းခွင့်ရခဲ့တယ်.. ဒီဇင်ဘာရဲ့ နှင်းဖွေးဖွေးမနက်ခင်းထဲမှာပေါ့.. သူမကလည်း ကိုယ့်လိုပဲ ဆေးစစ်ချက်လာယူတာတဲ့.. ကိုယ်နဲ့ တက်ရမယ့်ကျောင်းကလဲ အတူတူပဲလေ.. နာမည်ဆန်းဆန်းလေးနဲ့အတူ သိပ်မဆန်းလှတဲ့သူမကို ကိုယ် မှတ်မှတ်ထင်ထင်လေးတော့ ဖြစ်သွားမိတယ်.. ကျောင်းဖွင့်တော့ သူမနဲ့ပြန်တွေ့ရတယ်.. ဖြစ်ချင်ပြန်တော့ နေတဲ့အဆောင်ချင်းက ကပ်လျှက်..

ကိုယ် အချစ်ဆိုတာကို နားမလည်ပါဘူး.. ချစ်လဲမချစ်တတ်ပါဘဲ.. ဘာလို့များ သူမကိုချစ်ရေးဆိုမိပါလိမ့်.. သူမကတော့ ကိုယ့်ကို တကယ်နှစ်နှစ်ကာကာချစ်မိသွားပုံပါပဲ.. အဖြေပေးတာတောင် ချစ်တယ်ဆိုတဲ့စကားကို သွေးနဲ့ရေးပြီးပေးတယ်လေ.. တကယ်တမ်းကျတော့ သူမက သိပ်ထက်တဲ့မိန်းမတစ်ယောက်.. စာလဲကြိုးစားတယ် ရည်မှန်းချက်လဲကြီးတယ်.. ကိုယ့်ခံယူချက်ကတော့ မိန်းမတယောက်ဟာ အဲသလောက်တော်နေထက်နေဖို့ မလိုဘူးရယ်လို့

အစကတည်းက အချစ်ကို ပေါ့ပေါ့လေးသဘောထားခဲ့တဲ့ ကိုယ့်အတွက် အချိန်ကြာလာတာနဲ့အမျှ သူမရဲ့အချစ်တွေက စိတ်ကျဉ်းကြပ်စရာလို့ မြင်လာမိတယ်.. သူငယ်ချင်းတွေကလဲ တခုခုဆို မင်းမှာကပိုင်ရှင်ရှိပြီးသားပါကွာ ဆိုတာမျိုး.. ပေပေတေတေနေချင်တဲ့ကိုယ့်ကို သူမက ထိန်းချုပ်မှုတွေရှိလာမှာစိုးတာကတမျိုးတွေကြောင့်.. မလုပ်သင့်တာကို ကိုယ်လုပ်မိသွားတယ်..

မေ့လိုက်တော့ဆိုတဲ့စကားတခွန်းနဲ့ သူမကို ကိုယ်ကျောခိုင်းစွန့်ခွာခဲ့တယ်.. ကိုယ့်ကိုကိုယ်လဲ လွတ်လပ်ပြီရယ်လို့ ကြွေးကျော်ရင်း ပေနေတေနေခဲ့တယ်ပေါ့.. သူမနဲ့ဝေးရင် ပျော်မှာပဲလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမငိုနေတာတွေ့တိုင်း ကိုယ့်ရင်ထဲမှာ ထိထိခိုက်ခိုက်လေး ခံစားရတယ်.. ကိုယ့်ကြောင့် သူမရဲ့ရည်မှန်းချက်တွေများ ထိခိုက်လေမလားလို့ စိုးရိမ်စိတ်ခပ်ပါးပါးလေးလဲ ဖြစ်မိသေးရဲ့.. တကယ်တော့သူမက ကိုယ်ထင်သလောက် မပျော့ညံ့ပါဘူး.. ကိုယ့်ကြောင့် သူမငိုခဲ့ရတာမှန်ပေမယ့် အသည်းကွဲခဲ့ရပေမယ့် သူမရဲ့အနာဂတ်ကိုတော့ အထိခိုက်မခံခဲ့လို့ ကိုယ့်မှာ စိတ်ချမ်းသာခဲ့ရတယ်ပေါ့..

ကျောင်းပြီးခါနီး သူမတို့သူငယ်ချင်းတတွေ ကဗျာစာအုပ်လေးထုတ်တော့ ကိုယ့်ကိုရည်ရွယ်ပြီးရေးတဲ့ သူမရဲ့ကဗျာလေးက ကိုယ့်မာနကို လှုပ်နှိုးလိုက်သလိုပဲ.. ဘယ်သူမှမသိအောင် ကိုယ်သိမ်းထားခဲ့တဲ့ သူမနဲ့သက်ဆိုင်တဲ့ပစ္စည်းလေးတွေ သူမဆီပြန်ပို့ပေးလိုက်တယ်.. တကယ်တမ်းကျတော့ သူမကို သတိရတိုင်း ထုတ်ကြည့်နေကျလေးတွေလေ.. ကိုယ့်မာနကို အထိမခံချင်တာနဲ့ပဲ ပြန်ပို့ပေးလိုက်တော့ ကိုယ့်မှာ သတိရရင်ကြည့်စရာတောင် မရှိတော့ဘူးဖြစ်သွားတာပေါ့.. သူမကတောင် “မင်းမရှိလဲဖြစ်ပါတယ်” လို့ ရေးရက်မှတော့ ကိုယ်လဲပြတ်သားပြလိုက်တယ်ပေါ့..

ကျောင်းတွေမပိတ်ခင် နောက်ဆုံးကျောင်းသွားတဲ့ရက်က ကိုယ့်ဆီကို သူမဆီက စီဒီလေးတစ်ချပ်ရောက်လာတယ်.. သီချင်းလေးတပုဒ်ပဲ သွင်းထားတာပါ.. သူမကိုယ်တိုင် ဆိုထားတာလို့ ကိုယ်ထင်တယ်.. ကာရာအိုကေဆိုပြီး အသံသွင်းထားပုံရတယ်.. သီချင်းလေးနာမည်က ဒီဇင်ဘာအချစ်တဲ့.. အဲဒီသီချင်းလေးနားထောင်တိုင်း ကိုယ်တကယ်ရင်နာရတယ်.. သူမကို နာကျင်ခံစားရအောင် လုပ်မိလို့လေ့.. ကိုယ် သူမကို ချစ်မှန်းမသိ ချစ်မိခဲ့တာ.. သိပ်ကို သေချာတာပေါ့..

“အဆိပ်မရှိတဲ့သိုးငယ်လို အချစ်မရှိခဲ့ပါ..
လွမ်းဆွေးတဲ့စိတ်ဘာလဲ.. နားမလည်..
သစ်ရွက်လေးနဲ့လိပ်ပြာလို.. ငြိမ်းချမ်းတဲ့စိတ်နားခိုရာ.. ရုပ်ပုံလွှာကားချပ်ပေါ်မှာ..
အသည်းတံခါးလေးခေါက်ရောက်လာသူကို ငေးမောကြည့်ရင်း..
သူခိုဝင်လာ အမှတ်တမဲ့ကိုယ့်ရဲ့ကမ္ဘာ..

ဒီဇင်ဘာမှာတွေ့ခဲ့ရလို့ အေးချမ်းတဲ့အချစ်မျိုးရှိလိမ့်မယ်..
ဒါကိုတွေးရင်း တို့ကပျော်..
ဧပြီမေလိုသူ့ရဲ့အချစ်က အခုတော့နွေနေကဲ မအေးချမ်းပါ..
ပြန်လည်တွေးတိုင်းဆွေးနေပြီ..
ဘယ်နေရာရာစားစားသွားသွား စိုးမိုးနေပြီပဲ သူ့မျက်နှာ..
ဒီမှာ နှလုံးသားကျွမ်းရော့မယ်..
ဒီဇင်ဘာရဲ့နှင်းပွင့်နဲ့အတူ တဖြေးဖြေးကြွေနေဆဲ လွမ်းမျက်ရည်
ဘယ်ခါကျမှ ခမ်းရော့မယ်မသိ..”



xxxxxxxxxxxxxxxx

ဒီဇင်ဘာရောက်တိုင်း ဘာရယ်မဟုတ် ကိုယ် သူမကို သတိရတတ်တယ်.. ဟုတ်တယ်လေ.. ဒီဇင်ဘာမှာစတွေ့တာမို့လား.. အချိန်တွေဘယ်လောက်ပဲကြာကြာ မေ့သွားတယ်လို့တော့ မရှိပါဘူး.. တိုက်ဆိုင်မှုလေးတွေရှိတိုင်း သတိရတတ်တယ်... ကျောင်းပြီးကတည်းက သူမသတင်း မကြားရတော့တာ ဆယ်စုနှစ်တခုတောင်ကျော်ပြီပေါ့.. အဲသလိုအချိန်ကျမှ မထင်မှတ်ပဲ သူမနဲ့အဆက်အသွယ်ပြန်ရတယ်.. ထုံးစံအတိုင်း ဖေ့ဘွတ်မှာပေါ့.. နာမည်တူမရှိနိုင်တဲ့ သူမနာမည်နဲ့ ကိုယ့်ဆီကို မက်ဆေ့ချ်လေးရောက်လာတယ်.. မှတ်မိသေးရဲ့လားတဲ့.. မမှတ်မိပဲနေပါ့မလား.. ဘယ်ရောက်လို့ ဘာတွေလုပ်နေလဲ မေးလိုက်တော့ သူမကစလုံးမှာ အလုပ်လုပ်နေပြီတဲ့..

ကိုယ်ကတော့ ပင်လယ်ပျော်ကြီးပေါ့.. အချစ်သစ်တွေ့ပြီလားမေးတော့ သူမက အားရပါးရအော်ရယ်တယ်.. “အိမ်ထောင်ကျလို့ သားလေးတောင် ၂နှစ်ပြည့်တော့မယ်” တဲ့လေ.. ကိုယ့်အတွက် မင်းဆိုပြီးအသံသွင်းပေးခဲ့ဖူးတဲ့သီချင်းလေး မှတ်မိသေးလားဆိုတော့ မှတ်မိပါတယ်ဆိုပဲ.. ဆိုပြခိုင်းတော့ မဆိုချင်ဘူးတဲ့.. သီချင်းဆိုတာ ခံစားချက်နဲ့ဆိုမှ နားထောင်လို့ကောင်းတာတဲ့လေ.. ဒါဆို ခုဘာခံစားချက်မှမရှတော့ဘူးလားမေးတော့ ထုံသွားပြီတဲ့..

ကိုယ်က အတ္တကြီးတဲ့သူ.. ကိုယ်လိုချင်တဲ့လွတ်လပ်ပျော်ရွှင်မှုအတွက် သူမနှလုံးသားကို ကစားမိခဲ့သူ.. ဒါနဲ့များတောင် သူမက ကိုယ့်ကို အပြစ်အမြင်ဘူးတဲ့.. သူမမှာ သားလေးတယောက်ရှိနေပြီပြောတော့ ကလေးနာမည်က ဘာလဲဟင်လို့ အလောတကြီး မေးမိတယ်.. သိပ်လှတဲ့နာမည်လေးကို သူမက ရွတ်ပြတယ်.. ကဗျာဆရာမက သားလေးအတွက် နာမည်လှလှလေးပေးထားပေမယ့် ကိုယ်မျှော်လင့်မိသလို ကိုယ့်နာမည်ထဲက စာလုံးလေးတလုံးတလေတောင် မပါလာဘူးလေ..

ဒီဇင်ဘာရောက်ပြီလို့ သူမဆီကို မေးလ်ပို့ထားတာ.. မနေ့က ပြန်စာရောက်လာတယ်..

“ဒီဇင်ဘာမှာ ကောက်ရဖူးတဲ့အမှိုက်တစ်စကို.. ဧပြီနွေခေါင်ခေါင်ထဲ တောင်လေနဲ့အတူဝဲပစ်ခဲ့ပြီး.. ဆယ်စုနှစ်လွန်ခါမှ နှင်းတွေကြားထဲ ပြန်ရှာချင်သေးလို့လား မောင်.. ခု ငါရောက်နေတဲ့နေရာမှာ ဆောင်းမရှိဘူး.. နှင်းလဲမကျဘူး.. တို့၂ယောက်စတွေ့တုန်းက ဒီဇင်ဘာရဲ့အငွေ့အသက်မျိုး ဘာမှမရှိဘူးလေ.. အဲဒီတော့ ငါ့မှာ ဒီဇင်ဘာကို မေ့နေတာ ကြာလှပေါ့” တဲ့..

ကိုယ်ရောက်နေတဲ့နေရာမှာလဲ ဆောင်းတွေနှင်းတွေ ရှိမနေပါဘူး.. ဒါပေမယ့် ကိုယ့်ရဲ့ဒီဇင်ဘာကတော့ ရင်မှာနှင်းတွေဝေနေဆဲဆိုတာ သူမ ဘယ်တော့မှ သိနိုင်တော့မယ် မထင်ပါဘူးလေ...

Friday, April 1, 2011

အရိပ်ကလေးရဲ့တေးသံ

လသာတဲ့ညတညပေါ့..

အေးမြတဲ့လရိပ်ကို နှစ်သက်တတ်တဲ့ကျွန်တော် ၀ရံတာမှာရပ်နေရင်း ဟိုဟိုဒီဒီငေးနေမိတယ်.. မျက်စောင်းထိုးအိမ်ကို ဖျတ်ခနဲကြည့်လိုက်မိစဉ်မှာတော့

အိမ်ပေါ်ထပ်မှန်ပြတင်းမှာ ထင်နေတဲ့အရိပ်ကလေးက ကျွန်တော့်ကို ဆွဲဆောင်လိုက်ပါတော့တယ်.. အရင်ကလူမနေတဲ့ အိမ်ကြီးကို ဘယ်တုန်းက လူသစ်တွေရောက်လာပါလိမ့်လို့လဲ တွေးမိသေးရဲ့.. ကျွန်တော်မြင်လိုက်ရတာက ဂစ်တာတီးနေတဲ့ ဆံပင်ရှည်ရှည် ကောင်မလေးတယောက်ရဲ့အရိပ်ပါ.. သီချင်းသံသဲ့သဲ့လေးလဲ ကြားမိသလိုလိုမို့ စူးစိုက်နားထောင်မိတော့ အသံချိုချိုလေးနဲ့ ကျွန်တော်မကြားဖူးတဲ့သီချင်းလေးကို ခပ်အေးအေးညည်းနေတာလေး ကြားလိုက်ရတယ်.. အေးချမ်းလိုက်တဲ့အသံလေးဗျာ.. ဆိုနေဟန်လေးကတော့ ခပ်ဆွေးဆွေး.. မင်းအသည်းကွဲနေတာများလား ကောင်မလေးရယ်..

နောက်နေ့တွေမှာတော့ ကျွန်တော့်အတွက် တာဝန်တခုပိုလာတယ်.. ညတိုင်း ၀ရံတာထွက်ပြီး သူမလေးရဲ့အရိပ်ကိုငေးရင်း သူမသီချင်းလေးတွေကို နားထောင်နေမိတတ်တာပေါ့.. နေ့ခင်းဘက်တွေမှာ သူမတို့အိမ်ဘက်လှမ်းကြည့်မိရင် လှုပ်ရှားမှုရယ်လို့ သိပ်မတွေ့ရတတ်ပါဘူး.. တခါတလေ ပန်းပင်တွေရေလောင်းနေတဲ့ မျက်နှာစူပုတ်ပုတ် ရုပ်ဆိုးဆိုးအမျိုးသားကြီးတယောက်ကိုတွေ့ရတတ်တယ်.. တပတ်၂ခါလောက် အမျိုးသမီးကြီးတယောက်ကို ကိုရုပ်ဆိုးကြီးက ကားမောင်းပြီး ဈေးလိုက်ပို့တာလဲတွေ့ရတတ်တယ်.. ကျွန်တော့်ရဲ့အရိပ်ကလေးကိုတော့ နေ့ခင်းဘက် တခါမှမတွေ့ဖူးသေးဘူး.. ကျွန်တော်ကလဲ နေ့တိုင်း ကျောင်းသွားရတတ်တော့ သူမအပြင်ထွက်ချိန်နဲ့ မကြုံလို့ထင်ပါရဲ့လေ..


တရက်တော့ ကျွန်တော်နေမကောင်းလို့ ကျောင်းမသွားဖြစ်ဘူး.. အိမ်ခန်းထဲနေရတာ ငြီးစီစီမို့ ၀ရံတာကိုထွက်လိုက်ရင်း အရိပ်ကလေးတို့အိမ်ဘက်ကို အမှတ်မထင်ကြည့်မိတော့ ခြံထဲကခုံတန်းလေးမှာထိုင်ပြီး ဂျာနယ်တစောင်ကို စိတ်ဝင်တစားဖတ်နေတဲ့ ကောင်မလေးတယောက်ကို လှမ်းတွေ့လိုက်ရတယ်.. ဆံပင်ရှည်တွေကို ကျစ်စာမြီး၂ဖက်ခွဲစီးထားတော့ သူမက ကလေးလေးတယောက်လို နုနယ်လှပလွန်းနေတယ်လေ.. ငေးကောင်းကောင်းနဲ့ငေးမိနေတုန်း အိမ်ထဲကလှမ်းခေါ်လိုက်လို့ထင်ပါရဲ့ သူမလေးက အိမ်ထဲကို ပြေးဝင်သွားလေရဲ့.. ကျွန်တော့်ရင်ဘတ်ထဲမှာ ဟာတာတာကြီးဖြစ်ကျန်ခဲ့တာပေါ့ဗျာ..

ညရောက်တော့ ထုံးစံအတိုင်း သီချင်းဆိုနေတဲ့ သူမအရိပ်ကလေးကိုငေးရင်း စိတ်ကူးတွေနဲ့ ကျွန်တော်ရူးနေရတာပေါ့.. သူမနဲ့ ခင်မင်ရင်းနှီးချင်စိတ်တွေလဲ တဖွားဖွားနဲ့.. အရိပ်ကလေးဆိုတဲ့ခေါင်းစဉ်နဲ့ ရေးမိတဲ့ကဗျာတွေလဲ မနည်းမနော.. သူမရဲ့ဝိုးတ၀ါးအရိပ်ကလေးကို ခဲခြစ်ပန်းချီလေးတောင်ဆွဲထားမိသေးတယ်.. ထူးဆန်းတာက သူမကို သေသေချာချာမြင်ဖူးလိုက်ပါရက်နဲ့ သူမအရိပ်ကလေးကိုပဲ အိပ်မက်ထဲအထိ စွဲမက်နေတတ်တဲ့အထိ စွဲလန်းနေမိတာပါပဲ..


တနေ့.. မေမေကကျွန်တော်ကို ၀ါဆိုသင်္ကန်းကပ်အတွက် ဖိတ်စာတွေလမ်းထဲမှာလိုက်ဝေခိုင်းတယ်.. အရိပ်ကလေးတို့အိမ်အတွက်လဲ ပါတာပေါ့.. ကျွန်တော်သိပ်ပျော်သွားမိတယ်.. အရိပ်ကလေးနဲ့ ရင်းနှီးခွင့် ကြုံလာပြီမို့လား.. တခြားအိမ်တွေကို ဖိတ်စာအရင်လိုက်ဝေပြီး နောက်ဆုံးကျမှ အရိပ်ကလေးတို့အိမ်ကို သွားလိုက်တယ်.. လူခေါ်ဘဲလ်ကိုတီးလိုက်တော့ ဂါဝန်အဖြူဝတ်ထားတဲ့ ကောင်မလေးက တံခါးလာဖွင့်ပေးပါတယ်..

“ဘာကိစ္စများပါလဲရှင်”

“သြော်.. ကျွန်တော်က မျက်စောင်းထိုးအိမ်ကပါ.. ကျွန်တော့်နာမည် ၀ါခေါင်မိုးပါ.. အိမ်မှာအလှူရှိလို့ ဖိတ်စာလာပေးတာပါ.. လာမယ့်စနေနေ့ ဆက်ဆက်လာခဲ့စေချင်ပါတယ်..”

“ဟုတ်ကဲ့.. ဖြူလာခဲ့ပါမယ်..”

“ကျေးဇူးပဲနော်.. ကျွန်တော်သွားလိုက်ပါဦးမယ်..”

“ဟုတ်ကဲ့..”

လှလိုက်တဲ့ကောင်မလေးဗျာ.. ဖြူနုနေတဲ့မျက်နှာလေးမှာ အကြောစိမ်းလေးတွေကိုထင်းလို့.. ဆံပင်နက်နက်ကြီးတွေကလဲ တင်ပါးဖုံးတဲ့အထိကို အရှည်ကြီးတွေ.. ထူးဆန်းနေတာက သူမအရိပ်ကလေးကိုမြင်ရတိုင်း တဖျတ်ဖျတ်ခုန်နေတတ်တဲ့ကျွန်တော့်နှလုံးသားက သူမကိုအနီးကပ်တွေ့ရတော့ အရင်ကခုန်ခဲ့ဖူးတာ သူမဟုတ်သလို ငြိမ်သက်နေတာပါပဲ..


အလှူနေ့ကျတော့ ကောင်မလေးနဲ့အတူ အန်တီကြီးတယောက်ပါ ပါလာတယ်.. စကားပြောကောင်းပြီး ဖော်ရွေတဲ့ကျွန်တော့်မေမေနဲ့ သူမတို့၂ယောက်နဲ့ အချိန်တိုအတွင်းမှာပဲ ရင်းနှီးသွားကြပါတော့တယ်.. သူမပြောပြတဲ့ သူမဘ၀အကြောင်းက သနားစရာ.. မိဘ၂ပါးလုံး ရန်ကုန်မှာ ကားမှောက်လို့ဆုံးပါးသွားပြီး သူမတယောက်သာ ကံကောင်းစွာနဲ့ ဘာမှကြီးကြီးမားမားမထိခိုက်ပဲ ပွန်းပဲ့ရုံလောက်နဲ့ အသက်ရှင်ကျန်ခဲ့ရတာတဲ့.. မိဘတွေမရှိတော့တဲ့နောက် ဇာတိမြို့လေးကို အပြီးပြန်လာပြီး မိဘတွေထားခဲ့တဲ့အိမ်လေးမှာ လာပြန်နေတာတဲ့လေ.. သူမဖေဖေမိတ်ဆွေတယောက်ရဲ့လုပ်ငန်းမှာ အစုရှယ်ယာဝင်ထားရင်း မားကတ်တင်းမန်နေဂျာအဖြစ် အလုပ်လုပ်ပါတယ်တဲ့လေ.. အန်တီကြီးကတော့ သူမရဲ့အထိန်းတော်ကြီးပေါ့.. အထီးကျန်ဆန်တဲ့ သူမဘ၀လေးကို ကျွန်တော်က ကရုဏာသက်မိပေမယ့် သူမကိုကြည့်ရတာတော့ ခပ်ပျော်ပျော်ပင်.. သိပ်မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ကို ပြန်ပြောပြနေပေမယ့် သူမဆီမှာ ၀မ်းနည်းကြေကွဲတဲ့ အရိပ်အယောင်ရယ်လို့ လုံးဝမတွေ့ရ.. တော်တော်အသည်းမာတဲ့မိန်းကလေးပါလားလို့ တွေးမိတယ်..

စကားတွေပြောကြရင်း တော်တော်လေးကြာမှ သူမတို့ပြန်သွားကြတယ်.. ကျွန်တော့်ရင်ထဲမှာတော့ တခုခုကို မတင်မကျကြီးခံစားနေရလေရဲ့.. ဘာရယ်လို့အတိအကျမပြောနိုင်ပေမယ့် ကျွန်တော်လေ သူမနဲ့ပါတ်သတ်လို့ တစ်ခုခုထူးထူးဆန်းဆန်း ခံစားနေရတာတော့ အမှန်ပဲ.. ကျွန်တော့်ရဲ့နေ့တွေညတွေကို လရိပ်ဖြူဆိုတဲ့သူမရဲ့အရိပ်ကလေးက အတိုင်းအတာတစ်ခုအထိ လွှမ်မိုးထားလိုက်ပြီဆိုတာတော့ သိပ်ကိုသေချာတယ်လေ...

(ဆက်ပါဦးမည်)

Friday, July 16, 2010

အခါလွန်မိုး (ဇာတ်သိမ်း)

“ပွဲချိန်တောင်နီးပြီမိမိုး.. ဘယ်လိုလဲ ငါပြင်ပေးထားတာ ကြိုက်ရဲ့လား..”

မှန်ထဲမှာမြင်လိုက်ရတဲ့အရိပ်က မိုးတဲ့လား.. မိတ်ကပ်တွေဖွေးသားနဲ့မို့ ရုတ်တရက်မှတ်တောင် မမှတ်မိချင်..

“မိတ်ကပ်တွေနဲ့ဆိုတော့ ရယ်ချင်စရာကြီးနော်.. တခါမှမပြင်ဖူးတော့ မျက်နှာတောင်ဘယ်လိုထားရမှန်းမသိတော့ဘူး..”

“မမိုး.. ကိုလပြည့်ရောက်မလာသေးဘူး.. ဖုန်းခေါ်ကြည့်ပေးပါဦး..”

ညီညီ့  ညီမလေးလာပြောလို့ အလင်းဟန်းဖုန်းကို လှမ်းခေါ်လိုက်တော့..

“ငါအောက်မှာရောက်နေပြီ.. ခုတက်လာခဲ့မယ်.. စိတ်ချပါဟာ.. ငါ့ကြောင့်ပွဲမပျက်စေရပါဘူး..”

အသံကိုကမာဆတ်ဆတ်နဲ့.. ခဏနေတော့

“ဟဲ့.. လပြည့် မိုးရေတွေလဲရွှဲလို့.. လာလာ.. အဝတ်တစားမြန်မြန်လဲ.. မမိုးကသွားနှင်တော့.. ဟိုမှာပွဲထုတ်ဖို့တန်းစီခိုင်းနေပြီ.. လပြည့် ခေါင်းကိုသေချာသုတ်.. မျက်လုံးတွေကလဲ နီရဲလို့.. နင်တော့ဖျားတော့မှာပဲ..”

မမနှင်းက ပွစိပွစိပြောရင်း အဝတ်အစားတွေယူပေး.. ခေါင်းကို ဒရိုင်ယာနဲ့မှုတ်ပေး.. အားလုံးအဆင်သင့်ပြင်ပေးတယ်.. ခပ်မြန်မြန်အဝတ်လဲလိုက်ပြီး မမနှင်းခေါ်တဲ့နောက် လိုက်လာခဲ့လိုက်တယ်..

ပွဲထုတ်ဖို့အတွက် တန်းစီတဲ့နေရာရောက်တော့ သတို့သား သတို့သမီးကို တမင်မကြည့်ဖြစ်အောင် ခေါင်းကိုငုံ့ချထားလိုက်မိသည်.. ဒါတောင် သတို့သမီးရဲ့ ထိုင်မသိမ်းစကို မြင်နေရသေးတယ်လေ..

“အားလုံးပဲ.. ဖြေးဖြေးချင်းလျှောက်ကြပါ..”

ညီညီ့အစ်ကိုကြီး ဆော်သြလိုက်လို့ ဖြေးဖြေးချင်းလမ်းလျှောက်နေရတယ်.. ခေါင်းငုံ့လျှောက်နေရင်း ဘေးမှာလျှောက်နေတဲ့ သတို့သမီးအရံရဲ့ ခြေထောက်လေးကို အမှတ်မထင်လှမ်းတွေ့လိုက်တော့.. ဟာ.. ညာဘက်ခြေဖမိုးပေါ်မှာ အမာရွတ်ကြီး.. ဒါ.. ဒေါ်ပွင့်ခြေထောက်.. ဟုတ်တယ်.. အဆမတန်ရှည်နေတဲ့ ခြေညှိုးနဲ့ ခြေသန်းတိုတိုလေးတို့ကြောင့် ရယ်စရာကောင်းနေတဲ့ခြေထောက်.. မျက်နှာကို အလန့်တကြားမော့ကြည့်ရင်း..

“နင်.. နင်ကဘယ်လိုလုပ်ငါ့ဘေးရောက်နေရတာတုန်း..”

“ဟဲ့.. ဘယ်လိုဖြစ်လို့ အလန့်တကြားထအော်ရတာလဲ.. ငါက သတို့သမီးအရံမို့လို့ နင့်ဘေးရောက်နေတာပေါ့.. ဘာလို့မျက်နှာကိုပြူးပြဲကြည့်နေရတာလဲ.. မိတ်ကပ်တွေနဲ့ မနေတတ်ရတဲ့ကြားထဲ.. ကောင်းကောင်းလျှောက်လေ.. ခန်းမထဲရောက်တော့မယ်..”

ဘေးနားက ဒေါ်ပွင့်ကို လှည့်ကြည့်ချင်စိတ်ကို တားဆီးရင် လမ်းလျှောက်နေရတာ သိပ်ခက်သည်.. ခန်းမထဲအဝင်လမ်းတလျှောက် ကျွန်တော့်ခြေထောက်တွေ ကြမ်းနဲ့မထိဘူးလားလို့တောင် ထင်ရတယ်.. သူမက သတို့သမီးမဟုတ်ဘူးတဲ့.. ဘာတွေလဲ.. ဘာတွေဖြစ်ကုန်တာလဲ.. ကျွန်တော်ကလဲကျွန်တော်.. ဖိတ်စာကိုတောင်မဖတ်မိဘူး.. ကျွန်တော်ကြေကွဲခဲ့ရတာ ခံစားရတာတွေက အဆုံးသတ်ကျတော့ ရယ်စရာကြီးပေါ့.. အသည်းကွဲပြီး ရေးခဲ့တဲ့ကဗျာတွေ ဒေါ်ပွင့်နဲ့အတူတူပြန်ဖတ်ပြီး ဟားရဦးမယ်.. တွေးရင်းတွေးရင်း ကျွန်တော် အူမြူးလာသည်.. စင်မြင့်ပေါ်က ခန်းစီးမှာရေးထားတာက..

“မောင်စိုင်းညီညီလတ် နှင့် မနန်းသီရိကျော် တို့၏ မင်္ဂလာဧည့်ခံပွဲ” တဲ့

ဘာပဲဖြစ်ဖြစ်ပျော်တယ်ဗျာ.. ကျွန်တော် သူမကို မဆုံးရှုံးသေးဘူးပေါ့.. စပ်ဖြဲဖြဲ မျက်နှာပိုးသတ်မရဘဲ သူမကိုလှမ်းကြည့်မိတော့ မျက်စောင်းလှလှလေး ပြန်ရလိုက်တယ်..

အခန်းအနားပြီးလို့ အဝတ်အစားလဲပြီးတော့ ဒေါ်ပွင့်က အဝတ်လဲလို့မပြီးသေးတာမို့ အခန်းဝမှာစောင့်နေလိုက်တယ်.. ခဏနေတော့ သူမထွက်လာတယ်လေ.. မိတ်ကပ်တွေမရှိတော့တဲ့ မျက်နှာလေးက တကယ်ကိုကြည်ကြည်စင်စင်.. ပါးပေါ်က သွေးကြောနီနီလေးတွေ အထင်းသားပေါ်နေသည်..

“လာ.. ငါနဲ့လိုက်ခဲ့.. နင့်ကိုငါ အရေးအကြီးဆုံးစကား ပြောစရာရှိတယ်..”

သူမလက်ကိုအတင်းဆွဲပြီး ပြေးထွက်လာခဲ့လိုက်သည်.. နင်.. ငါနဲ့လိုက်ခဲ့မှဖြစ်မယ်.. ငါပြောချင်တာတွေ ခုပြောမှဖြစ်မယ်.. မတော်လို့ ကံကြမ္မာက နောက်တခါထပ်ကျီစားရင် ငါူးမှာ...

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကားကို ကျွန်တော့်ရဲ့မှော်ဘီခြံထဲထိ ခပ်မြန်မြန်လေးမောင်းလာခဲ့တယ်.. ဘေးနားကဒေါ်ပွင့်တယောက်ကတော့ ဘာစကားမှမပြောဘဲ တစုံတခုကို အသည်းအသန်တွေးတောနေတဲ့ပုံစံနဲ့ တိတ်ဆိတ်လို့.. ကျွန်တော့်ခြံထဲရောက်တော့ သစ်ခွရုံဘေးက ခုံတန်းလေးမှာ ထိုင်လိုက်ကြတယ်..

“ဒေါ်ပွင့်.. ငါက ညီညီနဲ့မင်္ဂလာဆောင်မှာ နင်ထင်လို့ဟ..”

“ဘယ်သူပြောလဲ.. နင်ဖိတ်စာကိုမဖတ်ဘူးလား..”

“ဘယ်သိမလဲဟ.. နင်တို့၂ယောက်က အတူတူပန်းလာမှာတော့ ငါလဲ ထင်မိထင်ရာ ထင်သွားတာပေါ့.. ပြီးတော့ ညီညီကပြောသေး.. သတို့သမီးက သစ်ခွပန်းကြိုက်တယ်ဆိုတော့.. ငါလဲ နင်ပဲလို့ထင်သွားတာပေါ့..”

“အရူး.. မြန်မာပြည်မှာ သစ်ခွပန်းကြိုက်တာ ငါတယောက်ပဲရှိလား.. ပန်းလာမှာတဲ့နေ့က နန်းကရန်ကုန်ရောက်မလာသေးလို့ ပါမလာတာ.. ပြီးတော့ ညီညီက နင့်ခြံကိုမရောက်ဖူးလို့ ငါက လိုက်ပြပေးတာ..”

“မသိဘူးလေဟာ.. ထားပါလေ.. နင်ကရော ငါ့ကို တစ်လလုံးလုံး ဘာလို့မဆက်သွယ်ရတာလဲ..”

“ငါ့ကိုပဲပြောမနေနဲ့ နင်ကရော ငါ့ဆီကို ဖုန်းတောင်ဆက်လို့လား..”

“ငါက နင်မင်္ဂလာဆောင်တော့မယ်ဆိုပြီး.. ကြေကွဲနေတာကိုးဟ.. နင်ဒီလောက်တောင် မရိပ်မိဘူးလား..”

“အပိုတွေပြောမနေနဲ့အလင်း.. နင့်မှာချစ်သူရှိရက်နဲ့ ငါ့ကိုထပ်ချည်နှောင်ဖို့ မကြိုးစားနဲ့တော့.. ငါ့ကို မလှည့်စားနဲ့တော့..”

“ဒေါ်ပွင့်.. ဘာပြောတယ်.. နင်ပြောတာ ငါတစ်ခုမှနားမလည်ဘူး.. ငါ့မှာချစ်သူရှိတယ်လို့ နင့်ကိုဘယ်သူပြောလဲ.. ဘာတွေလဲဟာ..”

“ဘယ်သူမှပြောတာမဟုတ်ဘူး.. ငါကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင် နားနဲ့ဆတ်ဆတ်ကြားခဲ့တာ.. နင့်ကောင်မလေးနာမည်က ယုယု.. ဟုတ်တယ်မှတ်လား..”

“ယုယု၊၊”

“အေးလေ.. နင်ပဲ ယုယုလေးကို အရမ်းချစ်ပါတယ်ဆို..”

“ဟာ.. ငါသိပြီ.. ဟားဟား..”

“နင်ကဘာရယ်တာလဲ..”

“နင်အရူးထတာကို ရယ်ချင်လို့ပေါ့ ငပေါမ.. အဲဒီယုယုဆိုတာ ငါပြမယ်.. လာ”

ဒေါ်ပွင့်လက်ကိုဆွဲပြီး.. တဖက်ခြံကိုခေါ်လာခဲ့သည်..

“ကိုချိုကြီးရေ.. မမလဲ့.. အိမ်ထဲမှာလားဗျ.. ကျွန်တော်ဝင်ခဲ့ပြီ..”

“သြော်.. လပြည့်လာလေ.. ဧည့်သည်လဲပါတာကိုး.. ကိုချိုကြီးတော့မရှိဘူးရယ်.. ပန်းသွားပို့နေတယ်.. ထိုင်ကြဦး..”

“ယုယုလေးရော.. ကျွန်တော့်သူငယ်ချင်းက ယုယုကိုတွေ့ချင်လို့တဲ့..”

“ခြံထဲမှာကစားနေတယ်ထင်တယ်.. သမီးရေ.. ယုယုလေး.. လေးလေးလပြည့်ရောက်နေတယ်.. လာခဲ့ဦး..”

“လာပြီမေမေ..”

အသံစူးစူးလေးနှင့်အတူ အပြေးလေးရောက်လာသူက ယုဝတီချို..

“လေးလေး.. ယုလိုချင်တဲ့သစ်ခွပန်း ပွင့်နေပြီလား.. ယုကိုရော တကယ်ပေးမှာလား..”

“သစ်ခွပန်းလိုချင်ရင်.. တီတီလေးဆီမှာတောင်း..”

“တီတီ.. ယုကိုပေးပါနော်.. လေးလေးက ကပ်စီးနည်းကြီး.. သူ့ခြံထဲကပန်းကိုတောင် သူမပိုင်ဘူးတဲ့.. ယုကိုမပေးချင်လို့ တမင်ညာတာဖြစ်မှာ.. တီတီပြောပေးနော်..”

ဒေါ်ပွင့်တယောက် ဘာပြောရမှန်းမသိ.. မျက်နှာကြီးနီရဲလို့ ရှက်နေပုံကိုကြည့်ပြီး ကျွန်တော်ရယ်ချင်နေသော်လဲ မရယ်ရက်ပါ.. သူမခမျာ ကျွန်တော်ချစ်သူရသွားပြီထင်ပြီး ကြေကွဲနေခဲ့ရပုံပင်.. ကျွန်တော်ကိုယ်တိုင် ပူလောင်ဖူးခဲ့ပြီမို့ သူမကို ကိုယ်ချင်းစာပြီး သနားနေမိသည်..

“ပေးပါတယ်ယုယုလေးရယ်.. လေးလေးဆီကတောင်းမနေနဲ့.. လာ.. တီတီခူးပေးမယ်..”

ပြောပြောဆိုဆိုနဲ့ လက်တွဲပြီးထွက်သွားကြတဲနှစ်ယောက်နောက်ကို ကျွန်တော်လိုက်လာခဲ့သည်.. တော်တော်လဲရှပ်ပြာပြာနိုင်တဲ့ဒေါ်ပွင့်ပဲ.. နောက်ကျောကနေကြည့်ပြီး အမေကိုပဲမြင်တယ် ပေါင်ပေါ်ထိုင်နေတဲ့သမီးကိုကျတော့မမြင်ဘူးလို့တွေးရင်း ပြုံးနေမိသည်.. ယုယုပြန်သွားတော့..

“ဒေါ်ပွင့်... နင့်ကိုငါ.. အရမ်းချစ်တယ်.. နင်.. ငါ့အနားကထွက်မသွားနဲ့တော့နော်..”

“ငါလဲနင့်ကိုချစ်ပါတယ်အလင်းရယ်.. နင့်အနားကနေလဲ ဘယ်မှမသွားချင်ပါဘူး.. ဒါပေမယ့်.. ငါတို့ခဏတော့ ဝေးနေရဦးမယ်ဟ..”

“ဘာလို့ဝေးရမှာလဲဟ.. နင်က ဘယ်သွားမလို့လဲ..”

“ငါ.. ဘွဲ့လွန်ဆက်တက်ဖို့လျှောက်ထားတာ ကျလာပြီ.. အေအိုင်တီမှာလေ.. ၂နှစ်တက်ရမှာ..”

“ဟာ.. နင်ကတော့လုပ်ပြီ.. ငါ့ကိုတော့မတိုင်ပင်ဘူး.. ဘယ်တော့သွားရမှာလဲ..”

“ရှေ့လထဲမှာသွားရမှာ.. နီးနီးလေးပဲဟာ.. နင်လာလည်ပေါ့.. ငါလဲကျောင်းပိတ်ရက်တွေကျရင် ပြန်လာမှာပဲ..”

“ဒါပဲရှိတော့တာပဲ..”

ဒီလောက်ကတော့အရေးမကြီးလှပါ.. ဆုံးရှုံးပြီထင်ထားရာကတောင် ပြန်ဆုံနိုင်ခဲ့ပြီးမှတော့ ဘာဆိုဘာမှ အရေးမကြီးတော့ပါ.. သူမလက်ကို တင်းတင်းဆုပ်ကိုင်ရင်း လယ်ကွင်းတွေဘက်ဆီထွက်ခဲ့သည်.. သောကတွေကင်းသွားတော့လဲ ဆည်းဆာက လှပလွန်းနေပြန့်သည်.. ကံကြမ္မာရဲ့မျက်လှည့်ပွဲကို ကျွန်တော်တို့၂ယောက်သား မောနေအောင်ကြည့်ခဲ့ရသည်.. ခုတော့လဲ အရာရာကလှပလို့.. ကျွန်တော့်ပုခုံးမှာ သူမခေါင်းလေးကိုဆွဲကပ်ထားရင်း လျှောက်ရတဲ့လမ်းမှာ ဘယ်လိုအတားအဆီးတွေ့တွေ့ ရင်ဆိုင်ပစ်လိုက်တော့မည်ဟု......

ပြီးပါပြီ...

အားပေးသူများကိုကျေးဇူးအထူးတင်လျှက်

ပွင့်မြူးဇင်
၁၆.၀၇.၂၀၁၀

Wednesday, July 14, 2010

အခါလွန်မိုး (၃)

နောက်ဆုံးနှစ်စာမေးပွဲ ပြီးသွားပြီမို့ ကျောင်းတက်စရာမလိုတော့ မိုးတစ်ယောက် အတော်ကိုပျင်းနေသည်.. ကျောင်းပိတ်စကတော့ စာတွေလုပ်စရာမလိုတော့လို့ ပေါ့ပါးသွားတာအမှန်.. ကြာတော့လဲပျင်းလာသည်.. အလင်းနဲ့လဲ မတွေ့တာတောင်ကြာနေပြီ.. ပွင့်လင်းရာသီဆိုတော့ ပွဲတွေလမ်းတွေများတာမို့ ပန်းတွေလက်မလည်အောင် ရောင်းနေရတယ်ထင်ပါ့..

ဖုန်းမြည်သံစူးစူးကြောင့် လန့်တောင်သွားရသည်..

“ဟယ်လို..”

“မိမိုးလေးလား.. ကိုကိုကြီးပါ.. သတင်းကောင်းပေးစရာရှိတယ်နော်..”

“ဘာသတင်းကောင်းလဲကိုကိုကြီးရဲ့.. ရင်တောင်ခုန်လာပြီ..”

“မိမိုးဆွဲထားတဲ့ နှစ်ထပ်တိုက်ပုံစံလေးလေ.. ၀ရံတာသေးသေးလေးနဲ့ဟာ.. ကိုကိုကြီးတို့ ဘုတ်အဖွဲ့ကရွေးလိုက်ပြီ.. သန်လျှင်မှာဆောက်မယ့် ဥယာဉ်မြို့တော်မှာ သုံးမယ်တဲ့.. ကွန်ကရက်ကျူလေးရှင်းပါ ညီမလေးရေ..”

“ဟယ်.. တကယ်.. ပျော်လိုက်တာ.. မိုးရဲ့အိမ်လေးကို အပြင်မှာတကယ်တွေ့ရတော့မှာပေါ့..”

“ဒါတင်ဘယ်ကမလဲ.. ဒီဇိုင်းခလဲရဦးမှာ..”

“မိုးပျော်လိုက်တာကိုကိုကြီးရယ်.. သတင်းကောင်းအတွက်ကျေးဇူးနော်.. အလင်းဆီဖုန်းဆက်ပြီးကြွားလိုက်ဦးမယ်..”

“ကောင်းပါပြီဗျား..”

ကိုကိုကြီးဖုန်းချသွားတော့ အလင်းဆီချက်ချင်းဆက်လိုက်တယ်.. ဖုန်းကမြည်ပေမယ့် ဖြေသူမရှိ.. ဖုန်းပျက်နေပြန်ပြီထင်တယ်.. ဟန်းဖုန်းကိုဆက်တော့ လူကြီးမင်းနဲ့တိုးနေသည်.. ပြောချင်ပါတယ်ဆိုမှ.. အိမ်ရှေ့က ကားသံကြားလို့ပြေးထွက်ခဲ့သည်..

“ဟာ.. ဖေဖေပြန်လာပြီ.. တော်ပဲဖေဖေ.. သမီးကားခဏယူသွားမယ်နော်.. အလင်းဆီသွားမလို့..”

“ယူသွားလေ.. ဖြေးဖြေးမောင်းသွားနော်အငယ်မ.. မေမေရော.. အိမ်ထဲမှာလား..”

“ဟုတ်.. ဖေဖေ.. မေမေ့ကိုမပြောရသေးဘူး.. ဖေပဲပြောလိုက်တော့..”

ကားပုံမှန်လေးမောင်းလာရင်း အလင်းအတွက် ဘာလက်ဆောင်ဝယ်ပေးရမလဲ စဉ်းစားလာသည်.. မိုးရဲ့ ပထမဆုံးဝင်ငွေနဲ့ အလင်းအတွက် အမှတ်တရလေးတခုခုတော့ ၀ယ်ကိုဝယ်ပေးရမယ်.. နာရီလေးဝယ်ပေးရရင်ကောင်းမလား.. ရေမွှေးဆိုရင်ရော..

အလင်းရဲ့ခြံရောက်တော့ ခြံဝမှာ ကားလှလှလေးတစင်းရပ်ထားတာတွေ့ရတယ်.. ပန်းဝယ်သူရောက်နေတယ်ထင်ပါရဲ့.. ကားကိုခြံဝမှာပဲ ရပ်ထားခဲ့ပြီး လျှောက်လာခဲ့လိုက်တယ်.. ခြံထဲမှာလဲ ဘယ်သူမှမရှိတာနဲ့ အလင်းရဲ့တိုက်ပုလေးဆီအပြေးလေးလှမ်းခဲ့မိတယ်..

အိမ်နားကိုရောက်တော့ အိမ်ထဲက စကားပြောသံတွေကြားနေရတယ်.. တံခါးဝမှာရပ်လိုက်တော့ ဧည့်ခန်းထဲကဆိုဖာမှာ ကောင်မလေးတစ်ယောက် ကျောပေးထိုင်နေပြီး အလင်းကတော့ မတ်တပ်ရပ်လို့ ကောင်မလေးကို အမြတ်တနိုးလေးငုံ့ကြည့်လို့.. မိုးရောက်နေတာတောင်မသိလောက်အောင် မိုးမမြင်လေမမြင်.. မိုးလှည့်ထွက်အပြေးမှာ မျက်ရည်စက်တို့က ခုန်ပေါက်ဆင်းသွားလေရဲ့..

“ချစ်ပါသတဲ့ဗျာ.. ဟောဒီက ယုယုလေးကို အရမ်းကို ချစ်ပါသတဲ့..ဟားဟား.. ကျေနပ်ပြီလားမမလေး..”

အလင်းရဲ့ချိုလွင်နေတဲ့အသံက မိုးအနောက်မှာ ဝေးဝေးကျန်ခဲ့တယ်..

အလင်း.. သိပ်ရက်စက်တယ်.. မိုးမှာတော့မျှော်လင့်လိုက်ရတာ.. ပျော်စရာ.. ၀မ်းနည်းစရာတွေကိုလဲ အတူတူမျှဝေခံစားပေးနိုင်သူဟာ အလင်းပဲရှိတယ်လို့ သတ်မှတ်ထားခဲ့တာ.. ခုတော့ သူ့မှာချစ်ရမယ့်သူရှိရက်နဲ့တောင် မိုးကိုလှည့်စားတယ်..

အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းတောင် မိုးမသိတော့ပါဘူး.. အိမ်ရောက်တော့ အန်တီမေကလည်းရောက်နေတာနဲ့ မိုးမကျွမ်းကျင်တဲ့ ဟန်ဆောင်ခြင်းတွေကို အသက်သွင်းလိုက်ရတော့တယ်..

“ဟော.. သမီးမိုး.. ပြန်လာပြီလား.. သားငယ်နဲ့တွေ့ခဲ့လား..”

“ဟုတ်ကဲ့..”

“မျက်နှာလဲမကောင်းပါလား..”

“မိုးပင်ပန်းလာလို့.. ခေါင်းလဲကိုက်တယ်.. သွားနားလိုက်တော့မယ်နော်..”

“အေး..အေး.. နားလိုက်သမီး..”

“မိုးက အရမ်းပျော့တယ် မမမေရယ်.. ထစ်ခနဲဆို ခေါင်းကိုက်ပြီ..”

“တခါတလေမှပါနုရဲ့.. မိုးလည်းမငယ်တော့ဘူးနော်.. တနေ့ကသားငယ်လာတော့တောင် ပြောဖြစ်သေးတယ်.. ချွေးမရှာလိုက်ရတော့မလားလို့.. သူကတွေ့ထားပြီဆိုပဲ.. ခေါ်လာခဲ့ဆိုတော့ မကြာမီလာမည်တဲ့လေ..”

အန်တီမေရဲ့စကားသံက မိုးအခန်းဝရောက်တဲ့အထိပါလာလို့ နားကိုတင်းတင်းလေး ပိတ်ထားပစ်လိုက်မိသည်.. အိပ်ယာပေါ်လှဲရင် သေသေချာချာပြန်စဉ်းစားမိတော့ မိုးရှက်လာသည်.. မိုးကတော့ အလင်းချစ်တဲ့သူဟာ မိုးပဲလို့ ထင်ထားခဲ့တာ.. တကယ်တမ်းကျတော့ အလင်းဆီက သံယောဇဉ်အငွေ့အသက်လေးတွေက မိုးကို ထင်ယောင်ထင်မှားဖြစ်စေခဲ့တာပါ.. ခု အလင်းက တခြားတစ်ယောက်ကိုချစ်တယ်ဆိုမှတော့ မိုးဘာတတ်နိုင်ဦးမှာတဲ့လဲ.. အလင်းရဲ့ချစ်သူကို မိုးလဲလိုက်ချစ်ပေးနိုင်အောင် ကြိုးစားရတော့မှာပေါ့..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ခုတလော ဒေါ်ပွင့်နဲ့မတွေတာတောင်ကြာပြီ.. ဖုန်းဆက်တော့လဲ တခါမှမတွေ့.. တနေ့ကမေမေနဲ့ဖုန်းပြောတော့ ပြီးခဲ့တဲ့အပါတ်တုန်းက ဒေါ်ပွင်တစ်ယောက်တည်း မှော်ဘီကိုသွားသေးတယ်တဲ့.. ကျွန်တော့်ဆီလဲရောက်မလာ.. အဲဒီကိစ္စမေးမလို့ ဖုန်းဆက်တာကို တခါမှမဆုံသေးဘူး.. ညနေကျရင်တော့ ရန်ကုန်သွားဦးမယ်လို့ တွေးနေတုန်း.. ခြံထဲကိုကားတစ်စီးဝင်လာသည်.. ကားပေါ်ကဆင်းလာသူတွေက.. ဒေါ်ပွင့်ရယ်.. စိုင်းညီညီလတ်ရယ်.. ကျွန်တော့်ရင်ခုန်သံ ကြမ်းကြမ်းကို ကျွန်တော်ပြန်ကြားလိုက်ရသည်..

“ကိုလပြည့်.. ကျွန်တော့်ကိုမှတ်မိရဲ့လား..”

“မှတ်မိပါတယ်ညီညီ.. ဆို.. ကိုယ်ဘာကူညီရမလဲ..”

“ကျွန်တော် ဖိတ်စာလာပေးတာပါ.. ပန်းတွေလဲမှာရင်းပေါ့.. သတို့သမီးက သစ်ခွပန်းကြိုက်တော့ သစ်ခွတွေပဲမှာရမှာပဲ.. ပန်ပန်းရော.. လက်ကိုင်ပန်းအတွက်ရော.. အလှဆင်ပန်းတွေရော.. သစ်ခွချည်းပဲလိုချင်တယ်.. ဖြစ်နိုင်မလား..”

အသံကိုအတတ်နိုင်ဆုံးမတုန်အောင်ထိန်းရင်း

“ရပါတယ်ညီညီ..”

“တလက်စတည်း အကူအညီတောင်းပါရစေ.. ကျွန်တော်တို့ပွဲမှာ ကိုလပြည့်ကို သတို့သားအရံလုပ်ပေးစေချင်ပါတယ်..”

နင်.. ရက်စက်လှချည်လား ဒေါ်ပွင့်ရယ်.. ငါ့ကို.. နင့်မင်္ဂလာဆောင်မှာ သတို့သားအရံလုပ်ခိုင်းရက်တယ်ပေါ့.. ကောင်းပြီလေ.. နင်ကဖြစ်စေချင်မှတော့..

“ရပါတယ် ညီ.. သတို့သမီးအရံကတော့ ချောချောလေးရှာထားနော်.. ဟားဟား”

ကျွန်တော်ရယ်သံတွေခြောက်ကပ်နေမှာ အသေအချာပေါ့..

“အင်း.. အရံက သတို့သမီးလောက်တော့ ဘယ်ချောမလဲဗျာ.. နော် မ..”

မိုးက ညီညီကို မျက်စောင်းလှမ်းထိုးလိုက်တယ်..

“ကျွန်တော်တို့ပြန်မယ်ကိုလပြည့်.. မင်္ဂလာပွဲက တစ်လတောင်လိုပါသေးတယ်.. ကျွန်တော်ကသာ စိတ်တွေစောနေတာ.. ကူညီပေးတာကျေးဇူးပါနော်..”

“ရပါတယ်ဗျာ.. ပန်းတွေအတွက်လဲ ကျွန်တော်ကပဲ လက်ဖွဲ့ပါတယ်.. မင်္ဂလာပွဲနေ့ကျရင်လဲ စောစောရောက်အောင်လာခဲ့မှာပေါ့..”

“ကျေးဇူးအထူးပါပဲဗျို့.. သွားပြီနော်..”

ဒေါ်ပွင့်တို့ပြန်သွားတော့ ကျွန်တော်တစ်ယောက်တည်း နေရာမှာတင်ရပ်ကျန်ခဲ့သည်.. ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်နေရပြီး ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိ ဖြစ်နေသည်.. သူမကို ရက်စက်တယ်လို့ပြောရအောင် သူမက ကျွန်တော်နဲ့ သူငယ်ချင်းသက်သက်မျှသာ.. သူမကိုဆုံးရှုံးရပြီဆိုတဲ့အသိက ကျွန်တော့်နှလုံးသားကို ဓါးတုံးတုံးနဲ့ ဖိကျိတ်လှီးဖဲ့နေသလို..

ထစ်ချုန်းရွာချလိုက်တဲ့မိုးရေတွေကြောင့် ကျွန်တော့်မျက်ရည်တွေ အကာအကွယ်ရသွားတယ်ပေါ့..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(ဇာတ်သိမ်းပိုင်းမျှော်)



Monday, July 12, 2010

အခါလွန်မိုး (၂)

စာမေးပွဲကြီးနီးပြီမို့ ကျောင်းခန်းထဲမှာလူကနည်းနည်းလေးပဲ ရှိတော့တယ်.. ကျောင်းဝင်းထဲက ငုဝါပင်အောက်မှာထိုင်ရင်း မိုးတစ်ယောက် အလင်းမနက်ကလာပေးသွားတဲ့ ပန်းချီကားလေးကို ကြည့်နေတုန်း.. အနားကို ညီညီရောက်လာတယ်..

“မ.. ဘာတွေစိတ်ဝင်စားနေတုန်း..”

“သြော်.. ညီညီ.. ဘာမှမဟုတ်ပါဘူး.. ပန်းချီကားလေးပါ.. အလင်းဆွဲပေးထားတာလေ..”

ကံ့ကော်ပန်းလေး၂ပွင့်ပါတဲ့ ပန်းချီကားလေးကို ညီညီကိုလှမ်းပြလိုက်တော့..

“ကိုလပြည့်က တော်တော်ကဗျာဆန်သားနော်.. သူ့ပုံကြည့်တော့ မထင်ရဘူး..”

“အင်း.. ဟုတ်တယ်.. မိုးသူငယ်ချင်းက အေးချမ်းပါတယ်.. သူ့ဘဝမှာ အပင်တွေရယ် သီချင်းတွေရယ်ရှိရင် ပြည့်စုံနေရော.. တခါတလေတော့ ပန်းချီဆွဲတာ ကဗျာရေးတာတွေလုပ်တတ်တယ်.. ဘာပွဲအတွက်ပဲဖြစ်ဖြစ်ပန်းလိုရင် သူ့ခြံမှာဝယ်လေ.. သူ့ခြံကပန်းတွေက အရမ်းလှတယ်..”

“အင်းပါ.. မ.. ကျွန်တော့်ကို မစဉ်းစားပေးတော့ဘူးလား.. စောင့်ရတာမောနေပြီ မရယ်..”

“ညီညီကို စောင့်ပါလို့ မိုးမပြောထားဘူးနော်.. မိုးမစဉ်းစားချင်သေးဘူးလို့ပဲ ပြောထားတာ..”

“ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စောင့်နေမှာပဲ.. မ.. စဉ်းစားမယ့်အချိန်အထိပေါ့..”

ညီညီထွက်သွားတော့ မိုးစိတ်ထဲ ဘာလို့မှန်းမသိ အလင်းကိုအရမ်းသတိရသွားတယ်.. အလင်းဆီသွားမယ်လို့ဆုံးဖြတ်ပြီး ထွက်လာခဲ့လိုက်တယ်.. ခြံကိုရောက်တော့ ကိုရွှေအလင်းက ပန်းဝယ်သူရောက်နေလို့ မိုးကိုလက်ပြနှုတ်ဆက်ပြီး ထိုင်ခိုင်းထားတယ်လေ.. ၀ယ်သူပြန်သွားတော့မှ မိုးဆီရောက်လာတယ်..

“လာ.. ဒေါ်ပွင့်.. ငါနင့်ကို ပြစရာရှိတယ်..”

“ဘာလဲဟ..”

“လာစမ်းပါဟာ.. ရောက်တော့တွေ့မှာပေါ့..”

သစ်ခွရုံထဲရောက်တော့..

“ဟိုမှာကြည့်စမ်း..”

“ဟယ်.. ကတ်တလီယာပန်း.. ပန်းပွင့်ကြီးက ကြီးလိုက်တာ.. အရမ်းလှတာပဲ.. ငါ့အတွက်လား..”

အလင်းကခေါင်းညိတ်ပြတယ်.. မိုးလဲအရမ်းပျော်သွားပြီး ပြေးအသွား..

“အား...”

“ဘယ်လိုဖြစ်တာလဲ ဒေါ်ပွင့်ရယ်.. နင်လုပ်ရင် အရမ်းချည်းပဲ.. ဘာဖြစ်သွားလဲ.. ပြစမ်း.. ဟာ.. သွေးတွေမနည်းပါလား.. နင့်ခြေဖမိုးကွဲသွားပြီ..”

မိုးတိုက်ချလိုက်တဲ့ ပန်းအိုးက ကွဲပြီး စောင်းက မိုးခြေဖမိုးမှာ စိုက်သွားခြင်းဖြစ်သည်..

“လာ.. ငါဆေးခန်းလိုက်လို့မယ်..”

“အရမ်းနာတယ်ဟ.. မထောက်နိုင်ဘူး..”

“ကဲပါဟာ.. ငါကုန်းပိုးသွားမယ်.. ကားရုံနဲ့နီးနီးလေးပဲ.. လာခဲ့”

အလင်းကမိုးကိုဆေးခန်းလိုက်ပို့ပေးသည်.. ပြီတော့ အိမ်ကိုကားမောင်းလာရင်း..

“ဒေါ်ပွင့် နင့်ခြေထောက်မှာ အမာရွတ်ကြီးထင်နေတော့မှာ.. မလှတော့ဘူးပေါ့..”

“ဘာမှမဖြစ်ပါဘူးဟာ.. ငါကအလှမက်လို့လား.. ငါ့ခြေထောက်ကဖြင့် အစကတည်းက လှမှမလှပဲကို.. နင်သာ လက်တွေခြေတွေသိပ်လှတာ.. မိန်းကလေးကျနေရော..”

ဟုတ်တယ်.. အလင်းလက်ချောင်းခြေချောင်းလေးတွေက ရှည်ရှည်လှလှလေးတွေ.. လက်ညောင်းရင် တတောက်တောက်ချိုးတတ်တဲ့မိုးကို ခဏခဏဆူတတ်တယ်..

“ဟယ်.. ငါ့ဆံပင်တွေကိုကြည့်ပါဦး.. ရှုပ်ပွပေတူးနေတာပဲ.. ဒီအနာကြီးနဲ့ ဘယ်လိုခေါင်းလျှော်ရပါ့မလဲ..”

“အေး.. ဟုတ်တယ်နော်.. အာ.. လွယ်ပါတယ်.. ငါ မမနှင်းဆိုင်ကိုလိုက်ပို့ပေးမယ်.. သူ့ကိုလျှော်ခိုင်းလိုက်ပေါ့..”

မိုးခေါင်းညိတ်ပြလိုက်တယ်.. ကားလေးက ပြည်လမ်းပေါ်တရိပ်ရိပ်ပြေးတုန်း

မမဆိုင်ကိုရောက်တော့ မိုးခြေထောက်ကွဲလာတာကို မသနားတဲ့အပြင် အဆူတောင်ခံရသေးတယ်.. မိန်းကလေးတန်မဲ့ နမော်နမဲ့မို့တဲ့.. မမရဲ့ဆိုင်လေးက သပ်သပ်ရပ်ရပ် လှလှပပလေး.. ဆံပင်ညှပ်.. ခေါင်းလျှော်.. ခြေသည်းလက်သည်းအလှပြင်သူတွေနဲ့ စည်ကားနေတယ်.. ငယ်ငယ်ကတည်းက အလှအပဝါသနာပါတဲ့မမက ဘန်ကောက်မှာ သင်တန်းသွားတက်ပြီး ခုဆိုင်လေးဖွင့်ထားတာ တော်တော်အောင်မြင်နေပြီ..

မိုးကခေါင်းလျှော်မယ်ဆိုတော့ မမက ကိုယ်တိုင်မလုပ်အားလို့ မာမီမျိုးကိုခိုင်းတယ်.. ခေါင်းကိုပုဝါနဲ့သုပ်နေတုန်း အလင်းတစ်ယောက် အနားရောက်လာပြီး..

“ဖြေးဖြေးသုပ်ပါမာမီရယ်.. ဆံပင်တွေပြတ်ကုန်ပါ့မယ်..”

“အမလေး.. ကိုယ်တော်.. အဖြော်ကစ်သဲမနေနဲ့.. မာမီတို့ကလုပ်စားလာတာ အော်ကံတော်ကိုနေပြီ.. မကျေနပ်ရင် ရှင့်ဟာရှင်သုတ်ပေးလိုက်..”

ပြောပြောဆိုဆိုနဲ့ မာမီမျိုးက ပုဝါကိုအလင်းလက်ထဲထိုးထည့်ပြီး ဆောင့်အောင့်ထွက်သွားသည်.. အလင်းက မိုးဆံပင်တွေကို ဖွဖွလေးသုတ်ပေးနေပါသည်..

“ခုမှပဲ မာမီလင်းမှန်းသိတော့တယ်.. နင်က ဒါမျိုးလဲဖြစ်သားကိုး..”

“ဒေါ်ပွင့်နော်.. ငါဆံပင်ဆောင့်ဆွဲလိုက်ရ.. ငြိမ်ငြိမ်နေစမ်းပါ..”

ရေသုတ်ပြီးတော့ ဘီးကျဲလေးနဲ့ စိတ်ရှည်လက်ရှည် ဆံပင်ရှင်းပေးသေးတယ်..

“ဒရိုင်ယာနဲ့မလုပ်နဲ့တော့.. ပူပြီးဆံပင်တွေကျွမ်းကုန်ဦးမယ်..”

မမနှင်းရောက်လာသည်..

“ဟဲ့.. လပြည့်.. မာမီမျိုးဘယ်ရာက်သွားတုန်း.. နင်ကိုယ်တိုင်လုပ်နေရလား..”

“မာမီကဆံပင်ကိုင်တာကြမ်းလားလို့ပါ..”

“အဖြစ်သည်းပါ့ဟယ်.. နင် မှော်ဘီပြန်မှာလား.. ပြန်မယ်ဆိုမိမိုးကိုထားခဲ့တော့.. ညနေကျရင်ကိုနောင်လာကြိုမယ်တဲ့..”

“မပြန်ဘူးမမနှင်း.. အမေ့အိမ်မှာပဲအိပ်လိုက်တော့မယ်.. ဒေါ်ပွင့်ကို ကျွန်တော်ပဲ ပြန်ခေါ်သွားလိုက်မယ်လေ.. အနာကြီးနဲ့ဆိုတော့ အိမ်မြန်မြန်ရောက်မှကောင်းမှာ.. သြော်.. ကိုနောင်နဲ့တောင် မတွေ့တာကြာပြီ.. နောက်တခေါက်ဘယ်တော့ပြန်ထွက်ရမလဲ.. ကြားထဲမှာဆုံရအောင်ချိန်းရဦးမယ်..”

“အေး.. ဒီတစ်ခေါက်ကြာဦးမယ်ဟ.. စာမေးပွဲဖြေဦးမယ်တဲ့.. သင်္ဘောသားများကုန်း ပေါ်ရောက်ရင် ငြိမ်ငြိမ်ကိုမနေနိုင်ပါဘူးဟာ.. ငါးကိုကုန်းပေါ်တင်ထားသလို ဖျတ်ဖျတ်လူးနေတာပဲ.. အိမ်မှာကိုမနေနိုင်တာ.. ငါနဲ့တကျက်ကျက်ပေါ့..”

မမနှင်းအမျိုးသား ကိုနောင်က သဘောကောင်းပါတယ်.. စတတ်နောက်တတ်တဲ့ကိုနောင့်ကို မိုးရော အလင်းရောခင်ကြတယ်.. လက်ထပ်ပြီးတာ ၁နှစ်ကျော်ပဲရှိသေးတော့ ကလေးလဲမရှိသေးတာမို့ ကိုနောင်ကအိမ်မကပ်ပဲ လျှောက်လည်နေလို့ မမနဲ့တကျက်ကျက်.. သက်တူရွယ်တူတွေဆိုတော့ ပျော်စရာတော့ကောင်းသား.. မိုးနဲ့အလင်းဆိုရင်ရော.. အို.. ဘာတွေတွေးနေမိပါလိမ့်..

xxxxxxxxxxxxxxxxxxxxxxxxxxxxx

ညရောက်တော့ အနာကကိုက်နေတာမို့ မိုးအိပ်မပျော်ပေ.. အိပ်မပျာ်တဲ့အတူတူ လှဲမနေချင်တာမို့ အဘိုးအမွေတုတ်ကောက်ကြီးနဲ့ထောက်ရင်း ခြံထဲဆင်းလာခဲ့သည်.. နှင်းသီးပင်မှာကြိုးချည်ပြီးလုပ်ထားတဲ့ ဒါန်းလေးပေါ်ထိုင်လိုက်ရင်း ခေါင်းမော့ကြည့်လိုက်တော့ နှင်းရည်စိုနေတဲ့နှင်းသီးလေးတွေက လရောင်အောက်မှာတလက်လက်နဲ့.. ဒီည လသာလွန်းသည်.. လပြည့်ညကိုး.. ချွတ်ကနဲအသံကြားလို့လှည့်ကြည့်လိုက်တော့..

“သြော်.. အလင်း.. လာလေ.. ငါအိပ်မရလို့ဟ..”

“အနာကနာလို့လား..”

“အေး.. နည်းနည်းပါ.. အနာဆိုလို့ နင်မှတ်မိသေးလား.. နင်ဒီဒါန်းပေါ်ကလိမ့်ကျပြီး လက်ကျိုးသွားတာလေ..”

“မှတ်မိတာပေါ့.. ခံရတဲ့ငါကမငိုပဲ နင်ငိုနေလို့ပြန်ချော့ရတာလေ..”

“ငါကနင်နာနေတာ သနားလို့ပါဟ..”

“နင့်စိတ်က မာမလိုနဲ့တော်တော်ပျော့တယ်.. နင်သတိထားမိလား.. တခြားနေရာတွေမှာသာ မာသလိုလိုနဲ့.. နင့်ခံစားချက်တွေကတော့ နုနုလေးရယ်..”

“မသိပါဘူးဟာ.. နင်ကရောမအိပ်သေးဘဲ ဘာလုပ်နေတာလဲ..”

“အိပ်တော့မလို့.. နင်တို့ခြံထဲမှာ ဖြူဖြူအရိပ်လှမ်းတွေ့လိုက်တာနဲ့ ဥစ္စာစောင့်လား သရဲမလားလို့ လာကြည့်တာ..”

“အံမယ်.. ငါ့ကိုများ သရဲနဲ့မှားစရာလား..”

“နင့်ကိုယ်နင်လဲပြန်ကြည့်ဦးလေ.. ဆံပင်ဖားလျားနဲ့ အဖြူဝမ်းဆက်နဲ့.. ပြီးတော့ အသားကမဲမဲ.. မျက်လုံးကပြူးပြူး.. ဟားဟား..”

“အေး.. ပြောပါ.. ငါ့ကိုယ်ငါလဲ မလှမှန်းသိပါတယ်.. နင့်ရည်းစားကျမှ လှလှလေးရှာပေါ့..”

“ရှာရမှာပေါ့ဟ.. မိန်းမပီပီသသ.. ယဉ်ယဉ်ကျေးကျေး.. လှလှပပလေးကို ရှာရမယ်..”

“အပြောမကြီးနဲ့ကိုယ်တော်.. သွားခေါကြီးနဲ့ညားနေမယ်.. ဟိ ဟိ..”

“အေးပါ.. နင်လဲရည်းစားရှာရင် အကြမ်းခံတာလေးရှာမှ.. နင်ခေါင်းခေါက်တာ ဗိုက်ခေါက်လိမ်တာတွေခံနိုင်ဖို့က တော်ရုံဆိုမလွယ်ဘူး.. ကြမ်းတောမ.. သြော်.. နားနည်းနည်းလေးရင်ပိုကောင်းမယ်.. နင့်ရဲ့ပွစိပွစိဒဏ်ကို ခံနိုင်ရည်ရှိတာပေါ့..”

မိုး အလင်းကိုမျက်စောင်းလှမ်းထိုးရင်း..

“တော်ပြီ.. သွားအိပ်တော့မယ်.. နင်လဲသွားတော့..”

“အိုခေ.. ဂိုးပြီးကြမ်းတောမရေ..”

တုတ်ကောက်တတောက်တောက်နဲ့ လျှောက်နေတဲ့မိုးကို

“ဟားဟား.. ဖွားဖွားဒေါ်ပွင့်.. ဖြေးဖြေးလျှောက်နော်..”

မိုးမကြားချင်ယောင်ဆောင်ပြီး အိမ်ထဲဝင်ခဲ့သည်..

xxxxxxxxxxxxxxxxxxxxxx

(To be continued)


Saturday, July 10, 2010

အခါလွန်မိုး

“အတူနေခဲ့စဉ် ရင်းနှီးခဲ့အချိန်များစွာ နှလုံးသားချင်းနားလည်ပါသော်လဲအချစ်မှာ မပွင့်လင်းခဲ့ ဘာကြောင့်များ တိတ်တခိုးလေးစိတ်လှုပ်ရှား.. ရင်ထဲကစကားများ ကျိတ်မှိတ်မြိုသိပ်ထား..
သြော်လွန်ခဲ့ပြီ.. ဝေးသွားမှပြန်တွေးကာ.. နှမြောတသလွမ်းနေပါသော်လဲ မတတ်သာ.. ယောက်ျားတို့ရဲ့မာန.. သူမိန်းကလေးတို့သဘာဝ.. ရင်ထဲကပန်းတစ်ပွင့် သော့ခတ်လုံခြုံသွား..”

အိုး.. တိုက်ဆိုင်လှချည်လား.. ဘယ်ကသီချင်းသံပါလိမ့်.. ကိုယ်အခုခံစားနေရတာနဲ့ တထပ်တည်းမှ တကယ့်ကိုတထပ်တည်း.. ဖြတ်ခနဲ သူမမျက်နှာလေးကိုမြင်ယောင်သွားမိတယ်.. အတွေးထဲမှာတောင်မှ သူမက လှောင်ပြံုးလို့.. မတွေးချင်တော့ပါဘူး.. ခေါင်းကိုယောင်ပြီးခါလိုက်မိတော့ ဆံပင်မတိုမရှည်တွေမှာ ခိုတွဲနေတဲ့ မိုးရေစက်တွေက ဖြာကနဲလွင့်ထွက်သွားကြတယ်.. ခု.. မိုးရွာနေတယ်.. ဟုတ်တယ်.. သည်းသည်းမည်းမည်းကိုရွာနေတာပေါ့.. သီတင်းကျွတ်ပြီးမှရွာတဲ့မိုး.. အခါလွန်မိုး.. ကိုယ့်ရင်ထဲက အခါလွန်မိုးက ပိုသည်းနေတယ် ကောင်မလေးရေ...

xxxxxxxxxxxxxxxxxxxxxxx

ရန်ကုန်မြို့.. ဆီဒိုးနားဟိုတယ်..

“မိမိုးရယ်.. မိုးတွေကလဲ သည်းလိုက်တာ.. မင်္ဂလာပွဲစမယ့်အချိန်တော့ တိတ်ကောင်းပါရဲ့နော်..”

အလှပြင်ပေးနေတဲ့မမပြောမှပဲ ပြတင်းအပြင်ကိုကြည့်မိတယ်.. ဟုတ်ပါ့.. မိုးတွေရွာနေလိုက်တာမှ သည်းသည်းမည်းမည်း.. သီတင်းကျွတ်ပြီးနေမှပဲ ဒီလောက်အငြှိုးတကြီးရွာရသလားမိုးရယ်.. အခါလွန်မိုးမို့ အငြှိုးနဲ့ရွာနေသလား.. တဆက်တည်း ရင်းနှီးနေတဲ့အပြုံးတစ်ခုကို မြင်ယောင်မိသွားတယ်.. သူ.. မချိုမချဉ်လေးပြုံးလို့.. မတွေးသင့်တော့ပါဘူး.. ယောင်ပြီးခေါင်းကိုရမ်းမိတော့ ဆံညှပ်နဲ့သေချာမတွယ်ရသေးတဲ့ သစ်ခွပန်းလေးက လွင့်ခနဲပြုတ်ကျသွားတယ်..

“ငါကသစ်ခွပန်းတော့မကြိုက်ပါဘူး.. သူများကိုမှီခိုပြီးမှ ရှင်သန်နေရတာကြီး..”

အိုး.. သတိရမိသွားပြန်ပြီး..

“ငြိမ်ငြိမ်နေပါမိမိုးရယ်.. ဘာလို့ခေါင်းတယမ်းယမ်းဖြစ်နေရတာလဲ..”

မိမိုးငြိမ်သွားပါပြီ.. မမငြိမ်ခိုင်းလို့တော့မဟုတ်.. မိမိုးရဲ့စိတ်အတွေးတွေကတော့ ဝေးသထက်ဝေးရာဆီ တရိပ်ရိပ်ပြေးလို့..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


လွန်ခဲ့တဲ့၁၅နှစ်

“မိမိုးရေ.. မိမိုး.. ဟိုဘက်အိမ်ကို လူသစ်တွေပြောင်းလာတယ်ဟ..”

မမနှင်းလဲ့ဖြူက အပြေးလေးလာခေါ်တော့ မိုးစက်ပွင့်လဲ မမနောက်ထလိုက်သွားမိတယ်..

တီအီးကားကြီးနှစ်စင်းနဲ့အပြည့် ပစ္စည်းတွေကို သယ်ချနေကြတယ်.. သူတို့အိမ်လေးကဖြင့် တစ်ထပ်ခွဲတိုက်ပု ခပ်သေးသေးလေးကို ဒီပစ္စည်းတွေ ဘယ်လိုထည့်မှာပါလိမ့်လို့ စပ်စပ်စုစုလေး တွေးမိတယ်.. ကားတစ်စင်းက ပစ္စည်းတွေကုန်သွားလို့ နောက်တစ်စင်း ပစ္စည်းတွေချတော့မှပဲ သဘောပေါက်တော့တယ်.. တီအီးကားကြီး တစင်းလုံးအပြည့် ပန်းပင်တွေ.. ပျိုးပင်တွေပါလား.. လှလိုက်တဲ့အပင်လေးတွေ.. သူမတို့ခြံတွေက အကျယ်ကြီးတွေဆိုတော့ အပင်တွေစိုက်လို့သိပ်ကောင်းတာပေါ့..

“ဟဲ့.. မိုးတွေရွာလာပြီ.. သီတင်းတောင်ကျွတ်ပြီးနေမှပဲ.. အခါမဟုတ်မိုးကတော့ နှောင့်ယှက်ပြီ.. စပ်စုလို့ကောင်းနေတုန်း..”

မိုးတို့အိမ်ဝရန်တာက အမိုးမပါတာမို့ ညီအစ်မနှစ်ယောက်သား စပ်စုနေတာကိုရပ်ပြီး.. အိမ်ထဲပြေးဝင်ခဲ့ကြတယ်.. ဖွင့်ထားတဲ့ပြတင်းတွေလိုက်ပိတ်ရင်း တဖက်အိမ်ကိုလှမ်းကြည့်မိတော့ မိုးတို့အခန်းနဲ့တည့်တည့်ကအခန်းမှာ မိုးနဲ့ရွယ်တူလောက်ထင်ရတဲ့ကောင်လေးတစ်ယောက်.. ကတ်ထူပုံးတွေထဲက ပစ္စည်းတွေကိုထုတ်ပြီး နေရာချနေတယ်.. မိုးရပ်ကြည့်နေတုန်းမှာပဲ.. သူက တခုခုကို ပုံးရှည်ရှည်ကြီးထဲက ဂရုတစိုက်လေးထုတ်ယူနေတာ တွေလိုက်ရတယ်.. မိုးအခန်းက အပေါ်ထပ်မှာမို့ သူ့အခန်းကို အပေါ်စီးကနေ သေသေချာချာမြင်နေရတာကိုး..

အို.. ဘုရားရေ.. ဂစ်တာတလက်ပါလား.. သူက သူ့ဂစ်တာလေးကို တယုတယဖုန်သုတ်နေတယ်.. အင်းမဆိုးပါဘူး.. ငါနဲ့ဝါသနာတော့တူနေပြီ.. သူငယ်ချင်းအသစ်ရဦးမှာပေါ့လို့ တွေးပြီးပြုံးရင်း ပြတင်းတခါးကိုပိတ်လို့ အောက်ထပ်ကိုဆင်းလာခဲ့တယ်.. ဧည့်ခန်းထဲရောက်တော့..

“သမီးမိုး.. လာဦး.. အန်တီ့ကိုမှတ်ထားနော်.. အန်တီမေတဲ့.. ဟိုဘက်ခြံကိုခုမှပြောင်းလာတာ.. မမမေ သူက နုသမီးအငယ်လေးလေ.. မိုးစက်ပွင့်တဲ့..”

“နုသမီးတွေက အချောလေးတွေပဲ.. အန်တီ့မှာက သားသုံးယောက်ပဲရှိတော့ သမီးမိန်းကလေးတွေဆို သိပ်ချစ်တာ.. သမီးမိုးရော သမီးနှင်းရော.. အိမ်ကိုလာလည်ကြနော်.. သားတို့နဲ့လဲ မိတ်ဆက်ပေးရတာပေါ့.. ဒါနဲ့ နုရေ.. သားငယ်ကို အိမ်နဲ့နီးတဲ့ သမီးတို့ကျောင်းကိုပြောင်းမယ့်ဟာလေး.. ကူညီပါဦးနော်..”

“ကူညီရမှာပေါ့မမမေရယ်.. သားငယ်လေးက ငါးတန်းဆိုတော့ မိုးနဲ့အတန်းတူပေါ့.. ပထမသုံးလပါတ်တောင် ဖြေပြီးနေပြီဆိုတော့ လွယ်မှလွယ်ပါ့မလားပဲ.. သမီးတို့ဖေဖေကိုဆရာကြီးဆီသွားပြောခိုင်းပေးမယ်လေ.. သူတို့က ငယ်သူငယ်ချင်းတွေဆိုတော့ ပြောလို့ကောင်းတာပေါ့..”

“ကျေးဇူးပါပဲနုရယ်.. မမပါလိုက်သွားမယ်လေ.. သားငယ်ကိုလဲခေါ်သွားရမယ်..”

“ဟုတ်ပြီမမမေ.. မနက်ဖြန်မနက်သွားလိုက်ကြတာပေါ့.. နုစီစဉ်ထားလိုက်မယ်..”

“နုကိုအရမ်းကျေးဇူးတင်ပါတယ်ညီမရယ်.. ကဲ.. မမပြန်မယ်နော်.. အိမ်မှာက ရှင်းစရာတွေပုံလို့.. သားငယ်ကျောင်းအတွက် စိတ်ပူနေတုန်း သမီးလေးနှစ်ယောက်ကိုလှမ်းတွေလိုက်လို့ ရွယ်တူလောက်လေးတွေပဲ.. ကျောင်းအကြောင်းမေးရင် အဆင်ပြေလောက်တယ်ဆိုပြီး ပြေးလာရတာ.. သိတဲ့အတိုင်း သားတွေချည်းဆိုတော့.. သမီးတွေလောက် အားကိုးမရဘူး.. ဘာမဆို ကိုယ်ပါမှ.. သွားပြီနော်.. သမီးတို့...”

ခုမှတွေ့ဖူးတဲ့အန်တီမေကို မိုးစိတ်ထဲက ခင်သွားမိတယ်.. စကားပြောတာ ပွင့်ပွင့်လင်းလင်းနဲ့မို့ထင်တယ်.. စိတ်ထဲရင်းရင်းနှီးနှီး ဖြစ်သွားသလိုပဲ..

အန်တီမေပြန်သွားတော့ မေမေကသူတို့မိသားစုအကြောင်းပြောပြတယ်.. အန်တီမေက မုဆိုးမပူပူနွေးနွးတဲ့.. သူ့ယောက်ျားက လွန်ခဲ့တဲ့သုံးလလောက်ကဆုံးသွားတာတဲ့.. အရင်ကထိပ်တန်းရပ်ကွက်တစ်ခုမှာနေခဲ့ပြီး ခုတော့စီးပွားရေးကလဲကျတာမို့ သူ့သားကြီးဦးစီးတဲ့ အိမ်စီးပွားရေးထဲ ငွေရင်းထပ်ထည့်ရအောင် အိမ်ရောင်းပြီး ခုအိမ်လေးကို ပြန်ဝယ်လိုက်တာတဲ့လေ.. ခုမှခင်ရတဲ့သူကို အတွင်းရေးကအစ ပြောပြသွားတဲ့ အန်တီမေက တော်တော်ပွင့်လင်းတာပဲလို့ တွေးလိုက်မိတယ်.. မေမေထသွားတော့ မမက

“ဟဲ့.. သူ့သားတွေက လူတော့ဘယ်လိုနေမယ်မသိဘူး.. နာမည်တွေကတော့ မြင့်လိုက်တာမှ မိုးပေါ်ကတွေချည်းပဲ.. မိုးမြင့်တိမ်ရယ်.. အာကာစိုးမိုးရယ်.. လပြည့်လင်းရယ်.. နင်နဲ့အတန်းတူဆိုတာ အဲဒီလပြည့်လင်းပေါ့..”

သြော်.. သူ့နာမည်က လပြည့်လင်းတဲ့.. ကောင်းသားပဲ.. လပြည့်လင်းဆိုတော့ မှောင်မနေတော့ဘူးပေါ့..


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


“ဒေါ်ပွင့်”

“အာ.. လုပ်ပြန်ပြီ.. အဲလိုခေါ်တာကြီး ငါမကြိုက်ပါဘူးဆို..”

“နင်ကျတော့ငါ့ကိုသူများနဲ့မတူအောင်ခေါ်ပြီးတော့..”

“ဟဲ့.. ငါခေါ်တာက နားထောင်ကောင်းတယ်.. အလင်းတဲ့.. ဘယ်လောက်ခေါ်လို့ကောင်းလိုက်လဲ.. နင်ခေါ်တာကြီးကလဲ.. ငါကအဒေါ်ကြီးကျနေရော..”

“ထားလိုက်စမ်းပါဟာ.. ငါနင့်ကို ဒေါ်ပွင့်လို့ခေါ်လာတာပဲ ကြာလှပြီ.. ခုမှလာပြောမနေနဲ့.. ငါနင့်ဆီလာတဲ့အကြောင်းရင်းတောင် မေ့တော့မယ်.. နင့်သစ်ခွပင်လေး ပွင့်နေပြီဟ..”

“ဟယ်.. ဟုတ်လား.. လာ.. သွားကြည့်ရအောင်..”

ပြောပြောဆိုဆိုနဲ့ ချာခနဲလှည့်ထွက်လာတဲ့ မိုး နောက်ကို အလင်းပြေးလိုက်လာသံကြားရတယ်.. မိုးဆံပင်တွေလေထဲဝဲနေတာကို အလင်းကြည့်နေလိမ့်မယ်ထင်ပါရဲ့.. အလင်းကမိုးဆံပင်တွေကို သဘောကျတယ်တဲ့.. သူတို့အိမ်ပြောင်းလာတဲ့နေ့က မိုးပြတင်းပေါက်ကချောင်းနေတာကို သူလဲမြင်တယ်တဲ့လေ.. မိုးဆံပင်အရှည်ကြီးတွေကို သူသတိထားမိသွားတယ်တဲ့.. ကျောင်းမှာတခန်းတည်းအတူတူတက်ရတော့ မိုးကသူ့ရဲ့ဆရာပေါ့.. စာလုပ်ဖို့ပျင်းတဲ့အလင်းကို တိုက်တွန်းရတာလဲ မိုးပဲပေါ့.. ဆရာလုပ်လွန်းတဲ့မိုးကို သူက ကြီးတော်ပွင့်တဲ့.. နောက်တော့ ဒေါ်ပွင့်လို့ပဲခေါ်တော့တယ်.. မိုးကတော့ သူများတွေနဲ့မတူအောင် အလင်းလို့ပဲခေါ်လိုက်တယ်.. အားလုံးက လပြည့်လို့ခေါ်ကြတာလေ..

“ဟယ်.. အရမ်းလှတာပဲအလင်းရယ်.. နင်ကတော်လိုက်တာ.. ငါ့ဆီမှာထားတုန်းက ငါလဲဂရုတစိုက် ရေလောင်းလောင်းပေးတာပဲ.. ပွင့်ကိုမလာဘူး.. နင့်ကိုပေးလိုက်တာမှ ၂လတောင်မရှိသေးဘူး ပွင့်နေပြီ..”

“အရူးမ.. ရေလောင်းရုံနဲ့ဘယ်ရမလဲဟ.. နေရောင်ခြည်လဲ ရအောင်လုပ်ပေးရတယ်.. သိပ်ပူနေတဲ့နေရာမှာလဲမထားရဘူး.. အပင်တစ်မျိုးစီမှာ ပန်းပွင့်ဖို့လိုအပ်ချက် အမျိုးမျိုးတွေရှိတာပေါ့.. နင်ဟာလေ.. ပန်းတော့ကြိုက်တတ်တယ်.. စိုက်တော့မစိုက်တတ်ဘူး.. ပြုစုပျိုးထောင်ရမှာလဲ ပျင်းသေး.. ပွင့်ပါလိမ့်မယ် အားကြီးကြီး..”

“ငါစိုက်တတ်ဖို့မလိုပါဘူး.. နင်ရှိတာပဲ.. ငါကြိုက်တဲ့ပန်းကို နင်ကအများကြီးပွင့်အောင် စိုက်ပေးပေါ့ဟ.. ခုလိုပဲလေ.. ပွင့်လာတော့ ငါယူမှာပေါ့.. နော်..”

“သြော်.. တော်တော်ကောင်းတယ်နော်.. ငါ့ကိုများ နင့်မာလီမှတ်နေလား..”

“မာလီမဟုတ်ပါဘူးဟ.. နင်ကငါ့ရဲ့ဥယာဉ်မှုးပေါ့.. ဟိဟိ..”

“ထားပါတော့ ထားပါတော့..”

“ထားပါတယ်ထားပါတယ်.. ဟဲ့.. ဒါနဲ့.. အောင်စာရင်းတွေထွက်တော့မယ်တဲ့.. ရင်ခုန်လိုက်တာဟာ.. ငါလိုချင်တဲ့ ၀ိုင်တီယူမှ ၀င်ပါ့မလားမသိဘူး.. နင်ရော ရင်မခုန်ဘူးလား”

“မခုန်ပါဘူး.. အောင်မှာသေချာနေတာပဲ.. ငါတက်ချင်တဲ့ ဘော့တနီက အမှတ်အများကြီးမှမလိုတာ..”

“ဟာ... ငါကနင်နဲ့အတူတူ ကျောင်းတက်ချင်သေးတာဟ.. ဘာလဲ နင်ကငါနဲ့အတူတူ မတက်ချင်တော့ဘူးလား..”

“ငါနဲ့အတူတူတက်ချင်ရင် နင်လဲဘော့တနီယူပေါ့.. သေချာပေါက်ရမှာပဲ.. စိတ်ပူရတောင် သက်သာသေးတယ်..”

“တော်စမ်းပါဟာ.. ငါက ကိုကိုကြီးမိုးတိမ်လို အင်ဂျင်နီယာကြီးဖြစ်ချင်တာဟ.. ဒါနဲ့ ကိုကိုကြီးတောင် မတွေ့တာကြာပြီနော်.. ခရီးထွက်သွားပြန်ပြီလား..”

“အေးပေါ့ဟ.. သူက အောင်မြင်နေတဲ့ ကန်ထရိုက်တာကြီးဆိုတော့ အလုပ်ကများမှများ.. သူမရှိတာလဲကောင်းသားပဲ.. ရှိရင်ငါ့ကို ဆူနေဦးမှာ.. အပင်တွေကြားပဲ တချိန်လုံးရောက်နေလို့လေ..”

“နင်ကလဲနင်ပဲ.. တချိန်လုံး မြေကြီးနဲ့လူးပြီး အပင်တွေကိုပဲ ကြည့်နေတာကိုး.. ငါကတော့ ကိုကိုကြီးကို အားကျတယ်.. သူ့လိုတော့ စီဗယ်လ်မယူချင်ဘူး.. ငါက အာခီလိုချင်တာ.. ဒီဇိုင်းတွေဆွဲမယ်.. ငါဆွဲထားတဲ့အိမ်ပုံစံကို ကိုကိုကြီးကိုဆောက်ခိုင်းမယ်.. မကောင်းဘူးလား..”

“အေးပါဟာ.. နင့်မုန့်ဆီကြော်ကဖြင့် အဝေးကြီးမှာ.. နှုတ်ခမ်းကြိုနာမနေနဲ့.. နင့်ပန်းရပြီမလား.. ပြန်တော့လေ.. ငါလုပ်စရာရှိသေးတယ်..”

“အောင်မာ.. နင်ကငါ့ကိုနှင်တယ်ပေါ့.. မပြန်သေးဘူး.. နင်လုပ်စရာရှိတာလုပ်ပေါ့.. ငါထိုင်ကြည့်နေမယ်..”

“အာ.. မရဘူး.. နင်ကပါးစပ်ပိတ်ပြီး ၁မိနစ်နေနိုင်တာမှမဟုတ်ပဲ.. ငါက ဘွန်ဆိုင်းပင်လေးတစ်ခုကို ပုံသွင်းမလို့ဟ.. နင်ရှိနေရင်အနှောင့်အယှက်ဖြစ်တယ်.. မရဘူး ပြန်တော့..”

ပြောပြောဆိုဆိုနဲ့ မိုးကို မှန်လုံအိမ်လေးရဲ့အပြင် အတင်းတွန်းထုတ်ပြီး တခါးကိုပိတ်ပစ်လိုက်တယ်.. အမြဲတမ်းအဲလိုချည်းပဲ.. သူ့အပင်တွေနဲ့ပါတ်သတ်လာရင် မိုးကိုဂရုမစိုက်တော့ဘူး.. မိုးလဲစိတ်ဆိုးဆိုးနဲ့ ခြေဆောင့်ပြီးလှည့်ထွက်လာခဲ့လိုက်တယ်.. ကိုကိုကြီးပြန်လာမှတိုင်ပြောရမယ်.. ကိုကိုကြီးကတော့ မိုးဘက်တော်သားပေါ့.. သိပ်တော်ပြီးထက်မြက်တဲ့ကိုကိုကြီးက ဘာကိုမဆိုလောဘမရှိတဲ့အလင်းကို နည်းနည်းလေးမှ စိတ်တိုင်းမကျပါ..

တကယ်တော့ ကိုကိုကြီးမိုးမြင့်တိမ်က သူတို့မိသားစုမှာ ဦးဆောင်သူပေါ့.. သူ့ဖေဖေဆုံးတော့ ကိုကိုကြီးကကျောင်းပြီးကာစ.. ကိုလတ်အာကာက ဆေးကျောင်းတက်လက်စကြီး.. အလင်းကတော့ မိုးနဲ့အတူတူ ၅တန်းပေါ့.. အလင်းတို့ဖေဖေက ရုတ်တရက်ဦးနှောက်သွေးကြောပြတ်ပြီးဆုံးတာဆိုတော့.. အန်တီမေကလည်း ဘာမှမလုပ်တတ် မကိုင်တတ်မို့ တော်တော်လေးကသီခဲ့ရတယ်.. နောက်တော့ သူတို့ဖေဖေရဲ့ဆောက်လုပ်ရေးလုပ်ငန်းကို ကိုကိုကြီးကဦးစီးပြီးလုပ်ရတာပေါ့.. အစကတော့ဘယ်သိပ်အဆင်ပြေမလဲ.. ဒါပေမယ့် ထက်မြက်တဲ့ကိုကိုကြီးက အချိန်တိုအတွင်းမှာပဲ ပြန်အောင်မြင်အောင်လုပ်နိုင်ခဲ့တာ.. ကိုလတ်ကို အင်္ဂလန်မှာတောင် ကျောင်းထားပေးနိုင်နေပြီ..

မိုးကလဲ ကိုကိုကြီးလို တော်ချင်တာ.. ထက်ချင်တာ.. အလင်းကိုလဲ ကိုကိုကြီးလိုဖြစ်စေချင်တာ.. ခုတော့ ဒင်းက.. သူ့အပင်တွေက ပထမ.. သူ့ဂီတက ဒုတိယလေ.. အင်း.. မိုးသူငယ်ချင်းလေးက သီချင်းအဆိုတော့ကောင်းသား.. ဂစ်တာတီးတာလဲ ကောင်းမှကောင်း.. သူဆိုပြတတ်တဲ့ သူရေးထားတဲ့သီချင်းလေးတွေကိုလဲ မိုးသိပ်ကြိုက်တယ်.. ခုတော့နေပါစေဦး.. ညနေကျမှ သီချင်းဆိုပြီးပြန်ချော့ခိုင်းရမယ်လို့ ကျိတ်တွေရင်း မိုးပြန်လာခဲ့သည်..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သိပ်မထူးခြားလှတဲ့ တနင်္ဂနွေမနက်ခင်းတစ်ခု..

မနက်ဖြန်ကျရင် မိုးဆွဲထားတဲ့အိမ်ပုံစံအတွက် ပုံစံငယ်လေးတင်ရမှာမို့ မိုးတစ်ယောက် တကုပ်ကုပ်အလုပ်ရှုပ်နေသည်.. ဧည့်ခန်းတစ်ခုလုံးလဲ ကတ်ထူဖြတ်စတွေ ကော်ဗူးတွေ ဆေးရောင်စုံဗူးတွေနှင့် ရှုပ်ပွနေသည်..

အိမ်ဝမှာလူရိပ်တွေ့လို့ မော့ကြည့်လိုက်တော့..

“ဟယ်.. အလင်း.. အသံမပေးဘာမပေးနဲ့.. လန့်လိုက်တာ.. ဘယ်တုန်းကရောက်တာလဲ.. မှော်ဘီကတန်းလာတာလား.. အန်တီမေဆီရော ရောက်ပြီးပြီလား..”

“အား.. များလိုက်တဲ့မေးခွန်းတွေ.. ငါရောက်နေတာ ၅မိနစ်လောက်ရှိပြီ.. နင့်ဆီတန်းဝင်လာလို့ မေမေ့ဆီနောက်မှသွားမှာ.. ရော့.. ငါ့ခြံထဲမှာ ဆောင်တော်ကူးပန်းတွေပွင့်လို့ နင့်အတွက်လာပေးတာ..”

ပြောပြောဆိုဆို ဆောင်တော်ကူပန်းတွေ တပွေ့ကြီး မိုးကိုလှမ်းပေးတယ်..

“နင့်ပုံလဲနင်ပြန်ကြည့်ပါဦး ဒေါ်ပွင့်ရယ်.. ဆံပင်ကစုပ်ဖွားနဲ့ မျက်နှာပြောင်နဲ့.. တော်တော်မိန်းမပီသတာပဲနော်..”

“ငါအလုပ်များနေတာနင်မမြင်ဘူးလား.. နင်ရောက်လာတာအတော်ပဲအလင်းရယ်.. ငါ့ကိုကူပါဦး.. သစ်ပင်ရုပ်လေးတွေ ဆေးကူခြယ်ပေးနော်.. ငါနင့်ကို ကြာဇံချက်နဲ့ ရှောက်သီးသုပ်လုပ်ကျွေးမယ်လေ..”

“အေးပါ.. ကူလုပ်ပေးပါ့မယ်.. ခု မေမေ့ဆီခဏသွားလိုက်ဦးမယ်.. ငါပြန်လာခဲ့မယ်နော်..”

အလင်းထွက်သွားတော့ မြင်ကွင်းကပျောက်သွားတဲ့အထိ လိုက်ငေးနေမိတယ်.. မိုးသူငယ်ချင်းလေးက တကယ်ကိုလူကြီးဖြစ်နေပြီ.. သူ့အချိန်တွေကို ပန်းပင်တွေအတွက် မြှုပ်နှံထားတဲ့ ခြံလုပ်ငန်းရှင်ကြီးဖြစ်နေပြီ.. သူတက်ချင်တဲ့ ဘော့တနီဘာသာကို အဝေးသင်ပဲတက်ပြီး ပန်းစိုက်တဲ့လုပ်ငန်းကို စီးပွားဖြစ်လုပ်နေတာ မိုးတို့ပထမနှစ်စတက်ကတည်းက.. အစကတော့ အိမ်ခြံထဲမှာပဲစိုက်နေရာက လုပ်ငန်းတွင်ကျယ်လာတော့ မှော်ဘီမှာခြံကျယ်ကြီးဝယ်ပြီး အကြီးအကျယ်ကိုလုပ်တော့တာ.. မနှစ်ကတော့ သူပါမှော်ဘီခြံထဲကို အပြီးပြောင်းသွားတယ်လေ.. မိုးကလဲ မှော်ဘီမှာကျောင်းတက်ရတာဆိုတော့ အတော်ပဲပေါ့.. အတန်းအားတိုင်း အလင်းခြံထဲကိုပဲ သွားလည်နေကျ.. မိုးတို့သူငယ်ချင်းတသိုက် သူ့ခြံထဲရောက်နေပြီဆို သူ့မှာအလစ်ကိုမပေးရဲဘူး.. သူ့ပန်းတွေထိမှာစိုးလို့လေ..
ဖြတ်ခနဲလူရိပ်တွေ့လိုက်တော့ မော့မကြည့်ဘဲ..

“အလင်း.. လာလေ.. မြန်သားပဲ..”

“မ.. ကျွန်တော်.. ညီညီပါ..”

“သြော်.. ညီညီ.. လာလေ.. ဆောရီး.. မိုးကအလင်းပြန်လာတာထင်လို့.. ဆို.. ဘာကိတ်..”

“မ.. လိုမယ်ထင်လို့.. လုပ်ပြီးသားသစ်ပင်ပုံလေးတွေလာပေးတာ.. တနေ့ကလှည်းတန်းစျေးထဲမှာ တွေ့လို့ဝယ်ထားလိုက်တာလေ..”

“အားနာစရာကြီး.. မိုးလုပ်တတ်ပါတယ်.. လုပ်တောင်လုပ်ပြီးနေပြီ.. ဆေးခြယ်ဖို့ပဲကျန်တော့တာ..”

“ခြယ်မနေပါနဲ့တော့မရယ်.. မ.. ပင်ပန်းပါတယ်.. ရယ်ဒီမိတ်လေးတွေက ပိုလှတာပဲ.. သုံးလိုက်ပေါ့..”

ခြံတခါးပိတ်သံကြားလို့ကြည့်လိုက်တော့ အလင်း..

“အလင်း.. မိတ်ဆက်ပေးရဦးမယ်.. သူက စိုင်းညီညီလတ်တဲ့.. ငါတို့အာခီကပဲ.. ဂျူနီယာပေါ့.. ညီညီ သူကမိုးအချစ်ဆုံးသူငယ်ချင်း.. လပြည့်လင်းတဲ့.. မိုးတို့ကျောင်းလစ်ပြီး သွားသွားနေတာ သူ့ခြံထဲပေါ့..”

“တွေ့ရတာဝမ်းသာပါတယ် ကိုလပြည့်..”

အလင်းကပြုံးယုံပဲပြုံးပြတယ်.. ပြုံးပုံကိုက အီလည်လည်ကြီး..

“မ.. ကျွန်တော်ပြန်တော့မယ်.. မနက်ဖြန်ကျောင်းရောက်မှတွေ့မယ်နော်..”

ညီညီပြန်သွားတဲ့အထိ အလင်းဆီက ဘာသံမှထွက်မလာ..

“ဟဲ့.. လာကူလေ.. ဘာထိုင်လုပ်နေတာလဲ..”

“ကူဖို့လိုသေးလို့လား.. ဟိုကောင်ဝယ်လာပေးတာတွေ သုံးလိုက်ပေါ့..”

“မသုံးချင်ပါဘူးဟာ.. ငါက ဟန်းမိတ်ပဲသုံးချင်တာ.. လာပါအလင်းရယ်.. ဟိုကဆေးဗူးအစိမ်းလေးပါယူလာခဲ့..”

အလင်းတစ်ယောက် မှုန်ကုပ်ကုပ်နဲ့အနားရောက်လာသည်..

“ဟိုကောင်နဲ့ နင်နဲ့က ဘာလဲ..”

“ဘာမှမဟုတ်ဘူး.. အမှန်အတိုင်းပြောရရင် သူကငါ့ကိုလိုက်နေတာ.. သိပြီလား.. ခုလဲ ပိုးကြေးပန်းကြေးလာပေးတာ.. ကဲ..”

“နင်က သာယာနေတယ်မဟုတ်လား..”

“ဘာမှမသာယာဘူး.. တော်ပါတော့အလင်းရယ်.. တခါတလေလာတုန်း နားပူမနေပါနဲ့.. ငါစိတ်မဝင်စားပါဘူး.. လုပ်စရာရှိတာလုပ်ပေးစပ်းပါ..”

မိုးကိုမျက်စောင်းတချက်လှမ်းထိုးပြီး အပင်သေးသေးလေးတွေကို ဆေးခြယ်ပေးတယ်..

“နင်ကလေ.. မျက်စောင်းထိုးရင် အခြောက်ကြီးနဲ့တူတယ်.. သိလား..”

“အေးပါ.. နင့်အကောင်လောက်တော့ မခန်းညားဘူးပေါ့လေ..”

“ဘာငါ့အကောင်လဲ.. အလင်းနော်.. ရန်မစနဲ့..”

“ရော့.. ပြီးပြီ.. ငါပြန်လိုက်ဦးမယ်.. ရေချိုးချင်လို့.. ကြာဇံချက်နဲ့ရှောက်သီးသုပ်ရရင် အိမ်ကိုယူလာခဲ့.. မေမေနဲ့အတူတူစားရအောင်.. များများနော်..”

“အေးပါ.. ပြန်ပြန်.. ငါလာခဲ့မယ်.. ဒီနေ့နင်မှော်ဘီပြန်မှာလား..”

“မပြန်ဘူး.. မနက်မှပြန်မှာ..”

အလင်းပြန်သွားတော့ မီးဖိုထဲပြေးပြီး ချက်ရပြုတ်ရသည်.. မိုးလက်ရာတော့ သူကအရမ်းကြိုက်..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ညဉ့်နက်နေပေမယ့် မိုးအိပ်မပျော်သေး.. မမကလည်း သူငယ်ချင်းမင်္ဂလာဆောင်မှာ အလှပြင်ပေးဖို့ ပဲခူးကိုလိုက်သွားသည်မို့ အခန်းထဲမှာမိုးတစ်ယောက်ထဲ.. ဂစ်တာတီးရင်ကောင်းမယ်လို့စဉ်းစားပြီး ဂစ်တာကိုကြိုးညှိနေတုန်း အိပ်ခန်းထဲကဖုန်းလေးမြည်လာသည်..

“ဟယ်လို..”

“ဒေါ်ပွင့်.. ငါအိပ်မပျော်လို့.. နင့်အခန်းမီးလင်းနေတာနဲ့ ဖုန်းခေါ်လိုက်တာ.. နင်မအိပ်သေးဘူးလား.. ဘာလုပ်နေတာလဲ..”

“ငါမအိပ်ချင်သေးလို့.. ဂစ်တာတီးမလားလို့..”

“အတော်ပဲ.. ငါ့ကိုသီချင်းဆိုပြဟာ.. နားမထောင်ရတာတောင်ကြာပြီ..”

“အေး.. ဆိုပြမယ်.. နားထောင်နော်..”

*****အမှောင်ယံကြီးစိုးတဲ့ညရယ်.. တို့နှစ်ယောက်ရဲ့ညအမှောင်ယံထဲ.. တိတ်ဆိတ်ခြင်းကလွှမ်းမိုးလို့. ငြိမ်သက်ဆဲတို့ရဲ့အမှောင်ယံညထဲ.. ဟိုး.. ဟို.. ဟိုးအဝေးကြီးက ငြိမ်သက်ဆဲ ဆည်းလည်းသံကိုကြားတယ်..
*****လေယူရာယိမ်းနွဲ့မယ့်ပန်းလေးတစ်ပွင့်ရယ်.. ညင်သာစွာဖူးပွင့်လို့စောင့်မျှော်နေဆဲ.. ကြင်နာသူသာ ခူးဆွတ်သူဖြစ်ပါစေလေ.. ဘယ်လိုလူလာခူးဆွတ်မယ်.. တို့ချစ်တဲ့သူ့ရင်ခွင်ထဲ.. နားခိုအိပ်စက်လွန်းလှလို့ ပေါ်လာနိုးပန်းချစ်သူစောင့်စားရင်း..

“ဘယ်ဆိုးလို့လဲဟ.. နင်တော်တော်တိုးတက်လာပြီ.. အတီးရော အဆိုရောပိုကောင်းလာတယ်.. ကျေးဇူးပဲသူငယ်ချင်း.. ညလဲနက်နေပြီ.. အိပ်တော့နော်..”

“အေး.. နင်လဲအိပ်တော့..”

ဖုန်းချလိုက်တော့လဲ မိုးအိပ်မပျော်သေး.. မီးအမှောင်ချပြီး အိပ်ဖို့ကြိုးစားမိတယ်.. အလင်းရဲ့အခန်းကလဲ မီးလင်းနေတုန်း.. အိပ်ယာကထသွားပြီး ပြတင်းပေါက်ကိုဖွင့်လိုက်တော့ အလင်းရဲ့သီချင်းသံတိုးဖွဖွလေး ကြားလိုက်ရတယ်..

*****လေပြေညှင်းရယ်ငြိမ်သက်ဆဲညမှာ.. အသာအယာတိုးလို့တိုက်ခတ်နေ.. သင်းပျံ့မွှေးတဲ့ပန်းရနံ့တွေ.. ဆောင်ယူသယ်လာလေညှင်းရယ်..
*****ပန်းချစ်သူတို့လကနဲ့ကွယ်.. ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ်.. ဆွတ်ယူမယ်ဟန်ပြန်ကာပင် ယုယစွာထွေးပွေ့ထားပါမယ်.. အသာအယာဆွတ်ယူရင်မှာသိမ်းထားမယ်.. ကိုယ်လေ ပန်းလေးတစ်ပွင့်ရယ်.. ပန်းကိုချစ်တဲ့ပန်းချစ်သူ.. ကိုယ်တိုင် ချုကာဆွတ်ခူးမယ်..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(To be continue)