Saturday, July 10, 2010

အခါလွန်မိုး

“အတူနေခဲ့စဉ် ရင်းနှီးခဲ့အချိန်များစွာ နှလုံးသားချင်းနားလည်ပါသော်လဲအချစ်မှာ မပွင့်လင်းခဲ့ ဘာကြောင့်များ တိတ်တခိုးလေးစိတ်လှုပ်ရှား.. ရင်ထဲကစကားများ ကျိတ်မှိတ်မြိုသိပ်ထား..
သြော်လွန်ခဲ့ပြီ.. ဝေးသွားမှပြန်တွေးကာ.. နှမြောတသလွမ်းနေပါသော်လဲ မတတ်သာ.. ယောက်ျားတို့ရဲ့မာန.. သူမိန်းကလေးတို့သဘာဝ.. ရင်ထဲကပန်းတစ်ပွင့် သော့ခတ်လုံခြုံသွား..”

အိုး.. တိုက်ဆိုင်လှချည်လား.. ဘယ်ကသီချင်းသံပါလိမ့်.. ကိုယ်အခုခံစားနေရတာနဲ့ တထပ်တည်းမှ တကယ့်ကိုတထပ်တည်း.. ဖြတ်ခနဲ သူမမျက်နှာလေးကိုမြင်ယောင်သွားမိတယ်.. အတွေးထဲမှာတောင်မှ သူမက လှောင်ပြံုးလို့.. မတွေးချင်တော့ပါဘူး.. ခေါင်းကိုယောင်ပြီးခါလိုက်မိတော့ ဆံပင်မတိုမရှည်တွေမှာ ခိုတွဲနေတဲ့ မိုးရေစက်တွေက ဖြာကနဲလွင့်ထွက်သွားကြတယ်.. ခု.. မိုးရွာနေတယ်.. ဟုတ်တယ်.. သည်းသည်းမည်းမည်းကိုရွာနေတာပေါ့.. သီတင်းကျွတ်ပြီးမှရွာတဲ့မိုး.. အခါလွန်မိုး.. ကိုယ့်ရင်ထဲက အခါလွန်မိုးက ပိုသည်းနေတယ် ကောင်မလေးရေ...

xxxxxxxxxxxxxxxxxxxxxxx

ရန်ကုန်မြို့.. ဆီဒိုးနားဟိုတယ်..

“မိမိုးရယ်.. မိုးတွေကလဲ သည်းလိုက်တာ.. မင်္ဂလာပွဲစမယ့်အချိန်တော့ တိတ်ကောင်းပါရဲ့နော်..”

အလှပြင်ပေးနေတဲ့မမပြောမှပဲ ပြတင်းအပြင်ကိုကြည့်မိတယ်.. ဟုတ်ပါ့.. မိုးတွေရွာနေလိုက်တာမှ သည်းသည်းမည်းမည်း.. သီတင်းကျွတ်ပြီးနေမှပဲ ဒီလောက်အငြှိုးတကြီးရွာရသလားမိုးရယ်.. အခါလွန်မိုးမို့ အငြှိုးနဲ့ရွာနေသလား.. တဆက်တည်း ရင်းနှီးနေတဲ့အပြုံးတစ်ခုကို မြင်ယောင်မိသွားတယ်.. သူ.. မချိုမချဉ်လေးပြုံးလို့.. မတွေးသင့်တော့ပါဘူး.. ယောင်ပြီးခေါင်းကိုရမ်းမိတော့ ဆံညှပ်နဲ့သေချာမတွယ်ရသေးတဲ့ သစ်ခွပန်းလေးက လွင့်ခနဲပြုတ်ကျသွားတယ်..

“ငါကသစ်ခွပန်းတော့မကြိုက်ပါဘူး.. သူများကိုမှီခိုပြီးမှ ရှင်သန်နေရတာကြီး..”

အိုး.. သတိရမိသွားပြန်ပြီး..

“ငြိမ်ငြိမ်နေပါမိမိုးရယ်.. ဘာလို့ခေါင်းတယမ်းယမ်းဖြစ်နေရတာလဲ..”

မိမိုးငြိမ်သွားပါပြီ.. မမငြိမ်ခိုင်းလို့တော့မဟုတ်.. မိမိုးရဲ့စိတ်အတွေးတွေကတော့ ဝေးသထက်ဝေးရာဆီ တရိပ်ရိပ်ပြေးလို့..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


လွန်ခဲ့တဲ့၁၅နှစ်

“မိမိုးရေ.. မိမိုး.. ဟိုဘက်အိမ်ကို လူသစ်တွေပြောင်းလာတယ်ဟ..”

မမနှင်းလဲ့ဖြူက အပြေးလေးလာခေါ်တော့ မိုးစက်ပွင့်လဲ မမနောက်ထလိုက်သွားမိတယ်..

တီအီးကားကြီးနှစ်စင်းနဲ့အပြည့် ပစ္စည်းတွေကို သယ်ချနေကြတယ်.. သူတို့အိမ်လေးကဖြင့် တစ်ထပ်ခွဲတိုက်ပု ခပ်သေးသေးလေးကို ဒီပစ္စည်းတွေ ဘယ်လိုထည့်မှာပါလိမ့်လို့ စပ်စပ်စုစုလေး တွေးမိတယ်.. ကားတစ်စင်းက ပစ္စည်းတွေကုန်သွားလို့ နောက်တစ်စင်း ပစ္စည်းတွေချတော့မှပဲ သဘောပေါက်တော့တယ်.. တီအီးကားကြီး တစင်းလုံးအပြည့် ပန်းပင်တွေ.. ပျိုးပင်တွေပါလား.. လှလိုက်တဲ့အပင်လေးတွေ.. သူမတို့ခြံတွေက အကျယ်ကြီးတွေဆိုတော့ အပင်တွေစိုက်လို့သိပ်ကောင်းတာပေါ့..

“ဟဲ့.. မိုးတွေရွာလာပြီ.. သီတင်းတောင်ကျွတ်ပြီးနေမှပဲ.. အခါမဟုတ်မိုးကတော့ နှောင့်ယှက်ပြီ.. စပ်စုလို့ကောင်းနေတုန်း..”

မိုးတို့အိမ်ဝရန်တာက အမိုးမပါတာမို့ ညီအစ်မနှစ်ယောက်သား စပ်စုနေတာကိုရပ်ပြီး.. အိမ်ထဲပြေးဝင်ခဲ့ကြတယ်.. ဖွင့်ထားတဲ့ပြတင်းတွေလိုက်ပိတ်ရင်း တဖက်အိမ်ကိုလှမ်းကြည့်မိတော့ မိုးတို့အခန်းနဲ့တည့်တည့်ကအခန်းမှာ မိုးနဲ့ရွယ်တူလောက်ထင်ရတဲ့ကောင်လေးတစ်ယောက်.. ကတ်ထူပုံးတွေထဲက ပစ္စည်းတွေကိုထုတ်ပြီး နေရာချနေတယ်.. မိုးရပ်ကြည့်နေတုန်းမှာပဲ.. သူက တခုခုကို ပုံးရှည်ရှည်ကြီးထဲက ဂရုတစိုက်လေးထုတ်ယူနေတာ တွေလိုက်ရတယ်.. မိုးအခန်းက အပေါ်ထပ်မှာမို့ သူ့အခန်းကို အပေါ်စီးကနေ သေသေချာချာမြင်နေရတာကိုး..

အို.. ဘုရားရေ.. ဂစ်တာတလက်ပါလား.. သူက သူ့ဂစ်တာလေးကို တယုတယဖုန်သုတ်နေတယ်.. အင်းမဆိုးပါဘူး.. ငါနဲ့ဝါသနာတော့တူနေပြီ.. သူငယ်ချင်းအသစ်ရဦးမှာပေါ့လို့ တွေးပြီးပြုံးရင်း ပြတင်းတခါးကိုပိတ်လို့ အောက်ထပ်ကိုဆင်းလာခဲ့တယ်.. ဧည့်ခန်းထဲရောက်တော့..

“သမီးမိုး.. လာဦး.. အန်တီ့ကိုမှတ်ထားနော်.. အန်တီမေတဲ့.. ဟိုဘက်ခြံကိုခုမှပြောင်းလာတာ.. မမမေ သူက နုသမီးအငယ်လေးလေ.. မိုးစက်ပွင့်တဲ့..”

“နုသမီးတွေက အချောလေးတွေပဲ.. အန်တီ့မှာက သားသုံးယောက်ပဲရှိတော့ သမီးမိန်းကလေးတွေဆို သိပ်ချစ်တာ.. သမီးမိုးရော သမီးနှင်းရော.. အိမ်ကိုလာလည်ကြနော်.. သားတို့နဲ့လဲ မိတ်ဆက်ပေးရတာပေါ့.. ဒါနဲ့ နုရေ.. သားငယ်ကို အိမ်နဲ့နီးတဲ့ သမီးတို့ကျောင်းကိုပြောင်းမယ့်ဟာလေး.. ကူညီပါဦးနော်..”

“ကူညီရမှာပေါ့မမမေရယ်.. သားငယ်လေးက ငါးတန်းဆိုတော့ မိုးနဲ့အတန်းတူပေါ့.. ပထမသုံးလပါတ်တောင် ဖြေပြီးနေပြီဆိုတော့ လွယ်မှလွယ်ပါ့မလားပဲ.. သမီးတို့ဖေဖေကိုဆရာကြီးဆီသွားပြောခိုင်းပေးမယ်လေ.. သူတို့က ငယ်သူငယ်ချင်းတွေဆိုတော့ ပြောလို့ကောင်းတာပေါ့..”

“ကျေးဇူးပါပဲနုရယ်.. မမပါလိုက်သွားမယ်လေ.. သားငယ်ကိုလဲခေါ်သွားရမယ်..”

“ဟုတ်ပြီမမမေ.. မနက်ဖြန်မနက်သွားလိုက်ကြတာပေါ့.. နုစီစဉ်ထားလိုက်မယ်..”

“နုကိုအရမ်းကျေးဇူးတင်ပါတယ်ညီမရယ်.. ကဲ.. မမပြန်မယ်နော်.. အိမ်မှာက ရှင်းစရာတွေပုံလို့.. သားငယ်ကျောင်းအတွက် စိတ်ပူနေတုန်း သမီးလေးနှစ်ယောက်ကိုလှမ်းတွေလိုက်လို့ ရွယ်တူလောက်လေးတွေပဲ.. ကျောင်းအကြောင်းမေးရင် အဆင်ပြေလောက်တယ်ဆိုပြီး ပြေးလာရတာ.. သိတဲ့အတိုင်း သားတွေချည်းဆိုတော့.. သမီးတွေလောက် အားကိုးမရဘူး.. ဘာမဆို ကိုယ်ပါမှ.. သွားပြီနော်.. သမီးတို့...”

ခုမှတွေ့ဖူးတဲ့အန်တီမေကို မိုးစိတ်ထဲက ခင်သွားမိတယ်.. စကားပြောတာ ပွင့်ပွင့်လင်းလင်းနဲ့မို့ထင်တယ်.. စိတ်ထဲရင်းရင်းနှီးနှီး ဖြစ်သွားသလိုပဲ..

အန်တီမေပြန်သွားတော့ မေမေကသူတို့မိသားစုအကြောင်းပြောပြတယ်.. အန်တီမေက မုဆိုးမပူပူနွေးနွးတဲ့.. သူ့ယောက်ျားက လွန်ခဲ့တဲ့သုံးလလောက်ကဆုံးသွားတာတဲ့.. အရင်ကထိပ်တန်းရပ်ကွက်တစ်ခုမှာနေခဲ့ပြီး ခုတော့စီးပွားရေးကလဲကျတာမို့ သူ့သားကြီးဦးစီးတဲ့ အိမ်စီးပွားရေးထဲ ငွေရင်းထပ်ထည့်ရအောင် အိမ်ရောင်းပြီး ခုအိမ်လေးကို ပြန်ဝယ်လိုက်တာတဲ့လေ.. ခုမှခင်ရတဲ့သူကို အတွင်းရေးကအစ ပြောပြသွားတဲ့ အန်တီမေက တော်တော်ပွင့်လင်းတာပဲလို့ တွေးလိုက်မိတယ်.. မေမေထသွားတော့ မမက

“ဟဲ့.. သူ့သားတွေက လူတော့ဘယ်လိုနေမယ်မသိဘူး.. နာမည်တွေကတော့ မြင့်လိုက်တာမှ မိုးပေါ်ကတွေချည်းပဲ.. မိုးမြင့်တိမ်ရယ်.. အာကာစိုးမိုးရယ်.. လပြည့်လင်းရယ်.. နင်နဲ့အတန်းတူဆိုတာ အဲဒီလပြည့်လင်းပေါ့..”

သြော်.. သူ့နာမည်က လပြည့်လင်းတဲ့.. ကောင်းသားပဲ.. လပြည့်လင်းဆိုတော့ မှောင်မနေတော့ဘူးပေါ့..


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


“ဒေါ်ပွင့်”

“အာ.. လုပ်ပြန်ပြီ.. အဲလိုခေါ်တာကြီး ငါမကြိုက်ပါဘူးဆို..”

“နင်ကျတော့ငါ့ကိုသူများနဲ့မတူအောင်ခေါ်ပြီးတော့..”

“ဟဲ့.. ငါခေါ်တာက နားထောင်ကောင်းတယ်.. အလင်းတဲ့.. ဘယ်လောက်ခေါ်လို့ကောင်းလိုက်လဲ.. နင်ခေါ်တာကြီးကလဲ.. ငါကအဒေါ်ကြီးကျနေရော..”

“ထားလိုက်စမ်းပါဟာ.. ငါနင့်ကို ဒေါ်ပွင့်လို့ခေါ်လာတာပဲ ကြာလှပြီ.. ခုမှလာပြောမနေနဲ့.. ငါနင့်ဆီလာတဲ့အကြောင်းရင်းတောင် မေ့တော့မယ်.. နင့်သစ်ခွပင်လေး ပွင့်နေပြီဟ..”

“ဟယ်.. ဟုတ်လား.. လာ.. သွားကြည့်ရအောင်..”

ပြောပြောဆိုဆိုနဲ့ ချာခနဲလှည့်ထွက်လာတဲ့ မိုး နောက်ကို အလင်းပြေးလိုက်လာသံကြားရတယ်.. မိုးဆံပင်တွေလေထဲဝဲနေတာကို အလင်းကြည့်နေလိမ့်မယ်ထင်ပါရဲ့.. အလင်းကမိုးဆံပင်တွေကို သဘောကျတယ်တဲ့.. သူတို့အိမ်ပြောင်းလာတဲ့နေ့က မိုးပြတင်းပေါက်ကချောင်းနေတာကို သူလဲမြင်တယ်တဲ့လေ.. မိုးဆံပင်အရှည်ကြီးတွေကို သူသတိထားမိသွားတယ်တဲ့.. ကျောင်းမှာတခန်းတည်းအတူတူတက်ရတော့ မိုးကသူ့ရဲ့ဆရာပေါ့.. စာလုပ်ဖို့ပျင်းတဲ့အလင်းကို တိုက်တွန်းရတာလဲ မိုးပဲပေါ့.. ဆရာလုပ်လွန်းတဲ့မိုးကို သူက ကြီးတော်ပွင့်တဲ့.. နောက်တော့ ဒေါ်ပွင့်လို့ပဲခေါ်တော့တယ်.. မိုးကတော့ သူများတွေနဲ့မတူအောင် အလင်းလို့ပဲခေါ်လိုက်တယ်.. အားလုံးက လပြည့်လို့ခေါ်ကြတာလေ..

“ဟယ်.. အရမ်းလှတာပဲအလင်းရယ်.. နင်ကတော်လိုက်တာ.. ငါ့ဆီမှာထားတုန်းက ငါလဲဂရုတစိုက် ရေလောင်းလောင်းပေးတာပဲ.. ပွင့်ကိုမလာဘူး.. နင့်ကိုပေးလိုက်တာမှ ၂လတောင်မရှိသေးဘူး ပွင့်နေပြီ..”

“အရူးမ.. ရေလောင်းရုံနဲ့ဘယ်ရမလဲဟ.. နေရောင်ခြည်လဲ ရအောင်လုပ်ပေးရတယ်.. သိပ်ပူနေတဲ့နေရာမှာလဲမထားရဘူး.. အပင်တစ်မျိုးစီမှာ ပန်းပွင့်ဖို့လိုအပ်ချက် အမျိုးမျိုးတွေရှိတာပေါ့.. နင်ဟာလေ.. ပန်းတော့ကြိုက်တတ်တယ်.. စိုက်တော့မစိုက်တတ်ဘူး.. ပြုစုပျိုးထောင်ရမှာလဲ ပျင်းသေး.. ပွင့်ပါလိမ့်မယ် အားကြီးကြီး..”

“ငါစိုက်တတ်ဖို့မလိုပါဘူး.. နင်ရှိတာပဲ.. ငါကြိုက်တဲ့ပန်းကို နင်ကအများကြီးပွင့်အောင် စိုက်ပေးပေါ့ဟ.. ခုလိုပဲလေ.. ပွင့်လာတော့ ငါယူမှာပေါ့.. နော်..”

“သြော်.. တော်တော်ကောင်းတယ်နော်.. ငါ့ကိုများ နင့်မာလီမှတ်နေလား..”

“မာလီမဟုတ်ပါဘူးဟ.. နင်ကငါ့ရဲ့ဥယာဉ်မှုးပေါ့.. ဟိဟိ..”

“ထားပါတော့ ထားပါတော့..”

“ထားပါတယ်ထားပါတယ်.. ဟဲ့.. ဒါနဲ့.. အောင်စာရင်းတွေထွက်တော့မယ်တဲ့.. ရင်ခုန်လိုက်တာဟာ.. ငါလိုချင်တဲ့ ၀ိုင်တီယူမှ ၀င်ပါ့မလားမသိဘူး.. နင်ရော ရင်မခုန်ဘူးလား”

“မခုန်ပါဘူး.. အောင်မှာသေချာနေတာပဲ.. ငါတက်ချင်တဲ့ ဘော့တနီက အမှတ်အများကြီးမှမလိုတာ..”

“ဟာ... ငါကနင်နဲ့အတူတူ ကျောင်းတက်ချင်သေးတာဟ.. ဘာလဲ နင်ကငါနဲ့အတူတူ မတက်ချင်တော့ဘူးလား..”

“ငါနဲ့အတူတူတက်ချင်ရင် နင်လဲဘော့တနီယူပေါ့.. သေချာပေါက်ရမှာပဲ.. စိတ်ပူရတောင် သက်သာသေးတယ်..”

“တော်စမ်းပါဟာ.. ငါက ကိုကိုကြီးမိုးတိမ်လို အင်ဂျင်နီယာကြီးဖြစ်ချင်တာဟ.. ဒါနဲ့ ကိုကိုကြီးတောင် မတွေ့တာကြာပြီနော်.. ခရီးထွက်သွားပြန်ပြီလား..”

“အေးပေါ့ဟ.. သူက အောင်မြင်နေတဲ့ ကန်ထရိုက်တာကြီးဆိုတော့ အလုပ်ကများမှများ.. သူမရှိတာလဲကောင်းသားပဲ.. ရှိရင်ငါ့ကို ဆူနေဦးမှာ.. အပင်တွေကြားပဲ တချိန်လုံးရောက်နေလို့လေ..”

“နင်ကလဲနင်ပဲ.. တချိန်လုံး မြေကြီးနဲ့လူးပြီး အပင်တွေကိုပဲ ကြည့်နေတာကိုး.. ငါကတော့ ကိုကိုကြီးကို အားကျတယ်.. သူ့လိုတော့ စီဗယ်လ်မယူချင်ဘူး.. ငါက အာခီလိုချင်တာ.. ဒီဇိုင်းတွေဆွဲမယ်.. ငါဆွဲထားတဲ့အိမ်ပုံစံကို ကိုကိုကြီးကိုဆောက်ခိုင်းမယ်.. မကောင်းဘူးလား..”

“အေးပါဟာ.. နင့်မုန့်ဆီကြော်ကဖြင့် အဝေးကြီးမှာ.. နှုတ်ခမ်းကြိုနာမနေနဲ့.. နင့်ပန်းရပြီမလား.. ပြန်တော့လေ.. ငါလုပ်စရာရှိသေးတယ်..”

“အောင်မာ.. နင်ကငါ့ကိုနှင်တယ်ပေါ့.. မပြန်သေးဘူး.. နင်လုပ်စရာရှိတာလုပ်ပေါ့.. ငါထိုင်ကြည့်နေမယ်..”

“အာ.. မရဘူး.. နင်ကပါးစပ်ပိတ်ပြီး ၁မိနစ်နေနိုင်တာမှမဟုတ်ပဲ.. ငါက ဘွန်ဆိုင်းပင်လေးတစ်ခုကို ပုံသွင်းမလို့ဟ.. နင်ရှိနေရင်အနှောင့်အယှက်ဖြစ်တယ်.. မရဘူး ပြန်တော့..”

ပြောပြောဆိုဆိုနဲ့ မိုးကို မှန်လုံအိမ်လေးရဲ့အပြင် အတင်းတွန်းထုတ်ပြီး တခါးကိုပိတ်ပစ်လိုက်တယ်.. အမြဲတမ်းအဲလိုချည်းပဲ.. သူ့အပင်တွေနဲ့ပါတ်သတ်လာရင် မိုးကိုဂရုမစိုက်တော့ဘူး.. မိုးလဲစိတ်ဆိုးဆိုးနဲ့ ခြေဆောင့်ပြီးလှည့်ထွက်လာခဲ့လိုက်တယ်.. ကိုကိုကြီးပြန်လာမှတိုင်ပြောရမယ်.. ကိုကိုကြီးကတော့ မိုးဘက်တော်သားပေါ့.. သိပ်တော်ပြီးထက်မြက်တဲ့ကိုကိုကြီးက ဘာကိုမဆိုလောဘမရှိတဲ့အလင်းကို နည်းနည်းလေးမှ စိတ်တိုင်းမကျပါ..

တကယ်တော့ ကိုကိုကြီးမိုးမြင့်တိမ်က သူတို့မိသားစုမှာ ဦးဆောင်သူပေါ့.. သူ့ဖေဖေဆုံးတော့ ကိုကိုကြီးကကျောင်းပြီးကာစ.. ကိုလတ်အာကာက ဆေးကျောင်းတက်လက်စကြီး.. အလင်းကတော့ မိုးနဲ့အတူတူ ၅တန်းပေါ့.. အလင်းတို့ဖေဖေက ရုတ်တရက်ဦးနှောက်သွေးကြောပြတ်ပြီးဆုံးတာဆိုတော့.. အန်တီမေကလည်း ဘာမှမလုပ်တတ် မကိုင်တတ်မို့ တော်တော်လေးကသီခဲ့ရတယ်.. နောက်တော့ သူတို့ဖေဖေရဲ့ဆောက်လုပ်ရေးလုပ်ငန်းကို ကိုကိုကြီးကဦးစီးပြီးလုပ်ရတာပေါ့.. အစကတော့ဘယ်သိပ်အဆင်ပြေမလဲ.. ဒါပေမယ့် ထက်မြက်တဲ့ကိုကိုကြီးက အချိန်တိုအတွင်းမှာပဲ ပြန်အောင်မြင်အောင်လုပ်နိုင်ခဲ့တာ.. ကိုလတ်ကို အင်္ဂလန်မှာတောင် ကျောင်းထားပေးနိုင်နေပြီ..

မိုးကလဲ ကိုကိုကြီးလို တော်ချင်တာ.. ထက်ချင်တာ.. အလင်းကိုလဲ ကိုကိုကြီးလိုဖြစ်စေချင်တာ.. ခုတော့ ဒင်းက.. သူ့အပင်တွေက ပထမ.. သူ့ဂီတက ဒုတိယလေ.. အင်း.. မိုးသူငယ်ချင်းလေးက သီချင်းအဆိုတော့ကောင်းသား.. ဂစ်တာတီးတာလဲ ကောင်းမှကောင်း.. သူဆိုပြတတ်တဲ့ သူရေးထားတဲ့သီချင်းလေးတွေကိုလဲ မိုးသိပ်ကြိုက်တယ်.. ခုတော့နေပါစေဦး.. ညနေကျမှ သီချင်းဆိုပြီးပြန်ချော့ခိုင်းရမယ်လို့ ကျိတ်တွေရင်း မိုးပြန်လာခဲ့သည်..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သိပ်မထူးခြားလှတဲ့ တနင်္ဂနွေမနက်ခင်းတစ်ခု..

မနက်ဖြန်ကျရင် မိုးဆွဲထားတဲ့အိမ်ပုံစံအတွက် ပုံစံငယ်လေးတင်ရမှာမို့ မိုးတစ်ယောက် တကုပ်ကုပ်အလုပ်ရှုပ်နေသည်.. ဧည့်ခန်းတစ်ခုလုံးလဲ ကတ်ထူဖြတ်စတွေ ကော်ဗူးတွေ ဆေးရောင်စုံဗူးတွေနှင့် ရှုပ်ပွနေသည်..

အိမ်ဝမှာလူရိပ်တွေ့လို့ မော့ကြည့်လိုက်တော့..

“ဟယ်.. အလင်း.. အသံမပေးဘာမပေးနဲ့.. လန့်လိုက်တာ.. ဘယ်တုန်းကရောက်တာလဲ.. မှော်ဘီကတန်းလာတာလား.. အန်တီမေဆီရော ရောက်ပြီးပြီလား..”

“အား.. များလိုက်တဲ့မေးခွန်းတွေ.. ငါရောက်နေတာ ၅မိနစ်လောက်ရှိပြီ.. နင့်ဆီတန်းဝင်လာလို့ မေမေ့ဆီနောက်မှသွားမှာ.. ရော့.. ငါ့ခြံထဲမှာ ဆောင်တော်ကူးပန်းတွေပွင့်လို့ နင့်အတွက်လာပေးတာ..”

ပြောပြောဆိုဆို ဆောင်တော်ကူပန်းတွေ တပွေ့ကြီး မိုးကိုလှမ်းပေးတယ်..

“နင့်ပုံလဲနင်ပြန်ကြည့်ပါဦး ဒေါ်ပွင့်ရယ်.. ဆံပင်ကစုပ်ဖွားနဲ့ မျက်နှာပြောင်နဲ့.. တော်တော်မိန်းမပီသတာပဲနော်..”

“ငါအလုပ်များနေတာနင်မမြင်ဘူးလား.. နင်ရောက်လာတာအတော်ပဲအလင်းရယ်.. ငါ့ကိုကူပါဦး.. သစ်ပင်ရုပ်လေးတွေ ဆေးကူခြယ်ပေးနော်.. ငါနင့်ကို ကြာဇံချက်နဲ့ ရှောက်သီးသုပ်လုပ်ကျွေးမယ်လေ..”

“အေးပါ.. ကူလုပ်ပေးပါ့မယ်.. ခု မေမေ့ဆီခဏသွားလိုက်ဦးမယ်.. ငါပြန်လာခဲ့မယ်နော်..”

အလင်းထွက်သွားတော့ မြင်ကွင်းကပျောက်သွားတဲ့အထိ လိုက်ငေးနေမိတယ်.. မိုးသူငယ်ချင်းလေးက တကယ်ကိုလူကြီးဖြစ်နေပြီ.. သူ့အချိန်တွေကို ပန်းပင်တွေအတွက် မြှုပ်နှံထားတဲ့ ခြံလုပ်ငန်းရှင်ကြီးဖြစ်နေပြီ.. သူတက်ချင်တဲ့ ဘော့တနီဘာသာကို အဝေးသင်ပဲတက်ပြီး ပန်းစိုက်တဲ့လုပ်ငန်းကို စီးပွားဖြစ်လုပ်နေတာ မိုးတို့ပထမနှစ်စတက်ကတည်းက.. အစကတော့ အိမ်ခြံထဲမှာပဲစိုက်နေရာက လုပ်ငန်းတွင်ကျယ်လာတော့ မှော်ဘီမှာခြံကျယ်ကြီးဝယ်ပြီး အကြီးအကျယ်ကိုလုပ်တော့တာ.. မနှစ်ကတော့ သူပါမှော်ဘီခြံထဲကို အပြီးပြောင်းသွားတယ်လေ.. မိုးကလဲ မှော်ဘီမှာကျောင်းတက်ရတာဆိုတော့ အတော်ပဲပေါ့.. အတန်းအားတိုင်း အလင်းခြံထဲကိုပဲ သွားလည်နေကျ.. မိုးတို့သူငယ်ချင်းတသိုက် သူ့ခြံထဲရောက်နေပြီဆို သူ့မှာအလစ်ကိုမပေးရဲဘူး.. သူ့ပန်းတွေထိမှာစိုးလို့လေ..
ဖြတ်ခနဲလူရိပ်တွေ့လိုက်တော့ မော့မကြည့်ဘဲ..

“အလင်း.. လာလေ.. မြန်သားပဲ..”

“မ.. ကျွန်တော်.. ညီညီပါ..”

“သြော်.. ညီညီ.. လာလေ.. ဆောရီး.. မိုးကအလင်းပြန်လာတာထင်လို့.. ဆို.. ဘာကိတ်..”

“မ.. လိုမယ်ထင်လို့.. လုပ်ပြီးသားသစ်ပင်ပုံလေးတွေလာပေးတာ.. တနေ့ကလှည်းတန်းစျေးထဲမှာ တွေ့လို့ဝယ်ထားလိုက်တာလေ..”

“အားနာစရာကြီး.. မိုးလုပ်တတ်ပါတယ်.. လုပ်တောင်လုပ်ပြီးနေပြီ.. ဆေးခြယ်ဖို့ပဲကျန်တော့တာ..”

“ခြယ်မနေပါနဲ့တော့မရယ်.. မ.. ပင်ပန်းပါတယ်.. ရယ်ဒီမိတ်လေးတွေက ပိုလှတာပဲ.. သုံးလိုက်ပေါ့..”

ခြံတခါးပိတ်သံကြားလို့ကြည့်လိုက်တော့ အလင်း..

“အလင်း.. မိတ်ဆက်ပေးရဦးမယ်.. သူက စိုင်းညီညီလတ်တဲ့.. ငါတို့အာခီကပဲ.. ဂျူနီယာပေါ့.. ညီညီ သူကမိုးအချစ်ဆုံးသူငယ်ချင်း.. လပြည့်လင်းတဲ့.. မိုးတို့ကျောင်းလစ်ပြီး သွားသွားနေတာ သူ့ခြံထဲပေါ့..”

“တွေ့ရတာဝမ်းသာပါတယ် ကိုလပြည့်..”

အလင်းကပြုံးယုံပဲပြုံးပြတယ်.. ပြုံးပုံကိုက အီလည်လည်ကြီး..

“မ.. ကျွန်တော်ပြန်တော့မယ်.. မနက်ဖြန်ကျောင်းရောက်မှတွေ့မယ်နော်..”

ညီညီပြန်သွားတဲ့အထိ အလင်းဆီက ဘာသံမှထွက်မလာ..

“ဟဲ့.. လာကူလေ.. ဘာထိုင်လုပ်နေတာလဲ..”

“ကူဖို့လိုသေးလို့လား.. ဟိုကောင်ဝယ်လာပေးတာတွေ သုံးလိုက်ပေါ့..”

“မသုံးချင်ပါဘူးဟာ.. ငါက ဟန်းမိတ်ပဲသုံးချင်တာ.. လာပါအလင်းရယ်.. ဟိုကဆေးဗူးအစိမ်းလေးပါယူလာခဲ့..”

အလင်းတစ်ယောက် မှုန်ကုပ်ကုပ်နဲ့အနားရောက်လာသည်..

“ဟိုကောင်နဲ့ နင်နဲ့က ဘာလဲ..”

“ဘာမှမဟုတ်ဘူး.. အမှန်အတိုင်းပြောရရင် သူကငါ့ကိုလိုက်နေတာ.. သိပြီလား.. ခုလဲ ပိုးကြေးပန်းကြေးလာပေးတာ.. ကဲ..”

“နင်က သာယာနေတယ်မဟုတ်လား..”

“ဘာမှမသာယာဘူး.. တော်ပါတော့အလင်းရယ်.. တခါတလေလာတုန်း နားပူမနေပါနဲ့.. ငါစိတ်မဝင်စားပါဘူး.. လုပ်စရာရှိတာလုပ်ပေးစပ်းပါ..”

မိုးကိုမျက်စောင်းတချက်လှမ်းထိုးပြီး အပင်သေးသေးလေးတွေကို ဆေးခြယ်ပေးတယ်..

“နင်ကလေ.. မျက်စောင်းထိုးရင် အခြောက်ကြီးနဲ့တူတယ်.. သိလား..”

“အေးပါ.. နင့်အကောင်လောက်တော့ မခန်းညားဘူးပေါ့လေ..”

“ဘာငါ့အကောင်လဲ.. အလင်းနော်.. ရန်မစနဲ့..”

“ရော့.. ပြီးပြီ.. ငါပြန်လိုက်ဦးမယ်.. ရေချိုးချင်လို့.. ကြာဇံချက်နဲ့ရှောက်သီးသုပ်ရရင် အိမ်ကိုယူလာခဲ့.. မေမေနဲ့အတူတူစားရအောင်.. များများနော်..”

“အေးပါ.. ပြန်ပြန်.. ငါလာခဲ့မယ်.. ဒီနေ့နင်မှော်ဘီပြန်မှာလား..”

“မပြန်ဘူး.. မနက်မှပြန်မှာ..”

အလင်းပြန်သွားတော့ မီးဖိုထဲပြေးပြီး ချက်ရပြုတ်ရသည်.. မိုးလက်ရာတော့ သူကအရမ်းကြိုက်..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ညဉ့်နက်နေပေမယ့် မိုးအိပ်မပျော်သေး.. မမကလည်း သူငယ်ချင်းမင်္ဂလာဆောင်မှာ အလှပြင်ပေးဖို့ ပဲခူးကိုလိုက်သွားသည်မို့ အခန်းထဲမှာမိုးတစ်ယောက်ထဲ.. ဂစ်တာတီးရင်ကောင်းမယ်လို့စဉ်းစားပြီး ဂစ်တာကိုကြိုးညှိနေတုန်း အိပ်ခန်းထဲကဖုန်းလေးမြည်လာသည်..

“ဟယ်လို..”

“ဒေါ်ပွင့်.. ငါအိပ်မပျော်လို့.. နင့်အခန်းမီးလင်းနေတာနဲ့ ဖုန်းခေါ်လိုက်တာ.. နင်မအိပ်သေးဘူးလား.. ဘာလုပ်နေတာလဲ..”

“ငါမအိပ်ချင်သေးလို့.. ဂစ်တာတီးမလားလို့..”

“အတော်ပဲ.. ငါ့ကိုသီချင်းဆိုပြဟာ.. နားမထောင်ရတာတောင်ကြာပြီ..”

“အေး.. ဆိုပြမယ်.. နားထောင်နော်..”

*****အမှောင်ယံကြီးစိုးတဲ့ညရယ်.. တို့နှစ်ယောက်ရဲ့ညအမှောင်ယံထဲ.. တိတ်ဆိတ်ခြင်းကလွှမ်းမိုးလို့. ငြိမ်သက်ဆဲတို့ရဲ့အမှောင်ယံညထဲ.. ဟိုး.. ဟို.. ဟိုးအဝေးကြီးက ငြိမ်သက်ဆဲ ဆည်းလည်းသံကိုကြားတယ်..
*****လေယူရာယိမ်းနွဲ့မယ့်ပန်းလေးတစ်ပွင့်ရယ်.. ညင်သာစွာဖူးပွင့်လို့စောင့်မျှော်နေဆဲ.. ကြင်နာသူသာ ခူးဆွတ်သူဖြစ်ပါစေလေ.. ဘယ်လိုလူလာခူးဆွတ်မယ်.. တို့ချစ်တဲ့သူ့ရင်ခွင်ထဲ.. နားခိုအိပ်စက်လွန်းလှလို့ ပေါ်လာနိုးပန်းချစ်သူစောင့်စားရင်း..

“ဘယ်ဆိုးလို့လဲဟ.. နင်တော်တော်တိုးတက်လာပြီ.. အတီးရော အဆိုရောပိုကောင်းလာတယ်.. ကျေးဇူးပဲသူငယ်ချင်း.. ညလဲနက်နေပြီ.. အိပ်တော့နော်..”

“အေး.. နင်လဲအိပ်တော့..”

ဖုန်းချလိုက်တော့လဲ မိုးအိပ်မပျော်သေး.. မီးအမှောင်ချပြီး အိပ်ဖို့ကြိုးစားမိတယ်.. အလင်းရဲ့အခန်းကလဲ မီးလင်းနေတုန်း.. အိပ်ယာကထသွားပြီး ပြတင်းပေါက်ကိုဖွင့်လိုက်တော့ အလင်းရဲ့သီချင်းသံတိုးဖွဖွလေး ကြားလိုက်ရတယ်..

*****လေပြေညှင်းရယ်ငြိမ်သက်ဆဲညမှာ.. အသာအယာတိုးလို့တိုက်ခတ်နေ.. သင်းပျံ့မွှေးတဲ့ပန်းရနံ့တွေ.. ဆောင်ယူသယ်လာလေညှင်းရယ်..
*****ပန်းချစ်သူတို့လကနဲ့ကွယ်.. ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ်.. ဆွတ်ယူမယ်ဟန်ပြန်ကာပင် ယုယစွာထွေးပွေ့ထားပါမယ်.. အသာအယာဆွတ်ယူရင်မှာသိမ်းထားမယ်.. ကိုယ်လေ ပန်းလေးတစ်ပွင့်ရယ်.. ပန်းကိုချစ်တဲ့ပန်းချစ်သူ.. ကိုယ်တိုင် ချုကာဆွတ်ခူးမယ်..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(To be continue)

4 comments:

ရေတမာ said...

မိုးနဲ့အလင်းတွေ့တဲ့နေရာ ဇာတ်ကောင်ပြောင်းသွားတာလေး ပြင်ရင်ကောင်းမယ်။ အစပိုင်းဆွဲဆောင်မှုရှိတယ်။ အရေးအသားပြေပြစ်တယ်။ တကယ်ဖြစ်ခဲ့တာတွေဖြစ်မယ် အသေးစိတ်လေးတွေ ရေးထားတယ်းP နောက်လာမယ်အပိုင်းတွေမှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကွက်တွေ နဲ့ တန်ပိုမြင့်မြင့်လေးတွေဖတ်ချင်တယ်

ပွင့်မြုးဇင် said...

ရေတမာပြောတာလေး.. ပြင်ထားပါတယ်.. အခန်းတိုလေးတခန်းတည်းမှာ.. ဇာတ်ကြောင်းပြောသူ ၂ယောက်ဖြစ်သွားတာလေးပေါ့.. ကျေးဇူးတမာရိန်းဂျား..

မေဇင် said...

မမ ရေ ဖတ်လို့ကောင်းတယ်...ဆွဲဆောင်မှုရှိတယ်...။ နောက်ထပ် မျှော်နေမယ်နော်။

သူကြီးမင်း (တုံးဖလား) said...

အခန်းဆက်ကြီးပေါ့လေ။ ဆန့်တငင်ငင်မျှော်ရမဲ့ပုံဘဲးဝ)