Saturday, May 2, 2020

ဘလော့ဟောင်းလေးကို ဖုန်ခါခြင်း

မရေးဖြစ်တာ အတော်လေးကို ကြာနေပါပြီ.. သားသားအကြောင်းတွေ ရေးထားတာပြန်ဖတ်မိတော့ ကြည်နူးမိရလို့ သမီးလေးအကြောင်းတွေပါ မှတ်တမ်းလေးတစ်ခု ရှိနေချင်လို့ ဆက်ရေးချင်စိတ်တွေ ဖြစ်လာပါတယ်.. အခုအခြေအနေနဲ့ အိမ်ပြင်လည်း သိပ်မထွက်ရတာမို့ သားသမီးအကြောင်းတွေသမက ရေးချင်တာလေးတွေရှိလာရင် ဒီမှာလာပြန်ရေးဖို့ ဆုံးဖြတ်လိုက်ပါကြောင်း.. ဟင်းချက်နည်းပေါက်ကရတွေကိုတော့ မြူးမြူးရဲ့မီးဖိုချောင်မှာပဲ တင်ပါမယ်လေ.. မျက်စိနောက်ကြပါကုန်လော့..

Monday, January 16, 2017

ဟုတ်ကဲ့ ကျမရန်ကုန်သူပါရှင်

၂၀၀၇ခုနှစ် မတ်လကတည်းက စင်္ကာပူကို အလုပ်လုပ်ဖို့ ရောက်နေခဲ့ရတဲ့ကိုယ်ဟာ မွေးရပ်မြေ ရန်ကုန်ကို ပြန်ရောက်နေတာ ခုဆို ၃လနီးပါးရှိပြီ... စင်္ကာပူမှာ နေခဲ့တဲ့ ၉နှစ်ကျော်အတောအတွင်း ရန်ကုန်ကို ခဏခဏပြန်ဖြစ်ပေမယ့် အလည်အပတ်သဘောဆိုတော့ နေ့စဉ်လူနေမှုဘ၀ထဲက အကြောင်းအရာတွေနဲ့ ထိတွေ့ရတာမျိုး မရှိဘူးပေါ့... ခုကတော့ ရန်ကုန်မှာ အလုပ်ခွင်ဝင်နေပြီမို့ ရန်ကုန်သူစစ်စစ် ပြန်ဖြစ်နေရပြီ...

အိမ်ထမင်းအိမ်ဟင်းဆို တနေ့ချက်မှ တနေ့စားရတဲ့ ဘ၀ကနေ မနက်မိုးလင်း မနက်စာအဆင်သင့် နေ့လည်စာအတွက် ထမင်းဗူးအဆင်သင့် ညနေစာ လက်ဆေးစားရုံ ဆိုတဲ့ ဘ၀မျိုးကို ပြန်ရောက်နေပြီ... ပိတ်ရက်မှာ တစ်ပတ်စာ လျှော်ဖွတ် မီးပူတိုက်ရတဲ့ဘ၀ကနေ မွှေးကော့နေတဲ့ မီးပူကျအ၀တ်တွေကို အသင့်ဆွဲယူ ၀တ်လိုက်ယုံဆိုတဲ့ ဘ၀မျိုး ပြန်ရောက်နေပြီ... သားသမီးတွေကို မနက်တိုင်း ဖုန်းခေါ်အလွမ်းသယ်ရတဲ့ဘ၀ကနေ သူတို့လေးတွေရဲ့ ခိုးခိုးခစ်ခစ်အသံလေးတွေနဲ့ မနက်တိုင်းနိုးထရတဲ့ ဘ၀ကို ရောက်နေပြီ... အလုပ်ပတ်ဝန်းကျင်မှာ လူများစုက ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားတွေနဲ့ အလုပ်ခွင်မျိုးမှာ အလုပ်လုပ်နေရပြီ...

စင်္ကာပူကို မသွားခင်က ကိုယ်ဟာ ရန်ကုန်ရဲ့ public transport ကိုပဲ အားထားပြီး သွားလာခဲ့သူပါ... စလုံးမှာလည်း public transport ကိုပဲ အများဆုံး သုံးခဲ့ရတာပါ... ဒါပေမယ့် ခုပြန်ရောက်လာတဲ့အခါမှာတော့ ကိုယ် အကျင့်ပျက်နေခဲ့ပြီ... အဆင်ပြေလွန်းတဲ့ စလုံးကစနစ်နဲ့ အသားကျနေခဲ့တဲ့ကိုယ်ဟာ ရန်ကုန်က Bus တွေကို မစီးရဲ မစီးချင် ဖြစ်နေပြီ.. ပိုဆိုးတာက ကိုယ့်ရုံးရှိတဲ့ ဆရာစံလမ်းဟာ Bus လုံးဝမပြေးတဲ့လမ်းဖြစ်နေတာရယ်... အန္တရာယ်ကင်းကင်း လမ်းကူး လမ်းလျှောက်ဖို့ လူကူးမျဉ်းကျား ပလက်ဖောင်းတွေ မရှိတာရယ်က ကိုယ့်ကို အငှားကားပဲ စီးဖြစ်စေတော့တယ်... တကယ်ဆို Bus ရှိတဲ့ အနီးဆုံးမှတ်တိုင်ကနေ ကိုယ့်ရုံးကို လမ်းလျှောက်ရလှ ၁၅မိနစ်ပေါ့... Profession ကိုက Safety မို့ Risk Assessment ကို နေရာတိုင်း လုပ်မိနေလို့ထင်ပါ့... Risk ကို eliminate လုပ်တဲ့အနေနဲ့ ကိုယ် ရန်ကုန်မှာ Public Transport မစီးဖြစ်တော့ဘူး...

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအတွက် jogging လုပ်ချင်တဲ့ကိုယ့်အတွက် စိတ်အေးလက်အေး ပြေးနိုင်မယ့်နေရာ သိပ်ရှားတယ်... လမ်းမပေါ်တက်ပြေးတော့ ကားကြောက်ရတယ်.. လူသွားလမ်းသီးသန့်မှ မရှိတာကိုး... လမ်းသွယ်ထဲပြေးတော့ ခွေးလိုက်မှာကြောက်ရတယ်... ပိုင်ရှင်မဲ့ ခွေးတွေက နေရာတကာကိုး.. ပြေးချင်သပဆို ကိုယ့်ခြံပိစိထဲ ပတ်ပြေးချင်ပြေး... Bus စီးပြီး နီးရာပန်းခြံထဲ သွားပြေးချင်ပြေးမှ ရတော့မယ်.. ဒီလိုနဲ့ပဲ ရန်ကုန်ဟာ ကိုယ့်ကို အပျင်းတစ်စေပြန်တယ်...

MSG ကို မစားတာကြာတော့ အပြင်စာတွေစားတိုင်း ကိုယ့်မှာ အဆင်မပြေဖြစ်ရတယ်... အချိုမှုန့် မထည့်ပါနဲ့လို့မှာရင် ပြန်ကြည့်တတ်ကြတဲ့ အကြည့်မျိုးတွေကလည်း စိတ်အနှောင့်အယှက်ဖြစ်စေတယ်လေ... အလုပ်သဘောအရ ခရီးသွားရတဲ့အခါ အပြင်မှာ ကြုံသလိုစားရတော့ ဆီများတဲ့ဒဏ်နဲ့ အချိုမှုန့်ဒဏ်ကို အလူးအလဲခံရတယ်... အသားဖတ် ငါးဖတ်တွေကို ဆီထဲကနေ ဆယ်ဆယ်စားရတာ... အရွက်သုပ်ထဲမှာ အချိုမှုန့်တွေ အချောင်းလိုက်ပါလာတာတွေက ကိုယ့်အတွက် ပြသနာပဲ... တတ်နိုင်သမျှ အပြင်စာတွေ ရှောင်ဖြစ်သွားတယ်... အဲလိုဆိုတော့ ရန်ကုန်က ကိုယ့်ကို ငွေကုန်ကြေးကျ သက်သာစေတယ်...

ကိုယ့်ပတ်ဝန်းကျင်က လူကြီး လူငယ် လူရွယ်အစုံဟာ အပြောင်းအလဲကို ငံ့လင့်ကြတယ်... စနစ်တစ်ခု အသားတကျဖြစ်ဖို့ ပေးရမယ့်အချိန်ကိုကျတော့ မစောင့်ချင် မစောင့်နိုင်ကြတာများတယ်... နည်းကျလမ်းကျတွေးပြီး သီးခံနိုင်စွမ်းတွေ လျော့လာတာကို သတိထားမိတယ်... အရင်က မကျေနပ်ရင်တောင် ပြောရေးဆိုခွင့် နည်းခဲ့ရာကနေ ခုလို social media တွေ တွင်တွင်ကျယ်ကျယ်ဖြစ်လာတဲ့အခါ တဒင်္ဂစိတ်ထဲပေါ်လာသမျှတွေ လူတကာသိအောင် လုပ်ဖို့လွယ်လာတော့ လူတွေရဲ့ အတ္တတွေဟာ ပိုပြီး ထင်သာမြင်သာဖြစ်လာတယ်... သူတို့ကိုယ်တိုင် စည်းကမ်းလိုက်နာမှုရှိသလားလို့ ကြည့်လိုက်ပြန်တော့ အမှိုက်သိမ်းသမားတွေ အလုပ်များတုန်း ကွမ်းတံတွေးတွေ ရဲတုန်း...

ခေတ်ကာလ လိုအပ်ချက်နဲ့အညီ အသုံးဝင်မယ့် ဥပဒေအသစ်တွေ ဖြည်းဖြည်းချင်း ချမှတ်လာနေတယ်... တကယ်တမ်း အသက်ဝင်မှုကျတော့ အတော်လေး လိုအပ်နေသေးတာ တွေ့ရတယ်... ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သတ်တဲ့ဥပဒေဆို အတော်လေး ပြည့်ပြည့်စုံစုံနဲ့ အိမ်နီးချင်းနိုင်ငံတွေထက် သာလွန်တာတောင် တွေ့ရတယ်... တကယ်တမ်းသာ အသက်ဝင်မယ်ဆို သိပ်ကောင်းမှာပေါ့... အဲဒီလိုမျိုး လုပ်ငန်းခွင်ဘေးကင်းကျန်းမာရေးအတွက် ဥပဒေလည်း အမြန်ဆုံး အကောင်အထည်ပေါ်လာစေချင်မိတယ်... သွားရင်းလာရင်း unsafe acts and conditions တွေ မြင်ရရင် စိတ်မချမ်းသာဘူး... ကိုယ့်လူမျိုးတွေ အသက်တစ်ချောင်းကို တန်ဖိုးထားတတ် ကိုယ့်အန္တရာယ်ကို ကိုယ်မြင်တတ်စေချင်မိတယ်... ကိုယ်တတ်တဲ့ပညာကလည်း ဒါပဲမို့ အလုပ်ခွင်ထဲရော ကိုယ့်ပတ်ဝန်းကျင်မှာပါ တတ်နိုင်သမျှ awareness creation လေးတွေတော့ လုပ်ဖြစ်ပါတယ်... အစိုးရကနေ ဥပဒေနဲ့ ထိန်းချုပ်တာမျိုး အမြန်ဆုံး ဖြစ်လာစေချင်မိတာ စေတနာပါ...

ကိုယ်စကားပြောကြည့်ဖြစ်တဲ့ ကိုယ့်မိသားစုမဟုတ် သူစိမ်းတွေထဲမှာ Defensive ဖြစ်တဲ့သူတွေ တွေ့ရတာများတယ်... ဘယ်ကိစ္စမဆို ကိုယ်မမှားဘူးလို့ ခံယူထားတတ်ကြသူတွေပေါ့... မှားပါတယ်လို့ ချက်ကျလက်ကျ ပြန်ပြောပြနိုင်ခဲ့ရင်တောင်မှ အိုးရွဲ့မို့ စလောင်းရွဲ့နဲ့ ဖုံးရတာပါလို့ ဆင်ခြေတက်ကြသူတွေ အများကြီးတွေ့ရတယ်... ဒါဟာ အဆင်မပြေမှုတွေကနေ မြစ်ဖျားခံလာတာမို့လို့ ကိုယ် စိတ်မကောင်းဖြစ်မိရပါတယ်... convenient ဖြစ်နေမယ် comfortable ဖြစ်နေမယ်ဆိုရင် သူတို့ရဲ့ EQ တွေ ပိုကောင်းလာနိုင်မယ်လို့ ကိုယ်ထင်တယ်လေ..

မွေးရပ်မြေကနေ ဆယ်စုနှစ်တစ်ခုနီးပါး ဝေးနေခဲ့တဲ့ ကိုယ့်အတွက် ပြန်ရောက်လာတဲ့အချိန်မှာ cultural shock ရတယ်လို့မဆိုသာတောင် အသားမကျနိုင်မှုလေးတွေကတော့ နေ့စဉ်နဲ့အမျှပါပဲ... စိတ်တော့မပျက်မိပေမယ့် ကသိကအောင့်ဖြစ်ရတာမျိုးလေးတွေတော့ရှိတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဟာ ရန်ကုန်သူမို့ ရန်ကုန်ကို ချစ်တယ်... ရန်ကုန်သူရန်ကုန်သားတွေရဲ့ နေ့စဉ်လူနေမှုဘ၀ကို အဆင်ပြေစေချင်တယ်... အကောင်းဘက်ဦးတည်တဲ့ ပြောင်းလဲခြင်းတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနေပြီမို့လည်း ရန်ကုန်ရဲ့အနာဂတ်အတွက် ကိုယ် ရင်ခုန်နေပါတယ်လေ...

ပွင့်မြူးဇင်
၁၆.၀၁.၂၀၁၇

Sunday, April 7, 2013

ခုတလော

ခုတလောဆိုတဲ့ခေါင်းစဉ်နဲ့ စာလေးဘာလေးရေးဖို့ အစီအစဉ်မရှိဘူးလားလို့ ချစ်ညီမလေးဆုမြတ်ကမေးလာတယ်..  ကိုယ့်အတွက် ခုတလောလောက် အပြောင်းအလဲတွေများ အလုပ်တွေရှုပ်တာ မရှိဖူးဘူး.. ဘ၀တစ်ဆစ်ချိုးလို့ ဆိုရင်တောင်ရလောက်ရဲ့.. ကဲ.. ညီမဆုမြတ်ရေ.. ရေးပြီ..


ခုတလော

တွေးနေမိတာက
ကျောင်းရယ်.. အလုပ်ရယ်.. ပတ်ဝန်းကျင်အသစ်ရယ်ကြား ဘယ်လိုညီမျှအောင် ချိန်ညှိရမလဲ

ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ခြင်မိတာက
အသက်ကလေး ၃ထိပ်စည်းဖြစ်လာတော့ စိတ်တွေတိုတတ်လာပြီ.. အရင်ကလောက် ပေါင်းသင်းဆက်ဆံရေးမကောင်းတော့ဘူး.. ရန်များလာတယ်..

ကျန်းမာရေး
နှာမွှန်နေတာ ၅လလောက်ရှိပြီ.. ဘာဆေးသောက်သေက် ပျောက်ဘူးရယ်

ဖတ်ဖြစ်တဲ့စာအုပ်တွေ
တက္ကသိုလ်ဘုန်းနိုင် - ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
ဝင်းဝင်းလတ် - အချစ်၏နောက်ဆက်တွဲစာမျက်နှာ
ကေသွယ် - စိန်ပန်းနဲ့ကံ့ကော်တွေအတူပွင့်ခဲ့တယ်

ရောက်ဖြစ်နေတာက 
အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်

နားထောင်ဖြစ်တာက
Westlife - Home

ရွတ်နေမိတဲ့ကဗျာက
ဖိုးသားထူး ဖိုးသာထူး အလွန်ဝတဲ့ဖိုးသာထူး (ကျားကျားကိုကြည့်ပြီးရွတ်တယ် :P)

ဖြစ်ချင်နေတာက
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်

စားဖြစ်နေတာက
ပင်လယ်စာတွေ

သနားနေမိတာက
ဒီကျွန်းပိစိမှာ တစ်ယောက်တည်းကျန်ခဲ့ရမယ့် ကိုယ့်ကိုယ်ကို

လွမ်းနေမိတာက
မိုးသံစဉ်ဟုအမည်ရတဲ့ တစ်ဦးတည်းသော ချစ်သားလေး (များမကြာမီမှာတော့ လွမ်းရမယ့်သူတစ်ယောက် ထပ်တိုးဦးမယ်..)

မေ့လျော့ပစ်နေရတာက
ကြိုတွေးပြီးပူပန်နေမိတဲ့ စိုးရိမ်စိတ်တွေ

ခါးသက်နေမိတာက
အိမ်ပြန်ခွင့်မရသေးတဲ့ကိုယ့်ရဲ့ဘ၀ကို

တမ်းတနေမိတာက
မွေးရပ်မြေမှာ မိသားစုနဲ့အတူတူနေခွင့်လေး

ကြိတ်ပြီးချီးကျူးနေမိတာက
တစ်ယောက်တည်းနေဖို့ ဆုံးဖြတ်ရဲတဲ့ ကိုယ့်ကိုယ်ကို

ကြိတ်ပြီးအထင်သေးနေမိတာက
မနာလိုစိတ်တွေဖုံးနေတဲ့ လူတချို့

ဆန်ဒမရှိတဲ့နေရာ
ကိုယ်အခုရောက်နေတဲ့နေရာ

ဆန်ဒရှိနေတဲ့ကိတ်စ
လာမယ့်မေလထဲ အိမ်ခဏပြန်နိုင်ဖို့

မုန်းတီးနေမိတာက
ရုံးကမိန်းမကြီးတွေ (အော်ဂလီဆန်အောင်မုန်းတယ်)

ချစ်နေတာက
ခေါင်းမှာတပ်တဲ့ ဖဲပြားကလစ်လေးတွေ (တွေ့တိုင်းဝယ်မိနေတယ်)

စိတ်ပျက်နေမိတာက
ခုလက်ရှိအလုပ် (ငြီးငွေ့နေပြီ)

စွဲလမ်းနေမိတာက
ဘာကိုမှစွဲစွဲလန်းလန်းမရှိတတ်တာ ကိုယ့်အကျင့်

လိုအပ်နေတာက
သဝေထိုးင၀ဆွဲ ငွေ

ရောက်နေတဲ့နေရာက
မေတ္တာတရားတွေ မိုးခေါင်လွန်းတဲ့ ကျွန်းငယ်လေး

နက်နက်နဲနဲပြန်စဉ်းစားမိတာက
ကိုယ့်ဆုံးဖြတ်ချက်တွေအကြောင်း

နိဂုံးချုပ်လိုက်တော့
ခုထိတော့ တော်ရာမှနေပြီး လုပ်သင့်တယ်ထင်တာတွေလုပ်နေရတုန်းပေါ့

Tuesday, January 15, 2013

အရိုးဆုံးသောအချစ်ဇာတ်လမ်း

(ဇန်န၀ါရီလ ၂၅ရက်နေ့မှာ ကျရောက်မယ့် ၁၀နှစ်ပြည့်ချစ်သူသက်တမ်း အမှတ်တရ ကိုယ်တွေ့ဇာတ်လမ်းကို ဖတ်ကောင်းအောင်ရေးကြည့်ထားတာပါ.. အားပေးကြပါဦး..)

၂၀၀၂ ဒီဇင်ဘာ၊ နည်းပညာကောလိပ်မှော်ဘီ

မှော်ဘီဆောင်းက ထုံးစံအတိုင်းအစွမ်းပြနေတယ်.. နှင်းတွေပိတ်နေလိုက်တာမှ ၅ပေအကွာလောက်ကိုတောင် လူလုံးမကွဲတော့ဘူး.. တတိယနှစ်ကျောင်းသူဖြစ်နေပြီမို့ ကျောင်းဝင်းထဲ မျက်စိမှတ်ပြီးတောင် သွားနိုင်နေပြီမို့သာ တော်တော့တယ်.. ဘွားခနဲပေါ်လာတတ်တဲ့ စက်ဘီးတွေကိုတော့ သတိထားနေရသေး.. ဆောင်းကိုချစ်တဲ့ကိုယ်က နှင်းတွေကြားမှာလမ်းလျှောက်နေရတော့  ကြည်နူးနေလိုက်တာများ မျက်နှာမှာတောင် အပြုံးရောင်ဟပ်နေတယ်ထင်ရဲ့.. ကျောင်းကိုရောက်တဲ့အချိန်က တော်တော်လေးစောသေးတာမို့ တော်ဝင်လမ်းတလျှောက် လူရှင်းနေသေးတယ်.. လမ်းနံဘေး မြက်ပင်လေးတွေကြားက ပင့်ကူအိမ်လေးတွေပေါ် နှင်းတွေခိုတွဲနေလို့ နှင်းအိမ်လေးတွေဖြစ်နေတာ ချစ်စရာပဲကောင်းသေးတော့တယ်.. စက်ဘီးရန်ကြောက်လို့ လမ်းဘေးကပ်လျှောက်နေရင်း ခြေဖမိုးက ယားကျိကျိဖြစ်လာလို့ ငုံ့ကြည့်မိတော့..
“အား.. ကျွတ်ကြီး..”
“လန့်လိုက်တာဗျာ.. နေဦး ကျွန်တော်ဖြုတ်ပေးမယ်..”
ဘေးမှာလျှောက်နေတဲ့ကျောင်းသားတစ်ယောက်က သစ်ကိုင်းလေးချိုးပြီး ခြေထောက်ကကျွတ်ကိုဖြုတ်ပေးတယ်.. တွယ်နေတာကြာပြီမို့လားမသိ ဖြုတ်လိုက်တာနဲ့ သွေးတွေက ရဲခနဲ.. သွေးမြင်ရင်မူးတတ်တဲ့ကိုယ် မျက်လုံးတွေကို ပြာထွက်သွားတာပဲ.. ခြေထောက်က အေးခနဲဖြစ်သွားမှ သတိပြန်ဝင်လာတယ်.. ကျွတ်ဖြုတ်ပေးတဲ့ကောင်လေးက ခြေထောက်ပေါ်ကို သူ့ရေဗူးထဲကရေတွေနဲ့ လောင်းဆေးပေးလိုက်တာကိုး.. ဘယ်မေဂျာကပါလိမ့်.. တစ်ခါမှလဲမတွေ့ဖူးသလိုပဲ.. သူ့ဆီမှာ ကိုယ်ချစ်တဲ့ဆံပင်ခွေခွေလေးတွေရှိတယ်.. လက်ဖောင်းဖောင်းလေးတွေရှိတယ်..
“လုံခြည်အရှည်ကြီးဝတ်ပြီး မြက်နားကပ်လျှောက်ရလားဗျ.. မတော်ရာ ကျွတ်ဝင်သွားမှ ဒုက္ခများနေမယ်.. သွေးတိတ်သွားအောင် ပလာစတာပါရင် ကပ်ထားလိုက်”
ပြောပြောဆိုဆိုနဲ့ ကန်တင်းဘက်လျှောက်သွားတဲ့ ကောင်လေးကို ကိုယ် ပါးစပ်အဟောင်းသားနဲ့ ငေးပြီးကျန်ခဲ့တယ်..
“နေနှင့်ဦး.. ငါ့ကိုများ ဆရာကြီးလေသံနဲ့ငေါက်သွားသေးတယ်.. ဟွန်း”

XXXXXXXXXXXXXXXXXXXXXXXXXX

“တန်းထ.. ဆရာမကိုနှုတ်ဆက်..”
ခပ်တည်တည်နဲ့ဖရက်ရှာအခန်းထဲဝင်လိုက်တဲ့အချိန်မှာ ဇာတ်တိုက်ထားတဲ့အတိုင်း ဘော်ဒါတွေက နောက်ဆုံးတန်းမှာနေရာယူပြီး အော်ထည့်လိုက်တာမို့ ဖရက်ရှာလေးတွေအားလုံး မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်ကြတယ်.. ဆရာမအိုက်တင်လုပ်ပြီး တပ်ထားတဲ့မျက်မှန်ကို အသာပင့်ရင်း အတန်းထဲကိုဝေ့ကြည့်လိုက်တော့.. ဗုဒ္ဓေါ.. ဟိုသတ္တ၀ါလေးက ဒီနှစ်ဖရက်ရှာတန်းကပါလား.. သေတော့မှာပဲ.. ဒင်းကြည့်ရတာ ကိုယ့်ကိုမှတ်မိပုံမရဘူး.. တော်ပါသေးရဲ့.. ခြေထောက်တွေကတုန်နေပြီ.. ရင်တွေကလဲခုန်နေလိုက်တာ.. အတန်းရှေ့မှာ ဘယ်လိုမှဆက်မနေရဲတော့လို့..
“ဒါ မက်ကာထရောနစ်အတန်းမဟုတ်ဘူးလား.. ဆောရီးနော်.. အတန်းမှားလာလို့..”
အသံမတုန်အောင်ကြိုးစားပြောရင်း အမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီး ပြေးထွက်လာတော့ နောက်ဆုံးတန်းက ဘော်ဒါတွေလဲ တရုန်းရုန်းပြေးလိုက်လာကြတယ်..
“ဟဲ့.. နင်က ဘာလို့ထွက်ပြေးလာတာတုန်း.. စီစဉ်ထားတာတွေတော့ ပျက်ပါပြီ.. ခါတိုင်းလဲ လုပ်နေကျကို ခုမှ ဘာကြောင်တာလဲဟ..”
“မပြောပြဘူး.. အသေသတ်လိုက်”
မချိုမချဉ်မျက်နှာပေးကို မသင်္ကာကြတဲ့ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို အတင်းဝိုင်းမေးကြပေမယ့် မကြားချင်ယောင်ဆောင်ပြီး ခုံပေါ်မှောက်အိပ်နေလိုက်တယ်.. ရင်တွေကတော့ ခုထိခုန်နေတုန်း..

XXXXXXXXXXXXXXXXXXXXXXXXXXXX

ကိုယ်တို့အီးစီမေဂျာရဲ့ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးက နေ့လည်ထမင်းစားချိန်မို့ ထုံးစံအတိုင်း စည်ကားနေပြီ.. စာထိုင်ဖတ်နေတဲ့သူတွေ စာအုပ်လာငှားတဲ့သူတွေနဲ့ အပြည့်မို့ အခန်းလေးက မကျဉ်းဘူးဆိုတာတောင် လူငွေ့တွေနဲ့ လှောင်အိုက်လို့.. တပတ်မှာတစ်ရက် စာကြည့်တိုက်မှူးတာဝန်ယူထားလို့ စာအုပ်အငှားစာရင်းတွေမှတ်ပေးနေရတာ လက်မလည်နိုင်အောင်ပဲ..
“အသင်းဝင်ကဒ်အသစ်လုပ်ချင်လို့..”
“ဘယ်အတန်းကလဲ..”
မေးရင်းနဲ့မော့ကြည့်မိတော့ ဟို သတ္တ၀ါလေး..
“ဖရက်ရှာတန်းကပါ မ..”
“ဖောင်ဖြည့်လိုက်နော်..”
“ဟုတ်..”
သူ့လက်ဖောင်းဖောင်းလေးတွေနဲ့ ဖောင်ဖြည့်နေတယ်.. ဟွန့်.. ရုပ်လေးကသနားကမားနဲ့.. လက်ရေးကဆိုးချက်.. မင်းတော့ အမှတ်လျော့ပြီကွယ်.. ကိုယ်က လက်ရေးလှလှလေးမှ သဘောကျတာ.. ဘာပဲဖြစ်ဖြစ်.. နာမည်နဲ့ မွေးနေ့သိလိုက်ရတာ အမြတ်ပဲလေ.. ဘေးမှာထိုင်နေတဲ့ကိုယ့်သူငယ်ချင်းက ငါသိနေတယ်နော်ဆိုတဲ့အထာနဲ့ ကိုယ့်ကိုလှောင်ပြုံးရင်းကြည့်နေလေရဲ့..

XXXXXXXXXXXXXXXXXXXXXXXXX

ထမင်းစားပြီးကျောင်းပြန်တက်ချိန်မှာ သီအိုရီဘာသာအချိန်ဖြစ်နေတာမို့ တစ်တန်းလုံးအိပ်ငိုက်နေကြတယ်.. ဌာနမှူးကိုယ်တိုင် သင်တာမို့သာ အတန်းမလစ်ရဲလို့ ခုံအပြည့်လူရှိနေတာလေ.. ကိုယ်လဲ တက်စ်ဘုတ်ကိုထောင်ထားပြီး စားပွဲပေါ်မေးတင်လို့ အသာလေးငိုက်နေတာပေါ့.. ကြာတော့ ခါးညောင်းလာတာမို့ ကိုယ်ကိုမတ်ပြီး ဘေးကပြတင်းပေါက်ဖက်လှည့်ကြည့်မိတော့.. ၀ရံတာကိုမှီပြီး ကိုယ့်ကိုရယ်ကျဲကျဲနဲ့ ရပ်ကြည့်နေတဲ့ဟိုသတ္တ၀ါလေး.. သေလိုက်ပါတော့ကွယ်.. စာသင်ချိန်မှာ ကိုယ်ငိုက်နေတာ သူတွေ့သွားပြီပေါ့.. ဆရာမအတန်းထဲကထွက်သွားတော့ ကိုယ့်ဘေးကပြတင်းပေါက်နား သူရောက်လာတယ်..
“မ ကျွန်တော့်သူငယ်ချင်းက စာမေးချင်လို့တဲ့..”
“ရတယ်လေ.. နင့်သူငယ်ချင်းကမေးမယ်ဆိုတော့.. နင်ကမမေးဘူးလား..”
“နိုးပါ.. ကျွန်တော်က စာသင်ချိန်မှာအိပ်ငိုက်တတ်တဲ့သူကို စာမမေးချင်ဘူး..”
“သေလိုက်ပါလား.. နင်နော်.. လူကြီးကိုနောက်စရာလား..”
“နောက်ဆရာမဟုတ်ဘူး.. ရှေ့ဆရာ..”
ကိုယ်က လက်သီးနဲ့ရွယ်လိုက်တော့ လှစ်ခနဲနေအောင်ပြေးသွားလေရဲ့..

XXXXXXXXXXXXXXXXXXXXXXXXXXXXX


“မောင်မယ်သစ်လွင်ကြိုဆိုပွဲ”

ကိုယ်တွေတုန်းက ကြိုဆိုမယ့်သူမရှိခဲ့ပေမယ့် အခုနှစ်တော့ ထူးထူးခြားခြား ကြိုဆိုပွဲလေး လုပ်ခွင့်ရတယ်.. နေရာတကာပါလေရာမို့ ကိုယ်တို့သူငယ်ချင်းနှစ်ယောက်လဲ အလုပ်တွေရှုပ်နေတာပေါ့.. မောင်သစ်လွင်နဲ့ မယ်သစ်လွင်ရွေးကြဖို့ မဲပေးမယ့်စာရွက်တွေပြင်ဆင် နံပါတ်တံဆိပ်တွေလုပ် စလွယ်တွေ သရဖူတွေလုပ်နဲ့.. တမနက်လုံး အလုပ်များနေတယ်.. အချိန်ကျလို့တဖွဲဖွဲရောက်လာတဲ့ ဖရက်ရှာလေးတွေကိုလဲ နေရာချပေးနေရသေး.. အမှတ်စဉ်ထိုးထားတဲ့ နံပါတ်တံဆိပ်လေးတွေကို ရင်ဘတ်မှာကပ်ထားကြဖို့ လိုက်ဝေပေးတော့ ဘေးနားကို သူရောက်လာတယ်..

“အဲ့ဆယ်လိုတိပ်ပေးလေ.. ကူဖြတ်ပေးမယ်..”

“မော်နီတာကြီးက မမအနားကကို မခွာတော့ဘူးနော်..”

သူ့အတန်းဖော်တွေက ၀ိုင်းစကြတော့ ရှက်နေသလို ရယ်ကျဲကျဲနဲ့..

“နင်ရော ကပ်လေ.. မကပ်ဘူးလား..”

“မကပ်တတ်ဘူး.. မ ကပ်ပေးပါလား..”

သူ့ကိုမျက်စောင်းတစ်ချက်ထိုးပြီး နံပါတ်လေးကို နှလုံးသားတည့်တည့် ဘယ်ဘက်ရင်ဘတ်နေရာမှာ ကပ်ပေးလိုက်တယ်.. သူ့နံပါတ်က “၁၇”

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

“မ ဒီနေ့သောကြာနေ့နော်.. ရန်ကုန်ပြန်မှာလား..”
“အင်းပေါ့.. ဘာလို့လဲ..”
“အတူတူပြန်မယ်လေ..”
“နင့်အိမ်က မှော်ဘီမှာမို့လား.. ရန်ကုန်မှာ ဘာသွားလုပ်မှာလဲ..”
“ကျူရှင်သွားတက်မှာပေါ့ဗျ.. ပြီးရင် အေဒီလမ်းက အစ်ကိုတွေအိမ်မှာအိပ်မှာ.. တနင်္ဂနွေနေ့မှ ပြန်လာမှာလေ.. မ တို့အတန်းအရင်လွှတ်ရင် စောင့်နေနော်.. ကျွန်တော်တို့ လိုင်းကားနဲ့သွားရအောင်..”
ကိုယ်ဘာမှပြန်မဖြေနိုင်ခင် သူကထွက်သွားပြီ.. ခက်ပါလားနော်..
ညနေအတန်းပြီးတော့ သူက အတန်းရှေ့မှာစောင့်နေတယ်.. ခါတိုင်း လက်မောင်းအောင့်အောင်သယ်ရတဲ့ ဆွဲခြင်းကို သူကဆွဲပေးပြီး ၁၇၅ ပါရမီကားဂိတ်ကို လမ်းလျှောက်ကြတယ်.. ခါတိုင်း သေလောက်အောင်ပူတဲ့ မှော်ဘီဆောင်းရဲ့ကျနေကို ကိုယ်မမှုတော့ဘူး.. သူဘေးမှာပါနေလို့လေ.. တစ်နာရီခွဲလောက်ကားစီးရတဲ့လမ်းတစ်လျှောက် ကိုယ်တို့၂ယောက် စကားတွေဖောင်ဖွဲ့မဆုံးဘူးပေါ့.. အဲ့နေ့က သူလဲကျူရှင်မတက်ဖြစ်တော့ဘဲ ကိုယ်တို့အိမ်လမ်းထိပ်ထိ လိုက်ပို့ပေးတယ်.. ပြန်ခါနီးကျတော့
“မ ညကျရင် ကျွန်တော်ဖုန်းဆက်လိုက်မယ်နော်”
ကိုယ်ခေါင်းညိတ်လိုက်မိတယ်ထင်ပါရဲ့..
ညစာစားပြီးချိန်လောက်မှာ သူ့ဆီက ဖုန်းလာတယ်..
“မ ကျွန်တော်မူးနေတယ်သိလား.. ဘီယာသောက်ထားလို့..”
“ဟယ်.. ဆိုးလိုက်တာ.. ဘာလို့သောက်တာလဲ..”
“အစ်ကိုတွေက မြှောက်ပေးလို့.. ရဲဆေးတဲ့..”
“ဘာရဲဆေးလဲ..”
“မ ကိုရည်းစားစကားပြောဖို့လေ..”
ကိုယ်ဘာမှပြန်မပြောဖြစ်.. ပါးစပ်ကလဲ ဘာမှထွက်မလာဘူး.. ကိုယ့်ရင်ခုန်သံကိုယ်ပြန်ကြားနေရတာ နားစည်တွေတောင် ကွဲမတတ်ပဲ.. နှုတ်ခမ်းကိုယောင်ပြီးကိုက်ထားမိတာ အရမ်းနာလာမှ သတိပြန်ဝင်လာတယ်..
“မ မကို ကျွန်တော်ချစ်တယ်သိလား.. မ လဲ ကျွန်တော့်ကို ချစ်တယ်မဟုတ်လားဟင်.. မငြင်းပါနဲ့နော်..”
“ဟာ.. မသိဘူး”
“သိပါတယ်ကွာ.. ကျွန်တော့်ကို ချစ်တယ်လို့ပြောနော်..”
“အာ.. မသိဘူး.. တော်ပြီ.. မပြောတော့ဘူး.. ဒါပဲဒါပဲ”
“နေပါဦး.. ခုမပြောချင်လဲနေ.. တနင်္ဂနွေနေ့ကျရင် တိုက်ကြီးဆူးလေကားဂိတ်ကနေ စောင့်နေမယ်.. တူတူပြန်ရအောင်နော်..”
ယောင်တောင်တောင်နဲ့ခေါင်းညိတ်ပြပြီး ဖုန်းချပစ်လိုက်တယ်.. ငါ့နှယ်နော် ခေါင်းညိတ်တာ သူကဘယ်မြင်ရပါ့မလဲ..

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

၂၀၀၃ ဇန်န၀ါရီ ၂၅

ကားဂိတ်က လက်ဖက်ရည်ဆိုင်မှာ သူထိုင်နေတာတွေ့တော့ သူ့ဆီတည့်တည့်လျှောက်သွားလိုက်တယ်..
“အန်တီမိုး.. သူက ကျော်ကိုကိုတဲ့ သမီးတို့ကျောင်းက.. ခု သူနဲ့တူတူပြန်မှာ.. သူကလဲ မှော်ဘီမှာနေတာလေ..”
ကိုယ့်ကိုလိုက်ပို့တဲ့ ကိုယ့်အဒေါ်နဲ့မိတ်ဆက်ပေးတော့ သူက အံ့သြနေပုံပဲ.. ကားပေါ်ရောက်တော့..
“မ အဒေါ်ပါလာလို့ လန့်သွားတာပဲ.. မှော်ဘီထိလိုက်ပို့ရင်တော့ ဂွပဲလို့..”
“ဘာဂွလဲ..”
“အာ.. ဘယ်ဖြစ်မှာလဲ.. ကျွန်တော်က အကြံနဲ့လေ..”
“ဘာအကြံလဲ..”
“မ နော်.. ရူးချင်ယောင်ဆောင်မနေနဲ့.. ကဲခုပြော.. ကျွန်တော့်ကိုချစ်တယ်လို့..”
“အံမယ်.. အပိုင်ပါလား.. ဘယ်သူကပြောမယ်ကတိပေးထားလို့လဲ..”
“ပြောပါ မရယ်.. ကျွန်တော်ကြားချင်လို့ပါ..”
သူက ပြောရင်းနဲ့ကိုယ့်လက်ကိုလှမ်းဆုပ်လိုက်တော့ ကိုယ့်တစ်ကိုယ်လုံး ရှိန်းခနဲဖြစ်သွားတယ်.. ခေါင်းကိုငုံ့ထားလိုက်တော့ ကိုယ့်ရင်တွေခုန်နေတာကို ပြန်မြင်နေရတယ်.. ငုံ့ထားရတာ  အသက်ရှူကြပ်လာလို့  သူ့ကိုမော့ကြည့်လိုက်တော့ မျှော်လင့်ချက်အပြည့်နဲ့ သူ့မျက်ဝန်းတွေကို တွေ့လိုက်ရတယ်.. ကဲ ကိုယ်ဘယ်လိုငြင်းရက်မှာလဲကွယ်..
သူ့နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်..
“မောင့်ကိုချစ်တယ်..” လို့..

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

(ချစ်သူသက်တမ်း ၁၀နှစ်ပြည့်အမှတ်တရ သူငယ်ပြန်ထားပါသည်.. ဟိ.. ပေါရဲလိုက်တာနော်..)

Monday, October 8, 2012

ကိုယ်တို့တတွေရဲ့ အိမ်

အိမ်ဆိုတဲ့စကားလုံးလေးမှာ နွေးထွေးလုံခြုံမှု အေးမြတဲ့မေတ္တာတရား နှောင်ကြိုးတင်းတဲ့ချစ်ခြင်းများစွာ ရောဖွဲ့ပါဝင်နေတယ်ဆိုရင် ငြင်းချင်သူရှိဦးမလား.. အမိုးရယ် အကာရယ် အခင်းရယ်ရှိယုံနဲ့ နေစရာတော့ဖြစ်ပေမယ့် အိမ်မဖြစ်သေးပါဘူး.. အိမ်ရယ်လို့ ပီပီပြင်ပြင်ဖြစ်ဖို့ ချစ်ခြင်းမေတ္တာတွေလိုတယ်.. အိမ်ပြန်ချင်တယ်ဆိုတဲ့စကားက ကိုယ့်အတွေးထဲမှာ ပဲ့တင်အထပ်ဆုံး.. အိမ်ဆိုတာ ကိုယ့်အတွက်တော့ နှလုံးသားရှိတဲ့အရပ်.. မခမ်းနား မဆန်းပြားပေမယ့် နွေးထွေးမှုတွေအပြည့်နဲ့ ဆွဲဆောင်နိုင်မှုအရှိဆုံးနေရာလေး..

ကိုယ်ဟာကိုယ် အိမ်ပြန်ချင်တာကို ကိုယ့်တိုင်းပြည်တိုးတက်အောင် ကြံဆောင်ဖို့အတွက်တွေ ဘာတွေ ကြီးကြီးကျယ်ကျယ် မတွေးထားပါဘူး.. ဒါပေမယ့် ကိုယ်က ကျေးဇူးတရားကို နားလည်တဲ့သူ.. ကိုယ်ကြီးပြင်းခဲ့တဲ့မြေကို မတိုးတက်စေချင်ဘူးရယ်လို့ ဘယ်ရှိပါ့မလဲ.. ကိုယ့်ဇာတိရန်ကုန်မြို့ကို သန်ရှင်းသပ်ရပ်ပြီး နိုင်ငံတကာစံချိန်မီ မြို့ကြီး ဖြစ်လာစေချင်တယ်.. အထူးသဖြင့် သန့်ရှင်းရေးနဲ့ လမ်းပန်းဆက်သွယ်ရေး.. ယင်တလောင်းလောင်းနဲ့ အမှိုက်ပုံကြီးတွေ.. နံစော်နေတဲ့မြောင်းပုတ်တွေ.. ကွမ်းသွေးတွေ စွန်းပေနေတဲ့ ပလက်ဖောင်းတွေ.. လူစီးဖို့ထုတ်ထားတာမဟုတ်တဲ့ကားတွေနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ.. လမျက်နှာပြင်အလား ထင်မှားရတဲ့ လမ်းမကြီးတွေ.. မရှိစေချင်တော့ဘူး.. ကိုယ်စလုံးကိုရောက်ခါစက သူငယ်ချင်းတစ်ယောက်ပြောဖူးတာလေး သွားသတိရတယ်.. သူညကအိပ်မပျော်ဘူးတဲ့.. ဘာလို့လဲမေးတော့ ရန်ကုန်ပြည်လမ်းကို စလုံးမှာလို အိပ်စ်ပရက်စ်ဝေးလုပ်လိုက်ရင် ဘယ်နေရာတွေမှာ အိပ်စစ်တွေထားရမလဲ တွေးနေတာနဲ့ မိုးကိုလင်းရောတဲ့လေ.. တကယ်ပါ အိမ်နဲ့ဝေးနေကြသူတိုင်းရဲ့ရင်ထဲမှာ ကိုယ့်အိမ်လေးသာယာလှပဖို့ အခါအခွင့်သင့်တိုင်း တွေးနေမိတတ်စမြဲ..

ခု ကိုယ်လုပ်နေတဲ့အလုပ်က လုပ်ငန်းခွင်ဘေးကင်းရေးတွေ သဘာဝဘေးမှကာကွယ်ရေးတွေနဲ့ ဆက်စပ်နေလေတော့ ရနိုင်သမျှအသိပညာတွေကို လောဘတကြီးဆည်းပူနေမိတယ်.. ကိုယ်တို့နိုင်ငံအတွက် လိုအပ်မယ်ဆိုရင် ကိုယ်တတ်သမှ သိသမျှလေးနဲ့ တတ်နိုင်တဲ့နေရာက ပါဝင်နိုင်ကောင်းရဲ့ဆိုတဲ့အတွေးနဲ့ပေါ့.. လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ်တွေ စီမံချက်တွေ လေ့လာရပြန်တော့လဲ အတူတူပဲ.. တနေ့ကျရင် အသုံးတည့်နိုင်ပါရဲ့လို့ အမြဲတွေးမိတာပါ.. တန်ခိုးရှင်ကြီးတွေလို ဘယ်လိုတော့ဖြင့်ပြောင်းလဲပစ်လိုက်မယ်ရယ်လို့ မတွေးရဲပေမယ့် တတ်နိုင်သလောက်တော့ ပါဝင်ချင်မိတာအမှန်..

နိုင်ငံတကာလုပ်ငန်းရှင်ကြီးတွေက မြန်မာပြည်မှာ လုပ်ငန်းတွေသွားအခြေစိုက်ဖို့ ပြင်ဆင်နေတာတွေကြားရတော့ တကယ်ကိုအားတက်မိပါရဲ့.. ကိုယ်တို့သားချင်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းလာတော့မယ်မို့လား.. ဆက်သွယ်ရေးအနေနဲ့ ဖုန်းလိုင်းတွေ အလွယ်တကူဝယ်လို့ရလာတာတွေ ဖုန်းနဲ့အင်တာနက်သုံးလို့ရလာတာတွေအတွက် အရမ်းပဲ ၀မ်းသားမိတယ်.. စလုံးမှာတုန်းကတောင် အင်တာနက်မသုံးတဲ့ကိုယ့်မေမေ.. ခုတော့ သူ့ဖုန်းလေးနဲ့ အင်တာနက်သုံး.. ကိုယ့်ဆီကိုမေးလ်တွေပို့နဲ့ ပျော်စရာပဲ ကောင်းသေးတော့တယ်.. ကိုယ့်ပတ်ဝန်းကျင်က တချို့မိတ်ဆွေတွေလဲ အမိမြေကို ပြန်သွားကြပြီး စုဆောင်းထားတဲ့အရင်းအနှီးလေးတွေ နည်းပညာအသစ်တွေနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတွေ ပြန်လုပ်ကြတာ အများကြီးတွေ့ရတယ်.. ကိုယ့်အကျိုးအမြတ်အတွက် အဓိကလုပ်ကြတာပေမယ့် တဖက်တလမ်းကတော့ ကိုယ့်မြေကို အကျိုးပြုတာပဲမို့လား.. အနည်းဆုံးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်းတီးပေးနိုင်မယ်လေ..

ကိုယ်တို့တွေ အိပ်မက်အခါခါမက်ခဲ့ရတဲ့ ကျောင်းတော်ကြီး ပြန်ဖွင့်တော့မယ်ဆိုတော့ ခောတ်ရင်သွေးတွေအတွက် ၀မ်းသာအယ်လဲဖြစ်မိတယ်.. အစဉ်အလာကြီးခဲ့တဲ့ကျောင်းကြီးမှာ အဆင့်မှီသင်ကြားမှုတွေနဲ့ ပြန်လည်စည်ကားလာတော့မှာမို့ ကိုယ်တောင်မှ ဆယ်နှစ်လောက်ပြန်ငယ်လိုက်ချင်သေးတယ်.. ၀င်ခွင့်အမှတ်ကတော့ ဆေးတက္ကသိုလ်ထက်တောင် မြင့်သေးသတဲ့.. ကြည့်စမ်း.. ကိုယ်တို့တတွေအပေါ် သည်ကျောင်းကြီးက အဲသလောက်တောင် လွှမ်းမိုးထားသတဲ့လေ.. အဲသည်ကျောင်းကြီးကို မှတ်မှတ်ရရ ၂ခေါက်ပဲရောက်ဖူးပါတယ်.. ဂျီဟောသူစာအုပ်ထဲက ဇာတ်လိုက်ကျော်ကြီးရဲ့စိတ်ဝင်စားမိတာတော့ အမှန်ပဲ..

ကိုယ်တို့အိမ်လေး လှပသာယာပြီး နေချင်စဖွယ်ဖြစ်ဖို့ဆိုတာ မိသားစုဝင်တွေအားလုံးရဲ့ တာဝန်ပဲမို့လား.. အိမ်ထောင်ဦးစီးကလဲ ညီညွတ်မျှတာစွာ အုပ်ချုပ်တတ်မယ်.. အိမ်ရှင်မကလဲ အိမ်မှုကိစတွေကို နိုင်နင်းမယ်.. သားတွေသမီးတွေကလဲ ကိုယ့်မိဘ ကိုယ့်အိမ်ကို ခင်တွယ်အကျိုးပြုကြပြီး အချင်းချင်းလဲ ညီညွတ်နေကြမယ်ဆိုရင် ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ နေချင်စဖွယ် အိမ်လေးတစ်ဆောင် ဖြစ်ကိုဖြစ်လာရမှာပေါ့.. ကိုယ်တိုလို အိမ်နဲ့အဝေးမှာရောက်နေတဲ့ အိမ်ပြေးတွေကို အမေ့အိမ်က ဘယ်အချိန်ဖြစ်ဖြစ် တံခါးဖွင့်ကြိုနေတယ်ဆိုတာတော့ သိပ်ကို သေချာနေပြီလေ..

Tuesday, September 4, 2012

သင်္ဘောကျင်းနှင့် မိန်းမလှလေးများ


ကိုယ်က သင်္ဘောကျင်းတစ်ခုမှာ အလုပ်လုပ်သူပါ.. အလုပ်သဘောသဘာဝကိုက ယောက်ျားသားများနဲ့ ပိုပြီးသင့်တော်တာမို့ ကိုယ်တို့အလုပ်ထဲမှာ မိန်းကလေးဆိုတာ ရာခိုင်နှုန်းနည်းနည်းပဲရှိတာလေ.. ရှိတဲ့မိန်းကလေးတွေကလဲ အသက်ငယ်ငယ်ဆို အိမ်ထောင်သည်ကလေးအမေတွေ.. အပျိုကြီးဆိုလဲ ၃၀ကိုတော်တော်ကျော် ၄၀၀န်းကျင်တွေမို့ ကိုယ်တို့ကျင်းကယောက်ျားဘသားတွေခမျာ မိန်းမလှငတ်နေကြသူတွေပေါ့.. ကိုယ်က လူ့စွမ်းအားဌာနမှာလုပ်သူမို့ အားလုံးက မကြာခဏ စသလိုနောက်သလိုပြောတတ်ကြတယ်.. လှတပတလေးများကို အလုပ်ခန့်ပါဦးလားတဲ့.. ကိုယ်တို့ဌာနရယ် ငွေစာရင်းဌာနရယ်မှာ လူလိုပြီဆိုရင် မိန်းကလေးတွေလျှောက်ကြတာများတယ်.. အင်တာဗျူးခေါ်ပြီဆို မိန်းမလှလေးတွေလာကြတယ်ပေါ့.. အဲသည်တော့မှ ကျင်းထဲကရော ရုံးထဲကရော မိန်းမလှငတ်နေကြသူ ယောက်ျားဘသားတွေခမျာ မျက်စိအစာကျွေးစရာ ရတယ်ပေါ့လေ..

ကိုယ်တို့အလုပ်ခွင်က လူမနီးသူမနီး အစွန်အဖျားမှာဖြစ်နေတာရော.. ရုံးအဆောက်အဦးရယ်လို့ လှလှပပ သားသားနားနားမရှိတာရော သင်္ဘောကျင်းမို့ အန္တရာယ်များတယ်လို့ ပြောလို့ရတာရော စတာတွေကြောင့် တချို့မိန်းကလေးတွေက အင်တာဗျူးမဖြေခင်ကတည်းက လှည့်ပြန်သွားတတ်ကြသလို တချို့ကြတော့လည်း အလုပ်ခန့်တော့မှ ငြင်းကြတာတွေ အများကြီးပေါ့.. အဲသည်တော့ မိန်းမလှလေးများ အလုပ်ခန့်ရေးစီမံကိန်းက ကိုယ်တို့အတွက် မစ်ရှင်းအင်ပေါ့စစ်ဘဲလ်ဖြစ်နေတာ မဆန်းပါဘူး.. ကိုယ်တို့ဌာနအတွက်တော့ ယောက်ျားလေးတွေပဲ ထပ်ခေါ်ဖြစ်နေတယ်.. လျှောက်တဲ့သူတွေထဲလဲ ယောက်ျားလေးတွေပါတော့ သိပ်ခေါင်းမစားရဘူးပေါ့.. ငွေစာရင်းအတွက်ကျတော့ အလုပ်သဘာဝကိုက မိန်းကလေးတွေနဲ့ ပိုကိုက်တာမို့လား.. မန်နေဂျာကလဲ လူပျိုကြီးမို့ အလုပ်ခေါ်လိုက်တိုင်း မိန်းမလှလေးတွေကိုသာ ရွေးပြီးတော့ အင်တာဗျူးခေါ်ခိုင်းတတ်ပါတယ်.. ခုလဲ ငွေစာရင်းမှာ လူလိုလို့ ခေါ်နေပြန်ပြီလေ..

မြန်မာမိန်းကလေး လှလှလေးတွေလဲ အင်တာဗျူးလာကြတယ်.. သူတို့ကျပြန်တော့ အက်စ်ပါ့စ်လျှောက်ဖို့ လစာ ၂၀၀၀မပေးချင်တာနဲ့ပဲ အဆင်မပြေဘူး.. ပြီးခဲ့တဲ့အပတ်က ဗီယက်နမ်မလှလှလေးတစ်ယောက်ကို အင်တာဗျူးခေါ်ပါတယ်.. သူကတော့ ပီအာမို့ အဆင်ပြေလောက်တယ်ပေါ့.. နေ့ခင်း၂နာရီခေါ်ထားတာ ၃နာရီလဲရောက်မလာ ၄နာရီလဲပေါ်မလာနဲ့မို့ ဖုန်းဆက်လိုက်တော့ သူရောက်ခဲ့ပါတယ်.. အကြောင်းကြောင်းကြောင့် ပြန်သွားတာပါ.. အီးမေးလ်ပို့လိုက်ပါမယ်ဆိုပြီး အောက်ပါအတိုင်း အီးမေးလ်ပို့လာပါတယ်..

I'm sorry for the bad impression today for cancelling the interview without informing you in advance.
In fact, I have come to the place but couldn't find the right gate to your address. It really scared me for the first time coming as I couldn't find anybody like me around. Only just male workers and many people stared at me like an UFO... I was so terrified that I didn't know what to do at that time. I'm so sorry about my un-professional behaviour. I hope you can sympathise with me and please accept my apologise.

ဘယ်လောက်ဆိုးလိုက်တဲ့လူတွေလဲနော်.. အင်တာဗျူးလာတဲ့သူ လန့်ပြေးအောင်တောင် ၀ိုင်းကြည့်လိုက်ကြရတယ်ရယ်လို့..

ခုလည်း မလေးတရုတ်မ လှလှလေးတစ်ယောက် အင်တာဗျူးဖြေဖို့ရောက်နေပြန်ပြီ.. ဖြစ်ချင်တော့ ထမင်းစားချိန်ဆင်းတာနဲ့ကြုံတယ်.. ကျင်းထဲကသူတွေသာမက ရုံးထဲကလူတွေပါ အဲသည်မိန်းကလေးကို မြင်သွားကြတယ်ပေါ့လေ.. အားလုံးကလဲ ကိုယ်တို့ဌာနကို ဖုန်းဆက်ပြီးတမျိုး လူကိုယ်တိုင်လာပြီးတဖုံ ၀ိုင်းပြောနေကြတယ်.. အလုပ်ခန့်ဖြစ်အောင်ခန့်ပါတဲ့လေ.. နေ့တ၀က်ခွင့်ယူထားလို့ ပြန်မယ်ပြင်နေပြီး ကိုယ်တို့ကို သူလက်မှတ်ထိုးစရာစာရွက်တွေ ထမင်းစားမဆင်းခင် အတင်းလုပ်ခိုင်းတဲ့ကိုယ့်ဂျာကြီးလဲ ခုတော့ သူမဟုတ်သလိုနဲ့ ဟိုမိန်းကလေးဖောင်ဖြည့်နေတာ မပြီးမချင်း ဟိုယောင်ယောင်သည်ယောင်ယောင်နဲ့ ထိုင်စောင့်နေလေရဲ့.. ကိုယ်က ငါသိနေတယ်နော် ဆိုတဲ့အကြည့်မျိုးနဲ့ စောင်းကြည့်မိတော့ စပ်ဖြီးဖြီးလုပ်ပြနေတယ်..

ဤသည်ကား ကိုယ်တို့သင်္ဘောကျင်းနှင့် မိန်းမလှလေးများဇာတ်လမ်းတည်း..



Thursday, August 30, 2012

ကိုယ်တိုင်ဖြေဖို့



အချစ်ဆိုတာ...

တချို့တချို့တွေအတွက်..
ပန်းသီးတစ်လုံးကို အဆိပ်တွေလောင်းပေးတဲ့
စုန်းမကြီးရဲ့မှော်အတတ်လိုမျိုး..

တချို့တချို့တွေအတွက်..
နှင်းဆီဖြူတွေကို ဇွတ်အတင်းအရောင်ပြောင်းပေးတဲ့
ဘာမှန်းမသိတဲ့ရောင်ခြယ်တွေ..

တချို့တချို့တွေအတွက်..
မီးသွေးခဲကို စိန်ပွင့်တွေအဖြစ်ပြောင်းလဲပေးတဲ့
အပူချိန်နဲ့ဖိအား..

တချို့တချို့တွေအတွက်..
အဖြူရောင်ကင်းဗက်စကို ဆေးရောင်စုံခြယ်သပေးတဲ့
ပန်းချီဆရာရဲ့လက်တွေ..

တချို့တချို့တွေအတွက်..
လိုရာရောက်အောင်လမ်းညွှန်ပေးတဲ့
လမ်းပြကြယ်လေး..

တကယ်တမ်းကိုယ်လိုချင်နေတာက..
အဆိပ်မထည့်ခင်က ပန်းသီး..
အဖြူသက်သက်နှင်းဆီပွင့်တွေ..
စိန်ပွင့်ဖြစ်မသွားခင်ကမီးသွေးခဲ..
ဆေးမစွန်းခင်ကအဖြူရောင်ကင်းဗက်စ..
ကြယ်မလင်းတဲ့မှောင်အတိကောင်းကင်..
ဘာကြောင့်ရယ်မှ ပြောင်းလဲမသွားသေးခင်က ပကတိဆိုတဲ့အရာ..

အဲသည်တော့..
ကိုယ့်အတွက်
အချစ်ဆိုတာ တကယ်ရောလိုအပ်ပါရဲ့လား..

ပွင့်မြူးဇင်
၃၀.၀၈.၂၀၁၂