စလုံးကို စရောက်တယ်ဆိုကတည်းက ဒီမှာပဲ တသက်လုံးနေလိုက်တော့မယ်လို့ တခါမှမတွေးခဲ့ဖူးတာအမှန်ပဲ.. တနေ့နေ့တော့ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်ဆွေမျိုးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပြန်နေမယ်ဆိုတဲ့အတွေးပဲ တချိန်လုံးကြီးစိုးနေခဲ့တာလေ.. အိမ်ဆိုတဲ့စကားလုံးကြားတိုင်း မခမ်းနားမကြီးကျယ်တဲ့ မီးမှန်မှန်မလာတဲ့အရပ်က အိမ်အိုလေးကိုပဲ မျက်လုံးထဲမြင်နေတတ်တာမို့လား.. ရုပ်ဝတ္ထုတွေဘယ်လောက်ပဲ ပြည့်စုံနေပါစေ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ဒီမြို့မှာ ကျွန်မ မပျော်ဘူး.. မိုးလင်းကနေမိုးချုပ် စက်ရုပ်တွေလို ရုန်းကန်လှုပ်ရှားနေရတော့ ဘဝက လူမဆန်တော့သလိုပဲ.. ငွေကြောင့်သာမဟုတ်ရင် ဒီမြို့မှာ တစ်မိနစ်လေးတောင် ကျွန်မဆက်မနေချင်တော့ဘူး..
ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့တောင် တွေ့ဖို့ဆုံဖို့ စကားတွေပြောဖို့ အချိန်ဆိုတာရှားပါးလွန်းတယ်.. ဂျီတော့မှာပဲ ပြောကြ ဖဘမှာပဲတွေ့ကြ အတုအယောင်လောကထဲမှာပဲ ပျော်နေကြရတဲ့ဘဝမျိုးကို သိပ်ငြီးငွေ့မိတယ်.. ကိုယ့်မြေမှာတုန်းက မိသားစုတမျှ ရင်းနှီးနွေးထွေးတဲ့ အိမ်နီးချင်းတွေရှိတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းခဲ့ရတဲ့ကျွန်မအတွက် အချိန်တိုင်းတံခါးတွေပိတ်ထားပြီး ဘယ်လိုလူမျိုးတွေနေလဲဆိုတာတောင် မသိနိုင်တဲ့ အိမ်နီးချင်းမျိုးတွေနဲ့ နေသားကိုမကျနိုင်ဘူး..
မီးဆိုတာ ခလုတ်နှိပ်ရင်ရတယ်.. ရေဆိုတာ ဘုံဘိုင်ခေါင်းကလာတာ.. ဆိုတာလောက်ပဲ သိထားတဲ့လူမျိုးတွေနဲ့ ပြောဆိုဆက်ဆံလုပ်ကိုင်နေရတာ တခါတလေကျတော့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်.. မီးပျက်သွားရင် ရေပျက်သွားရင် အဆင်ပြေအောင်ဖြေရှင်းရမယ့်အစား ကွန်ပလိန်းတက်လိုက်ဖို့ကိုသာ စိတ်ဝင်စားတတ်တဲ့သူတွေနဲ့ ကျွန်မဘယ်လိုမှ သဟဇာတမဖြစ်နိုင်သလို.. ကိုယ့်အကြောင်းကိစ္စထက် သူများအကြောင်းကို ပိုပြီးစိတ်ဝင်စားတတ်တဲ့ စကားတင်းမျိုးစုံပြောတတ်တဲ့ လူတန်းစားတွေနဲ့ ဆက်ဆံရတာ ဘယ်လိုမှအံမဝင်ဘူး..
ဟိုးတုန်းက လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်ဖူးတဲ့အချိန်တွေကို ခဏခဏ အိပ်မက်မက်နေမိတယ်.. သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း နှစ်သက်မိတဲ့ သီချင်းတွေအကြောင်း ကဗျာတွေအကြောင်း စာအုပ်တွေအကြောင်း မမောနိုင်မပန်းနိုင်ပြောရင်း နေဝင်ချိန်တွေကို အတူတူကုန်ဆုံးခဲ့ကြဖူးတယ်.. မနက်မိုးလင်းတိုင်း ပဲပြုတ်သည်ရဲ့အသံနဲ့ နိုးထခဲ့ဖူးတဲ့ မနက်ခင်းလေးများစွာကိုလဲ ပိုင်ဆိုင်ဖူးခဲ့တယ်.. နေ့လည်နေ့ခင်းတွေမှာ သရက်ပင်အောက်ထိုင်ရင်း အိမ်နီးချင်းမိတ်ဆွေတွေနဲ့အတူ သရက်သီးစိမ်းတွေကို ငံပြာရည်နဲ့တို့စားခဲ့ဖူးတယ်.. ရုပ်ဝတ္ထုတွေ မပြည့်စုံပေမယ့် ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးက ပျော်စရာလေးတွေ ဖန်တီးပေးနိုင်ခဲ့တယ်လေ..
ကျွန်မအချစ်ဆုံး သားလေးနဲ့ခွဲနေရတော့ အိမ်ပြန်ချင်စိတ်က ပိုပြီးတော့ကြီးစိုးလာတယ်.. မောင်ကလဲ စလုံးမှာမပျော်တဲ့သူမို့ အိမ်ပြန်မယ့်အကြောင်း ပြောဖြစ်တဲ့အခါတိုင်း ၂ယောက်သားမျက်ဝန်းမှာ အရောင်တွေတလက်လက်ပေါ့.. မောင်က ကျွန်မထက်တောင် ပိုပြီးအိမ်ပြန်ချင်နေတဲ့သူ.. တလောက သူ့ ပါ့စ်သက်တမ်းတိုးတော့ ၃နှစ်ရတယ်.. အဲဒါကုန်ရင် ထပ်မတိုးချင်တော့ဘူးတဲ့.. သူအိမ်ပြန်ပါရစေတော့တဲ့.. ရန်ကုန်မှာပဲ စီးပွားရေးတခုခုလုပ်ချင်တယ်တဲ့လေ.. ကျွန်မ မောင့်ကို မောင်နေချင်တဲ့နေရာမှာပဲ နေစေချင်ပါတယ်.. တကယ်တမ်းကျတော့ ကျွန်မကိုယ်တိုင်လဲ မနေချင်တဲ့အရပ်မှာ နေနေရသူမို့လား.. သေသေချာချာစဉ်းစားပြန်တော့ ရန်ကုန်မှာ တကယ်လို့ စီးပွားရေးလုပ်ငန်းက အဆင်မပြေဘူဆိုရင် သားလေးအတွက် လိုအပ်တာတွေအပြည့်အဝ ဖန်တီးမပေးနိုင်မှာ စိုးရိမ်မိတယ်.. ကိုယ်တွေချည်းဆို အကြောင်းမဟုတ်ဘူးလေ.. ရသလောက်လေးနဲ့ ဖြစ်သလိုဖြတ်သန်းလို့ရပါရဲ့.. သားလေးအတွက်ကျတော့ မိဘတို့ရဲ့ထုံးစံအတိုင်း အကောင်းဆုံးဆိုတာတွေကိုပဲ ပေးချင်တာမို့လား..
မောင့်အတွက်စဉ်းစားမိတော့လဲ စိတ်မကောင်းဘူး.. ကျွန်မကြောင့်သာ သူက စလုံးကိုရောက်လာရတယ်.. သူမပျော်တဲ့နေရာမှာ သူမလုပ်ချင်တာတွေ လုပ်နေရတာမို့လား.. အဲလိုဆိုတော့ ကျွန်မလဲ ဆုံးဖြတ်လိုက်တယ်.. မောင်က ပြန်ချင်တယ်ဆိုလဲ ပြန်ပါစေတော့.. ကျွန်မကတော့ ရန်ကုန်မှာ စီးပွားရေးလုပ်ငန်းလေးတစ်ခု အခြေကျမှပဲ ပြန်တော့မယ်လို့.. စလုံးကိုရောက်လာတယ်ဆိုကတည်းက မေမေနဲ့တူတူနေခဲ့ရတာ ခုကျတော့လဲ မောင်နဲ့တူတူလေ.. မောင်ပြန်သွားရင် တယောက်တည်းနေရမှာမို့ အစပိုင်းတော့ ကျွန်မအတွက် သိပ်ကိုခက်ခဲမှာပေါ့.. ဖြစ်အောင်တော့ လုပ်ရမှာပေါ့လေ..
အိမ်ထောင်တစ်ခုမှာ အမေဆိုတဲ့နေရာက အခက်ခဲဆုံးပါလားဆိုတာ ပိုသဘောပေါက်လာမိတယ်.. ကျွန်မမေမေတုန်းကလဲ ဖေဖေကျန်းမာရေးမကောင်းတော့တဲ့အချိန်မှာ သားသမီးတွေအတွက် စလုံးကိုတယောက်တည်းရောက်လာပြီး ၁၅နှစ်လုံးလုံး ရုန်းကန်ခဲ့ရတာမို့လား.. ကျွန်မလဲ လုပ်နိုင်ရမှာပေါ့.. ကျွန်မစလုံးကိုရောက်တာ နောက်နှစ်ဆန်းဆို ၅ နှစ်ရှိပြီ.. အသက်၂၅နှစ်တုန်းကလာခဲ့တာမို့ ခု အသက်၃၀တောင်ပြည့်တော့မယ်.. နောက်ထပ်ဘယ်နှနှစ်လောက်များ ဆက်နေရဦးမယ်မသိဘူး.. ဘယ်အသက်အရွယ်ထိ အသက်ရှင်နေရဦးမလဲဆိုတာတောင် မသေချာတဲ့ဘဝထဲမှာ ဖြစ်နိုင်မယ်ဆိုရင်တော့ သိချင်ပါရဲ့.. ကျွန်မအတွက်.. အိမ်ပြန်ချိန်ဆိုတာ.. ဘယ်တော့လဲ.. လို့..

.jpg)



