ဒီနေ့ သီတင်းကျွတ်လပြည့်နေ့...
ရန်ကုန်က အဖွားတို့အိမ်မှာ လာကန်တော့ကြတဲ့ သားသမီးမြေးမြစ်တွေနဲ့ စည်ကားနေရောပေါ့... အဲဒီမိသားစုကန်တော့ပွဲလေးထဲ မပါဝင်နိုင်ပဲ အဝေးကနေပဲ ကန်တော့ရတာ ၂နှစ်ရှိပြီ... ကျွန်မတို့အမျိုးတွေက စည်းစည်းလုံးလုံးရှိတယ်လို့ပြောရမယ်... မောင်နှမ၀မ်းကွဲတွေအချင်းချင်းလည်း ရင်းရင်းနှီးနှီးရှိကြတယ်... ၀မ်းကွဲတွေထဲက အထက်အောက်တွေဆို အရင်းထက်တောင်ပိုခင်ကြသေးတာ... ဒီနေ့လို သီတင်းကျွတ်လပြည့်ဆို အားလုံးအဖွားတို့အိမ်မှာ ဆုံနေကြပေါ့... လူစုံပြီဆိုရင် မိသားစုကန်တော့ပွဲ စပြီလေ... အဖွားနဲ့ ဖွားလေးသန်းကို အရင်ကန်တော့ကြတယ်... ပြီးရင် ကြီးစဉ်ငယ်လိုက်ပေါ့... တစ်ယောက်ပြီးတစ်ယောက် ကန်တော့ခံကြ... မုန့်ဖိုးတွေပေးကြနဲ့ ပျော်စရာကြီးပေါ့...
ကန်တော့လို့ ပြီးကြရင် အဖွားချက်ထားတဲ့ စားစရာတွေကို စားပွဲဝိုင်းကြီးခင်းပြီးစားကြတာလေ... ဖေတို့မောင်နှမ ၇ယောက်ကမွေးထားတဲ့ မြေးတွေက ၁၄ယောက်ဆိုတော့ လူစုံတက်စုံဆိုရင် အဖွားအိမ်က အကျယ်ကြီးဆိုတာတောင် သိပ်မလောက်ချင်ဘူး... စားပြီးကြရင်တော့ ကျွန်မတို့ ကလေးတတွေရဲ့ဆော့ပွဲပေါ့... အဖွားရဲ့ခြံကကျယ်တယ်လေ... တူတူပုန်းတမ်း.. စိန်ပြေးလိုက်တမ်း... ရေလားကုန်းလား... မျိုးစုံအောင်ဆော့ကြတာပေါ့... လမ်းကဖြတ်သမျှမုန့်သည်ကိုလည်း အလွတ်မပေးပဲ ခေါ်ပြီးဝယ်စားကြသေးတာ... လူကြီးတွေကတော့ အိမ်ထဲမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောကြပေါ့... ကျွန်မတို့လဲ မောလာရင် လူကြီးတွေစကားဝိုင်းထဲ ၀င်ပါကြတယ်... အဖွားပြောပြတဲ့ ဖေတို့ငယ်ငယ်ကအကြောင်းတွေဆို နားထောင်လို့ သိပ်ကောင်းပေါ့...
ညနေစာစားပြီးလို့ နေ၀င်ပြီဆိုရင် မီးထွန်းပွဲစပါပြီ... ခြံဝကနေ အိမ်ဝအထိ လျှောက်လမ်းလေးရဲ့ ဘေးတစ်ဖက်စီမှာ ဖယောင်းတိုင်လေးတွေထွန်းကြတယ်... ၀ရန်တာမှာရောပဲပေါ့... ပြီးတော့ ပွဲဈေးတန်းက ၀ယ်ထားတဲ့ မီးပုံးတွန်းလှည်းလေးတွေ ကိုယ်စီတွန်းပြီး... လမ်းသလားကြတယ်လေ... ဗျောက်အိုးတွေလည်း ဖောက်ကြသေးတာ... ငရဲမီးဆော့ရတာလဲ ပျော်မှပျော်ပေါ့... မီးပန်းတွေကို ပန်းပင်တွေမှာချိတ်ပြီးဆော့တော့ အဖွားရဲ့ပန်းပင်တွေ မီးကျွမ်းကုန်လို့ ဆူခံထိတာလဲ မှတ်မိသေးတယ်...
မြေးတွေအရွယ်ရောက်လာတာနဲ့အမျှ အဖွားတို့အိမ်က မိသားစုကန်တော့ပွဲလေးလည်း လူမစုံတော့တာကြာပြီလေ... မနှစ်ကအထိ ပါဝင်နိုင်သေးတဲ့ ကျွန်မရဲ့ ချစ်ဖေဖေလည်း မရှိတော့ဘူး... ဖွားလေးသန်းလဲ မရှိတော့ဘူးလေ... ကျွန်မတို့ မောင်နှမ ၃ ယောက်စလုံးလည်း အဝေးမှာရောက်နေကြတယ်... မနက်က အဖွားဆီဖုန်းဆက်တော့ အဖွားကငိုတယ်... သူ့သား (ကျွန်မဖေဖေ) ကို လွမ်းသွားတယ်နေမှာပေါ့... ကျွန်မလည်းမျက်ရည်ကျမိတယ်...
သားသားကိုလည်း ဒီလိုမိသားစုကန်တော့ပွဲလေးနဲ့ မိတ်ဆက်ပေးချင်မိတယ်... ရေခြားမြေခြားမှာ ကြီးပြင်းရမယ့် သားသားကို မြန်မာ့ဓလေ့တွေနဲ့တော့ ဝေးမနေစေချင်ဘူး... မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့လေးတွေကို သားသားသိတတ်စအရွယ်ကတည်းက သင်ပေးရမယ်... ခုလောလောဆယ်တော့ သီတင်းကျွတ်အလွမ်းပြေ... Chinese Garden က တရုတ်မီးထွန်းပွဲကိုပဲ သားသားကိုခေါ်သွားလိုက်တော့မယ်... ကျွန်မအတွက်လည်း စိတ်အဆာပြေပေါ့....

4 comments:
စည်းလုံးတဲ့ Family Type ရှိတယ်ဆိုလို့ အားကျမိပါတယ်။
ဒီမှာတော့ သီတင်းကျွတ် ဖြစ်ဖြစ် ၊ သင်္ကြန်ဖြစ်ဖြစ် အဲ့ဒီရဲ့ sense တွေမရဘူးနော်
ပျော်စရာကောင်းတဲ့
မိသားစု ကန်တော့ပွဲလေးတွေကို
စိတ်ထဲမှာ မှန်းမြင်ယောင်ရတာတောင်
ကြည်နူးဖို့ကောင်းလိုက်တာနော်...
မိသားစု ပျော်ပါစေ
ကြည်နူးစွာ ဖတ်သွားပါတယ် မမရေ...
ဟုတ်တယ် .. ကလေးကို မြန်မာဓလေ့လေးတွေ သိဖို့ နားလည်ဖို့ မိတ်ဆက်ပေးထားတာ ကောင်းတယ်
သီတင်းကျွတ်တော့ ကျော်သွားပါပြီ
ဘာကို လွမ်းလို့ လွမ်းရမှန်း လည်း မသိတော့ပါဘူး
ငယ်ငယ်တုန်းက မိသားစု ကန်တော့ပွဲမျိုး မကြုံဖြစ်တာလည်း ၁၀ စုနှစ် ၁ ခုတောင် မကတော့ဘူး
သီတင်းကျွတ်မှာ အိမ်ရှေ့မှာ မီးထွန်းပြီး လမ်းတကာလျှောက် သူများအိမ်ထွန်းထားတာတွေ လိုက်မကြည့်ဖြစ်တာလည်း ကြာခဲ့ပြီ
သြော် သီတင်းကျွတ် သီတင်းကျွတ် ...
နေဒေး။
Post a Comment