Showing posts with label Hmawbi Memorial. Show all posts
Showing posts with label Hmawbi Memorial. Show all posts

Saturday, July 9, 2011

ပြန်ဆုံမယ့်ညနေ (GTC Hmawbi Gathering Singapore 2011)

ပြည်လမ်းမကြီးရဲ့ဘေး မှော်ဘီမြို့လေးနဲ့ မဝေးလှတဲ့တနေရာမှာ ကျွန်မတို့ရဲ့ကျောင်းတော်ကြီးရှိတယ်.. ၅နှစ်တိတိ နေ့စဉ်လိုလို ပျော်ခဲ့ဖူးတဲ့ကျောင်းတော်ကြီးနဲ့ ဝေးနေရတာ ခုဆို ၅နှစ်ကျော်လို့ ၆နှစ်နီးနီးတောင်ရှိခဲ့ပေါ့.. သူများတကာတွေရဲ့ အထင်ကရကျောင်းတော်ကြီးတွေလို ခန်းခန်းနားနားမရှိလှပေမယ့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကြားက ရင်းနှီးနွေးထွေးမှုလေးတွေနဲ့တင် လွမ်းတတ်မယ်ဆိုရင် လွမ်းလောက်စရာတွေက အများသားလေ.. ခုတော့ ကျောင်းဆောင်သစ်ကြီးဆောက်ပြီးသွားလို့ ကျောင်းအဟောင်းလေးလဲ အထီးကျန်နေလောက်ရောပေါ့.. ကျွန်မ ကျောင်းကိုတကယ်လွမ်းပါတယ်.. ပြန်မရနိုင်တော့တဲ့ ပြန်ရောက်ဖို့ရာမလွယ်တော့တဲ့ ကျောင်းတော်ကြီးဆီကို virtual tour လေးလုပ်ကြည့်လိုက်မယ်.. လိုက်ခဲ့မယ်မို့လား..

ကျောင်းအ၀င်ဂိတ် ၂ခုရှိတဲ့အထဲက အ၀င်အထွက်အများဆုံးက ရေအိုးစင်ဂိတ်.. မျက်နှာချင်းဆိုင်မှာ ဘော်ဒါဆောင်တွေ စားသောက်ဆိုင်တွေအပြည့်နဲ့ စည်ကားနေတတ်တဲ့နေရာပေါ့.. ရေအိုးစင်ဂိတ်ကနေ ခနော်နီခနော်နဲ့လမ်းလေးအတိုင်း လျှောက်ဝင်လိုက်ရင် လမ်းဘယ်ဘက်မှာ ကတွတ်ပင်ကြီးရှိတယ်.. ကျီးအာသီးနွယ်တွေက ကတွတ်ပင်ကြီးမှာ ယှက်လိမ်နေတာတွေ့ရတတ်တယ်လေ.. သူ့ဘေးမှာကခရေပင်.. မွှေးနေအောင်ပွင့်တဲ့ခရေပန်းတွေကို အကြွေကောက်ရတာအားမရလို့ အပင်ပေါ်ကနေ မမှီတမှီလမ်းဆွတ်တတ်တဲ့ ကောင်မလေးတယောက်ကို ခရေပင်ကြီးကများ မှတ်မိနေဦးမလား.. ညာဘက်မှာတော့ ညောင်ပင်ကြီးပေါ့.. ညောင်ပင်ဘေးနားက ဂ၀ံလမ်းလေးထဲဝင်သွားရင် ကန်တင်းကိုရောက်မယ်.. ဆိုင်တွေကနိမ့်ပြီး ဂ၀ံလမ်းကမြင့်နေတာမို့ ကန်တင်းလာသူတိုင်း မော်ဒယ်လ်ရှိုးလျှောက်ပြီးမှ ဆိုင်တွေကိုရောက်မယ်..

ကန်တင်းကိုမ၀င်ဘဲ ဆက်လျှောက်လာခဲ့ရင်တော့ လမ်းညာဘက်မှာ ရေစင်ကြီးတွေ့လိမ့်မယ်.. ရင်ဘတ်နဲ့ကြည့်ရင်တော့ တချိန်က ရေစင်ပေါ်တက်ဆော့ခဲ့ဖူးတဲ့ ကျွန်မတို့ခြေရာတွေပါတွေ့ရမယ်.. လွတ်လပ်ပေါ့ပါးစွာ ရယ်မောခဲ့ဖူးတဲ့ ရယ်သံလွင်လွင်လေးတွေပါ ကြားချင်ကြားရနိုင်မယ်လေ.. ရေစင်ကြီးဘေးက မြေနီလမ်းလေးထဲဝင်လိုက်ရင်တော့ ဘယ်ဘက်မှာက ခန်းမကျယ်ကြီးနဲ့ ညာဘက်မှာ ဇင်းကျိုက် မင်းဝံ ဇွဲကပင်စတဲ့ စာသင်ဆောင်တွေရှိတယ်.. လမ်းလေးဆုံးရင်တော့ သီဟိုတောထဲရောက်မှာပေါ့.. ဇင်းကျိုက်ဆောင်ဘေးနားက သရက်ပင်ကြီးတွေကရော ခူးမယ့်သူမရှိလို့ ပျင်းနေလေရော့သလား.. မင်းဝံဆောင်နဲ့ ဇွဲကပင်ဆောင်ကြားမှာ ခုလိုချိန်ဆို ဖလံတောင်ဝှေးပင်းတွေ ပေါက်နေလောက်ရောပေါ့.. မြေနီလမ်းလေးထဲမ၀င်ပဲ ဆက်လျှောက်မယ်ဆိုရင် ညာဘက်မှာ ကျောင်းသားရေးရာဌာနနဲ့ ရုံးခန်းတွေရှိတယ်.. ဆက်သွားလိုက်ရင် ဘယ်ဘက်မှာ အဆောင် ၁ ၂ ၃ ၄ တို့ တန်းစီနေတာ တွေ့ရမှာပေါ့.. ညာဘက်မှာကတော့ Workshop တွေလေ.. ကျွန်မတို့ အီးစီဌာနက လမ်းအဆုံးမှာ.. သူများဌာနတွေထက်ထူးခြားတာက ကျွန်မတို့မှာ ကိုယ်ပိုင်စာကြည့်တိုက်လေးရှိတယ်..

ဒီလောက်ပါပဲ.. သူများတွေကတော့ထင်ချင်ထင်မယ်.. ဘာလွမ်းလောက်စရာရှိလဲပေါ့.. ဟုတ်ပါတယ်.. ရုပ်ပိုင်းဆိုင်ရာအနေနဲ့တော့ လွမ်းလောက်စရာမရှိဘူးပေါ့လေ.. ဒါပေမယ့် ပကာသနတွေကင်းတဲ့ ရိုးရှင်းတဲ့ အရိုင်းဆန်တဲ့ အမှတ်ရစရာတမျိုးက ရင်ဘတ်ထဲအထိတိုးဝှေ့နေဆဲဆိုတာ ကျောင်းသားဟောင်းတိုင်းသိပါတယ်.. ခုဆိုရင် မိခင်ကျောင်းတော်ကြီးကထွက်လို့ ဘ၀ဆိုတဲ့လမ်းပေါ်မှာ လျှောက်နေရပြီဖြစ်တဲ့ သားတွေသမီးတွေ ကမ္ဘာမြေအနှံ့ပေါ့.. အနေနီးသူတွေက အချင်းချင်းဆုံဖြစ်နေကြပေမယ့် အဆက်အသွယ်ပြတ်နေသူတွေကလဲ မနည်းမနော.. လူတိုင်းရဲ့ရင်ထဲမှာတော့ ကျောင်းတော်ကြီးကိုလွမ်းနေမယ် သူငယ်ချင်းတွေကို သတိရနေမယ်လို့ မျှော်လင့်မိပါရဲ့..

သူများကျောင်းတွေက Gathering တွေလုပ်ကြတာမြင်တော့ တို့အလှည့်ဘယ်တော့ဖြစ်နိုင်မလဲလို့ တွေးမိတယ်.. တလောက မျက်နှာစာအုပ်မှာ ကျောင်းနာမည်နဲ့ Page လေးလုပ်ထားတာတွေ့ရပြီး စလုံးမှာတွေ့ဆုံပွဲလုပ်ဖို့ တိုင်ပင်နေကြတာတွေ့တော့ စိတ်ဝင်စားမိပေမယ့် ရက်ကိုကြည့်လိုက်တော့ ကျွန်မရန်ကုန်ပြန်မယ့်ရက်ဖြစ်နေတာမို့ တိတ်တိတ်လေးပဲ ကြေကွဲရတာပေါ့.. ရန်ကုန်ကပြန်လာတော့ ရက်ရွှေ့လိုက်ပြီဆိုတာသိလိုက်ရတယ်.. စနေနေ့တိုင်း အစည်းအဝေးရှိတယ်ဆိုတော့ သွားချင်ပေမယ့်လဲ မအားတာမို့ မသွားဖြစ်ခဲ့ဘူး.. ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ သူငယ်ချင်းကလဲခေါ်တာနဲ့ အစည်းအဝေးသွားတက်ဖြစ်တယ်.. တွေ့ဆုံပွဲအစီအစဉ် အသေးစိတ်လေးတွေကိုလဲ သိခဲ့ရတယ်ပေါ့လေ..

စလုံးမှာရောက်နေတဲ့ မှော်ဘီဂျီတီစီကျောင်းသားဟောင်းတွေအားလုံး ဘယ်နှစ်ကမဆို လာခဲ့ကြဖို့ ဖိတ်ချင်ပါတယ်.. လာမယ့် သြဂုတ်လ၆ရက် (စနေနေ့) ညနေ ၅ နာရီကနေ ည ၁၀ နာရီအထိ.. Pasir Ris Beach မှာပေါ့.. အစိုးမရတဲ့မိုးက နှောက်ယှက်ခဲ့မယ်ဆိုရင်တောင် အားလုံးအဆင်ပြေစေဖို့ Multi-Purpose Hall ကို ငှားထားပါတယ်.. Pasir Ris MRT Station ကနေလဲ လမ်းလျှောက်သွားလို့ရတယ်ဆိုတော့ အဆင်အပြေဆုံးပေါ့.. လက်မှတ်တစောင်ကို $၂၀ပါ.. ဘူဖေးလဲစားလို့ရမယ်.. တီရှပ်လက်ဆောင်လဲ ပေးဦးမှာနော်.. ကျောင်းသားဟောင်း မောင်နှမတွေအားလုံးပဲ ပြန်ဆုံမယ့်ညနေလေးမှာ အတူတူရင်ခုန်လိုက်ကြရအောင်လား.. နော်..

(လက်မှတ်ဝယ်ချင်သူများ.. myuemyue@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. ;) )

Friday, November 26, 2010

အိပ်မက်ထဲကကျောင်းတော် (၆)

အိပ်မက်ထဲကကျောင်းတော် (၁)
အိပ်မက်ထဲကကျောင်းတော် (၂)
အိပ်မက်ထဲကကျောင်းတော် (၃)
အိပ်မက်ထဲကကျောင်းတော် (၄)
အိပ်မက်ထဲကကျောင်းတော် (၅)

တတိယနှစ်စာမေးပွဲကို အေးအေးဆေးဆေးလေးပဲ ဖြေပြီး အောင်ခဲ့တယ်လေ.. စတုတ္ထနှစ်စတက်တော့ ကျွန်မညီမလေးကလဲ တက္ကသိုလ်တက်နေပြီ.. မောင်လေးကလဲ ဆယ်တန်းရောက်နေပြီဆိုတော့ မိဘတွေပိုက်ဆံတော်တော်လေးကုန်တာကို သတိထားမိလာတယ်.. ကိုယ်လုပ်နိုင်တာလေး လုပ်ကြည့်မယ်ဆိုပြီး ကျောင်းက အတန်းငယ်သူတွေကို ဂိုက်လုပ်တာလေး စဖြစ်တယ်.. မဆိုးဘူးလို့ပြောရမယ်.. ကိုယ့်ကျောင်းစားရိတ် ကာမိတဲ့အပြင် မောင်လေးညီမလေးတွေကိုတောင် မုန့်ဖိုးပေးနိုင်သေးတယ်လေ.. ပင်ပန်းတာကတော့ ပြောမနေနဲ့.. နေတာကမှော်ဘီကအဆောင်မှာ စာသွားသင်ရတာက ရန်ကုန်မှာဆိုတော့ ပိုပင်ပန်းတာပေါ့.. ကိုယ့်စာလဲကြည့်ရတယ်.. စာသင်ဖို့လဲ စာကြိုဖတ်ရတယ်ဆိုတော့ ခါတိုင်းနှစ်တွေထက် ၂ဆပိုပြီး ပင်ပန်းတာပေါ့.. ကျောင်းမှာ အတန်းအားရင်တောင် ဟိုဟိုဒီုဒီမလုပ်အားတော့ဘူး.. စာပဲကြည့်နေဖြစ်တယ်.. ဘီအီးတန်းတက်ခွင့်ရဖို့ အရေးကြီးတဲ့နှစ်လဲဖြစ်နေသေးတာကိုး.. မောင်နဲ့တွေ့ချိန်တွေတောင် နည်းသွားတယ်.. သူကိုလဲ စာလုပ်ဖို့ တွန်းနေရသေးတယ်.. သူကစာကိုလုံးဝမလုပ်ချင်တာလေ..

နှစ်ကုန်ခါနီးကျတော့ ပရောဂျက်သဘောမျိုး စာတမ်းတိုလေးတွေ လုပ်ရတယ်.. ငါးယောက်တဖွဲ့ပေါ့.. စာတမ်းတိုလေး ၃ခုလုပ်ရပါတယ်.. ကျွန်မတို့လုပ်တဲ့စာတမ်းတွေမှတ်မိသေးတယ်.. ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း အကြောင်းရယ်.. Fibre Optic Communication အကြောင်းရယ်.. Auto Voltage Regulator ရယ်ပေါ့.. စာတမ်းဖတ်ပွဲလုပ်ကြတော့ Presentation ဆိုတာ ဘာမှန်းမသိဘဲ ရေးထားသမျှကို ဖတ်ပြလိုက်ကြတာပါပဲ.. Fibre Optic အကြောင်းဖတ်တဲ့သူငယ်ချင်းက ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို လွဲပြီးဖတ်ပြလိုက်လို့ ရယ်ကြရသေးတယ်.. Beamwidth ဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို ဖြေတဲ့သူက Beamwidth ဆိုတာ Beam ရဲ့ width ပါဆရာမလို့ ဖြေတာကတမျိုး.. အတန်းထဲမှာ မတည့်ကြသူတွေချင်း ပေါက်ကရတွေမေးလို့ ဆူကြပွက်ကြတာကတမျိုးနဲ့ ဗြုတ်စဗျင်းတောင်း ပြီးသွားတာပါပဲ.. စာတွေကလဲပိုများလာတာကတကြောင်း.. အလုပ်တဖက်ဖြစ်နေတာတကြောင်းနဲ့ အဲဒီနှစ်က စာမေးပွဲကို စိတ်တိုင်းကျ မဖြေနိုင်ခဲ့ပါဘူး.. ဘီအီးတန်းမှ တက်ခွင့်ရပါ့မလားလို့ စိတ်ပူလိုက်ရတာလဲ မပြောပါနဲ့တော့.. အောင်စာရင်းထွက်တော့မှ စိတ်အေးရတော့တယ်.. ကျောင်းဆက်တက်ခွင့်ရတယ်လေ.. အဆင့်ကတော့ ခါတိုင်းဂဏန်း၁လုံးထဲရှိရာကနေ ဂဏန်း၂လုံးဖြစ်သွားလို့ အဆူခံလိုက်ရသေးတယ်.. မောင်ကတော့ အဲဒီနှစ်က စာမေးပွဲကျပါတယ်.. ကျွန်မသူ့အတွက် အချိန်မပေးနိုင်ခဲ့လို့ ပိုပြီးပေပေတေတေတေခဲ့ပုံပါပဲ..

နောက်ဆုံးနှစ်ကျောင်းတက်ရက်တွေကတော့ ပျင်းခြောက်ခြောက်ပိုနိုင်လာတယ်.. မှော်ဘီတခွင်မှာ လည်ရပတ်ရတာကလဲ ရိုးနေပြီကိုး.. ကျောင်းအုပ်တွေကလဲ တယောက်ပြီးတယောက်ပြောင်းသွားလိုက်တာ မှတ်တောင်မမှတ်မိတော့လောက်အောင်ပဲ.. အငယ်တန်းတွေက ကလေးတွေကိုကြည့်ရတာ စာကိုစိတ်မ၀င်စားကြတော့တဲ့ပုံမျိုး.. အတန်းတွေလဲ မှန်မှန်မတက်ကြဘူး.. ဆေးလိပ်တို့ အရက်တို့ဆိုတာကလဲ လွယ်လွယ်နဲ့ဝယ်လို့ရနေတော့ ပျက်စီးလွယ်ကြတာပေါ့.. ဘောလုံးပွဲတွေလောင်းကြ ဖဲဝိုင်းတွေ ကြေးကြီးကြီးနဲ့ကစားကြနဲ့.. ကလေးတွေပျက်စီးကြတာမြင်ရတော့ စိတ်မကောင်းဘူး.. အင်ဂျင်နီယာပညာကို ၀ါသနာပါလို့မဟုတ်ပဲ ရောက်လာလို့သာသင်နေရတယ် စိတ်ကိုမ၀င်စားဘူး ဆိုတဲ့ပုံစံမျိုးတွေမြင်ရတော့ ဘယ်သူ့ကိုစိတ်ဆိုးရမှန်းမသိ စိတ်တွေဆိုးမိသေးတယ်.. တကယ်တော့ သူတို့လေးတွေကိုလဲ အပြစ်ပြောလို့မရပါဘူး.. အသက်၁၆နှစ်လောက်မှာ ၁၀တန်းအောင်လာတော့ ကိုယ့်ကိုကိုယ်တောင် ဘာကိုဝါသနာပါမှန်း ဘာဖြစ်ချင်မှန်း သိကြဦးမှာမှမဟုတ်ပဲ.. ကျောင်းကိုရောက်လာတော့လဲ ပရိဘောဂကအစ မပြည့်မစုံနဲ့.. လက်တွေ့ခန်းသုံးကိရိယာတွေကလဲ ခောတ်မမှီ ဆိုတော့ ဒီပညာရပ်တွေကို အထင်မကြီး စိတ်မ၀င်စားကြတော့တာ မဆန်းဘူးပေါ့.. တချိုကလေးတွေလဲ စိတ်ဝင်တစားနဲ့ ကြိုးစားကြတာရှိပါတယ်.. လူနည်းစုပေါ့.. ဒီလိုမျိုးတွေဖြစ်လာအောင် ရည်ရွယ်ချက်နဲ့ တမင်တကာလုပ်တာဆိုရင်တော့ လုပ်တဲ့သူတွေ အောင်မြင်တယ်ပြောရမှာပေါ့လေ..

အဖြူနဲ့နက်ပြာယူနီဖောင်းတွေ စ၀တ်ရတာက မှတ်မိသလောက်တော့ နောက်ဆုံးနှစ်မှပဲထင်တယ်.. ဘာပဲဖြစ်ဖြစ် ကျောင်းသားနဲ့အပြင်လူ ခွဲခြားရလွယ်သွားတာတော့ အမှန်ပဲ.. အ၀တ်အစား ပြိုင်ဆိုင်ဝတ်ကြတာမျိုးလဲ နည်းသွားမယ်ထင်တယ်.. ကျွန်မကတော့ ယူနီဖောင်းဝတ်ရတာကို ကြိုက်ပါတယ်.. နောက်ပိုင်းတော့ အင်္ကျီပုံစံပါ ဆင်တူသတ်မှတ်လိုက်တယ်ကြားတယ်.. ကျွန်မတို့တော့ မမှီလိုက်ပါဘူး.. ကျောင်းပြီးသွားပြီကိုး.. ကျောင်းပြီးသွားတော့ ဘွဲ့နှင်းသဘင်ကိုလဲ မှော်ဘီကျောင်းမှာပဲလုပ်ပါတယ်.. ဘာအဆောက်အအုံမှ မယ်မယ်ရရမရှိတော့ ဘယ်မှာလာပြီး ခမ်းခမ်းနားနားရှိပါ့မလဲ.. ဒါပေမယ့် ကိုယ့်ဆရာတွေ ကိုယ့်သူငယ်ချင်းတွေ အားလုံးပြန်ဆုံရတာမို့ ပျော်တာကတော့ ပျော်တာပါပဲ..

ဘွဲ့နှင်းသဘင်ကတော့ ကျွန်မရဲ့ ၅နှစ်တာအိပ်မက်တွေရဲ့ ဇာတ်သိမ်းခန်းပေါ့.. ရုပ်ဝတ္ထုတွေမပြည့်စုံခဲ့ပေမယ့် ကျွန်မတို့ရဲ့ကျောင်းတော်ကြီးကတော့ ကျွန်မရဲ့ဘ၀မှာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ပါတယ်.. နွေရောက်တိုင်း ငုဝါတွေဝေနေအောင်ပွင့်တတ်တဲ့ ကျောင်းဝင်းကလေးထဲမှာ ကျွန်မဘ၀အတွက် အရေးကြီးတဲ့ပညာရပ်တွေကို သင်ယူခွင့်ရခဲ့တယ်.. ဘ၀အကြောင်း အချစ်အကြောင်း အသဲကွဲတဲ့အကြောင်းတွေလဲ အပါအ၀င်ပေါ့.. ခုတော့ အရင်နေရာကျောင်းဝင်းလေးက ခြောက်ကပ်နေရော့မယ်.. ကျောင်းဆောင်သစ်ကြီး ဆောက်ပြီးသွားပြီကိုး.. ကျွန်မတို့ကျောင်းတက်နေတုန်းက ဆရာတွေရော မှော်ဘီကျောင်းမှာ ရှိကြသေးရဲ့လားမသိ.. တနေ့နေ့တော့ ကျောင်းတော်ကြီးဆီကို ရောက်အောင်သွားလည်ဦးမယ်လို့ စဉ်းစားနေမိရင်း.. ကျွန်မ အိပ်မက်ထဲကနေ ပြန်လာခဲ့ပြီလေ..

(ဆက်မရေးဖြစ်ဘဲ ကြာနေတဲ့ပို့စ်လေးကို ပြန်အသက်သွင်းပြီး အဆုံးသတ်ထားတာပါ.. ကျောင်းကိုလွမ်းလို့..)

Friday, August 20, 2010

ထိုင်ခဲ့ဖူးတဲ့ ကန်တင်းဆိုင်လေးများ

ကျောင်းသားဘ၀ လွတ်လပ်ပျော်ရွှင်မှုတွေအကြောင်း ပြန်ပြန်တွေးတိုင်း မပါမဖြစ်က ကျောင်းကန်တင်းက ဆိုင်လေးတွေပေါ့.. အပြင်က စားသောက်ဆိုင်တွေမှာ မရတတ်တဲ့ အစားအစာဆန်းလေးတွေနဲ့ ကျွမ်းဝင်ခွင့်ရခဲ့တာလဲ ကျောင်းကန်တင်းက ဆိုင်လေးတွေမှာပဲပေါ့..

ကျွန်မတို့ကျောင်းစတက်တော့ မှော်ဘီဂျီတီစီရဲ့ကန်တင်းမှာ ဆိုင်လေး၃ဆိုင်ပဲရှိသေးတယ်.. ကျောင်းအ၀င်ဝရဲ့ဘယ်ဖက်မှာက ဂျက်စမင်းဆိုတဲ့ဆိုင်လေး.. အစားအသောက်သိပ်မကောင်းလို့ ထိုင်ခဲတဲ့ဆိုင်ပေါ့.. စက်မှုက ယောက်ျားလေးတွေအထိုင်များလို့ ၀င်မထိုင်ဖြစ်တာလဲပါတယ်.. နောက်ပိုင်း ကန်တင်းအသစ်ဆောက်ပြီးတော့ ချက်တဲ့သူလဲပြောင်းသွားလို့ထင်တယ်.. စားကောင်းသောက်ကောင်းရှိလာတာနဲ့ ထမင်းချိုင့်ဆွဲတောင် ယူစားဖြစ်လိုက်တယ်လေ.. မောင်နဲ့တွေ့ပြီးတော့မှပါ.. မောင်ကဘေးနားမှာပါနေတော့ ဘယ်ဆိုင်ဖြစ်ဖြစ် ၀င်ရဲသွားပြီလေ.. ဂျက်စမင်ကအစားအစာတွေထဲ မှတ်မိနေတာက တပွဲ၁၀၀ပေးရတဲ့ ကြာဇံဆီချက်ပေါ့.. ဘာအသားမှမပါဘဲကို စားလို့ကောင်းပါတယ်..

နောက်ဆိုင်တစ်ဆိုင်က ကောင်းထက်တဲ့.. အ၀င်လမ်းရဲ့ ညာဘက်မှာရှိတာပေါ့.. ကျောင်းစတက်တက်ချင်း အထိုင်အများဆုံးဆိုင်လေ.. ဆိုင်ကကျယ်ပြီး သီချင်းတွေဘာတွေလဲဖွင့်တာမို့ ပျင်းရင်ကို သွားထိုင်နေဖြစ်တယ်.. သူ့ဆိုင်က ထောပတ်သီးဖျော်ရည်ကတော့ အသည်းစွဲပဲ.. ရေခဲသုတ်လဲစားကောင်းတယ်.. ကျွန်မတို့ဘော်ဒါဆောင်နဲ့ မျက်နှာချင်းဆိုင်လိုဖြစ်နေတော့ ညနေစာစားချိန်ဆိုလဲ ကောင်းထက်ကိုပဲ သွားဖြစ်တယ်လေ..

နောက်တစ်ဆိုင်က မိဘမေတ္တာတဲ့.. အဘဆိုင်လို့ပဲခေါ်ကြတယ်.. အဘတို့လင်မယားက စေတနာကောင်းလို့ လူအမြဲပြည့်နေတတ်တဲ့ဆိုင်ပေါ့.. ဟင်းတွေလဲကောင်းတယ်.. ဆရာမကြီးအိမ်နဲ့ကပ်လျှက် ညောင်ပင်အောက်မှာရှိတာလေ.. လူများလို့သာမထိုင်ဖြစ်တာ ဟင်းတွေကကောင်းတော့ ပါဆယ်သွားသွားဆွဲဖြစ်တယ်.. အလကားပေးတဲ့ သီးစုံချည်ရည်ကအစ စေတနာထားချက်လို့ စားကောင်းနေတတ်တာပါ..

၃လ ၄လလောက်နေတော့ ကောင်းထက်ဘေးနားမှာ ၀ါးရုံရိပ်ဆိုတဲ့ဆိုင်လေးတိုးလာတယ်.. အိမ်ချက်ဟင်းလေးတွေလိုပဲမို့ စားကောင်းတာပါပဲ.. သူတို့ဆိုင်က ရှောက်သီးသုပ်လေး အရမ်းစားကောင်းတာ မှတ်မိနေသေးပါရဲ့.. ကျန်တဲ့အသုပ်တွေတော်တော်များများလဲ ကောင်းတယ်ဆိုတော့ အသုပ်စားချင်ရင် ၀ါးရုံရိပ်ကို သွားဖြစ်တယ်.. ရေနွေးကြမ်းကလည်း လဖက်ခြောက်ကောင်းကောင်းသုံးလို့ သောက်ကောင်းတာကိုး..

နောက်ပိုင်းကျတော့ ကန်တင်းဆိုင်ခန်းတွဲတွေ အသစ်ဆောက်လိုက်တယ်.. တစုတစည်းတည်းဖြစ်သွားတာပေါ့.. သီချင်းတွေအပြိုင်ဖွင့်ကြလို့ နားညည်းလိုက်တာမပြောပါနဲ့.. တဆိုင်နဲ့တဆိုင်က ကပ်နေတာမို့လား.. အသံတွေလုံးပြီး ဘယ်လိုမှ သာယာနာပျော်ဖွယ် ဖြစ်မလာနိုင်တော့ဘူးလေ.. ဆိုင်သစ်တွေလဲ ထပ်တိုးလာတယ်.. စီနီယာအစ်ကိုကြီးတွေစုပြီး Mr. Cupid ဆိုတဲ့ဆိုင်လေးတောင်ဖွင့်လိုက်သေးတယ်.. သိပ်မကြာလိုက်ပါဘူး.. သူငယ်ချင်းတွေဒဏ်မခံနိုင်ဘူးထင်ရဲ့.. ဆက်မလုပ်တော့ဘူးလေ.. တိုးလာတဲ့ဆိုင်တွေထဲက စုံစုံလင်လင်လေးရောင်းတာက မဟာနွယ်ဆိုတဲ့ဆိုင်လေးပါ.. တရုတ်ဟင်းတွေပါမှာလို့ရတယ်.. ဈေးတော့နည်းနည်းပိုတာပေါ့.. စမူဆာတို့ အီကြာကွေးတို့ ရတတ်လို့ မနက်စာစားလို့ကောင်းတဲ့ဆိုင်ပါ..

ကျွန်မတို့အဆောင်ရှေ့မှာလဲ ပြည့်ဝဆိုတဲ့ထမင်းဆိုင်လေးရှိတယ်.. စစချင်းတော့ မောင်နှမတတွေစုပြီးလုပ်ကြတာ.. ဟင်းချက်သိပ်မကောင်းလို့ သိပ်မစားဖြစ်ဘူး.. နောက်ပိုင်း သူတို့ဆီကနေဆိုင်ကိုပြန်ဝယ်လိုက်တဲ့ အန်တီအိက ဟင်းချက်ကောင်းတာမို့ ဒုတိယနှစ်တနှစ်လုံး ပြည့်ဝကိုပဲ အားပေးဖြစ်တယ်.. နေ့လည်စာစားတိုင်း သူငယ်ချင်းတွေတအုပ်ကြီး ပြည့်ဝကိုချီတက်ကြတာပေါ့.. နေ့ခင်းဘက်အတန်းလစ်ပြီး ကန်တင်းသွားဖြစ်ရင်တော့ အဘဆိုင်မှာ ရခိုင်မုန့်တီလေးသောက် လဖက်သုပ်လေးစား... ဂစ်တာတီးပေးတဲ့သူရှိရင် သီချင်းလေးဘာလေး လိုက်အော်ပေါ့.. စာကြည့်တိုက်ကယူလာတဲ့ စာအုပ်တစ်အုပ်အုပ်ထဲ ခေါင်းစိုက်နေဖြစ်တာက ပိုများပါတယ်.. ရေနွေးကြမ်းတွေ တအိုးပြီးတအိုးဖြည့်ခိုင်းလဲ မငြိုငြင်တတ်ကြပါဘူး.. နေ့ခင်းဘက် သီအိုရီချိန်များဆို တတန်းလုံးနီးပါး ကန်တင်းရောက်နေတတ်လို့ ကန်တင်းမှာရိုးကောလ်လိုက်ကောက်ရမတတ်ပဲ..

ကျောင်းကန်တင်းကမဟုတ်ဘဲ ကျောင်းကသူငယ်ချင်းတွေနဲ့ အတူတူခဏခဏထိုင်ဖြစ်တဲ့ ဆိုင်လေးလဲရှိသေးတယ်.. သင်္ကန်းကျွန်း ဘ၀မြင့်မှတ်တိုင်က လဖက်ရည်ဆိုင်လေးပေါ့.. ဒီဂျစ်တယ်ဆရာကြီး ဦးခင်ဌေးဆီမှာ သင်တန်းတက်ကြရင်း သင်တန်းချိန်ပြီးရင် အိမ်တန်းမပြန်ဘဲ လဖက်ရည်ဆိုင်ထိုင်တတ်ကြတာလေ.. မိန်းကလေးကတော့ ကျွန်မတစ်ယောက်တည်းပေါ့.. ဆိုင်နာမည်တောင် မသိတော့ဘူး.. ပေါ့ဆိမ့်တစ်ခွက်နဲ့ နေ၀င်ခဲ့တဲ့ညနေခင်းတွေ ကျွန်မဘ၀မှာအများကြီးပါပဲ.. ခြင်စာကျွေး သွေးလှူပွဲလေးလို့လဲ ပြောရင်ရသပေါ့လေ.. စမ်းချောင်းလမ်းထဲက အိမ်မဲမုန့်ဟင်းခါးဆိုင်လေးကလဲ ကျွန်မတို့တတွေရဲ့ ဆုံမှတ်ဖြစ်ခဲ့ဖူးသေးတယ်.. ဟင်းရည်ကျဲကျဲနဲ့ ငရုတ်ကောင်းနဲ့မွှေးမွှေးလေးမို့ ကျွန်မအရမ်းကြိုက်တဲ့ မုန့်ဟင်းခါးပေါ့.. ကျူရှင်မသွားခင် အမြဲတမ်းစားနေကျ..

ခု စလုံးမှ အလုပ်လုပ်နေတော့လဲ ကျွန်မတို့သင်္ဘောကျင်းက ဘယ်နေရာ ဘာစားသောက်ဆိုင်နဲ့မှ မနီးတာမို့ ရုံးကန်တင်းမှာပဲ နေ့စဉ်စားရပါတယ်.. တရုတ်ဆိုင်တဆိုင် ကုလားဆိုင်တစ်ဆိုင်နဲ့ အအေးတွေ အသီးတွေရောင်းတာကတစ်ဆိုင်... မနက်အစောကြီးတက်ရတဲ့အလုပ်ဆိုတော့ မနက်စာကိုလဲ ရုံးရောက်မှပဲ စားရတာပေါ့.. ကုလားဆိုင်ကတော့ မနက်တိုင်း ပလာတာ ဗယာကြော် မတ်ပဲကြော် မုန့်ပေါင်းတွေရောင်းတယ်.. ကုလားတွေများ ဘာလာလာပဲဟင်းလေးစမ်းပြီး ကြိတ်ပစ်လိုက်တော့တာကိုး.. တခါတလေတော့ ကုလားဆိုင်ကစားဖြစ်တယ်.. အမြဲတမ်းတော့ မစားနိုင်ဘူး.. ချွေးနံ့ကပါ မဆလာနံ့ထွက်လာတယ်ထင်ရအောင် အနံ့ပြင်းလွန်းလို့.. အများဆုံးစားတာကတော့ တရုတ်ကြီးဆီကပါ.. မနက်စာဆိုရင် ပုံမှန်ခေါက်ဆွဲကြော် ကြာဇံကြော်တွေအပြင် တနေ့တမျိုး စပါယ်ရှယ်လေးတွေရှိတယ်.. Fish Ball Mee တို့ Mee Rebus တို့ Laksa တို့ Wanton Mee တို့ပေါ့.. နေ့လည်စာဆိုရင်လဲ ဟင်းချက်မဆိုးဘူးပြောရမယ်.. အရသာလေးဘာလေးရှိသေးတယ်.. စလုံးထမင်းဆိုင်တွေက ဟင်းတွေအကြောင်း စားဖူးသူတိုင်းသိပါတယ်.. သူတို့လို အရသာမရှိအောင်ချက်ပြပါဆို ကျွန်မမချက်တတ်ဘူး တကယ်.. ဘာအရသာမှကိုမရှိတာ.. ဗမာပါးစပ်နဲ့တော့ တလွဲမှ တကယ့်ကိုတလွဲပဲ.. ရုံးကန်တင်းကဆိုင်ကတော့ တော်တော်လေးစားကောင်းတယ်.. ကံကောင်းတယ်ဆိုရမှာပေါ့.. စားမကောင်းလဲ ဘာမှမရှိတော့ သူ့ဆီမှာပဲစားရမှာကိုး..

ဘာရယ်မဟုတ်ပါဘူး.. ရုံးကန်တင်းမှာထိုင်ရင်း ကျောင်းကန်တင်းကိုသတိရမိသွားတာနဲ့ စိတ်ထဲရှိရာချရေးလိုက်မိပါတယ်..

Wednesday, March 31, 2010

အိပ်မက်ထဲကကျောင်းတော် (၅)


ကျွန်မတို့ တတိယနှစ် စတက်တဲ့အချိန်မှာတော့ ကျောင်းတော်ကြီးက တော်တော်စည်ကားနေပါပြီ.. ကျောင်းသားတွေအပြည့်နဲ့ စာသင်ခန်းတွေ လက်တွေ့ခန်းတွေ ပုံဆွဲခန်းတွေ တွေ့နေရတာတစ်မျိုးကြည်နူးစရာပေါ့.. ဘီတက်ခ်တန်းမှာတော့ ကျွန်မတို့နှစ်က လမ်သစ်ထွင်သူတွေ မဟုတ်တော့ဘူး.. စနစ်ဟောင်းဂျီတီအိုင်သမားတွေထဲက သုံးလေးနှစ်စာလောက်လူတွေကို ရွေးခေါ်ပြီး ဘီတက်ခ်သင်တန်း တက်ခွင့်ပေးထာတော့ သူတို့က ရှေ့ပြေးဖြစ်သွားတယ်.. စီနီယာတွေရှိသွားတော့ ကျွန်မတို့လည်း စာမေးချင်ရင် သူတို့ကိုမေးလို့ရသွားတာပေါ့.. ကျွန်မတို့ကပ်သီးကပ်သပ်မေးသမျှတွေကို စိတ်ရှည်လက်ရှည်ဖြေပေးတတ်တဲ့ စီနီယာအစ်ကိုကြီးတွေကိုလည်း ကျေးဇူးတင်ရပါတယ်..

အဲဒီအချိန် ကျောင်းမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေလုပ်တာ ခောတ်စားလာတယ်.. ကျွန်မတို့တုန်းက ကြိုဆိုမယ့်သူမရှိခဲ့ပေမယ့် ကိုယ့်မောင်ညီမလေးတွေကို ကြိုဆိုဖို့တော့ အားလုံးပဲ တက်တက်ကြွကြွ ရှိခဲ့ကြပါတယ်.. ပိုက်ဆံတွေစုကြ.. အစီအစဉ်တွေဆွဲကြနဲ့.. ပျော်ပျော်ပါးပါးပါပဲ.. အဲဒီအချိန်မှာ မောင်နဲ့စတွေတာပေါ့.. ကျွန်မက မောင်မယ်သစ်လွင်တွေကို ကြိုဆိုမယ့် စီနီယာ.. သူက အကြိုဆိုခံရမယ့်ဂျူနီယာလေး.. ကြိုဆိုပွဲနေ့မှာ မောင်မယ်သစ်လွင်လေးတွေကို ကိုယ်ပိုင်နံပါတ်လေးတွေလိုက်ဝေပေးတော့ ကျွန်မကိုကူပေးတဲ့ ကောင်လေးတစ်ယောက်ကို သတိထားမိတယ်.. သူ့ရဲ့နံပါတ်က ၁၇တဲ့.. ကင်းရွေးတော့ကျွန်မမဲပေးတဲ့နံပါတ်က ၁၇ပေါ့.. ဟိဟိ.. သူကင်းမဖြစ်ခဲ့ပါဘူး.. သို့သော်.. သို့သော်ပေါ့နော်..

ကျွန်မတို့အီလက်ထရောနစ်မေဂျာမှာ ကိုယ်ပိုင်စာကြည့်တိုက်လေး လုပ်ထားပါတယ်.. စာအုပ်တွေကတော့ အလှူခံလို့ ရသမျှပေါ့.. လစဉ်ကြေးရသမျှလေးစုပြီး စာအုပ်ဈေးပွဲတော်တွေမှာလဲ လိုက်ဝယ်ကြသေးတယ်.. စာကြည့်တိုက်စဖွင့်ကတည်းက ကျွန်မနဲ့မိစုက ထမင်းစားချိန်ဆို စာကြည့်တိုက်ထဲပဲရောက်နေတတ်တာလေ.. မောင်မယ်သစ်လွင်ကြိုဆိုပွဲပြီးတော့ နောက်တနေ့ ကျွန်မရဲ့ နံပါတ်၁၇လေး စာကြည့်တိုက်ကို ရောက်လာပါတယ်.. သူစာအုပ်ငှားတော့ ကျွန်မစာရင်းမှတ်ပေးရင်း သူ့နံမည်ကိုသိလိုက်တယ်.. ကျော်ကိုကိုတဲ့.. ဖြစ်ချင်တော့ စာသင်ခန်းချင်းကလည်း ကပ်ရက်ဖြစ်နေတယ်.. ကျွန်မတို့က ၃၀၇မှာ.. သူတို့က ၃၀၈မှာ.. သူအပြင်သွားတိုင်း ကျွန်မတို့အခန်းရှေ့ကဖြတ်သွားရတာလေ.. ကျွန်မထိုင်တဲ့နေရာက ပြတင်းပေါက်ဘေးမှာဆိုတော့ ဆရာမရှိတဲ့အချိန်တွေဆို သူကလာလာပြီး စကားပြောတတ်ပါတယ်.. တဖြေးဖြေးနဲ့ ခင်သွားကြတယ်ပေါ့.. နောက်နဲနဲကြာတော့ ကျွန်မကို သူရည်းစားစကားပြောပါတယ်.. ဖုန်းဆက်ပြီးပြောတာပါ.. ကျွန်မကသိပ်ဟန်မဆောင်တတ်တော့ ခပ်မြန်မြန်ပဲ ချစ်သူတွေဖြစ်သွားကြတာပေါ့.. တနင်္ဂနွေနေ့တိုင်း မှော်ဘီကဆောင်ကိုပြန်တတ်တဲ့ကျွန်မနဲ့ ကျူရှင်လာတက်ပြီး အိမ်ပြန်တဲ့သူနဲ့ တိုက်ကြီးရန်ကုန် အမြန်ကားကြီးစီးပြီး အတူတူပြန်ကြတယ်.. သူကမှော်ဘီ လေတပ်ထဲမှာနေတာလေ.. ကျွန်မတို့ရဲ့ တနင်္ဂနွေညနေတိုင်းဟာ လှပခဲ့တယ်ပေါ့.. တနင်္ဂနွေညနေတိုင်းရဲ့ နေ၀င်ချိန်တွေကို ရန်ကုန်ပြည်လမ်းပေါ်မှာ အတူတူဖြတ်သန်းခဲ့ကြတယ်ပေါ့..

ကျွန်မတို့ရဲ့ချစ်သူဘ၀က ရိုးရိုးတမ်းတမ်းပါပဲ.. မနက်ကျောင်းကိုအတူတူလာ.. ကန်တင်းမှာမနက်စာအတူတူစား.. ကိုယ့်အတန်းကိုယ်တက်.. နေ့လည်စာတူတူစား.. ကျောင်းဆင်းရင်အတူတူပြန်.. ကျောင်းပြေးတဲ့အခါလဲ အတူတူပြေးကြသပေါ့.. မောင်က ကျွန်မထက် လေးနှစ်နီးပါးငယ်ပါတယ်.. အဲဒီတော့ ကျွန်မကအမြဲဆရာလုပ်ခွင့်ရတာပေါ့.. ဆရာလုပ်ချင်တဲ့ကျွန်မအဖို့တော့ အကွက်ပဲ.. တစ်ခုပဲစိတ်ညစ်ရတာ.. ကျွန်မရေးတဲ့ကဗျာတွေကို သူနားမလည်ဘူးလေ.. ကိုယ့်မှာတော့ ခံစားချက်တွေအပြည့်နဲ့ရေးလိုက်ရတာ.. သူကနားမလည်ဘူးဆိုတော့ သေပြီဆရာပေါ့.. အဲ.. အစားအသောက်ကတော့ ဘာညီသလဲမမေးနဲ့.. မှော်ဘီကားလေးဂိတ်က ၀က်သားတုတ်ထိုး၊ ၀က်ခေါင်းသုပ်.. မှောဘီဈေးရှေ့ကကြံရည်.. တာဆုံနား နန်းကြီးသုပ်.. မှောဘီတခွင်ပြဲပြဲစင်အောင် ဆိုင်တကာလှည့်စားဖူးတယ်.. ရန်ကုန်မြို့ထဲ လျှောက်လည်ကြတဲ့နေ့ဆိုရင်တော့ ကြေးအိုးဆိုင်ပေါင်းစုံ လျှောက်စားကြတယ်လေ.. ပျော်ပျော်ပါးပါး ချစ်သူဘ၀လေးပေါ့..

ကျွန်မတို့အတန်းထဲမှာတော့ လူတွေနည်းသွားပြီး တစ်ကျောင်းလုံးမှာတော့ လူတွေပိုများများလာတယ်.. နှစ်နှစ်တိတိ ဒီလူတွေပဲအတူတူတက်ခဲ့ရတော့ အရမ်းကိုခင်မင်ရင်းနှီးနေကြပါပြီ.. မောင်နှမတွေလိုပဲ ပြောမနာဆိုမနာတွေဖြစ်ကုန်ကြပြီမို့ အရင်ကထက်ပိုပြီးပျော်စရာကောင်းပါတယ်.. တတိယနှစ်ကတော့ စာလဲသိပ်မကြည့်ဖြစ်တဲ့နှစ်ပေါ့.. ဘီအီးတန်းတက်ခွင့်ရဖို့လဲ တတိယနှစ်အမှတ်တွေကို မယူဘူးဆိုတော့ အေးအေးဆေးဆေးပါပဲ.. စိတ်ပါရင်အတန်းတက်လိုက်.. ပျင်းလာရင်ကန်တင်းထိုင်လိုက်.. အလွန့်အလွန်ပျင်းရင် အဆောင်မှာခွေနေလိုက်နဲ့ အချိန်တွေကုန်ခဲ့တယ်.. စာမေးပွဲဖြေတော့လဲ အရင်နှစ်တွေလောက် စိတ်ဖိစီးမှုတွေမရှိပဲ ခပ်ပေါ့ပေါ့လေးပဲဖြေခဲ့တယ်လေ.. ကျွန်မရဲ့စိတ်တွေအလွတ်လပ် အပေါ့ပါးဆုံးကာလလေးပေါ့..

ကျောင်းတော်ကြီးကတော့ အရင်အတိုင်းပါပဲ.. နွေရာသီမှာ ရွက်ဝါတွေကြွေဆဲ.. ငုဝါပန်းတွေ ဝေနေအောင်ပွင့်နေဆဲ.. မိုးရာသီမှာ ဗွက်တွေထူနေဆဲ.. ဆောင်းရာသီမှာ ခရေတွေမွှေးနေဆဲ.. နှင်းတွေသည်းနေဆဲ..

(ဆက်ပါဦးမည်)

Tuesday, March 16, 2010

အိပ်မက်ထဲကျောင်းတော် (၄)

အဆောင်ပြောင်းပြေးကြတဲ့သူတွေအားလုံး ကံကောင်းတယ်ပဲဆိုရမလား.. အသစ်ဖွင့်တဲ့အဆောင်တစ်ခုမှာ အတူတူနေခွင့်ရကြတယ်လေ.. ကျောင်းနဲ့တော့တော်တော်လေးလှမ်းတာပေါ့.. အဆောင်က မှော်ဘီအ၀င် တပ်ကြီးကုန်းရပ်ကွက်မှာ.. ကျောင်းကမှော်ဘီအထွက်မှာဆိုတော့ ကားစီးရင် မိနစ်၂၀လောက်စီးရပါတယ်.. အရင်ကလို အတန်းချိန်နီးမှ ကမန်းကတမ်းထပြေးသွားလို့ မရတော့ဘူးပေါ့.. ကားခလည်းပိုကုန်လာတယ်.. ဒီအဆောင်လေးကတော့ သားသားနားနား တိုက်ဆောင်လေးပါ.. အရင်ကလို သွပ်မိုး ထရံကာမဟုတ်တော့ဘူး.. နှစ်ထပ်တိုက်လေးပေါ့.. အပေါ်ထပ်မှာ ၄ခန်း.. အောက်ထပ်မှာ ၄ခန်း.. ခုတင်တွေစားပွဲတွေလည်း ပါပါတယ်.. ခုတင်လေးတွေကတော့ ကျဉ်းတာပေါ့.. ခုကိုယ်လုံးနဲ့ဆို တော်တော်ကျပ်မှာ.. အဲဒီတုန်းက စလင်းဘော်ဒီလေးဆိုတော့ အတော်ပါပဲ.. ဖုန်းလည်းဆက်လို့ရတော့အဆင်ပြေတယ်.. အဆောင်ပိုင်ရှင်က စာရေးကိရိယာဆိုင်လေးနဲ့ မိတ္တူဆိုင်လေးလဲ ဖွင့်ထားသေးတယ်လေ.. ဖုန်းလာတဲ့အခါ အင်တာကွန်းကနေတဆင့် အော်ခေါ်ပေးတာ.. ညညဆို တိတ်ဆိတ်နေတဲ့အချိန် အင်တာကွန်းက အသံကျယ်ကြီး ထွက်ထွက်လာလို့ လန့်သွားရတာလဲ ခဏခဏပဲ.. လျှပ်စစ်မီးလဲရှိတော့ ပိုအဆင်ပြေတယ်.. ဟင်းလေးဘာလေးချက်ချင်လဲ ရတာကိုး.. ထမင်းပေါင်းအိုးကြီးထဲမှာတင် ထမင်းတွေသုပ်.. ဇွန်းတစ်ယောက်တစ်ချောင်းကိုင်ပြီး လက်ရည်တပြင်တည်းစားကြတဲ့ ညလယ်စာထမင်းသုပ်လေးများ ခုထိတောင်လွမ်းမိတုန်း..

ဒုတိယနှစ်မှာ စာတွေပိုများလာတာကတစ်ကြောင်း.. ဘာသာစုံဂုဏ်ထူးရမှ ကျောင်းဆက်တက်ခွင့်ရမှာကတစ်ကြောင်းမို့ စာတွေပိုကြည့်ဖြစ်လာတယ်.. မှော်ဘီတ၀ိုက်မှာ လည်စရာပတ်စရာကလဲ ကုန်ပြီကိုး.. အတန်းထဲမှာ ဖဲဝိုင်းရှိလို့ အတန်းပြင်သိပ်မထွက်ဖြစ်တော့တာလို့ ပြောရင်လဲရသပေါ့.. ၀ါသနာဆိုတာလဲ တားရခက်သားနော်.. နည်းပညာကျောင်းသားနဲ့ ဖဲဝိုင်းဆိုတာ အစဉ်အဆက် ခွဲလို့မှမရခဲ့ပဲကိုး.. အသစ်ပြောင်းလာတဲ့ဆရာကိုတောင် တစ်အိမ်လိုတယ် ပါဦးမလားမေးတတ်ကြတဲ့သူတွေပေါ့.. ဆရာမှန်းမှမသိတာ.. ဆရာကလည်း ငယ်ငယ်လေး.. ကချင်လွယ်အိတ်စလွယ်သိုင်းနဲ့.. ကွမ်းတ၀ါးဝါးနဲ့ အနားလာပြီး.. ဟေ့ကောင်တွေ.. ဘာလုပ်နေတာတုန်းတဲ့.. ဖြေတဲ့သူကလည်းဖြေတယ်.. ဖဲရိုက်နေတာပေါ့ကွ.. တစ်အိမ်လိုတယ်ပါဦးမလားလို့လေ.. နောက်မှ ဆရာမှန်းသိလို့ တောင်းပန်လိုက်ရတာ..

ဒုတိယနှစ်ကုန်ခါနီးလေးမှာ သူငယ်ချင်းတွေစုပြီး ကဗျာစာအုပ်လေးတစ်အုပ် ထုတ်ဖြစ်ကြတယ်.. ‘နေလောင်ဆားကစ်တို့ရဲ့သမိုင်း” တဲ့.. စပြောတာကတော့ကျွန်မပဲ.. တကယ်တမ်းလုပ်ဖြစ်တော့ ကျန်တဲ့ယောက်ျားလေးတွေပဲ ပင်ပန်းကြတာ.. ကျွန်မက ကဗျာလေးသုံးပုဒ် ရေးပေးလိုက်ရုံပဲလေ.. သူတို့တွေပဲ မျက်နှာဖုံး ဒီဇိုင်းတွေဆွဲကြ.. ကွန်ပြူတာစာစီကြ.. စာအုပ်တွေချုပ်ကြနဲ့.. အလုပ်တွေရှုပ်ကုန်ကြတာပေါ့.. စာအုပ်လေးဖြစ်လာတော့ ပျော်လိုက်တာမပြောပါနဲ့.. ကျောင်းထဲမှာ သိတဲ့သူရော မသိတဲ့သူရော လိုက်ရောင်းကြတာပဲ.. သိတဲ့သူငယ်ချင်းတွေက စာအုပ်ဝယ်ပြီးရင် လက်မှတ်တွေထိုးခိုင်းကြတော့ ဘ၀င်တွေကိုမြင့်လို့.. နောက်နေ့လဲကျရော ရည်းစားဟောင်းက ကျွန်မပေးထားဖူးတဲ့ စာတွေ လက်ဆောင်တွေ ပြန်လာပေးသွားလေရဲ့.. သူက “ ကံဇာတ်ဆရာအလိုကျ ဇာတ်နာအောင်လွမ်းပြခဲ့သူပါ” လို့ သူ့ကဗျာထဲရေးထားတာကို ကျွန်မက “လမင်းရဲ့အလင်း မင်းမရှိလဲဖြစ်ပါတယ်” လို့ လုပ်ချလိုက်တာကိုး.. (မောင့်ကို ပြန်မတိုင်ကြနဲ့နော်.. သူကကျွန်မဘလော့ကိုမဖတ်ဘူး)..

ဒုတိယနှစ် နှစ်ကုန်စာမေးပွဲ မဖြေခင်လေးတင် လှော်ကားကိုသွားလည်ကြတာလဲ ပျော်စရာအရမ်းကောင်းပါတယ်.. ကျောင်းကားတစ်စီးကို ငှားပြီးသွားကြတာပေါ့.. ထောက်ကြံ့က စစ်သင်္ချိုင်းကို အရင်သွားကြတယ်.. အဲဒီမှာ ဓါတ်ပုံတွေရိုက်ကြပြီးတော့ လှော်ကားကိုဆက်သွားကြတယ်.. ဟိုရောက်တော့ လှေငှားပြီး ကျွန်းပေါ်ကိုသွားကြတယ်.. လှေကြီးကလဲလေးလိုက်တာမပြောပါနဲ့တော့.. ရေတွေက၀င်ဝင်လာလို့ ခပ်ထုတ်ရသေးတယ်.. ကျွန်းပေါ်မှာလျှောက်သွားကြရင်း တစ်ယောက်က အကောင်ကြီးခြေရာတွေ့တယ်ဆိုလို့ ပြေးလိုက်ရတာမောရောပဲ.. တကယ်တမ်းပြန်စဉ်းစားတော့မှ ဘာကောင်ရှိမှာမို့လဲလို့ တွေးမိတယ်.. အကောင်ကြီးရှိမှတော့ ဘယ်သွားခွင့်ပေးမှာလဲနော်.. လှော်ကားကအပြန် ရန်ကုန်ထဲမှာကျူရှင်သွားတက်ပြီး အဆောင်ကိုပြန်ရောက်တော့ တော်တော်လေး မိုးချုပ်နေပြီ.. ချမ်းလိုက်တာလဲမပြောပါနဲ့.. ကားပေါ်မှာလေတွေကတိုက်.. အနွေးထည်ကမပါနဲ့.. ပျော်တာကတော့အရမ်းပါပဲ.. ဘာလို့မှန်းမသိ.. အဲဒီနေ့လေးကအဖြစ်အပျက်တွေကို ခုထက်ထိ အသေးစိတ်မှတ်မိနေတုန်း.. အဲဒီနေ့တင်မဟုတ်ဘူး.. သူ့ရဲ့နောက်တနေ့ကိုလဲမှတ်မိသေးတယ်.. ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းက ကျွန်မကို စိတ်ဆိုးသွားတဲ့နေ့ပေါ့.. သူ့ကို ဓါတ်ပုံရိုက်လို့တဲ့.. နောက်တော့လဲ စိတ်ဆိုးပြေသွားပါတယ်..

ဒီလိုနဲ့ပဲ စာမေးပွဲဖြေရပါတော့တယ်.. နေ့တိုင်းဖြေပြီးထွက်လာရင် မဖြေနိုင်ပါဘူးဆိုပြီး မျက်ရည်တ၀ဲဝဲနဲ့ကတော့ ကျွန်မပဲပေါ့.. သူငယ်ချင်းတွေက ၀ိုင်းပြီးနှစ်သိမ့်ကြတယ်.. အောင်စာရင်းတွေလဲထွက်ရော ကျွန်မတို့အဖွဲ့ထဲက ကျွန်မနဲ့မိစုပဲ ကျောင်းဆက်တက်ခွင့်ရတယ်.. ကျန်တဲ့ယောက်ျားလေးတွေ တစ်ယောက်မှပါမလာတော့ဘူး.. တက်ခွင့်ရတဲ့တစ်ယောက်တည်းသောယောက်ျားလေးကလဲ ကျောင်းပြောင်းသွားတယ်.. ရှေ့ဆက်ရမယ့် တတိယနှစ်ကြီးက ခြောက်ကပ်ကပ်ကြီးဖြစ်မှာပဲလို့ ထင်ခဲ့တာပေါ့.. (တကယ်တမ်းကျတော့ ဇာတ်လမ်းက ခုမှစတာ.. မောင်နဲ့စတွေ့ဆုံခြင်းဇာတ်လမ်းလေ.. :) ).....

ဆက်ပါဦးမည်..

Friday, February 26, 2010

အိပ်မက်ထဲကကျောင်းတော် (၃)

၂၀၀၀ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ ပထမနှစ်စာမေးပွဲဖြေရတယ်.. ၆လပါတ် နှစ်ဝက်စာမေးပွဲထက်စာရင်တော့ တိုးတက်လာတယ်ပြောရမှာပေါ့.. ဟိုတုန်းက မေးချင်ရာမေး ဖြေချင်ရာဖြေခဲ့တာမို့လား.. စာမေးပွဲဖြေပြီးကျောင်းပိတ်ထားတုန်းကများ မနေတတ်မထိုင်တတ်နဲ့ ပျင်းလိုက်တာမပြောပါနဲ့.. သူများတွေကတော့ အောင်စာရင်းအတွက်ရင်ခုန်နေကြတယ်တဲ့.. ကျွန်မကတော့ ဘာမှကိုစိတ်မပူခဲ့တာ.. ခုံနံပါတ်ကောင်းကောင်းရဖို့လဲ စိတ်မ၀င်စားခဲ့ဘူး.. အောင်စာရင်းတွေထွက်တော့ အောင်ကြပါတယ်.. ကျွန်မက အဆင့်၁၀နဲ့အောင်တယ်.. အဲဒီတော့မှ အဆင့်ကောင်းကောင်း လိုချင်ရကောင်းမှန်းသိတော့တာ..

ဒုတိယနှစ်စတက်တော့ ဌာနမှူးအသစ်ရောက်လာတယ်.. ဆရာမဒေါ်အေးအေးမြင့်ပေါ့.. စည်းကမ်းကြီးတဲ့ အပျိုကြီးလေ.. စာသင်လဲအရမ်းကောင်းပါတယ်.. စေတနာအပြည့်နဲ့ သင်ပေးတာမှန်းအရမ်းသိသာတယ်.. စာသင်ချိန်တစ်ချိန်ပြီးတိုင်းသူ့မှာမောလို့.. ဆရာမက ကျွန်မတို့ကို လျှပ်စစ်ဆက်သွယ်ရေးဘာသာသင်ပါတယ်.. လုံးဝသီအိုရီချည်းပေါ့.. ကံဆိုးချင်တော့ သူ့စာသင်ချိန်တိုင်းက ထမင်းစားပြီးစ ပထမဆုံးစာသင်ချိန်တွေချည်းပဲ.. ဘာငိုက်သလဲမမေးနဲ့.. တော်သေးတယ်.. အတန်းထဲမှာ လောအယ်တို့ စံကေးတို့လို လူတွေရှိနေပေလို့.. ဆရာမကစာသင် သူတို့ကရယ်စရာလေးဘာလေးပြောပေါ့.. တခါတလေ သူတို့ပါအိပ်ပျော်နေပြီဆိုရင်တော့ပြီးရောပဲ.. မှတ်မိသေးတယ်.. တနေ့ ဆရာမကရှေ့ကနေ အားကြိုးမာန်တက်စာသင်နေတယ်.. လောအယ်ဆိုတဲ့ကောင်က အိပ်ပျော်တာမှ ဟောက်တောင်နေသေးတယ်.. အားလုံးလည်းကိုယ့်အရှိန်လေးနဲ့ကိုယ် ငိုက်နေကြသပေါ့.. အဲဒီအချိန်မှာ ခင်ဗျာတီချယ် ဆိုတဲ့ လောအယ်ရဲ့အသံအကျယ်ကြီးထွက်လာတယ်.. တီချယ်လဲလန့်သွား အားလုံးလဲ မျက်လုံးကျယ်သွားကြတာပေါ့.. ဘာဖြစ်လို့လဲမေးတော့ သူ့ဘေးနားထိုင်တဲ့ စံကေးက သူ့ကိုနှိုးပြီး တီချယ်ခေါ်နေတယ်ပြောလို့တဲ့လေ.. သူတို့နှစ်ယောက်ကအဲဒီလို.. ဆရာမပေါက်စလေးတွေဆို သူတို့ကိုသိပ်ကြောက်တာပေါ့.. လောအယ်ပြောပြတာမှတ်မိသေးတယ်.. စာမေးပွဲခန်းထဲကအဖြစ်အပျက်လေးပေါ့.. အခန်းစောင့်တဲ့ဆရာမက ငယ်ငယ်လေးတဲ့.. သူကစာကူးချဖို့လုပ်နေတာ ဆရာမကသိတော့ သူ့နားမှာပဲရပ်နေတယ်တဲ့.. စာကူးလို့မရတော့ ရအောင်ကြံမှဆိုပြီး.. မေးခွန်းထဲမှာမမေးထားဘဲနဲ့ ပုံတစ်ပုံကောက်ဆွဲလိုက်တယ်.. ပြီးတော့ဆရာမကိုမော့ကြည့်ပြီး တီချယ်.. သားဆွဲထားတဲ့ပုံလေးလှလားလို့ မေးလိုက်တယ်.. ဆရာမလည်းတစ်ချက်တော့ကြောင်သွားပြီး အင်း.. လှပါတယ်လို့ ပြန်ဖြေတာပေါ့.. အဲဒီတော့သူပြန်ပြောလိုက်တာက.. တီချယ်လဲ အဲဒီလိုပဲ လှတယ်တဲ့လေ.. ဆရာမလေးမှာ တော်တော်လန့်သွားပုံရတယ်.. သူ့နားမလာတော့ဘူးတဲ့.. အဲဒီတော့မှ စာကူးရတာ အဆင်ပြေတော့တယ်တဲ့လေ.. အဲဒီတုန်းက စာမေးပွဲခန်းစောင့်တဲ့ ဆရာမတွေမှာ ကူးချဖို့ယူလာကြတဲ့ စာရွက်တွေသိမ်းရတာ မသက်သာပါဘူး.. ကျန်ကျောင်းအိတ်တွေနဲ့အပြည့်ကိုရတာလေ.. ခောတ်မီတိုးတက်တဲ့နိုင်ငံတော်သစ်ကြီးရဲ့ မျိုးဆက်သစ်လေးတွေလက်ချက်များ မြင်လို့တောင်မကောင်းဘူး..

ဆရာကန်တော့ပွဲတွေ စည်စည်ကားကားလုပ်ကြတာလဲ မှတ်မိပါသေးရဲ့.. ဆရာ ဆရာမတွေရော ကျောင်းသားတွေရောကို ကျွေးဖို့ ထမင်းကြော်တွေ ကြာဆန်ကြော်တွေ ကိုယ်တိုင်ကြော်ကြတာလေ.. ထောက်ကြံ့ဈေးထဲမှာ ဈေးသွားဝယ်ကြ.. ဂေါ်ဖီတွေ မုန်လာဥနီတွေ လှီးကြ.. ထမင်းအိုးကြီးတွေတည်ကြနဲ့ တစ်ညလုံးမအိပ်ကြဘူး.. အကြော်ဆရာကတော့ အားလုံးအချစ်တော် လောအယ်ပေါ့.. သူကဒါမျိုးလဲဖြစ်သားပဲ.. မနက်ပွဲစခါနီးအထိ ပုဆိုးတိုတိုနဲ့ ချွေးတလုံးလုံးကြော်နေရတုန်းလေ.. ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ဆရာကန်တော့ပွဲတွေတိုင်းမှာ တက်တက်ကြွကြွကူညီတတ်တဲ့ သူငယ်ချင်းကို အမြဲအမှတ်ရနေပါတယ်..

ကထိန်ခင်းကြတဲ့အချိန်ဆိုရင်လဲ ပဒေသာပင်တွေအပြိုင်အဆိုင်ပြင်ကြတာပေါ့.. ကျွန်မတို့ကအမြဲထူးထူးခြားခြားလေးတွေလုပ်ဖြစ်တယ်.. ဥပမာ စလောင်းအင်တင်နာပုံ ပဒေသာပင်တို့ဘာတို့ပေါ့.. စလောင်းလုပ်ဖို့ ၀ါးနဲ့ယက်ထားတဲ့ ထမင်းအုပ်ဆောင်းကြီးကို သုံးရတာလေ.. ကထိန်လှည့်တဲ့နေ့ ဒိုးပတ်ဝိုင်းနဲ့အတူ ကွေးနေအောင်ကတဲ့ ဆရာဦးကျော်သူရလွင်ကိုလည်း သတိရသေးတယ်.. ဆရာက တကယ်ကတတ်တာပါ.. ဦးရွှေရိုးလုပ်တာက ကိုကိုအောင်နဲ့ နေလင်းထွန်း.. ဒေါ်မိုးကတော့ တင်မောင်သန်းနဲ့ ကိုသန်းဝေဖြိုးလေ.. ကျွန်မက ဒေါ်မိုးတွေရဲ့ မိတ်ကပ်ဆရာမပေါ့.. ပျော်လိုက်ကြတာအရမ်းပါပဲ.. မှော်ဘီဆောင်းနေ့ခင်းရဲ့ နေပူကျဲကျဲအောက်မှာ မမောနိုင်မပန်းနိုင် ပဒေသာပင်တွေသယ်ပြီး ဘုန်းကြီးကျောင်းကိုသွားကြ.. ဟိုရောက်တော့ ဘုန်းကြီးကျောင်းကကျွေးတဲ့ ဆန်ကြမ်းထမင်းနဲ့ သီးစုံဟင်းကို မြိန်ရည်ယှက်ရည်စားကြနဲ့ ဒီအရသာမျိုး ဘယ်မှာပြန်ရနိုင်တော့မလဲ..

ကျွန်မက ဒုတိယနှစ်ရောက်မှ စာပိုကြိုးစားဖြစ်တယ်.. ဘီတက်ခ်သင်တန်းတက်ခွင့်ရချင်တာကိုး.. အီလက်ထရောနစ်ပိုးကလည်း ၀င်သွားပြီကိုး.. အတန်းမရှိတဲ့အချိန်ဆို လက်တွေ့ခန်းထဲသွားပြီး ဒစ်ဂျစ်တယ်ထရိန်နာကြီးနဲ့ ၀ါယာပေါင်းစုံသုံး တိုင်မာတွေ ကောင်တာတွေ ဆင်နေရတာကိုက အရသာရှိတယ်ထင်နေတော့တာ.. ပီအယ်လ်စီစက်ရောက်လာတော့ ပရိုဂရမ်တွေရေးပြီး ဆရာဦးမိုးဝင်းနဲ့အတူတူ စမ်းသပ်ခဲ့ကြတာတွေလည်း မှတ်မိသေးတယ်.. မီးလုံးတွေလင်းတာမှိတ်တာကိုကြည့်ပြီး လက်ခုပ်လက်ဝါးတီးတဲ့အထိပျော်တတ်ခဲ့တဲ့ ကျွန်မက ဘေးလူတွေအမြင်မှာတော့ ရယ်စရာဖြစ်နေခဲ့မလားပဲ.. အဲဒီတုန်းက ကျွန်မနဲ့အတွဲအညီဆုံးက မိစုဆိုတဲ့ ကျွန်မသူငယ်ချင်းလေး.. ပထမနှစ်တုန်းက သူကအေခန်းကဆိုတော့ မတွဲမိကြဘူး.. စာအရမ်းတော်ပြီး သဘောလဲအရမ်းကောင်းတဲ့သူလေးပါ.. သူတတ်သမျှ သူနားလည်သမျှ မတွန့်တိုတတ်ဘဲ အမြဲမျှဝေတတ်တာပေါ့.. သီအိုရီဘာသာတွေကို စိတ်ရှည်လက်ရှည်မှတ်စုထုတ်ပြီး အားလုံးကိုကူးယူခွင့်ပေးခဲ့တာပေါ့.. ဒါကြောင့်လဲသူအမြဲတမ်းလိုလို အဆင့်၁ရတာလေ..

ကျွန်မတို့ ဒုတိယနှစ်ရောက်တော့ ကျောင်းပိုစည်ကားလာတယ်.. လူတွေပိုများလာတယ်လို့ပြောတာပါ.. ကျောင်းဆောင်သစ်တွေဆောက်တာလဲ ပြီးသွားပြီလေ.. ဆရာအင်အားလည်း ပိုများလာတာပေါ့.. အဲဒီကာလထဲ ထူးခြားတဲ့အဖြစ်အပျက်လေးတစ်ခုလည်း ပြောပြရဦးမယ်.. ကျွန်မတို့အဆောင် သူခိုးခိုးခံရတဲ့အကြောင်းပေါ့.. သူခိုးဝင်ပုံလေးများသိရင် အံ့သြကြမလားပဲ.. ကျွန်မရဲ့ခေါင်းရင်းက ၀ါးထရံကို ဖောက်ပြီးဝင်လာတာလေ.. အဲဒါတောင်ကျွန်မမနိုးပါဘူး.. အဲဒီလောက်အအိပ်မက်တာပါ.. နောက်တော့ ဇာကြီးကနိုးလာပြီး သူရဲ သူရဲဆိုအော်တော့မှ တစ်ဆောင်လုံးနိုးကြတာလေ.. အဲဒီအထိ သူခိုးကဘယ်က၀င်မှန်း မသိကြသေးပါဘူး.. မိုးလင်းတော့မှ ကျွန်မခေါင်းရင်းက အပေါက်ကြီးကိုမြင်ပြီး ဘယ်လောက်လန့်သွားသလဲဆို မေ့တောင်လဲတဲ့အထိ.. တော်တော်သတ္တိကောင်းတာနော်.. အဲဒီအဆောင်မှာလဲ မနေရဲတော့ဘဲ တစ်ဆောင်လုံးပြောင်းပြေးကြတာပေါ့..

(ဆက်ပါဦးမည်)

Thursday, February 11, 2010

အိပ်မက်ထဲကကျောင်းတော် (၂)

ပထမနှစ်တက်နေတုန်းမှာ တက္ကသိုလ်ဝင်ခွင့်တွေခေါ်ပါတယ်.. လျှောက်လွှာထဲမှာ နည်းပညာတက္ကသိုလ်ပါမလာတော့ပါဘူး.. အစိုးရနည်းပညာကောလိပ်ဆိုပြီး ပါလာပါတယ်.. ကျွန်မတို့လည်း ဇဝေဇ၀ါပေါ့.. တက္ကသိုလ်ဝင်ခွင့်နဲ့လျှောက်ရင် ဘီအီးတန်းကို တဆက်တည်းပဲ တက်ခွင့်ရတော့မလိုလိုတွေကလည်းပြောနေကြသေး.. ကျွန်မကတော့ တက်လက်စကိုပဲ ဆက်ကြိုးစားချင်တာ.. ဘွဲ့ရအောင်ပေါ့.. အိမ်ကတင်ဆိုလို့ စီးပွားရေး တက္ကသိုလ်တော့ လျှောက်လိုက်တယ်.. ကျလာတော့ ကျောင်းသွားအပ်ထားလိုက်တယ်လေ.. သူကရွာသာကြီးမှာဆိုတော့ မှော်ဘီလောက်တော့မဝေးဘူးပေါ့.. ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်မက မှော်ဘီသူတစ်ပိုင်းဖြစ်နေပြီ.. မှော်ဘီမှာပဲပျော်နေပြီ.. အီကိုကျောင်းကို ကျောင်းအပ်တုန်းတစ်ခါပဲရောက်လိုက်ပါတယ်.. သွားကိုမသွားဖြစ်တော့တာ.. အားလုံးလဲအသီးသီးကျောင်းတွေအပ်ကြ နှစ်ကျောင်းပြိုင်တက်ကြ လုပ်နေကြတဲ့အချိန်မှာ ဂျီတီအိုင်ကျောင်းဘက်က တစခန်းထလာပါတယ်.. ၁၀တန်းအမှတ်စာရင်းမူရင်းတွေပေးရမယ်တဲ့.. အဲဒီမူရင်းဆိုတာ လသာရုံးကဟာ မဟုတ်ဘူးနော်.. တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတင်ဖို့ စာစစ်ဋ္ဌာနတွေကနေ ထုတ်ပေးတဲ့အမှတ်စာရင်းကိုပြောတာပါ.. အဲဒါက နှစ်စောင်ထုတ်လို့မှမရပဲ.. ကျွန်မတို့ဆီမှာလဲမရှိတော့ဘူး.. သက်သက်ညစ်တာပေါ့လေ.. အဲဒါမပေးရင် ဒီပလိုမာလက်မှတ်မပေးပါဘူးတဲ့.. ကျောင်းမှာတော့ ဆူကြပွက်ကြပေါ့.. ကျောင်းအုပ်ကြီးရုံးခန်းနားမှာ စုဝေးကြ အော်ကြဟစ်ကြ.. ရုံးခန်းထဲကလူတွေကို အပြင်ထွက်မရအောင် ပိတ်ဆို့ထားကြနဲ့.. ပျော်စရာပဲကောင်းသေးတော့တယ်.. ၀န်ကြီးရဲ့စီမံချက်ဆိုတော့လည်း ဘာတတ်နိုင်မှာလဲ.. လည်တဲ့သူတွေကတော့ လည်သလိုလုပ်ပြီးပေးလိုက်ကြတယ်.. (ကျွန်မလဲ အပါအ၀င်).. အဲဒါမပေးနိုင်လို့ ခုထိ လက်မှတ်မရတဲ့သူတွေလည်းရှိတယ်.. အများစုကတော့ ပေးလိုက်နိုင်ကြပါတယ်.. အခြေအနေကိုက လိမ်မှညာမှရမှာဆိုတော့လည်း မိုးခါးရေကို ပျော်ပျော်ကြီးဝိုင်းသောက်လိုက်ကြရုံပေါ့နော်..

စကားမစပ် ကျောင်းကန်တင်းတွေအကြောင်း ရေးချင်သေးတယ်.. ကျွန်မတို့ကျောင်းစတက်တော့ ကန်တင်းက ကျောင်းအ၀င်ဝလေးတင်ပဲ.. အ၀င်ဂိတ်ရဲ့ ဘယ်ဖက်မှာတစ်ဆိုင်.. ညာဘက်မှာတစ်ဆိုင်.. ကျောင်းအုပ်ကြီးအိမ်နားက ညောင်ပင်အောက်မှာတစ်ဆိုင်ပေါ့.. နောက်မှသာ ကန်တင်းဆိုင်ခန်းတွေဆောက်ပြီး ဆိုင်တွေလည်းများလာတာ.. ပေါ်ပြူလာအဖြစ်ဆုံးအစားအစာက ပေါ်တင် တဲ့.. အဆန်းတော့မဟုတ်ပါဘူး.. ဟင်းကို ထမင်းပေါ်တင်ပေးလိုက်တာပါပဲ.. ကြက်သားဟင်းနဲ့ဆိုရင် ကြက်ပေါ်တင်.. ၀က်သားနဲ့ဆို ၀က်ပေါ်တင်ပေါ့.. ချဉ်ပေါင်ကြော်လေး ငရုတ်သီးကြော်လေးတောင် အဆစ်ပါလိုက်သေး.. စလုံးက ထမင်းဆိုင်တွေမှာပေးသလို ထမင်းနဲ့ဟင်းရောထည့်ပေးတာပေါ့.. နောက်မှတ်မိနေသေးတာက ရှကီကြော်ဆိုတာ.. အရက်သောက်တာကို ရှကီထုတယ်လို့ပြောတတ်ကြတာကြားဖူးမှာပေါ့.. ကျွန်မတို့နှစ် စက်မှုစွမ်းအားကျောင်းသားထဲမှာ ဘာလို့မှန်းမသိ ရှကီလို့ခေါ်ကြတဲ့သူတစ်ယောက်ရှိတယ်.. သူကထမင်းစားရင် အစိမ်းကြော်လိုမျိုးကြော်ထားတာကို ထမင်းပေါ်မှာပုံထားတာမျိုး မှာစားလေ့ရှိတယ်တဲ့.. ထမင်းပေါင်းနဲ့ ခပ်ဆင်ဆင်ပေါ့.. ကော်ရည်မပါ အသားမပါတာပဲကွာမယ်.. အဲဒီသူစားတတ်တဲ့ထမင်းမျိုးကို ထမင်းဆိုင်ကမှတ်ထားပြီး သူ့နာမည်နဲ့တွဲလို့ ရှကီကြော်လို့ နာမည်ပေးလိုက်တာတဲ့.. အဆန်းပဲနော်.. ကန်တင်းမှာကျွန်မအကြိုက်ဆုံးက ထောပတ်သီးဖျော်ရည်ပဲ.. အရမ်းကောင်းတယ်.. ဈေးလည်း ရန်ကုန်မြို့ထဲကနဲ့စာရင် သက်သာတယ်လေ.. နေ့တိုင်းလိုလိုသောက်တာပဲ.. ကန်တင်းအသစ်ကိုပြောင်းလိုက်တော့ ဆိုင်တွေကနိမ့်ပြီး အ၀င်လမ်းကမြင့်နေတယ်.. ၀င်လာသမျှလူတွေက စင်ပ်ါမှာမော်ဒယ်ရှိုးလျှောက်ပြသလား ထင်ရအောင်ကိုမြင့်တာလေ.. ဂ၀ံတွေခင်းထားတာကလည်း မညီမညာ.. တချို့ကျောင်းသူတွေများ အံ့သြလောက်ပါပေ့.. ကျွန်မက ဖိနပ်ပါးလေးနဲ့တောင် မလဲအောင်မနည်းလျှောက်ရတဲ့ အဲဒီလမ်းမှာ သူတို့က ပင်ဆယ်ဟီးလ်နဲ့ ကြော့ကြော့လေးလျှောက်နိုင်ကြသတော့.. ကျောင်းစောစောရောက်တတ်တဲ့ကျောင်းသားတွေအတွက်တော့ နေ့တိုင်းကြည့်စရာရတာပေါ့.. လုံချည်ပဲဝတ်ရမယ်လို့ သတ်မှတ်ထားပေမယ့် အဲဒီတုန်းကခောတ်စားတဲ့ သုံးလွှာစကတ်အကွဲတွေဝတ် ဒေါက်မြင့်ဖိနပ်လေးစီး ဆွဲခြင်းလေးဆွဲလို့ ကတ်ဝေါ့လျှောက်ကြတဲ့ မမလှလှတွေများ ခုထိတောင်မြင်ယောင်နေတုန်း..

ဘာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျောင်းသားသဘာဝ ပျော်တာကတော့ ပျော်တာပါပဲ.. မိုးတွင်းမှာ လေကြီးမိုးကြီးကျတဲ့နေ့ ဆရာကမိုးသံကိုလွှမ်းအောင်မအော်နိုင်လို့ စာမသင်ရရင်လဲ သိပ်ပျော်တာပဲ.. ရန်ကုန်ဆောင်းက သိပ်မအေးပေမယ့် မှော်ဘီကတော့ နည်းနည်းပိုအေးတယ်.. နှင်းတွေလည်း ပိုကျတတ်တယ်.. ကျွန်မကနှင်းကျရင်အရမ်းပျော်တာ.. သိန်းဇော်ဦးတို့အဆောင်ရှေ့ ခရေပင်ကြီးက ခရေပန်း အပွင့်အကြီးကြီးတွေကိုလည်း သတိရသေးတယ်.. အရမ်းမွှေးတာလေ.. နွေရာသီဆိုရင်တော့ ပူလိုက်တာပြောမနေနဲ့တော့.. ကန်တင်းတောင်မသွားနိုင်လောက်အောင်ကို နေကပူတော့တာ.. ထိုင်နေရင်းကို ချွေးပြိုက်ပြိုက်ကျရော.. ၂၀၀၀ပြည့်နှစ်ရဲ့ သုံးရာသီစလုံးကို ကျောင်းတက်ရင်းဖြတ်သန်းခဲ့ပြီးတဲ့နောက်တော့ ကျွန်မမှော်ဘီသူလုံးလုံးဖြစ်သွားခဲ့ပြီ.. မှော်ဘီဝန်းကျင်လဲ မရောက်ဖူးတဲ့နေရာမရှိသလောက်ဖြစ်သွားပြီလေ.. မှော်ဘီဈေးထဲက ဈေးသည်တွေနဲ့တောင် ဘော်ဒါတွေဖြစ်နေပြီပေါ့..

(ဆက်ပါဦးမည်)

Wednesday, February 10, 2010

အိပ်မက်ထဲကကျောင်းတော်

ဟိုးငယ်ငယ်လေးကတည်းက ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့ မေးခွန်းအတွက် ကျွန်မမှာ ဖြေစရာတစ်ခုတည်းရှိတာ.. အင်ဂျင်နီယာလုပ်မယ်လို့.. ဘယ်တော့မေးမေး ဘယ်နှစ်ခါမေးမေး ပြောင်းလဲမသွားတဲ့အဖြေပေါ့.. တကယ်တမ်း ၁၀ တန်းအောင်တော့ ဂုဏ်ထူး ၂ဘာသာနဲ့ အမှတ်ပေါင်းကလည်း ဟိုမမှီဒီမမှီ.. စိတ်ဓါတ်ကျလိုက်တာဆိုတာ မပြောပါနဲ့.. ကျက်စာကို သေအောင်မုန်းတာမို့ လူမှုရေးဘာသာတွဲကို ၄၄ မှတ်နဲ့ အောင်တယ်ဆိုယုံလေးအောင်ခဲ့တာလေ.. ကျွန်မအကြောင်းသိတဲ့ဖေဖေက အကြံပေးတယ်.. သမီးဂျီတီအိုင်တက်ပါလား.. ကြိုးစားရင် သမီးလိုချင်တဲ့ အင်ဂျင်နီယာဘွဲ့ ရနိုင်တဲ့လမ်းစရှိတယ်တဲ့.. ကျွန်မ ဖေဖေ့ကိုပြန်မေးတဲ့မေးခွန်းမှတ်မိသေးတယ်.. ဂျီတီအိုင်တက်ရင် သမိုင်းတို့ ပထ၀ီတို့လို ဘာမှန်းမသိ အလွတ်ကျက်ရတာတွေ မပါဘူးမဟုတ်လားလို့.. စာကျက်ဘယ်လောက်ပျင်းထားသလဲကြည့်.. ဖေဖေကရယ်တယ်.. ငါ့သမီးက လက်တွေ့မှကြိုက်တာကိုးတဲ့.. ဒီလိုနဲ့ပဲ ၀င်ခွင့်လျှောက်လွှာတင်ဖြစ်သွားတယ်.. လျှောက်လွှာဖြည့်တော့ ဦးစားပေးဘာသာတွေ အစဉ်လိုက်ဖြည့်ရတယ်လေ.. ရူပဗေဒဆို အမြဲအမှတ်ပြည့်ရတတ်တဲ့ ကျွန်မအတွက် ဖေဖေရွေးပေးတာက အီလက်ထရောနစ်တဲ့.. တစ်ခုပဲဖြည့်တယ်.. ၀င်ခွင့်စာမေးပွဲကို သန်လျှင်ဂျီတီအိုင်ကျောင်းမှာသွားဖြေရတာ.. ချောချောမောမောပါပဲ.. အောင်စာရင်းတွေထွက်တော့ ဘာသာရပ်အထူးပြုကတော့ အီလက်ထရောနစ်ပါ.. တက်ရမယ့်ကျောင်းက မှော်ဘီတဲ့.. မှော်ဘီဆိုတာ ကျွန်မအတွက် တကယ့်ကို အစိမ်းသက်သက်ကြီး.. ဘယ်နားရှိမှန်းတောင်မသိဘူး.. အတူတူဝင်ခွင့်ဖြေတဲ့သူငယ်ချင်းတွေက ၀ါးခယ်မတို့ မအူပင်တို့ရောက်ကုန်တယ်.. ကျောင်းသွားအပ်ရတဲ့နေ့က ဖေဖေနဲ့အတူတူ ကားငှားပြီးသွားကြတယ်.. မှတ်မိသေးတယ်.. ဒီဇင်ဘာ ၂၇ ရက်နေ့ ၁၉၉၉... ကိုယ်တက်ရမယ့်ကျောင်းကို ပထမဆုံးမြင်လိုက်ရတော့ အံ့သြလို့.. အထက်တန်းကျောင်းလေးသာသာပဲရှိတာကိုး.. ကျောင်းအုပ်ကြီးနဲ့တွေ့တော့ ဂါဝန်ဝတ်ထားတဲ့ကျွန်မကို ကျောင်းတက်ရင်လုံချည်ပဲဝတ်ရမှာနော်သမီးတဲ့.. ဖေဖေ့ကိုလဲမှာလိုက်တယ်.. သမီးကို လုံချည်ပဲဆင်ပါတဲ့လေ.. မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်မမှာလုံချည်ဆိုလို့ ရေလဲလုံချည်နဲ့ ကျောင်းစိမ်းပဲရှိတာ.. ဘာရမလဲ အဒေါ်တွေဆီက သမရတော့တာပေါ့.. အဲဒီတုန်းက ကျောင်းအုပ်ကြီးက ဒေါ်တိုးတိုးသန်း.. ကျွန်မလေးစားရတဲ့သူတွေထဲက တစ်ယောက်ပေါ့.. သဘောကောင်းသလောက် အပြောကြမ်းပါတယ်..

ကျောင်းသွားအပ်တဲ့နေ့က အိမ်ပြန်ရောက်တော့ ပင်ပန်းပြီးလှုပ်တောင်မလှုပ်နိုင်တော့တဲ့ကျွန်မကိုကြည့်ပြီး ဖေဖေက ဒီပုံနဲ့တော့ နေ့တိုင်းအသွားအပြန်လုပ်နေရရင် မဖြစ်ဘူးဆိုပြီး အဆောင်နေခိုင်းပါတယ်.. ဒါနဲ့ပဲ အဆောင်ရှာရပြန်တယ်ပေါ့.. အန်တီမိုးနဲ့အတူတူ အဆောင်သွားရှာကြတော့ ကျောင်းရှေ့က နွေဦးဆိုတဲ့ ဘော်ဒါဆောင်လေးမှာ နောက်ဆုံးကျန်နေတဲ့ တစ်နေရာစာလေး ကံကောင်းထောက်မစွာ ရလိုက်တယ်.. ၂၀၀၀ပြည့်နှစ်ရဲ့ ဇန်န၀ါရီလဆန်းမှာ ၅နှစ်တိတိ မက်ရမယ်မှန်းမသိသေးတဲ့ ကျွန်မရဲ့အိပ်မက်တို့ အစပျိုးခဲ့တယ်ပေါ့...

၂၀၀၀ ပြည့်နှစ်

ကျောင်းစဖွင့်ပြီဆိုလို့သာ အတန်းတက်နေရတယ်.. ဘာစာမှ မယ်မယ်ရရ မသင်ရသေး.. ကျွန်မတို့က စနစ်သစ်ရဲ့ ပထမဆုံးအတန်းဆိုတော့ ဘာဆိုဘာမှ အဆင်သင့်မဖြစ်သေး.. ဆရာတွေလက်ထဲမှာလဲ ဘာသင်ရိုးညွှန်းတမ်းမှမရှိ.. တကယ့်ကို ယောင်ခြောက်ဆယ်ကာလပါပဲ.. အဆောင်မှာအတူနေကြသူတွေထဲမှာ ကျွန်မနဲ့မေဂျာတူတဲ့သူတွေရှိတော့ရှိပါတယ်.. သူတို့တွေက စာကြမ်းပိုးတွေ.. သင်သမျှစာကိုပဲ အထပ်ထပ်ကြည့်.. ဘယ်မှမသွားချင်ကြဆိုတော့ ကျွန်မနဲ့က သိပ်ကီးမကိုက်ဘူး.. ကီးကိုက်တဲ့ဘော်ဘော်တွေကျပြန်တော့ မေဂျာကမတူ.. အတန်းချိန်တွေချင်းကမတူ.. အမြဲလိုလို တစ်ယောက်တည်းပေါ့.. တစ်လလောက်ယောင်နေခဲ့ပြီး အတန်းတွေခွဲလိုက်တော့ တန်းခွဲ စီမှာကျတယ်.. အဲဒီတုန်းက ၀ိုင်တီယူတိုက်ရိုက်ဝင်ခွင့်ရတဲ့သူတွေနဲ့ အတူတူတက်ရတုန်း.. သူတို့တွေကလည်း မကျေနပ်ချက်တွေနဲ့လေ.. ငါတို့ကို ဂျီတီအိုင်တွေနဲ့ ရောထားရလား.. တူသလား.. တန်သလားပေါ့.. ကျွန်မတို့စီခန်းမှာ မိန်းကလေးအများစုက ၀ိုင်တီယူကဟာတွေဆိုတော့ ကိုယ်နဲ့ကသိပ်မကိုက်ဘူး.. သူငယ်ချင်းမရှိဘာမရှိနဲ့ ပျင်းလိုက်တာဆိုတာ မပြောပါနဲ့တော့.. နောက်နည်းနည်းကြာတော့ ၀ိုင်တီယူတွေကို အတန်းသပ်သပ်ခွဲလိုက်တယ်.. ကျွန်မက ဘီခန်းမှာ တက်ရတယ်ပေါ့.. နှစ်ခန်းပဲကျန်တော့တာကိုး.. နည်းနည်းလဲနေသားကျသွားပြီ.. အတန်းထဲကလူတွေနဲ့လဲ ခင်ခင်မင်မင်ဖြစ်လာပြီဆိုတော့ အရင်ကလောက်ပျင်းမနေရတော့ဘူးပေါ့.. လက်တွေ့ချိန်တွေမှာ တစ်ဖွဲ့တည်းကျတဲ့ ကောင်လေးတွေနဲ့ တော်တော်ခင်သွားတယ်.. တစ်ယောက်က သိန်းဇော်ဦး.. တစ်ယောက်ကပြည့်ဖြိုးအောင်တဲ့.. သူတို့နဲ့တစ်ဆောင်တည်း အတူတူနေကြတဲ့ နေလင်း.. ကိုကိုအောင်.. ကိုသန့်ဇင်တို့နဲ့ပါ ခင်သွားတယ်.. ကန်တင်းသွားလဲ သူတို့နဲ့ပဲ.. အဲဒီအထိ အတန်းထဲကမိန်းကလေးတွေနဲ့ သိပ်အစေးမကပ်သေးဘူး.. သင်ရတဲ့စာတွေကလည်း ဘာမှမရေရာပါဘူး.. သင်လိုက်ကြ.. ပြီးရင်သင်ထားတာတွေ မပါတော့ဘူးလို့ပြောလိုက်ကြ.. အသစ်တွေထပ်သင်လိုက်ကြနဲ့ လုံးချာလည်နေတာပဲ.. အပျော်ဆုံးကတော့ ပုံဆွဲရတာပဲပေါ့.. ဇင်းကျိုက်ဆောင်က ပုံဆွဲခန်းတွေကို လွမ်းမိသေးတော့တယ်.. ပုံဆွဲရင်း သရက်သီးတွေခူးစားကြတာလဲမှတ်မိသေးတယ်.. ဇင်ကျိုက်ဆောင်ဘေးက သရက်ပင်တွေကို တွေးမိရင်တောင်သနားလာတယ်.. တီစကွဲတွေနဲ့ သရက်သီးခူးကြတာလေ.. ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ၆လပြည့်တော့ ပထမနှစ်ဝက်စာမေးပွဲဖြေရတယ်.. မေးချင်ရာမေးဖြေချင်ရာဖြေပဲ.. ဒါလည်းအောင်တာပါပဲ.. ကျောင်းကဆရာတွေပဲ စစ်တာကိုး.. အကြောင်းသိတွေဆိုတော့ ပြီးရောပေါ့..

ဒုတိယနှစ်ဝက်ကို မင်းဝံဆောင်မှာတက်ရတယ်.. ကျွန်မတို့နာမည်ပေးထားတာက မဲဇာတဲ့.. မဲဇာရောက်လဲ ပျော်ပျော်ပါပဲ.. ပိုတောင်လွတ်လပ်သေးတယ်.. ကျောင်းအုပ်ကြီးရုံးခန်းနဲ့ဝေးတာကိုး.. အဲဒီတုန်းက ရုံးခန်းက အဆောင်၁ရဲ့ အပေါ်ထပ်မှာလေ.. ၁၀၇ နဲ့ ၁၀၈ အခန်းတွေပေါ့.. အဲဒီမင်းဝံဆောင်အခန်းလေးထဲမှာ ဆရာဦးမိုးဝင်းက ဒစ်ဂျစ်တယ်နဲ့မိတ်ဆက်ပေးခဲ့တယ်.. ဆရာဦးစိုးရာဇာက ဆားကစ်တွေကို ခွဲခြမ်းစိတ်ဖြာပြခဲ့တယ်.. ဆရာမဒေါ်အမာကြူက ဆက်သွယ်ရေးတွေအကြောင်း ပြောပြခဲ့တယ်.. ကျွန်မတို့တတွေလည်း ကန်တင်းတစ်လှည့်.. ဖဲဝိုင်းတလှည့်.. စာသင်ခန်းထဲတလှည့်ထိုင်ရင်း.. တစ်နှစ်ကုန်ခဲ့တယ်ပေါ့...

(ဆက်ပါဦးမည်)

Monday, November 9, 2009

လွမ်းတယ်ဆောင်းရယ်

တနေ့က cousin တစ်ယောက်ရဲ့ Facebook status ကိုမြင်ပြီး ဆောင်းရာသီကို လွမ်းသွားတယ်... သူရေးထားတာက "ဆောင်းလေလေးတွေ စတိုက်နေပြီ" တဲ့...ဟုတ်တာပေါ့... ဒီအချိန်ပဲ... နေ့ဘက်သာ ပူချင်ပူမယ်... ညဆိုရင်တော့ ဟေမာန်ဆောင်းရဲ့ အငွေ့အသက်လေးတွေ စခံစားနေရပြီ...

အဆောင်မှာနေတုန်းကဆို အအေးဓာတ်ကို ပိုခံစားရတယ်... ဟုတ်တယ်... ရန်ကုန်နဲ့စာရင် မှော်ဘီကပိုအေးတယ်... ကျွန်မတို့ မှော်ဘီမှာကျောင်းစတက်တော့ ဒီဇင်ဘာလကြီး... အေးမှအေးပေါ့... ညဘက်ဆို ပျဉ်ကြားကလေတိုးတဲ့ဒဏ်ကို အလူးအလဲခံရတယ်... အနွေးထည် အထူကြီးဝတ် စောင်တွေနှစ်ထပ်သုံးထပ်ခြုံထားတာတောင် အေးတုန်းလေ... မနက်ကျောင်းသွားခါနီးဆို ရေချိုးနိုင်ဖို့ကအဝေးကြီး .. မျက်နှာတောင်မနဲသစ်ရတယ်... အိပ်ယာကမထနိုင်လို့ အတန်းလွတ်ရတာလဲ ခဏခဏ... နှင်းတွေအများကြီးကျတဲ့အခါများဆို ကျောင်းဝင်းထဲက ခနော်ခနဲ့ မြေနီလမ်းလေးမှာ ရှေ့ကိုဝေးဝေးမမြင်ရဘဲ စမ်းတ၀ါးဝါးလျှောက်ရတာကိုက အရသာသိပ်ရှိပေါ့... နှင်းဆမ်းထားတဲ့ ခရေပန်းလေးတွေကလည်း ဘာမွှေးသလဲမမေးနဲ့... နှင်းဝေတဲ့ဆောင်းမနက်ခင်းတစ်ခုမှာ တစ်ယောက်သောသူ ပန်ပေးဖူးတဲ့ ငွေပန်းလေးတွေရဲ့ မွှေးရနံ့က ခုထက်ထိတောင် မွှေးနေသယောင်...

မိုးရာသီမှာမွေးတဲ့ကျွန်မက သားလေးကိုတော့ ဆောင်းရာသီမှာမွေးခဲ့တာ... ဇန်န၀ါရီ ၁ရက်နေ့ပေါ့... နယူးရီးယားည ခြံထဲမှာ ဘာဘီကျူးပါတီလုပ်ပြီး ကောင်းကောင်းသောင်းကျန်းလိုက်တာ မနက်လည်းကျရော သားသားလေး ထွက်လာပါလေရော... သားသားရဲ့ ချစ်စရာကောင်တဲ့မျက်နှာလေးကို မြင်လိုက်ရတဲ့ ကျွန်မရဲ့ နှလုံးသားဟာလည်း ဆောင်းလေလေးနဲ့ ထွေးပွေ့ခံလိုက်ရသလို အေးမြကြည်လင်သွားရတာပေါ့... နှင်းခဲလေးလို ဖြူဖွေးနူးညံ့တဲ့ သားသားလေးကို ပိုင်ဆိုင်ခွင့်ရလိုက်တဲ့အတွက် ကျွန်မရဲ့ဆောင်းမနက်ခင်းက ပိုပြီးပြည့်စုံသွားခဲ့ရတာလေ...

ခုရောက်နေတဲ့နေရာမှာ ဆောင်းရာသီဆိုတာ ဘယ်သွားရှာရမှန်းမသိပေမယ့် ကျွန်မရင်ထဲက ဆောင်းရာသီကတော့ အချိန်တန်ရင် နှင်းတွေဝေနေဆဲ... ထူထူထဲထဲ နှင်းတောထဲက မှုန်ဝါးဝါးနေခြည်အောက်မှာ ဆိတ်ငြိမ်စွာလှပနေမယ့် ကျွန်မတို့ရဲ့ကျောင်းတော်ကြီးကိုလဲ လွမ်းမိနေဆဲပေါ့......


Thursday, June 11, 2009

နွေဦးပုံပြင်

မှော်ဘီမှာကျောင်းတက်ရမယ်ဆိုတော့ အပင်ပန်းသိပ်မခံနိုင်တဲ့ကျွန်မကို ဖေဖေက ဘော်ဒါဆောင်သွားနေခိုင်းတယ်... ပထမဆုံး နေဖို့အဆောင်သွားရှာတဲ့နေ့က ဦးချိုနဲ့အန်တီမိုးက လိုက်ပို့တယ်... ကျောင်းနဲ့မျက်နှာချင်းဆိုင်လမ်းမတလျှောက် ရွာခံတွေက ဘော်ဒါဆောင်တွေ ကိုယ်စီဖွင့်ထားကြတာလေ... နောက်ဆုံးတော့ နွေဦးဆိုတဲ့အဆောင်ကိုပဲ ရွေးဖြစ်သွားတယ်... အဆောင်ပိုင်ရှင်က ချဲထိုးဝါသနာပါတဲ့ အပျိုကြီးနှစ်ယောက်...သွပ်မိုး ထရံကာ ပျဉ်ခင်း တစ်ထပ်အဆောင်လေးပေါ့... အခန်း ၆ ခန်းရှိတယ်... နောက်ဆုံးကျန်တဲ့ ၁နေရာစာကို မြန်မြန်ယူလိုက်ရတာ...

အဆောင်ကို စပြောင်းတဲ့နေ့ကိုလည်း မှတ်မိသေးတယ်.. အဲဒီနေ့က ကျွန်မတက်ခဲ့တဲ့ အထက်တန်းကျောင်းမှာ စုံညီပွဲတော်ရှိတယ်လေ... ဒါမျိုးပွဲဆို လက်လွတ်မခံတတ်တဲ့ကျွန်မ အိမ်ကိုတော်တော်နဲ့ ပြန်ရောက်မလာလို့ အဆောင်ကိုလိုက်ပို့ပေးမယ့် ဘဘက အကြာကြီးစောင့်လိုက်ရသေးတယ်... အဆောင်ကိုရောက်ပြီး အိမ်ကလူတွေလည်းပြန်သွားရော ၀မ်းနည်းသလိုလို ငိုချင်သလိုလို... ပထမဆုံးအကြိမ် မိသားစုနဲ့ခွဲပြီး တစ်ယောက်တည်းလာနေရတာကိုး... ဒီလိုနဲ့ပဲ မှော်ဘီသူဘ၀ စခဲ့တာပေါ့....

ကျွန်မတို့အဆောင်က အန်တီအပျိုကြီးတွေအိမ်ရဲ့ အနောက်ဘက်မှာ ဆောက်ထားတာ... ခြံထဲမှာ မချစ်စုသရက်ပင်တွေ ပိန္နဲပင်တွေ အများကြီးရှိတယ်... ခြံရှေ့မှာက ညောင်ပင်အကြီးကြီးတစ်ပင်ရှိတယ်... ညောင်ပင်အောက်မှာက ကျွန်မတို့စားနေကျ ပြည့်ဝဆိုတဲ့ထမင်းဆိုင်... ဟင်းချက်ကောင်းတဲ့ အန်တီအိရဲ့လက်ရာက နေ့တိုင်းစားလည်း မရိုးပါဘူး... အဆောင်သူတွေကိုဆိုရင် အမြဲတမ်းဟင်း ပိုထည့်ပေးတတ်တာလေ...

အဆောင်သူတွေကတော့ တစ်ယောက်တစ်မျိုး မရိုးရအောင်ပါပဲ... ကလေးဆန်ပြီး စိတ်အရမ်းကောက်တတ်တဲ့ ဆုဝေဆိုတဲ့ သထုံသူ... (ခုတော့လည်း အချော့ကောင်းတဲ့ ကိုကြီးနဲ့တွေ့ပြီး.. သမီးရဲ့မေမေဖြစ်နေပေါ့...) သီချင်းဆိုကောင်းတဲ့ မဝေ (သူလည်းမကြာမီ မေမေဖြစ်တော့မည်...) ညနေတိုင်း စက်ဘီးစီးတတ်တဲ့ ဇာကြီး (ခုတော့ ယောက်ျားနောက်လိုက်ပြီး ရွာသူလုပ်နေလေရဲ့...) ကဗျာအရေးကောင်းတဲ့ မနုခိုင်... အရမ်းကြောက်တတ်တဲ့ တိုးတိုး (သူလည်း သားသားမေမေဖြစ်နေပြီ..) အစအနောက်သန်တဲ့မ၀ါ (ဖက်တီးမလေးရဲ့မေမေ..) ရေခဲတုံးကြီး မဆွေ... နောက်ပြီးတော့ ကျွန်မရဲ့ အချစ်ဆုံးလေး အိမွန်... နင်နဲ့အတူတူ Singapore မှာအလုပ်သွားလုပ်မှာလို့ အမြဲပြောတတ်ပြီး ခုကျတော့ သင်္ဘောသီးကတော်လုပ်ပြီး ရန်ကုန်မှာ ဇိမ်ကျနေတာလေ... ကျွန်မနဲ့တစ်ခန်းတည်းနေတဲ့ ဇာဇာကတော့ စာကြမ်းပိုး... ညညဆို စာအုပ်ထဲဝင်မတတ်ကို စာကြည့်တာ... သူကတခါတလေ တစ်ယောက်တည်းလည်း စကားပြောချင်ပြောနေတတ်သေး... ပထမတော့ ကျွန်မလည်း ကိုယ့်ကိုပြောနေတယ်ထင်တာ... ဘာပြောနေတာလဲမေးတော့ သူက နင့်ကိုမပြောပါဘူတဲ့... မေးမိတဲ့ကျွန်မတောင် ခေါင်းကြီးသွားတယ်... ဒီအခန်းထဲ သူနဲ့ကိုယ်ပဲရှိတာ ကိုယ့်မပြောဘူးဆိုတော့ ဘယ်သူ့ပြောနေပါလိမ့်ပေါ့... နောက်မှသူကပြောပြတယ်... သူစကားပြောရင် အမှားပါတတ်လွန်းလို့ မနက်ကျရင်သူ့ဆရာကိုပြောမယ့်စကား ခုကတည်းကပြောကြည့်နေတာပါတဲ့လေ... မှားပါတယ် ဇာဇာရယ်...

မီးမရှိတဲ့ ရွာလေးဆိုတော့ အဆောင်မှာကမီးစက်နဲ့မီးပေးတယ်... ည ၇နာရီကနေ ၁၁နာရီအထိပေါ့... ၁၁နာရီကျော်ရင်တော့ ဖယောင်းတိုင်အားကိုးပေတော့ပဲ... ကျွန်မကတော့ ဖယောင်းတိုင်မလိုဘူး... မီးမပိတ်ခင်က အိပ်ပြီးသားပဲ... အဲဒီလောက် စာကြိုးစားတာ... ညဘက်ဆို အိမ်သာကို တစ်ယောက်တည်းမသွားရဲကြဘူး... အိမ်သာက ဟိုးခြံတောက်မှာဆိုတော့ အားလုံးစုပြီးသွားကြတာ... တရုတ်ကားတွေထဲမှာ သွေးသောက်ညီအစ်မတွေဖွဲ့ကြသလို ကျွန်မတို့တွေက သေးပေါက်ညီအစ်မတွေဖွဲ့ထားကြတယ်... တစ်ယောက်ကသွားချင်ပြီဆို ပေါက်ဖော်တွေရေ လို့သာခေါ်လိုက်... တန်းစီပါပြီးသားပဲ... ပြန်အလာကျရင် တစ်ယောက်ထက်တစ်ယောက် အလုအယက်ပြေးကြတာ ခုံဖိနပ်တောင် ထက်ပိုင်ကျိုးတဲ့အထိ...

ရေချိုးဖို့က ရေတုံကင်နှိပ်ရတယ်... နှိပ်ပြီးပြီးချင်းလည်း ချိုးလို့မရသေးဘူး... ရေထဲပါတဲ့ အနည်တွေထိုင်အောင်စောင့်ရသေးတာ... သံဓါတ်များတဲ့ရေတွေဆိုတော့ ရေချိုးပြီးရင် လက်သည်းတွေကို ၀ါထိန်နေတာပဲ... ဆံပင်တွေဆိုတာကတော့ ကြမ်းလိုက်တာမှ ကျွပ်ကျွပ်ကိုမြည်ရော... ဘယ် shampoo မှ မကယ်နိုင်ဘူး... ကျွန်မရဲ့ ဆံပင်ရှည်တွေကတော့ လုံးပါးပါးခဲ့ရတာပေါ့...

တစ်ညတစ်လေတော့ အဆောင်ရှေ့ကသီချင်းသံ ကြားရလေ့ရှိတယ်... သူတို့ခမျာလည်း သိပ်မသက်သာရှာပါဘူး.. အဆောင်က ခြံဝနဲ့အဝေးကြီးဆိုတော့ အသံကုန်ဟစ်မှ သဲ့သဲ့လေးကြားရတာ... ဂစ်တာလာမတီးတဲ့ညတွေဆိုရင်တော့ ကိုယ်တိုင်ပဲဟစ်ကြတယ်... ကျွန်မနဲ့ မဝေကခေါင်းဆောင်တွေလေ... လည်ချောင်းတွေနာတဲ့အထိကို အော်ကြတာ...

ခုတော့ အဲဒီလိုလွတ်လပ်ပျော်ရွှင်မှုလေးတွေနဲ့ ဝေးနေရတာ ကြာပါပြီ... နွေဦးသူတွေအားလုံးလည်း တစ်ယောက်တစ်နေရာစီပေါ့... မဆုံဖြစ်တာလည်း အတော်ကိုကြာပြီ... ရန်ကုန်ပြန်ဖြစ်တဲ့အခါကျရင်တော့ အားလုံးဆုံကြဖို့ ကြိုးစားရဦးမယ်... အဲဒီအခါရော.. အရင်လိုလွတ်လပ်ပေါ့ပါးမှုလေးတွေ ပြန်ရဦးမှာလားဆိုတာတော့..............

Friday, June 5, 2009

ဒုတိယမိခင် (သို့) TU မှော်ဘီ

တက္ကသိုလ်ဆိုတာ ဒုတိယမိခင်လို့ တင်စားကြတာ ကြားဖူးတယ်... ကျွန်မအတွက်လည်း တကယ်ကို ဒုတိယမိခင်ပါပဲ... အင်းလျားကန်မရှိ သစ်ပုတ်ပင်မရှိ ဂျဒ်ဆင်မရှိပေမယ့် တသက်မမေ့စရာ အမှတ်တရလေးတွေရှိတာပေါ့... ဆယ်ကျော်သက်အရွယ် အတောင်စုံစငှက်ကလေးလို လွတ်လပ်ပေါ့ပါးခြင်းတွေနဲ့ ဒုတိယမိခင်ရဲ့ရင်ခွင်ထဲမှာ လောကကြီးရဲ့အကြောင်း ကောင်းကောင်းလေ့လာခွင့် ရခဲ့တာပေါ့...

နည်းပညာကျောင်းသူကျောင်းသားတွေက တခြားကျောင်းသူကျောင်းသားတွေထက် ပိုရင်းနှီးကြတယ်... ပိုခင်ကြတယ်ဆိုတာလည်း အစဉ်အလာတစ်ခုပဲလေ... ၅နှစ်လုံးလုံး ဒီလူ ဒီဆရာ ဒီအခန်းမှာပဲ တက်နေရတာပေမယ့် ပျင်းစရာမကောင်းခဲ့ဘူးနော်... နေ့ခင်းဘက် lecture ချိန်တွေမှာ အိပ်ငိုက်မနေအောင် ဟာသတွေအမျိုးမျိုး ဖန်တီးတတ်တဲ့ ဘော်ဒါတွေကိုလည်း သိပ်လွမ်းတယ်...

ဂျဒ်ဆင်မရှိပေမယ့် ရှိတဲ့ရေစင်ပေါ်တက်ဆော့ပြီး ပျော်ခဲ့ဖူးတယ်... ဆရာမကြီးအော်တာနဲ့ ဆင်းပြေးခဲ့ရလို့ ၀အောင်တော့ မဆော့လဲ့ရဘူးပေါ့... ခရေပန်းလိုချင်လို့ ခရေပင်ကိုဖိနပ်နဲ့ပစ်တာ ဖိနပ်က အပင်ပေါ်တင်နေလို့ ဆရာက ၀ါးလုံးနဲ့ထိုးချပေးခဲ့ရဖူးတာလည်း မှတ်မိသေးတယ်... ကထိန်ပွဲဆိုရင်လည်း Major တစ်ခုနဲ့တစ်ခု ပဒေသာပင်အလှပြိုင်ရတာအမော... ကဗျာစာအုပ်ထုတ်ပြီးလိုက်ရောင်းတုန်းက Auto ရေးခိုင်းတဲ့သူတွေတရုန်းရုန်းနဲ့ မင်းသမီးလိုလို ဘာလိုလိုပေါ့ ပေါခဲ့တာ...

နွေရာသီဆို ငုဝါပန်းတွေဝေနေတဲ့ ကျောင်းအ၀င်လမ်း ကံ့ကော်တန်းလောက် မခန်းနားပေမယ့် ငုဝါမြင်တိုင်း လွမ်းနေဆဲပေါ့... မိုးတွင်းဆို ကျောင်းဝင်းထဲ အလေ့ကျပေါက်တဲ့ ဖလံတောင်ဝှေးတွေ မာလာဖူးတွေ လိုက်ချိုး... သရက်သီးတွေကို ၀ရံတာကနေ ထီးနဲ့လှမ်းခူးပြီးစား... အဲဒီအရသာတွေကဘာနဲ့မှ မလဲရက်စရာပေါ့... ဆောင်းနှင်းဖွေးဖွေးတွေကြားမှာ အဆုပ်လိုက်အခဲတိုက်ပွင့်တတ်တဲ့ ငွေပန်းတွေကို ခူးပန်ခဲ့တာလည်း ဥစ္စာစောင့်နဲ့ နင်လားငါလားပေါ့...

တကယ်တမ်းကျတော့ ကျွန်မတို့ကျောင်းက တောကြိုအုံကြားမှာ ဘာပကာသနမှမရှိ.. အဆောက်အဦးရယ်လို့တောင် ကြီးကြီးမားမား ပြစရာမရှိပါဘူး... ဒါပေမယ့် ဒီဒုတိယမိခင်ရဲ့ရင်ခွင်ထဲမှာပဲ ဘ၀အကြောင်း အချစ်အကြောင်း လောကကြီးရဲ့အကြောင်းတွေကို ပိုသိလာရတာ... တကယ်လွမ်းပါတယ်... ရေးနေရင်နဲ့ကို ပိုလွမ်းလာလို့ ဆက်မရေးတော့ဘူး... ကျွန်မရဲ့ ဘော်ဘော်တွေအကြောင်းကတော့ မကြာမီ... လာမည်.... မျှော်..............