Thursday, February 11, 2010

အိပ်မက်ထဲကကျောင်းတော် (၂)

ပထမနှစ်တက်နေတုန်းမှာ တက္ကသိုလ်ဝင်ခွင့်တွေခေါ်ပါတယ်.. လျှောက်လွှာထဲမှာ နည်းပညာတက္ကသိုလ်ပါမလာတော့ပါဘူး.. အစိုးရနည်းပညာကောလိပ်ဆိုပြီး ပါလာပါတယ်.. ကျွန်မတို့လည်း ဇဝေဇ၀ါပေါ့.. တက္ကသိုလ်ဝင်ခွင့်နဲ့လျှောက်ရင် ဘီအီးတန်းကို တဆက်တည်းပဲ တက်ခွင့်ရတော့မလိုလိုတွေကလည်းပြောနေကြသေး.. ကျွန်မကတော့ တက်လက်စကိုပဲ ဆက်ကြိုးစားချင်တာ.. ဘွဲ့ရအောင်ပေါ့.. အိမ်ကတင်ဆိုလို့ စီးပွားရေး တက္ကသိုလ်တော့ လျှောက်လိုက်တယ်.. ကျလာတော့ ကျောင်းသွားအပ်ထားလိုက်တယ်လေ.. သူကရွာသာကြီးမှာဆိုတော့ မှော်ဘီလောက်တော့မဝေးဘူးပေါ့.. ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်မက မှော်ဘီသူတစ်ပိုင်းဖြစ်နေပြီ.. မှော်ဘီမှာပဲပျော်နေပြီ.. အီကိုကျောင်းကို ကျောင်းအပ်တုန်းတစ်ခါပဲရောက်လိုက်ပါတယ်.. သွားကိုမသွားဖြစ်တော့တာ.. အားလုံးလဲအသီးသီးကျောင်းတွေအပ်ကြ နှစ်ကျောင်းပြိုင်တက်ကြ လုပ်နေကြတဲ့အချိန်မှာ ဂျီတီအိုင်ကျောင်းဘက်က တစခန်းထလာပါတယ်.. ၁၀တန်းအမှတ်စာရင်းမူရင်းတွေပေးရမယ်တဲ့.. အဲဒီမူရင်းဆိုတာ လသာရုံးကဟာ မဟုတ်ဘူးနော်.. တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတင်ဖို့ စာစစ်ဋ္ဌာနတွေကနေ ထုတ်ပေးတဲ့အမှတ်စာရင်းကိုပြောတာပါ.. အဲဒါက နှစ်စောင်ထုတ်လို့မှမရပဲ.. ကျွန်မတို့ဆီမှာလဲမရှိတော့ဘူး.. သက်သက်ညစ်တာပေါ့လေ.. အဲဒါမပေးရင် ဒီပလိုမာလက်မှတ်မပေးပါဘူးတဲ့.. ကျောင်းမှာတော့ ဆူကြပွက်ကြပေါ့.. ကျောင်းအုပ်ကြီးရုံးခန်းနားမှာ စုဝေးကြ အော်ကြဟစ်ကြ.. ရုံးခန်းထဲကလူတွေကို အပြင်ထွက်မရအောင် ပိတ်ဆို့ထားကြနဲ့.. ပျော်စရာပဲကောင်းသေးတော့တယ်.. ၀န်ကြီးရဲ့စီမံချက်ဆိုတော့လည်း ဘာတတ်နိုင်မှာလဲ.. လည်တဲ့သူတွေကတော့ လည်သလိုလုပ်ပြီးပေးလိုက်ကြတယ်.. (ကျွန်မလဲ အပါအ၀င်).. အဲဒါမပေးနိုင်လို့ ခုထိ လက်မှတ်မရတဲ့သူတွေလည်းရှိတယ်.. အများစုကတော့ ပေးလိုက်နိုင်ကြပါတယ်.. အခြေအနေကိုက လိမ်မှညာမှရမှာဆိုတော့လည်း မိုးခါးရေကို ပျော်ပျော်ကြီးဝိုင်းသောက်လိုက်ကြရုံပေါ့နော်..

စကားမစပ် ကျောင်းကန်တင်းတွေအကြောင်း ရေးချင်သေးတယ်.. ကျွန်မတို့ကျောင်းစတက်တော့ ကန်တင်းက ကျောင်းအ၀င်ဝလေးတင်ပဲ.. အ၀င်ဂိတ်ရဲ့ ဘယ်ဖက်မှာတစ်ဆိုင်.. ညာဘက်မှာတစ်ဆိုင်.. ကျောင်းအုပ်ကြီးအိမ်နားက ညောင်ပင်အောက်မှာတစ်ဆိုင်ပေါ့.. နောက်မှသာ ကန်တင်းဆိုင်ခန်းတွေဆောက်ပြီး ဆိုင်တွေလည်းများလာတာ.. ပေါ်ပြူလာအဖြစ်ဆုံးအစားအစာက ပေါ်တင် တဲ့.. အဆန်းတော့မဟုတ်ပါဘူး.. ဟင်းကို ထမင်းပေါ်တင်ပေးလိုက်တာပါပဲ.. ကြက်သားဟင်းနဲ့ဆိုရင် ကြက်ပေါ်တင်.. ၀က်သားနဲ့ဆို ၀က်ပေါ်တင်ပေါ့.. ချဉ်ပေါင်ကြော်လေး ငရုတ်သီးကြော်လေးတောင် အဆစ်ပါလိုက်သေး.. စလုံးက ထမင်းဆိုင်တွေမှာပေးသလို ထမင်းနဲ့ဟင်းရောထည့်ပေးတာပေါ့.. နောက်မှတ်မိနေသေးတာက ရှကီကြော်ဆိုတာ.. အရက်သောက်တာကို ရှကီထုတယ်လို့ပြောတတ်ကြတာကြားဖူးမှာပေါ့.. ကျွန်မတို့နှစ် စက်မှုစွမ်းအားကျောင်းသားထဲမှာ ဘာလို့မှန်းမသိ ရှကီလို့ခေါ်ကြတဲ့သူတစ်ယောက်ရှိတယ်.. သူကထမင်းစားရင် အစိမ်းကြော်လိုမျိုးကြော်ထားတာကို ထမင်းပေါ်မှာပုံထားတာမျိုး မှာစားလေ့ရှိတယ်တဲ့.. ထမင်းပေါင်းနဲ့ ခပ်ဆင်ဆင်ပေါ့.. ကော်ရည်မပါ အသားမပါတာပဲကွာမယ်.. အဲဒီသူစားတတ်တဲ့ထမင်းမျိုးကို ထမင်းဆိုင်ကမှတ်ထားပြီး သူ့နာမည်နဲ့တွဲလို့ ရှကီကြော်လို့ နာမည်ပေးလိုက်တာတဲ့.. အဆန်းပဲနော်.. ကန်တင်းမှာကျွန်မအကြိုက်ဆုံးက ထောပတ်သီးဖျော်ရည်ပဲ.. အရမ်းကောင်းတယ်.. ဈေးလည်း ရန်ကုန်မြို့ထဲကနဲ့စာရင် သက်သာတယ်လေ.. နေ့တိုင်းလိုလိုသောက်တာပဲ.. ကန်တင်းအသစ်ကိုပြောင်းလိုက်တော့ ဆိုင်တွေကနိမ့်ပြီး အ၀င်လမ်းကမြင့်နေတယ်.. ၀င်လာသမျှလူတွေက စင်ပ်ါမှာမော်ဒယ်ရှိုးလျှောက်ပြသလား ထင်ရအောင်ကိုမြင့်တာလေ.. ဂ၀ံတွေခင်းထားတာကလည်း မညီမညာ.. တချို့ကျောင်းသူတွေများ အံ့သြလောက်ပါပေ့.. ကျွန်မက ဖိနပ်ပါးလေးနဲ့တောင် မလဲအောင်မနည်းလျှောက်ရတဲ့ အဲဒီလမ်းမှာ သူတို့က ပင်ဆယ်ဟီးလ်နဲ့ ကြော့ကြော့လေးလျှောက်နိုင်ကြသတော့.. ကျောင်းစောစောရောက်တတ်တဲ့ကျောင်းသားတွေအတွက်တော့ နေ့တိုင်းကြည့်စရာရတာပေါ့.. လုံချည်ပဲဝတ်ရမယ်လို့ သတ်မှတ်ထားပေမယ့် အဲဒီတုန်းကခောတ်စားတဲ့ သုံးလွှာစကတ်အကွဲတွေဝတ် ဒေါက်မြင့်ဖိနပ်လေးစီး ဆွဲခြင်းလေးဆွဲလို့ ကတ်ဝေါ့လျှောက်ကြတဲ့ မမလှလှတွေများ ခုထိတောင်မြင်ယောင်နေတုန်း..

ဘာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျောင်းသားသဘာဝ ပျော်တာကတော့ ပျော်တာပါပဲ.. မိုးတွင်းမှာ လေကြီးမိုးကြီးကျတဲ့နေ့ ဆရာကမိုးသံကိုလွှမ်းအောင်မအော်နိုင်လို့ စာမသင်ရရင်လဲ သိပ်ပျော်တာပဲ.. ရန်ကုန်ဆောင်းက သိပ်မအေးပေမယ့် မှော်ဘီကတော့ နည်းနည်းပိုအေးတယ်.. နှင်းတွေလည်း ပိုကျတတ်တယ်.. ကျွန်မကနှင်းကျရင်အရမ်းပျော်တာ.. သိန်းဇော်ဦးတို့အဆောင်ရှေ့ ခရေပင်ကြီးက ခရေပန်း အပွင့်အကြီးကြီးတွေကိုလည်း သတိရသေးတယ်.. အရမ်းမွှေးတာလေ.. နွေရာသီဆိုရင်တော့ ပူလိုက်တာပြောမနေနဲ့တော့.. ကန်တင်းတောင်မသွားနိုင်လောက်အောင်ကို နေကပူတော့တာ.. ထိုင်နေရင်းကို ချွေးပြိုက်ပြိုက်ကျရော.. ၂၀၀၀ပြည့်နှစ်ရဲ့ သုံးရာသီစလုံးကို ကျောင်းတက်ရင်းဖြတ်သန်းခဲ့ပြီးတဲ့နောက်တော့ ကျွန်မမှော်ဘီသူလုံးလုံးဖြစ်သွားခဲ့ပြီ.. မှော်ဘီဝန်းကျင်လဲ မရောက်ဖူးတဲ့နေရာမရှိသလောက်ဖြစ်သွားပြီလေ.. မှော်ဘီဈေးထဲက ဈေးသည်တွေနဲ့တောင် ဘော်ဒါတွေဖြစ်နေပြီပေါ့..

(ဆက်ပါဦးမည်)

4 comments:

စိုင်းလောဝ်ပိန်း said...

အမ, ၆၃ ကျောင်းကားစီးတယ်မလားဟင်။ သိနေသလိုပဲ။ ကျောင်းကားပေါ်မှာ ဖဲရိုက်ကြတဲ့အကြောင်း ဘယ်တော့ရောက်မလဲဗျ။:P

Aung Chan Thar said...

အမ ... မှော်ဘီ သူ ဖြစ်တဲ့ အထဲ မှာ အီကွေတာ သွားတဲ့ အကြောင်း ထည့်ရေးဦးလေ .. ရှကီကြော် သတိရလိုက်တာဗျာ ..

Unknown said...

Aung Chan Thar, nin yaw "Ei Kway Taw" အီကွေတာ ma twar buu lar? Thu myar ko shout ma pyaw nat^^^^:D

ကိုလူထွေး said...

နှစ်စောင်မပေးတဲ့ အမှတ်စာရင်းကို နောက်တစောင် မူရင်းထပ်တောင်းတာ သက်သက် ယုတ်မာ ညစ်ပတ်တာပဲ။

ဝန်ကြီးရဲ့ စီမံကိန်းဆိုတော့ ဝန်ကြီးရဲ့ ယုတ်မာမှုကြီးပဲပေါ့...

ကလေးတွေကို ကျောင်းစမတက်ရခင် လိမ်တတ် လှည့်စားတတ်အောင် သင်ပေးနေတယ်...

း(