ဟိုးငယ်ငယ်လေးကတည်းက ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့ မေးခွန်းအတွက် ကျွန်မမှာ ဖြေစရာတစ်ခုတည်းရှိတာ.. အင်ဂျင်နီယာလုပ်မယ်လို့.. ဘယ်တော့မေးမေး ဘယ်နှစ်ခါမေးမေး ပြောင်းလဲမသွားတဲ့အဖြေပေါ့.. တကယ်တမ်း ၁၀ တန်းအောင်တော့ ဂုဏ်ထူး ၂ဘာသာနဲ့ အမှတ်ပေါင်းကလည်း ဟိုမမှီဒီမမှီ.. စိတ်ဓါတ်ကျလိုက်တာဆိုတာ မပြောပါနဲ့.. ကျက်စာကို သေအောင်မုန်းတာမို့ လူမှုရေးဘာသာတွဲကို ၄၄ မှတ်နဲ့ အောင်တယ်ဆိုယုံလေးအောင်ခဲ့တာလေ.. ကျွန်မအကြောင်းသိတဲ့ဖေဖေက အကြံပေးတယ်.. သမီးဂျီတီအိုင်တက်ပါလား.. ကြိုးစားရင် သမီးလိုချင်တဲ့ အင်ဂျင်နီယာဘွဲ့ ရနိုင်တဲ့လမ်းစရှိတယ်တဲ့.. ကျွန်မ ဖေဖေ့ကိုပြန်မေးတဲ့မေးခွန်းမှတ်မိသေးတယ်.. ဂျီတီအိုင်တက်ရင် သမိုင်းတို့ ပထ၀ီတို့လို ဘာမှန်းမသိ အလွတ်ကျက်ရတာတွေ မပါဘူးမဟုတ်လားလို့.. စာကျက်ဘယ်လောက်ပျင်းထားသလဲကြည့်.. ဖေဖေကရယ်တယ်.. ငါ့သမီးက လက်တွေ့မှကြိုက်တာကိုးတဲ့.. ဒီလိုနဲ့ပဲ ၀င်ခွင့်လျှောက်လွှာတင်ဖြစ်သွားတယ်.. လျှောက်လွှာဖြည့်တော့ ဦးစားပေးဘာသာတွေ အစဉ်လိုက်ဖြည့်ရတယ်လေ.. ရူပဗေဒဆို အမြဲအမှတ်ပြည့်ရတတ်တဲ့ ကျွန်မအတွက် ဖေဖေရွေးပေးတာက အီလက်ထရောနစ်တဲ့.. တစ်ခုပဲဖြည့်တယ်.. ၀င်ခွင့်စာမေးပွဲကို သန်လျှင်ဂျီတီအိုင်ကျောင်းမှာသွားဖြေရတာ.. ချောချောမောမောပါပဲ.. အောင်စာရင်းတွေထွက်တော့ ဘာသာရပ်အထူးပြုကတော့ အီလက်ထရောနစ်ပါ.. တက်ရမယ့်ကျောင်းက မှော်ဘီတဲ့.. မှော်ဘီဆိုတာ ကျွန်မအတွက် တကယ့်ကို အစိမ်းသက်သက်ကြီး.. ဘယ်နားရှိမှန်းတောင်မသိဘူး.. အတူတူဝင်ခွင့်ဖြေတဲ့သူငယ်ချင်းတွေက ၀ါးခယ်မတို့ မအူပင်တို့ရောက်ကုန်တယ်.. ကျောင်းသွားအပ်ရတဲ့နေ့က ဖေဖေနဲ့အတူတူ ကားငှားပြီးသွားကြတယ်.. မှတ်မိသေးတယ်.. ဒီဇင်ဘာ ၂၇ ရက်နေ့ ၁၉၉၉... ကိုယ်တက်ရမယ့်ကျောင်းကို ပထမဆုံးမြင်လိုက်ရတော့ အံ့သြလို့.. အထက်တန်းကျောင်းလေးသာသာပဲရှိတာကိုး.. ကျောင်းအုပ်ကြီးနဲ့တွေ့တော့ ဂါဝန်ဝတ်ထားတဲ့ကျွန်မကို ကျောင်းတက်ရင်လုံချည်ပဲဝတ်ရမှာနော်သမီးတဲ့.. ဖေဖေ့ကိုလဲမှာလိုက်တယ်.. သမီးကို လုံချည်ပဲဆင်ပါတဲ့လေ.. မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်မမှာလုံချည်ဆိုလို့ ရေလဲလုံချည်နဲ့ ကျောင်းစိမ်းပဲရှိတာ.. ဘာရမလဲ အဒေါ်တွေဆီက သမရတော့တာပေါ့.. အဲဒီတုန်းက ကျောင်းအုပ်ကြီးက ဒေါ်တိုးတိုးသန်း.. ကျွန်မလေးစားရတဲ့သူတွေထဲက တစ်ယောက်ပေါ့.. သဘောကောင်းသလောက် အပြောကြမ်းပါတယ်..
ကျောင်းသွားအပ်တဲ့နေ့က အိမ်ပြန်ရောက်တော့ ပင်ပန်းပြီးလှုပ်တောင်မလှုပ်နိုင်တော့တဲ့ကျွန်မကိုကြည့်ပြီး ဖေဖေက ဒီပုံနဲ့တော့ နေ့တိုင်းအသွားအပြန်လုပ်နေရရင် မဖြစ်ဘူးဆိုပြီး အဆောင်နေခိုင်းပါတယ်.. ဒါနဲ့ပဲ အဆောင်ရှာရပြန်တယ်ပေါ့.. အန်တီမိုးနဲ့အတူတူ အဆောင်သွားရှာကြတော့ ကျောင်းရှေ့က နွေဦးဆိုတဲ့ ဘော်ဒါဆောင်လေးမှာ နောက်ဆုံးကျန်နေတဲ့ တစ်နေရာစာလေး ကံကောင်းထောက်မစွာ ရလိုက်တယ်.. ၂၀၀၀ပြည့်နှစ်ရဲ့ ဇန်န၀ါရီလဆန်းမှာ ၅နှစ်တိတိ မက်ရမယ်မှန်းမသိသေးတဲ့ ကျွန်မရဲ့အိပ်မက်တို့ အစပျိုးခဲ့တယ်ပေါ့...
၂၀၀၀ ပြည့်နှစ်
ကျောင်းစဖွင့်ပြီဆိုလို့သာ အတန်းတက်နေရတယ်.. ဘာစာမှ မယ်မယ်ရရ မသင်ရသေး.. ကျွန်မတို့က စနစ်သစ်ရဲ့ ပထမဆုံးအတန်းဆိုတော့ ဘာဆိုဘာမှ အဆင်သင့်မဖြစ်သေး.. ဆရာတွေလက်ထဲမှာလဲ ဘာသင်ရိုးညွှန်းတမ်းမှမရှိ.. တကယ့်ကို ယောင်ခြောက်ဆယ်ကာလပါပဲ.. အဆောင်မှာအတူနေကြသူတွေထဲမှာ ကျွန်မနဲ့မေဂျာတူတဲ့သူတွေရှိတော့ရှိပါတယ်.. သူတို့တွေက စာကြမ်းပိုးတွေ.. သင်သမျှစာကိုပဲ အထပ်ထပ်ကြည့်.. ဘယ်မှမသွားချင်ကြဆိုတော့ ကျွန်မနဲ့က သိပ်ကီးမကိုက်ဘူး.. ကီးကိုက်တဲ့ဘော်ဘော်တွေကျပြန်တော့ မေဂျာကမတူ.. အတန်းချိန်တွေချင်းကမတူ.. အမြဲလိုလို တစ်ယောက်တည်းပေါ့.. တစ်လလောက်ယောင်နေခဲ့ပြီး အတန်းတွေခွဲလိုက်တော့ တန်းခွဲ စီမှာကျတယ်.. အဲဒီတုန်းက ၀ိုင်တီယူတိုက်ရိုက်ဝင်ခွင့်ရတဲ့သူတွေနဲ့ အတူတူတက်ရတုန်း.. သူတို့တွေကလည်း မကျေနပ်ချက်တွေနဲ့လေ.. ငါတို့ကို ဂျီတီအိုင်တွေနဲ့ ရောထားရလား.. တူသလား.. တန်သလားပေါ့.. ကျွန်မတို့စီခန်းမှာ မိန်းကလေးအများစုက ၀ိုင်တီယူကဟာတွေဆိုတော့ ကိုယ်နဲ့ကသိပ်မကိုက်ဘူး.. သူငယ်ချင်းမရှိဘာမရှိနဲ့ ပျင်းလိုက်တာဆိုတာ မပြောပါနဲ့တော့.. နောက်နည်းနည်းကြာတော့ ၀ိုင်တီယူတွေကို အတန်းသပ်သပ်ခွဲလိုက်တယ်.. ကျွန်မက ဘီခန်းမှာ တက်ရတယ်ပေါ့.. နှစ်ခန်းပဲကျန်တော့တာကိုး.. နည်းနည်းလဲနေသားကျသွားပြီ.. အတန်းထဲကလူတွေနဲ့လဲ ခင်ခင်မင်မင်ဖြစ်လာပြီဆိုတော့ အရင်ကလောက်ပျင်းမနေရတော့ဘူးပေါ့.. လက်တွေ့ချိန်တွေမှာ တစ်ဖွဲ့တည်းကျတဲ့ ကောင်လေးတွေနဲ့ တော်တော်ခင်သွားတယ်.. တစ်ယောက်က သိန်းဇော်ဦး.. တစ်ယောက်ကပြည့်ဖြိုးအောင်တဲ့.. သူတို့နဲ့တစ်ဆောင်တည်း အတူတူနေကြတဲ့ နေလင်း.. ကိုကိုအောင်.. ကိုသန့်ဇင်တို့နဲ့ပါ ခင်သွားတယ်.. ကန်တင်းသွားလဲ သူတို့နဲ့ပဲ.. အဲဒီအထိ အတန်းထဲကမိန်းကလေးတွေနဲ့ သိပ်အစေးမကပ်သေးဘူး.. သင်ရတဲ့စာတွေကလည်း ဘာမှမရေရာပါဘူး.. သင်လိုက်ကြ.. ပြီးရင်သင်ထားတာတွေ မပါတော့ဘူးလို့ပြောလိုက်ကြ.. အသစ်တွေထပ်သင်လိုက်ကြနဲ့ လုံးချာလည်နေတာပဲ.. အပျော်ဆုံးကတော့ ပုံဆွဲရတာပဲပေါ့.. ဇင်းကျိုက်ဆောင်က ပုံဆွဲခန်းတွေကို လွမ်းမိသေးတော့တယ်.. ပုံဆွဲရင်း သရက်သီးတွေခူးစားကြတာလဲမှတ်မိသေးတယ်.. ဇင်ကျိုက်ဆောင်ဘေးက သရက်ပင်တွေကို တွေးမိရင်တောင်သနားလာတယ်.. တီစကွဲတွေနဲ့ သရက်သီးခူးကြတာလေ.. ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ၆လပြည့်တော့ ပထမနှစ်ဝက်စာမေးပွဲဖြေရတယ်.. မေးချင်ရာမေးဖြေချင်ရာဖြေပဲ.. ဒါလည်းအောင်တာပါပဲ.. ကျောင်းကဆရာတွေပဲ စစ်တာကိုး.. အကြောင်းသိတွေဆိုတော့ ပြီးရောပေါ့..
ဒုတိယနှစ်ဝက်ကို မင်းဝံဆောင်မှာတက်ရတယ်.. ကျွန်မတို့နာမည်ပေးထားတာက မဲဇာတဲ့.. မဲဇာရောက်လဲ ပျော်ပျော်ပါပဲ.. ပိုတောင်လွတ်လပ်သေးတယ်.. ကျောင်းအုပ်ကြီးရုံးခန်းနဲ့ဝေးတာကိုး.. အဲဒီတုန်းက ရုံးခန်းက အဆောင်၁ရဲ့ အပေါ်ထပ်မှာလေ.. ၁၀၇ နဲ့ ၁၀၈ အခန်းတွေပေါ့.. အဲဒီမင်းဝံဆောင်အခန်းလေးထဲမှာ ဆရာဦးမိုးဝင်းက ဒစ်ဂျစ်တယ်နဲ့မိတ်ဆက်ပေးခဲ့တယ်.. ဆရာဦးစိုးရာဇာက ဆားကစ်တွေကို ခွဲခြမ်းစိတ်ဖြာပြခဲ့တယ်.. ဆရာမဒေါ်အမာကြူက ဆက်သွယ်ရေးတွေအကြောင်း ပြောပြခဲ့တယ်.. ကျွန်မတို့တတွေလည်း ကန်တင်းတစ်လှည့်.. ဖဲဝိုင်းတလှည့်.. စာသင်ခန်းထဲတလှည့်ထိုင်ရင်း.. တစ်နှစ်ကုန်ခဲ့တယ်ပေါ့...
(ဆက်ပါဦးမည်)

4 comments:
အဟင့် အဟင့် ရွှတ် ရွှတ် ....
ပြန်လွမ်းမိလို့ ငိုချင်လာတယ် အမ ရယ် ... ဒါပေမယ့် ဆက်ရေးပါဦး .. ဆက်ငိုဦးမယ် ဟုတ်ပါဖူး .. ဆက်အားပေးဦးမယ် .. :D
သီချင်းလေးတွေ နဲ့ ရတုလေးတွေ သွားအမှတ်ရမိတယ်
ဘာတဲ့....မဲဇာတောင်ခြေ စီးထွေထွေတည့်..တို့ နောက်ပြီး မြို့ကြီးပြကြီးမနီးတဲ့ တောရပ်ရွာ တွင်..အဲ့ဒီ့ကစ ..လူဖြစ်ရတဲ့ ကိုယ့်ဘ၀အခြေ အနေ . ...တို့... နောက်.. လေးဖြူရဲ့...မြို့ပြလို့ပြောလည်းပဲ တောနက် ကြီးတစ်ခု လိုပါပဲ ..တို့..နောက်..ကျွန်တော့်ရည်မှန်းချက် တွေးလျက်နဲ့ ပျော်သည်ပျော်သည် တို့....ဘာတို့ညာတို့ ပေါ့နော်...း)
အတိတ်ကိုတွေးလိုက်ရင် ခဏလေးလိုပဲ ..ဒါပေမယ့် ၁၀ စု နှစ်တစ်ခု က အမြန်ကို ကြော်ဖြတ်သွားတယ်...ပြောင်းလဲသင့်တာတွေလဲ ပြောင်းလဲ သင့်သလို ..ပြောင်းလည်း ပြောင်းလဲ ခဲ့ပါပြီနော....
ပျော်ပါစေ ဘော်ဒါရေ
*.*.*
Hey.. Friend , I am still remember for Social Science Subject Exam day. U cried in the exam room. :) I also cant do well in that subject.
ZAS
U really good writer .flash back all of my old memories .. miss our school time :(
Post a Comment