Friday, February 26, 2010

အိပ်မက်ထဲကကျောင်းတော် (၃)

၂၀၀၀ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ ပထမနှစ်စာမေးပွဲဖြေရတယ်.. ၆လပါတ် နှစ်ဝက်စာမေးပွဲထက်စာရင်တော့ တိုးတက်လာတယ်ပြောရမှာပေါ့.. ဟိုတုန်းက မေးချင်ရာမေး ဖြေချင်ရာဖြေခဲ့တာမို့လား.. စာမေးပွဲဖြေပြီးကျောင်းပိတ်ထားတုန်းကများ မနေတတ်မထိုင်တတ်နဲ့ ပျင်းလိုက်တာမပြောပါနဲ့.. သူများတွေကတော့ အောင်စာရင်းအတွက်ရင်ခုန်နေကြတယ်တဲ့.. ကျွန်မကတော့ ဘာမှကိုစိတ်မပူခဲ့တာ.. ခုံနံပါတ်ကောင်းကောင်းရဖို့လဲ စိတ်မ၀င်စားခဲ့ဘူး.. အောင်စာရင်းတွေထွက်တော့ အောင်ကြပါတယ်.. ကျွန်မက အဆင့်၁၀နဲ့အောင်တယ်.. အဲဒီတော့မှ အဆင့်ကောင်းကောင်း လိုချင်ရကောင်းမှန်းသိတော့တာ..

ဒုတိယနှစ်စတက်တော့ ဌာနမှူးအသစ်ရောက်လာတယ်.. ဆရာမဒေါ်အေးအေးမြင့်ပေါ့.. စည်းကမ်းကြီးတဲ့ အပျိုကြီးလေ.. စာသင်လဲအရမ်းကောင်းပါတယ်.. စေတနာအပြည့်နဲ့ သင်ပေးတာမှန်းအရမ်းသိသာတယ်.. စာသင်ချိန်တစ်ချိန်ပြီးတိုင်းသူ့မှာမောလို့.. ဆရာမက ကျွန်မတို့ကို လျှပ်စစ်ဆက်သွယ်ရေးဘာသာသင်ပါတယ်.. လုံးဝသီအိုရီချည်းပေါ့.. ကံဆိုးချင်တော့ သူ့စာသင်ချိန်တိုင်းက ထမင်းစားပြီးစ ပထမဆုံးစာသင်ချိန်တွေချည်းပဲ.. ဘာငိုက်သလဲမမေးနဲ့.. တော်သေးတယ်.. အတန်းထဲမှာ လောအယ်တို့ စံကေးတို့လို လူတွေရှိနေပေလို့.. ဆရာမကစာသင် သူတို့ကရယ်စရာလေးဘာလေးပြောပေါ့.. တခါတလေ သူတို့ပါအိပ်ပျော်နေပြီဆိုရင်တော့ပြီးရောပဲ.. မှတ်မိသေးတယ်.. တနေ့ ဆရာမကရှေ့ကနေ အားကြိုးမာန်တက်စာသင်နေတယ်.. လောအယ်ဆိုတဲ့ကောင်က အိပ်ပျော်တာမှ ဟောက်တောင်နေသေးတယ်.. အားလုံးလည်းကိုယ့်အရှိန်လေးနဲ့ကိုယ် ငိုက်နေကြသပေါ့.. အဲဒီအချိန်မှာ ခင်ဗျာတီချယ် ဆိုတဲ့ လောအယ်ရဲ့အသံအကျယ်ကြီးထွက်လာတယ်.. တီချယ်လဲလန့်သွား အားလုံးလဲ မျက်လုံးကျယ်သွားကြတာပေါ့.. ဘာဖြစ်လို့လဲမေးတော့ သူ့ဘေးနားထိုင်တဲ့ စံကေးက သူ့ကိုနှိုးပြီး တီချယ်ခေါ်နေတယ်ပြောလို့တဲ့လေ.. သူတို့နှစ်ယောက်ကအဲဒီလို.. ဆရာမပေါက်စလေးတွေဆို သူတို့ကိုသိပ်ကြောက်တာပေါ့.. လောအယ်ပြောပြတာမှတ်မိသေးတယ်.. စာမေးပွဲခန်းထဲကအဖြစ်အပျက်လေးပေါ့.. အခန်းစောင့်တဲ့ဆရာမက ငယ်ငယ်လေးတဲ့.. သူကစာကူးချဖို့လုပ်နေတာ ဆရာမကသိတော့ သူ့နားမှာပဲရပ်နေတယ်တဲ့.. စာကူးလို့မရတော့ ရအောင်ကြံမှဆိုပြီး.. မေးခွန်းထဲမှာမမေးထားဘဲနဲ့ ပုံတစ်ပုံကောက်ဆွဲလိုက်တယ်.. ပြီးတော့ဆရာမကိုမော့ကြည့်ပြီး တီချယ်.. သားဆွဲထားတဲ့ပုံလေးလှလားလို့ မေးလိုက်တယ်.. ဆရာမလည်းတစ်ချက်တော့ကြောင်သွားပြီး အင်း.. လှပါတယ်လို့ ပြန်ဖြေတာပေါ့.. အဲဒီတော့သူပြန်ပြောလိုက်တာက.. တီချယ်လဲ အဲဒီလိုပဲ လှတယ်တဲ့လေ.. ဆရာမလေးမှာ တော်တော်လန့်သွားပုံရတယ်.. သူ့နားမလာတော့ဘူးတဲ့.. အဲဒီတော့မှ စာကူးရတာ အဆင်ပြေတော့တယ်တဲ့လေ.. အဲဒီတုန်းက စာမေးပွဲခန်းစောင့်တဲ့ ဆရာမတွေမှာ ကူးချဖို့ယူလာကြတဲ့ စာရွက်တွေသိမ်းရတာ မသက်သာပါဘူး.. ကျန်ကျောင်းအိတ်တွေနဲ့အပြည့်ကိုရတာလေ.. ခောတ်မီတိုးတက်တဲ့နိုင်ငံတော်သစ်ကြီးရဲ့ မျိုးဆက်သစ်လေးတွေလက်ချက်များ မြင်လို့တောင်မကောင်းဘူး..

ဆရာကန်တော့ပွဲတွေ စည်စည်ကားကားလုပ်ကြတာလဲ မှတ်မိပါသေးရဲ့.. ဆရာ ဆရာမတွေရော ကျောင်းသားတွေရောကို ကျွေးဖို့ ထမင်းကြော်တွေ ကြာဆန်ကြော်တွေ ကိုယ်တိုင်ကြော်ကြတာလေ.. ထောက်ကြံ့ဈေးထဲမှာ ဈေးသွားဝယ်ကြ.. ဂေါ်ဖီတွေ မုန်လာဥနီတွေ လှီးကြ.. ထမင်းအိုးကြီးတွေတည်ကြနဲ့ တစ်ညလုံးမအိပ်ကြဘူး.. အကြော်ဆရာကတော့ အားလုံးအချစ်တော် လောအယ်ပေါ့.. သူကဒါမျိုးလဲဖြစ်သားပဲ.. မနက်ပွဲစခါနီးအထိ ပုဆိုးတိုတိုနဲ့ ချွေးတလုံးလုံးကြော်နေရတုန်းလေ.. ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ဆရာကန်တော့ပွဲတွေတိုင်းမှာ တက်တက်ကြွကြွကူညီတတ်တဲ့ သူငယ်ချင်းကို အမြဲအမှတ်ရနေပါတယ်..

ကထိန်ခင်းကြတဲ့အချိန်ဆိုရင်လဲ ပဒေသာပင်တွေအပြိုင်အဆိုင်ပြင်ကြတာပေါ့.. ကျွန်မတို့ကအမြဲထူးထူးခြားခြားလေးတွေလုပ်ဖြစ်တယ်.. ဥပမာ စလောင်းအင်တင်နာပုံ ပဒေသာပင်တို့ဘာတို့ပေါ့.. စလောင်းလုပ်ဖို့ ၀ါးနဲ့ယက်ထားတဲ့ ထမင်းအုပ်ဆောင်းကြီးကို သုံးရတာလေ.. ကထိန်လှည့်တဲ့နေ့ ဒိုးပတ်ဝိုင်းနဲ့အတူ ကွေးနေအောင်ကတဲ့ ဆရာဦးကျော်သူရလွင်ကိုလည်း သတိရသေးတယ်.. ဆရာက တကယ်ကတတ်တာပါ.. ဦးရွှေရိုးလုပ်တာက ကိုကိုအောင်နဲ့ နေလင်းထွန်း.. ဒေါ်မိုးကတော့ တင်မောင်သန်းနဲ့ ကိုသန်းဝေဖြိုးလေ.. ကျွန်မက ဒေါ်မိုးတွေရဲ့ မိတ်ကပ်ဆရာမပေါ့.. ပျော်လိုက်ကြတာအရမ်းပါပဲ.. မှော်ဘီဆောင်းနေ့ခင်းရဲ့ နေပူကျဲကျဲအောက်မှာ မမောနိုင်မပန်းနိုင် ပဒေသာပင်တွေသယ်ပြီး ဘုန်းကြီးကျောင်းကိုသွားကြ.. ဟိုရောက်တော့ ဘုန်းကြီးကျောင်းကကျွေးတဲ့ ဆန်ကြမ်းထမင်းနဲ့ သီးစုံဟင်းကို မြိန်ရည်ယှက်ရည်စားကြနဲ့ ဒီအရသာမျိုး ဘယ်မှာပြန်ရနိုင်တော့မလဲ..

ကျွန်မက ဒုတိယနှစ်ရောက်မှ စာပိုကြိုးစားဖြစ်တယ်.. ဘီတက်ခ်သင်တန်းတက်ခွင့်ရချင်တာကိုး.. အီလက်ထရောနစ်ပိုးကလည်း ၀င်သွားပြီကိုး.. အတန်းမရှိတဲ့အချိန်ဆို လက်တွေ့ခန်းထဲသွားပြီး ဒစ်ဂျစ်တယ်ထရိန်နာကြီးနဲ့ ၀ါယာပေါင်းစုံသုံး တိုင်မာတွေ ကောင်တာတွေ ဆင်နေရတာကိုက အရသာရှိတယ်ထင်နေတော့တာ.. ပီအယ်လ်စီစက်ရောက်လာတော့ ပရိုဂရမ်တွေရေးပြီး ဆရာဦးမိုးဝင်းနဲ့အတူတူ စမ်းသပ်ခဲ့ကြတာတွေလည်း မှတ်မိသေးတယ်.. မီးလုံးတွေလင်းတာမှိတ်တာကိုကြည့်ပြီး လက်ခုပ်လက်ဝါးတီးတဲ့အထိပျော်တတ်ခဲ့တဲ့ ကျွန်မက ဘေးလူတွေအမြင်မှာတော့ ရယ်စရာဖြစ်နေခဲ့မလားပဲ.. အဲဒီတုန်းက ကျွန်မနဲ့အတွဲအညီဆုံးက မိစုဆိုတဲ့ ကျွန်မသူငယ်ချင်းလေး.. ပထမနှစ်တုန်းက သူကအေခန်းကဆိုတော့ မတွဲမိကြဘူး.. စာအရမ်းတော်ပြီး သဘောလဲအရမ်းကောင်းတဲ့သူလေးပါ.. သူတတ်သမျှ သူနားလည်သမျှ မတွန့်တိုတတ်ဘဲ အမြဲမျှဝေတတ်တာပေါ့.. သီအိုရီဘာသာတွေကို စိတ်ရှည်လက်ရှည်မှတ်စုထုတ်ပြီး အားလုံးကိုကူးယူခွင့်ပေးခဲ့တာပေါ့.. ဒါကြောင့်လဲသူအမြဲတမ်းလိုလို အဆင့်၁ရတာလေ..

ကျွန်မတို့ ဒုတိယနှစ်ရောက်တော့ ကျောင်းပိုစည်ကားလာတယ်.. လူတွေပိုများလာတယ်လို့ပြောတာပါ.. ကျောင်းဆောင်သစ်တွေဆောက်တာလဲ ပြီးသွားပြီလေ.. ဆရာအင်အားလည်း ပိုများလာတာပေါ့.. အဲဒီကာလထဲ ထူးခြားတဲ့အဖြစ်အပျက်လေးတစ်ခုလည်း ပြောပြရဦးမယ်.. ကျွန်မတို့အဆောင် သူခိုးခိုးခံရတဲ့အကြောင်းပေါ့.. သူခိုးဝင်ပုံလေးများသိရင် အံ့သြကြမလားပဲ.. ကျွန်မရဲ့ခေါင်းရင်းက ၀ါးထရံကို ဖောက်ပြီးဝင်လာတာလေ.. အဲဒါတောင်ကျွန်မမနိုးပါဘူး.. အဲဒီလောက်အအိပ်မက်တာပါ.. နောက်တော့ ဇာကြီးကနိုးလာပြီး သူရဲ သူရဲဆိုအော်တော့မှ တစ်ဆောင်လုံးနိုးကြတာလေ.. အဲဒီအထိ သူခိုးကဘယ်က၀င်မှန်း မသိကြသေးပါဘူး.. မိုးလင်းတော့မှ ကျွန်မခေါင်းရင်းက အပေါက်ကြီးကိုမြင်ပြီး ဘယ်လောက်လန့်သွားသလဲဆို မေ့တောင်လဲတဲ့အထိ.. တော်တော်သတ္တိကောင်းတာနော်.. အဲဒီအဆောင်မှာလဲ မနေရဲတော့ဘဲ တစ်ဆောင်လုံးပြောင်းပြေးကြတာပေါ့..

(ဆက်ပါဦးမည်)

6 comments:

August Wind said...

ကိုတင်မောင်သန်းက ဒေါ်မိုး ဖြစ်သေးတာကိုး .. အဲဒါကြောင့် ဒီလူကြီး တခါတလေ အရမ်းနွဲ့ တာ ... ကိုစံကေး နဲ့ ကို ဆာလောအယ်တို့ ကတော့ ကျောင်းရောက်ကတည်းကနေ ခုထိ မှတ်မိတုန်းပဲ ... သင်္ကြန်ကျောင်းမပိတ်ခင်တုန်းက .. ဟင်းချက်တဲ့ အိုးကြီးနဲ့ ရေတွေ အပြည့်ကို မနိုင့်တနိုင် မလာပြီးတော့ အခန်း ၃၀၈ မှာ အိုးကြီးကိုင်ပြီး လာကြည့်တာ ... ကျွန်တော်တို့ က ဘာပါလိမ့်ဆိုပြီး ပြူးကြည့်ကြတာပေါ့ ... အိုးကြီးသယ်လာတော့ ငါတို့ များ ဘာကျွေးမလို့ လဲဆိုပြီးစိတ်ဝင်စားလိုက်တာ မှားပါပေါ့ .. တကိုယ်လုံး တင် မကဖူး စာအုပ်တွေပါ ရွှဲ ကုန်ရော .. အကိုလောအယ်တို့ လက်ချက်လေးပါ သတိရလို့ ဖောက်သည်ချလိုက်တာ .. :D

ရေတမာ said...

ဝါးးးးးးးးးးးးးးး ပျော်စရာကြီးးးးးးးးးးးးး မကြီးးးး လွမ်းမိပါတယ် ကျောင်းသားဘဝရယ်။ အများကြီး ဆက်ပါ့ဦးဗျို့

ကိုလူထွေး said...

ကျောင်းသားဘဝ ပျော်စရာကြီးပဲ...
ရေးထားတာလဲကောင်းတယ်...
လောအယ်ကလည်း ဟာသပဲ...
နောက်တခါ သူခိုးခိုရင်တော့ လက်ဝတ်ရတနာတွေ ဘယ်မှာဖွက်ထားလဲဆိုတာ လမ်းပြလိုက်စေချင်တယ်...

းဝ)

rose of sharon said...

မေ့လဲတော့မှာပေါ့... ကိုယ့်ခေါင်းရင်းကနေဝင်သွားတာ... အရမ်းကြောက်သွားမှာပေါ့... မနိုးတာတော်သေးတယ်

aa said...

ကို ဆာလောအယ်ကြီးကို သတိရတယ်.

လင်းကြယ်ဖြူ said...

အော်..တစ်ခါတုန်းက ကျောင်းတော်သားဘ၀..
ခုများတော့ .... အဲ့ဒီ့အချိန်တွေ ကို ပြန်တွေးရင်း
စိတ်ကူးနဲ့ စားမြုန့်ပြန် နေရတာ အခါအခါ ဖြစ်နေတဲ့ဘ၀...
မတည်မြဲခြင်းတွေရဲ့ ရင်ခွင် နွေးနွေးကြားမှာ ပွေ့ဖက်ခြင်း ခံထားရင်း ရုန်းမရပါလား နော်..း )
ပျော်ပါစေ ဘော်ဒါရေ
*.*.*