Friday, December 30, 2011

အဝေးကသံစဉ်

လာမယ့်နှစ်သစ် ၁ရက်နေ့ဆို ကျွန်မရဲ့ ချစ်လှစွာသော တစ်ဦးတည်းသောသားလေး ၃နှစ်တင်းတင်းပြည့်ပြီ.. မိဘတွေနဲ့ခွဲပြီး နေနေရပေမယ့် သူကလေးက ဆွေမျိုးတွေအလယ်မှာ ပျော်နေပါရဲ့.. သူ့မွေးနေ့ပွဲကိုလဲ သူ့စိတ်ကြိုက် စီစဉ်ပေးဖို့တောင် တောင်းဆိုတတ်နေပြီ.. မွေးနေ့လက်ဆောင် ဘာယူမလဲမေးသူတွေဆီက သူလိုချင်သမျှကို ကလေးပီပီ အားမနာတမ်းတောင်းတတ်နေပြီ.. မွေးနေ့ကိတ်သွားမှာတော့လဲ သူ့စိတ်ကြိုက် ကိတ်ကို ကိုယ်တိုင်ရွေးသတဲ့.. ခုခောတ်ကလေးတွေများ လူဖြစ်မြန်လိုက်တာ..

သားသားက မှတ်ဥာဏ်သိပ်ကောင်းတယ်.. စလုံးကလူတွေ နေရာတွေ အားလုံးကိုလဲ အတိအကျ မှတ်မိနေသေးတယ်လေ.. သူနဲ့ဖုန်းပြောလို့ မေမေ့ဆီလာမလားမေးရင် ခဏပဲလာမယ်တဲ့.. ရန်ကုန်အိမ်ကမှ သားသားအိမ်တဲ့လေ.. သားသားက ရန်ကုန်အိမ်ကို အရမ်းကြိုက်နေပြီ.. ခြံထဲမှာ သစ်ခွပင်လေးတွေ သူ့မားမားကိုစိုက်ခိုင်းပြီး သူကနေ့တိုင်း ရေလောင်းသတဲ့.. အိမ်နီးချင်းတွေဆီမှာ သူကြိုက်တဲ့သစ်ပင်လေးတွေတွေ့ရင် သားသားလဲစိုက်ချင်လို့ ပေးပါနော်ဆိုပြီး တောင်းယူစိုက်ထားတဲ့အပင်လေးတွေလဲ အများကြီးဆိုပဲ.. ခုအရွယ်လေးကတည်းက အိမ်ကိုအလှဆင်ပြီး သပ်သပ်ရပ်ရပ်လေးထားရတာကို သူလေးက သိပ်သဘောကျသတဲ့လေ.. အိမ်အတွက် ပရိဘောဂအသစ်လေးတခုခု ၀ယ်ဖြစ်ပြီဆို ကျွန်မဖုန်းဆက်တဲ့အခါ သူလေးက ၀မ်းသာအားရပြောပြရှာတယ်.. မေမေရေ.. ဘာလေးဖြင့်ဝယ်လိုက်တယ်.. ဘယ်နားလေးမှာ ထားလိုက်တယ်.. သားသားအိမ်လေးက လှသွားပြီ စသည်ဖြင့်ပေါ့.. သားသားက အရွယ်နဲ့မလိုက်အောင် လူကြီးဆန်ပါတယ်..

ကျွန်မက သားသားကို ရန်ကုန်ပြန်မပို့ခင် ပြောပြထားဖူးတယ်.. သားသားအိမ်က ရန်ကုန်မှာရှိတယ်.. သားသားနေဖို့အတွက် မေမေတို့ဝယ်ပေးထားတာလို့.. အဲ့စကားကို သူကအသေမှတ်ထားပြီး ရန်ကုန်အိမ်ဟာ သူ့အိမ်.. သူ့အတွက် မေမေတို့ဝယ်ပေးထားတာလို့ လူတိုင်းကို ကြုံတိုင်းပြောနေတော့တာ.. ကျွန်မ ညီမလေးတို့ မောင်လေးတို့ ရန်ကုန်အလည်ပြန်တုန်းကလဲ သူကပြောသတဲ့.. တီထူးတို့ လေးလေးဇော်တို့က ခဏလာလည်တာလား.. ဒီအိမ်က သားသားအိမ်နော်.. သားသားအတွက် မေမေ၀ယ်ပေးထားတာလို့ ပြောတယ်တဲ့လေ.. ညီမလေးက မကြီးရေ နင့်သားတော့ ငါတို့ကို အိမ်ပေါ်ကနှင်ချနေပြီပြောလို့ ရယ်ရသေးတယ်..

သောကြာသားမဟုတ်ပေမယ့် သားသားက စကားအရမ်းပြောပါတယ်.. လမ်းထဲက တွေ့သမျှလူတွေကို နှုတ်ဆက်.. အလာပ သလာပတွေပြော.. လူချစ်အောင်လဲ နေတတ်ပါတယ်တဲ့.. အိမ်နီးချင်းတွေက အငိုနည်းပြီး စကားသိပ်တတ်တဲ့သားသားကို ချစ်ကြတယ်.. တခြားကလေးတွေလို အကြောင်းမဲ့ဂျီတိုက်ပြီး ငိုယိုနေတာမျိုး လုံးဝမရှိတာမို့ အားလုံးကချီးကျူးကြတယ်တဲ့.. ဖေဖေနဲ့မေမေရောလို့ မေးသူတိုင်းကို ဖေဖေနဲ့မေမေက စင်္ကာပူမှာ သားသားအတွက် ပိုက်ပိုက်ရှာနေတာလို့ ပြန်ဖြေတတ်သတဲ့.. မနက်မိုးလင်းလာရင် အိပ်ယာထတာနဲ့ သီချင်းလေးတအေးအေးနဲ့ နေတတ်တယ်ဆိုပဲ.. တနေ့က ကျွန်မကို သီချင်းဆိုပြတယ်.. ဟဲလေးသီချင်း.. ကျွန်မတောင် သေချာမကြားဖူးသေးဘူး.. သူက သံစဉ်မှန်မှန်နဲ့ ကောင်းကောင်းဆိုတတ်နေပြီ..

သားသားက သူ့ကိုဆူပြီဆိုရင် ဘာလို့လဲဆိုတာကို သေသေချာချာပြန်မေးတတ်တယ်.. မားမားက ဘာလို့စိတ်ဆိုးတာလဲ.. သားသားကိုမအော်ပါနဲ့.. နောက်ကို သားသားအဲလိုမလုပ်တော့ပါဘူးလို့ ပြောတတ်သတဲ့.. တနေ့ကလဲ ဖိနပ်မစီးပဲ ခြံထဲမှာလျှောက်သွားနေလို့ ကျွန်မမေမေက သူ့ကို လူဆိုတာဖိနပ်စီးရတယ်.. စာကလေးတွေ ကြောင်တွေပဲ ဖိနပ်မစီးတာလို့ပြောတော့ သူက ချက်ချင်းပြန်ပြောသတဲ့.. ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းကျတော့ ဖိနပ်ဘာလို့မစီးတာလဲတဲ့လေ..

သားသားက အစားအစာနဲ့ပတ်သတ်လာရင် အရသာကိုသိပ်သိတယ်.. သူစားနေကြမဟုတ်ရင် ချက်ချင်းသိပြီး ပြောတော့တာပဲ.. သူ့မားမားက အချိန်မရလို့ သူစားနေကျဆိုင်မှာမဟုတ်ပဲ အိမ်နားကမုန့်ဟင်းခါးဆိုင်မှာပဲ ၀ယ်ကျွေးတဲ့နေ့ဆို ကျွန်မဖုန်းဆက်ရင် သူကပြောတတ်တယ်.. မနက်က မားမားမအားလို့ ဖြစ်သလိုမုန့်ဟင်းခါးလေးပဲ စားရသတဲ့လေ.. ဖြစ်သလိုမုန့်ဟင်းခါးရယ်လို့ သူပဲပြောတတ်ပါ့.. ဟိုဆိုင်ကဟိုဟာလေးစားချင်လိုက်တာ ရယ်လို့လဲ ၀ယ်ကျွေးခိုင်းတတ်နေပြီဆိုပဲ..

သားလေးရဲ့ သိတတ်လိမ်မာမှုလေးတွေက ကျွန်မတို့အတွက် အားဆေးပါပဲ.. ပျော်ရာမှာမနေရ တော်ရာမှာပျော်အောင်ကြိုးစားနေရသူတွေမို့ သားလေးလိမ်မာလို့သာ စိတ်အေးချမ်းသာနဲ့ ငွေရှာနိုင်တာမို့လား.. အရွယ်နဲ့မလိုက်အောင် အသိဥာဏ်မြင့်မားပြီး သိတတ်လိမ်မာတဲ့သားလေးအတွက် မွေးနေ့မှစလို့ နောင်နှစ်ပေါင်းများစွာတိုင်အောင် အေးချမ်းအောင်မြင်ပြီး ပျော်ရွှင်စရာအတိပြီးတဲ့ ဘ၀လှလှလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

Thursday, December 22, 2011

ဒီဇင်ဘာအချစ်

ဒီဇင်ဘာက ကိုယ့်အတွက်တော့ အမှတ်ရစရာတွေအပြည့်.. ရာစုနှစ်တခုကနေ နောက်ရာစုနှစ်တခုကို ကူးပြောင်းလုဆဲဆဲ ဒီဇင်ဘာနေ့ရက်လေးရဲ့တမနက်မှာ ကိုယ် အချစ်တခုကို ကောက်ရဖူးခဲ့တယ်..

မြို့သစ်လေးရဲ့ ဒေသန္တရဆေးခန်းမှာ ကျောင်းအပ်ဖို့အတွက် ဆေးစစ်ချက်ယူရင်း ဆံပင်ရှည်ရှည်အရပ်မြင့်မြင့် ကောင်မလေးတယောက်နဲ့ ဆုံဆည်းခွင့်ရခဲ့တယ်.. ဒီဇင်ဘာရဲ့ နှင်းဖွေးဖွေးမနက်ခင်းထဲမှာပေါ့.. သူမကလည်း ကိုယ့်လိုပဲ ဆေးစစ်ချက်လာယူတာတဲ့.. ကိုယ်နဲ့ တက်ရမယ့်ကျောင်းကလဲ အတူတူပဲလေ.. နာမည်ဆန်းဆန်းလေးနဲ့အတူ သိပ်မဆန်းလှတဲ့သူမကို ကိုယ် မှတ်မှတ်ထင်ထင်လေးတော့ ဖြစ်သွားမိတယ်.. ကျောင်းဖွင့်တော့ သူမနဲ့ပြန်တွေ့ရတယ်.. ဖြစ်ချင်ပြန်တော့ နေတဲ့အဆောင်ချင်းက ကပ်လျှက်..

ကိုယ် အချစ်ဆိုတာကို နားမလည်ပါဘူး.. ချစ်လဲမချစ်တတ်ပါဘဲ.. ဘာလို့များ သူမကိုချစ်ရေးဆိုမိပါလိမ့်.. သူမကတော့ ကိုယ့်ကို တကယ်နှစ်နှစ်ကာကာချစ်မိသွားပုံပါပဲ.. အဖြေပေးတာတောင် ချစ်တယ်ဆိုတဲ့စကားကို သွေးနဲ့ရေးပြီးပေးတယ်လေ.. တကယ်တမ်းကျတော့ သူမက သိပ်ထက်တဲ့မိန်းမတစ်ယောက်.. စာလဲကြိုးစားတယ် ရည်မှန်းချက်လဲကြီးတယ်.. ကိုယ့်ခံယူချက်ကတော့ မိန်းမတယောက်ဟာ အဲသလောက်တော်နေထက်နေဖို့ မလိုဘူးရယ်လို့

အစကတည်းက အချစ်ကို ပေါ့ပေါ့လေးသဘောထားခဲ့တဲ့ ကိုယ့်အတွက် အချိန်ကြာလာတာနဲ့အမျှ သူမရဲ့အချစ်တွေက စိတ်ကျဉ်းကြပ်စရာလို့ မြင်လာမိတယ်.. သူငယ်ချင်းတွေကလဲ တခုခုဆို မင်းမှာကပိုင်ရှင်ရှိပြီးသားပါကွာ ဆိုတာမျိုး.. ပေပေတေတေနေချင်တဲ့ကိုယ့်ကို သူမက ထိန်းချုပ်မှုတွေရှိလာမှာစိုးတာကတမျိုးတွေကြောင့်.. မလုပ်သင့်တာကို ကိုယ်လုပ်မိသွားတယ်..

မေ့လိုက်တော့ဆိုတဲ့စကားတခွန်းနဲ့ သူမကို ကိုယ်ကျောခိုင်းစွန့်ခွာခဲ့တယ်.. ကိုယ့်ကိုကိုယ်လဲ လွတ်လပ်ပြီရယ်လို့ ကြွေးကျော်ရင်း ပေနေတေနေခဲ့တယ်ပေါ့.. သူမနဲ့ဝေးရင် ပျော်မှာပဲလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမငိုနေတာတွေ့တိုင်း ကိုယ့်ရင်ထဲမှာ ထိထိခိုက်ခိုက်လေး ခံစားရတယ်.. ကိုယ့်ကြောင့် သူမရဲ့ရည်မှန်းချက်တွေများ ထိခိုက်လေမလားလို့ စိုးရိမ်စိတ်ခပ်ပါးပါးလေးလဲ ဖြစ်မိသေးရဲ့.. တကယ်တော့သူမက ကိုယ်ထင်သလောက် မပျော့ညံ့ပါဘူး.. ကိုယ့်ကြောင့် သူမငိုခဲ့ရတာမှန်ပေမယ့် အသည်းကွဲခဲ့ရပေမယ့် သူမရဲ့အနာဂတ်ကိုတော့ အထိခိုက်မခံခဲ့လို့ ကိုယ့်မှာ စိတ်ချမ်းသာခဲ့ရတယ်ပေါ့..

ကျောင်းပြီးခါနီး သူမတို့သူငယ်ချင်းတတွေ ကဗျာစာအုပ်လေးထုတ်တော့ ကိုယ့်ကိုရည်ရွယ်ပြီးရေးတဲ့ သူမရဲ့ကဗျာလေးက ကိုယ့်မာနကို လှုပ်နှိုးလိုက်သလိုပဲ.. ဘယ်သူမှမသိအောင် ကိုယ်သိမ်းထားခဲ့တဲ့ သူမနဲ့သက်ဆိုင်တဲ့ပစ္စည်းလေးတွေ သူမဆီပြန်ပို့ပေးလိုက်တယ်.. တကယ်တမ်းကျတော့ သူမကို သတိရတိုင်း ထုတ်ကြည့်နေကျလေးတွေလေ.. ကိုယ့်မာနကို အထိမခံချင်တာနဲ့ပဲ ပြန်ပို့ပေးလိုက်တော့ ကိုယ့်မှာ သတိရရင်ကြည့်စရာတောင် မရှိတော့ဘူးဖြစ်သွားတာပေါ့.. သူမကတောင် “မင်းမရှိလဲဖြစ်ပါတယ်” လို့ ရေးရက်မှတော့ ကိုယ်လဲပြတ်သားပြလိုက်တယ်ပေါ့..

ကျောင်းတွေမပိတ်ခင် နောက်ဆုံးကျောင်းသွားတဲ့ရက်က ကိုယ့်ဆီကို သူမဆီက စီဒီလေးတစ်ချပ်ရောက်လာတယ်.. သီချင်းလေးတပုဒ်ပဲ သွင်းထားတာပါ.. သူမကိုယ်တိုင် ဆိုထားတာလို့ ကိုယ်ထင်တယ်.. ကာရာအိုကေဆိုပြီး အသံသွင်းထားပုံရတယ်.. သီချင်းလေးနာမည်က ဒီဇင်ဘာအချစ်တဲ့.. အဲဒီသီချင်းလေးနားထောင်တိုင်း ကိုယ်တကယ်ရင်နာရတယ်.. သူမကို နာကျင်ခံစားရအောင် လုပ်မိလို့လေ့.. ကိုယ် သူမကို ချစ်မှန်းမသိ ချစ်မိခဲ့တာ.. သိပ်ကို သေချာတာပေါ့..

“အဆိပ်မရှိတဲ့သိုးငယ်လို အချစ်မရှိခဲ့ပါ..
လွမ်းဆွေးတဲ့စိတ်ဘာလဲ.. နားမလည်..
သစ်ရွက်လေးနဲ့လိပ်ပြာလို.. ငြိမ်းချမ်းတဲ့စိတ်နားခိုရာ.. ရုပ်ပုံလွှာကားချပ်ပေါ်မှာ..
အသည်းတံခါးလေးခေါက်ရောက်လာသူကို ငေးမောကြည့်ရင်း..
သူခိုဝင်လာ အမှတ်တမဲ့ကိုယ့်ရဲ့ကမ္ဘာ..

ဒီဇင်ဘာမှာတွေ့ခဲ့ရလို့ အေးချမ်းတဲ့အချစ်မျိုးရှိလိမ့်မယ်..
ဒါကိုတွေးရင်း တို့ကပျော်..
ဧပြီမေလိုသူ့ရဲ့အချစ်က အခုတော့နွေနေကဲ မအေးချမ်းပါ..
ပြန်လည်တွေးတိုင်းဆွေးနေပြီ..
ဘယ်နေရာရာစားစားသွားသွား စိုးမိုးနေပြီပဲ သူ့မျက်နှာ..
ဒီမှာ နှလုံးသားကျွမ်းရော့မယ်..
ဒီဇင်ဘာရဲ့နှင်းပွင့်နဲ့အတူ တဖြေးဖြေးကြွေနေဆဲ လွမ်းမျက်ရည်
ဘယ်ခါကျမှ ခမ်းရော့မယ်မသိ..”



xxxxxxxxxxxxxxxx

ဒီဇင်ဘာရောက်တိုင်း ဘာရယ်မဟုတ် ကိုယ် သူမကို သတိရတတ်တယ်.. ဟုတ်တယ်လေ.. ဒီဇင်ဘာမှာစတွေ့တာမို့လား.. အချိန်တွေဘယ်လောက်ပဲကြာကြာ မေ့သွားတယ်လို့တော့ မရှိပါဘူး.. တိုက်ဆိုင်မှုလေးတွေရှိတိုင်း သတိရတတ်တယ်... ကျောင်းပြီးကတည်းက သူမသတင်း မကြားရတော့တာ ဆယ်စုနှစ်တခုတောင်ကျော်ပြီပေါ့.. အဲသလိုအချိန်ကျမှ မထင်မှတ်ပဲ သူမနဲ့အဆက်အသွယ်ပြန်ရတယ်.. ထုံးစံအတိုင်း ဖေ့ဘွတ်မှာပေါ့.. နာမည်တူမရှိနိုင်တဲ့ သူမနာမည်နဲ့ ကိုယ့်ဆီကို မက်ဆေ့ခ်ျလေးရောက်လာတယ်.. မှတ်မိသေးရဲ့လားတဲ့.. မမှတ်မိပဲနေပါ့မလား.. ဘယ်ရောက်လို့ ဘာတွေလုပ်နေလဲ မေးလိုက်တော့ သူမကစလုံးမှာ အလုပ်လုပ်နေပြီတဲ့..

ကိုယ်ကတော့ ပင်လယ်ပျော်ကြီးပေါ့.. အချစ်သစ်တွေ့ပြီလားမေးတော့ သူမက အားရပါးရအော်ရယ်တယ်.. “အိမ်ထောင်ကျလို့ သားလေးတောင် ၂နှစ်ပြည့်တော့မယ်” တဲ့လေ.. ကိုယ့်အတွက် မင်းဆိုပြီးအသံသွင်းပေးခဲ့ဖူးတဲ့သီချင်းလေး မှတ်မိသေးလားဆိုတော့ မှတ်မိပါတယ်ဆိုပဲ.. ဆိုပြခိုင်းတော့ မဆိုချင်ဘူးတဲ့.. သီချင်းဆိုတာ ခံစားချက်နဲ့ဆိုမှ နားထောင်လို့ကောင်းတာတဲ့လေ.. ဒါဆို ခုဘာခံစားချက်မှမရှတော့ဘူးလားမေးတော့ ထုံသွားပြီတဲ့..

ကိုယ်က အတ္တကြီးတဲ့သူ.. ကိုယ်လိုချင်တဲ့လွတ်လပ်ပျော်ရွှင်မှုအတွက် သူမနှလုံးသားကို ကစားမိခဲ့သူ.. ဒါနဲ့များတောင် သူမက ကိုယ့်ကို အပြစ်အမြင်ဘူးတဲ့.. သူမမှာ သားလေးတယောက်ရှိနေပြီပြောတော့ ကလေးနာမည်က ဘာလဲဟင်လို့ အလောတကြီး မေးမိတယ်.. သိပ်လှတဲ့နာမည်လေးကို သူမက ရွတ်ပြတယ်.. ကဗျာဆရာမက သားလေးအတွက် နာမည်လှလှလေးပေးထားပေမယ့် ကိုယ်မျှော်လင့်မိသလို ကိုယ့်နာမည်ထဲက စာလုံးလေးတလုံးတလေတောင် မပါလာဘူးလေ..

ဒီဇင်ဘာရောက်ပြီလို့ သူမဆီကို မေးလ်ပို့ထားတာ.. မနေ့က ပြန်စာရောက်လာတယ်..

“ဒီဇင်ဘာမှာ ကောက်ရဖူးတဲ့အမှိုက်တစ်စကို.. ဧပြီနွေခေါင်ခေါင်ထဲ တောင်လေနဲ့အတူဝဲပစ်ခဲ့ပြီး.. ဆယ်စုနှစ်လွန်ခါမှ နှင်းတွေကြားထဲ ပြန်ရှာချင်သေးလို့လား မောင်.. ခု ငါရောက်နေတဲ့နေရာမှာ ဆောင်းမရှိဘူး.. နှင်းလဲမကျဘူး.. တို့၂ယောက်စတွေ့တုန်းက ဒီဇင်ဘာရဲ့အငွေ့အသက်မျိုး ဘာမှမရှိဘူးလေ.. အဲဒီတော့ ငါ့မှာ ဒီဇင်ဘာကို မေ့နေတာ ကြာလှပေါ့” တဲ့..

ကိုယ်ရောက်နေတဲ့နေရာမှာလဲ ဆောင်းတွေနှင်းတွေ ရှိမနေပါဘူး.. ဒါပေမယ့် ကိုယ့်ရဲ့ဒီဇင်ဘာကတော့ ရင်မှာနှင်းတွေဝေနေဆဲဆိုတာ သူမ ဘယ်တော့မှ သိနိုင်တော့မယ် မထင်ပါဘူးလေ...

Thursday, December 8, 2011

ကျွန်မနှင့်ဈေးဝယ်ခြင်းအနုပညာ

မိန်းကလေးအတော်များများက ဈေးဝယ်ရတာကို နှစ်သက်မယ်ထင်ရဲ့.. ကျွန်မလဲ ဈေးဝယ်ထွက်ရတာကြိုက်ပါတယ်.. အလှအပကို သိပ်ဝါသနာမပါတဲ့ကျွန်မအတွက်တော့ ဈေးဝယ်ခြင်းဆိုတာ မီးဖိုချောင်အတွက်ဈေးဝယ်တာကို ဆိုလိုပါတယ်.. အ၀တ်အထည်တွေ အလှကုန်တွေကိုတော့ ကြုံသလိုပဲဝယ်လေ့ရှိပြီး တကူးတကဈေးဝယ်ထွက်တာမျိုး မရှိသလောက်ပါပဲ.. ပွဲလေးလမ်းလေးသွားစရာရှိမှသာ တကူးတကသွားဝယ်တတ်တာမျိုးပါ..

ကိုယ်တိုင်ချက်ပြုတ်တဲ့အစားအစာတွေကိုသာ အလေးထားစားတတ်တဲ့ မြန်မာအိမ်ထောင်စုတွေမှာ မီးဖိုချောင်အတွက် ဈေးဝယ်တယ်ဆိုတာ တော်တော်အရေးကြီးပါတယ်.. ကျန်းမာရေးအတွက် အရေးပါတာက အစားအသောက်မို့လား.. နေ့တိုင်းစားနေရတာမို့ ကျန်မာရေးအတွက်သင့်တော်ပြီး အာဟာရမျှတအောင် စားသောက်နိုင်ဖို့ဆိုတာ ဈေးဝယ်သူအပေါ်မှာလဲ အများကြီးမူတည်တယ်လေ..

ကျွန်မတို့ငယ်ငယ်တုန်းက မေမေ့ဘက်ကအဖိုးအဖွားတွေနဲ့ တူတူနေကြပါတယ်.. တောင်ဥက္ကလာပမှာပေါ့.. အဲသည်တုန်းက မိသားစုအတွက် ဈေးဝယ်သူက ပါပါကြီး (အဖိုး)ပါ.. ရခိုင်ပြည်မှာ ဈေးဝယ်သူအများစုက အမျိုးသားတွေပါတဲ့.. ပါပါကြီးက တရက်ခြားတခါလောက် နန္ဒ၀န်ဈေးမှာ ဈေးဝယ်တတ်ပါတယ်.. တော်တော်ကြီးတဲ့ဈေးကြီးပေါ့.. ကျွန်မက ပါပါကြီးဈေးသွားရင် လိုက်ချင်လို့အမြဲပူဆာတတ်ပေမယ့် တခါတလေမှပဲ လိုက်ခွင့်ရပါတယ်.. လိုက်ရတဲ့အခါလဲ ကျွန်မစိတ်တိုင်းကျ ဈေးလိုက်ပတ်ခွင့်မရဘဲ မုန့်ဟင်းခါးဆိုင်မှာ စားနေခဲ့ဆိုပြီး ထားခဲ့တာများတယ်လေ.. ဈေးဝယ်ပြီးမှ လာပြန်ခေါ်ပါတယ်.. ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ဈေးလိုက်ရရင်ပျော်တာပါပဲ.. ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ တောင်ပုံယာပုံနဲ့ အော်ဟစ်ရောင်းနေကြတဲ့ ဈေးသည်တွေကိုက ကျွန်မအတွက်တော့ စိတ်ဝင်စားစရာ.. အဲသည်တုန်းက ခုလိုကျွတ်ကျွတ်အိတ်တွေ မပေါ်သေးတော့ ငါးတို့အသားတို့ဝယ်ရင် အင်ဖက်ကြီးတွေ ဗာဒံရွက်တွေနဲ့ထုပ်လို့ နှီးကြိုးလေးနဲ့တုပ်ပေးပါတယ်.. ငရုတ်သီးတို့ နနွင်းတို့လို အခြောက်အခြမ်းဆိုရင်တော့ သတင်းစာစက္ကူလေးနဲ့ပေါ့..

နည်းနည်းကြီးလာတော့ မေမေ့နောက်ကို ဈေးခြင်းလိုက်ဆွဲပေးတယ်.. အဲသည်မှာ မေမေ့ဆီက ဈေးဝယ်ပညာတွေကို အသံတိတ်လေ့လာတော့တာပေါ့.. ငါးတွေအသားတွေ လတ်မလတ်ဘယ်လိုရွေးတယ် ဈေးဘယ်လိုဆစ်ရတယ်.. ဘယ်အသားဟင်းဆို ဘယ်ဟင်းရံလေးနဲ့တွဲဝယ်တတ်တယ် စသည်ဖြင့်ပေါ့လေ.. မေမေ့ဆီက ကျွန်မ အမွေရလိုက်တဲ့အကျင့်လေးကတော့ ဘုရားပန်းတို့ ဆွမ်းတော်တင်မယ့်သစ်သီးတို့ဝယ်ရင် ဘယ်တော့မှ ဈေးမဆစ်တတ်တာပါပဲ..

ကိုယ်တိုင်ဈေးဝယ်ခွင့်ရတာကတော့ အဆောင်မှာသွားနေတော့မှပေါ့.. ကျောင်းတက်နေရတာမို့ ညနေပိုင်းမှသာ ဈေးသွားဖြစ်တာများပါတယ်.. တစ်ယောက်စာလေးဝယ်ရတာမို့ စိတ်တိုင်းကျ အားရပါးရ၀ယ်ရတာမျိုးတော့ မဟုတ်ဘူးပေါ့.. ကျောင်းပိတ်ရက်တွေဆိုရင်တော့ အဆောင်နားလေးက ပျံကျဈေးကလေးကိုသွားကြတယ်.. မှော်ဘီမှာဆိုတော့ ဟင်းသီးဟင်းရွက်တွေ ပန်းတွေက အရမ်းကိုလတ်ဆတ်ပါတယ်.. ခြံထွက်တွေရောင်းတဲ့ဈေးကလေးမို့ ရန်ကုန်ထဲထက် ဈေးကလဲချိုတယ်လေ..

စလုံးကိုရောက်လာတော့ မေမေနဲ့တူတူနေတာမို့ မေမေကပဲ ဈေးဝယ်တာများပါတယ်.. မေမေပြန်သွားပြီး လင်မယား၂ယောက်တည်းကျန်ခဲ့တော့မှ ကျွန်မလဲ ဈေးဝယ်သူတယောက် ပီပီပြင်ပြင်ဖြစ်လာတော့တာပါပဲ.. ပုံမှန်အားဖြင့် NTUC မှာပဲ အလွယ်တကူဝယ်လေ့ရှိပေမယ့် တကယ်တမ်းကျွန်မသဘောကျတာက Wet Market ထဲမှာဝယ်ရတာကိုပါ.. ပိုပြီး လတ်ဆတ်တယ်လို့ ထင်တာလဲပါတာပေါ့.. တပတ်မှာ တနင်္ဂနွေတရက်ပဲအလုပ်ပိတ်တာမို့ ဈေးထဲမှာဝယ်ဖို့က သိပ်တော့မလွယ်လှပါဘူး.. ကိုယ်တိုင်ဈေးဝယ်ရတော့မှ မလွယ်ပါလားလို့ သိလာတယ်.. ကျွန်မတို့က နေ့တိုင်းထမင်းဘူးထည့်တာမို့ အဆင်ပြေမယ့်ဟင်းကို စဉ်းစားရတာကိုက ဦးနှောက်ခြောက်စရာပါ..

ပြီးခဲ့တဲ့နှစ်က ၀ိတ်လျှော့တဲ့အစီအစဉ်တစ်ခုမှာ ၀င်ပါလိုက်တော့ အာဟာရနဲ့ပတ်သတ်တဲ့ ဗဟုသုတ တော်တော်လေးရလိုက်တယ်.. ခေါက်ဆွဲခြင်းအတူတူထဲကမှ အမျှင်ဓါတ်ပိုပါတဲ့ whole meal ခေါက်ဆွဲကို ရွေးဝယ်တာမျိုး.. ဘာလေးပဲဝယ်ဝယ် Healthier choice သင်္ကေတလေးရှာမိတာ.. သကြားလျှော့ အဆီလျှော့ထားတဲ့ထုတ်ကုန်တွေကို ရှာဝယ်မိတတ်တာ.. ကယ်လိုရီတန်ဖိုးတွေ တွက်ကြည့်တတ်တာ စသည်ဖြင့်ပေါ့လေ.. မောင်နဲ့အတူတူဈေးဝယ်ရင်ကျပြန်တော့ ဒုက္ခတမျိုးပါ.. သူဝယ်ချင်လိုက်သမျှက ၀ိတ်တက်မယ့်အစာတွေချည်းပဲ.. အာလူးကြော်တွေ သီဟိုစေ့လိုကယ်လိုရီများတာတွေ ရေခဲမုန့်တွေ.. ကျွန်မမှာ ပြူးပြလဲမရ မျက်စောင်းထိုးလဲမသိချင်ယောင်ဆောင်ပြီး ဇွတ်အတင်းကို ခြင်းထဲကောက်ထည့်တော့တာပဲ..

အဲသလို ကျွန်မရဲ့ ပေါင်၂၀၀ချစ်သူကို ၀ိတ်ထပ်မတက်စေဖို့ ကျွန်မရဲ့ဈေးဝယ်ခြင်းအနုပညာက သိပ်ကိုအရေးပါတာပေါ့.. ၀က်သားဆိုလဲ အဆီလုံးဝမပါတာဝယ်ပါတယ်.. အသားလုံးအတွက် ကြိတ်ထားတာလေးလိုချင်ရင်တောင် ဈေးထဲမှာအသားတုံးကို ကိုယ်တိုင်ရွေးပြီး ကြိတ်ခိုင်းရပါတယ်.. ကြိတ်ပြီးသားတွေဆို အဆီများမှများပေါ့.. ခေါက်ဆွဲခြောက်ထုပ်တွေဝယ်ရင်လဲ ဆီချက်ခေါက်ဆွဲအစား ခေါက်ဆွဲပြုတ်ကိုပဲ ရွေးပါတယ်.. အဆာပြေမုန့်အတွက်ဆိုရင် ဆီနဲ့ကြော်ထားတာတွေအစား Roasted / baked ထားတာတွေ ရွေးရတာပေါ့.. တီဗွီကြည့်ရင်းစားဖို့ အာလူးကြော်တွေအစား အသီးလေးဘာလေး အစားထိုးပေးရတယ်.. တခါတလေတော့ အသုတ်လေးတွေ လုပ်ပေးဖြစ်တယ်.. ခရမ်းချဉ်သီးသုတ်တို့ ပြောင်းဖူးသုတ်တို့ပေါ့.. ညနေစာအတွက်ကို အသားတွေငါးတွေမ၀ယ်တော့ဘဲ ခေါက်ဆွဲလေးကြာဇံလေးကို အသီးအရွက်များများနဲ့ ပြုတ်ပေးတာမျိုး.. ကြော်ရင်လဲ ဆီနည်းနည်းနဲ့ ရေလေးထည့်ပြီး ကြော်ရတာမျိုးတွေ လုပ်ရပါတော့တယ်.. ၂ယောက်လုံးက အသီးအရွက်တော့ အရမ်းကြိုက်တာမို့ ကျွန်မတို့၂ယောက်စာ ဟင်းသီးဟင်းရွက်တွေက သူများတွေအတွက်ဆို လေးငါးယောက်စာလောက်ရှိတတ်တယ်..

ငယ်ငယ်လေးကတည်းက ဈေးသွားတာပျော်တာမို့ ခုလိုကိုယ်တိုင်ဝယ်ခြမ်းစီစဉ်နေရတာကိုက ကျေနပ်စရာပေါ့.. ကျွန်မက ဈေးဝယ်ခြင်းအနုပညာကို အမှန်တကယ်မြတ်နိုးသူပါ..

Friday, December 2, 2011

မေးခွန်းများနဲ့ မိုးသံစဉ်

သုံးလေးနှစ်အရွယ်ကလေးတွေဟာ သိပ်ကိုအမေးအမြန်းထူတာပဲတဲ့.. သုံးနှစ်ပြည့်တော့မယ့် ကျွန်မရဲ့တစ်ဦးတည်းသော ချစ်သားလေးကလဲ သိပ်ကို အမေးအမြန်းထူပါတယ်.. တခါတလေဆို သူမေးတဲ့မေးခွန်းတွေကိုဖြေဖို့ ကျွန်မမေမေခမျာ တော်တော်လေးဦးနှောက်စားရတယ်တဲ့လေ.. တစ်နှစ်ခွဲလောက်ကတည်းက စကားစပြောတဲ့သားသားက သုံးနှစ်ပြည့်ခါနီးမှာတော့ လူကြီးတယောက်လို လည်လည်ပတ်ပတ်ပြောဆိုတတ်နေပါပြီ.. အေဘီစီတွေကိုတော့ ဇက်အထိ ရန်ကုန်မပြန်ခင်ကတည်းက အကုန်သိပြီးသားပါ.. ခု ရန်ကုန်မှာ ကျွန်မမေမေက ကကြီးခခွေးတွေ သင်ပေးနေတယ်တဲ့.. အဲ့သည်မှာ ဖြေရခက်တဲ့မေးခွန်းတွေ စတော့တာပဲ..

“မာမားရေ စလုံးကဘာလို့ဘေးကိုကြည့်ပြီး ဓအောက်ချိုင့်က ဘာလို့အောက်ကိုကြည့်တာလဲ.. ဗထက်ချိုင့်ကျတော့ အပေါ်ကိုကြည့်နေတယ်”

“ဌ၀မ်းဘဲဘေးနားက နှစ်ခုမှာ တစ်ခုကဘာလို့ညာဘက်ကိုလှည့်ပြီး နောက်တစ်ခုက ဘာလို့ဘယ်ဘက်ကိုလှည့်နေတာလဲ”

“ဠကြီးကနဲ့ ဏကြီးက ဘာလို့ ကကြီးနဲ့တစ်တန်းထဲမနေပဲ ဃကြီးကဘာလို့တစ်တန်းထဲဖြစ်နေတာလဲ”

အဲလိုမေးခွန်းတွေနဲ့ တနေ့တနေ့ နပမ်းလုံးနေရတာ ကျွန်မမေမေပေါ့.. သူမေးတာကို ပြန်မဖြေမချင်း မေးနေတော့တာတဲ့..

သားသားက ဖြတ်ထိုးဥာဏ်ကောင်းသလို ဆက်စပ်ပြီးတော့လဲ တွေးတတ်တယ်.. သူများမစဉ်းစားမိတာလေးတွေကိုလဲ စဉ်းစားမိတတ်တယ်.. မြန်မာစာလုံးတွေကိ အေဘီစီတွေနဲ့ ယှဉ်ကြည့်ပြီး “ဒဒွေးက သရီးနဲ့တူတယ်”တို့ “နှစ်ကဂျေနဲ့တူတယ်”တို့ “၀လုံးက အိုနဲ့တူတယ်”တို့ ပြောတတ်တဲ့အပြင်.. “ဌ၀မ်းဘဲကို ပြောင်းပြန်လှန်ရင် ဖိုက်ဖြစ်သွားတယ်နော်..” သူလက်လေးနဲ့ နငယ်ခြေထောက်ကိုအုပ်ပြီး “မားမားကြည့်ပါဦး နငယ်က အက်စ်ဖြစ်သွားပြီ” “အင်န်ကို ကွေးကွေးလေးရေးရင် လနဲ့တူမှာနော်” တို့လုပ်တတ်သေးတယ်..

ရန်ကုန်ရောက်စက သားသားကြီးလာရင် ဘာလုပ်မလဲမေးတော့ နေတိုးလို မင်းသားလုပ်မှာတဲ့.. ခုတော့ပြောင်းသွားပြီ.. ကြီးလာရင် သမ္မတလုပ်မယ်တဲ့.. နေပြည်တော်မှာ လွှတ်တော်ရှိတယ်.. လွှတ်တော်မှာ သမ္မတလုပ်မှာတဲ့လေ.. သူ့မာမားကိုလဲ နေပြည်တော်လိုက်ပို့ပေးဖို့ ခဏခဏ ပူဆာလေ့ရှိသတဲ့.. တလောကတော့ တီဗွီမှာသတင်းပြနေရင် လွှတ်တော်ထဲက ဖတ်ကြားကြေငြာနေတာတွေကို နားထောင်နေတယ်တဲ့.. ထုံးစံအတိုင်း အပိုက် ကကြီးတို့ အပိုက်ခွဲ ခခွေးတို့ ဖတ်နေကြမှာပေါ့.. အဲသည်မှာ သားသားက ကောက်ကာငင်ကာထပြောတယ်တဲ့.. “မားမားရေ.. နေပြည်တော်က လွှတ်တော်မှာလဲ ကကြီးခခွေးတွေပဲ ဆိုရတာနော်.. သားသားလဲ လွှတ်တော်သွားလို့ရပြီ” တဲ့လေ..

Thursday, November 24, 2011

လတ်တလော ကျွန်မရဲ့နေ့တွေညတွေ

နှစ်ကုန်ခါနီးလေ အလုပ်များလေပဲ.. စိတ်ညစ်တဲ့ထဲမှာ အဲဒါကထိပ်ဆုံးကပါတယ်.. သူများတကာတွေက ဟောလီးဒေးမုဒ်နဲ့ တက်ကြွနေကြချိန်မှာ ကျွန်မကတော့ အော့ဒစ်များစွာနဲ့ ချာလပတ်လည်နေရတာပါ.. နှစ်ကုန်ပိုင်းလောက် အိမ်ပြန်မယ်လို့ ရည်ရွယ်ထားပေမယ့် ခုတော့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး.. တလောက ဂျက်စတားလက်မှတ်ဝယ်ထားသူတွေ ကိုးယို့ကားယားဖြစ်တယ်ကြားတော့ ကိုယ်မပြန်ဖြစ်တာပဲ ခပ်ကောင်းကောင်းလို့ ခံစားမိသလားပဲ.. ထိခိုက်ခံစားရသူတွေအတွက် ကိုယ်ချင်းမစာလို့တော့ မဟုတ်ရပါဘူး.. နောက်ဆုံးကျတော့ ကိုယ့်အတ္တက ပထမမို့လား..

ခုတလော သားလေးကို ခဏခဏအိပ်မက်တွေမက်တယ်.. သေချာတာတော့ ကျွန်မ သိပ်လွမ်းနေပြီ.. မအားတဲ့ကြားကကို လွမ်းတယ်.. တကယ်ကိုမအားရတာ.. အလုပ်မသွားရလဲ အိမ်မှာမအားရပါဘူး.. အိမ်အလုပ်တွေက မကုန်နိုင်အောင်များတယ်.. လက်ထပ်စာချုပ်မှာ အိမ်အလုပ်တွေအကုန်ကို အိမ်ရှင်မဖြစ်တဲ့ ကျွန်မပဲလုပ်ပါ့မယ်လို့ လက်မှတ်မထိုးခဲ့မိပေလို့ပဲ.. နှစ်ယောက်စလုံး ခွဲဝေပြီးလုပ်ပါ့မယ်လို့ စာချုပ်ထဲမထည့်လိုက်ရတာအတွက်တော့ နောင်တရမိသလိုလို.. မလုပ်ဘဲထားလို့ သူက ကွန်ပလိန်းမတက်ပေမယ့် မနေတတ်တဲ့အကျင့်ကြောင့် ပင်ပန်းရသူက ကိုယ်ပဲလေ.. အိုးသစ်အိမ်သစ် ထူထောင်ကြမယ့် နောင်လာနောက်သားများမှတ်သားဖွယ်ကတော့ လက်ထပ်စာချုပ်အပြင် အိမ်ထောင်တာဝန်ခွဲဝေရေး သဘောတူညီချက်လေးပါ လက်မှတ်ထိုးထားဖို့ အကျိတ်အနယ်စဉ်းစားပါလော့..

ခုလောလောဆယ် ပြင်းထန်နေတဲ့ရောဂါက ရုံးပိတ်ရက်ဆို အိမ်မှာမနေချင်တဲ့ရောဂါ.. အဲဒါကိုသက်သာမလားလို့ လာမယ့်ဆန်းဒေးကျရင် ဘာတမ်ကိုလည်လည်သွားပါမယ်.. ဗီစာမလိုတော့ဘူးဆိုကတည်းက သွားချင်နေတာ ခြေဖ၀ါးတွေကိုယားလို့.. ခုမှပဲသွားဖြစ်တော့မယ်.. အသွားအပြန်ဖယ်ရီခရယ်.. တနာရီစာ မာဆာ့ခ်ျရယ်.. ဘူဖေးနေ့လည်စာရယ်.. ဈေးဝယ်ပို့ပေးမှာရယ်.. ဖွတ်ကလိဒင်္ဂါး ၃၀ကျော်ဆိုတော့ တန်ပါတယ်လေ.. တစ်ညအိပ်သွားဖို့ကို ပိတ်ရက်သွားရင်ပေးရမယ့် ဆာချာ့ခ်ျဆိုတာကြီး မပေးချင်တာနဲ့ပဲ မေ့ပစ်လိုက်တယ်..

လာမယ့်နှစ်သင်္ကြန်ကို ရန်ကုန်ပြန်ဖို့ လက်မှတ်တောင်ဝယ်ပြီးသွားပြီ.. ၂ပါတ်တိတိပြန်မယ်.. ယောက်ျားကိုပဇင်းတက်ပေးမယ်.. ရဟန်းအမဖြစ်ရချည်သေး.. သင်္ကြန်ပြီးရင်တော့ ချောင်းသာကို လည်လည်သွားပါမယ်.. အဝေးကြီးလိုသေးပေမယ့် တွေးတွေးပြီးပျော်နေမိသေးတယ်.. ပြန်မယ့်ရက်မတိုင်ခင်အထိ ဆက်တိုက်အလုပ်တွေများမှာကို တွေးမိပြန်တော့ ဘယ်သူ့ကိုမှန်းမသိ သတ်ချင်စိတ်တွေပေါက်ပေါက်လာတယ်.. သတ်ချင်တယ်ဆိုလို့ တလောက အချစ်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သတင်းကြားရတော့ သူငယ်ချင်းတွေနဲ့ပြောဖြစ်သေးတယ်.. ငါသာဆိုရင်တော့ ကိုယ့်ကိုကိုယ်သတ်သေမယ့်အစား သစ္စာမဲ့တဲ့သူ့ကိုပဲသတ်ပစ်လိုက်မယ်လို့..

ညညဆို ဘားမိစ်ကလပ်စစ်မှာ မြန်မာကားတွေ ရှာဖွေကြည့်ဖြစ်နေလို့ နောက်ကျမှအိပ်ဖြစ်နေပြီး မနက်မနက်အိပ်ယာကမထချင်တာလဲ ရောဂါပဲ.. ၇နာရီခွဲစတဲ့အလုပ်ကို အမှီရောက်ဖို့ ၆နာရီအိပ်ယာထရတာလေ.. ရုံးကားက ၆နာရီ၄၀ဆိုလာကြိုတယ်.. ကားမှတ်တိုင်ကို အိမ်ကနေ ၁၀မိနစ်လောက်လမ်းလျှောက်ရသေးတာမို့ မနက်ပိုင်းခေါင်းလျှော်ဖြစ်တဲ့နေ့ဆို ရုံးကားမှီအောင် ပြေးပေရော့ပဲ.. ကားပေါ်ရောက်မှ သီချင်းနားထောင်ရင်း ဆက်ငိုက်ပေါ့..

အလှအပအတွက် အချိန်မပေးချင်တာရယ် ၀ါသနာလဲမပါလှတာရယ်ကြောင့် ကျွန်မမှာ အလှကုန်ရယ်လို့ သိပ်ရှိလှတာမဟုတ်ဘူး.. ခုတလောတော့ ဘာကြောင့်ရယ်မသိ ပြင်ပြင်ဆင်ဆင်လေး နေချင်မိတယ်.. ဘလော့ဖတ်ရင်လဲ သနပ်ခါးမေလေးမြတ်ကြည်တို့ ညီမကန်ဒီလေးတို့ရဲ့ အလှပြင်နည်းလေးတွေကို စိတ်ဝင်တစားဖတ်မိနေတယ်.. လက်သည်းအလှဆိုးနည်းလေးတွေတင်တတ်နဲ့ မဘေဘီဆီကိုလဲ ခဏခဏရောက်မိနေတယ်.. ခုတလော အလှပြင်ဖြစ်နေတော့ ယောက်ျားကပြောတယ်.. အိမ်အိုလို့ကျားကန်တဲ့သဘောလားတဲ့.. ဘာရမလဲ နှုတ်ခမ်းထော်ပြီး မျက်စောင်းပစ်ထိုးလိုက်တယ်.. ချော့စမ်း..

Monday, November 14, 2011

ကျွန်မရဲ့ ၀ါသနာလေးများ

ကျွန်မက ငယ်ငယ်လေးကတည်းက လက်မှုပညာကို ၀ါသနာပါပါတယ်.. လေးတန်းကျောင်းသူလောက်မှာ သိုးမွှေးတချောင်းထိုး ထိုးတတ်နေပါပြီ.. လက်ကိုင်ပုဝါအနားလေးတွေ ခေါင်းစီးကွင်းလေးတွေ ကလေးဦးထုပ်လေးတွေ ထိုးတတ်ပါတယ်.. နှစ်ချောင်းထိုးကတော့ အခြေခံလောက်ပဲထိုးတတ်ပြီး အထည်ဖြစ်အောင် မထိုးတတ်ပါဘူး.. အထက်တန်းလောက်ရောက်တော့ ပန်းထိုးတတ်လာပါတယ်.. ပိတ်စအဖြူပေါ်မှာ ရောင်စုံချည်လေးတွေနဲ့ အပ်ချုပ်အပ်နဲ့ထိုးတာပေါ့.. မျက်လုံးကိုအရမ်းအားစိုက်ရတာမို့ နောက်ပိုင်းလုံးဝမထိုးဖြစ်တော့ပါဘူး.. မှော်ဘီမှာကျောင်းတက်နေတုန်းကကျတော့ ချည်အိတ်တွေ ကတ်အိတ်တွေထိုးပါတယ်.. ချည်အိတ်က ငါးဖမ်းပိုက်ကြိုးတွေကို ရောင်စုံဆိုးထားတဲ့ချည်နဲ့ အထုံးလေးတွေချည်ပြီး ထိုးရတာပါ.. ချည်တွေကို သိမ်ကြီးဈေးမှာဝယ်ရတယ်.. ချည်ကြိုးတွေကကြမ်းတော့ လက်တွေတောင်ပေါက်ရောပဲ.. စိတ်ကူးကောင်းရင်ကောင်းသလို ပုံဖော်လို့ရတာမို့ တခါတလေဆို ပုံစံလေးတွေစဉ်းစားရင် ကားမှတ်တိုင်တောင်ကျော်သွားတဲ့အထိပဲ.. ကတ်အိတ်ကတော့ ပလတ်စတစ်ကတ်လေးတွေမှာ နိုင်လွန်ချည်နဲ့ ပန်းပုံလေးတွေဖော်ထိုးရတာပါ.. နိုင်လွန်ချည်က အရောင်လေးတွေစိုပြီး လှလွန်းတော့ ကတ်အိတ်လေးတွေကို လူတိုင်းသဘောကျကြပါတယ်.. အဒေါ်တွေကို တယောက်တလုံး ထိုးပေးပြီးတော့ ကတ်အိတ်ထိုးရတာ ငြီးငွေ့သွားလို့ ကိုယ့်အတွက်တောင် မထိုးဖြစ်တော့ပါဘူး..

နောက်ထပ် ကျွန်မရဲ့ဝါသနာကတော့ အချက်အပြုတ်ပေါ့.. စားမယ့်သူသာရှိလို့ကတော့ မီးဖိုထဲကမထွက်စတမ်းကို ချက်နေချင်တော့တာပဲ.. အစားအစာအသစ်အဆန်းတွေ ထွင်ပြီးချက်ရတာကိုလဲ သိပ်ပျော်တယ်.. အရမ်းစားကောင်းတာလဲရှိသလို ဘာအရသာကြီးမှန်းမသိလို့ သွန်ပစ်လိုက်ရတာလဲ ရှိသပေါ့လေ.. စားကောင်းတာကများပါတယ်.. အမေဖက်ကအဖွားဆီက ရခိုင်ဟင်းချက်နည်းလေးတွေရယ် အဖေဖက်ကအဖွားဆီက မော်လမြိုင်ချက်လေးတွေရယ်နဲ့တင် တော်ဟုတ်နေပြီမို့လား.. အကျွမ်းကျင်ဆုံးကတော့ အသုပ်ပါပဲ.. ကျွန်မမို့ ဘာပဲသုပ်လိုက်လိုက် အရမ်းစားကောင်းတယ်လို့ လူတိုင်းပြောကြတယ်.. ရခိုင်သုပ်လား ဗမာသုပ်လား ဘက်စုံကျွမ်းပဲနော်..

စာဖတ်ဝါသနာပါတဲ့ကျွန်မက စာရေးချင်တာလဲ ဆန်းတော့မဆန်းဘူးပေါ့.. ကဗျာတွေ စာအတိုအစလေးတွေ သိပ်ရေးချင်တာ.. ကိုယ်ရေးတဲ့စာကို ကောင်းတယ်များပြောလို့ကတော့ ပါးစပ်ကိုစေ့မရတော့ဘူး.. ကဗျာရေးတာကတော့ မူလတန်းကတည်းက.. လေးလုံးစပ်ကဗျာလေးတွေကို ကာရံအကျိုးကျိုးအပဲ့ပဲ့နဲ့ ရေးထားတာမှမနည်းမနော.. ရင်ခုန်တတ်တဲ့အရွယ်ရောက်လာတော့ အချစ်ကဗျာတွေပေါ့.. အရွယ်လေးရလာတာနဲ့အမျှ ရင့်ကျက်ခြင်းကိုဖော်ဆောင်တဲ့ ကဗျာလေးတွေ ဖန်တီးဖြစ်လာတယ်.. ကဗျာအဟောင်းလေးတွေကို ပြန်ဖတ်တိုင်း အတိတ်ရဲကအရိပ်လေးတွေ ပြန်ထင်ဟပ်လာတတ်လို့ ကဗျာဟောင်းလေးတွေကို ပြန်ဖတ်ရင်း အတွေးနယ်ချဲ့ရတာကိုလဲ ကျွန်မသိပ်ကြိုက်တယ်..

ကျွန်မရဲ့နောက်ဝါသနာတခုကတော့ ဆံပင်အလှပြင်ခြင်းပါပဲ.. ကျစ်စာမြီးမျိုးစုံကျစ်ရတာ ဆံထုံးလေးတွေထုံးရတာ အရမ်းဝါသနာပါပါတယ်.. ကိုယ်တိုင်က ဆံပင်သိပ်မကောင်းတော့ သူများတွေကိုပဲ လုပ်ပေးဖြစ်ပါတယ်.. အဆောင်မှာနေတုန်းက မနက်မနက်ဆို ဆံပင်ပြင်မယ့်သူတွေ ကျွန်မအခန်းရှေ့ စည်ကားနေတတ်တာလေ.. အဒေါ်တွေ မင်္ဂလာဆောင်သွားမယ်ဆိုရင်လဲ ဆံထုံးပုံစံမျိုးစံ ထုံးပေးရတတ်တာ ကျွန်မပဲပေါ့.. ကိုယ့်ဝါသနာမို့ စိတ်ပါလက်ပါနဲ့ ဆံထုံးနဲ့လိုက်ဖက်မယ့် ပန်းလေးတွေတောင် တကူးတကရှာပေးသေးတယ်.. ကိုယ်တိုင်ကတော့ ခရေပန်းကလွဲရင် ဘာပန်းမှမပန်တတ်တဲ့သူ..

အပင်စိုက်တာကိုလဲ ကျွန်မ ၀ါသနာပါပါသေးတယ်.. ကိုယ်စိုက်ထားတဲ့အပင်လေးက အသီးအပွင့်တွေ ဝေနေပြီဆို ဖြစ်ပေါ်လာရတဲ့ပီတိက ဘာနဲ့မှမလဲနိုင်ဘူးမို့လား.. မှတ်မှတ်ရရ အများကြီးစိုက်ဖူးတာကတော့ ကစ်မီကွစ်လို့ခေါ်တဲ့ ဆူးများနဲ့ပန်းကလေးတွေပါပဲ.. သဲနဲ့ဖွဲပြာကို ဆတူရောပြီးစိုက်ရင် အပင်အရမ်းဖြစ်ပြီး အပွင့်အကြီးကြီးတွေပွင့်ပါတယ်.. တခိုင်တည်းမှာ ၁၆ပွင့်ကနေ ၂၄ပွင့်အထိပွင့်တယ်လေ.. မုန်လာ မုန်းညင်းစတဲ့ စားပင်လေးတွေရယ်.. ဗူး ခရမ်းစတဲ့ သီးပင်လေးတွေရယ်လဲ စိုက်ဖူးတယ်.. ကိုယ့်အပင်က အသီးအရွက်တွေနဲ့ ချက်တဲ့ဟင်းကမှ ပိုချိုတယ်ထင်တတ်တာ လူ့သဘာဝပဲလေ.. လတ်လတ်ဆတ်ဆတ်မို့လား..

ခုတလော အကောင်အထည်အဖော်ဖြစ်ဆုံး ကျွန်မရဲ့ဝါသနာကတော့ သီချင်းဆိုတာပေါ့.. တနေ့တနေ့ singforyou.net မှာ သီချင်းတွေဆို အသံတွေသွင်းနေဖြစ်တယ်.. ပထမတော့ အလကားရတဲ့အမှတ်လေးတွေနဲ့ပေါ့.. နောက်တော့ အားမရတော့လို့ Gold Plan ၀ယ်ပြီး အားရပါးရဆိုနေပါတယ်.. အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ အိမ်အလုပ်တွေ ကမန်းကတမ်းလုပ်ပြီးရင် အခန်းတံခါးပိတ် အဲကွန်းဖွင့်ပြီး.. ဟုတ်ကဲ့.. မြူးမြူး အသံသွင်းနေပါသည်ရှင်..

(ရုံးကနေ ပို့စ်တင်ချင်လို့ တင်လိုက်တာ ယူကျုမရလို့ သီချင်းလေးတွေ အမြည်းမပေးရသေးဘူး.. ညကျမှတင်လိုက်မယ်.. ဆက်ဆက်လာနားထောင်လှည့်နော်.. )

Wednesday, November 9, 2011

ဘယ်တော့လဲ

စလုံးကို စရောက်တယ်ဆိုကတည်းက ဒီမှာပဲ တသက်လုံးနေလိုက်တော့မယ်လို့ တခါမှမတွေးခဲ့ဖူးတာအမှန်ပဲ.. တနေ့နေ့တော့ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်ဆွေမျိုးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပြန်နေမယ်ဆိုတဲ့အတွေးပဲ တချိန်လုံးကြီးစိုးနေခဲ့တာလေ.. အိမ်ဆိုတဲ့စကားလုံးကြားတိုင်း မခမ်းနားမကြီးကျယ်တဲ့ မီးမှန်မှန်မလာတဲ့အရပ်က အိမ်အိုလေးကိုပဲ မျက်လုံးထဲမြင်နေတတ်တာမို့လား.. ရုပ်ဝတ္ထုတွေဘယ်လောက်ပဲ ပြည့်စုံနေပါစေ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ဒီမြို့မှာ ကျွန်မ မပျော်ဘူး.. မိုးလင်းကနေမိုးချုပ် စက်ရုပ်တွေလို ရုန်းကန်လှုပ်ရှားနေရတော့ ဘ၀က လူမဆန်တော့သလိုပဲ.. ငွေကြောင့်သာမဟုတ်ရင် ဒီမြို့မှာ တစ်မိနစ်လေးတောင် ကျွန်မဆက်မနေချင်တော့ဘူး..

ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့တောင် တွေ့ဖို့ဆုံဖို့ စကားတွေပြောဖို့ အချိန်ဆိုတာရှားပါးလွန်းတယ်.. ဂျီတော့မှာပဲ ပြောကြ ဖဘမှာပဲတွေ့ကြ အတုအယောင်လောကထဲမှာပဲ ပျော်နေကြရတဲ့ဘ၀မျိုးကို သိပ်ငြီးငွေ့မိတယ်.. ကိုယ့်မြေမှာတုန်းက မိသားစုတမျှ ရင်းနှီးနွေးထွေးတဲ့ အိမ်နီးချင်းတွေရှိတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းခဲ့ရတဲ့ကျွန်မအတွက် အချိန်တိုင်းတံခါးတွေပိတ်ထားပြီး ဘယ်လိုလူမျိုးတွေနေလဲဆိုတာတောင် မသိနိုင်တဲ့ အိမ်နီးချင်းမျိုးတွေနဲ့ နေသားကိုမကျနိုင်ဘူး..

မီးဆိုတာ ခလုတ်နှိပ်ရင်ရတယ်.. ရေဆိုတာ ဘုံဘိုင်ခေါင်းကလာတာ.. ဆိုတာလောက်ပဲ သိထားတဲ့လူမျိုးတွေနဲ့ ပြောဆိုဆက်ဆံလုပ်ကိုင်နေရတာ တခါတလေကျတော့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်.. မီးပျက်သွားရင် ရေပျက်သွားရင် အဆင်ပြေအောင်ဖြေရှင်းရမယ့်အစား ကွန်ပလိန်းတက်လိုက်ဖို့ကိုသာ စိတ်ဝင်စားတတ်တဲ့သူတွေနဲ့ ကျွန်မဘယ်လိုမှ သဟဇာတမဖြစ်နိုင်သလို.. ကိုယ့်အကြောင်းကိစ္စထက် သူများအကြောင်းကို ပိုပြီးစိတ်ဝင်စားတတ်တဲ့ စကားတင်းမျိုးစုံပြောတတ်တဲ့ လူတန်းစားတွေနဲ့ ဆက်ဆံရတာ ဘယ်လိုမှအံမ၀င်ဘူး..

ဟိုးတုန်းက လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်ဖူးတဲ့အချိန်တွေကို ခဏခဏ အိပ်မက်မက်နေမိတယ်.. သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း နှစ်သက်မိတဲ့ သီချင်းတွေအကြောင်း ကဗျာတွေအကြောင်း စာအုပ်တွေအကြောင်း မမောနိုင်မပန်းနိုင်ပြောရင်း နေ၀င်ချိန်တွေကို အတူတူကုန်ဆုံးခဲ့ကြဖူးတယ်.. မနက်မိုးလင်းတိုင်း ပဲပြုတ်သည်ရဲ့အသံနဲ့ နိုးထခဲ့ဖူးတဲ့ မနက်ခင်းလေးများစွာကိုလဲ ပိုင်ဆိုင်ဖူးခဲ့တယ်.. နေ့လည်နေ့ခင်းတွေမှာ သရက်ပင်အောက်ထိုင်ရင်း အိမ်နီးချင်းမိတ်ဆွေတွေနဲ့အတူ သရက်သီးစိမ်းတွေကို ငံပြာရည်နဲ့တို့စားခဲ့ဖူးတယ်.. ရုပ်ဝတ္ထုတွေ မပြည့်စုံပေမယ့် ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးက ပျော်စရာလေးတွေ ဖန်တီးပေးနိုင်ခဲ့တယ်လေ..

ကျွန်မအချစ်ဆုံး သားလေးနဲ့ခွဲနေရတော့ အိမ်ပြန်ချင်စိတ်က ပိုပြီးတော့ကြီးစိုးလာတယ်.. မောင်ကလဲ စလုံးမှာမပျော်တဲ့သူမို့ အိမ်ပြန်မယ့်အကြောင်း ပြောဖြစ်တဲ့အခါတိုင်း ၂ယောက်သားမျက်ဝန်းမှာ အရောင်တွေတလက်လက်ပေါ့.. မောင်က ကျွန်မထက်တောင် ပိုပြီးအိမ်ပြန်ချင်နေတဲ့သူ.. တလောက သူ့ ပါ့စ်သက်တမ်းတိုးတော့ ၃နှစ်ရတယ်.. အဲဒါကုန်ရင် ထပ်မတိုးချင်တော့ဘူးတဲ့.. သူအိမ်ပြန်ပါရစေတော့တဲ့.. ရန်ကုန်မှာပဲ စီးပွားရေးတခုခုလုပ်ချင်တယ်တဲ့လေ.. ကျွန်မ မောင့်ကို မောင်နေချင်တဲ့နေရာမှာပဲ နေစေချင်ပါတယ်.. တကယ်တမ်းကျတော့ ကျွန်မကိုယ်တိုင်လဲ မနေချင်တဲ့အရပ်မှာ နေနေရသူမို့လား.. သေသေချာချာစဉ်းစားပြန်တော့ ရန်ကုန်မှာ တကယ်လို့ စီးပွားရေးလုပ်ငန်းက အဆင်မပြေဘူဆိုရင် သားလေးအတွက် လိုအပ်တာတွေအပြည့်အ၀ ဖန်တီးမပေးနိုင်မှာ စိုးရိမ်မိတယ်.. ကိုယ်တွေချည်းဆို အကြောင်းမဟုတ်ဘူးလေ.. ရသလောက်လေးနဲ့ ဖြစ်သလိုဖြတ်သန်းလို့ရပါရဲ့.. သားလေးအတွက်ကျတော့ မိဘတို့ရဲ့ထုံးစံအတိုင်း အကောင်းဆုံးဆိုတာတွေကိုပဲ ပေးချင်တာမို့လား..

မောင့်အတွက်စဉ်းစားမိတော့လဲ စိတ်မကောင်းဘူး.. ကျွန်မကြောင့်သာ သူက စလုံးကိုရောက်လာရတယ်.. သူမပျော်တဲ့နေရာမှာ သူမလုပ်ချင်တာတွေ လုပ်နေရတာမို့လား.. အဲလိုဆိုတော့ ကျွန်မလဲ ဆုံးဖြတ်လိုက်တယ်.. မောင်က ပြန်ချင်တယ်ဆိုလဲ ပြန်ပါစေတော့.. ကျွန်မကတော့ ရန်ကုန်မှာ စီးပွားရေးလုပ်ငန်းလေးတစ်ခု အခြေကျမှပဲ ပြန်တော့မယ်လို့.. စလုံးကိုရောက်လာတယ်ဆိုကတည်းက မေမေနဲ့တူတူနေခဲ့ရတာ ခုကျတော့လဲ မောင်နဲ့တူတူလေ.. မောင်ပြန်သွားရင် တယောက်တည်းနေရမှာမို့ အစပိုင်းတော့ ကျွန်မအတွက် သိပ်ကိုခက်ခဲမှာပေါ့.. ဖြစ်အောင်တော့ လုပ်ရမှာပေါ့လေ..

အိမ်ထောင်တစ်ခုမှာ အမေဆိုတဲ့နေရာက အခက်ခဲဆုံးပါလားဆိုတာ ပိုသဘောပေါက်လာမိတယ်.. ကျွန်မမေမေတုန်းကလဲ ဖေဖေကျန်းမာရေးမကောင်းတော့တဲ့အချိန်မှာ သားသမီးတွေအတွက် စလုံးကိုတယောက်တည်းရောက်လာပြီး ၁၅နှစ်လုံးလုံး ရုန်းကန်ခဲ့ရတာမို့လား.. ကျွန်မလဲ လုပ်နိုင်ရမှာပေါ့.. ကျွန်မစလုံးကိုရောက်တာ နောက်နှစ်ဆန်းဆို ၅ နှစ်ရှိပြီ.. အသက်၂၅နှစ်တုန်းကလာခဲ့တာမို့ ခု အသက်၃၀တောင်ပြည့်တော့မယ်.. နောက်ထပ်ဘယ်နှနှစ်လောက်များ ဆက်နေရဦးမယ်မသိဘူး.. ဘယ်အသက်အရွယ်ထိ အသက်ရှင်နေရဦးမလဲဆိုတာတောင် မသေချာတဲ့ဘ၀ထဲမှာ ဖြစ်နိုင်မယ်ဆိုရင်တော့ သိချင်ပါရဲ့.. ကျွန်မအတွက်.. အိမ်ပြန်ချိန်ဆိုတာ.. ဘယ်တော့လဲ.. လို့..

Friday, October 21, 2011

နင်နဲ့ငါ

ဆန်းတော့မဆန်းဘူး
ဒါပေမယ့်.. ထူးတယ်..
ရူးတယ်လို့တော့ မသတ်မှတ်ပါနဲ့
ရက်စက်ခဲ့တာလဲ
ကြာပဲကြာလှပေါ့..

မမေ့ချင်ပါဘူး..
မုန်းဖို့လဲ မကြိုးစားခဲ့တာယုံ..
ပုံပေးထားခဲ့တဲ့အချစ်တွေအတွက်
ခပ်စပ်စပ်ရိုက်ချက်လေးနဲ့
နာကျင်မှုတွေပေးခဲ့သူက
ခုတော့လဲ..
သူမဟုတ်သလိုပါပဲလား..

ချစ်သူရေ..
နင့်အတွက်ငါက
လွတ်တဲ့ငါးမို့ကြီးသတဲ့လား..
အရူးမလုပ်ချင်စမ်းနဲ့ကွယ်..
နင့်အတွက်ဆို
အလိုလိုအဆင်သင့်ဖြစ်နေချင်တတ်တာ
နင်အသိပဲမဟုတ်လား..

ငါ..
သတ္တိရှိပါတယ်..
မိုက်ရူးရဲတော့မဖြစ်ချင်ဘူး..
တနေ့နေ့ပေါ့ကွယ်..
နင်တည့်တည့်သာလျှောက်လာခဲ့..
လုံးနေတဲ့ကမ္ဘာကြီးရဲ့တနေရာမှာ..
ငါတို့..
မျက်နှာချင်းဆိုင်..
ပြန်ဆုံဖြစ်ဦးမှာပါ..

ပွင့်မြူးဇင်
၂၁.၁၀.၂၀၁၁

Saturday, October 8, 2011

သို့.. ဖေဖေ

ဖေဖေ...

အချိန်တွေကုန်သွားတာ သိပ်မြန်တာပဲ ဖေဖေရယ်.. လာမယ့်၁၂ရက်နေ့က သီတင်းကျွတ်လပြည့်တဲ့.. အဖွားတို့အိမ်ကြီးမှာ မိသားစုကန်တော့ပွဲ လုပ်ကြမယ်တဲ့လေ.. လွန်ခဲ့တဲ့၃နှစ်တုန်းက အဲဒီမိသားစုကန်တော့ပွဲမှာ ဖေဖေရှိနေခဲ့သေးတယ်နော်.. သမီးက ဖုန်းထဲကနေ ကန်တော့ပါတယ်ပြောတော့ ဆုတွေတသီကြီး ဖေဖေပေးခဲ့သေးတယ်.. နောက်၂ပါတ်လောက်အကြာမှာတော့ ဖေဖေက သမီးတို့ကိုစိတ်ချလက်ချ မျက်ကွယ်ပြုသွားခဲ့တော့တာလေ..

နှစ်ရှည်လများ ဖေဖေခံစားနေခဲ့ရတဲ့ အနာရောဂါတွေက လွတ်မြောက်သွားတာပဲ ရယ်လို့ သမီးတို့ ကြိုးစားပြီး ဖြေသိမ့်ခဲ့ပါတယ်ဖေဖေ.. စိတ်သဘောထားကောင်းပြီး သူတပါးအပေါ် အကောင်းပဲမြင်တတ်တဲ့ဖေဖေက ကောင်းရာမွန်ရာ ဘုံဘ၀ကိုပဲ ရောက်နေမယ်ဆိုတာ သမီးယုံကြည်ပါတယ်.. ခုဆို ဖေဖေ့ရဲ့သားသမီးတွေ ဖေဖေဖြစ်စေချင်တဲ့ဘ၀မျိုးမှာ ကိုယ်စီရပ်တည်နေနိုင်ကြပြီမို့ ဖေဖေကျေနပ်နေလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့ဖေဖေရယ်..

သုံးနှစ်ဆိုတဲ့အချိန်က ဘာမှမကြာလိုက်သလိုပဲ.. ခုတော့ သမီးလဲ မိဘဆိုတဲ့နေရာကို ရောက်နေခဲ့ပြီဖေဖေ.. ဖေဖေမတွေ့ဖူးလိုက်တဲ့ ဖေဖေ့ရဲ့မြေးဦး သမီးရဲ့တစ်ဦးတည်းသောချစ်သားလေးတောင် စကားတွေတော်တော်တတ်နေပြီပေါ့.. ဖေဖေ့ကို သားလေးကသိပါတယ်.. ဖေဖေ့ပုံပြရင် ဖိုးဖိုးဦးလွှမ်းမိုးဇင်လို့ သူပြောတတ်တယ်.. သူကလေးက ဖေဖေ့လိုပဲ ဥာဏ်သိပ်ကောင်းတယ်ဖေဖေ.. ဖေဖေနဲ့မတူတာက သူစကားသိပ်များတယ်.. ဖေဖေကတော့ မလိုအပ်ပဲ ဘာစကားမှသိပ်မပြောသူမို့လား..

ဖေဖေနဲ့အတူတူ ညနက်ကြီးထိ ဘောလုံးပွဲစောင့်ကြည့်ကြပြီး ဖေဖေကြော်ကျွေးတဲ့ ညလယ်စာထမင်းကြော်လေးကို အလုအယက်စားခဲ့ကြဖူးတဲ့ ညလေးများစွာကိုလဲ သမီးသိပ်လွမ်းတယ်.. အိပ်ယာဝင်နောက်ကျလို့ ဖေဖေအိပ်ယာထတဲ့တိုင် သမီးတို့မနိုးသေးလို့ အိမ်ပေါ်ထပ်ကြမ်းခင်းကို အောက်ထပ်ကနေ တုတ်ကောက်နဲ့လှမ်းထိုးပြီး နှိုးတတ်တဲ့ဖေဖေ့ကို သမီးသိပ်လွမ်းတာပေါ့.. ခုလဲ သမီးလေ.. မနက်စောစောတိုင်း ဖေဖေရွတ်လေ့ရှိတဲ့ ဘုရားစာတွေကိုနားထောင်ပြီး ဆုံးသွားရင်သာဓုလိုက်ခေါ်ချင်မိသေးတယ် ဖေဖေရယ်..

သီချင်းတွေကိုနှစ်သက်တဲ့ဖေဖေက သားသမီးတွေ သီချင်းဆိုကြပြီဆို ပြုံးပြီးနားထောင်နေတတ်တယ်.. ဖေဖေ့လက်တွေ ဂစ်တာတီးနိုင်တဲ့အခြေအနေတုန်းက ဖေဖေတီးပြဆိုပြတတ်တဲ့ ဂျိန်းဖောသီချင်းလေးလဲ မှတ်မိနေသေးတယ်.. ကဗျာကို သီချင်းလိုလုပ်ပြီး ကျက်ခဲ့ကြတယ်ဆိုလားပဲ.. နေအရုဏ်အောင်လံစိုက်တော့ ခြေအစုံတောင်ယံတ၀ိုက်မှာ ဒေါင်းမရေ ကလိုက်ချင်သေး ဆိုတဲ့သီချင်းလေးလေ.. ခောတ်မီတဲ့ဖေဖေက သမီးတို့နဲ့အတူ ဖြူဖြူကျော်သိန်းတို့ လေးဖြူတို့ကိုတောင် ကြိုက်ခဲ့သေးတာနော်..

ဖေဖေရေ.. ညီမလေးရောမောင်လေးရော အိမ်ထောင်တွေအသီးသီးကျကုန်ကြပြီ.. သူတို့တွေလဲ ကိုယ်စီ အောင်မြင်တဲ့ဘ၀တွေ ပိုင်ဆိုင်ထားကြပါရဲ့.. မေမေကတော့ သူ့မြေးလေးနဲ့အတူ ရန်ကုန်မှာပြန်နေတယ်လေ.. ဖေဖေသိတဲ့အတိုင်း အလုပ်မလုပ်ရရင် မနေနိုင်သူမို့ ခုထိတောင် ဟိုဟိုဒီဒီ ၀င်ငွေရတဲ့အလုပ်လေးတွေ လုပ်နေတုန်းပေါ့.. ဘောင်ဘောင်ကြီးရယ်.. ဖွားလေးသန်းရယ် ဘဘမျိုးရယ်လဲ ဖေဖေ့လိုပဲ အားလုံးကို မျက်ကွယ်ပြုသွားခဲ့ကြပြီ.. အဖွားကတော့ ခုထိကျန်းကျန်းမာမာပဲဖေဖေ.. ဧပြီတုန်းကတောင် သမီးဆီကို လာလည်သေးတယ်.. ကြီးကြီးသက်နဲ့တူတူပေါ့.. အားလုံးလဲ အဆင်ပြေကြပါတယ်ဖေဖေ.. သမီးတို့လဲ ဖေဖေမရှိတာကလွဲလို့ ပြည့်စုံပါရဲ့..

ခုသမီးရောက်နေတဲ့အခြေအနေကို သမီးကျေနပ်ပါတယ်.. သမီးကိုချစ်တဲ့ခင်ပွန်းရယ်.. ချစ်စရာကောင်းတဲ့သားလေးရယ်.. အဆင်ပြေတဲ့အလုပ်လေးတခုရယ်.. နေပျော်ပါရဲ့ဖေဖေရယ်.. တခါတလေ သိပ်အိမ်ပြန်ချင်တတ်တာကလွဲလို့ သားသားနဲ့ခွဲပြီးနေရတာကလွဲလို့ စရိုက်မတူ ဘာသာမတူသူတွေနဲ့ သဘောထားကွဲလွဲရတဲ့အခါ စိတ်တိုရတာကလွဲလို့ သမီးအဆင်ပြေပါတယ်.. ရွက်ကျပင်ပေါက်လိုမျိုး ရောက်လေရာမှာ နေတတ်ပျော်တတ်အောင် သမီးအတတ်နိုင်ဆုံး ကြိုးစားနေပါတယ်..

လာမယ့်၂၈ရက်နေ့ဆို ဖေဖေဆုံးတာ ၃နှစ်ပြည့်ပြီနော်.. သမီးဖေဖေ့အတွက် ကုသိုလ်ကောင်းမှုလေးတွေ တတ်နိုင်သလောက်လုပ်ပေးချင်လို့ ဘုန်းကြီးဆွမ်းကပ်မယ်လို့ စီစဉ်ထားတယ်ဖေဖေ.. ဖေဖေကြိုက်တဲ့ဟင်းလေးတွေချက်ပြီး သမီးဆွမ်းကပ်မယ်လေ.. ဖေဖေ့အတွက်အမျှဝေတဲ့အခါ ရောက်လေရာအရပ်ကနေ ဖေဖေ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပေးပါနော်..

သမီး ဖေဖေ့ကို သိပ်ချစ်ပါတယ်ဖေဖေ..

ဖေဖေ့ရဲ့

သမီးကြီး

Tuesday, September 13, 2011

ကျွန်မချစ်သော



ကျွန်မ လရောင်ကိုချစ်သည်.. လသာတဲ့ညတွေဆို အလိုလိုပျော်နေတတ်တာ ကျွန်မပေါ့.. ငယ်ငယ်ကတည်းက ကျွန်မအိပ်ယာကို ပြတင်းပေါက်ဘေးမှာပဲ အမြဲရအောင်ထားတတ်တယ်.. လသာတဲ့ညတွေတိုင်း လမင်းကိုကြည့်ရင်း အိပ်ပျော်သွားရတာကို ကျွန်မအရမ်းကြိုက်တာပေါ့.. အိပ်မက်ထဲမှာတောင် လမင်းရဲ့အလင်းအောက် လမ်းလျှောက်ချင်လျှောက်နေတတ်သေးတယ်.. လပြည့်ညရဲ့လမင်းကြီးကိုသာမက လခြမ်းကွေးကွေးလေးကိုတောင် ကျွန်မသိပ်ချစ်တတ်သည်လေ..

ကျွန်မ စာအုပ်တွေကိုချစ်သည်.. စာလုံးပေါင်းပြီး ဖတ်တတ်တဲ့အရွယ်ကတည်းက စာအုပ်တွေက ကျွန်မရဲ့အဖော်ဖြစ်ခဲ့သည်.. ကာတွန်းဆရာပေါင်းစုံရဲ့ ကာတွန်းစာအုပ်တွေ တေဇ မိုးသောက်ပန်းတွေနဲ့အတူ ကျွန်မကြီးပြင်းခဲ့ရသည်.. အသက်အရွယ်ကိုလိုက်ပြီး စာအုပ်မျိုးစုံနေအောင် ကျွန်မ ဖတ်ခဲ့သည်.. မြန်မာစာပေကိုချစ်မြတ်နိုးသူမို့ တစ်ဦးတည်းသောသားလေးကို မြန်မာစာမတတ်မှာ မြန်မာစာအုပ်တွေမဖတ်နိုင်မှာ သိပ်စိုးရိမ်သူက ကျွန်မပေါ့.. ပွင့်မြူးဇင်ရဲ့သားက မြန်မာစာမတတ်ဘူးဆိုတာ လုံးဝမဖြစ်စေရဘူး လို့ ဆုံးဖြတ်ထားပါတယ်..

ကျွန်မ ခရေပန်းကိုချစ်သည်.. ချစ်ပေမယ့် ပန်းပန်ရတာသိပ်မကြိုက်လို့ သိပ်တော့ မပန်ဖြစ်ဘူး.. ခရေရနံ့က ကျွန်မရဲ့စိတ်ကို ကြည်လင်စေတာအမှန်ပဲ.. နွမ်းခြောက်သွားတာတောင် ရနံ့မပျယ်တဲ့ ခရေပွင့်သေးသေးလေးတွေကို ဘယ်လိုချစ်မှန်းကိုမသိ.. ခရေပန်းခြောက်လေးတွေကို သနပ်ခါးထဲ ရောသွေးပြီး လိမ်းရတာကိုလဲ ကျွန်မကြိုက်တယ်.. အဲ တယောက်သောသူပေးဖူးတဲ့ ခရေပန်းကုံးလေးကတော့ ချွင်းချက်ပေါ့.. ခြေမပစ်ရက်လို့ ခုထိသိမ်းထားတုန်း.. ခုထိလဲမွှေးနေတုန်းလေ..

ကျွန်မ မိုးရေစက်တွေကိုချစ်သည်.. မိုးတွေသည်းသည်းမည်းမည်းရွာရင် ကျွန်မအရမ်းပျော်တယ်.. မိုးရေထဲမှာလမ်းလျှောက်ရင်း မျက်နှာကို မိုးစက်တွေတိုက်ရိုက်ကျလာတဲ့ ခံစားမှုမျိုးကို ကျွန်မသိပ်ကြိုက်တယ်.. ကလေးဘ၀တုန်းကတော့ မိုးရေချိုးရင်း ပြေးလွှားဆော့တာပေါ့.. အသည်းကွဲတတ်တဲ့အရွယ်ရောက်တော့ မိုးနဲ့အတူငိုဖူးတယ်.. ခုကျတော့လဲ မိုးရွာတာထိုင်ကြည့်ရင်း ဘာကိုမှန်းမသိလွမ်းရင်းပေါ့..

ကျွန်မ ကဗျာတွေကိုချစ်သည်.. ကလေးကဗျာလေးတွေကစလို့ ခုခောတ်မော်ဒန်ကဗျာတွေအထိ ကျွန်မနှစ်နှစ်ခြိုက်ခြိုက်ရှိလှသည်.. ကဗျာတွေဖန်တီးရတာလဲ သိပ်ကြိုက်တယ်.. တခုခု စိတ်ထဲမှာရှုပ်နေတာဖြစ်ဖြစ် ခံစားနေရတာကိုဖြစ်ဖြစ် ကဗျာတပုဒ်အနေနဲ့ စာမျက်နှာပေါ်သွန်ချခွင့်ရရင် ကျွန်မစိတ်ထဲပေါ့သွားတတ်သည်.. ကျွန်မရဲ့လက်တွဲဖော်ကတော့ ကျွန်မကဗျာတွေကို လုံးဝမဖတ်.. စိတ်လဲမ၀င်စားဘူးလေ.. သားလေးကိုတော့ ကဗျာတွေကို ချစ်စေချင်မိသည်..

ကျွန်မ သီချင်းတွေကိုချစ်သည်.. သီချင်းဆိုနေရရင် ထမင်းမေ့ဟင်းမေ့ဆိုတာ ကျွန်မပေါ့.. စိတ်ညစ်ရင်လဲသီချင်းနားထောင် ပျော်ရင်လဲသီချင်းနားထောင်နဲ့မို့ သီချင်းတွေက ကျွန်မအတွက် မရှိမဖြစ်လိုအပ်တာပေါ့.. ကျွန်မရေးတဲ့ကဗျာတချို့ကို သူငယ်ချင်းတယောက်က သံစဉ်တွေထည့်ပြီး သီချင်းတွေဖန်တီးဖူးကြတယ်.. ကျွန်မရဲ့သားလေးကလဲ သီချင်းတွေကိုချစ်သတဲ့.. သားသားကြီးလာရင်တော့ သီချင်းတွေတူတူဆိုခွင့် ရချင်မိသေးရဲ့..

ကျွန်မ အိပ်မက်တွေကိုချစ်သည်.. ကိုယ်ဖြစ်ချင်တာတွေ အိပ်မက်ထဲမှာဖြစ်ခွင့်ရတဲ့အခါ သိပ်ပျော်ရသလောက် ၀မ်းနည်းစရာတွေ ကြုံရတဲ့အခါလဲ ရှိတာပေါ့.. အိပ်မက်ဆိုးတွေကနေ နိုးထလာရတိုင်း အိပ်မက်ပါလား တကယ်မဟုတ်ပါလားလို့ သိလိုက်ရတဲ့ခံစားချက်လေးကိုလဲ ကျွန်မတပ်မက်တယ်.. အိပ်မက်ချိုချိုလေးတွေကနေ နိုးသွားတဲ့အခါ ခံစားရတဲ့နှမြောသလို လွမ်းသလိုလိုအသိလေးကလဲ တမျိုးချစ်စရာကောင်းနေပြန်သည်.. ဘယ်လိုအိပ်မက်မျိုးကိုမဆို ကျွန်မချစ်တတ်ပါသည်..

လရောင်ကိုချစ်သော.. စာအုပ်တွေကိုချစ်သော.. ခရေပန်းကိုချစ်သော.. မိုးရေစက်တွေကိုချစ်သော.. ကဗျာတွေကိုချစ်သော.. သီချင်းတွေကိုချစ်သော.. အိပ်မက်တွေကိုချစ်သော.. ကျွန်မကိုယ်ကျွန်မလဲ ကျွန်မသိပ်ချစ်ပါသည်.. ကျွန်မက အတ္တကြီးတတ်သူမို့လား..

Monday, August 29, 2011

ကျွန်မနှင့်နာနာဘာဝများ


ကျွန်မကို သရဲကြောက်တတ်သလားလို့မေးရင် ကြောက်တော့ကြောက်တယ်.. အရမ်းကြီးကြောက်တာတော့ မဟုတ်ဘူးလို့ ဖြေရမယ်.. သရဲတို့ ၀ိဥာဉ်တို့ ရှိတယ်ဆိုတာ ယုံပါတယ်.. သူတို့ကို ကြောက်စရာကြီးပဲရယ်လို့ သဘောမထားတာတော့အမှန်ပဲ.. တခါတလေတော့ သူတို့ကများ ကြောက်စရာပုံစံကြီးနဲ့ ခြောက်လှန့်လိုက်မလားလို့ တွေးကြောက်မိတတ်တယ်..

ကျွန်မတို့မိသားစု မြို့သစ်မှာနေတုန်းက အဲ့အိမ်ကြီးမှာ သရဲရှိတယ်တဲ့.. ဖေဖေနဲ့ ဘွားဘွားက ကျွန်မတို့ကြောက်မှာစိုးလို့ အိမ်ပြောင်းပြီးမှ ပြောပြတယ်.. အိမ်ကြီးက ၂ထပ်ပါ.. တိုက်ခံပျဉ်ထောင်အိမ်ပေါ့.. အောက်ထပ်မှာ အိပ်ခန်း၁ခန်းရှိပြီး ဖေဖေနဲ့မောင်လေးနေကြတယ်.. အပေါ်ထပ်မှာတော့ အိပ်ခန်း ၂ခန်းနဲ့ ဘုရားခန်းအကျယ်ကြီးရှိတယ်.. လှေကားကတက်သွားရင် ဘုရားခန်းကိုရောက်တယ်.. အိပ်ခန်း၂ခန်းမှာ အလယ်ကအခန်းကို အန်တီမိုးကယူထားတော့ ကျွန်မတို့ညီအစ်မက နောက်ဆုံးခန်းမှာ နေကြတယ်လေ.. အခန်းကအကျယ်ကြီး.. ကျွန်မတို့အခန်းရဲ့ အောက်တည့်တည့်က မီးဖိုချောင်..

ဖေဖေတို့ပြောပြတာက အဲ့သရဲတွေက အပေါ်ထပ်မှာပဲနေကြတယ်တဲ့.. တခါတလေများဆို ဖေဖေတယောက်တည်းရှိတဲ့အချိန် အပေါ်ထပ်မှာ ဆူညံနေအောင် ခြေသံတွေပေးတတ်တယ်တဲ့.. ဖေဖေက အိပ်မရလို့စိတ်တိုပြီး ဟေ့ကောင်တွေ သတ္တိရှိရင် အောက်ဆင်းလာခဲ့လို့ စိန်ခေါ်ရင် လှေကားကနေ တစ်ထစ်နှစ်ထစ်လောက် ဆင်းလာတဲ့ခြေသံကြားရပြီး ပြန်တက်သွားသံကြားရတယ်တဲ့.. တခါမှ အောက်ထပ်ကို ဆင်းမလာဘူး.. အဘွားကဘုရားရှိခိုးရင် ခြင်ကိုက်လို့ ဘုရားစင်ရှေ့မှာ ခြင်ထောင်လေးထောင်ပြီး ရှိခိုးတတ်တယ်.. တခါတလေ ရွတ်တဲ့ဂါထာတွေရှည်နေလို့ အချိန်တန်တဲ့တိုင် အမျှမဝေသေးရင် အပြင်ကနေ မျိုးစုံခြေသံတွေပေးနေတတ်တယ်တဲ့.. အဘွားက ငြိမ်ငြိမ်နေကြပါကွယ်.. ရွတ်လို့ဖတ်လို့ပြီးရင် အမျှဝေမှာပါလို့ ပြောလိုက်ရင်တော့ ငြိမ်သွားတတ်ကြတယ်တဲ့လေ..

တစ်ည.. အဘွားနဲ့အန်တီမိုးက ဘုရားဖူးသွားလို့ အိမ်ပေါ်ထပ်မှာ ညီအစ်မ၂ယောက်တည်း အိပ်ရတဲ့ညပေါ့.. ညလယ်လောက်ကြီး ဘုရားခန်းထဲက ကွပ်ပျစ်ပေါ်ကို တယောက်ယောက်တက်လို့ ခြေသံတွေမြည်သလို အသံတွေကြားရတာမို့ ကျွန်မနိုးလာတယ်.. ညီမလေးကလဲ နိုးလာပြီး သူလဲ ကြားတယ်တဲ့.. ကျွန်မတို့က သူခိုးဝင်တယ်ထင်လို့ သူခိုးဖမ်းမယ်ဆိုပြီး တိတ်တိတ်လေး အသံမထွက်အောင်ထပြီး ဘုရာခန်းထဲထွက်လာခဲ့တယ်.. ခြေသံတွေက ကြားနေရတုန်းပဲ.. မှောင်နဲ့မဲမဲမို့ ဘာမှမမြင်ရတာနဲ့ ဘုရားခန်းမီးကိုဖွင့်လိုက်တော့ ကွပ်ပျစ်ပေါ်မှာ ဘာမှမရှိ.. အသံတွေလဲတိတ်သွားရော.. ၀ရံတာတံခါးကြီးကပွင့်လို့.. ကျွန်မကိုယ်တိုင် ဂျက်ထိုးပြီး ပိတ်ထားတဲ့တံခါးကြီး ပွင့်နေတော့ အံ့သြတာပေါ့.. တခြံလုံးတအိမ်လုံးကို လက်နှိပ်မီးနဲ့ထိုးရှာတော့လဲ ဘာအရိပ်အရောင်မှမတွေ့.. အောက်ထပ်က ဖေဖေက လှမ်းအော်ပြောတယ်.. သမီးတို့ ဘုရားရှိခိုးအမျှဝေပြီး အိပ်ကြတော့တဲ့.. ကျွန်မတို့လဲ ဘာမှရှည်ရှည်ဝေးဝေးမတွေးတော့ပဲ ပြန်အိပ်ပစ်လိုက်တာပေါ့.. ထင်တာက သူခိုးဝင်တာလို့ပဲထင်တာ.. အိမ်ကဘာမှလဲမပျောက်တော့ ပွင့်နေတဲ့တံခါးပြန်ပိတ်ပြီး ပြန်အိပ်လိုက်တာပေါ့.. အဲ့အိမ်ကနေပြောင်းတော့မှ အဘွားကပြောပြတယ်.. အဲသလိုပဲ ဖြစ်နေကျတဲ့.. တော်လိုက်တဲ့သရဲတွေ.. တံခါးတောင်ဖွင့်တတ်တယ်..

မနေ့ညက ကျွန်မတယောက်တည်း အခန်းထဲမှာရှိနေတုန်း ကျွန်မဘေးနားက အသက်ရှုသံခပ်ပြင်းပြင်းကြားလိုက်ရတယ်.. လှည့်ကြည့်လိုက်တော့လဲ ဘယ်သူမှမရှိ.. တော်တော်ကြာကြာထိ ကြားနေရတုန်းပဲ.. ပထမတော့ ဟိုဘက်ခန်းက တယောက်ယောက်များ ဟောက်နေလားလို့ ထွက်ကြည့်သေးတယ်.. အခန်းပြင်ရောက်သွားတော့ မကြားရတော့ဘူး.. ဟိုဘက်ခန်းထဲကလူတွေလဲ မအိပ်ကြသေး.. အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်ထိုင်လိုက်တာနဲ့ ပြန်ကြားရပြန်ရော.. ကိုယ့်ဘေးနားမှာ မောနေတဲ့လူတစ်ယောက် အသက်ပြင်းပြင်းရှုနေသလို အသံမျိုး.. ကျွန်မလဲသတိရလို့ ပဌာန်းရွတ်လိုက်တော့ အသံချက်ချင်းတိတ်သွားတယ်.. မဆိုးဘူး.. အဲ့သရဲက ပဌာန်းတော့ နားလည်တယ်ပေါ့.. မေ့မေ့ပျောက်ပျောက်နဲ့အိပ်လိုက်တော့လဲ ဘာအနှောက်အယှက်မှ မရှိတော့ပါဘူး.. စဉ်းစားမိတယ် မနေ့က တစ္ဆေပွဲနောက်ဆုံးညမို့ တခါးမပိတ်ခင် လျှောက်လည်နေတဲ့တကောင်ကောင် မျက်စေ့လည်ပြီး ကျွန်မဆီရောက်လာတာဖြစ်မယ်လို့.. ဘာပဲဖြစ်ဖြစ် ခုညတော့ အိမ်ပြန်ရောက်ရင် ပဌာန်းအကျယ်ရွတ် ပရိတ်တွေရွတ်ပြီး ပဌာန်းရေ ပရိတ်ရေနဲ့ တအိမ်လုံးလိုက်ဖြန်းလိုက်ဦးမယ်လို့..

Wednesday, August 24, 2011

.............



အရာရာခမ်းခြောက်သွားဖို့..
၁၀နှစ်ဆိုတာ လုံလောက်တဲ့အချိန်လား...

ပေးထားခဲ့ပါတယ်
နင်မရခဲ့ဘူးဆိုရင်တော့
အလွဲတကာ့အလွဲထဲ
ဒီတခါအလွဲဆုံးပေါ့..

နင်မရှုံးပါဘူး
မရုန်းနိုင်တာကငါ..
ဘာမှန်းမသိတဲ့ကြိုးတွေကအထပ်ထပ်နဲ့မို့
အဆုံးမသတ်နိုင်တာက
ငါကိုယ်တိုင်ပေါ့..

ဘ၀လမ်းပေါ်မှာ
ဂငယ်ကွေ့ကွေ့လို့ရဖို့
ဘာအမှတ်အသားကိုရှာရမှာလဲ..
မိုးကြိုးကိုကာဖို့
ထန်းလက်ရှာသလိုများ ဖြစ်နေမလားပဲ..

ငါလား..
အသည်းကွဲနေတာမဟုတ်ဘူး
ကွဲစရာအသည်းကို မရှိတော့တာ..
ဘာလိုချင်တာလဲမမေးနဲ့
ငါ့ရင်ထဲ နင်မမြင်ရမှတော့
ဘာကိုလိုချင်ရဦးမှာတဲ့လဲ..

မနှစ်သိမ့်ပါနဲ့..
အနာစိမ်းပေါ်ကို
ပျားရည်ပဲလောင်းလောင်း အက်ဆစ်နဲ့ပဲပက်ပက်
စပ်တာကတော့စပ်မှာပဲ..

အကောင်းဆုံးကတော့ဟာ..
နင်ငါ့ကို ပစ်သာထားလိုက်...
ငါ့အတ္တနဲ့ငါ
ငါ့ဒေါသနဲ့ငါ
ငါ့သောကနဲ့ငါ
မျောချင်ရာပဲမျောနေပါရစေတော့..

အချစ်လား..
အဲဒါတော့ မမေးကြေးပေါ့..

ပွင့်မြူးဇင်
၂၄.၀၈.၂၀၁၁

Saturday, August 20, 2011

သားလေးဖတ်ဖို့ (၂)

သားလေးရေ..

မေမေ့သားလေးကို မတွေ့ရတာ ၂လတောင်ကျော်ပြီ.. သူများတွေကတော့ ထင်ချင်ထင်မယ်.. ၂လပဲရှိသေးတာများလို့.. မေမေ့အတွက်တော့ ၂ကမ္ဘာအလားပေါ့သားလေးရယ်.. တနေ့တနေ့ ရုံးကပြန်ရောက်ရင် အရင်ကလို ကြိုနေမယ့်သားလေးမရှိတော့ မေမေ့ရဲ့အိမ်ပြန်ချိန်တွေက ရည်ရွယ်ချက်မဲ့ပေါ့.. သားလေးရှိတုန်းကဆို အိမ်ကိုအမြန်ဆုံးရောက်အောင် အပြေးပြန်ချင်နေခဲ့ပေမယ့် ခုတော့ ပိတ်ထားတဲ့တခါးတချပ်ကို ကိုယ်တိုင်ဖွင့်ပြီး ၀င်လိုက်ရင် လှောင်ပိတ်နေတတ်တဲ့ အခန်းတစ်ခုထဲကို မေမေလေ တော်တော်နဲ့မပြန်ချင်တတ်ဘူး.. အိမ်အလုပ်တွေလုပ်ရင်း သားလေးကို သတိမရအောင်နေပေမယ့် မရပါဘူးသားလေးရယ်..

သားလေးဖေဖေလည်း သားလေးကိုတော်တော်လွမ်းနေပြီ.. မေမေက မားမားပြောပြတဲ့ သားလေးရဲ့တိုးတက်မှုလေးတွေအကြောင်းများ ပြန်ပြောပြပြီဆို သားဖေဖေမျက်လုံးတွေကလေ အရောင်တွေကို လက်လို့.. ဖခင်တယောက်အနေနဲ့ သူ့သားလေးကို သူရဲကောင်းအဖြစ်နဲ့ ဂုဏ်ယူနေတဲ့ အမူအယာမျိုး.. သူ့သူငယ်ချင်းမိတ်ဆွေတွေကိုလဲ သားလေးအကြောင်း ကြွားရတာအမောပေါ့.. မေမေက ဖေဖေ့ကိုမေးကြည့်တယ်.. သားသားနဲ့မေမေနဲ့ ဘယ်သူ့ကိုပိုချစ်လဲလို့.. ဖေဖေက သားသားကိုပိုချစ်တယ်တဲ့.. ဟုတ်တယ်.. မေမေကလည်း သားသားကိုပဲပိုချစ်တာလေ.. သားလေးက မေမေဖေဖေတို့ရဲ့ အချစ်ဆုံးလေးပေါ့.. မေမေဖေဖေတို့ရဲ့ အနာဂါတ်က သားလေးပေါ့..

မေမေတို့ ခုချိန်မှာ သားလေးနားမနေနိုင်ပေမယ့် မေမေတို့ကြိုးစားနေသမျှဟာ သားလေးအတွက်ပေါ့.. တခါတလေကျတော့တွေးမိတယ်.. ရုပ်ဝတ္ထုတွေပြည့်စုံနေပေမယ့် သားလေးစိတ်ထဲမှာများ ဒဏ်ရာရနေမလားလို့.. မေမေတို့ကို အနေဝေးလို့ စိမ်းသွားမှာလဲစိုးတယ်လေ.. အဲဒါတွေကြောင့် မေမေ့သားလေးဆီ နေ့တိုင်းဖုန်းဆက်နေတာပေါ့.. မာမားပြောပြလို့ သားသားလူလည်လေးအကြောင်း မေမေကြားနေရပါတယ်.. တွေ့တဲ့လူကို တည့်အောင်ပေါင်းတတ်တဲ့အကြောင်း.. သီချင်းတွေကို အရမ်းကြိုက်တဲ့အကြောင်း.. သားလေးက ရုပ်တော့ဖေဖေနဲ့ပိုတူပြီး အကျင့်လေးတွေက မေမေနဲ့ပိုတူတယ်နော်.. သားလေး၅နှစ်လောက်ရောက်ရင် ဂစ်တာတီးသင်ပေးရမယ်.. သားလေးရဲ့ ကိုကိုကြီးပြည့်ဖြိုးအောင် (သူ့ကိုယ်သူအတင်းကိုကိုကြီးလုပ်ထားတာ)ကို သင်ပေးခိုင်းရမယ်.. ခုကတည်းကတောင် လေးလေးဇော်ဂစ်တာတီးရင် လိုက်တီးနေပြီဆို.. မေမေ့သားလေးက မေမေ့လိုပဲ သီချင်းတွေကိုချစ်တယ်ဆိုလို့ မေမေ အရမ်းပျော်တာပဲသိလား.. တို့သားအမိတွေ ဂစ်တာတွေတီး သီချင်းတွေတူတူဆိုကြမယ်သားလေးရယ်...

သားလေးက သစ်သီးအစိမ်းရောင်တွေနဲ့ ဓါတ်မတည့်ဘူးဆို.. သရက်သီးစိမ်းတွေ မာလကာသီးအစိမ်းတွေတွေ့ရင် တုန်တောင်တုန်နေတယ်တဲ့.. မာမားကပြောပြတယ်.. ထူးဆန်းလိုက်တာ.. မေမေကတော့ အသားစိမ်း ငါးစိမ်းတွေကို အများကြီးမြင်ရင် တကိုယ်လုံးယားလာတတ်တာမို့လား.. ဈေးထဲသွားရင် မေမေ့မှာ အသားတန်း ငါးတန်းတွေကို မြန်မြန်ဖြတ်ပြေးရတာ.. သားလေးကျတော့ အသီးတွေကို အသည်းယားတတ်သတဲ့.. ဖေဖေကတောင်ပြောနေသေးတယ်.. သားအမိတွေက တယောက်တမျိုးစီတဲ့..

တနေ့က မာမားကပြောနေတယ်.. သမီးကြီးရေ နင့်သားကို ၁၀နှစ်ပြည့်ရင် ၁၀အိမ်မှုးခန့်လိုက်တော့မယ်တဲ့.. တလမ်းလုံး သူမသိတဲ့လူလဲမရှိဘူးတဲ့.. ဟုတ်တယ်.. သားလေးက ပေါင်းသင်းဆက်ဆံရေးသိပ်ကောင်းတာ.. လမ်းသွားရင် တွေ့သမျှလူကိုနှုတ်ဆက်.. အလာပသလာပတွေပြောနဲ့.. တတ်လဲတတ်နိုင်တဲ့ကလေး.. အရမ်းလဲစပ်စုတာပဲ.. သားလေးရှေ့မှာ စကားဆန်းတခုခုပြောမိလို့ သားလေးနားမလည်ရင် ချက်ချင်းမေးတာပဲတဲ့.. မားမား ပန်လန်လက်တယ်ဆိုတာဘာလဲလို့မေးတော့ မာမားက ပက်လက်လန်လို့ပြန်ဖြေတာကို မကျေနပ်သေးပဲ ဘာလို့ပက်လက်လန်ကို ပန်လန်လက်လို့ပြောတာလဲလို့ ဆက်မေးနေတာ မာမားတောင် ဘာဖြေရမှန်းမသိ ဖြစ်သွားသေးတယ်တဲ့.. သားသားက စပ်စုစိန်လေးပေါ့နော်..

သားလေးက သီချင်းတွေလဲဆိုတတ်နေပြီနော်.. ရွှေပုံပေါ်မှာပျော်ပါနေခြည်တဲ့ မေမေ့ကိုဆိုပြတယ်လေ.. ပြီးတော့ရှိသေးတယ်.. နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ကွားတော့မယ်.. တဲ့.. သားလေးက သွား ဆိုတာကို ပီအောင်မပြောတတ်သေးတော့ ကွားတော့မယ်ဖြစ်သွားတာပေါ့.. မေမေ့မှာ ရယ်လိုက်ရတာ မျက်ရည်တောင်ထွက်တယ်..

သားလေးနဲ့မာမားကို နှစ်ကုန်ကျရင် စင်္ကာပူကိုလာလည်ဖို့ပြောတော့ သားသားကအရမ်းပျော်တယ်တဲ့.. လေယာဉ်ပေါ်ကဆင်းရင် အမ်အာတီသေးသေးလေးစီးပြီး အမ်အာတီအကြီးကြီးဆီကိုသွားမယ်.. ပြီးရင် အမ်အာတီအကြီကြီးနဲ့ ဂျူရောင်းပွိုင့်ကိုသွားမယ်.. မေမေနဲ့ဖေဖေက ဂျူရောင်းပွိုင့်မှာ စောင့်နေ.. ဂျူရောင်းပွိုင့်ကနေ ဘွန်လေးပလေ့စ်အိမ်ကို တက်ဆီနဲ့သွားကြမယ်တဲ့လေ.. လူလည်လေးက အိမ်ပြန်တဲ့လမ်းကိုပါ မှတ်မိနေသေးတယ်.. ခုမှ ၂နှစ်နဲ့၈လတောင်မရှိသေးဘူး.. သားလေးက အရမ်းကို ဥာဏ်ကောင်းတဲ့ ကလေးလေးပေါ့..

မနေ့ကဖုန်းဆက်တော့ သားလေးကပြောတယ်.. သားသားနေကောင်းဘူး ချောင်းဆိုးတယ် နှာစေးတယ်.. မိုးတွေရွာလို့.. ရာသီဥတုက ကောင်းဘူးမေမေရယ် တဲ့လေ.. မေမေ့အတွက်လဲ သားလေးမရှိတဲ့အရပ်မှာ ရာသီဥတုက ဘယ်တော့မှမကောင်းပါဘူး သားလေးရယ်..

သားလေးရေ.. မာမားစကားကို နားထောင်ပြီး လိမ်လိမ်မာမာနေနော်.. ဘုရားလဲ မှန်မှန်ရှိခိုး.. ဘုန်းဘုန်းကိုလဲ နေ့တိုင်းဆွမ်းလောင်းနော်.. မေမေ့သားလေးက လိမ်မာပြီးသားပါ.. မေမေက သားလေးကို အရမ်းချစ်တယ်နော်.. ဖေဖေကလဲ သားလေးကို အရမ်းချစ်တာ.. မေမေတို့သားလေးက လိမ်မာယဉ်ကျေးတဲ့ မြန်မာ့ဓလေ့တွေကို တန်ဖိုးထားတတ်တဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကလေးလေးတယောက်ဖြစ်လာမယ်ဆို မေမေရင်အကွဲခံပြီး သားလေးနဲ့ခွဲနေရကျိုး နပ်ပြီပေါ့ကွယ်.. ဘယ်လိုလဲသားလေး.. မေမေ ပျော်ရမယ်မို့လား..

Friday, August 12, 2011

သူငယ်ချင်း (၃)

သူငယ်ချင်းရေ..
ပန်းပွင့်ကြွေတွေ လေထဲမှာတွေ့လား..
ဒီလိုကျတော့လဲ လောကကြီးက အလှသားပေါ့..

နင့်ရင်ထဲမယ်..
အချစ်ကြောင့်လွမ်း
အလွမ်းကြောင့်များနွမ်းနယ်နေလေရော့သလား..

ပြေးထွက်ခဲ့စမ်းပါ..
ကိုယ့်ကိုကိုယ် ပိတ်လှောင်မထားစမ်းနဲ့..
လာ.. ဒီမှာ.. ကောင်းကင်ကြီးကပြာလို့..

မိုးတွေညိုလာတော့ကောဘာအရေးလဲ..
တိမ်မဲမဲတွေကမိုးရွာချတဲ့အခါ..
နင့်အလွမ်းတွေကိုပါမိုးရေနဲ့မျှောပစ်လိုက်..
မိုးစဲရင်ရောက်လာမယ့်နေခြည်အောက်
ခုန်ပေါက်ပစ်လိုက်စမ်း..

ကြိုးစားသမျှ အရာမထင်တာတွေ..
ပြန်မရလိုက်တဲ့ နားလည်မှုတွေ..
ထပ်တူမကျနိုင်တဲ့အချစ်တွေ..
အားလုံးခဏဘေးဖယ်ထား..
လောကကြီးကတရားပါတယ်..
နေ့မှာအလင်း ညမှာအမှောင်..
အယောင်ဆောင်တွေထည့်မတွက်ကြေးဆို
ဘယ်ညကမှ နေ့လိုမလင်းနိုင်ဘူးလေ..

အမှောင်ပြီးရင် ရောက်လာမယ့်အလင်းရယ်..
မုန်တိုင်းနောက်က လေပြေညှင်းလေးရယ်..
နုနုနွေးနွေး မိုးစဲနေလေးရယ်..
မြင်ယောင်ကြည့်လိုက်စမ်း..
တို့ကမ္ဘာကြီးက သာယာပါတယ်ဟာ..

သြော်.. ကျန်သေးတယ်..
နင်လိုအပ်နေတဲ့အချိန်တိုင်း..
တုံ့ဆိုင်းမနေနဲ့နော်..
ခေါင်းလေးတချက်သာငဲ့ကြည့်လှည့်..
နင့်သူငယ်ချင်းငါ..
နင့်ဘေးမှာပါလာစေရမယ်..

ပွင့်မြူးဇင်
၁၂.၀၈.၂၀၁၁

Friday, August 5, 2011

မိုင်တိုင်၂၉

ဒီနေ့က ကျွန်မရဲ့ ၂၉နှစ်မြောက်မွေးနေ့.. ၂ထိပ်စီးရဲ့ နောက်ဆုံးမွေးနေ့ပေါ့.. အသက်ဘယ်လောက်လဲမေးရင် ၂၀ကျော်လို့ပြောဖို့ ၁နှစ်တိတိကျန်ဦးမယ်.. ပြီးခဲ့တဲ့ ၂၈နှစ်မွေးနေ့တုန်းက “နေ့နဲ့ညရေရင်လေ၂၈နှစ်” ဆိုပြီး ပို့စ်လေးတခုရေးဖြစ်တယ်.. ၂၈နှစ်စာ ဘ၀အတွေ့အကြုံလေးတွေအကြောင်းပေါ့.. အခုနှစ်မွေးနေ့အတွက် စာရေးမယ်ဆိုတော့ ခံစားချက်တွေကမျိုးစုံ.. မနှစ်ကနဲ့မတူတော့တာတော့အမှန်ပဲ.. တနှစ်တာအတွင်း မိသားစုအတွက် အချိုးအကွေ့တွေကလဲမျိုးစုံပေါ့..

၂၉နှစ်အရွယ် မိန်းမတစ်ယောက်အနေနဲ့ လောကကြီးကိုဘယ်လိုမြင်နေလဲလို့ တွေးကြည့်တော့.. အကောင်းမြင်နေတတ်သေးတာတော့ သေချာတယ်.. ပျော်တဲ့အခါ အော်ဟစ်ရယ်မောမိတတ်သလို ဒေါသထွက်တဲ့အခါ အလိုလိုကျလာတတ်တဲ့မျက်ရည်ကိုလဲ မထိန်းနိုင်သေးဘူး.. သည်းခံခြင်းသည်အောင်မြင်ရာ၏ ဆိုတာကိုလက်ခံပေမယ့် အလကားသက်သက် အနိုင်ကျင့်ချင်သူတွေ စိတ်သဘောထားသေးသိမ်သူတွေကိုတော့ ဘာဖြစ်ဖြစ်သည်းခံလိုက်မယ်ဆိုတဲ့အထိ ကျွန်မ မရင့်ကျက်သေးတာသေချာတယ်.. လောကထဲမှာ မရှိစေချင်သူတွေကတော့ လူမျိုးရေးခွဲခြားတတ်သူတွေနဲ့ လူတန်းစားခွဲခြားတတ်သူတွေပါပဲ.. ဘ၀ဇာတ်ခုံပေါ်က မိသားစုငယ်လေးတခုမှာ မိခင်ဆိုတဲ့နေရာက ကပြအသုံးတော်ခံနေရသူမို့ ငါဆိုတဲ့အတ္တထက် ငါ့မိသားစုဆိုတဲ့အတ္တက ပိုပြီးကြီးစိုးထားမယ်ထင်ရဲ့.. ကျွန်မက အတ္တကြီးပါတယ်.. လိုချင်တာကို မရရအောင်ယူတတ်သလို.. ဘယ်လိုမှမရနိုင်တော့ဘူးလို့ သေချာနေရင်တောင် ရနိုင်တာတွေထဲက အကောင်းဆုံးဆိုတာကိုမှ ရအောင်ယူတတ်သူပါ.. အတိတ်ကံလေးကလဲ ကောင်းတယ်ပြောလို့ရတာမို့ ခုထက်ထိတော့ အရှုံးကြီးကြီးမားမားနဲ့ မကြုံရသေးပါဘူး..

မိသားစုအရေးအနေနဲ့ သားလေးကို ရန်ကုန်မှာပြန်ထားလိုက်ရတာက ကျွန်မအတွက် ရင်ကွဲနာပါပဲ.. သူလေးအတွက်တော့ အဖိုးအဖွား ဆွေမျိုးတွေရဲ့ နွေးထွေးတဲ့ဂရုစိုက်မှုတွေကြားမှာ နေရတာက ခိုအိမ်လေးထဲမှာ ကလေးထိန်းနဲ့နေရတဲ့ ကလေးလေးတယောက်ထက်တော့ အပုံကြီးသာမှာပါ.. မြေကြီးနဲ့နီးတဲ့ ရှင်သန်မှုမျိုး သားလေးကိုပိုင်ဆိုင်စေချင်တာလေ.. ခုဆို သားလေးက ရန်ကုန်အိမ်ကမှ သူ့အိမ်အစစ်လို့ လက်ခံလိုက်ပြီ.. ဆွမ်းခံကြွတဲ့ကိုယ်တော်ကို ဆွမ်းလောင်းတတ်ပြီ.. မနက်တိုင်း စံပယ်ပန်းဝယ်ပြီး ဘုရားကပ်တတ်ပြီ.. အဲဒါလေးတွေကြားရတော့ ဖြစ်လာတဲ့ပီတိက ရင်ကွဲနာကို ကုသပေးနိုင်ခဲ့တယ်.. သားလေးကို လိမ္မာယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ မြန်မာလေးတယောက် ဖြစ်စေချင်တာက ကျွန်မရင်ထဲက အကြီးမားဆုံးဆန္ဒမို့လား..

ဒီတလောအတွင်း ကျွန်မကို အကောင်းဆုံးနှစ်သိမ့်ပေးနိုင်ခဲ့တာကတော့ ကျွန်မရဲ့လက်တွဲဖော် မောင်ပါပဲ.. ကျွန်မက တခါတလေ ဘာကိုအလိုမကျမှန်းမသိ စိတ်တွေတိုနေတတ်တယ်.. အဲသလိုအခါမျိုးမှာ မောင်ကစိတ်ရှည်လက်ရှည်ချော့တတ်တယ်.. ကျွန်မမရယ်မချင်းပေါ့.. ကျွန်မသွားချင်တဲ့နေရာကို လိုက်ပေးတယ် (သူက အပြင်သွားရမှာ သိပ်မုန်းတဲ့သူ).. ကျွန်မချက်သမျှကို ကောင်းကောင်းမကောင်းကောင်း “မိန်းမချက်တာမို့ အရမ်းစားကောင်းတာပဲ” ဆိုပြီး အားပေးတယ် (သူမကြိုက်တဲ့ဟင်းတောင် ကုန်အောင်စားပေးတာ).. သူဆီက ကျွန်မမမျှော်လင့်ထားခဲ့ဖူးတဲ့ အလျှော့ပေးဂရုစိုက်မှုလေးတွေကြောင့်သာ ကျွန်မရဲ့စိတ်ဖိစီးမှုတွေ သက်သာရာရခဲ့တာပါ.. ဆိုတော့ကာ ကျေးဇူးစကြာဝဠာပါ ကျားကျားရေ..

လာမယ့်တနှစ်တာအတွင်း ဘာတွေလုပ်မလဲလို့ စဉ်းစားမိတော့ လုပ်ချင်တာတွေကအများသား.. လက်ရှိလုပ်နေရတဲ့လိုင်းကို သိပ်မကြိုက်လို့ လိုင်းပြောင်းဖို့ကြံနေတယ်.. အဲ့အတွက် ပြောင်းချင်တဲ့လိုင်းနဲ့ သက်ဆိုင်တဲ့လက်မှတ်တွေရဖို့ ကျောင်းတက်ချင်နေတယ်.. လာမယ့်ဒီဇင်ဘာလထဲ အိမ်ပြန်ချင်တယ်.. ယောက်ျားနဲ့နှစ်ယောက်တည်း နီးနီးနားနား အပန်းဖြေခရီးလေးတခု သွားချင်တယ်.. သီချင်းတွေဆက်ဆိုချင်တယ်.. ၃ကီလိုလောက် ၀ိတ်ချချင်တယ်.. အရင်ကလို ဟန်းမိတ်အသုံးအဆောင်လေးတွေ ကိုယ်တိုင်ဖန်တီးပြီး သုံးချင်တယ်.. တရုတ်စကားပြောသင်ချင်တယ်.. ပန်းချီဆွဲချင်တယ်.. အများကြီး အများကြီးကျန်သေးတယ်..

ခုလောလောဆယ်တော့ ပါဆာရစ်ပါ့ခ်မှာလုပ်မယ့် မှော်ဘီကျောင်း ဂဲသရင်းအတွက်ရယ်.. ကျွန်မမွေးနေ့နဲ့ လေးရက်ပဲကွာတဲ့ စင်္ကာပူရဲ့မွေးနေ့မှာ ပါဝင်ချီတက်ဆင်နွှဲဖို့ရယ်.. အလုပ်တွေရှုပ်လို့ အရှုပ်တွေလုပ်နေပါကြောင်း..း)

Wednesday, July 20, 2011

မိုးသံစဉ်နှင့်စကားစမြည်

စလုံးကနေ ရန်ကုန်ရောက်စတုန်းက
“မေမေ ဂျူရောင်းပွိုင့်သွားမယ်..” “အိုင်အမ်အမ်သွားမယ်..”
ခုကျတော့
“ကပ်ပီတယ်သွားမယ်..” “တော်ဝင်စင်တာသွားမယ်..”

မေမေ။ ။ သားသားရေ ဘာတွေတတ်နေပြီလဲ ပြောပါဦး..
သားသား။ ။ နိုင်ငံရေးဦးတည်ချက်၎ရပ် စီးပွားရေးဦးတည်ချက်၎ရပ် လူမှုရေးဦးတည်ချက်၎ရပ်
မေမေ။ ။ ဘာတွေတုန်းသားသားရဲ့..
သားသား။ ။ တီဗီမှာလာတာတွေလေ.. မေမေသိဘူးလား..

မေမေ။ ။ သားသားရေ.. မေမေကိုစကားပြောပါဦး.. သားသားအသံလေးကြားချင်လို့..
သားသား။ ။ ပြောဘူး.. သားသားအားဘူး.. အလုပ်ရှုပ်နေတယ်.. မားမားနဲ့ပဲပြော..

မေမေ။ ။ သားသား နေမကောင်းဘူးဆို.. နှာစေးနေတယ်ဆို..
သားသား။ ။ အင်း.. မိုးတွေရွာလို့.. ရာသီဥတုက ကောင်းဘူးမေမေ.. ပြန်လာရင် ထီးလေးဆောင်းပြီးလာနော်..

ဖေဖေ။ ။ သားသား ဘာလုပ်နေလဲ
သားသား။ ။ ဖေဖေ့ကို သတိရနေတာ.. သားသားကို ကားဖြူဖြူလေးဝယ်ပေးနော်.. အရုပ်ကားမဟုတ်ဘူး.. တကယ်မောင်းလို့ရတဲ့ကား..

သားသား။ ။ မားမားရေ.. လေးလေးဖြိုးမောင်းသလို ကားဖြူရောင်လေးက ဘယ်မှာဝယ်ရတာလဲ..
မားမား။ ။ ကားဈေးမှာပေါ့သားသားရဲ့..
သားသား။ ။ သွားဝယ်မယ်လေ..
မားမား။ ။ မားမားခြေထောက်နာနေလို့.. နောက်မှသွားဝယ်ရအောင်နော်..
သားသား။ ။ မားမားကလဲ နေမကောင်းပဲဖြစ်နေတာပဲ.. သားသားကို ပိုက်ပိုက်ပဲပေးလိုက်တော့.. သားသားကိုယ့်ဟာကိုယ်တယောက်တည်းပဲ သွားဝယ်လိုက်တော့မယ်..

(၂နှစ်နဲ့၇လသား မိုးသံစဉ်နဲ့ စကားပြောမိသမျှလေးပေါ့.. လွမ်းလိုက်တာသားလေးရယ်.. )

Saturday, July 9, 2011

ပြန်ဆုံမယ့်ညနေ (GTC Hmawbi Gathering Singapore 2011)

ပြည်လမ်းမကြီးရဲ့ဘေး မှော်ဘီမြို့လေးနဲ့ မဝေးလှတဲ့တနေရာမှာ ကျွန်မတို့ရဲ့ကျောင်းတော်ကြီးရှိတယ်.. ၅နှစ်တိတိ နေ့စဉ်လိုလို ပျော်ခဲ့ဖူးတဲ့ကျောင်းတော်ကြီးနဲ့ ဝေးနေရတာ ခုဆို ၅နှစ်ကျော်လို့ ၆နှစ်နီးနီးတောင်ရှိခဲ့ပေါ့.. သူများတကာတွေရဲ့ အထင်ကရကျောင်းတော်ကြီးတွေလို ခန်းခန်းနားနားမရှိလှပေမယ့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကြားက ရင်းနှီးနွေးထွေးမှုလေးတွေနဲ့တင် လွမ်းတတ်မယ်ဆိုရင် လွမ်းလောက်စရာတွေက အများသားလေ.. ခုတော့ ကျောင်းဆောင်သစ်ကြီးဆောက်ပြီးသွားလို့ ကျောင်းအဟောင်းလေးလဲ အထီးကျန်နေလောက်ရောပေါ့.. ကျွန်မ ကျောင်းကိုတကယ်လွမ်းပါတယ်.. ပြန်မရနိုင်တော့တဲ့ ပြန်ရောက်ဖို့ရာမလွယ်တော့တဲ့ ကျောင်းတော်ကြီးဆီကို virtual tour လေးလုပ်ကြည့်လိုက်မယ်.. လိုက်ခဲ့မယ်မို့လား..

ကျောင်းအ၀င်ဂိတ် ၂ခုရှိတဲ့အထဲက အ၀င်အထွက်အများဆုံးက ရေအိုးစင်ဂိတ်.. မျက်နှာချင်းဆိုင်မှာ ဘော်ဒါဆောင်တွေ စားသောက်ဆိုင်တွေအပြည့်နဲ့ စည်ကားနေတတ်တဲ့နေရာပေါ့.. ရေအိုးစင်ဂိတ်ကနေ ခနော်နီခနော်နဲ့လမ်းလေးအတိုင်း လျှောက်ဝင်လိုက်ရင် လမ်းဘယ်ဘက်မှာ ကတွတ်ပင်ကြီးရှိတယ်.. ကျီးအာသီးနွယ်တွေက ကတွတ်ပင်ကြီးမှာ ယှက်လိမ်နေတာတွေ့ရတတ်တယ်လေ.. သူ့ဘေးမှာကခရေပင်.. မွှေးနေအောင်ပွင့်တဲ့ခရေပန်းတွေကို အကြွေကောက်ရတာအားမရလို့ အပင်ပေါ်ကနေ မမှီတမှီလမ်းဆွတ်တတ်တဲ့ ကောင်မလေးတယောက်ကို ခရေပင်ကြီးကများ မှတ်မိနေဦးမလား.. ညာဘက်မှာတော့ ညောင်ပင်ကြီးပေါ့.. ညောင်ပင်ဘေးနားက ဂ၀ံလမ်းလေးထဲဝင်သွားရင် ကန်တင်းကိုရောက်မယ်.. ဆိုင်တွေကနိမ့်ပြီး ဂ၀ံလမ်းကမြင့်နေတာမို့ ကန်တင်းလာသူတိုင်း မော်ဒယ်လ်ရှိုးလျှောက်ပြီးမှ ဆိုင်တွေကိုရောက်မယ်..

ကန်တင်းကိုမ၀င်ဘဲ ဆက်လျှောက်လာခဲ့ရင်တော့ လမ်းညာဘက်မှာ ရေစင်ကြီးတွေ့လိမ့်မယ်.. ရင်ဘတ်နဲ့ကြည့်ရင်တော့ တချိန်က ရေစင်ပေါ်တက်ဆော့ခဲ့ဖူးတဲ့ ကျွန်မတို့ခြေရာတွေပါတွေ့ရမယ်.. လွတ်လပ်ပေါ့ပါးစွာ ရယ်မောခဲ့ဖူးတဲ့ ရယ်သံလွင်လွင်လေးတွေပါ ကြားချင်ကြားရနိုင်မယ်လေ.. ရေစင်ကြီးဘေးက မြေနီလမ်းလေးထဲဝင်လိုက်ရင်တော့ ဘယ်ဘက်မှာက ခန်းမကျယ်ကြီးနဲ့ ညာဘက်မှာ ဇင်းကျိုက် မင်းဝံ ဇွဲကပင်စတဲ့ စာသင်ဆောင်တွေရှိတယ်.. လမ်းလေးဆုံးရင်တော့ သီဟိုတောထဲရောက်မှာပေါ့.. ဇင်းကျိုက်ဆောင်ဘေးနားက သရက်ပင်ကြီးတွေကရော ခူးမယ့်သူမရှိလို့ ပျင်းနေလေရော့သလား.. မင်းဝံဆောင်နဲ့ ဇွဲကပင်ဆောင်ကြားမှာ ခုလိုချိန်ဆို ဖလံတောင်ဝှေးပင်းတွေ ပေါက်နေလောက်ရောပေါ့.. မြေနီလမ်းလေးထဲမ၀င်ပဲ ဆက်လျှောက်မယ်ဆိုရင် ညာဘက်မှာ ကျောင်းသားရေးရာဌာနနဲ့ ရုံးခန်းတွေရှိတယ်.. ဆက်သွားလိုက်ရင် ဘယ်ဘက်မှာ အဆောင် ၁ ၂ ၃ ၄ တို့ တန်းစီနေတာ တွေ့ရမှာပေါ့.. ညာဘက်မှာကတော့ Workshop တွေလေ.. ကျွန်မတို့ အီးစီဌာနက လမ်းအဆုံးမှာ.. သူများဌာနတွေထက်ထူးခြားတာက ကျွန်မတို့မှာ ကိုယ်ပိုင်စာကြည့်တိုက်လေးရှိတယ်..

ဒီလောက်ပါပဲ.. သူများတွေကတော့ထင်ချင်ထင်မယ်.. ဘာလွမ်းလောက်စရာရှိလဲပေါ့.. ဟုတ်ပါတယ်.. ရုပ်ပိုင်းဆိုင်ရာအနေနဲ့တော့ လွမ်းလောက်စရာမရှိဘူးပေါ့လေ.. ဒါပေမယ့် ပကာသနတွေကင်းတဲ့ ရိုးရှင်းတဲ့ အရိုင်းဆန်တဲ့ အမှတ်ရစရာတမျိုးက ရင်ဘတ်ထဲအထိတိုးဝှေ့နေဆဲဆိုတာ ကျောင်းသားဟောင်းတိုင်းသိပါတယ်.. ခုဆိုရင် မိခင်ကျောင်းတော်ကြီးကထွက်လို့ ဘ၀ဆိုတဲ့လမ်းပေါ်မှာ လျှောက်နေရပြီဖြစ်တဲ့ သားတွေသမီးတွေ ကမ္ဘာမြေအနှံ့ပေါ့.. အနေနီးသူတွေက အချင်းချင်းဆုံဖြစ်နေကြပေမယ့် အဆက်အသွယ်ပြတ်နေသူတွေကလဲ မနည်းမနော.. လူတိုင်းရဲ့ရင်ထဲမှာတော့ ကျောင်းတော်ကြီးကိုလွမ်းနေမယ် သူငယ်ချင်းတွေကို သတိရနေမယ်လို့ မျှော်လင့်မိပါရဲ့..

သူများကျောင်းတွေက Gathering တွေလုပ်ကြတာမြင်တော့ တို့အလှည့်ဘယ်တော့ဖြစ်နိုင်မလဲလို့ တွေးမိတယ်.. တလောက မျက်နှာစာအုပ်မှာ ကျောင်းနာမည်နဲ့ Page လေးလုပ်ထားတာတွေ့ရပြီး စလုံးမှာတွေ့ဆုံပွဲလုပ်ဖို့ တိုင်ပင်နေကြတာတွေ့တော့ စိတ်ဝင်စားမိပေမယ့် ရက်ကိုကြည့်လိုက်တော့ ကျွန်မရန်ကုန်ပြန်မယ့်ရက်ဖြစ်နေတာမို့ တိတ်တိတ်လေးပဲ ကြေကွဲရတာပေါ့.. ရန်ကုန်ကပြန်လာတော့ ရက်ရွှေ့လိုက်ပြီဆိုတာသိလိုက်ရတယ်.. စနေနေ့တိုင်း အစည်းအဝေးရှိတယ်ဆိုတော့ သွားချင်ပေမယ့်လဲ မအားတာမို့ မသွားဖြစ်ခဲ့ဘူး.. ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ သူငယ်ချင်းကလဲခေါ်တာနဲ့ အစည်းအဝေးသွားတက်ဖြစ်တယ်.. တွေ့ဆုံပွဲအစီအစဉ် အသေးစိတ်လေးတွေကိုလဲ သိခဲ့ရတယ်ပေါ့လေ..

စလုံးမှာရောက်နေတဲ့ မှော်ဘီဂျီတီစီကျောင်းသားဟောင်းတွေအားလုံး ဘယ်နှစ်ကမဆို လာခဲ့ကြဖို့ ဖိတ်ချင်ပါတယ်.. လာမယ့် သြဂုတ်လ၆ရက် (စနေနေ့) ညနေ ၅ နာရီကနေ ည ၁၀ နာရီအထိ.. Pasir Ris Beach မှာပေါ့.. အစိုးမရတဲ့မိုးက နှောက်ယှက်ခဲ့မယ်ဆိုရင်တောင် အားလုံးအဆင်ပြေစေဖို့ Multi-Purpose Hall ကို ငှားထားပါတယ်.. Pasir Ris MRT Station ကနေလဲ လမ်းလျှောက်သွားလို့ရတယ်ဆိုတော့ အဆင်အပြေဆုံးပေါ့.. လက်မှတ်တစောင်ကို $၂၀ပါ.. ဘူဖေးလဲစားလို့ရမယ်.. တီရှပ်လက်ဆောင်လဲ ပေးဦးမှာနော်.. ကျောင်းသားဟောင်း မောင်နှမတွေအားလုံးပဲ ပြန်ဆုံမယ့်ညနေလေးမှာ အတူတူရင်ခုန်လိုက်ကြရအောင်လား.. နော်..

(လက်မှတ်ဝယ်ချင်သူများ.. myuemyue@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. ;) )

Wednesday, June 22, 2011

မိုးသံစဉ်ရဲ့အဝေးမှာ


အကြောင်းကြောင်းကြောင့် သားသားကို ရန်ကုန်ပြန်ပို့လိုက်တယ်.. အရင်က ကလေးထိန်းနဲ့ပဲ တနေကုန်နေရတဲ့သားသားက ခုတော့ ဆွေမျိုးတွေကြားမှာ ပျော်နေပြီပေါ့.. ဒီမှာတုန်းက အစားကောင်းကောင်းမစားလို့ ကျွန်မမှာစိတ်ညစ်လိုက်ရတာ.. ခုတော့ စားချိန်အိပ်ချိန်ကိုမှန်လို့ဆိုပဲ.. ကလေးတွေဟာ မိဘနဲ့ဝေးနေရင် ပိုပြီးလိမ္မာတတ်ကြသလားပဲ.. စလုံးကိုပြန်လာတဲ့နေ့က သားသားကိုမမြင်စေချင်လို့ ကျွန်မမေမေက အပြင်ခေါ်သွားတုန်း ကျွန်မတို့ပြန်လာခဲ့ကြတာလေ.. အိမ်ပြန်ရောက်တော့ သားသားကပြောတယ်တဲ့.. မေမေနဲ့ဖေဖေက ဘွန်လေးပလေ့စ်အိမ်ကိုပြန်သွားပြီ.. သားသားက ရန်ကုန်အိမ်မှာ ကျန်ခဲ့တာတဲ့လေ..

အရင်က သားသားအတွက်နဲ့ ကုန်မှန်းမသိကုန်ခဲ့ရတဲ့ ကျွန်မအချိန်တွေက ခုကျတော့လဲ ဘာလုပ်ရမှန်းမသိကိုဖြစ်လို့.. အလုပ်ဆင်းနေရလို့သာ တော်တော့တယ်.. ရုံးပိတ်ရက်ဆို ဘယ်လိုများနေရမယ်မသိဘူး.. ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းကတော့ ပြန်ရောက်ခါစဆိုတော့ အိမ်ရှင်း ကြမ်းတိုက် အိပ်ယာခင်းတွေလျှော်နဲ့ နေ့တ၀က်ကျိုးသွားတယ်.. နေ့လည်ဘက်ကျတော့ ရန်ကုန်ကပေးလိုက်တဲ့ လူကြုံတွေကို စီးတီးဟောမှာ သွားပေးလိုက်တယ်လေ.. အားနေတဲ့အချိန်မရှိချင်ဘူး.. သားသားကိုလွမ်းရတာ ရင်ဘတ်ထဲကနာလို့.. တခုခုလုပ်နေရင် မေ့မေ့ပျောက်ပျောက်နဲ့မို့ လွမ်းရသက်သာတာပေါ့လေ.. ရုံးမှာက အလုပ်တော်တော်များနေတာမို့ သိပ်မသိသာပေမယ့် အိမ်ပြန်ရောက်ရင် မနေတတ်မထိုင်တတ်ကိုဖြစ်လို့.. ကြာတော့လဲ နေသားကျသွားမယ် ထင်ရတာပဲလေ..

အရင်တုန်းက သားသားနဲ့လုနေရတဲ့ ကျွန်မလပ်တော့ပ်ကို ခုတော့ ယောက်ျားနဲ့လုနေရတယ်.. အိမ်ပြောင်းထားတာမကြာသေးတော့ သူ့ကွန်ပျူတာကို ပြန်မဆင်ရသေးဘူးလေ.. ခုအိမ်လေးကကျဉ်းတော့ သူ့ကွန်ပျူတာကြီးကိုဆင်ဖို့ စားပွဲကလဲမရှိသေး နေရာကလဲမစဉ်းစားရသေးတာနဲ့ ညညဆို လပ်တော့ပ်လုပွဲဆင်နွှဲနေရတယ်.. ရုံးမှာသုံးမရတဲ့ ဂျီမေးလ်တို့ ဖဘတို့က အိမ်ရောက်မှကြည့်ရတာမို့ ဆက်လုနေရဦးမှာပဲ..

သားသားဆီကို တနေ့အနည်းဆုံး၂ခါလောက် ဖုန်းဆက်ဖြစ်နေလို့ စတားဟဘ်ကို လုပ်ကျွေးနေရသလိုပဲ.. ဟိုင်းမိနစ်ကလဲ လိုရင်တမျိုးမလိုရင်တမျိုးမို့လား.. စိတ်မရှည်တာနဲ့ ၀၁၈ကိုနှိပ်နေမိတတ်လို့ ဖုန်းဘီလ်လာမှာကိုတောင် ကြောက်နေရပြီ..

လေယာဉ်လက်မှတ်တွေကလဲ ဈေးချပြန်ပြီ.. လူကို ပြန်ချင်အောင်စွဲဆောင်နေသလိုပဲ.. ၃၁၇ တဲ့.. ၂ပါတ်လက်မှတ်ပေါ့.. သားသားဆီပြန်ချင်လိုက်တာ.. ခွင့်က မိုင်းနပ်စ်ပြနေလို့သာ ငြိမ်နေရတာလေ.. နောက်ဆိုရင်လဲ အမြဲတမ်း ဈေးချနိုင်ကြပါစေလို့ပဲ ဆုတောင်းရတော့မယ်..

အင်း.. ဘာလိုလိုနဲ့ မိုးသံစဉ်ရဲ့အဝေးမှာနေရတာ.. ခုဆို.. ၅ရက်တောင်ရှိပါပေါ့လား.. စိတ်ထဲမှာတော့ ၅နှစ်လို့တောင်ထင်မိရဲ့.. ပိုတယ်လို့မပြောကြပါနဲ့..

Friday, May 20, 2011

သားသားရဲ့အချစ်တော်လေးများ

ကလေးတွေမှာ သူတို့အရမ်းကြိုက်တဲ့ ပစည်းလေးတွေ ကိုယ်စီရှိတတ်ကြတာ သတိထားမိပါတယ်.. လမ်းမှာကလေးလေးတွေတွေ့လို့ သတိထားကြည့်မိရင် သူတို့ငယ်ငယ်ကတည်းက သုံးလာကြတဲ့ စောင်လေးတွေ ခေါင်းအုံးလေးတွေ အရုပ်လေးတွေ တကိုင်ကိုင်နဲ့ ဖြစ်နေတတ်ကြတာကို သတိထားမိတယ်.. ညစ်ပတ်ပြီး အရောင်မထွက်တော့တဲ့ အဲသဟာလေးတွေတွေ့မိတိုင်း ငါ့သားလေးအဲလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းရတာအမော.. ကျွန်မဆုတောင်း မပြည့်ပါဘူး.. သားသားမှာ သူ့အချစ်တော်လေး ရှိလာပါတော့တယ်.. တခုတည်းတောင်မကပါဘူး..

သားသားရဲ့အချစ်တော်လေးတွေထဲက တစ်ခုကတော့ စောင်လေးတထည်ပါ.. အစိမ်းနုရောင်စောင်ပါးလေးပေါ့.. ကျွန်မက ဘလန်ကီလို့ခေါ်တာကို သူကမပီကလာနဲ့ ဘန်ပီလို့လိုက်ခေါ်ရင်း အဲ့စောင်လေးရဲ့နာမည်က ဘန်ပီဖြစ်သွားပါတော့တယ်.. သူက စောင်လေးကိုလုံးကိုင်ပြီး လက်ဝါးလေးနဲ့ပွတ်နေရတာကို ဇိမ်ကျနေတယ်ထင်ပါရဲ့.. ဘယ်ကိုသွားသွား သူ့ဘန်ပီလေးကို ယူသွားပါတယ်.. တနေကုန်ကိုင်ထားတဲ့စောင်လေးဆိုတော့ ခဏလေးနဲ့ ညစ်ပတ်သွားတာပေါ့.. သူ့ဘန်ပီလေးကိုလျှော်တဲ့နေ့ဆို သားသားနဲ့ကျွန်မ ရန်ဖြစ်ရပါတယ်.. လျှော်ပြီးလို့လှန်းထားရင် ခြောက်တဲ့အထိစောင့်ဖို့ သူစိတ်မရှည်ပါဘူး.. ကျွန်မက မီးပူတိုက်ပြီး မြန်မြန်ခြောက်အောင်လုပ်ပေးရပါတယ်.. နောက်ပိုင်းတော့ ဆင်တူလေးတထည်ထပ်ဝယ်လိုက်ရပြီး သူအိပ်တဲ့အချိန်ဆို အသစ်လေးပေးကိုင်ထားပြီး အဟောင်းလေးကိုလျှော်ရပါတယ်.. ဒါတောင် တရေးနိုးရင်ပြသနာရှာတတ်လို့ အဟောင်းလေးကို အဆင်သင့်ပြင်ထားရတာလေ.. အပြင်သွားမယ်ဆိုရင်တော့ ချော့မော့ပြီး အသစ်လေးကိုပဲ ယူခိုင်းရတယ်.. သူက သိပ်ကြည်ပုံမရဘူး.. အိမ်ပြန်ရောက်တာနဲ့ သူ့ဘန်ပီအဟောင်းလေးကို ပြေးယူတော့တာပဲ..

ဘန်ပီလေးနဲ့တွဲရက် သားသားအချစ်တော်လေးနောက်တခုက ချိုလိမ်လေးတွေပါ.. သူက မန်မန်းလို့ခေါ်ပါတယ်.. အေဗီယန်တံဆိပ်တမျိုးပဲ သူကြိုက်ပါတယ်.. အနည်းဆုံး ၄ခု၅ခုလောက် အဆင်သင့်ဝယ်ထားရတာပေါ့.. ထမင်းစားတဲ့အချိန် ဘူးသောက်တဲ့အချိန်နဲ့ ကုတ်သောက်တဲ့အချိန်ပဲ ပါးစပ်ကနေချွတ်ပါတယ်.. ကျန်တဲ့အချိန်ဆို ဘန်ပီမန်းရောဆိုပြီးတော့ သူ့အချစ်တော်လေး၂ခုတွဲကို လိုက်ရှာနေတတ်တာလေ.. ညဆိုလဲ မအိပ်ခင်တော့ ချိုလိမ်လေးကိုရှာပါတယ်.. အိပ်ပျော်သွားလို့ ကျွတ်ကျသွားမှပဲ ကျွန်မကကောက်သိမ်းရတာလေ..

သားသားမှာ နောက်ထပ်အချစ်တော်လေးတယောက်ရှိသေးတယ်.. ပင်ကီဆိုတဲ့ ပန်းရောင်ဝက်ဝံရုပ်လေးပါ.. ညအိပ်ရင်ဘေးနားမှာသိပ်ပြီး နေ့လည်ဘက်ဆို သူသွားလေရာယူသွားပါတယ်.. တနေကုန် သူ့ပင်ကီလေးကို စကားတပြောပြောနဲ့ပေါ့.. အပြင်ထွက်ရင်တော့ မခေါ်ပါဘူး.. ပင်ကီ.. ကိုကိုကြီးမိုးအပြင်သွားလိုက်ဦးမယ်.. ပြန်လာရင်မုန့်ဝယ်လာမယ် ဆိုပြီး ထားခဲ့ပါတယ်.. သူ့ကိုယ်သူများ ကိုကိုကြီးမိုးတဲ့လေ.. သူထမင်းစားရင်လဲ ပင်ကီကိုပါကျွေးရပါတယ်.. ဘူးသောက်ရင်လဲ ပင်ကီကိုပါတိုက်ပါတယ်.. သူ့ပင်ကီလေးကို သက်ရှိလေးလို သဘောထားတာပေါ့လေ.. တနေ့ ကျွန်မတို့အပြင်ကပြန်လာတော့ သူ့ပင်ကီလေးက ကြမ်းပေါ်မှာ မှောက်ရက်လေးကျနေပါတယ်.. အဲဒါကို သားသားမြင်တော့ အပြေးအလွှားသွားကောက်ပြီး ငိုသံပါလေးနဲ့ မေမေရယ် ပင်ကီသနားပါတယ် ဗိုက်ဆာလို့အောက်ကဟာတွေကောက်စားနေရပြီလို့ ကျွန်မကိုလာပြောပါတယ်.. ကျွန်မလဲ ၀ယ်လာတဲ့မုန့်တွေကို ပင်ကီစားစားလို့ ကျွေးချင်ယောင်ဆောင်လိုက်မှပဲ အေးတော့တယ်လေ..

ကစားစရာတွေထဲမှာတော့ သောမတ်စ်နဲ့သူ့သူငယ်ချင်းများလို့ခေါ်တဲ့ ရထားလေးတွေက သားသားအချစ်တော်လေးတွေပေါ့.. ရထားလမ်းတွေကို ပုံစံမျိုးစုံဆက် ဇာတ်လမ်းတွေမျိုးစုံထွင်ပြီး ကစားတတ်ပါတယ်.. ယူကျုမှာ သောမတ်စ်ဇာတ်လမ်းတွေ ရှာကြည့်ပြီးတော့လဲ အတုခိုးကစားပါသေးတယ်.. သူ့ရထားလေးတွေရဲ့ နာမည်တွေကိုလဲ အကုန်မှတ်မိပါတယ်.. ကျွန်မက တခါတခါမှားခေါ်မိရင် သူက စိတ်ဆိုးတတ်သေးတယ်လေ..

သားသားရဲ့နောက်ထပ်အချစ်တော်လေးကတော့ သူ့ဖေဖေရဲ့အိုင်ဖုန်းပါ.. သူ့ဖေဖေအလုပ်ကပြန်ရောက်တာနဲ့ ဖေဖေ့အိုင်ဖုန်းပေး ဆိုပြီး ဆော့တော့တာပဲ ပါ့စ်ကုတ်လဲမှတ်မိနေပြီး သူ့ဟာသူဖွင့်တတ်ပါတယ်.. တွမ်ဆိုတဲ့ကြောင်လေးက သူပြောတာတွေလိုက်ပြောတာကို သဘောသိပ်ကျပေါ့.. သီချင်းတွေလဲဖွင့်တတ်သေးတယ်.. ယူကျုလဲ ရှာတတ်တယ်.. ဇူးဂိမ်းတွေ ကွိုင်ဂိမ်းတွေလဲ ရှာပြီးဆော့တတ်နေပြီလေ..

ခုခောတ်ကလေးတွေ တော်တော်လည်တာနော်.. နောက်ဆိုရင် အမေကိုတောင်ပြန်ရောင်းစားမလားပဲလို့ သူ့ရှေ့မှာပြောမိတယ်.. မနေ့က ကျွန်မကိုစိတ်ဆိုးဆိုးနဲ့ သားသားကပြောပါတယ်.. မေမေ့ကို ဟော်ကာစင်တာမှာ သွားရောင်းစားပစ်မယ်တဲ့လေ.. ကောင်းရောပဲ..း)

Wednesday, April 27, 2011

ခေါင်းစဉ်မဲ့ဝေဒနာ

တခုခုကို စောင့်မျှော်နေသူအတွက်
တစ်မိနစ်က တစ်ကမ္ဘာမကကြာတယ်..

နေထွက်နေ၀င်ပုံမှန်လည်ပတ်နေရက်နဲ့တောင်
ကိုယ့်အတွက်တနေ့တာက ရှည်လျားလွန်းနေတယ်..

တစုံတယောက်ဆီက တစုံတခုသိရဖို့ရယ်
ပြန်ဆုံကြမယ့် မိုးစက်တွေကြားကနေ့လေးတနေ့ရယ်
အတူတူနေခွင့်ရမယ့် သီတင်း၂ပတ်တာကာလလေးရယ်ဆီ
အားသွန်ခွန်စိုက် ပြေးသွားလိုက်ချင်လဲ
ကာလယန္တရား လှုပ်ရှားမှုကိုက နှေးလွန်းနေတယ်..

နေသားမကျတဲ့ရှင်သန်မှုထဲမှာ
အရာရာက အကျည်းတန်စွာအထီးကျန်ဆန်လွန်းနေလို့
ကမ္ဘာကြီးရယ်..
ခပ်မြန်မြန်လေး လည်ပေးလိုက်စမ်းပါ..

ပွင့်မြူးဇင်
၂၇.၀၄.၂၀၁၁

Thursday, April 21, 2011

ပေးချင်လို့ပါ

သားသားရဲ့ ပုခက်လေးကို လိုချင်တဲ့သူများရှိရင် ပေးချင်လို့ပါ.. သားသားက ခုကြီးလာပြီဆိုတော့ ပုခက်နဲ့မအိပ်တော့ဘူးလေ.. ပုခက်က စပရိန်နဲ့ချိတ်ပြီး အပေါ်အောက်လှုပ်ပေးရတဲ့ပုခက်ပါ.. ချိတ်ဖို့အတွက် စတိန်းလက်စတီး ဘောင်ကြီးလဲပါပြီး လိုချင်တဲ့နေရာကို တွန်းရွှေ့သွားဖို့ ဘီးလဲပါပါတယ်.. စပရိန်က ၁၅ကီလိုအထိ ၀ိတ်ခံနိုင်ပါတယ်.. ကလေးငယ်ရှိပြီး ပုခက်မ၀ယ်ရသေးတဲ့သူများရှိရင် ပေးချင်ပါတယ်.. သားသားပုခက်က အကောင်းအတိုင်းကြီးပါပဲ.. ပုခက်အ၀တ်လေးသာ ကြာလို့နည်းနည်းဟောင်းနေတာပါ.. အ၀တ်အသစ်လေးတပ်လိုက်ရင် အသစ်အတိုင်းဖြစ်သွားမှာလေ.. အ၀တ်အသစ်ကလဲ အလွယ်တကူ ၀ယ်လို့ရပါတယ်.. လိုချင်တဲ့သူများရှိရင် ပြောပါနော်.. အိမ်မှာပိုနေမယ့်အတူတူ လိုအပ်တဲ့သူကို ပေးချင်လို့ပါ..



Monday, April 18, 2011

ကဗျာလေး ၂ပုဒ်

မနှစ်ကတုန်းက ဓါတ်တော်တိုက်ကျောင်းကလုပ်တဲ့ သင်္ကြန်အမှတ်တရ မိဘကျေးဇူးဖော်ကျူးသီရာတေးကဗျာ ဆိုတဲ့ကဗျာပြိုင်ပွဲလေးမှာ ကျွန်မ ပထမဆုရခဲ့ပါတယ်.. ခုနှစ်လဲ ကဗျာ၂ပုဒ်ပို့ဖြစ်တယ်.. သင်္ကြန်ပွဲလုပ်မယ့်ရက်အထိတောင် ဘာမှအကြောင်းမကြားတော့ ဆုမရဘူးပဲထင်နေတာ.. မနေ့က သင်္ကြန်ပွဲမှာ မုန့်ဟင်းခါးလှူဖြစ်တော့ ပွဲတာဝန်ခံ မခင်မြင့်နဲ့တွေ့တယ်.. သူက ညီမလေး ကဗျာလဲဝင်မပြိုင်ပါလားဆိုမှ ပို့ထားတယ်လေဆိုတော့ သူက မရဘူးတဲ့.. အနားမှာရှိတဲ့ ဘုန်းဘုန်းကြီးကလဲ ကြားသွားတော့ မရဘူး.. သူ့ကဗျာတွေမပါဘဲ ဆုပေးလို့ဘယ်ဖြစ်မလဲဆိုပြီး ကျွန်မကို ကဗျာတွေအလွတ်ရရင် ရေးပေးပါဆိုတာနဲ့ ဖုန်းထဲကနေတဆင့် ဖွင့်ပြလိုက်တယ်.. ခဏနေတော့ မခင်မြင့်ကလာပြောပါတယ်.. ကဗျာဆုယူဖို့ စောင့်နေပေးပါတဲ့.. ကဗျာဆုတွေပေးတော့ ကျွန်မပို့ထားတဲ့ကဗျာ၂ပုဒ်အတွက် အကောင်းဆုံးအထူးဆုဆိုပြီး ပေးပါတယ်.. ဆုငွေ ၁၅၀ ရပါတယ်ရှင်.. ပို့ဖြစ်တဲ့ကဗျာလေးတွေ ဖတ်ကြည့်ကြပါဦးနော်..

သားလေးဖတ်ဖို့ (၂)

သားလေးရေ..
ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်အရွယ်ကစလို့..
တိုးတိုးပြီးချစ်လာခဲ့ရတာ..
ခုဆိုရင်.. နှစ်နွေကုန် နှစ်မိုးပြောင်းလို့ နှစ်ဆောင်းသစ်ခဲ့ပေါ့..

ပီယ၀ါစာ တီတီတာချိုစကားတွေနဲ့ ချွဲနွဲ့တတ်လာပြီမို့..
ဒို့ဘာသာ ယဉ်ကျေးမှုနဲ့အညီ..
ဆိုလာစကား ချိုသကာပျားဆိုသလိုပြောတတ်စေဖို့..
မေမေသင်ပေးခဲ့ရတယ်..

ချစ်စဖွယ်ယဉ်ကျေးတဲ့..
ကိုယ်အမူအယာလေးတွေပိုင်ဆိုင်စေဖို့..
ဆိုတန်ဆို ရိုက်တန်ရိုက်လို့ မေမေဆုံးမခဲ့တာကိုများ..
သားလေးနားလည်နိုင်ပါ့မလားလို့လည်း တွေးပူမိသေးရဲ့..

ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား..
ငယ်သူကိုသနားတတ်ဖို့လည်း..
ဥပမာ ဥပမေယျ ပုံပြင်တွေပြောပြလို့..
တတ်သမျှမှတ်သမျှနဲ့..
မေမေလမ်းညွှန်ပြပေးခဲ့တယ်..

ရပ်ဝေးမြေခြားက..
ဘာသာမတူ လူမျိုးကွဲ သူစိမ်းတွေကြားထဲမှာ..
ကြီးပြင်းရှင်သန် ရုန်းကန်ကြိုးစားနေရပေမယ့်..
အရိုးကို အရွက်မဖုံးဆိုသလို ဂုဏ်ယူဖွယ်ဒို့အစဉ်အလာများ..
ပျောက်ပျက်ကာမသွားစေဖို့ဆိုတာက..
မျိုးဆက်သစ်ကလေးငယ်..
သားလေးတို့အရွယ်ကစလို့..
တာဝန်သိကြဖို့ သိပ်အရေးကြီးတယ်မဟုတ်လား..

မြန်မာဆိုတာ အစဉ်အလာကြီးခဲ့တဲ့လူမျိုး..
ယဉ်ကျေးမှုသမ္ဘာမှာ မယှဉ်သာတဲ့လူမျိုး..
ကိုးကွယ်တဲ့ဘာသာ အခိုင်အမာနဲ့လူမျိုး..
ဖြူစင်ရိုးသား စိတ်ထားမြင့်မြတ်တဲ့လူမျိုးဆိုတာ..
ကမ္ဘာ့အလယ် တင့်တယ်စွာသက်သေပြနိုင်ဖို့..
မေမေ့သားလေးအတွက်ဆုံးမစာ..
အုတ်တစ်ချပ် သဲတပွင့်လေးသာ ဖြစ်ပါစေတော့လေ..

ပွင့်မြူးဇင်
(၀၇.၀၃.၂၀၁၁)



သို့.. ဖေဖေ

ဖေဖေ..
တွယ်တာလှပါတယ်ဆိုတဲ့သံယောဇဉ်များကိုဖြတ်တောက်ပြီး..
သမီးကိုဖေဖေထားခဲ့တာ ကြာပဲကြာလှပေါ့..

ဖေဖေပေးတဲ့အားမာန်တွေနဲ့..
လှမ်းလျှောက်ရမယ့်ဘ၀ခရီးအတွက်..
သမီးလေ.. ဘာကိုမှ ကြောက်မနေခဲ့ဘူး..

ဒါပေမယ့် ဖေဖေ..
လောကဓံလှိုင်းကြမ်းတွေထဲ..
လမ်းပျောက်လုဆဲဆဲကာလတွေတုန်းကတော့..
ဖေဖေ့ကိုတမ်းတစိတ်နဲ့..
ပြိုယိုင်လဲကျလုမတတ် သမီးတွေဝေခဲ့ဖူးတယ်..

ဖေဖေ့သမီးပါ ဖေဖေ..
အားမတန်တာတောင် မာန်မလျှော့ခဲ့ပါဘူး..
ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ရယ်လို့..
ဖေဖေပြောနေကျမဟုတ်လား..
ယုံကြည်တဲ့လမ်းကို ခိုင်မာစွာလျှောက်ရဲခဲ့လို့
ခုဆို.. တောင်ကြီး ဖ၀ါးအောက်ပေါ့..

မေတ္တာတရားတွေခေါင်းပါးတဲ့အရပ်မှာ
မလိုသူတွေရဲ့ထိုးနှက်ချက်တွေကြောင့်
တခါတလေများဆို ဘ၀ကိုတောင်အရှုံးပေးလိုက်ချင်မိရဲ့
လဲရင်ပြန်ထ ဒါဘ၀ပဲ.. အသာစံနိုင်ဖို့ အနာခံနိုင်ရမယ်ဆိုတဲ့
ဖေဖေ့ဆုံးမစကားတွေကြောင့်သာ
အမှောင်ကိုခွင်းဖောက်လို့ အလင်းဆီရောက်နိုင်ခဲ့တာ..

ခု.. သမီးလေ..
ဖေဖေနေစေချင်တဲ့ဘ၀မျိုးမှာ
ဖေဖေရစေချင်တဲ့အောင်မြင်မှုမျိုးနဲ့
အခိုင်အမာရပ်တည်နိုင်နေပြီမို့..
အတုအယောင်ပေါတဲ့လောကထဲ
စစ်မှန်ခြင်းသစ္စာတရားကို လမ်းညွှန်ပေးခဲ့တဲ့ဖေဖေ
ကောင်းမွန်ရာဘုံဘ၀ကနေ
သမီးအတွက်.. သာဓုခေါ်ပေးပါတော့နော်..

ပွင့်မြူးဇင်
၀၇.၀၃.၂၀၁၁

Wednesday, April 13, 2011

စိတ်ကူးသင်္ကြန်


သင်္ကြန်အကြိုနေ့



အတာအိုးထိုးဖို့ ပန်းခူးထွက်မယ်.. တနင်္လာနာမ်အတွက် ခရေညွန့်လေးချိုးဦးမှ.. အင်္ဂါအတွက်ကတော့ ဆီးကိုင်းလေးချိုးမယ်.. ဗုဒ္ဓဟူးက ရွက်လှရှိတယ်လေ.. ကြာသပတေးအတွက်တော့ မြေဇာမြက်လေးပဲ နှုတ်လိုက်တော့မယ်.. သောကြာအတွက်ရှာရဦးမယ်.. သြော် သပြေညွန့်လေးတွေရှိသားပဲ.. စနေအတွက်တော့ ဒေါနပန်းစိမ်းဖျော့ဖျော့လေး.. တနင်္ဂနွေအတွက်က အုန်းညွန့်လေးတွေ.. အစုံရပြီ.. မြေအိုးလေးကို အနီနဲ့အဖြူ ရောစပ်ခြယ်ထားတဲ့ အတာအိုးလေးထဲထိုးလို့ သကြားမင်းကြီးကို ကြိုလိုက်ကြဦးစို့.. မောင်ညီမလေးတို့ရေ သကြားမင်းကြီးလာတော့မှာနော်.. ခွေးသားရေပြားမှာ မှတ်ခံမထိအောင်လို့ လိမ်လိမ်မာမာနေကြဦး..

သင်္ကြန်အကျနေ့



လမ်းထိပ်က အုန်းလက်မဏ္ဍပ်လေးမှာ ကလေးတွေရေကစားနေကြပြီ.. ညကတည်းက ကျိုထားတဲ့ အုန်းနို့ကျောက်ကျော်ကို စတုဒီသာကျွေးဖို့ သွားပို့ရဦးမယ်.. သကြားရည်ချိုချိုလေးကြောင့်ရယ်.. အုန်းနို့သားထူထူစိမ့်စိမ့်ကြီးတွေကြောင့်ရယ်.. ကျောက်ကျောကျိုတဲ့သူရဲ့ စေတနာတွေကြောင့်ရယ်.. စားလို့ကောင်းနေမှာ သေချာပါတယ်လေ..

သင်္ကြန်အကြတ်နေ့



မှန်အလုံပိတ်ထားတဲ့ ကားလေးနဲ့ သူများတွေရေပက်တာ ရေပက်ခံနေကြတာတွေ လျှောက်ကြည့်မယ်.. ကန်တော်ကြီးကိုရောက်မှ အောက်ဆင်းလမ်းလျှောက်ပြီး ရေပက်ခံရင်း မဏ္ဍပ်တွေလျှောက်ငေးမယ်.. ရန်ကုန်သူမမလေးတွေရဲ့ သင်္ကြန်ဖက်ရှင်အလန်းစားတွေက ငေးမ၀ချင်စရာဖြစ်မယ်ထင်ရဲ့.. ညနေကျရင်တော့ အိမ်မှာလုပ်စားတဲ့ ရခိုင်ကြာဇံသုပ်ကို ဘော်ဒါတွေပါခေါ်ကျွေးရမယ်.. ရေကစားပြီးရင် ဗိုက်အရမ်းဆာတတ်တော့ စားကောင်းမှာအမှန်ပဲ..

သင်္ကြန်အတက်နေ့



ဒီနှစ်က စနေတာစားတဲ့နှစ်ဆိုတော့ စနေသမီး မေမေနဲ့ ညီမလေးတို့အတွက် ကောင်းမှုလုပ်ရမယ်.. ရွှေရင်အေးစတုဒီသာလုပ်မယ်ဗျာ.. မုန့်လက်ဆောင်းဖတ်စိမ်းစိမ်းလေးတွေနဲ့ ကောက်ညှင်းချက်ထားတာရယ် ပေါင်မုန့်ရယ် မျှော့ချောင်းရောင်စုံတွေက ကိုယ်သိပ်မကြိုက်လို့ နည်းနည်းပဲထည့်မယ်.. သာကူလေးလဲ ကျိုထည့်တာပေါ့လေ.. အုန်းနို့သကြားရည် ချိုမွှေးလေးဆမ်းလို့.. မေမေရေ ဆွမ်းတော်အရင်ကပ်ပါ.. ပြီးရင် လမ်းထဲမှာလိုက်ဝေမယ်.. မုန့်ဝေတဲ့လူကို ရေမပက်ရဘူးနော်.. အဖွားအိမ်မှာချက်တဲ့ သင်္ကြန်ထမင်းလဲ သွားစားရဦးမယ်.. ဖယောင်းနဲ့သင်းနေတဲ့ သင်္ကြန်ထမင်းအေးအေးလေးက ငါးခြောက်ထောင်းကြော် သရက်သီးသုတ်တွေနဲ့ လိုက်မှာလိုက်ပဲလေ.. နော်..

နှစ်ဆန်းတရက်နေ့



ဘုရားစင်ကိုရှင်း.. ဘုရားတွေရေသပ္ပါယ်ရမယ်.. မောင်လေးရေ ရေပုံးနဲ့ရေအပြည့်ခပ်လာပါ.. ရေဇလုံအကြီးကြီးလဲ ယူလာနော်.. ညနေဘက် လမ်းထဲမှာ ပရိတ်တရားနာဖို့ ပရိတ်အိုး ပရိတ်ချည် ပရိတ်သဲတွေ ပြင်ရဆင်ရဦးမယ်.. ပရိတ်အိုးအတွက်အညွန့်တွေက အတာအိုးထိုးတုန်းက အညွန့်တွေပဲပေါ့.. အပ်ချည်လုံး အသစ်တလုံးနဲ့ သဲတခွက်လဲပါတယ်.. ပရိတ်ရွတ်မယ့် ဘုန်းဘုန်းတွေကို အအေးကပ်ဖို့ အအေးပုလင်းတွေလဲ ၀ယ်ပြီးပြီ.. တရားနာပရိတ်သတ်ကိုလဲ အအေးတိုက်ဦးမှာ.. ပရိတ်ရွတ်ပြီးလို့ရှိရင် သံပုံးတီးမယ်.. နာနာဘာဝတွေ မကောင်းဆိုးဝါးတွေ ပြေးကြဦးပေရော့..

အိုး.. စိတ်ကူးနဲ့ သင်္ကြန်ကျပစ်လိုက်တာ.. နှစ်သစ်တောင်ရာက်သွားပါရောလား.. အားလုံးပဲ ပျော်စရာနှစ်ကူးမှာ မြူးနိုင်ကြပါစေနော်..

Friday, April 8, 2011

မကြိုက်မကြိုက်

ညညဆို စောစောမအိပ်ချင်ပေမယ့် အစောကြီးအလုပ်ဆင်းရမှာမို့ စောစောဝင်အိပ်ရတာကို မကြိုက်ဘူး..

အိပ်ရေးမ၀သေးခင် နှိုးစက်ကြီးမြည်မြည်လာတာကို မကြိုက်ဘူး..

နှာစီးနေတဲ့နေ့ဆို မနက်စောစောခေါင်းမလျှော်ရတာကို မကြိုက်ဘူး..

ရုံးခန်းထဲကိုယ်အရင်ဆုံးရောက်လို့ အဲကွန်းမဖွင့်ရသေးဘဲ ပူအိုက်နေတတ်တဲ့ရုံးခန်းကို အကြိုက်ဘူး..

ကိုယ့်ဂျာကြီးကို မဆိုင်တာတွေခိုင်းပြီး မလုပ်နိုင်ရင် အသလွတ်ဆူတတ်တဲ့ သဌေးကိုလဲ မကြိုက်ဘူး..

ရုံးမှာ ဂျီမေးဖွင့်မရတာ ဖဘ၀င်မရတာတွေကို လုံးဝလုံးဝမကြိုက်ဘူး..

ထမင်းစားချိန်ဆို ကန်တင်းအထိ နေပူကြီးထဲလမ်းလျှောက်ရတာမကြိုက်ဘူး..

ရုံးကန်တင်းမှာ CHICKEN RICE ရောင်းတဲ့အင်္ဂါနေ့ဆို ထမင်းစားရတာမကောင်းလို့ မကြိုက်ဘူး..

ရုံးမှာ ကော်ဖီကုန်နေတာကို ၀ယ်ဖို့မေ့တတ်တဲ့ ကိုယ့်အကျင့်ကို မကြိုက်ဘူး..

စကားတွေဟိုပြောဒီပြောနဲ့ ကလေးစိတ်မကုန်သေးတဲ့ အတ္တကြီးလွန်းကြတဲ့ ရုံးကမိန်းမကြီးတွေကိုမကြိုက်ဘူး..

တနေကုန်ရုံးမှာထိုင်နေရလို့ ပိုပိုထူလာနေတဲ့ ဗိုက်ခေါက်ကိုလဲ လုံးဝလုံးဝမကြိုက်ဘူး..

ညနေညနေဆို လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေတတ်တဲ့ ကိုယ့်ကိုကိုယ်လဲ မကြိုက်ဘူး..

တယောက်ယောက်နဲ့ စကားပြောချင်နေတဲ့အချိန်မှာ အထူအပါးနားမလည် ကွန်ပျူတာထဲခေါင်းစိုက်နေတတ်တဲ့ သားသားဖေဖေကိုလဲမကြိုက်ဘူး.. (ဟိ.. ကိုယ်လုပ်ရရင်ကောင်းတယ်)

ဆေးခွင့်ယူချင်တိုင်း private clinic သွားယုံနဲ့မရပဲ polyclinic သွားပြီး အကြာကြီးတန်းစီရတာကိုလဲ မကြိုက်ဘူး..

တနင်္ဂနွေနေ့ဆို သားသားဖေဖေ အချိန်ပိုဆင်းရတတ်တာကို မကြိုက်ဘူး..

ရေသွားကူတိုင်း မျက်မှန်ချွတ်ကူရလို့ ကောင်းကောင်းမမြင်ရတဲ့ မျက်စိကိုလဲမကြိုက်ဘူး..

နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ ချွေးတွေမတရားထွက်လာတတ်တာကို လုံးဝမကြိုက်ဘူး..

ခဏခဏကျိုးတတ်တဲ့ လက်သည်းပါးပါးလေးတွေကိုလဲ မကြိုက်ဘူး..

ခေါင်းခဏခဏကိုက်တတ်တာလဲ မကြိုက်ဘူး..

ကီးသိပ်မြင့်မြင့် ဆိုလို့မရတဲ့ ကိုယ့်အသံကိုလဲ မကြိုက်ဘူး..

စိတ်ရူးပေါက်တိုင်း ယောက်ျားကိုအသလွတ်ရန်လုပ်တတ်တဲ့ ကိုယ့်အကျင့်ကို မကြိုက်ဘူး..

Thursday, April 7, 2011

အစားအစာနဲ့ ကိုယ်ခန္ဓာ

ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ လူ့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ဆင်တူတဲ့အစားအစာလေးတွေ ပါရှိတတ်ပါတယ်.. အဲဒီအစားအစာတွေက သူတို့နဲ့ဆင်တူတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဘယ်လိုအကျိုးဖြစ်စေတယ်ဆိုတာလေး ဖတ်မိလို့ ဘာသာပြန်ပြီး မျှဝေလိုက်ချင်ပါတယ်..


မုန်လာဥနီကို ထက်ပိုင်းလှီးထားတာလေးက သေသေချာချာကြည့်ရင် မျက်လုံးထဲက မျက်ဆံလေးနဲ့ဆင်တူပါတယ်.. ထူးဆန်းစွာပါပဲ မုန်လာဥနီကိုစားပေးခြင်းအားဖြင့် မျက်စိအမြင်အာရုံကို ပိုကောင်းလာစေတဲ့ အစွမ်းမျိုးရှိပါတယ်တဲ့.. မုန်လာဥနီမှာပါတဲ့ ဘီတာကယ်ရိုတင်းက အသက်ကြီးလို့ မျက်စိမှုန်တာမျိုးကို လျော့ပါးစေပါတယ်..

သစ်ကြားသီးကို အခွံခွာပြီးကြည့်ရင် လူ့ဦးနှောက်နဲ့ တော်တော်လေးတူတာတွေ့ရပါမယ်.. သစ်ကြားသီးကိုစားပေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားခြင်းကို လျော့ပါးစေပါတယ်.. သစ်ကြားသီးမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေပါပြီး ဦးနှောက်အတွင်းက အချက်ပေးစနစ်တွေကို ပိုမိုကောင်းမွန်စေပါတယ်..


အနီရောင်ဝိုင်အရက်ကတော့ သွေးနဲ့ဆင်တူတယ်ပေါ့.. တနေ့ကို ၀ိုင်တခွက်စီသောက်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကို ပိုကောင်းစေပြီး နှလုံးအတွက်လဲ ကောင်းပါတယ်တဲ့..


နီရဲနေတဲ့ခရမ်းချဉ်သီးတလုံးမှာ အခန်းအကန့်လေးခုတိတိပါတတ်တဲ့ အသွင်အပြင်က လူ့နှလုံးသားနဲ့ဆင်တူပါတယ်.. ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပိန်းက နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်.. အထူးသဖြင့် အမျိုးသမီးတွေအတွက် ပိုကောင်းပါတယ်တဲ့..


ကျွန်မတို့ရဲ့ အဆုတ်မှာဖွဲ့စည်းပါဝင်တဲ့ လေအိတ်လေးတွေ လေပြွန်လေးတွေက စပျစ်သီးခိုင်လေးနဲ့ ဆင်တူပါတယ်.. စပျစ်သီးကို စားပေးခြင်းမားဖြင့် အဆုတ်ကင်ဆာကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေပါတယ်..


အပေါ်ကပုံမှာ မြင်ရတဲ့အတိုင်းပါပဲ.. ဒိန်ခဲတစ်တုံးကို လှီးဖြတ်ထားတဲ့ပုံက အရိုးကိုအနီးကပ်ရိုက်ထားတဲ့ပုံနဲ့ ဆင်တူပါတယ်.. ဒိန်ခဲမှာပါဝင်တဲ့ ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး အမျိုးသမီးတွေမှာအဖြစ်များတဲ့ အရိုးပွရောဂါကို ကာကွယ်ပေးပါလိမ့်မယ်..


ဂျင်းတက်လေးတွေကတော့ လူ့ရဲ့အစာအိမ်နဲ့ဆင်တူတာမို့ အစာအိမ်ကို အကျိုးပြူပါတယ်.. လွန်ခဲ့တဲ့ နှစ်၂၀၀၀ကျော်ကတည်းက တရုတ်လူမျိုးတွေဟာ အစာအိမ်လေနာရောဂါတွေအတွက် ဂျင်းကိုတိုင်းရင်းဆေးအဖြစ်သုံးခဲ့ကြတာပါ.. ကိုယ်ဝန်ဆောင်တွေမှာဖြစ်တတ်တဲ့ မူးဝေအော့အန်ခြင်းတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ်..


မှိုပွင့်လေးကို ထက်ဝက်ဖြတ်ကြည့်ရင် နားရွက်လေးနဲ့တူပါတယ်.. မှိုဟင်းစားပေးခြင်းဖြင့် အကြားအာရုံကို တိုးတက်လာစေတယ်လေ.. မှိုထဲမှာပါတဲ့ ဗိုက်တာမင်ဒီကြောင့်ပေါ့..

အားလုံးပဲ ကျန်းမာခြင်းဆိုတဲ့လာဘ်တပါးကို ပိုင်ဆိုင်ထားနိုင်ကြပါစေ..

Wednesday, April 6, 2011

သုံးနှစ်တာအတူတကွစီးဆင်းခြင်း




လက်ထပ်ခြင်းဆိုတာ တမိသားနဲ့တမိသား တမိုးအောက်မှာ အတူတကွပေါင်းသင်းနေထိုင်ခြင်းပေါ့.. ရှင်သန်ကြီးပြင်းခဲ့တဲ့ မိသားစုအသိုက်အ၀န်းတွေဆီကနေ အသီးသီးခွဲထွက်ကြပြီး ကိုယ်ပိုင်ဘ၀လေးကို တည်ဆောက်ကြရတယ်ဆိုတာ လွယ်လှတယ်တော့ မဟုတ်ပါဘူး.. အဲသလိုမလွယ်တာကိုကပဲ အိမ်ထောင်ရေးရဲ့အရသာလို့ ကျွန်မတော့ထင်မိတယ်.. အနာဂါတ်မိသားစုအရေးကို အစီအစဉ်တွေဆွဲရတာ ပြသနာတခုခုရှိပြီဆို တိုင်တိုင်ပင်ပင်နဲ့ဖြေရှင်းရတာတွေက အိမ်ထောင်ရေးရဲ့ အနှစ်သာရတွေပေါ့.. ဘာလိုလိုနဲ့ သုံးနှစ်တောင်ရှိခဲ့ပြီလေ..

ချစ်သူသက်တမ်း ၆နှစ်အကြာ လွန်ခဲ့တဲ့ ၃နှစ်တုန်းက ခုလိုဧပြီလ၆ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးပွဲနဲ့ ဧည့်ခံပွဲကျင်းပပြီး နှစ်ယောက်တစ်ဘ၀ကို စတင်ခဲ့ကြတယ်.. ချစ်သူတွေဘ၀ကတည်းက တယောက်အကြောင်းတယောက် နောကျေအောင်သိခဲ့ပြီးသားဆိုတာတောင် အတူတူနေကြတော့မှ ထပ်ပြီးသိလာရတာတွေက အများကြီးပေါ့.. ကိုယ်ချစ်တဲ့သူအကြောင်း အသစ်အသစ်တွေသိလာရတာ စိတ်ဝင်စားစရာတော့ကောင်းသား.. သူကြိုက်တတ်တဲ့အစားအစာ အ၀တ်အစား စတာတွေကို အပေါ်ယံလေးလောက်ပဲ သိခဲ့ရာက သေသေချာချာသိလာရတယ်..

သူက ဘ၀ကိုပုံသေနည်းတွေနဲ့ ဖြတ်သန်းနေတဲ့သူဆိုတာ လက်ထပ်ပြီးနောက်မှသတိထားမိလာရတော့ ကျွန်မမှာအံ့တွေသြလို့.. သူ့ရဲ့နေ့တွေက ပုံသေနည်းအတိုင်း လှုပ်ရှားနေတာချည်းပဲ.. ဥပမာ ရေချိုးပြီးမှ ထမင်းစားတယ်ဆိုရင် ဘယ်လောက်ပဲဆာနေပါစေ ထမင်းကိုအရင်ဘယ်တော့မှမစားတတ်ဘူး ဆိုတာမျိုး.. ဒီအသားဟင်းဆို ဟိုအရွက်ဟင်းနဲ့မှ စားကောင်းတယ်ဆိုတာမျိုး.. လုပ်နေကျလေးကိုမှ မလုပ်လိုက်ရရင် နေမထိထိုင်မသာဖြစ်နေတတ်တယ် ဆိုတာမျိုးတွေကို သိလာရတော့ ကျွန်မမှာရယ်ချင်ပက်ကျိဖြစ်မိသေးတယ်.. ကျွန်မကတော့ ခံစားမှုဝါဒီ.. ကိုယ်လုပ်ချင်ရင်လုပ်ပစ်လိုက်တာပဲ.. ထုံးစံတွေ အစဉ်အလာတွေ ခေါင်းထဲကိုထည့်မထားတတ်သူပေါ့.. မလုပ်ချင်တာကိုများ လာမလုပ်ခိုင်းနဲ့ လှည့်တောင်မကြည့်ဘူးဆိုတဲ့ လူစားမျိုး.. နှစ်ယောက်တူတာကတော့ သူလဲသူ့အကျင့်နဲ့သူလုပ်ချင်သလိုလုပ် ကိုယ်လဲကြိုက်တာလုပ် အပြစ်မမြင်တတ်ကြတာချင်းပါပဲ.. ကိုယ်လုပ်သလို လိုက်လုပ်ရမယ်ဆိုတာမျိုး မရှိကြတော့ အဆင်ပြေတယ်လေ.. အကျိုးရလာဒ်ကတော့ ထမင်းလက်ဆုံလေးတောင်မှ မစားဖြစ်တာအတော်ကြာပြီ..

သူက သိပ်ရိုးပါတယ်.. မလိမ်တတ် မညာတတ်သူပေါ့.. လင်္ကာချောအောင်တောင် မုသားမပြောတတ်သူပါ.. လူတကာကိုလဲ ယုံလွယ်တတ်ပါတယ်.. သူယုံကြည်တဲ့သူတွေက သစ္စာမဲ့သွားတယ် သူ့ကိုမကောင်းကြံတယ်ဆိုရင်လဲ ဘယ်တော့မှ စိတ်မဆိုးတတ်ဘူး.. ဘေးကမြင်ရတဲ့ကျွန်မကသာ ဒေါသအမျက်တွေ ချောင်းချောင်းထွက်လို့ ဘီလူးဆိုင်းလိုက်တီးရတတ်တယ်.. သူကတော့ အေးအေးဆေးဆေးပဲ.. လိုချင်လောဘဆိုတာလဲ တော်တော်နည်းတဲ့သူ.. အ၀တ်အစားဆို ကျွန်မ၀ယ်မပေးရင် သူ့ဟာသူမ၀ယ်တတ်ပါဘူး.. လူပျိုဘ၀တုန်းက သူ့အမေ၀ယ်ပေးတာတွေကိုပဲ ၀တ်ခဲ့တာတဲ့.. ဒီအင်္ကျီဆို ဒီလုံချည်နဲ့တွဲဆိုပြီး သူ့အမေကတွဲပေးထားရင် အခြားလုံချည်နဲ့တောင် မတွဲဝတ်တတ်ဘူးတဲ့လေ.. အံ့ရောပဲ..

ရယ်စရာကောင်းတဲ့အလွဲတခုရှိသေးတယ်.. သူက ညအိပ်တဲ့အခါ အသားချင်းထိရင် အိပ်မပျော်တတ်တဲ့သူ.. ကျွန်မက တယောက်ယောက်နဲ့ အသားချင်းထိထားမှ ကောင်းကောင်းအိပ်ပျော်တတ်တဲ့သူ.. ကျွန်မငယ်ငယ်လေးထဲက ညညဆို ဘီလူးစီးသလို အသက်ရှုကျပ်ပြီး လန့်လန့်နိုးတတ်တယ်.. အဘွားကပြောတော့ တယောက်ယောက်နဲ့ အသားချင်းထိထားရင် မဖြစ်တော့ဘူးဆိုတာနဲ့ ညီမလေးလက်ကို ကိုင်ပြီးအိပ်တတ်တာ အကျင့်ပါနေတယ်.. သူနဲ့ကျမှာ ဂွဖြစ်တော့တာပဲ.. မရပါဘူး.. သူပဲလိုက်ကျင့်ပေးရတာပေါ့.. အနည်းဆုံးလက်ဖျားခြေဖျားလေးဖြစ်ဖြစ် ထိထားပြီးမှ ကျွန်မကအိပ်ပျော်တာကိုး.. နောက်တခုရှိသေးတယ်.. ကျွန်မတို့မောင်နှမတွေက အိပ်ခါနီးဆို တယောက်ကိုတယောက် ကျောမှာစာရေးပေးရင်း ဇိမ်လုပ်ပြီးအိပ်တတ်တာ.. မောင်နှမသုံးယောက်သား အလယ်မှာအိပ်ဖို့ကို လုကြရတာအမော.. အလယ်ကလူက အလှည့်တိုင်းရေးပေးခံရတာကိုး.. သူနဲ့ကျတော့ ကျွန်မက သူ့ကိုရေးခိုင်းတာပေါ့.. သူ့ကိုပြန်ရေးပေးမယ်ပြောတော့ မလုပ်ပါနဲ့တဲ့ အရမ်းယားတတ်တာလေ.. ထိတောင်မထိရသေးဘူး တွန့်နေပြီ.. ကျွန်မက ဇိမ်ပဲပေါ့.. ပြန်ရေးပေးစရာမလိုပဲ ဇိမ်လေးနဲ့နှပ်ရတာ..

အချက်အပြုတ်ဝါသနာပါတဲ့ကျွန်မနဲ့ အစားကောင်းကြိုက်တဲ့သူနဲ့တော့ အကိုက်ပဲ.. ကျွန်မက မီးဖိုချောင်ထဲရောက်သွားရင် ပျော်နေရောလေ.. ကိုယ်သာဖြစ်သလိုစားချင်စားမယ် သူ့အတွက်တော့ အမြဲဖွယ်ဖွယ်ရာရာလေး လုပ်ပေးချင်တာ.. သူက ဂျီးမများတတ်ပေမယ့် သူမကြိုက်တဲ့ဟင်းဆိုရင်တော့ လုံးဝမတို့တတ်ဘူး.. ကျွန်မက ငါးခြောက်ကြိုက်သလောက် သူကမကြိုက်ဘူးလေ.. အိမ်မှာငါးခြောက်ချက်တဲ့နေဆို သူ့အတွက် သက်သက်ချက်ပေးရတယ်.. ငါးဟင်းဆိုလဲ အရိုးနွှင်ပေးရတယ်လေ.. ကြေးအိုးကြိုက်တာ ၀က်သားတုတ်ထိုး အသေကြိုက်တာတွေတော့ တူမှတူပဲ.. သူကိုယ်တိုင်ကတော့ ကြက်ဥလောက်ပဲ ကြော်တတ်တဲ့သူ..

အရက်မူးတာကို သေအောင်မုန်းတတ်တဲ့ကျွန်မနဲ့ ဘယ်လောက်သောက်သောက် မမူးတတ်တဲ့သူနဲ့တော့ ဟုတ်နေတာပဲ.. ဘီယာတွေ အရက်ပြင်းတွေ ဘယ်လောက်ပဲသောက်သောက် သူမူးသွားတယ်လို့ တခါမှမတွေဖူးပါဘူး.. တကယ်ကိုဘာမှမဖြစ်တာပါ.. အနံ့သာမရလို့ကတော့ သောက်ထားမှန်းတောင် မသိရပါဘူး.. ကျွန်မကတော့ သူသောက်ထားမှန်းသိရင် ရစ်တော့တာပဲ.. ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့ အနိုင်ကျင့်တာပါ.. သူကလဲ သောက်ထားတဲ့အချိန်ဆို ကျွန်မစိတ်ဆိုးမှာစိုးလို့ အားလုံးလုပ်ပေးတတ်ပါတယ်.. ပြီးတော့ပြောတတ်သေးတယ် မသောက်ဘဲမူးပြီး သူ့ကိုရစ်နေတယ်တဲ့..

သားသားကိုမွေးလာတော့ ကျွန်မတို့ဘ၀လေးတွေ ပိုပြီးအသက်ဝင်လာတယ်.. ၂ယောက်လုံးက ကိုယ်လုပ်ချင်တာထက် သားသားအတွက်ပိုပြီးကောင်းမယ်ထင်တာကို လုပ်တတ်လာကြတယ်လေ.. သားသားက ရုပ်တော့အဖေနဲ့ပိုတူပြီး အမူအကျင့်တွေ စိတ်ထားတွေက ကျွန်မနဲ့တူပါတယ်.. လုပ်ချင်စိတ်ရှိမှလုပ်တတ်တာ ကျောမှာစာရေးပေးရင် ဇိမ်လုပ်တတ်တာ ဒေါသကြီးတတ်တာ လူတကာနဲ့တည့်အောင်ပေါင်းတတ်တာတွေက ကျွန်မဆီကအကျင့်လေးတွေပေါ့.. သူက ခဏခဏပြောတယ် သားအမိနှစ်ယောက်ပေါင်းပြီး သူ့ကိုအနိုင်ကျင့်တယ်တဲ့လေ..

ဘာပဲပြောပြော သုံးနှစ်ရှိခဲ့ပါပြီ.. ပျော်စရာတွေ ငိုစရာတွေကို အတူတူမျှဝေခံစားခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီပေါ့.. သုံနှစ်တာလုံးလုံး ကျွန်မဆိုးသမျှ အော်ငေါက်သမျှ အနိုင်ကျင့်သမျှကို သည်းခံပေးတဲ့ ချစ်ခင်ပွန်းမောင့်ကို အထူးကျေးဇူးတင်မိပါကြောင်း ပြောချင်ပါတယ်.. မင်္ဂလာသက်တမ်း သုံးနှစ်ပြည့်အမှတ်တရအဖြစ် လာမယ့်တနင်္ဂနွေနေ့ ဆမ်ဘာဝမ်းပန်းခြံမှာလုပ်မယ့် မြန်မာ့နှစ်သစ်ကူးပွဲတော်အတွက် ကြာဇံချက်အလှူလုပ်ပါမယ်.. ကြွရောက်အားပေးချီးမြှင့်ကြဖို့ အားလုံးကိုဖိတ်ပါတယ်နော်...

Tuesday, April 5, 2011

ကိုယ့်စိတ်ကြိုက်များနဲ့တနေ့တာ

နှိုးစက်မြည်တာတောင် မထသေးလို့ ယောက်ျားကအတင်းနှိုးတာကို အိပ်ချင်ယောင်ဆောင်ပြီး စောင့်နေရတာကြိုက်တယ်..

အိပ်ချင်မူးတူးနဲ့ ဟီတာဖွင့်ဖို့မေ့လို့ ရေအေးတွေကျလာမှ လန့်ပြီး မျက်လုံးကျယ်သွားရတာ.. ကိုယ့်အော်သံကြောင့် အပြင်ကနေ ယောက်ျားက ဟီတာဖွင့်ပေးတာကိုလဲ ကြိုက်တယ်..

မီးဖွင့်ရင် သားသားနိုးမှာစိုးလို့ မှောင်ထဲမှာပဲ မျက်နှာကိုလိမ်းစရာရှိတာလိမ်း ထင်ရာတွေဆွဲဝတ်ရတာကိုလဲ ကြိုက်တယ်..

နာရီဝက်ကျော်ကျော်စီးရတဲ့ ရုံးကားပေါ်မှာ ပြတင်းပေါက်မှန်ကို ခေါင်းနဲ့ဆောင့်ရင်း ငိုက်ရတာကိုလဲ ကြိုက်တယ်..

ရုံးကန်တင်းမှာစားရတဲ့ မနက်စာကြာဇံပြုတ်မျိုးစုံကိုလဲ ကြိုက်တယ်..

အလုပ်စားပွဲမှာထိုင်မိတာနဲ့ ဘလော့လေးအရင်ဆုံးပြေးဖွင့်ရတာကိုလဲ အရမ်းကြိုက်တယ်..

ကော်ဖီလေးသောက်ရင်း ဘလော့တကာလည် စာဖတ်ရတာလဲကြိုက်တယ်..

အိပ်ငိုက်နေတဲ့ဂျာကြီးကို ကိုယ့်စားပွဲပေါ်ကဖုန်းနဲ့လှမ်းဆက်.. သူလန်နိုးသွားပြီး ဖုန်းကောက်ဖြေတော့မှ ဖုန်းကိုအသာလေးပြန်ချထားလိုက်ရတာကိုလဲ ကြိုက်တယ်..

နေ့လည်စာစားရင်း ကန်တင်းမှာပွားရတာကိုလဲ ကြိုက်တယ်..

နေ့ခင်းဘက်အိပ်ငိုက်လာရင် လူတကာကို မက်ဆေ့ခ်ျပို့ပြီး နှောက်ယှက်ရတာကို ကြိုက်တယ်..

တယောက်နဲ့တယောက် စလိုက်နောက်လိုက်နဲ့ မိသားစုဆန်တဲ့ ကိုယ်တို့ရုံးခန်းလေးကိုလဲ ကြိုက်တယ်..

၎နာရီ၁၅ဆို ရုံးဆင်းတာကိုလဲ ကြိုက်တယ်.. ရုံးဆင်းရင် မေမေနဲ့ချိန်းပြီး ဂျူရောင်းပွိုင့်မှာ ဈေးဝယ်ထွက်ရတာကိုလဲ ကြိုက်တယ်..

အိမ်ပြန်ရောက်ရင် သားသားနဲ့တူတူ ကစားကွင်းသွား ကစားရတာကိုလဲ ကြိုက်တယ်.. သားအမိ၂ယောက်သား တူတူညစာစားရတာကိုလဲ ကြိုက်တယ်..

သားသားနဲ့ ကွန်ပျူတာလုပြီး ဖဘ၀င်ရတာကိုလဲ ကြိုက်တယ်..

ရေမိုးချိုး လိုးရှင်းတွေလိမ်းပြီး အေးအေးမွှေးမွှေးလေး အိပ်ယာဝင်ရတာကို ကြိုက်တယ်..

အိပ်ခါနီးဆို မောင်ရေ ဖုန်းအားသွင်းထားလား.. နှိုးစက်ပေးပြီးပြီလား.. လို့ မေးရတာကိုလဲ ကြိုက်တယ်..

အရမ်းညောင်းနေတဲ့နေ့ဆို သားအဖ၂ယောက်နှိပ်ပေးတာကို ဇိမ်နဲ့နှပ်ရတာလဲ ကြိုက်တယ်..

အဲကွန်းကို ၁၈မှာထားပြီး စောင်ထူထူခြုံအိပ်ရတာကိုလဲ အရမ်းကြိုက်တယ်..

ကိုယ်ချစ်တဲ့သူတွေနဲ့ ကိုယ်နေချင်တဲ့ပါတ်ဝန်းကျင်မှာ ကိုယ်ကြိုက်တာတွေချည်းလုပ်ခွင့်ရနေရင် ဘ၀ဟာ ပျော်စရာအတိပေါ့ကွယ်..

မမသက်ဝေက မတဂ်ပေမယ့် ရေးချင်လို့ရေးလိုက်ပါတယ်.. ပေါ့ပေါ့ပါးပါး ရေးလို့ကောင်းလိုက်တာ.. ဖတ်မိတဲ့သူတွေလဲ မရေးရသေးရင် ရေးကြည့်နော်..

Friday, April 1, 2011

အရိပ်ကလေးရဲ့တေးသံ

လသာတဲ့ညတညပေါ့..

အေးမြတဲ့လရိပ်ကို နှစ်သက်တတ်တဲ့ကျွန်တော် ၀ရံတာမှာရပ်နေရင်း ဟိုဟိုဒီဒီငေးနေမိတယ်.. မျက်စောင်းထိုးအိမ်ကို ဖျတ်ခနဲကြည့်လိုက်မိစဉ်မှာတော့

အိမ်ပေါ်ထပ်မှန်ပြတင်းမှာ ထင်နေတဲ့အရိပ်ကလေးက ကျွန်တော့်ကို ဆွဲဆောင်လိုက်ပါတော့တယ်.. အရင်ကလူမနေတဲ့ အိမ်ကြီးကို ဘယ်တုန်းက လူသစ်တွေရောက်လာပါလိမ့်လို့လဲ တွေးမိသေးရဲ့.. ကျွန်တော်မြင်လိုက်ရတာက ဂစ်တာတီးနေတဲ့ ဆံပင်ရှည်ရှည် ကောင်မလေးတယောက်ရဲ့အရိပ်ပါ.. သီချင်းသံသဲ့သဲ့လေးလဲ ကြားမိသလိုလိုမို့ စူးစိုက်နားထောင်မိတော့ အသံချိုချိုလေးနဲ့ ကျွန်တော်မကြားဖူးတဲ့သီချင်းလေးကို ခပ်အေးအေးညည်းနေတာလေး ကြားလိုက်ရတယ်.. အေးချမ်းလိုက်တဲ့အသံလေးဗျာ.. ဆိုနေဟန်လေးကတော့ ခပ်ဆွေးဆွေး.. မင်းအသည်းကွဲနေတာများလား ကောင်မလေးရယ်..

နောက်နေ့တွေမှာတော့ ကျွန်တော့်အတွက် တာဝန်တခုပိုလာတယ်.. ညတိုင်း ၀ရံတာထွက်ပြီး သူမလေးရဲ့အရိပ်ကိုငေးရင်း သူမသီချင်းလေးတွေကို နားထောင်နေမိတတ်တာပေါ့.. နေ့ခင်းဘက်တွေမှာ သူမတို့အိမ်ဘက်လှမ်းကြည့်မိရင် လှုပ်ရှားမှုရယ်လို့ သိပ်မတွေ့ရတတ်ပါဘူး.. တခါတလေ ပန်းပင်တွေရေလောင်းနေတဲ့ မျက်နှာစူပုတ်ပုတ် ရုပ်ဆိုးဆိုးအမျိုးသားကြီးတယောက်ကိုတွေ့ရတတ်တယ်.. တပတ်၂ခါလောက် အမျိုးသမီးကြီးတယောက်ကို ကိုရုပ်ဆိုးကြီးက ကားမောင်းပြီး ဈေးလိုက်ပို့တာလဲတွေ့ရတတ်တယ်.. ကျွန်တော့်ရဲ့အရိပ်ကလေးကိုတော့ နေ့ခင်းဘက် တခါမှမတွေ့ဖူးသေးဘူး.. ကျွန်တော်ကလဲ နေ့တိုင်း ကျောင်းသွားရတတ်တော့ သူမအပြင်ထွက်ချိန်နဲ့ မကြုံလို့ထင်ပါရဲ့လေ..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရက်တော့ ကျွန်တော်နေမကောင်းလို့ ကျောင်းမသွားဖြစ်ဘူး.. အိမ်ခန်းထဲနေရတာ ငြီးစီစီမို့ ၀ရံတာကိုထွက်လိုက်ရင်း အရိပ်ကလေးတို့အိမ်ဘက်ကို အမှတ်မထင်ကြည့်မိတော့ ခြံထဲကခုံတန်းလေးမှာထိုင်ပြီး ဂျာနယ်တစောင်ကို စိတ်ဝင်တစားဖတ်နေတဲ့ ကောင်မလေးတယောက်ကို လှမ်းတွေ့လိုက်ရတယ်.. ဆံပင်ရှည်တွေကို ကျစ်စာမြီး၂ဖက်ခွဲစီးထားတော့ သူမက ကလေးလေးတယောက်လို နုနယ်လှပလွန်းနေတယ်လေ.. ငေးကောင်းကောင်းနဲ့ငေးမိနေတုန်း အိမ်ထဲကလှမ်းခေါ်လိုက်လို့ထင်ပါရဲ့ သူမလေးက အိမ်ထဲကို ပြေးဝင်သွားလေရဲ့.. ကျွန်တော့်ရင်ဘတ်ထဲမှာ ဟာတာတာကြီးဖြစ်ကျန်ခဲ့တာပေါ့ဗျာ..

ညရောက်တော့ ထုံးစံအတိုင်း သီချင်းဆိုနေတဲ့ သူမအရိပ်ကလေးကိုငေးရင်း စိတ်ကူးတွေနဲ့ ကျွန်တော်ရူးနေရတာပေါ့.. သူမနဲ့ ခင်မင်ရင်းနှီးချင်စိတ်တွေလဲ တဖွားဖွားနဲ့.. အရိပ်ကလေးဆိုတဲ့ခေါင်းစဉ်နဲ့ ရေးမိတဲ့ကဗျာတွေလဲ မနည်းမနော.. သူမရဲ့ဝိုးတ၀ါးအရိပ်ကလေးကို ခဲခြစ်ပန်းချီလေးတောင်ဆွဲထားမိသေးတယ်.. ထူးဆန်းတာက သူမကို သေသေချာချာမြင်ဖူးလိုက်ပါရက်နဲ့ သူမအရိပ်ကလေးကိုပဲ အိပ်မက်ထဲအထိ စွဲမက်နေတတ်တဲ့အထိ စွဲလန်းနေမိတာပါပဲ..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တနေ့.. မေမေကကျွန်တော်ကို ၀ါဆိုသင်္ကန်းကပ်အတွက် ဖိတ်စာတွေလမ်းထဲမှာလိုက်ဝေခိုင်းတယ်.. အရိပ်ကလေးတို့အိမ်အတွက်လဲ ပါတာပေါ့.. ကျွန်တော်သိပ်ပျော်သွားမိတယ်.. အရိပ်ကလေးနဲ့ ရင်းနှီးခွင့် ကြုံလာပြီမို့လား.. တခြားအိမ်တွေကို ဖိတ်စာအရင်လိုက်ဝေပြီး နောက်ဆုံးကျမှ အရိပ်ကလေးတို့အိမ်ကို သွားလိုက်တယ်.. လူခေါ်ဘဲလ်ကိုတီးလိုက်တော့ ဂါဝန်အဖြူဝတ်ထားတဲ့ ကောင်မလေးက တံခါးလာဖွင့်ပေးပါတယ်..

“ဘာကိစ္စများပါလဲရှင်”

“သြော်.. ကျွန်တော်က မျက်စောင်းထိုးအိမ်ကပါ.. ကျွန်တော့်နာမည် ၀ါခေါင်မိုးပါ.. အိမ်မှာအလှူရှိလို့ ဖိတ်စာလာပေးတာပါ.. လာမယ့်စနေနေ့ ဆက်ဆက်လာခဲ့စေချင်ပါတယ်..”

“ဟုတ်ကဲ့.. ဖြူလာခဲ့ပါမယ်..”

“ကျေးဇူးပဲနော်.. ကျွန်တော်သွားလိုက်ပါဦးမယ်..”

“ဟုတ်ကဲ့..”

လှလိုက်တဲ့ကောင်မလေးဗျာ.. ဖြူနုနေတဲ့မျက်နှာလေးမှာ အကြောစိမ်းလေးတွေကိုထင်းလို့.. ဆံပင်နက်နက်ကြီးတွေကလဲ တင်ပါးဖုံးတဲ့အထိကို အရှည်ကြီးတွေ.. ထူးဆန်းနေတာက သူမအရိပ်ကလေးကိုမြင်ရတိုင်း တဖျတ်ဖျတ်ခုန်နေတတ်တဲ့ကျွန်တော့်နှလုံးသားက သူမကိုအနီးကပ်တွေ့ရတော့ အရင်ကခုန်ခဲ့ဖူးတာ သူမဟုတ်သလို ငြိမ်သက်နေတာပါပဲ..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အလှူနေ့ကျတော့ ကောင်မလေးနဲ့အတူ အန်တီကြီးတယောက်ပါ ပါလာတယ်.. စကားပြောကောင်းပြီး ဖော်ရွေတဲ့ကျွန်တော့်မေမေနဲ့ သူမတို့၂ယောက်နဲ့ အချိန်တိုအတွင်းမှာပဲ ရင်းနှီးသွားကြပါတော့တယ်.. သူမပြောပြတဲ့ သူမဘ၀အကြောင်းက သနားစရာ.. မိဘ၂ပါးလုံး ရန်ကုန်မှာ ကားမှောက်လို့ဆုံးပါးသွားပြီး သူမတယောက်သာ ကံကောင်းစွာနဲ့ ဘာမှကြီးကြီးမားမားမထိခိုက်ပဲ ပွန်းပဲ့ရုံလောက်နဲ့ အသက်ရှင်ကျန်ခဲ့ရတာတဲ့.. မိဘတွေမရှိတော့တဲ့နောက် ဇာတိမြို့လေးကို အပြီးပြန်လာပြီး မိဘတွေထားခဲ့တဲ့အိမ်လေးမှာ လာပြန်နေတာတဲ့လေ.. သူမဖေဖေမိတ်ဆွေတယောက်ရဲ့လုပ်ငန်းမှာ အစုရှယ်ယာဝင်ထားရင်း မားကတ်တင်းမန်နေဂျာအဖြစ် အလုပ်လုပ်ပါတယ်တဲ့လေ.. အန်တီကြီးကတော့ သူမရဲ့အထိန်းတော်ကြီးပေါ့.. အထီးကျန်ဆန်တဲ့ သူမဘ၀လေးကို ကျွန်တော်က ကရုဏာသက်မိပေမယ့် သူမကိုကြည့်ရတာတော့ ခပ်ပျော်ပျော်ပင်.. သိပ်မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ကို ပြန်ပြောပြနေပေမယ့် သူမဆီမှာ ၀မ်းနည်းကြေကွဲတဲ့ အရိပ်အယောင်ရယ်လို့ လုံးဝမတွေ့ရ.. တော်တော်အသည်းမာတဲ့မိန်းကလေးပါလားလို့ တွေးမိတယ်..

စကားတွေပြောကြရင်း တော်တော်လေးကြာမှ သူမတို့ပြန်သွားကြတယ်.. ကျွန်တော့်ရင်ထဲမှာတော့ တခုခုကို မတင်မကျကြီးခံစားနေရလေရဲ့.. ဘာရယ်လို့အတိအကျမပြောနိုင်ပေမယ့် ကျွန်တော်လေ သူမနဲ့ပါတ်သတ်လို့ တစ်ခုခုထူးထူးဆန်းဆန်း ခံစားနေရတာတော့ အမှန်ပဲ.. ကျွန်တော့်ရဲ့နေ့တွေညတွေကို လရိပ်ဖြူဆိုတဲ့သူမရဲ့အရိပ်ကလေးက အတိုင်းအတာတစ်ခုအထိ လွှမ်မိုးထားလိုက်ပြီဆိုတာတော့ သိပ်ကိုသေချာတယ်လေ...

(ဆက်ပါဦးမည်)

Friday, March 25, 2011

မောင်နှမသုံးယောက်ရှိလေသည်

ကျွန်မတို့မောင်နှမသုံးယောက်အကြောင်းလေးပေါ့.. မေမေပြန်ပြောပြတဲ့ ငယ်ဘ၀အမှတ်တရလေးတွေကို မှတ်တမ်းတင်ထားချင်လို့ပါ..

ကျွန်မတို့သုံးယောက်ကို မသိတဲ့လူတွေဆိုရင် မောင်နှမလို့ ထင်မှာကိုမဟုတ်ဘူး.. ရုပ်ချင်းကတစက်မှမတူလို့ပေါ့.. ကျွန်မက မျက်လုံးပြူးပြူး ပါးဖောင်းဖောင်း နှုတ်ခမ်းထူထူ မျက်နှာဝိုင်းဝိုင်း.. ညီမလေးက မျက်လုံးမှေးမှေး နှုတ်ခမ်းပါးပါး.. မောင်လေးကျပြန်တော့ မျက်နှာရှညှ်ရှည်ကြီး.. ကျွန်မနဲ့ ညီမလေးက အသားညိုကြပြီး မောင်လေးကျတော့ ဖြူဖွေးနေတာပဲ.. အရပ်ရှည်တာတော့ အားလုံးတူကြတယ်.. ကျွန်မနဲ့ညီမလေးက ၅ပေ၅လက်မ မောင်လေးက ၆ပေ..

ကျွန်မငယ်ငယ်က သိပ်ကိုအေးတယ်တဲ့.. အော်ဟစ်ငိုယိုတာမျိုး မရှိသလောက်ပဲတဲ့လေ.. မေမေက ညီမလေးကိုမွေးဖို့ ဆေးရုံသွားတော့ မောင်လေးမွေးပေးနော်.. သမီးနဲ့ဘောလုံးကန်ရအောင်လို့ပြောပြီး အိမ်မှာကျန်ခဲ့တာ.. ညီမလေးမွေးလာတော့လဲ ချစ်တာပါပဲ.. ညီမလေးရဲ့နားထင်မှာ အမှတ်ကြီးတခုပါတယ်.. ကျွန်မက အမှတ်ကြီးကို အနာထင်လို့ ညီမလေးသနားပါတယ် နာနာကြီးနဲ့လို့ ပြောတယ်တဲ့လေ.. ညီမလေးက ကျွန်မထက် ၂နှစ်ငယ်ပါတယ်.. ညီမလေးကို နာမည်ပေးကြတော့ ကျွန်မနာမည် ပွင့်မြူးဇင်နဲ့ကာရန်ညီအောင် ၀င့်ထူးဇင်လို့ပေးတယ်.. အားလုံးခေါ်ကြတာတော့ မြူးမြူးနဲ့ထူးထူးပေါ့..

ထူးထူးလို့နာမည်မပေးခင် မေမေကပြောတယ် ဖြစ်ပါ့မလားတဲ့.. သူတွေ့ဖူးသမျှ ထူးထူးတွေက ဆိုးကြတယ်တဲ့.. ထင်တဲ့အတိုင်းပါပဲ ညီမလေးငယ်ငယ်က တော်တော်လေးဆိုးပါတယ်.. စကားကလဲအရမ်းတတ် ခေါင်းကလဲမာဆိုတော့ မေမေနဲ့တကျက်ကျက်ပေါ့.. သူဆိုးလို့ မေမေကစတိုခန်းထဲလှောင်ထားမယ်ဆိုရင် ရတယ် ရေပုလင်းပဲပေးဆိုတာမျိုး.. နင့်ကိုငါမမြင်ချင်ဘူးဆိုရင် သူ့အိတ်ကလေးကောက်လွယ် ခြေထောက်ကလေးဆောင့်ပြီး အိမ်ကဆင်းသွားတာမျိုးတွေ လုပ်တတ်တယ်.. ညီမလေးက ဆိုးပေမယ့် သူ့စိတ်ထားလေးက အရမ်းကောင်းပါတယ်.. အရမ်းသနားတတ်တယ်.. သူများကို ကူညီချင်စိတ်အရမ်းရှိတယ်.. ဖွဲပြာသည်တွေဘာတွေခေါ်ဝယ်လို့ သူတို့တွေကလုံချည်အဟောင်းတွေတောင်းရင် လူကြီးတွေက မရှိဘူးပြောနေတုန်းရှိသေးတယ် သူက တန်းမှာလှန်းထားတဲ့လုံချည်အကောင်းတွေယူလာပြီး သနားပါတယ် ပေးလိုက်ပါ ဗီရိုထဲမှာအများကြီးရှိသေးတာပဲဆိုပြီး အတင်းပေးခိုင်းတတ်တာ.. နောက်ဆို အိမ်ကိုဈေးသည်ခေါ်ခါနီးဆို တန်းကအ၀တ်တွေအရင်သိမ်းရတဲ့အဖြစ်ကိုရောက်ရော.. ကလေးလေးချီပြီး ပိုက်ဆံလိုက်တောင်းနေတာတွေ့ရင် ပိုက်ဆံမပေးရမချင်း အာခေါင်ခြစ်အော်ငိုတတ်တဲ့ကလေးမပါ.. သီလရှင်တွေကို ဆန်လောင်းဖို့ ဆန်နို့ဆီဘူးမှာ ဇွန်းတပ်ပြီးပေးလိုက်ရင် ဇွန်နဲ့ခပ်မလောင်းပဲ တဗူးလုံးလောင်းလိုက်တဲ့အပြင် ဇွန်းပါပြန်ပါမလာတော့ဘူး.. ဆန်တဇွန်းထဲနဲ့ ချက်စားလို့မှမရတာတဲ့.. နောက်တခါ ဇွန်းတပ်မပေးအောင် ဇွန်းပါလောင်းပစ်လိုက်ပြီတဲ့လေ..

ညီမလေးက ငယ်ငယ်လေးကတည်းက အရမ်းလှချင်ပါတယ်.. အသားလေးညိုရှာတော့ အသားလဲအရမ်းဖြူချင်ပါတယ်.. မေမေ့ကို အသားဖြူဆေးဖော်ပေဖို့ တောင်းဆိုရတာအမော.. မေမေက မလုပ်တတ်ဘူးပြောတော့ ဘွဲ့ရတယ်လဲဆိုသေးတယ် အသားဖြူဆေးလေးတောင် မလုပ်တတ်ဘူးလားတဲ့.. မေမေက ညီမလေးကိုမွေးပြီးမှ စာပေးစာယူပြန်တက်တာပါ.. ညီမလေးမူကြိုအရွယ်ရောက်တော့ မေမေကစာသင်ပေးဖို့ကြိုးစားတာပေါ့.. အဲဒါကို သူက မေမေတောင်ခုမှကျောင်းတက်နေတုန်းရှိသေးတာ ငယ်လေးကိုဘယ်သင်တတ်မှာလဲ.. ကျောင်းမှာပဲသင်မယ်ဆိုလို့ မူကြိုပေးတက်ရပါတယ်.. ၂ရက်လောက်ပဲတက်ရသေးတယ် မတက်တော့ဘူးတဲ့.. လှေကားလေး၂ထစ်ပဲတက်ရသေးတယ် ကြိမ်လုံးနဲ့ရိုက်လို့တဲ့လေ.. မူကြိုကျောင်းကနေပြီး ညီမလေးတယာက် အဆဲတတ်လာပါတယ်.. အိမ်ပြန်ရောက်တော့ တခါးကြားထဲဝင်ပြီး ပွစိပွစိနဲ့ဆဲကြည့်နေတာကို မေမေကြားတော့ ပါးစပ်ကိုအပ်နဲ့ထိုးမယ်လို့ ခြောက်လိုက်မှာ မဆဲတော့တာလေ.. ဆဲတာကို မကောင်းမှန်းသိလို့သာ ဒင်းကလူရှေ့မှာမပြောဘဲ တံခါးကြားထဲဝင်ဆဲနေတာပေါ့.. တော်တော်လည်တဲ့ကောင်မလေးပါ.. ကျွန်မက ညီမလေးဗိုလ်ကျတာကို အမြဲခံရပါတယ်.. သူစိတ်ဆိုးလာရင် ကုန်းကိုက်တာများ အကွင်းလိုက်ပေါက်တဲ့အထိပေါ့.. ကိုက်ပြီးမှ သူကပြန်သနားနေတတ်သေးတယ်.. မကြီး နာလားဟင်.. ငါနောက်ကိုမကိုက်တော့ပါဘူး ဘာညာပေါ့..

အငယ်မက စာလုပ်ဖို့အရမ်းပျင်းပါတယ်.. သူငယ်တန်းကျောင်းစတက်ပြီး တပါတ်လောက်ပဲရှိသေးတယ် ကျောင်းကပြန်ရောက်တော့ လွယ်အိတ်ကလေးဘုတ်ဆိုပစ်ချပြီး ငယ်လေးဆုံးဖြတ်ချက်ချလိုက်ပြီ.. ကျောင်းမတက်တော့ဘူး ပလက်စတစ်ပဲကောက်တော့မယ်တဲ့လေ.. မေမေက စာမတတ်ရင် ပလက်စတစ်ကောက်ရမယ်လို့ ပြောထားတာကိုး.. ကျောင်းစာအုပ်တွေကိုလဲ လုံးဝမရိုသေပါဘူး.. မေမေက သူ့စာအုပ်တွေကို မီးပူတောင်တိုက်ပေးရတဲ့အထိပဲ.. လွယ်အိတ်ထဲကို ထိုးသွပ်ထည့်တော့ စာအုပ်တွေက အနားတွေလိပ်ပြီး ကြေမွနေလို့ပေါ့.. လက်ရေးဆိုရင်လဲ သေသေသပ်သပ်မရေးချင်လို့ မေမေနဲ့တရန်ပေါ့.. ကျွန်မကိုတုန်းက မေမေပုံသွင်းသလိုရခဲ့ပေမယ့် အငယ်မနဲ့မှ မေမေလဲလက်လျှော့ရတယ်လေ..

မောင်လေးကိုမွေးတော့ ကျွန်မက၆နှစ် ညီမလေးက၄နှစ်.. အရေးအခင်းကာလကြီးမွေးတာပေါ့.. မေမေညဘက်ဗိုက်နာလို့ ဆေးရုံသွားဖို့ကို မြို့နယ်အဆင့်ဆင့် လမ်းတောင်းပြီးသွားရတဲ့အခြေအနေပေါ့.. ဖေဖေကလဲ နယ်ကိုတာဝန်ကျနေတဲ့အချိန်.. မောင်လေးကိုမွေးပြီးတော့ ဖေဖေတို့ရုံးကို လှမ်းအကြောင်းကြာရတယ်.. အဲဒီအချိန်မှာ ဖေဖေတို့သင်္ဘောက ပင်လယ်ထဲရောက်နေတာတဲ့.. ကမ်းခြေရုံးကနေ ရေဒီယိုနဲ့လှမ်းအော်ပေးတာပေါ့.. စီအီးမိန်းမ စုဗူးပေါက်ပြီလို့.. ဘာလေးလဲလို့ ဖေဖေကအသည်းအသန်ပြန်မေးတော့ ရော့ကတ်လေးလို့ ပြန်အော်တာတဲ့.. ဖေဖေလဲအရမ်းပျော်သွားတာပေါ့.. ဖေဖေက တဦးတည်းသောသားလေ.. ဇင်မျိုးရိုးအတွက် သားလေးတယောက်လောက် အရမ်းလိုချင်နေတာကိုး..

မောင်လေးက အသားအရမ်းဖြူပါတယ်.. မွေးကာစကဆို အသားလေးတွေကကြည်နေတော့ နို့စို့နေရင် ဗိုက်ထဲကိုနို့တွေဝင်သွားတာ မြင်နေရပါတယ်.. ကျွန်မက အသည်းယားလို့ မကြည့်ရဲပါဘူး.. မောင်လေးကို နာမည်ပေးကြမယ်ဆိုတော့ မေမေက တနင်္လာသား အပစ်အခတ်တွေကြားမှာမွေးလို့ ကြည်ဆန်ဇင်လို့ ပေးမယ်တဲ့.. အားလုံးက ၀ိုင်းတားကြတာပေါ့.. နောက်တော့ ကြည်ဇော်ဇင်လို့ ပေးဖြစ်သွားပါတယ်.. မောင်လေးမွေးလာတော့ ညီမလေးက အရမ်းကို မနာလိုဖြစ်ပါတော့တယ်.. အသားဖြူတာကို အရမ်းမနာလိုတာပေါ့.. ကလေးလာကြည့်တဲ့လူတွေက ကလေးလေးကအရမ်းချောတာပဲ အသားလေးကဖွေးနေတာပဲလို့ ပြောကြတော့ ပိုဆိုးတာပေါ့.. တနေ့တော့ အိမ်ကိုလာလည်တဲ့အမျိုးတယောက်က ငယ်လေးရေ မောင်လေးကိုလိုချင်လို့ ပေးမလားလို့မေးပါတယ်.. ညီမလေးပြန်ဖြေလိုက်တာက ခုယူမသွားနဲ့ဦး.. မနက်ဖြန်ကျရင် အဲ့ကလေးကို ဟင်းချက်မှာ.. ကျက်တော့မှတခွက်လာယူတဲ့လေ.. နောက်ကျတော့လဲသူပဲ မောင်လေးကိုချစ်လိုက်တာမှ တုန်လို့..

မောင်လေးငယ်ငယ်က အရမ်းကြောက်တတ်ပါတယ်.. ခဏခဏလဲ လန့်ပြီးဖျားတတ်တယ်.. ဖျားပြီဆိုကိုယ်တွေကပူခြစ်ပြီး ကယောင်ကတမ်းတွေပြောနေတာပေါ့.. ကျွန်မကစိတ်ပူတတ်တော့ မောင်လေးဖျားပြီဆို ကျွန်မပါအိပ်မရတော့ဘူး.. မောင်လေးက အချိုတွေအရမ်းစားတော့ သွားလဲခဏခဏကိုက်ပါတယ်.. သွားကိုက်ရင်သောက်တဲ့ဆေးတွေကိုတောင် သူကမှတ်မိနေပြီး ဆရာဝန်ဆီကတောင်းတတ်တာပါ.. မောင်လေးရဲ့ အရေပြားတွေက အရမ်းနုတော့ နည်းနည်းလေးညစ်ပတ်တာနဲ့ ယားနာတွေပေါက်တတ်ပါတယ်.. ယားနာလိမ်းဆေးပေါင်းစုံနဲ့ နပန်းလုံးနေရတာပေါ့.. မောင်လေးက အရမ်းရွံတတ်ပါတယ်.. ရွှံ့တွေဗွက်တွေတွေ့ရင် အသားတွေတုန်တဲ့အထိကို ရွံတတ်တာပါ.. ဘာလေးမဆို အကောင်းကလဲကြိုက်မှကြိုက်ပဲ.. သူလိုချင်တဲ့ဟာဆို အကောင်းစားဝယ်မပေးနိုင်သေးရင် ၀ယ်ပေးနိုင်တဲ့အထိစောင့်မယ်တဲ့.. အပေါစားနဲ့တော့မရဘူးဆိုတာမျိုး.. အစားအစာဆိုရင်လဲ အကောင်းမှစားချင်တာလေ.. အအေးဆိုလဲ ကိုကာကိုလာမှသောက်တယ်.. ကျွန်မတို့ငယ်ငယ်တုန်းက ကုတ်က၀ယ်ရခက်တာမို့လား.. ဖေဖေ့သင်္ဘော စလုံးကပြန်လာရင်တော့ ကုတ်တွေအများကြီးသောက်ရတတ်တယ်..

ကျွန်မတို့ညီအမက အကြမ်းခံသလောက် မောင်လေးကနုပါတယ်.. မိုးရေထဲဆော့မိရင်လဲဖျားတတ်လို့ ကျွန်မတို့ပါ မဆော့ရတော့ဘူး.. သူက ငယ်ငယ်ကတည်းက အကြမ်းပတမ်းတွေသိပ်မဆော့ဘူး.. တီဗွီဂိမ်းတွေကစားတယ်.. စာဖတ်တယ်.. သီချင်းနားထောင်တယ်.. မောင်လေးငယ်ငယ်က ဇော်ဝင်းထွဋ်ကိုသိပ်ကြိုက်တာ.. သူ့နာမည်ကိုတောင် ကြည်ဇော်ဝင်းထွဋ်လို့ ပြောင်းပါမယ်လုပ်သေးတာလေ.. ၁၀နှစ်သားလောက်ကတည်းက ဂစ်တာကောင်းကောင်းတီးတတ်နေပြီ.. သူ့သူငယ်ချင်းတွေအိမ်လာလည်ရင် သူကတီး သူငယ်ချင်းတွေကဆိုနဲ့ ဆူလို့ညံလို့ပေါ့.. အဲသလိုအချိန်ဆို အစ်မတွေကို အိမ်ခန်းထဲမှာ သော့ပိတ်ထားတတ်တယ်.. သူ့သူငယ်ချင်းတွေတွေ့မှာစိုးလို့တဲ့.. မောင်လေးက အလှအပလဲကြိုက်တတ်တယ်.. လမ်းထိပ်ကလေးခဏသွားရင်တောင် အ၀တ်အစားကျကျနန၀တ်ပြီးမှသွားတာ.. တခါတလေ အငယ်မက အိမ်နေအ၀တ်အစားနဲ့ သူ့နောက်ကလိုက်ဖို့လုပ်ရင် မထူးရယ် အဲ့ပုံစံနဲ့တော့ ငါ့နောက်လိုက်မလာပါနဲ့.. ငါ့အိမ်က အိမ်ဖော်လေးလို့ သူများတွေထင်နေပါဦးမယ်တဲ့လေ.. တခါတုန်းကလဲ မေမေကတိုရှည်ဝယ်ခိုင်းလို့ အငယ်မက သွားဝယ်ပါတယ်.. ခဏနေတော့မောင်လေးကျူရှင်ကပြန်လာတယ်.. ပြန်ရောက်ရောက်ချင်း မေမေ့ကို.. မေရယ် မထူးကိုသွားပြန်ခေါ်လိုက်ပါ.. တိုရှည်ကုလားမဘေးနားမှာထိုင်နေတာများ သူ့အိမ်သူ့ယာလိုပဲ.. မသိရင်ကုလားမသမီးလားတောင်ထင်ရတယ်.. မေလဲ တိုရှည်စားမနေပါနဲ့တော့တဲ့လေ.. အငယ်မသိတော့ ရန်တွေဖြစ် စကားတွေများကြရော..

အခုတော့ ကျွန်မတို့မောင်နှမသုံးယောက်လုံး အတူတူမဆုံဖြစ်တာကြာပြီ.. မောင်လေးနဲ့ ညီမလေးက ယူအက်စ်မှာရောက်နေကြတယ်.. မတည့်အတူနေနှစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့ တယောက်ကိုတယောက် ဖေးမနေကြရလေရဲ့.. လာမယ့်ဇွန်လကျရင်တော့ ကျွန်မတို့ရန်ကုန်မှာဆုံကြမယ်.. မနှစ်က ညီမလေးကဘန်ကောက်ကိုလာပြီးလက်ထပ်တော့ ကျွန်မတို့မိသားစုသွားလိုက်ကြသေးတယ်.. ခုနှစ်တော့ မောင်လေးအလှည့်ပေါ့.. မောင်လေးလက်ထပ်တော့မယ်ဆိုတော့ နှမြောမိသလိုလို.. ၂၃နှစ်ပဲရှိသေးတာမို့လား.. ပြန်စဉ်းစားလိုက်တော့ ကျွန်မနဲ့မောင်လက်ထပ်တုန်းက မောင်က ၂၂နှစ်.. ဟိ.. ကိုယ့်မောင်လေးအလှည့်ကျမှ တိုတောင်းနေလို့ ရဘူးလေနော်.. ယောင်းမလောင်းလေးက ၁၉နှစ်ပဲရှိသေးတယ်.. သူတို့က နီးချင်ပြီဆိုမှတော့ လုပ်ပေးရမှာပေါ့လေ..

ပြန်ဆုံကြမယ့်အချိန်ကို မြန်မြန်ရောက်ချင်လို့ အချိန်တွေကလဲကုန်ခဲတယ်တောင် ထင်နေမိတယ်.. ခရီးသွားဖို့ အစီအစဉ်တွေလဲရှိတော့ ကြိုပြီးပျော်နေမိတာပေါ့.. ရန်ကုန်ရောက်ရင်နေဖို့ အိမ်ကအခန်းတွေကို အခုကတည်းက လုနေကြရတာလဲ ပျော်စရာပါ.. ဘယ်လိုပဲဖြစ်ဖြစ် မောင်နှမသုံးယောက်သား ပြန်ဆုံရမယ့်နေ့လေးတွေကတော့ လှပချိုမြနေမှာတော့ သေချာပါတယ်လေ..

Tuesday, March 22, 2011

အချစ်လို့အမည်တွင်သောထိုအရာ

စကားတတ်ကာစအရွယ်တုန်းက ချစ်လားလို့မေးရင် ချစ်တယ်.. ဘယ်လောက်ချစ်လဲဆို များကြီး ဘယ်ကချစ်တာလဲဆို ဗိုက်ဗိုက်ထဲကလို့ ဖြေလေ့ရှိခဲ့တယ်.. အဲဒီအချိန်တုန်းက ချစ်တယ်ဆိုတဲ့စကားလေးနောက်မှာ ဘာအရောင်ဘာအရိပ်မှ ရှိမနေခဲ့လောက်သေး.. နည်းနည်းသိတတ်လာတဲ့အရွယ်ကျတော့ မိဘတွေ ဆွေမျိုးတွေကို ချစ်တယ်ဆိုတဲ့ ချစ်ခြင်းရဲ့နောက်မှာ တွယ်တာခြင်းတွေ လေးစားအားကိုးခြင်းတွေ ရှိနေခဲ့မှာပေါ့.. အဲသလိုချစ်ခြင်းမျိုးက လူတွေပြောတဲ့ ၅၂၈ ချစ်ခြင်း.. အေးမြလှပါတယ်ဆိုတဲ့ ၅၂၈ချစ်ခြင်းကတောင် အကြောင်းအမျိုးမျိုးကြောင့် ကွေကွင်းကြရတဲ့အခါ ပူလောင်ခံစားရစေတာပါပဲ..

သစ်ရွက်လှုပ်တာတောင် ရယ်ချင်တယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားတယ်ဆိုတာမျိုးကျတော့ အချစ်လို့နာမည်တပ်ရင် အချစ်ဆိုတဲ့အရာကို မလေးစားရာများကျနေမလားပဲ.. ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုတွေကြောင့် ပါတ်ဝန်းကျင်ရဲ့ဂရုထားစောင့်ကြည့်မှုကို ခံနေရတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတတ်တဲ့ ကာလမျိုးမှာ ဟိုကောင်လေးက ငါ့ကိုများချစ်နေသလား ဟိုအကိုကြီးရဲ့အကြည့်တွေက မရိုးသားဘူး.. ငါ ဟိုတယောက်ကိုများ ချစ်မိနေပြီလား.. စတာတွေက စိတ်ကစားတာသက်သက်တွေပဲလို့ သတ်မှတ်ထားလိုက်ချင်တယ်..

ကျွန်မအတွက် အချစ်လို့အမည်တွင်သောထိုအရာနဲ့ နဖူးတွေ့ ဒူးတွေ့စတွေ့ရတာက အသက်၁၈နှစ်လောက်မှာပေါ့.. ကျွန်မ လူတယောက်ကို သိပ်ချစ်မိသွားခဲ့တယ်.. သူများတွေအမြင်မှာ ဘာမှထူးခြားမနေတဲ့ သူ့ပုံစံ သူ့အမူအယာတွေက ကျွန်မအတွက်တော့ သိပ်ကိုထူးခြားနေတတ်တာ.. သူဘာလုပ်လုပ် သူဘာပြောပြော အကောင်းပဲမြင်တတ်ခဲ့တာတွေက ကျွန်မသူ့ကိုချစ်နေလို့အပြစ်မမြင်တာပဲဆိုတာ ကျွန်မကိုယ်တိုင်သိလာရတယ်လေ.. သူကတော့ ကျွန်မကိုချစ်မနေခဲ့ဘူး.. ကျွန်မသူ့ကိုချစ်တယ်ဆိုတာတောင် သူမသိခဲ့ဘူး.. ခုထက်ထိလဲ မသိပါဘူး.. ဘာဇာတ်လမ်းမှမဖြစ်ခဲ့တဲ့ ချစ်ခြင်းသက်သက်ပုံပြင်လေးပေါ့.. တနေ့တနေ့ သူ့အကြောင်းကဗျာတွေရေး.. အိပ်မက်ထဲမှာသူနဲ့တွေ့.. သီချင်းဆိုဖြစ်ရင်တောင် တဖက်သတ်အချစ်အကြောင်း ရေးထားတဲ့သီချင်းတွေချည်းပေါ့.. သူလိုအပ်နေမယ်ထင်တာတွေကို သူမသိအောင်ဖြည့်ပေးနေရတာကိုပဲ ကျေကျေနပ်နပ်နဲ့ ကျွန်မပျော်နေခဲ့ဖူးတယ်.. ဘယ်သူမှမသိအောင် ခိုးခိုးကြည့်ရတာကိုက အချစ်ရဲ့အရသာလို့ ကျွန်မထင်ခဲ့ဖူးတာပေါ့.. သူနဲ့စကားပြောနေရရင် သူ့အပြုံးလေးတွေ မြင်နေရရင် ကျွန်မရဲ့နေ့တွေဟာ ပြည့်စုံနေပါပြီလို့ ထင်မိနေတတ်တဲ့အထိကို အချစ်တခုအတွက် ကျွန်မရူးခဲ့ဖူးတယ်လေ.. ခုနေပြန်တွေးကြည့်တော့ သူ့အချစ်ကိုမရခဲ့လို့သာ ကျွန်မသူ့အပေါ်အဲသလောက် ရူးခဲ့တာဖြစ်မယ်လို့.. သူကသာကျွန်မကိုချစ်ခဲ့တယ်ဆိုရင် ကျွန်မရဲ့ရူးသွပ်ခြင်းတွေ အဲသလောက်များခဲ့မယ်မထင်ဘူး.. လူဆိုတာ မရနိုင်တာကိုမှ ပိုပြီးတန်ဖိုးထားတတ်ခဲ့တာမို့လား..

နောက်နှစ်အနည်းငယ်အကြာမှာတော့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နယူတန်သဘောတရားနဲ့ချစ်ခြင်းမျိုးကို ကျွန်မစတွေ့ခဲ့ရတယ်.. နှလုံးသားကို အလိုလိုက်တဲ့အရွယ်လဲမဟုတ်တော့တာမို့ ဦးနှောက်ရဲ့အကူအညီနည်းနည်းပါတဲ့ ချစ်ခြင်းပေါ့.. ငါသူ့ကို တသက်လုံးလက်တွဲနိုင်မှာလားလို့ သေသေချာချာတွေးပြီးတော့မှ သူ့အချစ်ကိုလက်ခံခဲ့တာ.. ကျွန်မက သူ့ရဲ့အချစ်ဦးပါ.. ကျွန်မတို့စချစ်သွားကြတဲ့အချိန်မှာ သူက ၁၈နှစ်ပဲရှိသေးတယ်.. သူ့ထက် ၄နှစ်လောက်ကြီးတဲ့ကျွန်မအတွက် သူက ကလေးတယောက်လိုပဲပေါ့.. ကိုယ်လိုချင်တဲ့ဘက်ကို သိမ်မွေ့တဲ့နည်းတွေနဲ့ ဆွဲယူခဲ့ရခြင်းကိုက ချစ်ခြင်းရဲ့အနုပညာပါပဲ.. သူ့ကိုချစ်တဲ့ချစ်ခြင်းကတော့ မိခင်တယောက်ရဲ့ချစ်ခြင်းမျိုးနဲ့ ခပ်ဆင်ဆင်တူမယ်ထင်တယ်.. သူကလဲ ကျွန်မကို ကျွန်မမိသားစုကို သိပ်တွယ်တာသွားခဲ့တယ်.. စိတ်ဆတ်ဒေါသကြီးတဲ့ကျွန်မအတွက် သူက အချော့ကောင်းတယ်လေ.. ဘယ်သူ့ကြောင့်ပဲ စိတ်တွေဆိုးနေနေ သူချော့တတ်ခဲ့တယ်.. မီးနဲ့ရေလိုမျိုး မီးများရင်ရေကူ ရေများရင်မီးကူလို့ အအေးမပူတဲ့အချစ်ဇာတ်လမ်းပေါ့..

ချစ်သူသက်တမ်း ၆နှစ်အကြာမှာ ကျွန်မတို့လက်ထပ်ဖြစ်ခဲ့တယ်.. နောက်တော့ သံယောဇဉ်ကြိုးအကြီးကြီးတခု ထပ်တိုးလာခဲ့တယ်လေ.. ကျွန်မကိုယ်တိုင် မိဘနေရာရောက်လာတော့ မိခင်တယောက်ရဲ့ သားသမီးအပေါ်ချစ်တဲ့ချစ်ခြင်းကို ပိုပြီးနားလည်လာရတယ်.. ကိုယ့်သားသမီးကို လိုလေသေးမရှိထားချင်တာ.. အကောင်းတကာ့အကောင်းဆုံးတွေပဲ ပေးချင်တာ.. ထူးချွန်ထက်မြတ်စေချင်တာတွေက ချစ်ခြင်းကြောင့်ဖြစ်ရတဲ့ လောဘတွေပေါ့.. လိုချင်သလိုများဖြစ်မလာခဲ့ရင် ဒေါသတွေကထွက်ရဦးမယ်.. စိုးရိမ်ပူပန်ရတာတွေကလဲ များမှများပဲ.. သူလေးအတွက် လိုအပ်သမျှတွေကို စဉ်းစားပြီး လိုက်ဖြည့်ဆည်းပေးနေရတာကိုပဲ ပီတိတွေဖြာနေရတာလေ.. မေမေ့ကိုချစ်တယ်လို့များ ပြောလိုက်ရင် ဘာနဲ့မှမတူတဲ့ကြည်နူးမှုလေးတွေနဲ့ ကျေနပ်ပြုံးပျော်နေတော့တာ.. သားလေးရဲ့အသံလေးက လောကမှာအချိုဆုံး.. သားလေးလောက်ချစ်စရာကောင်းတဲ့ကလေး တခါမှမတွေ့ဖူးဘူးလို့ ထင်နေတာလေ.. မိခင်တယောက်ရဲ့ ချစ်ခြင်းတွေက အဲသလိုပေါ့..

ကဲ.. ကျွန်မပြောချင်တဲ့အချစ်အကြောင်းက ဒီလောက်ပါပဲ.. မမသက်ဝေတဂ်လို့ ရေးပါတယ်.. ဖတ်မိတဲ့သူတွေကိုလဲ ရေးပေးကြဖို့ တိုက်တွန်းချင်ပါတယ်.. အဲ.. ကျွန်မရဲ့အချစ်ဦးက ခုဘယ်ရောက်သွားလဲလို့တော့ မေးနဲ့နော်.. ပြောပြဘူး..း)