Showing posts with label Essay. Show all posts
Showing posts with label Essay. Show all posts

Wednesday, August 8, 2012

ကိုယ့်ကမ္ဘာလေးထဲမှာ

ကိုယ်ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင်မှာ ပျော်သလားမပျော်သလားဆိုတာ တကယ်တမ်းတော့ စိတ်ပါပဲ.. စိတ်ထဲမှာ ပျော်တယ်လို့လက်ခံထားလိုက်ရင် အထိုက်အလျောက်တော့ ပျော်သွားတတ်တာပါပဲလေ.. ကိုယ်လား.. ပျော်ပါတယ်.. ပျော်အောင်နေပါတယ်.. လုပ်သင့်တာတွေချည်းပဲ လုပ်နေရတာငြီးငွေ့လာရင် လုပ်ချင်တာကို သင့်မသင့်တွေးမနေပဲ လုပ်ပြစ်လိုက်တယ်.. မှားတော့လဲပျော်ပျော်ကြီးခံစားလိုက်ယုံပေါ့လို့သာတွေးထား.. ရှိပြီးသား ဆင်ခြင်တုံတရားလေးကြောင့် စည်းလွတ်ဝါးလွတ်တော့ ဘာမှဖြစ်မသွားဖူးသေးပါ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ့်ပတ်ဝန်းကျင်မှာ ခုတလော အပြောင်းအလဲသေးသေးလေးတွေတော့ များသား.. အိမ်တစ်အိမ်လုံး ငှားပြီးနေနေရာက သူများအိမ်မှာ အခန်းငှားပြီး သွားနေလိုက်တယ်.. တစ်အိမ်လုံးတာဝန်မယူရတော့တာမို့ အချိန်တွေတောင် ပိုထွက်လာသလိုလို.. ပေါင်းသင်းဆက်ဆံရေး သိပ်မညံ့လှတဲ့ကိုယ့်အတွက် သူများအိမ်ပေမယ့် လူတိုင်းနဲ့အဆင်ပြေပြေပါပဲ.. ကိုယ်က ရွက်ကျပင်ပေါက်လို လူစားမျိုးမို့ ဘယ်မှာနေနေ နေပျော်ပါရဲ့.. သားလေးနဲ့အဝေးမှာပေမယ့် ကိုယ်ပျော်အောင်ကြိုးစားထားပါတယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ့်သားလေးက ကိုယ်နဲ့အကြိုက်တူတယ်.. အရသာခပ်ပြင်းပြင်း ချဉ်ငံစပ်တွေကြိုက်တယ်.. မျှစ်ဟင်းကြိုက်တယ်.. မုန်လာဥချဉ်ရည်ဟင်းကြိုက်တယ်တဲ့.. လေးဖြူသီချင်းတွေကို အသံနေအသံထား ဟန်အမူအယာအပြည့်နဲ့ ဆိုပြတတ်တာ ကိုယ့်သားမှကိုယ့်သားအစစ်.. သူ့အဖေလိုသာဆို ရောင်စုံဘောလုံး တစ်လုံးငါးပြားဆိုတာလောက်ကို ကီးဝင်အောင် မနည်းသင်ပေးရမှာကိုး.. ပြီးတော့ ကိုယ့်သားလေးက ကိုယ့်လိုပဲ စပ်စုတယ်.. သိချင်တာတွေများတယ်.. ကိုယ့်ထက်သာတာကတော့ သူက မှတ်ဉာဏ်သိပ်ကောင်းတာပါပဲ.. လူတစ်ယောက်ကို တစ်ခါသာမြင်ဖူးထား.. ဘယ်လောက်ကြာကြာမှတ်မိတုန်း.. သူတော်တော်ငယ်ငယ်ကလေးတုန်းက အကြောင်းတွေကိုလဲ ခုထက်ထိ ပြန်ပြောပြနိုင်သေးတယ်.. ပြီးတော့ သားလေးက နားဝင်ချိုအောင်သိပ်ပြောတတ်တယ်.. သူလိုချင်တာကို အပြောချိုချိုလေးနဲ့ မရရအောင် တောင်းတတ်တယ်ပေါ့.. မေမေ့မွေးနေ့မှာ ဘာလက်ဆောင်ပေးမလဲမေးတော့ ကားဝယ်ပေးမယ်တဲ့.. ဘယ်တော့လဲဆိုတော့ သားသားကြီးလာရင်တဲ့.. ခုတော့ မေမေကသားသားကို အရင်ဝယ်ပေးတဲ့လေ.. လူလည်လေးပေါ့.. သားသားလို သားလိမ်မာလေးရှိနေမှဖြင့် အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ်ကတော့ စိတ်ထဲမပါရင် ချိုချိုသာသာလဲ မပြောချင်ဘူး.. ခုနှစ်ပိုင်းမှာ ပိုဆိုးလာတယ်.. လူတစ်ယောက်က ကိုယ့်ကို ရင်ထဲကမပါဘဲ လာပြီးချိုသာနေရင်လဲ စိတ်ထဲမှာကို ခိုးလိုးခုလုဖြစ်နေရောပဲ.. အဲသလိုမျိုးတွေကို အရင်ကထက်ပိုပြီး စက်ဆုပ်လာမိသလိုပဲ.. စိတ်မထင်ရင်မထင်သလို စိတ်ထဲရှိတဲ့အတိုင်း ပြောပြောမိနေတတ်တယ်.. ရလဒ်ကတော့ မုန်းသူတွေပိုလာတယ်.. အထူးသဖြင့် အလုပ်ထဲက မိန်းမကြီးတွေ.. သူတို့နဲ့ကိုယ်နဲ့ အရွယ်တူတာလဲမဟုတ်.. အလုပ်အကိုင်အဆင့်အတန်းလဲမတူ.. လာလာပြီး ပြိုင်သလိုလို မနာလိုလို့ ရိသလိုလိုလာလုပ်ရင် တုပ်ထဲ့ပေးလိုက်တယ်.. နားအေးသွားတာတော့အမှန်ပဲ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

အသက်ကလေးက ၃ထိပ်စည်းရောက်လာတော့ အိုလာမှာ ရင့်လာမှာကို မလိုချင်ဘူးဖြစ်လာတယ်.. အရင်က မျက်နှာပြောင်နဲ့အမြဲနေပေမယ့် ခုတော့ ပြင်ပြင်ဆင်ဆင်ဖြစ်လာတယ်.. ဘာမဆို မြန်မြန်လုပ်တတ်လို့သာတော်တော့တယ်.. မနက်မနက် ရေမိုးချိုးပြီး Toner တစ်ထပ်..  Moisturizer တစ်ထပ်.. Foundation Liquid တစ်ထပ်.. Powder တစ်ထပ်.. Eye shadow တွေ.. ပါးနီတွေ.. နှုတ်ခမ်းနီတွေ အပြည့်ပြင်ရတာတောင် နာရီဝက်ထက် ပိုမကြာလို့ ရနာရီခွဲတက်ရတဲ့အလုပ်ကို မိတ်ကပ်အပြည့်နဲ့ ကျော့ကျော့လေး တက်နိုင်သပေါ့လေ.. ညညဆိုလဲ မိတ်ကပ်တွေသေသေချာချာဖျက် Moisturizer လေးလိမ်းပြီးမှ အိပ်တတ်တာ အကျင့်ဖြစ်နေပြီ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

စလုံးမှာနေတာကြာတော့ စလုံးကလူတွေအကျင့် ကူးကူးလာတယ်.. ပိတ်ရက်ကလေးနည်းနည်းရရင် ခရီးသွားချင်တယ်.. လျှော့စျေးနဲ့ရမလားလို့ ချောင်းချောင်းနေတတ်လာပြီ.. ကိုယ့်မွေးနေ့တုန်းကတောင် ဘာတမ်သွားလိုက်သေးတယ်.. စလုံးသူဌေးပိုင်တဲ့ ရီဆော့တ်မှာတည်းတယ်.. စလုံးကို ခပ်ရေးရေးလှမ်းမြင်နိုင်တဲ့နေရာ.. ပင်လယ်ကမ်းဘေးပေမယ့် ကမ်းခြေတော့မရှိဘူး.. သဲသောင်ပြင်မရှိဘူး.. အစားအသောက်တွေကတော့ ကိုယ့်အကြိုက် လေးလေးပင်ပင် အရသာပြင်းပြင်းတွေ.. ရေပြင်ပေါ်က စားသောက်ဆိုင်လေးမှာ ပင်လယ်လေလေးခံစား နေခြည်နုနုနွေးနွေးလေးအောက် ညနေစာစားရတာ ကိုယ့်အကြိုက်.. အုန်းစိမ်းရည်လေးတောင် သောက်လိုက်သေး.. စျေးဝယ်ရတာလဲကောင်းပါ့.. မာဆာ့ချ်ကလဲ ဇိမ်ရှိပါ့.. ၂ရက်နေပြီး မပြန်ချင်ပြန်ချင်နဲ့ ပြန်လာခဲ့ရတယ်.. နောက်တခါကျရင်တော့ သဲသောင်ပေါ်လမ်းလျှောက် ခရုကောက်လို့ရမယ့် ဘင်တန်ကိုသွားမယ်လို့ တေးထားရင်းပေါ့.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

လူတိုင်းကပြောတယ်.. ပိန်သွားတယ်တဲ့.. ကိုယ်လဲ ထူးပြီးတော့ ပိန်အောင်ကြိုးစားတာ မဟုတ်ပါဘူး.. အစားတော့လျှော့မိတာအမှန်.. မနက်စာကိုများများစား.. နေ့လည်စာကိုသင့်ယုံ.. ညနေစာတော့ အပြုတ်လေးလောက်.. ဒါပါပဲ.. ပုံမှန်လေ့ကျင့်ခန်းလေးတောင် မလုပ်ဖြစ်ပါဘူး.. လုပ်မယ်လို့တော့ စဉ်းစားထားတယ်.. တနေ့နေ့ပေါ့.. ချက်ရပြုတ်ရတာလဲ အရင်လောက်စိတ်မပါဘူး.. ဂျီးမများဘဲ ချက်ကျွေးတာကို ကုန်အောင်စားပေးတဲ့သူနဲ့ ရထားလို့သာပဲ.. ချက်လိုက်တိုင်း ပစ်ထည့်ဟင်းတွေဖြစ်လို့.. ထင်ရာတွေပစ်ထည့်ပြီး ချက်နေတာမို့လား.. ဖွယ်ဖွယ်ရာရာ ချက်စားချင်စိတ်လဲ မရှိဘူး.. ခုတော့ ၀ါတွင်းမို့ ကိုယ့်မွေးနေ့ရယ် သူ့မွေးနေ့ရယ်မှာ သက်သက်လွတ်စားနေကြတယ်.. ကြက်ဥက သက်သက်လွတ်ပါတယ်လာပြောနေလို့ ရန်ဖြစ်ရသေး.. ရှင်မစားနိုင်ရင် မစားနဲ့လို့ အော်ထည့်လိုက်တယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ပြည်တော်ပြန်ကြသူတွေသတင်းကြားရရင် ကိုယ်လဲ ပြန်ချင်လိုက်တာကိုရူးလို့.. အခြေအနေအရပ်ရပ်ကြောင့် ခုထိတော့ ပြန်ဖို့လမ်းမမြင်သေးဘူး.. စီစဉ်နေတာ ကျိတ်ကြံနေတာတွေတော့ ရှိသပေါ့.. ကိုယ့်မြေက ကိုယ့်အိမ်မှာသာနေရ ဘာပဲဖြစ်ဖြစ်လုပ်ချင်ပါရဲ့.. စျေးရောင်းရမလား.. ဘာဖြစ်ဖြစ်.. တစ်ခုပဲ.. ကိုယ်ကတစ်ကိုယ်ရည်တစ်ကာယမဟုတ်တော့.. ကိုယ့်မိသားစုရယ်.. ကိုယ့်သားလေးရယ်အတွက် မနေချင်တဲ့အရပ်မှာ ပျော်အောင်နေနေရတယ်ပေါ့.. စလုံးမှာကလဲ တဖြေးဖြေးနေလို့မကောင်းတော့ဘူး.. အထူးသဖြင့် ကိုယ်တို့လိုနိုင်ငံခြားသားတွေ.. မှီခိုတွေကို တင်းကြပ်လိုက်.. နေထိုင်အလုပ်လုပ်ခွင့်စည်းမျဉ်းတွေကို မျိုးစုံပြောင်း.. နေစားရိတ်စားစားရိတ်တွေကလဲ ခေါင်ခိုက်နေရော.. မတတ်နိုင်ဘူးလေ.. ကိုယ့်မြေမှာ ခုဝင်ငွေရဲ့တဝက်လောက်တောင် ရှာနိုင်ဖို့က မလွယ်လှဘူးကိုး.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ခုတလော အလုပ်တွေကလဲ များမှများ.. ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ပေးလာရင်တော့ လုပ်လိုက်တာပါပဲ.. ကြာတော့ အလုပ်ကို ငြီးငွေ့လာတယ်.. တစ်နေရာတည်းမှာ ငါးနှစ်ကျော်လာပြီဆိုတော့လဲ ငြီးငွေ့တာ မဆန်းပါဘူး.. အလုပ်ပြောင်းပါလားဆိုတော့လဲ မပြောင်းချင်.. အခြေခံလစာကသိပ်မကောင်းလှပေမယ့် ဆုကြေးလေး အစုရှယ်ယာလေးနဲ့ပေါင်းလိုက်တော့ မဆိုးဘူးဆိုတာထက်ကို ပိုနေသေးတာမို့လား.. ကိုယ့်အဖြစ်က စားရမှာလဲသဲတရှပ်ရှပ် ပစ်ရမှာလဲအဆီတဝင်းဝင်းဆိုသလို ဖြစ်နေပြီ.. အလုပ်မှာလဲ ငြီးငွေ့မယ့်သာငြီးငွေ့နေတာ.. မန်နေဂျာကလဲ ကိုယ်ပြီးရင်ပြီးတယ်.. ဆူတာပူတာလဲမရှိ.. ငယ်သားတွေကလဲ သင်ရတာ အာပေါက်တာကလွဲလို့ ကိုယ့်အပေါ်ကောင်းကြပါရဲ့.. အဲသည်တော့လဲ.. နေမြဲပေါ့.. ငြီးလွန်းမကငြီးလာမှ ဆေးခွင့်လေးယူပြီး နားပစ်လိုက်.. ကာရာအိုကေလေးဘာလေး သွားဆိုပစ်လိုက်ယုံပဲ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ခုနောက်ပိုင်း ကိုယ့်ကို သံသယတွေက ကြီးစိုးနေတယ်.. ကောင်းတော့မကောင်းမှန်းသိရဲ့.. ဘာကိုပဲဖြစ်ဖြစ် သံသယတဝက်မကနဲ့ ကိုယ့်စိတ်ကိုကိုယ် နှိပ်စက်မိနေတတ်တယ်.. တချို့အကြောင်းအရာတွေကတော့ သံသယဖြစ်လောက်စရာ အထောက်အပံ့တွေ ရှိနေတာကိုး.. သို့ပေမယ့် အရာရာကို သံသယကြီးစွာ ကိုယ်တွယ်နေမိတာတော့ ကိုယ့်ကိုကိုယ် ဘဝင်မကျလှဘူး.. အသေးအဖွဲလေးကအစ သံသယဆိုတာကြီးက ခံခံနေလို့ ချောချောမွေ့မွေ့ကိုမရှိလှဘူး.. တကယ်တော့ ကိုယ်က ဘာကိုမှသံသယမထားလိုသူ.. အစွဲအလမ်းလဲ မကြီးလိုသူ.. ခုတော့ ကိုယ်ဖြစ်ချင်တာနဲ့ ဆန့်ကျင်နေတာက ကိုယ့်ရဲ့စိတ်ပေါ့.. ကိုယ်ရူးနေပြီလား.. ယဉ်ယဉ်လေးထင်တယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

နားလည်မှုဆိုတာကို လူတိုင်းဆီကကိုယ်မလိုချင်ပါဘူး.. ကိုယ်အလေးထားတဲ့လူတွေဆီကတော့ လိုချင်တယ်.. ကိုယ်က သိပ်နားလည်ရခက်တဲ့လူစားမျိုး မဟုတ်ဘူးလို့လဲ ကိုယ့်ကိုကိုယ် ထင်မိရဲ့.. ပြီးတော့ ကိုယ်ချစ်တဲ့သူတွေကိုလဲ ကိုယ်နားလည်ပေးနိုင်ပါတယ်.. ခွင့်လွှတ်တယ်ဆိုတာကတော့ နားလည်ပေးဖို့ထက်ပိုခက်မယ်.. ကိုယ့်အတွက်ကတော့ တတ်နိုင်သမျှ နားလည်ခွင့်လွှတ်ပေးလိုက်ခြင်းက ကိုယ့်ပျော်ရွှင်မှုနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ခံယူထားတာပါ.. ကိုယ့်ကို နားလည်ပေးတတ်တဲ့ ကိုယ်ပြောချင်တာတွေ အမြဲတမ်းသီးခံနားထောင်ပြီး ထပ်တူမျှဝေခံစားပေးတတ်တဲ့ နားတစ်စုံနဲ့ရင်ဘတ်တစ်ခုပိုင်ရှင်တစ်ယောက် ရှိနေသေးတာကိုက ကျေနပ်စရာပါ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ကိုယ့်ကမ္ဘာလေးထဲမှာ ခုထိတော့... အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

Wednesday, June 20, 2012

စာမေးပွဲများနှင့်ကျွန်မ

ကျွန်မတို့ရှင်သန်ကြီးပြင်းခဲ့တဲ့ သက်တမ်းတလျှောက်လုံး စာမေးပွဲဆိုတဲ့ဝေါဟာရနဲ့ မစိမ်းကြပါဘူး.. သူငယ်တန်းစတက်တယ်ဆိုကတည်းက စာမေးပွဲဆိုတာနဲ့ စတင်ရင်းနှီးရပြီ.. စာမေးပွဲဆိုတာကြီးရဲ့ ဖိစီးမှုကို အနည်းနဲ့အများတော့ ကြုံရပြီလေ.. စာမေးပွဲဖြေရင် အောင်ကိုအောင်ရမယ် ဆိုတဲ့အသိတရားက ကျွန်မစိတ်ထဲဘယ်ကဘယ်လိုစွဲလာလဲဆိုတာ မမှတ်မိပေမယ့် သိတတ်စအရွယ်လေးကတည်းက စာမေးပွဲကျမှာကို ကျွန်မ သိပ်ကြောက်တတ်ခဲ့တယ်..

ကျွန်မဖြတ်သန်းခဲ့တဲ့ကျောင်းသူဘဝတလျှောက် မှတ်မှတ်ရရ စာမေးပွဲတစ်ခါကျဖူးပါတယ်.. ၃တန်းတုန်းကပေါ့.. အဲသည်တုန်းက အကြောင်းကြောင်းကြောင့် ကျောင်းအပ်နောက်ကျပြီး ကျောင်းဖွင့်တာတစ်လကြာမှ ကျွန်မကျောင်းစတက်ရတယ်.. ခုခောတ်လို ကျူရှင်တွေဘာတွေလဲ ခောတ်မစားသေးတော့ နွေရာသီမှာလဲ စာကြိုလုပ်ထားတာမျိုး မရှိဘူးလေ.. ဖြစ်ချင်တော့ ကျွန်မကျောင်းစတက်ပြီး နောက်တနေ့မှာ လပတ်စာမေးပွဲ ဖြေရပါတယ်.. ဘာစာမှ မကူးရသေး မလုပ်ရသေးတဲ့ကျွန်မ မြန်မာစာနဲ့ သင်္ချာကိုတော့ အောင်ရုံလေးဖြေနိုင်ခဲ့ပေမယ့် အင်္ဂလိပ်စာတော့ ၂၈မှတ်ပဲရပြီး ဘုန်းခနဲကျပါတော့တယ်.. အတန်းထဲမှာ စာမေးပွဲကျသူက ကျွန်မတစ်ယောက်တည်း.. ရီပို့ကတ်ရတဲ့နေ့က ကျွန်မမှာငိုလိုက်ရတာ.. မေမေ့ကိုလဲမပြောရဲပဲ တိတ်တိတ်ကလေးနေတာပေါ့.. နောက်တော့လဲ မေမေကသိသွားတာပါပဲ.. နောက်နေ့ကျတော့ မေမေကိုယ်တိုင် ကျောင်းကိုလိုက်ပြီး ဆရာမနဲ့တွေ့၊ ကျွန်မကို သေသေချာချာအပ်တာပေါ့.. ကျွန်မလဲ အဲသည်ကစလို့ အင်္ဂလိပ်စာကို ပိုပြီးဖိကြိုးစားခဲ့တယ်.. အမှတ်တရပါပဲ.. ၃တန်းအတန်းတင်စာမေးပွဲမှာ ကျွန်မ အင်္ဂလိပ်စာအမှတ် ၁၀၀အပြည့်နဲ့ ပထမဆုယူခဲ့ရတယ်.. စိတ်ထဲမှာတော့ သိပ်ကျေနပ်လှတယ်မဟုတ်သေးဘူး.. တနေ့ကျရင် တတန်းလုံးစာမေးပွဲကျခဲ့ရင်တောင် ကျွန်မတော့ အောင်ကိုအောင်ရမယ်လို့ တေးထားတုန်း.. ကျွန်မအတွက်တော့ စာမေးပွဲကျခဲ့ခြင်းက ပိုကြိုးစားဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်ခဲ့တယ်လေ..

ကျွန်မမှာ ငယ်ငယ်လေးကတည်းက အကျင့်တစ်ခုရှိတယ်.. ရောဂါပဲပြောရမလား.. စိတ်စွဲနေတဲ့အရာတွေကို ညညကျရင် အိပ်မက်ယောင်ပြီး ထလုပ်တတ်တာမျိုး.. မနက်ကျရင် စာမေးပွဲဖြေရမယ်ဆို ညဘက်အိပ်နေရင်းက ယောင်ပြီး ခဲတံတွေထချွန်နေတာမျိုး.. စာတွေထကျက်နေတာမျိုးတွေပေါ့.. ပထမတော့ မေမေက ကျွန်မနိုးပြီး ထလုပ်နေတာထင်လို့လေ.. အဲသည်အချိန်ဆို ဘယ်သူစကားသွားပြောပြော ဘာမှပြန်မပြောတာ.. မျက်နှာက တမျိုးကြီးဖြစ်နေတာတွေ မြင်တော့မှ ယောင်နေမှန်းသတိထားမိတာလေ.. မနက်အိပ်ယာနိုးလို့ ကျွန်မကိုပြန်မေးရင် ဘာမှမသိတော့ဘူး.. စာမေးပွဲနဲ့ပတ်သတ်ရင် အဲသလောက်အစွဲကြီးတတ်တဲ့ ကျွန်မကို အိမ်ကလူတွေက စာခြောက်ရုပ်လို့ ခေါ်ကြတယ်လေ..

၁၀တန်းရောက်တဲ့နှစ်မှာတော့ ကျွန်မငယ်ငယ်လေးကတည်းက တေးထားခဲ့တာလေး လက်တွေ့ဖြစ်လာခဲ့တယ်.. ပထမလပတ်စာမေးပွဲမှာ တစ်ကျောင််းလုံး အင်္ဂလိပ်စာကျပြီး ကျွန်မတစ်ယောက်ပဲ အောင်တယ်လေ.. အောင်တာမှ အမှတ်၉၀နဲ့ပေါ့.. ဆရာမက Q&A ၁၀ပုဒ်ကို အမှတ်၁၀၀ဖိုး မေးလိုက်တာကို.. Selected Myanmar Tales ဆိုတဲ့ ပြဌာန်းစာအုပ်ထဲက ပုံပြင်တွေကို မဖတ်ထားတဲ့သူတွေများတော့ အားလုံး ကျကြတာပေါ့.. ပုံပြင်တွေကို ကာတွန်းကားထဲက ဇာတ်ကြောင်းပြောသူလေသံနဲ့ ခဏခဏ အော်အော်ဖတ်နေတတ်တဲ့ ကျွန်မကတော့ မေးခွန်းအားလုံး ဖြေနိုင်ပါတယ်.. ဒါတောင် meet ရဲ့ past tense က met ကို meeted လုပ်မိလို့ ၁၀မှတ်လျော့သွားရသေးတယ်.. ဘာပဲဖြစ်ဖြစ် စာမေးပွဲနဲ့ပတ်သတ်ပြီး ငယ်ငယ်လေးကတည်းကစွဲခဲ့တဲ့ ကိုယ့်ကိုယ်ကိုမကျေနပ်တာလေးတော့ လျော့သွားတာအမှန်ပဲ.. သူများတွေစာမေးပွဲကျတာကို ၀မ်းသာတာမဟုတ်ပါဘူး.. ကိုယ့်ရဲ့အောင်မြင်မှုနဲ့ အတိတ်ကအရိပ်ဆိုးကို ခြေဖျက်လိုက်နိုင်လို့ ကျေနပ်မိတဲ့သဘောလေးပါပဲ..

၁၀တန်းစာမေးပွဲကြီးဖြေတော့ ၀ိဇ္ဇာဘာသာတွဲနေ့က ကျွန်မအတွက် တကယ်ကိုရင်အတုန်ရဆုံးပါပဲ.. ကျက်စာကိုအင်မတန်ပျင်းတဲ့ကျွန်မ စာတွေကို အားလုံးကျက်မထားပဲ ရွေးကျက်ထားတော့ ရင်တုန်ရပြီပေါ့.. မေးခွန်းလဲဖတ်ပြီးရော မျက်လုံးတွေကို ပြာထွက်သွားတာပဲ.. ကျွန်မကျက်ထားတာတွေ မတိုးပါဘူး.. အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ကြိုးစားပြီး ရသလောက်ဖြေရတာပေါ့.. စိတ်ထဲမှာတော့ အတွေးတွေကပေါင်းစုံပဲ.. ကျပြီလို့လဲ တထစ်ချတွက်ထားလိုက်သေးတာ.. အောင်စာရင်းမထွက်မချင်း အိပ်မက်ထဲမှာ စာမေးပွဲတွေ ပြန်ဖြေလိုက်ရတာလဲ ခဏခဏပေါ့.. တစ်ခါမှလဲ ဖြေနိုင်တယ်မရှိပါဘူး.. အောင်စာရင်းထွက်လို့ အောင်တယ်ဆိုမှပဲ သက်ပျင်းရောသက်မရော အကုန်ချနိုင်တော့တာ.. ကျောင်းသားဆိုတာ စာသာမကျက်ချင်ရင်ရှိမယ် စာမေးပွဲတော့ အောင်ချင်ကြတာချည်းမို့လား..

ကျွန်မဘဝမှာ တမင်တကာကျအောင်ဖြေခဲ့တဲ့ စာမေးပွဲတစ်ခုလဲ ရှိခဲ့ဖူးတယ်.. ၁၀တန်းအောင်ပြီးမှ ဖြေရတဲ့ ကွန်ပျူတာတက္ကသိုလ် ၀င်ခွင့်စာမေးပွဲပေါ့.. အဲသည်အချိန်မှာ ကျွန်မက ဂျီတီအိုင်တက်နေပြီ.. မှော်ဘီကျောင်းမှာ ပျော်နေပြီ.. အဲ.. ရည်းစားလဲရနေပြီ.. ၀င်ခွင့်စာမေးပွဲကို ဖေဖေကအတင်းဖြေခိုင်းလို့ သွားဖြေလိုက်ရပေမယ့် မှော်ဘီမှာ ကျောင်းဆက်မတက်ရတော့မှာကို ကျွန်မစိုးရိမ်တော့ မေးသမျှမေးခွန်းတွေကို တလွဲတွေချည်း ဖြေပစ်လိုက်တယ်.. မေးခွန်းက Multiple Choice ဆိုတော့ တလွဲဖြေဖို့ကလဲ သိပ်စဉ်းစားစရာမှမလိုဘဲကိုး.. အမှန်တစ်ခုကလွဲလို့ ကြိုက်တာရွေးသည်ပေါ့.. ဆိုးတယ်နော်.. ဖေဖေတက်စေချင်တဲ့ကျောင်းကို မတက်ချင်ခဲ့ပေမယ့် စိတ်ထဲကတော့ ဖေဖေ့ကိုကတိပေးမိတယ်.. ကျွန်မကိုယ်တိုင် ရွေးချယ်တဲ့ပညာလမ်းမှာ ထိပ်ဆုံးမဟုတ်တောင် အလယ်အလတ်တော့ မကစေရပါဘူးလို့..

ကျောင်းပြီးဘွဲ့ရတဲ့နောက် ကျွန်မဖြေရတာတွေကတော့ အလုပ်ခွင်အင်တာဗျူးတွေပေါ့.. စင်္ကာပူဆိုတဲ့ကျွန်းလေးပေါ်က လူတွေ့အလုပ်ခွင်စာမေးပွဲတွေပါပဲ.. အင်တာဗျူးသွားဖြေရင်း ခွေးလိုက်ဆွဲခံရဖူးတယ်.. မိုးတွေသည်းကြီးမည်းကြီးရွာ မိုးကြိုးတွေပစ်နေတဲ့ ကွင်းပြင်အလည်က ကားမှတ်တိုင်လေးမှာ ကြောက်ကြောက်နဲ့ ငိုခဲ့ဖူးတယ်.. မေးတဲ့သူရဲ့အချိုးကိုမကြိုက်လို့ အင်တာဗျူးဖြေနေရင်းနဲ့ Sorry, I would like to withdraw my application ဆိုပြီး ထပြန်ခဲ့ဖူးတယ်.. အင်တာဗျူးတဲ့သူနဲ့ ဘောလုံးပွဲအကြောင်းတွေထိုင်ပွားပြီး အလုပ်တစ်ခုရခဲ့တယ်လေ.. ဖြစ်ချင်တော့ ကိုယ်ရောသူရောက မန်ယူဖန်တွေမို့ လေပေးကိုဖြောင့်လို့.. ဖြေပြီးပြန်သွားတော့ အလုပ်ရမယ်လို့ကို မထင်တာ.. နောက်နေ့ကျ အလုပ်ခန့်လိုက်ပြီလို့ အကြောင်းကြားတော့ အူကြောင်ကြောင်တောင် ဖြစ်နေရသေး..

အလုပ်ဝင်ပြီးတော့လဲ စာမေးပွဲတွေနဲ့ မကင်းနိုင်သေးပါဘူး.. အလုပ်ကနေလွှတ်တဲ့ သင်တန်းတွေမှာ စာမေးပွဲတွေဖြေနေရတုန်းပဲ.. ကျောင်းသူဘဝက စာမေးပွဲတွေလောက်တော့ ရင်ခုန်စရာမကောင်းတော့ဘူးပေါ့.. တလောက.. ကျွန်မတို့ရုံးမှာ Management System Certification အသစ်တစ်ခုအတွက် ဒါရိုက်တာ၊ မန်နေဂျာတွေနဲ့ရောပြီး သင်တန်းတစ်ခုတက်ရပါတယ်.. မန်နေဂျာအဖိုးကြီးတွေကြားထဲမှာ ပမွှားဆိုလို့ ကျွန်မတစ်ယောက်တည်း.. သင်တန်းပြီးလို့ စာမေးပွဲဖြေရမယ့်နေ့ရောက်လာတော့ သူတို့တွေက ကျွန်မနဲ့စာရင် အများကြီးပိုလို့ ရင်ခုန်နေကြသလိုပဲ.. စာမေးပွဲနဲ့ ဝေးနေတာကြာတဲ့လူကြီးတွေ ငယ်မူငယ်သွေးတွေကြွပြီး တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြ.. ညကဘယ်အချိန်ထိ စာကြည့်ထားတာဆိုပြီး ပြိုင်ကြနဲ့.. ကျွန်မမှာ သူတို့ကိုကြည့်ပြီး ရယ်ချင်လိုက်တာ.. စာမေးပွဲက ကွန်ပျုတာနဲ့ အွန်လိုင်းဖြေပြီး ချက်ချင်းရီဇတ်ထွက်တာဆိုတော့ ပိုလို့တောင်ရင်ခုန်နေကြသေး.. အဖြေတွေကို submit လုပ်ဖို့ ကလစ်မခေါက်ခင် ရင်ခုန်နေတဲ့သူတို့မျက်နှာအမူအယာတွေက မူလတန်းကျောင်းသားလေးတွေ ကျနေတာပဲ.. အောင်တဲ့သူတွေက လက်သီးလက်မောင်းတန်းအောင်ပျော်ကြ ကျတဲ့သူတွေက မှိုင်တွေတွေနဲ့အားမလိုအားမရ ရေရွတ်နေကြတာတွေမြင်ရတော့ သြော်.. စာမေးပွဲဆိုတာ အသက်အရွယ်မရွေး လူတန်းစားမရွေးကို ဖိစီးနိုင်တာပါလားလို့ တွေးမိရတယ်လေ..

ရှေ့ဆက်ပြီးတော့လဲ ကျွန်မတို့ဘဝမှာ စာမေးပွဲဆိုတာတွေ ရှိနေဦးမှာပါပဲ.. တကယ်တမ်းကျတော့ ဘဝဆိုတာကို ကျောင်းကြီးတစ်ခုနဲ့တင်စားရင် ရသမို့လား.. ဘဝကျောင်းကြီးထဲမှာ သင်ခန်းစာတွေအမျိုးမျိုး သင်ယူခဲ့ကြရတယ်.. တချို့သင်ခန်းစာတွေကို ဂုဏ်ထူးထွက်တဲ့အထိ ကျေညက်ခဲ့သလောက် တချို့သင်ခန်းစာတွေကျပြန်တော့ အောင်မှတ်လေးတောင်အနိုင်နိုင်ရယ်.. ဘယ်လိုပဲဖြစ်ဖြစ်လေ.. သည်ဘဝကျောင်းကြီးထဲမှာ ကျင်လည်ခိုကပ်နေရသမျှ ကာလပါတ်လုံးတော့ ကျွန်မတို့တွေ စာမေးပွဲဆိုတာတွေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ထိတွေ့နေရဦးတော့မှာပါပဲ.. အဲသည်တော့ လူတိုင်းလူတိုင်း ကြုံလာမယ့်စာမေးပွဲတိုင်းကို အောင်မြင်စွာကျော်လွှားနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ချင်ပါတယ်ရှင်..

Wednesday, June 6, 2012

၁နှစ်စာအမှတ်တရ နိစ္စဓူဝ

တနင်္လာကနေ စနေအထိ မနက်တိုင်း ရုံးသွားတဲ့အခါ ရုံးကားစီးရမယ့်မှတ်တိုင်ကို ကျွန်မ လမ်းလျှောက်သွားလေ့ရှိတယ်.. ခပ်သွက်သွက်လျှောက်ရင် ၁၀မိနစ် အေးအေးဆေးဆေးလျှောက်ရင်တော့ ၁၅မိနစ်လောက် လျှောက်ရတတ်တယ်လေ.. မနက်ပိုင်းဆို ရနာရီခွဲလောက်မှ သေသေချာချာလင်းတတ်တဲ့ သည်ကျွန်းကလေးမှာ ကျွန်မအိမ်ကထွက်တဲ့အချိန် ၆နာရီခွဲဆို မှောင်နေတုန်း.. လဆုတ်ရက်တွေဆို တိမ်မထူရင် လကလေးကိုတောင် ခပ်ရေးရေးမြင်နေရတတ်တုန်းပေါ့.. ကျွန်မနေတဲ့ရပ်ကွက်က သည်ကျွန်သား ပိုက်ဆံသိပ်မတတ်နိုင်တဲ့သူတွေကို စျေးသက်သက်သာသာနဲ့ ရောင်းပေးထားတဲ့ တိုက်ခန်းမျိုးတွေများတော့ လက်လုပ်လက်စား အလုပ်သမား အခြေခံလူတန်းစားတွေ နေတဲ့နေရာလို့ ပြောရင်ရမလားပဲ.. တခြားရပ်ကွက်တွေ မြို့လယ်နဲ့နီးတဲ့နေရာတွေမှာ အဲသည်အချိန်မျိုးဆို လူသိပ်မစည်လှသေးပေမယ့် ကျွန်မတို့ရပ်ကွက်လေးကတော့ အတော်လေးစည်ကားနေပြီ.. တနေ့တာဘဝအမောတွေကို အားမာန်အပြည့်နဲ့ ရင်ဆိုင်ကြဖို့ အိတ်ကိုယ်စီလွယ် အထုပ်ကိုယ်စီဆွဲလို့ လုပ်ငန်းခွင်ရှိရာကို တရွေ့ရွေ့ တချို့ကလဲ ခပ်သုတ်သုတ် လှမ်းကြပြီ..

ဓာတ်လှေကားထဲမှာ ဆုံနေကျလူတွေကလဲ ဆုံပါများလို့ မျက်မှန်းတန်းမိနေပြီ.. ၁၅ထပ်မှာ ကျွန်မဝင်လိုက််ပြီဆို ကျောင်းဝတ်စုံနဲ့မောင်နှမ၂ယောက် အမြဲလိုလိုပါလာတတ်တယ်.. ၀ကစ်ကစ်ကောင်ငယ်ကလေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျွန်မကိုကြည့်မယ်.. ပြုံးပြီး ဟိုင်းအန်တီလို့ နှုတ်ဆက်မယ်.. ကျွန်မလဲ မင်္ဂလာနံနက်ခင်းပါလို့ ပြန်ပြောမယ်.. အောက်ကိုရောက်ရင် ဘိုင်ဘိုင်.. ကောင်းသောနေ့ဖြစ်ပါစေဆိုပြီး သူတို့က ညာဖက်ကိုထွက် ကျွန်မက ဘယ်ဖက်ကိုထွက်ပြီး လမ်းခွဲကြစမြဲ.. ကားပါ့ခ်ဆီကိုထွက်တဲ့စင်္ကြံလေးမှာ အမြီးပြတ်နေတဲ့ ကြောင်လေကြောင်လွင့်ကြီး ၃ကောင်အမြဲရှိတယ်.. အဝါတစ်ကောင် အဖြူတစ်ကောင် အဝါနဲ့အနက်ကျားကြီးက တစ်ကောင်.. ကျွန်မနည်းနည်းနောက်ကျတဲ့နေ့ဆို သူတို့၃ကောင်ကို အစာလာကျွေးတဲ့ အန်တီကြီးတယောက်နဲ့ပါဆုံမယ်.. ပါးစပ်ကနေ စကားတွေတတွတ်တွတ်ပြောရင်း ကြောင်ကြီးတွေကို အစာကျွေးနေတတ်တယ်.. ကျွန်မနားမလည်ပေမယ့် ကြောင်ကြီးတွေကတော့ နားလည်မလားပဲ.. သည်ကျွန်းလေးမှာ ခွေးလေခွေးလွင့်ရယ်လို့ လမ်းဘေးမှာမတွေ့ဖူးပေမယ့် ကြောင်လေကြောင်လွင့်တွေကတော့ အများကြီး.. အားလုံးလိုလိုကလဲ အမြီးပြတ်ကြီးတွေ.. ဘာလို့ရယ်တော့ ကျွန်မလဲ သေချာမသိပါဘူး.. သူတို့ကိုမြင်တိုင်း ငယ်ငယ်ကဆိုနေကျ ကြောင်ပါးကြီးရယ်မြီးတံတို ဆိုတဲ့ကဗျာအတိုအစကလေးက ခေါင်းထဲရောက်ရောက်လာတတ်တယ်..

ကားပါ့ခ်ထဲမှာ ကားတွေပြည့်နေတုန်း.. ကားပါ့ခ်ဘေးနား လူသွားလမ်းလေးမှာတော့ မနက်စောစော လေ့ကျင့်ခန်းလုပ်တတ်သူတွေပြည့်လို့.. ခပ်ပြေပြေကုန်းလျှောလေးကို တက်လိုက်ရင် စျေးကြီးကိုလှမ်းမြင်ရမယ်.. စားသောက်တန်းမှာတော့ လူတွေစည်နေပြီ.. ပေါက်စီတွေ ဒင်ဆမ်းတွေရောင်းတဲ့ဆိုင်က အငွေ့တွေထောင်းထောင်းထနေတတ်တယ်.. တခြားဆိုင်ခန်းတွေကတော့ ပိတ်ထားတုန်း.. ၁၀နာရီလောက်မှ ဖွင့်တတ်ကြတာလေ.. စျေးကြီးထဲမှာ ခရီးသွားလုပ်ငန်းရုံးခန်း ၂ခုတောင်ရှိတာမို့ စျေးရှေ့ကလမ်းမပေါ်မှာ အဝေးပြေးကားကြီးတွေ အမြဲတမ်းပြည့်နေတတ်တယ်.. သောကြာ၊ စနေလိုနေ့မျိုးဆို ပိုများပေါ့.. မလေးရှားကိုသွားကြမယ့်သူတွေ အထုပ်အပိုးတွေကိုယ်စီဆွဲလို့ ဥဒဟိုသွားလာနေကြတာ တွေ့ရမယ်.. စျေးနဲ့မျက်မျက်စောင်းထိုးက မြန်မာစားသောက်ဆိုင်လေးရှိတဲ့ ကိုပီတီယမ်စားသောက်တန်းကတော့ ညနက်တဲ့အထိ အလုပ်တွေများထားလို့ ငိုက်မြည်းလို့ကောင်းနေဆဲ..

ကားတွေရှုပ်နေတတ်တဲ့ စျေးရှေ့လမ်းမကို ကူးလိုက်ပြီးရင်တော့ လူနည်းနည်းရှင်းသွားပြီ.. လေ့ကျင့်ခန်းလုပ်ဖို့ စက်ကိရိယာတွေရှိတဲ့ကွင်းလေးမှာ ကစားနေသူ ၂ယောက်၃ယောက်လောက်ရှိတတ်တယ်.. သူ့ဘေးက ရဲစခန်းငယ်လေးကတော့ တံခါးတွေပိတ်ရက်သား.. ၂၂ထပ်ရှိတဲ့ တိုက်တန်းကြီးကိုဖြတ်လျှောက်ရင်း လစ်ဖ်လော်ဘီကိုရောက်ရင် စောစောစီးစီး အမှိုက်ပုံးကိုဖွလို့ အအေးသံဖြူဗူးလေးတွေ ရှာဖွေနေတတ်တဲ့ အဖိုးတစ်ယောက်ကိုတွေ့ရမယ်.. သူဘေးမှာတော့ သူ့လက်စွဲတော် တွန်းလှည်းခြင်းဟောင်းလောင်းကလေး.. တခါတလေလဲ ကတ်ထူတွေအပြည့်နဲ့.. တခေါင်းလုံးဖြူဖွေးနေပြီး အကြောပြိုင်းပြိုင်းထနေတဲ့လက်တွေနဲ့ ညှပ်ကလေးကိုင်လို့ အမှိုက်ပုံးဖွနေတဲ့အဖိုးကို မြင်ရတိုင်း ကျွန်မရင်ထဲ တမျိုးကြီးဖြစ်ဖြစ်သွားတတ်တယ်..

ဆက်လျှောက်ခဲ့ရင် နေ့တိုင်း နာရီနှိုးစက်သံတွေ ကျယ်လောင်ဆူညံနေတတ်တဲ့ အခန်းနံပါတ် ၁၅၇ရှေ့ကနေ ဖြတ်ရမယ်.. အိပ်ပုတ်ကြီးတဲ့သူတွေနေတဲ့အိမ်ထင်ပါရဲ့.. နှိုးစက်သံက ၃၊ ၄မျိုးတောင် တပြိုင်တည်းမြည်နေတတ်တာမို့လား.. တိုက်တန်းကြီးအောက်ကထွက်ရင်တော့ ကံ့ကော်နဲ့ခပ်ဆင်ဆင်တူတဲ့ အပင်လေးတွေ ဘယ်ညာရံနေတဲ့ လူလျှောက်ကွန်ကရစ်လမ်းလေးဆီရောက်မယ်.. အပင်လေးတွေမှာ အရွက်ကရောင်စုံ.. ပုရစ်ဖူးလေးတွေက ဖက်ဖူးစိမ်း.. ရွက်နုတွေကတော့ နီသလိုလို ညိုသလိုလို.. ရင့်လာတော့ စိမ်းစိုလို့.. ကျွန်မသိပ်ကြိုက်တဲ့အပင်တွေ.. လမ်းနံဘေးညာဖက်က ဘာဘီကျူးပစ်တ်လေးမှာတော့ တခါတလေ ဆယ်ကျော်သက်လေးတွေ အုပ်စုဖွဲ့ထိုင်နေကြတတ်တယ်.. တစ်ညလုံး လည်ပတ်သောင်းကျန်းထားကြတဲ့ အိပ်ချင်မူးတူးပုံစံလေးတွေနဲ့.. ဘယ်ဘက်မှာက ဇရပ်လိုလိုအမိုးသာရှိပြီး အကာမရှိတဲ့ရုံကြီး.. တရုတ်လူမျိုးတွေက အသုဘအခမ်းအနားလုပ်ပြီး မလေးလူမျိုးတွေ မင်္ဂလာဆောင်ပွဲ လုပ်တတ်တဲ့ခန်းမနေရာကြီးပေါ့..

လမ်းကလေးဆုံးလို့ လှေကား၇ထစ်ဆင်းလိုက်ရင် ကော်ပိုရေးရှင်းလမ်းပေါ်ရောက်ပြီ.. လူကူးအချက်ပြမီးစိမ်းအောင်စောင့် လမ်းကူးပြီးရှေ့နည်းနည်းဆက်လျှောက်ရင်တော့ ကျွန်မ ရုံးကားစီးရမယ့်မှတ်တိုင်ရောက်ပြီပေါ့.. နောက်ကျမှာသိပ်ကြောက်တတ်တဲ့ကျွန်မက အမြဲတမ်း ကားမှတ်တိုင်ကို စောစောပဲကြိုရောက်နေတတ်တယ်.. နေ့တိုင်း ကားမှတ်တိုင်မှာ ဆုံနေကျလူတွေကလဲ အားလုံးတူတူပဲ.. စက်ရုံတစ်ခုက အလုပ်သမလေးတွေရယ်.. ဆောက်လုပ်ရေးလုပ်ငန်းခွင်က လုပ်သားကြီး၂ယောက်ရယ်.. ကိုယ်ပိုင်ကားလေးတစ်စီးနဲ့လာကြိုတာကို နေ့တိုင်းစောင့်နေတတ်ကြသူ ဘယ်သွားမှန်းမသိတဲ့ အဖိုးအဖွားစုံတွဲတစ်တွဲရယ်.. စက်ရုံကြိုပို့ကားကြီးက အရင်လာမယ်.. ပြီးရင် ဆောက်လုပ်ရေးလုပ်ငန်းက လော်ရီလာမယ်.. ပြီးရင်တော့ အဖိုးအဖွားတို့ မျှော်နေတဲ့ ငွေမှင်ရောင်ကားကလေးလာမယ်.. ကျွန်မတို့ရုံးကားကတော့ နောက်ဆုံးပေါ့..

ရုံးကပြန်တဲ့လမ်းကျပြန်တော့ အလာတုန်းကနဲ့ မတူပြန်ဘူး.. ကားပေါ်ကဆင်းပြီးရင် ၁၅မိနစ်လောက် လျှောက်ရတာခြင်း တူပေမယ့် လျှောက်ရတဲလမ်းက နည်းနည်းကွာတယ်.. မဆလာနဲ့သင်းနေတတ်တဲ့ တိုက်တန်းကလေးကိုဖြတ်တိုင်း ကျွန်မဗိုက်ထဲက တကျုတ်ကျုတ်မြည်အောင် ဆာလာတတ်တယ်.. တိုက်တန်းလေးဆုံးလို့ လမ်းကူးလိုက်ရင်တော့ တုံးခေါက်သံတတုံတုံထွက်နေတတ်တဲ့ ဘုံကျောင်းလေးဆီရောက်ပြီ.. ဆက်လျှောက်ရင် ကားကြီးကွင်းတစ်ခုကိုဖြတ် ပြီးရင်တော့ စျေးကြီးကိုရောက်ပြီ.. မနက်ကပိတ်ထားဆဲဆိုင်တွေက ညနေဆို စျေးသည်စျေးဝယ်တွေနဲ့ ဆူညံစည်ကားလို့နေပြီ.. စျေးထဲကဖြတ်ရင်း ဟိုငေးဒီငေးနဲ့ ၀ယ်စရာရှိတော့လဲဝယ်ပေါ့.. စားသောက်တန်းကိုဖြတ်ထွက်လိုက်ရင် ကျွန်မတို့ဘလောက်ကြီးကို လှမ်းမြင်ရပါပြီ.. ၃မိနစ်လောက်ဆက်လျှောက်ရင် တိုက်အောက်ရောက်ပြီ.. စကြံင်္မှာ မနက်ကကြောင်ကြီးတွေ ရှိမနေဘူး.. မနက်ပိုင်းတော့ အစာကျွေးမယ့်အဖွားကို လာစောင့်ကြတာထင်ရဲ့.. ၁၅ထပ်ကိုတက်.. သော့ပိတ်ထားတဲ့တံခါး၂ထပ်ကိုဖွင့်ပြီးရင်တော့ အိမ်လို့အမည်ရတဲ့ (ကျွန်မစိတ်ထဲမှာ အိမ်လို့ဇွတ်လက်ခံထားရတဲ့) ဂေဟာကလေးဆီရောက်ပါပြီ.. တနေကုန် တံခါးတွေအလုံပိတ်ထားလို့ လှောင်အိုက်အိုက် အနံ့တမျိုးစွဲနေတဲ့အငွေ့အသက်နဲ့ အခန်းလေးထဲဝင်ပြီး အိတ်ကိုချ မွေ့ယာပေါ်လှဲချလိုက်တိုင်း ဖြူညစ်ညစ်မျက်နှာကြက်က ကျွန်မကို ငုံ့ကြည့်နေတတ်တယ်.. ၁နှစ်တိတိ သည်ပုံစံအတိုင်း ကျွန်မ ဖြတ်သန်းခဲ့ပြီးပြီ..

သည်ရပ်ကွက် သည်လမ်းကလေးက သည်လူတွေနဲ့ ကျွန်မရင်းနှီးနေပြီဆိုခါမှ ကျွန်ကလေးပေါ်က နိုင်ငံခြားသားတို့ရဲ့ ထုံးစံအတိုင်း အိမ်ပြောင်းရပြန်ပြီ.. နောက်တစ်နေရာက နောက်ထပ်လူတွေနဲ့ ထပ်ပြီးတွေ့ကြုံရဦးမယ်.. ဘဝဆိုတာ အဲသလိုပါပဲလေ.. တွေ့ကြုံဆုံကွဲပေါ့.. နှစ် ၃၀လုံးလုံး တွေ့ဆုံခဲ့သူတွေ ကွေကွင်းခဲ့သူတွေ နည်းမှမနည်းခဲ့ပဲ.. သိပ်ရင်းနှီးဖူးလို့ အမြဲအမှတ်ရနေတဲ့သူတွေရှိတယ်.. မရင်းတရင်းမို့ တိုက်ဆိုင်မှသတိရမိသူတွေရှိမယ်.. လုံးလုံးလျားလျား မေ့သွားသူတွေလဲ မနည်းမနောပေါ့.. ဘာပဲပြောပြော ၁နှစ်တိတိ နေ့စဉ်လိုလို ကြုံခဲ့ဖူးသူတွေရယ် လျှောက်ခဲ့ဖူးတဲ့သည်လမ်းလေးရယ်ကိုတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကျွန်မ အမှတ်ရနေဦးမှာပါပဲ..