Showing posts with label Food for Fun. Show all posts
Showing posts with label Food for Fun. Show all posts

Sunday, November 22, 2009

ကြေးအိုး

ဒီနေ့ အိမ်မှာကြေးအိုးချက်စားဖြစ်တယ်... ကျွန်မတို့လင်မယားက ကြေးအိုးဆိုရင် နေ့တိုင်းလည်းစားနိုင်တယ်လေ... ရန်ကုန်မှာတုန်းကဆို မစားဖူးတဲ့ နာမည်ကြီးကြေးအိုးဆိုင် မရှိသလောက်ပဲ... YKKO ရွှေယုန်လေး ရွှေနဂါး ယူဂျီးနီးယား ရွှေတောင်တန်း ကြေးအိုးဘုရင် အောင်မြင့်မိုရ် ဆိုင်တွေစုံအောင် စားဖူးတယ်... ဒီမှာကျတော့ ကြေးအိုးဆိုင်ကောင်းကောင်းလဲ မရှိတော့ ကိုယ့်ဟာကိုယ်ပဲ ချက်စားဖြစ်တာများတယ်လေ... ချက်ရတာလဲ သိပ်မခက်လှဘူးဆိုတော့ ခဏခဏချက်စားဖြစ်တယ်... ချက်နည်းလေးလဲ မျှဝေပေးချင်ပါတယ်... လုပ်စားကြည့်ကြပေါ့နော်....

ဝက်ရိုးကို ညကတည်းက၀ယ်ပြီး ဆား သကြား အချိုမှုန့်တွေထည့်လို့ မီးနည်းနည်းနဲ့ ပြုတ်ထားရပါတယ်.... ၀က်သားကြိတ်ထားတာကို ဆား သကြားနဲ့ ကြက်ဥအကာတို့ထည့်ပြီး နှပ်ထားလိုက်ပါ... အူချိုကို မခါးအောင် ဆီနည်းနည်းထည့်ဆေးပြီး ပြုတ်ထားရပါမယ်... အူမကြီးနဲ့ နှလုံးကိုလည်းပြုတ်ထားပေးပါ... အသည်းကိုတော့ ခပ်ပါးပါးလှီးပြီး ရေနွေးပွက်ပွက်ဆူထဲ ခဏထည့်ပြီးပြန်ဆယ်ထားပါ... အသည်းက အကြာကြီးပြုတ်ထားရင် မာသွားတတ်တယ်လေ... ငုံးဥလည်း ပြုတ်ပြီးအခွံခွာထားရပါမယ်... နောက်ထပ်အရေးကြီးတာကတော့ မုန့်ညင်းစိမ်းပါ... အဲဒီမုန်ညင်းစိမ်းမပါရင် ကြေးအိုးနံ့ မရတော့ပါဘူး... NTUC မှာရှိတတ်ပါတယ်... Da Chai လို့ခေါ်ပါတယ်...

စားခါနီးကျရင် ၀က်ရိုးပြုတ်ရည်ကို တစ်ပွဲစာထည့်ပြီး တည်ထားပါ... ဆူလာရင် ၀က်သားနှပ်ထားတာလေးကို လုံးပြီးထည့်ပါ... ကလီစာတွေကိုလည်း ထည့်ပြုတ်ပါ... ဆား သကြား အချိုမှုန့် လိုသလောက်ထည့်ပါ... ရေစိမ်ထားတဲ့ ကြာဆံကိုလဲ ထည့်ပြုတ်ပါ... ကြာဆံနူးခါနီးရင် ငုံးဥ မုန့်ညင်းစိမ်းနဲ့ ကုဆိုင်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ... ကြေးအိုးဆီချက်ကြိုက်ရင်တော့ အရည်စစ်ပြီး ဆီချက်လေးချက်ထားတာရယ် ပဲငံပြာရည်လေးရယ်နဲ့ နယ်စားယုံပါပဲ... စစ်ထားတဲ့အရည်ကိုတော့ ငရုတ်ကောင်းလေးထည့်သောက်ပေါ့...

အချဉ်ရည်ကတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ထောင်းထားတာကို Chilli Sauce နဲ့ ဖျော်လိုက်ယုံပါပဲ... ကဲ သုံးဆောင်သွားပါဦးနော်....

ဒါကတော့ ကျွန်မစားတဲ့ အရည်သောက်လေးပါ... သားဖေဖေစားတဲ့ဆီချက်တော့ ဓါတ်ပုံရိုက်ဖို့ မမှီလိုက်ဘူး...

အချဉ်ရည်လေးပါ ချပေးထားတယ်....

Tuesday, August 11, 2009

ကြာဆံချက်

မနေ့က အိမ်မှာကြာဆံချက် ချက်စားတယ်... ဒီမှာကကြာဆံချက်ထဲ ထည့်ရမည့် အမယ်တွေအစုံ အလွယ်တကူ ၀ယ်လို့ရနေတော့ ခဏခဏချက်စားဖြစ်တယ်လေ... ချက်နည်းကလည်း လွယ်ပါတယ်...

ကြက်သားကို ငံပြာရည်နဲ့ပြုတ်ပြီး အသားနွှင်ထားပါ... ကြွက်နားရွက်မှိုခြောက်ကို ရေစိမ်ထားရပါမယ်... ဒယ်အိုးထဲ ဆီသင့်ရုံထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်ဖြူကိုဆီသတ်ပါ... မွှေးလာရင်ငရုတ်သီးမှုန့်ပါထည့်ပြီး စိမ်းနံ့ပျောက်တဲ့အထိ မွှေပေးပါ... ပြီးရင် ခပ်သေးသေးဖဲ့ထားတဲ့ ကြက်သားတွေကိုရောထည့်ရပါမယ်... ကြက်သားတွေ ကျစ်သွာပြီဆိုရင် ရေစိမ်ထားတဲ့ ကြာဆံနဲ့မှိုခြောက်တွေကိုပါ ရောထည့်လိုက်ပါ... fish cake လှီးထားတာလည်း ထည့်ပါတယ်... ကြာဆံကိုဆီသတ်တဲ့အထဲ ထည့်လိုက်တော့ တော်ရုံနဲ့ ပျော်မထွက်သွားတော့ဘူးပေါ့... ပြီးရင်ရေလိုသလောက်ထည့်ပြီး ဆူအောင်တည်ပါ... ဆား တော်သလိုထည့်ပါ... ဆူလာရင် ကြက်သွန်နီ လေးစိတ်ခွဲထားတာထည့်ပါ... ကြက်သွန်နီတွေ နူးပြီဆိုရင်တော့... အသင့်ဖြစ်ပါပြီ...
သံပုရာသီး ကြက်သွန်နီနဲ့ နံနံပင်တွေကို ဒီလိုလေးလှီးလိုက်...

ကဲ စားလို့ရပြီပေါ့.....

Sunday, July 12, 2009

အသုပ်စုံ






အသုပ်စုံစားကြပါဦးနော်... ကျွန်မသုပ်ပေးရင် မကောင်းမှာစိုးလို့ ဗန်းလိုက်တွေပဲ ချပေးထားလိုက်တယ်... စိတ်ကြိုက်သာနယ်စားကြပါနော်... အမယ်တွေကတော့ အစုံပဲ... သင်္ဘောသီးစိမ်း... ဂေါ်ဖီထုပ်... သခွားသီး... ပဲပြားကြော်... အာလူးပြုတ်... ပဲပင်ပေါက်ပြုတ်... ကြက်သွန်စိမ်း... ခေါက်ဆွဲ... ပဲကြာဆန်... ထမင်းကိုလည်း ငရုတ်ဆီလေးနဲ့နယ်ထားတယ်... ရွှေပုစွန်ခြောက်လေးလည်းထောင်းထားတယ်... အချဉ်ရည်ကလည်း ရှယ်ဖျော်ထားတာနော်... ကြက်သွန်ဖြူဆီချက်လေးလည်း ထည့်သုပ်စားဦး...