Sunday, November 22, 2009

ကြေးအိုး

ဒီနေ့ အိမ်မှာကြေးအိုးချက်စားဖြစ်တယ်... ကျွန်မတို့လင်မယားက ကြေးအိုးဆိုရင် နေ့တိုင်းလည်းစားနိုင်တယ်လေ... ရန်ကုန်မှာတုန်းကဆို မစားဖူးတဲ့ နာမည်ကြီးကြေးအိုးဆိုင် မရှိသလောက်ပဲ... YKKO ရွှေယုန်လေး ရွှေနဂါး ယူဂျီးနီးယား ရွှေတောင်တန်း ကြေးအိုးဘုရင် အောင်မြင့်မိုရ် ဆိုင်တွေစုံအောင် စားဖူးတယ်... ဒီမှာကျတော့ ကြေးအိုးဆိုင်ကောင်းကောင်းလဲ မရှိတော့ ကိုယ့်ဟာကိုယ်ပဲ ချက်စားဖြစ်တာများတယ်လေ... ချက်ရတာလဲ သိပ်မခက်လှဘူးဆိုတော့ ခဏခဏချက်စားဖြစ်တယ်... ချက်နည်းလေးလဲ မျှဝေပေးချင်ပါတယ်... လုပ်စားကြည့်ကြပေါ့နော်....

ဝက်ရိုးကို ညကတည်းက၀ယ်ပြီး ဆား သကြား အချိုမှုန့်တွေထည့်လို့ မီးနည်းနည်းနဲ့ ပြုတ်ထားရပါတယ်.... ၀က်သားကြိတ်ထားတာကို ဆား သကြားနဲ့ ကြက်ဥအကာတို့ထည့်ပြီး နှပ်ထားလိုက်ပါ... အူချိုကို မခါးအောင် ဆီနည်းနည်းထည့်ဆေးပြီး ပြုတ်ထားရပါမယ်... အူမကြီးနဲ့ နှလုံးကိုလည်းပြုတ်ထားပေးပါ... အသည်းကိုတော့ ခပ်ပါးပါးလှီးပြီး ရေနွေးပွက်ပွက်ဆူထဲ ခဏထည့်ပြီးပြန်ဆယ်ထားပါ... အသည်းက အကြာကြီးပြုတ်ထားရင် မာသွားတတ်တယ်လေ... ငုံးဥလည်း ပြုတ်ပြီးအခွံခွာထားရပါမယ်... နောက်ထပ်အရေးကြီးတာကတော့ မုန့်ညင်းစိမ်းပါ... အဲဒီမုန်ညင်းစိမ်းမပါရင် ကြေးအိုးနံ့ မရတော့ပါဘူး... NTUC မှာရှိတတ်ပါတယ်... Da Chai လို့ခေါ်ပါတယ်...

စားခါနီးကျရင် ၀က်ရိုးပြုတ်ရည်ကို တစ်ပွဲစာထည့်ပြီး တည်ထားပါ... ဆူလာရင် ၀က်သားနှပ်ထားတာလေးကို လုံးပြီးထည့်ပါ... ကလီစာတွေကိုလည်း ထည့်ပြုတ်ပါ... ဆား သကြား အချိုမှုန့် လိုသလောက်ထည့်ပါ... ရေစိမ်ထားတဲ့ ကြာဆံကိုလဲ ထည့်ပြုတ်ပါ... ကြာဆံနူးခါနီးရင် ငုံးဥ မုန့်ညင်းစိမ်းနဲ့ ကုဆိုင်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ... ကြေးအိုးဆီချက်ကြိုက်ရင်တော့ အရည်စစ်ပြီး ဆီချက်လေးချက်ထားတာရယ် ပဲငံပြာရည်လေးရယ်နဲ့ နယ်စားယုံပါပဲ... စစ်ထားတဲ့အရည်ကိုတော့ ငရုတ်ကောင်းလေးထည့်သောက်ပေါ့...

အချဉ်ရည်ကတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ထောင်းထားတာကို Chilli Sauce နဲ့ ဖျော်လိုက်ယုံပါပဲ... ကဲ သုံးဆောင်သွားပါဦးနော်....

ဒါကတော့ ကျွန်မစားတဲ့ အရည်သောက်လေးပါ... သားဖေဖေစားတဲ့ဆီချက်တော့ ဓါတ်ပုံရိုက်ဖို့ မမှီလိုက်ဘူး...

အချဉ်ရည်လေးပါ ချပေးထားတယ်....

9 comments:

ဂျပန်ကောင်လေး said...

:).. ထမင်းစားပြီးသား ကြေးအိုးကိုမြင်တာနဲ့ ဂလု ဖြစ်သွားတယ်...

Anonymous said...

အယ်ကြေးအိုးတဲ့
အဟင့် စားချင်တယ် နော်..မမ

လင်းကြယ်ဖြူ said...

စားလို့တော်တော်ကောင်းမှာပဲ

Waing said...

စားချင်စရာ ရှလွတ် :P ငတ်ကြီးကျသွားပါတယ်

မိုးခါး said...

မေးလိုက်ဦးမယ်
အဲဒီ ပြုတ်ရည်ထဲကျတော့ ကြက်သွန်တို့ ဂျင်းတို့ မထည့်ရဘူးလား အမ
လုပ်စားကြည့်မလို့
သရေယိုသွားတယ် :D
ပြောပြပေးနော် :D

စန္ဒကူး said...

ဘာစားရင်ကောင်းမလဲစဉ်းစားရင်းရောက်လာတာ.. မမသိရိကြေးအိုးဆိုပီးရှာလိုက်တာ google မှာ..
ကြေးအိုးအရမ်းစားချင်တာဘဲ..မလုပ်တတ်ဘူး..
ကြာဇံကလဲဘယ်လိုကြာဇံလဲမသိဘူး
ဒီကကြာဇံတွေကမကောင်းဘူးရယ်..

Win Pa Pa Ko said...

ကြေးအိုးလုပ်စားချင်နေတာ အခုမှနည်းလမ်းသိသွားတယ် ကျေးဇူ အထူးတင်ပါတယ်
အိမ်မှာက ကြေးအိုးကို အားလုံးကြိုက်ကြတာ ...

htet nay lin oo said...

thanks a zillion!

theinge said...

ကျနော် အမလိုပဲ လုပ်စားဖူးတယ် သူငယ်ချင်းတွေကိုလည်း ကျွေးဖူးတယ် ခက်တာကအရည်ပြုတ်တကာ ရန်ကုန်ကကြေးအိုးဆိုင်တွေလို စားမကောင်းဘူး :)