Monday, October 8, 2012

ကိုယ်တို့တတွေရဲ့ အိမ်

အိမ်ဆိုတဲ့စကားလုံးလေးမှာ နွေးထွေးလုံခြုံမှု အေးမြတဲ့မေတ္တာတရား နှောင်ကြိုးတင်းတဲ့ချစ်ခြင်းများစွာ ရောဖွဲ့ပါ၀င်နေတယ်ဆိုရင် ငြင်းချင်သူရှိဦးမလား.. အမိုးရယ် အကာရယ် အခင်းရယ်ရှိယုံနဲ့ နေစရာတော့ဖြစ်ပေမယ့် အိမ်မဖြစ်သေးပါဘူး.. အိမ်ရယ်လို့ ပီပီပြင်ပြင်ဖြစ်ဖို့ ချစ်ခြင်းမေတ္တာတွေလိုတယ်.. အိမ်ပြန်ချင်တယ်ဆိုတဲ့စကားက ကိုယ့်အတွေးထဲမှာ ပဲ့တင်အထပ်ဆုံး.. အိမ်ဆိုတာ ကိုယ့်အတွက်တော့ နှလုံးသားရှိတဲ့အရပ်.. မခမ်းနား မဆန်းပြားပေမယ့် နွေးထွေးမှုတွေအပြည့်နဲ့ ဆွဲဆောင်နိုင်မှုအရှိဆုံးနေရာလေး..

ကိုယ်ဟာကိုယ် အိမ်ပြန်ချင်တာကို ကိုယ့်တိုင်းပြည်တိုးတက်အောင် ကြံဆောင်ဖို့အတွက်တွေ ဘာတွေ ကြီးကြီးကျယ်ကျယ် မတွေးထားပါဘူး.. ဒါပေမယ့် ကိုယ်က ကျေးဇူးတရားကို နားလည်တဲ့သူ.. ကိုယ်ကြီးပြင်းခဲ့တဲ့မြေကို မတိုးတက်စေချင်ဘူးရယ်လို့ ဘယ်ရှိပါ့မလဲ.. ကိုယ့်ဇာတိရန်ကုန်မြို့ကို သန်ရှင်းသပ်ရပ်ပြီး နိုင်ငံတကာစံချိန်မီ မြို့ကြီး ဖြစ်လာစေချင်တယ်.. အထူးသဖြင့် သန့်ရှင်းရေးနဲ့ လမ်းပန်းဆက်သွယ်ရေး.. ယင်တလောင်းလောင်းနဲ့ အမှိုက်ပုံကြီးတွေ.. နံစော်နေတဲ့မြောင်းပုတ်တွေ.. ကွမ်းသွေးတွေ စွန်းပေနေတဲ့ ပလက်ဖောင်းတွေ.. လူစီးဖို့ထုတ်ထားတာမဟုတ်တဲ့ကားတွေနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ.. လမျက်နှာပြင်အလား ထင်မှားရတဲ့ လမ်းမကြီးတွေ.. မရှိစေချင်တော့ဘူး.. ကိုယ်စလုံးကိုရောက်ခါစက သူငယ်ချင်းတစ်ယောက်ပြောဖူးတာလေး သွားသတိရတယ်.. သူညကအိပ်မပျော်ဘူးတဲ့.. ဘာလို့လဲမေးတော့ ရန်ကုန်ပြည်လမ်းကို စလုံးမှာလို အိပ်စ်ပရက်စ်ဝေးလုပ်လိုက်ရင် ဘယ်နေရာတွေမှာ အိပ်စစ်တွေထားရမလဲ တွေးနေတာနဲ့ မိုးကိုလင်းရောတဲ့လေ.. တကယ်ပါ အိမ်နဲ့ဝေးနေကြသူတိုင်းရဲ့ရင်ထဲမှာ ကိုယ့်အိမ်လေးသာယာလှပဖို့ အခါအခွင့်သင့်တိုင်း တွေးနေမိတတ်စမြဲ..

ခု ကိုယ်လုပ်နေတဲ့အလုပ်က လုပ်ငန်းခွင်ဘေးကင်းရေးတွေ သဘာဝဘေးမှကာကွယ်ရေးတွေနဲ့ ဆက်စပ်နေလေတော့ ရနိုင်သမျှအသိပညာတွေကို လောဘတကြီးဆည်းပူနေမိတယ်.. ကိုယ်တို့နိုင်ငံအတွက် လိုအပ်မယ်ဆိုရင် ကိုယ်တတ်သမှ သိသမျှလေးနဲ့ တတ်နိုင်တဲ့နေရာက ပါ၀င်နိုင်ကောင်းရဲ့ဆိုတဲ့အတွေးနဲ့ပေါ့.. လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ်တွေ စီမံချက်တွေ လေ့လာရပြန်တော့လဲ အတူတူပဲ.. တနေ့ကျရင် အသုံးတည့်နိုင်ပါရဲ့လို့ အမြဲတွေးမိတာပါ.. တန်ခိုးရှင်ကြီးတွေလို ဘယ်လိုတော့ဖြင့်ပြောင်းလဲပစ်လိုက်မယ်ရယ်လို့ မတွေးရဲပေမယ့် တတ်နိုင်သလောက်တော့ ပါ၀င်ချင်မိတာအမှန်..

နိုင်ငံတကာလုပ်ငန်းရှင်ကြီးတွေက မြန်မာပြည်မှာ လုပ်ငန်းတွေသွားအခြေစိုက်ဖို့ ပြင်ဆင်နေတာတွေကြားရတော့ တကယ်ကိုအားတက်မိပါရဲ့.. ကိုယ်တို့သားချင်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းလာတော့မယ်မို့လား.. ဆက်သွယ်ရေးအနေနဲ့ ဖုန်းလိုင်းတွေ အလွယ်တကူဝယ်လို့ရလာတာတွေ ဖုန်းနဲ့အင်တာနက်သုံးလို့ရလာတာတွေအတွက် အရမ်းပဲ ၀မ်းသားမိတယ်.. စလုံးမှာတုန်းကတောင် အင်တာနက်မသုံးတဲ့ကိုယ့်မေမေ.. ခုတော့ သူ့ဖုန်းလေးနဲ့ အင်တာနက်သုံး.. ကိုယ့်ဆီကိုမေးလ်တွေပို့နဲ့ ပျော်စရာပဲ ကောင်းသေးတော့တယ်.. ကိုယ့်ပတ်ဝန်းကျင်က တချို့မိတ်ဆွေတွေလဲ အမိမြေကို ပြန်သွားကြပြီး စုဆောင်းထားတဲ့အရင်းအနှီးလေးတွေ နည်းပညာအသစ်တွေနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတွေ ပြန်လုပ်ကြတာ အများကြီးတွေ့ရတယ်.. ကိုယ့်အကျိုးအမြတ်အတွက် အဓိကလုပ်ကြတာပေမယ့် တဖက်တလမ်းကတော့ ကိုယ့်မြေကို အကျိုးပြုတာပဲမို့လား.. အနည်းဆုံးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်းတီးပေးနိုင်မယ်လေ..

ကိုယ်တို့တွေ အိပ်မက်အခါခါမက်ခဲ့ရတဲ့ ကျောင်းတော်ကြီး ပြန်ဖွင့်တော့မယ်ဆိုတော့ ခောတ်ရင်သွေးတွေအတွက် ၀မ်းသာအယ်လဲဖြစ်မိတယ်.. အစဉ်အလာကြီးခဲ့တဲ့ကျောင်းကြီးမှာ အဆင့်မှီသင်ကြားမှုတွေနဲ့ ပြန်လည်စည်ကားလာတော့မှာမို့ ကိုယ်တောင်မှ ဆယ်နှစ်လောက်ပြန်ငယ်လိုက်ချင်သေးတယ်.. ၀င်ခွင့်အမှတ်ကတော့ ဆေးတက္ကသိုလ်ထက်တောင် မြင့်သေးသတဲ့.. ကြည့်စမ်း.. ကိုယ်တို့တတွေအပေါ် သည်ကျောင်းကြီးက အဲသလောက်တောင် လွှမ်းမိုးထားသတဲ့လေ.. အဲသည်ကျောင်းကြီးကို မှတ်မှတ်ရရ ၂ခေါက်ပဲရောက်ဖူးပါတယ်.. ဂျီဟောသူစာအုပ်ထဲက ဇာတ်လိုက်ကျော်ကြီးရဲ့စိတ်ဝင်စားမိတာတော့ အမှန်ပဲ..

ကိုယ်တို့အိမ်လေး လှပသာယာပြီး နေချင်စဖွယ်ဖြစ်ဖို့ဆိုတာ မိသားစုဝင်တွေအားလုံးရဲ့ တာဝန်ပဲမို့လား.. အိမ်ထောင်ဦးစီးကလဲ ညီညွတ်မျှတာစွာ အုပ်ချုပ်တတ်မယ်.. အိမ်ရှင်မကလဲ အိမ်မှုကိစတွေကို နိုင်နင်းမယ်.. သားတွေသမီးတွေကလဲ ကိုယ့်မိဘ ကိုယ့်အိမ်ကို ခင်တွယ်အကျိုးပြုကြပြီး အချင်းချင်းလဲ ညီညွတ်နေကြမယ်ဆိုရင် ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ နေချင်စဖွယ် အိမ်လေးတစ်ဆောင် ဖြစ်ကိုဖြစ်လာရမှာပေါ့.. ကိုယ်တိုလို အိမ်နဲ့အဝေးမှာရောက်နေတဲ့ အိမ်ပြေးတွေကို အမေ့အိမ်က ဘယ်အချိန်ဖြစ်ဖြစ် တံခါးဖွင့်ကြိုနေတယ်ဆိုတာတော့ သိပ်ကို သေချာနေပြီလေ..