Thursday, August 30, 2012

ကိုယ်တိုင်ဖြေဖို့



အချစ်ဆိုတာ...

တချို့တချို့တွေအတွက်..
ပန်းသီးတစ်လုံးကို အဆိပ်တွေလောင်းပေးတဲ့
စုန်းမကြီးရဲ့မှော်အတတ်လိုမျိုး..

တချို့တချို့တွေအတွက်..
နှင်းဆီဖြူတွေကို ဇွတ်အတင်းအရောင်ပြောင်းပေးတဲ့
ဘာမှန်းမသိတဲ့ရောင်ခြယ်တွေ..

တချို့တချို့တွေအတွက်..
မီးသွေးခဲကို စိန်ပွင့်တွေအဖြစ်ပြောင်းလဲပေးတဲ့
အပူချိန်နဲ့ဖိအား..

တချို့တချို့တွေအတွက်..
အဖြူရောင်ကင်းဗက်စကို ဆေးရောင်စုံခြယ်သပေးတဲ့
ပန်းချီဆရာရဲ့လက်တွေ..

တချို့တချို့တွေအတွက်..
လိုရာရောက်အောင်လမ်းညွှန်ပေးတဲ့
လမ်းပြကြယ်လေး..

တကယ်တမ်းကိုယ်လိုချင်နေတာက..
အဆိပ်မထည့်ခင်က ပန်းသီး..
အဖြူသက်သက်နှင်းဆီပွင့်တွေ..
စိန်ပွင့်ဖြစ်မသွားခင်ကမီးသွေးခဲ..
ဆေးမစွန်းခင်ကအဖြူရောင်ကင်းဗက်စ..
ကြယ်မလင်းတဲ့မှောင်အတိကောင်းကင်..
ဘာကြောင့်ရယ်မှ ပြောင်းလဲမသွားသေးခင်က ပကတိဆိုတဲ့အရာ..

အဲသည်တော့..
ကိုယ့်အတွက်
အချစ်ဆိုတာ တကယ်ရောလိုအပ်ပါရဲ့လား..

ပွင့်မြူးဇင်
၃၀.၀၈.၂၀၁၂

Friday, August 17, 2012

သားသားအကြောင်း တစေ့တစောင်း

သားသားအကြောင်းကို ဘလော့မှာ မရေးဖြစ်တာကြာပြီ.. သားသားနဲ့အဝေးမှာနေရတာမို့ သူ့အကြောင်းရေးရင် သူလေးကိုလွမ်းပြီး ငိုချင်လာတတ်လို့ မရေးဖြစ်တာပါ.. ကျွန်မနဲ့တွေ့တိုင်း သားသားအကြောင်းရေးဖို့ တတွတ်တွတ်ပြောတတ်တဲ့ ညီမလေးနောင့်ရယ်.. ဆုမြတ်ရယ်.. သားသားအကြောင်းလေးတွေကို သားသားကြီးလာရင် ပြန်ဖတ်ခိုင်းဖို့ မှတ်တမ်းတင်ထားချင်တာရယ်ကြောင့် အားတင်းပြီးရေးလိုက်ပါတယ်..

လာမယ့်ဇန်န၀ါရီမှာ လေးနှစ်ပြည့်မယ့်သားသားက သူ့ကိုယ်သူ လူကြီးဖြစ်နေပြီဆိုပဲ.. သူကြီးလာရင် သမ္မတလုပ်မှာလို့ ပြောနေတာတော့ကြာပြီ.. နေပြည်တော်က လွှတ်တော်ကို လိုက်ပို့ပေးခိုင်းနေတာလဲ ခဏခဏပေါ့.. လွှတ်တော်ထဲကလူတွေလဲ ကကြီးခခွေးတွေပဲဆိုနေကြတာပဲကို သားသားလဲဆိုတတ်နေပြီဆိုတော့ လွှတ်တော်တက်လို့ရပြီတဲ့.. လူလေးကဖြင့်လက်တောက်လောက်ရှိသေး ညညဆို သတင်းကြည့်ပြီး လွှတ်တော်ထဲပြောနေဆိုနေတာတွေကို နားထောင်ချင်တာတဲ့.. လွှတ်တော်ထဲမှာ အပိုဒ်ကကြီးတို့ ခခွေးတို့ ပြောနေတာ သူကြားတာကိုး..

တီဗွီကလာတဲ့ ဥာဏ်စမ်းပြိုင်ပွဲအစီအစဉ်တွေဆို သူသိပ်ကြိုက်တယ်.. အဲသည်ဟာတွေထဲက စီစဉ်တင်ဆက်သူ ဖြိုးဇော်လင်းဆိုတာ ခုချိန်မှာတော့သူ့ရဲ့ ရိုးလ်မော်ဒယ်ပေါ့.. တနေ့တနေ့ ဖြိုးဇော်လင်းလုပ်တမ်းကစားနေတယ်တဲ့.. အိမ်ရှိလူကုန်လဲမနေရ သူနဲ့အတူတူဝင်ကစားနေရတာပေါ့.. ကျွန်မဖုန်းဆက်လို့ သားလေးရေ ဖြိုးဇော်လင်းလုပ်ပြပါဦးဆို အားလုံးပဲမင်္ဂလာပါခင်မျာ.. အခုတင်ဆက်မှာကတော့ ဂိုးလ်ဒင်းမိနစ်အစီအစဉ်လေးပါ.. ဒီအစီအစဉ်ကို ပံ့ပိုးကူညီတာကတော့ ဘလာဘလာ.. ရှည်လျားစွာပြောပြတတ်တယ်.. ကျွန်မကိုလဲ မေမေရေ သားသားကို ဖြိုးဇော်လင်းလို ဂျင်းဘောင်းဘီအနက်ရောင်လေး ၀ယ်ပေးပါနော်လို့ ပူဆာတတ်သေး.. ကျွန်မမေမေကိုလဲ သင်ပေးသတဲ့.. ပြိုင်ပွဲမှာ ဆုငွေ၁၀သိန်းရရင်ဘာလုပ်မလဲလို့ သားသားမေးရင် မားမားက ကျွန်မမြေးလေးကို ပေးပါမယ်ရှင်လို့ ဖြေရမယ်တဲ့.. မားမားကမိန်းမမို့လို့ ကျွန်တော်လို့ မပြောရဘူးတဲ့လေ.. မေမေက စကားပြောရင် ကျွန်တော်လို့ပြောတတ်တာကိုး..

သားသားက ဂျီမကျတတ်တဲ့ကလေးမို့ ကျွန်မမေမေ စိတ်မညစ်ရပါဘူး.. သူလိုချင်တာကို စကားချိုချိုလေးနဲ့ပြောပြီး ရအောင်တောင်းတတ်တဲ့ လူပါးလေးပေါ့.. ကျွန်မမွေးနေ့တုန်းက ကျွန်မကမေးတယ် မေမေ့ကို မွေးနေ့လက်ဆောင် ဘာပေးမလဲလို့ဆိုတော့ သူက ကားဝယ်ပေးမတဲ့.. သားသားကြီးလာရင်ဝယ်ပေးမှာတဲ့.. ခုတော့ မေမေက အရင်သားသားကို ၀ယ်ပေးပေါ့တဲ့လေ.. ဘယ်လောက်လည်ထားလဲလို့.. မားမားရေ မုန်လာဥချဉ်ရည်ဟင်းက ဖွားလေးမိုးချက်ရင် စားမကောင်းလို့ မားမားချက်ပေးပါလားဆိုတာကတမျိုး.. ဖွားလေးမိုးရေ သားသားကို ငါးဖယ်ညိုညိုလေးချက်ပေးပါ ဆိုတာကတစ်ဖုံ မျိုးစုံအောင် ခိုင်းစားတတ်ပါတယ်..

သူ့ဖေဖေနဲ့ဖုန်းပြောတော့ ဖေဖေ ဆေးလိပ်တွေမသောက်နဲ့နော် ရောဂါဖြစ်လိမ့်မယ်တဲ့.. နောက်နေ့ထပ်ဆက်တော့ ဖေဖေ ဆေးလိပ်တွေသောက်သေးလား.. မသောက်တော့ဘူးမဟုတ်လား.. သားသားက ဖေဖေ့စကားနားထောင်တယ်.. ဖေဖေလဲ သားသားစကားနားထောင်နော် တဲ့လေ.. အဖေကသား သားကအဖေကိုဖြစ်ရော.. သားသားကဥာဏ်ကောင်းတာ ဖေဖေနဲ့တူလို့ဆိုတာမျိုးလဲ ဖားတတ်သေး.. ချောတာကတော့ မေမေနဲ့တူလို့တဲ့.. ဖေဖေနဲ့တူရင် ဗိုက်ပူကြီးဖြစ်နေမှာပေါ့လို့ သူ့အဖေကွယ်ရာမှာ ကျွန်မကိုပြောတယ်လေ.. သားသားက မိန်းကလေးတွေကိုပဲချစ်တာ မားမားက မိန်းမကြီးဖြစ်နေပြီဆိုပြီး ကျွန်မမေမေကိုလဲ နောက်တတ်သေးတယ်..

သားသားက ကစားစရာဆို ပါဇယ်လ်လေးတွေဆက်တာကြိုက်တယ်.. အခု၆၀လောက်ပါတဲ့ ပါဇယ်လ်လောက်တော့ အေးအေးဆေးဆေးဆက်နိုင်နေပြီ.. နောက်ပြီး အိုးပုတ်တွေနဲ့ ဟင်းချက်တမ်းဆော့တယ်.. ခုခောတ်ကလေးတွေက ကံကောင်းတယ်လေ.. သူ့အိုးပုတ်လေးတွေကလဲ ကစားချင်စရာ.. ဂက်စ်မီးဖို.. မိုက်ခရိုဝေ့ဖ်.. စုံနေရော.. အိုင်ပတ်ကတော့ သားသားအသည်းစွဲ.. သူ့ကိုယ်သူ အိုင်ပတ်နဲ့ရိုက်ထားတဲ့ ပုံတွေလဲ မနည်းဘူး.. အမေတူသားပေါ့.. သနပ်ခါးလိမ်းရတာကိုလဲ သဘောကျနေတယ်ဆိုပဲ.. ရေချိုးပြီးတာနဲ့ သနပ်ခါးလိမ်းခိုင်းတော့တာပဲတဲ့..

အရုပ်တွေထဲမှာ သားသားအသည်းစွဲ ပင်ကီဆိုတဲ့ ၀က်ဝံလေးရှိတယ်.. ငယ်ငယ်ကတည်းက သူဘယ်သွားသွား ခေါ်သွားတယ်.. သက်ရှိတစ်ယောက်လို သဘောထားတာ.. သူက ပင်ကီကို အရုပ်လို့ပြောရင် လုံးဝမကြိုက်ဘူး.. သူ့ညီမလေးတဲ့ ပင်ကီက.. ဟိုတလောက သူ့ပင်ကီလေးကဟောင်းနေလို့ ဆင်တူလေးနောက်တကောင် ၀ယ်ပေးဖို့လိုက်ရှာတော့ ပန်းရောင်လေးမရဘူး.. ညိုဖျော့ဖျော့လေးပဲရတာနဲ့ ၀ယ်ပေးလိုက်တယ်.. သူက အညိုလေးကို ဘရောင်နီလို့ နာမည်ပေးထားတယ်တဲ့.. အပြင်သွားရင် ပင်ကီနဲ့ဘရောင်နီ တယောက်တလှည့်စီခေါ်သွားသတဲ့လေ.. သားသားအတွက် တကယ့်ညီမလေးယူမလားမေးတော့ မယူဘူးတဲ့..

ခုတလော ပြောပြောနေတာတော့ သားသားက လုပ်ချင်တာတွေများနေတယ်တဲ့.. မင်းသားလဲလုပ်ချင်တယ် ဖြိုးဇော်လင်းလဲလုပ်ချင်တယ် ချက်ကြီး (စဖိုမှူး) လဲလုပ်ချင်တယ်.. သမ္မတကတော့ လုပ်ကိုလုပ်မှဖြစ်မှာဆိုပဲ.. ကျွန်မမေမေကတောင်ပြောနေတယ်.. အသက်ရှည်မှဖြစ်မယ်.. သမ္မတအဖွားလုပ်ချင်သေးလို့တဲ့..

Wednesday, August 8, 2012

ကိုယ့်ကမ္ဘာလေးထဲမှာ


ကိုယ်ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင်မှာ ပျော်သလားမပျော်သလားဆိုတာ တကယ်တမ်းတော့ စိတ်ပါပဲ.. စိတ်ထဲမှာ ပျော်တယ်လို့လက်ခံထားလိုက်ရင် အထိုက်အလျောက်တော့ ပျော်သွားတတ်တာပါပဲလေ.. ကိုယ်လား.. ပျော်ပါတယ်.. ပျော်အောင်နေပါတယ်.. လုပ်သင့်တာတွေချည်းပဲ လုပ်နေရတာငြီးငွေ့လာရင် လုပ်ချင်တာကို သင့်မသင့်တွေးမနေပဲ လုပ်ပြစ်လိုက်တယ်.. မှားတော့လဲပျော်ပျော်ကြီးခံစားလိုက်ယုံပေါ့လို့သာတွေးထား.. ရှိပြီးသား ဆင်ခြင်တုံတရားလေးကြောင့် စည်းလွတ်ဝါးလွတ်တော့ ဘာမှဖြစ်မသွားဖူးသေးပါ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ့်ပတ်ဝန်းကျင်မှာ ခုတလော အပြောင်းအလဲသေးသေးလေးတွေတော့ များသား.. အိမ်တစ်အိမ်လုံး ငှားပြီးနေနေရာက သူများအိမ်မှာ အခန်းငှားပြီး သွားနေလိုက်တယ်.. တစ်အိမ်လုံးတာဝန်မယူရတော့တာမို့ အချိန်တွေတောင် ပိုထွက်လာသလိုလို.. ပေါင်းသင်းဆက်ဆံရေး သိပ်မညံ့လှတဲ့ကိုယ့်အတွက် သူများအိမ်ပေမယ့် လူတိုင်းနဲ့အဆင်ပြေပြေပါပဲ.. ကိုယ်က ရွက်ကျပင်ပေါက်လို လူစားမျိုးမို့ ဘယ်မှာနေနေ နေပျော်ပါရဲ့.. သားလေးနဲ့အဝေးမှာပေမယ့် ကိုယ်ပျော်အောင်ကြိုးစားထားပါတယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ့်သားလေးက ကိုယ်နဲ့အကြိုက်တူတယ်.. အရသာခပ်ပြင်းပြင်း ချဉ်ငံစပ်တွေကြိုက်တယ်.. မျှစ်ဟင်းကြိုက်တယ်.. မုန်လာဥချဉ်ရည်ဟင်းကြိုက်တယ်တဲ့.. လေးဖြူသီချင်းတွေကို အသံနေအသံထား ဟန်အမူအယာအပြည့်နဲ့ ဆိုပြတတ်တာ ကိုယ့်သားမှကိုယ့်သားအစစ်.. သူ့အဖေလိုသာဆို ရောင်စုံဘောလုံး တစ်လုံးငါးပြားဆိုတာလောက်ကို ကီးဝင်အောင် မနည်းသင်ပေးရမှာကိုး.. ပြီးတော့ ကိုယ့်သားလေးက ကိုယ့်လိုပဲ စပ်စုတယ်.. သိချင်တာတွေများတယ်.. ကိုယ့်ထက်သာတာကတော့ သူက မှတ်ဥာဏ်သိပ်ကောင်းတာပါပဲ.. လူတစ်ယောက်ကို တစ်ခါသာမြင်ဖူးထား.. ဘယ်လောက်ကြာကြာမှတ်မိတုန်း.. သူတော်တော်ငယ်ငယ်ကလေးတုန်းက အကြောင်းတွေကိုလဲ ခုထက်ထိ ပြန်ပြောပြနိုင်သေးတယ်.. ပြီးတော့ သားလေးက နားဝင်ချိုအောင်သိပ်ပြောတတ်တယ်.. သူလိုချင်တာကို အပြောချိုချိုလေးနဲ့ မရရအောင် တောင်းတတ်တယ်ပေါ့.. မေမေ့မွေးနေ့မှာ ဘာလက်ဆောင်ပေးမလဲမေးတော့ ကားဝယ်ပေးမယ်တဲ့.. ဘယ်တော့လဲဆိုတော့ သားသားကြီးလာရင်တဲ့.. ခုတော့ မေမေကသားသားကို အရင်ဝယ်ပေးတဲ့လေ.. လူလည်လေးပေါ့.. သားသားလို သားလိမ်မာလေးရှိနေမှဖြင့် အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ကိုယ်ကတော့ စိတ်ထဲမပါရင် ချိုချိုသာသာလဲ မပြောချင်ဘူး.. ခုနှစ်ပိုင်းမှာ ပိုဆိုးလာတယ်.. လူတစ်ယောက်က ကိုယ့်ကို ရင်ထဲကမပါဘဲ လာပြီးချိုသာနေရင်လဲ စိတ်ထဲမှာကို ခိုးလိုးခုလုဖြစ်နေရောပဲ.. အဲသလိုမျိုးတွေကို အရင်ကထက်ပိုပြီး စက်ဆုပ်လာမိသလိုပဲ.. စိတ်မထင်ရင်မထင်သလို စိတ်ထဲရှိတဲ့အတိုင်း ပြောပြောမိနေတတ်တယ်.. ရလဒ်ကတော့ မုန်းသူတွေပိုလာတယ်.. အထူးသဖြင့် အလုပ်ထဲက မိန်းမကြီးတွေ.. သူတို့နဲ့ကိုယ်နဲ့ အရွယ်တူတာလဲမဟုတ်.. အလုပ်အကိုင်အဆင့်အတန်းလဲမတူ.. လာလာပြီး ပြိုင်သလိုလို မနာလိုလို့ ရိသလိုလိုလာလုပ်ရင် တုပ်ထဲ့ပေးလိုက်တယ်.. နားအေးသွားတာတော့အမှန်ပဲ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

အသက်ကလေးက ၃ထိပ်စည်းရောက်လာတော့ အိုလာမှာ ရင့်လာမှာကို မလိုချင်ဘူးဖြစ်လာတယ်.. အရင်က မျက်နှာပြောင်နဲ့အမြဲနေပေမယ့် ခုတော့ ပြင်ပြင်ဆင်ဆင်ဖြစ်လာတယ်.. ဘာမဆို မြန်မြန်လုပ်တတ်လို့သာတော်တော့တယ်.. မနက်မနက် ရေမိုးချိုးပြီး Toner တစ်ထပ်..  Moisturizer တစ်ထပ်.. Foundation Liquid တစ်ထပ်.. Powder တစ်ထပ်.. Eye shadow တွေ.. ပါးနီတွေ.. နှုတ်ခမ်းနီတွေ အပြည့်ပြင်ရတာတောင် နာရီဝက်ထက် ပိုမကြာလို့ ၇နာရီခွဲတက်ရတဲ့အလုပ်ကို မိတ်ကပ်အပြည့်နဲ့ ကျော့ကျော့လေး တက်နိုင်သပေါ့လေ.. ညညဆိုလဲ မိတ်ကပ်တွေသေသေချာချာဖျက် Moisturizer လေးလိမ်းပြီးမှ အိပ်တတ်တာ အကျင့်ဖြစ်နေပြီ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

စလုံးမှာနေတာကြာတော့ စလုံးကလူတွေအကျင့် ကူးကူးလာတယ်.. ပိတ်ရက်ကလေးနည်းနည်းရရင် ခရီးသွားချင်တယ်.. လျှော့ဈေးနဲ့ရမလားလို့ ချောင်းချောင်းနေတတ်လာပြီ.. ကိုယ့်မွေးနေ့တုန်းကတောင် ဘာတမ်သွားလိုက်သေးတယ်.. စလုံးသူဌေးပိုင်တဲ့ ရီဆော့တ်မှာတည်းတယ်.. စလုံးကို ခပ်ရေးရေးလှမ်းမြင်နိုင်တဲ့နေရာ.. ပင်လယ်ကမ်းဘေးပေမယ့် ကမ်းခြေတော့မရှိဘူး.. သဲသောင်ပြင်မရှိဘူး.. အစားအသောက်တွေကတော့ ကိုယ့်အကြိုက် လေးလေးပင်ပင် အရသာပြင်းပြင်းတွေ.. ရေပြင်ပေါ်က စားသောက်ဆိုင်လေးမှာ ပင်လယ်လေလေးခံစား နေခြည်နုနုနွေးနွေးလေးအောက် ညနေစာစားရတာ ကိုယ့်အကြိုက်.. အုန်းစိမ်းရည်လေးတောင် သောက်လိုက်သေး.. ဈေးဝယ်ရတာလဲကောင်းပါ့.. မာဆာ့ခ်ျကလဲ ဇိမ်ရှိပါ့.. ၂ရက်နေပြီး မပြန်ချင်ပြန်ချင်နဲ့ ပြန်လာခဲ့ရတယ်.. နောက်တခါကျရင်တော့ သဲသောင်ပေါ်လမ်းလျှောက် ခရုကောက်လို့ရမယ့် ဘင်တန်ကိုသွားမယ်လို့ တေးထားရင်းပေါ့.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

လူတိုင်းကပြောတယ်.. ပိန်သွားတယ်တဲ့.. ကိုယ်လဲ ထူးပြီးတော့ ပိန်အောင်ကြိုးစားတာ မဟုတ်ပါဘူး.. အစားတော့လျှော့မိတာအမှန်.. မနက်စာကိုများများစား.. နေ့လည်စာကိုသင့်ယုံ.. ညနေစာတော့ အပြုတ်လေးလောက်.. ဒါပါပဲ.. ပုံမှန်လေ့ကျင့်ခန်းလေးတောင် မလုပ်ဖြစ်ပါဘူး.. လုပ်မယ်လို့တော့ စဉ်းစားထားတယ်.. တနေ့နေ့ပေါ့.. ချက်ရပြုတ်ရတာလဲ အရင်လောက်စိတ်မပါဘူး.. ဂျီးမများဘဲ ချက်ကျွေးတာကို ကုန်အောင်စားပေးတဲ့သူနဲ့ ရထားလို့သာပဲ.. ချက်လိုက်တိုင်း ပစ်ထည့်ဟင်းတွေဖြစ်လို့.. ထင်ရာတွေပစ်ထည့်ပြီး ချက်နေတာမို့လား.. ဖွယ်ဖွယ်ရာရာ ချက်စားချင်စိတ်လဲ မရှိဘူး.. ခုတော့ ၀ါတွင်းမို့ ကိုယ့်မွေးနေ့ရယ် သူ့မွေးနေ့ရယ်မှာ သက်သက်လွတ်စားနေကြတယ်.. ကြက်ဥက သက်သက်လွတ်ပါတယ်လာပြောနေလို့ ရန်ဖြစ်ရသေး.. ရှင်မစားနိုင်ရင် မစားနဲ့လို့ အော်ထည့်လိုက်တယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..


ပြည်တော်ပြန်ကြသူတွေသတင်းကြားရရင် ကိုယ်လဲ ပြန်ချင်လိုက်တာကိုရူးလို့.. အခြေအနေအရပ်ရပ်ကြောင့် ခုထိတော့ ပြန်ဖို့လမ်းမမြင်သေးဘူး.. စီစဉ်နေတာ ကျိတ်ကြံနေတာတွေတော့ ရှိသပေါ့.. ကိုယ့်မြေက ကိုယ့်အိမ်မှာသာနေရ ဘာပဲဖြစ်ဖြစ်လုပ်ချင်ပါရဲ့.. ဈေးရောင်းရမလား.. ဘာဖြစ်ဖြစ်.. တစ်ခုပဲ.. ကိုယ်ကတစ်ကိုယ်ရည်တစ်ကာယမဟုတ်တော့.. ကိုယ့်မိသားစုရယ်.. ကိုယ့်သားလေးရယ်အတွက် မနေချင်တဲ့အရပ်မှာ ပျော်အောင်နေနေရတယ်ပေါ့.. စလုံးမှာကလဲ တဖြေးဖြေးနေလို့မကောင်းတော့ဘူး.. အထူးသဖြင့် ကိုယ်တို့လိုနိုင်ငံခြားသားတွေ.. မှီခိုတွေကို တင်းကြပ်လိုက်.. နေထိုင်အလုပ်လုပ်ခွင့်စည်းမျဉ်းတွေကို မျိုးစုံပြောင်း.. နေစားရိတ်စားစားရိတ်တွေကလဲ ခေါင်ခိုက်နေရော.. မတတ်နိုင်ဘူးလေ.. ကိုယ့်မြေမှာ ခုဝင်ငွေရဲ့တ၀က်လောက်တောင် ရှာနိုင်ဖို့က မလွယ်လှဘူးကိုး.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ခုတလော အလုပ်တွေကလဲ များမှများ.. ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ပေးလာရင်တော့ လုပ်လိုက်တာပါပဲ.. ကြာတော့ အလုပ်ကို ငြီးငွေ့လာတယ်.. တစ်နေရာတည်းမှာ ငါးနှစ်ကျော်လာပြီဆိုတော့လဲ ငြီးငွေ့တာ မဆန်းပါဘူး.. အလုပ်ပြောင်းပါလားဆိုတော့လဲ မပြောင်းချင်.. အခြေခံလစာကသိပ်မကောင်းလှပေမယ့် ဆုကြေးလေး အစုရှယ်ယာလေးနဲ့ပေါင်းလိုက်တော့ မဆိုးဘူးဆိုတာထက်ကို ပိုနေသေးတာမို့လား.. ကိုယ့်အဖြစ်က စားရမှာလဲသဲတရှပ်ရှပ် ပစ်ရမှာလဲအဆီတ၀င်းဝင်းဆိုသလို ဖြစ်နေပြီ.. အလုပ်မှာလဲ ငြီးငွေ့မယ့်သာငြီးငွေ့နေတာ.. မန်နေဂျာကလဲ ကိုယ်ပြီးရင်ပြီးတယ်.. ဆူတာပူတာလဲမရှိ.. ငယ်သားတွေကလဲ သင်ရတာ အာပေါက်တာကလွဲလို့ ကိုယ့်အပေါ်ကောင်းကြပါရဲ့.. အဲသည်တော့လဲ.. နေမြဲပေါ့.. ငြီးလွန်းမကငြီးလာမှ ဆေးခွင့်လေးယူပြီး နားပစ်လိုက်.. ကာရာအိုကေလေးဘာလေး သွားဆိုပစ်လိုက်ယုံပဲ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ခုနောက်ပိုင်း ကိုယ့်ကို သံသယတွေက ကြီးစိုးနေတယ်.. ကောင်းတော့မကောင်းမှန်းသိရဲ့.. ဘာကိုပဲဖြစ်ဖြစ် သံသယတ၀က်မကနဲ့ ကိုယ့်စိတ်ကိုကိုယ် နှိပ်စက်မိနေတတ်တယ်.. တချို့အကြောင်းအရာတွေကတော့ သံသယဖြစ်လောက်စရာ အထောက်အပံ့တွေ ရှိနေတာကိုး.. သို့ပေမယ့် အရာရာကို သံသယကြီးစွာ ကိုယ်တွယ်နေမိတာတော့ ကိုယ့်ကိုကိုယ် ဘ၀င်မကျလှဘူး.. အသေးအဖွဲလေးကအစ သံသယဆိုတာကြီးက ခံခံနေလို့ ချောချောမွေ့မွေ့ကိုမရှိလှဘူး.. တကယ်တော့ ကိုယ်က ဘာကိုမှသံသယမထားလိုသူ.. အစွဲအလမ်းလဲ မကြီးလိုသူ.. ခုတော့ ကိုယ်ဖြစ်ချင်တာနဲ့ ဆန့်ကျင်နေတာက ကိုယ့်ရဲ့စိတ်ပေါ့.. ကိုယ်ရူးနေပြီလား.. ယဉ်ယဉ်လေးထင်တယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

နားလည်မှုဆိုတာကို လူတိုင်းဆီကကိုယ်မလိုချင်ပါဘူး.. ကိုယ်အလေးထားတဲ့လူတွေဆီကတော့ လိုချင်တယ်.. ကိုယ်က သိပ်နားလည်ရခက်တဲ့လူစားမျိုး မဟုတ်ဘူးလို့လဲ ကိုယ့်ကိုကိုယ် ထင်မိရဲ့.. ပြီးတော့ ကိုယ်ချစ်တဲ့သူတွေကိုလဲ ကိုယ်နားလည်ပေးနိုင်ပါတယ်.. ခွင့်လွှတ်တယ်ဆိုတာကတော့ နားလည်ပေးဖို့ထက်ပိုခက်မယ်.. ကိုယ့်အတွက်ကတော့ တတ်နိုင်သမျှ နားလည်ခွင့်လွှတ်ပေးလိုက်ခြင်းက ကိုယ့်ပျော်ရွှင်မှုနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ခံယူထားတာပါ.. ကိုယ့်ကို နားလည်ပေးတတ်တဲ့ ကိုယ်ပြောချင်တာတွေ အမြဲတမ်းသီးခံနားထောင်ပြီး ထပ်တူမျှဝေခံစားပေးတတ်တဲ့ နားတစ်စုံနဲ့ရင်ဘတ်တစ်ခုပိုင်ရှင်တစ်ယောက် ရှိနေသေးတာကိုက ကျေနပ်စရာပါ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..

ကိုယ့်ကမ္ဘာလေးထဲမှာ ခုထိတော့... အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..