Showing posts with label My Lovely Son. Show all posts
Showing posts with label My Lovely Son. Show all posts

Friday, August 17, 2012

သားသားအကြောင်း တစေ့တစောင်း

သားသားအကြောင်းကို ဘလော့မှာ မရေးဖြစ်တာကြာပြီ.. သားသားနဲ့အဝေးမှာနေရတာမို့ သူ့အကြောင်းရေးရင် သူလေးကိုလွမ်းပြီး ငိုချင်လာတတ်လို့ မရေးဖြစ်တာပါ.. ကျွန်မနဲ့တွေ့တိုင်း သားသားအကြောင်းရေးဖို့ တတွတ်တွတ်ပြောတတ်တဲ့ ညီမလေးနောင့်ရယ်.. ဆုမြတ်ရယ်.. သားသားအကြောင်းလေးတွေကို သားသားကြီးလာရင် ပြန်ဖတ်ခိုင်းဖို့ မှတ်တမ်းတင်ထားချင်တာရယ်ကြောင့် အားတင်းပြီးရေးလိုက်ပါတယ်..

လာမယ့်ဇန်နဝါရီမှာ လေးနှစ်ပြည့်မယ့်သားသားက သူ့ကိုယ်သူ လူကြီးဖြစ်နေပြီဆိုပဲ.. သူကြီးလာရင် သမ္မတလုပ်မှာလို့ ပြောနေတာတော့ကြာပြီ.. နေပြည်တော်က လွှတ်တော်ကို လိုက်ပို့ပေးခိုင်းနေတာလဲ ခဏခဏပေါ့.. လွှတ်တော်ထဲကလူတွေလဲ ကကြီးခခွေးတွေပဲဆိုနေကြတာပဲကို သားသားလဲဆိုတတ်နေပြီဆိုတော့ လွှတ်တော်တက်လို့ရပြီတဲ့.. လူလေးကဖြင့်လက်တောက်လောက်ရှိသေး ညညဆို သတင်းကြည့်ပြီး လွှတ်တော်ထဲပြောနေဆိုနေတာတွေကို နားထောင်ချင်တာတဲ့.. လွှတ်တော်ထဲမှာ အပိုဒ်ကကြီးတို့ ခခွေးတို့ ပြောနေတာ သူကြားတာကိုး..

တီဗွီကလာတဲ့ ဉာဏ်စမ်းပြိုင်ပွဲအစီအစဉ်တွေဆို သူသိပ်ကြိုက်တယ်.. အဲသည်ဟာတွေထဲက စီစဉ်တင်ဆက်သူ ဖြိုးဇော်လင်းဆိုတာ ခုချိန်မှာတော့သူ့ရဲ့ ရိုးလ်မော်ဒယ်ပေါ့.. တနေ့တနေ့ ဖြိုးဇော်လင်းလုပ်တမ်းကစားနေတယ်တဲ့.. အိမ်ရှိလူကုန်လဲမနေရ သူနဲ့အတူတူဝင်ကစားနေရတာပေါ့.. ကျွန်မဖုန်းဆက်လို့ သားလေးရေ ဖြိုးဇော်လင်းလုပ်ပြပါဦးဆို အားလုံးပဲမင်္ဂလာပါခင်မျာ.. အခုတင်ဆက်မှာကတော့ ဂိုးလ်ဒင်းမိနစ်အစီအစဉ်လေးပါ.. ဒီအစီအစဉ်ကို ပံ့ပိုးကူညီတာကတော့ ဘလာဘလာ.. ရှည်လျားစွာပြောပြတတ်တယ်.. ကျွန်မကိုလဲ မေမေရေ သားသားကို ဖြိုးဇော်လင်းလို ဂျင်းဘောင်းဘီအနက်ရောင်လေး ၀ယ်ပေးပါနော်လို့ ပူဆာတတ်သေး.. ကျွန်မမေမေကိုလဲ သင်ပေးသတဲ့.. ပြိုင်ပွဲမှာ ဆုငွေ၁၀သိန်းရရင်ဘာလုပ်မလဲလို့ သားသားမေးရင် မားမားက ကျွန်မမြေးလေးကို ပေးပါမယ်ရှင်လို့ ဖြေရမယ်တဲ့.. မားမားကမိန်းမမို့လို့ ကျွန်တော်လို့ မပြောရဘူးတဲ့လေ.. မေမေက စကားပြောရင် ကျွန်တော်လို့ပြောတတ်တာကိုး..

သားသားက ဂျီမကျတတ်တဲ့ကလေးမို့ ကျွန်မမေမေ စိတ်မညစ်ရပါဘူး.. သူလိုချင်တာကို စကားချိုချိုလေးနဲ့ပြောပြီး ရအောင်တောင်းတတ်တဲ့ လူပါးလေးပေါ့.. ကျွန်မမွေးနေ့တုန်းက ကျွန်မကမေးတယ် မေမေ့ကို မွေးနေ့လက်ဆောင် ဘာပေးမလဲလို့ဆိုတော့ သူက ကားဝယ်ပေးမတဲ့.. သားသားကြီးလာရင်ဝယ်ပေးမှာတဲ့.. ခုတော့ မေမေက အရင်သားသားကို ၀ယ်ပေးပေါ့တဲ့လေ.. ဘယ်လောက်လည်ထားလဲလို့.. မားမားရေ မုန်လာဥချဉ်ရည်ဟင်းက ဖွားလေးမိုးချက်ရင် စားမကောင်းလို့ မားမားချက်ပေးပါလားဆိုတာကတမျိုး.. ဖွားလေးမိုးရေ သားသားကို ငါးဖယ်ညိုညိုလေးချက်ပေးပါ ဆိုတာကတစ်ဖုံ မျိုးစုံအောင် ခိုင်းစားတတ်ပါတယ်..

သူ့ဖေဖေနဲ့ဖုန်းပြောတော့ ဖေဖေ ဆေးလိပ်တွေမသောက်နဲ့နော် ရောဂါဖြစ်လိမ့်မယ်တဲ့.. နောက်နေ့ထပ်ဆက်တော့ ဖေဖေ ဆေးလိပ်တွေသောက်သေးလား.. မသောက်တော့ဘူးမဟုတ်လား.. သားသားက ဖေဖေ့စကားနားထောင်တယ်.. ဖေဖေလဲ သားသားစကားနားထောင်နော် တဲ့လေ.. အဖေကသား သားကအဖေကိုဖြစ်ရော.. သားသားကဉာဏ်ကောင်းတာ ဖေဖေနဲ့တူလို့ဆိုတာမျိုးလဲ ဖားတတ်သေး.. ချောတာကတော့ မေမေနဲ့တူလို့တဲ့.. ဖေဖေနဲ့တူရင် ဗိုက်ပူကြီးဖြစ်နေမှာပေါ့လို့ သူ့အဖေကွယ်ရာမှာ ကျွန်မကိုပြောတယ်လေ.. သားသားက မိန်းကလေးတွေကိုပဲချစ်တာ မားမားက မိန်းမကြီးဖြစ်နေပြီဆိုပြီး ကျွန်မမေမေကိုလဲ နောက်တတ်သေးတယ်..

သားသားက ကစားစရာဆို ပါဇယ်လ်လေးတွေဆက်တာကြိုက်တယ်.. အခု၆၀လောက်ပါတဲ့ ပါဇယ်လ်လောက်တော့ အေးအေးဆေးဆေးဆက်နိုင်နေပြီ.. နောက်ပြီး အိုးပုတ်တွေနဲ့ ဟင်းချက်တမ်းဆော့တယ်.. ခုခောတ်ကလေးတွေက ကံကောင်းတယ်လေ.. သူ့အိုးပုတ်လေးတွေကလဲ ကစားချင်စရာ.. ဂက်စ်မီးဖို.. မိုက်ခရိုဝေ့ဖ်.. စုံနေရော.. အိုင်ပတ်ကတော့ သားသားအသည်းစွဲ.. သူ့ကိုယ်သူ အိုင်ပတ်နဲ့ရိုက်ထားတဲ့ ပုံတွေလဲ မနည်းဘူး.. အမေတူသားပေါ့.. သနပ်ခါးလိမ်းရတာကိုလဲ သဘောကျနေတယ်ဆိုပဲ.. ရေချိုးပြီးတာနဲ့ သနပ်ခါးလိမ်းခိုင်းတော့တာပဲတဲ့..

အရုပ်တွေထဲမှာ သားသားအသည်းစွဲ ပင်ကီဆိုတဲ့ ၀က်ဝံလေးရှိတယ်.. ငယ်ငယ်ကတည်းက သူဘယ်သွားသွား ခေါ်သွားတယ်.. သက်ရှိတစ်ယောက်လို သဘောထားတာ.. သူက ပင်ကီကို အရုပ်လို့ပြောရင် လုံးဝမကြိုက်ဘူး.. သူ့ညီမလေးတဲ့ ပင်ကီက.. ဟိုတလောက သူ့ပင်ကီလေးကဟောင်းနေလို့ ဆင်တူလေးနောက်တကောင် ၀ယ်ပေးဖို့လိုက်ရှာတော့ ပန်းရောင်လေးမရဘူး.. ညိုဖျော့ဖျော့လေးပဲရတာနဲ့ ၀ယ်ပေးလိုက်တယ်.. သူက အညိုလေးကို ဘရောင်နီလို့ နာမည်ပေးထားတယ်တဲ့.. အပြင်သွားရင် ပင်ကီနဲ့ဘရောင်နီ တယောက်တလှည့်စီခေါ်သွားသတဲ့လေ.. သားသားအတွက် တကယ့်ညီမလေးယူမလားမေးတော့ မယူဘူးတဲ့..

ခုတလော ပြောပြောနေတာတော့ သားသားက လုပ်ချင်တာတွေများနေတယ်တဲ့.. မင်းသားလဲလုပ်ချင်တယ် ဖြိုးဇော်လင်းလဲလုပ်ချင်တယ် ချက်ကြီး (စဖိုမှူး) လဲလုပ်ချင်တယ်.. သမ္မတကတော့ လုပ်ကိုလုပ်မှဖြစ်မှာဆိုပဲ.. ကျွန်မမေမေကတောင်ပြောနေတယ်.. အသက်ရှည်မှဖြစ်မယ်.. သမ္မတအဖွားလုပ်ချင်သေးလို့တဲ့..

Friday, December 30, 2011

အဝေးကသံစဉ်

လာမယ့်နှစ်သစ် ၁ရက်နေ့ဆို ကျွန်မရဲ့ ချစ်လှစွာသော တစ်ဦးတည်းသောသားလေး ၃နှစ်တင်းတင်းပြည့်ပြီ.. မိဘတွေနဲ့ခွဲပြီး နေနေရပေမယ့် သူကလေးက ဆွေမျိုးတွေအလယ်မှာ ပျော်နေပါရဲ့.. သူ့မွေးနေ့ပွဲကိုလဲ သူ့စိတ်ကြိုက် စီစဉ်ပေးဖို့တောင် တောင်းဆိုတတ်နေပြီ.. မွေးနေ့လက်ဆောင် ဘာယူမလဲမေးသူတွေဆီက သူလိုချင်သမျှကို ကလေးပီပီ အားမနာတမ်းတောင်းတတ်နေပြီ.. မွေးနေ့ကိတ်သွားမှာတော့လဲ သူ့စိတ်ကြိုက် ကိတ်ကို ကိုယ်တိုင်ရွေးသတဲ့.. ခုခောတ်ကလေးတွေများ လူဖြစ်မြန်လိုက်တာ..

သားသားက မှတ်ဉာဏ်သိပ်ကောင်းတယ်.. စလုံးကလူတွေ နေရာတွေ အားလုံးကိုလဲ အတိအကျ မှတ်မိနေသေးတယ်လေ.. သူနဲ့ဖုန်းပြောလို့ မေမေ့ဆီလာမလားမေးရင် ခဏပဲလာမယ်တဲ့.. ရန်ကုန်အိမ်ကမှ သားသားအိမ်တဲ့လေ.. သားသားက ရန်ကုန်အိမ်ကို အရမ်းကြိုက်နေပြီ.. ခြံထဲမှာ သစ်ခွပင်လေးတွေ သူ့မားမားကိုစိုက်ခိုင်းပြီး သူကနေ့တိုင်း ရေလောင်းသတဲ့.. အိမ်နီးချင်းတွေဆီမှာ သူကြိုက်တဲ့သစ်ပင်လေးတွေတွေ့ရင် သားသားလဲစိုက်ချင်လို့ ပေးပါနော်ဆိုပြီး တောင်းယူစိုက်ထားတဲ့အပင်လေးတွေလဲ အများကြီးဆိုပဲ.. ခုအရွယ်လေးကတည်းက အိမ်ကိုအလှဆင်ပြီး သပ်သပ်ရပ်ရပ်လေးထားရတာကို သူလေးက သိပ်သဘောကျသတဲ့လေ.. အိမ်အတွက် ပရိဘောဂအသစ်လေးတခုခု ၀ယ်ဖြစ်ပြီဆို ကျွန်မဖုန်းဆက်တဲ့အခါ သူလေးက ၀မ်းသာအားရပြောပြရှာတယ်.. မေမေရေ.. ဘာလေးဖြင့်ဝယ်လိုက်တယ်.. ဘယ်နားလေးမှာ ထားလိုက်တယ်.. သားသားအိမ်လေးက လှသွားပြီ စသည်ဖြင့်ပေါ့.. သားသားက အရွယ်နဲ့မလိုက်အောင် လူကြီးဆန်ပါတယ်..

ကျွန်မက သားသားကို ရန်ကုန်ပြန်မပို့ခင် ပြောပြထားဖူးတယ်.. သားသားအိမ်က ရန်ကုန်မှာရှိတယ်.. သားသားနေဖို့အတွက် မေမေတို့ဝယ်ပေးထားတာလို့.. အဲ့စကားကို သူကအသေမှတ်ထားပြီး ရန်ကုန်အိမ်ဟာ သူ့အိမ်.. သူ့အတွက် မေမေတို့ဝယ်ပေးထားတာလို့ လူတိုင်းကို ကြုံတိုင်းပြောနေတော့တာ.. ကျွန်မ ညီမလေးတို့ မောင်လေးတို့ ရန်ကုန်အလည်ပြန်တုန်းကလဲ သူကပြောသတဲ့.. တီထူးတို့ လေးလေးဇော်တို့က ခဏလာလည်တာလား.. ဒီအိမ်က သားသားအိမ်နော်.. သားသားအတွက် မေမေဝယ်ပေးထားတာလို့ ပြောတယ်တဲ့လေ.. ညီမလေးက မကြီးရေ နင့်သားတော့ ငါတို့ကို အိမ်ပေါ်ကနှင်ချနေပြီပြောလို့ ရယ်ရသေးတယ်..

သောကြာသားမဟုတ်ပေမယ် ့သားသားက စကားအရမ်းပြောပါတယ်.. လမ်းထဲက တွေ့သမျှလူတွေကို နှုတ်ဆက်.. အလာပ သလာပတွေပြော.. လူချစ်အောင်လဲ နေတတ်ပါတယ်တဲ့.. အိမ်နီးချင်းတွေက အငိုနည်းပြီး စကားသိပ်တတ်တဲ့သားသားကို ချစ်ကြတယ်.. တခြားကလေးတွေလို အကြောင်းမဲ့ဂျီတိုက်ပြီး ငိုယိုနေတာမျိုး လုံးဝမရှိတာမို့ အားလုံးကချီးကျူးကြတယ်တဲ့.. ဖေဖေနဲ့မေမေရောလို့ မေးသူတိုင်းကို ဖေဖေနဲ့မေမေက စင်္ကာပူမှာ သားသားအတွက် ပိုက်ပိုက်ရှာနေတာလို့ ပြန်ဖြေတတ်သတဲ့.. မနက်မိုးလင်းလာရင် အိပ်ယာထတာနဲ့ သီချင်းလေးတအေးအေးနဲ့ နေတတ်တယ်ဆိုပဲ.. တနေ့က ကျွန်မကို သီချင်းဆိုပြတယ်.. ဟဲလေးသီချင်း.. ကျွန်မတောင် သေချာမကြားဖူးသေးဘူး.. သူက သံစဉ်မှန်မှန်နဲ့ ကောင်းကောင်းဆိုတတ်နေပြီ..

သားသားက သူ့ကိုဆူပြီဆိုရင် ဘာလို့လဲဆိုတာကို သေသေချာချာပြန်မေးတတ်တယ်.. မားမားက ဘာလို့စိတ်ဆိုးတာလဲ.. သားသားကိုမအော်ပါနဲ့.. နောက်ကို သားသားအဲလိုမလုပ်တော့ပါဘူးလို့ ပြောတတ်သတဲ့.. တနေ့ကလဲ ဖိနပ်မစီးပဲ ခြံထဲမှာလျှောက်သွားနေလို့ ကျွန်မမေမေက သူ့ကို လူဆိုတာဖိနပ်စီးရတယ်.. စာကလေးတွေ ကြောင်တွေပဲ ဖိနပ်မစီးတာလို့ပြောတော့ သူက ချက်ချင်းပြန်ပြောသတဲ့.. ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းကျတော့ ဖိနပ်ဘာလို့မစီးတာလဲတဲ့လေ..

သားသားက အစားအစာနဲ့ပတ်သတ်လာရင် အရသာကိုသိပ်သိတယ်.. သူစားနေကြမဟုတ်ရင် ချက်ချင်းသိပြီး ပြောတော့တာပဲ.. သူ့မားမားက အချိန်မရလို့ သူစားနေကျဆိုင်မှာမဟုတ်ပဲ အိမ်နားကမုန့်ဟင်းခါးဆိုင်မှာပဲ ၀ယ်ကျွေးတဲ့နေ့ဆို ကျွန်မဖုန်းဆက်ရင် သူကပြောတတ်တယ်.. မနက်က မားမားမအားလို့ ဖြစ်သလိုမုန့်ဟင်းခါးလေးပဲ စားရသတဲ့လေ.. ဖြစ်သလိုမုန့်ဟင်းခါးရယ်လို့ သူပဲပြောတတ်ပါ့.. ဟိုဆိုင်ကဟိုဟာလေးစားချင်လိုက်တာ ရယ်လို့လဲ ၀ယ်ကျွေးခိုင်းတတ်နေပြီဆိုပဲ..

သားလေးရဲ့ သိတတ်လိမ်မာမှုလေးတွေက ကျွန်မတို့အတွက် အားဆေးပါပဲ.. ပျော်ရာမှာမနေရ တော်ရာမှာပျော်အောင်ကြိုးစားနေရသူတွေမို့ သားလေးလိမ်မာလို့သာ စိတ်အေးချမ်းသာနဲ့ ငွေရှာနိုင်တာမို့လား.. အရွယ်နဲ့မလိုက်အောင် အသိဉာဏ်မြင့်မားပြီး သိတတ်လိမ်မာတဲ့သားလေးအတွက် မွေးနေ့မှစလို့ နောင်နှစ်ပေါင်းများစွာတိုင်အောင် အေးချမ်းအောင်မြင်ပြီး ပျော်ရွှင်စရာအတိပြီးတဲ့ ဘဝလှလှလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

Friday, December 2, 2011

မေးခွန်းများနဲ့ မိုးသံစဉ်

သုံးလေးနှစ်အရွယ်ကလေးတွေဟာ သိပ်ကိုအမေးအမြန်းထူတာပဲတဲ့.. သုံးနှစ်ပြည့်တော့မယ့် ကျွန်မရဲ့တစ်ဦးတည်းသော ချစ်သားလေးကလဲ သိပ်ကို အမေးအမြန်းထူပါတယ်.. တခါတလေဆို သူမေးတဲ့မေးခွန်းတွေကိုဖြေဖို့ ကျွန်မမေမေခမျာ တော်တော်လေးဦးနှောက်စားရတယ်တဲ့လေ.. တစ်နှစ်ခွဲလောက်ကတည်းက စကားစပြောတဲ့သားသားက သုံးနှစ်ပြည့်ခါနီးမှာတော့ လူကြီးတယောက်လို လည်လည်ပတ်ပတ်ပြောဆိုတတ်နေပါပြီ.. အေဘီစီတွေကိုတော့ ဇက်အထိ ရန်ကုန်မပြန်ခင်ကတည်းက အကုန်သိပြီးသားပါ.. ခု ရန်ကုန်မှာ ကျွန်မမေမေက ကကြီးခခွေးတွေ သင်ပေးနေတယ်တဲ့.. အဲ့သည်မှာ ဖြေရခက်တဲ့မေးခွန်းတွေ စတော့တာပဲ..

“မာမားရေ စလုံးကဘာလို့ဘေးကိုကြည့်ပြီး ဓအောက်ချိုင့်က ဘာလို့အောက်ကိုကြည့်တာလဲ.. ဗထက်ချိုင့်ကျတော့ အပေါ်ကိုကြည့်နေတယ်”

“ဌဝမ်းဘဲဘေးနားက နှစ်ခုမှာ တစ်ခုကဘာလို့ညာဘက်ကိုလှည့်ပြီး နောက်တစ်ခုက ဘာလို့ဘယ်ဘက်ကိုလှည့်နေတာလဲ”

“ဠကြီးကနဲ့ ဏကြီးက ဘာလို့ ကကြီးနဲ့တစ်တန်းထဲမနေပဲ ဃကြီးကဘာလို့တစ်တန်းထဲဖြစ်နေတာလဲ”

အဲလိုမေးခွန်းတွေနဲ့ တနေ့တနေ့ နပမ်းလုံးနေရတာ ကျွန်မမေမေပေါ့.. သူမေးတာကို ပြန်မဖြေမချင်း မေးနေတော့တာတဲ့..

သားသားက ဖြတ်ထိုးဉာဏ်ကောင်းသလို ဆက်စပ်ပြီးတော့လဲ တွေးတတ်တယ်.. သူများမစဉ်းစားမိတာလေးတွေကိုလဲ စဉ်းစားမိတတ်တယ်.. မြန်မာစာလုံးတွေကိ အေဘီစီတွေနဲ့ ယှဉ်ကြည့်ပြီး “ဒဒွေးက သရီးနဲ့တူတယ်”တို့ “နှစ်ကဂျေနဲ့တူတယ်”တို့ “၀လုံးက အိုနဲ့တူတယ်”တို့ ပြောတတ်တဲ့အပြင်.. “ဌဝမ်းဘဲကို ပြောင်းပြန်လှန်ရင် ဖိုက်ဖြစ်သွားတယ်နော်..” သူလက်လေးနဲ့ နငယ်ခြေထောက်ကိုအုပ်ပြီး “မားမားကြည့်ပါဦး နငယ်က အက်စ်ဖြစ်သွားပြီ” “အင်န်ကို ကွေးကွေးလေးရေးရင် လနဲ့တူမှာနော်” တို့လုပ်တတ်သေးတယ်..

ရန်ကုန်ရောက်စက သားသားကြီးလာရင် ဘာလုပ်မလဲမေးတော့ နေတိုးလို မင်းသားလုပ်မှာတဲ့.. ခုတော့ပြောင်းသွားပြီ.. ကြီးလာရင် သမ္မတလုပ်မယ်တဲ့.. နေပြည်တော်မှာ လွှတ်တော်ရှိတယ်.. လွှတ်တော်မှာ သမ္မတလုပ်မှာတဲ့လေ.. သူ့မာမားကိုလဲ နေပြည်တော်လိုက်ပို့ပေးဖို့ ခဏခဏ ပူဆာလေ့ရှိသတဲ့.. တလောကတော့ တီဗွီမှာသတင်းပြနေရင် လွှတ်တော်ထဲက ဖတ်ကြားကြေငြာနေတာတွေကို နားထောင်နေတယ်တဲ့.. ထုံးစံအတိုင်း အပိုက် ကကြီးတို့ အပိုက်ခွဲ ခခွေးတို့ ဖတ်နေကြမှာပေါ့.. အဲသည်မှာ သားသားက ကောက်ကာငင်ကာထပြောတယ်တဲ့.. “မားမားရေ.. နေပြည်တော်က လွှတ်တော်မှာလဲ ကကြီးခခွေးတွေပဲ ဆိုရတာနော်.. သားသားလဲ လွှတ်တော်သွားလို့ရပြီ” တဲ့လေ..

Saturday, August 20, 2011

သားလေးဖတ်ဖို့ (၂)

သားလေးရေ..

မေမေ့သားလေးကို မတွေ့ရတာ ၂လတောင်ကျော်ပြီ.. သူများတွေကတော့ ထင်ချင်ထင်မယ်.. ၂လပဲရှိသေးတာများလို့.. မေမေ့အတွက်တော့ ၂ကမ္ဘာအလားပေါ့သားလေးရယ်.. တနေ့တနေ့ ရုံးကပြန်ရောက်ရင် အရင်ကလို ကြိုနေမယ့်သားလေးမရှိတော့ မေမေ့ရဲ့အိမ်ပြန်ချိန်တွေက ရည်ရွယ်ချက်မဲ့ပေါ့.. သားလေးရှိတုန်းကဆို အိမ်ကိုအမြန်ဆုံးရောက်အောင် အပြေးပြန်ချင်နေခဲ့ပေမယ့် ခုတော့ ပိတ်ထားတဲ့တခါးတချပ်ကို ကိုယ်တိုင်ဖွင့်ပြီး ၀င်လိုက်ရင် လှောင်ပိတ်နေတတ်တဲ့ အခန်းတစ်ခုထဲကို မေမေလေ တော်တော်နဲ့မပြန်ချင်တတ်ဘူး.. အိမ်အလုပ်တွေလုပ်ရင်း သားလေးကို သတိမရအောင်နေပေမယ့် မရပါဘူးသားလေးရယ်..

သားလေးဖေဖေလည်း သားလေးကိုတော်တော်လွမ်းနေပြီ.. မေမေက မားမားပြောပြတဲ့ သားလေးရဲ့တိုးတက်မှုလေးတွေအကြောင်းများ ပြန်ပြောပြပြီဆို သားဖေဖေမျက်လုံးတွေကလေ အရောင်တွေကို လက်လို့.. ဖခင်တယောက်အနေနဲ့ သူ့သားလေးကို သူရဲကောင်းအဖြစ်နဲ့ ဂုဏ်ယူနေတဲ့ အမူအယာမျိုး.. သူ့သူငယ်ချင်းမိတ်ဆွေတွေကိုလဲ သားလေးအကြောင်း ကြွားရတာအမောပေါ့.. မေမေက ဖေဖေ့ကိုမေးကြည့်တယ်.. သားသားနဲ့မေမေနဲ့ ဘယ်သူ့ကိုပိုချစ်လဲလို့.. ဖေဖေက သားသားကိုပိုချစ်တယ်တဲ့.. ဟုတ်တယ်.. မေမေကလည်း သားသားကိုပဲပိုချစ်တာလေ.. သားလေးက မေမေဖေဖေတို့ရဲ့ အချစ်ဆုံးလေးပေါ့.. မေမေဖေဖေတို့ရဲ့ အနာဂါတ်က သားလေးပေါ့..

မေမေတို့ ခုချိန်မှာ သားလေးနားမနေနိုင်ပေမယ့် မေမေတို့ကြိုးစားနေသမျှဟာ သားလေးအတွက်ပေါ့.. တခါတလေကျတော့တွေးမိတယ်.. ရုပ်ဝတ္ထုတွေပြည့်စုံနေပေမယ် ့သားလေးစိတ်ထဲမှာများ ဒဏ်ရာရနေမလားလို့.. မေမေတို့ကို အနေဝေးလို့ စိမ်းသွားမှာလဲစိုးတယ်လေ.. အဲဒါတွေကြောင့် မေမေ့သားလေးဆီ နေ့တိုင်းဖုန်းဆက်နေတာပေါ့.. မာမားပြောပြလို့ သားသားလူလည်လေးအကြောင်း မေမေကြားနေရပါတယ်.. တွေ့တဲ့လူကို တည့်အောင်ပေါင်းတတ်တဲ့အကြောင်း.. သီချင်းတွေကို အရမ်းကြိုက်တဲ့အကြောင်း.. သားလေးက ရုပ်တော့ဖေဖေနဲ့ပိုတူပြီး အကျင့်လေးတွေက မေမေနဲ့ပိုတူတယ်နော်.. သားလေး၅နှစ်လောက်ရောက်ရင် ဂစ်တာတီးသင်ပေးရမယ်.. သားလေးရဲ့ ကိုကိုကြီးပြည့်ဖြိုးအောင် (သူ့ကိုယ်သူအတင်းကိုကိုကြီးလုပ်ထားတာ)ကို သင်ပေးခိုင်းရမယ်.. ခုကတည်းကတောင် လေးလေးဇော်ဂစ်တာတီးရင် လိုက်တီးနေပြီဆို.. မေမေ့သားလေးက မေမေ့လိုပဲ သီချင်းတွေကိုချစ်တယ်ဆိုလို့ မေမေ အရမ်းပျော်တာပဲသိလား.. တို့သားအမိတွေ ဂစ်တာတွေတီး သီချင်းတွေတူတူဆိုကြမယ်သားလေးရယ်...

သားလေးက သစ်သီးအစိမ်းရောင်တွေနဲ့ ဓါတ်မတည့်ဘူးဆို.. သရက်သီးစိမ်းတွေ မာလကာသီးအစိမ်းတွေတွေ့ရင် တုန်တောင်တုန်နေတယ်တဲ့.. မာမားကပြောပြတယ်.. ထူးဆန်းလိုက်တာ.. မေမေကတော့ အသားစိမ်း ငါးစိမ်းတွေကို အများကြီးမြင်ရင် တကိုယ်လုံးယားလာတတ်တာမို့လား.. စျေးထဲသွားရင် မေမေ့မှာ အသားတန်း ငါးတန်းတွေကို မြန်မြန်ဖြတ်ပြေးရတာ.. သားလေးကျတော့ အသီးတွေကို အသည်းယားတတ်သတဲ့.. ဖေဖေကတောင်ပြောနေသေးတယ်.. သားအမိတွေက တယောက်တမျိုးစီတဲ့..

တနေ့က မာမားကပြောနေတယ်.. သမီးကြီးရေ နင့်သားကို ၁၀နှစ်ပြည့်ရင် ၁၀အိမ်မှုးခန့်လိုက်တော့မယ်တဲ့.. တလမ်းလုံး သူမသိတဲ့လူလဲမရှိဘူးတဲ့.. ဟုတ်တယ်.. သားလေးက ပေါင်းသင်းဆက်ဆံရေးသိပ်ကောင်းတာ.. လမ်းသွားရင် တွေ့သမျှလူကိုနှုတ်ဆက်.. အလာပသလာပတွေပြောနဲ့.. တတ်လဲတတ်နိုင်တဲ့ကလေး.. အရမ်းလဲစပ်စုတာပဲ.. သားလေးရှေ့မှာ စကားဆန်းတခုခုပြောမိလို့ သားလေးနားမလည်ရင် ချက်ချင်းမေးတာပဲတဲ့.. မားမား ပန်လန်လက်တယ်ဆိုတာဘာလဲလို့မေးတော့ မာမားက ပက်လက်လန်လို့ပြန်ဖြေတာကို မကျေနပ်သေးပဲ ဘာလို့ပက်လက်လန်ကို ပန်လန်လက်လို့ပြောတာလဲလို့ ဆက်မေးနေတာ မာမားတောင် ဘာဖြေရမှန်းမသိ ဖြစ်သွားသေးတယ်တဲ့.. သားသားက စပ်စုစိန်လေးပေါ့နော်..

သားလေးက သီချင်းတွေလဲဆိုတတ်နေပြီနော်.. ရွှေပုံပေါ်မှာပျော်ပါနေခြည်တဲ့ မေမေ့ကိုဆိုပြတယ်လေ.. ပြီးတော့ရှိသေးတယ်.. နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ကွားတော့မယ်.. တဲ့.. သားလေးက သွား ဆိုတာကို ပီအောင်မပြောတတ်သေးတော့ ကွားတော့မယ်ဖြစ်သွားတာပေါ့.. မေမေ့မှာ ရယ်လိုက်ရတာ မျက်ရည်တောင်ထွက်တယ်..

သားလေးနဲ့မာမားကို နှစ်ကုန်ကျရင် စင်္ကာပူကိုလာလည်ဖို့ပြောတော့ သားသားကအရမ်းပျော်တယ်တဲ့.. လေယာဉ်ပေါ်ကဆင်းရင် အမ်အာတီသေးသေးလေးစီးပြီး အမ်အာတီအကြီးကြီးဆီကိုသွားမယ်.. ပြီးရင် အမ်အာတီအကြီကြီးနဲ့ ဂျူရောင်းပွိုင့်ကိုသွားမယ်.. မေမေနဲ့ဖေဖေက ဂျူရောင်းပွိုင့်မှာ စောင့်နေ.. ဂျူရောင်းပွိုင့်ကနေ ဘွန်လေးပလေ့စ်အိမ်ကို တက်ဆီနဲ့သွားကြမယ်တဲ့လေ.. လူလည်လေးက အိမ်ပြန်တဲ့လမ်းကိုပါ မှတ်မိနေသေးတယ်.. ခုမှ ၂နှစ်နဲ့၈လတောင်မရှိသေးဘူး.. သားလေးက အရမ်းကို ဉာဏ်ကောင်းတဲ့ ကလေးလေးပေါ့..

မနေ့ကဖုန်းဆက်တော့ သားလေးကပြောတယ်.. သားသားနေကောင်းဘူး ချောင်းဆိုးတယ် နှာစေးတယ်.. မိုးတွေရွာလို့.. ရာသီဥတုက ကောင်းဘူးမေမေရယ် တဲ့လေ.. မေမေ့အတွက်လဲ သားလေးမရှိတဲ့အရပ်မှာ ရာသီဥတုက ဘယ်တော့မှမကောင်းပါဘူး သားလေးရယ်..

သားလေးရေ.. မာမားစကားကို နားထောင်ပြီး လိမ်လိမ်မာမာနေနော်.. ဘုရားလဲ မှန်မှန်ရှိခိုး.. ဘုန်းဘုန်းကိုလဲ နေ့တိုင်းဆွမ်းလောင်းနော်.. မေမေ့သားလေးက လိမ်မာပြီးသားပါ.. မေမေက သားလေးကို အရမ်းချစ်တယ်နော်.. ဖေဖေကလဲ သားလေးကို အရမ်းချစ်တာ.. မေမေတို့သားလေးက လိမ်မာယဉ်ကျေးတဲ့ မြန်မာ့ဓလေ့တွေကို တန်ဖိုးထားတတ်တဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကလေးလေးတယောက်ဖြစ်လာမယ်ဆို မေမေရင်အကွဲခံပြီး သားလေးနဲ့ခွဲနေရကျိုး နပ်ပြီပေါ့ကွယ်.. ဘယ်လိုလဲသားလေး.. မေမေ ပျော်ရမယ်မို့လား..

Wednesday, July 20, 2011

မိုးသံစဉ်နှင့်စကားစမြည်

စလုံးကနေ ရန်ကုန်ရောက်စတုန်းက
“မေမေ ဂျူရောင်းပွိုင့်သွားမယ်..” “အိုင်အမ်အမ်သွားမယ်..”
ခုကျတော့
“ကပ်ပီတယ်သွားမယ်..” “တော်ဝင်စင်တာသွားမယ်..”

မေမေ။ ။ သားသားရေ ဘာတွေတတ်နေပြီလဲ ပြောပါဦး..
သားသား။ ။ နိုင်ငံရေးဦးတည်ချက်၄ရပ် စီးပွားရေးဦးတည်ချက်၄ရပ် လူမှုရေးဦးတည်ချက်၄ရပ်
မေမေ။ ။ ဘာတွေတုန်းသားသားရဲ့..
သားသား။ ။ တီဗီမှာလာတာတွေလေ.. မေမေသိဘူးလား..

မေမေ။ ။ သားသားရေ.. မေမေကိုစကားပြောပါဦး.. သားသားအသံလေးကြားချင်လို့..
သားသား။ ။ ပြောဘူး.. သားသားအားဘူး.. အလုပ်ရှုပ်နေတယ်.. မားမားနဲ့ပဲပြော..

မေမေ။ ။ သားသား နေမကောင်းဘူးဆို.. နှာစေးနေတယ်ဆို..
သားသား။ ။ အင်း.. မိုးတွေရွာလို့.. ရာသီဥတုက ကောင်းဘူးမေမေ.. ပြန်လာရင် ထီးလေးဆောင်းပြီးလာနော်..

ဖေဖေ။ ။ သားသား ဘာလုပ်နေလဲ
သားသား။ ။ ဖေဖေ့ကို သတိရနေတာ.. သားသားကို ကားဖြူဖြူလေးဝယ်ပေးနော်.. အရုပ်ကားမဟုတ်ဘူး.. တကယ်မောင်းလို့ရတဲ့ကား..

သားသား။ ။ မားမားရေ.. လေးလေးဖြိုးမောင်းသလို ကားဖြူရောင်လေးက ဘယ်မှာဝယ်ရတာလဲ..
မားမား။ ။ ကားစျေးမှာပေါ့သားသားရဲ့..
သားသား။ ။ သွားဝယ်မယ်လေ..
မားမား။ ။ မားမားခြေထောက်နာနေလို့.. နောက်မှသွားဝယ်ရအောင်နော်..
သားသား။ ။ မားမားကလဲ နေမကောင်းပဲဖြစ်နေတာပဲ.. သားသားကို ပိုက်ပိုက်ပဲပေးလိုက်တော့.. သားသားကိုယ့်ဟာကိုယ်တယောက်တည်းပဲ သွားဝယ်လိုက်တော့မယ်..

(၂နှစ်နဲ့ရလသား မိုးသံစဉ်နဲ့ စကားပြောမိသမျှလေးပေါ့.. လွမ်းလိုက်တာသားလေးရယ်.. )

Wednesday, June 22, 2011

မိုးသံစဉ်ရဲ့အဝေးမှာ


အကြောင်းကြောင်းကြောင့် သားသားကို ရန်ကုန်ပြန်ပို့လိုက်တယ်.. အရင်က ကလေးထိန်းနဲ့ပဲ တနေကုန်နေရတဲ့သားသားက ခုတော့ ဆွေမျိုးတွေကြားမှာ ပျော်နေပြီပေါ့.. ဒီမှာတုန်းက အစားကောင်းကောင်းမစားလို့ ကျွန်မမှာစိတ်ညစ်လိုက်ရတာ.. ခုတော့ စားချိန်အိပ်ချိန်ကိုမှန်လို့ဆိုပဲ.. ကလေးတွေဟာ မိဘနဲ့ဝေးနေရင် ပိုပြီးလိမ္မာတတ်ကြသလားပဲ.. စလုံးကိုပြန်လာတဲ့နေ့က သားသားကိုမမြင်စေချင်လို့ ကျွန်မမေမေက အပြင်ခေါ်သွားတုန်း ကျွန်မတို့ပြန်လာခဲ့ကြတာလေ.. အိမ်ပြန်ရောက်တော့ သားသားကပြောတယ်တဲ့.. မေမေနဲ့ဖေဖေက ဘွန်လေးပလေ့စ်အိမ်ကိုပြန်သွားပြီ.. သားသားက ရန်ကုန်အိမ်မှာ ကျန်ခဲ့တာတဲ့လေ..

အရင်က သားသားအတွက်နဲ့ ကုန်မှန်းမသိကုန်ခဲ့ရတဲ့ ကျွန်မအချိန်တွေက ခုကျတော့လဲ ဘာလုပ်ရမှန်းမသိကိုဖြစ်လို့.. အလုပ်ဆင်းနေရလို့သာ တော်တော့တယ်.. ရုံးပိတ်ရက်ဆို ဘယ်လိုများနေရမယ်မသိဘူး.. ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းကတော့ ပြန်ရောက်ခါစဆိုတော့ အိမ်ရှင်း ကြမ်းတိုက် အိပ်ယာခင်းတွေလျှော်နဲ့ နေ့တ၀က်ကျိုးသွားတယ်.. နေ့လည်ဘက်ကျတော့ ရန်ကုန်ကပေးလိုက်တဲ့ လူကြုံတွေကို စီးတီးဟောမှာ သွားပေးလိုက်တယ်လေ.. အားနေတဲ့အချိန်မရှိချင်ဘူး.. သားသားကိုလွမ်းရတာ ရင်ဘတ်ထဲကနာလို့.. တခုခုလုပ်နေရင် မေ့မေ့ပျောက်ပျောက်နဲ့မို့ လွမ်းရသက်သာတာပေါ့လေ.. ရုံးမှာက အလုပ်တော်တော်များနေတာမို့ သိပ်မသိသာပေမယ့် အိမ်ပြန်ရောက်ရင် မနေတတ်မထိုင်တတ်ကိုဖြစ်လို့.. ကြာတော့လဲ နေသားကျသွားမယ် ထင်ရတာပဲလေ..

အရင်တုန်းက သားသားနဲ့လုနေရတဲ့ ကျွန်မလပ်တော့ပ်ကို ခုတော့ ယောက်ျားနဲ့လုနေရတယ်.. အိမ်ပြောင်းထားတာမကြာသေးတော့ သူ့ကွန်ပျူတာကို ပြန်မဆင်ရသေးဘူးလေ.. ခုအိမ်လေးကကျဉ်းတော့ သူ့ကွန်ပျူတာကြီးကိုဆင်ဖို့ စားပွဲကလဲမရှိသေး နေရာကလဲမစဉ်းစားရသေးတာနဲ့ ညညဆို လပ်တော့ပ်လုပွဲဆင်နွှဲနေရတယ်.. ရုံးမှာသုံးမရတဲ့ ဂျီမေးလ်တို့ ဖဘတို့က အိမ်ရောက်မှကြည့်ရတာမို့ ဆက်လုနေရဦးမှာပဲ..

သားသားဆီကို တနေ့အနည်းဆုံး၂ခါလောက် ဖုန်းဆက်ဖြစ်နေလို့ စတားဟဘ်ကို လုပ်ကျွေးနေရသလိုပဲ.. ဟိုင်းမိနစ်ကလဲ လိုရင်တမျိုးမလိုရင်တမျိုးမို့လား.. စိတ်မရှည်တာနဲ့ ၀၁၈ကိုနှိပ်နေမိတတ်လို့ ဖုန်းဘီလ်လာမှာကိုတောင် ကြောက်နေရပြီ..

လေယာဉ်လက်မှတ်တွေကလဲ ဈေးချပြန်ပြီ.. လူကို ပြန်ချင်အောင်စွဲဆောင်နေသလိုပဲ.. ၃၁၇ တဲ့.. ၂ပါတ်လက်မှတ်ပေါ့.. သားသားဆီပြန်ချင်လိုက်တာ.. ခွင့်က မိုင်းနပ်စ်ပြနေလို့သာ ငြိမ်နေရတာလေ.. နောက်ဆိုရင်လဲ အမြဲတမ်း ဈေးချနိုင်ကြပါစေလို့ပဲ ဆုတောင်းရတော့မယ်..

အင်း.. ဘာလိုလိုနဲ့ မိုးသံစဉ်ရဲ့အဝေးမှာနေရတာ.. ခုဆို.. ၅ရက်တောင်ရှိပါပေါ့လား.. စိတ်ထဲမှာတော့ ၅နှစ်လို့တောင်ထင်မိရဲ့.. ပိုတယ်လို့မပြောကြပါနဲ့..

Friday, May 20, 2011

သားသားရဲ့အချစ်တော်လေးများ

ကလေးတွေမှာ သူတို့အရမ်းကြိုက်တဲ့ ပစည်းလေးတွေ ကိုယ်စီရှိတတ်ကြတာ သတိထားမိပါတယ်.. လမ်းမှာကလေးလေးတွေတွေ့လို့ သတိထားကြည့်မိရင် သူတို့ငယ်ငယ်ကတည်းက သုံးလာကြတဲ့ စောင်လေးတွေ ခေါင်းအုံးလေးတွေ အရုပ်လေးတွေ တကိုင်ကိုင်နဲ့ ဖြစ်နေတတ်ကြတာကို သတိထားမိတယ်.. ညစ်ပတ်ပြီး အရောင်မထွက်တော့တဲ့ အဲသဟာလေးတွေတွေ့မိတိုင်း ငါ့သားလေးအဲလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းရတာအမော.. ကျွန်မဆုတောင်း မပြည့်ပါဘူး.. သားသားမှာ သူ့အချစ်တော်လေး ရှိလာပါတော့တယ်.. တခုတည်းတောင်မကပါဘူး..

သားသားရဲ့အချစ်တော်လေးတွေထဲက တစ်ခုကတော့ စောင်လေးတထည်ပါ.. အစိမ်းနုရောင်စောင်ပါးလေးပေါ့.. ကျွန်မက ဘလန်ကီလို့ခေါ်တာကို သူကမပီကလာနဲ့ ဘန်ပီလို့လိုက်ခေါ်ရင်း အဲ့စောင်လေးရဲ့နာမည်က ဘန်ပီဖြစ်သွားပါတော့တယ်.. သူက စောင်လေးကိုလုံးကိုင်ပြီး လက်ဝါးလေးနဲ့ပွတ်နေရတာကို ဇိမ်ကျနေတယ်ထင်ပါရဲ့.. ဘယ်ကိုသွားသွား သူ့ဘန်ပီလေးကို ယူသွားပါတယ်.. တနေကုန်ကိုင်ထားတဲ့စောင်လေးဆိုတော့ ခဏလေးနဲ့ ညစ်ပတ်သွားတာပေါ့.. သူ့ဘန်ပီလေးကိုလျှော်တဲ့နေ့ဆို သားသားနဲ့ကျွန်မ ရန်ဖြစ်ရပါတယ်.. လျှော်ပြီးလို့လှန်းထားရင် ခြောက်တဲ့အထိစောင့်ဖို့ သူစိတ်မရှည်ပါဘူး.. ကျွန်မက မီးပူတိုက်ပြီး မြန်မြန်ခြောက်အောင်လုပ်ပေးရပါတယ်.. နောက်ပိုင်းတော့ ဆင်တူလေးတထည်ထပ်ဝယ်လိုက်ရပြီး သူအိပ်တဲ့အချိန်ဆို အသစ်လေးပေးကိုင်ထားပြီး အဟောင်းလေးကိုလျှော်ရပါတယ်.. ဒါတောင် တရေးနိုးရင်ပြသနာရှာတတ်လို့ အဟောင်းလေးကို အဆင်သင့်ပြင်ထားရတာလေ.. အပြင်သွားမယ်ဆိုရင်တော့ ချော့မော့ပြီး အသစ်လေးကိုပဲ ယူခိုင်းရတယ်.. သူက သိပ်ကြည်ပုံမရဘူး.. အိမ်ပြန်ရောက်တာနဲ့ သူ့ဘန်ပီအဟောင်းလေးကို ပြေးယူတော့တာပဲ..

ဘန်ပီလေးနဲ့တွဲရက် သားသားအချစ်တော်လေးနောက်တခုက ချိုလိမ်လေးတွေပါ.. သူက မန်မန်းလို့ခေါ်ပါတယ်.. အေဗီယန်တံဆိပ်တမျိုးပဲ သူကြိုက်ပါတယ်.. အနည်းဆုံး ၄ခု၅ခုလောက် အဆင်သင့်ဝယ်ထားရတာပေါ့.. ထမင်းစားတဲ့အချိန် ဘူးသောက်တဲ့အချိန်နဲ့ ကုတ်သောက်တဲ့အချိန်ပဲ ပါးစပ်ကနေချွတ်ပါတယ်.. ကျန်တဲ့အချိန်ဆို ဘန်ပီမန်းရောဆိုပြီးတော့ သူ့အချစ်တော်လေး၂ခုတွဲကို လိုက်ရှာနေတတ်တာလေ.. ညဆိုလဲ မအိပ်ခင်တော့ ချိုလိမ်လေးကိုရှာပါတယ်.. အိပ်ပျော်သွားလို့ ကျွတ်ကျသွားမှပဲ ကျွန်မကကောက်သိမ်းရတာလေ..

သားသားမှာ နောက်ထပ်အချစ်တော်လေးတယောက်ရှိသေးတယ်.. ပင်ကီဆိုတဲ့ ပန်းရောင်ဝက်ဝံရုပ်လေးပါ.. ညအိပ်ရင်ဘေးနားမှာသိပ်ပြီး နေ့လည်ဘက်ဆို သူသွားလေရာယူသွားပါတယ်.. တနေကုန် သူ့ပင်ကီလေးကို စကားတပြောပြောနဲ့ပေါ့.. အပြင်ထွက်ရင်တော့ မခေါ်ပါဘူး.. ပင်ကီ.. ကိုကိုကြီးမိုးအပြင်သွားလိုက်ဦးမယ်.. ပြန်လာရင်မုန့်ဝယ်လာမယ် ဆိုပြီး ထားခဲ့ပါတယ်.. သူ့ကိုယ်သူများ ကိုကိုကြီးမိုးတဲ့လေ.. သူထမင်းစားရင်လဲ ပင်ကီကိုပါကျွေးရပါတယ်.. ဘူးသောက်ရင်လဲ ပင်ကီကိုပါတိုက်ပါတယ်.. သူ့ပင်ကီလေးကို သက်ရှိလေးလို သဘောထားတာပေါ့လေ.. တနေ့ ကျွန်မတို့အပြင်ကပြန်လာတော့ သူ့ပင်ကီလေးက ကြမ်းပေါ်မှာ မှောက်ရက်လေးကျနေပါတယ်.. အဲဒါကို သားသားမြင်တော့ အပြေးအလွှားသွားကောက်ပြီး ငိုသံပါလေးနဲ့ မေမေရယ် ပင်ကီသနားပါတယ် ဗိုက်ဆာလို့အောက်ကဟာတွေကောက်စားနေရပြီလို့ ကျွန်မကိုလာပြောပါတယ်.. ကျွန်မလဲ ၀ယ်လာတဲ့မုန့်တွေကို ပင်ကီစားစားလို့ ကျွေးချင်ယောင်ဆောင်လိုက်မှပဲ အေးတော့တယ်လေ..

ကစားစရာတွေထဲမှာတော့ သောမတ်စ်နဲ့သူ့သူငယ်ချင်းများလို့ခေါ်တဲ့ ရထားလေးတွေက သားသားအချစ်တော်လေးတွေပေါ့.. ရထားလမ်းတွေကို ပုံစံမျိုးစုံဆက် ဇာတ်လမ်းတွေမျိုးစုံထွင်ပြီး ကစားတတ်ပါတယ်.. ယူကျုမှာ သောမတ်စ်ဇာတ်လမ်းတွေ ရှာကြည့်ပြီးတော့လဲ အတုခိုးကစားပါသေးတယ်.. သူ့ရထားလေးတွေရဲ့ နာမည်တွေကိုလဲ အကုန်မှတ်မိပါတယ်.. ကျွန်မက တခါတခါမှားခေါ်မိရင် သူက စိတ်ဆိုးတတ်သေးတယ်လေ..

သားသားရဲ့နောက်ထပ်အချစ်တော်လေးကတော့ သူ့ဖေဖေရဲ့အိုင်ဖုန်းပါ.. သူ့ဖေဖေအလုပ်ကပြန်ရောက်တာနဲ့ ဖေဖေ့အိုင်ဖုန်းပေး ဆိုပြီး ဆော့တော့တာပဲ ပါ့စ်ကုတ်လဲမှတ်မိနေပြီး သူ့ဟာသူဖွင့်တတ်ပါတယ်.. တွမ်ဆိုတဲ့ကြောင်လေးက သူပြောတာတွေလိုက်ပြောတာကို သဘောသိပ်ကျပေါ့.. သီချင်းတွေလဲဖွင့်တတ်သေးတယ်.. ယူကျုလဲ ရှာတတ်တယ်.. ဇူးဂိမ်းတွေ ကွိုင်ဂိမ်းတွေလဲ ရှာပြီးဆော့တတ်နေပြီလေ..

ခုခောတ်ကလေးတွေ တော်တော်လည်တာနော်.. နောက်ဆိုရင် အမေကိုတောင်ပြန်ရောင်းစားမလားပဲလို့ သူ့ရှေ့မှာပြောမိတယ်.. မနေ့က ကျွန်မကိုစိတ်ဆိုးဆိုးနဲ့ သားသားကပြောပါတယ်.. မေမေ့ကို ဟော်ကာစင်တာမှာ သွားရောင်းစားပစ်မယ်တဲ့လေ.. ကောင်းရောပဲ..း)

Wednesday, March 2, 2011

သားသားနဲ့ ကျွန်မတို့

Pumper လဲခြင်း

မေမေ။ ။ သားသားရေ.. Pumper လဲရအောင်..
သားသား။ ။ လဲဘူး..
မေမေ။ ။ ရှုရှုတွေများနေပြီလေ..
သားသား။ ။ များပါဘူးဆို..
မေမေ။ ။ ကုလားကိုခေါ်လိုက်ရမလား..
သားသား။ ။ ခေါ်နဲ့..
မေမေ။ ။ ခေါ်နဲ့ဆိုရင် လာ.. Pumper လေးလဲမယ်လေ..
သားသား။ ။ လဲပါဘူးဆို..
မေမေ။ ။ အေးအေး.. လဲဘူးနော်.. အဟောင်းလေးကိုချွတ်ပြီး.. သစ်သစ်လေးကို ၀တ်မှာနော်..
လဲတာဟုတ်ဘူးနော်..
သားသား။ ။ အင်း.. ဟုတ်တယ်နော်.. လဲဘူးနော်..

ဘူးသောက်ခြင်း

သားသား။ ။ ဘူးဘူးသောက်မယ်.. မေမေ.. သွားဖျော်ပေးပါ..
မေမေ။ ။ ဖေဖေရေ.. သားသားကဘူးသောက်မယ်တဲ့.. ဖျော်ပေးပါနော်..
ဖေဖေ။ ။ သားသားရေ.. လာ.. ဘူးသောက်မယ်.. ဖေဖေဖျော်လာပြီ..
သားသား။ ။ သောက်ဘူး.. ဖေဖေနဲ့သောက်ဘူး.. မေမေတိုက်..
ဖေဖေ။ ။ နေကွာ.. သက်သာတယ်.. ရော့..
မေမေ။ ။ သောက်မယ်ဟေ့.. မေမေတိုက်မယ်နော်.. သောက်သားလေး သောက်..
သားသား။ ။ အား.. ကောင်းဘူး.. ပူတယ်.. နွေးအောင်လုပ်ပေး..
(ရေစိမ်ပြီး နွေးသွားသောအခါ)
မေမေ။ ။ သားသားရေ.. ရပြီ.. သောက်ရအောင်နော်..
သားသား။ ။ ခဏနေမှသောက်မယ်..
မေမေ။ ။ ခုသောက်ပါသားလေးရယ်..
သားသား။ ။ သောက်ဘူး.. ခဏနေမှသောက်မယ်ဆို..
(ခဏကြာသော်)
မေမေ။ ။ သားသား.. အိပ်နဲ့ဦးလေ.. ဘူးသောက်ဦး..
(နည်းနည်းမြည်းကြည့်ပြီးသော်)
သားသား။ ။ အား.. ကောင်းဘူး.. အေးစက်နေတယ်.. နွေးအောင်လုပ်ပေး..
မေမေ။ ။ မိုးသံစဉ်.. မေမေစိတ်တိုလာပြီနော်..
သားသား။ ။ အော်နဲ့.. သားသားက သောက်မှာပေါ့.. မေမေ့ကိုချစ်တယ်.. ရမ်းချစ်တယ်နော်..

အဲသလို တယောက်တလှည့် ချော့ကာခြောက်ကာနဲ့...

Monday, January 17, 2011

သီချင်းတွေကိုချစ်တဲ့ သာလိကာလေးသံစဉ်

သားသားက ငယ်ငယ်လေးကတည်းက သီချင်းတွေကိုချစ်တတ်သူ.. သီချင်းတွေမောအောင်ဆိုသိပ်မှ အိပ်တဲ့ကလေးလေးပေါ့.. သားသားကိုဆိုသိပ်နေကျ သီချင်းလေးတွေ ကလေးကဗျာလေးတွေအကြောင်း ဒီမှာတောင် ရေးဖူးသေးတယ်.. ခုတော့ ဒင်းကလေးက အမေကိုပြန်ပြီး သီချင်းဆိုသိပ်တတ်နေပြီလေ..

သားသားက ယောက်ျားလေးပေမယ့် စကားပြောတာစောတယ်.. ၂နှစ်မပြည့်ခင်မှာကို စကားတွေ အရှည်ကြီးပြောတတ်နေပြီ.. တချို့က ယောက်ျားလေးဆိုရင် စကားပြောတာနောက်ကျတတ်တယ်လို့ ပြောကြတယ်မို့လား.. သားသားကတော့စောတယ်.. စကားကလဲ များသလားမမေးနဲ့.. တတွတ်တွတ်ကိုပြောတာ.. ကျွန်မမေမေကပြောတယ်.. သမီးက သူ့ကို တတွတ်တွတ်ပြောနေတာကိုးတဲ့.. ဟုတ်တယ်.. ကျွန်မက သားသားနဲ့ရှိနေတဲ့အချိန်ဆို သားသားကို စကားတွေတတွတ်တွတ်ပြောနေတတ်တာ သားသားမွေးစလေးကတည်းက.. သူလေးကလဲ နားလည်သလိုလိုမျက်လုံးလေးတွေနဲ့ ကျွန်မကိုကြည့်ပြီး နားထောင်နေတတ်တယ်.. ခုတော့ ပြန်ပါဖြေတတ်ပြောတတ်လာပြီပေါ့.. တခါတလေဆို သူလေးပြောလိုက်တာတွေက ကိုယ်တောင်မတွေးမိတဲ့ဟာမျိုးတွေ..

သီချင်းကတော့ ဘာကြိုက်သလဲမမေးနဲ့.. သားသားနဲ့အတူတူ ဘလောက်တုံးလေးတွေနဲ့ အိမ်ဆောက်တမ်းဆော့ကြရင်း ကျွန်မက “အိမ်လေးလှလှဆောက်ရအောင်ကွယ် ချစ်တဲ့မောင်မောင်ရယ်” လို့ သီချင်းလိုလိုလေး ညည်းမိတယ်.. အဲ သူကမှတ်ထားပြီး နောက်နေ့အိမ်ဆောက်တမ်းဆော့ကြတော့ ကျွန်မကို ပြန်ဆိုပြတယ်လေ.. ရထားလေးနဲ့ဆော့ကြတော့လဲ “တူတူးထရိန်းလေးစီးရအောင်ကွယ် ချစ်တဲ့မောင်မောင်ရယ်”တဲ့.. သူ့ဟာသူတောင် ထွင်ပြီးဆိုပြသေးတယ်.. အိပ်ခါနီးဆို ကျွန်မက သားသားရေ မေမေ့ကို သီချင်းဆိုသိပ်ပါဦးလို့ပြောရင် သူက မေမေလေးရယ်အိပ်ပါကွယ် သားသားသီချင်းဆိုမယ်ဆိုပြီး လက်မောင်းလေးကို ပုတ်ပေးသေးတာ.. ပုံပြောပြပါဆိုရင်တော့ ဟိုးရှေးရှေးတုန်းက ဖေဖေတယောက်ရှိတယ်လို့ အစချီပြီး ပြောပါလေရော.. သူ့အဖေကို တော်တော်ချစ်..

တနေ့တနေ့ ကျွန်မရုံးကပြန်လာပြီဆို သူလေးမှာ အိမ်ဝကနေစီးပြီး တနေ့တာအကြောင်း အစီရင်ခံတော့တာ.. ဘာဟင်းနဲ့စားတယ်.. ဘာတွေလုပ်တယ်.. ဘယ်သူကတော့အိမ်မှာရှိတယ်.. စုံနေတာပဲ.. တလောက နေလည်ဘက် အိမ်မှာသူမှောက်ရက်လဲလို့ နှုတ်ခမ်းပေါက်သွားတယ်.. ကျွန်မကပြန်မရောက်ခင်ကတည်းက မေမေဖုံးဆက်ပြောလို့ သိပြီးပြီ.. အိမ်လဲပြန်ရောက်ရော သားသားကဆီးပြောတယ်.. မေမေ.. သားသားချော်လဲလို့ နာနာဖြစ်သွားတယ်.. သွေးတွေကို တစ်ရှူး၂ခုနဲ့သုတ်လိုက်တယ်.. မာမားလဲချော်လဲလို့ နာနာဖြစ်သွားတယ်.. သားသားလုပ်တာဟုတ်ဘူးတဲ့လေ..

သားသားက ငယ်ငယ်ကတည်းက သီချင်းတော့အရမ်းကြိုက်တယ်.. ကျွန်မနဲ့တူလို့ပေါ့.. သူ့အဖေက သီချင်းဆိုရင် ဘယ်လိုမှကီးမ၀င်တဲ့အသံရှင်မျိုး.. သားသားသချင်းကြိုက်တာကို သတိထားမိနေတာတော့ကြာပြီ.. သီချင်းသံကြားရင် လိုက်စပ်စုတတ်တာ.. တီဗွီမှာ သီချင်းလေးနဲ့ကြော်ငြာတွေဆို ကြိုက်တတ်တာ.. ကျွန်မသီချင်းဖွင့်တာနဲ့ ရောက်တဲ့နေရာကနေပြေးလာတာတွေပေါ့.. မနေ့ကတော့ ကျွန်မလဲ ပျင်းပျင်းရှိတာနဲ့ ကာရာအိုကေဆိုပါတယ်.. ကျွန်မစဆိုတုန်းက သားသားကအခန်းထဲမှာ.. အသံကြားတာနဲ့ချက်ချင်းပြေးလာပြီး.. ကျွန်မဘေးမှာလာရပ် ကျွန်မကိုမော့ကြည့်ပြီး တပြုံးပြုံးနဲ့နားထောင်ပါတယ်.. ပြီးတော့ လက်ခုပ်လက်ဝါးတီးပြီး တခစ်ခစ်ရယ်လို့ မေမေ မေမေ လို့အော်ပြီး အားပေးပါတော့တယ်.. သူလေးအော်နေပုံက စတိတ်ရှိုးတွေမှာ ပရိတ်သတ်က အော်ဟစ်အားပေးနေသလိုပုံစံမျိုး.. ကျွန်မမှာရယ်လိုက်ရတာ.. သီချင်းတောင် ကောင်းကောင်းဆက်မဆိုနိုင်တော့ဘူး.. သူ့အဖေကတော့ လိုက်လဲလိုက်တဲ့အရူးသားအမိတဲ့ သြဘာပေးရှာတယ်.. ကျွန်မတို့သားအမိကတော့ ဂရုမစိုက်ပေါင်.. အမေကသီချင်းဆို သားလေးကအားပေးနဲ့ ဟုတ်ကိုဟုတ်နေတော့တာပါပဲ..း)

Monday, December 20, 2010

သားလေးဖတ်ဖို့

သားလေးရေ...

ဘာမှမကြာလိုက်သေးဘူးလို့ ထင်နေရင်းနဲ့ကိုပဲ မေမေ့သားလေးတောင် ၂နှစ်ပြည့်တော့မယ်.. လွန်ခဲ့တဲ့၂နှစ်တုန်းက ခုလိုချိန်မှာ မေမေက ရန်ကုန်ပြန်ရောက်နေတာပေါ့.. မဆုံတာကြာတဲ့ ဆွေမျိုးတွေနဲ့ လည်ပတ်စားသောက်လို့ ကောင်းမှကောင်းပဲလေ.. ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့တောင် ပေါ့ပါးသွက်လက်နေလွန်းလို့ မေမေ့ကို အားလုံးက သြချယူရတယ်.. သားလေးက ဗိုက်ထဲမှာကတည်းက မေမေ့ကို ဒုက္ခမပေးတတ်တဲ့ သိတတ်လိမ္မာတဲ့ သားလေးပေါ့.. ဗိုက်ကြီးတကားကားနဲ့ ရုံးတက်နေရလဲ ပင်ပန်းတယ်လို့ကို မေမေမထင်ခဲ့ဘူး.. သားလေးဗိုက်ထဲမှာ ရောက်မလာခင်တုန်းကမှ ခေါင်းမူးခေါင်းကိုက်တွေ ခဏခဏဖြစ်တတ်သေးတယ်.. ကိုယ်ဝန်သက်တမ်းတလျှောက်လုံး ဘာမှကိုမဖြစ်ခဲ့တာမှ စားလို့သောက်လို့ကလဲ ကောင်းမှကောင်းပဲ.. ရန်ကုန်ကိုပြန်တဲ့အချိန် ကိုယ်ဝန် ၃၂ပါတ်မှာ မေမေ့ဗိုက်ကြီးက မိုးပျံပူဖောင်းကြီးအလားပေါ့.. ရန်ကုန်မှာစားဖို့ အသီးစုံ ၇ကီလိုကို ဟန်းကယ်ရီတွန်းလှည်းလေးနဲ့ ခပ်တည်တည်ဆွဲပြီး မေမေတစ်ယောက်တည်း လေယာဉ်ပေါ်တက်နိုင်တဲ့အထိကို ပေါ့ပါးဖြတ်လတ်နေဆဲပဲ.. လေဆိပ်ကိုရောက်တော့ လာကြိုတဲ့သူတွေက အံ့သြလို့.. ဗိုက်ကြီးသည်တစ်ယောက်တည်း ပြန်လာတာကို သယ်လာလိုက်တဲ့အထုတ်တွေက အိမ်ပြောင်းတာကျနေရောတဲ့..

ရန်ကုန်ရောက်ရောက်ချင်း ဘွားဘွားကြီးကိုသွားတွေ့ ပြီးတော့မှအိမ်ကိုရောက်တော့ သားသားဖီးဖီးက ထမင်းပွဲပြင်ပြီးစောင့်နေတယ်.. အိမ်ကလက်ရာကို လွမ်းနေတဲ့မေမေ့အတွက်တော့ ပွဲတော်ကြီးပေါ့.. စားကောင်းကောင်းနဲ့ စားသောက်ပြီး အိပ်လိုက်တာ မနက်လင်းတော့ မထနိုင်တော့ဘူး.. ခါးတွေနာပြီး ခြေထောက်တွေယောင်နေပြီလေ.. ခဏလေးပါပဲ.. နေ့လည်စာစားချိန်ရောက်တော့ အိုကေသွားပြီ.. အမျိုးအိမ်တွေက တရပ်ကွက်ထဲမှာဆိုတော့ အားလုံးဘွားဘွားကြီးအိမ်မှာဆုံကြပြီး လက်ဆောင်တွေဝေကြခြမ်းကြနဲ့ တပျော်တပါးကြီးပေါ့.. မေမေကတော့ ဘယ်သွားသွား ဆိုက်ကားကြီးနဲ့လေ.. ဆိုက်ကားခပ်သေးသေးဆိုရင် ထိုင်လို့တောင်မဆံ့ဘူး.. သားလေးမွေးလာရင် လိုအပ်မယ်ထင်တာလေးတွေကိုလဲ ဈေးတကာပတ်ပြီး ၀ယ်လိုက်သေးတာ.. ရောက်ပြီးနောက်တရက်တုန်းက အိုဂျီနဲ့သွားပြတော့ မေမေကရိုးရိုးပဲမွေးချင်တာကို သားလေးကခေါင်းမလှည့်လို့ မွေးရခက်မယ်တဲ့.. ကလေးက အရမ်းထွားနေတော့ လှည့်လို့မရတော့တာဖြစ်မယ်ဆိုတော့ သားသားရဲ့ဘွားလေးခွာညိုက ခွဲမွေးတာပဲကောင်းပါတယ်ဆိုလို့ ရက်ကောင်းတာလေးရွေးပြီး ဇန်န၀ါရီ၁၄ရက်နေ့မှာ ခွဲမယ်လို့ ရက်ချိန်းယူလိုက်တယ်.. ဂျူးဒိတ်က ဇန်န၀ါရီ ၂၆ရက်နေ့မှလေ.. SSC Women Centre မှာ အခန်းတွေဘာတွေ ဘွတ်ကင်လုပ်ထားတာပေါ့..

ဒီဇင်ဘာ၃၁ရက်နေ့ကျတော့ ဘွားဘွားကြီးတို့ခြံထဲမှာ နယူးရီးယားပါတီနဲ့ ဘာဘီကျူးတွေလုပ်စားကြတယ်.. မေမေကိုယ်တိုင် မနက်ခင်းကတည်းက ပုဇွန်တောင်ဈေးကိုသွား.. လိုတာတွေဝယ်.. ကြက်တောင်ပံက လိုချင်သလောက်မရလို့ Capital ကိုထပ်သွား.. ဘာဘီကျူးလုပ်ဖို့ အသားတွေငါးတွေကို ကိုယ်တိုင်နယ်.. တုတ်တွေနဲ့ထိုး.. တနေကုန်ကို အလုပ်ရှုပ်နေတော့တာ.. ညကျတော့ ဆွေမျိုးတွေပျော်ပျော်ပါးပါး စားကြသောက်ကြနဲ့ အိပ်ယာဝင်တော့ မနက်၂နာရီထိုးနေပြီ.. အိမ်ပြန်မနေတော့ပဲ ဘွားဘွားကြီးအိမ်မှာပဲ အိပ်လိုက်တော့တယ်.. ပင်ပန်းနေပြီကိုး..

ဇန်န၀ါရီ၁ရက်နေ့ မနက်အစောကြီး ခြောက်နာရီလောက်မှာ မေမေရုတ်တရက်လန့်နိုးလာတယ်.. ဗိုက်ထဲကသားလေးက ဆောင့်တိုးလိုက်လို့ပေါ့.. ခဏကြာတော့ ရေတွေဆင်းပါလေရော.. မေမေလဲလန့်ပြီးအော်တော့တာပေါ့.. ပင်ပန်းပြီးအိပ်နေကြတဲ့လူတွေအားလုံး လန့်နိုးသွားပြီး ဘွားလေးခွာညိုဆီဖုန်းဆက်ကြ.. အိုဂျီဆီဖုန်းဆက်ကြ.. မေမေတို့အိမ်ကိုဖုန်းခေါ်ပြီး ဘွားလေးမိုးကို အထုတ်တွေပြင်ခိုင်းကြနဲ့ အလုပ်တွေရှုပ်ကုန်ကြတာပေါ့.. ၁၄ရက်နေ့မှ ခွဲမယ်လို့စီစဉ်ထားတော့ ဘာမှကို အဆင်သင့်မဖြစ်သေးတာလေ.. အိုဂျီက Women Centre ကိုချက်ချင်းလာခဲ့.. ခွဲမယ်ဆိုတာနဲ့ သားလေးရဲ့ဘဘဘိုဘိုက လိုက်ပို့ပေးတယ်.. ဟိုရောက်တော့ ခွဲခန်းမအားသေးတာနဲ့ မနက်၁၀နာရီမှာခွဲမယ်ဆိုလို့ စောင့်နေရသေးတယ်.. ခွဲခန်းထဲရောက်တော့ မေမေ့ကိုထုံဆေးထိုး ထုံလာတာနဲ့ ခွဲတာပဲ.. မေ့ဆေးမဟုတ်တော့ နာသာမနာတာ မေမေကအားလုံးကိုသိနေတယ်လေ.. သားသားကို ထုတ်မယ်လုပ်တော့ ရုန်းကန်နေလိုက်တာများ မေမေ့ရင်ဝကို ခေါင်းလေးနဲ့တိုးနေတာကို မေမေတောင်သိနေတယ်.. ဘွားလေးခွာညိုက ခွဲခန်းထဲအထိလိုက်လာတယ်လေ.. မေမေ့သားလေးကို ထုတ်ကြတော့လဲ ခြေထောက်ကအရင်ထွက်လာတယ်တဲ့.. ပြီးတော့ သားလေးက ရေတွေမွန်းနေလို့ မွေးမွေးချင်းမှာ မငိုနိုင်ဘူး.. ရေတွေစုတ်ထုတ်လိုက်တော့မှ အာဗြဲကြီးနဲ့ အော်တော့တာလေ.. ငိုသံကြားတော့မှ မေမေလဲစိတ်အေးရတာပေါ့.. ခဏနေတော့ ဘွားလေးခွာညိုက သားလေးကိုချီပြီးလာပြတယ်.. အနှီးထုတ်လေးထဲက သားလေးမျက်နှာလေးက ၀ိုင်းစက်လို့.. မျက်လုံးလေးက တဖက်ပဲပွင့်သေးတယ်လေ.. ၈ပေါင်နဲ့ ၁၀အောင်စရှိတယ်တဲ့.. ဂျူးဒိတ်ထက် တစ်လနီးပါးစောမွေးတာတောင် သားလေးက သိပ်ထွားနေတာ.. ခွဲခန်းထဲကထွက်လာတော့ သားလေးကိုလာကြည့်ကြတဲ့ ဦးဦး တီတီ ဘိုးဘိုး ဘွားဘွားတွေနဲ့ စည်ကားနေပြီ.. မေမေက ဆရာမအကူအညီနဲ့ သားလေးကို ချိုချိုတိုက်ကြည့်တယ်.. အစားပုတ်လေးက ချိုချိုသောက်ရလို့ ပျော်နေပုံပဲ.. အအိပ်ကလဲပုတ်သေးတယ်.. ညညဆို အကြာကြီးအိပ်နေလို့ မေမေနဲ့ဆရာမက အတင်းနှိုးပြီး ချိုချိုတိုက်နေရတယ်.. သားလေးကထွားတော့ ချိုချိုများများမသောက်ရင် အသားဝါတတ်တယ်ဆိုလို့လေ.. ဒါတောင် ၃ရက်သားလောက်မှာ အသားနည်းနည်းဝါလာလို့ သွေးဖောက်စစ်ရသေးတယ်.. ဖနောင့်ကနေဖောက်တော့ သားလေးက အသံပြာအောင်အော်ငိုတာလေ.. မေမေ့မှာ သားလေးကိုသနားလို့ ရင်ဘတ်ထဲကတောင်ကျင်နေအောင် ခံစားရတယ်.. တော်သေးတာပေါ့ သားလေးက အကြာကြီးငိုမနေဘူး.. သွေးစစ်တဲ့အဖြေထွက်လာတော့ မီးချောင်းအောက်မ၀င်ရဘူးဆိုလို့ မေမေ့မှာပျော်လိုက်ရတာ.. ၅ရက်သားကျတော့ မေမေတို့သားအမိ အိမ်ပြန်ကြတယ်.. သားသားတလခွဲမပြည့်တပြည့်မှာ မေမေတို့ စလုံးကိုပြန်လာခဲ့ကြတယ်လေ.. သားလေးရဲ့မားမားက လေဆိပ်မှာလာကြိုတယ်.. ဖေဖေကတော့ အလုပ်ကပြန်လာမှပဲ သားလေးနဲ့တွေ့ရတော့တာ.. သားလေးဖေဖေက အလုပ်စ၀င်စဆိုတော့ ခွင့်ယူလို့မှမရသေးတာကိုး..

သားလေးက သိပ်ကိုသန္ဓေကောင်းတဲ့ကလေးလေးပါ.. မွေးစကတည်းက နေ့နဲ့ညမှားတာတွေ.. ညမအိပ်လို့ မေမေအိပ်ရေးမ၀တာတွေ တခါမှမရှိခဲ့ဘူး.. အငိုလဲနည်းတယ်လေ.. သားလေးအတွက် ပါတ်စပို့ အချိန်မီမရမှာကို ပူရတာရယ်.. စလုံးမှာ သားလေးနေထိုင်ခွင့်မရတာကို ပူရတာရယ်ကလွဲလို့ သားလေးက မေမေ့ကို ဘာအပူမှ မပေးခဲ့ပါဘူး.. လာမယ့် ဇန်န၀ါရီ၁ရက်နေ့ဆို မေမေ့သားလေး ၂နှစ်ပြည့်ပြီနော်.. သားလေးကို မွေးနေ့မှာပျော်စေချင်လို့ သားလေးသဲဆော့လို့ရအောင် အရှေ့ကမ်းခြေမှာ ဘာဘီကျူးပါတီလေး မေမေစီစဉ်ပေးထားတယ်.. ဘယ်သွားချင်လဲမေးရင် အမြဲတမ်း Beach လို့ဖြေတတ်တဲ့သားလေးအတွက် မေမေ့ရဲ့လက်ဆောင်ပေါ့.. သားလေးရဲ့ ဘွားဘွားနဲ့တီတီလေးလဲ ရောက်နေမှာဆိုတော့ မေမေ့သားလေးအရမ်းပျော်နေမှာ မေမေမြင်ယောင်မိပါသေးတယ်လေ..

(သားလေးကိုမွေးတုန်းကအကြောင်းလေးတွေကို အမှတ်တရအနေနဲ့ မှတ်တမ်းတင်ထားလိုက်တာပါ.. သားလေးကြီးလာရင် ဖတ်ရအောင်ပေါ့.. ကဲ.. သားလေးမွေးနေ့ပွဲလေးကို လာဖြစ်အောင်လာခဲ့ကြဖို့ အားလုံးကိုဖိတ်ကြားအပ်ပါသည်နော်.. )

Friday, December 17, 2010

မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ

အလည်ရောက်လာကြတဲ့ ဦးဦး တီတီ ကိုကို မမ အားလုံးကို သားသားမိုးသံစဉ်က မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်.. သားသားရဲ့ ဇန်န၀ါရီ၁ရက်နေ့မှာကျရောက်မယ့် ၂နှစ်ပြည့်မွေးနေ့ပွဲလေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမှာမို့ အားလုံးပဲ သားသားနဲ့တူတူပျော်ရအောင် လာခဲ့ကြဖို့ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ..

နေ့ရက်း ၁ ဇန်န၀ါရီ ၂၀၁၁
နေရား စင်္ကာပူနိုင်ငံ အရှေ့ကမ်းခြေ
အချိန်း မွန်းတည့်ချိန်မှ သန်းခေါင်အထိ

သားသားကိုယ်တိုင် ချက်ထားတဲ့ဟင်းတွေနဲ့ မေမေ့ဘာဘီကျူးတွေကို ပျော်ပျော်ပါးပါးစားသောက်ကြဖို့ ဆက်ဆက်လာခဲ့ကြပါနော်.. :)

ကျေးဇူးတင်ပါတယ်ခင်ဗျာ..
သားသားမိုးသံစဉ်

RSVP: myuemyue@gmail.com

Thursday, December 2, 2010

ဒီဇင်ဘာ

မြန်မာပြည်မှာဆို ဒီဇင်ဘာလရောက်ရင် ကျွန်မသိပ်ပျော်တယ်.. အေးတဲ့ရာသီဥတုကို ကြိုက်တတ်တဲ့ကျွန်မအတွက် နှင်းတွေဝေတဲ့ ဒီဇင်ဘာလလေးက အမြဲအေးမြလှပနေတတ်တယ်လေ.. ဒီဇင်ဘာလရောက်ပြီဆို စနေတနင်္ဂနွေ မနက်ခင်းစောစောတိုင်း သုဝဏ္ဏအားကစားကွင်းဆီကနေ လွင့်ပျံလာတတ်တဲ့ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့သီချင်းသံက ကျွန်မတို့မောင်နှမတွေအတွက် နှိုးစက်ပေါ့.. အိပ်ယာထဲကလူးလဲထ အ၀တ်အစားလဲပြီး အိမ်ကထွက်ကြတယ်.. ဟားခနဲလေကိုမှုတ်ထုတ်လိုက်ရင် ပါးစပ်က အငွေ့တွေထွက်လာတာကို ကျွန်မသိပ်သဘောကျတာပေါ့.. လမ်းထိပ်က ကြီးကြီးတို့အိမ်ကိုဝင်ခေါ် ပြီးတော့ အားကစားကွင်းဆီ ချီတက်ကြတယ်လေ.. အားကစားကွင်းရောက်ရင် လူတွေအများကြီးတွေ့ရပါပြီ.. ကွင်းကြီးကိုပတ်ပြီး ပြေးနေ လမ်းလျှောက်နေကြသူတွေ.. ခဏတဖြုတ်ထိုင်နားနေကြသူတွေ.. လမ်းမီးတိုင်အောက်မှာ ကြက်တောင်ရိုက်ကစားနေကြသူတွေနဲ့ ဒီဇင်ဘာနံနက်ခင်းက စည်ကားလို့ပေါ့.. နံနက်စာ ကောက်ညှင်းပေါင်း တခြားမြန်မာမုန့်မျိုးစုံတို့ကို လာရောင်းကြတဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည်လေးတွေလဲ ရောင်းကောင်းကြတယ်.. မှောင်နေရာကနေ တဖြေးဖြေးလင်းလာပြီဆို ကျွန်မတို့ အိမ်ပြန်ကြတယ်.. လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာထိုင်ပြီး ကြီးကြီးဝယ်ကျွေးတဲ့ မနက်စာစား.. ဖေဖေ့အတွက်မနက်စာဝယ်ပြီး အိမ်ပြန်ရောက်တယ်ဆို ဖေဖေ့ရဲ့ဘုရားရှိခိုးသံက ကျွန်မတို့ကို ဆီးကြိုနေတတ်တယ်လေ..

ကျောင်းတက်ရတဲ့နေ့တွေဆိုရင်တော့ မှော်ဘီရဲ့ဒီဇင်ဘာမနက်ခင်းက ကျွန်မနဲ့အကိုက်ပေါ့.. မှော်ဘီမှာက ရန်ကုန်ထက် နှင်းတွေပိုကျတယ်.. ပိုလဲအေးတာပေါ့.. အဆောင်က အခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်တာနဲ့ နှင်းတွေရွှဲနေတဲ့ ၀ရံတာကြမ်းခင်းရယ် ခပ်ကြမ်းကြမ်းဝှေ့တိုက်လိုက်တဲ့ မြောက်ပြန်လေအေးအေးရယ်ကို ခံစားရမယ်.. ကျောင်းတက်ခဲ့တဲ့ ၅နှစ်လုံး ဒီဇင်ဘာလဆို စာမေးပွဲနီးနေပြီမို့ အတန်းသိပ်မတက်ဖြစ်တော့ဘဲ အဆောင်မှာပဲစာလုပ်နေရတဲ့အချိန်ပေါ့.. မနက်တိုင်း စောစောထတတ်တဲ့ကျွန်မက စောင်ခြုံကွေးနေတဲ့ အခန်းဖော်သူငယ်ချင်း အိမွန်ကိုမနက်စာသွားစားဖို့နှိုးရတယ်.. တပ်ကြီးကုန်းမှတ်တိုင်နားက မြောင်းမြမုန့်ဟင်းခါး ငရုတ်ကောင်းနံ့မွှေးမွှေးလေးက ဒီဇင်ဘာမနက်ခင်းနဲ့ သိပ်လိုက်တဲ့မနက်စာပေါ့.. ပြီးရင် ရွာထဲဝင်ပြီး ဈေးကလေးမှာ ဈေးလျှောက်ဝယ်ကြတယ်.. နှင်းစိုနေတဲ့ ဘုရားပန်းတွေက သိပ်လှတာ.. ဈေးကပြန်ရောက်ရင်တော့ အဆောင်ခြံထဲမှာ နေပူစာလှုံရင်း စာကြည့်ကြတယ်.. နေပူလာမှပဲ အပေါ်တက်ပြီး ထမင်းဟင်းချက်ကြ ရေမိုးချိုးကြပေါ့.. ညနေစောင်းရင်တော့ အမှတ်၎လမ်းဖက်ကို ဆိုင်ကယ်လျှောက်စီးကြဖို့ မောင်ကလာခေါ်တတ်တယ်.. နေ၀င်ခါနီဆို မြူခိုးတွေဝေနေတဲ့ လယ်ကွင်းတွေက ကြည့်လို့သိပ်လှပေါ့.. မောင်လာခေါ်ပြီဆို အိမွန်က မြူးရေ.. မမှောင်ခင်ပြန်ခဲ့နော်.. ထမင်းတူတူစားဖို့စောင့်နေမယ်လို့ အမြဲမှာတတ်တယ်လေ.. ညဘက်ရောက်ရင်တော့ ထူးထူးကဲကဲကိုအေးတတ်လို့ အနွေးထည်ထူထူဝတ် စောင်အထူကြီးခြုံပြီး ကွေးနေကြရတော့တာပေါ့..

စလုံးကိုရောက်လာတော့ မတ်လကြီး.. နေကလဲပူလိုက်တာ.. မတ်လမို့ပူတာလို့ထင်နေတာ.. နောက်တော့မှသိရတယ်.. ဒီဇင်ဘာလရောက်ရင်လဲ မအေးဘူးကိုး.. ကျွန်မချစ်တဲ့ နှင်းအေးအေးလေးတွေဆိုတာလဲ ဘယ်ဆီနေမှန်းတောင်မသိဘူး.. မနှစ်ကတော့ Ang Mo Kio ကို သားသားနဲ့သွားလည်ကြတယ်.. နှင်းအတုတွေသွားကြည့်ကြတာပေါ့.. သားသားကတော့ ပျော်လို့.. နှင်းအစစ်ကိုမှ မမြင်ဖူးသေးဘဲကိုး.. ကျွန်မတော့ ရယ်ချင်သလိုလို ငိုချင်သလိုလို.. နှင်းတွေကိုမြင်နေရပါရက်နဲ့ လူမှာက ချွေးတွေရွှဲလို့.. ဆောင်းရာသီမရှိတဲ့ ကျွန်းလေးကို ကျွန်မ မနှစ်မြို့နိုင်ပါဘူး.. တနေ့နေ့တော့ ကျွန်မချစ်တဲ့ ဒီဇင်ဘာစစ်စစ်ရှိရာကို ပြန်ကိုပြန်မှဖြစ်မယ်......

Monday, September 27, 2010

မောင်မိုးလေးရဲ့နှုတ်ခွန်းဆက်







မေမေရေးတဲ့စာတွေကို လာဖတ်ပေးကြတဲ့ ဦးဦးတီတီ ကိုကိုမမတွေကို မောင်မိုးလေးကကျေးဇူးပါ.. မေမေက သားသားကို ဘလော့ပေါ်ပေးမတက်တာကြာလို့ သားသားကိုယ်တိုင် ဇွတ်အတင်းတက်လာရတယ်.. မေမေရိုက်ထားတဲ့ သားသားပုံလေးတွေကျတော့ မေမေကဘလော့ပေါ်တင်တယ်.. သားသားရိုက်ပေးထားတဲ့ မေမေ့ပုံတွေကျတော့ သူကမတင်ဘူးလေ.. သားသားက လှလှလေးရိုက်ပေးထားတာပါ.. မျက်လုံးဆိုလဲ တဖက်ပဲကွက်ရိုက်တတ်တယ်.. မေမေပြောင်ပြနေတာကို ရိုက်ထားတဲ့ပုံလေးများဆို တော်တော်လှတာပေါ့.. ဖေဖေကတော့ ကြည့်မိလို့ လန့်သွားတယ်ပြောတာပဲ.. သားသားကကြီးလာရင် ဦးဦးဘိုလို အုန်းသီးကြီးကြီးနဲ့ ရိုက်ဦးမှာ.. သားသားရိုက်တဲ့ပုံလေးတွေ နောက်မှ မေမေ့ကို တင်ခိုင်းရဦးမယ်.. အဲဒီအခါလဲ လာအားပေးကြဦးနော်.. သားသားက အားလုံးကို ချစ်ချစ်ပါ.. များကြီးချစ်ပါတယ်.. ဗိုက်ဗိုက်ထဲက ချစ်တာပါနော်.. :)

Wednesday, September 8, 2010

အခေါ်အဝေါ်လေးတွေ

မနေ့ညက သားသားကိုသိပ်ရင်း သားအမိနှစ်ယောက်သား စကားပြောကြတယ်.. ၂နှစ်မပြည့်သေးတဲ့သားနဲ့ ဘာတွေပြောပါလိမ့်လို့ ခေါင်းစားမနေနဲ့ဦး.. သားသားကို သူခေါ်တတ်တဲ့ အခေါ်အဝေါ်လေးတွေ ပြန်မေးကြည့်တာပါ.. မြူးမြူးကဘယ်သူလဲဆို မေမေ.. မာမီ.. မေမီတဲ့.. သားသားက ကျွန်မကို တခါတလေ မေမေ.. တခါတလေမာမီ.. တခါတလေကျတော့ မေမေနဲ့မာမီရောပြီး မေမီလို့ခေါ်တတ်တယ်.. ဒေါ်မေသူက ဘယ်သူလဲဆိုတော့ မားမားတဲ့.. ကျော်ကိုကိုကရောဆို ဖေဖေ ဒယ်ဒီ ဗိုက်ပူတဲ့လေ.. ဖေဖေက မေမေ့ကို ဘယ်လိုခေါ်လဲဆို မ တဲ့.. မေမေက ဖေဖေ့ကိုဘယ်လိုခေါ်လဲ လို့မေးတော့ မောင်တဲ့.. ချွဲချွဲလေးခေါ်ပြတယ်လေ.. သူ့အဖေကတောင်ပြောတယ်.. မင်းအမေအဲသလောက်မချွဲပါဘူးကွာတဲ့.. သားသားက လည်တယ်ပြောရမယ်.. လူကြီးတွေခေါ်တဲ့ အခေါ်အဝေါ်နဲ့ သူခေါ်ရမည့်နာမည်လေးတွေကို တွဲပြီးမှတ်ထားတတ်လို့ပေါ့..

ကျွန်မကို အိမ်ကလူကြီးတွေက မြူးမြူးလို့ပဲခေါ်ကြတယ်.. မေမေနဲ့ဖေဖေက သမီးကြီးလို့ခေါ်တတ်တယ်.. ညီမလေးကတော့ မကြီးလို့ခေါ်ပြီး မောင်လေးက မမြူးတဲ့.. အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေက ပွင့်လို့ခေါ်ကြတယ်.. ဂျီတီစီက သူငယ်ချင်းတွေက ဒေါ်ပွင့်တဲ့.. ဘဲမလို့ခေါ်တဲ့သူငယ်ချင်းတွေလဲ ရှိသေးတယ်.. စလုံးရောက်လာတော့ ဇင်လို့ခေါ်ကြတယ်.. ကျွန်မနာမည်သုံးလုံးထဲမှာ ဇင်ဆိုတာက အလွယ်ဆုံးကိုး.. ဒါတောင် ဂျင်ဖြစ်အောင်ခေါ်တဲ့လူကရှိသေး.. ဆုံးသွားပြီဖြစ်တဲ့ ကျွန်မရဲ့ဦးလေးကတော့ မြူးကြီးတဲ့လေ.. အဲဒီဦးလေးက ကျွန်မတို့မောင်နှမတွေကို သူများခေါ်တာနဲ့မတူတဲ့ အခေါ်အဝေါ်လေးတွေ ခေါ်လေ့ရှိတယ်.. ညီမလေးကို ငယ်ထူးလို့ခေါ်ပြီး မောင်လေးကိုတော့ သားဇော်လေးတဲ့.. ဘယ်သူမှအဲဒီလိုမခေါ်ကြဘူး သူ့မူပိုင်လေးတွေပေါ့..

မေမေ့ရဲ့ညီမ ကျွန်မတို့ဒေါ်လေးကို ကျွန်မတို့ မောင်နှမတွေက အန်မိုးလို့ခေါ်ကြတယ်.. အန်တီမိုးကို အမြန်ခေါ်လိုက်တော့ အလယ်ကတီပြောက်သွားတာလေ.. မေမေ့အမေ ကျွန်မတို့အဖွားကိုတော့ ဘောင်ဘောင်ကြီးလို့ခေါ်ကြတယ်.. အမှန်က ရခိုင်လို အဘောင်ရှင်ခေါ်ရမှာ.. ဘယ်ကဘယ်လို ဘောင်ဘောင်ကြီးလို့ ခေါ်ဖြစ်သွားတယ်မသိဘူး.. အဖိုးကိုလဲ အဖိုးရှင်ခေါ်ရမှာကို မေမေတို့က ပါပါခေါ်တာနဲ့ ပါပါကြီးလုပ်ပစ်လိုက်တယ်..

လင်မယားတွေအချင်းချင်း အခေါ်အဝေါ်လေးတွေထဲမှာ ဖေဖေက မေမေ့ကို သဲလို့ခေါ်ပြီး မေမေက ဖေဖေ့ကို မောင်လို့ခေါ်တာလေး ချစ်ဖို့ကောင်းတယ်နော်.. အစ်ကိုဝမ်းကွဲတို့စုံတွဲကျတော့ ရယ်ရတယ်.. ကျော်ဇင်မျိုးဆိုတဲ့ နာမည်လှလှလေးကို သူ့မိန်းမကခေါ်တာ ကိုဖိုးကျော်တဲ့.. သူကလည်းအားကျမခံ ထွန်းဝတ်ရည်ဆိုတဲ့သူ့မိန်းမကိုခေါ်တာများ အရည်တဲ့လေ.. တောသူတောင်သားတွေကျနေရော.. ညီမလေးနဲ့ သူ့ယောက်ျားကျတော့ မိန်းမက ယောက်ျားကို ကျားကျားတဲ့.. ယောက်ျားက မိန်းမကို မိန်မိန်းတဲ့လေ..

ကျွန်မက သားသားကိုချစ်စနိုးခေါ်တဲ့နာမည်တွေက အများကြီးပဲ.. သားသားလေး.. ခေးခေး.. ခေးပုလေး.. မေမေ့ပတိုးလေး.. သားပုလေး.. သားပေါက်လေး.. မေမေ့ပုတုတုလေး.. မိုမိုးလေး.. မောင်မိုးလေး.. သံစဉ်ကောင်လေး.. စုံနေအောင်ကိုခေါ်မိတတ်တာ.. ဘယ်လိုခေါ်ခေါ် သားသားကတော့ ဗျာဗျာလို့ ထူးတာပဲ.. သူကျွန်မကိုခေါ်ရင်လဲ ရှင်ရှင်လို့ပြန်ထူးရတယ်.. သားသားနဲ့စကားပြောကြရင်း အခေါ်အဝေါ်လေးတွေအကြောင်း ရေးရင်ကောင်းမယ်လို့ စိတ်ကူးမိတာနဲ့......















သားသားပုံမတင်တာကြာပြီဆိုလို့..

Tuesday, August 31, 2010

မေမေရဲ့မောင်မိုးလေး

သားသားအကြောင်းလေးတွေတောင် မရေးဖြစ်တာကြာပြီ.. ခုသားသားက လ၂၀ပြည့်ခါနီးပေါ့.. လမ်းလျှောက်တတ်ယုံမကလို့ တောက်တောက်ပြေးနေပြီ.. ဘာမြန်သလဲမမေးနဲ့ လုံးဝကို လိုက်လို့မမှီတော့ဘူး.. အကြောက်အလန့်မရှိ တအားကိုဆော့ပါတယ်.. တွေ့သမျှကို စူးစမ်းမယ်.. ခုံတွေ့ရင် တွယ်တက်မယ်.. ကစားကွင်းရောက်ရင် မျောက်ရှူံးအောင်ဆော့မယ်.. ကစားစရာပုံးကို သွန်ချပြီး အထဲဝင်ထိုင်မယ်.. ကွန်ပြူတာကီးဘုတ်မှာ တွေ့ရာကိုနှိပ်မယ်.. သီချင်းသံကြားရင် ကမယ်.. မိုက်ခရိုဖုန်းတွေ့ရင် ဆွဲပြီးသီချင်းဆိုမယ်.. အဲဒါ သားသားလုပ်နေကျတွေပေါ့..

စကားလဲ တော်တော်ပြောနေပြီ.. "ဖေဖေ.. မေမေ.. မားမား.. ဖိုးဖိုး.. မမ.. ကိုကြီး.. "လူမမှားအောင်ခေါ်တတ်တယ်.. သားသားနာမည်ဘယ်လိုခေါ်လဲဆို "မောင်မိုး"တဲ့.. ဘယ်သူမှလဲ မောင်မိုးလို့မခေါ်ပဲနဲ့ သူ့ဟာသူ နာမည်ပေးထားတယ်.. ဖေဖေနာမည်ဘယ်လိုခေါ်လဲဆို "ဗိုက်ပူ"တဲ့.. ကျွန်မသင်ပေးထားတာ.. သူ့အဖေရှေ့ဆိုမခေါ်ဘူးနော်.. မေးရင်မကြားချင်ယောင်ဆောင်နေတာ.. မေမေ့နာမည်ဘယ်လိုခေါ်လဲဆို "မူးမူး"တဲ့.. မြူးမြူးကို ပီအောင်မခေါ်တတ်သေးဘူးလေ.. ဘယ်သူ့ကိုယူမလဲမေးရင် "ထက်ထက်"တဲ့.. အိမ်မှာအတူနေတဲ့ အစ်မကိုပြောတာ.. ပြီးတော့ မားမားတဲ့.. သူ့မားမားကိုလဲ အရမ်းချစ်.. ချစ်လာလို့မေးရင်.. "ချစ်ချစ်.. "ဘယ်လောက်ချစ်လဲဆို "များကြီး.." ဘယ်ထဲကချစ်လဲဆို "ဗိုက်ဗိုက်.." အသည်ယားလောက်အောင် ပြောပြလိမ့်မယ်.. နေမကောင်းရင်လဲပြောပြတတ်တယ်.. ဗိုက်အောင့်နေရင် ဗိုက်ကိုပုတ်ပြပြီး "နာနာ"လို့လာပြောတယ်.. ပရုတ်ဆီပုလင်းယူပြီး လိမ်းခိုင်းတတ်နေပြီ.. ညညဆို မအိပ်ခင် သူ့အဖေကို နှိပ်ခိုင်းတတ်နေပြီ.. ညလယ်တရေးနိုး ဗိုက်ဆာရင် "မေမေ ဘူးဘူး"ဆိုပြီး နို့ဘူးဖျော်ခိုင်းတတ်တယ်.. သူ့ချိုလိမ်လေးကိုတော့ "မန်မန်"တဲ့.. စာသင်တဲ့ ဂိမ်းလေးတွေကစားရင် အေ ဘီ စီ လိုက်ဆိုတတ်နေပြီ.. အပြင်သွားတော့မယ်ဆို တိုက်အောက်ရောက်တာနဲ့ "တက်စီ"လို့ အော်တော့တာပဲ.. သင်ပေးသမျှကို သံယောင်လိုက်တတ်နေပါပြီ.. တခါသင်ပေးထားရင်လဲ မှတ်မိနေရော.. သူ့စာအုပ်လေးထဲက ပုံတွေကို မှတ်မိနေပြီ.. အကုန်နီးပါး ပြောတတ်နေပြီလေ..

သားသားက အရပ်အရမ်းရှည်ပါတယ်.. သူ့အရပ်နဲ့စာရင် ပိန်နေသလိုမို့ ကျွန်မက ထမင်းများများစားစေချင် သူကမစားချင်နဲ့မို့ တနေ့တနေ့ သားအမိတွေ ရန်တကျက်ကျက်ပါပဲ.. သူ့ထမင်းကိုမစားချင်တော့ပဲ လူကြီးစာတွေစားချင်နေပြီလေ.. အစပ်လဲတော်တော်စားနိုင်ပါတယ်.. မနေ့က လက်ဖက်သုပ်စားနေတာ အတင်းလာတောင်းစားလို့ ကျွေးလိုက်တော့ ပျော်လိုက်တာမှအရမ်းပဲ.. လက်ဖက်အရမ်းကြိုက်တယ်.. သားသားလက်ဖက်ကြိုက်တာလဲမပြောနဲ့.. ကျွန်မကိုယ်ဝန်ကြီးနဲ့တုန်းက ပျို့ချင်အန်ချင်လာရင် လက်ဖက်အသားဆီနဲ့နှပ်ထားတာလေး စားလိုက်ရမှသက်သာတာလေ.. တနေကုန်ကို လက်ဖက်စားနေတာ..

တနေ့က ကျွန်မတို့အိမ်ပြောင်းတော့ သားသားကို ကလေးထိန်းအန်တီက သူ့အိမ်ကိုခေါ်ထားပေးပါတယ်.. ညနေပြန်လာပို့ပေးတော့ အိမ်အသစ်ကိုရောက်နေပြီဆိုတော့ သားသားမျက်စိလည်နေပါတော့တယ်.. ညအိပ်ခါနီးကျတော့ မအိပ်ဘူး အောက်ပဲဆင်းခိုင်းနေလို့ စိတ်ညစ်ရသေး.. သူ့အဖေကလဲ နိုက်ဂျူတီကျနေတော့ ကိုယ်ပဲပင်ပန်းရတာပေါ့.. သားသားအိမ်ပြောင်းလာပြီ.. ဒါသားသားတို့အိမ်အသစ်လို့ပြောလဲ ခေါင်းချည်းပဲစွတ်ခါနေတာ.. သူ့အိမ်မဟုတ်ပါဘူးဆိုပြီးတော့လေ.. ခုတော့ နေသားကျသွားပြီ.. အိမ်ကပိုကျယ်တော့ သူအရမ်းပျော်တယ်.. ပြေးလို့လွှားလို့ကောင်းတာကိုး.. ရေကူးကန်နဲ့နီးတာမို့ သားသားကိုရေကူးကန်လိုက်ပို့ပေးမယ်လို့ပြောတော့ သဘောတွေကျလို့.. အိမ်ဘေးနားမှာက မူလတန်းကျောင်းလေးရှိတယ်.. ကျောင်းတက်ကျောင်းဆင်းချိန်ဆို ကလေးတွေအများကြီးနဲ့မို့ သားသားအရမ်းပျော်ပါတယ်.. မနေ့ညကတော့ အပြင်သွားရင် သူ့အတွက်ဆန်ပြုတ်ထည့်ထည့်သွားတဲ့ ဘူးလေးကိုလွယ်ပြီးကျောင်းသွားပါမယ်လုပ်နေလို့ အောက်ကိုလိုက်ပို့ရသေးတယ်.. အိပ်ဖို့တောင် မနည်းပြန်ခေါ်တင်ရတယ်လေ..

သားသားက ကားနီနီလေးတွေကို သဘောကျတတ်တယ်.. တနေ့က အိမ်မပြောင်းခင် သားသားနဲ့အောက်ဆင်းတော့ တိုက်အောက်မှာ ကားနီနီလေးတစီးရပ်ထားတာ သွားကိုင်ကြည့်ပြီး.. "မေမေ.. ကားကား.. နီနီ.." ဆိုပြီး သူ့ကိုယ်သူလက်လေးနဲ့ပုတ်လို့ "မောင်မိုး ကြိုက်ကြိုက်"တဲ့လေ.. ၀ယ်ပေးပါဆိုတဲ့သဘောပေါ့.. ညကျတော့ကျွန်မသူငယ်ချင်းကို ပြန်ပြောပြနေတာ သူကြားတော့ နားထောင်ပြီးပြုံးနေတယ်.. သူငယ်ချင်းက တီတီထီပေါက်ရင် ၀ယ်ပေးမယ်နော်သားသားလို့လဲပြောရော ၀မ်းသားအားရနဲ့ ကျွမ်းတောင်ထထိုးပစ်လိုက်သေးတယ်.. အရမ်းကိုလည်ပါတယ်..

တခါတော့ ကျွန်မကွန်ပြူတာသုံးနေတုန်း အနားလာထိုင်နေရင် စမိုင်လီပုံလေးတွေ့သွားလို့ သူယူပါမယ်ဆိုပြီး ပူဆာပါတော့တယ်.. ပရင်တာကလဲပျက်နေတော့ ထုတ်လို့လဲမရ သူကလဲ တငိုငိုနဲ့မို့ အိမ်နားကဈေးထဲသွားပြီး စမိုင်လီစတစ်ကာလေး သွားဝယ်ပေးရပါတယ်.. စမိုင်လီပုံလေးတွေ ဂူဂယ်လ်နဲ့ ရှာပြီးပြတော့ မျက်လုံးပြူးပြူး ရှေ့သွားကြီးကြီးနဲ့ မျက်မှန်တပ်ထားတဲ့ စမိုင်လီလေးလဲတွေ့ရော.. "ဟားဟား.. မေမေ.." တဲ့လေ.. ကောင်းရော..

Monday, June 21, 2010

စီကာစဉ်ကာပူ

စင်္ကာပူဆိုတာ စီကာစဉ်ကာပူရတဲ့နေရာတဲ့.. သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်.. တကယ်လဲဟုတ်ပါရဲ့.. အလုပ်မရခင်က အလုပ်မှရပါ့မလားပူရတယ်.. အလုပ်ရပြန်တော့ နေထိုင့်ခွင့်မှ ကျပါ့မလားရယ်လို့ ပူရပြန်ရော.. နေထိုင်ခွင့်ကျပြီဆိုပြန်တော့ ဆေးစစ်တာအောင်ပါ့မလားပူရသေးတယ်.. အားလုံးပြီးလို့ အလုပ်စလုပ်တော့လဲ အလုပ်ထဲမှာမှ အဆင်ပြေပါ့မလား.. အစမ်းခန့်ကာလမှ ကျော်နိုင်ပါ့မလား.. ပူလိုက်ရတာစုံလို့.. ဒီအပူတွေအားလုံးလဲ ကျွန်မကိုယ်တွေ့ ခံစားဖူးခဲ့ပါတယ်.. အားလုံးကိုအောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့လို့ စိတ်အေးရမယ်မှမကြံသေး.. သားသားကိုမွေးလာတော့ သားသားရဲ့နေထိုင်ခွင့်အတွက် ပူရပန်ရပါတော့တယ်.. ကျွန်မက မောင့်ထက်အရင် စလုံးကိုရောက်တာပါ.. ကျွန်မအလုပ်ရပြီး နေသားတကျရှိတော့မှ မောင့်ကိုကျောင်းလျှောက်ပေးပြီး လှမ်းခေါ်လိုက်တာလေ.. မောင်ရောက်လာတော့ တစ်အိမ်ထဲနေကြရတာမို့ မြန်မြန်လက်ထပ်လိုက်တာကောင်းမယ်ဆိုပြီး မင်္ဂလာပွဲကို အမြန်စီစဉ်ဖြစ်သွားတယ်.. ROM မှာ Register လုပ်ဖို့ကအစ ဖိတ်စာရိုက်တာ ဟိုတယ် Booking လုပ်တာအဆုံး ကျွန်မကိုယ်တိုင် ရှာဖွေစုံစမ်းပြီး ကျွန်မစိတ်တိုင်းကျ စီစဉ်ခဲ့တာပေါ့.. လက်ထပ်တဲ့အချိန်မှာ ကျွန်မအသက်က ၂၆နှစ်ဆိုတော့ မေမေက ချက်ချင်းပဲကလေးယူစေချင်တယ်လေ.. တားလိုက်ဆီးလိုက်ရင် လိုချင်တဲ့အခါ ခက်ခဲနေမှာစိုးရတယ်တဲ့.. ကျွန်မလဲ ရလာရင်ယူလိုက်မယ်ပေါ့.. သားသားကို ကိုယ်ဝန်ရှိလာတော့မှ PR လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် လျှောက်ဖြစ်တယ်.. လျှောက်တဲ့အချိန်မှာ ကျွန်မက စလုံးမှာအလုပ်လုပ်တာ ၁နှစ်နဲ့ ၂လပဲရှိသေးတာ.. မျှော်လင့်ထားတဲ့အတိုင်း Reject ပေါ့.. ၉လကြာရင်ထပ်တင်ပါတဲ့.. အဲဒီကစပြီး သားသားရဲ့နေထိုင်ခွင့်အတွက် ပူရတော့တာပေါ့.. ကျွန်မက S Pass မောင်က Student Pass .. S Pass တွေအတွက်က လစာ ၂၅၀၀ မကျော်ရင် Dependent's Pass မရနိုင်ပါဘူး.. ကျွန်မရဲ့လစာက အဲဒီတုန်းက ၂၁၅၃ ဆိုတော့ ဘယ်လိုမှ မရနိုင်ဘူးပေါ့.. မေမေက သားသားကို ရန်ကုန်မှပဲထားပေါ့တဲ့.. သူပြန်ပြီး သားသားနဲ့နေမယ်တဲ့.. ကျွန်မလဲ မရတဲ့အဆုံးတော့ ဒါပဲရှိတော့တာပေါ့လို့ စဉ်းစားထားလိုက်တယ်.. စလုံးမှာ ကလေးတစ်ယောက်စားရိတ်ကလဲ သေးမှမသေးပဲကိုး.. သားသားကိုယ်ဝန် ၇လလောက်မှာ မောင်က ကျွန်မတို့ Company မှာ အလုပ်ရသွားတယ်.. S Pass လဲကျတယ်ပေါ့.. နဲနဲတော့အားတက်သွားတာအမှန်ပဲ.. နှစ်ယောက်စလုံးအလုပ်နဲ့ဆိုတော့ ပိုအဆင်ပြေနိုင်တယ်ဆိုပြီးတော့လေ..

သားသားကိုရန်ကုန်မှာပြန်မွေးခဲ့တယ်.. သားသားမျက်နှာလေးမြင်လိုက်ရတော့ ဘယ်လိုမှမထားခဲ့နိုင်တော့ဘူးလေ.. ဘာပဲဖြစ်ဖြစ် ရအောင်ခေါ်သွားမယ်ဆိုပြီး Pass Port ချက်ချင်းကောက်လုပ်ရတာပေါ့.. ရန်ကုန်မှာက လူခွဲကလဲမရှိ ရှိတဲ့လူတွေကလဲ မလုပ်တတ် မကိုင်တတ်နဲ့မို့ မွေးစာရင်းကိစ္စ မြို့နယ်ရုံးသွားတာ သန်းခေါင်စာရင်းသွင်းဖို့ လ၀ကရုံးသွားတာကအစ ကျွန်မကိုယ်တိုင်ပဲ ပြေးရတာပေါ့.. ဗိုက်ခွဲထားတဲ့အနာမှမကျက်သေး ဟိုပြေးဒီပြေးနဲ့ကျွန်မကို ရုံးကလူတွေကသနားလို့ မြန်မြန်ရအောင် ကူညီကြပါတယ်.. ကလေးမွေးပြီး ၁၀ရက်မှမရှိသေး ကျွန်မအပြင်ထွက်ပြီး လျှောက်လုပ်နေရတာလေ.. သားသားကို ပတ်စ်ပို့ရုံးမှာ ဓါတ်ပုံရိုက်ဖို့ခေါ်သွားတော့ ၁၇ရက်သားလေးပဲရှိသေးတာ.. မျက်လုံးတောင် ကောင်းကောင်းမပွင့်သေးဘူးလေ.. Pass Port ရတော့ Entry Visa လျှောက်ရပြန်ပါသေးတယ်.. ဒီလိုနဲ့ ကျွန်မတို့သားအမိ စလုံးကိုပြန်လာခဲ့ကြပါတယ်.. သားသားအတွက် နေထိုင်ခွင့်က လူကြီးတွေလိုပဲ ရက်၃၀ရပါတယ်.. သက်တမ်းထပ်တိုးတော့ ရက် ၃၀ထပ်ရပါတယ်..

မရနိုင်မှန်းသိရက်နဲ့ Dependent's Pass လျှောက်ကြည့်ပါတယ်.. ထင်တဲ့အတိုင်းပါပဲ မရပါဘူး.. Appeal လုပ်ပြန်ပါတယ်.. Appeal Processing ကတော်တော်လေးကြာတယ်လေ.. Appeal Result စောင့်နေတုန်း သားသားရဲ့နေထိုင်ခွင့် ရက်၆၀ကုန်သွားပြီး ထပ်တိုးလို့လဲမရတော့လို့ သားသားကိုခေါ်ပြီး ရန်ကုန်တစ်ခေါက်ပြန်ရပါသေးတယ်.. မပြန်ခင် Re-entry Visa တင်ထားခဲ့တာက ဒီကိုပြန်လာမယ့်နေ့အထိ ကျမလာလို့ သားသားကိုထားခဲ့ပြီး မျက်ရည်စက်လက်နဲ့ ကျွန်မပြန်လာခဲ့ရတာပေါ့.. ကျွန်မဘော့စ်က ကျွန်မအပေါ် တော်တော်ကောင်းပါတယ်.. MOM ကို သူကိုယ်တိုင်လိုက်ပေးပြီး Officer နဲ့တွေ့ပါတယ်.. ကလေးရဲ့ အဖေရောအမေရောက သူ့လက်အောက်က ၀န်ထမ်းတွေမို့ အတတ်နိုင်ဆုံး ကူညီပေးဖို့ Officer ကို ကူပြောပေးပါတယ်.. သွားတွေ့ပြီး နောက်၂ရက်လောက်နေတော့ MOM ကစာရောက်လာပါတယ်.. Dependent's Pass တော့မပေးနိုင်ပါဘူး.. Long Term Social Visit Pass လျှောက်ပါဆိုပြီး Cover Letter ပေးလိုက်ပါတယ်.. အဲဒီတော့ လျှောက်ရပြန်တာပေါ့.. ၅ရက်လောက်နေတော့ ကျလာပါတယ်.. ကျွန်မ S Pass သက်တမ်းရှိသလောက် နေထိုင်ခွင့်ရတယ်လေ.. စိတ်မောလူမောကြီးကိုဖြစ်လို့.. ပိုက်ပိုက်တွေကလဲ ကုန်မှကုန်ပေါ့.. လေယာဉ်ခကို မနည်းဘူး..

ပြီးခဲ့တဲ့လက ကျွန်မ S Pass သက်တမ်းတိုးရပါတယ်.. သားသားရဲ့ Pass လဲတိုးရတာပေါ့.. ကျွန်မရဲ့ S Pass ကတော့ ၃နှစ်ကျလာပြီး သားသား Pass က Reject ဖြစ်ပါတယ်.. ထုံးစံအတိုင်း Appeal ပေါ့.. ဘော့စ်ကတော့ MOM ကို ဒေါသတွေထွက်နေသေးတယ်.. အလုပ်ရှုပ်အောင်လုပ်တယ်.. ကလေးငယ်ငယ်လေးကို.. ပေးလိုက်ရင်ပြီးရောနဲ့.. Stupid တွေ Bull Shit တွေ စုံအောင်ဆဲဆိုပြီး.. Appeal Letter ကောင်းကောင်းရေးပေးပါတယ်.. ကျွန်မကိုလဲ ရုံးချိန်အတွင်း Time off ပေးပြီး MOM သွားခိုင်းပါတယ်.. Appeal Result မသိရခင် သက်တမ်း ၁လတိုးပေးထားဖို့လဲ အသနားခံစာ ရေးပေးပါတယ်.. နောက်ဆုံးတော့ အဆင်ပြေသွားပါပြီ.. သားသားအတွက် နေထိုင်ခွင့် ၃နှစ်ထပ်ရပါတယ်.. တနေ့က Card သွားထုတ်တယ်.. သူ့ Card က ဓါတ်ပုံနဲ့ဘာနဲ့ သားသားနားနားလေး.. ဘာပဲပြောပြော ၃နှစ်တော့ မပူရတော့ဘူးပေါ့.. နောက်၃နှစ်ကြာရင်တော့ ဘာလုပ်ဖြစ်မယ်မပြောတတ်သေးဘူး.. သားသားကို စလုံးမှကျောင်းထားမလား ရန်ကုန်မှာပဲထားရမလား.. ရန်ကုန်မှာထားဖြစ်ဖို့များပါတယ်.. နောက်၃နှစ်ဆို သားသားက ၄နှစ်ခွဲရှိပြီ.. မူကြိုတစ်နှစ်တက်ခိုင်းပြီး ၅နှစ်ခွဲမှာ သူငယ်တန်းစတက်ဖို့ အတော်လောက်ပဲလေ.. Nursery ကို စလုံးမှာထားလိုက်မယ်.. အင်္ဂလိပ်စာ အခြေခံလေးလဲ ကောင်းသွားအောင်ပေါ့.. စဉ်းစားထားတာပဲလေ.. စလုံးမှာတော့ အခြေမချချင်ဘူး.. ကိုယ့်မြေကိုယ့်ရေမှာပဲ ကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး နေချင်တာလေ.. သားသားကို စလုံးမှာကျောင်းထားလိုက်ရင် နောက်ပြန်ဆုတ်ဖို့ကတော်တော်ခက်သွားမယ်.. အနည်းဆုံး သားသားကျောင်းမပြီးမချင်းတော့ နေကိုနေရတော့မှာလေ.. သားသားကို ကျွန်မမကြိုက်တဲ့ စရိုက်တွေ လွှမ်းမိုးသွားမှာကိုလဲ စိုးတယ်.. ကျွန်မကိုယ်တိုင်လဲ မြန်မာပြည်မှာပဲ ကျောင်းတက် မြန်မာပြည်ကဘွဲ့နဲ့ပဲ လောလောဆယ်ရပ်တည်နေတာဆိုတော့.. မြန်မာပြည်ရဲ့ပညာရေးစနစ်ကို အထင်မသေးပါဘူး.. အဓိက ကတော့ သားသားကို မြန်မာစာတတ်စေချင်တာပါပဲ.. မြန်မာစာနဲ့ရေးထားတဲ့ စာကောင်းပေမွန်တွေကို ဖတ်ခွင့်လေး ရစေချင်တာပါ.. ဘယ်လောက်ပဲတိုးတက်ပါတယ်ပြောပြော ကျွန်မမကြိုက်တဲ့ ပါတ်ဝန်းကျင်မျိုးမှာ သားသားကိုမကြီးပြင်းစေချင်လို့ မြန်မာပြည်မှာပဲ ထားမယ်လို့ ဆုံးဖြတ်ထားတာပါ.. ခုလောလောဆယ် ဆုံးဖြတ်ထားတာပေါ့လေ.. နောက်တော့ ဘယ်လိုဖြစ်မယ် မသိသေးပါဘူး..

PR မကျသေးတဲ့သူတွေထဲက ကလေးနေထိုင်ခွင့်အတွက် ခေါင်းခဲနေကြသူတွေအတွက် ကျွန်မအတွေ့အကြုံလေးတွေကို မျှဝေပေးတာပါ.. အသေးစိတ်သိချင်ရင်.. myuemyue@gmail.com ကို email ပို့ပြီး မေးနိုင်ပါတယ်နော်..

Friday, February 5, 2010

သားသားလူလည်လေး

တစ်နှစ်ကျော်ပြီမို့ သားသားက အတော်လေးလည်နေပြီ.. မေမေ ဖေဖေ မားမားခေါ်တတ်ပြီ.. သားသားရေလို့ခေါ်ရင် ဗျာလို့ထူးတတ်ပြီ.. ထမင်းစားချင်ရင် မန်မန်လို့တောင်းတတ်ပြီ.. တွတ်တီးတွတ်တာ အရွယ်ကလေးရောက်လာပြီပေါ့.. ပြောသမျှစကားတွေကို အကုန်နားလည်နေပြီလေ.. အရပ်ကအရမ်းရှည်နေတော့ ပိန်နေသလိုပဲ.. ၀.၈၂၅ မီတာတောင်ရှိတယ်.. တစ်နှစ်အရွယ် ရွယ်တူတွေနဲ့ယှဉ်တော့ သားသားက အရှည်ကြီးဖြစ်နေတယ်.. ကျွန်မက သူ့ကို တုတ်တုတ်ခဲခဲလေးဖြစ်စေချင်တော့ အခု အသားတွေများများကျွေးနေတယ်လေ.. သူကတော့ကျွေးရင်စားတာပဲ.. အသီးတွေလည်းအရမ်းကြိုက်တယ်.. ဖရဲသီးနဲ့ပန်းသီးကတော့ သူ့အကြိုက်ဆုံးပေါ့.. ဖရဲသီးကိုဆို သူ့သွားလေး ၈ချောင်းနဲ့ ကိုက်ဝါးစားတတ်ပြီ.. ချောကလက်လည်းအရမ်းကြိုက်တယ်.. ချိစ်လဲ ကြိုက်မှကြိုက်..

သားသားက ပူရင်တစက်မှမနေနိုင်ပါဘူး.. အရမ်းအအေးကြိုက်တယ်.. ညနေဆို ကျွန်မပြန်ရောက်တာနဲ့ အခန်းထဲခေါ်သွားပြီး အဲကွန်းအတင်းဖွင့်ခိုင်းတတ်နေပြီ.. ရီမုတ်ကွန်ထရိုးယူပေးတယ်.. ကွန်ပရက်ဆာခလုတ်ကို လက်ညှိုးထိုးပြပြီး ဖွင့်ခိုင်းတယ်.. ပြတင်းပေါက်ပိတ်ခိုင်းတယ်.. ရေချိုးခန်းတံခါးပိတ်ခိုင်းတယ်လေ.. လူကြီးတွေလုပ်သမျှ မှတ်ထားပြီး အမူအယာနဲ့ ခိုင်းတော့တာ.. စကားများပြောတတ်လို့ကတော့ ဖေဖေရောမေမေရော ခိုင်းဖတ်ဖြစ်ဖို့သာပြင်ပေတော့ပဲ.. ရေချိုးခန်းထဲကထွက်ရင် မီးပိတ်ရတာလဲအမော.. မားမားဖုန်းကိုဆို ခဏခဏယူဆော့လွန်းလို့ ကျွမ်းနေပြီ.. ကင်မရာဖွင့်ပြီး ရိုက်တတ်နေပြီ.. ကြီးလာရင် ဦးဦးသစ်တို့ ဦးဦးဗီလိန်တို့ကိုင်တဲ့ အုန်းသီးဝယ်ပေးလို့များ ပူဆာမလားပဲ..

လမ်းစလျှောက်ဖို့ကြိုးစားနေပြီ.. ကိုင်ပြီးတော့လျှောက်သွားတတ်နေပြီဆိုတော့ တစ်ချက်မှ အလစ်ပေးလို့မရဘူးပေါ့.. ဆိုဖာပေါ်တွယ်တက် ခုတင်ပေါ်တွယ်တက်နဲ့မို့ ပြုတ်ကျမှာစိုးတာနဲ့ သူ့နောက်တကောက်ကောက်လိုက်နေရတယ်လေ.. ထိန်းရတဲ့သူ မသက်သာဘူးပေါ့.. ဂျီမကျတတ်တာပဲတော်သေးတယ်ပြောရမယ်.. သူ့ဟာသူ ဆော့နေတာပဲ.. တစ်အိမ်လုံး မွစာကျဲနေအောင်လည်း ဖွတတ်နေပြီ.. အံဆွဲတွေပါမကျန် သူ့လက်မကျတဲ့နေရာမရှိသလောက်ပဲ..

တိုက်အောက်ကိုရောက်ပြီဆို အအေးရောင်းတဲ့စက်နားကို သွားရမှ.. အအေးဝယ်ရမှ.. မိုင်လိုဘူးကိုသိနေပြီ.. မိုင်လိုဘယ်မှလဲဆို ဘူးတွေအစုံရှိတဲ့အထဲက ရွေးပြတတ်တယ်.. တနေ့က မိုင်လိုကုန်နေလို့ ပန်းသီးဖျော်ရည်ဝယ်တိုက်တယ်.. တစ်ငုံသောက်ကြည့်ပြီးတော့ တအံ့တသြလေး ကျွန်မကိုမော့ကြည့်ပြီး “အာ.. ပဲပဲ” တဲ့.. ပန်းသီးကို သူက ပဲပဲလို့ခေါ်တာလေ.. ပန်းသီးပါလားဆိုတဲ့သဘောပေါ့.. အရသာမှတ်မိနေတာများ ရိုက်ချင်စရာလေး..

သားသားလူလည်လေးရဲ့ တိုးတက်မှုလေးတွေပါ.. အမေတွေများ သားသမီးအကြောင်း ကြွားနေရရင် မမောနိုင်မပန်းနိုင်ပေါ့...

Wednesday, December 2, 2009

Journey of မိုးသံစဉ်

ဘာလိုလိုနဲ့ ဒီဇင်ဘာလတောင်ရောက်လာပြီ... တကယ်ပါ... ၂၀၀၉ခုနှစ် ကုန်သွားတာအရမ်းမြန်တယ်... သားသားတောင် တစ်နှစ်ပြည့်တော့မယ်လေ... မနှစ်က ဒီအချိန် ကျွန်မ ရန်ကုန်ရောက်နေတာပေါ့... နိုဝင်ဘာ ၃၀ ရက်နေ့မှာပြန်သွားတာ... သားသားကိုမွေးဖို့ပြန်တာလေ... အဲဒီရက်က ကိုယ်ဝန်ဆောင်တွေ လေယာဉ်စီးခွင့်ရတာ နောက်ဆုံးရက်ပဲ... အဲဒီထက်ကျော်သွားရင် စီးခွင့်မရှိတော့ဘူး... ခွင့်ကနှစ်လခွဲပဲရတာဆိုတော့ အရမ်းစောစောပြန်ရင် မွေးပြီးသွားရင် ရက်များများမကျန်မှာစိုးလို့ နောက်ဆုံးရက်မှပဲပြန်ဖြစ်တယ်...

သားသားကိုယ်ဝန်ရှိတာ စသိတော့ Polyclinic ကိုအရင်သွားပြတယ်... အဲဒီကမှာ KK Hospital ကို သွားပြရတာ... OG က အရမ်းသဘောကောင်းတယ်... India ကုလားမကြီး... သားသားက အမေကိုဘာဒုက္ခမှမပေးပါဘူး... အစားအသောက်လဲ မပျက်ဘူး... ခေါင်းမူးခေါင်းကိုက်လေးတောင် မဖြစ်ဘူး... ကိုယ်ဝန်မရှိခင်ကမှ ခေါင်းခဏခဏကိုက်သေးတယ်... OG က ပထမတော့ Obimin သောက်ခိုင်းတယ်... ၅လကျော်လာတော့ နောက်ဆေးတစ်မျိုးပြောင်းပေးတယ်လေ... ငါးကြီးဆီပါတဲ့ အားဆေးပေါ့... Ganilia တဲ့... Germany ကထုတ်တာ... တော်တော်လေးကောင်းတယ်... ကိုယ်ဝန်၅လမှာ Ultra Sound ရိုက်တော့ ကျန်တာအားလုံးအဆင်ပြေတယ်... သားသားလေးလား မီးမီးလေးလားကြည့်တဲ့အခါကျမှ မမြင်ရဘူးဖြစ်နေတယ်... သားသားကမလှည့်ဘူးလေ... ရေတွေသောက်လိုက် လမ်းလျှောက်လိုက် နဲ့ သုံးခါလောက်ပြန်ရိုက်ရတယ်... အဲဒီကျမှပဲ သိရတော့တာ...

ရန်ကုန်ရောက်တော့ ဒေါက်တာဒေါ်ခင်သိန်းဦးနဲ့ဆက်ပြတယ်... ကျွန်မကိုလည်း သူပဲမွေးထုတ်ပေးခဲ့တာလေ... ၃၈ပါတ်မြောက် သွားပြတဲ့အထိ သားသာက ခေါင်းအောက်မစိုက်ဘူး... လူကလည်းထွားတော့ လှည့်မနိုင်တော့တာဖြစ်မယ်ဆိုပြီး ဆရာမကြီးက ခွဲမွေးဖို့တိုက်တွန်းတယ်... ခွဲဖို့ရက်ချိန်းတွေဘာတွေယူထားတာပေါ့... ဇန်န၀ါရီ ၁၄ရက်နေ့ မနက်ပိုင်းခွဲမယ်လို့ ရက်ချိန်းယူထားလိုက်တယ်... လိုတဲ့ပစ္စည်းတွေကိုလည်း ကိုယ်တိုင်လိုက်ဝယ်သေးတာဆိုတော့ လမ်းကတော့ ဘာလျှောက်သလဲမမေးနဲ့... အဲဒါတွေကြောင့်ပဲ ထင်ပါရဲ့ ဇန်န၀ါရီ ၁ရက်နေ့ မနက်အစောကြီး ရေမွှာပေါက်ပြီး ရေတွေဆင်းလာပါလေရော... ဗိုက်ကတော့လုံးဝမနာဘူး... ဆရာကကြီးဆီကို ဖုန်းဆက်တော့ ဆေးရုံကိုလာခဲ့ပါ... စမ်းကြည့်ပြီး ခွဲလို့ရရင်ခွဲမယ်ဆိုလို့ အခန်းကြိုပြီး booking လုပ်ထာတဲ့ SSC Women Centre ကိုပြေးကြတာပေါ့... တော်ပါသေးရဲ့ လိုချင်တဲ့အခန်းရတယ်လေ... ဆရာမကြီးရောက်လာတော့ စမ်းကြည့်ပြီး ၁၀နာရီမှာခွဲမယ်တဲ့... ထုံဆေးနဲ့ပဲခွဲတာပါ... ချောချောမွေ့မွေ့ပါပဲ... သားသားက မွေးမွေးချင်း ၈ပေါင်နဲ့ ၁၀အောင်စရှိတယ်... ဆံပင်လေးတွေကလည်း မည်းနက်နေတာပဲ... ခြေကဖွားတဲ့ကလေးလေးပေါ့... ခေါင်းမှာဗွေက နှစ်လုံးနဲ့... ကြာသပတေးသားလေးဆိုတော့ သူ့လေးလေးဇော် (ကျွန်မမောင်လေး) က မိုးသံစဉ်လို့နာမည်ပေးတယ်... သူ့ဖေဖေနာမည်ထည့်လိုက်တော့ မိုးသံစဉ်ကို ဖြစ်သွားတာပေါ့....

အားလုံးကို မနေ့တနေ့ကလိုပဲထင်နေရင်းကို တစ်နှစ်ပြည့်တော့မယ်... မြန်လိုက်တဲ့အချိန်တွေနော်... ခုလည်းအလုပ်ရှုပ်နေပြန်ပြီ... သားသားမွေးနေ့အတွက်ပေါ့... သားသားလေးရဲ့ ပထမဆုံးမွေးနေ့လေးကို ကောင်းကောင်းလေးလုပ်ပေးချင်တာကိုး.... နီးမှပဲ အားလုံးကိုဖိတ်တော့မယ်... နော်....

Monday, November 9, 2009

လွမ်းတယ်ဆောင်းရယ်

တနေ့က cousin တစ်ယောက်ရဲ့ Facebook status ကိုမြင်ပြီး ဆောင်းရာသီကို လွမ်းသွားတယ်... သူရေးထားတာက "ဆောင်းလေလေးတွေ စတိုက်နေပြီ" တဲ့...ဟုတ်တာပေါ့... ဒီအချိန်ပဲ... နေ့ဘက်သာ ပူချင်ပူမယ်... ညဆိုရင်တော့ ဟေမာန်ဆောင်းရဲ့ အငွေ့အသက်လေးတွေ စခံစားနေရပြီ...

အဆောင်မှာနေတုန်းကဆို အအေးဓာတ်ကို ပိုခံစားရတယ်... ဟုတ်တယ်... ရန်ကုန်နဲ့စာရင် မှော်ဘီကပိုအေးတယ်... ကျွန်မတို့ မှော်ဘီမှာကျောင်းစတက်တော့ ဒီဇင်ဘာလကြီး... အေးမှအေးပေါ့... ညဘက်ဆို ပျဉ်ကြားကလေတိုးတဲ့ဒဏ်ကို အလူးအလဲခံရတယ်... အနွေးထည် အထူကြီးဝတ် စောင်တွေနှစ်ထပ်သုံးထပ်ခြုံထားတာတောင် အေးတုန်းလေ... မနက်ကျောင်းသွားခါနီးဆို ရေချိုးနိုင်ဖို့ကအဝေးကြီး .. မျက်နှာတောင်မနဲသစ်ရတယ်... အိပ်ယာကမထနိုင်လို့ အတန်းလွတ်ရတာလဲ ခဏခဏ... နှင်းတွေအများကြီးကျတဲ့အခါများဆို ကျောင်းဝင်းထဲက ခနော်ခနဲ့ မြေနီလမ်းလေးမှာ ရှေ့ကိုဝေးဝေးမမြင်ရဘဲ စမ်းတ၀ါးဝါးလျှောက်ရတာကိုက အရသာသိပ်ရှိပေါ့... နှင်းဆမ်းထားတဲ့ ခရေပန်းလေးတွေကလည်း ဘာမွှေးသလဲမမေးနဲ့... နှင်းဝေတဲ့ဆောင်းမနက်ခင်းတစ်ခုမှာ တစ်ယောက်သောသူ ပန်ပေးဖူးတဲ့ ငွေပန်းလေးတွေရဲ့ မွှေးရနံ့က ခုထက်ထိတောင် မွှေးနေသယောင်...

မိုးရာသီမှာမွေးတဲ့ကျွန်မက သားလေးကိုတော့ ဆောင်းရာသီမှာမွေးခဲ့တာ... ဇန်န၀ါရီ ၁ရက်နေ့ပေါ့... နယူးရီးယားည ခြံထဲမှာ ဘာဘီကျူးပါတီလုပ်ပြီး ကောင်းကောင်းသောင်းကျန်းလိုက်တာ မနက်လည်းကျရော သားသားလေး ထွက်လာပါလေရော... သားသားရဲ့ ချစ်စရာကောင်တဲ့မျက်နှာလေးကို မြင်လိုက်ရတဲ့ ကျွန်မရဲ့ နှလုံးသားဟာလည်း ဆောင်းလေလေးနဲ့ ထွေးပွေ့ခံလိုက်ရသလို အေးမြကြည်လင်သွားရတာပေါ့... နှင်းခဲလေးလို ဖြူဖွေးနူးညံ့တဲ့ သားသားလေးကို ပိုင်ဆိုင်ခွင့်ရလိုက်တဲ့အတွက် ကျွန်မရဲ့ဆောင်းမနက်ခင်းက ပိုပြီးပြည့်စုံသွားခဲ့ရတာလေ...

ခုရောက်နေတဲ့နေရာမှာ ဆောင်းရာသီဆိုတာ ဘယ်သွားရှာရမှန်းမသိပေမယ့် ကျွန်မရင်ထဲက ဆောင်းရာသီကတော့ အချိန်တန်ရင် နှင်းတွေဝေနေဆဲ... ထူထူထဲထဲ နှင်းတောထဲက မှုန်ဝါးဝါးနေခြည်အောက်မှာ ဆိတ်ငြိမ်စွာလှပနေမယ့် ကျွန်မတို့ရဲ့ကျောင်းတော်ကြီးကိုလဲ လွမ်းမိနေဆဲပေါ့......


Saturday, November 7, 2009

မိုးသံစဉ်... Dependent Pass နဲ့ LTSVP

တစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိတော့ သူကမေးတယ်... PR ကျပြီလားတဲ့... မကျသေးဘူးဆိုလို့ သူကအံ့သြနေတာ... ဒါဆိုနင့်သားလေးက ဘာPassနဲ့နေနေတာလဲတဲ့... အဲဒီPassအကြောင်းလေး ရေးပြချင်တာပါ...

သားသားရဲ့ Pass က Long Term Social Visit Pass ပါ... ICA ကချပေးတာမဟုတ်ပါဘူး... MOM ကပေးထားတာပါ... သားသားကိုရန်ကုန်မှာပြန်မွေးပြီး ပြန်ခေါ်လာတော့ ၀င်ဝင်ချင်း ၁လ stay ရပါတယ်... လူကြီးတွေလိုပဲပေါ့... ကျွန်မတို့ လင်မယားနှစ်ယောက်စလုံးက S Pass ဆိုတော့ ICA မှာ Long Term Pass လျှောက်ပေမယ့် မပေးပါဘူး... PR မှရမှာပါတဲ့... အဲဒါနဲ့ Dependent Pass တင်ကြည့်ပါတယ်... သိပ်တော့မျှော်လင့်ချက်မရှိဘူးပေါ့... ကျွန်မရဲ့အခြေခံလစာက ၂၅၀၀မှ မပြည့်ပဲကိုး... ထင်တဲ့အတိုင်းပါပဲ... Not successful ပါတဲ့... အဲဒီတော့ Appeal Letter တင်ရတော့တာပေါ့... ကံကောင်းတာက လင်မယားနှစ်ယောက်စလုံး Company တစ်ခုတည်းမှာလုပ်နေတာရယ်... ကျွန်မက HR Department မှာလုပ်နေတာရယ်ပါပဲ... Appeal Application အတွက် Cover Letter ကို စိတ်ကြိုက်ရေးခွင့်ရပါတယ်... Boss က နင်ကြိုက်သလိုရေး... လက်မှတ်ထိုးပေးမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့... Employer အနေနဲ့ရေးရတာဆိုတော့ အကြိုက်ပဲလေ... ကိုယ်မရှိရင်ပဲ Company ပိတ်ပစ်ရတော့မလိုကို ရေးပစ်လိုက်တယ်... အဲဒါလည်း Dependent Pass မပေးပါဘူး... Long Term Social Visit Pass လျှောက်ပါ... ဒီစာကို Cover Letter အဖြစ်သုံးပါဆိုပြီး စာပြန်လာပါတယ်... အဲဒါလျှောက်လိုက်တော့ ကျလာပါတယ်... ကျွန်မ S Pass သက်တမ်းရှိသလောက်ရပါတယ်... အဲဒီတော့မှပဲ စိတ်အေးရတော့တာလေ.... ဒါတောင် ကြားထဲမှာ မောရတာတွေက များသား... Appeal တင်ထားတုန်း သားသားရဲ့ Social Visit Pass က ကုန်သွားပါတယ်... E extend တိုးထားတာဆိုတော့ ဘယ်လိုမှထပ်တိုးလို့မရတော့ဘူး.... အဲဒါနဲ့ ရန်ကုန်ကို ခဏပြန်လိုက်ရသေးတယ်လေ... ကျွန်မမှာ ခွင့်ကလည်းမကျန်တော့တာနဲ့ ၄ရက်ပဲနေမယ်... ပြီးရင်ပြန်ခေါ်လာမယ်ဆိုပြီး သားသားအတွက် visa တင်ခဲ့လိုက်တယ်... ကံများဆိုးချင်တော့ ပြန်မယ့်ရက်အထိ visa ကျမလာတာနဲ့ သားသားကို ထားခဲ့ရတာပေါ့.... ဒီကိုရောက်တော့မှ visa ကကျနေပြီတဲ့... စိတ်တိုလိုက်တာ အရမ်းပဲ... အဲဒါနဲ့ စနေနေ့သွား တနင်္ဂနွေပြန်ပြီး သားသားကို ပြန်ခေါ်လာရတော့တာပေါ့... Silk Air ကို လုပ်ကျွေးလိုက်ရတာလေ...

ခုဒီမှာ S Pass နဲ့ လုပ်နေကြသူတွေချင်း လက်ထပ်ကြတာတွေများလာတော့ လိုအပ်ရင် အသုံးဝင်အောင် ကျွန်မရဲ့ ကိုယ်တွေ့လေးကို မျှဝေပေးတာပါ.......