Wednesday, June 22, 2011

မိုးသံစဉ်ရဲ့အဝေးမှာ


အကြောင်းကြောင်းကြောင့် သားသားကို ရန်ကုန်ပြန်ပို့လိုက်တယ်.. အရင်က ကလေးထိန်းနဲ့ပဲ တနေကုန်နေရတဲ့သားသားက ခုတော့ ဆွေမျိုးတွေကြားမှာ ပျော်နေပြီပေါ့.. ဒီမှာတုန်းက အစားကောင်းကောင်းမစားလို့ ကျွန်မမှာစိတ်ညစ်လိုက်ရတာ.. ခုတော့ စားချိန်အိပ်ချိန်ကိုမှန်လို့ဆိုပဲ.. ကလေးတွေဟာ မိဘနဲ့ဝေးနေရင် ပိုပြီးလိမ္မာတတ်ကြသလားပဲ.. စလုံးကိုပြန်လာတဲ့နေ့က သားသားကိုမမြင်စေချင်လို့ ကျွန်မမေမေက အပြင်ခေါ်သွားတုန်း ကျွန်မတို့ပြန်လာခဲ့ကြတာလေ.. အိမ်ပြန်ရောက်တော့ သားသားကပြောတယ်တဲ့.. မေမေနဲ့ဖေဖေက ဘွန်လေးပလေ့စ်အိမ်ကိုပြန်သွားပြီ.. သားသားက ရန်ကုန်အိမ်မှာ ကျန်ခဲ့တာတဲ့လေ..

အရင်က သားသားအတွက်နဲ့ ကုန်မှန်းမသိကုန်ခဲ့ရတဲ့ ကျွန်မအချိန်တွေက ခုကျတော့လဲ ဘာလုပ်ရမှန်းမသိကိုဖြစ်လို့.. အလုပ်ဆင်းနေရလို့သာ တော်တော့တယ်.. ရုံးပိတ်ရက်ဆို ဘယ်လိုများနေရမယ်မသိဘူး.. ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းကတော့ ပြန်ရောက်ခါစဆိုတော့ အိမ်ရှင်း ကြမ်းတိုက် အိပ်ယာခင်းတွေလျှော်နဲ့ နေ့တ၀က်ကျိုးသွားတယ်.. နေ့လည်ဘက်ကျတော့ ရန်ကုန်ကပေးလိုက်တဲ့ လူကြုံတွေကို စီးတီးဟောမှာ သွားပေးလိုက်တယ်လေ.. အားနေတဲ့အချိန်မရှိချင်ဘူး.. သားသားကိုလွမ်းရတာ ရင်ဘတ်ထဲကနာလို့.. တခုခုလုပ်နေရင် မေ့မေ့ပျောက်ပျောက်နဲ့မို့ လွမ်းရသက်သာတာပေါ့လေ.. ရုံးမှာက အလုပ်တော်တော်များနေတာမို့ သိပ်မသိသာပေမယ့် အိမ်ပြန်ရောက်ရင် မနေတတ်မထိုင်တတ်ကိုဖြစ်လို့.. ကြာတော့လဲ နေသားကျသွားမယ် ထင်ရတာပဲလေ..

အရင်တုန်းက သားသားနဲ့လုနေရတဲ့ ကျွန်မလပ်တော့ပ်ကို ခုတော့ ယောက်ျားနဲ့လုနေရတယ်.. အိမ်ပြောင်းထားတာမကြာသေးတော့ သူ့ကွန်ပျူတာကို ပြန်မဆင်ရသေးဘူးလေ.. ခုအိမ်လေးကကျဉ်းတော့ သူ့ကွန်ပျူတာကြီးကိုဆင်ဖို့ စားပွဲကလဲမရှိသေး နေရာကလဲမစဉ်းစားရသေးတာနဲ့ ညညဆို လပ်တော့ပ်လုပွဲဆင်နွှဲနေရတယ်.. ရုံးမှာသုံးမရတဲ့ ဂျီမေးလ်တို့ ဖဘတို့က အိမ်ရောက်မှကြည့်ရတာမို့ ဆက်လုနေရဦးမှာပဲ..

သားသားဆီကို တနေ့အနည်းဆုံး၂ခါလောက် ဖုန်းဆက်ဖြစ်နေလို့ စတားဟဘ်ကို လုပ်ကျွေးနေရသလိုပဲ.. ဟိုင်းမိနစ်ကလဲ လိုရင်တမျိုးမလိုရင်တမျိုးမို့လား.. စိတ်မရှည်တာနဲ့ ၀၁၈ကိုနှိပ်နေမိတတ်လို့ ဖုန်းဘီလ်လာမှာကိုတောင် ကြောက်နေရပြီ..

လေယာဉ်လက်မှတ်တွေကလဲ ဈေးချပြန်ပြီ.. လူကို ပြန်ချင်အောင်စွဲဆောင်နေသလိုပဲ.. ၃၁၇ တဲ့.. ၂ပါတ်လက်မှတ်ပေါ့.. သားသားဆီပြန်ချင်လိုက်တာ.. ခွင့်က မိုင်းနပ်စ်ပြနေလို့သာ ငြိမ်နေရတာလေ.. နောက်ဆိုရင်လဲ အမြဲတမ်း ဈေးချနိုင်ကြပါစေလို့ပဲ ဆုတောင်းရတော့မယ်..

အင်း.. ဘာလိုလိုနဲ့ မိုးသံစဉ်ရဲ့အဝေးမှာနေရတာ.. ခုဆို.. ၅ရက်တောင်ရှိပါပေါ့လား.. စိတ်ထဲမှာတော့ ၅နှစ်လို့တောင်ထင်မိရဲ့.. ပိုတယ်လို့မပြောကြပါနဲ့..

4 comments:

ဆုမြတ်မိုး said...

ဘ၀ဆိုတာဒီလိုပဲပေါ့ မမြူးရယ်...
အခြေအနေပေးတဲ့တစ်နေ့မှာမိသားစုတွေပြန်ဆုံမှာပါ
အဲလိုနေ့မျိုးအမြန်ဆုံးရောက်ဖို့လည်းဆုတောင်းပေးနေပါတယ်...။

ချစ်တဲ့
မီးမီး

Thandar Lwin said...

ဟုတ်ပ မြူးရယ် ..ညဘက်ဆိုဟာတိဟာတာ နေမှာဘဲ ။
သားလေးက မြန်မာမှာဆိုတော့ မြူးတို့ မှာ ကိုယ့် တိုင်းပြည်မှာနေရဘို့  မဝေးတော့ ဘူးပေါ့ ။ မိသားစုတွေ အမြန်ဆုံး အတူတူပြန်နေရပါစေလို့  ဆုတောင်းပေးနေပါတယ်။

့်Home Sweet Home said...

မြူးမြူးရေးထားတာတွေကိုဖတ်ပြီး။ သမီးလေးကိုမန်းလေးမှာသွားထားခဲ့ တုန်းကအကြောင်းတွေကိုပြန်သတိရမိတယ်။ မြူးမြူး ခံစားရတာတွေကို ကိုယ်လည်းခံစားခဲ့ ဘူးတယ်။ မိဘနဲ့ သားသမီးဆိုတာအနေဝေးပေမယ့်သွေးနီးကြပါတယ်။ သားလေးနဲ့ မိသားစုဘ၀ရှေ့ ရေးအတွက်အခု ခဏခွဲနေရတာလို့ မှတ်လိုက်ပါ....

JuneOne said...

သားလေးကတော်တော်တတ်တာပဲ။သူသိတယ်နော်။မြန်မာပြည်ပြန်တဲ့ပုံလေးတွေတင်ပါအုံး။