Thursday, December 2, 2010

ဒီဇင်ဘာ

မြန်မာပြည်မှာဆို ဒီဇင်ဘာလရောက်ရင် ကျွန်မသိပ်ပျော်တယ်.. အေးတဲ့ရာသီဥတုကို ကြိုက်တတ်တဲ့ကျွန်မအတွက် နှင်းတွေဝေတဲ့ ဒီဇင်ဘာလလေးက အမြဲအေးမြလှပနေတတ်တယ်လေ.. ဒီဇင်ဘာလရောက်ပြီဆို စနေတနင်္ဂနွေ မနက်ခင်းစောစောတိုင်း သုဝဏ္ဏအားကစားကွင်းဆီကနေ လွင့်ပျံလာတတ်တဲ့ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့သီချင်းသံက ကျွန်မတို့မောင်နှမတွေအတွက် နှိုးစက်ပေါ့.. အိပ်ယာထဲကလူးလဲထ အ၀တ်အစားလဲပြီး အိမ်ကထွက်ကြတယ်.. ဟားခနဲလေကိုမှုတ်ထုတ်လိုက်ရင် ပါးစပ်က အငွေ့တွေထွက်လာတာကို ကျွန်မသိပ်သဘောကျတာပေါ့.. လမ်းထိပ်က ကြီးကြီးတို့အိမ်ကိုဝင်ခေါ် ပြီးတော့ အားကစားကွင်းဆီ ချီတက်ကြတယ်လေ.. အားကစားကွင်းရောက်ရင် လူတွေအများကြီးတွေ့ရပါပြီ.. ကွင်းကြီးကိုပတ်ပြီး ပြေးနေ လမ်းလျှောက်နေကြသူတွေ.. ခဏတဖြုတ်ထိုင်နားနေကြသူတွေ.. လမ်းမီးတိုင်အောက်မှာ ကြက်တောင်ရိုက်ကစားနေကြသူတွေနဲ့ ဒီဇင်ဘာနံနက်ခင်းက စည်ကားလို့ပေါ့.. နံနက်စာ ကောက်ညှင်းပေါင်း တခြားမြန်မာမုန့်မျိုးစုံတို့ကို လာရောင်းကြတဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည်လေးတွေလဲ ရောင်းကောင်းကြတယ်.. မှောင်နေရာကနေ တဖြေးဖြေးလင်းလာပြီဆို ကျွန်မတို့ အိမ်ပြန်ကြတယ်.. လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာထိုင်ပြီး ကြီးကြီးဝယ်ကျွေးတဲ့ မနက်စာစား.. ဖေဖေ့အတွက်မနက်စာဝယ်ပြီး အိမ်ပြန်ရောက်တယ်ဆို ဖေဖေ့ရဲ့ဘုရားရှိခိုးသံက ကျွန်မတို့ကို ဆီးကြိုနေတတ်တယ်လေ..

ကျောင်းတက်ရတဲ့နေ့တွေဆိုရင်တော့ မှော်ဘီရဲ့ဒီဇင်ဘာမနက်ခင်းက ကျွန်မနဲ့အကိုက်ပေါ့.. မှော်ဘီမှာက ရန်ကုန်ထက် နှင်းတွေပိုကျတယ်.. ပိုလဲအေးတာပေါ့.. အဆောင်က အခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်တာနဲ့ နှင်းတွေရွှဲနေတဲ့ ၀ရံတာကြမ်းခင်းရယ် ခပ်ကြမ်းကြမ်းဝှေ့တိုက်လိုက်တဲ့ မြောက်ပြန်လေအေးအေးရယ်ကို ခံစားရမယ်.. ကျောင်းတက်ခဲ့တဲ့ ၅နှစ်လုံး ဒီဇင်ဘာလဆို စာမေးပွဲနီးနေပြီမို့ အတန်းသိပ်မတက်ဖြစ်တော့ဘဲ အဆောင်မှာပဲစာလုပ်နေရတဲ့အချိန်ပေါ့.. မနက်တိုင်း စောစောထတတ်တဲ့ကျွန်မက စောင်ခြုံကွေးနေတဲ့ အခန်းဖော်သူငယ်ချင်း အိမွန်ကိုမနက်စာသွားစားဖို့နှိုးရတယ်.. တပ်ကြီးကုန်းမှတ်တိုင်နားက မြောင်းမြမုန့်ဟင်းခါး ငရုတ်ကောင်းနံ့မွှေးမွှေးလေးက ဒီဇင်ဘာမနက်ခင်းနဲ့ သိပ်လိုက်တဲ့မနက်စာပေါ့.. ပြီးရင် ရွာထဲဝင်ပြီး ဈေးကလေးမှာ ဈေးလျှောက်ဝယ်ကြတယ်.. နှင်းစိုနေတဲ့ ဘုရားပန်းတွေက သိပ်လှတာ.. ဈေးကပြန်ရောက်ရင်တော့ အဆောင်ခြံထဲမှာ နေပူစာလှုံရင်း စာကြည့်ကြတယ်.. နေပူလာမှပဲ အပေါ်တက်ပြီး ထမင်းဟင်းချက်ကြ ရေမိုးချိုးကြပေါ့.. ညနေစောင်းရင်တော့ အမှတ်၎လမ်းဖက်ကို ဆိုင်ကယ်လျှောက်စီးကြဖို့ မောင်ကလာခေါ်တတ်တယ်.. နေ၀င်ခါနီဆို မြူခိုးတွေဝေနေတဲ့ လယ်ကွင်းတွေက ကြည့်လို့သိပ်လှပေါ့.. မောင်လာခေါ်ပြီဆို အိမွန်က မြူးရေ.. မမှောင်ခင်ပြန်ခဲ့နော်.. ထမင်းတူတူစားဖို့စောင့်နေမယ်လို့ အမြဲမှာတတ်တယ်လေ.. ညဘက်ရောက်ရင်တော့ ထူးထူးကဲကဲကိုအေးတတ်လို့ အနွေးထည်ထူထူဝတ် စောင်အထူကြီးခြုံပြီး ကွေးနေကြရတော့တာပေါ့..

စလုံးကိုရောက်လာတော့ မတ်လကြီး.. နေကလဲပူလိုက်တာ.. မတ်လမို့ပူတာလို့ထင်နေတာ.. နောက်တော့မှသိရတယ်.. ဒီဇင်ဘာလရောက်ရင်လဲ မအေးဘူးကိုး.. ကျွန်မချစ်တဲ့ နှင်းအေးအေးလေးတွေဆိုတာလဲ ဘယ်ဆီနေမှန်းတောင်မသိဘူး.. မနှစ်ကတော့ Ang Mo Kio ကို သားသားနဲ့သွားလည်ကြတယ်.. နှင်းအတုတွေသွားကြည့်ကြတာပေါ့.. သားသားကတော့ ပျော်လို့.. နှင်းအစစ်ကိုမှ မမြင်ဖူးသေးဘဲကိုး.. ကျွန်မတော့ ရယ်ချင်သလိုလို ငိုချင်သလိုလို.. နှင်းတွေကိုမြင်နေရပါရက်နဲ့ လူမှာက ချွေးတွေရွှဲလို့.. ဆောင်းရာသီမရှိတဲ့ ကျွန်းလေးကို ကျွန်မ မနှစ်မြို့နိုင်ပါဘူး.. တနေ့နေ့တော့ ကျွန်မချစ်တဲ့ ဒီဇင်ဘာစစ်စစ်ရှိရာကို ပြန်ကိုပြန်မှဖြစ်မယ်......

No comments: