Wednesday, September 8, 2010

အခေါ်အဝေါ်လေးတွေ

မနေ့ညက သားသားကိုသိပ်ရင်း သားအမိနှစ်ယောက်သား စကားပြောကြတယ်.. ၂နှစ်မပြည့်သေးတဲ့သားနဲ့ ဘာတွေပြောပါလိမ့်လို့ ခေါင်းစားမနေနဲ့ဦး.. သားသားကို သူခေါ်တတ်တဲ့ အခေါ်အဝေါ်လေးတွေ ပြန်မေးကြည့်တာပါ.. မြူးမြူးကဘယ်သူလဲဆို မေမေ.. မာမီ.. မေမီတဲ့.. သားသားက ကျွန်မကို တခါတလေ မေမေ.. တခါတလေမာမီ.. တခါတလေကျတော့ မေမေနဲ့မာမီရောပြီး မေမီလို့ခေါ်တတ်တယ်.. ဒေါ်မေသူက ဘယ်သူလဲဆိုတော့ မားမားတဲ့.. ကျော်ကိုကိုကရောဆို ဖေဖေ ဒယ်ဒီ ဗိုက်ပူတဲ့လေ.. ဖေဖေက မေမေ့ကို ဘယ်လိုခေါ်လဲဆို မ တဲ့.. မေမေက ဖေဖေ့ကိုဘယ်လိုခေါ်လဲ လို့မေးတော့ မောင်တဲ့.. ချွဲချွဲလေးခေါ်ပြတယ်လေ.. သူ့အဖေကတောင်ပြောတယ်.. မင်းအမေအဲသလောက်မချွဲပါဘူးကွာတဲ့.. သားသားက လည်တယ်ပြောရမယ်.. လူကြီးတွေခေါ်တဲ့ အခေါ်အဝေါ်နဲ့ သူခေါ်ရမည့်နာမည်လေးတွေကို တွဲပြီးမှတ်ထားတတ်လို့ပေါ့..

ကျွန်မကို အိမ်ကလူကြီးတွေက မြူးမြူးလို့ပဲခေါ်ကြတယ်.. မေမေနဲ့ဖေဖေက သမီးကြီးလို့ခေါ်တတ်တယ်.. ညီမလေးကတော့ မကြီးလို့ခေါ်ပြီး မောင်လေးက မမြူးတဲ့.. အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေက ပွင့်လို့ခေါ်ကြတယ်.. ဂျီတီစီက သူငယ်ချင်းတွေက ဒေါ်ပွင့်တဲ့.. ဘဲမလို့ခေါ်တဲ့သူငယ်ချင်းတွေလဲ ရှိသေးတယ်.. စလုံးရောက်လာတော့ ဇင်လို့ခေါ်ကြတယ်.. ကျွန်မနာမည်သုံးလုံးထဲမှာ ဇင်ဆိုတာက အလွယ်ဆုံးကိုး.. ဒါတောင် ဂျင်ဖြစ်အောင်ခေါ်တဲ့လူကရှိသေး.. ဆုံးသွားပြီဖြစ်တဲ့ ကျွန်မရဲ့ဦးလေးကတော့ မြူးကြီးတဲ့လေ.. အဲဒီဦးလေးက ကျွန်မတို့မောင်နှမတွေကို သူများခေါ်တာနဲ့မတူတဲ့ အခေါ်အဝေါ်လေးတွေ ခေါ်လေ့ရှိတယ်.. ညီမလေးကို ငယ်ထူးလို့ခေါ်ပြီး မောင်လေးကိုတော့ သားဇော်လေးတဲ့.. ဘယ်သူမှအဲဒီလိုမခေါ်ကြဘူး သူ့မူပိုင်လေးတွေပေါ့..

မေမေ့ရဲ့ညီမ ကျွန်မတို့ဒေါ်လေးကို ကျွန်မတို့ မောင်နှမတွေက အန်မိုးလို့ခေါ်ကြတယ်.. အန်တီမိုးကို အမြန်ခေါ်လိုက်တော့ အလယ်ကတီပြောက်သွားတာလေ.. မေမေ့အမေ ကျွန်မတို့အဖွားကိုတော့ ဘောင်ဘောင်ကြီးလို့ခေါ်ကြတယ်.. အမှန်က ရခိုင်လို အဘောင်ရှင်ခေါ်ရမှာ.. ဘယ်ကဘယ်လို ဘောင်ဘောင်ကြီးလို့ ခေါ်ဖြစ်သွားတယ်မသိဘူး.. အဖိုးကိုလဲ အဖိုးရှင်ခေါ်ရမှာကို မေမေတို့က ပါပါခေါ်တာနဲ့ ပါပါကြီးလုပ်ပစ်လိုက်တယ်..

လင်မယားတွေအချင်းချင်း အခေါ်အဝေါ်လေးတွေထဲမှာ ဖေဖေက မေမေ့ကို သဲလို့ခေါ်ပြီး မေမေက ဖေဖေ့ကို မောင်လို့ခေါ်တာလေး ချစ်ဖို့ကောင်းတယ်နော်.. အစ်ကိုဝမ်းကွဲတို့စုံတွဲကျတော့ ရယ်ရတယ်.. ကျော်ဇင်မျိုးဆိုတဲ့ နာမည်လှလှလေးကို သူ့မိန်းမကခေါ်တာ ကိုဖိုးကျော်တဲ့.. သူကလည်းအားကျမခံ ထွန်းဝတ်ရည်ဆိုတဲ့သူ့မိန်းမကိုခေါ်တာများ အရည်တဲ့လေ.. တောသူတောင်သားတွေကျနေရော.. ညီမလေးနဲ့ သူ့ယောက်ျားကျတော့ မိန်းမက ယောက်ျားကို ကျားကျားတဲ့.. ယောက်ျားက မိန်းမကို မိန်မိန်းတဲ့လေ..

ကျွန်မက သားသားကိုချစ်စနိုးခေါ်တဲ့နာမည်တွေက အများကြီးပဲ.. သားသားလေး.. ခေးခေး.. ခေးပုလေး.. မေမေ့ပတိုးလေး.. သားပုလေး.. သားပေါက်လေး.. မေမေ့ပုတုတုလေး.. မိုမိုးလေး.. မောင်မိုးလေး.. သံစဉ်ကောင်လေး.. စုံနေအောင်ကိုခေါ်မိတတ်တာ.. ဘယ်လိုခေါ်ခေါ် သားသားကတော့ ဗျာဗျာလို့ ထူးတာပဲ.. သူကျွန်မကိုခေါ်ရင်လဲ ရှင်ရှင်လို့ပြန်ထူးရတယ်.. သားသားနဲ့စကားပြောကြရင်း အခေါ်အဝေါ်လေးတွေအကြောင်း ရေးရင်ကောင်းမယ်လို့ စိတ်ကူးမိတာနဲ့......















သားသားပုံမတင်တာကြာပြီဆိုလို့..

5 comments:

The Queen said...

အခေါ် အဝေါ်လေးတွေက ချစ်ဖို့ ကောင်းတယ်။ သားသားက ပိန်သွားတယ် ။ အရပ်တော့ တော်တော်ထွက်လာတယ် နော်။

မေဇင် said...

သားသားက ကွန်ပြူတာ ရှေ့မှာ...သူ့ မေမေ ရေးထားတဲ့ အခေါ်အဝေါ တွေ ဖတ်နေတာ ထင်တယ်။း))

မိုးခါး said...

ချစ်ဖို့ကောင်းတဲ့ အခေါ်အဝေါ်လေးတွေပဲနော် .. သားသားက လုပ်ငန်းခွင်တောင် ၀င်နေပြီပဲ .. :D

လင်းကြယ်ဖြူ said...

အခေါ် အဝေါ်လေးတွေမှတ်ထားလိုက်တယ်ဗျာ....
ပျော်စရာ မိသားစု လေး ပါပဲ နော....း-)

tin min htet said...

မနဲ့မောင်နဲ့ ခုမှတွေ့တာ ..
လူပါးမဝခင်တုန်းက ပြောကြတော့ ရီစရာပါ ..
ထမိန်လေးတိုတိုဝတ်ခါ မ ငယ်စဉ်မှာ ..