လာမယ့်နှစ်သစ် ၁ရက်နေ့ဆို ကျွန်မရဲ့ ချစ်လှစွာသော တစ်ဦးတည်းသောသားလေး ၃နှစ်တင်းတင်းပြည့်ပြီ.. မိဘတွေနဲ့ခွဲပြီး နေနေရပေမယ့် သူကလေးက ဆွေမျိုးတွေအလယ်မှာ ပျော်နေပါရဲ့.. သူ့မွေးနေ့ပွဲကိုလဲ သူ့စိတ်ကြိုက် စီစဉ်ပေးဖို့တောင် တောင်းဆိုတတ်နေပြီ.. မွေးနေ့လက်ဆောင် ဘာယူမလဲမေးသူတွေဆီက သူလိုချင်သမျှကို ကလေးပီပီ အားမနာတမ်းတောင်းတတ်နေပြီ.. မွေးနေ့ကိတ်သွားမှာတော့လဲ သူ့စိတ်ကြိုက် ကိတ်ကို ကိုယ်တိုင်ရွေးသတဲ့.. ခုခောတ်ကလေးတွေများ လူဖြစ်မြန်လိုက်တာ..
သားသားက မှတ်ဥာဏ်သိပ်ကောင်းတယ်.. စလုံးကလူတွေ နေရာတွေ အားလုံးကိုလဲ အတိအကျ မှတ်မိနေသေးတယ်လေ.. သူနဲ့ဖုန်းပြောလို့ မေမေ့ဆီလာမလားမေးရင် ခဏပဲလာမယ်တဲ့.. ရန်ကုန်အိမ်ကမှ သားသားအိမ်တဲ့လေ.. သားသားက ရန်ကုန်အိမ်ကို အရမ်းကြိုက်နေပြီ.. ခြံထဲမှာ သစ်ခွပင်လေးတွေ သူ့မားမားကိုစိုက်ခိုင်းပြီး သူကနေ့တိုင်း ရေလောင်းသတဲ့.. အိမ်နီးချင်းတွေဆီမှာ သူကြိုက်တဲ့သစ်ပင်လေးတွေတွေ့ရင် သားသားလဲစိုက်ချင်လို့ ပေးပါနော်ဆိုပြီး တောင်းယူစိုက်ထားတဲ့အပင်လေးတွေလဲ အများကြီးဆိုပဲ.. ခုအရွယ်လေးကတည်းက အိမ်ကိုအလှဆင်ပြီး သပ်သပ်ရပ်ရပ်လေးထားရတာကို သူလေးက သိပ်သဘောကျသတဲ့လေ.. အိမ်အတွက် ပရိဘောဂအသစ်လေးတခုခု ၀ယ်ဖြစ်ပြီဆို ကျွန်မဖုန်းဆက်တဲ့အခါ သူလေးက ၀မ်းသာအားရပြောပြရှာတယ်.. မေမေရေ.. ဘာလေးဖြင့်ဝယ်လိုက်တယ်.. ဘယ်နားလေးမှာ ထားလိုက်တယ်.. သားသားအိမ်လေးက လှသွားပြီ စသည်ဖြင့်ပေါ့.. သားသားက အရွယ်နဲ့မလိုက်အောင် လူကြီးဆန်ပါတယ်..
ကျွန်မက သားသားကို ရန်ကုန်ပြန်မပို့ခင် ပြောပြထားဖူးတယ်.. သားသားအိမ်က ရန်ကုန်မှာရှိတယ်.. သားသားနေဖို့အတွက် မေမေတို့ဝယ်ပေးထားတာလို့.. အဲ့စကားကို သူကအသေမှတ်ထားပြီး ရန်ကုန်အိမ်ဟာ သူ့အိမ်.. သူ့အတွက် မေမေတို့ဝယ်ပေးထားတာလို့ လူတိုင်းကို ကြုံတိုင်းပြောနေတော့တာ.. ကျွန်မ ညီမလေးတို့ မောင်လေးတို့ ရန်ကုန်အလည်ပြန်တုန်းကလဲ သူကပြောသတဲ့.. တီထူးတို့ လေးလေးဇော်တို့က ခဏလာလည်တာလား.. ဒီအိမ်က သားသားအိမ်နော်.. သားသားအတွက် မေမေ၀ယ်ပေးထားတာလို့ ပြောတယ်တဲ့လေ.. ညီမလေးက မကြီးရေ နင့်သားတော့ ငါတို့ကို အိမ်ပေါ်ကနှင်ချနေပြီပြောလို့ ရယ်ရသေးတယ်..
သောကြာသားမဟုတ်ပေမယ့် သားသားက စကားအရမ်းပြောပါတယ်.. လမ်းထဲက တွေ့သမျှလူတွေကို နှုတ်ဆက်.. အလာပ သလာပတွေပြော.. လူချစ်အောင်လဲ နေတတ်ပါတယ်တဲ့.. အိမ်နီးချင်းတွေက အငိုနည်းပြီး စကားသိပ်တတ်တဲ့သားသားကို ချစ်ကြတယ်.. တခြားကလေးတွေလို အကြောင်းမဲ့ဂျီတိုက်ပြီး ငိုယိုနေတာမျိုး လုံးဝမရှိတာမို့ အားလုံးကချီးကျူးကြတယ်တဲ့.. ဖေဖေနဲ့မေမေရောလို့ မေးသူတိုင်းကို ဖေဖေနဲ့မေမေက စင်္ကာပူမှာ သားသားအတွက် ပိုက်ပိုက်ရှာနေတာလို့ ပြန်ဖြေတတ်သတဲ့.. မနက်မိုးလင်းလာရင် အိပ်ယာထတာနဲ့ သီချင်းလေးတအေးအေးနဲ့ နေတတ်တယ်ဆိုပဲ.. တနေ့က ကျွန်မကို သီချင်းဆိုပြတယ်.. ဟဲလေးသီချင်း.. ကျွန်မတောင် သေချာမကြားဖူးသေးဘူး.. သူက သံစဉ်မှန်မှန်နဲ့ ကောင်းကောင်းဆိုတတ်နေပြီ..
သားသားက သူ့ကိုဆူပြီဆိုရင် ဘာလို့လဲဆိုတာကို သေသေချာချာပြန်မေးတတ်တယ်.. မားမားက ဘာလို့စိတ်ဆိုးတာလဲ.. သားသားကိုမအော်ပါနဲ့.. နောက်ကို သားသားအဲလိုမလုပ်တော့ပါဘူးလို့ ပြောတတ်သတဲ့.. တနေ့ကလဲ ဖိနပ်မစီးပဲ ခြံထဲမှာလျှောက်သွားနေလို့ ကျွန်မမေမေက သူ့ကို လူဆိုတာဖိနပ်စီးရတယ်.. စာကလေးတွေ ကြောင်တွေပဲ ဖိနပ်မစီးတာလို့ပြောတော့ သူက ချက်ချင်းပြန်ပြောသတဲ့.. ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းကျတော့ ဖိနပ်ဘာလို့မစီးတာလဲတဲ့လေ..
သားသားက အစားအစာနဲ့ပတ်သတ်လာရင် အရသာကိုသိပ်သိတယ်.. သူစားနေကြမဟုတ်ရင် ချက်ချင်းသိပြီး ပြောတော့တာပဲ.. သူ့မားမားက အချိန်မရလို့ သူစားနေကျဆိုင်မှာမဟုတ်ပဲ အိမ်နားကမုန့်ဟင်းခါးဆိုင်မှာပဲ ၀ယ်ကျွေးတဲ့နေ့ဆို ကျွန်မဖုန်းဆက်ရင် သူကပြောတတ်တယ်.. မနက်က မားမားမအားလို့ ဖြစ်သလိုမုန့်ဟင်းခါးလေးပဲ စားရသတဲ့လေ.. ဖြစ်သလိုမုန့်ဟင်းခါးရယ်လို့ သူပဲပြောတတ်ပါ့.. ဟိုဆိုင်ကဟိုဟာလေးစားချင်လိုက်တာ ရယ်လို့လဲ ၀ယ်ကျွေးခိုင်းတတ်နေပြီဆိုပဲ..
သားလေးရဲ့ သိတတ်လိမ်မာမှုလေးတွေက ကျွန်မတို့အတွက် အားဆေးပါပဲ.. ပျော်ရာမှာမနေရ တော်ရာမှာပျော်အောင်ကြိုးစားနေရသူတွေမို့ သားလေးလိမ်မာလို့သာ စိတ်အေးချမ်းသာနဲ့ ငွေရှာနိုင်တာမို့လား.. အရွယ်နဲ့မလိုက်အောင် အသိဥာဏ်မြင့်မားပြီး သိတတ်လိမ်မာတဲ့သားလေးအတွက် မွေးနေ့မှစလို့ နောင်နှစ်ပေါင်းများစွာတိုင်အောင် အေးချမ်းအောင်မြင်ပြီး ပျော်ရွှင်စရာအတိပြီးတဲ့ ဘ၀လှလှလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

3 ယောက်စကား:
သားကလေး မိုးသံစဉ် (၃) နှစ်မြောက်မွေးနေ့ကစလို့ နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင်ပါစေ.... .
သားသားက ထက်ထက်မိုးဦးသမီးထက် ၂ နှစ်အတိကြီးတာပေါ့နော်..
ချစ်စရာလေးဗျာ။ ကျနော့ တူ တစ်ယောက်လည်း လည်မှလည်ပဲ။
Happy New Year ပါဗျိုး
ကလေးလေးက ချစ်စရာလေး လား.။ ကျွန်တော်က ကလေးချစ်တတ်တယ်..။
သူများကလေးလေးတွေတွေ့ရင် မနေနိုင်ဘူး.။
အရမ်း ဆော့ချင်.. စချင်တယ်.။ ကိုယ့်သားသမီးကျရင်ဘယ်လိုများဖြစ်ဦးမလဲ
မသိဘူး..။
Post a Comment