Friday, August 5, 2011

မိုင်တိုင်၂၉

ဒီနေ့က ကျွန်မရဲ့ ၂၉နှစ်မြောက်မွေးနေ့.. ၂ထိပ်စီးရဲ့ နောက်ဆုံးမွေးနေ့ပေါ့.. အသက်ဘယ်လောက်လဲမေးရင် ၂၀ကျော်လို့ပြောဖို့ ၁နှစ်တိတိကျန်ဦးမယ်.. ပြီးခဲ့တဲ့ ၂၈နှစ်မွေးနေ့တုန်းက “နေ့နဲ့ညရေရင်လေ၂၈နှစ်” ဆိုပြီး ပို့စ်လေးတခုရေးဖြစ်တယ်.. ၂၈နှစ်စာ ဘ၀အတွေ့အကြုံလေးတွေအကြောင်းပေါ့.. အခုနှစ်မွေးနေ့အတွက် စာရေးမယ်ဆိုတော့ ခံစားချက်တွေကမျိုးစုံ.. မနှစ်ကနဲ့မတူတော့တာတော့အမှန်ပဲ.. တနှစ်တာအတွင်း မိသားစုအတွက် အချိုးအကွေ့တွေကလဲမျိုးစုံပေါ့..

၂၉နှစ်အရွယ် မိန်းမတစ်ယောက်အနေနဲ့ လောကကြီးကိုဘယ်လိုမြင်နေလဲလို့ တွေးကြည့်တော့.. အကောင်းမြင်နေတတ်သေးတာတော့ သေချာတယ်.. ပျော်တဲ့အခါ အော်ဟစ်ရယ်မောမိတတ်သလို ဒေါသထွက်တဲ့အခါ အလိုလိုကျလာတတ်တဲ့မျက်ရည်ကိုလဲ မထိန်းနိုင်သေးဘူး.. သည်းခံခြင်းသည်အောင်မြင်ရာ၏ ဆိုတာကိုလက်ခံပေမယ့် အလကားသက်သက် အနိုင်ကျင့်ချင်သူတွေ စိတ်သဘောထားသေးသိမ်သူတွေကိုတော့ ဘာဖြစ်ဖြစ်သည်းခံလိုက်မယ်ဆိုတဲ့အထိ ကျွန်မ မရင့်ကျက်သေးတာသေချာတယ်.. လောကထဲမှာ မရှိစေချင်သူတွေကတော့ လူမျိုးရေးခွဲခြားတတ်သူတွေနဲ့ လူတန်းစားခွဲခြားတတ်သူတွေပါပဲ.. ဘ၀ဇာတ်ခုံပေါ်က မိသားစုငယ်လေးတခုမှာ မိခင်ဆိုတဲ့နေရာက ကပြအသုံးတော်ခံနေရသူမို့ ငါဆိုတဲ့အတ္တထက် ငါ့မိသားစုဆိုတဲ့အတ္တက ပိုပြီးကြီးစိုးထားမယ်ထင်ရဲ့.. ကျွန်မက အတ္တကြီးပါတယ်.. လိုချင်တာကို မရရအောင်ယူတတ်သလို.. ဘယ်လိုမှမရနိုင်တော့ဘူးလို့ သေချာနေရင်တောင် ရနိုင်တာတွေထဲက အကောင်းဆုံးဆိုတာကိုမှ ရအောင်ယူတတ်သူပါ.. အတိတ်ကံလေးကလဲ ကောင်းတယ်ပြောလို့ရတာမို့ ခုထက်ထိတော့ အရှုံးကြီးကြီးမားမားနဲ့ မကြုံရသေးပါဘူး..

မိသားစုအရေးအနေနဲ့ သားလေးကို ရန်ကုန်မှာပြန်ထားလိုက်ရတာက ကျွန်မအတွက် ရင်ကွဲနာပါပဲ.. သူလေးအတွက်တော့ အဖိုးအဖွား ဆွေမျိုးတွေရဲ့ နွေးထွေးတဲ့ဂရုစိုက်မှုတွေကြားမှာ နေရတာက ခိုအိမ်လေးထဲမှာ ကလေးထိန်းနဲ့နေရတဲ့ ကလေးလေးတယောက်ထက်တော့ အပုံကြီးသာမှာပါ.. မြေကြီးနဲ့နီးတဲ့ ရှင်သန်မှုမျိုး သားလေးကိုပိုင်ဆိုင်စေချင်တာလေ.. ခုဆို သားလေးက ရန်ကုန်အိမ်ကမှ သူ့အိမ်အစစ်လို့ လက်ခံလိုက်ပြီ.. ဆွမ်းခံကြွတဲ့ကိုယ်တော်ကို ဆွမ်းလောင်းတတ်ပြီ.. မနက်တိုင်း စံပယ်ပန်းဝယ်ပြီး ဘုရားကပ်တတ်ပြီ.. အဲဒါလေးတွေကြားရတော့ ဖြစ်လာတဲ့ပီတိက ရင်ကွဲနာကို ကုသပေးနိုင်ခဲ့တယ်.. သားလေးကို လိမ္မာယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ မြန်မာလေးတယောက် ဖြစ်စေချင်တာက ကျွန်မရင်ထဲက အကြီးမားဆုံးဆန္ဒမို့လား..

ဒီတလောအတွင်း ကျွန်မကို အကောင်းဆုံးနှစ်သိမ့်ပေးနိုင်ခဲ့တာကတော့ ကျွန်မရဲ့လက်တွဲဖော် မောင်ပါပဲ.. ကျွန်မက တခါတလေ ဘာကိုအလိုမကျမှန်းမသိ စိတ်တွေတိုနေတတ်တယ်.. အဲသလိုအခါမျိုးမှာ မောင်ကစိတ်ရှည်လက်ရှည်ချော့တတ်တယ်.. ကျွန်မမရယ်မချင်းပေါ့.. ကျွန်မသွားချင်တဲ့နေရာကို လိုက်ပေးတယ် (သူက အပြင်သွားရမှာ သိပ်မုန်းတဲ့သူ).. ကျွန်မချက်သမျှကို ကောင်းကောင်းမကောင်းကောင်း “မိန်းမချက်တာမို့ အရမ်းစားကောင်းတာပဲ” ဆိုပြီး အားပေးတယ် (သူမကြိုက်တဲ့ဟင်းတောင် ကုန်အောင်စားပေးတာ).. သူဆီက ကျွန်မမမျှော်လင့်ထားခဲ့ဖူးတဲ့ အလျှော့ပေးဂရုစိုက်မှုလေးတွေကြောင့်သာ ကျွန်မရဲ့စိတ်ဖိစီးမှုတွေ သက်သာရာရခဲ့တာပါ.. ဆိုတော့ကာ ကျေးဇူးစကြာဝဠာပါ ကျားကျားရေ..

လာမယ့်တနှစ်တာအတွင်း ဘာတွေလုပ်မလဲလို့ စဉ်းစားမိတော့ လုပ်ချင်တာတွေကအများသား.. လက်ရှိလုပ်နေရတဲ့လိုင်းကို သိပ်မကြိုက်လို့ လိုင်းပြောင်းဖို့ကြံနေတယ်.. အဲ့အတွက် ပြောင်းချင်တဲ့လိုင်းနဲ့ သက်ဆိုင်တဲ့လက်မှတ်တွေရဖို့ ကျောင်းတက်ချင်နေတယ်.. လာမယ့်ဒီဇင်ဘာလထဲ အိမ်ပြန်ချင်တယ်.. ယောက်ျားနဲ့နှစ်ယောက်တည်း နီးနီးနားနား အပန်းဖြေခရီးလေးတခု သွားချင်တယ်.. သီချင်းတွေဆက်ဆိုချင်တယ်.. ၃ကီလိုလောက် ၀ိတ်ချချင်တယ်.. အရင်ကလို ဟန်းမိတ်အသုံးအဆောင်လေးတွေ ကိုယ်တိုင်ဖန်တီးပြီး သုံးချင်တယ်.. တရုတ်စကားပြောသင်ချင်တယ်.. ပန်းချီဆွဲချင်တယ်.. အများကြီး အများကြီးကျန်သေးတယ်..

ခုလောလောဆယ်တော့ ပါဆာရစ်ပါ့ခ်မှာလုပ်မယ့် မှော်ဘီကျောင်း ဂဲသရင်းအတွက်ရယ်.. ကျွန်မမွေးနေ့နဲ့ လေးရက်ပဲကွာတဲ့ စင်္ကာပူရဲ့မွေးနေ့မှာ ပါဝင်ချီတက်ဆင်နွှဲဖို့ရယ်.. အလုပ်တွေရှုပ်လို့ အရှုပ်တွေလုပ်နေပါကြောင်း..း)

8 comments:

noblemoe said...

*****HAPPY BIRTHDAY*****
ပျော်ရွှင်သောမိသားစုလေးနဲ့အတူ စိတ်ရောကိုယ်ပါကျမ်းမာရွှင်လန်းပါစေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Thandar Lwin said...

မင်္ဂလာရှိသောမွေးနေ့လေးဖြစ်ပါစေ ချစ်ညီမလေးမြူးရေ ။
မြူးမြူးရဲ့ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ ကောင်းသောလိုအင်ဆန္ဒတွေ အားလုံးပြည့်ပါစေ လို့ အမကလဲ ဆုတောင်းပေးနေပါမယ်နော်။
ဝိတ်ကချဦးမလို့လား ..ခုအတိုင်းလဲတော်တော်လှနေပါပြီနော် ။ အယင်မိုးသံစဉ်လေးနဲ့ ရေကစားနေတုံးကပုံဆိုအတော်ဝနေတာ ။ ဟိုနေ့ က ညီမလှလှလေးကို အပြင်မှာ ရုတ်တရက်တွေ့လိုက်၇တော့ အံ့သြောဝမ်းသာပြီး ဘာပြောရမှန်းမသိဖြစ်သွားတယ်။ :D <3<3<3

မေဇင် said...

မမ ရေ လုပ်ချင်တာတွေ အကုန်လုပ်ခွင့်ရပြီး ပျော်ရွှင်တဲ့မွေးနေ့တွေကို ချစ်တဲ့ မိသားစုဝင်တွေနဲ့ တူတူဖြတ်သန်းနိုင်ပါစေ။ သားလေး အပေါ်ထားတဲ့ စေတနာတွေကိုလဲ ဘေးကနေ အထင်းသားမြင်သာပါတယ်။ မမ မျှော်လင့်တဲ့ သားကောင်းရတနာလေး ဖြစ်ပါစေနော်။

ဆုမြတ်မိုး said...

Happy Birthday ပါမမြူး
၂၉ မှသည်...နောက်အသက်ရှင်နေသမျှကာလပတ်လုံးစိတ်ချမ်းသာကိုယ်ကျန်းမာလိုရာတွေပြည့်ပါစေ..။ ဖြစ်ချင်တဲ့အနေအထားတွေကိုလည်းအမြန်ဆုံးဖြစ်နိုင်ပါစေ..။
ချစ်တဲ့
မီးမီး

သက်ဝေ said...

ပျော်စရာ မွေးနေ့နော် ညီမ မြူး...း))

rose said...

Happy Birthday to you, sis Myue!! May you be always happy with your beloved family. I hope your one wish will be fulfilled soon, to stay together with Thar Thar....

JuneOne said...

Happy Birthday !!

လင်းကြယ်ဖြူ said...

ပျော်ရွှင်သော မွေးနေ့ပါပဲ...
မိသားစုအားလုံး ပျော်ပါစေ..
*.*.*
လင်းကြယ်ဖြူ