Wednesday, March 31, 2010

အိပ်မက်ထဲကကျောင်းတော် (၅)


ကျွန်မတို့ တတိယနှစ် စတက်တဲ့အချိန်မှာတော့ ကျောင်းတော်ကြီးက တော်တော်စည်ကားနေပါပြီ.. ကျောင်းသားတွေအပြည့်နဲ့ စာသင်ခန်းတွေ လက်တွေ့ခန်းတွေ ပုံဆွဲခန်းတွေ တွေ့နေရတာတစ်မျိုးကြည်နူးစရာပေါ့.. ဘီတက်ခ်တန်းမှာတော့ ကျွန်မတို့နှစ်က လမ်သစ်ထွင်သူတွေ မဟုတ်တော့ဘူး.. စနစ်ဟောင်းဂျီတီအိုင်သမားတွေထဲက သုံးလေးနှစ်စာလောက်လူတွေကို ရွေးခေါ်ပြီး ဘီတက်ခ်သင်တန်း တက်ခွင့်ပေးထာတော့ သူတို့က ရှေ့ပြေးဖြစ်သွားတယ်.. စီနီယာတွေရှိသွားတော့ ကျွန်မတို့လည်း စာမေးချင်ရင် သူတို့ကိုမေးလို့ရသွားတာပေါ့.. ကျွန်မတို့ကပ်သီးကပ်သပ်မေးသမျှတွေကို စိတ်ရှည်လက်ရှည်ဖြေပေးတတ်တဲ့ စီနီယာအစ်ကိုကြီးတွေကိုလည်း ကျေးဇူးတင်ရပါတယ်..

အဲဒီအချိန် ကျောင်းမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေလုပ်တာ ခောတ်စားလာတယ်.. ကျွန်မတို့တုန်းက ကြိုဆိုမယ့်သူမရှိခဲ့ပေမယ့် ကိုယ့်မောင်ညီမလေးတွေကို ကြိုဆိုဖို့တော့ အားလုံးပဲ တက်တက်ကြွကြွ ရှိခဲ့ကြပါတယ်.. ပိုက်ဆံတွေစုကြ.. အစီအစဉ်တွေဆွဲကြနဲ့.. ပျော်ပျော်ပါးပါးပါပဲ.. အဲဒီအချိန်မှာ မောင်နဲ့စတွေတာပေါ့.. ကျွန်မက မောင်မယ်သစ်လွင်တွေကို ကြိုဆိုမယ့် စီနီယာ.. သူက အကြိုဆိုခံရမယ့်ဂျူနီယာလေး.. ကြိုဆိုပွဲနေ့မှာ မောင်မယ်သစ်လွင်လေးတွေကို ကိုယ်ပိုင်နံပါတ်လေးတွေလိုက်ဝေပေးတော့ ကျွန်မကိုကူပေးတဲ့ ကောင်လေးတစ်ယောက်ကို သတိထားမိတယ်.. သူ့ရဲ့နံပါတ်က ၁၇တဲ့.. ကင်းရွေးတော့ကျွန်မမဲပေးတဲ့နံပါတ်က ၁၇ပေါ့.. ဟိဟိ.. သူကင်းမဖြစ်ခဲ့ပါဘူး.. သို့သော်.. သို့သော်ပေါ့နော်..

ကျွန်မတို့အီလက်ထရောနစ်မေဂျာမှာ ကိုယ်ပိုင်စာကြည့်တိုက်လေး လုပ်ထားပါတယ်.. စာအုပ်တွေကတော့ အလှူခံလို့ ရသမျှပေါ့.. လစဉ်ကြေးရသမျှလေးစုပြီး စာအုပ်ဈေးပွဲတော်တွေမှာလဲ လိုက်ဝယ်ကြသေးတယ်.. စာကြည့်တိုက်စဖွင့်ကတည်းက ကျွန်မနဲ့မိစုက ထမင်းစားချိန်ဆို စာကြည့်တိုက်ထဲပဲရောက်နေတတ်တာလေ.. မောင်မယ်သစ်လွင်ကြိုဆိုပွဲပြီးတော့ နောက်တနေ့ ကျွန်မရဲ့ နံပါတ်၁၇လေး စာကြည့်တိုက်ကို ရောက်လာပါတယ်.. သူစာအုပ်ငှားတော့ ကျွန်မစာရင်းမှတ်ပေးရင်း သူ့နံမည်ကိုသိလိုက်တယ်.. ကျော်ကိုကိုတဲ့.. ဖြစ်ချင်တော့ စာသင်ခန်းချင်းကလည်း ကပ်ရက်ဖြစ်နေတယ်.. ကျွန်မတို့က ၃၀၇မှာ.. သူတို့က ၃၀၈မှာ.. သူအပြင်သွားတိုင်း ကျွန်မတို့အခန်းရှေ့ကဖြတ်သွားရတာလေ.. ကျွန်မထိုင်တဲ့နေရာက ပြတင်းပေါက်ဘေးမှာဆိုတော့ ဆရာမရှိတဲ့အချိန်တွေဆို သူကလာလာပြီး စကားပြောတတ်ပါတယ်.. တဖြေးဖြေးနဲ့ ခင်သွားကြတယ်ပေါ့.. နောက်နဲနဲကြာတော့ ကျွန်မကို သူရည်းစားစကားပြောပါတယ်.. ဖုန်းဆက်ပြီးပြောတာပါ.. ကျွန်မကသိပ်ဟန်မဆောင်တတ်တော့ ခပ်မြန်မြန်ပဲ ချစ်သူတွေဖြစ်သွားကြတာပေါ့.. တနင်္ဂနွေနေ့တိုင်း မှော်ဘီကဆောင်ကိုပြန်တတ်တဲ့ကျွန်မနဲ့ ကျူရှင်လာတက်ပြီး အိမ်ပြန်တဲ့သူနဲ့ တိုက်ကြီးရန်ကုန် အမြန်ကားကြီးစီးပြီး အတူတူပြန်ကြတယ်.. သူကမှော်ဘီ လေတပ်ထဲမှာနေတာလေ.. ကျွန်မတို့ရဲ့ တနင်္ဂနွေညနေတိုင်းဟာ လှပခဲ့တယ်ပေါ့.. တနင်္ဂနွေညနေတိုင်းရဲ့ နေ၀င်ချိန်တွေကို ရန်ကုန်ပြည်လမ်းပေါ်မှာ အတူတူဖြတ်သန်းခဲ့ကြတယ်ပေါ့..

ကျွန်မတို့ရဲ့ချစ်သူဘ၀က ရိုးရိုးတမ်းတမ်းပါပဲ.. မနက်ကျောင်းကိုအတူတူလာ.. ကန်တင်းမှာမနက်စာအတူတူစား.. ကိုယ့်အတန်းကိုယ်တက်.. နေ့လည်စာတူတူစား.. ကျောင်းဆင်းရင်အတူတူပြန်.. ကျောင်းပြေးတဲ့အခါလဲ အတူတူပြေးကြသပေါ့.. မောင်က ကျွန်မထက် လေးနှစ်နီးပါးငယ်ပါတယ်.. အဲဒီတော့ ကျွန်မကအမြဲဆရာလုပ်ခွင့်ရတာပေါ့.. ဆရာလုပ်ချင်တဲ့ကျွန်မအဖို့တော့ အကွက်ပဲ.. တစ်ခုပဲစိတ်ညစ်ရတာ.. ကျွန်မရေးတဲ့ကဗျာတွေကို သူနားမလည်ဘူးလေ.. ကိုယ့်မှာတော့ ခံစားချက်တွေအပြည့်နဲ့ရေးလိုက်ရတာ.. သူကနားမလည်ဘူးဆိုတော့ သေပြီဆရာပေါ့.. အဲ.. အစားအသောက်ကတော့ ဘာညီသလဲမမေးနဲ့.. မှော်ဘီကားလေးဂိတ်က ၀က်သားတုတ်ထိုး၊ ၀က်ခေါင်းသုပ်.. မှောဘီဈေးရှေ့ကကြံရည်.. တာဆုံနား နန်းကြီးသုပ်.. မှောဘီတခွင်ပြဲပြဲစင်အောင် ဆိုင်တကာလှည့်စားဖူးတယ်.. ရန်ကုန်မြို့ထဲ လျှောက်လည်ကြတဲ့နေ့ဆိုရင်တော့ ကြေးအိုးဆိုင်ပေါင်းစုံ လျှောက်စားကြတယ်လေ.. ပျော်ပျော်ပါးပါး ချစ်သူဘ၀လေးပေါ့..

ကျွန်မတို့အတန်းထဲမှာတော့ လူတွေနည်းသွားပြီး တစ်ကျောင်းလုံးမှာတော့ လူတွေပိုများများလာတယ်.. နှစ်နှစ်တိတိ ဒီလူတွေပဲအတူတူတက်ခဲ့ရတော့ အရမ်းကိုခင်မင်ရင်းနှီးနေကြပါပြီ.. မောင်နှမတွေလိုပဲ ပြောမနာဆိုမနာတွေဖြစ်ကုန်ကြပြီမို့ အရင်ကထက်ပိုပြီးပျော်စရာကောင်းပါတယ်.. တတိယနှစ်ကတော့ စာလဲသိပ်မကြည့်ဖြစ်တဲ့နှစ်ပေါ့.. ဘီအီးတန်းတက်ခွင့်ရဖို့လဲ တတိယနှစ်အမှတ်တွေကို မယူဘူးဆိုတော့ အေးအေးဆေးဆေးပါပဲ.. စိတ်ပါရင်အတန်းတက်လိုက်.. ပျင်းလာရင်ကန်တင်းထိုင်လိုက်.. အလွန့်အလွန်ပျင်းရင် အဆောင်မှာခွေနေလိုက်နဲ့ အချိန်တွေကုန်ခဲ့တယ်.. စာမေးပွဲဖြေတော့လဲ အရင်နှစ်တွေလောက် စိတ်ဖိစီးမှုတွေမရှိပဲ ခပ်ပေါ့ပေါ့လေးပဲဖြေခဲ့တယ်လေ.. ကျွန်မရဲ့စိတ်တွေအလွတ်လပ် အပေါ့ပါးဆုံးကာလလေးပေါ့..

ကျောင်းတော်ကြီးကတော့ အရင်အတိုင်းပါပဲ.. နွေရာသီမှာ ရွက်ဝါတွေကြွေဆဲ.. ငုဝါပန်းတွေ ဝေနေအောင်ပွင့်နေဆဲ.. မိုးရာသီမှာ ဗွက်တွေထူနေဆဲ.. ဆောင်းရာသီမှာ ခရေတွေမွှေးနေဆဲ.. နှင်းတွေသည်းနေဆဲ..

(ဆက်ပါဦးမည်)

3 comments:

rose of sharon said...

သြော်... ဇာတ်လမ်းကအခုမှစတာကိုး... :)

လင်းကြယ်ဖြူ said...

ကျောင်းတော်ကြီးကတော့ အရင်အတိုင်းပါပဲ.. နွေရာသီမှာ ရွက်ဝါတွေကြွေဆဲ.. ငုဝါပန်းတွေ ဝေနေအောင်ပွင့်နေဆဲ.. မိုးရာသီမှာ ဗွက်တွေထူနေဆဲ.. ဆောင်းရာသီမှာ ခရေတွေမွှေးနေဆဲ.. နှင်းတွေသည်းနေဆဲ.. ;)
လှလိုက်တဲ့ အဖွဲ့....
မြကျွန်းညိုညို ကွန်းခိုရာ...မှာပေါ့..နော်...း )
ပျော်ပါစေ ဘော်ဒါရေ
*.*.*

ရှင်နေမင်း said...

Fresher Welcome မှာ King မဖြစ်ခဲ့ပေမယ့် ... မင်းလေးက ကိုယ့် ရဲ့ တစ်ဘဝ စာ King ဖြစ်ခဲ့ပါတယ်ကွယ် .. ခိ ခိ ...
အဲဒီ့တုန်းက ကျွန်တော်ပါ ပါတယ်လေ .. အင်းပေါ့ .. အကောင်က သေးနေတာကိုး :(