Thursday, May 20, 2010

ကျွန်မချစ်သောယောက်ျားများ

အချစ်အမျိုးအစားများစွာရှိကြပါတယ်.. ယုံကြည်အားကိုးလေးစားတဲ့အချစ်.. သနားကြင်နာတဲ့အချစ်.. မြတ်နိုးတွယ်တာတဲ့အချစ်.. အေးမြတဲ့မေတ္တာနဲ့ပေးဆပ်ခြင်းကိုဖော်ဆောင်တဲ့အချစ်.. စသည်ဖြင့်ပေါ့.. ကျွန်မမှာ အဲဒီလိုချစ်ခြင်းတစ်မျိုးစီနဲ့ ချစ်ရတဲ့ယောက်ျားသား လေးယောက်ရှိပါတယ်..

ကျွန်မရဲ့ဖေဖေ (ယုံကြည်အားကိုးလေးစားမှုတွေနဲ့ ချစ်ခြင်း)

သမီးတစ်ယောက်ရဲ့ချစ်ခြင်းပေါ့လေ.. ကျွန်မက ဖေဖေဘာပြောပြော လေးလေးနက်နက်နားထောင်တတ်တဲ့ သမီးတစ်ယောက်ပါ.. ကျွန်မအရွယ်ရောက်လာတဲ့အချိန်မှာ မေမေနဲ့အတူတူနေခွင့်မရခဲ့ပေမယ့် ဖေဖေကဘေးမှာရှိခဲ့တဲ့အတွက် တစ်ခုခုလိုအပ်နေတယ်လို့ကို မထင်ခဲ့ရတာပါ.. ဖေဖေက အရမ်းအေးပါတယ်.. သားသမီးတွေကို ဆူခြင်းရိုက်ခြင်းမရှိတဲ့အဖေမျိုးပေါ့.. ပြောစရာဆုံးမစရာရှိရင် လေသံအေးအေးလေးနဲ့ ဆုံးမတတ်တယ်.. ဖေဖေဒေါသထွက်နေတာကို ကျွန်မတစ်ခါမှမတွေ့ဖူးပါဘူး.. အဲဒီလောက်အေးဆေးတဲ့ ကျွန်မဖေဖေက ကျန်းမာရေးနဲ့ပတ်သတ်လို့တော့ ကံမကောင်းခဲ့ဘူးလေ.. ကျွန်မ၈တန်းနှစ်လောက်မှာ ဂေါက်(Gout) ရောဂါကို ဖေဖေစတင်ခံစားခဲ့ရတယ်.. ခြေဆစ်လက်ဆစ်တွေ ယောင်ရမ်းကိုက်ခဲတဲ့ရောဂါပေါ့.. သွေးထဲမှာ ယူရစ်အက်ဆစ်ဓါတ်တွေများရာက ဖြစ်လာရတဲ့ရောဂါပါ.. သာမာန်အားဖြင့်တော့ အနေအထိုင် အစားအသောက်ဆင်ခြင်မယ်.. ဆေးသောက်လိုက်မယ်ဆိုရင် ယူရစ်အက်ဆစ်က ပြန်ကျသွားနိုင်တာပေါ့.. ဖေဖေကတော့ သောက်ရမယ့်ဆေးနဲ့ မတည့်ဘူးလေ.. အဲဒီတော့ နှစ်ရှည်လများ ယူရစ်အက်ဆစ်တွေများနေတဲ့အတိုင်းပဲ နေနေရတာပေါ့.. ကြာလာတော့ အဆစ်တွေမှာ အနည်တွေစုနေပြီး ကွေးမရ ဆန့်မရ လှုပ်မရတွေဖြစ်ကုန်တယ်.. နာတာရှည်ရောဂါကြီးနဲ့ မကျန်းမမာဖြစ်နေရတာတောင် စိတ်တိုတာ အော်ဟစ်ဆူပူနေတာတွေ လုံးဝမရှိခဲ့တဲ့ ဖေဖေ့ရဲ့ သီးခံနိုင်စွမ်းကို ကျွန်မအရမ်းလေးစားမိပါတယ်.. သားသမီးသုံးယောက်လုံးကို လိမ်မာရေးခြားရှိအောင် အနီးကပ်ဆုံးမခဲ့တဲ့ ဖေဖေက ခုတော့ ကျွန်မတို့ကို စိတ်ချလက်ချထားသွားခဲ့ပါပြီ.. ဘာပဲဖြစ်ဖြစ် ဖေဖေဖြစ်စေချင်တဲ့ရပ်တည်မှုမျိုးကို အသီးသီးပိုင်ဆိုင်ထားနိုင်ကြတဲ့အတွက် ဖေဖေကျေနပ်နေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်ဖေဖေရယ်..

ကျွန်မရဲ့မောင်လေး (သနားကြင်နာဂရုစိုက်မှုတွေနဲ့ ချစ်ခြင်း)

ကျွန်မအသက် ၆နှစ်အရွယ်မှာ မောင်လေးကိုမွေးပါတယ်.. မောင်လေးမွေးတုန်းက အရေးအခင်းကာလကြီးပေါ့.. ဆေးရုံသွားဖို့တောင် မြို့နယ်အဆင့်ဆင့်မှာ လမ်းတောင်းပြီးသွားရတယ်.. ၈၈ ဂျူလိုင်လမှာမွေးတာလေ.. ကျွန်မတို့ညီအစ်မနှစ်ယောက်က အသားညိုသလောက် မောင်လေးကတော့ ဖြူဖွေးနေတာပဲ.. အရမ်းလဲအသန့်ကြိုက်တဲ့ကလေးပေါ့.. သူလမ်းမလျှောက်တတ်ခင်ကဆို ကျွန်မဘယ်သွားသွား သူ့ကို ကုန်းပိုးပြီးခေါ်သွားတာပဲ.. မောင်လေးငါးနှစ်သားလောက်မှာ မေမေက စလုံးကိုအလုပ်သွားလုပ်တော့ ကျွန်မတို့မောင်နှမတတွေက အဖွားနဲ့နေခဲ့ရတယ်.. ဖေဖေကလည်းသင်္ဘောလိုက်နေတုန်းအချိန်လေ.. ငယ်ငယ်လေးနဲ့ မိဝေးဖဝေးနေရတယ်ဆိုပြီး မောင်လေးကို အသနားပိုရာက ပိုပြီးဂရုစိုက်မိတာပါ.. မောင်လေးကြီးလာလို့ တစ်ယောက်တည်း သွားတတ်လာတတ်တဲ့အထိတောင် အချိန်တန်လို့အိမ်ပြန်မရောက်သေးရင် မစားနိုင်မသောက်နိုင်နဲ့ လမ်းထိပ်ထွက်မျှော်နေတတ်တာ ကျွန်မပေါ့..
ခုတော့ကျွန်မမောင်လေးက လူကြီးဖြစ်နေပြီ.. မန်နေဂျာတောင်ဖြစ်နေပါပေါ့.. သူ့ထက် ၄နှစ်ကြီးတဲ့ ညီမလေးထက်တောင် ပိုပြီးရင့်ကျက်လူကြီးဆန်တဲ့မောင်လေးကို ကျွန်မစိတ်မပူရတော့ပါဘူး..

ကျွန်မရဲ့မောင် (မြတ်နိုးတွယ်တာမှုတွေနဲ့ ချစ်ခြင်း)

စိတ်မြန်တဲ့ကျွန်မအတွက်တော့ တည်ငြိမ်အေးဆေးတဲ့မောင်က အဖော်ကောင်းပေါ့.. တစ်ခုခုဆို ဒေါသတကြီးနဲ့ သွေးပူလာတတ်တဲ့ကျွန်မကို ဖျောင်းဖျနှစ်သိမ့်တတ်တာ.. ကျွန်မစိတ်တိုလို့ အော်ဟစ်သမျှကို ဘာမှမတုန့်ပြန်ပဲ ငြိမ်ငြိမ်လေးနားထောင်နေတတ်တာ.. မောင်က ဖေဖေနဲ့တူပါတယ်.. ဘာကိုမဆို အေးအေးဆေးဆေးစဉ်းစားလွန်းလို့ တခါတခါတော့ စိတ်တိုင်းမကျဖြစ်မိတယ်.. ပြီးတော့ သူကကျွန်မနဲ့ဆန့်ကျင်ဘက်.. စာတွေကဗျာတွေကိုမချစ်တဲ့သူ.. စာဆိုရင် စုံထောက်စာအုပ်တွေလောက်ပဲ စိတ်ဝင်စားတဲ့သူ.. ကျွန်မရေးတဲ့စာတွေကဗျာတွေကိုလဲ လုံးဝမဖတ်တဲ့သူပေါ့.. တခါတလေအလုပ်ထဲမှာ ဒေါသဖြစ်ရတာတွေကို ကျွန်မက အားနဲ့မာန်နဲ့ပြောပြတတ်ပါတယ်.. သူကတော့ အင်းမလုပ်အဲမလုပ်နဲ့.. ပြောရတဲ့သူက အရူးကိုဖြစ်လို့.. ဘာပဲဖြစ်ဖြစ် ကျွန်မလုပ်ချင်ရာလုပ်ခွင့်ပေးထားလို့ ကြီးကြီးမားမားရန်ပွဲတော့ ခုထိမရှိသေးဘူးပေါ့.. စိတ်ဆိုးတဲ့အခါတိုင်း ကျွန်မထုရိုက်သမျှကို သီးခံပေးလို့ မောင့်ကိုကျေးဇူးတင်မိပါရဲ့..

ကျွန်မရဲ့တစ်ဦးတည်းသောချစ်သားလေး (အေးမြတဲ့မေတ္တာနဲ့ပေးဆပ်ခြင်းကိုဖော်ဆောင်တဲ့ချစ်ခြင်း)

သူကလေးဗိုက်ထဲမှာရှိနေပြီဆိုတာသိလိုက်ရတော့ ပျော်လိုက်တဲ့ဖြစ်ခြင်း.. နှစ်ဘက်ဖိုးဖိုးဖွားဖွားတွေအတွက် မြေးဦးလေးဆိုတော့ အားလုံးကလဲ ပျော်မှပျော်ပေါ့.. ယောက်ျားလေးဆိုတာသိရတော့ ပိုပျော်သွားတယ်.. ရဟန်းအမ ဖြစ်ခွင့်ရတော့မယ်ဆိုပြီးတော့လေ.. မွေးပြီးပြီးချင်း အန်တီခွာညိုချီလာပြတဲ့ သားသားမျက်နှာလေးများ ခုထိတောင်မြင်ယောင်နေတုန်း.. မျက်လုံးတစ်ဖက်ပဲ ပွင့်သေးတာလေ.. သားသားမျက်လုံးလေးတွေကို ကြည့်လိုက်တာနဲ့ သားသားဘာလိုချင်လဲဆိုတာ ကျွန်မသိတယ်.. ၆လသားလောက်ကတည်းက ကျွန်မနေမကောင်းရင် စိတ်ပူတဲ့မျက်လုံးလေးတွေနဲ့ ကြည့်တတ်တဲ့သားသားကို ကျွန်မသိပ်ချစ်တာပေါ့.. ခုတော့သားသားက လူလည်လေးဖြစ်နေပြီ.. မေမေ မေမေနဲ့လဲ ချွဲတတ်နေပြီ.. လိမ်မာတဲ့ကလေးလေးဖြစ်အောင်တော့ ဆုံးမပေးရမှာပေါ့.. မေမေ့စိတ်တိုင်းကျ လိမ်မာထက်မြက်တဲ့ ကောင်ကလေးတစ်ယောက်ဖြစ်လာမယ်လို့ မျှော်လင့်ထားပါရဲ့ သားလေးရယ်..

6 comments:

မေဇင် said...

မမရေ....မမ ချစ်တဲ့ ယောက်ကျားတွေကို လာဖတ်ပါတယ်။ မမရဲ့သားလေး လဲ မမ စိတ်တိုင်းကျ မိဘစကားနားထောင်ပြီး လိမ္မာသိတတ်တဲ့ သားလေး ဖြစ်ပါစေနော်။

မေလေး said...

မမရေ သားသားလေးကလိမ္မာပီးထူးချွန်ထက်မြက်တဲ့ မိဘစကားနားထောင်တဲ့သားလေး ဖြစ်မှာသေချာပါတယ်.....

မိုးခါး said...

း)
သားသားလေးအတွက် မျှော်လင့်ချက်တွေ ပြည့်ဝပါစေ အစ်မရေ ..း))
ချစ်တဲ့သူတွေကိုလည်း ဘာလိုချစ်လဲဆိုတာ ဖတ်သွားတယ် .. :D

့်Home Sweet Home said...

ကျွန်မချစ်သောယောက်ကျားများဆိုတော့ ဘာများလဲပေါ့း) သားလေးတောင်မေမေ မေမေ နဲ့ ချွဲတက်နေပြီနော်။

ဧပရယ်လ်ပူး@ပူးတေ said...

သူငယ်ချင်းရေ....
ဖတ်ရတာ ခံစားချက်တွေ ကူးဆက်သွားတယ်... အတူတူပါပဲ...

သူငယ်ချင်းသားလေးကို လိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြက်တဲ့ သားလေးတယောက်ကို မွေးထုတ်ပြုစုနိုင်တဲ့ စံပြမိခင်တယောက်အနေနဲ့ ဂုဏ်ယူဝင့်ကြွားနိုင်ပါစေလို့....

ခင်တဲ့

ပူးတေ

noblemoe said...

မမရေးးးး
မမလို မိုးလည်း အဖေ နဲ့ မောင်လေးကို အရမ်းချစ်တာလေး)
မမမျှော်လင့်သလို မမသားလေးလိမ္မာထက်မြက်မှာပါ။
တည်ငြိမ်အေးဆေးတဲ့အကိုနဲ့ ထက်မြတ်တဲ့မမတို့ သားသားလေးကလည်း မမမျှော်လင့်သလိုဖြစ်မှာပါမမရယ်။
သာယာချမ်းမြေ့ပါစေနော်