Thursday, July 22, 2010

မိုးရာသီထဲ

သုံးရာသီရှိတဲ့ထဲမှာ မိုးရာသီကို ကျွန်မအချစ်ဆုံး.. မိုးရာသီမှာမွေးတဲ့ကျွန်မ မိုးရာသီကိုချစ်တာ ဘာဆန်းလဲ.. ငယ်ငယ်လေးကတည်းက မိုးရေစက်တွေကို ချစ်တတ်ခဲ့တယ်.. မိုးတွေသည်းလာရင် အရမ်းကိုပျော်တတ်ခဲ့သူပေါ့.. နွေရာသီတိုင်း မိတ်တွေထွက်ပြီး နေရခက်လွန်းလို့ မိုးကိုမျှော်ရတာအမော.. မိုးရေချိုးမှ မိတ်ပျောက်မှာကိုး.. မိုးရေထဲမှာ ဘောလုံးကန်ရတာလဲ အရမ်းပျော်ပေါ့.. ရွှံ့တွေလူပြီး ကျွဲရုပ်ထွက်တဲ့အထိကို ဆော့ပစ်တာ.. မိုးရေထဲမှာ ထီးမဆောင်းပဲလမ်းလျှောက်ရင်း မျက်နှာကိုလာထိတဲ့ မိုးစက်အေးအေးလေးတွေရဲ့အထိအတွေ့ကို သိပ်ကြိုက်တာပေါ့.. မိုးဦးကျမှာ စစချင်းရွာတဲ့မိုးကြောင့် ဖုန်တွေသိပ်သွားပြီး ထွက်လာတဲ့မြေသင်းနံ့လေးကိုလဲ အရမ်းသဘောကျတယ်.. မိုးစဲသွားလို့ နေပွင့်လာရင် ရေစိုသစ်ရွက်တွေကို နေထိုးလို့ တလက်လက်တောက်ပနေတာကလဲ လှမှလှပဲ..

မိုးရာသီရောက်ပြီဆို ကျွန်မကြိုက်တဲ့ အစားအသောက်တွေကလဲ ပေါမှပေါပေါ့.. ငါးသေးသေးလေးတွေ ပုဇွန်ဆိတ်လေးတွေကို ပင်စိမ်းရွက်လေးအုပ်ပြီး အိုးကပ်ချက်ထားတာက တခွက် ပိန်းဥဟင်းခါးလေးနဲ့ ငပိထောင်းတို့စရာအစုံနဲ့များဆို ခေါင်းတောင်မဖော်နိုင်ဘူးပေါ့.. ထမင်းစားပြီး အချိုတည်းစရာ သရက်သီးမှည့်လေးကလည်း ရှိသေးတယ်.. မျှစ်တို့ ဖလံတောင်ဝှေးတို့ ဇရစ်တို့ ကြိုက်တဲ့ကျွန်မအတွက် မိုးရာသီဆို စားလို့ကိုမကုန်နိုင်ဘူး.. ငပိရည်ကို ငါးကင်လေးထည့်ပြီး ငရုတ်စိမ်း ကြက်သွန်ဖြူထောင်းနဲ့ဖျော်.. သရက်ကင်း မာလာဖူး တို့စရာတွေနဲ့ ချည်ပေါင်ပုဇွန် အရည်သောက်လေးများတွဲလိုက်ရင် ထမင်းဝိုင်းကတောင် မထနိုင်တဲ့အထိပဲ.. မိုးရာသီမှာ လှိုင်လှိုင်ပေါ်တဲ့ တရုတ်ကန်စွန်းကြီးတွေကို အရိုးချည်းပဲ ကြော်စားရတာလဲ အရမ်းကြိုက်တယ်.. ကန်စွန်းရိုးကြော်ရယ် ဗူးသီးဟင်းခါးလေးရယ် ပုဇွန်ချဉ်သုပ်လေးရယ်ကလဲ သိပ်ကိုလိုက်ဖက်တဲ့ ဟင်းစပ်လေးပေါ့.. ဇရစ်ရိုးရယ် ကန်စွန်းရွက်ရယ် ချည်ပေါင်ရွက်ရယ်ကို ပုဇွန်သေးသေးလေးတွေဆီသတ်ပြီး စိုစိုလေးကြော်စားရတာလဲ အရမ်းကို ထမင်းမြိန်စေတယ်လေ.. ပြီးတော့ ရခိုင်လို ဒေါင်းပျောက်လို့ခေါ်တဲ့ (ဗမာလိုတော့ ငါးပျံမွှေးလို့ ခေါ်တယ်ထင်တယ်) ငါးတမျိုးကို ဆီမပါပဲ ကြက်သွန်ဖြူ၊ နီ၊ ချင်း နဲ့ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး လုံးချက်တဲ့အိုးကပ်လေးကလဲ ကျွန်မအရမ်းကြိုက်တဲ့ဟင်းပေါ့..

မိုးရာသီဆို ကျောင်းတွေစတက်ရတယ်.. မိုးကာလေးဝတ် ထီးလေးဆောင်းပြီး ကျောင်းသွားရတာလဲ ပျော်စရာပေါ့.. ကျောင်ဆင်းချိန်မိုးရွာရင်တော့ လွယ်အိတ်ကို ကျွတ်ကျွတ်အိပ်ထဲထည့်ကိုင်ပြီး မိုးရေထဲလမ်းလျှောက်ပြန်ဖြစ်တာများတယ်.. လမ်းမှာတွေ့သမျှ ရေအိုင်ဗွက်အိုင်တွေထဲဆင်းဆော့ အချင်းချင်းရွှံ့ရေစင်အောင် ရေအိုင်ထဲခုန်ချနဲ့ အိမ်ရောက်ရင်တော့ ပေတူးလန်လို့ပေါ့.. ညနေဘက်တွေဆို ပါပါကြီး (အဘိုး) နဲ့အတူတူ ချောင်းစပ်ဆင်ပြီး ကြာဟင်းညွန့်တွေခူးကြ ရွှံ့တွေတူးပြီး အရုပ်လုပ်ကစားကြနဲ့ အရမ်းကိုပျော်ဖို့ကောင်းခဲ့ပါတယ်.. ဗွက်လူးအောင်ဆော့ပေမယ့် ကာဘော်လစ်ဆပ်ပြာကျေးဇူးကြောင့် ၀ဲမပေါက်တာပဲ တော်သေးတယ်ပြောရမယ်..

ဂျီတီစီကျောင်းတက်တော့လဲ မိုးရာသီဆို အရမ်းပျော်ဖို့ကောင်းတယ်.. ကျောင်းဝင်းထဲမှာပေါက်တဲ့ ဖလံတောင်ဝှေးတွေလိုက်ခူး.. သရက်သီးတွေခူး.. မိုးရေထဲလျှောက်ဆော့နဲ့.. မိုးအရမ်းသည်းလို့ ဆရာတွေအတန်းမ၀င်နိုင်ရင်လဲ အကြိုက်ပဲ.. မိုးအေးအေးမှာ အဘဆိုင်သွား.. ရခိုင်မုန့်တီပူပူလေးသောက်နဲ့ ဇိမ်ပဲပေါ့.. မိုးရေထဲလျှောက်ရင် ကျွတ်တွယ်လို့ ငယ်သံပါအောင်အော်တာမို့ ကောင်လေးတစ်ယောက်က ကျွတ်ကိုဖြုတ်ပေးရင်း ဇာတ်လမ်းလေးဖြစ်ဖူးတယ်.. အဲဒီကောင်လေးက ခုတော့ သားသားဖေဖေပေါ့လေ..

မိုးရေစက်တွေကိုချစ်တဲ့ကျွန်မ စလုံးကမိုးကိုတော့ အံ့သြမိတယ်.. ခုပဲနေပူနေရာက ရုတ်တရက်ရွာချလားရွာချရဲ့.. သည်းသည်းမည်းမည်းရွာနေရာက ချက်ချင်းတိတ်ပြီး နေပူလာတာကရှိသေးတယ်.. တခါတုန်းကဆို ရထားလမ်းရဲ့တစ်ဖက်ခြမ်းမှာက မိုးတွေသည်းနေပြီး နောက်တစ်ဖက်မှာက နေကျဲကျဲပူနေတာတောင် ကြုံဖူးသေးတယ်.. တလောက မိုးတွေသည်းသည်းမဲမဲရွာတုန်း သားအမိနှစ်ယောက်သား မိုးရေထွက်ချိုးကြတာ နှစ်ယောက်လုံး ဖျားပါလေရော.. ကျွန်မတသက် မိုးရေချိုးလို့ဖျားတာ ဒါပထမဆုံးပဲ.. ကိုယ်တွေလက်တွေ ကိုက်ပြီးတော့ကို ဖျားတာ.. သားသားကတော့ အရမ်းကြီးမဖျားပါဘူး.. ခုတလော စလုံးမှာ မိုးတွေရက်ဆက်ရွာနေတော့ မြန်မာပြည်ကမိုးရာသီလိုဖြစ်နေလို့ လွမ်းသွားမိတဲ့ အဖြစ်လေးတွေအကြောင်း ချရေးမိတာပါ.. ညနေကျရင်တော့ မိုးရာသီအလွမ်းပြေအဖြစ် မျှစ်ဟင်းချက် ပင်စိမ်းလေးအုပ်ပြီး ဗူးသီးဟင်းခါး ငပိထောင်းတို့စရာအစုံနဲ့ စားပစ်လိုက်ဦးမယ်လို့.. (စားချင်တဲ့သူ လာစားလှည့်နော်..)

7 comments:

naychi said...

မရေ မိုးရာသီအကြောင်း ဖတ်ပြီး တော်တော်ဗိုက်ဆာသွားတယ်။
နေခြည်လည်း မိုးရာသီမှာမွေးပေမယ့် မိုးရာသီကို အကြိုက်ကြီးတော့မဟုတ်ဘူး။
ဒါပေမယ့် မိုးရွာရင်တော့ ရင်ထဲမှာ တမျိုးပဲ လွမ်းသလိုလို အားငယ်သလိုလိုး))

လုလု said...

မိုးရွာတဲ့အကြောင်းဖတ်၊ မိုးရေချိုးတာကိုလည်း ကြိုက်၊ မိုးမိပြီး ဖျားလို့ စိတ်ပူ၊ ဒါပေမယ့်
မိုးမိပြီးဖျားတဲ့သူ စားမယ့်အစားတွေကို သားရည်ကျရတော့ မခက်လားကွယ့့် 
သူ သိပ်နှိပ်စက်တာပဲ ဟင့်
ချစ်ခင်စွာဖြင့်
မမလု

ဧပရယ်လ်ပူး@ပူးတေ said...

စားချင်စရာတွေချည်းပဲ... ဟွန့် လူကို ဒုက္ခပေးတယ်... ထမင်းစားသွားဖို့တောင် မသွားချင်တော့ဘူး... အိမ်ပြန်ပြီးပဲ ကိုယ့်ဘက်ကိုယ် ချက်စားလိုက်ချင်တော့တာပဲ....

မိုးရွာတာကိုကြည့်ရင်း ရန်ကုန်မိုးကို လွမ်းတာချင်းတော့ တူတယ်သိလား...

ကျွတ်တွယ်လို့ ဖြုတ်ပေးရင်း ဇာတ်လမ်းလေး ဖြစ်သွားတဲ့အကြောင်းလေး ဖတ်ချင်သေးတာနော်.....

:)

P.Ti said...

အညာမှာ မိုးသိပ်မရွာတော့ မိုးရွာရင်ပျော်တယ်။ ရန်ကုန်ရောက်လာတော့ မိုးတွင်းဆို မိုးက နေ့တိုင်းရွာတော့ စိုစိစိုစိနဲ့ စိတ်ညစ်တယ်။

ကျွန်တော်လည်း ဟိုတနေ့က မိုးတွေသည်းတော့ မိုးရေထွက်ချိုးသေးတယ်။ မိုးသည်းနေတုန်း ပြေးသလိုလုပ်ပြီး ရေချိုးတာလေ... :D

အပြုံးပန်း said...

ကိုယ်လည်း မိုးရာသီကို နှစ်သက်တယ်၊
မိုးတွေရွာရင် အိမ်မှာ ထိုင်ပြီး ဘယ်ဆီကို လွမ်းရမှန်းမသိတဲ့ အရသာမျိုး သိပ်ကြိုက်တာ၊

ဒီနေ့ စလုံးမှာ မိုးတွေရွာနေတယ်နော်၊ “မိုးရာသီထဲ” သီချင်းကို နားထောင်ဖြစ်တယ်၊
မေစပယ်ညိုရဲ့ “မိုး” သီချင်းရောပေါ့။

အပြုံးပန်း said...

ကျွတ်တော့ ကြောက်တယ်၊ မြက်ခင်းတွေနား မကပ်ရဲဘူး၊ ဒီ စလုံးမှာတောင် ကြောက်နေတတ်တယ်။

rose of sharon said...

ဒို့လဲမိုးရာသီကို မိုးရာသီဖွားမို့နှစ်သက်တယ်