Monday, July 12, 2010

အခါလွန်မိုး (၂)

စာမေးပွဲကြီးနီးပြီမို့ ကျောင်းခန်းထဲမှာလူကနည်းနည်းလေးပဲ ရှိတော့တယ်.. ကျောင်းဝင်းထဲက ငုဝါပင်အောက်မှာထိုင်ရင်း မိုးတစ်ယောက် အလင်းမနက်ကလာပေးသွားတဲ့ ပန်းချီကားလေးကို ကြည့်နေတုန်း.. အနားကို ညီညီရောက်လာတယ်..

“မ.. ဘာတွေစိတ်ဝင်စားနေတုန်း..”

“သြော်.. ညီညီ.. ဘာမှမဟုတ်ပါဘူး.. ပန်းချီကားလေးပါ.. အလင်းဆွဲပေးထားတာလေ..”

ကံ့ကော်ပန်းလေး၂ပွင့်ပါတဲ့ ပန်းချီကားလေးကို ညီညီကိုလှမ်းပြလိုက်တော့..

“ကိုလပြည့်က တော်တော်ကဗျာဆန်သားနော်.. သူ့ပုံကြည့်တော့ မထင်ရဘူး..”

“အင်း.. ဟုတ်တယ်.. မိုးသူငယ်ချင်းက အေးချမ်းပါတယ်.. သူ့ဘဝမှာ အပင်တွေရယ် သီချင်းတွေရယ်ရှိရင် ပြည့်စုံနေရော.. တခါတလေတော့ ပန်းချီဆွဲတာ ကဗျာရေးတာတွေလုပ်တတ်တယ်.. ဘာပွဲအတွက်ပဲဖြစ်ဖြစ်ပန်းလိုရင် သူ့ခြံမှာဝယ်လေ.. သူ့ခြံကပန်းတွေက အရမ်းလှတယ်..”

“အင်းပါ.. မ.. ကျွန်တော့်ကို မစဉ်းစားပေးတော့ဘူးလား.. စောင့်ရတာမောနေပြီ မရယ်..”

“ညီညီကို စောင့်ပါလို့ မိုးမပြောထားဘူးနော်.. မိုးမစဉ်းစားချင်သေးဘူးလို့ပဲ ပြောထားတာ..”

“ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စောင့်နေမှာပဲ.. မ.. စဉ်းစားမယ့်အချိန်အထိပေါ့..”

ညီညီထွက်သွားတော့ မိုးစိတ်ထဲ ဘာလို့မှန်းမသိ အလင်းကိုအရမ်းသတိရသွားတယ်.. အလင်းဆီသွားမယ်လို့ဆုံးဖြတ်ပြီး ထွက်လာခဲ့လိုက်တယ်.. ခြံကိုရောက်တော့ ကိုရွှေအလင်းက ပန်းဝယ်သူရောက်နေလို့ မိုးကိုလက်ပြနှုတ်ဆက်ပြီး ထိုင်ခိုင်းထားတယ်လေ.. ၀ယ်သူပြန်သွားတော့မှ မိုးဆီရောက်လာတယ်..

“လာ.. ဒေါ်ပွင့်.. ငါနင့်ကို ပြစရာရှိတယ်..”

“ဘာလဲဟ..”

“လာစမ်းပါဟာ.. ရောက်တော့တွေ့မှာပေါ့..”

သစ်ခွရုံထဲရောက်တော့..

“ဟိုမှာကြည့်စမ်း..”

“ဟယ်.. ကတ်တလီယာပန်း.. ပန်းပွင့်ကြီးက ကြီးလိုက်တာ.. အရမ်းလှတာပဲ.. ငါ့အတွက်လား..”

အလင်းကခေါင်းညိတ်ပြတယ်.. မိုးလဲအရမ်းပျော်သွားပြီး ပြေးအသွား..

“အား...”

“ဘယ်လိုဖြစ်တာလဲ ဒေါ်ပွင့်ရယ်.. နင်လုပ်ရင် အရမ်းချည်းပဲ.. ဘာဖြစ်သွားလဲ.. ပြစမ်း.. ဟာ.. သွေးတွေမနည်းပါလား.. နင့်ခြေဖမိုးကွဲသွားပြီ..”

မိုးတိုက်ချလိုက်တဲ့ ပန်းအိုးက ကွဲပြီး စောင်းက မိုးခြေဖမိုးမှာ စိုက်သွားခြင်းဖြစ်သည်..

“လာ.. ငါဆေးခန်းလိုက်လို့မယ်..”

“အရမ်းနာတယ်ဟ.. မထောက်နိုင်ဘူး..”

“ကဲပါဟာ.. ငါကုန်းပိုးသွားမယ်.. ကားရုံနဲ့နီးနီးလေးပဲ.. လာခဲ့”

အလင်းကမိုးကိုဆေးခန်းလိုက်ပို့ပေးသည်.. ပြီတော့ အိမ်ကိုကားမောင်းလာရင်း..

“ဒေါ်ပွင့် နင့်ခြေထောက်မှာ အမာရွတ်ကြီးထင်နေတော့မှာ.. မလှတော့ဘူးပေါ့..”

“ဘာမှမဖြစ်ပါဘူးဟာ.. ငါကအလှမက်လို့လား.. ငါ့ခြေထောက်ကဖြင့် အစကတည်းက လှမှမလှပဲကို.. နင်သာ လက်တွေခြေတွေသိပ်လှတာ.. မိန်းကလေးကျနေရော..”

ဟုတ်တယ်.. အလင်းလက်ချောင်းခြေချောင်းလေးတွေက ရှည်ရှည်လှလှလေးတွေ.. လက်ညောင်းရင် တတောက်တောက်ချိုးတတ်တဲ့မိုးကို ခဏခဏဆူတတ်တယ်..

“ဟယ်.. ငါ့ဆံပင်တွေကိုကြည့်ပါဦး.. ရှုပ်ပွပေတူးနေတာပဲ.. ဒီအနာကြီးနဲ့ ဘယ်လိုခေါင်းလျှော်ရပါ့မလဲ..”

“အေး.. ဟုတ်တယ်နော်.. အာ.. လွယ်ပါတယ်.. ငါ မမနှင်းဆိုင်ကိုလိုက်ပို့ပေးမယ်.. သူ့ကိုလျှော်ခိုင်းလိုက်ပေါ့..”

မိုးခေါင်းညိတ်ပြလိုက်တယ်.. ကားလေးက ပြည်လမ်းပေါ်တရိပ်ရိပ်ပြေးတုန်း

မမဆိုင်ကိုရောက်တော့ မိုးခြေထောက်ကွဲလာတာကို မသနားတဲ့အပြင် အဆူတောင်ခံရသေးတယ်.. မိန်းကလေးတန်မဲ့ နမော်နမဲ့မို့တဲ့.. မမရဲ့ဆိုင်လေးက သပ်သပ်ရပ်ရပ် လှလှပပလေး.. ဆံပင်ညှပ်.. ခေါင်းလျှော်.. ခြေသည်းလက်သည်းအလှပြင်သူတွေနဲ့ စည်ကားနေတယ်.. ငယ်ငယ်ကတည်းက အလှအပဝါသနာပါတဲ့မမက ဘန်ကောက်မှာ သင်တန်းသွားတက်ပြီး ခုဆိုင်လေးဖွင့်ထားတာ တော်တော်အောင်မြင်နေပြီ..

မိုးကခေါင်းလျှော်မယ်ဆိုတော့ မမက ကိုယ်တိုင်မလုပ်အားလို့ မာမီမျိုးကိုခိုင်းတယ်.. ခေါင်းကိုပုဝါနဲ့သုပ်နေတုန်း အလင်းတစ်ယောက် အနားရောက်လာပြီး..

“ဖြေးဖြေးသုပ်ပါမာမီရယ်.. ဆံပင်တွေပြတ်ကုန်ပါ့မယ်..”

“အမလေး.. ကိုယ်တော်.. အဖြော်ကစ်သဲမနေနဲ့.. မာမီတို့ကလုပ်စားလာတာ အော်ကံတော်ကိုနေပြီ.. မကျေနပ်ရင် ရှင့်ဟာရှင်သုတ်ပေးလိုက်..”

ပြောပြောဆိုဆိုနဲ့ မာမီမျိုးက ပုဝါကိုအလင်းလက်ထဲထိုးထည့်ပြီး ဆောင့်အောင့်ထွက်သွားသည်.. အလင်းက မိုးဆံပင်တွေကို ဖွဖွလေးသုတ်ပေးနေပါသည်..

“ခုမှပဲ မာမီလင်းမှန်းသိတော့တယ်.. နင်က ဒါမျိုးလဲဖြစ်သားကိုး..”

“ဒေါ်ပွင့်နော်.. ငါဆံပင်ဆောင့်ဆွဲလိုက်ရ.. ငြိမ်ငြိမ်နေစမ်းပါ..”

ရေသုတ်ပြီးတော့ ဘီးကျဲလေးနဲ့ စိတ်ရှည်လက်ရှည် ဆံပင်ရှင်းပေးသေးတယ်..

“ဒရိုင်ယာနဲ့မလုပ်နဲ့တော့.. ပူပြီးဆံပင်တွေကျွမ်းကုန်ဦးမယ်..”

မမနှင်းရောက်လာသည်..

“ဟဲ့.. လပြည့်.. မာမီမျိုးဘယ်ရာက်သွားတုန်း.. နင်ကိုယ်တိုင်လုပ်နေရလား..”

“မာမီကဆံပင်ကိုင်တာကြမ်းလားလို့ပါ..”

“အဖြစ်သည်းပါ့ဟယ်.. နင် မှော်ဘီပြန်မှာလား.. ပြန်မယ်ဆိုမိမိုးကိုထားခဲ့တော့.. ညနေကျရင်ကိုနောင်လာကြိုမယ်တဲ့..”

“မပြန်ဘူးမမနှင်း.. အမေ့အိမ်မှာပဲအိပ်လိုက်တော့မယ်.. ဒေါ်ပွင့်ကို ကျွန်တော်ပဲ ပြန်ခေါ်သွားလိုက်မယ်လေ.. အနာကြီးနဲ့ဆိုတော့ အိမ်မြန်မြန်ရောက်မှကောင်းမှာ.. သြော်.. ကိုနောင်နဲ့တောင် မတွေ့တာကြာပြီ.. နောက်တခေါက်ဘယ်တော့ပြန်ထွက်ရမလဲ.. ကြားထဲမှာဆုံရအောင်ချိန်းရဦးမယ်..”

“အေး.. ဒီတစ်ခေါက်ကြာဦးမယ်ဟ.. စာမေးပွဲဖြေဦးမယ်တဲ့.. သင်္ဘောသားများကုန်း ပေါ်ရောက်ရင် ငြိမ်ငြိမ်ကိုမနေနိုင်ပါဘူးဟာ.. ငါးကိုကုန်းပေါ်တင်ထားသလို ဖျတ်ဖျတ်လူးနေတာပဲ.. အိမ်မှာကိုမနေနိုင်တာ.. ငါနဲ့တကျက်ကျက်ပေါ့..”

မမနှင်းအမျိုးသား ကိုနောင်က သဘောကောင်းပါတယ်.. စတတ်နောက်တတ်တဲ့ကိုနောင့်ကို မိုးရော အလင်းရောခင်ကြတယ်.. လက်ထပ်ပြီးတာ ၁နှစ်ကျော်ပဲရှိသေးတော့ ကလေးလဲမရှိသေးတာမို့ ကိုနောင်ကအိမ်မကပ်ပဲ လျှောက်လည်နေလို့ မမနဲ့တကျက်ကျက်.. သက်တူရွယ်တူတွေဆိုတော့ ပျော်စရာတော့ကောင်းသား.. မိုးနဲ့အလင်းဆိုရင်ရော.. အို.. ဘာတွေတွေးနေမိပါလိမ့်..

xxxxxxxxxxxxxxxxxxxxxxxxxxxxx

ညရောက်တော့ အနာကကိုက်နေတာမို့ မိုးအိပ်မပျော်ပေ.. အိပ်မပျာ်တဲ့အတူတူ လှဲမနေချင်တာမို့ အဘိုးအမွေတုတ်ကောက်ကြီးနဲ့ထောက်ရင်း ခြံထဲဆင်းလာခဲ့သည်.. နှင်းသီးပင်မှာကြိုးချည်ပြီးလုပ်ထားတဲ့ ဒါန်းလေးပေါ်ထိုင်လိုက်ရင်း ခေါင်းမော့ကြည့်လိုက်တော့ နှင်းရည်စိုနေတဲ့နှင်းသီးလေးတွေက လရောင်အောက်မှာတလက်လက်နဲ့.. ဒီည လသာလွန်းသည်.. လပြည့်ညကိုး.. ချွတ်ကနဲအသံကြားလို့လှည့်ကြည့်လိုက်တော့..

“သြော်.. အလင်း.. လာလေ.. ငါအိပ်မရလို့ဟ..”

“အနာကနာလို့လား..”

“အေး.. နည်းနည်းပါ.. အနာဆိုလို့ နင်မှတ်မိသေးလား.. နင်ဒီဒါန်းပေါ်ကလိမ့်ကျပြီး လက်ကျိုးသွားတာလေ..”

“မှတ်မိတာပေါ့.. ခံရတဲ့ငါကမငိုပဲ နင်ငိုနေလို့ပြန်ချော့ရတာလေ..”

“ငါကနင်နာနေတာ သနားလို့ပါဟ..”

“နင့်စိတ်က မာမလိုနဲ့တော်တော်ပျော့တယ်.. နင်သတိထားမိလား.. တခြားနေရာတွေမှာသာ မာသလိုလိုနဲ့.. နင့်ခံစားချက်တွေကတော့ နုနုလေးရယ်..”

“မသိပါဘူးဟာ.. နင်ကရောမအိပ်သေးဘဲ ဘာလုပ်နေတာလဲ..”

“အိပ်တော့မလို့.. နင်တို့ခြံထဲမှာ ဖြူဖြူအရိပ်လှမ်းတွေ့လိုက်တာနဲ့ ဥစ္စာစောင့်လား သရဲမလားလို့ လာကြည့်တာ..”

“အံမယ်.. ငါ့ကိုများ သရဲနဲ့မှားစရာလား..”

“နင့်ကိုယ်နင်လဲပြန်ကြည့်ဦးလေ.. ဆံပင်ဖားလျားနဲ့ အဖြူဝမ်းဆက်နဲ့.. ပြီးတော့ အသားကမဲမဲ.. မျက်လုံးကပြူးပြူး.. ဟားဟား..”

“အေး.. ပြောပါ.. ငါ့ကိုယ်ငါလဲ မလှမှန်းသိပါတယ်.. နင့်ရည်းစားကျမှ လှလှလေးရှာပေါ့..”

“ရှာရမှာပေါ့ဟ.. မိန်းမပီပီသသ.. ယဉ်ယဉ်ကျေးကျေး.. လှလှပပလေးကို ရှာရမယ်..”

“အပြောမကြီးနဲ့ကိုယ်တော်.. သွားခေါကြီးနဲ့ညားနေမယ်.. ဟိ ဟိ..”

“အေးပါ.. နင်လဲရည်းစားရှာရင် အကြမ်းခံတာလေးရှာမှ.. နင်ခေါင်းခေါက်တာ ဗိုက်ခေါက်လိမ်တာတွေခံနိုင်ဖို့က တော်ရုံဆိုမလွယ်ဘူး.. ကြမ်းတောမ.. သြော်.. နားနည်းနည်းလေးရင်ပိုကောင်းမယ်.. နင့်ရဲ့ပွစိပွစိဒဏ်ကို ခံနိုင်ရည်ရှိတာပေါ့..”

မိုး အလင်းကိုမျက်စောင်းလှမ်းထိုးရင်း..

“တော်ပြီ.. သွားအိပ်တော့မယ်.. နင်လဲသွားတော့..”

“အိုခေ.. ဂိုးပြီးကြမ်းတောမရေ..”

တုတ်ကောက်တတောက်တောက်နဲ့ လျှောက်နေတဲ့မိုးကို

“ဟားဟား.. ဖွားဖွားဒေါ်ပွင့်.. ဖြေးဖြေးလျှောက်နော်..”

မိုးမကြားချင်ယောင်ဆောင်ပြီး အိမ်ထဲဝင်ခဲ့သည်..

xxxxxxxxxxxxxxxxxxxxxx

(To be continued)


2 comments:

မေဇင် said...

သူတို့ 2 ယောက် သံယောဇဉ် တွေ သိပ်များရဲ့သားနဲ့..ဘာလို့များ... မဆုံတာလဲ။ ဟိ..စစချင်း အခန်းမှာထဲက မဆုံဘူးဆိုတာ သိထားတော့...ဘာလို့လဲဆိုပြီး သိချင်နေတယ်...ဆက်ပါဦး မမရေ

မိုးခါး said...

အင်းလေ
မေဇင်ပြောသလိုပဲ
ပထမပုဒ်မှာ အစသီချင်းတည်းက အလွမ်းဇာတ်ကြီးပါလား
လူများတွေကို စိတ်မကောင်းဖြစ်ခိုင်းဦးမယ် ..း((