Friday, July 16, 2010

အခါလွန်မိုး (ဇာတ်သိမ်း)

“ပွဲချိန်တောင်နီးပြီမိမိုး.. ဘယ်လိုလဲ ငါပြင်ပေးထားတာ ကြိုက်ရဲ့လား..”

မှန်ထဲမှာမြင်လိုက်ရတဲ့အရိပ်က မိုးတဲ့လား.. မိတ်ကပ်တွေဖွေးသားနဲ့မို့ ရုတ်တရက်မှတ်တောင် မမှတ်မိချင်..

“မိတ်ကပ်တွေနဲ့ဆိုတော့ ရယ်ချင်စရာကြီးနော်.. တခါမှမပြင်ဖူးတော့ မျက်နှာတောင်ဘယ်လိုထားရမှန်းမသိတော့ဘူး..”

“မမိုး.. ကိုလပြည့်ရောက်မလာသေးဘူး.. ဖုန်းခေါ်ကြည့်ပေးပါဦး..”

ညီညီ့ ညီမလေးလာပြောလို့ အလင်းဟန်းဖုန်းကို လှမ်းခေါ်လိုက်တော့..

“ငါအောက်မှာရောက်နေပြီ.. ခုတက်လာခဲ့မယ်.. စိတ်ချပါဟာ.. ငါ့ကြောင့်ပွဲမပျက်စေရပါဘူး..”

အသံကိုကမာဆတ်ဆတ်နဲ့.. ခဏနေတော့

“ဟဲ့.. လပြည့် မိုးရေတွေလဲရွှဲလို့.. လာလာ.. အ၀တ်တစားမြန်မြန်လဲ.. မမိုးကသွားနှင်တော့.. ဟိုမှာပွဲထုတ်ဖို့တန်းစီခိုင်းနေပြီ.. လပြည့် ခေါင်းကိုသေချာသုတ်.. မျက်လုံးတွေကလဲ နီရဲလို့.. နင်တော့ဖျားတော့မှာပဲ..”

မမနှင်းက ပွစိပွစိပြောရင်း အ၀တ်အစားတွေယူပေး.. ခေါင်းကို ဒရိုင်ယာနဲ့မှုတ်ပေး.. အားလုံးအဆင်သင့်ပြင်ပေးတယ်.. ခပ်မြန်မြန်အ၀တ်လဲလိုက်ပြီး မမနှင်းခေါ်တဲ့နောက် လိုက်လာခဲ့လိုက်တယ်..

ပွဲထုတ်ဖို့အတွက် တန်းစီတဲ့နေရာရောက်တော့ သတို့သား သတို့သမီးကို တမင်မကြည့်ဖြစ်အောင် ခေါင်းကိုငုံ့ချထားလိုက်မိသည်.. ဒါတောင် သတို့သမီးရဲ့ ထိုင်မသိမ်းစကို မြင်နေရသေးတယ်လေ..

“အားလုံးပဲ.. ဖြေးဖြေးချင်းလျှောက်ကြပါ..”

ညီညီ့အစ်ကိုကြီး ဆော်သြလိုက်လို့ ဖြေးဖြေးချင်းလမ်းလျှောက်နေရတယ်.. ခေါင်းငုံ့လျှောက်နေရင်း ဘေးမှာလျှောက်နေတဲ့ သတို့သမီးအရံရဲ့ ခြေထောက်လေးကို အမှတ်မထင်လှမ်းတွေ့လိုက်တော့.. ဟာ.. ညာဘက်ခြေဖမိုးပေါ်မှာ အမာရွတ်ကြီး.. ဒါ.. ဒေါ်ပွင့်ခြေထောက်.. ဟုတ်တယ်.. အဆမတန်ရှည်နေတဲ့ ခြေညှိုးနဲ့ ခြေသန်းတိုတိုလေးတို့ကြောင့် ရယ်စရာကောင်းနေတဲ့ခြေထောက်.. မျက်နှာကို အလန့်တကြားမော့ကြည့်ရင်း..

“နင်.. နင်ကဘယ်လိုလုပ်ငါ့ဘေးရောက်နေရတာတုန်း..”

“ဟဲ့.. ဘယ်လိုဖြစ်လို့ အလန့်တကြားထအော်ရတာလဲ.. ငါက သတို့သမီးအရံမို့လို့ နင့်ဘေးရောက်နေတာပေါ့.. ဘာလို့မျက်နှာကိုပြူးပြဲကြည့်နေရတာလဲ.. မိတ်ကပ်တွေနဲ့ မနေတတ်ရတဲ့ကြားထဲ.. ကောင်းကောင်းလျှောက်လေ.. ခန်းမထဲရောက်တော့မယ်..”

ဘေးနားက ဒေါ်ပွင့်ကို လှည့်ကြည့်ချင်စိတ်ကို တားဆီးရင် လမ်းလျှောက်နေရတာ သိပ်ခက်သည်.. ခန်းမထဲအ၀င်လမ်းတလျှောက် ကျွန်တော့်ခြေထောက်တွေ ကြမ်းနဲ့မထိဘူးလားလို့တောင် ထင်ရတယ်.. သူမက သတို့သမီးမဟုတ်ဘူးတဲ့.. ဘာတွေလဲ.. ဘာတွေဖြစ်ကုန်တာလဲ.. ကျွန်တော်ကလဲကျွန်တော်.. ဖိတ်စာကိုတောင်မဖတ်မိဘူး.. ကျွန်တော်ကြေကွဲခဲ့ရတာ ခံစားရတာတွေက အဆုံးသတ်ကျတော့ ရယ်စရာကြီးပေါ့.. အသည်းကွဲပြီး ရေးခဲ့တဲ့ကဗျာတွေ ဒေါ်ပွင့်နဲ့အတူတူပြန်ဖတ်ပြီး ဟားရဦးမယ်.. တွေးရင်းတွေးရင်း ကျွန်တော် အူမြူးလာသည်.. စင်မြင့်ပေါ်က ခန်းစီးမှာရေးထားတာက..

“မောင်စိုင်းညီညီလတ် နှင့် မနန်းသီရိကျော် တို့၏ မင်္ဂလာဧည့်ခံပွဲ” တဲ့

ဘာပဲဖြစ်ဖြစ်ပျော်တယ်ဗျာ.. ကျွန်တော် သူမကို မဆုံးရှုံးသေးဘူးပေါ့.. စပ်ဖြဲဖြဲ မျက်နှာပိုးသတ်မရဘဲ သူမကိုလှမ်းကြည့်မိတော့ မျက်စောင်းလှလှလေး ပြန်ရလိုက်တယ်..

အခန်းအနားပြီးလို့ အ၀တ်အစားလဲပြီးတော့ ဒေါ်ပွင့်က အ၀တ်လဲလို့မပြီးသေးတာမို့ အခန်းဝမှာစောင့်နေလိုက်တယ်.. ခဏနေတော့ သူမထွက်လာတယ်လေ.. မိတ်ကပ်တွေမရှိတော့တဲ့ မျက်နှာလေးက တကယ်ကိုကြည်ကြည်စင်စင်.. ပါးပေါ်က သွေးကြောနီနီလေးတွေ အထင်းသားပေါ်နေသည်..

“လာ.. ငါနဲ့လိုက်ခဲ့.. နင့်ကိုငါ အရေးအကြီးဆုံးစကား ပြောစရာရှိတယ်..”

သူမလက်ကိုအတင်းဆွဲပြီး ပြေးထွက်လာခဲ့လိုက်သည်.. နင်.. ငါနဲ့လိုက်ခဲ့မှဖြစ်မယ်.. ငါပြောချင်တာတွေ ခုပြောမှဖြစ်မယ်.. မတော်လို့ ကံကြမ္မာက နောက်တခါထပ်ကျီစားရင် ငါရုးမှာ...

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကားကို ကျွန်တော့်ရဲ့မှော်ဘီခြံထဲထိ ခပ်မြန်မြန်လေးမောင်းလာခဲ့တယ်.. ဘေးနားကဒေါ်ပွင့်တယောက်ကတော့ ဘာစကားမှမပြောဘဲ တစုံတခုကို အသည်းအသန်တွေးတောနေတဲ့ပုံစံနဲ့ တိတ်ဆိတ်လို့.. ကျွန်တော့်ခြံထဲရောက်တော့ သစ်ခွရုံဘေးက ခုံတန်းလေးမှာ ထိုင်လိုက်ကြတယ်..

“ဒေါ်ပွင့်.. ငါက ညီညီနဲ့မင်္ဂလာဆောင်မှာ နင်ထင်လို့ဟ..”

“ဘယ်သူပြောလဲ.. နင်ဖိတ်စာကိုမဖတ်ဘူးလား..”

“ဘယ်သိမလဲဟ.. နင်တို့၂ယောက်က အတူတူပန်းလာမှာတော့ ငါလဲ ထင်မိထင်ရာ ထင်သွားတာပေါ့.. ပြီးတော့ ညီညီကပြောသေး.. သတို့သမီးက သစ်ခွပန်းကြိုက်တယ်ဆိုတော့.. ငါလဲ နင်ပဲလို့ထင်သွားတာပေါ့..”

“အရူး.. မြန်မာပြည်မှာ သစ်ခွပန်းကြိုက်တာ ငါတယောက်ပဲရှိလား.. ပန်းလာမှာတဲ့နေ့က နန်းကရန်ကုန်ရောက်မလာသေးလို့ ပါမလာတာ.. ပြီးတော့ ညီညီက နင့်ခြံကိုမရောက်ဖူးလို့ ငါက လိုက်ပြပေးတာ..”

“မသိဘူးလေဟာ.. ထားပါလေ.. နင်ကရော ငါ့ကို တစ်လလုံးလုံး ဘာလို့မဆက်သွယ်ရတာလဲ..”

“ငါ့ကိုပဲပြောမနေနဲ့ နင်ကရော ငါ့ဆီကို ဖုန်းတောင်ဆက်လို့လား..”

“ငါက နင်မင်္ဂလာဆောင်တော့မယ်ဆိုပြီး.. ကြေကွဲနေတာကိုးဟ.. နင်ဒီလောက်တောင် မရိပ်မိဘူးလား..”

“အပိုတွေပြောမနေနဲ့အလင်း.. နင့်မှာချစ်သူရှိရက်နဲ့ ငါ့ကိုထပ်ချည်နှောင်ဖို့ မကြိုးစားနဲ့တော့.. ငါ့ကို မလှည့်စားနဲ့တော့..”

“ဒေါ်ပွင့်.. ဘာပြောတယ်.. နင်ပြောတာ ငါတစ်ခုမှနားမလည်ဘူး.. ငါ့မှာချစ်သူရှိတယ်လို့ နင့်ကိုဘယ်သူပြောလဲ.. ဘာတွေလဲဟာ..”

“ဘယ်သူမှပြောတာမဟုတ်ဘူး.. ငါကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင် နားနဲ့ဆတ်ဆတ်ကြားခဲ့တာ.. နင့်ကောင်မလေးနာမည်က ယုယု.. ဟုတ်တယ်မှတ်လား..”

“ယုယု၊၊”

“အေးလေ.. နင်ပဲ ယုယုလေးကို အရမ်းချစ်ပါတယ်ဆို..”

“ဟာ.. ငါသိပြီ.. ဟားဟား..”

“နင်ကဘာရယ်တာလဲ..”

“နင်အရူးထတာကို ရယ်ချင်လို့ပေါ့ ငပေါမ.. အဲဒီယုယုဆိုတာ ငါပြမယ်.. လာ”

ဒေါ်ပွင့်လက်ကိုဆွဲပြီး.. တဖက်ခြံကိုခေါ်လာခဲ့သည်..

“ကိုချိုကြီးရေ.. မမလဲ့.. အိမ်ထဲမှာလားဗျ.. ကျွန်တော်ဝင်ခဲ့ပြီ..”

“သြော်.. လပြည့်လာလေ.. ဧည့်သည်လဲပါတာကိုး.. ကိုချိုကြီးတော့မရှိဘူးရယ်.. ပန်းသွားပို့နေတယ်.. ထိုင်ကြဦး..”

“ယုယုလေးရော.. ကျွန်တော့်သူငယ်ချင်းက ယုယုကိုတွေ့ချင်လို့တဲ့..”

“ခြံထဲမှာကစားနေတယ်ထင်တယ်.. သမီးရေ.. ယုယုလေး.. လေးလေးလပြည့်ရောက်နေတယ်.. လာခဲ့ဦး..”

“လာပြီမေမေ..”

အသံစူးစူးလေးနှင့်အတူ အပြေးလေးရောက်လာသူက ယုဝတီချို..

“လေးလေး.. ယုလိုချင်တဲ့သစ်ခွပန်း ပွင့်နေပြီလား.. ယုကိုရော တကယ်ပေးမှာလား..”

“သစ်ခွပန်းလိုချင်ရင်.. တီတီလေးဆီမှာတောင်း..”

“တီတီ.. ယုကိုပေးပါနော်.. လေးလေးက ကပ်စီးနည်းကြီး.. သူ့ခြံထဲကပန်းကိုတောင် သူမပိုင်ဘူးတဲ့.. ယုကိုမပေးချင်လို့ တမင်ညာတာဖြစ်မှာ.. တီတီပြောပေးနော်..”

ဒေါ်ပွင့်တယောက် ဘာပြောရမှန်းမသိ.. မျက်နှာကြီးနီရဲလို့ ရှက်နေပုံကိုကြည့်ပြီး ကျွန်တော်ရယ်ချင်နေသော်လဲ မရယ်ရက်ပါ.. သူမခမျာ ကျွန်တော်ချစ်သူရသွားပြီထင်ပြီး ကြေကွဲနေခဲ့ရပုံပင်.. ကျွန်တော်ကိုယ်တိုင် ပူလောင်ဖူးခဲ့ပြီမို့ သူမကို ကိုယ်ချင်းစာပြီး သနားနေမိသည်..

“ပေးပါတယ်ယုယုလေးရယ်.. လေးလေးဆီကတောင်းမနေနဲ့.. လာ.. တီတီခူးပေးမယ်..”

ပြောပြောဆိုဆိုနဲ့ လက်တွဲပြီးထွက်သွားကြတဲနှစ်ယောက်နောက်ကို ကျွန်တော်လိုက်လာခဲ့သည်.. တော်တော်လဲရှပ်ပြာပြာနိုင်တဲ့ဒေါ်ပွင့်ပဲ.. နောက်ကျောကနေကြည့်ပြီး အမေကိုပဲမြင်တယ် ပေါင်ပေါ်ထိုင်နေတဲ့သမီးကိုကျတော့မမြင်ဘူးလို့တွေးရင်း ပြုံးနေမိသည်.. ယုယုပြန်သွားတော့..

“ဒေါ်ပွင့်... နင့်ကိုငါ.. အရမ်းချစ်တယ်.. နင်.. ငါ့အနားကထွက်မသွားနဲ့တော့နော်..”

“ငါလဲနင့်ကိုချစ်ပါတယ်အလင်းရယ်.. နင့်အနားကနေလဲ ဘယ်မှမသွားချင်ပါဘူး.. ဒါပေမယ့်.. ငါတို့ခဏတော့ ဝေးနေရဦးမယ်ဟ..”

“ဘာလို့ဝေးရမှာလဲဟ.. နင်က ဘယ်သွားမလို့လဲ..”

“ငါ.. ဘွဲ့လွန်ဆက်တက်ဖို့လျှောက်ထားတာ ကျလာပြီ.. အေအိုင်တီမှာလေ.. ၂နှစ်တက်ရမှာ..”

“ဟာ.. နင်ကတော့လုပ်ပြီ.. ငါ့ကိုတော့မတိုင်ပင်ဘူး.. ဘယ်တော့သွားရမှာလဲ..”

“ရှေ့လထဲမှာသွားရမှာ.. နီးနီးလေးပဲဟာ.. နင်လာလည်ပေါ့.. ငါလဲကျောင်းပိတ်ရက်တွေကျရင် ပြန်လာမှာပဲ..”

“ဒါပဲရှိတော့တာပဲ..”

ဒီလောက်ကတော့အရေးမကြီးလှပါ.. ဆုံးရှုံးပြီထင်ထားရာကတောင် ပြန်ဆုံနိုင်ခဲ့ပြီးမှတော့ ဘာဆိုဘာမှ အရေးမကြီးတော့ပါ.. သူမလက်ကို တင်းတင်းဆုပ်ကိုင်ရင်း လယ်ကွင်းတွေဘက်ဆီထွက်ခဲ့သည်.. သောကတွေကင်းသွားတော့လဲ ဆည်းဆာက လှပလွန်းနေပြန့်သည်.. ကံကြမ္မာရဲ့မျက်လှည့်ပွဲကို ကျွန်တော်တို့၂ယောက်သား မောနေအောင်ကြည့်ခဲ့ရသည်.. ခုတော့လဲ အရာရာကလှပလို့.. ကျွန်တော့်ပုခုံးမှာ သူမခေါင်းလေးကိုဆွဲကပ်ထားရင်း လျှောက်ရတဲ့လမ်းမှာ ဘယ်လိုအတားအဆီးတွေ့တွေ့ ရင်ဆိုင်ပစ်လိုက်တော့မည်ဟု......

ပြီးပါပြီ...

အားပေးသူများကိုကျေးဇူးအထူးတင်လျှက်

ပွင့်မြူးဇင်
၁၆.၀၇.၂၀၁၀

9 comments:

မိုးခါး said...
This comment has been removed by the author.
မေဇင် said...

ရေးးးးးး တော်သေးတယ်...ပေါင်းသွားလို့....း))

shin said...

ဖတ်လို့ကောင်းတယ်။ storyလေးတွေထပ်ရေးပါဦး။

မေလေး said...

ဟူးးးးး တော်သေးတာပေါ့

မိုးခါး said...

ဟီးးး
အူယားတယ် :P

Myue Myue said...

ပထမတော့ ကွဲပေးဦးမလို့ပဲ.. မခွဲရက်တော့ဘူးဖြစ်သွားလို့..

ဝန်ခံချက်..

အလင်းရဲ့ကာရိုက်တာက အချစ်ဆုံးသူငယ်ချင်းရဲ့ ကာရိုက်တာကို ယူထားပြီး.. ဒေါ်ပွင့်ဆိုတာ အဲ့သူငယ်ချင်းက ကျွန်မကိုခေါ်တဲ့နာမည်ပါ.. ဇာတ်လမ်းကတော့ စိတ်ကူးသက်သက်မျှသာ..

ဧပရယ်လ်ပူး@ပူးတေ said...

သူငယ်ချင်းရေ

ညနေအားရင် အိမ်မှာ အုန်းနို့ခေါက်ဆွဲလာစားပါလား.... မောင်ရော သားသားရော ခေါ်ခဲ့လေ ဒေါ်ပွင့်ရေ...ညနေ ၇ နာရီလောက်လာရင် ကျက်ပြီလို့တော့ ထင်တာပဲနော်... :)

ကိုလူထွေး said...

တော်သေးတယ်.. အလွမ်းဇာတ်ကြီး ဖြစ်တော့မလို့...

းဝ)

Mila said...

Привет из Украины!! Welcome!!