Thursday, October 7, 2010

ခွေးနဲ့ကြောင်ပြဿနာ

စလုံးမှာအလုပ်လုပ်ရတာ တကယ်တော့သိပ်မလွယ်လှ.. ကျွန်မလို သင်္ဘောကျင်းမှာလုပ်ရတာဆို ပိုဆိုးတာပေါ့.. နိုင်ငံပေါင်းစုံက အလုပ်သမားတွေ.. အင်ဂျင်နီယာတွေ.. မန်နေဂျာတွေ.. စုံလို့ပဲ.. လူမျိုးစုံ စရိုက်စုံဆိုတော့ ပြဿနာကလဲ ပေါင်းစုံပေါ့လေ.. ကျွန်မက HR မှာလုပ်ရတာဆိုတော့ ဖြစ်သမျှပြဿနာကို ကိုင်တွယ်နိုင်တဲ့သူမရှိတော့ရင် ကျွန်မတို့ဆီတွန်းလွှတ်တော့တာကိုး.. အလုပ်ချိန်မှာ ခိုးအိပ်နေတာမိသွားတာကအစ မဖွယ်မရာဗွီဒီယိုတွေ ကြည့်နေတာ ဖမ်းမိတဲ့ကိစ္စအဆုံး ကျွန်မတို့ပဲ ဖြေရှင်းရပါတယ်.. ခုတလောတော့ ခွေးနဲ့ကြောင်ပြဿနာ တက်နေလေရဲ့.. ကျွန်မတို့ သင်္ဘောကျင်းထဲ ခွေးလေခွေးလွင့် ကြောင်လေကြောင်လွင့်တွေ ရောက်ရှိသောင်းကျန်းနေပါသတဲ့.. ကျွန်မမန်နေဂျာက အဲဒီကိစ္စ နင်ရှင်းလိုက်ဆိုလို့ ဂူဂယ်လ်ကြီးကိုအကူအညီတောင်းလို့ စလုံးကခွေးဖမ်းတဲ့အဖွဲ့ကို ရှာဖွေခေါ်ယူရပါတော့တယ်..

ကျွန်မက စပ်စပ်စုစုနဲ့ အဲဒီအဖွဲ့ကိုမေးမိတယ်.. ဖမ်းမိတဲ့ခွေးတွေ ကြောင်တွေကို ဘာလုပ်တာလဲလို့.. သူတို့က သတ်ပစ်တာတဲ့.. စိတ်မကောင်းလိုက်တာလေ.. မတတ်နိုင်ဘူး ကိုယ်ကခေါ်ပြီးနေပြီ.. နောက်တနေ့ကျတော့ သူတို့ရောက်လာကြတယ်.. သတ္တ၀ါတွေက သူတို့ဘေးတွေ့တော့မယ်ဆိုတာ ကြိုသိနေပုံရတယ်.. ဟိုအဖွဲ့တွေ ခွေးတကောင်ကြောင်တမြီးမှမမိဘဲ ပြန်သွားရတယ်လေ.. ကျွန်မကတော့ပျော်သည်ပေါ့.. ကိုယ့်ပယောဂကြောင့် ခွေးတွေကြောင်တွေ သေမယ့်အရေးက ဝေးပြီကိုး.. မန်နေဂျာကို သတင်းပို့ရင်း တခါတည်းပြောထားလိုက်တယ်.. ငါ့ကို နောက်တခါဒါမျိုးမခိုင်းပါနဲ့လို့.. ငါတို့ဘာသာရေးအရ မလုပ်ကောင်းတဲ့ အလုပ်မို့လို့ပါလို့လေ..

တနေ့ကတော့ ခွေးတွေကြောင်တွေ ပိုများလာလို့ဆိုပြီး ကွန်ပလိန်းထပ်ရောက်လာပါတယ်.. သဌေးလဲ ခေါင်းစားရတော့တာပေါ့.. နောက်တော့ ဘယ်ဥာဏ်ကြီးရှင်က အကြံပေးလိုက်တယ်မသိဘူး.. ခွေးတကောင် ကြောင်တကောင်ဖမ်းမိရင် ဆုငွေ ၅၀ပေးမယ်ဆိုပြီး နို့တစ်ထွက်လာပါတော့တယ်.. ကျင်းထဲက မ တစ်ရာသား အလုပ်သမားတွေဆိုတာလေ ဟိုချောင်း ဒီချောင်းနဲ့ ဖမ်းဖို့ချည်းချောင်းနေကြတော့တာ.. အလုပ်တောင် ဖြောင့်အောင်လုပ်နိုင်ကြသေးရဲ့လားမသိ.. ကျွန်မက နို့တစ်မထုတ်ခင်ပြောသေးတယ်.. ခွေးဖမ်းတဲ့သူတွေ ခွေးကိုက်ခံရရင် ပြဿနာတက်နေမယ်လို့.. ကျွန်မမန်နေဂျာက နေပါစေ.. သဌေးကထုတ်ခိုင်းတာဆိုလို့ ကြည့်နေလိုက်တယ်.. နေ့တောင်မကူးသေး ကြောင်ကုတ်ခံရလို့တဲ့ အလုပ်သမားတယောက် ရုံးကိုလာပြောတယ်.. အဲဒီတော့မှ ပြူးတူးပြာတာနဲ့ ဘာလုပ်ရင်ကောင်းမလဲတဲ့.. ကျွန်မကတော့ မကြားချင်ယောင်ဘဲဆောင်နေလိုက်တော့တယ်.. ခုထက်ထိတော့ ခွေးတစ်ကောင်မှမိတယ်လို့ မကြားမိသေးပါဘူး.. ကြောင်တော့ ၂ကောင်မိတယ်ကြားတယ်.. သနားစရာပါ.. သက်ဆိုင်ရာကိုအပ်ရင် သတ်ပစ်ကြမှာမဟုတ်လား..

ညနေရုံးဆင်းတော့ ရုံးကားပေါ်မှာ အဲဒီအကြောင်းပွားကြရင်း ကိုတင်မင်းထက်ကပြောပြတယ်.. သူအရင်လုပ်တဲ့ စူဇူကီးမှာ ဂျပန်ဘော့စ်လုပ်သလိုလုပ်ပါလားတဲ့.. ဘာလုပ်တာလဲဆိုတော့ "ခွေးလေခွေးလွင့်များ လုံး၀၀င်ခွင့်မပြု" ရယ်လို့ စာထုတ်တာပါတဲ့လေ.. ခွေးကို စာဖတ်တတ်တယ်လို့များ ထင်နေတာလား.. ဖတ်မိတဲ့လူတွေကိုပဲ ခွေးနားလည်အောင် ရှင်းပြစေချင်တာလားတော့ မပြောတတ်.. မြန်မာပြည်မှာနော်.. စာထုတ်တာမှ မြန်မာလိုတောင်မဟုတ်ဘူး.. အင်္ဂလိပ်လို ခန့်ခန့်ညားညားကြီးကို ထုတ်တာတဲ့လေ..

ပြောကြရင်း ကျွန်မဖေဖေပြောပြဖူးတာလေး သတိရလို့ ပြောပြီး ရယ်ကြရသေးတယ်.. ဖေဖေပုလဲနဲ့ငါးမှာလုပ်နေတုန်း ရခိုင်ဘက်မှာ တာဝန်ကျနေတုန်းက အကြောင်းလေးပေါ့.. ရွာထဲမှာလမ်းလျှောက်သွားလို့ ခွေးတကောင်ကောင်အနားကပ်လာရင် "ဟဲ့ခွေး"လို့ အော်ပြီးမောင်းလို့ကတော့ ခွေးက ဂရုတောင်မစိုက်ဘူးတဲ့.. "ဟဲ့ခွီး"ဆိုပြီး ရခိုင်သံနဲ့အော်မှ ဒင်းကပြေးတော့တယ်ဆိုတာကိုး.. ထူးဆန်းပါပေ့ ကိုကိုခွေးရယ်..း)

4 comments:

Libratun said...

:D လမ်းတွေ့ရင် တရုတ်လို အော်ကြည့်ရမလားမသိ။ နေရာရော ရွေးလေလိမ့်ဦးမလား။ လစ်တဲ အင်ဒီးယားဆိုရင် ကုလားလိုပေါ့။ :D interesting.

မေဇင် said...

;) မမ ရေ အစုံပဲနော်...။ ဒီမှာ ခွေးလေ ခွေလွင့် ရှိလား..ကြောင်လေ ကြောင်လွင့် တွေတော့ တွေ့တယ်။ မြန်မာပြည် နဲ့ ပြောင်းပြန်နော်။း))

ဂျူနို said...

ဗမာပြည်မှာတော့ ခွေးလေခွေးလွင့်လို့ ခေါ်ကြတယ်။ များလာရင် သောင်းကျန်းလာရင် ရပ်ကွက်က အမဲတုံးကို အဆိပ်လူးပြီး ပစ်လိုက်ရော။

တခါတလေ ခွေးက မသေဘူး။ မစားလိုက်ရလို့။ အမဲတုံးကို စောင့်ကောက်တဲ့ လူတွေက ရေဆေးချက်စားကြတာ ဆေးရုံရောက်တဲ့လူ ရောက် သေတဲ့လူ သေ။

မအယ်

နွေးနေခြည် said...

အော်.. အသက်၁၀၀ မနေရ အမှု ၁၀၀ ကြုံရဆိုသလိုပဲ။ အမ အလုပ်က တယ် မလွယ်ပါလားနော်။ ဗဟုသုတရတယ် အမရေ။ နောက်လည်း အဲဒါမျိုးလေးတွေ ရေးပါဦးနော်။