Wednesday, January 20, 2010

ရွှေ့ပြောင်းတောအုပ်













မိခင်ရဲ့ ရင်ကိုခွဲဖောက်
ဝေးနိုင်သမျှဝေးဝေးရောက်ဖို့
လေအစုန် အဟုန်စီးလို့
ခရီးအပြင်းနှင်ခဲ့တယ်...
ငါဟာ ... အတောင်ပါတဲ့သစ်စေ့လေး ...

မိခင်ဖန်ဆင်းပေးတဲ့အတောင်ပံတွေနဲ့
ငှက်တစ်ကောင် အယောင်ဆောင်ပြီး
လေဟုန်စီးလို့ ပျော်ခဲ့ရတာကခဏ ...
အရှိန်ရယ်ကုန်လို့
မြေတလင်း သက်ဆင်းရတဲ့အခါ ...
တစ်စက်မှမနွေးထွေးလေတဲ့
အစိမ်းသက်သက်မြေပြင်ရိုင်းက
အေးစက်စက် စောင့်ကြိုနေခဲ့တယ် ...

မှီတွယ်ရာမဲ့မြေပြင်ပေါ်မှာ
အမြစ်တွယ်အနေကျလို့
ဘဝအခြေလှနိုင်ဖို့အရေး
အတွေးအလုပ် အဟုတ်ခက်သလောက်
ရေကြည်တစ်ပေါက်သောက်ရဖို့တောင်
မလွယ်လှပါဘူး ...

အမြစ်တွယ်အပင်ပေါက်ခွင့်ရလို့
အရွယ်မရောက်သေးခင်ခဏမှာတင်
ပတ်ဝန်းကျင်ပေါင်းမြက်ရိုင်းတွေက
ဝါးမြိုလို့လက်စတုံးပစ်လိုက်ကြမှာကိုလဲ
စိုးခဲ့ရသေး ... ...

ဒါပေမဲ့ အမေ ... ...
ပူပင်မနေပါနဲ့
ဘယ်ရေမြေ ဘယ်အခြေရောက်ရောက်
ပေါက်ရောက်ရှင်သန်ပြီး
အောင်မြင်စွာပွင့်သီးနိုင်ဖို့အရေးတော့
အမေ့သားတွေ စွမ်းပါသေးတယ် ...

လေဒဏ်မိုးဒဏ် ကြံ့ကြံ့ခံရင်း
ရောက်လေရာမြေအရပ်မှာ
အမေပေးတဲ့ဇာတိမပျက်
တတ်နိုင်မျှကြိုးစားရင်း
ဝေဆာအောင်မြင်တဲ့သစ်တစ်ပင်အဖြစ်
ရပ်တည်ပြလိုက်ချင်သေးရဲ့ ...

ပွင့်မြူးဇင်
၁၉.၁.၂ဝ၁ဝ

4 comments:

နွေးနေခြည် said...

အရမ်းကောင်းတယ် မ
ကြိုက်လိုက်တာ..

ဧပရယ်လ်ပူး@ပူးတေ said...

သူငယ်ချင်းရေ..
ကောင်းတယ်။ မာန်အပြည့်ပါတယ်။
:)

Anonymous said...

အဓိပ္ပါယ်ရှိလှတဲ့ ကဗျာလေးပါလား၊
သဘောကျတယ်၊

လင်းကြယ်ဖြူ said...

ဘ၀သစ်ပင် ရှင်သန် နေတုန်း
လေတ၀ုန်းဝုန်း တိုက်လဲ မားမားမတ်မတ် ရှိပါစေ...
ကဗျာကောင်း တစ်ပုဒ်ပါပဲ..
ပျော်ပါစေ
*.*.*