Friday, April 30, 2010

အညာမြေ တမာလမ်းက ရွှေညာသူအလွမ်း

၂၀၀၆ခုနှစ် ဧပြီလ

ပူလောင်ပြင်းရှတဲ့ နွေနံနက်စောစောကြီးမှာ လေအေးစက်တ၀က်တပျက်သာပါတဲ့ ကားကြီးစီးလို့ အညာမြေကိုခရီးထွက်ခဲ့တယ်.. လမ်းမှာကားကပျက်သေးတော့ အညာကိုဝင်တဲ့အချိန်က နေ၀င်ရီတရောပေါ့.. ကျွန်မရဲ့ပထမဆုံး အညာမြေခရီးမို့ မြင်သမျှတွေ့သမျှ အထူးအဆန်းတွေချည်းပါပဲ.. ညနေစောင်းတာတောင် တံလျှပ်တွေထနေဆဲမြေက နေ့လယ်ခင်းဆို ဘယ်လောက်တောင်ပူလိုက်မလဲ.. ကားလမ်းနံဘေးက ကွင်းပြင်ကျယ်တွေထဲမှာ ခြောက်သယောင်းနေတဲ့မြက်ပင်ရှည်ဝါ၀ါတွေ အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ခြောက်ပင်ကြီးတွေက တကယ့်ကိုလွမ်းချင်စရာ..

“နှစ်ပြောင်းလရှည် ကြာခဲ့ပြီမောင်ရေ..
ငယ်ကကျွမ်းလို့လဲ လွမ်းရပါတယ်လေ..
ဒါကြောင့်သာပဲလေ.. မောင်နဲ့နှစ်ယောက်သားတွေ့ရာ..
အညာကတမာလမ်းလေးတွေ..
မောင်ရေမောင်ရေ.. ပြေးကြည့်မိလေတော့..
တမာတွေဆယ်ကြိမ်ဖူး နှစ်ဦးခွဲခွာ
ဆယ်လီနှစ်များ ကြာခဲ့ပြီမောင်ရေ..”

ကားကက်ဆက်ကလွင့်လာတဲ့သီချင်းသံနဲ့ ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းက တကယ့်ကိုအချိန်ကိုက်.. လမ်းတစ်ဖက်တချက်မှာ တမာပင်တွေက အုပ်ဆိုင်းလို့.. လမ်းကိုတောင် ပေါင်းမိုးလေးလို အုပ်မိုးပေးထားလိုက်သေးရဲ့.. ပြတင်းတံခါးကိုဖွင့်မိလိုက်တော့ တမာနံ့သင်းသင်းလေးက တိုးဝင်လာတယ်.. ရင်ထဲကိုအေးသွားတာပဲ.. နွေခေါင်ခေါင်ကြီးထဲမှာမှ ပွင့်တတ်တဲ့တမာပန်းလေးတွေရဲ့အားမာန်ကို လေးစားသွားမိတယ်.. တဆက်တည်းတွေးမိတာက သီချင်းထဲကအညာသူလေးရဲ့ခံစားချက်.. ဆယ်နှစ်ကြာခွဲခွာနေရတဲ့ချစ်သူကို လွမ်းနေလေတဲ့ သူမရဲ့အလွမ်း.. တမာလမ်းမှာတွေ့နေကျမို့ တမာပင်တွေမြင်တိုင်း လွမ်းနေရတော့မယ့် သူမရဲ့ဖြစ်အင်..

“တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ
အညာမြေကိုမေ့လို့လား အညာသူလေးကိုမေ့လို့လား
ကွဲကွဲပြားပြားပြောပါမောင်ရေ..
ရွှေစည်းခုံစေတီအပါးမှာ မောင့်သက်ထားချစ်သက်ဝေ
နံသာပျားထုံ တူစုံယှဉ်လျှက် လှူချင်ပါတယ်လေ..
ဒီဆုချွေထား တောင်းတိုင်းပြည့်စေသားလို့
မြတ်ဘုရားထံ ဆုပန်ဆုပန်ချွေ”

သူမရဲ့ချစ်သူက တမာတောမှာပျော်ပါတယ်တဲ့.. ပျော်တယ်ဆိုပြီးတောင် ဆယ်နှစ်ဆယ်မိုးပြန်မလာခဲ့တဲ့သူက လှည့်စားတတ်တဲ့သူမျိုးလား.. သူမ အညာမိခဲ့လေသလား.. ချစ်သူနဲ့အတူယှဉ်တွဲလို့ ဘုရားမှာပန်းနံသာကပ်လှူချင်လို့ တောင်းထားတဲ့သူမဆုတောင်းလေးရော.. ပြည့်နိုင်ပါ့မလား.. ပြည့်စေချင်ပါရဲ့အညာသူလေးရယ်..

“မောင့်အပေါ်ထားတဲ့မေတ္တာရေ တမာတောမှာရွာသည့်မိုးနှယ်
မေတ္တာမိုးပြေး.. မဟုတ်ပါမောင်ရေ..
အချစ်မိုးအုံ့ပျံ့ အတောမသတ်အောင်ရွာသည့်အလား
မောင့်အသည်းပြင်ဝယ်.. ချစ်မိုးစွေချင်ပါပေ..
မောင်ပြန်လာမယ့်ရက်တွေ ချိုးရေတွက်သော်
တွက်သည့်ရက်များ အခက်သားရှင်ရေ..
မြောက်လေပြေသွေးပြန်တော့ နှင်းပွင့်ကိုစေ..
ရွှေမင်းဝံ ဟိုတောင်ရိုးဆီက သစ္စာထားခဲ့ကြတဲ့ လွမ်းစေတီကိုလေ
ဆောင်းညတိုင်းသတိရနေ..
သဇင်တွေပွင့်ပြီမောင်ရေ.. မောင်ပြန်ချိန်ဖြင့် သင့်ပြီထင်တယ်လေ..”

တမာတောမှာကတော့ မိုးပြေးလေးပဲ ရွာတတ်သတဲ့.. သူမရဲ့မေတ္တာကဖြင့် အုံ့အုံ့မှိုင်းမှိုင်း အတောမသတ်စွေရွာတတ်တဲ့မိုးလိုပါပဲတဲ့လေ.. ချစ်သူပြန်လာမယ့်ရက်ကို လက်ချိုးရေတွက်နေတဲ့သူမကို သနားမိတယ်.. မြောက်လေအေးတွေတိုက်ခတ်တဲ့ ဆောင်းတညထဲ လွမ်းစေတီမှာ သစ္စာထားခဲ့ဖူးတယ်ဆိုရဲ့.. သဇင်တွေတောင်ပွင့်နေပြီမို့ ပြန်လာဖို့ သင့်ပါပြီတဲ့.. အညာသူတွေက တကယ်ပဲအချစ်ကြီးချစ်တတ်သလား.. ဆယ်နှစ်ဆယ်မိုး သစ္စာရှိရှိနဲ့ ချစ်သူကိုလွမ်းနေရတဲ့ သူမရဲ့မေတ္တာက ထုထည်ကြီးမားခိုင်မာလှပါလား.. သစ္စာရှင်မလေးကို သူမချစ်သူနဲ့ မြန်မြန်ပြန်ဆုံစေချင်မိတယ်..

သီချင်းနားထောင်ရင်း ပတ်ဝန်းကျင်ကိုမေ့နေတဲ့ ကျွန်မ.. သတိပြန်ဝင်လာတဲ့အချိန်မှာ တော်တော်တောင်မှောင်နေပြီ.. ကျွန်မစီးလာတဲ့ကားကြီးကလည်း ကျွန်မတို့တည်းခိုမယ့်ဘုန်းကြီးကျောင်းထဲကိုတောင် ချိုးကွေ့ဝင်နေပြီ.. ကျွန်မရဲ့ပထမဆုံးအညာမြေခရီးမှာ ကြုံခဲ့ရတဲ့ အညာမြင်ကွင်းတွေနဲ့ တမာလမ်းသီချင်းလေးကိုတော့ အမြဲအမှတ်ရနေဦးတော့မှာပါပဲ.. ချစ်သူတိုင်း စုံစည်းပေါင်းဖက်နိုင်ကြပါစေလေ...


(မက်မက်ရဲ့ ကံစမ်းမဲနံပါတ် ၂၅ပါ.. အာဘွား ၂သိန်းယူပြီးသွားပါပြီ မက်မက်ရေ..)

7 comments:

ThuHninSee said...

;) အဲဒီသီချင်းလေး.ချစ်စရာသနားစရာနော်။
အညာသူအချစ်ကြီးလားမသိ။ ဦးလေးမိန်းမ အညာသူကတော့ စွာလိုက်တာမှ
:D

ရေတမာ said...

အိ အိ အိ အိ ဟီးးးးးးးးးးးးးးးးးး (နိုသွားဘီ.....)
တမာရိန်းဂျားးးး

cool

i like it ;)))))))))))))

Dream said...

တမာတောနဲ့ ရောလွမ်းသွားပြီ။
း(

ရေးပေးလို့ ကျေးဇူးပါ တီတီမြူးမြူးး)
အာဝါးးးနှစ်သိန်းကို စကွဲတင်ပြီး ပေးခဲ့တယ်ဗျားးးး အဟီးးးးးး))

ဒါနဲ့ အဲဒီသီချင်းကို ဘယ်လိုနားထောင်ရမလဲ...

Dream said...

တမာတောနဲ့ ရောလွမ်းသွားပြီ။
း(

ရေးပေးလို့ ကျေးဇူးပါ တီတီမြူးမြူးး)
အာဝါးးးနှစ်သိန်းကို စကွဲတင်ပြီး ပေးခဲ့တယ်ဗျားးးး အဟီးးးးးး))

ဒါနဲ့ အဲဒီသီချင်းကို ဘယ်လိုနားထောင်ရမလဲ...

ပွင့်မြုးဇင် said...

သီချင်းလေးပါတင်လိုက်ပါပြီ.. ရုံးမှာ youtube မရလို့ စောစောကတည်းက မတင်ရတာ..

Anonymous said...

အညာသူမဟုတ်ပေမယ့်
လွမ်းစရာ အညာမြေကို ချစ်တယ်။
ဒီသီချင်းလေးကလည်း ပိုလွမ်းစေတယ်။

မိုးခါး said...

မြန်မာနိုင်ငံမှာ ချစ်ဖို့ ကောင်းတဲ့ နေရာလေးတွေ တော်တော်များတယ်နော် .. အညာမြေ ဆိုတာလေးကိုက ချစ်ဖို့ ကောင်းနေသလိုပဲ ..း)
ဒီသီချင်းကိုလည်း ကြားဖူးနေတာပါပဲ ..

(ဘိုင်သဝေးးးးးးး .. ကြော်ငြာ သီးခံ :P)