Tuesday, April 20, 2010

ကျွန်မနဲ့ ၀တ်စားဆင်ယင်မှု

ကျွန်မက အ၀တ်အစားအလှအပနဲ့ပတ်သတ်ရင် လောဘနည်းတယ်ဆိုရမယ်.. သိပ်ဝါသနာမပါဘူးဆိုပါတော့.. လှချင်ပချင်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ်ခြယ်သနေတာမျိုးလဲ မလုပ်တတ်ပါဘူး.. တခြားမိန်ကလေးတွေလှနေတာမြင်ရင်တော့ သဘောကျတတ်ပါတယ်... ဖက်ရှင်ကျကျ လှလှပပ၀တ်စားတတ်သူတွေကိုလည်း သဘောကျတတ်တယ်ပေါ့.. ကိုယ်တိုင်လုပ်ကြည့်ဖို့တော့ တစ်ခါမှမစဉ်းစားဖူးပါဘူး.. ကျွန်မဘ၀မှာ မိတ်ကပ်တွေဘာတွေလိမ်းပြီး ကျကျနနပြင်ဆင်ဖူးတာဆိုလို့ ၂ခါပဲရှိပါတယ်.. ဘွဲ့ယူတုန်းကတစ်ခါ.. မင်္ဂလာဆောင်တုန်းကတစ်ခါလေ..

ကျောင်းတက်နေတုန်းကလဲ ကျွန်မမှာအ၀တ်အစားသိပ်များများမရှိခဲ့ပါဘူး.. ချည်လုံချည်လေးတွေ ပါတိတ်လုံချည်လေးတွေကို အင်္ကျီပြောင်လေးတွေနဲ့ တွဲဝတ်တတ်တာ.. နောက်ပိုင်း ကျောင်းဝတ်စုံသတ်မှတ်လိုက်တော့ အဖြူနဲ့အပြာပဲ ၀တ်ရတော့တာပေါ့.. စလုံးကိုရောက်လာတော့ ဘောင်းဘီပဲဝတ်ဖြစ်တာများတယ်.. စကတ်ဝတ်ထားရင် မနေတတ်မထိုင်တတ်ကိုဖြစ်နေရော.. အင်္ကျီပုံစံဆိုရင်ကျွန်မက ပွပွချောင်ချောင်လေးတွေကိုကြိုက်တတ်တယ်.. ကိုယ်လုံးနေရာမှာပွပွလေးနဲ့ အောက်နားမှာစည်းထားတာမျိုးလေးကြိုက်တယ်လေ.. ကျွန်မမှာရှိသမျှ ပုံစံတူတွေချည်းပဲ..

ခုတလောတော့ ဘာဖြစ်တယ်မသိ လုံချည်ဝတ်ရတာကို အရမ်းကြိုက်နေတယ်.. ရုံးကိုလည်း လုံချည်ပဲဝတ်ပြီးသွားချင်တယ်.. အိမ်မှာနေရင်းတော့ အမြဲလုံချည်ပဲဝတ်တာလေ.. ဈေးသွားတာလောက်ဆိုရင်လဲ ဘောင်းဘီလဲဝတ်မနေတော့ပဲ လုံချည်နဲ့ထွက်သွားပစ်လိုက်တာပဲ.. ခုတော့ ရုံးကိုပါလုံချည်ဝတ်လာဖြစ်တယ်.. ရန်ကုန်ပြန်တုန်းက ပါထိုင်းစလေးတွေကို ချိတ်နဲ့ချိတ်ရတဲ့ စကတ်လုံချည်မျိုးတွေချုပ်လာခဲ့တာ အတော်ပဲဖြစ်သွားတယ်.. လုံချည်လေးတွေကို ဘလောက်စ်လေးတွေနဲ့တွဲပြီး ရုံးကိုဝတ်ဝတ်လာတယ်.. တော်တော်ကိုလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးရှိတာပါ.. ကိုယ့်မန်နေဂျာကတောင် သဘောတွေကျနေသေး.. ကျွန်မတို့ရုံးက မြို့လယ်ခေါင်မှာလဲမဟုတ်တော့ ဘာဝတ်ရမယ် ညာဝတ်ရမယ်ရယ်လို့ တင်းကျပ်ထားတာလဲ မဟုတ်ပါဘူး.. မလေးလူမျိုးတွေလဲ သူ့ရိုးရာဝတ်စုံဝတ်နေကြတာပဲကိုး.. ကျွန်မကိုလာပြောရင်တော့ ပြန်စွာပစ်လိုက်မှာ.. ဒါငါတို့ရိုးရာလို့.. နောက်ကိုလည်းရန်ကုန်ကနေ လုံချည်လေးတွေထပ်မှာဦးမှာ.. တိုင်းရင်းသားရိုးရာလုံချည်လေးတွေပေါ့.. များလာတဲ့အခါ နေ့တိုင်းလုံချည်ပဲဝတ်တော့မယ်လို့ စဉ်းစားထားတယ်..

စလုံးမှာနေကြတဲ့သူတွေရေ.. အရှေ့ဂျူရောင်းဘူတာမှာဖြစ်ဖြစ်.. ဘွန်လေးဘူတာမှာဖြစ်ဖြစ်.. လုံချည်ဝတ် မျက်မှန်တပ်ထားတဲ့ ခပ်၀၀မိန်းမတစ်ယောက်များတွေ့ရင် လှမ်းခေါ်လိုက်နော်.. ကျွန်မဖြစ်ဖို့များတယ်..

6 comments:

မေဇင် said...

ဟိုတစ်နေ့က တွေ့လိုက်သေးတယ်....jurong east မှာ... မမ ရဲ့ မောင် နဲ့ စုံတွဲ... ကလေးတော့ တွေ့ဝူးး)) ကောင်းတယ် မမ နောင့် လဲ နှစ်ဆန်း တစ်ရက်နေ့က ဘုန်းကြီးကျောင်းကို လုံချည်လေးနဲ့သွားရတာကို သဘောကျနေတား)

The Queen said...

ဟုတ်တယ် အမ လည်း စကပ် သိပ်မဝတ်ဖြစ်ဘူး ။ အိမ်နေရင်တော့ လုံချည် ပဲကြိုက်တယ်။ လှမ်းခေါ် ရင် မသိချင်ယောင် ဆောင်မသွားနဲ့နော်။

rose of sharon said...

ဓာတ်ပုံလေးကြည့်ချင်တယ်... ထဘီလေးနဲ့ပုံတင်ပေးပါ

Unknown said...

yes...myue myue..! i agree..! bcoz now i also wore longyi when i go to work..this is very comfortable to stay..

ကိုလူထွေး said...

လွတ်လွတ်လပ်လပ် ဝတ်စားဆင်ယင်ခွင့်ရတဲ့ ဝန်ထမ်းတွေက ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်တယ်တဲ့လေ...

Bဝ)

ဧပရယ်လ်ပူး@ပူးတေ said...

ကောင်းတယ် သူငယ်ချင်း .. ငါတော့ လုံချည်မမြဲဘူး။ အိမ်မှာ ယောက်ျားက လုံချည်ဝတ်ခိုင်းတဲ့နေ့ ခါးပုံစနဲ့ ဝတ်လိုက်တာပဲ။ သေသေချာချာ မိန်းကလေးလိုဝတ်ထားရင် အဖွားကြီးနဲ့တူတယ်လို့ နောက်ကြတယ်... လုံချည်ကျွတ်ကျမှာဆိုးလို့ ဖြေးဖြေးချင်းသွားနေရလို့နေမှာပေါ့...:D ဒါပေမယ့် အိမ်မှာ လုံချည် ၇ ထည်တောင်ရှိတယ်... ဟိုတခါ မမကွန်တို့ တက်ပို့စ်တွေရေးပြီး ဓါတ်ပုံရိုက်တင်တုန်းကတောင် ငါ့မှာရိုက်ပြီး ကြွားချင် (အဲလေ) တင်ချင်နေတာ... :D နင်ဝတ်ရင် ငှားမယ်... ၁နေ့ ၁ကျပ်နဲ့ :D ဒါပေမယ့် ငါ့လုံချည်တွေက ၃ တောင် ၁ထွာကွင်းတွေ... ထောင့် မပါဘူးလေ...နင်နဲ့တော်မှာ ဟုတ်ဖူး..... :D သူများတွေပြောသလို လုံချည်လေးနဲ့ဓါတ်ပုံတင်ပါနော်...