Friday, December 31, 2010

ခြင်္သေ့လည်ပြန်

ရက်ကိုလစား လကိုနှစ်စားလို့ အချိန်တွေကုန်သွားလိုက်တာ ၂၀၁၀ခုနှစ်ကြီးက လက်ပြနှုတ်ဆက်နေပြီ.. မနက်ဖြန်ဆို နှစ်သစ်ရောက်ပြီပေါ့.. တနှစ်တာအတွင်းလုပ်ခဲ့သမျှ ပြန်စဉ်းစားကြည့်လိုက်တော့ .....

ခရီးသွားခြင်း

ဖေဖော်ဝါရီလမှာ ရန်ကုန်ကိုခဏပြန်ဖြစ်တယ်.. တပါတ်ထဲဆိုတော့ ဘယ်မှလဲသိပ်မသွားဖြစ်.. ဘာမှလဲသိပ်မစားဖြစ်.. လုပ်မယ်လို့စဉ်းစားထားတာတွေ အကုန်လုပ်ဖို့တောင် အချိန်မရလိုက်ဘူး..
ဇွန်လထဲမှာ ဘန်ကောက်ကိုသွားပြီး ညီမလေးနဲ့တွေ့ခဲ့တယ်.. လေးနှစ်ကျော် ငါးနှစ်နီးပါး မတွေဖြစ်ကြတဲ့ ညီအစ်မတတွေ ဘန်ကောက်တခွင်ပြဲပြဲစင်အောင် လည်ပတ်စားသောက်ပစ်လိုက်ကြတယ်..

အလုပ်အကိုင်

လုပ်သက်သုံးနှစ်ပြည့်တဲ့လမှာ ရာထူးတက်သွားပါတယ်.. တိုးပေးလိုက်တဲ့ လစာနဲ့မတန်အောင် တာဝန်ယူရတာတွေ ပိုများလာတော့တာပေါ့.. အကြီးတန်းအရာရှိဖြစ်သွားတော့ ဘောစိရဲ့လူမိုက်ငှားခြင်းကို ခံရပါတော့တယ်.. ခုလောလောဆယ်တော့ စာရင်းစစ်လာတော့မှာမို့ အာလီဘာဘာဘုရင်မဖြစ်နေပါတယ်.. တနှစ်လုံး မေ့ထားသမျှ ခုမှစုပုံရှင်းလုပ်နေရပါတယ်ရှင်..

ငွေရေးကြေးရေး

၂၀၀၉အတွက်ဆုကြေးကို ၂၀၁၀ မတ်လမှာရတော့ မနှစ်က၀ယ်ထားတဲ့ ရန်ကုန်ကအိမ်ကလေးကို ပြင်ပစ်လိုက်တာ ကုန်ပါလေရော.. တလတလရသမျှလဲ ရရစားစားပေါ့.. လည်လည်လာတဲ့ ယောက်ခမရယ် ယောက်မရယ်ကောင်းမှုနဲ့ ၂ယောက်သားရတဲ့ ၁၃လစာလေးလဲ ပြောင်ပါပေါ့လား.. အို.. ဘာပဲဖြစ်ဖြစ် စားချင်တာစား ၀တ်ချင်တာဝတ် ၀ယ်ချင်တာဝယ်နိုင်သေးတာပဲ.. ရောင့်ရဲတတ်မှပေါ့ ပွင့်မြူးဇင်ရယ်..

မိသားစုအရေး

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ.. စိတ်တိုတိုင်း အသံပြာအောင်အော်တတ်တဲ့ ကျွန်မရယ် စိတ်ဆိုးရင် နှုတ်ခမ်းတတောင်လောက်စူလာတတ်တဲ့ မောင်ရယ်.. ကျွန်မတို့စကားများရင် တဟားဟားရယ်တတ်တဲ့သားသားရယ်.. ရယ်လိုက်ကြ ငိုလိုက်ကြ ပြုံးလိုက်ကြ မဲ့လိုက်ကြနဲ့ ဆက်လက်ချီတက်နေဆဲပါပဲ..

အလှူအတန်း

မွေးနေ့မှာ မေမေကဘုန်းကြီးကျောင်းမှာ န၀ကမ သွားလှူပေးတယ်.. အောက်တိုဘာလထဲမှာ ဖေဖေဆုံးတာ ၂နှစ်ပြည့်အလှူအဖြစ် အိမ်မှာဘုန်းကြီးဆွမ်းကပ်ဖြစ်တယ်.. ရခိုင်ပြည်လေဘေးအတွက် အ၀တ်အထည်လေးနဲနဲပါးပါး လှူဖြစ်တယ်.. တလောက ကိုဇူလိုင်တို့ဦးစီးလုပ်တဲ့ အလှူလေးမှာလဲ ပါဝင်ဖြစ်တယ်.. လှူဖြစ်တာနည်းနေသေးတယ်လို့ ခံစားရပါတယ်.. နောက်နှစ်ကို ပိုပြီးအလှူအတန်းလေးလုပ်ဖြစ်အောင် ကြိုးစားရဦးမယ်..

ကျန်းမာရေး

အသေးအဖွဲလေးကလွဲလို့ ဘာမှမဖြစ်တာမို့ ကျန်းမာရေးကောင်းနေတယ်လို့ ပြောရမယ်.. ခုတလောတော့ ဗိုက်ခဏခဏအောင့်နေလို့ ငရုတ်သီးရှောင်နေရပါတယ်.. အစပ်မပါရင် စားမ၀င်တာမို့ တော်တော်လေးခက်သား.. မတတ်နိုင်ဘူး.. ကျန်းမာခြင်းသည် လာဘ်တပါးဆိုတာ စလုံးမှာပိုမှန်တာကိုး.. မကျန်းမာရင် ဆေးရုံဆေးခန်းတွေအတွက် လာဘ်တပါးဖြစ်သွားတော့မှာလေ..

လူမှုရေး

သားတယောက်နဲ့ အလုပ်တွေရှုပ်နေလို့ လူမှုရေးပျက်ကွက်ခဲ့တာလဲ များလှပြီ.. သူငယ်ချင်းတွေက နားလည်ပေးတတ်ကြလို့သာ တော်သေးတာပေါ့.. အားလုံးထဲမှာ အရင်ဆုံးကလေးအမေဖြစ်တာဆိုတော့ သူတို့ကလဲ နားလည်ကြပါတယ်.. မတွေ့တွေ့ဖြစ်အောင် ကျွန်မတို့အိမ်မှာပဲ စုပြီး စားကြသောက်ကြတယ်.. မဆိုးဘူပေါ့..

လက်ဆောင်

၂၀၁၀တနှစ်လုံး ရသမျှလက်ဆောင်တွေထဲက စွဲစွဲမြဲမြဲ သုံးဖြစ်နေတာက ဘလော့ဂါညီမလေးတွေ မွေးနေ့လက်ဆောင်ပေးတဲ့ ချားလ်စ်အန်ကိတ်က အိတ်ကလေးရယ်.. မေမေ၀ယ်ပေးတဲ့ ဝေါလက်လေးရယ်ပါပဲ.. ကျန်တာတွေကတော့ မေ့မေ့ပျောက်ပျောက်..


ခြုံကြည့်လိုက်ရင်တော့ ၂၀၁၀က အထိုက်အလျောက် အဆင်ပြေနေခဲ့တဲ့နှစ်ပါပဲ.. လာမယ့်နှစ်သစ်ကို ကြိုဆိုရင်း အားလုံးပဲ မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်..

(ပို့စ်ခေါင်းစဉ်ကို ပထမ သမင်လည်ပြန်လို့ပေးမလို့.. LEO ရာသီဖွားမို့ ခြင်္သေ့လည်ပြန်က ပိုကောင်းမယ်ထင်လို့လေ..)

Monday, December 20, 2010

သားလေးဖတ်ဖို့

သားလေးရေ...

ဘာမှမကြာလိုက်သေးဘူးလို့ ထင်နေရင်းနဲ့ကိုပဲ မေမေ့သားလေးတောင် ၂နှစ်ပြည့်တော့မယ်.. လွန်ခဲ့တဲ့၂နှစ်တုန်းက ခုလိုချိန်မှာ မေမေက ရန်ကုန်ပြန်ရောက်နေတာပေါ့.. မဆုံတာကြာတဲ့ ဆွေမျိုးတွေနဲ့ လည်ပတ်စားသောက်လို့ ကောင်းမှကောင်းပဲလေ.. ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့တောင် ပေါ့ပါးသွက်လက်နေလွန်းလို့ မေမေ့ကို အားလုံးက သြချယူရတယ်.. သားလေးက ဗိုက်ထဲမှာကတည်းက မေမေ့ကို ဒုက္ခမပေးတတ်တဲ့ သိတတ်လိမ္မာတဲ့ သားလေးပေါ့.. ဗိုက်ကြီးတကားကားနဲ့ ရုံးတက်နေရလဲ ပင်ပန်းတယ်လို့ကို မေမေမထင်ခဲ့ဘူး.. သားလေးဗိုက်ထဲမှာ ရောက်မလာခင်တုန်းကမှ ခေါင်းမူးခေါင်းကိုက်တွေ ခဏခဏဖြစ်တတ်သေးတယ်.. ကိုယ်ဝန်သက်တမ်းတလျှောက်လုံး ဘာမှကိုမဖြစ်ခဲ့တာမှ စားလို့သောက်လို့ကလဲ ကောင်းမှကောင်းပဲ.. ရန်ကုန်ကိုပြန်တဲ့အချိန် ကိုယ်ဝန် ၃၂ပါတ်မှာ မေမေ့ဗိုက်ကြီးက မိုးပျံပူဖောင်းကြီးအလားပေါ့.. ရန်ကုန်မှာစားဖို့ အသီးစုံ ၇ကီလိုကို ဟန်းကယ်ရီတွန်းလှည်းလေးနဲ့ ခပ်တည်တည်ဆွဲပြီး မေမေတစ်ယောက်တည်း လေယာဉ်ပေါ်တက်နိုင်တဲ့အထိကို ပေါ့ပါးဖြတ်လတ်နေဆဲပဲ.. လေဆိပ်ကိုရောက်တော့ လာကြိုတဲ့သူတွေက အံ့သြလို့.. ဗိုက်ကြီးသည်တစ်ယောက်တည်း ပြန်လာတာကို သယ်လာလိုက်တဲ့အထုတ်တွေက အိမ်ပြောင်းတာကျနေရောတဲ့..

ရန်ကုန်ရောက်ရောက်ချင်း ဘွားဘွားကြီးကိုသွားတွေ့ ပြီးတော့မှအိမ်ကိုရောက်တော့ သားသားဖီးဖီးက ထမင်းပွဲပြင်ပြီးစောင့်နေတယ်.. အိမ်ကလက်ရာကို လွမ်းနေတဲ့မေမေ့အတွက်တော့ ပွဲတော်ကြီးပေါ့.. စားကောင်းကောင်းနဲ့ စားသောက်ပြီး အိပ်လိုက်တာ မနက်လင်းတော့ မထနိုင်တော့ဘူး.. ခါးတွေနာပြီး ခြေထောက်တွေယောင်နေပြီလေ.. ခဏလေးပါပဲ.. နေ့လည်စာစားချိန်ရောက်တော့ အိုကေသွားပြီ.. အမျိုးအိမ်တွေက တရပ်ကွက်ထဲမှာဆိုတော့ အားလုံးဘွားဘွားကြီးအိမ်မှာဆုံကြပြီး လက်ဆောင်တွေဝေကြခြမ်းကြနဲ့ တပျော်တပါးကြီးပေါ့.. မေမေကတော့ ဘယ်သွားသွား ဆိုက်ကားကြီးနဲ့လေ.. ဆိုက်ကားခပ်သေးသေးဆိုရင် ထိုင်လို့တောင်မဆံ့ဘူး.. သားလေးမွေးလာရင် လိုအပ်မယ်ထင်တာလေးတွေကိုလဲ ဈေးတကာပတ်ပြီး ၀ယ်လိုက်သေးတာ.. ရောက်ပြီးနောက်တရက်တုန်းက အိုဂျီနဲ့သွားပြတော့ မေမေကရိုးရိုးပဲမွေးချင်တာကို သားလေးကခေါင်းမလှည့်လို့ မွေးရခက်မယ်တဲ့.. ကလေးက အရမ်းထွားနေတော့ လှည့်လို့မရတော့တာဖြစ်မယ်ဆိုတော့ သားသားရဲ့ဘွားလေးခွာညိုက ခွဲမွေးတာပဲကောင်းပါတယ်ဆိုလို့ ရက်ကောင်းတာလေးရွေးပြီး ဇန်န၀ါရီ၁၄ရက်နေ့မှာ ခွဲမယ်လို့ ရက်ချိန်းယူလိုက်တယ်.. ဂျူးဒိတ်က ဇန်န၀ါရီ ၂၆ရက်နေ့မှလေ.. SSC Women Centre မှာ အခန်းတွေဘာတွေ ဘွတ်ကင်လုပ်ထားတာပေါ့..

ဒီဇင်ဘာ၃၁ရက်နေ့ကျတော့ ဘွားဘွားကြီးတို့ခြံထဲမှာ နယူးရီးယားပါတီနဲ့ ဘာဘီကျူးတွေလုပ်စားကြတယ်.. မေမေကိုယ်တိုင် မနက်ခင်းကတည်းက ပုဇွန်တောင်ဈေးကိုသွား.. လိုတာတွေဝယ်.. ကြက်တောင်ပံက လိုချင်သလောက်မရလို့ Capital ကိုထပ်သွား.. ဘာဘီကျူးလုပ်ဖို့ အသားတွေငါးတွေကို ကိုယ်တိုင်နယ်.. တုတ်တွေနဲ့ထိုး.. တနေကုန်ကို အလုပ်ရှုပ်နေတော့တာ.. ညကျတော့ ဆွေမျိုးတွေပျော်ပျော်ပါးပါး စားကြသောက်ကြနဲ့ အိပ်ယာဝင်တော့ မနက်၂နာရီထိုးနေပြီ.. အိမ်ပြန်မနေတော့ပဲ ဘွားဘွားကြီးအိမ်မှာပဲ အိပ်လိုက်တော့တယ်.. ပင်ပန်းနေပြီကိုး..

ဇန်န၀ါရီ၁ရက်နေ့ မနက်အစောကြီး ခြောက်နာရီလောက်မှာ မေမေရုတ်တရက်လန့်နိုးလာတယ်.. ဗိုက်ထဲကသားလေးက ဆောင့်တိုးလိုက်လို့ပေါ့.. ခဏကြာတော့ ရေတွေဆင်းပါလေရော.. မေမေလဲလန့်ပြီးအော်တော့တာပေါ့.. ပင်ပန်းပြီးအိပ်နေကြတဲ့လူတွေအားလုံး လန့်နိုးသွားပြီး ဘွားလေးခွာညိုဆီဖုန်းဆက်ကြ.. အိုဂျီဆီဖုန်းဆက်ကြ.. မေမေတို့အိမ်ကိုဖုန်းခေါ်ပြီး ဘွားလေးမိုးကို အထုတ်တွေပြင်ခိုင်းကြနဲ့ အလုပ်တွေရှုပ်ကုန်ကြတာပေါ့.. ၁၄ရက်နေ့မှ ခွဲမယ်လို့စီစဉ်ထားတော့ ဘာမှကို အဆင်သင့်မဖြစ်သေးတာလေ.. အိုဂျီက Women Centre ကိုချက်ချင်းလာခဲ့.. ခွဲမယ်ဆိုတာနဲ့ သားလေးရဲ့ဘဘဘိုဘိုက လိုက်ပို့ပေးတယ်.. ဟိုရောက်တော့ ခွဲခန်းမအားသေးတာနဲ့ မနက်၁၀နာရီမှာခွဲမယ်ဆိုလို့ စောင့်နေရသေးတယ်.. ခွဲခန်းထဲရောက်တော့ မေမေ့ကိုထုံဆေးထိုး ထုံလာတာနဲ့ ခွဲတာပဲ.. မေ့ဆေးမဟုတ်တော့ နာသာမနာတာ မေမေကအားလုံးကိုသိနေတယ်လေ.. သားသားကို ထုတ်မယ်လုပ်တော့ ရုန်းကန်နေလိုက်တာများ မေမေ့ရင်ဝကို ခေါင်းလေးနဲ့တိုးနေတာကို မေမေတောင်သိနေတယ်.. ဘွားလေးခွာညိုက ခွဲခန်းထဲအထိလိုက်လာတယ်လေ.. မေမေ့သားလေးကို ထုတ်ကြတော့လဲ ခြေထောက်ကအရင်ထွက်လာတယ်တဲ့.. ပြီးတော့ သားလေးက ရေတွေမွန်းနေလို့ မွေးမွေးချင်းမှာ မငိုနိုင်ဘူး.. ရေတွေစုတ်ထုတ်လိုက်တော့မှ အာဗြဲကြီးနဲ့ အော်တော့တာလေ.. ငိုသံကြားတော့မှ မေမေလဲစိတ်အေးရတာပေါ့.. ခဏနေတော့ ဘွားလေးခွာညိုက သားလေးကိုချီပြီးလာပြတယ်.. အနှီးထုတ်လေးထဲက သားလေးမျက်နှာလေးက ၀ိုင်းစက်လို့.. မျက်လုံးလေးက တဖက်ပဲပွင့်သေးတယ်လေ.. ၈ပေါင်နဲ့ ၁၀အောင်စရှိတယ်တဲ့.. ဂျူးဒိတ်ထက် တစ်လနီးပါးစောမွေးတာတောင် သားလေးက သိပ်ထွားနေတာ.. ခွဲခန်းထဲကထွက်လာတော့ သားလေးကိုလာကြည့်ကြတဲ့ ဦးဦး တီတီ ဘိုးဘိုး ဘွားဘွားတွေနဲ့ စည်ကားနေပြီ.. မေမေက ဆရာမအကူအညီနဲ့ သားလေးကို ချိုချိုတိုက်ကြည့်တယ်.. အစားပုတ်လေးက ချိုချိုသောက်ရလို့ ပျော်နေပုံပဲ.. အအိပ်ကလဲပုတ်သေးတယ်.. ညညဆို အကြာကြီးအိပ်နေလို့ မေမေနဲ့ဆရာမက အတင်းနှိုးပြီး ချိုချိုတိုက်နေရတယ်.. သားလေးကထွားတော့ ချိုချိုများများမသောက်ရင် အသားဝါတတ်တယ်ဆိုလို့လေ.. ဒါတောင် ၃ရက်သားလောက်မှာ အသားနည်းနည်းဝါလာလို့ သွေးဖောက်စစ်ရသေးတယ်.. ဖနောင့်ကနေဖောက်တော့ သားလေးက အသံပြာအောင်အော်ငိုတာလေ.. မေမေ့မှာ သားလေးကိုသနားလို့ ရင်ဘတ်ထဲကတောင်ကျင်နေအောင် ခံစားရတယ်.. တော်သေးတာပေါ့ သားလေးက အကြာကြီးငိုမနေဘူး.. သွေးစစ်တဲ့အဖြေထွက်လာတော့ မီးချောင်းအောက်မ၀င်ရဘူးဆိုလို့ မေမေ့မှာပျော်လိုက်ရတာ.. ၅ရက်သားကျတော့ မေမေတို့သားအမိ အိမ်ပြန်ကြတယ်.. သားသားတလခွဲမပြည့်တပြည့်မှာ မေမေတို့ စလုံးကိုပြန်လာခဲ့ကြတယ်လေ.. သားလေးရဲ့မားမားက လေဆိပ်မှာလာကြိုတယ်.. ဖေဖေကတော့ အလုပ်ကပြန်လာမှပဲ သားလေးနဲ့တွေ့ရတော့တာ.. သားလေးဖေဖေက အလုပ်စ၀င်စဆိုတော့ ခွင့်ယူလို့မှမရသေးတာကိုး..

သားလေးက သိပ်ကိုသန္ဓေကောင်းတဲ့ကလေးလေးပါ.. မွေးစကတည်းက နေ့နဲ့ညမှားတာတွေ.. ညမအိပ်လို့ မေမေအိပ်ရေးမ၀တာတွေ တခါမှမရှိခဲ့ဘူး.. အငိုလဲနည်းတယ်လေ.. သားလေးအတွက် ပါတ်စပို့ အချိန်မီမရမှာကို ပူရတာရယ်.. စလုံးမှာ သားလေးနေထိုင်ခွင့်မရတာကို ပူရတာရယ်ကလွဲလို့ သားလေးက မေမေ့ကို ဘာအပူမှ မပေးခဲ့ပါဘူး.. လာမယ့် ဇန်န၀ါရီ၁ရက်နေ့ဆို မေမေ့သားလေး ၂နှစ်ပြည့်ပြီနော်.. သားလေးကို မွေးနေ့မှာပျော်စေချင်လို့ သားလေးသဲဆော့လို့ရအောင် အရှေ့ကမ်းခြေမှာ ဘာဘီကျူးပါတီလေး မေမေစီစဉ်ပေးထားတယ်.. ဘယ်သွားချင်လဲမေးရင် အမြဲတမ်း Beach လို့ဖြေတတ်တဲ့သားလေးအတွက် မေမေ့ရဲ့လက်ဆောင်ပေါ့.. သားလေးရဲ့ ဘွားဘွားနဲ့တီတီလေးလဲ ရောက်နေမှာဆိုတော့ မေမေ့သားလေးအရမ်းပျော်နေမှာ မေမေမြင်ယောင်မိပါသေးတယ်လေ..

(သားလေးကိုမွေးတုန်းကအကြောင်းလေးတွေကို အမှတ်တရအနေနဲ့ မှတ်တမ်းတင်ထားလိုက်တာပါ.. သားလေးကြီးလာရင် ဖတ်ရအောင်ပေါ့.. ကဲ.. သားလေးမွေးနေ့ပွဲလေးကို လာဖြစ်အောင်လာခဲ့ကြဖို့ အားလုံးကိုဖိတ်ကြားအပ်ပါသည်နော်.. )

Friday, December 17, 2010

မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ

အလည်ရောက်လာကြတဲ့ ဦးဦး တီတီ ကိုကို မမ အားလုံးကို သားသားမိုးသံစဉ်က မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်.. သားသားရဲ့ ဇန်န၀ါရီ၁ရက်နေ့မှာကျရောက်မယ့် ၂နှစ်ပြည့်မွေးနေ့ပွဲလေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမှာမို့ အားလုံးပဲ သားသားနဲ့တူတူပျော်ရအောင် လာခဲ့ကြဖို့ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ..

နေ့ရက်း ၁ ဇန်န၀ါရီ ၂၀၁၁
နေရား စင်္ကာပူနိုင်ငံ အရှေ့ကမ်းခြေ
အချိန်း မွန်းတည့်ချိန်မှ သန်းခေါင်အထိ

သားသားကိုယ်တိုင် ချက်ထားတဲ့ဟင်းတွေနဲ့ မေမေ့ဘာဘီကျူးတွေကို ပျော်ပျော်ပါးပါးစားသောက်ကြဖို့ ဆက်ဆက်လာခဲ့ကြပါနော်.. :)

ကျေးဇူးတင်ပါတယ်ခင်ဗျာ..
သားသားမိုးသံစဉ်

RSVP: myuemyue@gmail.com

Tuesday, December 7, 2010

ကျွန်မနဲ့ကျွန်မရဲ့ဆံပင်


ကျွန်မငယ်ငယ်တုန်းက ဆံပင်လေးတွေက လိမ်လိမ်ကွေးကွေးနဲ့ ပြော့ပြော့လေးတွေ.. ခု သားသားရဲ့ဆံပင်လေးတွေလိုပေါ့.. ဆွဲဆန့်လိုက်ရင် အရှည်ကြီးထွက်လာပြီး လွှတ်လိုက်တာနဲ့ ဖတ်ဆိုပြန်ကပ်သွားရော.. ငယ်ငယ်တုန်းက ဓါတ်ပုံလေးတွေပြန်ကြည့်ရင် အရမ်းသဘောကျမိတာက ဆံပင်လေးတွေပဲ.. လေးနှစ်လောက်ရောက်လာတော့ ဆံပင်က ကျောလည်လောက်ရောက်နေပြီ.. ဖေဖေက သမီးတွေကို ဆံပင်အရှည်ထားပေးချင်တာလေ.. ဆံပင်ရှည်လာတော့ ကျွန်မက မေမေ့ကို ဆံပင်ဖြောင့်ပေးဖို့ ဂျီကျတာပေါ့.. ခုခောတ်လို ဖြောင့်တာတွေမပေါ်သေးတော့ မေမေက ကျစ်စာမြီးသေးသေးလေးတွေကျစ် ကောက်ဆေးထည့်ပြီး ဖွပေးလိုက်တယ်.. ဆံပင်နည်းတဲ့ ကျွန်မနဲ့တော့အကိုက်ပေါ့.. ဖြောင့်သွားတော့ ဆံပင်က ပိုရှည်လာတယ်ထင်ရတာမို့ ကျွန်မကသဘောတွေကျလို့.. သူငယ်တန်းကျောင်းစတက်တော့ ဆံပင်က ခါးကျော်နေပြီ.. မေမေက ခေါင်းစည်းကြိုးလှလှလေးတွေ ကလစ်လှလှလေးတွေ အများကြီးဝယ်ပေးတယ်.. တနေ့တမျိုးနဲ့ ပဲထုတ်လို့ကောင်းမှကောင်းပေါ့..

ကျွန်မ၂တန်းလောက်ရောက်တော့ မေမေက ဆံပင်အလှပြင်သင်တန်းတက်ပြီး ဆိုင်လေးဖွင့်ပါတယ်.. မေမေသင်တန်းတက်နေကတည်းက ကျွန်မဆံပင်ကို မျိုးစုံကောက်ကြည့်လိုက် ညှပ်ကြည့်လိုက်နဲ့.. ဆံပင်ပုံစံအမျိုးမျိုးနဲ့ ကျွန်မကြီးပြင်းခဲ့ရတယ်.. မေမေက ကောက်ဆေးကောင်းကောင်းတွေသုံးပေးတော့ ဆံပင်တော့ သိပ်မပျက်စီခဲ့ပါဘူး.. ၇တန်းလောက်မှာ မေမေက စလုံးကိုထွက်သွားတော့ ကျွန်မလဲဆံပင်ကို ဘာမှအထူးအထွေမလုပ်ဖြစ်တော့ဘူး.. ၁၀တန်းအောင်လို့ ဂျီတီစီတက်တော့ ဆံပင်က တင်ပါးဖုံးနေပြီ.. အဲဒီအချိန်မှာ ကျွန်မဆံပင်က ငယ်ငယ်တုန်းကလို မကောက်တော့ဘူး.. အရမ်းကြီးဖြောင့်တာလဲမဟုတ်ပဲ လှိုင်းကြီးကြီးတွေ ကောက်နေတာမျိုးပေါ့.. ကျွန်မက အမြဲတမ်း ကျစ်စာမြီး၂ဖက်ခွဲစီးထားတတ်လို့ အတန်းထဲကကောင်တွေက အီးတီလို့တောင် နာမည်ပေးတားတယ်.. မှော်ဘီမှာ ရေတွေကမကောင်းလို့ ကျွန်မဆံပင်တွေ စပြီး ပျက်စီးလာတော့ တော်တော်လေးစိတ်ညစ်ခဲ့ရတယ်.. အဖျား၂ခွတွေဖြစ် ဆံပင်တွေက နီကြောင်ကြောင်နဲ့ တော်တော်ရုပ်ဆိုးလာလို့ ပထမနှစ်မကုန်ခင်မှာပဲ တူးစတပ်အတိုလေး ညှပ်ချပစ်လိုက်ရတော့တယ်လေ.. နောက်ပိုင်းတော့ အဆောင်ပြောင်းနေလိုက်တာ ရေကလဲပိုကောင်းလာတာနဲ့ ဆံပင်မပျက်စီးတော့လို့ အရှည်ပဲပြန်ထားဖြစ်တာ ကျောင်းပြီးတဲ့အချိန်မှာ ဆံပင်က ခါးကျော်ကျော်လေးပြန်ရောက်နေပြီ..

စလုံးကို လာခါနီးကျတော့ ဆံပင်ရှည်ကြီးနဲ့ ထိန်းသိမ်းရခက်တယ်ဆိုပြီး ကျောလည်လောက် စတပ်ညှပ်ပြီးကောက်လိုက်တယ်.. သွားကောက်မိတဲ့ဆိုင်က သိပ်မကောင်းတော့ စိတ်တိုင်းမကျတာနဲ့ပဲ ဆံပင်ကို အမြဲစည်းထားဖြစ်တော့ အဖွားကြီအိုရုပ်ထွက်ကရောပဲ.. မင်္ဂလာဆောင်တုန်းက ဆံပင်ကို အခွေလေးတွေလုပ်ပြီး တစောင်းစည်းထားတဲ့ပုံလေး မိတ်ကပ်ဆရာမကလုပ်ပေးတယ်.. နောက်ပိုင်း ကိုယ်ဝန်ရှိလာတော့ ဆံပင်ပြင်တာတွေဘာတွေ ဘာမှကို မလုပ်ဖြစ်တော့ဘူး.. ကိုယ်ဝန်၇လကျော်လောက်မှာ ပူလွန်းအိုက်လွန်းလို့ ဆံပင်ကိုညှပ်ချလိုက်တာမှ တိုကပ်ကပ်လေး.. အဲဒီကမှ ပြန်ရှည်လာတဲ့ဆံပင်ကို ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ဖြောင့်ပြီး ဆေးဆိုးလိုက်သေးတယ်.. သိပ်စိတ်တိုင်းမကျပါဘူး.. ကျွန်မက မျက်နှာကြီးမျိုးဆိုတော့ ဆံပင်ပြားကပ်ကပ်နဲ့ မလိုက်ဘူးပေါ့.. နည်းနည်းကြာလာတော့ ပြန်ရှည်လာတဲ့ဆံပင်တွေနဲ့ ဖြောင့်ထားတဲ့ဆံပင်တွေကြားမှာ အထစ်ကြီးဖြစ်ပြီး အရောင်ကလဲမတူတာမို့ တော်တော်ကြည့်ရဆိုးလာပါတော့တယ်..

အဲဒါနဲ့ပဲ ပြီးခဲ့တဲ့စနေနေ့က ပန်နင်ဆူလာက သီရိမှာ ဆံပင်သွားကောက်လိုက်ပါတယ်.. ဒစ်ဂျစ်တယ်ကောက်ဆိုလားပဲ.. မဟော်ဂနီရောင်လေးလဲ ပြန်ဆိုးလိုက်တယ်.. ခုတော့ ကျွန်မ ဆံပင်ပုံစံအသစ်လေးကို တော်တော်သဘောကျနေပါတယ်.. မောင်ကပြောတယ်.. ပါးဖောင်းဖောင်း မျက်လုံးပြူးပြူး နှုတ်ခမ်းစူစူ ဆံပင်ကောက်ကောက်နဲ့ အရုပ်မနဲ့တူသွားပြီတဲ့.. သားသားတော့ မေမေ့ဆံပင်တိုတို တဲ့.. ဘာပဲပြောပြော ကျွန်မတော်တော်စိတ်တိုင်းကျသွားပါတယ်.. ကျွန်မနဲ့လိုက်တဲ့ ပုံစံလေးရွေးပြီး စိတ်ရှည်လက်ရှည်လုပ်ပေးတဲ့ သီရိဆိုင်က ညီမလေး “နီ”ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်လို့ ဒီပို့စ်လေးနဲ့ ပြောလိုက်ချင်ပါတယ်..

Thursday, December 2, 2010

ဒီဇင်ဘာ

မြန်မာပြည်မှာဆို ဒီဇင်ဘာလရောက်ရင် ကျွန်မသိပ်ပျော်တယ်.. အေးတဲ့ရာသီဥတုကို ကြိုက်တတ်တဲ့ကျွန်မအတွက် နှင်းတွေဝေတဲ့ ဒီဇင်ဘာလလေးက အမြဲအေးမြလှပနေတတ်တယ်လေ.. ဒီဇင်ဘာလရောက်ပြီဆို စနေတနင်္ဂနွေ မနက်ခင်းစောစောတိုင်း သုဝဏ္ဏအားကစားကွင်းဆီကနေ လွင့်ပျံလာတတ်တဲ့ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့သီချင်းသံက ကျွန်မတို့မောင်နှမတွေအတွက် နှိုးစက်ပေါ့.. အိပ်ယာထဲကလူးလဲထ အ၀တ်အစားလဲပြီး အိမ်ကထွက်ကြတယ်.. ဟားခနဲလေကိုမှုတ်ထုတ်လိုက်ရင် ပါးစပ်က အငွေ့တွေထွက်လာတာကို ကျွန်မသိပ်သဘောကျတာပေါ့.. လမ်းထိပ်က ကြီးကြီးတို့အိမ်ကိုဝင်ခေါ် ပြီးတော့ အားကစားကွင်းဆီ ချီတက်ကြတယ်လေ.. အားကစားကွင်းရောက်ရင် လူတွေအများကြီးတွေ့ရပါပြီ.. ကွင်းကြီးကိုပတ်ပြီး ပြေးနေ လမ်းလျှောက်နေကြသူတွေ.. ခဏတဖြုတ်ထိုင်နားနေကြသူတွေ.. လမ်းမီးတိုင်အောက်မှာ ကြက်တောင်ရိုက်ကစားနေကြသူတွေနဲ့ ဒီဇင်ဘာနံနက်ခင်းက စည်ကားလို့ပေါ့.. နံနက်စာ ကောက်ညှင်းပေါင်း တခြားမြန်မာမုန့်မျိုးစုံတို့ကို လာရောင်းကြတဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည်လေးတွေလဲ ရောင်းကောင်းကြတယ်.. မှောင်နေရာကနေ တဖြေးဖြေးလင်းလာပြီဆို ကျွန်မတို့ အိမ်ပြန်ကြတယ်.. လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာထိုင်ပြီး ကြီးကြီးဝယ်ကျွေးတဲ့ မနက်စာစား.. ဖေဖေ့အတွက်မနက်စာဝယ်ပြီး အိမ်ပြန်ရောက်တယ်ဆို ဖေဖေ့ရဲ့ဘုရားရှိခိုးသံက ကျွန်မတို့ကို ဆီးကြိုနေတတ်တယ်လေ..

ကျောင်းတက်ရတဲ့နေ့တွေဆိုရင်တော့ မှော်ဘီရဲ့ဒီဇင်ဘာမနက်ခင်းက ကျွန်မနဲ့အကိုက်ပေါ့.. မှော်ဘီမှာက ရန်ကုန်ထက် နှင်းတွေပိုကျတယ်.. ပိုလဲအေးတာပေါ့.. အဆောင်က အခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်တာနဲ့ နှင်းတွေရွှဲနေတဲ့ ၀ရံတာကြမ်းခင်းရယ် ခပ်ကြမ်းကြမ်းဝှေ့တိုက်လိုက်တဲ့ မြောက်ပြန်လေအေးအေးရယ်ကို ခံစားရမယ်.. ကျောင်းတက်ခဲ့တဲ့ ၅နှစ်လုံး ဒီဇင်ဘာလဆို စာမေးပွဲနီးနေပြီမို့ အတန်းသိပ်မတက်ဖြစ်တော့ဘဲ အဆောင်မှာပဲစာလုပ်နေရတဲ့အချိန်ပေါ့.. မနက်တိုင်း စောစောထတတ်တဲ့ကျွန်မက စောင်ခြုံကွေးနေတဲ့ အခန်းဖော်သူငယ်ချင်း အိမွန်ကိုမနက်စာသွားစားဖို့နှိုးရတယ်.. တပ်ကြီးကုန်းမှတ်တိုင်နားက မြောင်းမြမုန့်ဟင်းခါး ငရုတ်ကောင်းနံ့မွှေးမွှေးလေးက ဒီဇင်ဘာမနက်ခင်းနဲ့ သိပ်လိုက်တဲ့မနက်စာပေါ့.. ပြီးရင် ရွာထဲဝင်ပြီး ဈေးကလေးမှာ ဈေးလျှောက်ဝယ်ကြတယ်.. နှင်းစိုနေတဲ့ ဘုရားပန်းတွေက သိပ်လှတာ.. ဈေးကပြန်ရောက်ရင်တော့ အဆောင်ခြံထဲမှာ နေပူစာလှုံရင်း စာကြည့်ကြတယ်.. နေပူလာမှပဲ အပေါ်တက်ပြီး ထမင်းဟင်းချက်ကြ ရေမိုးချိုးကြပေါ့.. ညနေစောင်းရင်တော့ အမှတ်၎လမ်းဖက်ကို ဆိုင်ကယ်လျှောက်စီးကြဖို့ မောင်ကလာခေါ်တတ်တယ်.. နေ၀င်ခါနီဆို မြူခိုးတွေဝေနေတဲ့ လယ်ကွင်းတွေက ကြည့်လို့သိပ်လှပေါ့.. မောင်လာခေါ်ပြီဆို အိမွန်က မြူးရေ.. မမှောင်ခင်ပြန်ခဲ့နော်.. ထမင်းတူတူစားဖို့စောင့်နေမယ်လို့ အမြဲမှာတတ်တယ်လေ.. ညဘက်ရောက်ရင်တော့ ထူးထူးကဲကဲကိုအေးတတ်လို့ အနွေးထည်ထူထူဝတ် စောင်အထူကြီးခြုံပြီး ကွေးနေကြရတော့တာပေါ့..

စလုံးကိုရောက်လာတော့ မတ်လကြီး.. နေကလဲပူလိုက်တာ.. မတ်လမို့ပူတာလို့ထင်နေတာ.. နောက်တော့မှသိရတယ်.. ဒီဇင်ဘာလရောက်ရင်လဲ မအေးဘူးကိုး.. ကျွန်မချစ်တဲ့ နှင်းအေးအေးလေးတွေဆိုတာလဲ ဘယ်ဆီနေမှန်းတောင်မသိဘူး.. မနှစ်ကတော့ Ang Mo Kio ကို သားသားနဲ့သွားလည်ကြတယ်.. နှင်းအတုတွေသွားကြည့်ကြတာပေါ့.. သားသားကတော့ ပျော်လို့.. နှင်းအစစ်ကိုမှ မမြင်ဖူးသေးဘဲကိုး.. ကျွန်မတော့ ရယ်ချင်သလိုလို ငိုချင်သလိုလို.. နှင်းတွေကိုမြင်နေရပါရက်နဲ့ လူမှာက ချွေးတွေရွှဲလို့.. ဆောင်းရာသီမရှိတဲ့ ကျွန်းလေးကို ကျွန်မ မနှစ်မြို့နိုင်ပါဘူး.. တနေ့နေ့တော့ ကျွန်မချစ်တဲ့ ဒီဇင်ဘာစစ်စစ်ရှိရာကို ပြန်ကိုပြန်မှဖြစ်မယ်......

Friday, November 26, 2010

အိပ်မက်ထဲကကျောင်းတော် (၆)

အိပ်မက်ထဲကကျောင်းတော် (၁)
အိပ်မက်ထဲကကျောင်းတော် (၂)
အိပ်မက်ထဲကကျောင်းတော် (၃)
အိပ်မက်ထဲကကျောင်းတော် (၄)
အိပ်မက်ထဲကကျောင်းတော် (၅)

တတိယနှစ်စာမေးပွဲကို အေးအေးဆေးဆေးလေးပဲ ဖြေပြီး အောင်ခဲ့တယ်လေ.. စတုတ္ထနှစ်စတက်တော့ ကျွန်မညီမလေးကလဲ တက္ကသိုလ်တက်နေပြီ.. မောင်လေးကလဲ ဆယ်တန်းရောက်နေပြီဆိုတော့ မိဘတွေပိုက်ဆံတော်တော်လေးကုန်တာကို သတိထားမိလာတယ်.. ကိုယ်လုပ်နိုင်တာလေး လုပ်ကြည့်မယ်ဆိုပြီး ကျောင်းက အတန်းငယ်သူတွေကို ဂိုက်လုပ်တာလေး စဖြစ်တယ်.. မဆိုးဘူးလို့ပြောရမယ်.. ကိုယ့်ကျောင်းစားရိတ် ကာမိတဲ့အပြင် မောင်လေးညီမလေးတွေကိုတောင် မုန့်ဖိုးပေးနိုင်သေးတယ်လေ.. ပင်ပန်းတာကတော့ ပြောမနေနဲ့.. နေတာကမှော်ဘီကအဆောင်မှာ စာသွားသင်ရတာက ရန်ကုန်မှာဆိုတော့ ပိုပင်ပန်းတာပေါ့.. ကိုယ့်စာလဲကြည့်ရတယ်.. စာသင်ဖို့လဲ စာကြိုဖတ်ရတယ်ဆိုတော့ ခါတိုင်းနှစ်တွေထက် ၂ဆပိုပြီး ပင်ပန်းတာပေါ့.. ကျောင်းမှာ အတန်းအားရင်တောင် ဟိုဟိုဒီုဒီမလုပ်အားတော့ဘူး.. စာပဲကြည့်နေဖြစ်တယ်.. ဘီအီးတန်းတက်ခွင့်ရဖို့ အရေးကြီးတဲ့နှစ်လဲဖြစ်နေသေးတာကိုး.. မောင်နဲ့တွေ့ချိန်တွေတောင် နည်းသွားတယ်.. သူကိုလဲ စာလုပ်ဖို့ တွန်းနေရသေးတယ်.. သူကစာကိုလုံးဝမလုပ်ချင်တာလေ..

နှစ်ကုန်ခါနီးကျတော့ ပရောဂျက်သဘောမျိုး စာတမ်းတိုလေးတွေ လုပ်ရတယ်.. ငါးယောက်တဖွဲ့ပေါ့.. စာတမ်းတိုလေး ၃ခုလုပ်ရပါတယ်.. ကျွန်မတို့လုပ်တဲ့စာတမ်းတွေမှတ်မိသေးတယ်.. ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း အကြောင်းရယ်.. Fibre Optic Communication အကြောင်းရယ်.. Auto Voltage Regulator ရယ်ပေါ့.. စာတမ်းဖတ်ပွဲလုပ်ကြတော့ Presentation ဆိုတာ ဘာမှန်းမသိဘဲ ရေးထားသမျှကို ဖတ်ပြလိုက်ကြတာပါပဲ.. Fibre Optic အကြောင်းဖတ်တဲ့သူငယ်ချင်းက ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို လွဲပြီးဖတ်ပြလိုက်လို့ ရယ်ကြရသေးတယ်.. Beamwidth ဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို ဖြေတဲ့သူက Beamwidth ဆိုတာ Beam ရဲ့ width ပါဆရာမလို့ ဖြေတာကတမျိုး.. အတန်းထဲမှာ မတည့်ကြသူတွေချင်း ပေါက်ကရတွေမေးလို့ ဆူကြပွက်ကြတာကတမျိုးနဲ့ ဗြုတ်စဗျင်းတောင်း ပြီးသွားတာပါပဲ.. စာတွေကလဲပိုများလာတာကတကြောင်း.. အလုပ်တဖက်ဖြစ်နေတာတကြောင်းနဲ့ အဲဒီနှစ်က စာမေးပွဲကို စိတ်တိုင်းကျ မဖြေနိုင်ခဲ့ပါဘူး.. ဘီအီးတန်းမှ တက်ခွင့်ရပါ့မလားလို့ စိတ်ပူလိုက်ရတာလဲ မပြောပါနဲ့တော့.. အောင်စာရင်းထွက်တော့မှ စိတ်အေးရတော့တယ်.. ကျောင်းဆက်တက်ခွင့်ရတယ်လေ.. အဆင့်ကတော့ ခါတိုင်းဂဏန်း၁လုံးထဲရှိရာကနေ ဂဏန်း၂လုံးဖြစ်သွားလို့ အဆူခံလိုက်ရသေးတယ်.. မောင်ကတော့ အဲဒီနှစ်က စာမေးပွဲကျပါတယ်.. ကျွန်မသူ့အတွက် အချိန်မပေးနိုင်ခဲ့လို့ ပိုပြီးပေပေတေတေတေခဲ့ပုံပါပဲ..

နောက်ဆုံးနှစ်ကျောင်းတက်ရက်တွေကတော့ ပျင်းခြောက်ခြောက်ပိုနိုင်လာတယ်.. မှော်ဘီတခွင်မှာ လည်ရပတ်ရတာကလဲ ရိုးနေပြီကိုး.. ကျောင်းအုပ်တွေကလဲ တယောက်ပြီးတယောက်ပြောင်းသွားလိုက်တာ မှတ်တောင်မမှတ်မိတော့လောက်အောင်ပဲ.. အငယ်တန်းတွေက ကလေးတွေကိုကြည့်ရတာ စာကိုစိတ်မ၀င်စားကြတော့တဲ့ပုံမျိုး.. အတန်းတွေလဲ မှန်မှန်မတက်ကြဘူး.. ဆေးလိပ်တို့ အရက်တို့ဆိုတာကလဲ လွယ်လွယ်နဲ့ဝယ်လို့ရနေတော့ ပျက်စီးလွယ်ကြတာပေါ့.. ဘောလုံးပွဲတွေလောင်းကြ ဖဲဝိုင်းတွေ ကြေးကြီးကြီးနဲ့ကစားကြနဲ့.. ကလေးတွေပျက်စီးကြတာမြင်ရတော့ စိတ်မကောင်းဘူး.. အင်ဂျင်နီယာပညာကို ၀ါသနာပါလို့မဟုတ်ပဲ ရောက်လာလို့သာသင်နေရတယ် စိတ်ကိုမ၀င်စားဘူး ဆိုတဲ့ပုံစံမျိုးတွေမြင်ရတော့ ဘယ်သူ့ကိုစိတ်ဆိုးရမှန်းမသိ စိတ်တွေဆိုးမိသေးတယ်.. တကယ်တော့ သူတို့လေးတွေကိုလဲ အပြစ်ပြောလို့မရပါဘူး.. အသက်၁၆နှစ်လောက်မှာ ၁၀တန်းအောင်လာတော့ ကိုယ့်ကိုကိုယ်တောင် ဘာကိုဝါသနာပါမှန်း ဘာဖြစ်ချင်မှန်း သိကြဦးမှာမှမဟုတ်ပဲ.. ကျောင်းကိုရောက်လာတော့လဲ ပရိဘောဂကအစ မပြည့်မစုံနဲ့.. လက်တွေ့ခန်းသုံးကိရိယာတွေကလဲ ခောတ်မမှီ ဆိုတော့ ဒီပညာရပ်တွေကို အထင်မကြီး စိတ်မ၀င်စားကြတော့တာ မဆန်းဘူးပေါ့.. တချိုကလေးတွေလဲ စိတ်ဝင်တစားနဲ့ ကြိုးစားကြတာရှိပါတယ်.. လူနည်းစုပေါ့.. ဒီလိုမျိုးတွေဖြစ်လာအောင် ရည်ရွယ်ချက်နဲ့ တမင်တကာလုပ်တာဆိုရင်တော့ လုပ်တဲ့သူတွေ အောင်မြင်တယ်ပြောရမှာပေါ့လေ..

အဖြူနဲ့နက်ပြာယူနီဖောင်းတွေ စ၀တ်ရတာက မှတ်မိသလောက်တော့ နောက်ဆုံးနှစ်မှပဲထင်တယ်.. ဘာပဲဖြစ်ဖြစ် ကျောင်းသားနဲ့အပြင်လူ ခွဲခြားရလွယ်သွားတာတော့ အမှန်ပဲ.. အ၀တ်အစား ပြိုင်ဆိုင်ဝတ်ကြတာမျိုးလဲ နည်းသွားမယ်ထင်တယ်.. ကျွန်မကတော့ ယူနီဖောင်းဝတ်ရတာကို ကြိုက်ပါတယ်.. နောက်ပိုင်းတော့ အင်္ကျီပုံစံပါ ဆင်တူသတ်မှတ်လိုက်တယ်ကြားတယ်.. ကျွန်မတို့တော့ မမှီလိုက်ပါဘူး.. ကျောင်းပြီးသွားပြီကိုး.. ကျောင်းပြီးသွားတော့ ဘွဲ့နှင်းသဘင်ကိုလဲ မှော်ဘီကျောင်းမှာပဲလုပ်ပါတယ်.. ဘာအဆောက်အအုံမှ မယ်မယ်ရရမရှိတော့ ဘယ်မှာလာပြီး ခမ်းခမ်းနားနားရှိပါ့မလဲ.. ဒါပေမယ့် ကိုယ့်ဆရာတွေ ကိုယ့်သူငယ်ချင်းတွေ အားလုံးပြန်ဆုံရတာမို့ ပျော်တာကတော့ ပျော်တာပါပဲ..

ဘွဲ့နှင်းသဘင်ကတော့ ကျွန်မရဲ့ ၅နှစ်တာအိပ်မက်တွေရဲ့ ဇာတ်သိမ်းခန်းပေါ့.. ရုပ်ဝတ္ထုတွေမပြည့်စုံခဲ့ပေမယ့် ကျွန်မတို့ရဲ့ကျောင်းတော်ကြီးကတော့ ကျွန်မရဲ့ဘ၀မှာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ပါတယ်.. နွေရောက်တိုင်း ငုဝါတွေဝေနေအောင်ပွင့်တတ်တဲ့ ကျောင်းဝင်းကလေးထဲမှာ ကျွန်မဘ၀အတွက် အရေးကြီးတဲ့ပညာရပ်တွေကို သင်ယူခွင့်ရခဲ့တယ်.. ဘ၀အကြောင်း အချစ်အကြောင်း အသဲကွဲတဲ့အကြောင်းတွေလဲ အပါအ၀င်ပေါ့.. ခုတော့ အရင်နေရာကျောင်းဝင်းလေးက ခြောက်ကပ်နေရော့မယ်.. ကျောင်းဆောင်သစ်ကြီး ဆောက်ပြီးသွားပြီကိုး.. ကျွန်မတို့ကျောင်းတက်နေတုန်းက ဆရာတွေရော မှော်ဘီကျောင်းမှာ ရှိကြသေးရဲ့လားမသိ.. တနေ့နေ့တော့ ကျောင်းတော်ကြီးဆီကို ရောက်အောင်သွားလည်ဦးမယ်လို့ စဉ်းစားနေမိရင်း.. ကျွန်မ အိပ်မက်ထဲကနေ ပြန်လာခဲ့ပြီလေ..

(ဆက်မရေးဖြစ်ဘဲ ကြာနေတဲ့ပို့စ်လေးကို ပြန်အသက်သွင်းပြီး အဆုံးသတ်ထားတာပါ.. ကျောင်းကိုလွမ်းလို့..)

Friday, November 19, 2010

ပိန်ချင်သူများအတွက်

ကျွန်မဆယ်ကျော်သက်အရွယ်တုန်းက တော်တော်လေးပိန်ပါတယ်.. အတန်းထဲမှာ ၀ါးခြမ်းပြားလို့ ခေါ်ခံရတဲ့အထိကို ပိန်တာပါ.. အရပ်ကလဲရှည်တော့ ကလန်ကလားကြီး ဖြစ်နေရာပေါ့.. အစားနည်းတာလဲမဟုတ်ပါဘဲ ပိန်ချင်လို့ကို ပိန်နေတာဆိုတာမျိုး.. အသက်၂၀ကျော်လာတော့ နည်းနည်းပြည့်လာတယ်.. အသက်အစိတ်မှာ အိမ်ထောင်ပြုလိုက်ပြီး ၂၆နှစ်မှာ သားသားကိုမွေး.. ဟင်း.. ခုတော့ ၃၀တောင်မပြည့်ရသေး ကျွန်မ အ၀လွန်လို့ အလွန်ဝနေပြီလေ.. ၅ပေ၅လက်မဆိုတဲ့ အရပ်ကလေးသာမကယ်ရင် ရာဝင်အိုးနဲ့ နင်လားငါလားဖြစ်နေလောက်ပြီ..

ကျွန်မပိန်ချင်တယ်.. လှချင်တာသက်သက်ကြောင့်မဟုတ်ပါဘူး.. ၀လာတော့ သွားတာလာတာကအစ သိသိသာသာလေးလာတယ်.. လှေကားလေးနည်းနည်းတက်လိုက်ရင် မောနေပြီ.. ခြေကျင်းဝတ်တွေက ကိုယ်အလေးချိန်ကို မခံနိုင်လို့ နာနေတတ်တယ်.. လမ်းခပ်မြန်မြန်လျှောက်လိုက်ရင်ကို ခြေသလုံးတွေတောင့်တင်းပြီး မသက်မသာခံစားလာရရော.. ၀လာလို့ ခံစားရတဲ့ဝေဒနာတွေကို သတိထားမိလာတာနဲ့အမျှ ကျွန်မ ပိန်အောင်လုပ်မှဖြစ်မယ်လို့ တွေးမိပါတယ်.. အချိန်ကိုက်လို့ပဲဆိုရမလား Lose To Win ဆိုတဲ့ Weight Management Programme မှာ ပါဝင်ဖို့ ကျွန်မတို့ရုံးကို Health Promotion Board က ဖိတ်ခေါ်စာရောက်လာပါတယ်.. တဖွဲ့ကို ၅ယောက်အထိ ပါဝင်ခွင့်ရှိတယ်ဆိုလို့ လူဝကြီးများရှာဖွေကြတဲ့အခါ ကျွန်မရော ကျွန်မရဲ့မောင်တော်ဘုရားရော အဖွဲ့ဝင်တွေဖြစ်သွားပါလေရော..

၃လကြာမယ့် Programme ထဲမှာ လေ့ကျင့်ခန်းလုပ်ရမှာက တပါတ်ကို ၂ရက်.. Nutrition Workshopရယ်.. Supermarket Tourရယ်.. Cooking Classရယ်က တခါစီ.. Fitness Assessment ကတော့ အားလုံးပေါင်း ၃ခါပေါ့.. စစချင်းမှာ တခါ.. အလယ်လောက်မှာတခါ.. နောက်ဆုံးမှာ တခါလေ.. ပထမဆုံး Fitness Assessment သွားတော့ ၀ိတ်ချိန်.. အရပ်တိုင်း.. ခါးပါတ်လည်တိုင်းပြီးသကာလ ၂ကီလိုမီတာ လမ်းလျှောက်ခိုင်းပြီး နှလုံးခုန်နှုန်းကိုတိုင်း.. Fitness Index တွက်တာပါ.. အောက်တိုဘာ ၂၃က စတာဆိုတော့ ခုဆိုရင် ၁လနီးပါးရှိပြီပေါ့.. ၂ကီလိုကျော်ကျော်ကျသွားပါတယ်.. မောင်တော်ဘုရားကတော့ ၄ကီလိုနီးပါး.. အယ်.. မဆိုးပါလားပေါ့.. လေ့ကျင့်ခန်းကတော့ တော်တော်ကို ပင်ပန်းပါတယ်.. အများနဲ့လုပ်ရတာဆိုတော့ ပင်ပန်းပေမယ့် ပျော်နေကြတာပါပဲ.. ၀ိတ်လေးနည်းနည်းကျသွားတော့ အားတက်လာပြီး သင်တန်းမှာ လေ့လာသင်ယူခဲ့ရသမျှလေးကို မျှဝေချင်လို့ ဒီပို့စ်လေး ရေးဖြစ်သွားတာပါ..

ပထမဆုံးအနေနဲ့ အစားအသောက်ပိုင်းကို အရင်ပြင်ရပါမယ်.. ကိုယ့်ရဲ့ ကိုယ်အလေးချိန်အလိုက် တနေ့တာလိုအပ်တဲ့ ကယ်လိုရီကို အရင်သိဖို့လိုပါမယ်.. မိန်းမတွေအနေနဲ့ တနေ့ကို ၁၂၀၀ ကယ်လိုရီကနေ ၁၇၀၀ ကယ်လိုရီလောက်အထိ လိုတတ်ပြီး.. ယောက်ျားတွေအတွက်တော့ ၁၅၀၀ ကယ်လိုရီကနေ ၂၂၀၀ ကယ်လိုရီလောက်အထိ လိုတတ်ပါတယ်.. ကျွန်မရဲ့ကိုယ်အလေးချိန် ၇၅ကီလိုအတွက် ၁၆၁၀ ကယ်လိုရီ လိုအပ်ပါတယ်.. အဲဒါက လက်ရှိကိုယ်အလေးချိန်မှာ ထိန်းထားဖို့ လိုတဲ့ကယ်လိုရီပေါ့.. ၀ချင်ရင်ပိုစား.. ပိန်ချင်ရင် လျှော့စားရပါတော့မယ်.. လေ့ကျင့်ခန်းလေးလဲ လုပ်မယ်ဆိုရင်တော့ ပိန်သွားရမှာပေါ့.. ကျွန်မတို့မြန်မာတွေဆိုတာက ဆီပြန်ဟင်းကြိုက်တတ်ကြတာမို့လား.. ဆီလက်ဖက်ရည်ဇွန်းနဲ့ ၁ဇွန်းဆိုရင်ကို ၅၀ကယ်လိုရီရှိနေပြီဆိုတော့ ပိန်ချင်သူများ ဆီပြန်ဟင်းကို ဝေါင်ဝေါင်ရှေးဖို့ လိုတာပေါ့နော်.. စားကိုစားရမှဖြစ်မယ်ဆိုရင်လဲ ဟင်းအနှစ်လေးကို လျှော့စားပေါ့လေ.. ကြက်သား၁တုံးမှာ အရေခွံကိုဖယ်စားလိုက်ရင် ၅၀ကယ်လိုရီလောက်လျော့သွားမယ်ဆိုတာလေးလဲ သတိရပါဦး.. မက်ဒေါ်နယ်ရောက်လို့ ဘာစားရမလဲရွေးရင် McSpicy Extra Value Meal ရွေးမယ့်အစား Cheeseburger, small fries, light drinks ကိုရွေးလိုက်ရင် ၇၀၀ကယ်လိုရီကြီးများတောင်လျော့မှာနော်.. မနက်စာကိုလဲ ကြာဇံကြော်တွေ ခေါက်ဆွဲကြော်တွေအစား Wholemeal bread လေး၂ချပ်ကို Cheese လေးနဲ့စားပြီး ရေနွေးကြမ်းလေးသောက်တာက ၃၀၀ကယ်လိုရီလောက်လျော့သွားပြီ.. ကော်ဖီကို နို့တွေ သကြားတွေနဲ့သောက်ရင် ၁၅၀ကယ်လိုရီလောက်ရှိတယ်လေ.. ရေနွေးကြမ်းကတော့ သုညကယ်လိုရီပါ.. ထမင်းတခွက်စာက ၂၆၀ကယ်လိုရီရှိပါတယ်.. ငါးဟင်းတွေ အသားဟင်းတွေကတော့ ၁၈၀ကနေ ၂၂၀ ကယ်လိုရီအထိရှိတတ်ပါတယ်.. ဆီထဲမှာနှစ်ပြီး ကြွပ်နေအောင်ကြော်ထားတဲ့ အစားအစာတွေကတော့ ပိန်ချင်သူတွေအတွက် ရန်သူတွေပါပဲ.. အချိုတွေစားတာလဲလျှော့ရမယ်.. သကြားကလဲ ကယ်လိုရီတော်တော်များတာကိုး.. ၀ိတ်ချနေတဲ့သူတွေအတွက် အကောင်းဆုံးကတော့ တနေ့တာအတွက် ဘာစားမယ်ဆိုတာ ကြိုတင်စီစဉ်ထားတာပါပဲ.. ၀ိတ်ကျချင်ရင် ပါးစပ်ကို အလိုမလိုက်သင့်ဘူးလေ.. နော်.. ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုလဲ များများစားပေးသင့်ပါတယ်.. အရမ်းချိုတဲ့ အသီးတွေဆိုရင်တော့ နည်းနည်းလျှော့စားရမှာပေါ့.. အသီးထဲမှာ သဘာဝအတိုင်းပါတဲ့အချိုကိုက သကြားလိုပဲ ကယ်လိုရီများတတ်လိုပါ.. အသီးဖျော်ရည်သောက်တာထက် အသီးကိုစားတာက အမျှင်ဓာတ်ရစေပါတယ်.. အမျှင်ဓာတ်က ဗိုက်ပြည့်စေတော့ တော်တော်နဲ့ပြန်မဆာတော့ဘူးပေါ့..

အစားလျှော့စားတာအပြင် ကိုယ်လက်လှုပ်လျှား လေ့ကျင့်ခန်းလေးတွေကလဲ ပိန်ချင်သူတွေအတွက် အရေးကြီးပါသေးတယ်.. တပါတ်ကို အနည်းဆုံး ၁၅၀မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်.. ချွေးထွက်တဲ့အထိ နှလုံးခုန်မြန်လာတဲ့အထိပေါ့.. လမ်းလျှောက်တာ ပြေးတာတွေကတော့ လူတိုင်းလုပ်တတ်တဲ့ လေ့ကျင့်ခန်းလေးတွေပါပဲ.. ခုကျွန်မတို့ တပါတ်၂ခါလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကတော့ Bootcamp လို့ခေါ်ပါတယ်.. လေ့ကျင့်ခန်းစစချင်း ပန်းခြံထဲမှာ ၁ပတ်လမ်းလျှောက် ၂ပတ်ပြေးရပါတယ်.. ပြီးရင်အဖွဲ့တွေခွဲပြီး လေ့ကျင့်ခန်းအမျိုးမျိုးကို ဆက်တိုက်လုပ်ရပါတော့တယ်.. ထိုင်ထ.. ဒိုက်ထိုး.. ခုန်ပေါက်ပြေးလွှား စုံနေအောင်ကိုလုပ်ရပါတယ်.. ၁နာရီခွဲလောက် မရပ်မနားလုပ်ရတာမို့ တော်တော်လေးကို မောတာပေါ့.. ထိရောက်တယ်.. တော်တော်လေးကိုထိရောက်တယ်ပြောရမယ်.. အမောပိုခံနိုင်လာတယ်.. အသားတွေကျစ်လာတယ်.. သွားရလာရတာ ပေါ့ပါးသွက်လက်လာပါတယ်..

လေ့ကျင့်ခန်းလုပ်ရတာလေး အရှိန်ရလာတော့ လင်မယားနှစ်ယောက်သား ညနေဆို အိမ်နားကပြေးလမ်းလေးမှာ ပြေးကြဖို့ တိုင်ပင်ကြပါတယ်.. သင်တန်းမသွားရတဲ့နေ့တွေ နာရီဝက်လောက်ပြေးကြဖို့ သဘောတူညီချက်ရတယ်ပေါ့.. ခုညနေကနေ စပါမယ်.. အရှေ့ဂျူရောင်းနဲ့အနီးတ၀ိုက်မှာ နေကြသူများထဲက ပူးပေါင်းပါဝင်ချင်တယ်ဆိုရင် သံချောင်းခေါက်လိုက်ပါ.. သင်တန်းမှာလုပ်ရတဲ့ လေ့ကျင့်ခန်းတွေလဲ သင်ပေးပါမယ်.. အဖော်လေးနဲ့ဆိုတော့ ပိုလဲပျော်စရာကောင်းသလို ကိုယ်ကမလုပ်ချင်ဘူးဆိုရင်တောင် သူများကိုအားနာတာနဲ့ လုပ်ဖြစ်နေဦးမှာလေ.. ဘယ်လိုလဲ.. ပူးပေါင်းပါဝင်ကြပါဦးလား.. :)