Saturday, June 20, 2009

ဘာသာစကားအလွဲ

ကျွန်မမေမေက ရခိုင်စစ်စစ်ဆိုတော့ ငယ်ငယ်လေးကတည်းက ရခိုင်စကားနဲ့ ရင်းနှီးနေခဲ့တယ်... မေမေ့ဖက်ကအမျိုးတွေအားလုံးက ရခိုင်စကားပဲပြောကြတာလေ... ရခိုင်စကားက ဗမာစကားနဲ့သိပ်မကွာဘူး... စကားလုံးအတူတူချင်းကို အသံထွက်ပဲကွာတာများတယ်... ဆပ်ပြာကို သပုန်.. သော့ခလောက်ကို လက်ခုပ်သီး.. ရေပုံးကို ဘာတီပုံး... အဲဒီလို အခေါ်အဝေါ်မတူတာလေးတွေလည်းရှိတာပေါ့... အများအားဖြင့်တော့ တူပါတယ်... အဘောင်ရှင် (အဖွား) ပြောပြောပြတတ်တဲ့ ဟာသအလွဲလေးတွေကို အားလုံးအတွက် ပြန်မျှဝေချင်တာပါ...

တနေ့မှာ ရခိုင်တစ်ယောက်နဲ့ ဗမာတစ်ယောက် တောင်ကုန်းထိပ်မှာ ဆုံကြတယ်... ရခိုင်ကြီးက ဗမာကြီးကို လုံးချင်းလားလို့ မေးလိုက်သတဲ့... ဗမာကြီးကလည်း ဒီကောင် ဒီလောက်မောနေတဲ့ကြားက နပန်းလုံးချင်နေသေးတယ်လို့တွေးပြီး မလုံးချင်ပါဘူးကွာလို့ ပြန်ပြောတာပေါ့... ရခိုင်ကြီးကလည်း ထပ်မေး... ဗမာကြီးကလည်းထပ်ဖြေနဲ့ ၃ခါ ၄ခါလောက်လည်းရှိရော စိတ်တိုလာတဲ့ဗမာကြီးက ဒီလောက်တောင်လုံးချင်တဲ့ကောင် လုံးတယ်ကွာ ဆိုပြီး နပန်းဖက်လုံးတဲ့အဖြစ်ကို ရောက်ရပါလေရော... အမှန်တကယ်တော့ ရခိုင်ကြီးမေးတဲ့ လုံးချင်းလားဆိုတာ တစ်ယောက်တည်းလားလို့မေးတာပါ...

ရုပ်ရှင်ရုံထဲကို နောက်ကျမှဝင်လာတဲ့ ရခိုင်တစ်ယောက်က ဗမာတစ်ယောက်ကို ခြေထောက်တက်နင်းမိပါလေရော... နင်းခံရတဲ့သူက ဘာလို့နင်းတာလဲကွ ဆိုပြီးရန်တွေ့တယ်တဲ့... ရခိုင်ကြီးက မိုက်လို့နင်းတာလို့ ပြန်ဖြေတယ်... ဗမာကြီးလည်း ဒီကောင်တော်တော်မိုက်ရိုင်းတာပဲ... တက်လည်းနင်းသေးတယ် အပြောကလည်းရင့်သေးတယ်ဆိုပြီး အကြီးအကျယ် ရန်ဖြစ်ကြတော့တာပေါ့... အမှန်က မှောင်တယ်ဆိုတာကို ရခိုင်လို မိုက်တယ်လို့ခေါ်တယ်လေ... ရခိုင်ကြီးပြောချင်တာက မှောင်နေလို့ နင်းမိတာပါရယ်လို့ပါ...

အဘောင်ရှင်ပြောဖူးတာတွေကတော့ အများကြီးပဲ... ခုတော့ဒါပဲ စဉ်းစားလို့ရသေးတယ်... နောက်ထပ်ပေါ်လာမှပဲ ထပ်ရေးတော့မယ်နော်...

5 comments:

Anonymous said...

မရေးးးးးးးးးးးးးးးးးးးး
လာဖတ်သွားတယ်
ကျေးဇူးနော်
ဖတ်ပြီးပြုံးသွားတယ်

minthike said...

အင်းဒီလုံးချင်းessayလေးကမိုက်တယ်... ဟီးဟီး..
thanks မြူးမြူး
i also smile n happy...
regards

Anonymous said...

ကျွန်တော့်မှာလည်း ရခိုင်သူငယ်ချင်းတွေ ရှိတယ် .... တိုင်းရင်းသားတွေရဲ့ စကားပြောတွေက ဆန်းပြားကြသလို သူတို့ရဲ့ စရိုက်တွေကလည်း ရိုးသားကြတယ် ... ဘာသာစကားအလွဲကြောင့် ခုလို အဓိပ္ပါယ် ကောက်လွဲတတ်တာလေးတွေက တကယ်ကို ကြည်နူးစရာ ဟာသ ဖြစ်ရပ်လေးတွေပါပဲ ...
နေဒေးသစ်။

Unknown said...

မိုက်လား.... မိုက်ရင် မီးထွန်း :D

The Queen said...

love it