Monday, June 21, 2010

စီကာစဉ်ကာပူ

စင်္ကာပူဆိုတာ စီကာစဉ်ကာပူရတဲ့နေရာတဲ့.. သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်.. တကယ်လဲဟုတ်ပါရဲ့.. အလုပ်မရခင်က အလုပ်မှရပါ့မလားပူရတယ်.. အလုပ်ရပြန်တော့ နေထိုင့်ခွင့်မှ ကျပါ့မလားရယ်လို့ ပူရပြန်ရော.. နေထိုင်ခွင့်ကျပြီဆိုပြန်တော့ ဆေးစစ်တာအောင်ပါ့မလားပူရသေးတယ်.. အားလုံးပြီးလို့ အလုပ်စလုပ်တော့လဲ အလုပ်ထဲမှာမှ အဆင်ပြေပါ့မလား.. အစမ်းခန့်ကာလမှ ကျော်နိုင်ပါ့မလား.. ပူလိုက်ရတာစုံလို့.. ဒီအပူတွေအားလုံးလဲ ကျွန်မကိုယ်တွေ့ ခံစားဖူးခဲ့ပါတယ်.. အားလုံးကိုအောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့လို့ စိတ်အေးရမယ်မှမကြံသေး.. သားသားကိုမွေးလာတော့ သားသားရဲ့နေထိုင်ခွင့်အတွက် ပူရပန်ရပါတော့တယ်.. ကျွန်မက မောင့်ထက်အရင် စလုံးကိုရောက်တာပါ.. ကျွန်မအလုပ်ရပြီး နေသားတကျရှိတော့မှ မောင့်ကိုကျောင်းလျှောက်ပေးပြီး လှမ်းခေါ်လိုက်တာလေ.. မောင်ရောက်လာတော့ တစ်အိမ်ထဲနေကြရတာမို့ မြန်မြန်လက်ထပ်လိုက်တာကောင်းမယ်ဆိုပြီး မင်္ဂလာပွဲကို အမြန်စီစဉ်ဖြစ်သွားတယ်.. ROM မှာ Register လုပ်ဖို့ကအစ ဖိတ်စာရိုက်တာ ဟိုတယ် Booking လုပ်တာအဆုံး ကျွန်မကိုယ်တိုင် ရှာဖွေစုံစမ်းပြီး ကျွန်မစိတ်တိုင်းကျ စီစဉ်ခဲ့တာပေါ့.. လက်ထပ်တဲ့အချိန်မှာ ကျွန်မအသက်က ၂၆နှစ်ဆိုတော့ မေမေက ချက်ချင်းပဲကလေးယူစေချင်တယ်လေ.. တားလိုက်ဆီးလိုက်ရင် လိုချင်တဲ့အခါ ခက်ခဲနေမှာစိုးရတယ်တဲ့.. ကျွန်မလဲ ရလာရင်ယူလိုက်မယ်ပေါ့.. သားသားကို ကိုယ်ဝန်ရှိလာတော့မှ PR လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် လျှောက်ဖြစ်တယ်.. လျှောက်တဲ့အချိန်မှာ ကျွန်မက စလုံးမှာအလုပ်လုပ်တာ ၁နှစ်နဲ့ ၂လပဲရှိသေးတာ.. မျှော်လင့်ထားတဲ့အတိုင်း Reject ပေါ့.. ၉လကြာရင်ထပ်တင်ပါတဲ့.. အဲဒီကစပြီး သားသားရဲ့နေထိုင်ခွင့်အတွက် ပူရတော့တာပေါ့.. ကျွန်မက S Pass မောင်က Student Pass .. S Pass တွေအတွက်က လစာ ၂၅၀၀ မကျော်ရင် Dependent's Pass မရနိုင်ပါဘူး.. ကျွန်မရဲ့လစာက အဲဒီတုန်းက ၂၁၅၃ ဆိုတော့ ဘယ်လိုမှ မရနိုင်ဘူးပေါ့.. မေမေက သားသားကို ရန်ကုန်မှပဲထားပေါ့တဲ့.. သူပြန်ပြီး သားသားနဲ့နေမယ်တဲ့.. ကျွန်မလဲ မရတဲ့အဆုံးတော့ ဒါပဲရှိတော့တာပေါ့လို့ စဉ်းစားထားလိုက်တယ်.. စလုံးမှာ ကလေးတစ်ယောက်စားရိတ်ကလဲ သေးမှမသေးပဲကိုး.. သားသားကိုယ်ဝန် ၇လလောက်မှာ မောင်က ကျွန်မတို့ Company မှာ အလုပ်ရသွားတယ်.. S Pass လဲကျတယ်ပေါ့.. နဲနဲတော့အားတက်သွားတာအမှန်ပဲ.. နှစ်ယောက်စလုံးအလုပ်နဲ့ဆိုတော့ ပိုအဆင်ပြေနိုင်တယ်ဆိုပြီးတော့လေ..

သားသားကိုရန်ကုန်မှာပြန်မွေးခဲ့တယ်.. သားသားမျက်နှာလေးမြင်လိုက်ရတော့ ဘယ်လိုမှမထားခဲ့နိုင်တော့ဘူးလေ.. ဘာပဲဖြစ်ဖြစ် ရအောင်ခေါ်သွားမယ်ဆိုပြီး Pass Port ချက်ချင်းကောက်လုပ်ရတာပေါ့.. ရန်ကုန်မှာက လူခွဲကလဲမရှိ ရှိတဲ့လူတွေကလဲ မလုပ်တတ် မကိုင်တတ်နဲ့မို့ မွေးစာရင်းကိစ္စ မြို့နယ်ရုံးသွားတာ သန်းခေါင်စာရင်းသွင်းဖို့ လ၀ကရုံးသွားတာကအစ ကျွန်မကိုယ်တိုင်ပဲ ပြေးရတာပေါ့.. ဗိုက်ခွဲထားတဲ့အနာမှမကျက်သေး ဟိုပြေးဒီပြေးနဲ့ကျွန်မကို ရုံးကလူတွေကသနားလို့ မြန်မြန်ရအောင် ကူညီကြပါတယ်.. ကလေးမွေးပြီး ၁၀ရက်မှမရှိသေး ကျွန်မအပြင်ထွက်ပြီး လျှောက်လုပ်နေရတာလေ.. သားသားကို ပတ်စ်ပို့ရုံးမှာ ဓါတ်ပုံရိုက်ဖို့ခေါ်သွားတော့ ၁၇ရက်သားလေးပဲရှိသေးတာ.. မျက်လုံးတောင် ကောင်းကောင်းမပွင့်သေးဘူးလေ.. Pass Port ရတော့ Entry Visa လျှောက်ရပြန်ပါသေးတယ်.. ဒီလိုနဲ့ ကျွန်မတို့သားအမိ စလုံးကိုပြန်လာခဲ့ကြပါတယ်.. သားသားအတွက် နေထိုင်ခွင့်က လူကြီးတွေလိုပဲ ရက်၃၀ရပါတယ်.. သက်တမ်းထပ်တိုးတော့ ရက် ၃၀ထပ်ရပါတယ်..

မရနိုင်မှန်းသိရက်နဲ့ Dependent's Pass လျှောက်ကြည့်ပါတယ်.. ထင်တဲ့အတိုင်းပါပဲ မရပါဘူး.. Appeal လုပ်ပြန်ပါတယ်.. Appeal Processing ကတော်တော်လေးကြာတယ်လေ.. Appeal Result စောင့်နေတုန်း သားသားရဲ့နေထိုင်ခွင့် ရက်၆၀ကုန်သွားပြီး ထပ်တိုးလို့လဲမရတော့လို့ သားသားကိုခေါ်ပြီး ရန်ကုန်တစ်ခေါက်ပြန်ရပါသေးတယ်.. မပြန်ခင် Re-entry Visa တင်ထားခဲ့တာက ဒီကိုပြန်လာမယ့်နေ့အထိ ကျမလာလို့ သားသားကိုထားခဲ့ပြီး မျက်ရည်စက်လက်နဲ့ ကျွန်မပြန်လာခဲ့ရတာပေါ့.. ကျွန်မဘော့စ်က ကျွန်မအပေါ် တော်တော်ကောင်းပါတယ်.. MOM ကို သူကိုယ်တိုင်လိုက်ပေးပြီး Officer နဲ့တွေ့ပါတယ်.. ကလေးရဲ့ အဖေရောအမေရောက သူ့လက်အောက်က ၀န်ထမ်းတွေမို့ အတတ်နိုင်ဆုံး ကူညီပေးဖို့ Officer ကို ကူပြောပေးပါတယ်.. သွားတွေ့ပြီး နောက်၂ရက်လောက်နေတော့ MOM ကစာရောက်လာပါတယ်.. Dependent's Pass တော့မပေးနိုင်ပါဘူး.. Long Term Social Visit Pass လျှောက်ပါဆိုပြီး Cover Letter ပေးလိုက်ပါတယ်.. အဲဒီတော့ လျှောက်ရပြန်တာပေါ့.. ၅ရက်လောက်နေတော့ ကျလာပါတယ်.. ကျွန်မ S Pass သက်တမ်းရှိသလောက် နေထိုင်ခွင့်ရတယ်လေ.. စိတ်မောလူမောကြီးကိုဖြစ်လို့.. ပိုက်ပိုက်တွေကလဲ ကုန်မှကုန်ပေါ့.. လေယာဉ်ခကို မနည်းဘူး..

ပြီးခဲ့တဲ့လက ကျွန်မ S Pass သက်တမ်းတိုးရပါတယ်.. သားသားရဲ့ Pass လဲတိုးရတာပေါ့.. ကျွန်မရဲ့ S Pass ကတော့ ၃နှစ်ကျလာပြီး သားသား Pass က Reject ဖြစ်ပါတယ်.. ထုံးစံအတိုင်း Appeal ပေါ့.. ဘော့စ်ကတော့ MOM ကို ဒေါသတွေထွက်နေသေးတယ်.. အလုပ်ရှုပ်အောင်လုပ်တယ်.. ကလေးငယ်ငယ်လေးကို.. ပေးလိုက်ရင်ပြီးရောနဲ့.. Stupid တွေ Bull Shit တွေ စုံအောင်ဆဲဆိုပြီး.. Appeal Letter ကောင်းကောင်းရေးပေးပါတယ်.. ကျွန်မကိုလဲ ရုံးချိန်အတွင်း Time off ပေးပြီး MOM သွားခိုင်းပါတယ်.. Appeal Result မသိရခင် သက်တမ်း ၁လတိုးပေးထားဖို့လဲ အသနားခံစာ ရေးပေးပါတယ်.. နောက်ဆုံးတော့ အဆင်ပြေသွားပါပြီ.. သားသားအတွက် နေထိုင်ခွင့် ၃နှစ်ထပ်ရပါတယ်.. တနေ့က Card သွားထုတ်တယ်.. သူ့ Card က ဓါတ်ပုံနဲ့ဘာနဲ့ သားသားနားနားလေး.. ဘာပဲပြောပြော ၃နှစ်တော့ မပူရတော့ဘူးပေါ့.. နောက်၃နှစ်ကြာရင်တော့ ဘာလုပ်ဖြစ်မယ်မပြောတတ်သေးဘူး.. သားသားကို စလုံးမှကျောင်းထားမလား ရန်ကုန်မှာပဲထားရမလား.. ရန်ကုန်မှာထားဖြစ်ဖို့များပါတယ်.. နောက်၃နှစ်ဆို သားသားက ၄နှစ်ခွဲရှိပြီ.. မူကြိုတစ်နှစ်တက်ခိုင်းပြီး ၅နှစ်ခွဲမှာ သူငယ်တန်းစတက်ဖို့ အတော်လောက်ပဲလေ.. Nursery ကို စလုံးမှာထားလိုက်မယ်.. အင်္ဂလိပ်စာ အခြေခံလေးလဲ ကောင်းသွားအောင်ပေါ့.. စဉ်းစားထားတာပဲလေ.. စလုံးမှာတော့ အခြေမချချင်ဘူး.. ကိုယ့်မြေကိုယ့်ရေမှာပဲ ကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး နေချင်တာလေ.. သားသားကို စလုံးမှာကျောင်းထားလိုက်ရင် နောက်ပြန်ဆုတ်ဖို့ကတော်တော်ခက်သွားမယ်.. အနည်းဆုံး သားသားကျောင်းမပြီးမချင်းတော့ နေကိုနေရတော့မှာလေ.. သားသားကို ကျွန်မမကြိုက်တဲ့ စရိုက်တွေ လွှမ်းမိုးသွားမှာကိုလဲ စိုးတယ်.. ကျွန်မကိုယ်တိုင်လဲ မြန်မာပြည်မှာပဲ ကျောင်းတက် မြန်မာပြည်ကဘွဲ့နဲ့ပဲ လောလောဆယ်ရပ်တည်နေတာဆိုတော့.. မြန်မာပြည်ရဲ့ပညာရေးစနစ်ကို အထင်မသေးပါဘူး.. အဓိက ကတော့ သားသားကို မြန်မာစာတတ်စေချင်တာပါပဲ.. မြန်မာစာနဲ့ရေးထားတဲ့ စာကောင်းပေမွန်တွေကို ဖတ်ခွင့်လေး ရစေချင်တာပါ.. ဘယ်လောက်ပဲတိုးတက်ပါတယ်ပြောပြော ကျွန်မမကြိုက်တဲ့ ပါတ်ဝန်းကျင်မျိုးမှာ သားသားကိုမကြီးပြင်းစေချင်လို့ မြန်မာပြည်မှာပဲ ထားမယ်လို့ ဆုံးဖြတ်ထားတာပါ.. ခုလောလောဆယ် ဆုံးဖြတ်ထားတာပေါ့လေ.. နောက်တော့ ဘယ်လိုဖြစ်မယ် မသိသေးပါဘူး..

PR မကျသေးတဲ့သူတွေထဲက ကလေးနေထိုင်ခွင့်အတွက် ခေါင်းခဲနေကြသူတွေအတွက် ကျွန်မအတွေ့အကြုံလေးတွေကို မျှဝေပေးတာပါ.. အသေးစိတ်သိချင်ရင်.. myuemyue@gmail.com ကို email ပို့ပြီး မေးနိုင်ပါတယ်နော်..

Wednesday, June 9, 2010

ကာလန်ကူနီ

ခောတ်မှီနည်းတွေနဲ့
ရီဆိုက်ကယ်လုပ်ဖို့
အိပ်မက်ဟောင်းတွေ
ဈေးကောင်းပေးဝယ်တယ်..

ရင်ခုန်သံ
လတ်လတ်ဆတ်ဆတ်တွေကိုတော့
တစ်ပိဿာ
ထောင့်ငါးရာပေးမယ်..

အချစ်စစ်စစ်ဆိုရင်
မေတ္တာနုနုနဲ့
အလိုက်ပေးလဲတယ်..

အလွမ်းတစ်ပုလင်းကို
အနမ်းတစ်ခြင်းနဲ့
ဒဲ့လဲပေးတယ်..

အိပ်မက်ဟောင်းတွေအခါခါမက်ရင်း
ရင်ခုန်သံတွေလတ်ဆတ်ဆဲမို့
အချစ်စစ်ရဲ့သင်္ကေတ
အလွမ်းတွေသာပိုင်ဆိုင်နေရပါတယ်ဆိုသူတွေအတွက်
ဟောဒီမှာ လာပြီ..
ကာလန်ကူနီ..

Friday, May 21, 2010

အမှောင်ထဲက သူစိမ်းများအကြောင်း

တနေကုန် ငါ့ကို သီချင်းတစ်ပုဒ်က လွှမ်မိုးနေတယ်.. နေ့ခင်းကြောင်တောင်ကြီးပေမယ့် အိပ်မက်ထဲရောက်နေသူလိုဖြစ်နေတယ်.. လမိုက်ည အမှောင်ထဲမှာ လမ်းပျောက်နေသူလို ထိတ်လန့်ချောက်ခြားနေတယ်.. ရေပုလင်းဘေးနားမှာထားပြီး အာခေါင်တွေခြောက်ကပ် ရေငတ်နေတယ်.. ညည်းတွားသံလိုလိုကြားမိလို့ လိုက်ရှာကြည့်မိတော့.. ကြယ်ရောင်မှုန်ပြပြလေးအောက်မှာ ရပ်စောင့်နေတာ ဘယ်သူလဲ.. ငါ.. အမှောင်ထဲမှာ အားကိုးရာမဲ့ လမ်းပျောက်နေသူလား...

လမျက်နှာပုန်းလျှိုးကွယ်တော့ .. ခရီးဆုံးမှောင်သောလမ်းလေး..
စမ်းတ၀ါးဝါးလှမ်းသွား ရင်ထိတ် ညဉ့်ငှက်တစ်ကောင်အသံတွေပေး..
.
.
.
ကြယ်ယောင်တွေဆောင်နေ
အရိပ်အောက်က မင်းဘယ်သူတုန်း..
ည... မဲနက်လို့.. နမိတ်ရိုင်းည..
.
.
.
ရပ်စောင့်နေ ဘယ်သူလဲငါမသိ..
.
.
.
ရန်သူလား မိတ်ဆွေလား တစ္ဆေတစ်ကောင်လား ဘာတစ်ခုမှမသိ..
.
.
.
ဝိုးတ၀ါးနဲ့ညဉ့်ယံမှာ သေချာတာဘာတစ်ခုမှမရှိ..

Thursday, May 20, 2010

ကျွန်မချစ်သောယောက်ျားများ

အချစ်အမျိုးအစားများစွာရှိကြပါတယ်.. ယုံကြည်အားကိုးလေးစားတဲ့အချစ်.. သနားကြင်နာတဲ့အချစ်.. မြတ်နိုးတွယ်တာတဲ့အချစ်.. အေးမြတဲ့မေတ္တာနဲ့ပေးဆပ်ခြင်းကိုဖော်ဆောင်တဲ့အချစ်.. စသည်ဖြင့်ပေါ့.. ကျွန်မမှာ အဲဒီလိုချစ်ခြင်းတစ်မျိုးစီနဲ့ ချစ်ရတဲ့ယောက်ျားသား လေးယောက်ရှိပါတယ်..

ကျွန်မရဲ့ဖေဖေ (ယုံကြည်အားကိုးလေးစားမှုတွေနဲ့ ချစ်ခြင်း)

သမီးတစ်ယောက်ရဲ့ချစ်ခြင်းပေါ့လေ.. ကျွန်မက ဖေဖေဘာပြောပြော လေးလေးနက်နက်နားထောင်တတ်တဲ့ သမီးတစ်ယောက်ပါ.. ကျွန်မအရွယ်ရောက်လာတဲ့အချိန်မှာ မေမေနဲ့အတူတူနေခွင့်မရခဲ့ပေမယ့် ဖေဖေကဘေးမှာရှိခဲ့တဲ့အတွက် တစ်ခုခုလိုအပ်နေတယ်လို့ကို မထင်ခဲ့ရတာပါ.. ဖေဖေက အရမ်းအေးပါတယ်.. သားသမီးတွေကို ဆူခြင်းရိုက်ခြင်းမရှိတဲ့အဖေမျိုးပေါ့.. ပြောစရာဆုံးမစရာရှိရင် လေသံအေးအေးလေးနဲ့ ဆုံးမတတ်တယ်.. ဖေဖေဒေါသထွက်နေတာကို ကျွန်မတစ်ခါမှမတွေ့ဖူးပါဘူး.. အဲဒီလောက်အေးဆေးတဲ့ ကျွန်မဖေဖေက ကျန်းမာရေးနဲ့ပတ်သတ်လို့တော့ ကံမကောင်းခဲ့ဘူးလေ.. ကျွန်မ၈တန်းနှစ်လောက်မှာ ဂေါက်(Gout) ရောဂါကို ဖေဖေစတင်ခံစားခဲ့ရတယ်.. ခြေဆစ်လက်ဆစ်တွေ ယောင်ရမ်းကိုက်ခဲတဲ့ရောဂါပေါ့.. သွေးထဲမှာ ယူရစ်အက်ဆစ်ဓါတ်တွေများရာက ဖြစ်လာရတဲ့ရောဂါပါ.. သာမာန်အားဖြင့်တော့ အနေအထိုင် အစားအသောက်ဆင်ခြင်မယ်.. ဆေးသောက်လိုက်မယ်ဆိုရင် ယူရစ်အက်ဆစ်က ပြန်ကျသွားနိုင်တာပေါ့.. ဖေဖေကတော့ သောက်ရမယ့်ဆေးနဲ့ မတည့်ဘူးလေ.. အဲဒီတော့ နှစ်ရှည်လများ ယူရစ်အက်ဆစ်တွေများနေတဲ့အတိုင်းပဲ နေနေရတာပေါ့.. ကြာလာတော့ အဆစ်တွေမှာ အနည်တွေစုနေပြီး ကွေးမရ ဆန့်မရ လှုပ်မရတွေဖြစ်ကုန်တယ်.. နာတာရှည်ရောဂါကြီးနဲ့ မကျန်းမမာဖြစ်နေရတာတောင် စိတ်တိုတာ အော်ဟစ်ဆူပူနေတာတွေ လုံးဝမရှိခဲ့တဲ့ ဖေဖေ့ရဲ့ သီးခံနိုင်စွမ်းကို ကျွန်မအရမ်းလေးစားမိပါတယ်.. သားသမီးသုံးယောက်လုံးကို လိမ်မာရေးခြားရှိအောင် အနီးကပ်ဆုံးမခဲ့တဲ့ ဖေဖေက ခုတော့ ကျွန်မတို့ကို စိတ်ချလက်ချထားသွားခဲ့ပါပြီ.. ဘာပဲဖြစ်ဖြစ် ဖေဖေဖြစ်စေချင်တဲ့ရပ်တည်မှုမျိုးကို အသီးသီးပိုင်ဆိုင်ထားနိုင်ကြတဲ့အတွက် ဖေဖေကျေနပ်နေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်ဖေဖေရယ်..

ကျွန်မရဲ့မောင်လေး (သနားကြင်နာဂရုစိုက်မှုတွေနဲ့ ချစ်ခြင်း)

ကျွန်မအသက် ၆နှစ်အရွယ်မှာ မောင်လေးကိုမွေးပါတယ်.. မောင်လေးမွေးတုန်းက အရေးအခင်းကာလကြီးပေါ့.. ဆေးရုံသွားဖို့တောင် မြို့နယ်အဆင့်ဆင့်မှာ လမ်းတောင်းပြီးသွားရတယ်.. ၈၈ ဂျူလိုင်လမှာမွေးတာလေ.. ကျွန်မတို့ညီအစ်မနှစ်ယောက်က အသားညိုသလောက် မောင်လေးကတော့ ဖြူဖွေးနေတာပဲ.. အရမ်းလဲအသန့်ကြိုက်တဲ့ကလေးပေါ့.. သူလမ်းမလျှောက်တတ်ခင်ကဆို ကျွန်မဘယ်သွားသွား သူ့ကို ကုန်းပိုးပြီးခေါ်သွားတာပဲ.. မောင်လေးငါးနှစ်သားလောက်မှာ မေမေက စလုံးကိုအလုပ်သွားလုပ်တော့ ကျွန်မတို့မောင်နှမတတွေက အဖွားနဲ့နေခဲ့ရတယ်.. ဖေဖေကလည်းသင်္ဘောလိုက်နေတုန်းအချိန်လေ.. ငယ်ငယ်လေးနဲ့ မိဝေးဖဝေးနေရတယ်ဆိုပြီး မောင်လေးကို အသနားပိုရာက ပိုပြီးဂရုစိုက်မိတာပါ.. မောင်လေးကြီးလာလို့ တစ်ယောက်တည်း သွားတတ်လာတတ်တဲ့အထိတောင် အချိန်တန်လို့အိမ်ပြန်မရောက်သေးရင် မစားနိုင်မသောက်နိုင်နဲ့ လမ်းထိပ်ထွက်မျှော်နေတတ်တာ ကျွန်မပေါ့..
ခုတော့ကျွန်မမောင်လေးက လူကြီးဖြစ်နေပြီ.. မန်နေဂျာတောင်ဖြစ်နေပါပေါ့.. သူ့ထက် ၄နှစ်ကြီးတဲ့ ညီမလေးထက်တောင် ပိုပြီးရင့်ကျက်လူကြီးဆန်တဲ့မောင်လေးကို ကျွန်မစိတ်မပူရတော့ပါဘူး..

ကျွန်မရဲ့မောင် (မြတ်နိုးတွယ်တာမှုတွေနဲ့ ချစ်ခြင်း)

စိတ်မြန်တဲ့ကျွန်မအတွက်တော့ တည်ငြိမ်အေးဆေးတဲ့မောင်က အဖော်ကောင်းပေါ့.. တစ်ခုခုဆို ဒေါသတကြီးနဲ့ သွေးပူလာတတ်တဲ့ကျွန်မကို ဖျောင်းဖျနှစ်သိမ့်တတ်တာ.. ကျွန်မစိတ်တိုလို့ အော်ဟစ်သမျှကို ဘာမှမတုန့်ပြန်ပဲ ငြိမ်ငြိမ်လေးနားထောင်နေတတ်တာ.. မောင်က ဖေဖေနဲ့တူပါတယ်.. ဘာကိုမဆို အေးအေးဆေးဆေးစဉ်းစားလွန်းလို့ တခါတခါတော့ စိတ်တိုင်းမကျဖြစ်မိတယ်.. ပြီးတော့ သူကကျွန်မနဲ့ဆန့်ကျင်ဘက်.. စာတွေကဗျာတွေကိုမချစ်တဲ့သူ.. စာဆိုရင် စုံထောက်စာအုပ်တွေလောက်ပဲ စိတ်ဝင်စားတဲ့သူ.. ကျွန်မရေးတဲ့စာတွေကဗျာတွေကိုလဲ လုံးဝမဖတ်တဲ့သူပေါ့.. တခါတလေအလုပ်ထဲမှာ ဒေါသဖြစ်ရတာတွေကို ကျွန်မက အားနဲ့မာန်နဲ့ပြောပြတတ်ပါတယ်.. သူကတော့ အင်းမလုပ်အဲမလုပ်နဲ့.. ပြောရတဲ့သူက အရူးကိုဖြစ်လို့.. ဘာပဲဖြစ်ဖြစ် ကျွန်မလုပ်ချင်ရာလုပ်ခွင့်ပေးထားလို့ ကြီးကြီးမားမားရန်ပွဲတော့ ခုထိမရှိသေးဘူးပေါ့.. စိတ်ဆိုးတဲ့အခါတိုင်း ကျွန်မထုရိုက်သမျှကို သီးခံပေးလို့ မောင့်ကိုကျေးဇူးတင်မိပါရဲ့..

ကျွန်မရဲ့တစ်ဦးတည်းသောချစ်သားလေး (အေးမြတဲ့မေတ္တာနဲ့ပေးဆပ်ခြင်းကိုဖော်ဆောင်တဲ့ချစ်ခြင်း)

သူကလေးဗိုက်ထဲမှာရှိနေပြီဆိုတာသိလိုက်ရတော့ ပျော်လိုက်တဲ့ဖြစ်ခြင်း.. နှစ်ဘက်ဖိုးဖိုးဖွားဖွားတွေအတွက် မြေးဦးလေးဆိုတော့ အားလုံးကလဲ ပျော်မှပျော်ပေါ့.. ယောက်ျားလေးဆိုတာသိရတော့ ပိုပျော်သွားတယ်.. ရဟန်းအမ ဖြစ်ခွင့်ရတော့မယ်ဆိုပြီးတော့လေ.. မွေးပြီးပြီးချင်း အန်တီခွာညိုချီလာပြတဲ့ သားသားမျက်နှာလေးများ ခုထိတောင်မြင်ယောင်နေတုန်း.. မျက်လုံးတစ်ဖက်ပဲ ပွင့်သေးတာလေ.. သားသားမျက်လုံးလေးတွေကို ကြည့်လိုက်တာနဲ့ သားသားဘာလိုချင်လဲဆိုတာ ကျွန်မသိတယ်.. ၆လသားလောက်ကတည်းက ကျွန်မနေမကောင်းရင် စိတ်ပူတဲ့မျက်လုံးလေးတွေနဲ့ ကြည့်တတ်တဲ့သားသားကို ကျွန်မသိပ်ချစ်တာပေါ့.. ခုတော့သားသားက လူလည်လေးဖြစ်နေပြီ.. မေမေ မေမေနဲ့လဲ ချွဲတတ်နေပြီ.. လိမ်မာတဲ့ကလေးလေးဖြစ်အောင်တော့ ဆုံးမပေးရမှာပေါ့.. မေမေ့စိတ်တိုင်းကျ လိမ်မာထက်မြက်တဲ့ ကောင်ကလေးတစ်ယောက်ဖြစ်လာမယ်လို့ မျှော်လင့်ထားပါရဲ့ သားလေးရယ်..

Tuesday, May 18, 2010

ကျန်းမာပျော်ရွှင် ဘ၀တွင်

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာကို လူတိုင်းလက်ခံကြမယ်ထင်ပါတယ်.. နေထိုင်မကောင်းဖြစ်ပြီဆို စိတ်ညစ်ကြရစမြဲမဟုတ်လား.. ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက်သည်လို့ ဆိုကြတဲ့အတိုင်း ကျန်းမာပျော်ရွှင်တဲ့ ဘ၀လေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုနေထိုင်စားသောက်သင့်တယ်ဆိုတာလေးကို မျှဝေချင်လို့ ဒီပို့စ်လေးကိုရေးလိုက်တာပါ.. ခုခောတ်မှာ လူတော်တော်များများ နှလုံးရောဂါတွေဖြစ်ကြ.. ကင်ဆာရောဂါ.. သွေးတိုးရောဂါ.. သွေးချိုဆီးချိုရောဂါ.. လေဖြတ်ခြင်း စတာတွေရဲ့ ဖိစီးခြင်းကို ခံကြရတာတွေ တွေ့လာရပါတယ်.. အဲဒါတွေကို ဘယ်လိုကာကွယ်ထားသင့်တယ်ဆိုတာလေး ဖတ်ကြည့်ရအောင်နော်..

ကျန်းမာပျော်ရွှင်တဲ့နေထိုင်မှုပုံစံဖြစ်ဖို့ အဓိက ထိန်းချုပ်သင့်တာ ၄ခုရှိပါတယ်..
၁။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ
၂။ စားသောက်မှုအလေ့အကျင့်
၃။ ဆေးလိပ်သောက်ခြင်း
၎။ စိတ်ဖိစီးမှု တို့ပဲပေါ့

၁။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ

စင်္ကာပူနိုင်ငံ Helath Promotion Board က Recommend လုပ်ထားတာကတော့ လူတစ်ယောက်ဟာ တစ်နေ့ကို နာရီဝက်နှုန်းနဲ့ တစ်ပတ်ကို အနည်းဆုံး ၅ကြိမ် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်.. ချွေးထွက်ပြီး ၀င်သက်ထွက်သက်ကို ခပ်ပြင်းပြင်းလေးရှူရလောက်တဲ့အထိ ပြင်းထန်ရင်အနေတော်ပါပဲတဲ့.. လေ့ကျင့်ခန်းလုပ်ခြင့်ကြောင့် နှလုံးနဲ့အဆုပ်တွေ အားကောင်းလာမယ်.. ပိုပြီးတက်ကြွရွှင်လန်းလာမယ်.. ကိုယ်ခန္ဓာအချိုးအစား ပိုပြီးကျနလှပလာမယ်.. စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလဲ တိုးတက်ကောင်းမွန်လာမယ်လို့ ဆိုပါတယ်..

လေ့ကျင့်ခန်းလုပ်ရာမှာ ဘေးအန္တရာယ်ကင်းစေဖို့ လိုက်နာသင့်တာလေးတွေကတော့..
က။ သင့်တော်ပြီး သက်တောင့်သက်သာရှိမယ့် အ၀တ်အစားတွေကို ၀တ်ဆင်ပါ
ခ။ သင့်လျော်သော အားကစားဖိနပ်စီးပါ
ဂ။ လေ့ကျင့်ခန်းမလုပ်မီနှင့်လုပ်အပြီး ရေသောက်ပါ
ဃ။ အစာစားပြီး အနည်းဆုံး ၂နာရီကြာမှ လေ့ကျင့်ခန်းလုပ်ပါ
င။ သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျှော့ခြင်းကို ၅မိနစ်ခန့်စီ ပြုလုပ်ပေးပါ
စ။ ဖြေးဖြေးခြင်းစပြီး တဖြေးဖြေးအရှိန်မြှင့်သွားပါ
ဆ။ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု အနာတရဖြစ်နေစဉ် လေ့ကျင့်ခန်းမလုပ်သင့်ပါ
ဇ။ ဖျားနာနေမကောင်းစဉ်တွင် လေ့ကျင့်ခန်းမလုပ်သင့်ပါ

လွယ်ကူထိရောက်တဲ့ လေ့ကျင့်ခန်းလေးတွေ ဥပမာပေးရရင် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကြိုးခုန်ခြင်း၊ လှေကားတက်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ပါပဲ..

၂။ စားသောက်မှုအလေ့အကျင့်



ပုံမှာပြထားတဲ့အတိုင်း ပိရမစ်ရဲ့ထိပ်ပိုင်းမှာရှိတာလေးတွေကို နည်းနည်းပဲစားသင့်ပါတယ်.. တနေ့တာကိုယ်စားမယ့်အစားအသောက်တွေကို ကြိုပြီးစဉ်းစားထားမယ်.. ကြိုစီစဉ်ထားတဲ့အတိုင်းလဲ စားမယ်ဆိုရင်တော့ အကောင်ဆုံးပါပဲ.. ကိုယ်ကြိုက်တာတစ်ခုတည်းကို အများကြီးမစားဘဲ အာဟာရစုံလင်စွာရအောင် အမျိုးမျိုးသော အစားအစာတွေကို အချင့်လေးနဲ့ စားသောက်သင့်ပါတယ်.. စင်္ကာပူမှာ လတ်တလောတိုက်တွန်းနေတာကတော့ "2 servings of fruits and 2 servings of vegetables a day" ပါတဲ့.. "one serving" ကိုဥပမာပေးရရင် အောက်ကပုံလေးတွေအတိုင်းပါပဲ..






၃။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါသည် ဆိုတာကို လူတိုင်းသိကြပါတယ်.. ဆေးလိပ်ကြောင့် အဆုပ်ကင်ဆာရောဂါ.. နှလုံးရောဂါ.. နာတာရှည်အဆုပ်ရောဂါ စတာတွေဖြစ်နိုင်ပါတယ်.. ဆေးလိပ်ဖြတ်လိုက်တာနဲ့ သင့်ခနာကိုယ်ဟာ အရင်ပျက်စီးခဲ့သမျှတွေကို စပြီးပြုပြင်ပေးပါလိမ့်မယ်.. ကျန်းမာခြင်းကို လိုလားသူတိုင်း ငွေကုန် ရောဂါရစေမယ့် ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကျဉ်သင့်ပါတယ်..

၎။ စိတ်ဖိစီးမှု

နေ့စဉ်လူမှုဘ၀ပတ်ဝန်းကျင်မှာ ကျင်လည်နေရသူတိုင်း စိတ်ဖိစီးမှုနဲ့ မကင်းနိုင်ကြပါဘူး.. အနည်းငယ်မျှသော စိတ်ဖိစီးမှုက သင့်ကို စိတ်လှုပ်ရှားမှုလေးတွေပေးပြီး သင့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တာမို့ ကောင်းတယ်လို့တောင်ဆိုနိုင်ပါသေးတယ်.. ဒါပေမယ့် စိတ်ဖိစီးမှုတွေ သိပ်များလာပြီဆိုရင် အချိန်ကြာကြာလဲခံစားနေရပြီဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်.. စိတ်ကျရောဂါ.. စိတ်ကစဉ့်ကလျားဖြစ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်.. အမြဲစိတ်တိုနေတတ်ပြီး မိသားစုနဲ့အဆင်မပြေတာတွေ မိတ်ဆွေတွေနဲ့ သဘောထားကွဲလွဲတာတွေလဲ ဖြစ်တတ်ပါတယ်.. စိတ်ဖိစီးမှုတွေများလာပြီဆို နှလုံးခုန်နှုန်းမြန်လာမယ်.. ကြောတွေတက်သလိုခံစားရမယ်.. အိပ်မပျော်ဘူးဖြစ်မယ်.. စားချင်သောက်ချင်စိတ်မရှိဖြစ်မယ်.. ဒါ့အပြင် ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မောပန်းနွမ်းနယ်နေခြင်း၊ အာရုံစူးစိုက်လို့မရခြင်းတွေ ဖြစ်လာတတ်ပါတယ်.. အဆိုးရွားဆုံးဆိုရင်တော့ နှလုံးရောဂါ စိတ်ရောဂါ စတာတွေ ဖြစ်လာနိုင်ပါတယ်..

ဘ၀မှာ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်.. မိမိကိုယ်ကို မြင်အောင်ကြည့်တတ်ဖို့လဲ အရေးကြီးပါတယ်.. လုပ်စရာရှိတာတွေကို အချိန်ဇယားလေးဆွဲပြီး ကြိုတင်ပြင်ဆင်ထားတတ်တာလဲ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါပဲ.. လေးလေးနက်နက်စဉ်းစားပြီးမှ ဆုံးဖြတ်တတ်ခြင်းက အမှားတွေနည်းစေပြီး ဆုံးဖြတ်ချက်များလို့ စိတ်ဖိစီးရတာကို လျော့ပါးစေမှာပါ.. အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေနေတတ်ခြင်းကလဲ စိတ်ဖိစီးမှုကင်းဝေးစေတဲ့ ဆေးတစ်ခွက်ပါပဲ.. နောက်အရေးကြီးတာတစ်ခုကတော့ ကိုယ့်အတွက်နဲ့ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ပေးခြင်းဖြစ်ပါတယ်.. ဘာကိုမဆို အကောင်းဖက်ကမြင်ကြည့်မယ်.. ကိုယ့်အနေအထားကိုယ့်ပတ်ဝန်းကျင်ကို ကျေနပ်နေတတ်မယ်.. ပြသနာတွေကို မျှဝေခံစား ဖြေရှင်းကြမယ်.. ကြင်နာတတ်မယ်.. ချစ်တတ်မယ်.. ယဉ်ကျေးသိမ်မွေ့မယ်ဆိုရင် စိတ်ဖိစီးမှုကင်းဝေးတဲ့ နေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်မှာပါ...

ကဲ.. အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ဘ၀လေး တည်ဆောက်နိုင်ကြပါစေနော်.. ကျွန်မသိသမျှလေးတွေကို မျှဝေချင်တာ သက်သက်ပါပဲ.. ဖတ်ပြီးလို့ အရင်ကမသိသေးတာတစ်ခုခု သိသွားတယ်ဆိုရင်ပဲ ရေးရကျိုးနပ်တယ်လို့ ခံယူထားပါတယ်..

Monday, May 10, 2010

အမေများနေ့နဲ့ကျွန်မရဲ့ကဗျာ

မနေ့က အမေများနေ့မှာ ကျွန်မဆုလေးတစ်ဆု ရခဲ့တယ်.. ဓါတ်တော်တိုက်ကျောင်းကလုပ်တဲ့ မိဘကျေးဇူး ဖော်ကျူးသီရာတေးကဗျာ ဆိုတဲ့ကဗျာပြိုင်ပွဲ ပထမဆုလေးပါ.. ကျွန်မဆုရတယ်ဆိုတာသိရတော့ ကျွန်မမေမေက အရမ်းကိုပျော်သွားပါတယ်.. ကာယကံရှင်ကျွန်မထက်တောင် ပိုပြီးပျော်နေတဲ့ မေမေပါ.. သူ့သူငယ်ချင်းတွေကိုလဲ ဖုန်းဆက်ပြီး ကြွားလိုက်ရတာအမောပေါ့.. အမေဆိုတာ ဒီလိုပါပဲလေ.. သားသမီးအတွက် ဂုဏ်ယူချင်တတ်ကြတာမို့လား.. ကျွန်မဆုရတဲ့ ငွေ ၁၀၀ ကို မေမေ့ကို ကန်တော့လိုက်တယ်.. ၀ယ်ချင်တာဝယ်ဆိုတော့ မျက်မှန်လေးလုပ်လိုက်မယ်တဲ့.. အမေများနေ့မှာ မေမေ့ကို ပျော်အောင်လုပ်ပေးနိုင်လိုက်တဲ့အတွက် ကျွန်မလဲ အရမ်းပျော်ရပါတယ်.. အဝေးရောက်ညီမလေးဆီက ပန်းစည်းလေးရောက်လာတော့ မေမေပိုပျော်သွားပုံရတယ်.. အဲဒီအတွက် ညီမလေးလဲ ကုသိုလ်တွေအများကြီးရမှာပါ..

ကျွန်မရဲ့ဆုရကဗျာလေးကတော့ သားလေးဖတ်ဖို့ တဲ့.. သားသားကို ပြောချင်တာလေးတွေကို ရင်ထဲရှိတဲ့အရင်းအတိုင်း ချရေးလိုက်တာပါပဲ.. ရေခြားမြေခြားမှာ မွေးဖွားကြီးပြင်းရမယ့် ကလေးတွေအားလုံးကို ရည်ရွယ်ပြီး.. ကိုယ့်လူမျိုး.. ကိုယ့်ဘာသာ.. ကိုယ့်ဓလေ့ကို မမေ့ကြဖို့.. ဗုဒ္ဓဘာသာ မြန်မာရယ်လို့ ဂုဏ်ယူတတ်ဖို့ ဆုံးမစာသဘောမျိုး ရေးထားတဲ့ ကဗျာလေးပါ.. ကျွန်မရဲ့ကဗျာလေးနဲ့အတူ အကဲဖြတ်အဖွဲ့ရဲ့ မှတ်ချက်ကလေးကိုပါ အမှတ်တရ တင်လိုက်ပါတယ်.. မျှဝေခံစားပေးကြပါနော်..

သားလေးဖတ်ဖို့

သားလေးငယ်ငယ်
အသိမကြွယ်သေးတဲ့အရွယ်လေးမို့
မေမေပြောမယ်….နားထောင်ကွယ်..

တကယ်ဆို ဒီအရပ်မှာ
မေမေတို့က ဧည့်သည်…
အချိန်တန်ရင် အိမ်ပြန်ရမယ်..

ဒီအရပ်ကရေက ပိုကြည်
ဒီမြေပေါက်မြက်က ပိုနုသမို့
စားကျက်ဒီကိုရွှေ့ခဲ့ရလည်း
မေ့မနေသင့်တာက..ဒို့ဟာ…မြန်မာ

ဓာတ်ခံစရိုက်တွေအဖုံဖုံ
ယဉ်ကျေးမှုတွေက အမျိုးမျိုး
ကိုးကွယ်တဲ့ဘာသာတွေ ကွဲလွဲတဲ့
အထိုထိုလူမျိုးစုတွေထဲ
သင့်သလိုလိုက်လျောနေရလဲ
မေ့မနေသင့်တာက…
ဒို့ကိုးကွယ်တာ…ဗုဒ္ဓဘာသာ


ဆိုဆုံးမတဲ့မိဘစကား
နာယူလို့ မှတ်သားတတ်ရမယ်
မိဘတွေ အိုမင်းလို့မစွမ်းရင်
အိမ်ဦးခန်းမှာထား ပြုစုတတ်ရမယ်
အဲဒါဟာ …….ဒို့ ဓလေ့ပေါ့…


ဆုံးမတဲ့မိဘကို ရဲစခန်းတိုင်
အိုမင်းမစွမ်းလို့ နွမ်းတဲ့အခါ လူအိုရုံပို့
အသို့သို့သော ဓလေ့စရိုက်တွေ
မေ့မေ့သားလေးကိုလွှမ်းမိုး
သွမ်းဆိုးတဲ့သားငယ်လေးအဖြစ်တော့
မေမေ…မမြင်ပါရစေနဲ့နော်…

အနန္တငါးပါး ဦးထိပ်မှာထား
သီလငါးသွယ် ပုဆိုးသဖွယ်ဝတ်
(၃၈)ဖြာ မင်္ဂလာ တရားတွေ လက်ကိုင်စွဲရင်း
အပြောကျယ်တဲ့လောကအလယ်မှာ
“ဗုဒ္ဓဘာသာ…..မြန်မာ”ရယ်လို့
ဂုဏ်ယူတတ်စမ်းပါ…သားလေးရယ်…


ပွင့်မြူးဇင်ရဲ့“သားလေးဖတ်ဖို့” ကဗျာသည် အလွန်အတွေးအခေါ်ကောင်းသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်၊ နိုင်ငံခြားရောက်သားသ္မီးများအတွက် လက်တွေ့ဘ၀အခြေအနေများနဲ့ အနီးစပ်ဆုံး ပြောဆိုဆုံးမသွား သည့်အမေ့ရဲ့ဆုံးမစကား၊ ကဗျာတစ်ပုဒ်လို့ဆိုလိုချင်ပါသည်။
ခေတ်သား/သ္မီးများ နိုင်ငံခြားမှာလာရောက်နေထိုင် ပညာရှာ/စီးပွားရှာ နေရသော်လည်း၊ ကိုယ့်လူမျိုးနဲ့ ကိုယ့် တိုင်းပြည်ကို အမြဲတန်းသတိရဖို့နဲ့ မျိုးချစ်စိတ်ဓာတ်ရှိဖို့ကိုလဲ အပိုဒ်(၃)က ဖော်ပြထားပါသည်၊နိုင်ငံတိုင်း- မှာ ကိုးကွယ်သည့်ဘာသာ၊ လူမျိုးစု၊ ဓလေ့စရိုက်နှင့် ယဉ်ကျေးမှုတွေ အမျိုးမျိုးအဖုံဖုံတွေရှိခဲ့ကြပါသည်၊ ကိုယ့်ဘာသာ၊ကိုယ့်ဓလေ့နှင့် ယဉ်ကျေးမှုများပျောက်ခဲ့ရင် “ လူမျိုး” ပါပျောက်သွားနိုင်သောကြောင့် ကိုယ့်ဘာသာ၊ကိုယ့်ဓလေ့နှင့် ယဉ်ကျေးမှုများကို အမြဲတမ်းသတိရအောင့်မေ့ဖို့ကိုလည်း အပိုဒ် (၄)က ဖော်ကျုးထားပါသည်။
အထက်ပါ အပိုဒ် (၃)နှင့် (၄)သည် ခေတ်သား/သ္မီးအတွက် လောကီရေးရာနှင့်ဆိုင်ရာကို စပ်ဆိုခဲ့ခြင်း ဖြစ်ပါသည်၊ ထို့ပြင် ကျေးဇူးရှင်မိဘနှစ်ပါးရဲ့ဆုံးမစကားကို အမြဲနာယူ လိုက်နာတတ်ဖို့နှင့် မိဘများကို သက်ဆုံးတိုင်စောက်ရှောက်သည့်ဓလေ့ကို အပိုဒ် (၅)က စပ်ဆိုထားပါသည်။
ခေတ်သား/သ္မီးများအား နိုင်ငံခြားဆိုသော ကိုယ့်တိုင်းပြည်ထက် ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာ တဖြည်းဖြည်းဆုတ်ယုတ်သွားသည့် အခြေအနေများကို သိရှိစေရန် အပိုဒ် (၆)သည် မီးမောင်းထိုးပြထားပါသည်။
ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှုမေ့ပျောက်ခဲ့သော် ဆိုးသွမ်းတဲ့ သား/သ္မီးဖြစ်သွားနိုင် ကြောင်းနှင့် လိမ္မာရေးခြားရှိသော သားကောင်း သ္မီးကောင်းဖြစ်ရန်နှင့် ကမ္ဘာမှာ “မြန်မာ”ရယ်လို့ ဂုဏ်ယူကာနေနိုင်ရန် ဘာသာရေးကိုင်းရှိုင်းစွာဖြင့် ဘုရားဟောအတိုင်း ကျင့်ကြံတတ်ဖို့၊ နေထိုင်တတ်ဖို့အပြင် မျိုးချစ်စိတ်ဓာတ်ရှိဖို့ကိုပါ ညွှန်ပြစပ်ဆိုထားသောကြောင့် လူငယ်များ လောကီ လောကုတ္တရာ နှစ်ဖြာ အကျိုးရှိစေသည့်အတွက် ဤကဗျာလေးကို ကြိုက်နှစ်သက်မိပါသည်။

Friday, April 30, 2010

အညာမြေ တမာလမ်းက ရွှေညာသူအလွမ်း

၂၀၀၆ခုနှစ် ဧပြီလ

ပူလောင်ပြင်းရှတဲ့ နွေနံနက်စောစောကြီးမှာ လေအေးစက်တ၀က်တပျက်သာပါတဲ့ ကားကြီးစီးလို့ အညာမြေကိုခရီးထွက်ခဲ့တယ်.. လမ်းမှာကားကပျက်သေးတော့ အညာကိုဝင်တဲ့အချိန်က နေ၀င်ရီတရောပေါ့.. ကျွန်မရဲ့ပထမဆုံး အညာမြေခရီးမို့ မြင်သမျှတွေ့သမျှ အထူးအဆန်းတွေချည်းပါပဲ.. ညနေစောင်းတာတောင် တံလျှပ်တွေထနေဆဲမြေက နေ့လယ်ခင်းဆို ဘယ်လောက်တောင်ပူလိုက်မလဲ.. ကားလမ်းနံဘေးက ကွင်းပြင်ကျယ်တွေထဲမှာ ခြောက်သယောင်းနေတဲ့မြက်ပင်ရှည်ဝါ၀ါတွေ အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ခြောက်ပင်ကြီးတွေက တကယ့်ကိုလွမ်းချင်စရာ..

“နှစ်ပြောင်းလရှည် ကြာခဲ့ပြီမောင်ရေ..
ငယ်ကကျွမ်းလို့လဲ လွမ်းရပါတယ်လေ..
ဒါကြောင့်သာပဲလေ.. မောင်နဲ့နှစ်ယောက်သားတွေ့ရာ..
အညာကတမာလမ်းလေးတွေ..
မောင်ရေမောင်ရေ.. ပြေးကြည့်မိလေတော့..
တမာတွေဆယ်ကြိမ်ဖူး နှစ်ဦးခွဲခွာ
ဆယ်လီနှစ်များ ကြာခဲ့ပြီမောင်ရေ..”

ကားကက်ဆက်ကလွင့်လာတဲ့သီချင်းသံနဲ့ ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းက တကယ့်ကိုအချိန်ကိုက်.. လမ်းတစ်ဖက်တချက်မှာ တမာပင်တွေက အုပ်ဆိုင်းလို့.. လမ်းကိုတောင် ပေါင်းမိုးလေးလို အုပ်မိုးပေးထားလိုက်သေးရဲ့.. ပြတင်းတံခါးကိုဖွင့်မိလိုက်တော့ တမာနံ့သင်းသင်းလေးက တိုးဝင်လာတယ်.. ရင်ထဲကိုအေးသွားတာပဲ.. နွေခေါင်ခေါင်ကြီးထဲမှာမှ ပွင့်တတ်တဲ့တမာပန်းလေးတွေရဲ့အားမာန်ကို လေးစားသွားမိတယ်.. တဆက်တည်းတွေးမိတာက သီချင်းထဲကအညာသူလေးရဲ့ခံစားချက်.. ဆယ်နှစ်ကြာခွဲခွာနေရတဲ့ချစ်သူကို လွမ်းနေလေတဲ့ သူမရဲ့အလွမ်း.. တမာလမ်းမှာတွေ့နေကျမို့ တမာပင်တွေမြင်တိုင်း လွမ်းနေရတော့မယ့် သူမရဲ့ဖြစ်အင်..

“တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ
အညာမြေကိုမေ့လို့လား အညာသူလေးကိုမေ့လို့လား
ကွဲကွဲပြားပြားပြောပါမောင်ရေ..
ရွှေစည်းခုံစေတီအပါးမှာ မောင့်သက်ထားချစ်သက်ဝေ
နံသာပျားထုံ တူစုံယှဉ်လျှက် လှူချင်ပါတယ်လေ..
ဒီဆုချွေထား တောင်းတိုင်းပြည့်စေသားလို့
မြတ်ဘုရားထံ ဆုပန်ဆုပန်ချွေ”

သူမရဲ့ချစ်သူက တမာတောမှာပျော်ပါတယ်တဲ့.. ပျော်တယ်ဆိုပြီးတောင် ဆယ်နှစ်ဆယ်မိုးပြန်မလာခဲ့တဲ့သူက လှည့်စားတတ်တဲ့သူမျိုးလား.. သူမ အညာမိခဲ့လေသလား.. ချစ်သူနဲ့အတူယှဉ်တွဲလို့ ဘုရားမှာပန်းနံသာကပ်လှူချင်လို့ တောင်းထားတဲ့သူမဆုတောင်းလေးရော.. ပြည့်နိုင်ပါ့မလား.. ပြည့်စေချင်ပါရဲ့အညာသူလေးရယ်..

“မောင့်အပေါ်ထားတဲ့မေတ္တာရေ တမာတောမှာရွာသည့်မိုးနှယ်
မေတ္တာမိုးပြေး.. မဟုတ်ပါမောင်ရေ..
အချစ်မိုးအုံ့ပျံ့ အတောမသတ်အောင်ရွာသည့်အလား
မောင့်အသည်းပြင်ဝယ်.. ချစ်မိုးစွေချင်ပါပေ..
မောင်ပြန်လာမယ့်ရက်တွေ ချိုးရေတွက်သော်
တွက်သည့်ရက်များ အခက်သားရှင်ရေ..
မြောက်လေပြေသွေးပြန်တော့ နှင်းပွင့်ကိုစေ..
ရွှေမင်းဝံ ဟိုတောင်ရိုးဆီက သစ္စာထားခဲ့ကြတဲ့ လွမ်းစေတီကိုလေ
ဆောင်းညတိုင်းသတိရနေ..
သဇင်တွေပွင့်ပြီမောင်ရေ.. မောင်ပြန်ချိန်ဖြင့် သင့်ပြီထင်တယ်လေ..”

တမာတောမှာကတော့ မိုးပြေးလေးပဲ ရွာတတ်သတဲ့.. သူမရဲ့မေတ္တာကဖြင့် အုံ့အုံ့မှိုင်းမှိုင်း အတောမသတ်စွေရွာတတ်တဲ့မိုးလိုပါပဲတဲ့လေ.. ချစ်သူပြန်လာမယ့်ရက်ကို လက်ချိုးရေတွက်နေတဲ့သူမကို သနားမိတယ်.. မြောက်လေအေးတွေတိုက်ခတ်တဲ့ ဆောင်းတညထဲ လွမ်းစေတီမှာ သစ္စာထားခဲ့ဖူးတယ်ဆိုရဲ့.. သဇင်တွေတောင်ပွင့်နေပြီမို့ ပြန်လာဖို့ သင့်ပါပြီတဲ့.. အညာသူတွေက တကယ်ပဲအချစ်ကြီးချစ်တတ်သလား.. ဆယ်နှစ်ဆယ်မိုး သစ္စာရှိရှိနဲ့ ချစ်သူကိုလွမ်းနေရတဲ့ သူမရဲ့မေတ္တာက ထုထည်ကြီးမားခိုင်မာလှပါလား.. သစ္စာရှင်မလေးကို သူမချစ်သူနဲ့ မြန်မြန်ပြန်ဆုံစေချင်မိတယ်..

သီချင်းနားထောင်ရင်း ပတ်ဝန်းကျင်ကိုမေ့နေတဲ့ ကျွန်မ.. သတိပြန်ဝင်လာတဲ့အချိန်မှာ တော်တော်တောင်မှောင်နေပြီ.. ကျွန်မစီးလာတဲ့ကားကြီးကလည်း ကျွန်မတို့တည်းခိုမယ့်ဘုန်းကြီးကျောင်းထဲကိုတောင် ချိုးကွေ့ဝင်နေပြီ.. ကျွန်မရဲ့ပထမဆုံးအညာမြေခရီးမှာ ကြုံခဲ့ရတဲ့ အညာမြင်ကွင်းတွေနဲ့ တမာလမ်းသီချင်းလေးကိုတော့ အမြဲအမှတ်ရနေဦးတော့မှာပါပဲ.. ချစ်သူတိုင်း စုံစည်းပေါင်းဖက်နိုင်ကြပါစေလေ...


(မက်မက်ရဲ့ ကံစမ်းမဲနံပါတ် ၂၅ပါ.. အာဘွား ၂သိန်းယူပြီးသွားပါပြီ မက်မက်ရေ..)