Monday, May 10, 2010

အမေများနေ့နဲ့ကျွန်မရဲ့ကဗျာ

မနေ့က အမေများနေ့မှာ ကျွန်မဆုလေးတစ်ဆု ရခဲ့တယ်.. ဓါတ်တော်တိုက်ကျောင်းကလုပ်တဲ့ မိဘကျေးဇူး ဖော်ကျူးသီရာတေးကဗျာ ဆိုတဲ့ကဗျာပြိုင်ပွဲ ပထမဆုလေးပါ.. ကျွန်မဆုရတယ်ဆိုတာသိရတော့ ကျွန်မမေမေက အရမ်းကိုပျော်သွားပါတယ်.. ကာယကံရှင်ကျွန်မထက်တောင် ပိုပြီးပျော်နေတဲ့ မေမေပါ.. သူ့သူငယ်ချင်းတွေကိုလဲ ဖုန်းဆက်ပြီး ကြွားလိုက်ရတာအမောပေါ့.. အမေဆိုတာ ဒီလိုပါပဲလေ.. သားသမီးအတွက် ဂုဏ်ယူချင်တတ်ကြတာမို့လား.. ကျွန်မဆုရတဲ့ ငွေ ၁၀၀ ကို မေမေ့ကို ကန်တော့လိုက်တယ်.. ၀ယ်ချင်တာဝယ်ဆိုတော့ မျက်မှန်လေးလုပ်လိုက်မယ်တဲ့.. အမေများနေ့မှာ မေမေ့ကို ပျော်အောင်လုပ်ပေးနိုင်လိုက်တဲ့အတွက် ကျွန်မလဲ အရမ်းပျော်ရပါတယ်.. အဝေးရောက်ညီမလေးဆီက ပန်းစည်းလေးရောက်လာတော့ မေမေပိုပျော်သွားပုံရတယ်.. အဲဒီအတွက် ညီမလေးလဲ ကုသိုလ်တွေအများကြီးရမှာပါ..

ကျွန်မရဲ့ဆုရကဗျာလေးကတော့ သားလေးဖတ်ဖို့ တဲ့.. သားသားကို ပြောချင်တာလေးတွေကို ရင်ထဲရှိတဲ့အရင်းအတိုင်း ချရေးလိုက်တာပါပဲ.. ရေခြားမြေခြားမှာ မွေးဖွားကြီးပြင်းရမယ့် ကလေးတွေအားလုံးကို ရည်ရွယ်ပြီး.. ကိုယ့်လူမျိုး.. ကိုယ့်ဘာသာ.. ကိုယ့်ဓလေ့ကို မမေ့ကြဖို့.. ဗုဒ္ဓဘာသာ မြန်မာရယ်လို့ ဂုဏ်ယူတတ်ဖို့ ဆုံးမစာသဘောမျိုး ရေးထားတဲ့ ကဗျာလေးပါ.. ကျွန်မရဲ့ကဗျာလေးနဲ့အတူ အကဲဖြတ်အဖွဲ့ရဲ့ မှတ်ချက်ကလေးကိုပါ အမှတ်တရ တင်လိုက်ပါတယ်.. မျှဝေခံစားပေးကြပါနော်..

သားလေးဖတ်ဖို့

သားလေးငယ်ငယ်
အသိမကြွယ်သေးတဲ့အရွယ်လေးမို့
မေမေပြောမယ်….နားထောင်ကွယ်..

တကယ်ဆို ဒီအရပ်မှာ
မေမေတို့က ဧည့်သည်…
အချိန်တန်ရင် အိမ်ပြန်ရမယ်..

ဒီအရပ်ကရေက ပိုကြည်
ဒီမြေပေါက်မြက်က ပိုနုသမို့
စားကျက်ဒီကိုရွှေ့ခဲ့ရလည်း
မေ့မနေသင့်တာက..ဒို့ဟာ…မြန်မာ

ဓာတ်ခံစရိုက်တွေအဖုံဖုံ
ယဉ်ကျေးမှုတွေက အမျိုးမျိုး
ကိုးကွယ်တဲ့ဘာသာတွေ ကွဲလွဲတဲ့
အထိုထိုလူမျိုးစုတွေထဲ
သင့်သလိုလိုက်လျောနေရလဲ
မေ့မနေသင့်တာက…
ဒို့ကိုးကွယ်တာ…ဗုဒ္ဓဘာသာ


ဆိုဆုံးမတဲ့မိဘစကား
နာယူလို့ မှတ်သားတတ်ရမယ်
မိဘတွေ အိုမင်းလို့မစွမ်းရင်
အိမ်ဦးခန်းမှာထား ပြုစုတတ်ရမယ်
အဲဒါဟာ …….ဒို့ ဓလေ့ပေါ့…


ဆုံးမတဲ့မိဘကို ရဲစခန်းတိုင်
အိုမင်းမစွမ်းလို့ နွမ်းတဲ့အခါ လူအိုရုံပို့
အသို့သို့သော ဓလေ့စရိုက်တွေ
မေ့မေ့သားလေးကိုလွှမ်းမိုး
သွမ်းဆိုးတဲ့သားငယ်လေးအဖြစ်တော့
မေမေ…မမြင်ပါရစေနဲ့နော်…

အနန္တငါးပါး ဦးထိပ်မှာထား
သီလငါးသွယ် ပုဆိုးသဖွယ်ဝတ်
(၃၈)ဖြာ မင်္ဂလာ တရားတွေ လက်ကိုင်စွဲရင်း
အပြောကျယ်တဲ့လောကအလယ်မှာ
“ဗုဒ္ဓဘာသာ…..မြန်မာ”ရယ်လို့
ဂုဏ်ယူတတ်စမ်းပါ…သားလေးရယ်…


ပွင့်မြူးဇင်ရဲ့“သားလေးဖတ်ဖို့” ကဗျာသည် အလွန်အတွေးအခေါ်ကောင်းသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်၊ နိုင်ငံခြားရောက်သားသ္မီးများအတွက် လက်တွေ့ဘ၀အခြေအနေများနဲ့ အနီးစပ်ဆုံး ပြောဆိုဆုံးမသွား သည့်အမေ့ရဲ့ဆုံးမစကား၊ ကဗျာတစ်ပုဒ်လို့ဆိုလိုချင်ပါသည်။
ခေတ်သား/သ္မီးများ နိုင်ငံခြားမှာလာရောက်နေထိုင် ပညာရှာ/စီးပွားရှာ နေရသော်လည်း၊ ကိုယ့်လူမျိုးနဲ့ ကိုယ့် တိုင်းပြည်ကို အမြဲတန်းသတိရဖို့နဲ့ မျိုးချစ်စိတ်ဓာတ်ရှိဖို့ကိုလဲ အပိုဒ်(၃)က ဖော်ပြထားပါသည်၊နိုင်ငံတိုင်း- မှာ ကိုးကွယ်သည့်ဘာသာ၊ လူမျိုးစု၊ ဓလေ့စရိုက်နှင့် ယဉ်ကျေးမှုတွေ အမျိုးမျိုးအဖုံဖုံတွေရှိခဲ့ကြပါသည်၊ ကိုယ့်ဘာသာ၊ကိုယ့်ဓလေ့နှင့် ယဉ်ကျေးမှုများပျောက်ခဲ့ရင် “ လူမျိုး” ပါပျောက်သွားနိုင်သောကြောင့် ကိုယ့်ဘာသာ၊ကိုယ့်ဓလေ့နှင့် ယဉ်ကျေးမှုများကို အမြဲတမ်းသတိရအောင့်မေ့ဖို့ကိုလည်း အပိုဒ် (၄)က ဖော်ကျုးထားပါသည်။
အထက်ပါ အပိုဒ် (၃)နှင့် (၄)သည် ခေတ်သား/သ္မီးအတွက် လောကီရေးရာနှင့်ဆိုင်ရာကို စပ်ဆိုခဲ့ခြင်း ဖြစ်ပါသည်၊ ထို့ပြင် ကျေးဇူးရှင်မိဘနှစ်ပါးရဲ့ဆုံးမစကားကို အမြဲနာယူ လိုက်နာတတ်ဖို့နှင့် မိဘများကို သက်ဆုံးတိုင်စောက်ရှောက်သည့်ဓလေ့ကို အပိုဒ် (၅)က စပ်ဆိုထားပါသည်။
ခေတ်သား/သ္မီးများအား နိုင်ငံခြားဆိုသော ကိုယ့်တိုင်းပြည်ထက် ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာ တဖြည်းဖြည်းဆုတ်ယုတ်သွားသည့် အခြေအနေများကို သိရှိစေရန် အပိုဒ် (၆)သည် မီးမောင်းထိုးပြထားပါသည်။
ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှုမေ့ပျောက်ခဲ့သော် ဆိုးသွမ်းတဲ့ သား/သ္မီးဖြစ်သွားနိုင် ကြောင်းနှင့် လိမ္မာရေးခြားရှိသော သားကောင်း သ္မီးကောင်းဖြစ်ရန်နှင့် ကမ္ဘာမှာ “မြန်မာ”ရယ်လို့ ဂုဏ်ယူကာနေနိုင်ရန် ဘာသာရေးကိုင်းရှိုင်းစွာဖြင့် ဘုရားဟောအတိုင်း ကျင့်ကြံတတ်ဖို့၊ နေထိုင်တတ်ဖို့အပြင် မျိုးချစ်စိတ်ဓာတ်ရှိဖို့ကိုပါ ညွှန်ပြစပ်ဆိုထားသောကြောင့် လူငယ်များ လောကီ လောကုတ္တရာ နှစ်ဖြာ အကျိုးရှိစေသည့်အတွက် ဤကဗျာလေးကို ကြိုက်နှစ်သက်မိပါသည်။

3 comments:

တောသားလေး said...

အစ်မ အမေများနေ့ ဆုရ ကဗျာလေးကိုလာဖတ်သွားပါ
တယ်ခင်ဗျာ။ အစ်မ တို့မိသားစုအားလုံးပျော်ရွင်ချမ်းမြေ့
ပါစေ။
ခင်မင်လျှက်
တောသားလေး

ဧပရယ်လ်ပူး@ပူးတေ said...

သူငယ်ချင်းရေ...

အရမ်းကို အဓိပ္ပာယ်ပြည့်ဝပြီး တန်ဖိုးရှိတဲ့ ကဗျာကောင်းလေးတပုဒ်ပါပဲ.... ဆုရတာဝမ်းသာတယ်နော်.... အန်တီဝမ်းသာတယ်ဆိုလို့လဲ ထပ်ပြီးဝမ်းသာမိပါတယ်... နောက်လဲ ဒီလိုမျိုး ကဗျာလေးတွေ ရေးဦးနော်.... အားပေးနေမယ်...
သူငယ်ချင်းက သူငယ်ချင်း မေမေ့အတွက် သမီးကောင်းတယောက်ဖြစ်သလို မိဘကျေးဇူးသိတတ်တဲ့ သားလိမ္မာလေးရဲ့ စံပြမိခင်ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....

May Lay said...

မြူးမြူးရေ...အရမ်းဝမ်းသာတယ်သိလား...
ငါလည်းထပ်တူခံစားရတယ်...ကဗျာလေးက ငါမပြန်ခင်က နင်ရေးပြီး ပြတဲ့ ကဗျာလေး မဟုတ်လား
အဲဒီကတည်းက အရမ်းကြိုက်တယ်...ဆုရတယ်ဆိုတော့
ဂုဏ်ယူပါတယ်....အားပေးနေပါတယ်..မြူးရေ...