Wednesday, April 7, 2010

ကျွန်တော့်ရည်မှန်းချက် တွေးလျှက်နဲ့ မောသည်မောသည်

သားသားကိုယ်ဝန်စရှိကတည်းက ၀လာလိုက်တာ ခုသားသားတောင် ၁၅လကျော်နေပြီ.. နည်းနည်းမှကိုပြန်မပိန်တော့ဘူးလေ.. အစားအသောက်ကလည်းမလျှော့နိုင်တော့ ပိုဆိုးပေါ့.. အရင်က ပေါင်၁၃၀၀န်းကျင်ပဲအမြဲရှိခဲ့ရာ ခုပေါင်၁၅၀ကျော်ဆိုတော့ လူကပုံပျက်နေပါပြီ.. ၅ပေ၅လက်မရှိတဲ့ အရပ်ကလေးသာမကယ်ရင် ရာဝင်အိုးပုံဖြစ်နေလောက်ပြီ.. ခုလည်းသိပ်မထူးပါဘူး.. ရာဝင်အိုးမဟုတ်ပေမယ့် ကတ္တရာပုံးလောက်တော့ ဖြစ်နေပါပြီ... မိန်းမတွေများ ၀ပြီဆို ဗိုက်ကပူခါးကတုတ်ပြီး အင်မတန်ရုပ်ဆိုးတော့တာကိုး.. တနေ့တနေ့ ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီး စိတ်ဆင်းရဲနေရတော့တာပေါ့..

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က စလုံးအစိုးရကနေ စီစဉ်တဲ့ Lose To Win ဆိုတဲ့ Programme ထဲလဲ ၀င်ပါလိုက်သေးတယ်.. တစ်ပတ်ကို နှစ်ရက် လေ့ကျင့်ခန်းတွေလုပ်.. နေထိုင်စားသောက်ပုံနဲ့ပတ်သတ်တဲ့ ဟောပြောပွဲတွေသွားတက်နဲ့.. လေ့ကျင့်ခန်းကလဲ ပင်ပန်းသလားမမေးပါနဲ့.. နေပူကျဲကျဲကွင်းပြင်ထဲ ဟိုပြေးဒီလွှား ဟိုခုန်ဒီပေါက်.. ထိုင်ထတွေလုပ်ခိုင်း.. ဒိုက်တွေထိုးခိုင်းနဲ့.. သေချင်စော်ကိုနံရောဆိုပါတော့.. ပိန်လားဆိုတော့ မပိန်ပါဘူး.. အဆီပမာဏလျော့သွားပြီး Fitness Level တော့တက်လာတယ်ပေါ့.. တလောက အကြောတွေခဏခဏတက် ခေါင်းတွေကိုက်နဲ့ဖြစ်နေရာက လက်ပျဉ်တနေရာမှာ ထုံနေတာကိုသတိထားမိပါတယ်.. ဆရာဝန်သွားပြတော့ အကြောကြောင့်ဖြစ်တာတဲ့.. ဆေးတွေပေးပါတယ်.. ၀ိတ်လျှော့ဖို့လဲ အလေးအနက်ကို တိုက်တွန်းပါတော့တယ်.. ရှိသင့်တာထက် ၁၀ကီလိုလောက်ပိုနေပါတယ်တဲ့.. ဘုရားရေ.. ၁၀ကီလိုဆိုတော့ ၂၂ပေါင်ပေါ့.. ၀ိတ်မလျှော့နိုင်ရင် ခုလိုပဲခဏခဏ မအီမသာဖြစ်နေရဦးမှာပဲလို့လဲ ပိသာလေးနဲ့ ပစ်ထဲ့လိုက်ပါသေးတယ်..

ခုတော့ကျွန်မပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ပါပြီ.. ပိန်မှကိုဖြစ်မယ်လို့.. Target လဲထားထားပါတယ်.. တစ်လကြာရင် ၃ကီလိုလျော့သွားအောင်လုပ်မယ်လို့... ၁၀ကီလိုလျော့ဖို့ အနည်းဆုံး ၃လတော့လိုမှာပေါ့.. နည်းကတော့ အစားလျှော့တဲ့နည်းရယ်.. လေ့ကျင့်ခန်းနည်းနည်းရယ်.. ကိရိယာအကူအညီရယ်ပေါ့... ကျွန်မပိန်ချင်တယ်ဆိုတာ အဓိကဗိုက်ပိန်ချင်တာပါ.. ရှိသမျှအဆီက ဗိုက်မှာစုနေသလားထင်ရတာမို့လား.. အစားအသောက်အနေနဲ့ ဆီနဲ့အဆီများတဲ့အစားအစာတွေကို လုံးဝရှောင်ပါမယ်.. ထမင်းကိုလဲ လက်ရှိစားနေတာရဲ့ ထက်ဝက်ပဲ စားပါမယ်.. ညနေစာကို ထမင်းလုံးဝမပါပဲ ဟင်းသီးဟင်းရွက်တွေကို ပြုပ်ပြီးသုပ်ပြီးစားပါမယ်.. ကြွပ်နေအောင်ကြော်ထားတဲ့ ဆီကြော်စာတွေကို လုံးဝစွန့်လွှတ်ရပါတော့မယ်..

လေ့ကျင့်ခန်းကတော့ များများမလုပ်နိုင်ပါဘူး.. မနက်အစောကြီးတက်ရတဲ့အလုပ်နဲ့ဆိုတော့ ညနေပြန်ရောက်မှပဲ အချိန်နဲနဲရပါတယ်.. သားသားနဲ့ကစားရင်း တိုက်အောက်က အားကစားကွင်းမှာ ခါးလှည့်တာ စက်ဘီးစီးတာ ခြေလွှဲတာလောက်လေးပဲလုပ်နိုင်မှာပေါ့..

အကူအညီအနေနဲ့သုံးမယ့် ကိရိယာအတွက်တော့ မီးမီးချစ် ကိုကျေးဇူ:တင်တယ်လို့ ပြောချင်ပါတယ်.. သူ့ပို့စ်လေးကိုဖတ်ပြီး ကျွန်မ Slendertone လို့ခေါ်တဲ့ခါးပတ် သွားဝယ်ဖြစ်ပါတယ်.. သုံးကြည့်တော့ တော်တော်လေးထိရောက်တာတွေ့ရတယ်လေ.. သူက ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးတဲ့သဘောဆိုတော့ ထိရောက်တာပေါ့.. သူ့ကိုပတ်ထားပြီး အလုပ်ရှိရင်လုပ်နေလို့ရသေးတော့ တော်တော်အဆင်ပြေတယ်.. အိပ်နေရင်းပတ်ထားရင်လဲ ရတယ်တဲ့.. User Manual ထဲမှာ တလစာအတွက် ပေးထားတဲ့ဇယားလေးလဲပါတယ်.. ပြင်းအားကိုတဖြေးဖြေးတိုးသွားတာမျိုးပေါ့.. သူက Osim လိုမျိုးတုန်နေတာမဟုတ်ဘူး.. ကြွက်သားတွေကို ဆွဲကျုံ့ပေးတာဆိုတော့ လုပ်ပြီးနောက်တစ်ရက်ဆို နဲနဲတော့နာပါတယ်.. Osim ကိုလဲသုံးဖူးပါတယ်.. သုံးပြီးတိုင်း အသားတွေယားကျန်ခဲ့တာကို မခံနိုင်လို့ဆက်မသုံးဖြစ်တော့ဘူး.. Slendertone နဲ့တော့အဆင်ပြေနေပါတယ်.. စလုံးငွေ ၃၈၈ ပေးရပါတယ်..

ကဲ မောင်နှမတွေထဲကရော ပိန်ချင်တဲ့သူရှိရင် ပူးပေါင်းကြရအောင်လား.. လှချင်တာထက် ကျန်းမာရေးအတွက်ကိုလိုအပ်နေတာမို့ ကျွန်မအစွမ်းကုန်ကြိုးစားပါတော့မယ်.. ဒီလောက်ကြိုးစားလို့မှ မပိန်ဘူးဆိုရင်တော့ ဒွတ်ခပါပဲနော်......

7 comments:

မေဇင် said...

မမရေ..ကျားယို........။ နောင့် လဲ ပိန်ချင်တယ်...နောင့် က osim ၀ယ်ပြီးသွားပြီ.....ဒါပေမယ့် ပါတ်ထားပြီး အသားတွေတုန်ပြီးရင်လဲ ဘာမှ မဖြစ်ဘူး...(ဥပမာ ယားတာ..၊ အန်ချင်တာ) ..ဒါပေမယ့် ပိန်လဲ ထူးမပိန်ဘူး ဟိ...၀ယ်ထားတာ 2 ပါတ်ပဲရှိသေးတာကိုး...အဲ့ဒါ ၀ယ်ပြီးမှ စားတာကလဲ အရင်ထက် 2 ဆလောက်ရှိမယ်...သူ့ အားကိုးနဲ့ စားတာလေ...။ ကိုယ့်ဘာသာ စားချင် သောက်ချင်စိတ်ကို မထိန်းနိုင်ဘူး ဖြစ်နေတယ်...ဘယ်လို လုပ်ရမလဲ မသိဘူး.း))

Unknown said...

Pwint Myuu...I recommend you "yoga" exercises, it really makes you healthy, fit and beautiful. You have to be patient though, it will take more than 6 months for the desired effect.

Thiri

ဧပရယ်လ်ပူး@ပူးတေ said...

သူငယ်ချင်း မြန်မြန် ပိန်ပါစေ... မြန်မြန်ဝိတ်ကျပါစေ.. ဝိတ်မကျလဲ ငါ့ကို နင့်အသားတွေပေးလေ... ငါက ၁၀ ကီလိုတော့မလိုတော့ဘူး.. နောက် ၂ ကီလိုခွဲဆို ရပီတဲ့။ ကျန်တဲ့ ၇ ကီလို စုရည်ကိုပေးလိုက်...:D ဒါဆို အားလုံး အိုကေမှာ...:D

rose of sharon said...

ပိန်ချင်တယ် ပိန်ချင်တယ် ၅ကီလိုလောက်လျှော့ချင်တယ်... ဘယ်နားသွားဝယ်ရပါ့မလဲ

Ree Noe Mann said...

စိတ်တော့ ဝင်စားသား။ ၃၈၈ ဆိုတော့ နည်းနည်း
တွန့်သွားတယ် ဟားဟား

လင်းကြယ်ဖြူ said...

ကဲ...ကဲ ....
ပိန်တဲ့ လူက ၀ ချင်တယ်....
ဝတဲ့ သူ က ပိန် ချင်တယ်...
အဲ့ဒီ့ အတွက် နည်းနည်းမှစိတ်မပူကြနဲ့..
အာယုဘောဇန အဆီကျ အသား ကျစ် ..ပိန်ဆေး..
ဆိုပြီး တီဗွီ မှာ ငယ်ငယ် က ကြော်ညာ ကြည့်ဖူးတာတောင် သွားသတိရတယ်......း )

ပျော်ပါစေ ဘော်ဒါရေ
*.*.*

♣♣♣အိမ်မက်ချို♣♣♣ said...

ပိန်ချင်တာ အရမ်းပဲ...၁ပတ်၁ကြိမ်ရေကူးတာ မထိရောက်ဘူး... ညစာ ထမင်းမစားမှ ထင်တယ်...:D