Wednesday, June 20, 2012

စာမေးပွဲများနှင့်ကျွန်မ

ကျွန်မတို့ရှင်သန်ကြီးပြင်းခဲ့တဲ့ သက်တမ်းတလျှောက်လုံး စာမေးပွဲဆိုတဲ့ဝေါဟာရနဲ့ မစိမ်းကြပါဘူး.. သူငယ်တန်းစတက်တယ်ဆိုကတည်းက စာမေးပွဲဆိုတာနဲ့ စတင်ရင်းနှီးရပြီ.. စာမေးပွဲဆိုတာကြီးရဲ့ ဖိစီးမှုကို အနည်းနဲ့အများတော့ ကြုံရပြီလေ.. စာမေးပွဲဖြေရင် အောင်ကိုအောင်ရမယ် ဆိုတဲ့အသိတရားက ကျွန်မစိတ်ထဲဘယ်ကဘယ်လိုစွဲလာလဲဆိုတာ မမှတ်မိပေမယ့် သိတတ်စအရွယ်လေးကတည်းက စာမေးပွဲကျမှာကို ကျွန်မ သိပ်ကြောက်တတ်ခဲ့တယ်..

ကျွန်မဖြတ်သန်းခဲ့တဲ့ကျောင်းသူဘဝတလျှောက် မှတ်မှတ်ရရ စာမေးပွဲတစ်ခါကျဖူးပါတယ်.. ၃တန်းတုန်းကပေါ့.. အဲသည်တုန်းက အကြောင်းကြောင်းကြောင့် ကျောင်းအပ်နောက်ကျပြီး ကျောင်းဖွင့်တာတစ်လကြာမှ ကျွန်မကျောင်းစတက်ရတယ်.. ခုခောတ်လို ကျူရှင်တွေဘာတွေလဲ ခောတ်မစားသေးတော့ နွေရာသီမှာလဲ စာကြိုလုပ်ထားတာမျိုး မရှိဘူးလေ.. ဖြစ်ချင်တော့ ကျွန်မကျောင်းစတက်ပြီး နောက်တနေ့မှာ လပတ်စာမေးပွဲ ဖြေရပါတယ်.. ဘာစာမှ မကူးရသေး မလုပ်ရသေးတဲ့ကျွန်မ မြန်မာစာနဲ့ သင်္ချာကိုတော့ အောင်ရုံလေးဖြေနိုင်ခဲ့ပေမယ့် အင်္ဂလိပ်စာတော့ ၂၈မှတ်ပဲရပြီး ဘုန်းခနဲကျပါတော့တယ်.. အတန်းထဲမှာ စာမေးပွဲကျသူက ကျွန်မတစ်ယောက်တည်း.. ရီပို့ကတ်ရတဲ့နေ့က ကျွန်မမှာငိုလိုက်ရတာ.. မေမေ့ကိုလဲမပြောရဲပဲ တိတ်တိတ်ကလေးနေတာပေါ့.. နောက်တော့လဲ မေမေကသိသွားတာပါပဲ.. နောက်နေ့ကျတော့ မေမေကိုယ်တိုင် ကျောင်းကိုလိုက်ပြီး ဆရာမနဲ့တွေ့၊ ကျွန်မကို သေသေချာချာအပ်တာပေါ့.. ကျွန်မလဲ အဲသည်ကစလို့ အင်္ဂလိပ်စာကို ပိုပြီးဖိကြိုးစားခဲ့တယ်.. အမှတ်တရပါပဲ.. ၃တန်းအတန်းတင်စာမေးပွဲမှာ ကျွန်မ အင်္ဂလိပ်စာအမှတ် ၁၀၀အပြည့်နဲ့ ပထမဆုယူခဲ့ရတယ်.. စိတ်ထဲမှာတော့ သိပ်ကျေနပ်လှတယ်မဟုတ်သေးဘူး.. တနေ့ကျရင် တတန်းလုံးစာမေးပွဲကျခဲ့ရင်တောင် ကျွန်မတော့ အောင်ကိုအောင်ရမယ်လို့ တေးထားတုန်း.. ကျွန်မအတွက်တော့ စာမေးပွဲကျခဲ့ခြင်းက ပိုကြိုးစားဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်ခဲ့တယ်လေ..

ကျွန်မမှာ ငယ်ငယ်လေးကတည်းက အကျင့်တစ်ခုရှိတယ်.. ရောဂါပဲပြောရမလား.. စိတ်စွဲနေတဲ့အရာတွေကို ညညကျရင် အိပ်မက်ယောင်ပြီး ထလုပ်တတ်တာမျိုး.. မနက်ကျရင် စာမေးပွဲဖြေရမယ်ဆို ညဘက်အိပ်နေရင်းက ယောင်ပြီး ခဲတံတွေထချွန်နေတာမျိုး.. စာတွေထကျက်နေတာမျိုးတွေပေါ့.. ပထမတော့ မေမေက ကျွန်မနိုးပြီး ထလုပ်နေတာထင်လို့လေ.. အဲသည်အချိန်ဆို ဘယ်သူစကားသွားပြောပြော ဘာမှပြန်မပြောတာ.. မျက်နှာက တမျိုးကြီးဖြစ်နေတာတွေ မြင်တော့မှ ယောင်နေမှန်းသတိထားမိတာလေ.. မနက်အိပ်ယာနိုးလို့ ကျွန်မကိုပြန်မေးရင် ဘာမှမသိတော့ဘူး.. စာမေးပွဲနဲ့ပတ်သတ်ရင် အဲသလောက်အစွဲကြီးတတ်တဲ့ ကျွန်မကို အိမ်ကလူတွေက စာခြောက်ရုပ်လို့ ခေါ်ကြတယ်လေ..

၁၀တန်းရောက်တဲ့နှစ်မှာတော့ ကျွန်မငယ်ငယ်လေးကတည်းက တေးထားခဲ့တာလေး လက်တွေ့ဖြစ်လာခဲ့တယ်.. ပထမလပတ်စာမေးပွဲမှာ တစ်ကျောင််းလုံး အင်္ဂလိပ်စာကျပြီး ကျွန်မတစ်ယောက်ပဲ အောင်တယ်လေ.. အောင်တာမှ အမှတ်၉၀နဲ့ပေါ့.. ဆရာမက Q&A ၁၀ပုဒ်ကို အမှတ်၁၀၀ဖိုး မေးလိုက်တာကို.. Selected Myanmar Tales ဆိုတဲ့ ပြဌာန်းစာအုပ်ထဲက ပုံပြင်တွေကို မဖတ်ထားတဲ့သူတွေများတော့ အားလုံး ကျကြတာပေါ့.. ပုံပြင်တွေကို ကာတွန်းကားထဲက ဇာတ်ကြောင်းပြောသူလေသံနဲ့ ခဏခဏ အော်အော်ဖတ်နေတတ်တဲ့ ကျွန်မကတော့ မေးခွန်းအားလုံး ဖြေနိုင်ပါတယ်.. ဒါတောင် meet ရဲ့ past tense က met ကို meeted လုပ်မိလို့ ၁၀မှတ်လျော့သွားရသေးတယ်.. ဘာပဲဖြစ်ဖြစ် စာမေးပွဲနဲ့ပတ်သတ်ပြီး ငယ်ငယ်လေးကတည်းကစွဲခဲ့တဲ့ ကိုယ့်ကိုယ်ကိုမကျေနပ်တာလေးတော့ လျော့သွားတာအမှန်ပဲ.. သူများတွေစာမေးပွဲကျတာကို ၀မ်းသာတာမဟုတ်ပါဘူး.. ကိုယ့်ရဲ့အောင်မြင်မှုနဲ့ အတိတ်ကအရိပ်ဆိုးကို ခြေဖျက်လိုက်နိုင်လို့ ကျေနပ်မိတဲ့သဘောလေးပါပဲ..

၁၀တန်းစာမေးပွဲကြီးဖြေတော့ ၀ိဇ္ဇာဘာသာတွဲနေ့က ကျွန်မအတွက် တကယ်ကိုရင်အတုန်ရဆုံးပါပဲ.. ကျက်စာကိုအင်မတန်ပျင်းတဲ့ကျွန်မ စာတွေကို အားလုံးကျက်မထားပဲ ရွေးကျက်ထားတော့ ရင်တုန်ရပြီပေါ့.. မေးခွန်းလဲဖတ်ပြီးရော မျက်လုံးတွေကို ပြာထွက်သွားတာပဲ.. ကျွန်မကျက်ထားတာတွေ မတိုးပါဘူး.. အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ကြိုးစားပြီး ရသလောက်ဖြေရတာပေါ့.. စိတ်ထဲမှာတော့ အတွေးတွေကပေါင်းစုံပဲ.. ကျပြီလို့လဲ တထစ်ချတွက်ထားလိုက်သေးတာ.. အောင်စာရင်းမထွက်မချင်း အိပ်မက်ထဲမှာ စာမေးပွဲတွေ ပြန်ဖြေလိုက်ရတာလဲ ခဏခဏပေါ့.. တစ်ခါမှလဲ ဖြေနိုင်တယ်မရှိပါဘူး.. အောင်စာရင်းထွက်လို့ အောင်တယ်ဆိုမှပဲ သက်ပျင်းရောသက်မရော အကုန်ချနိုင်တော့တာ.. ကျောင်းသားဆိုတာ စာသာမကျက်ချင်ရင်ရှိမယ် စာမေးပွဲတော့ အောင်ချင်ကြတာချည်းမို့လား..

ကျွန်မဘဝမှာ တမင်တကာကျအောင်ဖြေခဲ့တဲ့ စာမေးပွဲတစ်ခုလဲ ရှိခဲ့ဖူးတယ်.. ၁၀တန်းအောင်ပြီးမှ ဖြေရတဲ့ ကွန်ပျူတာတက္ကသိုလ် ၀င်ခွင့်စာမေးပွဲပေါ့.. အဲသည်အချိန်မှာ ကျွန်မက ဂျီတီအိုင်တက်နေပြီ.. မှော်ဘီကျောင်းမှာ ပျော်နေပြီ.. အဲ.. ရည်းစားလဲရနေပြီ.. ၀င်ခွင့်စာမေးပွဲကို ဖေဖေကအတင်းဖြေခိုင်းလို့ သွားဖြေလိုက်ရပေမယ့် မှော်ဘီမှာ ကျောင်းဆက်မတက်ရတော့မှာကို ကျွန်မစိုးရိမ်တော့ မေးသမျှမေးခွန်းတွေကို တလွဲတွေချည်း ဖြေပစ်လိုက်တယ်.. မေးခွန်းက Multiple Choice ဆိုတော့ တလွဲဖြေဖို့ကလဲ သိပ်စဉ်းစားစရာမှမလိုဘဲကိုး.. အမှန်တစ်ခုကလွဲလို့ ကြိုက်တာရွေးသည်ပေါ့.. ဆိုးတယ်နော်.. ဖေဖေတက်စေချင်တဲ့ကျောင်းကို မတက်ချင်ခဲ့ပေမယ့် စိတ်ထဲကတော့ ဖေဖေ့ကိုကတိပေးမိတယ်.. ကျွန်မကိုယ်တိုင် ရွေးချယ်တဲ့ပညာလမ်းမှာ ထိပ်ဆုံးမဟုတ်တောင် အလယ်အလတ်တော့ မကစေရပါဘူးလို့..

ကျောင်းပြီးဘွဲ့ရတဲ့နောက် ကျွန်မဖြေရတာတွေကတော့ အလုပ်ခွင်အင်တာဗျူးတွေပေါ့.. စင်္ကာပူဆိုတဲ့ကျွန်းလေးပေါ်က လူတွေ့အလုပ်ခွင်စာမေးပွဲတွေပါပဲ.. အင်တာဗျူးသွားဖြေရင်း ခွေးလိုက်ဆွဲခံရဖူးတယ်.. မိုးတွေသည်းကြီးမည်းကြီးရွာ မိုးကြိုးတွေပစ်နေတဲ့ ကွင်းပြင်အလည်က ကားမှတ်တိုင်လေးမှာ ကြောက်ကြောက်နဲ့ ငိုခဲ့ဖူးတယ်.. မေးတဲ့သူရဲ့အချိုးကိုမကြိုက်လို့ အင်တာဗျူးဖြေနေရင်းနဲ့ Sorry, I would like to withdraw my application ဆိုပြီး ထပြန်ခဲ့ဖူးတယ်.. အင်တာဗျူးတဲ့သူနဲ့ ဘောလုံးပွဲအကြောင်းတွေထိုင်ပွားပြီး အလုပ်တစ်ခုရခဲ့တယ်လေ.. ဖြစ်ချင်တော့ ကိုယ်ရောသူရောက မန်ယူဖန်တွေမို့ လေပေးကိုဖြောင့်လို့.. ဖြေပြီးပြန်သွားတော့ အလုပ်ရမယ်လို့ကို မထင်တာ.. နောက်နေ့ကျ အလုပ်ခန့်လိုက်ပြီလို့ အကြောင်းကြားတော့ အူကြောင်ကြောင်တောင် ဖြစ်နေရသေး..

အလုပ်ဝင်ပြီးတော့လဲ စာမေးပွဲတွေနဲ့ မကင်းနိုင်သေးပါဘူး.. အလုပ်ကနေလွှတ်တဲ့ သင်တန်းတွေမှာ စာမေးပွဲတွေဖြေနေရတုန်းပဲ.. ကျောင်းသူဘဝက စာမေးပွဲတွေလောက်တော့ ရင်ခုန်စရာမကောင်းတော့ဘူးပေါ့.. တလောက.. ကျွန်မတို့ရုံးမှာ Management System Certification အသစ်တစ်ခုအတွက် ဒါရိုက်တာ၊ မန်နေဂျာတွေနဲ့ရောပြီး သင်တန်းတစ်ခုတက်ရပါတယ်.. မန်နေဂျာအဖိုးကြီးတွေကြားထဲမှာ ပမွှားဆိုလို့ ကျွန်မတစ်ယောက်တည်း.. သင်တန်းပြီးလို့ စာမေးပွဲဖြေရမယ့်နေ့ရောက်လာတော့ သူတို့တွေက ကျွန်မနဲ့စာရင် အများကြီးပိုလို့ ရင်ခုန်နေကြသလိုပဲ.. စာမေးပွဲနဲ့ ဝေးနေတာကြာတဲ့လူကြီးတွေ ငယ်မူငယ်သွေးတွေကြွပြီး တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြ.. ညကဘယ်အချိန်ထိ စာကြည့်ထားတာဆိုပြီး ပြိုင်ကြနဲ့.. ကျွန်မမှာ သူတို့ကိုကြည့်ပြီး ရယ်ချင်လိုက်တာ.. စာမေးပွဲက ကွန်ပျုတာနဲ့ အွန်လိုင်းဖြေပြီး ချက်ချင်းရီဇတ်ထွက်တာဆိုတော့ ပိုလို့တောင်ရင်ခုန်နေကြသေး.. အဖြေတွေကို submit လုပ်ဖို့ ကလစ်မခေါက်ခင် ရင်ခုန်နေတဲ့သူတို့မျက်နှာအမူအယာတွေက မူလတန်းကျောင်းသားလေးတွေ ကျနေတာပဲ.. အောင်တဲ့သူတွေက လက်သီးလက်မောင်းတန်းအောင်ပျော်ကြ ကျတဲ့သူတွေက မှိုင်တွေတွေနဲ့အားမလိုအားမရ ရေရွတ်နေကြတာတွေမြင်ရတော့ သြော်.. စာမေးပွဲဆိုတာ အသက်အရွယ်မရွေး လူတန်းစားမရွေးကို ဖိစီးနိုင်တာပါလားလို့ တွေးမိရတယ်လေ..

ရှေ့ဆက်ပြီးတော့လဲ ကျွန်မတို့ဘဝမှာ စာမေးပွဲဆိုတာတွေ ရှိနေဦးမှာပါပဲ.. တကယ်တမ်းကျတော့ ဘဝဆိုတာကို ကျောင်းကြီးတစ်ခုနဲ့တင်စားရင် ရသမို့လား.. ဘဝကျောင်းကြီးထဲမှာ သင်ခန်းစာတွေအမျိုးမျိုး သင်ယူခဲ့ကြရတယ်.. တချို့သင်ခန်းစာတွေကို ဂုဏ်ထူးထွက်တဲ့အထိ ကျေညက်ခဲ့သလောက် တချို့သင်ခန်းစာတွေကျပြန်တော့ အောင်မှတ်လေးတောင်အနိုင်နိုင်ရယ်.. ဘယ်လိုပဲဖြစ်ဖြစ်လေ.. သည်ဘဝကျောင်းကြီးထဲမှာ ကျင်လည်ခိုကပ်နေရသမျှ ကာလပါတ်လုံးတော့ ကျွန်မတို့တွေ စာမေးပွဲဆိုတာတွေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ထိတွေ့နေရဦးတော့မှာပါပဲ.. အဲသည်တော့ လူတိုင်းလူတိုင်း ကြုံလာမယ့်စာမေးပွဲတိုင်းကို အောင်မြင်စွာကျော်လွှားနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ချင်ပါတယ်ရှင်..

Wednesday, June 6, 2012

၁နှစ်စာအမှတ်တရ နိစ္စဓူဝ

တနင်္လာကနေ စနေအထိ မနက်တိုင်း ရုံးသွားတဲ့အခါ ရုံးကားစီးရမယ့်မှတ်တိုင်ကို ကျွန်မ လမ်းလျှောက်သွားလေ့ရှိတယ်.. ခပ်သွက်သွက်လျှောက်ရင် ၁၀မိနစ် အေးအေးဆေးဆေးလျှောက်ရင်တော့ ၁၅မိနစ်လောက် လျှောက်ရတတ်တယ်လေ.. မနက်ပိုင်းဆို ရနာရီခွဲလောက်မှ သေသေချာချာလင်းတတ်တဲ့ သည်ကျွန်းကလေးမှာ ကျွန်မအိမ်ကထွက်တဲ့အချိန် ၆နာရီခွဲဆို မှောင်နေတုန်း.. လဆုတ်ရက်တွေဆို တိမ်မထူရင် လကလေးကိုတောင် ခပ်ရေးရေးမြင်နေရတတ်တုန်းပေါ့.. ကျွန်မနေတဲ့ရပ်ကွက်က သည်ကျွန်သား ပိုက်ဆံသိပ်မတတ်နိုင်တဲ့သူတွေကို စျေးသက်သက်သာသာနဲ့ ရောင်းပေးထားတဲ့ တိုက်ခန်းမျိုးတွေများတော့ လက်လုပ်လက်စား အလုပ်သမား အခြေခံလူတန်းစားတွေ နေတဲ့နေရာလို့ ပြောရင်ရမလားပဲ.. တခြားရပ်ကွက်တွေ မြို့လယ်နဲ့နီးတဲ့နေရာတွေမှာ အဲသည်အချိန်မျိုးဆို လူသိပ်မစည်လှသေးပေမယ့် ကျွန်မတို့ရပ်ကွက်လေးကတော့ အတော်လေးစည်ကားနေပြီ.. တနေ့တာဘဝအမောတွေကို အားမာန်အပြည့်နဲ့ ရင်ဆိုင်ကြဖို့ အိတ်ကိုယ်စီလွယ် အထုပ်ကိုယ်စီဆွဲလို့ လုပ်ငန်းခွင်ရှိရာကို တရွေ့ရွေ့ တချို့ကလဲ ခပ်သုတ်သုတ် လှမ်းကြပြီ..

ဓာတ်လှေကားထဲမှာ ဆုံနေကျလူတွေကလဲ ဆုံပါများလို့ မျက်မှန်းတန်းမိနေပြီ.. ၁၅ထပ်မှာ ကျွန်မဝင်လိုက််ပြီဆို ကျောင်းဝတ်စုံနဲ့မောင်နှမ၂ယောက် အမြဲလိုလိုပါလာတတ်တယ်.. ၀ကစ်ကစ်ကောင်ငယ်ကလေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျွန်မကိုကြည့်မယ်.. ပြုံးပြီး ဟိုင်းအန်တီလို့ နှုတ်ဆက်မယ်.. ကျွန်မလဲ မင်္ဂလာနံနက်ခင်းပါလို့ ပြန်ပြောမယ်.. အောက်ကိုရောက်ရင် ဘိုင်ဘိုင်.. ကောင်းသောနေ့ဖြစ်ပါစေဆိုပြီး သူတို့က ညာဖက်ကိုထွက် ကျွန်မက ဘယ်ဖက်ကိုထွက်ပြီး လမ်းခွဲကြစမြဲ.. ကားပါ့ခ်ဆီကိုထွက်တဲ့စင်္ကြံလေးမှာ အမြီးပြတ်နေတဲ့ ကြောင်လေကြောင်လွင့်ကြီး ၃ကောင်အမြဲရှိတယ်.. အဝါတစ်ကောင် အဖြူတစ်ကောင် အဝါနဲ့အနက်ကျားကြီးက တစ်ကောင်.. ကျွန်မနည်းနည်းနောက်ကျတဲ့နေ့ဆို သူတို့၃ကောင်ကို အစာလာကျွေးတဲ့ အန်တီကြီးတယောက်နဲ့ပါဆုံမယ်.. ပါးစပ်ကနေ စကားတွေတတွတ်တွတ်ပြောရင်း ကြောင်ကြီးတွေကို အစာကျွေးနေတတ်တယ်.. ကျွန်မနားမလည်ပေမယ့် ကြောင်ကြီးတွေကတော့ နားလည်မလားပဲ.. သည်ကျွန်းလေးမှာ ခွေးလေခွေးလွင့်ရယ်လို့ လမ်းဘေးမှာမတွေ့ဖူးပေမယ့် ကြောင်လေကြောင်လွင့်တွေကတော့ အများကြီး.. အားလုံးလိုလိုကလဲ အမြီးပြတ်ကြီးတွေ.. ဘာလို့ရယ်တော့ ကျွန်မလဲ သေချာမသိပါဘူး.. သူတို့ကိုမြင်တိုင်း ငယ်ငယ်ကဆိုနေကျ ကြောင်ပါးကြီးရယ်မြီးတံတို ဆိုတဲ့ကဗျာအတိုအစကလေးက ခေါင်းထဲရောက်ရောက်လာတတ်တယ်..

ကားပါ့ခ်ထဲမှာ ကားတွေပြည့်နေတုန်း.. ကားပါ့ခ်ဘေးနား လူသွားလမ်းလေးမှာတော့ မနက်စောစော လေ့ကျင့်ခန်းလုပ်တတ်သူတွေပြည့်လို့.. ခပ်ပြေပြေကုန်းလျှောလေးကို တက်လိုက်ရင် စျေးကြီးကိုလှမ်းမြင်ရမယ်.. စားသောက်တန်းမှာတော့ လူတွေစည်နေပြီ.. ပေါက်စီတွေ ဒင်ဆမ်းတွေရောင်းတဲ့ဆိုင်က အငွေ့တွေထောင်းထောင်းထနေတတ်တယ်.. တခြားဆိုင်ခန်းတွေကတော့ ပိတ်ထားတုန်း.. ၁၀နာရီလောက်မှ ဖွင့်တတ်ကြတာလေ.. စျေးကြီးထဲမှာ ခရီးသွားလုပ်ငန်းရုံးခန်း ၂ခုတောင်ရှိတာမို့ စျေးရှေ့ကလမ်းမပေါ်မှာ အဝေးပြေးကားကြီးတွေ အမြဲတမ်းပြည့်နေတတ်တယ်.. သောကြာ၊ စနေလိုနေ့မျိုးဆို ပိုများပေါ့.. မလေးရှားကိုသွားကြမယ့်သူတွေ အထုပ်အပိုးတွေကိုယ်စီဆွဲလို့ ဥဒဟိုသွားလာနေကြတာ တွေ့ရမယ်.. စျေးနဲ့မျက်မျက်စောင်းထိုးက မြန်မာစားသောက်ဆိုင်လေးရှိတဲ့ ကိုပီတီယမ်စားသောက်တန်းကတော့ ညနက်တဲ့အထိ အလုပ်တွေများထားလို့ ငိုက်မြည်းလို့ကောင်းနေဆဲ..

ကားတွေရှုပ်နေတတ်တဲ့ စျေးရှေ့လမ်းမကို ကူးလိုက်ပြီးရင်တော့ လူနည်းနည်းရှင်းသွားပြီ.. လေ့ကျင့်ခန်းလုပ်ဖို့ စက်ကိရိယာတွေရှိတဲ့ကွင်းလေးမှာ ကစားနေသူ ၂ယောက်၃ယောက်လောက်ရှိတတ်တယ်.. သူ့ဘေးက ရဲစခန်းငယ်လေးကတော့ တံခါးတွေပိတ်ရက်သား.. ၂၂ထပ်ရှိတဲ့ တိုက်တန်းကြီးကိုဖြတ်လျှောက်ရင်း လစ်ဖ်လော်ဘီကိုရောက်ရင် စောစောစီးစီး အမှိုက်ပုံးကိုဖွလို့ အအေးသံဖြူဗူးလေးတွေ ရှာဖွေနေတတ်တဲ့ အဖိုးတစ်ယောက်ကိုတွေ့ရမယ်.. သူဘေးမှာတော့ သူ့လက်စွဲတော် တွန်းလှည်းခြင်းဟောင်းလောင်းကလေး.. တခါတလေလဲ ကတ်ထူတွေအပြည့်နဲ့.. တခေါင်းလုံးဖြူဖွေးနေပြီး အကြောပြိုင်းပြိုင်းထနေတဲ့လက်တွေနဲ့ ညှပ်ကလေးကိုင်လို့ အမှိုက်ပုံးဖွနေတဲ့အဖိုးကို မြင်ရတိုင်း ကျွန်မရင်ထဲ တမျိုးကြီးဖြစ်ဖြစ်သွားတတ်တယ်..

ဆက်လျှောက်ခဲ့ရင် နေ့တိုင်း နာရီနှိုးစက်သံတွေ ကျယ်လောင်ဆူညံနေတတ်တဲ့ အခန်းနံပါတ် ၁၅၇ရှေ့ကနေ ဖြတ်ရမယ်.. အိပ်ပုတ်ကြီးတဲ့သူတွေနေတဲ့အိမ်ထင်ပါရဲ့.. နှိုးစက်သံက ၃၊ ၄မျိုးတောင် တပြိုင်တည်းမြည်နေတတ်တာမို့လား.. တိုက်တန်းကြီးအောက်ကထွက်ရင်တော့ ကံ့ကော်နဲ့ခပ်ဆင်ဆင်တူတဲ့ အပင်လေးတွေ ဘယ်ညာရံနေတဲ့ လူလျှောက်ကွန်ကရစ်လမ်းလေးဆီရောက်မယ်.. အပင်လေးတွေမှာ အရွက်ကရောင်စုံ.. ပုရစ်ဖူးလေးတွေက ဖက်ဖူးစိမ်း.. ရွက်နုတွေကတော့ နီသလိုလို ညိုသလိုလို.. ရင့်လာတော့ စိမ်းစိုလို့.. ကျွန်မသိပ်ကြိုက်တဲ့အပင်တွေ.. လမ်းနံဘေးညာဖက်က ဘာဘီကျူးပစ်တ်လေးမှာတော့ တခါတလေ ဆယ်ကျော်သက်လေးတွေ အုပ်စုဖွဲ့ထိုင်နေကြတတ်တယ်.. တစ်ညလုံး လည်ပတ်သောင်းကျန်းထားကြတဲ့ အိပ်ချင်မူးတူးပုံစံလေးတွေနဲ့.. ဘယ်ဘက်မှာက ဇရပ်လိုလိုအမိုးသာရှိပြီး အကာမရှိတဲ့ရုံကြီး.. တရုတ်လူမျိုးတွေက အသုဘအခမ်းအနားလုပ်ပြီး မလေးလူမျိုးတွေ မင်္ဂလာဆောင်ပွဲ လုပ်တတ်တဲ့ခန်းမနေရာကြီးပေါ့..

လမ်းကလေးဆုံးလို့ လှေကား၇ထစ်ဆင်းလိုက်ရင် ကော်ပိုရေးရှင်းလမ်းပေါ်ရောက်ပြီ.. လူကူးအချက်ပြမီးစိမ်းအောင်စောင့် လမ်းကူးပြီးရှေ့နည်းနည်းဆက်လျှောက်ရင်တော့ ကျွန်မ ရုံးကားစီးရမယ့်မှတ်တိုင်ရောက်ပြီပေါ့.. နောက်ကျမှာသိပ်ကြောက်တတ်တဲ့ကျွန်မက အမြဲတမ်း ကားမှတ်တိုင်ကို စောစောပဲကြိုရောက်နေတတ်တယ်.. နေ့တိုင်း ကားမှတ်တိုင်မှာ ဆုံနေကျလူတွေကလဲ အားလုံးတူတူပဲ.. စက်ရုံတစ်ခုက အလုပ်သမလေးတွေရယ်.. ဆောက်လုပ်ရေးလုပ်ငန်းခွင်က လုပ်သားကြီး၂ယောက်ရယ်.. ကိုယ်ပိုင်ကားလေးတစ်စီးနဲ့လာကြိုတာကို နေ့တိုင်းစောင့်နေတတ်ကြသူ ဘယ်သွားမှန်းမသိတဲ့ အဖိုးအဖွားစုံတွဲတစ်တွဲရယ်.. စက်ရုံကြိုပို့ကားကြီးက အရင်လာမယ်.. ပြီးရင် ဆောက်လုပ်ရေးလုပ်ငန်းက လော်ရီလာမယ်.. ပြီးရင်တော့ အဖိုးအဖွားတို့ မျှော်နေတဲ့ ငွေမှင်ရောင်ကားကလေးလာမယ်.. ကျွန်မတို့ရုံးကားကတော့ နောက်ဆုံးပေါ့..

ရုံးကပြန်တဲ့လမ်းကျပြန်တော့ အလာတုန်းကနဲ့ မတူပြန်ဘူး.. ကားပေါ်ကဆင်းပြီးရင် ၁၅မိနစ်လောက် လျှောက်ရတာခြင်း တူပေမယ့် လျှောက်ရတဲလမ်းက နည်းနည်းကွာတယ်.. မဆလာနဲ့သင်းနေတတ်တဲ့ တိုက်တန်းကလေးကိုဖြတ်တိုင်း ကျွန်မဗိုက်ထဲက တကျုတ်ကျုတ်မြည်အောင် ဆာလာတတ်တယ်.. တိုက်တန်းလေးဆုံးလို့ လမ်းကူးလိုက်ရင်တော့ တုံးခေါက်သံတတုံတုံထွက်နေတတ်တဲ့ ဘုံကျောင်းလေးဆီရောက်ပြီ.. ဆက်လျှောက်ရင် ကားကြီးကွင်းတစ်ခုကိုဖြတ် ပြီးရင်တော့ စျေးကြီးကိုရောက်ပြီ.. မနက်ကပိတ်ထားဆဲဆိုင်တွေက ညနေဆို စျေးသည်စျေးဝယ်တွေနဲ့ ဆူညံစည်ကားလို့နေပြီ.. စျေးထဲကဖြတ်ရင်း ဟိုငေးဒီငေးနဲ့ ၀ယ်စရာရှိတော့လဲဝယ်ပေါ့.. စားသောက်တန်းကိုဖြတ်ထွက်လိုက်ရင် ကျွန်မတို့ဘလောက်ကြီးကို လှမ်းမြင်ရပါပြီ.. ၃မိနစ်လောက်ဆက်လျှောက်ရင် တိုက်အောက်ရောက်ပြီ.. စကြံင်္မှာ မနက်ကကြောင်ကြီးတွေ ရှိမနေဘူး.. မနက်ပိုင်းတော့ အစာကျွေးမယ့်အဖွားကို လာစောင့်ကြတာထင်ရဲ့.. ၁၅ထပ်ကိုတက်.. သော့ပိတ်ထားတဲ့တံခါး၂ထပ်ကိုဖွင့်ပြီးရင်တော့ အိမ်လို့အမည်ရတဲ့ (ကျွန်မစိတ်ထဲမှာ အိမ်လို့ဇွတ်လက်ခံထားရတဲ့) ဂေဟာကလေးဆီရောက်ပါပြီ.. တနေကုန် တံခါးတွေအလုံပိတ်ထားလို့ လှောင်အိုက်အိုက် အနံ့တမျိုးစွဲနေတဲ့အငွေ့အသက်နဲ့ အခန်းလေးထဲဝင်ပြီး အိတ်ကိုချ မွေ့ယာပေါ်လှဲချလိုက်တိုင်း ဖြူညစ်ညစ်မျက်နှာကြက်က ကျွန်မကို ငုံ့ကြည့်နေတတ်တယ်.. ၁နှစ်တိတိ သည်ပုံစံအတိုင်း ကျွန်မ ဖြတ်သန်းခဲ့ပြီးပြီ..

သည်ရပ်ကွက် သည်လမ်းကလေးက သည်လူတွေနဲ့ ကျွန်မရင်းနှီးနေပြီဆိုခါမှ ကျွန်ကလေးပေါ်က နိုင်ငံခြားသားတို့ရဲ့ ထုံးစံအတိုင်း အိမ်ပြောင်းရပြန်ပြီ.. နောက်တစ်နေရာက နောက်ထပ်လူတွေနဲ့ ထပ်ပြီးတွေ့ကြုံရဦးမယ်.. ဘဝဆိုတာ အဲသလိုပါပဲလေ.. တွေ့ကြုံဆုံကွဲပေါ့.. နှစ် ၃၀လုံးလုံး တွေ့ဆုံခဲ့သူတွေ ကွေကွင်းခဲ့သူတွေ နည်းမှမနည်းခဲ့ပဲ.. သိပ်ရင်းနှီးဖူးလို့ အမြဲအမှတ်ရနေတဲ့သူတွေရှိတယ်.. မရင်းတရင်းမို့ တိုက်ဆိုင်မှသတိရမိသူတွေရှိမယ်.. လုံးလုံးလျားလျား မေ့သွားသူတွေလဲ မနည်းမနောပေါ့.. ဘာပဲပြောပြော ၁နှစ်တိတိ နေ့စဉ်လိုလို ကြုံခဲ့ဖူးသူတွေရယ် လျှောက်ခဲ့ဖူးတဲ့သည်လမ်းလေးရယ်ကိုတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကျွန်မ အမှတ်ရနေဦးမှာပါပဲ..

Thursday, March 29, 2012

သားသားကိုပြောပြချင်တဲ့ အိပ်ယာဝင်ပုံပြင်လေးတွေ (၁)

ကျွန်မတို့ငယ်ငယ်တုန်းက အိပ်ယာဝင်ပုံပြင်လေးတွေနဲ့ ရင်းနှီးခွင့်ရခဲ့တာ ကျွန်မတို့ရဲ့ ပါပါကြီး (အဖိုး)နဲ့ ဘောင်ဘောင်ကြီး (အဖွား) တို့ကြောင့်ပါ.. တီဗွီတွေ ဗွီဒီယိုတွေ တွင်တွင်ကျယ်ကျယ်မရှိသေးတဲ့ ကျွန်မတို့ခေတ်တုန်းက အိပ်ယာဝင်ပုံပြင်လေးတွေနဲ့သာ အပျင်းပြေစေရတာပေါ့.. ခု သားသားတို့ခေတ်မတော့ အီလက်ထရောနစ်တွေထွန်းကားလို့ ကြည့်စရာ ဆော့စရာတွေက များမှများမို့လား.. ဘယ်လိုပဲတိုးတက်တဲ့ခေတ်ကြီးလိုဆိုဆို သားသားကိုတော့ အိပ်ယာဝင်ပုံပြင်လေးတွေနဲ့ ရင်းနှီးစေချင်မိတယ်.. သားသားက ရန်ကုန်မှာဆိုတော့ ကိုယ်တိုင်ပြောပြခွင့် မရှိဘူးပေါ့.. ကျွန်မမေမေကိုပဲ ပုံပြောခိုင်းထားရတယ်.. ကျွန်မရင်ထဲမှာတော့ သားသားကိုပြောပြချင်တဲ့ပုံပြင်လေးတွေမှ အများကြီး.. ပြောလိုမှမရတော့ ပြောချင်ရာပြောခွင့်ရှိတဲ့နေရာမှာပဲ ရေးလိုက်တော့မယ်.. စီးရီးလိုက်ကိုရေးမှာနော်.. ဆားချက်တယ်လို့တော့ မထင်စေချင်ဘူး.. ရေးချင်လွန်းလို့ကို ရေးတယ်မှတ်ပါတော့..


ဟိုးရှေးရှေးတုန်းကပေါ့ကွယ် မြင်းကြီးတစ်ကောင်နဲ့ ခရုလေးတစ်ကောင်တို့ဟာ လမ်းတနေရာမှ ဆုံမိကြပါသတဲ့.. အပြေးမြန်တဲ့မြင်းကြီးက အလွန်နှေးတဲ့ခရုလေးကို အထင်သေးတဲ့မျက်လုံးတွေနဲ့ စောင်းငဲ့ကြည့်ပြီး..

"ဟေ့မောင်ခရု.. အပြေးမြန်သူတွေလာရင် မင်းတို့လိုကောင်တွေက လမ်းဖယ်ပေးရမယ်ဆိုတာ နားမလည်ဘူးလားကွ.." လို့ ခပ်ဆတ်ဆတ်လေးပြောလိုက်တယ်..

ခရုလေးလဲ အနှိမ်ခံရတာကို မခံချင်ဖြစ်သွားတာပေါ့.. "ဒီမှာ ဦးမြင်းကြီးရဲ့.. ကျုပ်တို့ခရုတွေဆိုတာက ပြိုင်ပွဲလေးဘာလေးရှိမှသာ မြန်မြန်ပြေးချင်ကြတာဗျ.. အလကားနေရင်း လျှောက်ပြေးပြီး အမောခံကြတာမဟုတ်ဘူး.." လို့ ခပ်ကြွားကြွားလေးပြန်ပြောသတဲ့..

မြင်းကြီးက "ဟားဟားဟား.. ဟုတ်မှလဲလုပ်ပါမောင်ခရုရယ်.. မင်းတို့မြန်မြန်ပြေးတယ်ဆိုတာလောက်များ ငါလမ်းလျှောက်သလောက်တောင် မြန်မယ်မထင်ပါဘူး.. အကြောင်းသိတွေချင်းများ လာကြွားမနေစမ်းပါနဲ့" လို့ လှောင်ရယ်ရင်းပြောလိုက်တယ်..

ခရုလေးက "ကြွားတာမဟုတ်ရပေါင်ဗျာ.. ခင်ဗျားမယုံရင် ကျုပ်နဲ့အပြေးပြိုင်မလား" လို့ စိန်ခေါ်လိုက်တော့တယ်..

မြင်းကြီးက "မင်းနဲ့ပြိုင်ရမှာများ အချိန်မရွေး နေရာမရွေးပေါင်မောင်ခရုရယ်.. ကဲ.. ဘယ်တော့ပြိုင်မလဲပြော.. " လို့ဆိုတော့.. နောက်သုံးရက်နေရင် အပြေးပြိုင်ကြမယ်လို့ ချိန်းလိုက်ကြသတဲ့..

သားသားသိတယ်မို့လား.. ခရုဆိုတာ အင်မတန်နှေးတဲ့အကောင်လေးဆိုတာ.. မြင်းကြီးကိုနိုင်ဖို့ဘယ်ဖြစ်နိုင်မလဲ.. အဲဒီတော့ ခရုလေးလဲ ဉာဏ်များရတော့တာပေါ့.. သူရဲ့သူငယ်ချင်းတွေအားလုံးကို ခေါ်ပြီး ပြောသတဲ့..

"သူငယ်ချင်းတို့ရေ.. မင်းတို့ငါတို့တွေ တနေ့တနေ့ တရွေ့ရွေ့နဲ့သွားနေရတာ အရောက်နှေးသလောက် ညောင်းလှနာလှသကွာ.. ငါကြားဖူးတာတစ်ခုရှိတယ်.. မြင်းရဲ့အသားကိုစားရလို့ရှိရင် ညောင်းညာကိုက်ခဲတာတွေ ပျောက်တယ်တဲ့ကွ.. ဘယ်လိုလဲ မင်းတို့ မြင်းသားမစားချင်ကြဘူးလား.. "

သူငယ်ချင်းခရုတတွေလဲ "စားချင်တာပေါ့ကွာ" လို့ တညီတညာတည်း ပြန်ဖြေကြတာပေါ့..

အဲဒီတော့ ခရုအလည်ကောင်လေးက ပြောတယ်.. "မင်းတို့မြင်းသားစားရဖို့ ငါကြံထားတာရှိတယ်.. ငါပြောသလိုသာလိုက်လုပ်ကြ" ဆိုပြီး.. အပြေးပြိုင်ဖို့ မိုင်ပေါင်းများစွာရှည်တဲ့လမ်းကြီးကို ရွေးလိုက်သတဲ့.. သူ့သူငယ်ချင်းခရုလေးတွေကို တစ်ဖာလုံမှာ တစ်ကောင်ကျစီ နေရာယူထားဖို့နဲ့ မြင်းကြီးအနားရောက်လာပြီး မောင်ခရုရေလို့ခေါ်ရင် ရှိပါတယ်လို့အော်ကြဖို့ သင်ပေးလိုက်တယ်.. အလွန်နှေးတဲ့ခရုလေးတွေလဲ တရွေ့ရွေ့နဲ့ ခရီးနှင်လိုက်ကြတာ ၃ရက်မြောက်တဲ့နေ့မတိုင်ခင်လေးမှာပဲ လမ်းရှည်ကြီးတလျှောက် အဆင်သင့်ဖြစ်နေကြတော့တယ်..

ပြိုင်ပွဲနေ့မနက်လဲရောက်ရော ချိန်းထားတဲ့နေရာကို မြင်းကြီးရောက်လာတာပေါ့.. ခရုလေးက ပြိုင်ပွဲစည်းကမ်းတွေကို ပြောပြသတဲ့..

"ကဲဦးမြင်းကြီးရေ.. ကျုပ်တို့ အပြေးပြိုင်ကြမယ်.. စည်းကမ်းကတော့ ရှင်းပါတယ်ဗျာ.. ၂ယောက်တူတူပြေးနေကြရင်း ပြတ်ကျန်ခဲ့တဲ့သူက ရှုံးစတမ်းပေါ့.. အဲဒီတော့ တစ်ဖာလုံပြေးပြီးတိုင်း ခင်ဗျားက မောင်ခရုရေလို့သာခေါ်လိုက်.. ကျုပ်က ရှိပါတယ်လို့ပြန်ပြောမယ်.. မပြောနိုင်ရင် ကျုပ်ရှုံးတယ်ပေါ့ဗျာ.. "

မြင်းကြီးလဲသဘောတူပြီး အပြေးပြိုင်ကြတာပေါ့.. တစ်ဖာလုံပြေးပြီးတိုင်း မြင်းကြီးက "မောင်ခရုရေ" လို့ခေါ်ရင် ကြိုပြီးနေရာယူထားတဲ့ခရုလေးက "ရှိပါတယ်" လို့ အော်တော့တာပေါ့.. မြင်းကြီးက တအံ့တသြနဲ့ ခရုလေးမမှီအောင် အမြန်ဆုံးပြေးရင်း ခရီးကလဲဝေးလွန်းတော့ အမောဆို့ပြီး လဲကျသေဆုံးသွားတော့သတဲ့ကွယ်.. အဲဒီတော့မှ ခရုလေးတွေလဲ အောင်သေအောင်သားအဖြစ် မြင်းသားတွေတဝကြီးစားသောက်လိုက်ကြပြီး.. အဲသည်ကစလို့ ခရုလေးတွေမှာ ညောင်းညာကိုက်ခဲခြင်းရယ်လို့ လုံးဝမရှိတော့ဘူးတဲ့ကွယ်..

ပုံပြင်လေးကတော့ ဒါပါပဲသားသားရေ.. မေမေ့သားလေးကိုတော့ ခရုလေးလိုလဲ အနိုင်လိုချင်ဇောနဲ့ မကောက်ကျစ်စေချင်ဘူး.. မြင်းကြီးလိုလဲ မစဉ်းစားမဆင်ခြင်ပဲ သူများပြောတိုင်း မယုံစေချင်ဘူး သိလား.. အရာရာကို စဉ်းစားချင့်ချိန်ပြီး ယုံသင့်မှယုံလို့ သူတပါးနဲ့ယှဉ်ပြိုင်ရတဲ့အခါတိုင်းလဲ တရားသောယှဉ်ပြိုင်ြင်းနဲ့သာ အနိုင်ရဖို့ ကြိုးစားစေချင်တယ် သားလေးရေ...

Monday, February 27, 2012

ပါပဂြိုလ်

ကြာသပတေးသမီးကျွန်မ..
အသက်၁၉နှစ်မှာ ရာဟုဂြိုလ်ထဲရောက်တယ်.....
ပါပဂြိုလ်တို့ဘာသာဘာဝ..
အဝင်များကြမ်းချက်တော့
ကျွန်မအသည်း ဟက်တက်ကွဲတယ်ပေါ့..

အဲသည်ကတည်းကစ..
၁၂နှစ်တာကာလတလျှောက်..
ကိုယ်ချစ်နဲ့သူချစ်တွေတလွဲ..
ထပ်တူမကျနိုင်ခဲ့ဘဲနဲ့..
အလွဲတွေနဲ့အသားကျလို့..
အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးတတ်ခဲ့တယ်..

ကျွန်မရဲ့ရာဟုက..
နှလုံးသားနုနုကိုမှ..
ရွေးပြီးခိုက်ရသတဲ့လား..

အသက်၃၁နှစ်ကျမှ..
ရာဟုလက်ကလွတ်မတဲ့..
ဟင့်အင်း..
မလွတ်ချင်လဲနေပါတော့..
ကျွန်မက..
ပါပဂြိုလ်မှာ ပျော်နေတတ်ပြီလေ..

ပွင့်မြူးဇင်
၂၇.၀၂.၂၀၁၂

Friday, December 30, 2011

အဝေးကသံစဉ်

လာမယ့်နှစ်သစ် ၁ရက်နေ့ဆို ကျွန်မရဲ့ ချစ်လှစွာသော တစ်ဦးတည်းသောသားလေး ၃နှစ်တင်းတင်းပြည့်ပြီ.. မိဘတွေနဲ့ခွဲပြီး နေနေရပေမယ့် သူကလေးက ဆွေမျိုးတွေအလယ်မှာ ပျော်နေပါရဲ့.. သူ့မွေးနေ့ပွဲကိုလဲ သူ့စိတ်ကြိုက် စီစဉ်ပေးဖို့တောင် တောင်းဆိုတတ်နေပြီ.. မွေးနေ့လက်ဆောင် ဘာယူမလဲမေးသူတွေဆီက သူလိုချင်သမျှကို ကလေးပီပီ အားမနာတမ်းတောင်းတတ်နေပြီ.. မွေးနေ့ကိတ်သွားမှာတော့လဲ သူ့စိတ်ကြိုက် ကိတ်ကို ကိုယ်တိုင်ရွေးသတဲ့.. ခုခောတ်ကလေးတွေများ လူဖြစ်မြန်လိုက်တာ..

သားသားက မှတ်ဉာဏ်သိပ်ကောင်းတယ်.. စလုံးကလူတွေ နေရာတွေ အားလုံးကိုလဲ အတိအကျ မှတ်မိနေသေးတယ်လေ.. သူနဲ့ဖုန်းပြောလို့ မေမေ့ဆီလာမလားမေးရင် ခဏပဲလာမယ်တဲ့.. ရန်ကုန်အိမ်ကမှ သားသားအိမ်တဲ့လေ.. သားသားက ရန်ကုန်အိမ်ကို အရမ်းကြိုက်နေပြီ.. ခြံထဲမှာ သစ်ခွပင်လေးတွေ သူ့မားမားကိုစိုက်ခိုင်းပြီး သူကနေ့တိုင်း ရေလောင်းသတဲ့.. အိမ်နီးချင်းတွေဆီမှာ သူကြိုက်တဲ့သစ်ပင်လေးတွေတွေ့ရင် သားသားလဲစိုက်ချင်လို့ ပေးပါနော်ဆိုပြီး တောင်းယူစိုက်ထားတဲ့အပင်လေးတွေလဲ အများကြီးဆိုပဲ.. ခုအရွယ်လေးကတည်းက အိမ်ကိုအလှဆင်ပြီး သပ်သပ်ရပ်ရပ်လေးထားရတာကို သူလေးက သိပ်သဘောကျသတဲ့လေ.. အိမ်အတွက် ပရိဘောဂအသစ်လေးတခုခု ၀ယ်ဖြစ်ပြီဆို ကျွန်မဖုန်းဆက်တဲ့အခါ သူလေးက ၀မ်းသာအားရပြောပြရှာတယ်.. မေမေရေ.. ဘာလေးဖြင့်ဝယ်လိုက်တယ်.. ဘယ်နားလေးမှာ ထားလိုက်တယ်.. သားသားအိမ်လေးက လှသွားပြီ စသည်ဖြင့်ပေါ့.. သားသားက အရွယ်နဲ့မလိုက်အောင် လူကြီးဆန်ပါတယ်..

ကျွန်မက သားသားကို ရန်ကုန်ပြန်မပို့ခင် ပြောပြထားဖူးတယ်.. သားသားအိမ်က ရန်ကုန်မှာရှိတယ်.. သားသားနေဖို့အတွက် မေမေတို့ဝယ်ပေးထားတာလို့.. အဲ့စကားကို သူကအသေမှတ်ထားပြီး ရန်ကုန်အိမ်ဟာ သူ့အိမ်.. သူ့အတွက် မေမေတို့ဝယ်ပေးထားတာလို့ လူတိုင်းကို ကြုံတိုင်းပြောနေတော့တာ.. ကျွန်မ ညီမလေးတို့ မောင်လေးတို့ ရန်ကုန်အလည်ပြန်တုန်းကလဲ သူကပြောသတဲ့.. တီထူးတို့ လေးလေးဇော်တို့က ခဏလာလည်တာလား.. ဒီအိမ်က သားသားအိမ်နော်.. သားသားအတွက် မေမေဝယ်ပေးထားတာလို့ ပြောတယ်တဲ့လေ.. ညီမလေးက မကြီးရေ နင့်သားတော့ ငါတို့ကို အိမ်ပေါ်ကနှင်ချနေပြီပြောလို့ ရယ်ရသေးတယ်..

သောကြာသားမဟုတ်ပေမယ် ့သားသားက စကားအရမ်းပြောပါတယ်.. လမ်းထဲက တွေ့သမျှလူတွေကို နှုတ်ဆက်.. အလာပ သလာပတွေပြော.. လူချစ်အောင်လဲ နေတတ်ပါတယ်တဲ့.. အိမ်နီးချင်းတွေက အငိုနည်းပြီး စကားသိပ်တတ်တဲ့သားသားကို ချစ်ကြတယ်.. တခြားကလေးတွေလို အကြောင်းမဲ့ဂျီတိုက်ပြီး ငိုယိုနေတာမျိုး လုံးဝမရှိတာမို့ အားလုံးကချီးကျူးကြတယ်တဲ့.. ဖေဖေနဲ့မေမေရောလို့ မေးသူတိုင်းကို ဖေဖေနဲ့မေမေက စင်္ကာပူမှာ သားသားအတွက် ပိုက်ပိုက်ရှာနေတာလို့ ပြန်ဖြေတတ်သတဲ့.. မနက်မိုးလင်းလာရင် အိပ်ယာထတာနဲ့ သီချင်းလေးတအေးအေးနဲ့ နေတတ်တယ်ဆိုပဲ.. တနေ့က ကျွန်မကို သီချင်းဆိုပြတယ်.. ဟဲလေးသီချင်း.. ကျွန်မတောင် သေချာမကြားဖူးသေးဘူး.. သူက သံစဉ်မှန်မှန်နဲ့ ကောင်းကောင်းဆိုတတ်နေပြီ..

သားသားက သူ့ကိုဆူပြီဆိုရင် ဘာလို့လဲဆိုတာကို သေသေချာချာပြန်မေးတတ်တယ်.. မားမားက ဘာလို့စိတ်ဆိုးတာလဲ.. သားသားကိုမအော်ပါနဲ့.. နောက်ကို သားသားအဲလိုမလုပ်တော့ပါဘူးလို့ ပြောတတ်သတဲ့.. တနေ့ကလဲ ဖိနပ်မစီးပဲ ခြံထဲမှာလျှောက်သွားနေလို့ ကျွန်မမေမေက သူ့ကို လူဆိုတာဖိနပ်စီးရတယ်.. စာကလေးတွေ ကြောင်တွေပဲ ဖိနပ်မစီးတာလို့ပြောတော့ သူက ချက်ချင်းပြန်ပြောသတဲ့.. ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းကျတော့ ဖိနပ်ဘာလို့မစီးတာလဲတဲ့လေ..

သားသားက အစားအစာနဲ့ပတ်သတ်လာရင် အရသာကိုသိပ်သိတယ်.. သူစားနေကြမဟုတ်ရင် ချက်ချင်းသိပြီး ပြောတော့တာပဲ.. သူ့မားမားက အချိန်မရလို့ သူစားနေကျဆိုင်မှာမဟုတ်ပဲ အိမ်နားကမုန့်ဟင်းခါးဆိုင်မှာပဲ ၀ယ်ကျွေးတဲ့နေ့ဆို ကျွန်မဖုန်းဆက်ရင် သူကပြောတတ်တယ်.. မနက်က မားမားမအားလို့ ဖြစ်သလိုမုန့်ဟင်းခါးလေးပဲ စားရသတဲ့လေ.. ဖြစ်သလိုမုန့်ဟင်းခါးရယ်လို့ သူပဲပြောတတ်ပါ့.. ဟိုဆိုင်ကဟိုဟာလေးစားချင်လိုက်တာ ရယ်လို့လဲ ၀ယ်ကျွေးခိုင်းတတ်နေပြီဆိုပဲ..

သားလေးရဲ့ သိတတ်လိမ်မာမှုလေးတွေက ကျွန်မတို့အတွက် အားဆေးပါပဲ.. ပျော်ရာမှာမနေရ တော်ရာမှာပျော်အောင်ကြိုးစားနေရသူတွေမို့ သားလေးလိမ်မာလို့သာ စိတ်အေးချမ်းသာနဲ့ ငွေရှာနိုင်တာမို့လား.. အရွယ်နဲ့မလိုက်အောင် အသိဉာဏ်မြင့်မားပြီး သိတတ်လိမ်မာတဲ့သားလေးအတွက် မွေးနေ့မှစလို့ နောင်နှစ်ပေါင်းများစွာတိုင်အောင် အေးချမ်းအောင်မြင်ပြီး ပျော်ရွှင်စရာအတိပြီးတဲ့ ဘဝလှလှလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

Thursday, December 22, 2011

ဒီဇင်ဘာအချစ်

ဒီဇင်ဘာက ကိုယ့်အတွက်တော့ အမှတ်ရစရာတွေအပြည့်.. ရာစုနှစ်တခုကနေ နောက်ရာစုနှစ်တခုကို ကူးပြောင်းလုဆဲဆဲ ဒီဇင်ဘာနေ့ရက်လေးရဲ့တမနက်မှာ ကိုယ် အချစ်တခုကို ကောက်ရဖူးခဲ့တယ်..

မြို့သစ်လေးရဲ့ ဒေသန္တရဆေးခန်းမှာ ကျောင်းအပ်ဖို့အတွက် ဆေးစစ်ချက်ယူရင်း ဆံပင်ရှည်ရှည်အရပ်မြင့်မြင့် ကောင်မလေးတယောက်နဲ့ ဆုံဆည်းခွင့်ရခဲ့တယ်.. ဒီဇင်ဘာရဲ့ နှင်းဖွေးဖွေးမနက်ခင်းထဲမှာပေါ့.. သူမကလည်း ကိုယ့်လိုပဲ ဆေးစစ်ချက်လာယူတာတဲ့.. ကိုယ်နဲ့ တက်ရမယ့်ကျောင်းကလဲ အတူတူပဲလေ.. နာမည်ဆန်းဆန်းလေးနဲ့အတူ သိပ်မဆန်းလှတဲ့သူမကို ကိုယ် မှတ်မှတ်ထင်ထင်လေးတော့ ဖြစ်သွားမိတယ်.. ကျောင်းဖွင့်တော့ သူမနဲ့ပြန်တွေ့ရတယ်.. ဖြစ်ချင်ပြန်တော့ နေတဲ့အဆောင်ချင်းက ကပ်လျှက်..

ကိုယ် အချစ်ဆိုတာကို နားမလည်ပါဘူး.. ချစ်လဲမချစ်တတ်ပါဘဲ.. ဘာလို့များ သူမကိုချစ်ရေးဆိုမိပါလိမ့်.. သူမကတော့ ကိုယ့်ကို တကယ်နှစ်နှစ်ကာကာချစ်မိသွားပုံပါပဲ.. အဖြေပေးတာတောင် ချစ်တယ်ဆိုတဲ့စကားကို သွေးနဲ့ရေးပြီးပေးတယ်လေ.. တကယ်တမ်းကျတော့ သူမက သိပ်ထက်တဲ့မိန်းမတစ်ယောက်.. စာလဲကြိုးစားတယ် ရည်မှန်းချက်လဲကြီးတယ်.. ကိုယ့်ခံယူချက်ကတော့ မိန်းမတယောက်ဟာ အဲသလောက်တော်နေထက်နေဖို့ မလိုဘူးရယ်လို့

အစကတည်းက အချစ်ကို ပေါ့ပေါ့လေးသဘောထားခဲ့တဲ့ ကိုယ့်အတွက် အချိန်ကြာလာတာနဲ့အမျှ သူမရဲ့အချစ်တွေက စိတ်ကျဉ်းကြပ်စရာလို့ မြင်လာမိတယ်.. သူငယ်ချင်းတွေကလဲ တခုခုဆို မင်းမှာကပိုင်ရှင်ရှိပြီးသားပါကွာ ဆိုတာမျိုး.. ပေပေတေတေနေချင်တဲ့ကိုယ့်ကို သူမက ထိန်းချုပ်မှုတွေရှိလာမှာစိုးတာကတမျိုးတွေကြောင့်.. မလုပ်သင့်တာကို ကိုယ်လုပ်မိသွားတယ်..

မေ့လိုက်တော့ဆိုတဲ့စကားတခွန်းနဲ့ သူမကို ကိုယ်ကျောခိုင်းစွန့်ခွာခဲ့တယ်.. ကိုယ့်ကိုကိုယ်လဲ လွတ်လပ်ပြီရယ်လို့ ကြွေးကျော်ရင်း ပေနေတေနေခဲ့တယ်ပေါ့.. သူမနဲ့ဝေးရင် ပျော်မှာပဲလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမငိုနေတာတွေ့တိုင်း ကိုယ့်ရင်ထဲမှာ ထိထိခိုက်ခိုက်လေး ခံစားရတယ်.. ကိုယ့်ကြောင့် သူမရဲ့ရည်မှန်းချက်တွေများ ထိခိုက်လေမလားလို့ စိုးရိမ်စိတ်ခပ်ပါးပါးလေးလဲ ဖြစ်မိသေးရဲ့.. တကယ်တော့သူမက ကိုယ်ထင်သလောက် မပျော့ညံ့ပါဘူး.. ကိုယ့်ကြောင့် သူမငိုခဲ့ရတာမှန်ပေမယ့် အသည်းကွဲခဲ့ရပေမယ့် သူမရဲ့အနာဂတ်ကိုတော့ အထိခိုက်မခံခဲ့လို့ ကိုယ့်မှာ စိတ်ချမ်းသာခဲ့ရတယ်ပေါ့..

ကျောင်းပြီးခါနီး သူမတို့သူငယ်ချင်းတတွေ ကဗျာစာအုပ်လေးထုတ်တော့ ကိုယ့်ကိုရည်ရွယ်ပြီးရေးတဲ့ သူမရဲ့ကဗျာလေးက ကိုယ့်မာနကို လှုပ်နှိုးလိုက်သလိုပဲ.. ဘယ်သူမှမသိအောင် ကိုယ်သိမ်းထားခဲ့တဲ့ သူမနဲ့သက်ဆိုင်တဲ့ပစ္စည်းလေးတွေ သူမဆီပြန်ပို့ပေးလိုက်တယ်.. တကယ်တမ်းကျတော့ သူမကို သတိရတိုင်း ထုတ်ကြည့်နေကျလေးတွေလေ.. ကိုယ့်မာနကို အထိမခံချင်တာနဲ့ပဲ ပြန်ပို့ပေးလိုက်တော့ ကိုယ့်မှာ သတိရရင်ကြည့်စရာတောင် မရှိတော့ဘူးဖြစ်သွားတာပေါ့.. သူမကတောင် “မင်းမရှိလဲဖြစ်ပါတယ်” လို့ ရေးရက်မှတော့ ကိုယ်လဲပြတ်သားပြလိုက်တယ်ပေါ့..

ကျောင်းတွေမပိတ်ခင် နောက်ဆုံးကျောင်းသွားတဲ့ရက်က ကိုယ့်ဆီကို သူမဆီက စီဒီလေးတစ်ချပ်ရောက်လာတယ်.. သီချင်းလေးတပုဒ်ပဲ သွင်းထားတာပါ.. သူမကိုယ်တိုင် ဆိုထားတာလို့ ကိုယ်ထင်တယ်.. ကာရာအိုကေဆိုပြီး အသံသွင်းထားပုံရတယ်.. သီချင်းလေးနာမည်က ဒီဇင်ဘာအချစ်တဲ့.. အဲဒီသီချင်းလေးနားထောင်တိုင်း ကိုယ်တကယ်ရင်နာရတယ်.. သူမကို နာကျင်ခံစားရအောင် လုပ်မိလို့လေ့.. ကိုယ် သူမကို ချစ်မှန်းမသိ ချစ်မိခဲ့တာ.. သိပ်ကို သေချာတာပေါ့..

“အဆိပ်မရှိတဲ့သိုးငယ်လို အချစ်မရှိခဲ့ပါ..
လွမ်းဆွေးတဲ့စိတ်ဘာလဲ.. နားမလည်..
သစ်ရွက်လေးနဲ့လိပ်ပြာလို.. ငြိမ်းချမ်းတဲ့စိတ်နားခိုရာ.. ရုပ်ပုံလွှာကားချပ်ပေါ်မှာ..
အသည်းတံခါးလေးခေါက်ရောက်လာသူကို ငေးမောကြည့်ရင်း..
သူခိုဝင်လာ အမှတ်တမဲ့ကိုယ့်ရဲ့ကမ္ဘာ..

ဒီဇင်ဘာမှာတွေ့ခဲ့ရလို့ အေးချမ်းတဲ့အချစ်မျိုးရှိလိမ့်မယ်..
ဒါကိုတွေးရင်း တို့ကပျော်..
ဧပြီမေလိုသူ့ရဲ့အချစ်က အခုတော့နွေနေကဲ မအေးချမ်းပါ..
ပြန်လည်တွေးတိုင်းဆွေးနေပြီ..
ဘယ်နေရာရာစားစားသွားသွား စိုးမိုးနေပြီပဲ သူ့မျက်နှာ..
ဒီမှာ နှလုံးသားကျွမ်းရော့မယ်..
ဒီဇင်ဘာရဲ့နှင်းပွင့်နဲ့အတူ တဖြေးဖြေးကြွေနေဆဲ လွမ်းမျက်ရည်
ဘယ်ခါကျမှ ခမ်းရော့မယ်မသိ..”



xxxxxxxxxxxxxxxx

ဒီဇင်ဘာရောက်တိုင်း ဘာရယ်မဟုတ် ကိုယ် သူမကို သတိရတတ်တယ်.. ဟုတ်တယ်လေ.. ဒီဇင်ဘာမှာစတွေ့တာမို့လား.. အချိန်တွေဘယ်လောက်ပဲကြာကြာ မေ့သွားတယ်လို့တော့ မရှိပါဘူး.. တိုက်ဆိုင်မှုလေးတွေရှိတိုင်း သတိရတတ်တယ်... ကျောင်းပြီးကတည်းက သူမသတင်း မကြားရတော့တာ ဆယ်စုနှစ်တခုတောင်ကျော်ပြီပေါ့.. အဲသလိုအချိန်ကျမှ မထင်မှတ်ပဲ သူမနဲ့အဆက်အသွယ်ပြန်ရတယ်.. ထုံးစံအတိုင်း ဖေ့ဘွတ်မှာပေါ့.. နာမည်တူမရှိနိုင်တဲ့ သူမနာမည်နဲ့ ကိုယ့်ဆီကို မက်ဆေ့ချ်လေးရောက်လာတယ်.. မှတ်မိသေးရဲ့လားတဲ့.. မမှတ်မိပဲနေပါ့မလား.. ဘယ်ရောက်လို့ ဘာတွေလုပ်နေလဲ မေးလိုက်တော့ သူမကစလုံးမှာ အလုပ်လုပ်နေပြီတဲ့..

ကိုယ်ကတော့ ပင်လယ်ပျော်ကြီးပေါ့.. အချစ်သစ်တွေ့ပြီလားမေးတော့ သူမက အားရပါးရအော်ရယ်တယ်.. “အိမ်ထောင်ကျလို့ သားလေးတောင် ၂နှစ်ပြည့်တော့မယ်” တဲ့လေ.. ကိုယ့်အတွက် မင်းဆိုပြီးအသံသွင်းပေးခဲ့ဖူးတဲ့သီချင်းလေး မှတ်မိသေးလားဆိုတော့ မှတ်မိပါတယ်ဆိုပဲ.. ဆိုပြခိုင်းတော့ မဆိုချင်ဘူးတဲ့.. သီချင်းဆိုတာ ခံစားချက်နဲ့ဆိုမှ နားထောင်လို့ကောင်းတာတဲ့လေ.. ဒါဆို ခုဘာခံစားချက်မှမရှတော့ဘူးလားမေးတော့ ထုံသွားပြီတဲ့..

ကိုယ်က အတ္တကြီးတဲ့သူ.. ကိုယ်လိုချင်တဲ့လွတ်လပ်ပျော်ရွှင်မှုအတွက် သူမနှလုံးသားကို ကစားမိခဲ့သူ.. ဒါနဲ့များတောင် သူမက ကိုယ့်ကို အပြစ်အမြင်ဘူးတဲ့.. သူမမှာ သားလေးတယောက်ရှိနေပြီပြောတော့ ကလေးနာမည်က ဘာလဲဟင်လို့ အလောတကြီး မေးမိတယ်.. သိပ်လှတဲ့နာမည်လေးကို သူမက ရွတ်ပြတယ်.. ကဗျာဆရာမက သားလေးအတွက် နာမည်လှလှလေးပေးထားပေမယ့် ကိုယ်မျှော်လင့်မိသလို ကိုယ့်နာမည်ထဲက စာလုံးလေးတလုံးတလေတောင် မပါလာဘူးလေ..

ဒီဇင်ဘာရောက်ပြီလို့ သူမဆီကို မေးလ်ပို့ထားတာ.. မနေ့က ပြန်စာရောက်လာတယ်..

“ဒီဇင်ဘာမှာ ကောက်ရဖူးတဲ့အမှိုက်တစ်စကို.. ဧပြီနွေခေါင်ခေါင်ထဲ တောင်လေနဲ့အတူဝဲပစ်ခဲ့ပြီး.. ဆယ်စုနှစ်လွန်ခါမှ နှင်းတွေကြားထဲ ပြန်ရှာချင်သေးလို့လား မောင်.. ခု ငါရောက်နေတဲ့နေရာမှာ ဆောင်းမရှိဘူး.. နှင်းလဲမကျဘူး.. တို့၂ယောက်စတွေ့တုန်းက ဒီဇင်ဘာရဲ့အငွေ့အသက်မျိုး ဘာမှမရှိဘူးလေ.. အဲဒီတော့ ငါ့မှာ ဒီဇင်ဘာကို မေ့နေတာ ကြာလှပေါ့” တဲ့..

ကိုယ်ရောက်နေတဲ့နေရာမှာလဲ ဆောင်းတွေနှင်းတွေ ရှိမနေပါဘူး.. ဒါပေမယ့် ကိုယ့်ရဲ့ဒီဇင်ဘာကတော့ ရင်မှာနှင်းတွေဝေနေဆဲဆိုတာ သူမ ဘယ်တော့မှ သိနိုင်တော့မယ် မထင်ပါဘူးလေ...

Thursday, December 8, 2011

ကျွန်မနှင့်စျေးဝယ်ခြင်းအနုပညာ

မိန်းကလေးအတော်များများက စျေးဝယ်ရတာကို နှစ်သက်မယ်ထင်ရဲ့.. ကျွန်မလဲ စျေးဝယ်ထွက်ရတာကြိုက်ပါတယ်.. အလှအပကို သိပ်ဝါသနာမပါတဲ့ကျွန်မအတွက်တော့ စျေးဝယ်ခြင်းဆိုတာ မီးဖိုချောင်အတွက်စျေးဝယ်တာကို ဆိုလိုပါတယ်.. အဝတ်အထည်တွေ အလှကုန်တွေကိုတော့ ကြုံသလိုပဲဝယ်လေ့ရှိပြီး တကူးတကစျေးဝယ်ထွက်တာမျိုး မရှိသလောက်ပါပဲ.. ပွဲလေးလမ်းလေးသွားစရာရှိမှသာ တကူးတကသွားဝယ်တတ်တာမျိုးပါ..

ကိုယ်တိုင်ချက်ပြုတ်တဲ့အစားအစာတွေကိုသာ အလေးထားစားတတ်တဲ့ မြန်မာအိမ်ထောင်စုတွေမှာ မီးဖိုချောင်အတွက် စျေးဝယ်တယ်ဆိုတာ တော်တော်အရေးကြီးပါတယ်.. ကျန်းမာရေးအတွက် အရေးပါတာက အစားအသောက်မို့လား.. နေ့တိုင်းစားနေရတာမို့ ကျန်မာရေးအတွက်သင့်တော်ပြီး အာဟာရမျှတအောင် စားသောက်နိုင်ဖို့ဆိုတာ စျေးဝယ်သူအပေါ်မှာလဲ အများကြီးမူတည်တယ်လေ..

ကျွန်မတို့ငယ်ငယ်တုန်းက မေမေ့ဘက်ကအဖိုးအဖွားတွေနဲ့ တူတူနေကြပါတယ်.. တောင်ဥက္ကလာပမှာပေါ့.. အဲသည်တုန်းက မိသားစုအတွက် စျေးဝယ်သူက ပါပါကြီး (အဖိုး)ပါ.. ရခိုင်ပြည်မှာ စျေးဝယ်သူအများစုက အမျိုးသားတွေပါတဲ့.. ပါပါကြီးက တရက်ခြားတခါလောက် နန္ဒဝန်စျေးမှာ စျေးဝယ်တတ်ပါတယ်.. တော်တော်ကြီးတဲ့စျေးကြီးပေါ့.. ကျွန်မက ပါပါကြီးစျေးသွားရင် လိုက်ချင်လို့အမြဲပူဆာတတ်ပေမယ့် တခါတလေမှပဲ လိုက်ခွင့်ရပါတယ်.. လိုက်ရတဲ့အခါလဲ ကျွန်မစိတ်တိုင်းကျ စျေးလိုက်ပတ်ခွင့်မရဘဲ မုန့်ဟင်းခါးဆိုင်မှာ စားနေခဲ့ဆိုပြီး ထားခဲ့တာများတယ်လေ.. စျေးဝယ်ပြီးမှ လာပြန်ခေါ်ပါတယ်.. ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ စျေးလိုက်ရရင်ပျော်တာပါပဲ.. ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ တောင်ပုံယာပုံနဲ့ အော်ဟစ်ရောင်းနေကြတဲ့ စျေးသည်တွေကိုက ကျွန်မအတွက်တော့ စိတ်ဝင်စားစရာ.. အဲသည်တုန်းက ခုလိုကျွတ်ကျွတ်အိတ်တွေ မပေါ်သေးတော့ ငါးတို့အသားတို့ဝယ်ရင် အင်ဖက်ကြီးတွေ ဗာဒံရွက်တွေနဲ့ထုပ်လို့ နှီးကြိုးလေးနဲ့တုပ်ပေးပါတယ်.. ငရုတ်သီးတို့ နနွင်းတို့လို အခြောက်အခြမ်းဆိုရင်တော့ သတင်းစာစက္ကူလေးနဲ့ပေါ့..

နည်းနည်းကြီးလာတော့ မေမေ့နောက်ကို စျေးခြင်းလိုက်ဆွဲပေးတယ်.. အဲသည်မှာ မေမေ့ဆီက စျေးဝယ်ပညာတွေကို အသံတိတ်လေ့လာတော့တာပေါ့.. ငါးတွေအသားတွေ လတ်မလတ်ဘယ်လိုရွေးတယ် စျေးဘယ်လိုဆစ်ရတယ်.. ဘယ်အသားဟင်းဆို ဘယ်ဟင်းရံလေးနဲ့တွဲဝယ်တတ်တယ် စသည်ဖြင့်ပေါ့လေ.. မေမေ့ဆီက ကျွန်မ အမွေရလိုက်တဲ့အကျင့်လေးကတော့ ဘုရားပန်းတို့ ဆွမ်းတော်တင်မယ့်သစ်သီးတို့ဝယ်ရင် ဘယ်တော့မှ စျေးမဆစ်တတ်တာပါပဲ..

ကိုယ်တိုင်စျေးဝယ်ခွင့်ရတာကတော့ အဆောင်မှာသွားနေတော့မှပေါ့.. ကျောင်းတက်နေရတာမို့ ညနေပိုင်းမှသာ စျေးသွားဖြစ်တာများပါတယ်.. တစ်ယောက်စာလေးဝယ်ရတာမို့ စိတ်တိုင်းကျ အားရပါးရဝယ်ရတာမျိုးတော့ မဟုတ်ဘူးပေါ့.. ကျောင်းပိတ်ရက်တွေဆိုရင်တော့ အဆောင်နားလေးက ပျံကျစျေးကလေးကိုသွားကြတယ်.. မှော်ဘီမှာဆိုတော့ ဟင်းသီးဟင်းရွက်တွေ ပန်းတွေက အရမ်းကိုလတ်ဆတ်ပါတယ်.. ခြံထွက်တွေရောင်းတဲ့စျေးကလေးမို့ ရန်ကုန်ထဲထက် စျေးကလဲချိုတယ်လေ..

စလုံးကိုရောက်လာတော့ မေမေနဲ့တူတူနေတာမို့ မေမေကပဲ စျေးဝယ်တာများပါတယ်.. မေမေပြန်သွားပြီး လင်မယား၂ယောက်တည်းကျန်ခဲ့တော့မှ ကျွန်မလဲ စျေးဝယ်သူတယောက် ပီပီပြင်ပြင်ဖြစ်လာတော့တာပါပဲ.. ပုံမှန်အားဖြင့် NTUC မှာပဲ အလွယ်တကူဝယ်လေ့ရှိပေမယ့် တကယ်တမ်းကျွန်မသဘောကျတာက Wet Market ထဲမှာဝယ်ရတာကိုပါ.. ပိုပြီး လတ်ဆတ်တယ်လို့ ထင်တာလဲပါတာပေါ့.. တပတ်မှာ တနင်္ဂနွေတရက်ပဲအလုပ်ပိတ်တာမို့ စျေးထဲမှာဝယ်ဖို့က သိပ်တော့မလွယ်လှပါဘူး.. ကိုယ်တိုင်စျေးဝယ်ရတော့မှ မလွယ်ပါလားလို့ သိလာတယ်.. ကျွန်မတို့က နေ့တိုင်းထမင်းဘူးထည့်တာမို့ အဆင်ပြေမယ့်ဟင်းကို စဉ်းစားရတာကိုက ဦးနှောက်ခြောက်စရာပါ..

ပြီးခဲ့တဲ့နှစ်က ၀ိတ်လျှော့တဲ့အစီအစဉ်တစ်ခုမှာ ၀င်ပါလိုက်တော့ အာဟာရနဲ့ပတ်သတ်တဲ့ ဗဟုသုတ တော်တော်လေးရလိုက်တယ်.. ခေါက်ဆွဲခြင်းအတူတူထဲကမှ အမျှင်ဓါတ်ပိုပါတဲ့ whole meal ခေါက်ဆွဲကို ရွေးဝယ်တာမျိုး.. ဘာလေးပဲဝယ်ဝယ် Healthier choice သင်္ကေတလေးရှာမိတာ.. သကြားလျှော့ အဆီလျှော့ထားတဲ့ထုတ်ကုန်တွေကို ရှာဝယ်မိတတ်တာ.. ကယ်လိုရီတန်ဖိုးတွေ တွက်ကြည့်တတ်တာ စသည်ဖြင့်ပေါ့လေ.. မောင်နဲ့အတူတူစျေးဝယ်ရင်ကျပြန်တော့ ဒုက္ခတမျိုးပါ.. သူဝယ်ချင်လိုက်သမျှက ၀ိတ်တက်မယ့်အစာတွေချည်းပဲ.. အာလူးကြော်တွေ သီဟိုစေ့လိုကယ်လိုရီများတာတွေ ရေခဲမုန့်တွေ.. ကျွန်မမှာ ပြူးပြလဲမရ မျက်စောင်းထိုးလဲမသိချင်ယောင်ဆောင်ပြီး ဇွတ်အတင်းကို ခြင်းထဲကောက်ထည့်တော့တာပဲ..

အဲသလို ကျွန်မရဲ့ ပေါင်၂၀၀ချစ်သူကို ၀ိတ်ထပ်မတက်စေဖို့ ကျွန်မရဲ့စျေးဝယ်ခြင်းအနုပညာက သိပ်ကိုအရေးပါတာပေါ့.. ၀က်သားဆိုလဲ အဆီလုံးဝမပါတာဝယ်ပါတယ်.. အသားလုံးအတွက် ကြိတ်ထားတာလေးလိုချင်ရင်တောင် စျေးထဲမှာအသားတုံးကို ကိုယ်တိုင်ရွေးပြီး ကြိတ်ခိုင်းရပါတယ်.. ကြိတ်ပြီးသားတွေဆို အဆီများမှများပေါ့.. ခေါက်ဆွဲခြောက်ထုပ်တွေဝယ်ရင်လဲ ဆီချက်ခေါက်ဆွဲအစား ခေါက်ဆွဲပြုတ်ကိုပဲ ရွေးပါတယ်.. အဆာပြေမုန့်အတွက်ဆိုရင် ဆီနဲ့ကြော်ထားတာတွေအစား Roasted / baked ထားတာတွေ ရွေးရတာပေါ့.. တီဗွီကြည့်ရင်းစားဖို့ အာလူးကြော်တွေအစား အသီးလေးဘာလေး အစားထိုးပေးရတယ်.. တခါတလေတော့ အသုတ်လေးတွေ လုပ်ပေးဖြစ်တယ်.. ခရမ်းချဉ်သီးသုတ်တို့ ပြောင်းဖူးသုတ်တို့ပေါ့.. ညနေစာအတွက်ကို အသားတွေငါးတွေမဝယ်တော့ဘဲ ခေါက်ဆွဲလေးကြာဇံလေးကို အသီးအရွက်များများနဲ့ ပြုတ်ပေးတာမျိုး.. ကြော်ရင်လဲ ဆီနည်းနည်းနဲ့ ရေလေးထည့်ပြီး ကြော်ရတာမျိုးတွေ လုပ်ရပါတော့တယ်.. ၂ယောက်လုံးက အသီးအရွက်တော့ အရမ်းကြိုက်တာမို့ ကျွန်မတို့၂ယောက်စာ ဟင်းသီးဟင်းရွက်တွေက သူများတွေအတွက်ဆို လေးငါးယောက်စာလောက်ရှိတတ်တယ်..

ငယ်ငယ်လေးကတည်းက စျေးသွားတာပျော်တာမို့ ခုလိုကိုယ်တိုင်ဝယ်ခြမ်းစီစဉ်နေရတာကိုက ကျေနပ်စရာပေါ့.. ကျွန်မက စျေးဝယ်ခြင်းအနုပညာကို အမှန်တကယ်မြတ်နိုးသူပါ..